>Translated by May Ka on "Twilight over Burma by Inge Sargent " #3

March 22, 2011

>

မြူတိမ်ဝေဝေ …  တောင်ခိုးဝေးဝေး – ၃
မေခ
မတ် ၂၂၊ ၂၀၁၁
မိုးမခ၏ အထူးကဏ္ဍ၊ ဘာသာပြန် အခန်းဆက် တင်ဆက်မှု
(Twilight over Burma by Inge Sargent ကို ဆီလျော်အောင် ဘာသာပြန်တာဖြစ်တယ်)
အခန်း ၂
                    နာရီအနည်းအတွင်းမှာပင် အရှေ့စံအိမ်တော်သည် မယုံကြည်နိုင်လောက်အောင် ပြောင်းလဲသွားပြီး ကြောက်စရာ ထိတ်လန့်စရာ ဟုအလွယ်တကူ ပြောရပေတော့မည်။ မဟာဒေ၀ီ၏ မှတ်ဥာဏ်များကိုအသုံးချဖို့ ရှေ့ဘာဆက်ဘာလုပ်ရမလဲဆိုတာ စီစဉ်ဖို့ သူမ တယောက်တည်း နေဖို့ လိုအပ်လေသည်။ စံအိမ်တော်ရှေ့ကမြေပြင်ခုံးကို သူမ၏ ခိုကိုးရာ နေရာလေးအဖြစ် ရွေးချယ်လိုက်သည်။
         ထိုနေရာလေးမှနေ၍ မျက်စိတဆုံးမြင်ရသော တောရိပ် တောင်တန်းတောင်ထပ်များ ၊ စိမ်းမြလဲ့ရည် တအိအိ စီးဆင်းနေသော စန္ဒကူးမြစ်ကြီး၏ ငွေကြေးမုံပြင်ပေါ် လူးခတ်ကူးနေသော လှေလေးတွေ ၊ ၀င်းဝင်းဝါသော နေကြာပန်းရိုင်းပင်လယ်နှင့် အပြိုင် ရာပေါင်းများစွာသော စွေးစွေးရဲရဲတောပန်းခြုံများကိုမြင်နေရသည်။ စိမ်းစိုစိုပြာမှိုင်းမှိုင်း လွမ်းငွေ့ဝေနေသော မှိန်ဖျဖျ မြင်ကွင်းကိုငေးသည်။ နှံကောင်ကျိုင်းကောင်လေးတွေ၏ တကျီကျီမြည်သံ စူးစူး စူးစူးတွတ်ထိုးနေကြသော ငှက်လေးတွေအသံ ဆွေးဆွေးမြေ့မြေ့ ဥသြသံ တို့ကို ကြားနေရသည်။ သဘာဝတရားကြီး၏အလှအပက သူမစိတ်ကို တည်ငြိမ်အေးချမ်းဖို့ မစွမ်းသာချေ။
လွန်ခဲ့သောရှစ်နှစ်က သူမကို စ၀်က ဒီနမ့်ပန်းကို သတို့သမီးအဖြစ်ခေါ်လာစဉ်က သည်နေရာမြေခုံးလေးမှာ ရာပေါင်းများစွာသော ပန်းပေါင်းများစွာပွင့်ဖူးလျက် အလှဆင် မွှေးပံျ့ သင်းကြိုင်နေခဲ့ဖူးလေသည်။သူမသည် ရန်ကုန်ဆိပ်ကမ်းသို့ သင်္ဘောဆိုက်စဉ်က အစပြုလို့ သူမကို ထိတ်လန့် အံ့အားသင့်စေခဲ့သည်။ ဒီနမ့်ပန်းတွင် ကြိုဆိုဧည့်ခံပွဲကို တပတ်ကြာအောင် အစည်ကားဆုံး အခမ်းနားဆုံး ကျင်းပခဲ့ဖူးလေသည်။ 
ဇန်န၀ါရီလ အစပိုင်း ၁၉၅၄ ၌အက်စ်အက်စ် ၀ါးဝိစ်ရှိုင်းယား သင်္ဘောသည် စက်ရှိန်လျော့ချလိုက်ပြီး ရန်ကုန်ဆိပ်ကမ်းသို့ ကပ်ဖို့ပြင်လေသည်။ကုန်ပစ္စည်းများကိုကမ်းပေါ်ချရန်နှင့် နှစ်ဒါဇင် ကျော်ခရီးသည်များသည် ကမ်းပေါ်တက်ဖို့ စိတ်အားထက်သန်နေကြသည်။
မြန်မာနိုင်ငံ၏သင်္ကေတဖြစ်သော ရန်ကုန်ရှိ ရွှေတိဂုံစေတီတော်ကြီး၏ ရွှေရောင် ရွှေဝါရောင်ခြည်တန်းများကို ဆိပ်ကမ်းမှ မိုင် ၃၀ အကွာပင်လယ်ထဲမှပင် သပ္ပါယ်စွာ ဖူးမြင်နေရလေသည်။ ခရီးသည်များထဲတွင် စ၀်နှင့်သူ၏ ဂျာမဏီသူ  သတို့သမီး မာရီယာတို့အဖို့ စိတ်ညှို့ အိပ်မွေ့ချထားခံရသူလို ကြီးမား ခံ့ညားထယ်ဝါလှသော ရွှေတိဂုံစေတီတော်ကြီး၏ ရွှေရောင်ရွှေဝါ ပြိုးပြိုးပြက်ပြက်ရောင်တန်းများကို မှင်သက်မိငေးကြည်ညိုမိကြလေသည်။ ၃၂၆ ပေ ဥာဏ်တော်အမြင့်ရှိ ခေါင်းလောင်းပုံ လင်းလက်တောက်ပ ကြီးမား ခန်းနားလှသောစေတီကြီးထိပ် ထီးတော်ဝယ် စိန် ပတ္တမြား နီလာ ကြီးမားသော မြ စသော ကျောက်မျက်ရတနာများကလည်း နေရောင်မှာ ၀င့်နေကြလေသည်။
သင်္ဘောသည် ရန်ကုန်ဆိပ်ကမ်းသို့ ကပ်လေသော အခါ မာရီယာရင်တွေ လှုပ်ခတ်နေခဲ့သည်။အဆောက်အဦးဖြူဖြူ နိမ့်နိမ့်လေးတွေကို အနားသပ်လျက် ညာဘက်မြစ်ကမ်းတလျှောက် ယိမ်းထိုး စီရီပေါက်နေကြသော အုန်းပင်များကို သူမ သဘောကျသည်။
နောက်ဆက်ပြီးတော့ နူးယောက်ဆိပ်ကမ်းလို အဆောက်အဦးမြင့်မြင့်မျက်နှာစာတွေကို သူမမျှော်လင့်နေပေမဲ့ ဂျီနိုအာ သို့မဟုတ် လစ်ဘွန်း နှင့်သာ ဆင်ဆင်တူလေသည်။ သို့သော် သင်္ဘောသည် ကွေ့မသွားတော့ဘဲ ဆန်တင် ကုန်သင်္ဘောကြီးနှစ်စီးကို ကျော်ပြီး ကမ်းကပ်ဖို့ ပြင်တော့သည်။ ဆိပ်ကမ်းသည် လှုပ်ခတ် အလျင်မလိုလှပဲ အေးတိတ်ငြိမ်သက်နေတာ မာရီယာ သတိပြုမိလိုက်သည်။  ကျယ်လောင်သော တဒုတ်ဒုတ်တမြည်သံတွေ စူးရှရှ ၀ီစီသံတွေ ဆူညံသော အနောက်တိုင်းက ကြီးမားသော ဆိပ်ကမ်းတွေကို သွား သတိရလိုက်လေသည်။ကျယ်လောင်သော ဥသြသံ ကြီး တသံကသာ အေးငြိမ်တိတ်နေသော ဆိပ်ကမ်းကို ဖျက်ဆီးပစ်လိုက်လေသည်။
မျှော်လင့်ထားသောရန်ကုန်မြို့၏မိုးကုတ်စက်ဝိုင်းက မပီပြင်သေး ရွှေတိဂုံစေတီကိုတောင်မှ မဖူးမြင်ရသေးချေ။ ထိုအစား သင်္ဘောကြီးနားကပ်လာကြသော လှေလေးတွေကို သူမ သတိထားလိုက်မိသည်။ အက်စ်အက်စ် ၀ါးဝိစ်ရှိုင်းယား သင်္ဘောနားကပ်လာကြသော လှေလေးပေါ်တွင် လူတွေပြည့်နက်နေပြီး လှပသော တောက်ပသော အ၀တ်အစားများကိုဝတ်ဆင်ထားကြလေသည်။ နီနီ ပြာပြာ ၀ါဝါ ပန်းနု စိမ်းစိမ်း ။သူမ အရင်က တခါမှ ဒီလို အရောင်လွင်လွင် စိုစိုတွေကို မမြင်ဖူးခဲ့။ ရှေ့တိုးမြင်အောင်ကြည့်သည်။
လေပြေညှင်းညှင်းတွင် ရောင်စုံထီးလေးတွေရောယှက်လိမ်လျက် တလူလူလွှင့်နေသော အောင်လံပေါ်တွင် အိမ်အပြန်ကို ကြိုဆိုပါတယ် ဟုရေးထားလေသည်။ လှေပေါ်ကပြုံးလျက်ဆံစ နက်နက် ရှည်ရှည်မိန်းမပျိုတွေသည်  လှသော ပန်းလေးတွေကို လက်လက်တောက်သော မြစ်ထဲ ပစ်ချနေကြသည်။ အက်စ်အက်စ် ၀ါးဝိစ်ရှိုင်းယား သင်္ဘောပေါ်တွင် အရေးကြီးသော ပုဂ္ဂိုလ် တဦးဦးပါလာလို့သာ သည်လို တခမ်းတနား စိတ်အားတက်ြွကနေကြသော လူတွေ လှေလေးတွေနှင့် ကပ်လာခြင်းဖြစ်ရမည်။
ကုန်းပတ်ပေါ်က လူတိုင်းသည် ပျော်ရွှင်နေသည်ထင်သည်။ ပုံမှန်မဟုတ်သောကြိုဆိုမှုကြောင့် သင်္ဘောပေါ်ကလူသည် စိတ်ရှုပ် လှုပ်ခတ် သတိထားနေရတော့သည်။ထိုလူတိုင်းထဲတွင် စ၀်ခွန်ဖ ကတော့ ခြွင်းချက်ဖြစ်သည်။
  ‘ အံ့သြလိုက်တာ ဘာဖြစ်တာပါလိမ့်နော် ‘
မာရီယာသည် တအံ့တသြမြင်ရသည်ကို သူမ လင်တော်မောင်ဘက်လှည့်ပြောလိုက်သည်။
‘ ဒီသင်္ဘောပေါ်မှာ သိပ် အရေးကြီးတဲ့ လူတယောက်ပါလာတယ်ထင်တယ် ‘
မသက်မသာ အကြည့်ဖြင့် စ၀်က
‘ အချစ်ကို မောင် ပြောစရာ တခုရှိတယ် ‘
‘ ခဏ မစောင့်နိုင်ဖူးလား ကျမ ကြိုတာကိုစောင့်ကြည့်ချင်သေးတယ် ‘
မာရီယာကပြောပြီး ကပ်လာသောလှေလေးပေါ်က လှပသော အပြင်အဆင်များကို အနီးကပ် တိုးကြည့်နေလေသည်။
‘ မဖြစ်ဖူး ကိုယ့်ကို ယုံစမ်းပါ ‘
စ၀်က အလေးအနက်ပြောပြီး သူမလက်ကို ဆွဲကိုင်လျက် လူအုပ်တန်းမှ ထိုးထွက်ခဲ့လေသည်။
ပုံမှန်မဟုတ်သော ရုတ်တရက် သူ့အသံကြောင့် သူမ ထိတ်လန့် သွားရသည်။
‘ သိပ်အရေးကြီးနေလည်း ဆိုစမ်းပါဦး မောင်ရယ် ‘
မာရီယာက ပြောလိုက်သည်။
စ၀်က သူမလက်ကိုဆွဲပြီး ထမင်းစားခန်းလေးထဲခေါ်သွားသည်။
ဘယ်လိုစပြောရမှန်းမသိသည့်အတွက် စ၀်က ခဏလေး နားလိုက်သည်။ သူသည် သူ့ဝါယာကိုင်းတပ် မျက်မှန်ကို လက်ကိုင်ပုဝါဖြင့် ထုတ် သုတ်နေကတည်းက သူစိတ်တွေ လှုပ်ရှားနေပြီဖြစ်ကြောင်းသူမသိလိုက်လေသည်။ သူမက သူ့လင်တော်မောင်ကို စူးစမ်းသလို ကြည့်လိုက်သော်လည်း သူမ ဝေခွဲလို့မရ။ ဘာကြောင့်လဲ ။ သူ့ကြည့်ရတာ အလွန်ခံ့ညားနေသည်။ အညိုဖျော့ဖျော့ ၀တ်စုံက သူ့ အသားညိုညို၊ ဆံစ နက်နက်နှင့် ပြောစရာမလိုအောင်ပင် လိုက်ဖက် ပြည့်စုံနေသည်။ သို့သော်ငြားလည်း သူ့ပိန်ရှည်ရှည် အရပ်က သူမအရပ်နှင့် အတူတူဖြစ်နေသည်။  စ၀်ရပ်နေသည့်အခါ သူ၏တော်ဝင်ဟန်ပန်သည် အမြဲ အရပ်မြင့်မြင့် ထင်ထင်ရှားရှား ရှိနေတတ်သည်။
သူသည် လက်ကိုင်ပုဝါဖြင့် တခါထပ်ပြီး မျက်မှန်ကိုသုတ်ပြီး သူမကို ကြင်နာစွာ ဖျတ်လတ်စွာငေးကြည့်နေသည်။ ဒီပုံစံသည် သူ့ မျက်နှာပေါ်တွင် အစဉ်ပေါ်နေတတ်လေသည်။ မျက်ဝန်း အရောင်တလက်လက်ဖြင့် သူရှင်းသည်။
‘  မောင်လေ မောင့်အကြောင်း တခိျု့ကို မပြောပြခဲ့ဖူး ‘  
‘ ပြောမနေပါနဲ့တော့ ရှင့်နားမှာ ကောင်မလေးတယောက် ရပ်စောင့်နေတာကြာလှပြီ ‘
ရယ်တ၀က် ထိတ် တ၀က်ဖြင့် သူမပြောလိုက်သည်။
‘ အိုး မဟုတ်တာ ‘
သူရယ်လေသည်။
‘ ဒါပေမဲ့ မောင်လေ မာရီယာ့ကို ဖုံးကွယ်ထားတာ တခုရှိတယ် ။ မောင့်ကို ခွင့်လွှတ်လိမ့်မယ် ထင်တာပဲ ‘
‘ ဘာတွေလဲ ဟင် အသည်းယားအောင်လုပ်နေတာလား ‘
‘ အခု ကြိုနေကြတာ မောင့်ကို  ‘
သူက သူ့ခေါင်းကိုငြိမ့်ရင်း ပြောပြလိုက်သည်။
‘ အိုး သိပ်ရယ်ရတာပဲ ‘
မာရီယာ က ပြောလိုက်သည်။
‘ မိုင်း အင်ဂျင်နီယာတယောက်ကို ဘာလို့ သူတို့ကဒီလိုကြိုရမှာလဲ ‘
အခုကစလို့ မာရီယာသည် စ၀်ကို သံသယဖြစ်စပြုလာတော့သည်။ စ၀်သည် သူမအပေါ် အရေးကြီးသော ကိစ္စတွေ ဖုံးကွယ် လှိျု့ဝှက်ထားပုံရသည်။ သူမ အသက်ရှုသံတွေ မြန်လာသည်။
‘ မောင်က အဲဒါထက်ပိုပါတယ် ‘
သူခဏရပ်လိုက်သည်။
‘ မောင်က မိန်းတိုင်းတခုလုံးရဲ့ ခွန်မိန်း မင်းသားတယောက်ဖြစ်ပါတယ် ‘
သူမ မျက်လုံးပြူးသွားသည်။ သူမ သတိလစ်သွားသည်။
‘ အဲဒီ ပြည်နယ်က အကြီးကြီး လေ။ အချစ်  ကွန်နစ်တီးကပ် လောက်ကျယ်တယ် ။ ဒါမှ မဟုတ် လူဇင်ဘတ်ဒ်ထက် လေးဆကြီးတယ်။ မှန်းကြည့်လေ။ အဲဒီမှာ လူတွေရှိနေတယ် ။အဲဒါ မောင့်ရဲ့ လူထုပဲ ။ အခုသူတို့အားလုံး နမ့်ပန်းကနေလာကြတယ် ။ မိုင်ရှစ်ရာ ဝေးတယ်လေ။ နောက်ကျရင် အချစ် အသားကျလာမှာပါ။ မောင်တို့မိန်းတိုင်းပြန်ရောက်ရင် ဧည့်ခံပွဲတွေ အများကြီးကြုံရဦးမှာ ‘
မာရီယာသည် သူ့လင်တော်မောင်ကို မယုံကြည်နိုင်ဘဲ ငေးတွေ ကြည့်နေမိတော့သည်။  ထို့နောက် သူမ၏ မျက်လုံးတွေက သူမ ၀တ်ထားသောလက်ဖြစ် ဂျာမန် အ၀တ်အစားတွေကို မြင်လိုက်ရလေသည်။သူမက စိတ်ပျက်လက်ပျက်ဖြင့် တိုးတိုးလေးပြောလိုက်သည်။
‘ မောင်ကျမကိုပြောသင့်တာပေါ့ အခုကြည့်ပါဦး ဒီအ၀တ်အစားတွေနဲ့ မသင့်တော်ပါဘူး ကျမ အ၀တ်အစားလဲဦးမှပါ ‘
‘ မောင့်ကို ခွင့်လွှတ်ပါ နော် ‘
သူထပ်ပြောလိုက်သည်။ သူမကိုပွေ့ဖက်လိုက်ပြီး သူရင်နှင့် ကပ်လိုက်သည်။ စ၀်စိတ်ထဲ ကြောက်သလို ခံစားလိုက်ရသည်။သူသည်သူ့ကိုသူ အမြဲ အမှန်ကိုလုပ်တတ်သူဟု ဂုဏ်ယူလေ့ရှိရာ သည်တခါတော့ သူသည် သူမဘက်က မစဉ်းစားခဲ့ချေ။ သူသည် သူမကိုပြောပြဖို့ အကြာကြီးစောင့်နေခဲ့သည်အတွက် မှားသွားခဲ့ကြောင်းသိလိုက်လေသည်။
‘ မောင်ဘာလို့ ကျမကို လက်မထပ်ခင်က အရင်ပြောမပြခဲ့တာလဲ ‘
သူ့ကိုတွန်းထုတ်လိုက်ရင်း သူမပြောသည်။
‘ မောင့်ကို အချစ် သေချာပေါက် လက်ထပ်စေချင်တာက မောင့်ဆန္ဒအမှန်ပဲ   ဒါပေမဲ့ ဒါသိပ်ဆိုးတဲ့ အလုပ်ပဲ မောင်စိတ်မကောင်းပါဘူး ‘
သူမကသူ့ကို ဘာမှ ပြန်မတုန့်ပြန်တော့ပဲ သူ့အကြည့်ကိုရှောင် လိုက်သည်။ သူသည်သူမအပေါ် လုံးဝ အပြည့်အ၀ ယုံကြည်မှု မရှိဘူးဆိုတာ သူမသိလိုက်ရပြီး ရင်ထဲ ဆစ်ကနဲ နာကျင်သွားသည်။ သည်ကိစ္စအတွက် သူမ သူ့အပေါ် အမြဲ တမြုံ့မြုံ့ဖြစ် နေစေတော့မှာသေချာလေသည်။  သည်ကိစ္စကို သူတို့ပြောရမည့်အချိန် သို့မဟုတ် နေရာ မဟုတ်ကြောင်းသူမသိသည်။
‘ လာ ပျော်ပျော်ပဲ သွားကြစို့ ‘
သူမပြောလိုက်သည်။ သူ့စိတ်တွေပေါ့သွားသည့်အတွက် သူမကို ပွေ့ချီ မှာစိုးလို့ ရှောင်ထွက်လိုက်လေသည်။
သူတို့နှစ်ယောက် လက်ခြင်းချိတ်ပြီး ကုန်းပတ်ပေါ်တက်လိုက်ကြသည်။ လှပစွာ ဆင်ယင်ထားသော လှေပေါ်ကလာကြိုကြသော တိုင်းယိုင် မြန်မာ လူစုကို သူတို့ လက်ဝှေ့ရမ်း နှုတ်ဆက်လိုက်ကြသည်။ သင်္ဘောက ကမ်းကို ဆိုက်လေပြီ။ သင်္ဘောပေါ်က ကုန်းဘောင်သည် အနည်းငယ်နိမ့်နေ၏။ ကမ်းပေါ်က အရာရှိများ ကုန်းဘောင်ပေါ်မှ အမြန်ပြေးတက်လာကြပြီး  နွေးထွေးစွာ လေးစားစွာဖြင့် စ၀်နှင့် သတို့သမီးကိုနှုတ်ဆက်ကြိုဆိုကြသည်။
မာရီယာသည် လှုပ်ရှားနေသော စိတ်တွေကို တည်ငြိမ်အောင် ကြိုးစားထိန်းနေရသည်။ သို့သော်ငြားလည်း သူမ၏ စိုးရိမ်စိတ် မလုံခြုံစိတ်တွေက ကဲနေတော့သည်။သူမက ပြင်ဆင်ချိန်ရအောင် သူတို့ကို ကုန်းဘောင် ဟိုဘက် ကမ်းပေါ်ကနေ စောင့်နေစေချင်မိခဲ့လေသည်။ သူတို့က ပထမတကြိမ် လက်ထပ်ပြီးကြသူများဖြစ်သည် ။ သူမသည် သူ့ကို ဒေါထ စိတ်ဆိုးနေမိတော့သည်။
  ဂုဏ်သရေရှိ မောင်နှံနှစ်ယောက်ကို အစောင့်များခြံရံလျက် လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်ဌာနကိုဖြတ်ကြလေသည်။ သူတို့နှင့် အတူ စီးလာကြသော ခရီးသည်များမှာ သူတို့နှင့်ဝေးရာတွင်ရှိနေကြလေသည်။ သင်္ဘောဆိပ်ခံ တံတားပေါ်တွင်သူတို့ကိုလာကြိုကြသော သူများဖြင့် ပြည့်နှက်နေသည်။
ရာပေါင်းများစွာသော စိတ်အားထက်သန်နေကြသော ဆွေမျိုးများ ကျောင်းသားများ နှင့် မိန်းတိုင်းမှ လာကြသော တိုင်းယိုင်လူထုကြီးက တိုင်းယိုင်အိုးစည် မောင်း လင်းကွင်းများတီးပြီး ကြိုကြသည်။ချောမော သိမ်မွေ့ယဉ်ကျေး သောတိုင်းယိုင် အမျိုးသမီးများက သူမကို လှပမွှေးပံျ့သော ပန်းစည်းများ ဆီးကမ်းကြပြီး သူမကို ချီးမွမ်းကြသည်။ မွှေးထုံသော စံပယ်ပန်းများ နှင့် အတူ သူမ အမည်မခေါ်တတ်သော ပန်းပေါင်းစုံဖြင့် သင်းနေတော့သည်။  
သူ့နား ပန်းစည်းလာပေးကြသော တိုင်းယိုင်မလေးတွေကို သူမ အနီးကပ်တွေ့ရသည်။ သွယ်လျလျ ကျက်သရေ ရှိသောကိုယ်နေ ရောင်စိုစို ပိုးထမီ လှိုင်းတွန့် အင်္ကျီဖြူကိုဝတ်ထားကြသည်။အင်္ကျီပေါ်တွင် မျက်စိကြိမ်းလောက်အောင် ၀င်းလက်နေသော ရွှေနှင့် ကျောက်မျက်ရတနာကြယ်သီး ၅လုံး တပ်ထားကြသည်။ သူမမျက်နှာမှ အပြုံးပန်းသည် တောက်ပနေပြီး ရှည်လျားသောဆံစအုပ်နက်နက်တွေက နောက်ဘက်မှာ စည်းချထားရာ သူမ၏ ညိုတိုတိုနုညံ့သက်သောအသားနှင့် ၀င်းနေလေသည်။
မာရီယာက အမေရိကန်တွင် မြန်မာပြည်မှ လာကျောင်းတက်ကြသော မြန်မာ ကျောင်းသူအခိျု့ကို မြင်ဖူးသော်လည်း ယခု ရန်ကုန်ဆိပ်ကမ်းမှာ လာကြိုနေကြသော တိုင်းယိုင်မလေးတွေနှင့် မတူခြားနားနေတာသတိပြုမိလေသည်။အမေရိကန်တက္ကသိုလ်တွင်မူ သူတို့သည် ပတ်ဝန်းကျင်နှင့် အဆက်အသွယ်မရှိပဲ တူထဲလေးလံသော ကုတ်အင်္ကျီကြီးများ သားရေ ဘွတ်ဖိနပ်များကိုဝတ်ထား စီးထားပြီး နွေးအောင်နေကြရသည်။သူမသည်  မြန်မာ အမျိုးသမီးများကို သူတို့ မြေပေါ်တွင်  ပထမဆုံးမြင်ဖူးရခြင်းပဲဖြစ်သည်။သူတို့ခေါင်းတွင် ပန်ထားကြသော ပန်းတွေနှင့် အလှခြင်းပြိုင်နေကြလေသည်။
အမျိုးသားများကတော့ အရောင်မှိန်မှိန်ပုဆိုးများဝတ်ထားကြပြီး အခိျု့ကမူ တိုင်းယိုင် ဘောင်းဘီပွပွကြီးများဝတ်ထားကြသည်။ မြန်မာတွေနှင့် ခြားနားနေသည်မှာ တိုင်းယိုင်အမျိုးသားတို့သည် မျက်နှာသုတ်ပုဝါကို ခေါင်းပေါင်းအဖြစ် ပေါင်းထားကြခြင်းဖြစ်လေသည်။
အားလုံးခြုံပြောရလျှင်တော့ မာရီယာသည်စိတ်တွေ ရှုပ်ထွေးပြီး သူမအမြင်တွေေ၀၀ါး လာသည်။ သူမ မျက်အိမ်ထဲမှ မျက်ရည်များ ကျမလာစေရန် မနည်း ချုပ်တည်းနေရလေသည်။ နေ့ခင်း ပြင်းပြင်းပူသောနေနှင့် စိတ်လှုပ်ရှားမှုတို့ကြောင့် သူမ နေရတာအလွန် မသက်မသာ ဖြစ်နေတော့၏။ မာရီယာသည် သူမ သရုပ်ဆောင်နေရတာကို စိတ်ဆိုးမာန်ဆိုးဖြင့် စ၀်ကို မျက်စောင်းထိုးကြည့်သည်။
တကယ်ဆို သူမသည် ဒီပွဲမျိုးနှင့်ပိုမိုသင့်တော်သော အ၀တ်အစားမျိုးနှင့်ဖြစ်သင့်လေသည်။ ဤအကြိမ်သည် သူမအဖို့ ပထမဆုံးလူအများနှင့် ထိပ်တိုက် ရင်ဆိုင်ရခြင်းဖြစ်သည်။ သူမ၏ မိသားစုများ မိတ်ဆွေများ နှင့် ရန်သူများလည်း ဖြစ်နိုင်လေသည်။သူတို့သည် သူမကို နိုင်ငံခြားသူအဖြစ် အံ့သြစွာစူးစိုက်ကြည့်နေကြပြီး သူတို့ အပြုံးနောက်တွင် ဘာတွေရှိနေသည်ဆိုခြင်းကိုသူမ မသိ။ သူတို့ပြောသော သံစဉ် နိမ့်မြင့် စကားတွေကို လည်းသူမ နားမလည်နိုင်ချေ။ 
 မာရီယာထက် အရပ်ပုသော အမျိုးသမီးတယောက်သည် လူအုပ်ထဲမှ ပြေးထွက်လာခဲ့ပြီး မာရီယာကို ပန်းစည်းပေးရင်း
‘ ကြိုဆိုပါတယ် ညီမလေး။ အမက ချယ်ရီပါ အမက မာရီယာကို ကိုယ့်အိမ် ကိုယ့်ယာလို သဘောကျ နေနိုင်တဲ့ အထိ ပြုစုစောင့်ရှောက်ကြမှာပါ။ ‘
မာရီယာကို အံ့သွားစေသည်။ သူမသိထားတာက စ၀်၏အမ နံမည်များကို သိထားဖူးရာ ဒီလို ဆင်ဆင်တူသော အမည်ကို သူမ မကြားဖူး ။ဓါတ်ပုံထဲတွင်လည်း ဒီလို ရုပ်မျိုး မမြင်ဖူးခဲ့။ သို့သော် သူမက ချယ်ရီ၏ ဖော်ရွေနွေးထွေးမှု နှင့် အမှားမရှိသော အင်္ဂလိပ်စကားကို သဘောကျမိလေသည်။ အိန္ဒိယ သမုဒ္ဒရာ ပေါ်ဖြတ်စဉ်က သူသင်ထားခဲ့သော မြန်မာစကားအခိျု့ကိုသူအားကိုးလို့မရ။ နောက်တော့ သူမ နမ့်ပန်း၌ နေထိုင်စဉ် မြန်မာ ရောတိုင်းယိုင်စကားပါ နှစ်မျိုးစလုံး သူပြောနိုင်ခဲ့လေသည်။ သူမဘေးက စ၀်ကိုပြောနေသောလူ၏ စကားဒါဇင်ဝက်လောက်က အရေးကြီးဟန်ရှိနေသည်။ သူတို့တွေ ရယ်မောနေကြတာမြင်ရမှ သူမလည်း သူတို့စကားပြောနေတာကို သက်သာရာ ရစေလေသည်။
ဖြူဝင်းသော အသား ရှက်ရို့ရို့ အပျိုရွယ်တိုင်းယိုင်မလေးသုံးယောက်  က မာရီယာကို ခရီးဦးကြိုပြုလိုက်သည့်အတွက် ချယ်ရီ အဖို့ မာရီယာ၏ အာရုံစိုက်ခြင်းကိုရစေလေသည်။
‘ သူတို့က မာရီယာ ရဲ့ ညီမလေးတွေ ပဲ  ဒေစီ ၊ ဂရေ့၊ ရှုဘီ ‘
သူမပြောသောအခါ အပျိုလေးသုံးယောက်က ခစ်ခစ် ရယ်၏။
‘ မာရီယာက သူတို့ကို အင်္ဂလိပ်စာ နဲ့ လိမ္မာ ယဉ်ကျေးဖို့  သင်ပေးရမှာပဲ ‘
မာရီယာ၏ စိတ်ပါဝင်စားမှုက တိုးလာတော့သည် စ၀်မှာ ညီမ ဘယ်နှစ်ယောက်လောက်ရှိနေပါလိမ့်။ သူမ သိအောင်လုပ်ရပေဦးမည်ဟု တွေးနေစဉ် သူမ လက်မောင်းကို စ၀်က ဆုတ်ကိုင်လိုက်လေသည်။
‘ နေတအားပူနေပြီ မောင်တို့ ဒီနေရာကနေ သွားကြရအောင် ‘
စ၀်က ပြောသည်။
‘  ကြိုဆိုရေး ကော်မတီက စရင်းဟော်တယ်မှာမောင်တို့ကို ဖိတ်ထားတယ် ဧည့်ခံပွဲ  လုပ်မယ် ။အဲဒီရောက်မှ အားလုံးနဲ့ အချစ်ကို မိတ်ဆက်ပေးမယ် ‘ 
သူက သူမလက်ကိုဆွဲပြီး ရပ်စောင့်နေသော ကားဆီ ခေါ်သွားလိုက်သည်။
‘ ကျမတို့ အိတ်တွေ ရော ‘
သူမမေးသည်။ ရုတ်တရက်ခရီးသည် ၏တာဝန်တွေကို သတိရလိုက်မိလေသည်။
‘ မောင်တို့ ဘာတခုမှ စိတ်ပူနေစရာ မလိုပါဖူး အတွင်းရေးမှူးက အားလုံးလုပ်ပေးမှာပါ ‘
          မာရီယာ အံ့အားသင့်သွားသည်။ သူမဘ၀တလျှောက်လုံး ခရီးသွားခဲ့ရာ ခရီးဆောင်အိတ်တွေကို ရထား ဘတ်စကားတွေပေါ် အပ်နှံရ ရွေးရ သယ်ရ  အကောက်ခွန်မှာပြရ စိတ်ပူခဲ့ရလေသည်။
သူတို့ ကားနောက်ခန်းတွင် လူလွတ်တက်လိုက်ပြီး တံခါးနှစ်ဘက် ကိုပိတ်လိုက်သည်။ သူကပြောသည်။
‘ တခုကျန်သေးတယ် ။
အချစ် မောင့်ကို လူတွေရှေ့မှာ စ၀်လို့မခေါ်နဲ့တော့ သိလား ။ ဒါ သိပ် မလေးစားရာ ကျတယ်နော် ‘
‘ ဒါဆို ကျမက မောင့်ကို ဘယ်လိုခေါ်ရမှာလဲ ‘
‘ ဒါက မောင်ခေါ်စေချင်တာမဟုတ်ဖူးလေ။  ဒါမောင့် လူထုကစဉ်းစားပေးတာ ပိုကောင်းမယ် ‘
‘ ကောင်းပြီလေ ။ အခုပြောပါလား မောင့်ကို ဘယ်လိုခေါ်သင့်လဲ ‘
သူမ စိတ်ဆိုးလာတာကို တဖြည်းဖြည်း စပြလေသည်။
‘ သူများတွေ ဘေးမှာရှိနေရင် အချစ်က မောင့်ကို စ၀်ပီဖ လို့ခေါ်ပေါ့ ‘
‘ စ၀်ပီဖ ဘာအဓိပ္ပါယ်လဲ ဟင်’
‘ ဒါက အုပ်စိုးသော  ခွန်မိန်းမောင်တော်ဘုရား ပေါ့   ‘
သူပြောပြီးနောက် နှစ်ယောက်လုံးပြိုင်တူ ရယ်လိုက်ကြလေသည်။
‘ ပြီးတော့ မောင်ကလည်း အချစ်ကို မာရီယာလို့ မခေါ်ချင်ဖူး ။ ‘
သူဆက်ပြောသည် ။
‘ တိုင်းယိုင် ဗေဒင်ဆရာတွေ တွက်ပေးထားတဲ့ တိုင်းယိုင်နံမည်လေ သုစန္ဒာလို့ခေါ်မယ် ‘ 
ဘာအဓိပ္ပါယ် လဲ ဟု သူမမေးမည်ပြုပြီးမှ စိတ်လှုပ်ရှားနေတာ ပူအိုက်တာ နွမ်းနယ်နေတာ ကြောင့် နံမည်နှင့်ပတ်သက်သော မေးခွန်းတွေ နောက်မှ ပဲမေးတော့မည်ဟု ဆုံးဖြတ်လိုက်လေသည်။ စရင်း ဟော်တယ်သည် အလွန်ဝေး သည်ထင်သောကြောင့် သူမအဖို့ ကားပေါ်တွင် ရုတ်တရက် လှုပ်ခတ်နေသော သူမစိတ်နှင့် မျက်လုံးကို အနားပေးထားလိုက်လေသည်။  သူမဆန္ဒ ကို ခွင့်မပြုချေ။ ကားမောင်းတာက မိနစ်အနည်းငယ်သာဖြစ်လေသည်။ မာရီယာသည် မျက်လုံး တ၀က်ဖွင့်ထားပြီး နိုင်ငံခြားကလမ်းမပေါ်ကို ငေးကြည့်နေလိုက်သည်။  လမ်းပေါ်တွင် ဆိုက်ကား၊ လိမ္မော်ရောင် သင်္ကန်းရုံ ဘုန်းတော်ကြီးများ ၊ သစ်သားဘော်ဒီဖြင့် လုပ်ထားသော ကားများ ၊ ကြီးမားသော ခြင်းကိုခေါင်းပေါ်ရွက်သွားသော မိန်းမများ ကိုတွေ့ရလေသည်။ သူတို့ကြားတွင် အဖြူရောင် ကုတ်အင်္ကျီဝတ်ထားသော ပုလိပ်က လမ်းရှင်းပေးနေသည်။ 
စရင်းဟော်တယ်က အဖြူရောင်အဆောက်အဦးတခု။ ကြီးကျယ်ခန်းနားသော အတိတ် ကိုလိုနီလက်ကျန် အငွေ့အသက်တခုဖြစ်လေသည်။ထိုနေရာသည် ဆူညံလှုပ်ရှားနေသော ရန်ကုန်မြို့တွင်  အေးချမ်းသော ကျွန်းလေးတခုလို ဗြိတိသျှတို့၏ပျော်ရွှင်မှုအလယ်က ငြိမ်သက်အေးချမ်းမှုတခုလို  ရှိနေလေသည်။ ကုန်လုံပြည့်စုံနေကြသော အာရှသားဘ၀ အခိျု့သည် ထူခြား ကောင်းမွန်လှသောနေရာလေးဆီသို့ အခြွေရံ အပေါင်းဖြင့် ထိုးဖောက် ၀င်ရောက်လာနေလေသည်။ဖိနပ်မပါသော ကုလား အစောင့်တယောက်က သူတို့ကို ခရီးဦးကြိုဆိုပြီး ဧည့်ခံပွဲခန်းမအတွင်းသို့ခေါ်ဆောင်သွားလေသည်။ ထိုခန်းမထဲတွင် အနည်းဆုံး လူငါးဆယ်ခန့် စုရုံးရောက်ရှိနေပြီးဖြစ်သည်။
သုစန္ဒာ ထိုင်သောနေရာနှင့် တဆက်တည်းတွင် လူသုံးယောက်၏နားမလည်သော စကားများကိုကြားနေရပြီး သူမစိတ်ထဲ၌မျက်လုံးအစုံတိုင်းသည် သူမကို စူးစူးစိုက်စိုက် စေ့စေ့ စပ်စပ် ကြည့်နေကြသည်ဟု ခံစားရလေသည်။
စိတ်ရှုပ်စွာနှင့်ပင် စိုးရိမ်စိတ်တွေဝင်လာမိသည်။ သူမသည် သူမမိသားစု သူငယ်ချင်းများကို စွန့်ခွာခဲ့ပြီး ဆုံးဖြတ်ချက် ခိုင်မာစွာဖြင့် ဒီကိုလိုက်လာခဲ့မိတာကို ပြန်တွေးမိပြီး အံ့မိရလေသည်။သည်လို နေခြည်လင်းဖြာနေသော ရင်းနှီးကျွမ်းဝင်ခြင်းမရှိသောအရပ် တွင် ကိုယ့်အိမ်လိုနေနိုင်ပါ့မလားဟု သံသယဖြစ်မိပြန်လေသည်။ ဒီနေ့လို ထိတ်လန့်စရာတွေကြောင့် သူမသည် စ၀်ကို လုံးဝ ယုံကြည်လို့ရပါ့မလား သူမ အံ့မိရပြန်သည်။ သို့သော် သူမသံသယများသည် ကြောက်စရာများ မဟုတ်ပါ။  သူမ အတွက် ဘ၀သစ်တွင် နေထိုင်ရမည့် အခွင့်အရေးသည် စီရင်ပြဌာန်းထားပြီးဖြစ်လေသည်။
နောက် ၅ ရက် ရန်ကုန်မှာ နေရသောကာလတွင် မဆုံးနိုင်သော မိတ်ဆက်ပွဲ ၊ ဧည့်ခံပွဲ ၊တရားဝင်မဟုတ်သော လူမှုရေး ဖိတ်ခေါ်ပွဲ ၊ ယဉ်ကျေးမှု အသစ်ဘ၀နေထိုင်မှုအတွက် သင်ခန်းစာများ ၊ နှင့် အထိမခံ နိုင်ငံရေးကိစ္စများ ပင်ဖြစ်လေသည်။ သုစန္ဒာသည် ပတ်ချာရမ်းနေသော ကိစ္စအ၀၀တွင် လုံးလည်လိုက်ရင်းကပျော်နေမိတော့သည်။ လေးလေးနက်နက်တွေးတော ရှာဖွေ ခံစားစိတ်ကို ခဏရွေ့ထားလိုက်သည်။ 
ပထမဆုံး ရန်ကုန်နံနက်ခင်းမှာ  နံနက်စာကို နိုင်ငံခြားရေးဝန်ကြီးနှင့် တိုင်းယိုင်ပြည်နယ် ဗဟို အုပ်ချုပ်ရေးအဖွဲ့ ခေါင်းဆောင်  စ၀်ခွန်ကြာ  အိမ်တွင်စားခဲ့ကြသည်။ရန်ကုန်တွင် သီးသန့်ကျန်ရစ်သော အင်္ဂလိပ်ပိုင် ရိုးကုမ္ပဏီတွင် ကိုက်ရာပေါင်းများစွာသော ခန်းဆီးကလာကာများ ၊ တရုတ်လုပ်သစ်သားပစ္စည်းများ နှင့် အိမ်သစ်အတွက် မီးအိမ်များကိုဝယ်သည်။
သုစန္ဒာ အခုထိ စရင်းဟော်တယ်တွင် မတွေ့  ရသေးတာကတော့ နမ့်ပန်းကလာ ပြီး ရန်ကုန်တက္ကသိုလ်တက်နေကြသော တိုင်းယိုင်ကျောင်းသား များနှင့် ရန်ကုန်မြို့လယ်ခေါင် ဆူးလေ စေတီပေါ်က ဗေဒင်လက္ခဏာဆရာမ တို့ ပင်ဖြစ်သည်။  ထိုဆရာမသည်  စ၀် အမေရိကန်မထွက်ခွာခင်က စ၀်၏ ဗေဒင် ဆရာမပေါင်းများစွာထဲက တယောက်ပင်ဖြစ်သည်။ သုစန္ဒာ ဆရာမကို တွေ့လိုက်ချင်သေးသည်။
သို့သော်လည်း သူမသည် အင်္ဂလိပ်စကားပြောတတ်သော အတွင်းရေးမှူး ဘမောင်နှင့် အတူ နေရာအနှံ့လျှောက်သွားသည်။ ချယ်ရီ နှင့်အတူသွားရတာထက် အဆင်ချောလေသည်။ တကယ်တော့ ချက်ရီသည် စ၀်နှင့် မောင်နှမ တ၀မ်းကွဲတော်လေသည်။ ဥရောပသားတွေအလိုအရမူ အမ မတော်စပ်ပေ။သုစန္ဒာ မြန်မာပြည်တွင်နေရသော ပထမဆုံးနေ့တွင်ပင် အဆင့်အတန်းအမျိုးမျိုး မိသားစု ဆွေမျိုး တို့နှင့် တွေ့ဆုံရလေသည်။မိသားစုတွင် လူငယ်ပိုင်းက ညီအမများ မောင်များ ဖြစ်ပြီး လူကြီးပိုင်းတွင် မူ ဦးလေးအဒေါ် အဖိုး အဖွားတို့ ဖြစ်ကြသည်။
  ချယ်ရီသည် စ၀်၏မဟာဒေ၀ီထက် အရင်ကျပြီး စ၀်ဘေးမှာနေခဲ့ရသည်။ သူမသည် စ၀်ကိုထားခဲ့ပြီး မန္တလေးရှိ နမ့်ပန်းရုံးအတွက် သွားမလုပ်ခင်ထိ ရှိနေခဲ့သည်။သူမသည် နမ့်ပန်းကအခက်အခဲများစွာ တားမြစ်မှုပေါင်းစွာကို  သည်းခံ လုပ်နေခဲ့ပြီးမှ စ၀်က သူမကို သူတို့ မိသားစု အတွင်းပြန်လည်ခေါ်ယူထားခဲ့လေသည်။သူမသည်အခုတော့ သုစန္ဒာကို ဘ၀သစ်သို့ မိတ်ဆက် ခေါ်ဆောင်ရာတွင် အရေးပါသော နေရာတွင် ရနေသည်။ ချယ်ရီက ယဉ်ကျေးမှုကို ကောင်းကောင်းကျကျနန နားလည်သည်။ သူမသည် တိုင်းယိုင် ၊မြန်မာ စကားကို အင်္ဂလိပ်လို အပြန်အလှန် ဘာသာပြန် ရှင်းပြပေးနိုင်သည်။ သူမသည် အလွန်တန်ဖိုး မဖြတ်နိုင်လောက်အောင် အဖိုးတန်သူဖြစ်သည်။ သူမသည် စံအိမ်တော် အတွက် နမ့်ပန်းတွင်နေထိုင်ကြသော လူတွေအတွက် ဘာတွေလိုအပ်ပြီး ဘာတွေဝယ်ရမည်ကိုအကြံပေးလေသည်။
အပျိုမ သုံးယောက်ဖြစ်သော ဒေစီ ၊ဂရေ့စ် ၊ရှုဘီ ၊တို့သည် စ၀်၏ နှမ ၀မ်းကွဲများဖြစ်ကြသည်။  သူတို့ ရန်ကုန်ကို ပထမဆုံးရောက်ဖူးကြတာဖြစ်ပြီး တခစ်ခစ်ရယ်ရင်း ပျော်ရွှင်နေကြလေသည်။ သူတို့၏ အင်္ဂလိပ် အမည်များကို သူတို့ ကျောင်းတက်သော မေမြို့ရှိ သီလရင် ကွန်ဗင့်ကျောင်းကပေးထားခြင်းဖြစ်သည်။
‘ မိန်းတိုင်းမှာနေ ရင် ကြိုက်ပါ့မလား ‘
ဟု ရန်ကုန်ရှိ လူများက သုစန္ဒာကိုမေးကြသည်။သို့သော် အပ်ချုပ်သည်မ မြန်မာ အမျိုးသမီးက  တောင်ပေါ်ကလာသော ခေါင်းဖြတ်တတ်သည့် အစောင့်အရှောက်၊၀ိညာဉ် သို့မဟုတ် နတ် ၊ စုန်း အစီအမံဖြင့် သူမအတွက် အင်္ကျီ လုံချည် များကို စီရင်ထားကြောင်း သတိပေးလေသည်။
သူ့မအတွက် ချုပ်ထားသော မိုးပြာရောင် ပိုး လုံချည်ကိုဖြန့်ကြည့်သည်။ သူမ ကိုယ်နှင့် တိုင်းကြည့်သည်။ သူမကို ဟန်သစ်ဖြင့်မြင်ရသည်။ လက်မပါသော  အတွန့်လေးနှင့်အင်္ကျီံ ၀တ်ရတာအေးသည်။ အားလုံးပြီးသောအခါ အပ်ချုပ်သမသည် သူမအတွက် ကတ္တီပါပိန်းတန်းဘိနပ် ယောကျာ်းစီးတရံထုတ်ပေးသည်။
ထွန်းတောက်နေသော သူမပုံ ရိပ်ကိုမှန်ထဲမှာကြည့်သည်။ ဒီဇိုင်းအသစ်ကို သူမ သဘောကျနေလေသည်။
‘ သနားစရာ မိန်းကလေးပဲ ‘
 အပ်ချုပ်သမ က ကြည့်ရင်းပြောလိုက်သည်။
‘ မိန်းတိုင်းသွားနေဖို့ ဆို ရှင်က သိပ်ငယ် သိပ်လှနေသေးတယ် ‘
ချယ်ရီ ပြောသောစကားအရ အပ်ချုပ်သမက သိသွားပြီးနောက်ဗုဒ္ဓဘာသာဝင်တွေပီပီ သုစန္ဒာ ဘေးကင်းစေဖို့ ဆုတောင်းပေးနေလေသည်။ 
‘ကျမ နောက်တခါ ရန်ကုန်လာရင် ရှင့်ဆီဝင်ပါ့မယ် ‘
သုစန္ဒာပြောရင်းက စိတ်လွတ် ကိုယ်လွတ် ရယ်လိုက်သည်။
‘ သည်မြို့မှာထက် မိန်းတိုင်းမှာနေရတာ ကျမအဖို့ ပို လုံခြုံ စိတ်ချရပါတယ် ကျမ သက်သေ ပြပါ့မယ် ‘
သို့သော် သူမ၏ ပြောစကားကို အပ်ချုပ်သမ သဘောပေါက်ပုံမရချေ။ အပ်ချုပ်သမ မရယ်ပေ။
 သူမနှင့် တွေ့ရသော မြန်မာ အများစုသည် မိန်းတိုင်းကို နိုင်ငံ ရပ်ခြားလိုထင်မြင်နေကြသည်။  တခိျု့ဆို မိန်းတိုင်းသည် ယဉ်ကျေးမှု မရှိသော အလွန်ကြောက်စရာ ကောင်းသောအရပ် ဟု ထင်နေကြလေသည်။သူတို့က ရက်စက်ကြမ်းတမ်းသော တောင်ပေါ်ကလူတွေသည် မြေပြန့်သားတွေကိုသားကောင်လို   လိုက်လံရှာဖွေ ကောင်းစွာကျွေးမွေး ထားပြီးခေါင်းဖြတ် တတ်ကြ၊ တိုင်းယိုင်မအပျိုလေးတွေက သူတို့ကိုလာရောက်ပိုးပန်းသော ကံမကောင်းသူကို ပြုစားပြီး နောက် ဖျက်ဆီးတတ်ကြသည်ဟု ဆိုသည်။  သတင်းသယ်ဆောင်လာသူအနည်းငယ်မျှသောသူတို့က ဤသို့အမှန်ပင် အစဉ်စီကျကျ ပုံဖော်ပြီး ကြောက်စရာ ထူးဆန်းအံ့သြဖွယ်ကောင်းသော တောင်ပေါ် တိုင်းယိုင်များအဖြစ်ပြောတတ်ကြလေသည်။
တောင်ပေါ်ကတိုင်းယိုင်တွေနှင့် သုစန္ဒာနီးနီးကပ်ကပ် နေလာပြီးနောက် သူတို့ပြောသလို မဟုတ်မှန်း သိလိုက်ရသောအခါ စိတ်တွေရှုပ်ထွေး ခဲ့ဖူးလေသည်။ သူမအတွက် သတင်းအချက်အလက်များကို စ၀်ထံမှရလေသည်။ သူမက စ၀်ကို လုံးဝ ယုံကြည်သည်။ သူ့ရိုးသားမှုက အမြဲပင် သူမကို အကာကွယ်မဲ့စေသည်။ သူခွန်မိန်းဖြစ်ကြောင်းကို မဖုံးကွယ်ပဲ ဖွင့်ပြောဖို့ ပျက်ကွက်ခဲ့သော သူ့ကြောင့် သူမကံကြမ္မာကို မလှုပ်ခတ်နိုင်ချေ။ သူမကြားခဲ့သော ကောလာဟလတွေကို သူ့အားပြန်ပြောပြသောအခါ သူသည် ဟက်ဟက်ပက်ပက် ရယ်လေသည်။ ထိုကိစ္စတွေကို သူမဖယ်ထုတ်ပစ်လိုက်သည်။
သုစန္ဒာ ရန်ကုန်တွင်နေစဉ်က အချိန်တိုင်းတွင် မိန်းတိုင်းအကြောင်း စပ်စုချင်စိတ် တိုးပွားနေခဲ့လေသည်။ ကမ္ဘာအဆုံးထိ ဒီအသံတွေကြားနေရသည့်တိုင်အောင် သူမသည် စ၀်နှင့်အတူ နေရလျှင် ပျော်ရွှင်လိမ့်မည်ဟု ယုံကြည်သည်။ထို့ကြောင့် တိုင်းယိုင်လူထုနှင့် ဆက်ဆံရသောအခါ   သူမကိုစိတ်ချမ်းသာ စေလေသည်။သူမသည် မြန်မာပြည်၏ အစိတ်ပိုင်းတခု အကြောင်းကို နားလည်ခဲ့ရလေသည်။
မိန်းတိုင်းသည်  မြန်မာပြည်၏အရှေ့မြောက်တွင် ရှိပြီး တိုင်းပြည်၏ လေးပုံတပုံခန့်ကို တောင်တန်းများဖြင့် ဖုံးလွှမ်းထားသည်။
တရုတ် ၊ လော ၊ ထိုင်း နိုင်ငံတွေက နယ်စပ်တွေမှာ ၀ိုင်းရံထားသည်။ တောင်တန်းများပေါ်တွင် မိန်းတိုင်းလူမျိုး နှင့် ဒါဇင်မျှသော တိုင်းရင်းသားတောင်ပေါ်သားများ ၃ သန်းခန့်နေတိုင်ကြပြီး တိုင်းယိုင်တို့သည် မြန်မာထက် ထိုင်းနှင့် ပို၍ ဆင်တူလေသည်။
          တိုင်းယိုင်တို့၏ မူလ ဇာတိဌာနေသည် တရုတ်ပြည်မှာဖြစ်ပြီး နမ်ချိုခေါ်သော တာတာလူမျိုးတို့ ရောက်လာ ပြီး သူတို့ မင်းနေပြည်ကို တိုက်ခိုက် ဖျက်ဆီးကြသောကြောင့် တိုင်းယိုင်တို့သည် တောင်ဘက်မှ ထိုင်းနှင့် မြန်မာပြည် သို့ အောင်မြင်စွာ ထွက်ပြေးခိုလှုံခဲ့ကြလေသည်။ သို့သော်သူတို့ အောင်မြင်မှုက ကြာရှည်မခံချေ။ ရာစုနှစ် ၃စုကြာသောအခါ သူတို့သည် တောင်တန်းတွေဆီ ပြောင်းရွေ့နေထိုင်ခဲ့ကြပြန်လေသည်။
မြန်မာတွေနှင့် မတူတာကတော့ သူတို့ တွင် ဘုရင် မရှိချေ။ တိုင်းယိုင်တို့သည် မျိုးရိုးအလိုက်အကြီးအကဲ ခေါင်းဆောင် ခွန်မိန်းအဆင့်သာရှိကြပြီး မြန်မာတို့ကို လက်ဆောင်ပဏ္ဏာဆက်ပြီး လက်အောက်ခံအဖြစ်နေလာခဲ့ကြသည်။ ဗြိတိသျှတို့ မြန်မာပြည်ကို သိမ်းပိုက်သော အခါ တွင်မူ မိန်းတိုင်းသည်လည်း ဗြိတိသျှ၏ အင်ပါယာထဲတွင် ပါဝင်ခဲ့သော်လည်း ပျော်ရွှင်စွာ နေထိုင်ခဲ့ရသော အခြေနေ ကာလတခုဖြစ်ခဲ့လေသည်။
မြန်မာဘုရင်မင်းဆက်က ပျက်သုန်းခဲ့ရသော်လည်း မိန်းတိုင်းခွန်မိန်းများမှာမူ ဆက်လက်၍ကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့် အဆောင်အယောင်များကို ဆက်လက်ခံစားပြီး ကြီးမားသော လွတ်လပ်မှုကိုရရှိခဲ့လေသည်။
သုစန္ဒာနှင့် စ၀်တို့ တောင်တန်းတွေပေါ် အပျော်ခရီးထွက် သည့်အခါတုန်းက စ၀်က သုစန္ဒာကို သည်အကြောင်းတွေ ပြောပြခဲ့ဖူးတာကို သတိရမိလေသည်။ စ၀်က သူမကို ကြောက်စရာ တခုမှ ကို မပြောခဲ့ပါ။ ကွာလှမ်းလှသော ယဉ်ကျေးမှုကို ညှိဖို့ရာ သူမအဖို့  ခက်ခဲမှုလည်း မရှိခဲ့ပါချေ။  သို့ရာတွင် သူမသည် ရန်ကုန်က စရင်းဟော်တယ်အတွင်း ဇိမ်ကျကျ အထူး အိပ်ခန်းအတွင်း  အိပ်မပျော်သောအခါတွင်မူသူမ၏ ဆုံးဖြတ်ချက်များသည် မှန်ကန်ပါရဲ့လားဟု တွေးနေမိတတ်လေ၏။
သူမ၏ ဂျာမဏီနိုင်ငံသို့ နောက်တခေါက်ပြန်ရောက်ပါ့မလားဟု ထင့်လေသည်။ သူမတို့မြို့လေးက သူငယ်ချင်း ဟန်နီသည် အခုအခါ အရှေ့အလယ်ပိုင်းရှိ အာရပ်တိုင်းပြည်တွင် မိန်းမဆောင်အတွင်း၌အစဉ် အကျဉ်းသား အဖြစ် အဆုံးသတ်နေ နေရတော့သည်။ သူမလည်း သည်လို ကံကြမ္မာမျိုးက စောင့်နေတာလား တွေးမိလေသည်။ ဒုတိယကမ္ဘာစစ်အတွင်းကဗုံးတွေ ချ ပေါက်ကွဲ ပျက်စီးနေတာတောင်မှ သူမ၏မြို့လေးသည် သူမအတွက် အလုံခြုံဆုံးနေရာတခုဖြစ်ခဲ့လေသည်။
ဘယ်လောက်များ အထူးအခွင့်အရေးတွေရခဲ့လဲဆိုရင် သူမ၏ပထမဆုံး ကပွဲ တက်ရသောအခါ၌ ခန်းစီးစကို ဂါဝန်ချုပ်ဝတ်ခွင့်ရခဲ့သည်။ ပထမဆုံး အပျော်ခရီး ဆဲလ်ဘတ်ကို လူငယ်ဟော်တယ်၌ တည်းခိုခွင့်ရခဲ့လေ၏ သူမ ပြန်တွေးပြီး သဘောကျမိလေသည်။ အခုသူမသည် ရန်ကုန်မြို့၏ အကောင်းဆုံးဟော်တယ်အတွင်းရောက်နေသည်။ အဖိုးတန် ဇိမ်ခံ ပိုးထည်များ ၊ လင်းလက်တောက်ပသော ငွေထည်များ ၊ ခိုင်းဖို့ အဆင်သင့်ဟော်တယ် ကုလားများ   ရှိနေလေသည်။ သူမ ဂျာမဏီတွင် ကြီးပြင်းလာခဲ့ရသော နှစ်တွေလိုပင် သည်နေရာသည် သူမ အတွက် လုံခြုံ စိတ်ချရပြီး ကိုယ့် ကိုယ်ကို ယုံကြည်မှု အပြည့် ရှိနေသည်ဟု ခံစားမိရတော့သည်။
(မေခ၏ အခန်းဆက်ဘာသာပြန်ကို အပတ်စဉ် သောကြာနေ့မှာ တင်ဆက်မှာ ဖြစ်ပါတယ်။ ယခင်အပတ်က နောက်ကျသွားတာ ခွင့်လွှတ်ပါ။ မိုးမခ)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Advertise on MoeMaKa
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:Uncategorized

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခ လစဉ်ထုတ်မဂ္ဂဇင်း စက်တင်ဘာ ၂၀၁၇ ထွက်ပြီ

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

မိုးမခ ဇူလိုင် ထွက်ပါပြီ …

By

မိုးမခ ဇူလိုင် ထွက်ပါပြီ … (မိုးမခ) ဇူလိုင် ၁၈၊ ၂၀၁၇ မိုးမခ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်