Than Win Hlaing – Articles

May 21, 2013

သမိုင်းတကွေ့မှ နိုင်ငံခြားသားများ (လော့ဒ်ဒါလဟိုစီ)
သန်းဝင်းလှိုင်
မေ ၂၁၊ ၂၀၁၃

၁၈၄၈ ခုနှစ် မှ ၁၈၅၆ ခုနှစ်အထိ အိန္ဒိယဘုရင်ခံချုပ် (Governor-General of India) အဖြစ် ထင်ရှားခဲ့သော လော့ဒ်ဒါလဟိုစီ (The Marquis of Dalhousie) ၏ အမည်အရင်းမှာ ဂျိမ်းစ်အင်ဒရူးဘရောင်းရမ်ဆေး (James Andrew Brown-Ramsay) ဖြစ်သည်။ သူသည် ဒါလဟိုစီမြို့စားဘွဲ့ကို ၁၈၃၈ ခုနှစ်၌ ရရှိခဲ့သည်။
သူ့လက်ထက်တွင် ဒုတိယအင်္ဂလိပ်-မြန်မာစစ်ပွဲ ၁၈၅၂ ခုနှစ် ဧပြီလ ၅ ရက်နေ့တွင် စတင်ဖြစ်ပွားခဲ့ရသည်။ စစ်ဖြစ်ရသည့်အကြောင်းမှာ ၁၈၅၁ ခုနှစ် ဖေဖော်ဝါရီလတွင် ပေါ့တာ (Mr. H. Potter) ဆိုသူက ရန်ကုန်မြို့ မြန်မာအရာရှိများသည် သူ၏ သင်္ဘောတည်ဆောက်ရေးလုပ်ငန်းကို နှောင့်ယှက်တားဆီးလျက်ရှိသည့်အပြင် ၁၈၂၆ ခုနှစ်၌ ချုပ်ဆိုခဲ့သော ကူးသန်းရောင်းဝယ်ရေးစာချုပ်နှင့် မလျော်ညီဘဲ ငွေများစွာကို အတင်းပေးဆောင်စေခဲ့ကြောင်း တနင်္သာရီတိုင်းဝန်ရှင်တော်မင်းကြီးထံ တိုင်ကြားခဲ့သည်။ ထိုသို့တိုင်ကြားခြင်းမှာ မှန်မှန်ကန်ကန် တိုင်ကြားခြင်း ဟုတ်မဟုတ် တနင်္သာရီဝန်ရှင်တော်မင်းကြီးကလည်း စုံစမ်းသမှုမပြု၊ မိမိ၏အမျိုးသားများတိုင်ကြားသမျှ အမှန်သာဖြစ်ရမည်ဟူသော သဘောဖြင့် အိန္ဒိယဘုရင်ခံချုပ် လော့ဒ်ဒါလဟိုစီထံသို့ ထပ်ဆင့်တိုင်ကြားပေးလေသည်။
တဖန် ၁၈၅၅ ခုနှစ် ဇွန်လတွင် `မိုးနတ်´ (Monarch) အမည်ရှိ သင်္ဘောပိုင်ရှင် ရှက်ပက် (Robert Sheppard) က သူ့အားမြန်မာအရာရှိတို့က အနှောင့်အယှက်ပေးရုံမျှမက လူသတ်မှုဖြင့် မှားယွင်းစွာ စွဲချက်တင်လျက် မတရားသဖြင့် ဒဏ်ငွေများကို ပေးဆောင်စေကြောင်း တိုင်တန်းခဲ့ပြန်သည်။
ထို့နောက် ချန်ပီယံ (Champion) အမည်ရှိ သင်္ဘောမှ ကပ္ပတိန်လွစ် (Capt. Harold Lewis) ဆိုသူကလည်း ၁၈၅၁ ခုနှစ် စက်တင်ဘာလအတွင်းက ရန်ကုန်မှ မြန်မာအရာရှိများသည် သူ့ထံမှ ငွေညှစ်ယူကာ သူ့အား လူသတ်မှုကျူးလွန်သည်ဟု မှားယွင်စွာ စွပ်စွဲခဲ့ကြောင်း တိုင်တန်းစာတစ်စောင် ပို့ပြန်သည်။
တချိန်တည်းမှာပင် ရန်ကုန်မြို့၌ နေထိုင်လျက်ရှိကြသော ဥရောပတိုက်သားများကလည်း မြန်မာအာဏာပိုင်များ၏ မတရားပြုမှု၊ ညှဉ်းပန်းမှုဒဏ်ကို ကာလကြာမြင့်စွာပင် ခံစားလျက်ရှိသည့်အကြောင်း ဖော်ပြပါရှိသော စာတစ်စောင်ကို အိန္ဒိယဘုရင်ခံချုပ် ဒါလဟိုစီထံ ရေးသားပေးပို့ပြန်သည်။
နဂိုကပင် ဒါလဟိုစီသည် ရှေ့တိုးပေါ်လစီ (၀ါ) နယ်ချဲ့ပေါ်လစီကို လက်ကိုင်ပြုထားသုဖြစ်သည်။ သူသည် မြန်မာနိုင်ငံကို တတ်နိုင်သရွေ့ ဖဲ့ယူရန် အာသီသရှိသူဖြစ်ပြီး အင်္ဂလိပ်တို့အဖို့ သိက္ခာမကျဘဲ ဂုဏ်ရှိရှိဖြင့် အကြောင်းပြတိုက်ခိုက်ရန် အခါအခွင့်ကို စောင့်စားနေသူဖြစ်သည်။
ထို့နောက် တိုင်ကြားချက်အဖုံဖုံကို လက်ခံရပြီးနောက် အိန္ဒိယဘုရင်ခံချုပ် လော့ဒ်ဒါလဟိုစီသည် ဟံသာဝတီဝန်ကြီးနှင့် တွေ့ဆုံအရေးဆိုရန် ကွန်မိုဒိုလင်းဘတ်အား ၁၈၅၁ ခုနှစ် နိုဝင်ဘာလတွင် ရန်ကုန်သို့ စေလွှတ်သည်။
လင်းဘတ်သည် မတရားဒဏ်ရိုက်ခြင်း၊ ညှဉ်းပန်းခြင်းခံရသည်ဟု တိုင်တန်းသော ဗြိတိသျှကုန်သည်များအား ဟံသာဝတီဝန်ကြီးက နစ်နာကြေးပေးကာ ကျေနပ်အောင်ပြုလုပ်ရမည်ဟု အကြောင်းကြားခဲ့သည်။ သို့သော် ဟံသာဝတီဝန်ကြီးက မိမိသဘောအတိုင်း တောင်းဆိုချက်များကို မဆောင်ရွက်နိုင်ဟု ဆိုကာ လင်းဘတ်၏ ပေးစာနှစ်စောင်ကို အမရပူရနေပြည်တော်သို့ ပို့ပေးခဲ့သည်။
မြန်မာတို့က ၁၈၅၂ ခုနှစ် ဇန်န၀ါရီလတွင် ပြန်ကြားစာတစ်စောင် ပေးပို့၍ ဟံသာဝတီဝန်ကြီးကို နေပြည်တော်သို့ ပြန်လည်ခေါ်ယူကြောင်းနှင့် ဗြိတိသျှကုန်သည်တို့၏ တိုင်ကြားချက်များ မှန်မမှန်ကို စုံစမ်းပေးမည်ဖြစ်ကြောင်း ပြန်ကြားခဲ့သည်။
မြန်မာ့နေပြည်တော်မှ မြို့ဝန်သစ်သည် ၁၈၅၂ ခုနှစ် ဇန်န၀ါရီလ ၄ ရက်နေ့တွင် ရန်ကုန်သို့ ရောက်ရှိလာသည်။ များမကြာမီ လင်းဘတ်သည် အမေရိကန်သာသနာပြုဆရာကင်းကိတ် (Dr. Eugenio Kincaid) နှင့် အရာရှိငယ်လေးဦးကို မြို့ဝန်ထံ စေလွှတ်ပြန်သည်။ ယင်းအဖွဲ့သည် မြို့ဝန်အိမ်ဝင်းသို့ မြင်းစီးဝင်လာသောကြောင့် မြို့ဝန်အိမ်မှ အမှုထမ်းတို့က မြင်းစီးမဝင်ရန် တားဆီးချက်ကို ငြင်းဆန်သောကြောင့် မြို့ဝန်က လင်းဘတ်စေလွှတ်လိုက်သော အဖွဲ့ကို ရေဝန၊် စစ်ကဲတို့နှင့်သာ တွေ့စေသည်ကိုယင်း အဖွဲ့က စကားမပြောမဆိုဘဲ ပြန်လည်ထွက် သွားကြသည်။
လင်းဘတ်က သူစေလွှတ်လိုက်သော အဖွဲ့အား မြို့ဝန်က လက်ခံစကားမပြောမဆိုကြောင်း ကြားသိရသောအခါ သူသည် အချိန်ယူစဉ်းစားမနေတော့ဘဲ စစ်မီးတောက်စေမည့် လမ်းစဉ်ကို လိုက်ရန် သူ့သဘောအတိုင်းပင် ချက်ချင်းဆုံးဖြတ်၍ ရန်ကုန်မြစ်အတွင်း ဗြိတိသျှစစ်သင်္ဘောတို့နှင့် မလှမ်းမကမ်းတွင် ဆိုက်ထားသော မြန်မာဘုရင်ပိုင် ရေနန်းယာဉ်သာ အမည်ရှိ သင်္ဘောကိုလည်း တွဲထုတ်ယူဆောင်သွားကြသည်။
ရေနန်းယာဉ်သာသင်္ဘောကို လင်းဘတ်တို့က အတင်းအဓမ္မယူဆောင်သွားသောကြောင့် သီလဝါကင်း၊ ဓနုကင်း တွင် အစောင့်အနေအထားရှိသည့် မြန်မာမင်းမှုထမ်းတို့က သေနတ်ဖြင့်ဆီး၍ ပစ်ရာ လေးမြို့ဝန်ခေါ် အင်္ဂလိပ်စစ်ဗိုလ်တစ်ဦးနှင့် စစ်သားအချို့သေဆုံးလေသည်။ သို့သော် မြန်မာတို့က သင်္ဘောကိုမူ ပြန်လည်မရရှိချေ။ သင်္ဘောပြန်ရရေးအတွက် ဟံသာဝတီအရေးပိုင်၊ ပြည်ရွှေတောင်မြို့ဝန်သည် ရေဝန်အရာရှိတို့နှင့် ဒလမြို့ဝန်မင်းကြီး မဟာမင်းခေါင်ရာဇာတို့ကို စာနှင့်တကွ လင်းဘတ်ထံ စေလွှတ်ပြောဆိုသော်လည်း သင်္ဘောကို ပြန်လည်မရရှိခဲ့ချေ။
ထို့နောက် မြန်မာအစိုးရက လူဝီနှင့် ရှက်ပက်တို့ အမှုအခင်းတွင် တောင်းယူသည့် ဒင်္ဂါး ၉ဝဝဝ ကျော်ကို ပြန်လည်ပေးအပ်ပါမည်ဖြစ်ကြောင်း ဗြိတိသျှတို့လိုလားသော အရေးပိုင်ကိုယ်စားလှယ်တစ်ဦးကိုလည်း နေပြည်တော်၌ဖြစ်စေ၊ ဟံသာဝတီ၌ဖြစ်စေ လက်ခံနေလိုခွင့် ပေးမည်ဖြစ်ကြောင်းနှင့် မြန်မာ့သင်္ဘောကို ပြန်လည်ပေးအပ်စေလိုကြောင်း ပြန်ကြားခဲ့သည်။ သို့သော် စစ်လိုလားသော ဗြိတိသျှတို့က စေ့စပ်ရေးများကို လုံးဝလက်မခံဘဲ မူလတောင်းဆိုချက်ကို တဆင့်တိုး၍ ၁၈၅၂ ခုနှစ် ဖေဖော်ဝါရီလ ၁၈ ရက်နေ့တွင် မြန်မာလွှတ်တော်သို့ အောက်ပါအချက်များပါဝင်သော ရာဇသံကို အိန္ဒိယဘုရင်ခံချုပ် လော့ဒ်ဒါလဟိုစီက ပေးပို့လာပြန်သည်။
(၁) ဟံသာဝတီဝန်ကြီး၏ စော်ကားမှုအတွက် ဝန်ချတောင်းပန်ရန်။
(၂) စစ်စားရိတ်နှင့် ဗြိတိသျှအမျိုးသားတို့ နစ်နာကြေးအဖြစ် မြန်မာတို့က ငွေဒင်္ဂါးတစ်သန်းပေးရန်။
(၃) ရန္တပိုစာချုပ်အပိုဒ် (၇) အရ ဗြိတိသျှကိုယ်စားလှယ် တစ်ဦးကို လက်ခံရန်။
(၄) ဟံသာဝတီဝန်ကြီးကို ရာထူးမှ နှုတ်ပယ်ပေးရန်။
မတ်လ ၃၁ ရက်နေ့တွင် ကုန်ဆုံးမည့် ဤရာဇသံ၏ နိဂုံးတွင်-
`မြန်မာတို့အနေနှင့် ယခင်အတွေ့အကြုံကြောင့် သင်ခန်းစာမရရှိသေးဘဲ ဗြိတိသျှတို့၏ မယှဉ်သာသော လက်နက်အင်အားကို မေ့လျော့ကာ ဗြိတိသျှတို့က တရားမျှတစွာ တောင်းဆိုလိုက်သည့် အချက်များကို မြန်မာတို့ဖက်မှ အမြော်အမြင်နည်းပါးစွာဖြင့် ငြင်းပယ်လိုက်မည်ဆိုပါက ဗြိတိသျှအစိုးရအဖို့ ချက်ချင်းစစ်ပြုမည့်အရေးမှ လွဲ၍ အခြားနည်းလမ်းမရှိ´ ဟူ၍ ခြိမ်းခြောက်သံပါဝင်နေကြောင်း တွေ့ရှိရသည်။ ဗြိတိသျှတို့၏ တောင်းဆိုချက်များမှာ လိုက်လျောနိုင်ဖွယ်မရှိအောင်ဖြစ်သဖြင့် မြန်မာတို့က မည်သို့မျှ အကြောင်းမပြန်တော့ချေ။ ဤသို့ဖြင့် ၁၈၅၂ ခုနှစ် ဧပြီလ ၅ ရက်နေ့တွင် အင်္ဂလိပ်-မြန်မာ ဒုတိယစစ်ပွဲစတင်ဖြစ်ပွားခဲ့ရလေသည်။
ယင်းနောက် ဗြိတိသျှတို့က အောက်မြန်မာနိုင်ငံကို သိမ်းပိုက်လိုက်ကြောင်း ၁၈၅၂ ခုနှစ် ဒီဇင်ဘာလ ၁၈ ရက်နေ့တွင် ကြေညာခဲ့သည်။
၁၈၅၃ ခုနှစ် မတ်လ ၃၁ ရက်နေ့တွင် ကိုမိုဒိုလံဘား၊ ဂျင်နရယ်ဂေါ်ဒွင် နှင့် ကပ္ပတိန်ဖယ်ယာတို့ မြန်မာဝန်ကြီးများနှင့် တွေ့ဆုံသည်။ ထို့နောက် ဧပြီလ ၄ ရက်နေ့တွင် ပြည်မြို့၌ မြန်မာကိုယ်စားလှယ်အဖွဲ့နှင့် အင်္ဂလိပ်အရေးပိုင် ဖယ်ရာတို့ တွေ့ဆုံကာ စစ်ပြေငြိမ်းရေးကို ဆွေးနွေးခဲ့ကြသည။် ဧပြီလ ၆ ရက်နေ့တွင် ပဲခူးတိုင်းကို သိမ်းယူသည့် ကြေညာစာရောက်ကြောင်း သိရ၍ ကျောက်မော်မြို့စား ၀န်ကြီး သတိုးမင်းကြီး မဟာမင်းလှသီဟသူ ခေါင်းဆောင်ပြီး စကားပြန်မာနွတ် (Manock) နှင့်အတူ အင်္ဂလိပ်တို့နှင့် စေ့စပ်ဆွေးနွေးရန်သွားကြသည်။ ဒါလဟိုစီက မြန်မာသံအဖွဲ့အား မိုးကောင်းကင်တွင် နေမင်းကြီးထွန်းလင်းတောက်ပနေသမျှကာလပတ်လုံး သိမ်းပိုက်ပြီး နယ်မြေတို့၌ ဗြိတိသျှယူနီယံဂျက်အလံတော်သည် တလူလူရွက်လွှင့်နေလိမ့်မည်ဟု ကာလကတ္တားရှိ ဘုရင်ခံချုပ်အိမ်တော်တွင် ပြတ်ပြတ်မာမာ ပြောလွှတ်လိုက်သည်။
သို့သော် စစ်ပြေငြိမ်း၍ ပဲခူးတိုင်းကို ဗြိတိသျှတို့အား ပေးအပ်ရမည့်အချက်များပါဝင်သည့်စာချုပ်ကို မင်းတုန်းမင်းက လုံးဝလက်မခံ လက်မှတ်မထိုးချေ။ ဒါလဟိုစီသည် အထက်မြန်မာပြည်နယ်နိမိတ်ကို သူတစ်ဦးတည်း သဘောဖြင့် ပိုင်းခြားလိုက်လေသည်။ ဤသို့ဖြင့် ပဲခူးနယ်သည် နှစ်နိုင်ငံအကြား၌ စာချုပ်စာတမ်းစသည် တစုံတရာမရှိဘဲ ဗြိတိသျှပိုင် ဖြစ်သွားခဲ့ရသည်။
ဒုတိယ အင်္ဂလိပ်-မြန်မာစစ်နှင့်ပတ်သက်၍ အင်္ဂလန်တွင်လည်းကောင်း အမေရိကန်တွင်လည်းကောင်း ကန့်ကွက်ရှုတ်ချခဲ့ကြသည်။ ဒုတိယ အင်္ဂလိပ်-မြန်မာစစ်အား ယေဘုယျအားဖြင့် ဂုဏ်ကျက်သရေလုံးဝမရှိသော စစ် (Generally Inglorious War) ဟူ၍ ၁၈၅၃ ခုနှစ် မတ်လ ၁၆ ရက်နေ့ထုတ် လန်ဒန်တိုင်းသတင်းစာကြီးက ခေါ်ဝေါ်သမုတ် ခဲ့သည်။
ဗြိတိသျှဘောဂဗေဒပါရဂူ ရစ်ချတ်ကော့ဘ်ဒင် (Richard Cobden) က ဒုတိယ အင်္ဂလိပ်-မြန်မာစစ်ကို ကန့်ကွက်၍ `အိန္ဒိယတွင် စစ်ပွဲများ မည်သို့ ပြင်ဆင်ခဲ့ကြသနည်း။ မြန်မာစစ်၏ မူလအကြောင်းအရင်း´ (How Wars are Got Up In India, The Origin of the Burmese War) ဟူသောစာအုပ်၌ အောက်ပါအတိုင်း ရေးသားပြီးလျှင် စိတ်ဓါတ်ရေးရာ၊ လူမျိုးရေးရာနှင့် ဘဏ္ဍာရေးရာ အခြေခံဖြင့် ဗြိတိသျှတို့၏ အောင်မြင်မှုကို ဝေဖန်ရှုတ်ချခဲ့သည်။
`လော့ဒ်ဒါလဟိုစီသည် မူလက မြန်မာများအပေါ်တွင် ပေါင်တစ်ထောင်ပင်မပြည့်သောငွေကို တောင်းဆိုခဲ့သည်။ ဤသည်နှင့် ဆက်တိုက် ကျွန်ုပ်တို့၏ အရာရှိများအား စော်ကားမှုအတွက် ရန်ကုန်ဝန်ကြီးက ဝန်ချတောင်းပန်ရမည်ဟု ထပ်မံတောင်းဆိုခဲ့သည်။ ထို့နောက် ပေါင်တစ်ထောင်မှ ပေါင်တစ်သိန်းအထိ ထပ်မံတိုးချဲ့တောင်းဆိုခဲ့သည့်အပြင် မြန်မာဘုရင်၏ အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ဝန်ချတောင်းပန်ရမည်ဟု ဆိုခဲ့ပြန်သည်။ လျော်ကြေးငွေ တောင်းဆိုခြင်းများ၊ ဝန်ချတောင်းပန်ခိုင်းခြင်းများအားလုံး ရုတ်တရက် ရပ်ဆိုင်းသွားပြီးသောအခါ အတိတ်က ဖြစ်ရပ်များအတွက် ထိခိုက်နစ်နာကြေးနှင့် လျော်ကြေးငွေအဖြစ် ပဲခူး (အောက်မြန်မာပြည်) သိမ်းပိုက်ခြင်းကို လော့ဒ်မင်းကြီးသည် သဘောတူကြည်ဖြူတော်မူသည်။ တချိန်တည်းမှာပင် အိန္ဒိယအင်ပါယာအတွင်းသို့ ယင်းပဲခူးနယ်အား သွတ်သွင်းရခြင်းအတွက် မည်မျှအကြောင်းမလှ ဒုက္ခအထွေထွေတွေ့ရမည့်အကြောင်းကို သူ၏ မှတ်တမ်းများတွင် သက်သေပြရန် ရှည်လျားစွာ ကလောင်ကွန့်တော်မူပြန်သည်။ ကျွန်ုပ်တို့၏ ဘဏ္ဍာရေးကို ထိခိုက်နစ်နာပျက်စီးစေမည့် နယ်တစ်နယ်အား သိမ်းပိုက်ခြင်းမပြုဘဲ ပေါင်တစ်ထောင်အကြွေးတောင်းပေးနိုင်သော ဘုရင်ခံချုပ်တစ်ဦးအလိုရှိကြောင်း တိုင်းသတင်းစာတွင် ကျွန်ုပ်တို့ မကြော်ငြာသင့်ပါလော´
အမေရိကန် မီရှီဂန်နယ်မှ အထက်လွှတ်တော်အမတ် ဂျင်နရယ်လွစ်ကတ် (Gen. Lewis Cass) ကလည်း အမေရိကန်လွှတ်တော်တွင် ဤသို့ ရှုတ်ချပြောဆိုခဲ့၏။
`ပေါင် ၉၉၀ အကြွေးမပေးမှုအတွက် ဗြိတိန်သည် မြန်မာနိုင်ငံကို စစ်ပြုခဲ့ပြီး မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာ ပိုင်မှုကို ဖျက်ဆီးချေမှုန်းခဲ့သည်။´
ဒုတိယ အင်္ဂလိပ်-မြန်မာ စစ်အပြီးတွင် လော့ဒ်ဒါလဟိုစီသည် သိမ်းပိုက်ပြီးစ နယ်မြေကို ကြည့်ရှုစီမံခန့်ခွဲရန် မြန်မာပြည်သို့ လာရောက်ခဲ့သည်။ ကန်တော်ကြီးဝန်းကျင်နယ်မြေရှုခင်းသည် အလွန်သာယာရှုမောဖွယ်ဖြစ်၍ အများပြည်သူတို့အတွက် အပန်းဖြေနားနေရန် ဥယျာဉ်အဖြစ် သတ်မှတ်ညွှန်ကြားသည်။ ယင်းဥယျာဉ်ကို ဒါလဟိုစီဥယျာဉ် (ယခုဗိုလ်ချုပ်အောင်ဆန်းပန်းခြံ) ဟု အမည်ပေးခဲ့သည်။ ရန်ကုန်မြို့တွင် အရှေ့အနောက် လမ်းမကြီးတစ်ခုကို ဒါလဟိုစီလမ်းဟု အမည်တွင်စေသည်။ ယင်းလမ်းကို ဂျပန်ခေတ် ၁၉၄၄ ခုနှစ် စက်တင်ဘာလ ၈ ရက်နေ့တွင် ဗန္ဓုလလမ်း ဟူ၍ အမည်ပြောင်းလဲခဲ့သည်။
တောင်နှင့်မြောက်အပြိုင်လမ်းအမည်များကိုလည်း ဒါလဟိုစီသည် ရန်ကုန်တွင်ရှိစဉ်အတွင်း ညစာစားပွဲတစ်ခု အပြီးတွင် ၀ိုင်သောက်ရင်း စစ်ဘက်နယ်ဘက်အရာရှိငယ်အချို့ကို ဂုဏ်ပြု၍ ယင်းတို့၏ အမည်များဖြင့် မှည့်ခေါ်ရန် လက်တန်းသတ်မှတ်ပေးသွားခဲ့သည်။ သူနှင့် အလွမ်းသင့်သူ၊ သူလိုလားသူများသာဖြစ်၍ မထိုက်တန်သူများလည်း ပါဝင်သည်ဟု မကျေနပ်သူ ဝေဖန်သူများရှိခဲ့သည်။
ထိုစဉ်က ဒါလဟိုစီသည် ပုသိမ်မြို့သို့လည်း သွားခဲ့သည်။ ပုသိမ်အရေးပိုင် ဖိုက် (A. Fytche) က အခမ်းအနားဖြင့် ကြိုဆိုခဲ့သည်။ ဒါလဟိုစီကို ဂုဏ်ပြု၍ `ဒါလဟိုစီမြို့တော်´  အမည်ဖြင့် တောင်ဘက်သို့ တိုးချဲ့ဆောက်လုပ်ထားသော ပုသိမ်မြို့သစ်သည် မုန်တိုင်းပြင်းထန်စွာ ကျရောက်၍ ၁၈၅၆ ခုနှစ်တွင် ရေလွှမ်းမိုးကာ ကွယ်ပျောက်သွားခဲ့သည်။
ပုသိမ်စီရင်စုတွင် ဗြိတိသျှတို့ သိမ်းပိုက်စိုးမိုးမှုကို အံတုခုခံသူများ ရှိခဲ့သည်။ ယင်းတို့အနက် ဓနုဖြူမြို့မှ ဗိုလ်မြတ်ထွန်း၏ သူရသတ္တိကို ဒါလဟိုစီသည် မချီးမွမ်းဘဲ မနေနိုင်ပေ။ ဒါလဟိုစီက `ဗိုလ်မြတ်ထွန်းသည် ငယ်သား ၄ဝဝဝ လောက်နှင့် အင်္ဂလိပ်တပ်များကို သုံးကြိမ်တိုင်တိုင် တွန်းလှန်တိုက်ခိုက်သည်။ ဆာဂျွန်ချိ(ပ်) (Brig. Gen. Sir John Cheape) ကိုယ်တိုင် ဦးစီးတိုက်ခိုက်သည်ကိုပင် ၄င်းက တစ်လကျော်မျှ ကြံ့ကြံ့ခံခုခံတိုက်ခိုက်နိုင်ခဲ့သည်။ ငါတို့ဘက်မှ အကျအဆုံးအများအပြားရှိစေပြီးမှ သူတို့ဆုတ်ခွာသွားကြသည်။ ယောက်ျားကောင်းတကယ့်ခေါင်းဆောင် တစ်ဦးဖြစ်သည်။´ ဟူ၍ ချီးကျူးမှတ်တမ်းတင်ထားသည်။ ဆာဂျွန်ချိ(ပ်) သည် ဒုတိယ အင်္ဂလိပ် မြန်မာစစ်ပွဲတွင် ပါဝင်တိုက်ခိုက်ခဲ့သော ဂျင်နရယ်ဂေါ်ဒွင်၏ လက်ထောက် ဒုတိယသေနာပတိ ဗိုလ်ချုပ်ဖြစ်သည်။
ဒါလဟိုစီကိုယ်တိုင် ဖွင့်ဟချီးကျူးခဲ့ရသော ဗိုလ်မြတ်ထွန်းသည် မွန်အမျိုးသားတစ်ဦးဖြစ်သည်။ ဖခင်မှာ ဓနုဖြူနယ်သပြုရွာသူကြီးဖြစ်သည်။ အရွယ်ရောက်သော် သပြုရွာနယ်ပယ်အတွင်း တာဝန်ထမ်းရွက်လျက်ရှိသော ဘုရင့်လှေတော်တပ်ဖွဲ့တွင် ပဲ့နင်းအဖြစ် အမှုထမ်းခဲ့သည်။
ဗိုလ်မြတ်ထွန်းသည် တက်တက်ကြွကြွနှင့် အလွန်သတ္တိရှိ၍ မိမိရည်ရွယ်ချက်ကို စိုက်လိုက်မတ်တပ် ဆောင်ရွက်တတ်သူဖြစ်သည်။ အင်္ဂလိပ်တို့သည် အင်္ဂလိပ်-မြန်မာ ပထမစစ်ပွဲတွင် မဟာဗန္ဓုလကို လေးစားခန့်ညားသလောက် အင်္ဂလိပ်-မြန်မာ ဒုတိယစစ်ပွဲတွင် ဗိုလ်မြတ်ထွန်းကို လေးစားခဲ့ရသည်။ စစ်ပွဲပြီး၍ အောက်မြန်မာနိုင်ငံကို အင်္ဂလိပ်တို့သိမ်းပိုက်ရယူပြီးနောက် အောက်မြန်မာနိုင်ငံကို အင်္ဂလိပ်တို့ သိမ်းပိုက်ရယူပြီးသည့်တိုင် အောင် ဗိုလ်မြတ်ထွန်းကို ၆ နှစ် ခန့် နှိမ်နင်းတိုက်ခိုက်နေခဲ့ကြရသည်။
ဒါလဟိုစီသည် လူပုံလူဟန်သေး၍ လူဖလံဖြစ်သော်လည်း ရုပ်ရည်သန့်သန့်သူဖြစ်သည်။ ဒါလဟိုစီကို ၁၈၁၂ ခုနှစ် ဧပြီလ ၂၂ ရက်နေ့တွင် မခ်လိုသီယံ (Midlothian) မြို့ရှိ ဒါလဟိုစီရဲတိုက်၌ ဖွားမြင်ခဲ့သည်။ ဖခင်ဖြစ်သူမှာ စကော့တစ်လူမျိုးဖြစ်ပြီး ဝယ်လင်တန်စစ်ပွဲ၌ ပါဝင်တိုက်ခိုက်ခဲ့သည့် စစ်ဗိုလ်ချုပ်ကြီးတစ်ဦးဖြစ်ပြီး၊ န၀မမြောက် ဒါလဟိုစီမှူးမတ်ဘွဲ့ရ ဂျော့ရမ်းဆေး (၁၇၇၀-၁၈၃၈) ဖြစ်သည်။ ဒါလဟိုစီသည် မွေးချင်း ၅ ဦးအနက် အငယ်ဆုံးသားဖြစ် သည်။ ငယ်စဉ်ကလေးဘဝက မိဘနှစ်ပါးနှင့်အတူ ကနေဒါနိုင်ငံ၌ နှစ်အတော်တန်ကြာအောင် နေထိုင်ခဲ့သည်။ အောက်စဖို့ဒ် ခရစ်ချတ်တက္ကသိုလ်၌ ပညာသင်ကြားခဲ့သည်။
ဒါလဟိုစီသည် ၁၈၃၅ ခုနှစ်တွင် အီဒင်ဘတ်မြို့မှ ပါလီမန်အမတ်အဖြစ် ရွေးကောက်တင်ခံရသည်။ ၁၈၃၇ ခုနှစ်တွင် ဟတ်ဒင်တန်ရှိုင်းယားမြို့မှ အောက်လွှတ်တော်အမတ်အဖြစ် ရွေးချယ်ခံရသည်။ ထို့နောက် ဖခင်ကွယ်လွန်သည့် ၁၈၃၈ ခုနှစ် ဒါလဟိုစီ မှူးမတ်ဘွဲ့ကို ဆက်ခံခဲ့သည်။ ထိုနှစ်မှာပင် ငယ်စဉ်ကတည်းက ချစ်ကြိုက်ခဲ့သော Tweeddale  မှူးမတ်၏ သမီးဖြစ်သူ လေဒီဆူဆန်ဟေး (Lady Susan Hay) နှင့် ထိမ်းမြားလက်ထပ်ခဲ့သည်။
၁၈၃၈ ခုနှစ် မှ ၁၈၄၉ ခုနှစ် စကော့တစ်နိုင်ငံရေးသုခမိန်၊ ဗြိတိသျှ အိန္ဒိယကိုလိုနီအုပ်ချုပ်မှူးတာဝန်မျာကို ထမ်းရွက်ခဲ့သည်။ ၁၈၄၈ ခုနှစ် ဇန်န၀ါရီလ ၁၂ ရက်နေ့တွင် ဗစ်ကောင်းဟတ်ဒင်းနေရာကိုဆက်ခံ၍ အိန္ဒိယဘုရင်ခံချုပ်ဖြစ် လာခဲ့သည်။ ဘုရင်ခံချုပ်အဖြစ် ၁၈၅၆ ခုနှစ် မတ်လ ၆ ရက်နေ့အထိ ထမ်းရွက်ခဲ့သည်။ ဒါလဟိုစီသည် နယ်ချဲ့ဝါဒကို သက်ဝင်ယုံကြည်ထားသူဖြစ်သည်။ ဗြိတိသျှအုပ်စိုးရေးဟူသည် ငြိမ်းချမ်းရေးနှင့်တိုးတက်ကြီးပွားရေးပင်ဖြစ်သည်ဟု ခံယူထားသူဖြစ်သည်။ သူ့လက်ထက်တွင် ဒုတိယ အင်္ဂလိပ်-မြန်မာ စစ်ပွဲဖြစ်ပွား၍ ၁၈၅၂ ခုနှစ် ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် ပဲခူးကို သိမ်းပိုက်ပြီး ဒီဇင်ဘာလ ၂၀ ရက်နေ့ အောက်မြန်မာနိုင်ငံကို သိမ်းပိုက်ကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့သည်။
မြန်မာ့သမိုင်း၌ ဒါလဟိုစီအား စစ်ရေးလိုလားသော နယ်ချဲ့ဝါဒီတစ်ဦးအဖြစ်သာ သတ်မှတ်ခဲ့ကြသည်။ ဒါလဟိုစီသည် ၁၈၆ဝ ပြည့်နှစ် ဒီဇင်ဘာလ ၁၉ ရက်နေ့ ဒါလဟိုစီ ရဲတိုက်၌ပင် ကွယ်လွန်ခဲ့သည်။
ကိုးကား
(၁) James Broun-Ramsay, 1st Marquees of Dalhousie, Wikipedia, the free encyclopedia
(၂) အခြေပြမြန်မာနိုင်ငံရေးသမိုင်း ဒုတိယတွဲ ပထမပိုင်း၊ မြန်မာဆိုရှယ်လစ်လမ်းစဉ်ပါတီ၊ ၁၉၇၇။
(၃) Sir William Lee-Warner, The Life of the Marquess of Dalhousie, London, Macmillan, 1904

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa Old Archives
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:သန်းဝင်းလှိုင်

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ

By

  ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၇ ယခုစာအုပ်မှာ...

Read more »

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်