fbpx

>The Diary of PLHA – part 1

April 7, 2011

>

PLHA တစ်ဦးရဲ့ ဝါကျများ အပိုင်း ၁

ဧပြီ ၇၊ ၂၀၁၁
(PLHA – People living with HIV/ AIDS)
(အေအိုင်ဒီအက်စ် ဝေဒနာသည်တို့ရဲ့ ပင်ကိုယ်ရေး ခံစားချက်များ)
မိုးကုတ်က သူငယ်ချင်း
   ၁၉၈၉ ခုနှစ်လောက်ကပေါ့ “လေးလုံး” တဲ့၊ “AIDS” တဲ့၊ ကြားနေရတယ်။ ဘာရယ်လို့တော့ တိတိကျကျ မသိဘူး။ လူတယောက် ပိန်လာရင် ပြောကြတာများတယ်။ ဒီရောဂါအကြောင်း စိတ်လည်းမဝင်စားဘူး။ “ကုရာနတ္ထိဆေးမရှိ” ဆိုတာလဲ ခဏခဏ ကြားနေရတယ်။ ရေဒီယိုကပေါ့။
   ၁၉၉၂ နှစ်ကြတော့ ကျွန်တော် မိုးကုတ်ကို ကျောက်သွားတူးတယ်။ နယ်ပေါင်းစုံက လူတွေနဲ့ အလုပ်လုပ်ရ တယ်။ ပျော်စရာကောင်းတယ်။ ဗဟုသုတတွေလည်း ရတယ်ပေါ့။ ကျွန်တော်တို့ရဲ့အလုပ်ရှင် (ရှယ်ယာဝင်) တစ်ဦးကတော့ ကျောက်ကုန်လည်း ကူးတယ်။ မိုးကုတ်၊ ယိုးဒယား၊ တာချီလိတ်ဘက်တွေပေါ့။ သူပြန်လာရင် သူ့အတွေ့အကြုံတွေ၊ ပျော်ကြ ကဲကြတာတွေ ပြန်ပြောပြတယ်။ အားကျမိတယ်။ ကျောက်တူးသမားတွေရဲ့ ထုံးစံအတိုင်း သူ့ဆီက ကျွန်တော်ထွက်ပြီး ကောင်းမယ်ထင်တဲ့ နေရာတွေမှာ ဝင်အလုပ်လုပ်ရင်း သူနဲ့ မတွေ့ ဖြစ်တော့ဘူး။
   နောက်တစ်နှစ်လောက်ကြာတော့ သူ “AIDS” ဖြစ်နေတယ်လို့ ကြားတယ်။ ဒါပေမယ့် မအားတော့ မရောက် ဖြစ်ဘူး။ မိုးကုတ်ဖောင်တော်ဦးဘုရားပွဲမှာ အလုပ်နားကြတော့ သူ့အိမ်ကို ကျွန်တော်ရောက်သွားတယ်။ သူ့မိဘတွေက မင်းရဲ့ပေါလန် သူ့အခန်းထဲမှာဆိုလို့ အခန်းထဲဝင်သွားတော့ အသက်ရှုကြပ် သွားတယ်။ ပိုးသတ်ဆေးနံတွေ လှိုင်လို့၊ ပြတင်းပေါက်တွေလဲ ပိတ်ထားတယ်။ အိပ်ယာထဲမှာ ခပ်ပိန်ပိန် လူတယောက် ရှိနေတာ မြင်တယ်။ တကယ်ပါ၊ ကျွန်တော်မမှတ်မိဘူး။ အခန်းမှောင်မှောင်ထဲမှာ အိပ်ယာထဲမှာ အရိုးစုသာသာ လူတယောက် အိပ်နေတာ၊  ဖိတ်ကျနေတဲ့ စားသောက်စရာတွေကိုပါ မြင်ရတော့ ကျွန်တော်လန့်သွားတယ်။
   ကျွန်တော့်ကိုတော့ သူမှတ်မိတယ်။ ရေတောင်းတယ်။ သူ့ခန္ဓာကိုယ်ကို တဖက်စောင်းခိုင်းတယ်။ သူ့ကိုယ်က တအားနံတယ်။ ဘာစားမလဲမေးတယ်။ မစားချင်ဘူး။ ရေဘဲ ထပ်တောင်းတယ်။ အရင်တုန်းက သူ့မျက်လုံး ထဲမှာ တွေ့ရတဲ့  အရောင်တောက်တောက်တွေ မရှိတော့ဘူး။ အလင်းဖျော့ဖျော့ အခန်းထဲမှာ တယောက် တည်း၊ ကျွန်တော်လည်း ကြာကြာမနေရဲဘူး၊ ဘာကိုကြောက်မှန်းလဲ မသိဘူး၊ နှုတ်ဆက်ပြီး ပြန်ထွက်ခဲ့တယ်။ သူ့မိဘတွေကတော့  “သူဖြစ်သူခံ” တဲ့၊ ဒါပေမယ့် သူတို့မျက်လုံးတည်းမှာလဲ မျက်ရည်တွေနဲ့။

ကျနော်ကိုယ်တိုင်
   ၁၉၉၉ ခုနှစ် ကျွန်တော် မိုင်ရှုးကို ရောက်သွားတယ်။ အတော်ပျော်စရာကောင်းတယ်။ လူမျိုးစုံ၊ အလုပ်ပေါင်းစုံ၊ အပျော်မျိုးစုံ၊ ငွေရှိရင် ဘာမဆိုရနိုင်တယ်။ လောင်းကစား၊ အရက်၊ မူးယစ်ဆေး၊ အပျော်မယ်၊ ပေါမှပေါ။ မိုင်းရှုးရောက်တာကို လူဖြစ်ရကျိုးနပ်တယ်လို့တောင် ထင်မိတယ်။ တခါတခါ မိုးကုတ်က ပေါလန် “AIDS” ရောဂါသည်ကို သတိရမြင်ယောင်မိသေးတယ်။  ဒါပေမဲ့ မူးလာတော့ ဘာမှမစဉ်းစားမိတော့ဘူး၊ ပျော်ပြီးရင်း ပျော်ဘဲ။ တောင်ပေါ်မှာ ရုပ်ပျက်ဆင်းပျက်နဲ့ ခွဲခြားခံ ပစ်ပယ်ခံရပြီး သေဆုံးခဲ့တဲ့သူတွေ အများကြီး တွေ့ခဲ့ တယ်။ မူးယစ်ဆေးကြောင့်လား၊ AIDS ကြောင့်လား မသိဘူး။
   ၂၀၀၅ ခုနှစ်လောက်ကျတော့ ကျွန်တော့်ကိုယ့်ခံအားစနစ် မကောင်းတော့ဘူးထင်တယ်။ အရင်လုပ်နေကြ အလုပ်တွေ မလုပ်နိုင်တော့ဘူး။ အမောမခံနိုင်တော့ဘူး။ အရက်ကိုလည်း အရင်ကလောက် မသောက်နိုင် တော့ဘူး၊ နည်းနည်းသောက်ပြီး မူးတော့တာ။ လူကနုန်းပြီး အင်အားဆုတ်လာသလိုဘဲ၊ ဒါနဲ့ ၂၀၀၆ မှာ မိုးကုတ်ကို ပြန်ခဲ့တယ်။ တစ်နှစ်လောက်အလုပ်မလုပ်ဘဲ ယောင်နေခဲ့တယ်။ လူကလည်းကျနေပြီ၊ သူငယ်ချင်း တွေက ပြောတယ်။ “အေ “ကိုက်ပြီထင်တယ်လို့။
   ၂၀၀၇ မှာ အလုပ်ပြန်လုပ်တယ်။ တွင်းဆရာ လုပ်တယ်။ AIR GUN ကိုင်ရတယ်။ အရမ်းပင်ပန်းတယ်။ ကျန်း မာရေးကတော့ ဆုတ်ယုတ်လာတယ်။ ခန္ဓာကိုယ်တော်တော်ကျလာတယ်။ AIR GUN ကြောင့်လို့ ထင်တယ်။ မန်နေဂျာက ဆေးကုပေးပြီး နားခိုင်းတယ်။ဒါနဲ့ အပြင်မှာနေပြီး ဆေးကု၊ ပြန်ကောင်း၊ အလုပ်ပြန်လုပ်၊ မိုးရာသီ အလုပ်နားချိန်မှာ ကိုယ့်မြို့ကို ပြန်ခဲ့တယ်။ အသွေးအမွေးကလည်း ခြောက်သွေ့၊ သူငယ်ချင်းတွေနဲ့ အဆက် အသွယ်ကလည်း နှစ်ပေါင်းများစွာ ပြတ်တောက်ခဲ့တော့ အရင်ကလို နွေးထွေးမှုမရှိတော့ဘူးလို့ ထင်တယ်။ ဒါနဲ့ အရက်ဘဲ ပိုသောက်မိတယ်။ အလုပ်မရှိတော့ အချိန်တွေ ပိုနေတယ်။ ဘုန်းကြီးကျောင်းတွေ ဘုရားတွေ လျှောက်သွားမိတယ်။
         ဒီမှာတင် ကျွန်တော့်ဘဝ ပြောင်းလဲခဲ့တယ် ထင်တယ်။ “ရွှေခြင်္သေ့” စာကြည့်တိုက် ရောက်သွားတယ်။ တွေ့ သမျှစာတွေ ဖတ်တယ်။ နောက် “AIDS” အကြောင်းစာအုပ်တွေ၊ လက်ကမ်းစာစောင်တွေ၊ HIV အကြောင်း သိကောင်းစရာတွေ အကုန်ဖတ်တယ်။ ဒါပေမယ့် ပေါ်ပေါ်ထင်ထင်တော့မဟုတ်ဘူး။ လူကွယ်ရာမှာပေါ့၊ တကယ်လို့ ကျွန်တော် “AIDS” ဖြစ်ခဲ့ရင်ဆိုတဲ့ အတွေးနဲ့ ကြိုပြီးခံစားဖူးတယ်၊ တကယ်မလွယ်ဘူး။ ရုပ်ခန္ဓာ ပျက်စီးခြင်း၊ စီးပွားရေးဆုတ်ယုတ်ခြင်း၊ ခွဲခြားဆက်ဆံခံရမှု၊ ရည်မှန်းချက်လွင့်ပျယ်ခြင်း၊ တွေးကြည့်၊ ဘယ်လိုမှ သက်သာမှု မရှိဘူး။ လူမသေသေးပေမဲ့ ဘဝသေပြီလို့ ခံစားမိတယ်။  
         ဒီမှာတင် ကျွန်တော်စဉ်းစားတယ်။ သွေးမစစ်ဘဲ နေမလား။ ဒါပေမယ့် ပတ်ဝန်းကျင်ကတော့ အမြင်နဲ့ အထင်ပေါင်းပြီး ခွဲခြားမယ် ထင်တယ်။ လူတယောက်အသက်ရှင်လျှက် လူရာမသွင်းပဲ ပစ်ပယ်ခံထားရရင် ဘယ်လိုနေမယ်ဆိုတာ တွေးတောင်မကြည့်ရဲဘူး။
   ရွှေခြင်္သေ့အဖွဲ့က သန့်စင်သွေးလှူဒါန်းဖို့အတွက် သွေးစစ်ပေးမယ်၊ စာရင်းပေးကြပါဆိုတဲ့ လက်ကမ်းစာရွက်ကို တွေ့တဲ့အချိန်မှာ သွေးစစ်ဘို့  စာရင်းပေးလိုက်တယ်။ အဲဒီမှာ B ပိုး၊ C ပိုး၊ HIV ပိုး ၃-မျိုးစစ်ပေးတယ်။ အားလုံးလူ ၅၀ လောက်ရှိမယ် ထင်တယ်။ ကျွန်တော်သွေးစစ်ခဲ့တယ်။ ဇွန်လ ၁၈၊ ၂၀၀၉ ခုနှစ် နေ့က ထင်တယ်။ နောက်၂ ရက်နေတော့ သွေးအဖြေတွေကို စာအိပ်ထဲ ထည့်ပြီးပေးတယ်။ အဖြေကို မသိချင်ရင်လဲ ရတယ်၊ ဖွင့်မကြည့် ပါနဲ့လို့ ပြောတယ်။ အဲဒီမှာ ဆရာဝန်တစ်ဦးက  HIV / AIDS အကြောင်း၊ B ပိုး၊ C ပိုး အကြောင်း ပြောပြတယ်။
   အဖြေထည့်ထားတဲ့ စာအိတ်ကိုယူခဲ့တယ်။ ခြေလက်တွေ တုန်နေသလိုဘဲ၊ အခြားသူတွေ ကြည့်တဲ့အကြည့် ကိုလည်း ရင်မဆိုင်ရဲသလိုဘဲ။ တခြားသူတွေနဲ့ ကျွန်တော့်ပုံက ကွာခြားနေတယ်။ ထင်တဲ့အတိုင်းပါဘဲ၊ HIV POSITIVE တဲ့၊ အဖြေကို တိတိကျကျသိလိုက်တဲ့အချိန် ခံစားချက်ကို ပြည့်စုံအောင် ဖော်မပြတတ်ဘူး၊ စိတ်နဲ့ကိုယ် ကင်းလွတ်သွားသလို။ အဖြေကို ကြိုလက်ခံထားတာတောင် ထိခိုက်ခံစားရတာ အရမ်းဘဲ ဆိုးတယ်။ စိတ်ဓါတ်တွေ ကျတယ်။ အသက်ဆက်ရှင်ပြီး ပတ်ဝန်းကျင်ကို ရင်ဆိုင်ဖို့ စိတ်ဓာတ်တွေ ဘယ်လိုမှ စုစည်းလို့ မရတော့ဘူး၊ သေချင်တယ်။
   တကယ်တမ်းကျတော့ မသေရဲပြန်ဘူး။ ဒီမှာတင် စဉ်းစားတယ်၊ ရွှေခြင်္သေ့အဖွဲ့ဆီ  သွားပြီး အကြံဥာဏ် နည်းလမ်းတောင်းသင့်တယ်လို့ စဉ်စားမိတယ်။ ဒါနဲ့ သွေးအဖြေပြပြီး အကျိုးအကြောင်း ပြောပြတယ်။ တာဝန်ရှိသူတစ်ဦးက ရောဂါပိုးနဲ့ အသက်ရှင်နေထိုင်နည်း၊ ပိုးထိန်းဆေး  အကြောင်းတွေကို ပြောပြပြီး ကုသမှု စောစောစီးစီး ယူသင့်ကြောင်း ပြောပြပါတယ်။
   ၂၀၀၉ ဇွန် ၂၁ ရက်နေ့ မှာ ရွှေခြင်္သေ့ကို ရောက်ခဲ့တယ်။ အခမဲ့ဆေးကုသမှုရတဲ့ ဆေးစာအုပ် ထုတ်ပေးတယ်။ စေတနာ ဆရာဝန်လေးဦးရဲ့ ဆေးခန်း ၄-ခန်းကို အဆင်ပြေရာသွားကုလို့ရတယ်။ ဆရာဝန်က ၂၀၀၉ ဇူလိုင် ၁၅ မှာ  ARV ဆေးသောက်ဖို့ ဆွေးနွေးတယ်။
   အသည်း စစ်ခိုင်းတယ်။ အသည်းဆေး ၁၄ ရက် စားရတယ်။ အသည်း ပြန်စစ်တယ်။ အသည်းတိုးတက်တော့ ARV ဆေးစတိုက်ပါတယ်။ ၁၄  ရက် ဆေးစမ်းတာလို့ ပြောတယ်။ အစတော့ ဘာမှ မဖြစ်ဘူး။ နောက်တော့ ကိုယ်တွေ အရမ်းပူတယ်။ ချွေးတွေ တအားထွက်တယ်။ စားချင် သောက်ချင်စိတ်တွေ လျော့လာတယ်။ VOLUNTEER တွေ တရက်ခြားဆိုသလို အိမ်ကို လာကြည့်တယ်။ ဆရာ့ကို ပြောပြတော့ septrim တိုးတိုက်တယ်။ မထူးခြားဘူး။ တလကျော်လောက်ကြာတော့ ရင်ဘတ် ဝမ်းဗိုက်နဲ့ ကျောမှာ မီးလောင်ဖုတွေလို ထွက်လာတယ်။
`       ဆရာက ဆေးမတဲ့တာတဲ့၊ မန္တလေးသွားခိုင်းတယ်။ အထူးကုဆရာဝန်ဦး….. ဆီ စာရေးပေးတယ်။ ငွေကြေး မတတ်နိုင်လို့ မသွားချင်တော့ဘူးပြောတော့ ဆရာက ရွှေခြင်္သေ့ကို သွားခိုင်းပါတယ်။ ဒါနဲ့ အဖွဲ့ကို ဒီအကြောင်း ပြောပြတော့ သူ့တို့က သွားသင့်တယ်။ သွားရမယ် ပြောတယ်။ ကျွန်တော်က အခက်အခဲကိုပြောပြတော့ ကုသစရိတ် ထုတ်ပေးတယ်။ တော်တော်အံ့သြတယ်။ ဝမ်းလည်းနည်းတယ်။ ကျေးဇူးလည်း တင်တယ်။ ဒီလိုနဲ့ နောက်တရက် မန္တလေးကို သွားခဲ့တယ်။
    ဆရာနဲ့ တွေ့တော့ ဆေးရုံတက်ရမယ်တဲ့။ မတက်ချင်ဘူးဆိုတော့ တက်ရမယ် အသက်အန္တရယ် ရှိတယ်လို့ ပြောပြီး တခါတည်း တက်ခိုင်းတယ်။ ၂၀၀၉ စက်တင်ဘာ ၁၀ ရက် မှာ မန္တလေးဆေးရုံကြီးဖျားနာဆောင် ၁ မှာ တက်ခဲ့တယ်။ အဖွဲ့က စာရေးပြီး  မန္တလေးမှာရှိတဲ့ လင်းရောင်ခြည်တို့၊ Spectrum တို့တွေနဲ့ ချိတ်ဆက်ပေးခဲ့လို့  လာပြီး ကူညီ ကြတယ်။ အားပေးကြတယ်။ ကျွန်တော့်ကို မန္တလေးလိုက်ပို့တာက ကျွန်တော့် ယောက်ဖပါ၊ ကျွန်တော့်အပေါ် အတော်ကောင်းတယ်။ မန္တလေးမှာရှိတဲ့ အဖွဲ့တွေက အစောင့်ပေးမယ် ပြောတယ်။ မယူခဲ့ဘူး။ ယောက်ဖကို လည်း ပြန်လွတ်လိုက်တယ်။
   ဆေးရုံမှာ တယောက်တည်းအနာတွေနဲ့၊ စောင် ခေါင်းအုန်းလဲ မပါ၊ ကုတင်ပေါ်မှာလဲ အခင်း မရှိ ။  ရေဘူး တဘူးနဲ့ ဆေးတချို့နဲ့ ဓာတ်ဆားထုပ် ၃ ထုပ်ပဲ။ အားမငယ်ပေမဲ့ ဝမ်းနည်းမိတယ်။ အနာတွေကို ကိုယ့်ဘာသာဖန်ဆေးတယ်။ ဆေးထည့်တယ်။ နောက်ကျောကို ဖန်ဆေးရင်း ဆေးထည့်ရတာ အတော်ခက် တယ်၊ ပြတင်းပေါက်မှာ မှန်ချိတ်ပြီးတော့ လုပ်ရတယ်။ ၃ ရက်လောက်နေတော့ ယောက်ဖ ပြန်လာတယ်။ ညီမရော လိုက်လာတယ်။ ရွှေခြင်္သေ့အဖွဲ့က ထပ်ပြီး ထောက်ပံ့တဲ့ငွေရော၊ သူတို့ ရှာလို့ရတဲ့ငွေရော ပေးတယ်။
   ဆရာဝန်ကြီးကပြောတယ်။ ဆေးမထည့်တာတဲ့၊ ဆေးပြောင်းရမယ် တလကို ခြောက်သောင်း လောက် ကျမယ် ဆိုတော့  မစားနိုင်ဘူး၊ ဆေးရပ်ပစ်လိုက်တော့မယ်ပြောတော့ ဆရာက ဆေး၃ မျိုးစပ်ကနေ ၂ မျိုးတွဲ ကို ၇ ရက် စားခိုင်းပြီး ရပ်လိုက်တယ်။
          ၂၀၀၉၊ စက်တင်ဘာ ၂၁ မှာ ဆေးရုံက ဆင်းခဲ့တယ်။ အနာတွေကတော့ သက်သာပျောက်ကင်းလာတယ်။ ဒါပေမဲ့ စိတ်ထဲမှာတော့ “ငါမကြာခင် သေတော့မယ်၊ အလွန်ဆုံးခံ ၆ လ၊ ၁ နှစ်ပေါ့ “လို့ ထင်ထားပြီ။
   Volunteer တွေကတော့ အိမ်ကို လာလည်တယ်။ အားပေးတယ်။ အဖွဲ့ကို လာဖို့ ပြောတယ်။ ARV ဆေးအခမဲ့ ရနိုင်တဲ့ နေရာတွေနဲ့ ချိတ်ဆက်ပေးမယ်။ ဒီကြားထဲ ကျန်းမာအောင်နေထိုင်ဖို့ ပြောတယ်။ ဘာမှ သွေးသား မတော်စပ်တဲ့ လူတယောက်အတွက် ငွေအားလူအားနဲ့၊ အကြံဥာဏ်တွေ အားပေးမှုတွေ ပေးကြတဲ့ အဖွဲ့ဝင်တွေရဲ့စိတ်ဓာတ်ကို လေးစားမိတယ်။ ဘာကြောင့်လဲလို့ ကျွန်တော်တွေးကြည့်တော့ လူသားချင်း ကိုယ်ချင်းစာတတ်ပြီး ခေတ်မီတဲ့ ကျန်းမာရေး ဗဟုသုတရှိလို့ ထင်တယ်။
   ကျွန်တော့်ကို မိုးကောင်း AZG လွှတ်ဖို့ စီစဉ်တယ်၊ ဘဝတူတယောက်ရော ပါမယ်။ မင်းတို့ လူပျိုလူလွတ် တွေဘဲ၊ ငုတ်တုပ်ထိုင်အသေမခံနဲ့၊ နေရာသစ်မှာ ဘဝသစ်စကြဆိုပြီး ရွှေခြင်္သေ့က မိုးကောင်း အဖွဲ့နဲ့ ချိပ်ဆက်ကြတယ်။ ဘဝတူတွေတွေ့ဆုံပွဲကို ကျွန်တော်ကို ဖိတ်လို့ တက်ခဲ့တယ်။ ဘဝတူတွေ ၆၀ – ၇၀ လောက်ရှိမယ် ထင်တယ်။ ပျော်ပျော်ပါးပါးပဲ၊ မိတ်ဆက်ကြ၊ အခက်အခဲတွေ ပြောကြ၊ ဘယ်လိုဖြေရှင်း တယ်ဆိုတာတွေ ပြောကြ၊ ဂိမ်းတွေ ဆော့ကြဆိုတော့ ရင်ထဲမှာ ခံစားရတာတွေ နည်းနည်းတော့ ပေါ့သွား တယ်။ မိုးကောင်းကို အတူသွားရမဲ့ အဖော်နဲ့လည်း တွေ့ရတယ်။ နှစ်ယောက်သား မိုးကောင်းမှာ အခြေချ ကြတော့မယ်ဆိုပြီး အိုးတွေခွက်တွေပါ စီစဉ်ပြီးချိန်မှာ ကျွန်တော်တို့ ကံကောင်းတယ်ပြောရမယ်။ ရွေခြင်္သေ့မှာ ဆေးအလှူရှင် ပေါ်လာတယ်။
   ၂၀၀၉ ဒီဇင်ဘာ ၁ ရက် မှာ မန္တလေးကိုသွားပြီး Dr……. နဲ့ ပြသ စစ်ဆေးပြီး ART ကုထုံးကို ဆက်လက် ခံယူပါတယ်။ ဘဝတူ ၈ ယောက်လဲ ပါတယ်။ အဖွဲ့လူကြီးတွေ လိုက်ပို့လုပ်ဆောင် ပေးပါတယ်။ တယောက်တော့ CD4 ကောင်းလို့ ARV ဆေး မပေးသေးဘူး။ ကျွန်တော့်မိုးကောင်း မိတ်ဆွေကြီးကိုတော့ အသည်းမကောင်းလို့ အသည်းအားတိုးဆေးပဲ ပေးလိုက်တယ်။ ဒီဇင်ဘာ ၃ ရက်နေ့ မှာ ARV ဆေးပြန်ပြီး စသောက်တယ်။ ဆေးစမ်းတယ်။ ဒီကုန်ကျစရိတ်တွေအားလုံး အလှူရှင်က လှူတာပါ။ ကျွန်တော်တို့ရဲ့ ART အလှူရှင်ကို ခုထိ မမြင်ဖူးသေးဘူး။
   ဆေးစစ်တဲ့ နှစ်ပတ်အတွင်းမှာပဲ အဖုကလေးတွေမျက်နှာမှာ ထွက်လာပြန်တယ်။ ဒီဇင်ဘာ ၁၄ မှာ မန္တလေး ကို ကျွန်တော်တို့အဖွဲ့ ပြန်ပြတယ်။ ကျန်တဲ့သူတွေ အားလုံးကောင်းတယ်။ ကျွန်တော့်ကိုပဲ ဆေးရုံတက် ခိုင်းတယ်။ ဆေးမတည့်ပြန်ဘူး၊ ဆေးရုံမှာ ထားပြီး စောင့်ကြည့်ချင်တယ်တဲ့။ ကျွန်တော်က ဆေးမသောက်ချင် တော့ဘူးလို့ ဆရာ့ကို ပြောတယ်၊ ဆရာက အားမငယ်ဘို့နဲ့ ပြဿနာဟာ ခဏပဲလို့ ပြောပြီး အဖွဲ့နဲ့ တိုင်ပင် ခိုင်းပါတယ်။ ကျွန်တော့်စိတ်ထဲမှာ ကိုယ့်အသက်ရှင်သန်မှုအတွက် ကိုယ်က ဘာမှ အင်အားစိုက်ထုတ်နိုင်မှု မရှိဘဲ သူတပါးအကူအညီနဲ့ ဆက်ရမှာကို ရှက်လည်းရှက်တယ်။ ဝမ်းလည်းနည်းတယ်။ အဖွဲ့က လိုက်လုပ် ပေးတဲ့ လူကြီးတွေကိုလဲ ပြောတယ်၊ ငိုလည်းငိုတယ်။
    “သူတပါးဆီ အကူအညီယူရတာ စိတ်အားငယ်စရာ ရှက်စရာလို့ တွေးမနေတော့နဲ့၊ ဆရာက စောင့်ကြည့်ချင်လို့ ဆေးရုံတက်ခိုင်းတာ၊ ဆေးရုံမှာ ဘာမဆို သေချာ လေ့လာထား၊ ကိုယ့်လူတွေ တက်ရတဲ့အခါ ကူညီနိုင်အောင်၊ အခု တည်းတဲ့နေရာ ပြန်ရောက်ရင် ကိုပေါ်ဦးက ARV ဆေးအုပ်စုတွေအကြောင်း ရှင်းပြပေးလိုက်၊ မင်းနဲ့တော်တဲ့ ဆေးအုပ်စု တစ်စုတော့ သေချာပေါက်ရှိတယ်၊ ပူမနေနဲ့”
          လို့ ပြောတယ်။ ကိုပေါ်ဦးက ဆေးအုပ်စုတွေကို ရှင်းပြရင်း နှစ်သိမ့်ဆွေးနွေးပေးပါတယ်။
          ဒါကြောင့် ဆေးရုံတက်ဖြစ်ခဲ့တယ်။ ဒီဇင်ဘာ ၁၅၊ ၂၀၀၉  မှာ ဖျားနားဆောင် ၂  မှာတက်တယ်။ ထုံးစံအတိုင်း ဆေးရုံမှာ တယောက်တည်း ဒီဇင်ဘာ ၂၄  မှာ ဆေးရုံက ဆင်းခဲ့တယ်။ အဖွဲ့ကိုရောက်တော့  အသည်း မကောင်းလို့ အသည်းဆေးသောက်နေတဲ့ မိုးကောင်းမိတ်ဆွေကြီး အမောဖောက်နေတယ်လို့ ဖုန်းလာတယ်။ Volunteerတွေ ချက်ချင်းလိုက်သွားကြတယ်။ ကျွန်တော်လည်း အိမ်ပြန်ခဲ့တယ်။ နောက်ရက်မှာတော့ မနေ့က သတင်းအဆက်က မကောင်းဘူး၊ ဆုံးသွားပြီတဲ့။
          ကျွန်တော်ကျန်းမာရေးက မငြိမ်သေးဘူး။ volunteer တွေကတော့ တရက်ခြားတခေါက် ရောက်လာ ပြီး အခြေအနေကြည့်တယ်။ အားပေးတယ်။ ယိုင်သွားလိုက် ထိန်းပေးလိုက်၊ စိတ်ဓာတ်ကျလိုက် မြှင့်တင် ပေးလိုက်၊ လိုအပ်တာတွေလဲ တတ်နိုင်သလောက် ဖြည့်ဆည်းပေးလိုက်နဲ့ပေါ့။                                  
         ကျွန်တော် အဖွဲ့ကို ရောက်သွားဖြစ်တော့ volunteer တွေနဲ့လည်း ခဏအတွင်း ရင်းနှီးသွားတယ်။ သူတို့ရဲ့ မခွဲခြားဘဲ နွေးထွေးတဲ့ဆက်ဆံမှုကြောင့် ထင်တယ်။ volunteer တွေက Non တွေဆိုတော့ အံ့သြသွားတယ်။ သူတို့ရဲ့ လှပတဲ့စိတ်ဓာတ်ကို မြင်ရပြီး အားကျတယ်။   Negative က positive  တွေအတွက် အလုပ်လုပ်နိုင် ရင် positive ဖြစ်တဲ့ကျွန်တော်ကရောဆိုတဲ့ အတွေးဝင်လာပြီး တတ်နိုင်တဲ့ နေရာကနေ ပါဝင်ဖို့ ဆုံးဖြတ်ပြီး  ရွှေခြင်္သေ့မှာ ဝင်လုပ်ဖြစ်သွားတယ်။
ဗော်လန်တီယာဘဝ
          volunteer တွေနဲ့အတူ ဘဝတူတွေဆီကို အိမ်တိုင်ယာရောက်သွားခဲ့တော့မှ အခက်အခဲတွေ၊ ပတ်ဝန်း ကျင်ရဲ့ ရိုက်ခတ်မှုတွေ၊ မပြည့်စုံခြင်းရဲ့ အကျိုးဆက်တွေကို ထဲထဲဝင်ဝင် သိခဲ့ရတယ်။ စားဝတ်နေရေးကခက်၊ ရောဂါကတဖက်နဲ့ ပြဿနာကြုံနေတဲ့သူကို ခွဲခြားမှုဆိုတဲ့ဝန်ထုပ်ကိုတော့ ထပ်ပြီး မပေးသင့်ဘူးထင်တယ်။ ခွဲခြားတဲ့သူတွေကိုတော့ အပြစ်မမြင်ပါဘူး။ ဘဝတူတွေအတွက်တော့ စိတ်မကောင်းဘူး၊ ညာဘက်ရင်ဘတ် တော်တော်လေးအောင့်တယ်၊ ကျွန်တော်ကတော့ ကိုယ်ပြုခဲ့တဲ့ အကြောင်းတရားရဲ့ အကျိုးဆက်လို့ပဲ ဖြေတတ် ခဲ့ပြီ။
                   အဖွဲ့ဝင်တဲ့ သက်တမ်း ၄ – ၅ လကြာတော့ စေတနာ့ဝန်ထမ်းတွေကို သနားလည်းသနားတယ်၊ ချီးလည်းကျူးတယ်၊ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ PLHA တွေရဲ့ဘဝမနိမ့်ကျဖို့ ကြိုးစားတဲ့အခါမှာ ကာယကံရှင်တွေရဲ့ အားတက်သရော ပူးပေါင်းပါဝင်မှုကို မရရှိဘူး။ ဒါပေမဲ့ PLHAတွေကို အပြစ်မပြောဘူး။ “အဖွဲ့မှာ ဘာချွတ်ယွင်းချက်ရှိသလဲ”ဆိုတာကိုပဲ ရှာခဲ့ကြတယ်။
          စေတနာဝန်ထမ်းတစ်ဦးနဲ့အတူ Sex worker တွေဆီကို  Home visit သွားခဲ့တယ်။ ပတ်ဝန်းကျင် ကတော့ စူးစမ်းတဲ့ မျက်လုံးတွေနဲ့ပေါ့။ ဟိုရောက်တော့ ဖဲရိုက်တောင် မပျက်ဘူး။ စိတ်တိုမိတယ်။ အတူပါလာ သူကို ပြောပြတော့ သည်းခံစိတ်ရှည်ရမယ်။ အချိန်ယူရမယ်။ ဘယ်လိုအခက် ကြုံကြုံ လုပ်သင့်တာကို လုပ်နေ ဖို့ဘဲလို့ ပြောတယ်။
         Volunteer တယောက်နှင့်အတူ CHBC သင်တန်းတက်ဖို့ ရန်ကုန်ကို သွားရတယ်။ ဗဟုသုတတွေ ပိုပြီး ရခဲ့တယ်။ ပြန်လာတော့ ဘဝတူတယောက် မန္တလေးမှာ ဆေးရုံတက်နေကြောင်းသိရတယ်။ အဲဒီဟာ ကျွန်တော့်ရဲ့ CARE GIVER ဘဝ အစဖြစ်သွားခဲ့တာပေါ့။
(ဆက်လက်ဖော်ပြပါမယ်)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles
No tags for this post.

Related posts

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:Uncategorized

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ

By

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ မိုးမခစာအုပ်စင်၊ ဒီဇင်ဘာ ၈၊...

Read more »

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ

By

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၄၊ ၂၀၁၈ မိုးမခစာပေက ထုတ်ဝေပြီး...

Read more »

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ

By

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ (မိုးမခစာအုပ်စင်) အောက်တိုဘာ ၁၈၊ ၂၀၁၈...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ (မိုးမခ) အောက်တိုဘာ ၁၂၊ ၂၀၁၈ မိုးမခစာပေက...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

Tags

(all tags)