U Win Tin – India, Eu & Burmese Regime New Foreign Policy

June 22, 2011

>

အိန္ဒိယ၊ အီးယူခြေလှမ်းများ နဲ့ မြန်မာစစ်အစိုးရ ပေါ်လစီသစ်
ဦးဝင်းတင်နဲ့ မေးခွန်းများ
မိုးမခ၊ ဇွန် ၂၂၊ ၂၀၁၁
အိန္ဒိယ၀န်ကြီးအဖွဲ့က အခုမြန်မာပြည်ကို အစိုးရခရီးစဉ်အဖြစ် ရောက်လာတယ်။ ဘာထူးခြားတယ် ထင်ပါသလဲ ဆရာ။
နှစ်ပေါင်းများစွာအတွင်းမှာ အိမ်နီးချင်းတိုင်းပြည်တွေအနက် တရုတ်ပြည်က ထိပ်ပိုင်းခေါင်းဆောင်တွေက မြန်မာပြည်က အာဏာရအစိုးရနဲ့ ကူးလူးဆက်ဆံမှု မပြတ်လုပ်နေချိန်၊ အိန္ဒိယနိုင်ငံက ပထမဦးဆုံးအကြိမ်အဖြစ် အစိုးရခရီးစဉ်တခု လာရောက်တယ်ပေါ့။ ဒါက ထူးခြားတယ်လို့ ဆိုရမယ်။ နောက်တခုကတော့ သူတို့အစိုးရခရီးစဉ်မှာ လက်ရှိအာဏာရအစိုးရနဲ့ နေပြည်တော်မှာ သွားရောက်တွေ့ဆုံတာအပြင် ရန်ကုန်က ဒီမိုကရေစီရေးလှုပ်ရှားနေတဲ့ အတိုက်အခံပါတီတွေ၊ မဟာမိတ်တွေနဲ့လည်း “အခွင့်အရေးရခဲ့မယ်ဆိုရင်” တွေ့ဆုံမယ်လို့ ဆိုပါတယ်။
အိန္ဒိယအာဏာရအစိုးရက အာရှကအာဏာရအစိုးရတွေအချင်းချင်း ပေါင်းကူးဆက်ဆံဖို့ အစပထမခြေလှမ်းတွေလား ဆရာ။

ကျနော်ကတော့ သည်လိုပဲ မြင်ပါတယ်။ ရှင်းရှင်းပြောရရင် အိန္ဒယအစိုးရဟာ သူတို့ပထ၀ီဒေသ နိုင်ငံရေးသြဇာအတွက် အရှေ့မျှော်ပေါ်လစီကို ကျင့်သုံးလာတယ်လို့ ပြောချင်တယ်။ အိမ်နီးချင်း မြန်မာအစိုးရကို အခြားတဖက်က အိမ်နီးချင်းတရုတ်ဖက် သိပ်ပါသွားမှာ စိုးလို့ ၀င်လာဆွဲတာလည်း ပါတယ်။ ရေနံ၊ သဘာဝဓာတ်ငွေ့စတဲ့ စွမ်းအင်ဈေးကွက်တွေ ချဲ့ထွင်ဖို့လည်းပါတယ်။ ပြီးတော့ နယ်စပ်ချင်းထိတွေ့နေတဲ့ မြန်မာနဲ့ အိန္ဒိယနယ်စပ်တွေက သူတို့အစိုးရကို ဆန့်ကျင်နေတဲ့ သူပုန်တွေကို မြန်မာအစိုးရက လက်မခံဖို့စတဲ့ နယ်မြေလုံခြုံရေးတွေလည်း ပါနိုင်တယ်။
အိန္ဒိယအစိုးရရဲ့ အရှေ့မျှော်ဝါဒထဲမှာ ဘယ်နိုင်ငံတွေအထိ ပါဝင်နိုင်သလဲ ဆရာ။
မြန်မာပြည်ကနေ အစပြုပြီးတော့ အာဆီယံနိုင်ငံတွေအပါအ၀င်၊ တရုတ်ပြည်အထိကို အိန္ဒိယအစိုးရက လက်ရှိထက်ပိုမိုပြီး ဆက်ဆံမှုတွေ လုပ်ကိုင်လာတယ်လို့ ကျနော် ထင်ပါတယ်။ ဒါ့အပြင် အရှေ့အာရှတိုက်နယ်ထဲမှာ နဂိုကတည်းက သြဇာကြီးနေပြီဖြစ်တဲ့ တရုတ်နဲ့ မြန်မာပြည်ဆက်ဆံရေးလိုမျိုးမှာ အပြိုင်အဆိုင် ဆက်ဆံရတာတွေလည်း ဖြစ်လာနိုင်တယ်။
အာရှတိုက်က နိုင်ငံတွေနဲ့ အိန္ဒိယက အကျိုးစီးပွားကို အခြေခံပြီး ဆက်ဆံရေးတွေ အလုပ်အကိုင်တွေ ထူထောင်ကြရင် ဘယ်လိုမျိုး တန်ဖိုးတွေကို ဘုံသဘောထားနဲ့ ဆက်ဆံမှာလဲ ဆရာ။ ဒီမိုကရေစီတွေ လူ့အခွင့်အရေးတွေက ရှေ့တန်းရောက်လာပါ့မလား။
အာရှမှာ အိန္ဒိယပြည်ဟာ အခြားနိုင်ငံများနဲ့ နှိုင်းယှဉ်ရင် ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို အာမခံတဲ့ ရွေးကောက်ပွဲတွေ၊ ပါတီစုံစနစ်တွေနဲ့ နှစ်ပေါင်းများစွာ ရပ်တည်နေတဲ့ ဒီမိုကရေစီကို တန်ဖိုးထားတဲ့ တိုင်းပြည်ဖြစ်တယ်။ ဒါပေမယ့် အခြားအာရှတိုက်နိုင်ငံတွေကို မပြောနဲ့ဦး လက်ရှိ မြန်မာစစ်အစိုးရနဲ့ ဆက်ဆံရေးထူထောင်ဖို့ ကြိုးစားတဲ့အခါမှာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးတွေကို ရှေ့တန်းတင်ပြီး အခြေခံပြီး ဆက်ဆံရေးထူထောင်မှာ မဟုတ်ဘူးလို့ ပြောနိုင်တယ်။ သူ့ရဲ့ နိုင်ငံခြားရေးပေါ်လစီကို ကိုယ့်အကျိုးစီးပွားကိုပဲ ကြည့်တဲ့ ပေါ်လစီကို ကျင့်သုံးလာရင်တော့ သိက္ခာရှိတဲ့ ရပ်တည်ချက်မျိုး ဖြစ်လာမယ် မထင်ဘူး။ ဒါကို နိုင်ငံတကာက အစိုးရအသိုင်းအ၀ိုင်းတွေက ထောက်ပြ ဝေဖန်ကြဖို့ လိုပါတယ်။
သမိုင်းအစဉ်အလာကိုကြည့်ရင် ကိုလိုနီလက်အောက်က လွတ်လပ်ရေးတိုက်ပွဲဝင်ခဲ့ကြကတည်းက အကြမ်းမဖက် နိုင်ငံရေးလှုပ်ရှားမှုတွေမှာ မြန်မာနဲ့ အိန္ဒိယပြည်ဆိုတာဟာ ညီအကိုတွေလို လက်ချင်းတွဲ၊ သဘောချင်းတူညီပြီး ဖြတ်သန်းခဲ့ကြတာ မဟုတ်လားဆရာ။ ဒီအစဉ်အလာတွေက ဘယ်ရောက်သွားမှာလဲ။
လွန်ခဲ့တဲ့ လွတ်လပ်ရေးလှုပ်ရှားမှုကာလကတည်းက ဗိုလ်ချူုပ်အောင်ဆန်း၊ ဒေါ်ခင်ကြည်၊ ဒေါ်အောင်ဆန်းစုကြည်တို့နဲ့ အိန္ဒိယက နိုင်ငံရေးမျိုးဆက်တွေဖြစ်တဲ့ ဂန္ဓီ၊ နေရူးနဲ့ သူတို့ မျိုးဆက်တွေ ရင်းနှီးမှုတွေ၊ ဆက်ဆံရေးတွေ ရှိခဲ့တယ်။ အခုချိန်မှာ မြန်မာပြည်ရဲ့ လွတ်လပ်ရေးလှုပ်ရှားမှုရဲ့ မျိုးဆက် ဒေါ်အောင်ဆန်းစုကြည်က မြန်မာပြည်ဒီမိုကရေစီရေးအတွက် အစွမ်းကုန် ဆောင်ရွက်နေချိန်မှာ အိန္ဒိယ အာဏာရအစိုးရက မြန်မာပြည်က စစ်အုပ်စုတွေနဲ့ ဆက်ဆံရေးတွေ လုပ်လာတယ်ဆိုတော့၊ အိန္ဒိယအစိုးရဟာ ဒီမိုကရေစီအာမခံချက်တွေ ပထ၀ီဒေသမှာ ရရှိဖို့ကို ကျောခိုင်းလိုက်ပြီးတော့ ကိုယ်ကျိုးစီးပွားရေးတွေအတွက် အာဏာရှင်တွေနဲ့ လိုက်လျောတဲ့ ဆက်ဆံမှုတွေကို ထူထောင်လာတာကို သူတို့ကိုယ်တိုင်က ဥပက္ခာပြုနေလို့ မရဘူးလို့ ပြောချင်ပါတယ်။
အိန္ဒိယအစိုးရရဲ့ အရှေ့မျှော်ဝါဒဆိုတာ အာဏာရအစိုးရတွေအချင်းချင်း ကိုယ်ကျိုးစီးပွားအာမခံချက်တွေကို ရှေ့တန်းတင်ဖို့ ဖြစ်တယ်ဆိုရင် ဒီမိုကရေစီရေးနဲ့ လူ့အခွင့်အရေးတွေအတွက် အာမခံချက် မရှိတော့ဘူး ဆိုတဲ့ သဘောပေါ့ ဆရာ။
ကျနော်တော့ အဲသည်လိုပဲ မြင်တယ်။ မြန်မာပြည်ရဲ့ ရေနံကိစ္စတွေ၊ ဓာတ်ငွေ့ကိစ္စတွေမှာ အိန္ဒိယအစိုးရကိုယ်တိုင်က တိုက်ရိုက်ပါဝင် ပတ်သက်ချင်လာတယ်။ အစုတွေ ရှယ်ယာတွေအပြင်ကို ပိုက်လိုင်းတွေကိုပါ ကိုယ်တိုင် တည်ဆောက်တာ၊ ဆွဲယူထုတ်လုပ်တာတွေ လုပ်ချင်လာတယ်။ မြန်မာပြည်ရဲ့ စွမ်းအင်တွေက တရုတ်ပြည်ကို ရောက်ရှိပြီးတော့မှ တရုတ်က ဖြန့်ချိတာတွေ၊ အကျိုးရှိနေတာတွေကို သူကလည်း တွက်မှာပေါ့။ နောက်ပြီးတော့ မဏိပူ၊ အာသံ စတဲ့ အစွန်အဖျားဒေသတွေမှာ သူပုန်တွေရှိတယ်။ ကိုယ်ပိုင်အုပ်ချူုပ်ရေးအတွက် လှုပ်ရှားမှုတွေ ရှိနေတယ်။ မြန်မာပြည်နယ်စပ်ကို မှီတည်ပြီး ဆန့်ကျင်တော်လှန်မှုတွေကို မလိုလားဘူး။ မြန်မာစစ်အစိုးရကနေပြီး သူတို့သူပုန်တွေကို လက်မခံဖို့၊ ဖမ်းဆီးမိရင်လည်း အစိုးရလက်ထဲကို အပ်နှံပေးဖို့တွေကို လိုလားမှာပဲ။ မြန်မာအစိုးရနဲ့ သည်လိုမျိုး လုံခြုံရေးသဘောတူညီချက်ရရင် သူတို့နှစ်ဖက်စလုံးရဲ့ လုံခြုံရေးပေါ်လစီဟာ နှစ်ဖက်စလုံး အကျိုးရှိတယ်လို့ မြင်မှာပဲ။
ဆရာပြောလိုက်တော့ လက်ရှိမြန်မာစစ်အစိုးရကလည်း အိမ်နီးချင်းနိုင်ငံများနဲ့ နယ်စပ်လုံခြုံရေးပေါ်လစီမှာ အားလုံးနဲ့ သည်တဘောတခုတည်း ထားချင်တယ်နဲ့ တူတယ်ဆရာ။ အခုဆိုရင် အရှေ့ဖက်က အိမ်နီးချင်းတွေနဲ့လည်း လုံခြုံရေးအရ နယ်စပ် အုံကြွမှုတွေ၊ အရေးအခင်းတွေမှာ တဖက်က အားပေးတာတွေ၊ လက်ခံတာတွေ မလုပ်ဖို့ သူတို့ ဖော်ဆောင်နေတယ် မဟုတ်လားဆရာ။
ကျနော်လည်း သည်လိုပဲ ထင်တယ်။ အိန္ဒိယနဲ့ မြန်မာစစ်အစိုးရက ခုချိန်မှာ နယ်စပ်ဒေသလုံခြုံရေးအတွက် သဘောတူညီချက်ရသွားပြီဆိုရင် ဒါကို လက်ကိုင်ထားပြီး နမူနာပြပြီး အခြားအိမ်နီးချင်းနိုင်ငံတွေကိုလည်း မြန်မာအစိုးရက တောင်းဆိုမှုတွေ တိုးလာမယ် ထင်တယ်။ တိုင်းရင်းသား အဖွဲ့တွေဖြစ်တဲ့ ကရင်၊ ရှမ်း၊ ကယားစတဲ့ လက်နက်ကိုင်အဖွဲ့တွေနဲ့ ပဋိပက္ခဖြစ်လာရင် ဥပမာ ထိုင်းနိုင်ငံက လက်မခံဖို့၊ ပြည်တွင်းကို ပြန်အပ်ဖို့ စတဲ့ နိုင်ငံခြားရေးပေါ်လစီတခု ခိုင်ခိုင်မာမာ ချမှတ်နိုင်အောင် လုပ်လာမယ်လို့ ယူဆတယ်။ ဒါဟာ မြန်မာပြည်ရဲ့ တင်းမာတဲ့ နိုင်ငံခြားရေးပေါ်လစီအသစ်တခု ဖြစ်လာမယ် ထင်တယ်။
တရုတ်ပြည်နဲ့ မြန်မာပြည် အစိုးရအချင်းချင်းကြားမှာ ကွယ်သွယ်ရေး၊ ဆက်သွယ်ရေး၊ လမ်းပန်း၊ ဆောက်လုပ်ရေး၊ စွမ်းအင်၊ လုံခြုံရေးစတဲ့ သဘောတူညီချက်တွေ အဆင်ပြေချောမွေ့နေတော့ ဒါကို အိန္ဒိယအစိုးရက မြန်မာပြည်ကို အားယူပြီးတော့ ပေါင်းကူးမှုတွေ၊ တိုးတက်မြှင့်တင်မှုတွေ လုပ်လာနိုင်မယ်လို့ ထင်သလား ဆရာ။
ဟုတ်ပါတယ်။ ဟိုးယခင်ကတည်းက အာရှရဲ့ ကုန်သွယ်ရေး၊ ဆက်သွယ်ရေး၊ လမ်းပန်းတွေကို မြန်မာပြည်ကို ဖြတ်သန်းပြီး ဖောက်ဖို့၊ ဖော်ဆောင်နိုင်ဖို့ တရုတ်နဲ့ အိန္ဒိယပြည်ကြားထဲမှာ မြန်မာပြည်က အဓိကကြားထဲမှာ ရှိနေတာကိုး။ ဒါတွေကို အစိုးရအချင်းချင်းဆွေးနွေးကြလိမ့်မယ် ထင်ပါတယ်။
အိန္ဒိယရဲ့ မြန်မာပြည်တင်သာမကဘူး၊ ပထ၀ီဒေသထဲက ဒီမိုကရေစီရေးနဲ့ လူ့အခွင့်အရေးအာမခံချက်တွေ ကာကွယ်စောင့်ရှောက်ဖို့ကို ကျောခိုင်းပြီးတော့ အာဏာရှင်တွေနဲ့ အပြန်အလှန် ကိုယ်ကျိုးစီးပွားကာကွယ်ရေးတွေ၊ အာမခံချက်တွေ ပေးရေးတွေ လုပ်လာတာကို ဘယ်သူတွေက ကန့်ကွက်နိုင်မှာလဲ ဆရာ။
ကျနော်တို့ဆီက အင်န်အယ်ဒီပါတီခေါင်းဆောင်တွေ၊ မဟာမိတ်ပါတီခေါင်းဆောင်တွေက သည်အချက်တွေကို ထုတ်ဖော် ရှင်းလင်းပြသပြီးတော့ ထောက်ပြ ပြောဆိုဆွေးနွေးဖို့ ကြိုးစားရမှာ ဖြစ်ပါတယ်။ ပြောစရာရှိတာကို ပြောရမှာပဲလို့ ထင်ပါတယ်။ အိန္ဒိယမှာ ရှိတဲ့ ဒီမိုကရေစီအင်အားစုတွေကလည်း ပြောဆို ထောက်ပြ ဝေဖန်နေကြပြီလို့ သိရှိရပါတယ။် ပြောကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ နိုင်ငံတကာမှာ နိုင်ငံရေးအရ မျက်နှာရမှာ မဟုတ်ဘူး။ ဒေသတွင်းမှာ စီးပွားရေးအရ မျက်နှာသာရတာတွေပဲ ရှိမှာ ဖြစ်တယ်ဆိုတာကို သိစေချင်ပါတယ်။
ကဲ … အီးယူနဲ့ ပတ်သက်ပြီးတော့ ဘာပြောချင်သလဲဆရာ။ စစ်အစိုးရအသစ်ပေါ်ထွန်းလာပြီးနောက်မှာ လက်ရှိအာဏာရအစိုးရကို အတတ်နိုင်ဆုံး ထိတွေ့ ဆက်ဆံဖို့၊ အကူအညီတွေ ပေးဖို့၊ အာဏာရနဲ့ အဆင်ပြေတဲ့ နိုင်ငံရေးပါတီတွေ၊ အာဏာရတွေကို ထောက်ခံတဲ့ အစိုးရမဟုတ်တဲ့ လူမှုအဖွဲ့အစည်းတွေကို ပိုပြီး မျက်နှာသာပေးဖို့ ဆိုတာမျိုးတွေ အလုပ်တွေ၊ အသံတွေ ပိုကြားရနေသလားလို့။ အင်န်အယ်ဒီက ထောက်ပြနေတဲ့ ဒီမိုကရေစီရေးနဲ့ လူ့အခွင့်အရေးဆိုင်ရာ အာမခံချက်တွေ၊ အကာအကွယ်ပေးဖို့တွေ၊ နိုင်ငံရေး၊ ဥပဒေရေးဆိုင်ရာတွေကို ထုတ်ဖော် ဝေဖန်ခြင်းတွေ အားနည်းလာသလား။
သတင်းတွေအရ လက်ရှိအီးယူအဖွဲ့ဝင်အချို့က ဂျာမဏီနိုင်ငံအပါအ၀င်ပေါ့လေ မြန်မာစစ်အစိုးရနဲ့ သူ့အသိုင်းအ၀ိုင်းကို ပိုပြီး နီးနီးကပ်ကပ် ဆက်ဆံချင်တယ်။ ဥရောအရှေ့ပိုင်းနိုင်ငံတွေထဲ ချက်လို နိုင်ငံမျိုးကလွဲရင် ကျန်တဲ့ အရှေ့ဥရောပနိုင်ငံတွေက မြန်မာကို ပိတ်ဆို့အရေးယူတာတွေ သိပ်စိတ်မ၀င်စားလှဘူးလို့ ဆိုတယ်။ ဒါပေမယ့်လည်း တလောက ဒေါ်အောင်ဆန်းစုကြည်နဲ့ ဂျာမန်ခေါင်းဆောင်တို့ စကားပြောဆိုဖြစ်ကြတဲ့ဆီမှာ မြန်မာပြည်ကို ဆက်လက်ပိတ်ဆို့ အရေးယူဖို့သဘောထားက အလေးသာပြီးတော့ အီးယူက ဧပြီမှာ သက်တမ်း တနှစ်တိုးလိုက်တာကို တွေ့ရတယ်။ ဒါက ဘာပြသလဲဆိုတော့ အီးယူအဖွဲ့တွေကိုယ်တိုင်က မြန်မာပြည်ကို ကိုယ်တိုင်ကိုယ်ကျ လာရောက်ပြီးတော့ အားလုံးနဲ့ တွေ့ဆုံဆွေးနွေး လေ့လာကြည့်ရင် မြန်မာပြည်သူတွေ အကျိုးအတွက် ဘယ်လိုရပ်တည်ရမယ်ဆိုတာ သူတို့ဖာသာ သူတို့ သဘောပေါက်သွားလိမ့်မယ် လို့ ထင်ပါတယ်။ ဒီအတွက် အင်န်အယ်ဒီခေါင်းဆောင်တွေ၊ မဟာမိတ်စီအာရ်ပီပီခေါင်းဆောင်တွေက သဘောထားတွေ ပေးနိုင်ကြလိမ့်မယ် လို့ မျှော်လင့်ပါတယ်။ အခုလည်း လက်ရှိအစိုးရအဖွဲ့က ပုဂ္ဂိုလ်တွေနဲ့သာမက အခု ရွေးကောက်ပွဲဝင်နိုင်ငံရေးပါတီ ၁၁ ပါတီအဖွဲ့ဆိုတာတွေနဲ့လည်း သူတို့ တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်ကြလိမ့်မယ် ထင်ပါတယ်။
ဒါဆိုရင် အင်န်အယ်ဒီပါတီနဲ့ မဟာမိတ်တွေကို မြန်မာပြည်ရဲ့ နိုင်ငံရေးမျက်နှာစာမှာ တရားဝင်နိုင်ငံရေးအင်အားစုအဖြစ်၊ အဖွဲ့အစည်းတခုအဖြစ် နိုင်ငံတကာက သတ်မှတ်ပြီး တွေ့ဆုံဆွေးနွေး သဘောထားတောင်းခံတာတွေ၊ ထည့်သွင်းစဉ်းစား ထုတ်ဖော်ပြောဆိုရတာတွေဟာ အခု ရွေးကောက်ပွဲပြီးမှ ပိုပြီး သိသာထင်ရှားလာတယ်လို့ ပြောရင် ရမယ် ထင်တယ် ဆရာ။
ဒါက အမှန်တရားပဲ။ အစကတည်းက ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်းရင်းသားမဟာမိတ်အဖွဲ့တွေရဲ့ ဆန္ဒ၊ သဘောထား၊ ရပ်တည်ချက်၊ လှုပ်ရှားမှုတွေကို ပြည်သူတွေက အမြဲတန်း ထောက်ခံရပ်တည်ခဲ့တယ်။ ပြည်သူတွေကို ကျောခိုင်းခြင်း၊ စွန့်ခွာခြင်း ကျနော်တို့က မပြုလုပ်ခဲ့ဘူး။ အခုအချိန်မှာ ပိုပြီး ထင်ရှားမှုတွေ၊ ထောက်ခံမှုတွေ၊ လက်တွေ့ အကျိုးသက်ရောက်မှုတွေကို အားလုံးက မြင်တွေ့နေကြပြီ ဖြစ်တယ်။ ဒါကြောင့် မြန်မာပြည်သူလူထုရဲ့ အသံနဲ့ အကျိုးအတွက်ကို ဒေါ်အောင်ဆန်းစုကြည်တို့ ခေါင်းဆောင်တွေက ကိုယ်စားပြုပြီး ပြောဆို ရပ်တည် ဆောင်ရွက်ပေးနေတယ်လို့ ပြောချင်ပါတယ်။
ကျေးဇူးတင်ပါတယ် ဆရာ။ ။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ဟံသာဝတီ ဦးဝင်းတင်

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခ လစဉ်ထုတ်မဂ္ဂဇင်း စက်တင်ဘာ ၂၀၁၇ ထွက်ပြီ

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

မိုးမခ ဇူလိုင် ထွက်ပါပြီ …

By

မိုးမခ ဇူလိုင် ထွက်ပါပြီ … (မိုးမခ) ဇူလိုင် ၁၈၊ ၂၀၁၇ မိုးမခ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း OKKW ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်