>Than Win Hlaing – Ngwe Tar Yi

March 27, 2011

>

စာဆိုငွေတာရီ
သန်းဝင်းလှိုင်
မတ် ၂၇၊ ၂၀၁၁
        မြန်မာကဗျာဆရာကြီးဒဂုန်တာရာက “ကဗျာဆိုတာ ရင်ခုန်သံကိုဖေါ်ညွန်းသည့်အရာ” ဟု အဓိပ္ပါယ်ဖွင့်ဆိုခဲ့ဖူးသည်။ မှန်ပေသည်။ ကဗျာဆိုသည်မှာ ရင်ခုန်သံကိုဖေါ်ညွှန်းသည့်အနုပညာ ပစ္စည်းတခုပါ။ ကောင်းပြီ….။ ကဗျာဆိုသည်မှာ ရင်ခုန်သံကိုဖေါ်ညွန်းသည့်အရာဆိုလျှင် အဆိုပါ ရင်ခုန်သံဆိုသည်မှာ မည်သူ၏ရင်ခုန်သံလဲ။ ကဗျာဆရာဖြတ်သန်းကြီးပြင်းရသည့် ခေတ်၊ တနည်း ကဗျာဆရာ၏ ခေတ်ပြိုင်လူထု၏ရင်ခုန်သံလူထုခံစားချက်ကိုဆိုလိုသည့် သဘောပင်ဖြစ်သည်။
         လူထု၏ခံစားချက်၊ လူထု၏ရင်ခုန်သံကို ကိုယ်စားပြုရေးဖွဲ့ထားသောငွေတာရီ၏ “ကြွေပွင့် ကောက်စဉ်က”ဟုခေါင်းစဉ်ပေးထားသော ကဗျာလေးကို ဖတ်ရှုခံစားကြည့်ကြပါစို့။ အဆိုပါပဗျာကို လွန်ခဲ့သော ၅၁ နှစ် ၁၉၆၈ပြည့်နှစ်က ထုတ်ဝေခဲ့သော“ငွေတာရီကဗျာ ၁၀၀ ”စာအုပ်ထဲ၌ ထည့်သွင်းထားသော ကဗျာဖြစ်သည်။
                ကြွေပွင့်ကောက်စဉ်က
              လေအဝှေ့မှာလ
              နေသွေ့ကာအညှာလိမ်တဲ့
              ပါမှိန်မှိန်ပွင့်လွှာဟောင်းငယ်တို့
              ရင့်ညောင်းကာ ဘ၀ကူးသည်ထင့်
              မူးဝေအောင်ချာချာလည်၍
             သည်မြေဆီရွှေရည်ပွင့်ငယ်လို့
              ကြွေလွင့်၍နေစဉ်ဝယ်
              အပင်အောက်တယောက်သည်စာဆိုဖြင့်
              ရွှင်မချိုမြေ့မချမ်းနိုင်ဘူ့
              ကြွေပန်းလွှာမြေမှာစီတော့
              သီကရီကောက်ယူနှမ်းမိငဲ့
              သြော်… အလွမ်းသည်လိုထွေတော့
             ပွင့်ဝါကြွေသူလေသိမှာလှ
             တွေးမိပြန်တယ်။
             အကြွေစောသူငယ်
              နှမြောတွယ်တာတာဖြင့်
             ဘယ်အခါဘယ်မှာဆုံးနိုင်လိမ့်
             နှလုံးဘ၀င်ဆူပေါ့
             မရွှင်သူနှုတ်ခြွေလွှတ်ပါလို့
            အတွတ်တွတ်ဆိုကာရယ်
            ဖြေဖွယ်ဖြင့်ရှိလိမ့်လား
            သည်အခိုက်မှာကို
            ပင်ထက်ငွေရောင်စိုတဲ့
            ဖူးငုံပျိုထိုတသင်းတွေက
            လေညင်းမှာ တကြိုင်ကြိုင်နဲ့
            ဘယ်ယိုင်ညာယိုင်ငဲ့ရာမှ
            “နောင်ရဲ့မငိုပါနှင့်
             ကြည်ညိုကာနောင်မြတ်နိုးတာဖြင့်
             ဝေဖြိုးအောင်ရေစင်ဖြာပါ့
             ကြွေပွင့်မတွယ်တာနဲ့
             ဖူးညာသာထူးစွာပွင့်အောင်လို့
             ပင်ဗွေကိုစဉ်အခြေမြှင့်ပါ”တဲ့
             ကူချင့်အောင်သူကပြောလေတော့
             ပင့်လေမှာပွင့်ကြွေနဲ့မျှောရာက
             ဖူးဆီကိုဦးလည်လို့စောမိရဲ့
             လှသောပင်ယံဗွေက
             ငုံတံတွေရွှေရည်လျှမ်းမှာဖြင့်
             စာဆိုမောင်မျှော်ယောင်မှန်းလို့ရယ်
              လွမ်းခဲ့မိတကား။
             စာဆိုငွေတာရီက သူ့ကဗျာတွင် အတန်ငယ်မြင့်သည့်ပန်းပင်ထက်မှ ပန်းကလေး တပွင့် ချာလည်ချာလည်နှင့်ကြွေကျသွားပုံ၊ ညှိုးငယ်စွာသောလူယောက် ပန်းပွင့်ကလေးကို နှမြောတသ ကာ ယုယုယယကောက်ယူနေပုံနှင့် အပင်ထက်ရှိဖူးငုံကလေးများကို မော့ကြည့်နေပုံ၊ ပန်းငုံက လေးများက သူ့ကို
              “ငိုမနေပါနဲ့၊ ပန်းပွင့်ကိုခင်မင်မြတ်နိုးရင် အပင်ကိုရေလောင်းပါ၊ ကြွေလေတဲ့အပွင့်ကို တွယ်တာမနေပါနဲ့တော့။ အပင်မှာကျန်တဲ့အဖူးကလေးတွေကားကားစွင့်စွင့်ပွင့်လန်းလာအောင် အပင်ကိုသာမြေတောင်မြှောက်ပေးပါ”ဟု ပြောနေဟန် စာဆို၏ခံစားချက်ကိုထင်ဟပ်ဖွဲ့ဆိုထားပေ သည်။
              ငွေတာရီသည် ဤကဗျာကလေးကို အဘယ်အခါကရေးစပ်သီကုံးခဲ့လေသနည်း။ သူ ကိုယ်တိုင် ပန်းပွင့်ကြွေကလေးများကို ကောက်ရင်းဤကဗျာကို စပ်ခဲ့ခြင်းဖြစ်လေသလား။ အမှန် စင်စစ် ပြောရလျှင် ထိုစဉ်အခါက ငွေတာရီမှာ မြန်မာစာပေပန်းဥယျာဉ်ထဲတွင် ရှန်သန်ကြီးထွားဆဲ အသက်(၃၃) နှစ်အရွယ်၁၉၅၈ ခုနှစ်မတ်လ ၁၉ ရက်နေ့တွင် အကြွေစောခဲ့ရလေသည်။
စာဆို ငွေတာရီသည် ပန်းကလေးငွေတာရီကို “အကြွေစောသူငဲ့” ဟုတသဖွဲ့ဆိုခြင်းဖြစ်လေသလား။ ငွေတာ ရီက ငွေတာရီကို အကြွေစောသူငဲ့ဟု တသခဲ့သလား။ ကဗျာဆုံးသွားသောလည်း ကျွှန်ုပ်၏အတွေးများမှာ မဆုံနိုင်အောင် ချာချာလည်နေလေသည်။
               ယင်းကဗျာကိုလေးကို ရေးဖွဲ့ခဲ့သော ငွေတာရီ၏အမည်အရင်းမှာ ဒေါ်ခင်ရီဖြစ်သည်။ ၁၉၂၅ခုနှစ် ဖောဖေါ်ဝါရီလ (၁၆)ရက်နေ့၌ ရန်ကုန်မြို့တွင် ဖွားမြင်ခဲ့သည်။ မိဘများမှာ ဗြိတိသျှ ဘားမားဦးညွန့်၊ ဒေါ်ချစ်တင်တို့ဖြစ်သည်။ ငွေတာရီအသက် ၁၈နှစ်အရွယ်တွင် မိခင်ကွယ်လွန်၍ အသက် (၃၂) အရွယ်တွင်ဖခင်ကွယ်လွန်ခဲ့သည်။
ငွေတာရီသည် ရန်ကုန်မြို့မြို့မမိန်းကလေးအ ထက်တန်းကျောင်း(ယခုဒဂုံအ ထ က- ၃)၌ ပညာသင်ယူသည်။ ၁၉၃၉ခုနှစ်အသက် (၁၄) နှစ်အ ရွယ်(၉) တန်းအရောက်တွင် ကျန်းမာရေးမကောင်းသဖြင့် ကျောင်းထွက်လိုက်ရသည်။ ဂျပန်ခေတ် နှင့်စစ်ပြီးခေတ်တွင် ရှေးဟောင်းမြန်မာစာပေကို ဗိုလ်မူးဘသောင်း (မောင်သုတ)ထံမှ သင်ယူ သည်။ ထို့နောက် အင်္ဂလိပ်စာကို ဆရာမကြီးမစ္စက်မန်ရိုးထံမှသင်ယူသည်။
              ငွေတာရီသည် ၁၉၅၂ ခုနှစ်အသက်၂၇ နှစ်အရွယ်တွင် ဦးဝင်းမောင်(မင်းယုဝေ)နှင့် အိမ်ထောင်ပြုခဲ့သည်။ မင်းယုဝေနှင့်အိမ်ထောင်ပြုသည်ကို အကြောင်းပြု၍ ငွေတာရီက “လှည်း ယဉ်ကလေးစီးကာလည်” ကဗျာနှင့် “တောသူရွာဝင်”ကဗျာတို့ကို ဖွဲ့ဆိုခဲ့သည်။
                ငွေတာရီသည်မြန်မာနိုင်ငံအရပ်ရပ်သို့သာမက နိုင်ငံခြားတိုင်းပြည်များသို့ပါ ခရီးလှည့် လည်သွားခဲ့သည်။ ၁၉၄၈ခုနှစ်တွင် အိန္ဒိယနိုင်ငံသို့ သွားခဲ့၏။ ၁၉၅၆ ခုနှစ်တွင် ခင်ပွန်းသည်မင်း ယုဝေပညာဆည်းပူးရာ လန်ဒန်တက္ကသိုလ် အင်္ဂလန်ပြည်သို့လိုက်ပါ သွားခဲ့သည်။ ငွေတာရီသည် မင်းယုဝေနှင့်အတူ အင်္ဂလန်ပြည်အတွင်းလက်လှမ်းမီရာအရပ်များသို့ အချိန်ရလျှင် ရသလိုခရီး ဆန့်ခဲ့သည်။ ထို့ပြင် နယ်သာလန်၊ ဘယ်ဂျီယမ်၊ ပြင်သစ်၊ အီတလီ၊ ဆွစ်ဇာလန်စသည်နိုင်ငံများ သို့လည်း သွားရောက်လည်ပတ်ခဲ့သည်။
               မြန်မာပြည်သို့သဘောင်္ဖြင့်အပြန်တွင် အီဂျစ်၊ သီဟို၌ (သီရိလကာင်္)နိုင်ငံများသို့ ခေတ္တ ၀င်ရောက်လည်ပတ်ခဲ့သေးသည်။
              ထို့နောက် ၁၉၅၈ ခုနှစ်မတ်လ ၁၉ရက်နေ့တွင် ရုတ်တရက် အမျိုးသမီးရောဂါဖြစ်ပွား ကာ ကွယ်လွန်သွားခဲ့လေသည်။ ကွယ်လွန်ချိန်၌ အသက်(၃၃)နှစ်မျှသာ ရှိသေးသည်။ တဦးတည်း သောသမီးကလေးခင်နီဝင်း(ယခုကျိုင်းထုံတက္ကသိုလ်မြန်မာစာတွဲဖက်ပါမောက္ခ)ကျန်ရစ်ခဲ့သည်။
              ငွေတာရီသည် ကဗျာကို ငယ်စဉ်ကပင် ၀ါသနာထုံခဲ့သည်။ အသက် ၁၂ နှစ်အရွယ် ခုနှစ်တန်း မှစ၍ ကဗျာကို စတင်ဖွဲ့ဆိုသည်။ ၁၉၄၁ခုနှစ်တွင် ဆရာဇော်ဂျီနှင့်ဆရာမင်းသုဝဏ်တို့ ၏ ကဗျာများကို သေချာစွာ လေ့လာ၍ စနစ်တကျဖွဲ့ဆိုနိုင်ခဲ့သည်။ ကဗျာပုဒ်ရေ (၈၀၀) ကျော်ရေး ဖွဲ့နိုင်ခဲ့ပြီး ပုဒ်ရေ(၄၀၀) ကျော်ကို ပုံနှိပ်ထုတ်ဝေခဲ့သည်။
              ငွေတာရီသည် စာပေဗိမာန်ဆုကို နှစ်ကြိမ်ဆွတ်ခူးရရှိခဲ့သည်။ အီစွတ်ပုံပြင်ကိုလည်း မင်းယုဝေနှင့်တွဲဖက်၍ဘာသာပြန်ဆိုထုတ်ဝေရာ၊ ၁၉၅၄ခုနှစ်တွင် စာပေဗိမာန် ဘာသာပြန်ဆု ရရှိ ခဲ့သည်။ ငွေတာရီကွယ်လွန်ပြီးနောက် မင်းယုဝေရွေးချယ်ထုတ်ဝေခဲ့ရာ ၁၉၆၀ ပြည့်နှစ်အတွက် စာပေ ဗိမာန်(ကဗျာ) ဆုကို ရရှိခဲ့သည်။
              ငွေတာရီသည် သူ့စာများ၊ ကဗျာများကို စာနယ်ဇင်းအမျိုးမျိုးတို့၌ ရေးသားဖေါ်ပြခဲ့ သည်။ ငွေတာရီရေးသားထုတ်လုံးချင်းစာအုပ်များမှာ (၁) “မင်ဆေးရည်ပဲမှုန်သလား နှင့် ကဗျာရှင် ၀တ္ထုတိုများ” (၁၉၄၄)၊ (၂) “မာလာမြိုင်ကဗျာများ” (၁၉၄၇)၊ (၃) “ရတနာကဗျာများ” (မင်းယုဝေ နှင့် တွဲ၍ ၁၉၅၄)၊ (၅) “ကဗျာ ၁၀၀” (၁၉၆၀) ၊ (၆) “ဆုနှင့် အခြားဝတ္ထုတိုများ” (၁၉၆၅) တို့ဖြစ် သည်။
              ငွေတာရီကဗျာပေါင်းချုပ်ကို ၁၉၆၈ခုနှစ်တွင်စုစည်း ထုတ်ဝေခဲ့သည်။ ခင်ပွန်းဖြစ်သူ မင်းယုဝေက ကွယ်လွန်သူ ငွေတာရီအထိမ်းအမှတ်အဖြစ် “ငွေတာရီ” မဂ္ဂဇင်းကိုတည်ထောင်၍ ၁၉၆၀ ပြည်နှစ်ဇူလိုင်လ (၁)ရက်နေ့မှ စတင်ထုတ်ဝေခဲ့သည်။ ၁၉၆၁ခုနှစ် အောက်တိုဘာလ ၃၁ ရက်နေ့ အထိပုဂ္ဂလိက ပိုင် အဖြစ် ထုတ်ဝေ၍ ၁၉၆၁ ခု နိုဝင်ဘာလမှ စ၍ မြ၀တီပုံနှိပ်တိုက်ပိုင် အဖြစ်သို့ပြောင်း ပေးခဲ့ရာ ယနေ့တိုင် လစဉ်ထုတ်ဝေနေဆဲဖြစ်သည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

Related posts

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:Uncategorized

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ

By

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ (မိုးမခစာအုပ်စင်) အောက်တိုဘာ ၁၈၊ ၂၀၁၈...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ (မိုးမခ) အောက်တိုဘာ ၁၂၊ ၂၀၁၈ မိုးမခစာပေက...

Read more »

မိုးမခမဂ္ဂဇင်း စက်တင်ဘာ ၂၀၁၈ နဲ့ ကာတွန်းရေစီးကြောင်း

By

  မိုးမခမဂ္ဂဇင်း စက်တင်ဘာ ၂၀၁၈ နဲ့ ကာတွန်းရေစီးကြောင်း ထွက်တော့မယ် (မိုးမခ) စက်တင်ဘာ...

Read more »

ဒေါ်ခင်မျိုးချစ်၏ သတင်းစာလောက ထွက်ပါပြီ

By

ဒေါ်ခင်မျိုးချစ်၏ သတင်းစာလောက ထွက်ပါပြီ (မိုးမခ) သြဂုတ် ၂၄၊ ၂၀၁၈ စာရေးဆရာမကြီး ဒေါ်ခင်မျိုးချစ်...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments