>Translated by May Ka on "Twilight over Burma by Inge Sargent " # 9

May 14, 2011

>

မြူတိမ်ဝေဝေ …  တောင်ခိုးဝေးဝေး – ၉
မေခ
မေ  ၁၄၊ ၂၀၁၁
မိုးမခ၏ အထူးကဏ္ဍ၊ ဘာသာပြန် အခန်းဆက် တင်ဆက်မှု
(Twilight over Burma by Inge Sargent ကို ဆီလျော်အောင် ဘာသာပြန်တာဖြစ်တယ်)
လတ်ဆတ် လှပသောဇွန်တနေ့တွင်ဖြစ်သည်။ ခုတ်ထွင်ပြီး တောမီးရှို့ထားသော လယ်တောတွေပေါ်က နှင်းမြူတွေကို မိုးကဖယ်ရှားရှင်းလင်းပစ်လိုက်သည်။   တောင်တန်းတွေကိုကြည့်ဖို့ စ၀်က သုစန္ဒာကို ခေါ်သွားသည်။ပြင်ပ ၀န်းကျင်က ပြီးပြည့်စုံနေသည်။ လေက ပြေပြီးရှင်းသန့်နေသည်။ လမ်းပေါ်ကမြေကြီးသည် ခြောက်နေသဖြင့် သူတို့ ကားဘီးရွံ့ထဲနစ်မှာ မပူရတော့။သူတို့ လင်းရိုဘာကားပေါ်တွင် နောက်လိုက်အဖော်များပါတင်ခေါ်ခဲ့ပြီး တောင်ပေါ်က ဘုန်းကြီးကျောင်းသို့သွားကြမည်။
ထိုအချိန်မှ စလို့ သူ့နောက်တော်ပါးများသည် လင်းရိုဘာကားသွားမည့်လမ်းကို တောခုတ်ဓါးများဖြင့် ခုတ်ထွင် ရှင်းကြတော့သည်။ခြုံနွယ်ပိတ်ပေါင်း သစ်ပင်နွယ်ပင်များသည် တပင်မှ တပင်သို့ ကူးလူးဆက်ပေါက်နေကြသည်။ နုနယ်သော အပင်လေးတွေကလည်း နေရာအနှံ့တွင်ပေါက်ရောက်နေကြလေသည်။ တောရိုင်းခြုံပုတ်အစုလေးတွေရှိသော လမ်းကိုဖြတ်သည့်အခါချိုမွှေးသောလှိုင်းလေးတွေနှင့် သံပုရာ ပန်းပွင့်နံ့လေးများ လေထဲမျောပါလာသည်။ တောလမ်းခရီးတခုလုံး တိတ်ဆိတ်နေလေသည်။ ကားစက်သံနှင့် တောခုတ်ဒါးလွှဲခုတ်သံတွေက သာအေးချမ်းနေသောတောကို ဖျက်ဆီးပစ်နေသည်။
အချိန်ပိုယူရတာကလွဲလို့ သူတို့ တောင်ပေါ်တက်ရသော ၆မိုင်ခရီးသည်ဘာ ပြဿနာမျှ မရှိချေ။ မိုင်ဝက်လောက်တက်ပြီးသောအခါ ဒရိုင်ဘာကို ကားရပ်ခိုင်းလိုက်ပြီး စ၀်ကပြောသည်။

‘ ကျန်တဲ့ ခရီးကို ငါတို့ လမ်းလျှောက်တက်ကြရအောင် ဆရာတော့်ကို အနှောက်အယှက်မပေးချင်ဖူး ‘   
သုစန္ဒာဘက်လှည့်ပြီး ဆက်၍
‘ ဆရာတော်ကလူတွေနဲ့ ကင်းကင်းနေတယ် ဒါပေမဲ့ တောကောင်တွေနဲ့တော့ ခဏခဏတွေ့နေရတာပဲ ရွာသားတွေပြောတာတော့ သူတို့  အမျိုးမျိုးတွေ့နေရတာပဲတဲ့ ဆရာတော့်ရဲ့တဲနားမှာလေ ကျားသစ် ကျား ၀က်ဝံ ဆင်တောင်ပါတယ်တဲ့ ‘ 
သုစန္ဒာသည် ဖျတ်ဆို တောကောင်တကောင်ပေါ်လာပြီး သူ့ကို ဖမ်းကိုက်လိုက်မှာကို စိုးသည့်အတွက် ပတ်ဝန်းကျင်ကို သူက သတိထားကြည့်နေသည်။ သူမကိုတော့ မဖြစ်နိုင်ပါဖူး ။
သို့ဖြစ်သော်လည်း သူမသည် ဦးပြည်းရိတ်ထားသည့် အညိုရောင်သင်္ကန်းဝတ်ထားသော အရပ်ပြတ်ပြတ် ရဟန်းတပါးကို ဖူးလိုက်ရလေသည်။ ဆရာတော်သည် သူတို့ကိုမြင်လျှင် ခပ်သုတ်သုတ်ြွကသွားသည် ။လူတွေနှင့် ရှောင် ကွင်းနေချင်ပုံရလေသည်။ ဆရာတော်၏ကျောင်းသင်္ကန်းတဲလေး ရှေ့တွင် ဆန် ဆီ ဆား သကြား နို့ဆီဗူး တို့ကိုထားခဲ့လိုက်သည်။ ထိုအစာများဖြင့် ဆရာတော် ဘုန်းပေးနေသော တောထဲက သစ်သီးသစ်ဖု သစ်မြစ် သစ်ရွက် တို့နှင့်ရောနှောပြီး အားဖြစ်စေရန် အတွက်ဖြစ်လေသည်။ ဆရာတော်သည် လွန်ခဲ့သော ၁၅နှစ်ကတည်းက လူတွေ၊ပျော်စရာတွေနှင့် ဝေးကွာရာတွင် တပါးတည်း လာ၍ တရားကျင့်ကြံအားထုတ်နေသည်ကိုသုစန္ဒာသိရသည်။
သူမတို့ ဂျာမဏီနိုင်ငံတွင်လည်း မယ်သီလရှင်များသည် သူတို့ ကွန်ဗင့်ကျောင်းထဲတွင်သာနေထိုင်ကြပြီး ပြင်ပကမ္ဘာနှင့် အဆက်အသွယ်ပြုလုပ်ခြင်းမရှိကြောင်းကို သူမကြားဖူးးပါသည်။သို့သော် ယခုအခြအနေနှင့်ကား ခြားနားလေသည်။
သူမသည် စ၀်နှင့်သူ၏အခြွေအရံတွေအနောက်ကနေ ဖြည်းဖြည်းလေးဆင်းလိုက်ပြီး ဆရာတော်သွားမည့်လမ်းကိုရှင်းပေးလိုက်ကြသည်။ ဟိုး.. အောက်ကမြင်နေရသော မြင်ကွင်းကြောင့် သူမအသက်ရှုဖို့ မေ့သွားလေသည်။ စိမ်းညို့မြရည်  နေသောစန္ဒကူးမြစ်ကြီးသည် စိမ်းစိမ်းစိုရွှမ်းလဲ့နေသောတောင်များနှင့် ဖြူဖွေးဖွေး အရှေ့စံအိမ်တော်ကို ကွေ့ပတ် လျက် တအိအိ စီးဆင်းနေလေသည်။
အရှေ့စံအိမ်တော်အဟောင်းနေရာသာကျန်တော့သည် ။အရှေ့စံအိမ်တော်သည် ဒုတိယကမ္ဘာစစ်အတွင်းက ဖျက်ဆီးခံလိုက်ရလေသည်။ လူဦးရေ တသောင်းငါးထောင်ရှိသော နမ့်ပန်းမြို့လေးထဲက လူတွေတော့ အိပ်မောကျနေပေလိမ့်မည်။သူတို့နေကြသော အိမ်လေးတွေ တလုံးနှစ်လုံးသည် ခပ်ဝေးဝေးမှာ ဆောက်ထားကြပြီး ရာပေါင်းများစွာသော စိမ်းစိုနေသည့် သစ်ပင်များက အရိပ်ထိုးပေးနေလေသည်။အခိျု့နေရာတွင် ရက်ရက်စက်စက် ရဲရဲနီသော ပန်းများပွင့်ဆာဝေနေတော့၏။ မြောက်နှင့် အနောက်မှာတော့ တောင်ကြောတလျှောက်သည် စိုမြစိမ်းလျက်လတ်ဆတ်နေသော စပါးခင်းတွေက ဖုံးလွှမ်းထားသည်။ ချိုမြိန်သော စပါးစိမ်းနုနံ့တွေ လေထဲသင်းမွှေးပံျ့နေသေးသည်။
            စိမ်းစိုမြကြော တလျှောက်ဆက်ကြည့်လိုက်လျှင် အဆုံးမှာတော့ နက်မှောင်သော ကျွန်းတောကြီးကိုတွေ့ရသည်။ တောင်ကြော တောအုပ်တခုလုံးကနေ ဟိုး ကြမ်းတမ်းသောတောင်တွေပေါ်မှာထိပေါက်နေလေသည်။ တောင်ထိပ်တွေမှာတော့ထုံးဖြူဖြူ ခေါင်းလောင်းပုံ စေတီလေးတွေကို ဒါဇင်မျှမြင်နေရသည်။ တခိျု့မှာ တဆူတည်း တခိျု့မှာ အစုလိုက်ဖြစ်လေသည်။
                     တည်ငြိမ်အေးချမ်းလှပသော တောင်တွေကြောင့် သုစန္ဒာ စူးစူးနစ်နစ် ခံစားနေရသည်။ ထိတ်စရာအမြင်တွေကြောင့် သူမကအားလုံးကိုခြုံငုံပြီး သူမစိတ်ထဲတွင် တင်းကြပ် နေသော စိတ်ခံစားမှုများ  စည်းချက်အညီ ပြည့်လျှံနေလေသည်။  အေးချမ်း တိတ်ဆိတ် တည်ငြိမ်နေသော တောင်တန်းတွေအောက်မှာ နောက်ဆုံးမတော့ သူမ၏ပျော်ရွှင်မှု သူမခွန်မိန်း၏ပျော်ရွှင်မှု နှင့် သူမတို့အတူတကွနေထိုင်ရသောဘ၀ သည် တိုတိုလေးဖြစ်နေလေမလား …သူမ ခံစားသိနေလေသည်။
ကြောက်ရွံ့စိတ်များ ဖုံးလွှမ်းလာပြီးနောက် သူမဒူးတွေတုန်ယင် အားနည်းလာ၍ မျက်နှာကသွေးဆုတ်လာတော့သည်။ သူမ သတိလစ်မသွားအောင် သစ်ငုတ်တိုကြီးက ကယ်တင်လိုက်လေသည်။ သူမသည် ထိုင်ချလိုက်ပြီး လှုပ်ခါယိမ်းထိုးနေသော သူမ၏ခန္ဓာကို ပြိုလဲမကျသွားစေရန် ထိန်းလိုက်ရသည်။ စ၀်မေးလိုက်တာကိုသူမ ကြားလိုက်သည်။
‘တောင်တက်ရလို့ အားကုန်နေပြီလား အချစ် ကြည့်ရတာ အားမရှိတော့ သလိုပဲ ‘
‘ ကျမ နေလို့ သိပ်မကောင်းဘူး ‘ ဟုသာ သူမ ပြန်ပြောနိုင်သည်။
သူမ၏ ကြောက်စရာ အမြင်တွေကို သူ့အား ပေးမသိစေချင်ပေ။ သူမသည် ရိုးသားစွာပဲ အတွေးတွေကို ရင်ထဲစိတ်ထဲက ထုတ်ပစ်လိုက်တော့သည်။ စ၀်က သူမကို ထူမပြီး ကျောက်တောင်အစွန်းကနေ ခေါ်သွားလိုက်သည်။ သူမကို ကြောက်စရာ နေရာမှ တွန်းထုတ်သွားတာတောင်မှ သူမက ထိုမြင်ကွင်းကို ကွင်းကွင်းကွက်ကွက် မြင်ယောင်နေမိတော့သည်။
သူတို့သည်ကြီးမားသော မြစ်ကမ်းပါးပေါ်တွင် ရှိနေကြသော ရွာလေးတွေကို မြင်နေရသည်။ မကြာခင်ကမှ သူတို့ သွားလည်ခဲ့ဖူးသော တာပေါ့ခေါ် ခေါက်ဆွဲရွာကို စ၀်က လက်ညှိုးညွှန်ပြသည်။
          သည်နေရာမှ ချဉ်စုတ်စုတ် အနံ့များရသည်ဟု စိတ်ထဲတွေးမိသည်။ ရွာသားတွေက ဆန်ကို အချဉ်ဖောက်နေရာ နေရာအနှံ့အပြားတွင်ဖြစ်သည်။ ဆန်ကိုဘယ်လို အမှုန့်ဖြစ်အောင်လုပ်လဲဆိုတာ သူမ မြင်ဖူးသည်။ ဆန်ကို အရင်ဆုံး အမှုန့်မှ မုန့်နယ်တုံးလုပ်သည်။  ပြီးမှ အချဉ်ဖောက်သည်။  အဆီတုံးလေးတွေဖြစ်အောင်လုပ်သည်။ခေါက်ဆွဲလုံးရှည်တွေလုပ်ပြီး ဈေးမှာ ရောင်းလေသည်။  ချဉ်ငံစပ်ဖြင့် တို့စားလျှင် အလွန် စားကောင်းသည်။
မြစ်အောက်ဘက် အနည်းငယ်ဝေးသောအရပ်တွင် ပန်ဆိုင်းရွာရှိတာသူမသိသည်။ ထိုရွာတွင် ရှေးကတည်းက လုပ်လာကြသော အခုတော့ ခေတ်မှီနေပြီဖြစ်သော တိုင်းယိုင်မိုင်းကိုင် စက္ကူလုပ်ငန်းရှိလေသည်။ သူမပြန်သတိရသည်မှာ တိုင်းယိုင်မလေး  လေး ယောက်လား ငါးယောက်လား က ပိုးစာပင်အခေါက်များကို ရေထည့်ထားသော အိုးထဲထည့် ပြီး မီးဖြင့် ကြိုလိုက်ကြသည်။ ပျော့ဖတ်ရည်ကို ထူပြစ်လာသည်အထိမွှေပေးရသည်။
၇နှစ်မှ ၁၀နှစ်အရွယ် ကောင်မလေး ၃ယောက်က အိုးကို မီးဖိုပေါ်မှ ချသည်။အဆက်မပြတ် တခစ်ခစ်ရယ်နေကြသော ကောင်မလေး၃ယောက်သည် ထို စေးကပ်နေသောအရည်များကို ဘောင်ကျက်ထားသော ဇာကွက်ထဲလောင်းချပြီး ညီအောင်ညှိပေးသည်။  သူတို့သည် ပျော့ဖတ်များကို ခတ်သွက်သွက် ညီအောင်ညှိပေးနေတာကို မိန်းမကြီးတွေက စောင့်ကြည့်ပေးသည်။
ပြီးလျှင်တပေ သုံးပေ ဘောင်တွေကို မတ်မတ်ထောင်ပြီးနေရောင်မှာ လှမ်းသည်။  နေရောင်၏ အပူပြင်းအား စိုထိုင်းဆ အခြေအနေပေါ်မူတည်ပြီး အညိုရောင် ပျော့ဖတ်များသည် အဖြူရောင် အဖြစ် နာရီပိုင်းအတွင်းတွင် ပြောင်းလဲသွားလေသည်။ နောက်ဆုံးတွင် စက္ကူချပ်ကြီးသည် မာတင်းတောင့်နေသည်။ပုံကတော့ ရှုပ်ထွေးနေသော အမျှင်အစက် အကွက် သဘာဝ ဒီဇိုင်းများဖြင့် ပေါ်လာတော့သည်။ထို့နောက် ဘောင်ကျက်ထားသောစက္ကူချပ်များကို ကောင်မလေးတွေက လွယ်ကူစွာခွာချလိုက်သည်။ ရှေးအနုပညာ၏ စံနမူနာများကို ထုတ်လုပ်ပြနေသော အချက်ကို သူတို့ မေ့နေကြလေသည်။ 
‘ မောင်တို့ သွားမှ ဖြစ်တော့မယ် သစ်စက်ကို သွားဖို့ အချိန်ပေးရဦးမယ် ‘
စ၀်ပြောလိုက်သည်။ စည်းချက်ကျကျ စိုးစီစီအော်မြည်နေကြသော ပိုးကောင်လေးတွေအသံနှင့် တစာစာအဆက်မပြတ် စကားများနေကြသော ဇရက်သံတွေကို ထားရစ်ခဲ့ကြလေသည်။
သုစန္ဒာသည် ချက်ခြင်းပင် သစ်စက်ဆိုသော စကားကို အသိ ရလိုက်သည်။သူမကိုတင်ဆောင်လာသော လင်းရိုဘာသည် နမ့်ပန်းတောင်ကြောတွေ နှင့် တောင်ကုန်းတွေပေါ်မှ တရကြမ်း ဆင်းချလာလေသည်။သူတို့ကို သူမ၏ သဘောအကျဆုံးမိသားစုဆီခေါ်ဆောင်သွားသည်။
အသက်၄၀ အရွယ် ဆင်ထီး မဟာ ဆမ် ၊သူ့မိန်းမ နန်းဆမ် ၊ နှင့် သူတို့၏ ငါးနှစ်အရွယ် သား စိုင်းလန့်  တို့ဆီဖြစ်လေသည်။သူတို့ကား သစ်စက်နားနီးလာသောအခါ စိုင်းလန့်သည် သူ့ကိုယ်ဖြင့် လမ်းပိတ်ရန်  အဆင်သင့် ဖြစ်နေသည်။ သူ့အရပ်က ၅ပေခွဲရှိနေပြီ။ သူ့အရပ်နှင့်အလေးချိန်သည် အလုပ်ဖြစ်နေပေပြီ။ သူရှိနေတာကို ဘယ် ကားကမှ သိမှာမဟုတ်တဲ့ အတွက် သူ့ကို တိုက်မည့် အန္တရာယ်ကို ကြိုသိ၍ သူကအရင် တအားကုန်းအော်လေသည်။စိုင်းလန့်သည် သူ့ကိုယ်ဖြင့်ကားထဲကို မရှာဖွေခင်မှာ ကားပေါ်က လူတွေကို အရင်ဆင်းစေလေသည်။  သူသည် ကားပေါ်ကငှက်ပျောသီး ၊ဖရဲသီး၊ သင်္ဘောသီး ၊ကြံတို့ကိုရှာဖွေသည်။
သူစိတ်မပျက်ပေ။ သုစန္ဒာထံမှ ရသော ငှက်ပျောသီးကိုမူ သူက အခွံခွာပြီးသားကို လိုချင်လေသည်။သူမကသူ့ကို ဖရဲသီးအသေးလေးကျွေးလျှင် သူက ခေါင်းကိုရမ်း လှုပ်ခါပြသည် ။ဖရဲသီးက မှည့်မှ သူစားလေသည်။ စမ်းသပ်ပြီးမှ ညိုတိုတို လူပျိုပေါက်က ဖရဲသီးကို ပျော်ရွှင်စွာဖြင့်ြွကပ်ြွကပ်ဝါးလေ၏။ဒါကုန်သွားလျှင် သူနောက်ထပ်တောင်းပြန်တော့သည်။
‘ သတိထား ‘
စ၀်အော်လိုက်သောအချိန်တွင် စိုင်းလန့်သည်ရှေ့ခွာဖြင့် သုစန္ဒာ၏ခြေထောက်ကို ပေါက်လိုက်သည်။
စောင့်ကြည့်နေကြသော ဆင်ဦးစီးနှစ်ယောက်က သူ့နားရွက်နောက်ကို ချွန်းဖြင့် ထိုးထည့်လိုက်သည်။
                  သူ့မှာ ရွေးစရာလမ်းမရှိပေ။ သူသည် သူတို့လက်ကလွတ်မြောက်ဖို့ ဆန္ဒပြပြီး စူးရှစွာအော်ဟစ်နေတော့သည်။ သူ့နာကျင်သော ဒုက္ခကိုသူ့အမေသိအောင် အော်နေလေသည်။ နန်းဆမ်က သစ်ပုံနားမှာရှိနေသည်။ သစ်ပုံအပေါ်ဆုံးသို့ သစ်တတုံးမတင်ပြီးသောအခါ သူမသည်သူ့သားကို ကယ်ဖို့ လာသည်။
သူ့ကို သူမက မိနစ်အနည်းငယ်မျှ နှစ်သိမ့်ရုံသာ တတ်နိုင်လေသည်။သူသည် ဧည့်သည်တွေကို နောက်ထပ် ဂရုမစိုက်တော့ပဲ သစ်ပုံနားက သစ်တုံးတွေကိုသာ သွားဆော့ကစားနေသည်။သစ်လုံးတွေကို ဟန်ချက်ညီညီ ဖြင့် မနိုင်ဖို့ သူကြိုးစားနေတော့သည်။
ပြုတ်ကျသွားလျှင်သူသည် သူ့အမေကို အော်ခေါ်ပြန်သည်။ သူမကတော့ လှည့် ဂရုမစိုက်အားပေ။
ကြီးစွာသောဒုက္ခနှင့် စိတ်ဆိုးဒေါသ ကြားတွင် သူမ၏ တိရစ္ဆာန်မိခင်စိတ်ဖြင့် အကူညီပေးဖို့ ခွဲခြားသိမြင်နေပါသည်။
သူ့မိသားစုအရေးဘာတွေပဲဖြစ်နေနေ ဖခင်လုပ်သူ မဟာဆမ်ကတော့ စိတ် မ၀င်စားပဲ သူ့အလုပ်မှာသာ အာရုံထားလေသည်။
သူသည် သူ့အလုပ်ဖြစ်သော သစ်လုံးပေါ်တွင်သာ အာရုံရှိပြီး သူ့သခင် ဆင်ဦးစီးလေး၏အလိုကိုလိုက်လျော ပြီး ရိုကျိုးပြနေရသည်။
          ဒုတိယကမ္ဘာစစ်အတွင်းက ဂျပန်စစ်သား၏ သေနတ်ကျည်ဆန်ကြောင့် မဟာဆမ်၏မျက်လုံးတလုံး ဆုံးရှုံးခဲ့ရသည်။အခုတော့သူသည် စမ်းချောင်းလေးဘေးမှာရှိသော သစ်စက်လေးထဲမှာသာ သူ့နေ့စဉ်အလုပ်ကို စိတ်ဝင်စားတော့သည်။သူ့အကျိုးစီးပွား သည် သစ်ပုံကြီးများ ကျွန်းသစ်လုံးရှည်ကြီးများ ပေါ်တွင်သာရှိနေပြီး တဲတင်းကုတ်လေးနှစ်ခုထဲက ပစ္စည်းတွေက  သူတို့အတွက်ဘာမှ ထုတ်လုပ်မပေးနိုင်ပေ။
ထိုနေရာတွင် ဆင်တွေအတွက် နားနေရန် တင်းကုတ် ပင်မရှိ။လူတွေအတွက် အမိုးမိုးထားသောတဲလေးသာရှိပြီး သစ်စက်အတွက် အလုပ်လုပ်သူများနေကြလေသည်။
‘ ၁၁နာရီထိုးတော့မယ် မိနစ်နည်းနည်းပဲလိုတော့တယ် ‘
 စ၀်ပြောသည်။
‘ ဒါဘာကြောင့်များအရေးကြီးနေတာလဲ 
‘သုစန္ဒာ စပ်စုစွာပင်ပြန်မေးသည်။
‘ အချစ်တွေ့ပါလိမ့်မယ် ‘
သူမ အသေအချာကိုတွေ့ရသည်။ ၁၁နာရီတိတိထိုးသည်နှင့် သစ်လုံးများကိုမထားသော ဆင်ကြီးများသည် နှာမောင်းပေါ်က သစ်လုံးများကို ပစ်ချလိုက်ကြပြီး လျင်မြန်စွာဖြင့် သူတို့ သားများကိုခေါ်ယူပြီးနောက် တောထဲထွက်သွားကြတော့၏။ နုရွသောဝါး ရွက်လေးတွေကို ၀ါးစားရင်းက ၀ါးတောအုပ်ထဲမှာပျောက်ကွယ်သွားကြတော့သည်။ဆင်တွေမှာ တောထဲဝင်ဖို့ အခွင့်ရတာကို သုစန္ဒာသိရလေသည်။ သူတို့ စားသောက်စရာများရှိသောတောထဲသို့ ထိုအချိန်နံနက် တိုင်းအစာရှာထွက်ကြသည်။
သစ်စက်တွင် သူတို့အတွက် အစာသပ်သပ် ထောက်ပံ့ကျွေးမွေးတာမရှိချေ။ သူတို့ကိုယ်ထဲက နာရီဖြင့် အချိန်ကျလျှင် သူတို့ဘာသာတောထဲသွား အစာရှာစားကြလေသည်။
‘ သူတို့ အစာဝရင်ပြန်လာကြလား ‘
သုစန္ဒာမေးလိုက်သည်။
‘ မနက်တိုင်း၅နာရီထိုးတာနဲ့ သူတို့ ဆင်ဦးစီးတွေက တောထဲဝင်သွားရှာပြီးပြန်ခေါ်လာရတာပဲ ‘  ဘယ်နေရာမှာ စားကျက်အကောင်းဆုံးလဲ ဘယ်နေရာသွားခေါ်ရမလဲဆိုတာ သူသိတယ်လေ။  နေ့တိုင်း ပြေးတမ်းလိုက်တမ်း တူတူပုန်းတမ်း ကစားပြီး သူတို့ပြန်ပါလာတာပဲ ၊ သူတို့နောက်ခြေမှာ ခတ်ထားတဲ့ ထူးသံကြိုးကြီးတွေကကြီးတယ်လေ သူတို့ ၁၀မိုင်ထက်ပိုမ ပြေးနိုင်ကြဖူး ‘
သူမတို့ အရှေ့စံအိမ်တော်သို့ပြန်လာကြသောအခါ လမ်းတွင် သုစန္ဒာသည် မနက်က သူမ ထင်ထင်ရှားရှားကြီးကို မြင်တွေ့ သိခဲ့ရသောအကြောင်းတွေကို ထားပစ်ခဲ့ဖို့ ကြိုးစားသည်။ သူမတို့ တောင်တွေပေါ်မှာ အောင်မြင်မှုတွေရခဲ့တာ သူမအတွက် ခံစားမှုအသစ်တွေရခဲ့တာကို သူမ အလွန်ကျေးဇူးတင်နေမိလေသည်။ သို့သော်လည်း သူမကို ဒုက္ခများကျရောက်မည့် နိမိတ်လက္ခဏာများတည့်တည့်ကြီးပြသည့် အချိန်များက သူမအလွန် စိတ်အနှောက်အယှက်ဖြစ်ရလေသည်။ ထိုအချိန်ကတည်းက သူမခံစားရသော သောကစိုးရိမ်မှုကို မည်သူတဦးတယောက်ကိုမျှ မဖွင့်ဟဖို့ စိတ်ထဲတွင် ခိုင်ခိုင်မာမာကြီး ဆုံးဖြတ်ထားမိလေသည်။ 
သုစန္ဒာသည် လုပ်ငန်းတာဝန်များကို စီမံရာတွင် သဘာဝအတိုင်း လွယ်ကူစွာလုပ်ဆောင်သောကြောင့် ကြီးမာေးသာ စံအိမ်တော်ကြီးတခုလုံးသည် ချောမွေ့စွာ လည်ပတ်နေလေသည်။ သူမသည်မနက်တိုင်း ပန်းအိုး ၂၀ကို ပန်းများလဲသည်။ တနေ့စားရမည့် ဟင်း မီးနူးကို စီစဉ်ပေးသည်။အလုပ်သမားတွေလုပ်ရမည့် အလုပ် အချိန်စာရင်း ဆွဲပေးသည်။
သုစန္ဒာသိလိုက်ရတာကတော့ စံအိမ်တော်တွင် အလုပ်လုပ်နေကြသော သူတိုင်းသည် တပတ်လုံး နေ့စဉ်အလုပ်ဆင်းနေကြခြင်းပဲ ဖြစ်လေသည်။  ပထမ အပတ်အနည်းငယ်တုန်းကတော့ သုစန္ဒာထင်နေတာက သူမရောက်လာကာစမို့ အခုလို လူတိုင်းနေ့စဉ်လာနေကြတာဟု ထင်နေခဲ့ဖူးသည်။ သို့သော်လည်းလချီကြာလာသောအခါ မပြောင်းမလဲ ဆက်လက် လာနေကြသောကြောင့် သုစန္ဒာသည် အတွင်းရေးမှူး နှင့် စားပွဲထိုးကိုခေါ်ပြီး ဒီကိစ္စကိုဆွေးနွေးရတော့သည်။ စားပွဲထိုး ကောလိန်က စံအိမ်တော်မှာ အလုပ်လာလုပ်နေကြသော သူများသည် နားရက်မလိုချင်ကြပဲ စံအိမ်တော်ကိုနေ့စဉ် တပတ်လုံး လာလုပ်လိုနေကြသည် ဟုဆိုလေသည်။ သုစန္ဒာဒါကိုလက်မခံနိုင်ချေ။သူမ စံအိမ်တော်က၀န်ထမ်းတွေကို မတရားခိုင်းနေသည်ဟုယူဆပြီး ငြင်းဆိုလေသည်။
          ထိုအစား သုစန္ဒာက လအလိုက် အလုပ်ဂျူတီ ဇယားကိုဆွဲတော့သည်။တပတ်အတွင်း တရက်စီတွင်တယောက်စီ၏ အလုပ်လုပ်ချိန် နားချိန်တို့ကို အသေအချာ ရေးဆွဲသည်။
အလုပ်သမားများ၏ ထမင်းစားခန်းအတွင်းက စားပွဲပေါ်တွင် အလုပ်ဇယားသည် အလွန် စိတ်အားထက်သန်စွာဖြင့် ဂုဏ်ယူစွာဖြင့် ရောက်ရှိလာတော့သည်။  သို့ဖြစ်သော်ငြားလည်း သူမ စိတ်တွေ ရှုပ်ထွေးမှုက တနေ့ပြီးတနေ့ ပိုကြီးထွားလာရပြန်သည်။   အလုပ်နားရက်ရသော လူသည် နားရက်မယူပဲ တနေ့လုံးစံအိမ်တော်မှာပဲလာနေပျော်ရွှင်စွာ လုပ်နေတာတွေ့နေရလို့ဖြစ်လေသည်။
  နောက်အစည်းအဝေးမှာတော့ သုစန္ဒာက အလုပ်သမား အဆင့် အတန်းများကို ရှင်းလင်းပြောပြသည်။ သူတို့က သူတို့အတွက် လိုအပ်မှ သာလျှင် အလုပ်နားရက်ယူချင်ကြသည်ဟုဆိုသည်။ အလုပ်အချိန်ဇယားအရ နားရက် မယူလိုကြဟုဆိုလေသည်။
သူတို့က အလုပ်ကို မှန်မှန်လာနေရာတာက သူတို့ အတွက်ပိုကောင်းသည်။ သူတို့အလုပ်တာဝန်ကို ယူနေကြရတာပိုကောင်းသည်။  သူတို့အတွက် ပွဲရှိတဲ့အခါ မိသားစု ကိစ္စရှိတဲ့အခါ သို့မဟုတ် ဘာသာရေး လုပ်ငန်းများရှိတဲ့အခါတို့ကျမှသာ တယောက်ချင်း ခွင့်ယူလိုကြသည်ဟုဆိုကြလေသည်။ သူတို့က သုစန္ဒာကို ရှင်းရှင်းလင်းလင်းသိစေသည်မှာ သုစန္ဒာ၏နည်းလမ်းအတိုင်းလုပ်ကိုင်စေခြင်းသည် သူတို့အတွက် အရေးမကြီးသောကိစ္စတခု ဟုခံစားရပြီး မလုပ်လိုဟုဆိုကြပြန်လေသည်။
မွိုင်းသည် သုစန္ဒာတို့ နမ့်ပန်းကိုရောက်လာသည့်နေ့မှစ၍ သူမအတွက် အလွန် အားကိုး အသုံးကျ စိတ်ချမ်းသာ သဘောကျရသော အထိန်းတော်အဖော်တယောက်ဖြစ်သည်။သူမသည် ပိန်သွယ်သွယ် တိုင်းယိုင်းမတွေကြားမှာ ထူးထူးခြားခြား လေးလံဝဖိုင့်သော မိန်းမတယောက်ဖြစ်တာကို သုစန္ဒာ သတိပြုမိသည်။
သူမ၏ အဆင့်ပုံပန်း အရလည်းကောင်း သူမ၏ ယောကျာ်းသည်စားပွဲထိုးဖြစ်နေတာကြောင့်လည်းကောင်းသူမသည်စံအိမ်တော်အတွင်းရှိအလုပ်သမားအားလုံး၏ လေးစားခြင်းကိုလည်း ခံရပြီး သူမ၏သြဇာကိုလည်း အမျိုးသားဝန်ထမ်းအားလုံးကလက်ခံကြကြောင်းတွေ့ရလေသည်။ သူမ၏မျက်ဝန်းနက်နက်သည် ပျော်ပျော်နေတတ်ဟန်ကိုပြနေသည်။
သူမ၏မျက်နှာဝိုင်းဝိုင်းသည် မနက်ကနေ ညထိတိုင်အောင် အပြစ်ကင်းသော အပြုံးဖြင့် နေနိုင်လေသည်။ သူမအသံက သြဇာအပြည့်ရှိသည်။ သူမသည် သုစန္ဒာဘေးတွင် အစဉ် နုညံ့ သိမ်မွေ့စွာပြုမှုပြောဆိုသည်။ ညိုမှောင်ရှည်လျားသော ဆံပင်ကို စည်းပြီးလိပ်တင်ထားသည်။ မျက်နှာပေါ်တွင် သနပ်ခါးထူထူပိန်းပိန်းလိမ်းထားသေးသည်။ သုစန္ဒာ ပိုးလုံချည်ခေါက်တွေကိုလည်း အရာမထင်အောင်ခေါက်ပေးတတ်သည်။ မွိုင်းနှင့်သာဆိုလျှင်သုစန္ဒာသည် တိုင်းယိုင်စကားကို ရဲရဲပြောဆိုတတ်ပြီး သူမကို ပထမဆုံး နေ့ရက်တွေမှာတိုင်းယိုင်စကားကို သည်းညဉ်းခံပြီး သင်ပေးခဲ့သော်လည်း စည်းကမ်းတင်းကြပ်သော ဆရာတယောက်ဖြစ်ပြန်လေသည်။
တမနက်ခင်းမှာတော့ သုစန္ဒာအတွက်အရေးကြီးသော ဧည့်သည်လာမည်ဖြစ်သဖြင့် ကြိုတင်ပြင်ဆင်စရာများရှိရာ အဆင်သင့်ဖြစ်ဖို့ မှာစရာများရှိနေသော်လည်း မွိုင်းပေါ်မလာတာတွေ့ရလေသည်။ သူမ၏အိပ်ခန်းတံခါးကို စားပွဲထိုး ကောလိန် လာခေါက်ပြီး မွိုင်းနေမကောင်းလို့ မလာနိုင်တဲ့အကြောင်း အခုတော့ တိုင်းရင်းဆေးနဲ့ပဲ ကုနေကြောင်းပြောသည်။ သူ့ကြည့်ရတာ သိပ်စိုးရိမ်ပုံလည်း မပေါက်ပေ။ နောက်တနေ့မနက်ကျတော့လည်းအလုပ်ကို မွိုင်းပေါ်မလာပါ။ ထို့ကြောင့် သုစန္ဒာသည် သူ့အိမ်က အထိန်းတော်ကို ကိုယ်တိုင်သွားကြည့်ဖို့ ဆုံးဖြတ်ချက်ချလိုက်လေသည်။
ပူပြင်းသော နေရောင်ကိုကာကွယ်ဖို့ နီတောက်တောက် ပိုးထီးကိုဆောင်းပြီး စပ်စုသော ကလေး တဒါဇင်ဖြင့် ကျုံးနောက်ဘက်မှာရှိသော အစေခံရပ်ကွက်သို့သုစန္ဒာ သွားလေသည်။ သုစန္ဒာသည် ကောလိန်နှင့် မွိုင်းတို့ ပိုင်ဆိုင်သော သစ်သားအိမ်ကို အကူဖြင့်လိုက်ရှာရသည်။ အိမ်ရှေ့ဆင်ဝင်တွင် လူဒါဇင်ကျော်က၀ိုင်းဝေဖန် မေးမြန်း နေကြသောကြောင့် အလွန်ခက်ခဲစွာ ၀င်ရသည်။ အခိျု့က ရေနွေးကြမ်းကို ခွက်သေးသေးလေးဖြင့် သောက်နေသည်။ အခိျု့က သနပ်ဖက်ဆေးပေါ့လိပ်ကြီးများကို ဖွာနေသည်။ အခိျု့ကမူ လက်ထဲက ပုတီးပေါ်အာရုံထားလျက် ပုတီးစိတ်နေလေသည်။
အသက်ကြီးကြီး အမျိုးသမီးတယောက်က သုစန္ဒာကို ခရီးဦးကြိုပြုပြီး မွိုင်း၏ အိပ်ရာဘေးသို့ခေါ်သွားလေသည်။ဖျာကြမ်းလေးပေါ်မှာသူမလှဲလျောင်းနေသည်။ သူမဘေးတွင် လူတွေဝိုင်းအုံနေတာကို မေ့လျော့နေဟန်ရှိသည်။ သူမလက်ကိုကိုင်ကြည့်လိုက်သောအခါ အန္တရာယ်ကြီးစွာဖြင့်အဖျားအလွန်တက်နေသောကြောင့် ပူကျက်နေတာကို သုစန္ဒာသိလိုက်ရသည်။ သုစန္ဒာ အထိတ်တလန့်ဖြစ်သွားသည် ။သို့သော် စိုးရိမ်ရသောအခြေအနေကို သူတို့အား ပေးမသိ  စေချေ။ အချိန်ဆွဲနေလို့ မဖြစ်တော့။ သူမသည် သူမ၏ဒရိုင်ဘာကို မြို့ထဲက ဆရာဝန်တယောက်ယောက်ကို အမြန်ပြေးပင့်ခိုင်းလိုက်သည်။ သုန္ဒာက ချက်ခြင်းပင် ရေအေးအ၀တ်ဖြင့် တကိုယ်လုံးရေပတ်တိုက် ပူနေသော နဖူးပေါ်ရေပတ် အကြိမ်ကြိမ်တင်ပေးနေသည်။
‘ မွိုင်း ပြန်ကောင်းလာပါစေ မွိုင်း ပြန်ကောင်းလာပါစေ ‘
ဆရာဝန်သည် ကုလားပြည်က ဘွဲ့ရထားပြီး ရောဂါကို အချိန်မကြာပဲ ရှာဖွေတွေ့ရှိသွားခဲ့သည်။ တိုက်ဖွိုက် အူရောင်ငန်းဖျားရောဂါ ။ ချက်ခြင်းပင် သူမကိုဆေးရုံတင်လိုက်သည်။ အိမ်မှာ မကုပေ။
မွိုင်းသည် စိုးရိမ်စရာကောင်းလောက်အောင် ဖျားနေတာဖြစ်ဘည်။ သူမသည် သတိလက်လွတ်ဖြစ်ပြီး ဆံပင်များ အထွေးလိုက် ချွတ်ကျနေသည်။ ၂ပတ်ကြာသည့်တိုင် သူမသည် အခြေအနေ မကောင်းလှသေးချေ။ ထို့နောက်တမနက်မှာတော့ မွိုင်းနေသောရွာက ရွာလူကြီး၊ လူ၅၀လောက် နှင့် သူမ၏ သူငယ်ချင်းဆွေမျိုးများရောက်လာကြပြီး သုစန္ဒာထံ ခွင့်တောင်းကြသည်။
 ‘ ကျွန်တော်တို့လာခွင့်တောင်းတာပါ မယ်ဘုရားက သူ့ကိုသေခွင့်ပြုပေးဖို့ပါ။ ‘
ရွာလူကြီးက သူမကိုပြောသည်။
‘ ဘာလို့ ကျမကို ဒီလို လာပြောရတာလဲ ‘
သူမသည် တုန်လှုပ်စွာ ပြန်ပြောလိုက်သည်။ သူမသည် အောက်နှုတ်ခမ်းကို နာလာသည်အထိ ဖိကိုက်နေမိတော့သည်။
 ‘ မွိုင်းနေပြန်ကောင်းလာမှာပါ သူ မသေရဖူး’  
‘ ခွင့်ပြုပေးပါ ။ သူမကိုပြောပေးပါ ဒါ တိုင်းယိုင်ထုံးစံပါ ။ ကျွန်တော်တို့ရဲ့ အရှင် သခင်အမေဘုရား ‘
ရွာလူကြီးက တည်ငြိမ်အေးချမ်းသော အသံဖြင့်ပြောသည်။
‘ မွိုင်းက သေချင်နေပါတယ် စောင့်နေတာ ၂ပတ်ရှိပါပြီ ကျွန်တော်သိပါတယ် ။ဒါပေမဲ့ သူမဟာ မယ်ဘုရားရဲ့ အစေအပါးဖြစ်ပါတယ် သူသေချင်နေပေမဲ့ မယ်ဘုရားက ခွင့်ပြုမှ သူ့ ၀ိညာဉ်က သွားချင်ရာကို ထွက်သွားလို့ရမှာ ။မယ်ဘုရားကခွင့်ပြုမှ သူသေလို့ရမှာပါ။ ကျေးဇူးပြုပြီး သူ့ကို လွတ်လပ်ခွင့်ပေးလိုက်ပါ ။ မွိုင်းကို သေခွင့်ပေးလိုက်ပါ ‘
သုစန္ဒာသည် ခေါင်းငုံချလိုက်ပြီး ဘာမှ ပြန်မပြောနိုင်တော့ပါ။ သူမစိတ်ထဲ၌ ၀ရုံးသုန်းကားဖြစ်နေတာကို မနည်း ထိန်းနေရသည်။ စိတ်ထဲကနေ လူတိုင်းကို စူးစူးဝါးဝါးဖြင့် အော်ထုတ်ပစ်နေမိတော့သည်။ သုစန္ဒာသည် မွိုင်း၏အသက်ကို ရှင်ဖို့ သေဖို့ ကြိုးကိုင်ထားသော အရှင်သခင်ဖြစ်သည်ဆိုသော စကားကို သူမ မယုံကြည်နိုင်။  တိုင်းယိုင်ထုံးစံ ဟုတ်ဟုတ် မဟုတ်ဟုတ် သူမသည် တာဝန်ယူပြီး သေဖို့ ခွင့်ပြုပေးရမည်ဆိုသောစကားကို လုံးဝလက်မခံနိုင်ချေ။ အထူးသဖြင့် မွိုင်းသည်သေဖို့ အလွန်ငယ်နေသေးလေသည်။
မျက်ကြည့်အားလုံးသည် သူမအပေါ် စူပြုံကျနေသည်။ မည်သူမျှ အသက်ရှုပုံမရ။ တိတ်ဆိတ် ငြိမ်သက် နေကြသည်။ သုစန္ဒာသည် ခေါင်းကိုမတ်လိုက်ပြီး အင်အားအပြည့်သြဇာသံအပြည့်ဖြင့်
‘ ငါ မွိုင်းကို သေခွင့်မပြုနိုင်ဖူး ။ မွိုင်း အသက်ဆက်ရှင်နေတာ လိုချင်တယ်’ 
သူမသည် ကြမ်းခင်းပေါ်မှထရပ်လိုက်ပြီး မည်သူတဦးတယောက်ကိုမှထပ်မံပြောဆိုခွင့် မပေးတော့ပဲ အခန်းတွင်းမှ ထွက်ချလာခဲ့သည်။ အချိန်ကုန်ခံမနေတော့ကဲ သူမ ဒရိုင်ဘာကို ခေါ်ပြီးဆေးရုံသို့သွားခိုင်းလိုက်သည်။ မွိုင်းသည် သတိလစ်နေဆဲဖြစ်သည်။
သို့သော် သုစန္ဒာက
‘မွိုင်း မင်းအသက်ရှင်ရမယ် ။ မင်းကို သေခွင့် မပေးနိုင်ဖူး’
ဟု ခပ်သွက်သွက် မြန်မြန် ပြင်းပြင်းထန်ထန် ရွတ်နေသောအခါ
မွိုင်း၏ ဖြူဖျော့နေသော နှုတ်ခမ်းလေးတရွရွလှုပ်လာသည်ဟု ခံစားရလေ၏။
    ထို့နောက်မတော့မွိုင်းရှင်နေသည်။ ထိုနေ့မှာပဲ သူမသည် နေကောင်းလာသည်။ ခပ်မြန်မြန် နှင့် လုံးဝပင် ပြန်နေကောင်းလာတော့သည်။ သူမ၏ ဆံပင်တွေ အားလုံးပြန်ပေါက်လာပြီး အလုပ်ပြန်ဝင်လာနိုင်သည်။ တပတ်မှာ ၇ရက် အလုပ်ပြန်ဆင်းနိုင်လေသည်။သူမက သုစန္ဒာကို မကြာခဏပြောသည်မှာ
   ကျမကို သေခွင့်မပေးတာကို သိပ်ကျေးဇူးတင်ပါတယ် အမေဘုရား ‘
ထိုကိစ္စဖြစ်ပြီးနောက်  သူမ၏လူထု ဆွေမျိုးများ နှင့် ရွာသားများသည် သူမကိုပိုမို ကြည်ညိုလေးစားလာကြပြီး အနီးနားတ၀ိုက်မှာနေရင်တောင်မှ ရိုသေ ကြောက်ရွံ့နေကြတာကို သူမ သတိထားမိလေသည်။ အရင်ကထက် သူမ၏ထင်မြင်ချက် များ ကောင်းချီးပေးမှုများ အပေါ်သူမသည် သာမန်လူတယောက်မဟုတ်ပဲ အလွန် တန်ခိုးရှိသူတယောက်လို မြင်နေမှုအတွက် သူမမှာ စိုးရိမ်စွာခံစား လာရတော့သည်။
(ဆက်လက်ဖော်ပြပါမည်)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:Uncategorized

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …


MoeMaKa Monthly December 2016 ထွက်ပြန်ဘီ တဲ့..

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခမဂ္ဂဇင်းကို မြန်မာပြည်အနှံ့ အိမ်အရောက် ပို့ဆောင်ပေးနေပါတယ်

By

မိုးမခမဂ္ဂဇင်းကို မြန်မာပြည်အနှံ့  အိမ်အရောက် ပို့ဆောင်ပေးနေပါတယ် (မိုးမခ) ဇန်နဝါရီ ၆၊ ၂၀၁၇ ၂၀၁၆...

Read more »

မိုးမခ နိုဝင်ဘာကို အိမ်အရောက် မှာယူပါ

By

” ကဗျာဖတ်ချင်ရင် မိုးမခမှာဖတ်ပါ စာဖတ်ချင်ရင် မိုးမခမှာဖတ်ပါ တရွေ့ရွေ့နဲ့ ရှေ့တန်းရောက်လာတဲ့ မဂ္ဂဇင်း .....

Read more »

မိုးမခမဂ္ဂဇင်း အောက်တိုဘာကို အိမ်အရောက် မှာယူပါ

By

 မိုးမခမဂ္ဂဇင်း အောက်တိုဘာကို အိမ်အရောက် မှာယူပါ  (မိုးမခ) အောက်တိုဘာ ၁၃၊ ၂၀၁၆ “အ...

Read more »

စက်တင်ဘာ လမကုန်ခင်မှာ မိုးမခမဂ္ဂဇင်း (စက်တင်ဘာ) မှာယူနိုင်ပါပြီ

By

  စက်တင်ဘာ လမကုန်ခင်မှာ မိုးမခမဂ္ဂဇင်း (စက်တင်ဘာ) မှာယူနိုင်ပါပြီ (မိုးမခ) စက်တင်ဘာ ၂၅၊...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကာတွန်း Joker ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မင်းကောင်းချစ် မာမာအေး မိုးသွင် လင်းခါး လင်းသက်ငြိမ် သင်းလဲ့ဝင်း (Myanmar Now) သွန်းခ အင်တာဗျူး အရှင်ကုသလသာမိ (အတည်မဲ့) အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ကျောက်ကျောက် ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) လောကပါလ သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်