Than Win Hlaing – Articles

May 14, 2013

လူငယ့်ဂုဏ်ရည်မြင့်တက်စေဖို့ – အပိုင်း (၄)
သန်းဝင်းလှိုင်
မေ ၁၄၊ ၂၀၁၃


● စာဖတ်ခြင်း
လူငယ်တို့ရေ….
ကိုယ်ဘာအလုပ်ကိုပဲ လုပ်နေလုပ်နေ စာများများဖတ်ဖို့တော့ လိုတယ်။ စာအုပ်တွေဟာ မင်းရဲ့ အမြင် မင်းရဲ့ အတွေးနဲ့ မင်းစိတ်ကူးအိပ်မက်နယ်ပယ်တွေကို ချဲ့ထွင်ပေးပါလိမ့်မယ်။
တကယ်တော့ စာဖတ်တယ်ဆိုတာ စာကိုဖတ်တတ်ဖို့ ဖတ်ကြတာမဟုတ်ဘူး။ တတ်ဖို့၊ သိဖို့၊ အလိမ္မာဥာဏ်ရင့်သန်ဖို့အတွက် ဖတ်ကြတာ။ လူတိုင်းဟာ ကိုယ်တွေ့နဲ့ ဘယ်အလုပ်၊ ဘယ်အကြောင်းအရာကိုမှ ကုန်စင်အောင် မသိနိုင်ဘူး။ နှစ်ပေါင်းများစွာ ကိုယ်တွေ့ကြုံခဲ့တဲ့ လူပေါင်းများစွာတို့ရဲ့ အသိအမြင်၊ ဗဟုသုတ၊ အတွေ့အကြုံတွေစုထားတဲ့စာအုပ်တွေကိုဖတ်မှတ်မှသာလုံလောက်တဲ့အသိဥာဏ်ဗဟုသုတကို    အချိန်တိုအတွင်းရနိုင်ပါတယ်။
လူဟာ သေသွားတဲ့အထိ အလုံးစုံသော ဗဟုသုတ၊ အလိမ္မာကို မိမိတကိုယ်တည်းလေ့လာဆည်းပူးဖို့ လုံလောက်တဲ့အချိန် မရနိုင်ဘူး။ မိမိထက်အရင် အတွေ့အကြုံများတဲ့ လူပုဂ္ဂိုလ်ပေါင်းများစွာတို့ ရေးသားခဲ့တဲ့ စာပေတွေကို ဖတ်မှသာလျှင် အကျိုးရှိသော အသိကို ရနိုင်တယ်။
ယနေ့ခေတ်ဟာ ပညာရပ်မျိုးစုံ တိုးတက်နေတယ်။ အဲဒီအကြောင်းအရာမျိုးစုံကို ဘာသာရပ်အလိုက် ပြုစု ရေးသားထားတဲ့ စာအုပ်တွေလည်း အများကြီးပါပဲ။ `လူဆရာ´ ကို အချိန်မရွေး နေရာမရွေး ရှာမတွေ့နိုင်ဘူး။ `စာအုပ်ဆရာ´ ကိုသာ ဘယ်အချိန် ဘယ်နေရာတွင်မဆို ဆည်းကပ်လေ့လာနိုင်တယ်။ အားနာစရာလည်း မလိုဘူးပေါ့။
စာမဖတ်သူရဲ့ ဦးနှောက်ဟာ ဆားမပါတဲ့ဟင်းလို သွတ်ချောင်ချောင်ဖြစ်နေတတ်တယ်ကွဲ့။ အတွေးအမြင် `သေ´ နေမယ်။ ဒါမှမဟုတ် `ခေတ်နောက်ကျ´ နေမယ်။ အရည်အချင်းတူရင်တောင် စာဖတ်သူက စာမဖတ်သူထက် တပန်းသာလိမ့်မယ်။ တက်လမ်းလည်း ပိုရှိပြီး ပို၍အောင်မြင်နိုင်တယ်။
စာဆိုတာ ၃ မျိုး သုံးစားရှိတယ်။ အရပ်စကားနဲ့ပြောရရင် ကွမ်းယာနဲ့ တူသောစာ၊ ကြံရည်နဲ့ တူတဲ့စာနဲ့ ဖာလူဒါနဲ့ တူသောစာဆိုပြီး ရှိတယ်ကွ။ ကွမ်းယာနဲ့တူတဲ့စာဆိုတာက ကွမ်းယာဟာ လူ့ခန္ဓာကိုယ်ကို ဘာအာဟာရမှ မပေးဘူး။ ခံတွင်းချဉ်လို့ စားပြီးဝါးပြီး ထွေးပစ်ရတဲ့ဟာပဲ။ အဲဒီလိုပဲ ဖတ်ပြီး အရည်မရ အဖတ်မရ စာပေဟာလည်း ကွမ်းယာနဲ့ တူတဲ့ စာပဲ။ နောက်တမျိုးက ကြံရည်နဲ့တူတဲ့စာ။ အဖတ်ကိုတော့ ဖယ်ပြီး အရည်ကို သောက်လို့ရသလို အကာကို ပစ်ပြီး အနှစ်ကို ယူလို့ရတဲ့စာကို ကြံရည်နဲ့တူတဲ့စာလို့ ခေါ်တယ်။
နောက် ဖာလူဒါနဲ့ တူတဲ့စာက ဖာလူဒါဟာ အရည်ရော အဖတ်ပါစားသောက်လို့ရတာမို့ ဘာမှ ပစ်ရက်စရာ မရှိဘူး။ အကာရော အနှစ်ပါ စားသုံးလို့ ရတာမို့ ဖာလူဒါနဲ့ တူတဲ့စာလို့ ခေါ်ကြတယ်။ ဖရန်စစ်ဘေကွန်ကလည်း `အချို့စာအုပ်တွေဟာ မြည်းစမ်းရန်အတွက်သာဖြစ်တယ်။ အချို့ကျတော့ မျိုချရန်ဖြစ်ပြီး အနည်းငယ်မျှကိုသာ ညက်ညက်ဝါးကာ အစာကြေအောင်ခြေရန်ဖြစ်တယ်။´ လို့ ပြောဖူးတယ်။
ဒါကြောင့်မို့ စာဖတ်ရင် ရွေးဖတ်ပါ။ မိတ်ဆွေရွေးပေါင်းသလိုပေါ့။ စာအုပ်ကိုလည်း ရွေးဖတ်တော့ အချိန်ကုန်ရကျိုး နပ်တာပေါ့။
ပြီးတော့ ကိုယ်လုပ်နေတဲ့ အလုပ်နဲ့ဆိုင်တဲ့ လုပ်ငန်းဆိုင်ရာစာအုပ်တွေကိုလည်း အသေးစိတ်လေ့လာဖတ်ရှုမှ ကိုယ့်လုပ်ငန်းမှာ တိုးတက်မှု ရှိလာနိုင်တယ်။ ဋ္ဌာနအကြီးအကဲဝန်ထမ်းအချင်းချင်းဟာ ကိုယ့်ကိုအမြဲ မသင်ပြပေးနိုင်ဘူး။
စာအုပ်ကောင်းဖတ်ရင် ဗဟုသုတတွေ ရနိုင်ပါတယ်။ အထူးသဖြင့် အောင်မြင်ကျော်ကြားခဲ့တဲ့ ပုဂ္ဂိုလ်ကြီးတွေရဲ့ အတ္ထုပ္ပတ္တိတွေကို ဖတ်ရင် ၄င်းတို့ရဲ့ အိပ်မက်တွေနဲ့ အဲဒီအိပ်မက်တွေကို လက်တွေ့အကောင်အထည်ပေါ်အောင် ကျားကုတ်ကျားခဲ သတို့ အားထုတ်ခဲ့ပုံတွေကို အားတက်ဖွယ်၊ အတုယူဖွယ် တွေ့ရှိရလိမ့်မယ်။ ဒါ့အပြင် ကိုယ့်ဘဝအတွက်လည်း ပိုမိုသင့်တော်မှန်ကန်တဲ့ အိပ်မက်အသစ်တွေမက်ရန် ပိုမိုခိုင်မာတဲ့ဘဝလမ်းကြောင်းသစ်ကို ချမှတ်နိုင်ဖို့အတွက် အသိသစ်၊ အမြင်သစ်တွေရနိုင်တာပေါ့ကွာ။
နောက် စာရိတ္တ၊ အားမာန်တိုးတက်ရေးအတွက် အားဖြည့်ပေးတဲ့ `တက်ကျမ်း´ တွေ `လောကနီတိ´ တွေကို မကြာခဏ ဖတ်ပေးဖို့လိုတယ်။ စိတ်ဓါတ်တက်ကြွဖွယ်၊ စိတ်ကြည်လင်မှုနဲ့ ပျော်ရွှင်လန်းဆန်းမှုတွေပေးနိုင်တဲ့ ကဗျာကောင်းတွေ၊ ဂန္တ၀င်ဝတ္ထုကောင်းတွေဖတ်ရင် ဘဝအောင်မြင်ရေးအတွက် အထောက်အကူတွေ ရတာပေါ့ကွာ။
စာဖတ်သူတိုင်း နှုတ်မှုစွမ်းရည် ထက်မြက်တာမို့ စကားပြောကောင်းသူဖြစ်လိုရင် စာမဖတ်လို့တော့ မရဘူး။ ကိုယ်ပြောမယ့် အကြောင်းအရာကို တိတိကျကျ သိဖို့အတွက် စာအုပ်ထဲက ဗဟုသုတကို ရှာမှီးရမှာပဲ။ ဘယ် အဟောအပြောသမားမှ စာအုပ်စာတမ်းနဲ့ ကင်းကွာလို့မရဘူး။ ပြောခါနီးမှ တွေ့ရာစာအုပ်တစ်အုပ်၊ နှစ်အုပ်ကို ကောက်ဖတ်ပြီး ထပြောရင် `စာမကြေ´ မှန်း လူသိတာပေါ့။
စာများများဖတ်တဲ့အခါ သူတပါးအရေး (အပြော) ထဲမှ ရှင်းလင်းပီသသော တင်ပြပုံတွေ၊ ခွန်အားရှိသော စကားလုံးတွေ၊ ဥပမေယျတွေ၊ ဥပမာစကားအသုံးအနှုန်းတွေ ဗဟုသုတတိုးတာပေါ့။
ပြီးတော့ ကိုယ့်ရဲ့ မှတ်ဥာဏ်သက်သက်ကို အားမကိုးနဲ့။ စကားလုံးများ အဆိုအမိန့်များကို မဆိုထားနဲ့ ပုံတိုပတ်စများပင် ခေါင်းထဲမှာ ကြာကြာမခံဘဲ အလွယ်တကူ ပျောက်ကွယ်သွားတတ်တယ်။ ဖတ်ခဲ့သမျှကို မှတ်စုစာအုပ်မှာ ရေးမှတ်ထားမှသာ မိမိပိုင်ပစ္စည်းကို လိုအပ်တဲ့အချိန်မှာ ထုတ်ယူသုံးစွဲဟောပြောနိုင်တာပေါ့။ စာအုပ်ကောင်းတွေကိုလည်း များများဝယ်နိုင်အောင် ကြိုးစားပါ။ မလိုအပ်တဲ့ အသုံးတွေကို ချွေတာပြီး စာအုပ်ကောင်းတွေ ကို ကိုယ်ပိုင်ဝယ်ထားသင့်တယ်။ ငှားမဖတ်ပါနဲ့။ ကိုယ်ပိုင်စာအုပ်ဆိုတာ ကြိုက်တဲ့အချိန်မှာ ယူဖတ်နိုင်တာပေါ့။
ကမ္ဘာပေါ်မှာ စာအုပ်ကောင်းတွေ အမြောက်အမြားရှိတာမို့ အကောင်းဆုံးတွေချည်း ရွေးဖတ်ရင်တောင် ဒီတစ်သက် ဖတ်လို့ ကုန်နိုင်ဖွယ်မရှိဘူး။ ဒါ့ကြောင့် မိမိရဲ့ မများလှတဲ့ စာဖတ်ချိန်လေးတွေကို ကွမ်းယာနဲ့တူတဲ့ အပေါ့စား၊ အညံ့စား စာတွေ ဖတ်ရှုခြင်းဖြင့် ဖြုန်းတီးမပစ်ဘဲ ကိုယ့်ဘ၀အကျိုးရှိစေမယ့် စာအုပ်ကောင်းတွေ ဖတ်ပါလို့ အစ်ကို လမ်းညွှန်ချင်တာပဲ။
● မိတ်ဆွေအပေါင်းအသင်း
လူငယ်တို့ရေ-
လူဟာ တစ်ယောက်တည်းနေထိုင်ရပ်တည်လို့ ရတာမဟုတ်ဘူး။ လူ့အဖွဲ့အစည်းအတွင်း လူအချင်းချင်း ရိုင်းပင်းကူညီကာ အကျိုးစီးပွားကို မျှဝေခံစားနေသွားကြရမှာဖြစ်ပါတယ်။
မိတ်ဆွေမရှိသော သူအား ချမ်းသာအဘယ်မှာ ရှိအံ့နည်း။
ချမ်းသာမရှိသူအား ကောင်းမှုအဘယ်မှာ ရှိအံ့နည်း။ ဟူ၍ ပင်းယခေတ်မှာ ထင်ရှားခဲ့တဲ့ စတုရင်္ဂဗလ အမတ်ကြီး က ၄င်းရဲ့ လောကနီတိကျမ်းမှာ ရေးသားထားခဲ့တယ်။ လောကမှာ ကိုယ်တစ်ဦးတည်း အထီးကျန်နေလို့ မရနိုင်ဘူး။ ဒါ့ကြောင့် အပေါင်းအသင်း မိတ်သင်္ဂဟလိုတယ်။ တိရိစ္ဆာန်တွေတောင် မိမိမျိုးချင်းတူရာအချင်းချင်း အအုပ်အသင်းနဲ့ စုစည်းနေထိုင်တတ်ကြတယ်။ လူလည်း လူ့အလျောက်၊ တိရိစ္ဆာန်လည်းတိရိစ္ဆာန်အလျောက် မိမိဘဝတူအချင်းချင်း ပေါင်းသင်းခြင်းဖြင့်သာ ပျော်ရွှင်ချမ်းမြေ့မှုကို ရရှိပါလိမ့်မယ်။
ဒါပေမယ့် လောကဓံတရားအရ အကောင်းနဲ့အဆိုး ဒွန်တွဲနေတာမို့ မိတ်ဆွေကောင်း၊ မိတ်ဆွေတုဟူ၍ ရှိပြန်တယ်။ မိတ်သင်္ဂဟဆိုတဲ့စကားမှာ သင်္ဂဟဆိုတဲ့ အထာက်အပံ့ပေးနိုင်သူကို စိစစ်ပြီး ပေါင်းရလိမ့်မယ်။ မိတ်ဆွေတု၊ မိတ်ဆွေယောင်တွေနဲ့ ပေါင်းမိရင် မိမိအတွက် အကျိုးယုတ်တတ်တယ်။ ဂုဏ်သိက္ခာကျတတ်တယ်။ ဒီလိုစိစစ်ဖို့ လောကနီတိ ဆရာက ဘယ်လိုရေးပြထားသလဲဆိုရင်-
`ဟိတကောရော – စီးပွားကိုဆောင်သည်ရှိသော်၊ ပရောပိ – သူတပါးသည်လည်း၊ ဗန္ဓု – အဆွေမည်၏။ အဟိတော – စီးပွားကို မဆောင်မူ ၊ ဗန္ဓုပိ – အဆွေသည်လည်း၊ ပရော -သူတပါးမည်၏။ ဗျာဓိ – အနာသည်၊ ဒေဟဇော – ကိုယ်၌ဖြစ်လျက်၊ အဟိတော – စီးပွားကိုမဆောင်လေ၊ သြသဓံ – ဆေးကား၊ အရညံ – တော၌ဖြစ်လျက်၊ ဟိတံ – စီးပွားကို ဆောင်လေသတည်း´ ဟူ၍ ဆိုထားတယ်။
အဓိပ္ပါယ်က-
`ကိုယ့်အကျိုးစီးပွားကို ဆောင်ရွက်ပေးတဲ့လူဆိုရင် သူစိမ်းဖြစ်သော်လည်း ဆွေမျိုးပါပဲ။ ဆွေမျိုးဟု မှတ်လိုက်ပါ တဲ့။ ကိုယ့်အကျိုးစီးပွားကို မလိုလား၊ မဆောင်ရွက်တဲ့ ဆွေမျိုးဆိုလျှင် သူစိမ်းလို့ သဘောထားလိုက်ပါတဲ့။ ဥပမာ ကိုယ်ခန္ဓာမှာ ဖြစ်တဲ့အနာဟာ ကိုယ့်ကို ကောင်းကျိုးမပြုပါဘူးတဲ့။ တောထဲက အသီးအရွက်အပွင့်အဖြစ်စတာတွေဟာ ကိုယ်နဲ့ဝေးနေသော်လည်း ကိုယ့်အနာကို ပျောက်ကင်းချမ်းသာစေတဲ့ ဆေးသြသဓဖြစ်သကဲ့သို့ပါပဲတဲ့´ ကဲ ရှင်းပြီမဟုတ်လား။
မိတ်ဆွေစစ် ၄ ယောက်ရှိတယ်လို့ ကျမ်းဂန်မှာ ဆိုထားတယ်။ အဲဒါတွေကတော့ –
(၁) သူ၏ လျှို့ဝှက်စကားကို ပြောကြားလာခြင်း။ မိမိ၏ လျှို့ဝှက်စကားကို သူက လျှို့ဝှက်ထားခြင်း။
(၂) ဘေးနှင့် ရင်ဆိုင်တွေ့သော်လည်း မစွန့်ပစ်ခြင်း။
(၃) ဥစ္စာပစ္စည်း၌ မတွန့်တိုခြင်း။
(၄) သူ့ကိုညှာ၍ မိမိအသက်စွန့်ခြင်း။
စတာတွေဖြစ်တယ်။ အကျယ်အားဖြင့်မိတ်ဆွေစစ် ၁၆ ယောက်ရှိတယ်။ ပြီးတော့ မိတ်ဆွေယုတ် ၄ ပါးကိုလည်း အခုလို ဖော်ပြထားတယ်။
(၁) အညဒတ္ထုဟရ – မိမိ၏အကျိုးကိုသာ ငဲ့သည့် ခင်ပွန်းယုတ်။
(၂) ၀စီပရမ  – နှုတ်ဖြင့်သာပေးသကဲ့သို့ ဆိုသည့် ခင်ပွန်းယုတ်။
(၃) အနုပီယဘာဏ – ချစ်ခင်ယောင်ဆောင်သော ခင်ပွန်းယုတ်။
(၄) အပါယသဟာယ – အကျိုးမရှိသော အရာ၌ အဖော်ပြုတတ်သော ခင်ပွန်းယုတ်။
မိတ်ဆွေယုတ် (၀ါ) မိတ်ဆွေတုကို ထပ်ပြီး အကျယ်အားဖြင့် ၁၆ ယောက် ထပ်ခွဲထားသေးတယ်။
မိတ်ဆွေယုတ်၊ မိတ်ဆွေစစ် (၃၂) ယောက်တို့ကို အကျယ်ဖော်ပြနေလျှင် အလွန်ရှည်လျားနေမှာမို့ မိတ်ဆွေယုတ်တွေနဲ့ ပတ်သက်ပြီး အကဲခတ်နိုင်ရန် ဆောင်ပုဒ်တစ်ခု အစ်ကိုကြီးပြောပြမယ်-
`မြင်လျှင်မပြုံး၊ နှလုံးမသာ၊ မျက်နှာမပေး၊ ကျင့်ရေးဆန့်ကျင်၊ ရန်တွင် မှီခို၊ မိတ်ကိုကြဉ်ဖယ်၊ ဆဲသူကို မ၊ ချီးမွမ်းက ဖျက်၊ လျှို့ဝှက်မကြား၊ ၀ှက်ထားဖော်ဆို၊ မှုကို ပြစ်ရှာ၊ ပညာပစ်တင်၊ ပျက်လျှင် ကြည်သာ၊ ပွားရာ မုန်းထား၊ စာထူးရ မေ့၊ နေလေ့ မထ၊ ဆယ့်ခြောက် ဝတည့်၊ အမိတ္တ မူ၊ မိတ်မြတ်ဟူငြား၊ ဤသူကား ရန်၊ ဤသူဟန်တည့်၊ မိတ်မှန် အမြဲ၊ မချွတ်လွဲဟု၊ လူကဲခတ်၍ ပေါင်းလေတည်း။ ။´
လူငယ်တို့ရေ-
လောကမှာ ရှေ့မှာတော့ ပြုံးပြုံး ချိုချို၊ ရွှန်းရွှန်းဝေအောင်ပြောပြီး၊ ကွယ်ရာမှာ ကျေးဇူးကန်းစကားနဲ့ အပုပ်ချတဲ့ မိတ်ဆွေတု၊ မိတ်ဆွေယောင်တွေ အများကြီးရှိတယ်။ အဲဒါကို ကိုယ်ကယုံမိရင်တော့ တံလျှပ်ကို ရေထင်၊ ရွှေသမင်အလိုက်မှားမိကိန်း ဆိုက်ပြီး ဒုက္ခရောက်ပြီသာမှတ်။
ပြီးတော့ မိတ်ဆွေစစ်၊ မိတ်ဆွေတု ဆိုတာကို အင်မတန် ခွဲရခက်တယ်။ စိန်ကဲ မြကဲထက် လူကဲခက် ဆိုသလိုပေါ့။ ဒါ့ကြောင့် –
လူဆိုး လူကောင်း ပေါင်းမှသိမယ်။
ခွေးဆိုး ခွေးကောင်း မောင်းမှ သိမယ်။
ဆန်ရိုး ဆန်ကောင်း တောင်းမှသိမယ်။ လို့ ဆိုရိုးစကားတွေ ရှိတယ်မဟုတ်လား။
နို့ပေမယ့်…. မရိုးမဖြောင့် ဆက်ဆံလာတဲ့ သူဟာ လာကတည်းက အချိုသပ်အလိုက်အထိုက် ပြောဖို့ ပြင်ဆင်ပြီးသား ဟန်ဆောင်ပြီးသားဖြစ်တယ်။ ဒါ့ကြောင့် ဟန်ဆောင်ကောင်းသော မိတ်ဆွေဟာ ရန်သူထက် ဆိုးရွားတယ် လို့ ပြောကြတာပေါ့။ ဒါကို ရိပ်မိနိုင်ဖို့ လိုတယ်။
သင်္ဂဇာ ဆရာတော်ကြီးက မိတ်ဆွေတုတွေဟာ …
`မကောင်းတာ မသင့်တာ လုပ်မယ်ဆိုလည်း မြှောက်ပေးတာပဲ။ ကောင်းတာလုပ်မယ်ဆိုလည်း မြှောက်ပေးတာ ပဲ။ မိမိရှေ့မှောက်မှာတော့ ချီးမွမ်းပြီး ကွယ်လည်းကွယ်ရော အပုပ်ချတဲ့ လူမျိုးလို့´ ပြောခဲ့ဖူးတယ်။
ပြီးတော့ ကိုယ့်မှာ ငွေရှိနေရင် ချူစားမယ့် အခြွေအရံဆိုတာ ပေါမှပေါ။ ဥစ္စာ၊ ရွှေ၊ ငွေလည်း ကုန်ရော အားလုံးဟာ ကိုယ့်ကို ပစ်ပြီးပြေးရော။
ဒါ့ကြောင့်မို့ အစ်ကိုကြီး `သည်ဆောင်းဟေမာန်´ ဇာတ်ကားထဲက သီချင်းတစ်ပုဒ်ကို သတိရမိတယ်။
`ဂုဏ်ဆိုတာ ငွေကိုခေါ်တယ်။ ငွေကိုသာ ရေလိုဖြုန်းလျှင် တပြည်လုံးမှာ လုပ်သမျှတင့်တယ်။ ယောက္ခမကြီးက မျက်နှာချိုတယ်။ ကိုယ့်မယားက စေတနာပိုတယ်။ သောက်ကွယ် ရမ်းကွယ်၊ လမ်းလယ်တဆဲဆဲ၊ လူကိုတွဲလို့ အိမ်ထဲ ခေါ်မယ်၊ လူမှာသာ ငွေမရှိလျှင် လင်ယူမိတာ နာ ထင်တယ်။ ယောက္ခမအိမ်တက်၊ သမက်မှာ မျက်နှာငယ်´ ဆိုတဲ့ သီချင်းပါပဲ။
ဒီသီချင်းဟာ လောကနီတိစာသားနဲ့တော့ ကိုက်ညီနေတာပဲ။ ဖိုးသူတော် ဦးနု စကားပုံလည်း ရှိသေးတယ်ကွဲ့။
ဒင်္ဂါး၊ ဒင်္ဂါး ယင်းစကားမှာတော့ ဘင်္ဂလားအခေါ် မျက်နှာပွင့်ဆေး၊ သူပါလျှင်အေးတာမို့ (အနုဆေး) လို့လည်း ခေါ်ကြဆိုတာလေ။ ခုခေတ်တော့ `ဒေါ်လာပေါ့ကွာ။
ပြီးတော့ သူစိမ်းတရံဆံကိုပဲဖြစ်စေ၊ မိတ်ဆွေကိုပဲဖြစ်စေ အတွင်းအပြင် ဒွေးရောယှက်တင် အကျွမ်းတ၀င် မပေါင်းမိဖို့ လိုတယ်။ စိတ်ပေါင်းကိုယ်ခွာ ဆက်ဆံပေါ့ကွာ။ ဘာဖြစ်လို့လဲဆိုတော့ မိတ်ဆွေပင်ဖြစ်စေ သူတို့မလိုတဲ့အခါမှာ ကိုယ့်အပြစ်၊ ကိုယ့်ချွတ်ယွင်းချက်တွေကို အကျိုးမဲ့အောင် ဖော်ကောင်လုပ်တတ်တယ်ကွဲ့။
ဒါ့ကြောင့် လောကနီတိဆရာတွေက-
`ဦးချိုရှိသော သတ္တ၀ါကို အတောင်ငါးဆယ်ရှိ အရပ်မှ ရှောင်ရာ၏။ မြင်းကို အတောင်တစ်ရာမှ ရှောင်ရာ၏။ အစွယ်ရှိသော ဆင်ကို အတောင်တစ်ထောင်က ရှောင်ရာ၏။ မကောင်းသူကိုကား အရပ်ကိုစွန့်ပြီး ရှောင်ကြဉ်ရာ၏´  လို့ ဆိုထားတယ်။
ဆရာတော် ဦးဗုစ်ရဲ့ `ဂီဟိဝိနယ်´ ကျမ်းမှာ ဖော်ပြထားတဲ့ မိတ်ဆွေတု အစစ်ရွေးဖို့ လင်္ကာလေးကိုလည်း
ကြုံတုန်း ဖော်ပြပါရစေ။
(၁) လက်ချည်းလာ၍၊ ဥစ္စာဆောင်သယ်၊ နည်းငယ်ဖြင့်သာ၊ များစွာလိုရှိ၊ ဘေးထိရောက်လာ၊ ပြုလာတုံဘိ၊ မိမိအကျိုးငှာ၊ မှီလာပေါင်းယှဉ်၊ လေးယောက်စင်ကား၊ အညအတ္ထုဟာရတည်း။
(၂) ရှေ့ဖြစ်စေ့စပ်၊ တထပ်နောက်မှီး၊ ချည်းနှီးသင်္ဂြိုဟ်ပေးလိုစဟန်၊ ပစ္စုပ္ပန်မူ၊ ပြညွှန်ပျက်ပြား၊ ဤလေးပါးကား၊ မှတ်သား ၀စီပရမတည်း။
(၃) မကောင်းခွင့်ပြု၊ ကောင်းမှုကိုလျှင်၊ ဆင်ခြင်မရှု၊ ခွင့်ပြုသည်ပင်၊ ရှေ့တွင်ချီးမွမ်း၊ ဖုံးလွှမ်းကွယ်လျှင်၊ ကဲ့ရဲ့မြင်သည်၊ လေးအင်ပိယဘာဏီတည်း။
(၄) သောက်ထုတ်သေရက်၊ ညဥ့်နက်လမ်းသွား၊ ရှုစားသဘင်၊ ပျော်ရွှင်အဲစာ၊ လေးရပ်မှာပင်၊ တကွထင်သည်၊ လေးအင် အပါယ်သဟဲတည်း။
ဆရာတော်ရဲ့ ဤအလင်္ကာအဆုံးသတ်မှာ ရေးထားတဲ့ `အပါယ်သဟဲ´ ကို မှားပြီး အဖော်သဟဲလို့ မရေးလိုက်နဲ့ အုံး။ ကောင်းသော `အဖော်သဟဲ´ မဟုတ်လို့ ဆရာတော်က အပါယ်ကို အတူတူသွားကြရမယ့် သဟာယအပေါင်းအသင်း ဖြစ်လို့ `အပါယ်သဟဲ´ လို့ ရေးထားတာ။ အဲဒီလို ခင်ပွန်းတုမျိုးက (လေးမျိုးလေးလီ ၄ x ၄ = ၁၆) ၁၆ ယောက်တောင်ရှိ တယ်။
မိတ်ဆွေစစ်နဲ့ ပတ်သက်ပြီး ဆရာတော်က အခုလို ရေးသားထားသေးတယ်။
(၁) မေ့လျော့စောင့်လှာ၊ ဥစ္စာစောင့်ရှောက်၊ ဘေးရောက်ကိုးကွယ်၊ ပြုဖွယ်ရှိက၊ နှစ်ဆဥစ္စာ၊ ချေးပေးလှာသည်၊ လေးဖြာ ဥပကာရတည်း။
(၂) လျှို့ဝှက်စကား၊ ကြားစတုံလျက်၊ တူလျှို့ဝှက်၍၊ ဘေးတွေ့မစွန့်၊ မတွန့်တိုပ၊ သူ့ကိုညှာလျက်၊ ကိုယ့်သက်စွန့်မြောက်၊ ဤလေးယောက်ကား၊ မျှလောက်ချမ်းသာဆင်းရဲတည်း။
(၃) မကောင်းမြစ်တာ၊ ကောင်းရာသွင်းထား၊ မကြားစတောင်း၊ အကြောင်းကြားလှာ၊ နတ်ရွာလမ်းပြ၊ ဤလေးဝကား၊ မည်ရအတ္ထက္ခာယီတည်း။
(၄) ဥစ္စာခမ်းနား၊ မပွားသမြို့၊ မနှစ်လိုငြား၊ ပွားကရွှင်မြူး၊ ကျေးဇူးမဲ့ကို၊ ဆိုသော်တားမြစ်၊ ကျေးဇူးဖြစ်ကို၊ ဆိုသော် ချီးမွမ်း၊ သူတို့ထမ်းကား၊ မိတ်ကျွမ်းအနုကမ္ပတည်း။
ကဲ ဒီလောက်ဆို မင်းလည်း မိတ်ဆွေတုနဲ့ မိတ်ဆွေစစ်ကို ခွဲခြားပြီး ပေါင်းသင်းနိုင်ပြီပေါ့ကွာ။
● ချွေတာခြင်း
ချွေတာခြင်းဟာ အရာရာကို စည်းစနစ်ထားခြင်းပါပဲ။ ချွေတာစုဆောင်းသူဟာ တစ်နေ့ ကြီးပွားမှာ အမှန်ပဲ။ ချွေတာခြင်းဟာ ငွေနဲ့သာ ပတ်သက်တာမဟုတ်ဘူး။ အချိန်နဲ့လည်း ပတ်သက်တယ်။ ငေါကို ချွေတာသလို အချိန်ကိုလည်း ချွေတာရတယ်။
တကယ်တော့ ချွေတာခြင်းဆိုတာ အဖြုန်းကို ရှောင်ကြဉ်ခြင်းပါပဲ။ လူငယ်တိုင်းဟာ မိမိရဲ့ဘဝနိဂုံးလှစေချင်ရင် အလိုဆန္ဒကို ထိန်းချုပ်ရမယ်။ ဒုက္ခခံနိုင်ရမယ်။ ဘာမှမရှိဘဲနဲ့ ရပ်တည်နိုင်ရမယ်။ လုပ်ကိုင်နိုင်ရမယ်။ ပစ္စက္ခဘဝထက် အနာဂတ်ဘဝကို ပိုပြီး တန်ဖိုးထားရမယ်။ ပိုက်ဆံအသုံးအဖြုန်းကို ဆင်ခြင်ရမယ်။ အကျိုးမရှိတဲ့ အဖြုန်းကို ထိန်းချုပ်နိုင်ရ မယ်။
ပိုက်ဆံစုခြင်းဟာ နည်းတယ် များတယ် အဓိကမဟုတ်ဘူး။ ကောင်းတဲ့အလေ့အကျင့်ဖြစ်တယ်။ ပိုက်ဆံစုခြင်းဟာ ကပ်စေးနှဲခြင်းမဟုတ်။ အနာဂတ်ရည်မှန်းချက်အတွက် ကောင်းသော ကြိုတင်လုပ်ဆောင်ချက်သာ ဖြစ်တယ်။ တနည်းအားဖြင့် စုဆောင်းခြင်းဟာ ခြိုးခြံချွေတာခြင်းပါပဲ။
များသောအားဖြင့် ယခုခေတ် အသက်၂ဝ နဲ့ ၃ဝ အရွယ် လူငယ်တော်တော်များများဟာ သုံးဖြုန်းနေကြတာ များတယ်။ မိဘချမ်းသာလျှင် ပိုပြီး သုံးဖြုန်းကြတယ်။ လူငယ်သဘာဝ အ၀တ်အစား၊ အသုံးအဆောင်ပစ္စည်းတွေ အပြိုင်အဆိုင် ဝယ်ယူသုံးစွဲကြတယ်။ ဒါပေမယ့် ကြီးပွားချမ်းသာချင်တဲ့ မင်းတို့လူငယ်တွေဟာ သုံးဖြုန်းရမယ့်အရွယ် မဖြစ်သင့်ဘူး။ စုဆောင်းတဲ့ အရွယ်သာဖြစ်သင့်တယ်။
ထိပ်တန်းရောက်ချင်တဲ့သူ၊ ရည်မှန်းချက်ကြီးတဲ့သူ၊ စီးပွားရေးလုပ်ငန်းနဲ့ ကြီးပွားချင်တဲ့ လူငယ်ဖြစ်ဖို့ဆိုရင်  အပျော်အပါးကိစ္စနဲ့ အကျိုးမဲ့ သုံးဖြုန်းနေလို့ မဖြစ်ဘူး။ မင်းတို့အရွယ်ဟာ `ကောက်ရိပ်ချိန်´ မဟုတ်ဘူး။ `ကောက်စိုက်ချိန်´ သာ ဖြစ်တာမို့ ကိုယ့်ကိုယ်ကို ထိန်းထိန်းသိမ်းသိမ်းနဲ့ ဘ၀ရည်မှန်းချက်တစ်ခုကို ပိုင်ပိုင်နိုင်နိုင်ချမှတ်ပြီး စည်းစနစ်ကျကျ ချွေတာစုဆောင်းကာ ကိုယ့်ဘဝရည်မှန်းချက်ကို အကောင်အထည်ဖော်နိုင်မှသာလျှင် လူ့လောကမှာ ထိပ်တန်းရောက်နိုင်မယ်ဆိုတာ သိထားဖို့ပါပဲ။
ငွေဆိုတာ မတိုးလျှင် ဆုတ်တယ်။ လူတစ်ယောက်ဟာ ချွေတာလို့၊ စုဆောင်းလို့ ဘယ်တော့မှ စိတ်မဆင်းရဲရဘူး။ အမြဲတမ်းစိတ်ချမ်းသာစေရမယ်။ သူတစ်ပါးထံ လက်ဖြန့်တောင်းရတဲ့ဘဝဆိုတာ ဘယ်သောအခါမှ မကောင်းဘူးကွဲ့။ ကိုယ့်စိတ်ကိုယ် ထိန်းချုပ်မှသာ ဘဝမှာ အမှီအခိုကင်းကာ လွတ်လပ်စွာ ရပ်တည်နိုင်ပြီး ကိုယ်ရည်ကိုယ်သွေးလည်း တက်လာလိမ့်မယ်။
တိုင်းပြည်ကြွယ်ဝခြင်းဟာ လူတစ်ဦးချင်းစီရဲ့ ကြွယ်ဝခြင်းကို တိုင်းတာတာပဲ။ လူတယောက်စီ တယောက်စီ စုဆောင်းခြင်းဟာ တိုင်းပြည်ကြွယ်ဝခြင်းကို ဖြစ်စေတာပဲ။ တစုံတယောက်ရဲ့ ပြုမူခြင်းဟာ အစုအဝေးတစ်ခုလုံးရဲ့ အခြေအနေကို ထိခိုက်တာပဲ။
ဒါ့ကြောင့် မချွေမတာ သုံးစွဲဖြုန်းတီးသူတွေများနေရင် တို့တိုင်းပြည် ဆင်းရဲနေမှာ အမှန်ပဲ။ ချွေတာစုဆောင်းသူ များရင် တို့တိုင်းပြည်ချမ်းသာမှာပဲ။ ချွေတာသုံးစွဲသူတိုင်းဟာ တိုင်းပြည်ရဲ့ အကျိုးကို ဆောင်သူပဲ ဖြစ်ပါတယ်။
ဖြုန်းတီးသူမှန်က တိုင်းပြည်ရဲ့ ရန်သူမှတ်ရမယ်။
အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းဟာ ချွေတာရေးနဲ့ပတ်သက်ပြီး ၁၉၄၇ ခုနှစ် ဇူလိုင် ၁၃ ရက်နေ့ မြို့တော်ခန်းမမှာ ကျင်းပတဲ့ လူထုအစည်းအဝေးမှာ အခုလို ပြောကြားသွားခဲ့တယ်ကွဲ့။
`…… တခြားတိုင်းပြည်တွေမှာ အဲဒီလို ချွေချွေတာတာ ကြိုးပမ်းပြီးတော့ အခုနေအခါမယ် ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေလုပ်နေကြတယ်။ ကျနော်တို့ တိုင်းပြည်ကတော့ ကြပ်ကြပ်တည်းတည်းနေရတဲ့အထဲက ဒီလိုပုံပေါလအော သုံးကြတုန်း စွဲကြတုန်းပဲ။
အဲဒီတော့ ကျနော်တို့ ဗမာတွေက ဆီမရှိ မစားနိုင်ဘူးလို့ ပြောတယ်။ ဆီမရှိ မစားနိုင်တာကတော့ မှန်ပါတယ်။ သို့သော် ဒီဆီတွေဟာ ဘာအတွက် သုံးနေကြသလဲ။ ပုံပေါလအော သုံးသလား။ မသုံးဘူးလား။ ဈေးတွေသွားကြည့်စမ်း။ အိမ်တွေသွားကြည့်ပါ။ ပုံပေါလအော သုံးသလား၊ မသုံးဘူးလား။ တခြားတိုင်းပြည်တွေ သွားကြည့်ပါ။ ဆီကို ဒီလို ပုံပေါလအော သုံးနိုင်သလား၊ မသုံးနိုင်ဘူးလား၊ ခင်ဗျားတို့ ဆီတွေကို ပုံပေါလအောသုံးနေတာ၊ ခင်ဗျားတို့စိတ်ထဲမှာ ဘာမှ အရေးမကြီးဘူးလို့ ထင်တယ်။ အဲဒီလို ပုံပေါလအော သုံးတဲ့အတွက် ကုလားပြည်က နေပြီးတော့ ကျနော်တို့ တိုင်းပြည်ကို နှစ်စဉ် နှစ်စဉ် ဆီတွေ အမြောက်အမြားသွင်းပြီး နေရတယ်။ အဲဒါကြောင့် ခင်ဗျားတို့မှာ ခင်ဗျားတို့ ပုံပေါလအော သုံးနေလို့ ဒီဆီတွေကို တခြားနိုင်ငံက သွင်းနေရတဲ့အတွက် အပိုသွင်းနေရတဲ့အတွက် ဈေးကြီးတဲ့နေရာမှာ အကြောင်း တရပ့် ဖြစ်ပါတယ်။
ဥပမာတစ်ခု၊ အကြောင်းတရပ်ကိုတော့ ကျနော်ပြောပြမယ်။ ငရုတ်၊ ကြက်သွန်ကြည့်။ ဗမာပြည်မှာ ငရုတ်၊ ကြက်သွန်က ကိုယ့်ဖာသာကိုယ် စိုက်ရင် မရနိုင်ဘူးလားလို့။ ကိုယ့်ဖာသာကိုယ် စိုက်ရင်မရနိုင်ဘူးလား။ ကျနော်တို့ဆိုရင် ကျနော့်အိမ်မှာ ကျနော်စိုက်ထားတယ်။ အဲဒီကိုယ့်ဖာသာကိုယ် အိမ်ရာကွက်လပ်ရှိတဲ့လူတွေက စိုက်ကြပါလား။ မစိုက်ကြဘူး။ ဈေးမှာ ကိုယ်တော်မြတ်တွေက ဝယ်စားချင်ကြတယ်။ ဈေးမှာဝယ်စားတော့ အဲဒီ ငရုတ်၊ ကြက်သွန် ဘယ်က လာတယ် မှတ်သလဲ။ အိန္ဒိယပြည်က လာတယ်။ အိန္ဒိယပြည်က လာတော့ ခင်ဗျားတို့ အိန္ဒိယပြည်ကို ခင်ဗျားတို့ ပိုက်ဆံ ပေးနေရတယ်။
အဲဒီလိုလေး နေရတဲ့အတွက် တိုင်းပြည်မှာ ရနိုင်တဲ့ ပစ္စည်းကို တခြားနိုင်ငံက ဝယ်နေရတဲ့အတွက် ခင်ဗျားတို့မှာ အခုဈေးကြီးတယ်။ ကြီးတယ်ဆိုတာ ဒါတွေဖြစ်တာပဲ။ အကြောင်းတရပ်က ဆန်စားတဲ့နေရာမှာ ကျနော်တို့ ဆန်စားတဲ့ အနေနဲ့ ဒီ အာဟာရဓါတ်ကျမ်းတေါကို နားလည်တဲ့လူတွေနဲ့ သေသေချာချာ ကြည့်မယ်ဆိုရင် ကျနော်တို့ တိုင်းပြည်မှာ စားရတဲ့ အာဟာရဟာ အကုန်ပျမ်းမျှခြင်းတွက်ကြည့်မယ်ဆိုရင် တခြားနိုင်ငံတွေထက် ပိုနေတယ်။ ပိုနေတော့ အခု ကျနော်တို့ ပြည်မှာ ဆန်ကတော့ လုံလောက်တယ်။ လုံလောက်ရုံတင်မကဘူး။ ပိုနေတယ်။ နိုင်ငံခြားတင်ရတယ်။ နိုင်ငံခြား တင်ရောင်းရပေမယ့် ကျနော်တို့ စစ်မဖြစ်ခင်ကလောက် မပိုဘူး။ ပိုပိုလျှံလျှံမရှိဘူး။ အဲဒီမှာ ကျနော်တို့ ကုန်တွေ စားတာလည်း ရှေးကထက် လျှော့လည်းမစားဘူး။ အရင်ကလိုပဲ ပုံပေါလအော စားတုန်းပဲ။ အပိုတွေ အများကြီးရှိတုန်းပဲ။
အဲဒီတော့ကာ ယခုဖြစ်နေတာက စစ်မဖြစ်ခင်ကလောက် ဆန်မထွက်ဘူး။ ဆန်မထွက်တဲ့ အထဲမှာ ကျနော်တို့ လျှော့စားကြသလားဆိုတော့ လျှော့မစားဘဲ ပုံပေါလအော စားနေကြတုန်းပဲ။ အဲဒီအထဲမှာ ဆန်လုနေတဲ့အတွက် ငွေတစ်ကုဋေကျော်ဖိုးလည်း ဆုံးသေးတယ်။ ကျနော်တို့ တိုင်းပြည်က ဝင်ကုန်နဲ့ ထွက်ကုန်မယ် ထွက်ကုန်မှာ အရင်စစ် မဖြစ်ခင်တုန်းကထက် များတယ်။ အဲဒီလိုဖြစ်တော့ကာ ဒီလိုဖြစ်နေတာတွေ ခင်ဗျားတို့ ကျပ်တယ်။ ကျပ်တယ်ဆိုတာ ဒါ ဘာ အံ့သြစရာရှိသလဲ။ ကျပ်မှာပဲ လို့ ကျနော်တို့က ပြောချင်တယ်´
ဗိုလ်ချုပ်မိန့်ခွန်းကို လေ့လာကြည့်ရင် ချွေတာရေးဆိုတာ လူတစ်ဦးတစ်ယောက်နဲ့သာ ဆိုင်တာမဟုတ်ဘူး။ တိုင်းပြည်ပြန်လည်ထူထောင်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးအတွက်ပါ အရေးပါနေတာမို့ ချွေတာခြင်းကို လက်ကိုင်ထားပါလို့ အစ်ကိုကြီး ပြောပါရစေ။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles
No tags for this post.

Related posts

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:သန်းဝင်းလှိုင်

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

ဒေါက်တာခင်မောင်ဝင်း(သချာင်္)၏ Fuzzy Logic & Set Theory ဆောင်းပါးများ ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္)၏ Fuzzy Logic & Set Theory ဆောင်းပါးများ ထွက်ပြီ မိုးမခစာအုပ်စင်၊...

Read more »

ဂျူနီယာဝင်း ဘာသာပြန်တဲ့ ၂၁ရာစု ဂျာနယ်လစ်ဇင် ထွက်ပြီ

By

ဂျူနီယာဝင်း ဘာသာပြန်တဲ့ ၂၁ရာစု ဂျာနယ်လစ်ဇင် ထွက်ပြီ (မိုးမခစာအုပ်စင်) ဇန်န၀ါရီ ၃၁၊ ၂၀၁၉...

Read more »

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ်

By

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ် (မိုးမခစာအုပ်စင်) ဒီဇင်ဘာ ၂၆၊ ၂၀၁၈...

Read more »

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ

By

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ မိုးမခစာအုပ်စင်၊ ဒီဇင်ဘာ ၈၊...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

Tags

(all tags)