Hay Man Thazin – Thought still Away from Home

May 22, 2013

အိမ်ပြန်မရောက်သေးတဲ့ အတွေးများ
ဟေမန်သဇင်
စက်တင်ဘာ ၁၃၊ ၂၀၀၈ (ပြန်လည်ဆန်းသစ်ခြင်း)

စိတ်ဆိုတာ အဆန်းသား။ တွေးမိတွေးရာ တောင်စဉ်ရေမရ တွေးမိတတ်ရဲ့။ တခါတလေ စိတ်နဲ့ကိုယ်နဲ့ တယ်မကပ်ဘဲ တွေးမိတွေးရာ တွေးတတ်လွန်းလို့ “တွေးစမ်းဟယ်”လို့ စိတ်ပေါက်ပေါက်နဲ့ တွေးခိုင်းလိုက်မိပေါ့။

အဲဒီအခါကျတော့လည်း ဘာတွေးရမှန်းမသိ ဖြစ်ရပြန်ရော။ ဒါနဲ့ပဲ ငေးမိငေးရာ ငေးကြည့်မိတော့ အိမ်ပြတင်းပေါက်ကတဆင့် ပစိဖိတ်သမုဒ္ဒရာကြီးကို ငေးမိပြန်ရော။ သမုဒ္ဒရာကြီးထဲ နေလုံးကြီး ဆင်းဝင်သွားတဲ့ ဆည်းဆာကို ကြည့်ရင်း အဖွားကို သတိရလိုက်မိပြန်တယ်။ တချိန်တုန်းက အဖွားဟာလည်း နေ၀င်ဖျိုးဖျ ဆည်းဆာချိန်တိုင်းမှာ သူ့အချစ်ဆုံးမြေးမကြီးကို မျှော်ခဲ့ရဖူးတာကိုး။

ကျမတို့ငယ်ငယ်တုန်းက အမေက အလုပ်လုပ်တယ်။ ရုံးမသွားခင် ချက်ပြုတ်ထားပေးခဲ့တဲ့အပြင် ကျမတို့ဝတ်မယ့် အ၀တ်အစားတွေကအစ ပြင်ဆင်ပေးခဲ့တယ်။ အမေရုံးသွားပြီဆို ကျမတို့ညီအစ်မနဲ့ အဖွားပဲ ကျန်ခဲ့တာ။ အဖွားက ကျမတို့ညီအစ်မကို သိပ်ချစ်တယ်။ အထူးသဖြင့် ကျမအစ်မကိုပေါ့။ အစ်မက အဖွားရဲ့အသည်းကျော်။ ကျမတို့နှစ်ယောက်ကလည်း တနှစ်ကြီးတနှစ်ငယ်ဆိုတော့ တယောက်နဲ့တယောက် သိပ်အလျှော့မပေးတတ်ဘူး။ ကစားစရာဆိုလည်း လုကြတာပဲ။ အစားအသောက်ဆိုလည်း သူ့ဆီမှာများနေပြီး ကိုယ့်ဆီမှာ နည်းနေသလို ထင်တတ်ကြတယ်။ ပစ္စည်းတွေဆိုလည်း သူ့လက်ထဲကဟာကိုမှ ကြိုက်တယ် ဖြစ်ကြ ပြန်ရော။

ဒီတော့ တနေကုန်နေရတဲ့အဖွားခမျာ ဒီမြေးနှစ်ယောက်နဲ့ ဘယ်လောက်များ ဗျာ များနေလေ မလဲ။ မြေးနှစ်ယောက် စိတ်လက်ကြည်သာရှိတဲ့နေ့ဆို အဖွားက အ၀တ်စ ကလေးတွေကနေပြီး ရုပ်သေးရုပ်တွေ လုပ်ပေးတတ်တယ်။ အရုပ်ကလေးကို ၀ါးခြမ်းပြားနဲ့ ကြိုးသွယ်ပြီး လက်လှုပ် ခြေလှုပ် ကပြခိုင်းတတ်တယ်။ တခါတလေ အပေါင်းအသင်းတွေနဲ့ ကျမတို့တွေ ကစားမက်နေရင် အဖွားဟာ ထမင်းစားဖို့ တကြော်ကြော် ခေါ်ရသေးတယ်။ ကျမတို့ ညီအမတွေ ဂျီကျတာများရင် အဖွားဟာ စိတ်ရှုပ်စိတ်တိုပြီး အိမ်ပေါ်ကဆင်းယောင်ပြုတော့ ကျမတို့ညီအစ်မတွေ အဖွားကို ငိုပြီး လိုက်ဆွဲရတာ မှတ်မိသေးတယ်။

ကျမတို့ ဂျီကျလွန်းလို့ဆိုပြီး အိမ်ပေါ်ကဆင်းမယ်ဆိုတဲ့အဖွားဟာ ကျမတို့နဲ့တသက်လုံး နေသွားရှာတာပါ။ ကျမတို့တတွေ အရွယ်ရောက်ပြီး ပညာစုံလို့ ကိုယ်မှန်တယ်ထင်ရာ ရပ်တည်တဲ့အခါတိုင်းမှာ အဖွားဟာလည်း ကျမတို့နဲ့အတူ အမှန်တရားဘက်က နေပြီး ရင်နာနာနဲ့ ရပ်ခဲ့ပါသေးတယ်။

လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်တုန်းကပေါ့။ အခုလိုပါပဲ။ ညနက်သန်းခေါင်ဆို လူတွေဟာ အိပ်ရဲရဲ စားရဲရဲ မရှိခဲ့ပါဘူး။ တညမှာပေါ့။ ထုံးစံအတိုင်း ညသန်းခေါင်ကျော် တနာရီနီးပါးလောက်မှာ ခြံတခါးကို တ၀ုန်းဝုန်း တဒုန်းဒုန်း ထုသံကြားရတယ်။ ကျမ ခြံတံခါးဖွင့်တော့ ခြံထိပ်မှာ သေနတ်ကိုင်တချို့ ၀ိုင်းလို့။ ခြံထဲကိုတော့ ရဲအရာရှိတွေရယ် အရပ်ဝတ်လူကြီးတွေရယ် ၀င်လာတယ်။ ကိစ္စက ဧည့်စာရင်းစစ်မလို့ တဲ့။ အဆင်သင့်ရှိနေတဲ့ သန်းခေါင်စာရင်းကို ပေးလိုက်တော့ အဖေ့နာမည်ကစပြီး ခေါ်တယ်။ အဖေနဲ့အမေ ခရီးသွားနေတယ်ဆိုတော့ ခရီးသွားကြောင်း ထောက်ခံစာတောင်းတယ်။

ပြီးတော့ ကျမအစ်မရဲ့နာမည်လည်း ရောက်ရော ခဏလောက် တွေ့ပါရစေ တဲ့။ ဘာကိစ္စလဲ ဆိုတော့ မေးစရာရှိလို့ တဲ့။ ဒီမှာ မေးမှာလား ဆိုတော့ မဟုတ်ဘူး တဲ့။ ဒါဆို ဖမ်းဝရမ်းပါလား ဆိုတော့ ဖမ်းတာမဟုတ်ဘူး တဲ့၊ လူကြီးမင်း နာမည်နဲ့ရာထူး၊ ဌာနကို ပြောပါ ဆိုတော့ ပါလာတဲ့ ရဲအရာရှိပေါက်စနာမည်ကိုပဲ ပြောတယ်။ ဘာ အထောက်အထားမှ မရှိဘဲ ခေါ် ယူခွင့် ရှိသလား ဆိုတော့ ရဲအရာရှိကို သက်သေထားပြီး ခေါ်တာ တဲ့။

ကျမနဲ့ သူတို့တတွေ အချီအချ ပြောနေတုန်းမှာပဲ အဖွားရဲ့အခန်းဆီက မီးတပွင့် လင်းလာတယ်။ အဖွားမသိပါစေနဲ့ လို့ ဆုတောင်းမိပေမယ့် တလှုပ်လှုပ်နဲ့ အဖွားထွက်လာတာကို တွေ့လိုက်ရတယ်။ ဧည့်ခန်းမှာ မီးထိန်ထိန်လင်းပြီး လူအုပ်ကြီးကိုမြင်တော့ အဖွားမျက်နှာမှာ စိုးရိမ်တဲ့အရိပ်အယောင် တွေ့လိုက်ရတယ်။ အဖွားခြေလှမ်းတွေ ခပ်သွက်သွက်နဲ့ ဧည့်ခန်းဆီ လှမ်းလာတာ မြင်လိုက်ရတယ်။ ကျမ အဖွားကို မကြည့်ရက်ပါဘူး။
အစ်မကို အသိပေးဖို့ အပေါ်ထပ်ကို လှမ်းတက်နေပေမယ့် အဖွားအတွက် စိုးရိမ်နေ မိတယ်။ အစ်မကတော့ မျှော်လင့်ထားသလို သွေးအေးအေးပါပဲ။ သူ့လက်ဝတ်လက်စားတွေဖြုတ်ပြီး ကျမဆီကို လှမ်းပေးလိုက်တယ်။ ကျောပိုးအိတ်ထဲမှာ အင်္ကျီအပိုတစုံစာနဲ့ အနွေးထည်ထည့်ပြီး အောက်ထပ်ဆင်းလိုက်လာတယ်။ ကျန်းမာရေးကို ဂရုစိုက်ဖို့ပဲ ကျမ မှာလိုက်နိုင်ပါတယ်။

အောက်ထပ်မှာတော့ အဖွားရဲ့မေးမြန်းသံတွေ ကြားနေရပါပြီ။ ကျမမြေးကို ဘာလို့ခေါ်သွားကြမှာလဲ တဲ့။ ဘာအပြစ်ရှိလို့လဲ တဲ့။ ဘယ်ကိုခေါ်သွားမှာလဲ တဲ့။ အသက် ၈၀ နီးပါး အဖွားအိုတယောက်ရဲ့ ရင်ကွဲသံကို ဘယ်လိုနှလုံးသား၊ ဘယ်လိုနားမျိုးတွေနဲ့ ကြားနိုင်ကြပါသလဲ။ ဘယ်ကိုမှန်းမသိ၊ ဘယ်လောက်ကြာမယ်မှန်း မသိ၊ ဘာအတွက်မှန်းမသိ၊ ဘယ်သူမှန်း မသိသူတွေ ရဲ့ လက်ထဲကို ကိုယ်ချစ်ခင်ရတဲ့ သွေးချင်းတွေ ထိုးအပ်လိုက်ရတဲ့ မိသားစုတွေရဲ့ ဘ၀ဟာ အရိုင်း တကာ့အရိုင်းခေတ်က လူသားတယောက်ထက်တောင် ဆိုးရွားနေလေသေးရဲ့။ ဒါဟာ သာမန်အဖြစ်အပျက်ပဲလား။ ဥပဒေပညာရှင်ဖြစ်တဲ့ ကျမ အစ်မကိုကော အကာအကွယ်ပေးမယ့် ဥပဒေ ဆိုတာ ဘယ်မှာလဲ။ အဲဒီညက အဖွားနဲ့ကျမ စကားသံတွေ တိတ်ဆိတ်ပြီး အိပ်ချင်ယောင်ဆောင်ခဲ့ရတဲ့ ညပေါ့။

အနောက်ဘက်အရပ်ကို နေလုံးကြီး မေးတင်လို့ နေညိုချိန်ရောက်ပြီဆိုရင် အဖွားဟာ ခြံထိပ်ကလေးကို လှုပ်လီလှုပ်လဲ့လေး ထွက်လာတတ်တယ်။ ခြံတခါးပိတ်ယောင်ပြုရင်း ဟိုး အဝေး ဆီ ခဏရပ်ပြီး ငေးမောနေတတ်ရဲ့။ သူ့မြေးမကြီး ဘယ်အရပ်ကများ ဘွားခနဲ ပေါ်လာလေမလဲလို့ စောင့်မျှော်ရင်း အတော်ကြာမှ အိမ်ဘက်ဆီ လေးတွဲ့တွဲ့ ခြေလှမ်းတွေနဲ့ ပြန်လာတတ်ပါတယ်။

အခုတော့လည်း အဖွားဟာ ကျမတို့ကို ထားခဲ့ပြီး ငြိမ်းချမ်းရာအရပ်ဆီ ထွက်သွားခဲ့ပါပြီ။ နေညိုညိုညနေခင်းမှာ ကိုယ်ချစ်ရတဲ့ ကိုယ့်သွေးချင်းသားချင်းတွေရဲ့ ပြန်အလာကို မရေမရာနဲ့ မျှော်လင့်နေရတဲ့ အဖွားတွေ၊ အဖေတွေ၊ အမေတွေ၊ မောင်ညီမတွေရဲ့ ဘ၀တွေ ဘယ်လောက် တောင် များနေပြီး ဘယ်တော့မှပဲ အဆုံးသတ်နိုင်ပါတော့မလဲ။ တွေးမိတွေးရာတွေထဲမှာ ဒီအတွေးဟာ ကျမအတွက် ခါးသည်း နာကျင်စေတဲ့ အတွေးပါပဲ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

Related posts

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:Hay Man Thazin, သောင်းပြောင်းထွေလာ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

ဒေါက်တာခင်မောင်ဝင်း(သချာင်္)၏ Fuzzy Logic & Set Theory ဆောင်းပါးများ ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္)၏ Fuzzy Logic & Set Theory ဆောင်းပါးများ ထွက်ပြီ မိုးမခစာအုပ်စင်၊...

Read more »

ဂျူနီယာဝင်း ဘာသာပြန်တဲ့ ၂၁ရာစု ဂျာနယ်လစ်ဇင် ထွက်ပြီ

By

ဂျူနီယာဝင်း ဘာသာပြန်တဲ့ ၂၁ရာစု ဂျာနယ်လစ်ဇင် ထွက်ပြီ (မိုးမခစာအုပ်စင်) ဇန်န၀ါရီ ၃၁၊ ၂၀၁၉...

Read more »

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ်

By

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ် (မိုးမခစာအုပ်စင်) ဒီဇင်ဘာ ၂၆၊ ၂၀၁၈...

Read more »

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ

By

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ မိုးမခစာအုပ်စင်၊ ဒီဇင်ဘာ ၈၊...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

Tags

(all tags)