>Translated by May Ka on "Twilight over Burma by Inge Sargent " #5

April 6, 2011

>

မြူတိမ်ဝေဝေ …  တောင်ခိုးဝေးဝေး – ၅
မေခ
ဧပြီ  ၆၊ ၂၀၁၁
မိုးမခ၏ အထူးကဏ္ဍ၊ ဘာသာပြန် အခန်းဆက် တင်ဆက်မှု
(Twilight over Burma by Inge Sargent ကို ဆီလျော်အောင် ဘာသာပြန်တာဖြစ်တယ်)
သည်အတွက် စိတ်ညစ်စရာ စိတ်ရှုပ်စရာတွေအများကြီးကြုံတွေ့ခဲ့ရသည်။ သူသည် မိသားစုဘ၀ကို သူမပါဝင်နိုင်ရန် အစီအစဉ်များရေးဆွဲခဲ့ရသည်။  သို့သော် ဒါတွေက ပြီးသွားခဲ့လေသည်။ စ၀်က ဒါတွေအတွက် စိုးရိမ်နေစရာ မလိုတော့ကြောင်းသိခဲ့လေသည်။ သူဇနီးက ပထမဆုံးနေ့ကပင် ပြသလိုက်ခဲ့ပြီဖြစ်သည်။ သူမအတွက် ဘာအကူအညီမှ မလိုချေ။
ညစာစားပြီးသောအခါ ထိုည ပင်သူတို့သည် တမိုး အောက်တွင်  အစီအစဉ်များရေးဆွဲကြသည်။ သူက သုစန္ဒာကို သူတို့ကိုယ်ပိုင်လွတ်လပ်စွာနေထိုင်ကြမည့် ဒုတိယထပ်ကို အသေးစိတ်လိုက်လံပြသသည်။ သက်တောင့်သက်သာရှိသော နားနေခန်း ၊ဇိမ်ကျကျ ရေချိုးခန်း ၊ မြင်ကွင်းကျယ် ၀ရံတာ ၊ အိပ်ခန်း နှင့် ကျယ်ဝန်းသော အားကစားလုပ်ရန်နေရာ တို့ဖြစ်လေသည်။ ထိုအခန်းကို စိတ်ဝင်စားဖွယ်ပင် ကိုလိုနီအငွေ့အသက် ခေတ်မှီအမေရိကန် နှင့် မြန်မာ ဟန်တို့ ရောယှက်ထားလေသည်။ သူတို့ ကိုယ်ပိုင်အခန်းကိုတော့မူ သုစန္ဒာက သူ့ စိတ်ကူးလေးတွေပါရောစွက် ထပ်ဖြည့်ချင်လေသည်။
သူမအတွက် အခန်းကျယ်နှင့် မျက်နှာကျက် မြင့်မြင့်တို့ကို ဂျာမဏီမှာကပင် ကျင့်သားရနေလေသည်။ သို့သော် သည်အအရွယ်ပမာဏကိုတော့ သူတို့ တိုင်းတာနိုင်မည်မထင်ချေ။
သူတို့ အိပ်ရာက ပြင်ထားပြီးဖြစ်သည်။ ခြင်ထောင်စကို မွှေ့ယာအောက်မှာ ထိုးညှပ်ထည့်ထားသည်။ ငှက်ဖျားသည် သည်အရပ်တွင် အလွန်ကြောက်စရာကောင်းသော  သေနိုင်သည့် ရောဂါမျိုးလည်းဖြစ်သည်။ ခြင်ထောင်စကို အလှအတွက် ကြမ်းပေါ်တွဲလဲချထားသည်မှာမကောင်းလှချေ။ အခန်းပြတင်းပေါက် တံခါးများ ကို ခန်းစီးလိုက်ကာ တပ်ထားသည့်တိုင်အောင် ခြင်အတွက် မလုံခြုံနိုင်ပေ။ 


စ၀်က လက်ဖက်ရည်သောက်ဖို့ ၀ရံတာမှာပြင်ခိုင်းလိုက်သည်။ ခိုင်းသည့်ကောင်လေးကို သူတို့နောက်ဘက်မှာ ဖယောင်းတိုင်ထွန်းခိုင်းသည်။  သူမျှော်လင့်ထားသော ပျော်စရာညနေခင်းတွေထဲက ပထမဆုံးသော ပျော်စရာ ညနေခင်းလေးတခုပင်ဖြစ်တော့သည်။ သုစန္ဒာ့လက်မောင်းကို သူကိုင်လိုက်သည်။ သူမဆံစလေးတွေနှင့် သူမနားနောက်က ညံ့သက် မွှေးသင်းသော ရေမွှေးနံ့လေးကို မွှေးလေသည်။ သူတို့နှစ်ယောက်သား ဒီနေ့အဖြစ်အပျက်တွေ နောင်ရှေ့ရေးတွေ တွေးပူရတာတွေ ပြောကြလေသည်။ ပြီးတော့ သူတို့ နှစ်ယောက်၏ ကိုယ်ပိုင် အိပ်ရာပေါ်တွင် ပထမဆုံး ချစ်ခန်းဖွင့်ကြလေသည်။
ဖယောင်းတိုင်မီးရောင်လေးက နောက်ဆုံးမတော့ သူတို့ကို စိတ်ကြည်နူးစေသည်။ တောင်ပေါ် လက်ဖက်ခြံတွေမှ လေနှင့် အတူ လွင့်ပါလာသော လက်ဖက်နံ့ကသင်း မွှေးနေသည်။ သူက သူ့ သတို့သမီးကို ဆိုဖာပေါ်ဆွဲထူသည်။  သူ့ရင်ထဲ ကွေးကွေးလေး အိပ်နေသော သူမ ကို မွှေးသည်။ သည်လို အေးချမ်းတည်ငြိမ်လှပသော ညနေခင်းကို ဘယ်သူကမှ ဖျက်ဆီးချင်ကြမှာ မဟုတ်ချေ။ ငြိမ်ငြိမ်လေးစောင့်ငေးကြည့်နေလျှင် ရေပြင်ပေါ် ထိုးကျနေသော ငွေလမင်းအရောင်က ရောင်ပြန်ထလက်နေသည်။ ရှုလိုက်သောလေထဲတွင် မြစ်ကမ်းဘက်မှ လာသော မြေသင်းနံ့ကို ရလေသည်။
စ၀် သူ့မျက်မှန်ကို ချွတ်ပြီး မျက်လုံးပိတ်လိုက်သည်။ မဖြစ်နိုင်ဖူးထင်သော မထင်မှတ်သော  စိတ်ခံစားမှု လေးလေးနက်နက်များ ရင်ထဲပြည့်နက်နေကြောင်းစ၀် ကျယ်ကျယ်ပြန့်ပြန့် သိလာခဲ့လေသည်။
“ မောင်သိပ်ပျော်တာပဲ အချစ်ရယ် မောင်ဟာလေ အခုချိန် ကမ္ဘာပေါ်မှာ အပျော်ဆုံးလူဖြစ်မယ်ထင်တယ်  အချစ်သိလား မောင်ဟာလေ အိမ်ပြန်လာနိုင်ခဲ့ပြီး လုပ်ချင်တာ ဖြစ်ချင်တာတွေအားလုံး ပြီးပြည့်စုံအောင် လုပ်နိုင်ခဲ့တယ် ပိုတောင်ပိုနေသေးတယ်  ဟုတ်တယ် မောင် လုပ်နိုင်ခဲ့တယ်”
သို့သော် ထူးဆန်းစွာပင် သူမထံမှ ဘာမှ တုန့်ပြန်သံ မကြားရ။ သူကြည့်လိုက်သည်။ သူမသည် နှစ်နှစ်ခြိုက်ခြိုက်ပင် အိပ်မောကျနေရှာလေသည်။
            တနေ့လယ်လုံးထက်ပင် ပို၍ သူမ၏ ပါးလေးက နုဖတ် ရဲ နေသည်။ ရှည်လျား နက်မှောင် ရွှေညိုရောင် သန်းသော ဆံစတွေက ပါးစပ်ပေါ်ဖုံးနေသည်။ ရင်တခုန်ခုန်ဖြစ်ရသော တနေ့လုံးတွင် အလွန်များပြားလှသောဧည့်ခံပွဲများ အလွန်များပြားလှသော လူများ ဖြင့်ပြည့်လျံနေတော့သည်။ သူမက လူတွေကို ဖမ်းစား လိုက်နိုင်လေသည်။ သည်ကိစ္စက စ၀်ကို
ပြဿနာ မဖြစ်စေပါ။ နမ့်ပန်းမှာ ဘယ်လောက်ပဲကြာကြာ သူ့ဘေးမှာ သူမရှိနေလျှင် ပြီးလေသည်။
          ၁၉၅၂ က အေးမြသော ဖေဖော်ဝါရီ တနေ့ တွင်ဒန်ဗားရှိ မာရီအို စားသောက်ဆိုင် ကို သတိရလိုက်သည်။
သူ၏ ဂျာမန်သူ မိန်းကလေးသူငယ်ချင်း၏ညစာစား မွေးနေ့ပွဲတွင် သူ့စိတ်တွေ လွန်စွာ လှုပ်ခတ် တုန်ခါနေတော့သည်။သူမကို မျက်ကြည့်မလွှဲ ငေးစိုက်နေမိခဲ့သည်။ ထိုနေ့မှ စလို့ သူနှင့် သူမသည် နိုင်ငံခြားသား ကျောင်းသား ပါတီပွဲတွင် ထပ်ဆုံမိကြပြန်လေရာ စွဲဆောင်မှုရှိသော ထူးခြား လှပလွန်းသော  သူမပုံရိပ်သည် သူ့နှလုံးထဲတွင် စွဲနစ်တွယ်ရစ်လေသည်။
          သူမ၏ နွေးထွေးမှု ဖော်ရွေ ပျော်ရွှင်စွာပြောဆိုတတ်မှု သူမ ကိုယ်နေ ဣနြေ္ဒလေးတွေကြောင့် သူနှင့် သူမတို့ အချိန်အတော်ကြာအောင် အဖော်အဖြစ်တွဲခဲ့ကြလေသည်။ လေးလခန့်ကြာပြီးနောက် သူ့စိတ်ထဲတွင် မာရီယာမရှိလျှင် မနေတတ်ဖြစ်လာလေသည်။ သူ့အတွက် အခြေနေကောင်းတခုရရှိလာလျှင် မာရီယာ့ကို လက်ထပ်ခွင့်တောင်းဖို့ သူအကြီးအကျယ်စီစဉ် ကြံထားလေသည်။
သူက သင့်လျှော်တဲ့ နောက်ခံ တေးသံရယ် စကားပြောဖို့ အစရှာရတာရယ်  လုပ်နေရသည်။သူကံကောင်းနိုင်ပါ့မလား စ၀်ဘာမှ မစားနိုင်တော့ပါ စားပွဲထိုးပြောသောစကားကို သူဘာသာမပြန်တတ်တော့ သူ့ စိတ်တွေ လှုပ်ရှား တုန်ရင်နေတော့သည်။မာရီယာကိုသူ တကယ် ချစ်သည်။ သူ့ဘက်ကသေချာနေသော်လည်း မာရီယာကတော့ သူမ၏ အနာဂတ်တွင် သူပါဝင်ပါ့မလား။သူမက သူမ၏မိသားစုကိုစွန့်ခွာပြီး သူမနိုင်ငံမှ ထွက်ခွာပြီး သူ့နောက်ကို လိုက်လာနိုင်ပါ့မလား သူသိပ်မသေချာ။တကယ်လို့သူမကသူ့ကိုလက်ခံလိုက်သည့်တိုင်အောင် သူမသည် သူမ၏ အသိုင်းအ၀န်းအတားအဆီးများကို ကျော်လွှားဖို့ မလွယ်ကူလှချေ။ ဒါကို သူစိုးရိမ်မိလေသည်။
သူတို့ချစ်နေကြလေပြီ။ သူတို့ ကချစ်သူငယ်ချင်းများဖြစ်ကြသည်။ သူတို့ နှစ်ယောက် အတူရှိနေလျှင် အရာရာသည် ပျော်ရွှင်ဖွယ်အတည့်ဖြစ်လေသည်။ စနေနေ့များဆိုလျှင် သူတို့နှစ်ယောက် တောင်တွေပေါ်ပစ်ကနစ်ခရီးထွက်သည်။ ဆုံးစမရှိသော အနောက်ဘက်က စိမ်းစိုမြမြ မြက်ခင်းပြင်ကြီးကိုငေးသည်။ သူတို့ရင်ထဲက စကားတွေ ချစ်စရာအတွေးတွေ  ခံစားချက်တွေကို ပြောကြသည်။  ရာသီဥတု ဆိုးဝါးသောနေ့တွေဆိုလျှင်သူတို့သည် ဒန်ဗားရှိ ပြတိုက်များ ပြဇာတ်ရုံများတွင် ယဉ်ကျေးမှုအသစ်၏ အတွေ့အကြုံ ကို နှစ်ယောက်သား စိတ်အားထက်သန်စွာ ရှာဖွေလေ့လာကြလေသည်။
ထိုသို့သူတို့နှစ်ယောက်လျှောက်သွားနေကြရာ လူတွေက အဖြူမချောချောလေးလက်ကို ကိုင်ထားတဲ့ အသားဝါကောင် ဟုပြောကြလေသည်။ သူတို့နှစ်ယောက်သည် နာရီပေါင်း ရက်ပေါင်းများစွာ အတူနေကြပြီး ပျော်ရွှင်စွာကုန်လွန်ခဲ့ကြလေသည်။ လက်ထပ်ဖို့ကိစ္စကို မတွေးခဲ့ကြချေ။
အချိုပွဲတွေရောက်မလာခင်မှာပင် သူသည် စောင့်ဆိုင်း မနေတော့ပဲ သူ့အိတ်ထဲက ကတ္တီပါလက်စွပ်ဗူးလေးကို ထုတ်လိုက်သည်။
သူသည် လင်းလက်တောက်ပနေသော လက်စွပ်လေးကို ဗူးထဲမှ ထုတ်လိုက်ပြီး သူမရှေ့အဖြူရောင် စားပွဲခင်းပေါ်တင်ထားလိုက်သည်။စိန်တုံးလေးတွေ၏အလယ်တွင် ခိုသွေးရဲရဲရောင် ပတ္တမြား လက်စွပ် လင်းလက်ကို သူမ အသက်မရှုနိုင်ပဲ ငေးတွေကြည့်နေခဲ့သည်။ သူမ၏ နုညက်နှင်းဆီသွေးပါးပြင်ပေါ်မှာ ပတ္တမြားရောင်သွေးများဖြာနေတော့၏။
“ မာရီယာ ကိုယ်လေ ဒီလက်စွပ်လေးနဲ့ အတူ လက်ထပ်ခွင့်တောင်းပါရစေ”
 စ၀်က တုန်ရီလှိုက်မော ရင်ခုန်စွာဖြင့် သူမလက်ချောင်းလေးကိုကိုင်လိုက်သောအခါ သူတို့လက်တွေမှာ အေးစက် စေးထန်း စွတ်စိုနေတော့သည်။
‘ကျေးဇူးပြုပြီး လက်စွပ်လေးကို လက်ခံပေးပါ။ ၀တ်ထားပေးပါ ။ ကိုယ့်အပေါ် အဆင်သင့် ဖြစ်ပြီဆိုရင် အဖြေပေးပါနော’်သူဆက်ပြောသည်။ ‘ ပတ္တမြားဆိုတာ မာရီယာအတွက် ကိုယ့်ရဲ့ အချစ်သင်္ကေတ လေ ‘
သူမထံ တုန့်ပြန်လာနိုင်သော အရာများကို သူက ကြိုတင် တွေးထားခဲ့ပြီး ကြိုတင် ပြင်ဆင်ထားခဲ့သော်လည်း သူ မထင်တာတွေဖြစ်လာခဲ့လေသည်။ သူမ၏ မျက်ဝန်းအစုံမှ မရေတွက်နိုင်သော မျက်ရည်များသူမပါးပြင်နုပေါ်သို့ သွင်သွင် စီးနေတာတွေ့ လိုက်ရလေသည်။စိတ်ရှုပ်ထွေး ပြီး အကူညီမဲ့နေသောအချိန်တွင် သူသည် သူ့အိတ်ထဲက လက်ကိုင်ပုဝါကိုထုတ်ပြီး သူမကိုပေးလိုက်တာကလွဲလို့ ဘာလုပ်ရမှန်းမသိချေ။ 
သူမကိုယ်သူ ပြန်လည် ထိန်းသိမ်းနိုင်သောအခါ
‘ ရှင့်ကိုကျမ တနေ့ကျရင် အဖြေပေးရမှာမို့  အများကြီးကြိုတွေးထားခဲ့ဖူးပါတယ် ။ ဟုတ်တယ် ကျမ ရှင့်ကိုလက်ထပ်ချင်တယ် ။ ဒါပေမဲ့ ကျမလည်း တွေးကြောက်နေမိတယ် ‘
‘ ဘာကိုတွေးကြောက်နေတာလဲ ကိုယ့်အချစ်ရယ် ‘
သူမေးရင်း တုန်ရင်နေသော သူမလက်ကို ကိုင်လိုက်သည်။
‘ ကျမတို့နှစ်ယောက်က သဘောတူတယ်ထားပါတော့ ရှင်နဲ့ သင့်တော်ပါမလား ရှင့် လူတွေက လက်ခံကြပါ့မလား ကျမ မသိဖူးလေ။ ‘
မျက်ရည်များ သူမမျက်ဝန်းတွင် ပြည့်လျံလာသည်။
‘ ကိုယ်လည်း ဒီကိစ္စကို ညတွေ အများကြီးတွေးခဲ့ဖူးပါတယ် ။  ကိုယ့်တိုင်းပြည်ကလူတွေက မာရီယာ့ကို လက်ခံကြမှာပါ ချစ်ကြမှာပါ။ မာရီယာနဲ့ အဆင်ပြေမှာပါ ကိုယ့်ကို ယုံစမ်းပါ ‘  
ပတ္တမြားလက်စွပ်လေးပေါ် သူမလက်ချောင်းဖြင့် ဖြည်းနုစွာ ပွတ်လိုက်ရင်းက အဖြေပေးလေသည်။
အချိုပွဲပေါ်တွင် သူတို့နှစ်ယောက်သားဘာတွေပြောမိကြမှန်းတောင် မမှတ်မိတော့။ နှစ်ယောက်သား ပျော်ရွှင်မှု ယုံကြည်မှုစကားတွေ လုပြောနေကြ လေသည်။ သို့သော် သူသည် သူမ၏ အလန့်တကြားအော်လိုက်သောကြောင့် သတိပြန်ရလိုက်သည်။
“ စ၀်… ကျမ ညမထွက်ရဘူး လေ” 
သူတို့သည်  မိန်းကလေးဆောင် ကင်းပတ်ဝင်းအတွင်းရောက်အောင် အမြန်ပြန်ပြေးကြသည်။ အဆောင်မှုး မစ္စစမစ် ဆီသို့ သူမကို ကိုးနာရီထိုးဖို့ နှစ်မိနစ်အလိုတွင် အရောက်ပို့နိုင်ခဲ့လေသည်။ ၉နာရီဆိုလျှင် အဆောင်တံခါးပိတ်ပြီ။ ညမထွက်ရချေ။ သူသည် မိန်းကလေးအဆောင်၏ အဆောင်စည်းကမ်းများကို အသားကျလာခဲ့သော်လည်း သူတို့ကိုတော့ သဘောမကျချေ။
သူမကို ဘယ်အချိန် ဘယ်နေရာမှာ လက်ထပ်ရမည်ကို မသိရသေးသည့်အတွက် ထိုည သူအဆောင်မှ ပြန်လာသောအခါ တယောက်တည်း ခံစားနေရလေသည်။ သူ့ရွှေရောင်အခန်းလေးရှိသော နရ် ရမ်ဘလာ သို့မောင်းပြန်ခဲ့သည်။
သူကျောင်းတက်နေသော နှစ်တွေမှာ သူဇိမ်ကျကျ နေထိုင်ခဲ့သည်။ဒန်ဗားရှိ စိမ်းလဲ့နေသော ဂျုံခင်းများ နှင့်တောင်ထိပ်ကဂျုံ ခင်းတွေဘေးရှိ နွားနို့ချက်ရုံကိုဖြတ်လာခဲ့သည်။ ကျယ်ပြော ပြီးတကယ်ပင်မွှေးပံျ့သည့်ဗနီလာ သစ်ခွပန်းနံ့သင်းသော နွားနို့  နံ့ ရသောနေရာတွင် သူကားရပ်ဖို့ ဆုံးဖြတ်လိုက်သည်။
သူသည်မာရီယာ့ကို လက်ထပ်ဖို့ ပြောဆို သောအခါ တွင်သူကအမှန်ကိုမပြောခဲ့သည့်အတွက် သူဟာသူ စိတ်မသက်မသာဖြစ်နေလေသည်။ သူသည် သူမကိုရော လူတိုင်းကိုပါ ကိုလိုရာဒိုတွင် မြန်မာနိုင်ငံ မိန်းတိုင်းမှ လာကျောင်းတက်နေသော ကျောင်းသားအဖြစ် ၊မိုင်း အင်ဂျင်နီယာဖြစ်လျှင် မိန်းတိုင်းပြန်မည့်သူအဖြစ် ထိသာ သိစေခဲ့သည်။
ကိုလိုရာဒို သတ္တုကျောင်းအုပ်ကြီး တယောက်တည်းကိုသာ သူသည် မိန်းတိုင်းနမ့်ပန်းမှ ခွန်မိန်းတဦးဖြစ်ကြောင်း ၊သူခွန်မိန်းတဦးဖြစ်သည်ကို အထူး လှိျု့ဝှက်ပေးထားဖို့ ပြောပြထားလေသည်။ ထို့ကြောင့် သူအလုပ်ဖြစ်ခဲ့သည်။ သူသည် သာမန်နိုင်ငံခြားသားကျောင်းသား တယောက်လိုနေနိုင်သည်။ သူတို့နှင့်အတူ ၀မ်းနည်းနိုင် ပျော်ရွှင်နိုင်လေသည်။
ယခုမူ  သူသည် မာရီယာ့ကို လိမ်ညာထားသလိုဖြစ်နေသည်။ သူမသည် သူ့ကို မမျှတစွာဖြင့် ယုံကြည်နေခဲ့ပြီး သူမ၏ အနာဂတ်ကို သူ့လက်ထဲ ထိုးထည့်ခိုင်းသလိုဖြစ်နေလေသည်။ အခုထိတိုင်အောင်ပင်သူသည် သူမကို သူ၏ အဖြစ်မှန်နောက်ခံကို သည်အချိန် သည်နေရာ တွင်ဖွင့်ပြောပြနိုင်ခြင်းမရှိ သေးချေ။ သူဖွင့်ဟ ၀န်ခံခြင်း မရှိသေးချိန်တွင် သူတို့နှစ်ယောက်၏ ရင်းနှီးမှုက ပိုလို့တိုးလာခဲ့သည်။ အချိန် အကွာအဝေး ယဉ်ကျေးမှုကွာဟမှုတို့ကိုလည်း အစမ်းသပ်ခံနိုင်လာခဲ့သည်။ ပိုလို့ပင် သူက သူမကိုလက်ထပ်ချင်စိတ်က ပိုမိုခိုင်မာလာသော အကြောင်းများဖြစ်လာခဲ့လေသည်။
သူတို့ စေ့စပ်သောနေ့တွင် စ၀်စိတ်ထဲတွင် အင်အားအသစ်များဖြစ်ပေါ်လာပြီး ထပ်ဆောင်း၍ သူ့ရည်ရွယ်ချက်နှင့် သူ့ကိုယ်သူပိုလို့ ယုံကြည်မှုများ ရလာစေလေသည်။ သူသည် နေ့စဉ် မာရသွန် ဖုန်းဆက်တာကို တနင်္ဂနွေနေ့သို့ ပြောင်းလိုက်သည်။
သူ့ကျောင်းကအဆင့်သည် သာမန်မှ မြင့်တက်လာပြီး  နမ့်ပန်းနယ်မှ စာအဆက်အသွယ်က အလျင်အမြန်ရောက်လာသည်။  သူ့ဘ၀၏ ပျော်စရာ အဖြစ်အပျက်အောင်မြင်မှုများ ဟုထင်ရလေသည်။
တနေ့တွင် ဂျာမန်တယောက်ထံမှ ကြားရသော သတင်းကြောင့် သူ မာရီယာ့ကို အံ့သြသွားရသည်။
‘ ရှင်ဘာလို့ဒီလိုလုပ်ရတာလဲ ‘ သူမက ထူးဆန်းစွာမေးသည်။ ပြီးတော့ သူတို့ က အင်္ဂလိပ်စကားဖြင့် လူတိုင်းကိုလျှောက် ပြောလေသည်။
‘ ကိုယ် ဒီနွေမှာ  စကားပြန်မပါပဲ ဂျာမဏီသွားပြီး မင်း မိဘတွေနဲ့ သွားတွေ့ပြီး ပြောချင်တယ် ၊ သတိရစမ်းပါ ကိုယ်က မင်းမိဘတွေကို သူတို့ သမီးနဲ့ ကိုယ့်ကို လက်ထပ်ခွင့်ပြုမှာလားလို့မေးချင်တယ် ‘
လပေါင်းများစွာ သူတို့တကွဲစီနေဖို့ မလိုတော့ချေ။  တက္ကသိုလ်ခြင်း ကျောင်းသားလဲလှယ်ပညာသင်ခြင်း အစီအစဉ်အရ မာရီယာသည် အမေရိကန်တက္ကသိုလ်တွင် သည်တနှစ်ပြီးလျှင် ဂျာမဏီတက္ကသိုလ်သို့ ပြန်ပြောင်းတက်ရမည် ။ သူဘွဲ့ရပြီးလျှင်  သူ့ နိုင်ငံခြားသူ သတို့သမီးကို နမ့်ပန်းသို့ ခေါ်ဆောင်လာဖို့ နွေကျောင်းပိတ်ရက်တွင် မြန်မာပြည်ပြန်ပြီး  သွားရောက်စီစဉ်လေသည်။  သူကိုလိုရာဒိုသို့ နောက်ဆုံးနှစ် တက်ဖို့ပြန်လာသောအခါ သူမကတော့ သူမ၏ မိသားစု  သူငယ်ချင်းများနှင့် သူမအိမ် ဂျာမဏီမှာ ရှိနေပေလိမ့်မည်။
သုစန္ဒာမနိုးအောင်သူ သတိထားပြီး အိပ်ရာမှထလိုက်သည်။ လက်ဖက်ရည် တငုံသောက်ရင်းက မနက်ဖန်စလုပ်ရမည့်အလုပ်အတွက် သူတွေးသည်။  သူသည် ပြည်ထောင်စုမြန်မာနိုင်ငံ မိန်းတိုင်းကောင်စီ နမ့်ပန်းပြည်နယ်  ဗဟိုဦးစီး အဖွဲ့ဝင်အဖြစ်   ဥပဒေပြုရေး တရားစီရင်ရေး  အုပ်ချုပ်ရေးနှင့် သက်ဆိုင်သော အလုပ်များကို စတင်လုပ်ဆောင်ဖို့ သူ့အနေဖြင့် အဆင်သင့်မဖြစ်သေးဟုထင်နေလေသည်။ သို့သော် လယ်ယာစိုက်ပျိုးရေးနှင့် စတင်ရမည့်မိန်းတိုင်း သတ္တု တူးဖော်ရေး တိုးတက်မှုအတွက် သူသေချာပေါက် အဆင်သင့်ဖြစ်နေလေသည်။ သူ့ ကံကြမ္မာကပြဌာန်းထားသည့်အတိုင်းသူသည် သူ့ပြည်နယ်အတွက် နိုင်ငံရေးနှင့် တိုးတက်မှုကို လုပ်ကိုလုပ်ရပေလိမ့်မည်။
          ဤအခြေအနေ တွေက သူ့အပေါ် ၀န်ထုပ် ၀န်ပိုးလိုခံစားနေခဲ့ရလေသည်။ သူအမေရိကန်တွင် လေးနှစ်နေထိုင်စဉ်က လေးလံခဲ့ရသော စိတ်သောကထက် ပို၍လေးလံစေလေသည်။ သူနမ့်ပန်းသို့ပြန်ရောက်လာပြီး သူ့အိမ်ရှိအခိုင်းစေများက သူ့အား ကန်တော့ကြ ဒူးထောက် ခစားကြသောအခါ သူစိတ်ပျက်ခဲ့ရလေသည်။ အမေရိကန်နိုင်ငံ ကိုလိုရာဒိုရှိ ငှားထားသောသူ့ရွှေရောင်အခန်းလေးတွင် လေးနှစ်ကြာနေခဲ့ရသောနှစ်တွေမှာ လွတ်လပ် ပျော်ရွှင်သော ကျောင်းသားအဖြစ်  နေခဲ့ရသည်။သူ့လူထုတွင် သူတို့ ဘ၀အကျိုးအတွက် သူတို့ကိုယ်တိုင်ပါဝင် ဆုံးဖြတ်ခွင့်နှင့် ကြားနာခွင့်ရှိသည်ဟု သူယူဆသည်။ ထို့ပြင် သူတို့အတွက် ဤသို့ အခွင့်အရေးများရဖို့သူပြဌာန်းပေးထားလေသည်။
သူသည် အိပ်မောကျနေသော သူ့မဟာဒေ၀ီဘက်လှည့်ကြည့်လိုက်မိသည်။ မြစ်ဘက်မှ လာသော လေပြေညှင်းလေးသည် ဖယောင်းတိုင်မီးကို ဖြတ်တိုက်လေရာ သူမနောက်ဘက်က နံရံပေါ်တွင် ဖယောင်းတိုင်ရိပ်က ဆန်းကြယ်စွာယိမ်းထိုး လှုပ်ကနေလေသည်။ မြောက်များလှစွာသော စစ်သားများ သူ့ဆီ ချီတက်လာနေ ကြကြောင်း စ၀်တွေးသိလိုက်ရလေသည်။ 
(ဆက်လက်ဖော်ပြပါမည်)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

Related posts

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:Uncategorized

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

Twitter: moemaka


%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ဒေါ်ခင်မျိုးချစ်၏ သတင်းစာလောက ထွက်ပါပြီ

By

ဒေါ်ခင်မျိုးချစ်၏ သတင်းစာလောက ထွက်ပါပြီ (မိုးမခ) သြဂုတ် ၂၄၊ ၂၀၁၈ စာရေးဆရာမကြီး ဒေါ်ခင်မျိုးချစ်...

Read more »

ဂီတအနုပညာရှင်ကြီး မာမာအေး စိန်ရတုမွေးနေ့ အမှတ်တရ မိုးမခစာအုပ်ထုတ်

By

ဂီတအနုပညာရှင်ကြီး မာမာအေး စိန်ရတုမွေးနေ့ အမှတ်တရ မိုးမခစာအုပ်ထုတ် (မိုးမခစာအုပ်စင်) သြဂုတ် ၁၇၊ ၂၀၁၈...

Read more »

မိုးမခ သြဂုတ်လ ၂၀၁၈၊ တွဲ ၅ မှတ် ၄ ထွက်ပြီ

By

မိုးမခ သြဂုတ်လ ၂၀၁၈၊ တွဲ ၅ မှတ် ၄ ထွက်ပြီ (မိုးမခ)...

Read more »

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ

By

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်