>Law Eh Soe – Ko Kyaw Kyaw

April 17, 2011

>

ကိုကျော်ကျော် သို့မဟုတ် လမ်းလျှောက်နေသောသူ
လောအယ်စိုး
ဧပြီ ၁၇၊ ၂၀၁၁
သူတယောက်တည်း အမြဲတမ်း လမ်းလျှောက်လျှောက်နေတတ်သည်။ တယောက်ဆိုမှ အမြဲတမ်း တယောက်တည်းပါ။ ရီမောသောအချိန်များမှာလည်း တယောက်တည်း၊ ရှိုက်ကြီးတငင် ငိုသောအခါမှာလည်း တယောက်တည်း ဖြစ်လိမ့်မည်။ ဘယ်အရာကိုမှလည်း သူ အပြစ်မတင်တော့ပါ။ ကြုံတွေ့လာသော အခြေအနေ စိမ်ခေါ်မှုအသစ်များတို့ကို အကောင်းဆုံး ရင်ဆိုင်ရန်သာရှိတော့သည်ဟု သူ ခံယူထားပုံရသည်။ သူ၏ အကြီးမားဆုံး အားသာချက် သို့မဟုတ် ဖြေဆည်ရာကတော့ ဘာသာတရားကို အလွန်ကိုင်းရှိုင်းခြင်းပေတည်း။ 
“အရာရာအားလုံးက ဘုရားရှင်လက်ထဲမှာပါ အကိုရာ”

ကျနော်ထက် ဆယ်နှစ်ကျော်ကျော် အသက်ကြီးသော်လည်း သူက အမြဲတမ်း ကျနော့်ကို အကို ဟု ခေါ်သည်။ တခါ မိုးတဖွဲဖွဲကျနေစဉ် လမ်းအတူတူလျှောက်ကြရင်း …
“ဒီလိုမိုးတွေရွာနေရင် ကျနော်အမေ့ကို အရမ်းသတိရတာပဲ။ မနက်ကတည်းက ငါးမျှားတံ တချောင်းနဲ့ ရွာကထွက်သွားလိုက်တာ ညနေခင်း မိုးတွေရွာလို့ ကျနော်က မျှားလို့ရတဲ့ငါးတွေကိုယူလာ အမေက ဒီ လတ်လတ်ဆတ်ဆတ်ငါးတွေကို ချက်”
ကိုကျော်ကျော်တယောက် စကားပင် ဆက်မပြောနိုင်ရှာ၊ မျက်ဝန်းတွင် မျက်ရည်များပင် စို့လာသည်။ 
“ဘာလိုလိုနဲ့ ကျနော်လည်း ဒီ အမေရိကန်နိုင်ငံကိုရောက်တာ နှစ်နှစ်ကျော်တောင် ရှိသွားပြီ”
အမှန်ပါ။ သူ ကျနော်နေထိုင်သော မြို့ကလေးသို့ ရောက်ရှိနေသည်မှာ ၂ နှစ်ကျော်ခဲ့ရှိနေပြီ ဖြစ်သည်။ 
“ငယ်ငယ်ကလေးထဲက ကျောင်းကို ၂ နှစ်လောက်သာ နေဖူးတာပါ”
မြန်မာစာကိုတော့ ကိုကျော်ကျော် အနည်းငယ် ရေးတတ် ဖတ်တတ်သည်။ ဇာတိကတော့ မွန်ပြည်နယ် ဘီးလင်းမြို့အနီး ရွာတရွာကပါ။ ထိုင်းမြန်မာနယ်စပ်မှာ ၅ နှစ်လောက်နေ။ ၁ဝ နှစ် ကျော်ကျော်လောက် မယ်လ ဒုက္ခသည်စခန်းမှာ နေပြီးတာနဲ့ ကိုကျော်ကျော်တယောက် ဒီ အမေရိကန်နိုင်ငံကို ရောက်လာတာပါ။
“ကျနော် ဒီရောဂါကို ကျနော့်မိန်းမဆီက ကူးခဲ့တာပါ။ သူက အိမ်ထောင် ၂ ဆက်လောက် အရင်ကျခဲ့တော့ တယောက်ယောက်ဆီက ကူးခဲ့တာနေမှာပါ။ ကျနော်နဲ့ကွဲပြီး သူ့ထက် အသက် ၁ဝ နှစ် ကျော်ကျော်လောက် အသက်ကြီးတဲ့ အဖိုးကြီးတယောက်နဲ့ ပေါင်းနေရင်း ဒီရောဂါနဲ့ပဲ ဆုံးသွားတာပါ အကိုရာ”
မည်သို့မျှ ခံစားပုံမရသော မျက်နှာထား သို့မဟုတ် နာကျင်လွန်း၊ ထုံကျင်နေသော နှလုံးသားမှ ပွင့်အံလာသော စကားဖြစ်ပုံရသည်။ 
“ဒီမှာ ဆေးခန်းကို ကျနော် တလ တခါ သွားရတယ်၊ ဆရာဝန်က ဆေးကိုလည်း ဂရုတစိုက် သောက်ခိုင်းတယ်။ ပြီးတော့ အစားအသောက်ကိုလည်း ကောင်းကောင်းစားဖို့ အစိုးရက ကျနော့်ကို ကူညီထားပါတယ်။ ဒါပေမယ့် အကိုရာ … တခါခါ တယောက်တည်းနေနေရတာကိုက အရမ်းကို အားငယ်မိတာပါ၊ ကျနော်က ရီရင်လည်း တယောက်တည်း၊ ငိုရရင်လည်း တယောက်တည်း မဟုတ်လား”
ကိုကျော်ကျော်တယောက် မိသားစုဝင်တဦးမှမပါဘဲ ဒီနိုင်ငံသို့ ရောက်လာခြင်းဖြစ်သည်။
“ရွာမှာနေတုန်းကတော့ ပေါ်တာ ၂ ခါလောက် ထမ်းဖူးပါတယ်၊ ၈၈ အရေးအခင်းပြီးတာနဲ့ ရွာကနေ ထွက်ခဲ့တာပဲ။ နိုင်ငံရေးတွေ ဒီမိုကရေစီကြောင့် ဘာကြောင့် ညာကြောင့် ထူးထူးခြားခြား မဟုတ်ပါဘူး။ တစ်အိမ်ထဲနေတဲ့ ညီမိန်းမနဲ့ အဆင်မပြေတာကြောင့် အိမ်ကထွက်ခဲ့တာပါ”
တခါတရံ ကိုကျော်ကျော်တယောက် သူ မဖတ်တတ်သောစာများကို ကျနော့်ထံယူလာပြီး မေတ္တာရပ်ခံကာ ဖတ်စေသည်။ အင်္ဂလိပ်စာကို မတတ်သောသူ့အတွက် စာတိုက်ပုံးမှ ကြော်ငြာစာရွက်များကိုလည်း ယူယူလာတတ်သည်။ မည်သို့ပင် အခက်အခဲ အထီးကျန်မှုများနှင့် ကြုံတွေ့စေကာမူ ကိုကျော်ကျော်၏ ထူးခြားချက်တခုက ဘဝကို ကြိုးစားကြံ့ကြံ့ခံကာ ရင်ဆိုင်ခြင်းပင် ဖြစ်သည်။ 
“ဒီလို ကိုယ့်အတွက် သီးသန့်အိမ် မရခင် အစိုးရက ကျနော့်ကို အဆောင်တခုမှာ ၈ လလောက် သွားထားပါတယ်။ သူတို့စကားကလည်း မတတ်။ အစားအသောက်ကလည်းအတူတော့ ကျနော်အရမ်းကို ဒုက္ခရောက်ပါတယ်။ အထူးသဖြင့် တချို့အမေရိကန်တွေက ကျနော့်ကို နှိမ်သလိုဆက်ဆံတော့ အရမ်းကို ခံပြင်းမိတာပါ။ ဒီနိုင်ငံကို မျှော်လင့်ချက်ကြီးတခုနဲ့လာခဲ့တာပါ။ ဒုက္ခသည်စခန်းကနေ သွားစရာကလည်း ဘယ်ကိုမှ မရှိတော့ ကိုယ်ဘဝအတွက် တက်လမ်းလေး ဘာလေးရှိမယ်ထင်လို့ လာခဲ့တာပေါ့။ အေးလေ ကျနော်ကလည်း ဒီရောက်တော့ အသက်က ငါးဆယ်ကျော်နေပြီကိုး” 
ဟု ကြေကွဲမှုလွှမ်းနေသောအပြုံးဖြင့် သူ ကျနော့်ကို တခါမက ပြောပြောတတ်သည်။ ၂ နှစ် ကျော်ကျော် သူရောက်ရှိနေသည့်ကာလအတွင်း ယနေ့တိုင် ကိုကျော်ကျော်တယောက် မည်သည့် အလုပ်မျှ မရသေးပါ။ ဘာသာစကား အတားအဆီးကြောင့်လည်းကောင်း၊ ကူးစက်ခံထားရသော ရောဂါကြောင့် သိမ်ငယ်နေသောစိတ်ဖြင့် အလုပ်လျှောက်ဖို့အတွက် သူ့ခမျာ ဝန်ထုပ်ဝန်ပိုးဖြစ်နေသည်ဟု ကျနော် ထင်မိသည်။ သို့သော် ကိုကျော်ကျော်က ပျင်းရိသောသူတယောက်တော့ မဟုတ်ပါ။ နံနက် နေမထွက်ခင် စောစောထ အချိန်မှန် အင်္ဂလိပ်စာသင်တန်းသို့ရောက်ပြီး ဆရာ၊ ဆရာမများ၏ သနားချစ်ခင်မှုကို ခံရသူတယောက်ဖြစ်သည်။ မူလတန်းပညာရေးကိုပင် ဆုံးခန်းအောင်သင်ကြားခွင့် မရခဲ့သော ကိုကျော်ကျော်တယောက် အင်္ဂစာနှင့်စကားကို အတိုင်းတတာတခုရ နားလည်ကာ ပြောတတ်ပြီ။ ပညာကို မယ်မယ်ရရသင်ကြားခြင်းမရှိခဲ့ဘူးသော သူတယောက်အတွက် ကြုံတွေ့နေရသော စိတ်သောက နာကျင်မှုများကြားမှ ယခုလိုကြိုးစားပြီး သင်ယူနေသည်ကိုပင် ကျေးဇူးတင်ရပေတော့မည်။ 
(ဟိုင်း … ဟောင်းအာယူ … ဆီးယူ ဘိုင်း) စသည့် စသော အင်္ဂလိပ်စကားလုံးများကို ကိုကျော်ကျော်တယောက် လမ်းလျှောက်နေစဉ် တွေ့မြင်သမျှသော မိတ်ဆွေ၊ မိမိနှင့် မသိကျွမ်းသောသူများကိုလည်း အစဉ်ပြုံးကာ ကိုကျော်ကျော်တယောက် နှုတ်ဆက်တတ်သည်၊ သို့သော် ကျနော်နှင့်တွေ့လျှင်တော့ … 
“မင်္ဂလာပါ ဆရာ”
ဆံပင်ကလည်း ရှည်၊ မုတ်ဆိတ်မွေးကြီး တကားကားနှင့်ဆိုတော့ တခါတရံ တချို့သော အမေရိကန်တို့၏ မယုံသင်္ကာ မျက်လုံးတို့ကိုလည်း ကိုကျော်ကျော်က အပြုံးဖြင့်ပင် အစဉ် တုံ့ပြန်တတ်သည်။
“ကျနော် ဒီရောဂါရှိနေလို့ ဘာသာတူ အသိုင်းအဝိုင်းကလည်း သူတို့အိမ်တွေဘာတွေ သွားလည်ရင် မကြိုက်ကြဘူး အကို .. ဘာလုပ်ရမလဲ၊ သူတို့တတွေလက်မခံတော့ မသွားရုံပဲရှိတော့တာပေါ့ မဟုတ်လား”
အစားအသောက်ကိုလည်း အရသာရှိစွာ ချက်ပြုတ်တတ်သလို အိမ်ကိုလည်း သန့်ရှင်း သပ်ရပ်နေအောင် ကိုကျော်ကျော်တယောက် အမြဲထားသည်။ မယုံမရှိပါနှင့်၊ တယောက်တည်း ၎င်းနေထိုင်သော အိမ်ငယ်ကလေး၏ စားပွဲပေါ်တွင် ပန်းအိုးကလေးကို အစဉ်ထိုးထားတတ်သည်။ ကိုကျော်ကျော်တယောက် ကြေကွဲနာကျင်မှုများကြားမှ ဘဝ၏အဓိပ္ပာယ်နှင့် တန်ဖိုး၊ အလှတရားကို ကြိုးစားရှာဖွေသည်။
“ည ကျနော် ၉ နာရီ ၁ဝ နာရီလောက်ဆို အိပ်ပြီ၊ မနက်ကျရင်တော့ ၃ နာရီဆို နိုးနေပြီ၊ တနာရီကျော်ကျော်လောက် ဘုရားဝတ်ပြု၊ ပြီးတော့ တနေ့စာစားဖို့အတွက် ချက်ပြုတ်၊ ၇ နာရီကျော်တာနဲ့ ဘတ်စ်ကားဂိတ်ကိုထွက် ကျောင်းကိုတခါတည်း သွားလိုက်တာပါပဲ”
“မနှစ်တုန်းကတော့ သမီးနဲ့ ၂ ခါလောက် တယ်လီဖုန်းဆက်ဖြစ်ပါတယ်။ သူက နယ်စပ်မှာပါ၊ အိမ်ထောင်ကျလို့ ကလေးတောင်ရနေပြီ၊ ဘာလိုလိုနဲ့ ကျနော်တောင် အဖိုးဖြစ်သွားပြီပဲ”
ဟု ၎င်း၏ တဦးတည်းသော သမီးကလေးအကြောင်းကို ကျနော့်ကို ပြောပြပါသည်။
“ကိုယ့်အတွက် နေထိုင်စားသောက်ဖို့အတွက် ဘာမှကိုမပူရပါဘူး၊ ဒါပေမယ့် အဖေတယောက် အနေနဲ့ကတော့ ကျနော် သမီးကို ထောက်ပံ့ချင်တာပေါ့နော်”
အမှန်ပါ။ ၎င်းတဦးတယောက်အတွက် အလုပ်အကိုင်မရှိစေကာမူ ပူပန်စရာမလိုပါ။
သို့သော် အလုပ်လုပ်သကဲ့သို့ပင်သဘောထားကာ ကိုကျော်ကျော်လို ဘဝတူများက နေ့စဉ် နံနက် ၈း၃ဝ မှ ညနေ ၃း၃ဝ အထိ စနေ၊ တနင်္ဂနွေနေ့များမှလွဲ၍ အင်္ဂလိပ်စာသင်တန်းသို့ သွားရသည်။ သူတို့တတွေ ဒီအမေရိကန်လိုနိုင်ငံကြီးမှာ အင်္ဂလိပ်စာသင်တန်းကိုတက်ရင်း ဘဝရှင်သန်ရပ်တည်မှု အတွက် ဖြေရှင်းနေရပေသည်။ ကိုကျော်ကျော်၏ အတန်းဖော်များကလည်းအသက် ၁၈ နှစ်မှ ၆ဝ ကျော်နီးပါးထိ အရွယ်စုံ၊ နိုင်ငံစုံမှဒုက္ခသည်ပုဂ္ဂိုလ်ကြီးများ၊ ‘ပညာလို အိုသည်မရှိ’ ဆိုရိုးစကားသည် ကိုကျော်ကျော်၏ မိတ်ဆွေများအတွက် တခါတရံ မမှန်ပါ။ သိချင် တတ်ချင်သောကြောင့် လားလားမှ မဟုတ်။ ၎င်းတို့အတွက် အသက်ကြီးသောခွေးကို လက်ပေးသင်သလိုမျိုး ဖြစ်နေသည်။ အလုပ်မရခင် ဒီမှာ ဘဝရပ်တည်ရှင်သန်ဖို့အတွက် သူတို့တတွေမှာ ဘာမှရွေးချယ်စရာလမ်း မရှိ၊ ဒီလမ်းကိုပင် ရွေးချယ်ရပေတော့မည်။ ၆ လ တခါ မြို့လည်ရှိ အစိုးရ လူမှုဖူလုံရေးရုံးကြီးသို့သွားပြီး ကားများသက်တမ်း တိုးရသလို ၎င်းတို့ကို နောင် ၆ လ အစိုးရမှ ဆက်လက်ထောက်ပံ့ရန်အတွက် ပုံမှန်သက်တမ်းတိုးရသည်။ ဘာလိုလိုနှင့် ကိုကျော်ကျော်တယောက် ၄ ကြိမ်တိုင်တိုင်အောင် သက်တမ်းတိုးခြင်းကိစ္စ ပြီးသွားလေပြီ။
ကမ္ဘာ့၊ မြန်မာ့နိုင်ငံရေးကိုလည်း ကိုကျော်ကျော်တယောက် စိတ်ဝင်စားမှု မရှိပါ။ သိလည်း တကယ် မသိတာပါ။ အသေချာဆုံးတခုကတော့ မိမိကိုယ်ကို ၁ဝဝ % မြန်မာပြည်မှ ဒုက္ခသည်တယောက်မှန်းတော့ သိသည်။
“အိုင် အမ် ရီဖူဂျီ”
ဟူသော အင်္ဂလိပ်စကားကိုတော့ ကိုကျော်ကျော်တယောက် ဂုဏ်ယူပြီး ရဲတွေ့ရင်လည်း ပြော၊ ဆေးရုံသွားရင်လည်း ပြော၊ မြို့ထဲမှ အိမ်ပြန်မတတ်သောအခါ တွေ့သမျှလူကို အကူအညီ တောင်းသည့်အခါ အမြဲ တွင်တွင်ကျယ်ကျယ် ပြောတတ်သည်။
အထီးကျန်ဆန်လွန်းသောအခါ အမေ့ကိုလည်း သတိရ၊ သမီးနှင့် မမြင်ဖူးသော မြေးကလေးကိုလည်း လွမ်း၊ ငယ်စဉ်ကျင်လည်ခဲ့ဖူးသော ရေမြေတောတောင် ကျေးငှက်သံတို့ကိုလည်း မဖော်ပြတတ်အောင် တခါတရံ တမ်းတတတ်သည်။
“ဘဝက အလွန်ဆုံး မော်လမြိုင် ဒါမှမဟုတ် ရန်ကုန်လောက်မှာပဲနေမယ်လို့ ရည်မှန်းခဲ့တာ၊ အခုတော့ အမေရိကန်နိုင်ငံကို တောင်ရောက်နေပါလား၊ အေးလေ အရာရာအားလုံးက ဘုရားလက်ထက်မှာပဲ မဟုတ်ဘူးလား အကို”
ကျနော် ပြုံး၍ သူ့ကို ခေါင်းညိမ့်ပြလိုက်မိသည်။
နှင်းမှုန်တွေကြား ဖွေးနေအောင် ထူထပ်ပိတ်သည်းသော ရေခန်းဖုံးလမ်းမပေါ်မှာပဲဖြစ်ဖြစ်၊ သာယာသော နွေဦးကာလမှာပဲ ကြုံကြုံ ကျနော် ကိုကျော်ကျော်ကိုမြင်တိုင်း တယောက်ထဲ လမ်းလျှောက်နေတတ်သည်။
တကယ်ပါ ကိုကျော်ကျော်တယောက် အတိတ်၊ အနာဂတ်များကို ခေတ္တမေ့ထားပြီး ယနေ့ ယခု ပစ္စုပ္ပန်အချိန်အတွက် သူ လမ်းလျှောက်နေသည်။ ကိုကျော်ကျော်ကဲ့သို့ပင် ကျနော်တယောက်လည်း လမ်းလျှောက်နေဆဲ။ ။
သရုပ်ဖော် – အောင်ထက်

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

Related posts

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:Uncategorized

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

ဒေါက်တာခင်မောင်ဝင်း (သင်္ချာ) – သင်္ချာအတွေးအခေါ်သမိုင်း ၊ ဂိမ်းသီအိုရီနှင့် အတွေးအမြင်ဆောင်းပါးများ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ရဲဘော် မောင်တူးရဲ့ သက်ရှိပန်းချီ

By

  ရဲဘော် မောင်တူးရဲ့ သက်ရှိပန်းချီ  (မိုးမခစာအုပ်စင်) မေ ၃၊ ၂၀၁၈ ခေါင်းစဉ်...

Read more »

မိုးမခမဂ္ဂဇင်း မေ ၂၀၁၈၊ အတွဲ ၅၊ အမှတ် ၁ ထွက်ပြီ

By

  မိုးမခမဂ္ဂဇင်း မေ ၂၀၁၈၊ အတွဲ ၅၊ အမှတ် ၁ ထွက်ပြီ...

Read more »

ဂျူနီယာဝင်းရဲ့ မြန်မာနေ့ရက်များနှင့် ပန်းများ စာအုပ် ထွက်ပြီ

By

ဂျူနီယာဝင်းရဲ့ မြန်မာနေ့ရက်များနှင့် ပန်းများ စာအုပ် ထွက်ပြီ (မိုးမခ) မတ် ၂၄၊ ၂၀၁၈...

Read more »

ဇော်အောင်(မုံရွာ) ၏ ပြည်မြန်မာ မီးထိန်ထိန်သာဖို့အရေး မိုးမခဆောင်းပါးများ (ထွက်ပြီ)

By

ဇော်အောင်(မုံရွာ) ၏ ပြည်မြန်မာ မီးထိန်ထိန်သာဖို့အရေး မိုးမခဆောင်းပါးများ (ထွက်ပြီ) မိုးမခစာအုပ်စင်၊ ဖေဖော်ဝါရီ ၂၈၊...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်