fbpx

သန်းဝင်းလှိုင် – ပြည်တွင်းညီညွှတ်ရေး အကြံပေးအဖွဲ့

November 28, 2013

ပြည်တွင်းညီညွတ်ရေး အကြံပေးအဖွဲ့ 
သန်းဝင်းလှိုင်
နိုဝင်ဘာ ၂၈၊ ၂၀၁၃

တော်လှန်ရေးကောင်စီဥက္ကဌ ဗိုလ်ချုပ်ကြီး နေဝင်းသည် ၁၉၆၈ ခုနှစ်၊ နိုဝင်ဘာလ ၂၉ ရက်နေ့တွင် အမှတ် ၁၆ ၊ ဝင်ဒါမီယာ (ယခု ပန်းဝါး လမ်း) နေအိမ်၌ အောက်ဖော်ပြပါ နိုင်ငံရေးခေါင်းဆောင် ၃၃ ဦးအား ခေါ်ယူတွေ့ဆုံခဲ့သည်။
၁။ ဦးကျော်ငြိမ်း
၂။ ဦးကျော်မင်း
၃။ ဗိုလ်ခင်မောင်ကလေး
၎။ ဗိုလ်ခင်မောင်
၅။ သခင်ချစ်မောင် (ဝိဓူရ)
၆။ သခင်ချစ်မောင် (မြန်အောင်)
၇။ စဝ်စိုင်းလုံ
၈။ သခင်စံမြင့်
၉။ ဒူးဝါဇော်ရစ်
၁၀။ ဒူဝါဇော်လွန်း
၁၁။ သခင်တင်
၁၂။ ဦးတင်ညွှန့်
၁၃။ ဦးထပ်လှိုင်း
၁၄။ ဦးထွန်းမြင့် (လင်းခေး)
၁၅။ ဦးနု
၁၆။ စဝ်ပြည့်
၁၇။ မွန်ဦးဖိုးချို
၁၈။ ဦးဗဆွေ
၁၉။ ဗိုလ်မင်းခေါင်
၂၀။ ဦးရွှေကြိုင်
၂၁။ သခင်လွင်
၂၂။ သခင်လှကျွေ
၂၃။ သခင်လေးမောင်
၂၄။ ဦးလွန်ပုမ်
၂၅။ စဝ်ဝဏ္ဏ
၂၆။ မန်းဝင်းမောင်
၂၇။ ဖဒိုဝေသော
၂၈။ သခင်သင်
၂၉။ သခင်သာခင်
၃၀။ ဆရာသာထို
၃၁။ ဦးသာထွန်း
၃၂။ ဗိုလ်မှူးအောင်
၃၃။ နိုင်အောင်ထွန်း
နိုင်ငံရေးခေါင်းဆောင် ၃၃ ဦး နှင့် ထိုသို့ တွေ့ဆုံရသည့် အကြောင်းမှာ အမျိုးသားစည်းလုံး ညီညွတ်ရေး မည်သို့ ဆောင်ရွက်သင့်ကြောင်းကို နိုင်ငံရေးခေါင်းဆောင်များထံမှ အကြံဥာဏ် ရယူလိုသောကြောင့် ဖြစ်သည်။ ထို့ကြောင့် ထိုတွေ့ဆုံပွဲ၌ တော်လှန်ရေးကောင်စီဥက္ကဌ ဗိုလ်ချုပ်ကြီး နေ၀င်းက မိန့်ခွန်းပြောရာတွင် –
“ဒီနေ့ ကျွန်တော်ဖိတ်တာကတော့ ဖိတ်ထားတဲ့ ရည်ရွယ်ချက်ကို ပြောပြပါမယ်။ ရှေးဦးဆုံး အပိုင်းကတော့ တိုင်းပြည် တကယ်အကျိုးပြုမယ့် အလုပ်တွေကို လုပ်နေတဲ့အခါ တတ်နိုင်သမျှ ညီညွတ်ရေးရအောင် ဘယ်လိုများ ဆောင်ရွက်ရမယ်၊ ဆောင်ရွက်ယင် ကောင်းမယ်ဆိုတာကို အကြံဥာဏ် ပေးကြပါလို့ မေတ္တာရပ်ခံပါတယ်။ … ဒီ ယခု ကျွန်တော်တို့ တောင်းကြတဲ့အကြံဟာ ညီညွတ်ရေးတွင် မကပါဘူး။ ခုနက ကျွန်တော်ပြောတဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ လူနည်းစုအရေး အကုန်ခြုံပြီးတော့  ကျွန်တော်တို့ ဘယ်လောက်အထိ မြှော်မှန်းသလဲ ဆိုလို့ရှိရင် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံတစ်ခု ပေါ်ထွန်းလာတဲ့ အထိပဲ..”
ဟူ၍ နိုင်ငံရေးခေါင်းဆောင်များနှင့် တွေ့ဆုံရသည့် ရည်ရွယ်ချက်ကို ထည့်သွင်းပြောကြားခဲ့သည်။ ထိုတွေ့ဆုံပွဲ ကျင်းပပြီးနောက် ပြည်ထောင်စုမြန်မာနိုင်ငံ တော်လှန်ရေးကောင်စီ၏ ကြေညာချက်အမှတ် ၇၂ ဖြင့်  ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း ညီညွတ်ရေး အကြံပေးအဖွဲ့ကို  ၁၉၆၈ ခုနှစ်၊ ဒီဇင်ဘာလ ၄ ရက်နေ့တွင် ဖွဲ့စည်းခဲ့သည်။ အကြံပေးအဖွဲ့တွင် အဖွဲ့ဝင် ၃၃ ဦး ပါဝင်သည်။ အဖွဲ့ဝင် ၃၃ ဦးမှာ ၁၉၆၈ ခုနှစ်၊ နိုဝင်ဘာလ ၂၉ ရက်နေ့က တော်လှန်ရေးကောင်စီ ဥက္ကဌကြီးနှင့် တွေ့ဆုံကြသည့် နိုင်ငံရေးခေါင်းဆောင် ၃၃ ဦးပင် ဖြစ်သည်။ အကြံပေးအဖွဲ့ ဖွဲ့ရသည့် ရည်ရွယ်ချက်ကို –
ပြည်ထောင်စုမြန်မာနိုင်ငံ တော်လှန်ရေးကောင်စီသည် ပြည်ထောင်စုမြန်မာနိုင်ငံတွင်းရှိ လုပ်သား ပြည်သူတို့၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ တိုင်းရင်းသား လူမျိုးများအရေးတို့တွင် အဓွန့်ရှည်စွာ တကယ်အကျိုးထိရောက်စေမည့် ပြည်တွင်းညီညွတ်ရေးကို မည်သို့တည်ဆောက်သင့်သည်နှင့် ပတ်သက်၍ နည်းလမ်းအကြံဥာဏ်များ ဆွေးနွေးတိုင်ပင်ပြီး ပြည်ထောင်စုမြန်မာနိုင်ငံ တော်လှန်ရေးကောင်စီအား တင်ပြရန်.. “ပြည်ထောင်စုမြန်မာနိုင်ငံ ပြည်တွင်းညီညွတ်ရေး အကြံပေးအဖွဲ့” ကို ဖွဲ့စည်းလိုက်သည်
ဟု အကြံပေးအဖွဲ့ ဖွဲ့သည့် ကြေညာချက်တွင် ဖော်ပြထား၏။
အကြံပေးအဖွဲ့၏ သက်တမ်းမှာ ၁၉၆၈ ခုနှစ်၊ ဒီဇင်ဘာလမှ ၁၉၆၉ ခုနှစ် မေလ ၃၁ ရက်နေ့အထိ ခြောက်လ ဖြစ်သည်။ ထိုခြောက်လအတွင်း အကြံပေးအဖွဲ့က အစည်းအဝေး ၉၃ ကြိမ် ကျင်းပ၍ ဆွေးနွေးခဲ့ကြသည်။ အဖွဲ့ဝင်များသည် မိမိတို့၏ သဘောထားနှင့် ရပ်တည်ချက်ကို အစည်းအဝေးများ၌ ပွင့်ပွင့်လင်းလင်း တင်ပြဆွေးနွေးကြသည်။  ဆွေးနွေးသည့် ကိစ္စတိုင်းတွင်  အားလုံး၏ သဘောတူညီမှု မရသည့်အခါလည်း ရှိသည်။ ထိုသို့ သဘောတူညီမှု မရသည့်အခါတွင် ဆန္ဒမဲဖြင့်  အဆုံးအဖြတ် ယူသည့်နည်းကို မှတ်တမ်းတင်ထားသည်။ မည်သည့်အချက်တွင် အဖွဲ့ဝင်မည်သူက မည်သို့ သဘောထား ရှိသည်ဟု မှတ်တမ်းတင်ထားသည့်အတိုင်း အစီရင်ခံစာတွင် ထည့်သွင်းဖော်ပြထားသည်။ 
အစီရင်ခံစာတွင် အဖွဲ့ဝင် ၁၈ ဦး၏ အကြံပြုချက်၊ အဖွဲ့ဝင် ၁၁ ဦး၏ အကြံပြုချက်၊ ဦးကျော်ငြိမ်းပါ သုံးဦး၏ အကြံပြုချက်နှင့် ဦးနု၏ အကြံပြုချက်ဟူ၍ အစုလေးစုခွဲ၍ တင်ပြထားသည်။ အဖွဲ့ဝင် ၁၈ ဦး၏ အကြံပြုချက်တွင် ဒီမိုကရေစီဆိုရှယ်လစ်နိုင်ငံ ထူထောင်ရန် အကြံပြုထားသည်။ အဖွဲ့ဝင် ၁၁ ဦး၏ အကြံပြုချက်တွင် ဆိုရှယ်လစ် ဒီမိုကရေစီနိုင်ငံထူထောင်ရန်၊ အမျိုးသားညီညွတ်ရေး တပ်ပေါင်းစုဖွဲ့ရန်၊ အမျိုးသားညီညွတ်ရေး အစိုးရဖွဲ့ရန်၊ စီးပွားရေးတွင် စီမံကိန်း စီးပွားရေးစနစ် ကျင့်သုံးရန်၊ တိုင်းပြည်၏ ကုန်ထုတ်လုပ်ငန်းများကို စုပေါင်းပိုင်ဆိုင် ၊ စုပေါင်းထုတ်လုပ်၍ လုပ်အားနှင့်အညီ ခွဲဝေခံစားရေးမူကို ကျင့်သုံးရန်များ အကြံပြုထား၏ ဦးကျော်ငြိမ်းပါ သုံးဦးကမူ အဖွဲ့ဝင် ၁၈ ဦး၏ သဘောထား၊ အဖွဲ့ဝင် ၁၁ ဦး၏ သဘောထားများကို ယေဘုယျအားဖြင့် ၎င်းတို့ သဘောတူသော်လည်း လူမျိုးစုအရေးတွင် သဘောကွဲလွဲကြောင်း ဖော်ပြထားသည်။ လူမျိုးစုအရေးနှင့် ပတ်သက်၍ ဦးကျော်ငြိမ်းပါ သုံးဦး၏ သဘောထားမှာ ပြည်နယ်ပြည်မ မခွဲခြားဘဲ အာဏာအပြည့်အစုံရှိပြီး အင်အားတောင့်တင်းသည့် တစ်ပြည်ထောင်အစိုးရစနစ် ထူထောင်ရန်၊ မွန်နှင့် ရခိုင်တို့အား ပြည်နယ်တည်ထောင်ခွင့် မပေးရန်၊ မည်သည့်ပြည်နယ်ကိုမျှ ခွဲထွက်မပြုရန်များ အကြံပေးထားသည်။
ဦးနု၏ အကြံပြုချက်တွင် တော်လှန်ရေးအစိုးရသည် ပြည်သူလူထုက ရွေးကောက်တင်မြှောက်သည့် အစိုးရဖြစ်လာစေရန်အတွက် ဗိုလ်ချုပ်ကြီး နေ၀င်းက ဦးနုအား အာဏာပြန်အပ်ရန်၊ ထိုသို့ အာဏာပြန်အပ်ပြီးလျှင် ပါလီမန်ခေါ်၍ ဗိုလ်ချုပ်ကြီး နေ၀င်းအား အချုပ်အခြာအာဏာပိုင် သမ္မတအဖြစ် ရွေးကောက် တင်မြှောက်ရန်၊ သို့မှသာ တော်လှန်ရေး အစိုးရသည် ပြည်သူလူထုက ရွေးကောက် တင်မြှောက်သည့် အစိုးရဖြစ်လာမည်ဟု အကြံပြုထားသည်။ 
အစီရင်ခံစာ ပထမပိုင်းပါ အကြံပြုချက်များကို ထောက်ခံကြမည့် အဖွဲ့ဝင် (၁၈) ဦးမှာ အောက်ပါ ပုဂ္ဂိုလ်များ ဖြစ်ကြသည် –
၁။ ဦးနု
၂။ ဗိုလ်ခင်မောင်ကလေး
၃။ ဗိုလ်ခင်မောင်
၎။ စဝ်စိုင်းလုံ
၅။ ဒူးဝါဇော်ရစ်
၆။ ဒူးဝါဇော်လွန်း
၇။ သခင်တင်
၈။ ဦးထပ်လှိုင်း
၉။ စဝ်ပြည့်
၁၀။ ဦးဗဆွေ
၁၁။ ဗိုလ်မင်းခေါင်
၁၂။ ဦးရွှေကြိုင်
၁၃။ ဦးလွန်ပုမ်
၁၄။ စဝ်ဝဏ္ဏ
၁၅။ မန်းဝင်းမောင်
၁၆။ ဆရာသာထို
၁၇။ ဗိုလ်မှူးအောင်
၁၈။ နိုင်အောင်ထွန်း
အဖွဲ့ဝင် ၁၈ ဦး၏ အကြံပြုချက်တွင် နိုင်ငံတော်၏ ရည်မှန်းချက်ပန်းတိုင်သည် ဒီမိုကရေစီ ဆိုရှယ်လစ်နိုင်ငံထူထောင်ရန်ဟု ပထမ ဖော်ပြထားသည်။ ထို့နောက် ဒီမိုကရေစီဆိုရှယ်လစ်နိုင်ငံ၏ အဓိပ္ပာယ်ကို ဖွင့်ဆိုထားရာတွင် လူလူချင်း စီးပွားရေးအားဖြင့် ခေါင်းပုံဖြတ်၊ အမြတ်ထုတ်မှု အမျိုးမျိုးမှ ကင်းရှင်းသော၊ လူလူချင်း နိုင်ငံရေးအားဖြင့် ဖိနှိပ်ချုပ်ချယ် အနိုင်ကျင့်စိုးမိုးမှု အမျိုးမျိုးမှ ကင်းရှင်းသော၊ ပြည်သူတို့၏ ကာယ၊ ဥာဏ၊ လုပ်အားဖြင့် စီမံကိန်းချ၍ လူသုံးပစ္စည်းများကို အလျှံပယ်ထုတ်လုပ်ပြီး မိမိတို့၏ ကာယ၊ဥာဏ၊ လုပ်အားအလျောက် အကျိုးခံစားရသော လူမျိုး၊ ဘာသာ ၊ ကျား- မ မရွေး၊ ပြည်ထောင်စုသားအားလုံးသည် စားဝတ်နေရေး၊ ကျန်းမာရေး၊ ပညာရေး အစရှိသည့် လူ့အရေးအတွက် မတောင့်မတ ၊ မကြောင့်မကြရဘဲ ကာယသုခ၊ စိတ္တိသုခ နှစ်ပါးစလုံး ပြည့်စုံသော လူနေမှုစနစ် ဖြစ်သည်ဟု ဖွင့်ဆိုထားသည်။ 
ဒီမိုကရေစီဆိုရှယ်လစ် ပန်းတိုင်သို့ ချီတက်ရာတွင် ဒီမိုကရေစီဆိုရှယ်လစ် လမ်းကြောင်းအတိုင်း ချီတက်ရမည်ဟုလည်း တင်ပြထားသည်။ ဒီမိုကရေစီဆိုရှယ်လစ် လမ်းကြောင်းအတိုင်း ချီတက်ရာတွင် ပြည်သူလူထုက စိတ်ရောကိုယ်ပါ ၀မ်းမြောက်ဝမ်းသာစွာ အသိတရားဖြင့် လက်ခံကျင့်သုံးသည့် လမ်းစဉ်ဖြစ်ရန် လိုသည်ဟု ဆက်လက်ဖော်ပြထားသည်။ ထိုသို့ပြည်သူလူထုက မိမိတို့၏ အသိတရားဖြင့် လက်ခံသည့် လမ်းစဉ်ဖြစ်စေရန်အလို့ဌာ ပြည်သူလူထုအား အောက်ပါအခွင့်အရေးအာဏာနှင့် တာဝန်များ မုချမသွေ ပေးအပ်ရမည်ဟု အစီရင်ခံစာတွင် တင်ပြထားသည်။
၁။ လွတ်လပ်မှု အခွင့်အရေးများ
(က) လွတ်လပ်စွာ တွေးကြံနိုင်မှု
(ခ) လွတ်လပ်စွာပြောဆိုရေးသားနိုင်မှု
(ဂ) လွတ်လပ်စွာ ယုံကြည်နိုင်မှု
(ဃ) လွတ်လပ်စွာ ကိုးကွယ်နိုင်မှု၊ လွတ်လပ်စွာ ကျောင်း၊ ကန်၊ ဘုရား စသည်များသို့ သွားလာဝတ်ပြုနိုင်မှု
(င) လွတ်လပ်စွာ ပရိယေသန ရှာမှီးနိုင်မှု
(စ) လွတ်လပ်စွာ စည်းရုံးနိုင်မှု
(ဆ) တရားဥပဒေနှင့်သော်လည်းကောင်း၊ ငြိမ်ဝမ်ပိပြားရေးနှင့်သော်လည်းကောင်း သူတစ်ပါး၏ လွတ်လပ်ခွင့်နှင့် သော်လည်းကောင်း၊ မဆန့်ကျင်သော လွတ်လပ်စွာ ပြုမူဆောင်ရွက်နိုင်မှု
၂။ တရားမျှတမှု အခွင့်အရေးများ
(က) လူမှုဆက်ဆံရေး တရားမျှတမှု
(ခ) စီးပွားရေး တရားမျှတမှု
(ဂ) နိုင်ငံရေးတရားမျှတမှု
၃။ ညီညွတ်မှု အခွင့်အရေးများ
(က) နိုင်ငံသားတစ်ဦးနှင့် တစ်ဦး အဆင့်အတန်းညီမျှမှု
(ခ) အခွင့်အလမ်း ညီမျှမှု
(ဂ) တရားဥပဒေအရာတွင် ညီညွတ်မှု
၎။ နိုင်ငံရေးအာဏာနှင့် တာဝန်
(က) ဥပဒေပြုအာဏာနှင့် တာဝန်
(ခ) အုပ်ချုပ်ရေး အာဏာနှင့်တာဝန်
(ဂ) တရားစီရင်ရေး အာဏာနှင့် တာဝန်များသည် ပြည်သူတို့နှင့်သာတည်၍ ပြည်သူတို့ ထံမှသာ ဆင်းသက်စေရမည်။ ဤကား ဒီမိုကရေစီ ဆိုရှယ်လစ်လမ်းကြောင်း ဖြစ်သည်။ 
နိုင်ငံတော်၏ ရည်မှန်းချက် ပန်းတိုင်ကို ဖော်ပြထားပြီးနောက် အစီရင်ခံစာတွင် လောလောဆယ် လုပ်ရမည့် လုပ်ငန်းများမှာ တော်လှန်ရေးကောင်စီ အစိုးရပုံစံကို ပြည်ထောင်စုအမျိုးသား အစိုးရပုံစံ ပြောင်းရန် အကြံပြုထားသည်။ ပြည်ထောင်စု အမျိုးသားအစိုးရကို ဗိုလ်ချုပ်ကြီးနေဝင်းကပင် ခေါင်းဆောင်၍ တပ်မတော်မှပုဂ္ဂိုလ်များ၊ လူမျိုးစုများမှ ပုဂ္ဂိုလ်များ၊ နိုင်ငံရေးမှ ပုဂ္ဂိုလ်များနှင့် အခြားသင့်လျော်မည့်ပုဂ္ဂိုလ်များဖြင့်ဖွဲ့စည်းရန်လည်းတင်ပြထားသည်။ပြည်နယ်နှင့် ချင်းဝိသေသတိုင်းများ အတွက် ပြည်ထောင်စု အမျိုးသားတပ်ပေါင်းစုကြီးတစ်ခုကို ဗိုလ်ချုပ်ကြီးနေ၀င်းကပင် ဦးဆောင်၍ ဖွဲ့စည်းရန်၊ ပြည်ထောင်စု အမျိုးသား တပ်ပေါင်းစုကြီးကိုလည်း တပ်မတော်မှ ပုဂ္ဂိုလ်များ၊ လူမျိုးစုများမှ ပုဂ္ဂိုလ်များ၊ နိုင်ငံရေးမှ ပုဂ္ဂိုလ်များ၊ အခြားသင့်လျော်မည့် ပုဂ္ဂိုလ်များဖြင့်  ဖွဲ့စည်းရန်လည်း တင်ပြထားသည်။ ပြည်နယ်နှင့် ချင်းဝိသေသတိုင်းတို့တွင်လည်း ပြည်ထောင်စုအမျိုးသား တပ်ပေါင်းစုပုံစံမျိုးဖြစ်သော ပြည်နယ်အမျိုးသား တပ်ပေါင်းစုနှင့် ချင်းဝိသေသတိုင်း အမျိုးသားတပ်ပေါင်းစုတို့ကို ဗိုလ်ချုပ်ကြီးကိုယ်တိုင် ကြပ်မတ်၍ ဖွဲ့စည်းရန်လည်း အဆိုပြုထားသည်။ 
အကြံပေးအဖွဲ့၏ အစီရင်ခံစာတွင် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေဆိုင်ရာ အကြံပြုချက်လည်း ပါသည်။ ဖွဲ့စည်းအုပ်ချုပ် အခြေခံဥပဒေနှင့် ပတ်သက်၍ အကြံပေးအဖွဲ့မှ တင်ပြချက်များနှင့် အခြားဌာနများမှ တင်ပြချက်များကို စုပေါင်း၍ အမျိုးသားတပ်ပေါင်းစုကြီး၌ တင်ပြဆွေးနွေးပြီး အမျိုးသားတပ်ပေါင်းစုကြီး၏ ဝေဖန်သုံးသပ်ချက်နှင့်တကွ အခြေခံဥပဒေ အကြံပေးချက် ပေါင်းစုံကို ပြည်ထောင်စု အမျိုးသား အစိုးရ အဖွဲ့သို့ ပထမတင်သွင်းရန် အကြံပြုထားသည်။ ပြည်ထောင်စုအမျိုးသားတပ်ပေါင်းစုက တင်ပြထားသော အခြေခံဥပဒေ အကြံပေးချက်များကို ပြည်ထောင်စုအစိုးရ၏ သဘောထားများနှင့် ပေါင်းစပ်၍ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေ (မူကြမ်း) ကို ရေးဆွဲရန်၊ ထိုသို့ရေးဆွဲထားသော  ဖွဲ့စည်းပုံအခြေခံဥပဒေ (မူကြမ်း) ကို တိုင်းပြည်ပြုလွှတ်တော် ခေါ်ယူတင်သွင်းခြင်းဖြင့်သော်လည်းကောင်း၊ ပြည်သူတို့ထံမှ ဆန္ဒရယူသည့်နည်း (Referendum) ဖြင့်သော်လည်းကောင်း အတည်ပြုပြဌာန်းရန် အဆိုပြုထားသည်။ ထို့ပြင် တိုင်းပြည်ပြုလွှတ်တော် သို့မဟုတ် ပြည်သူ့ဆန္ဒခံယူပွဲမကျင်းပမီ သင့်လျော်မည့်အချိန်၌ မျှတသင့်လျော်မည့်နည်းဖြင့် ပါတီနိုင်ငံရေး လုပ်ခွင့်ပြုရန်လည်း အကြံပြုထားသည်။ 
စီးပွားရေးနှင့် ပတ်သက်၍ ခြေလေးချောင်းထောက် စီးပွားရေးစနစ် (Mixed Economy) ကို ကျင့်သုံးရန် အစီရင်ခံစာတွင် အကြံပြုထားသည်။ ခြေလေးချောင်းထောက် စီးပွားရေးစနစ်ဆိုသည်မှာ –
၁။ အစိုးရကသာ တာဝန်ယူသည့်ကဏ္ဍ
၂။ သမ၀ါယမ အသင်းအဖွဲ့များကသာ တာဝန်ယူသည့်ကဏ္ဍ
၃။ (က) နိုင်ငံတော်အစိုးရနှင့် သမဝါယမ
(ခ) နိုင်ငံတော်အစိုးရနှင့် ပုဂ္ဂလိက
(ဂ) သမ၀ါယမနှင့် ပုဂ္ဂလိကတို့ ဖက်စပ်လုပ်ကိုင်သည့် ကဏ္ဍ
၎။ ပုဂ္ဂလိက ကဏ္ဍများဖြစ်ကြောင်း ဖော်ပြထားပြီး၊  မြန်မာနိုင်ငံသည် အမြန်ဆုံးအချိန်အတွင်း စက်မှုလက်မှုနိုင်ငံ ဖြစ်လာစေရန်အတွက် လည်းကောင်း၊ လက်ရှိအခြေအနေ၌ စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများ ရှားပါးပြီး ကုန်ဈေးနှုန်းများ အဆမတန် မြင့်တက်နေခြင်းကို ဖြေရှင်းနိုင်ရန်တွက်လည်းကောင်း၊ ခြေလေးချောင်းထောက် စီးပွားရေးစနစ်ကို ကျင့်သုံးသင့်ကြောင်း ဆွေးနွေးတင်ပြထားသည်။ 
အကြံပေးအဖွဲ့၏ အစီရင်ခံစာတွင် ရေရှည်လုပ်ငန်းစဉ်နှင့် ပတ်သက်သည့် အကြံပြုချက်များလည်း ပါဝင်သည်။ နိုင်ငံရေးနှင့် ပတ်သက်၍ ဒီမိုကရေစီဆိုရှယ်လစ်ပန်းတိုင်သို့ ချီတက်ရာတွင် အတိုက်အခံ အပြိုင်အဆိုင်ကိုခွင့်ပြု၍ လူ့အခွင့်အရေး အာမခံချက်ရှိသော ပါတီစုံစနစ် (Multi-Party System) ကို ကျင့်သုံးရန် ဖော်ပြထားသည်။ အုပ်ချုပ်ရေးနှင့် ပတ်သက်၍ အရွယ်ရောက်သူတိုင်းက လွတ်လပ်စွာ လျှို့ဝှက်မဲစနစ်ဖြင့် တိုက်ရိုက်ရွေးကောက် တင်မြှောက်သော သမ္မတက အုပ်ချုပ်သည့် အစိုးရစနစ်မျိုး၊ ဥပဒေပြုရေးနှင့် ပတ်သက်၍ ပြည်သူ့လွှတ်တော်နှင့် လူမျိုးစုလွှတ်တော်ဟူ၍ လွှတ်တော်နှစ်ခုထား၍ ထိုလွှတ်တော်နှစ်ခု၏ ကိုယ်စားလှယ်များ ရွေးကောက်တင်မြှောက်ရာတွင် မဲဆန္ဒတစ်နယ်လျှင် လူထု ကိုယ်စားလှယ်တစ်ဦး (Single Member Constituency) ရွေးကောက်တင်မြှောက်သည့်စနစ်မျိုး၊ တရားစီရင်ရေးတွင် တရားစီရင်ရေး (Judiciary) သည် အုပ်ချုပ်ရေး (Executive) မှ သီးခြားကင်းလွတ်သည့် စနစ်မျိုးဖြစ်သင့်ကြောင်း အကြံပြုထားသည်။ စီးပွားရေးနှင့်ပတ်သက်၍ ရေရှည်လုပ်ငန်းတွင်လည်း ခြေလေးချောင်းထောက် စီးပွားရေးစနစ်ကိုသာ ကျင့်သုံးသင့်ကြောင်း ထပ်မံဖော်ပြထားသည်။ 
တိုင်းရင်းသားလူမျိုးစုများ အရေးနှင့် ပတ်သက်၍ ပြည်ထောင်စုမြန်မာနိုင်ငံ ဖွဲ့စည်းပုံအရ ရှိပြီးဖြစ်သော ရှမ်းပြည်နယ်၊ ပြည်နယ်၊ ကယားပြည်နယ်၊ ကော်သူလေးပြည်နယ်နှင့် ချင်းဝိသေသတိုင်း တို့ကို မူလရှိရင်းစွဲအတိုင်း လိုအပ်သည့်အာဏာ အပြည့်အစုံပေး၍ ဆက်လက် ထားရှိသင့်ကြောင်း၊ ပြည်နယ်သစ်များနှင့် ပတ်သက်လာလျှင် ဖဆပလ ပဏာမညီလာခံနှင့် တိုင်းပြည်ပြုလွှတ်တော် အစည်းအဝေးတွင် ဗိုလ်ချုပ်အောင်ဆန်း ချထားခဲ့သောမူများနှင့် ညီညွတ်လျှင် ထိုမူများအတိုင်း ပြည်နယ်နှင့် မွန်ပြည်နယ်သစ်များကို ထူထောင်ပေးသင့်ကြောင်း တင်ပြထားသည်။ 
ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေနှင့် ပတ်သက်၍ မြန်မာနိုင်ငံသည် လူမျိုးပေါင်းစုံတို့ စုပေါင်းနေထိုင်ကြသည့် နိုင်ငံဖြစ်သည့်အတွက် ပြည်ထောင်စုသမ္မတနိုင်ငံ ပုံစံမျိုးသာ ဖြစ်သင့်ကြောင်း၊ ခိုင်မာတောင့်တင်းသည့် ဗဟိုအစိုးရရှိသော သမ္မတအုပ်ချုပ်ရေးစနစ်မျိုး ဖြစ်သင့်ကြောင်း၊ အထက်ပါမူအရ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေရေးဆွဲရာတွင် ၁၉၄၇ ခုနှစ်၊ စက်တင်ဘာလ ၂၄ ရက်နေ့တွင် တိုင်းပြည်ပြုလွှတ်တော်က အတည်ပြုခဲ့သော ပြည်ထောင်စုမြန်မာနိုင်ငံ၏ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို မူတည်၍ ပြင်ဆင်ဖြည့်စွက်သင့်သည်များကို ပြင်ဆင်ဖြည့်စွက်၍ ရေးဆွဲရန် အကြံပြုထားသည်။
အကြံပေးအဖွဲ့ အစီရင်ခံစာဒုတိယပိုင်းတွင် အဖွဲ့ဝင် ၁၁ ဦး၏ အကြံပြုချက်ကို ဖော်ပြထားသည်။ ဒုတိယပိုင်းပါ အကြံပြုချက်များကို သဘောတူကြသည့် အဖွဲ့ဝင် ၁၁ ဦးမှာ –
၁။ သခင်ချစ်မောင် (ဝိဓူရ)
၂။ သခင်စံမြင့်
၃။ ဦးတင်ညွှန့်
၎။ ဦးထွန်းမြင့် (လင်းခေး)
၅။ မွန်ဖိုးချို
၆။ သခင်လွင်
၇။ သခင်လှကျွေ
၈။ သခင်လေးမောင်
၉။ ဖဒိုဝေသော
၁၀။ သခင်သင်
၁၁။ ဦးသာထွန်း
တို့ ဖြစ်ကြသည်။
အဖွဲ့ဝင် ၁၁ ဦး၏ အကြံပြုချက်တွင် နိုင်ငံတော်၏ ရည်မှန်းချက်ပန်းတိုင်သည် ဆိုရှယ်ဒီမိုကရေစီ ပန်းတိုင်ဖြစ်သည်ဟုဖော်ပြထားသည်။ဆိုရှယ်ဒီမိုကရေစီပန်းတိုင်ဆိုသည်မှာအလုပ်သမား၊ တောင်သူလယ် သမားများနှင့်အသိပညာရှင်၊အတတ်ပညာရှင်စသည့်လုပ်သားပြည်သူများ၏နိုင်ငံရေးအာဏာကို အခြေခံ သောဆိုရှယ်လစ်နိုင်ငံဖြစ်ကြောင်း၊ဆိုရှယ်လစ်စီးပွားရေးစနစ်ကိုအခြေခံသော ဆိုရယ်လစ်စီးပွားရေးစနစ်ကို လည်း ကာကွယ်စောင့်ရှောက်သော ဒီမိုကရေစီနိုင်ငံမျိုးဖြစ်ကြောင်း၊ ဆိုရှယ်လစ်ဒီမိုကရေစီ နိုင်ငံတော်ကို ထိန်းသိမ်းစောင့်ရှေ့ဆောင်သွားမည့် သူများမှာ အလုပ်သမားများနှင့် တောင်သူလယ်သမားများ ဖြစ်ကြ၍ လူလတ်တန်းစားများနှင့်အများကောင်းစားရေးကိုတည်တည်ကြည်ကြည်သစ္စာရှိရှိ လုပ်ဆောင်ကြမည့် သူများလည်း လက်တွဲပါဝင် ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း ဖွင့်ဆိုထားသည်။ မြန်မာနိုင်ငံ၌ ပါလီမန်ဒီမိုကရေစီနည်းဖြင့်ဆိုရှယ်လစ်စနစ်ထူထောင်ရန်ကြိုးပမ်းခဲ့ရာတွင် မြန်မာ့ပါလီမန်ဒီမိုကရေစီစနစ်၏ ပျော့ကွက်များ၊ အလွဲသုံးစားမှုနှင့် ပြည်သူတို့၏ နိုင်ငံရေးအသိ မရင့်ကျက်မှုများကြောင့် ဆိုရှယ်လစ်ပန်းတိုင်ကို မျက်ခြည်ပြတ်၍ ဆိုရှယ်လမ်းစဉ်မှ သွေဖယ်လာရုံမက ဆန့်ကျင်ဘက်ဆီသို့ပင် ရောက်မှန်းမသိ ရောက်လာကြောင်း၊ မြန်မာ့ပါလီမန် ဒီမိုကရေစီမျိုးနှင့်ဆိုလျှင် ပြည်သူတို့၏ မျှော်မှန်းအပ်သော ဆိုရှယ်လစ်စီးပွားရေးစနစ်ကို အထောက်အကူပြုသော ကာကွယ်စောင့်ရှောက်သော ဒီမိုကရေစီမျိုးသာလျှင် မြန်မာနိုင်ငံအတွက် သင့်လျော်မည်ဟု ယုံကြည်ကြောင်း ဖော်ပြထားသည်။ 
ဆိုရှယ်လစ်ဒီမိုကရေစီပန်းတိုင်သို့ ချီတက်ရာတွင် အရင်းရှင်၊ မြေရှင်စနစ်ကို ဖျက်သိမ်းပြီး ဆိုရှယ်လစ်စနစ်၏ ဦးတည်ချက်ကို ပေါင်းကူးပေးမည့် အသွင်ကူးပြောင်းရေး ကာလတစ်ရပ် ရှိရမည်ဖြစ်ကြောင်း ၊ စီးပွားရေးနှင့် ပတ်သက်၍ လယ်ယာမြေ ဝေခြမ်းရေးကို စနစ်တကျ စီမံကိန်းချ၍ ဆောင်ရွက်ရန်၊ နိုင်ငံတော်လယ်ယာ၊ စုပေါင်းလယ်ယာ၊ သမ၀ါယမလယ်ယာ စသည့် စံပြလယ်ယာအဖွဲ့ အစည်းများ ထူထောင်ရန်၊ ရေနံ၊ သတ္တု၊ လျှပ်စစ်၊ ဓာတုဗေဒ၊ စက်မှုပစ္စည်း ကိရိယာများထုတ်လုပ်ရေး စသည့် အကြီးစားစက်မှုလုပ်ငန်းတို့ကို နိုင်ငံပိုင် စီမံကိန်းလုပ်ငန်းအဖြစ် ဆောင်ရွက်ရန်၊ နိုင်ငံခြား သွင်းကုန်ထုတ်ကုန် လုပ်ငန်းများကို ပြည်သူပိုင်လုပ်ငန်းအဖြစ် အခိုင်အမာ တိုးတက်စေရန်၊ နိုင်ငံခြား ငွေပင်ငွေရင်း မြုပ်နှံမှုကို လုံးဝလက်မခံရန်၊ စိုက်ပျိုးရေးကို အခြေခံ၍ စက်မှုနိုင်ငံထူထောင်ရေးကို ဦးစားပေးဆောင်ရွက်ရန်များ အကြံပေးထားသည်။ 
ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ပတ်သက်၍ အဖွဲ့ဝင် ၁၁ ဦး၏ သဘောထားကို အောက်ပါအတိုင်း ဖော်ပြထားသည် – 
(၁) ပြည်ထောင်စုမြန်မာနိုင်ငံသည် အလုပ်သမား၊ တောင်သူလယ်သမားတို့၏ မဟာမိတ် ဖွဲ့စည်းမှုအပေါ်တွင် အခြေခံသည့် လုပ်သားပြည်သူအပေါင်းတို့၏ ဆိုရှယ်လစ်သမ္မတနိုင်ငံ ဖြစ်ရမည်။ 
(၂) ပြည်ထောင်စုဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံကို လုံးဝကိုယ်ပိုင်အုပ်ချုပ် ပြဌာန်းခွင့်ရှိသော ပြည်နယ်များဖြင့်သာ ရာသက်ပန် မခွဲတမ်း၊ တန်းတူရည်တူ ဖွဲ့စည်းတည်ထောင်ထားသော ပြည်ထောင်စု ဖြစ်ရမည်။ လူမျိုးစုအုပ်စုကြီး တစ်ခုအတွင်းရှိ စုစုစည်းစည်း နေထိုင်သော လူနည်းစုဒေသများတွင် အမျိုးသားကိုယ်ပိုင်အုပ်ချုပ်ရေး ဒေသကလေးများကို ဖွဲ့စည်းပေးရမည်။
(၃) ပြည်ထောင်စုဆိုရှယ်လစ်သမ္မတနိုင်ငံ၏ အချုပ်အခြာအာဏာသည် လုပ်သားပြည်သူ အပေါင်းတို့မှ ဆင်းသက်စေ၍ ပြည်ထောင်စု ပြည်သူ့လွှတ်တော်၊ လူမျိုးစုလွှတ်တော်တို့ကို အရွယ်ရောက်သူတိုင်းက လူမျိုး၊ ဘာသာ မရွေး လျှို့ဝှက်စွာ မဲပေးဖွဲ့စည်းနိုင်ခွင့် ရှိသည်။ 
(၄) လုံးဝကိုယ်ပိုင်ပြဌာန်းခွင့်ရှိသော ပြည်နယ်တိုင်းသည် ပြည်ထောင်စု ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေကြီးနှင့် အညီ ဖွဲ့စည်းပုံစည်းမျဉ်း ကိုယ်စီကို ရေးဆွဲပိုင်ခွင့် ရှိ၍ ၊ဗဟိုပြည်ထောင်စုမှ လွှဲအပ်ပေးသော အခွင့်အာဏာအားလုံးကို လုံးဝလွတ်လပ်စွာ သုံးစွဲပိုင်ခွင့် ရှိစေရမည်။ 
(၅) ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတွင် ရှေ့ဆောင်အပ်သော လုပ်သား ပြည်သူတို့၏ နိုင်ငံရေးပါတီကြီး တစ်ခုသာ ရှိစေ၍ အခြားဥပဒေအရ သတ်မှတ်ထားသော လူထုလူတန်းစား လူမျိုးရေး၊ လူမှုရေး စာပေယဉ်ကျေးမှု စသည့် အဖွဲ့အစည်းများ ရှိစေရမည်။ 
(၆) ရှေ့ဆောင်ပါတီ၏ ခေါင်းဆောင်မှုဖြင့် ဖွဲ့စည်းအပ်သော လုပ်သားပြည်သူတို့၏ ညီညွတ်ရေး တပ်ပေါင်းစုကြီးဖြင့် နိုင်ငံရေး ဦးဆောင်မှုကို ဒီမိုကရေစီဗဟိုဦးစီးစနစ်ဖြင့် ခေါင်းဆောင်မှု ပေးရမည်။
(၇) ရှေ့ဆောင်ပါတီကြီးအတွင်း လုပ်သားပြည်သူတို့၏ အမျိုးသားတပ်ပေါင်းစုကြီးအတွင်း ပြည်သူတို့၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ဘ၀များအတွင်းတွင် ဒီမိုကရေစီ ဗဟိုဦးစီးစနစ်အရ ဒီမိုကရေစီ အခွင့်အရေးများကို ဝေဖန်ရေး၊ ကိုယ့်ကိုယ်ကို ဝေဖန်ရေး စနစ်အရ လုံးဝလွတ်လပ်စွာ ကျင့်သုံးနိုင်ခွင့် ရှိရမည်။ 
(၈) မြန်မာ့ဆိုရှယ်လစ် ပြည်ထောင်စုသမ္မတနိုင်ငံသည် လုပ်သားပြည်သူတို့၏ အကျိုးစီးပွားအတွက် မြေယာနှင့် ကုန်ထုတ်လုပ်ငန်းများ အားလုံးကို ပြည်သူပိုင်ပြုလုပ်၍ စီးပွားရေး စီမံကိန်း စနစ်ကို အခြေခံကာ တိုးတက်ဖွံ့ဖြိုးသော ဆိုရှယ်လစ်နိုင်ငံ ထူထောင်ရေးကို ဦးတည်လျက် –
(က) ပြည်သူပိုင် စီးပွားရေးကဏ္ဍ၊
(ခ) သမဝါယမ၊ စုပေါင်းလယ်ယာအဖွဲ့၊ နိုင်ငံတော်လယ်ယာအဖွဲ့များကဏ္ဍ၊
(ဂ) မိမိအတတ်ပညာ၊ မိမိလုပ်အားဖြင့် အသက်မွေးသော ပုဂ္ဂလိက လက်မှုအတတ် ပညာသည်များနှင့် အသေးစားကုန်သွယ်ရေးလုပ်ငန်းများ၏ ကဏ္ဍ၊
(ဃ)အသုံးပြုကန့်သတ်၍ဘဝပြောင်းလဲနေသောပုဂ္ဂလိကအရင်းရှင် ကုန်ထုတ်လုပ်ငန်း များ ကဏ္ဍဟူ၍ ဖြစ်ရမည်။
(၉) ပြည်ထောင်စုဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံသည် ပြည်သူတို့အား အောက်ပါ လူ့အခွင့်အရေးကြီး ငါးရပ်ကို အာမခံနိုင်ရန်အတွက် အစွမ်းကုန် ကြိုးစားရမည်။ 
(က) အလုပ်လုပ်ပိုင်ခွင့်
(ခ) အနားယူပိုင်ခွင့်
(ဂ) ပညာသင်ကြားပိုင်ခွင့်
(ဃ) အိုနာစာပင်စင် ရပိုင်ခွင့် တို့ ဖြစ်သည်။
(၁၀) ပြည်တွင်း အုပ်ချုပ်ရေးစနစ်တွင် ပြည်ထောင်စု တစ်ဝှမ်းလုံး ပြည်သူတို့က ရွေးကောက်ဖွဲ့စည်းသော ပြည်သူ့အုပ်ချုပ်ရေး ကောင်စီများနှင့်သာ အဆင့်ဆင့် ဖွဲ့စည်းအုပ်ချုပ်ရမည်။ 
(၁၁) ပြည်ထောင်စုတ၀ှမ်းလုံးတွင်  ကုန်း၊ရေ၊ လေ တပ်မတော်တစ်ခုတည်းသာရှိ၍ ဆိုရှယ်လစ် အကျိုးစီးပွားကို နိုင်ငံရေးအသိတာဝန်ဖြင့်  ကာကွယ်သော ပြည်သူ့တပ်မတော်ကြီးသာ ဖြစ်စေရမည်။
(၁၂) ပြည်ထောင်စုဆိုရှယ်လစ်သမ္မတနိုင်ငံတွင် ပြည်သူ့ပါလီမန်ကို တာဝန်ခံသော တရားလွှတ်တော်ချုပ်မှသည် အဆင့်ဆင့်သော ပြည်သူ့တရားစီရင်ရေးအဖွဲ့ရုံးများကို ဖွဲ့စည်း၍ ပြဌာန်းထားသော တော်လှန်ရေး တရားဥပဒေများနှင့်အညီ လွတ်လပ်စွာ တရားစီရင်ပိုင်ခွင့် ရှိရမည်။ 
(၁၃) ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း မည်သည့်ယုံကြည်ကိုးကွယ်မှုဆိုင်ရာ မည်သည့်ဘာသာ မဆို လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့် ရှိရမည်။ သို့သော်နိုင်ငံရေးနှင့် ဘာသာရေးတို့ ရောနှောရှုပ်ထွေးမှု မရှိစေရ။
(၁၄) ပြည်ထောင်စုဆိုရှယ်လစ် မြန်မာနိုင်ငံအတွင်းတွင် စာပေ၊ ယဉ်ကျေးမှု၊ အနုပညာများကို တိုးတက်ပြန့်ပွားရေးနှင့် အထူးသဖြင့် သိပ္ပံပညာရပ်များနှင့် စက်မှုအတတ်ပညာများ ထူးခြားစွာ  ပြန့်ပွားတိုးတက်ရေးအတွက် နိုင်ငံတော်သည် အစွမ်းကုန်ကြိုးစားရမည်။
(၁၅) အခြေခံဥပဒေသစ်ကို နောက်ဆုံးတရားဝင် ပြည်သူ့ဆန္ဒ ခံယူပွဲကြီးဖြင့် အတည်ပြု ပြဌာန်းရမည်။
(၁၆) အခြေခံဥပဒေသစ်ကို ပြည်သူ့လွှတ်တော်နှင့် လူမျိုးစုလွှတ်တော် သုံးပုံနှစ်ပုံ၏ ဆုံးဖြတ်ချက်နှင့်သာ ပြင်ဆင်နိုင်ရမည်။
အစီရင်ခံစာတွင်ဦးကျော်ငြိမ်း၊သခင်ချစ်မောင်(မြန်အောင်)နှင့်သခင်သာခင်တို့၏ သီးခြားသဘော ထား စာတမ်းလည်းပါသည်။ ဦးကျော်ငြိမ်းတို့ သုံးဦးက အဖွဲ့ဝင် ၁၈ ဦး၏ သဘောထား ၊ အဖွဲ့ဝင် ၁၁ ဦး၏ သဘောထားများကို ယေဘုယျအားဖြင့် သဘောတူသော်လည်း လူမျိုးစုများ အရေးတွင် သဘောကွဲလွဲကြောင်း ဖော်ပြထားသည်။ ဦးကျော်ငြိမ်းတို့ သုံးဦး၏ စာတမ်းတွင် တိုင်းရင်းသားလူမျိုး အသီးသီးဖြင့် ပေါင်းစပ်ဖွဲ့စည်းထားသော ပြည်ထောင်စုမြန်မာနိုင်ငံအား သာယာဝပြောပြီး စည်းလုံး၍ တည်တံခိုင်မြဲသော နိုင်ငံဖြစ်လာစေရန်မှာ တိုင်းရင်းသားအားလုံး၏ ချစ်ကြည်ရေး၊ သွေးစည်း ညီညွတ်ရေးသည် အခြေခံလိုအပ်ချက်ကြီး ဖြစ်ကြောင်း ၊ တိုင်းရင်းသားအားလုံးက အေးအတူပူအမျှ ဥမကွဲသိုက်မပျက် ရာသက်ပန် ပူးပေါင်းနေထိုင်ကြမည်ဟု သန္နိဋ္ဌာန်ချထားဖို့လည်း လိုကြောင်း၊ သို့မှသာ တိုင်းရင်းသားအချင်းချင်း ယုံယုံကြည်ကြည်နှင့် ပြည်ထောင်စုကြီး၏ အကျိုးကို လက်တွဲ၍ လုပ်ကိုင်သွားနိုင်ကြမည်ဖြစ်ကြောင်း၊ လူမျိုးစုများ အရေးနှင့် ပတ်သက်သည့် အခြေံသဘောထားကို ပထမဖော်ပြသည်။ ထို့နောက် အောက်ပါအချက်များကို အကြံပြုထားသည်။
(၁) ယိုးဒယား (ထိုင်း) ၊မြောက်ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့ကဲ့သို့ မြန်မာပြည်တွင် ပြည်မပြည်နယ်မခွဲဘဲ အာဏာအပြည့်အစုံရှိသည့် အင်အား တောင့်တင်းသည့် တစ်ခုတည်းသော တစ်ပြည်ထောင် အစိုးရစနစ်ကို တင်မြှောက် စေသင့်ပါသည်။
(၂) သမ္မတတစ်ဦးကို မည်သည့် တိုင်းရင်းသားထဲကမဆို ရွေးကောက် တင်မြှောက်စေ၍ ဒုတိယသမ္မတ တစ်ဦးကို မြန်မာမဟုတ်သူ တိုင်းရင်းသားထဲမှ ရွေးကောက် တင်မြှောက် ထားသင့်ပါသည်။
(၃) အင်္ဂလန်ပြည်တွင် စကော့တလန်ပြည်နယ်ဆိုင်ရာ ၀န်ကြီးထားသကဲ့သို့ သမ္မတ၏ အစိုးရအဖွဲ့တွင်လည်း ရှမ်းရေးရာဝန်ကြီး ၊ ကရင်ရေးရာဝန်ကြီး၊ ကချင်ရေးရာဝန်ကြီး၊ ချင်းရေးရာဝန်ကြီး၊ ရခိုင်ရေးရာဝန်ကြီး စသည်တို့ကို သက်ဆိုင်ရာ အမျိုးသားထဲမှ ခန့်ထားသင့်သည်။ 
(၄) တိုင်းရင်းသားညီညွတ်ရေးနှင့် တိုင်းရင်းသားယဉ်ကျေးမှုဆိုင်ရာ ၀န်ကြီးဌာနတစ်ခုကိုလည်း ဖွဲ့စည်းသင့်ပါသည်။
(၅) လက်ရှိပြည်နယ် ငါးနယ်တို့တွင်လည်းကောင်း၊ မြေပြန့်ရှိ တိုင်းကြီး ခုနှစ်တိုင်းတွင် လည်းကောင်း၊ လူထုက ရွေးကောက်တင်မြှောက်သော –
(က) တိုင်းအစိုးရ
(ခ) ခရိုင်အစိုးရ
(ဂ) ခရိုင်ခွဲအစိုးရ
(ဃ) မြို့နယ်နှင့် မြို့မအစိုးရ
(င) ရွာအစိုးရ
စသည်တို့ကို တည်ထောင်သင့်ပါသည်။ ထိုအစိုးရ အသီးသီးတို့အား ကိုယ်ပိုင်အုပ်ချုပ်ရေး အာဏာများကို အဆင့်ဆင့်ပေးအပ်သင့်ပါသည်။ လူမျိုးစုများအား မိမိတိုင်းရင်းသား ဘာသာစကားများကို ကျောင်းများ၌ သင်နိုင်ခွင့်နှင့် ယဉ်ကျေးမှုဓလေ့ထုံးစံများကို ထိန်းသိမ်းနိုင်ခွင့် စသော အခွင့်အရေးများကို အဆင့်ဆင့် ပေးအပ်သင့်ပါသည်။ 
(၆) တိုင်း၊ ခရိုင်၊ မြို့နယ် စသည်ဖြင့် နယ်နိမိတ် သတ်မှတ်ရာတွင် တူညီသော လူမျိုးစုများ နေရာဒေသ နယ်နိမိတ်အတိုင်း တတ်နိုင်သလောက် ကိုက်ညီစွာ သတ်မှတ်သင့်ပါသည်။ ဤနည်းအားဖြင့် ဒီမိုကရေစီ အုပ်ချုပ်ရေးမူ (Local Democratic Administration) နှင့် လူမျိုးစုအသီးသီးတို့ ကိုယ်ပိုင်အုပ်ချုပ် ခွင့်နှင့်  ယဉ်ကျေးမှုလွတ်လပ်ခွင့် (Administrative and Cultural Autonomy) နှစ်ခုတို့ကို ပူးပေါင်း၍ အကောင်အထည်ဖော်ရန် ဖြစ်သည်။ ဤနည်းအားဖြင့်ရခိုင်တိုင်းနှင့် သထုံခရိုင်တို့၌ရှိသော မွန်ဒေသသည် ကိုယ်ပိုင်အုပ်ချုပ်ရေး အထူးဒေသ ဖြစ်လာပါလိမ့်မည်။
ဦးကျော်ငြိမ်းတို့ သုံးဦး၏ စာတမ်းတွင် လက်ငင်းလုပ်ငန်းစဉ်နှင့် ပတ်သက်သည့် အောက်ပါ သဘောထားများလည်း ပါသည်။
၁။ ပြည်နယ်ဥက္ကဌများနှင့် ဝန်ကြီးများအား သင့်တော်သော အာဏာများ တိုးချဲ့ပေးအပ်ရန်
၂။ ရခိုင်လူထုခေါင်းဆောင်များပါသည့် အကြံပေးအဖွဲ့ ဖွဲ့စည်းရန်
၃။ မွန်အမျိုးသားတို့၏ ဒေသဆိုင်ရာ ပြဿနာများကို ဖြေရှင်းနိုင်ရန် မွန်ရေးရာ အကြံပေး အဖွဲ့ ဖွဲ့စည်းရန်
၎။ မွန်နှင့် ရခိုင်တို့အား လည်းကောင်း၊ အခြားမည်သည့်ဒေသကိုမှ လည်းကောင်း၊ ပြည်နယ်ဖွဲ့ခွင့် မပေးရန်
၅။ မည်သည့်ပြည်နယ်ကိုမှ ခွဲထွက်ခွင့် မပြုရန်
၆။ မြန်မာပြည်မနှင့် ပြည်နယ်များအကြား ပေါ်ပေါက်လာသည့် ပြဿနာများကို စေတနာ သဒ္ဒါတရားနှင့် ရိုးသားစွာ မိသားစုစိတ်ဓာတ်ဖြင့် စည်းလုံးညီညာ ၀ိုင်းဝန်းဖြေရှင်းရန်
ပြည်တွင်းညီညွတ်ရေး အကြံပေးအဖွဲ့၏ သတ္တမအကြိမ် အစည်းအဝေး ကျင်းပသည့် ၁၉၆၈ ခုနှစ်၊ ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဦးနုက အမျိုးသားအဖွဲ့တစ်ဖွဲ့ကို ချက်ချင်းဖွဲ့စည်းပြီး အရေးကြီးသည့် ပြဿနာများကို ဖြေရှင်းရေးနှင့် ပတ်သက်သော အကြံပေးချက် စာတမ်းတစ်စောင်ကို အကြံပေးအဖွဲ့သို့ စီးပွားရေး၊ ငွေရေးကြေးရေး၊ လူမှုဖူလုံရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး စသည့် ပြဿနာများကို ဖြေရှင်းနိုင်ရေးအတွက် ဗိုလ်ချုပ်ကြီး နေဝင်း ခေါင်းဆောင်သော အမျိုးသားအစိုးရ အဖွဲ့တစ်ဖွဲ့ကို ချက်ချင်းအရေးတကြီး ဖွဲ့စည်းရန်၊ ထိုသို့ဖွဲ့စည်းနိုင်ရန်အတွက် ဗိုလ်ချုပ်ကြီး နေဝင်းအား အချုပ်အခြာအာဏာပိုင် သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ရန်၊ သို့မှသာ တော်လှန်ရေးအစိုးရသည် ပြည်သူလူထုက ကြည်ဖြူစွာ တင်မြှောက်ထားသော အစိုးရဖြစ်လာမည်ဟု ဖော်ပြထားသည်။ ဗိုလ်ချုပ်ကြီး နေ၀င်းခေါင်းဆောင်သော အမျိုးသားအစိုးရက အမျိုးသားညီလာခံတစ်ရပ် ခေါ်ယူကာ ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲရေးကိစ္စကို အလေးအနက် စဉ်းစားဆွေးနွေးသင့်ကြောင်းလည်း ဦးနု၏ စာတမ်းတွင် တိုက်တွန်းထားသည်။ အမျိုးသားအစိုးရ ဖွဲ့ပြီးသည့် အချိန်မှစ၍ တစ်ပါတီစနစ်ကို ဖျက်သိမ်းရန်လည်း အကြံပြုထားသည်။ မြန်မာနိုင်ငံ ရင်ဆိုင်နေရသည့် ပြဿနာများကို ဖြေရှင်းမည်ဆိုလျှင် နိုင်ငံရေးသမားများ မပါလျှင်  မဖြစ်၊ ပါလီမန်ဒီမိုကရေစီနည်းဖြင့် မဖြေရှင်းလျှင်လည်းမဖြစ် ဟု သူယုံကြည်သည့်အတွက် ယခုကဲ့သို့ အကြံပေးရကြောင်းလည်း ဦးနုက တင်ပြထားသည်။ 
ဦးနု၏ စာတမ်းကို မန်းဝင်းမောင်၊ ဗိုလ်ခင်မောင်ကလေးနှင့် သခင်တင်တို့က ပြင်ဆင်ဖြည့်စွက်ချက် များကိုလည်း အစီရင်ခံစာတွင်  ထည့်သွင်းဖော်ပြထားသည်။ အထက်ပါ သဘောထားများပါသည့် အကြံပေးအဖွဲ့၏ အစီရင်ခံစာကို ၁၉၆၉ ခုနှစ်၊ မေလ ၃၁ ရက်နေ့ ရက်စွဲဖြင့်  တော်လှန်ရေးကောင်စီသို့ တင်သွင်းသည်။
အကြံပေးအဖွဲ့၏ အစီရင်ခံစာအပေါ် တော်လှန်ရေးကောင်စီ၏ အမြင်
အကြံပေးအဖွဲ့၏ အစီရင်ခံစာအပေါ် တော်လှန်ရေးကောင်စီ၏ အမြင်နှင့်သဘောထားကို ၁၉၆၉ ခုနှစ်၊ စတုတ္ထအကြိမ်မြောက် ပါတီနှီးနှောဖလှယ်ပွဲတွင် မိန့်ကြားသော လမ်းစဉ်ပါတီ ဥက္ကဌ ဗိုလ်ချုပ်ကြီး နေ၀င်း၏ အဖွင့်မိန့်ခွန်းတွင် အောက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့သည်။ 
“၃၃ ဦး အကြံပေးအဖွဲ့၊ အကြံပေးပါဆိုပြီး ကျွန်တော်တို့ မေတ္တာရပ်ခံတုန်းက ဦးနုအနေနဲ့ ကျွန်တော်တို့ကို တင်ပြသွားတာ ရှိတယ်။ အတိုပဲ ချုပ်ပြောပါမယ်။ ကျွန်တော်က သမ္မတလုပ်၊ အစိုးရအဖွဲ့ကိုပြင်ဖွဲ့၊ ဥပဒေပြုအာဏာကို အဲဒီ ၃၃ ဦး ဖွဲ့သော်လည်းကောင်း၊ သို့မဟုတ် ၃၃ ဦးအပြင် အခြားပုဂ္ဂိုလ်တွေပါထည့်၊ ထည့်ပြီးတော့ ဥပဒေပြုဖို့ ပြုလာတယ်။ … အဲဒီတော့ ကျန်နေတဲ့ ၃၂ ဦးမှာ ၁၁ ဦးနဲ့ ၂၁ ဦးတို့ပေါ့ခင်ဗျား။ အဲဒီ ၂၁ ဦးတင်တာကလဲပဲ အလုပ်သမား လယ်သမားရဲ့အကျိုး သယ်ပိုးပါမယ်ဆိုတဲ့ ဥစ္စာမပါဘူး။ ခုနက ဦးနု တင်သလို  အတိအလင်းတော့ မဆိုးဘူးပေါ့ခင်ဗျား။ ဘယ်လူတန်းစားကို အကျိုးပြုမယ်လို့၊ သို့ပေမယ်လို့ အသိသာချည်းပဲ။ သဗ္ဗနာမ် ပေါင်းခြုံလိုက်တဲ့အခါကျတော့ အရေးအကြီးဆုံးဟာ ဘယ်လူတန်းစားကို အကျိုးပြုမလဲ၊ အဲဒီလူတန်းစားကို အကျိုးပြုမယ့် ကိစ္စကတော့ ကျွန်တော်တို့နဲ့ ဖီလာ၊ ဘယ်နှယ်မှမရဘူး…. နောက်ကျန်တဲ့ ၁၁ ယောက်ကတော့ ကျွန်တော်တို့နဲ့ နီးစပ်ပါတယ်”
၁၉၇၁ ခုနှစ် ပထမအကြိမ် ပါတီညီလာခံသို့ တင်သွင်းသည့် ပါတီစည်းရုံးရေး ဗဟိုကော်မတီ၏ နိုင်ငံရေး အစီရင်ခံစာတွင်လည်း –
“ပြည်တွင်းညီညွတ်ရေး အကြံပေးအဖွဲ့သည် ဆိုရှယ်လစ်စနစ် တည်ဆောက်ရေးနှင့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးတို့နှင့် ပတ်သက်၍ ထိရောက်သည့် အကြံဥာဏ်များကို ပေးနိုင်ခဲ့ခြင်း မရှိပေ”ဟု သုံးသပ်တင်ပြထားသည်။
အမှန်တကယ်ပြည်တွင်းညီိညွတ်ရေးအတွက်ဖွဲ့  ခဲ့ခြင်းမဟုတ်ဘဲ၊တော်လှန်ကောင်စီအပေါ် ဝါရင့်နိုင်ငံရေး သမားကြီးများမည်သို့ သဘောထားရှိသည်ကိုသိလို၍ ဖွဲ့ ခဲ့ခြင်းဖြစ်ကြောင်းသိသာလှပေသည်။
စာကိုး
၁။ အကြံပေးအဖွဲ့အစီရင်ခံစာ ၊ စာ – ၃
၂။ အကြံပေးအဖွဲ့အစီရင်ခံစာ ၊ စာ – ၇
၃။ အကြံပေးအဖွဲ့အစီရင်ခံစာ ၊ စာ – ၃၅
၎။ အကြံပေးအဖွဲ့အစီရင်ခံစာ ၊ စာ – ၃၁ – ၅၁
၅။ အကြံပေးအဖွဲ့အစီရင်ခံစာ ၊ စာ – ၄၁ – ၅၁
၆။ အကြံပေးအဖွဲ့အစီရင်ခံစာ ၊ စာ – ၁၇၊ ၆၄၊ ၇၆
*၁၈ ဦးနှင့် ဦးကျော်ငြိမ်းပါ သုံးဦးကို ဆိုလိုသည်။
၇။ စတုတ္ထအကြိမ်မြောက် ပါတီနှီးနှောဖလှယ်ပွဲ ဖွင့်လှစ်ရာတွင် မိန့်ကြားသော ပါတီဥက္ကဌ ဦးနေဝင်း၏ မိန့်ခွန်း ၊ ၁၉၆၉၊ စာ – ၅၃၊၅၅
၈။ ၁၉၇၁ ပါတီညီလာခံ ၊ စာ – ၉၈

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Related posts

Tags: ,

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:သန်းဝင်းလှိုင်

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ

By

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ မိုးမခစာအုပ်စင်၊ ဒီဇင်ဘာ ၈၊...

Read more »

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ

By

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၄၊ ၂၀၁၈ မိုးမခစာပေက ထုတ်ဝေပြီး...

Read more »

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ

By

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ (မိုးမခစာအုပ်စင်) အောက်တိုဘာ ၁၈၊ ၂၀၁၈...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ (မိုးမခ) အောက်တိုဘာ ၁၂၊ ၂၀၁၈ မိုးမခစာပေက...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

Tags

(all tags)