>Than Win Hlaing – Articles

September 3, 2011

>

ဆရာကြီးသခင်ကိုယ်တော်မှိုင်းနှင့် ဗိုလ်ချုပ်အောင်ဆန်း
သန်းဝင်းလှိုင်

စက်တင်ဘာ ၃၊ ၂၀၁၁



ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ လန်ဒန်မြို့မှ ရန်ကုန်သို့ ပြန်ရောက်လာသောအခါတွင် ‘အောင်ဆန်းအက် တလီစာချုပ်’ ကို အတည်ပြုရန် ခက်ခက်ခဲခဲကြိုးစားရလေသည်။ ဗြိတိန်၏လိုက်လျော်ချက်မှာ ဖဆပလ အဖွဲ့ချုပ်၏ မူလတောင်းဆိုချက် များထက် များစွာလျော့နေလေသည်။ ဤအချိန်တွင် ကွန်မြူနစ်နှင့် ပြည်သူ့ရဲဘော်တို့မှာ အကြီးအကျယ်အုံကြွနေပြီဖြစ်၍ ၎င်းတို့က တိုက် ပွဲကို လွယ်လွယ်နှင့်မစွန့်လွှတ်လိုကြပေ။

ဆရာကြီးသခင်ကိုယ်တော်မှိုင်းမှာ ဗိုလ်ချုပ်အောင်ဆန်းတို့ ဘိလပ်သွားဆွေးနွေးသည့်ကိစ္စကို မူလကလည်းသဘောမကျခဲ့ပေ။ ဂျီစီဘီအေ ခေတ်ကလိုဖြစ်ဦးမှာပဲဟု စိတ်ထဲတွင်စွဲနေလေသည်။ တစ်ခါတစ်ရံတွင် ဆရာကြီးက တစ်စုံတစ်ဦးအားမကျေနပ်တာတစ်ချက် ထုတ်ပြော လိုက်လျှင် ထိုအချိန်က သတင်းစာများတွင် ဆရာကြီးနာမည်နှင့် ဖဆပလကို တိုက်ခိုက်သောစကားများပါလာတတ်လေသည်။

ဗိုလ်ချုပ်အောင်ဆန်းသည် ဘိလပ်မှပြန်လာခါစ တစ်နေ့တွင် ဆရာကြီးသခင်ကိုယ်တော်မှိုင်းအိမ်သို့ ရုတ်တရက်ရောက်လာလေသည်။ ဆရာတပည့် အာလာပသလ္လာပ စကားများပြောဆိုပြီးနောက် ဗိုလ်ချုပ်က ဆရာကြီးအား ဖဆပလကို တိုက်ခိုက်သောစကားများ မပြောရန် တောင်းပန်လေသည်။

“ဆရာကြီးမျှော်မှန်းလာခဲ့တဲ့လွတ်လပ်ရေးကို တစ်နှစ်အတွင်းရအောင် ကျွန်တော်တို့ကြိုးစားနေပါတယ် ဆရာကြီး။ တစ်နှစ်လောက်တော့ စောင့်ကြည့်ပါဦး။ ဒီအတွင်း ဆရာ ကြီးဘာမှမလုပ်ပါနဲ့ဦး”

“ဟေ့… အောင်းဆန်းမင်းကဆရာလား။ ငါကဆရာလား”ဟု ပြန်မေးလိုက်လေသည်။ ဆရာကြီးမှာ အတော်စိတ်ဆိုးသွားလေသည်။ ဗိုလ် ချုပ်အောင်ဆန်းမှာလည်း အိုးတိုးအန်းတန်းဖြစ်သွားလေသည်။ ထိုနောက် ဗိုလ်ချုပ်အောင်ဆန်းက ထပ်ပြောပြန်သည်။

“ဆရားကြီး အခြားလူဘာပြောပြော ကျွန်တော်တို့မထိခိုက်ပါဘူး။ ဆရာကြီးက ကျွန်တော်တို့ကို ဆန့်ကျင်တဲ့စကားတစ်ခွန်းပြောရင် တစ် ခွန်းထိခိုက်ပါတယ်။ ကျွန်တော်ကတိပေးတဲ့အတိုင်း တစ်နှစ်ပြည့်လို့ဘာမှဖြစ်မလာဘူးဆိုရင် ဆရာကြီးလုပ်ချင်တာလုပ်ပါ။ ကျွန်တော် လည်း နိုင်ငံရေးမလုပ်တော့ပါဘူး။ အေးအေးပဲနေပါတော့မယ်။ အခုပြောတဲ့စကားဆရာ ကြီးမှတ်ထားပါ။ ဒီနေ့ဘာနေ့လဲ ဦးယော။ အဲ… မှတ်ထားပါဆရာကြီး” ဟု ဗိုလ်ချုပ်က ထိုအချိန်က အနီးတွင်ရှိသော ဦးယော(ဆရာဇေယျ) ဘက်လှည့်ပြောလိုက်လေသည်။

ဤကဲ့သို့ ဗိုလ်ချုပ်အောင်ဆန်းကဇွတ်တောင်းပန်တော့မှ ဆရာကြီးလည်းအနည်းငယ်စိတ်ပြေသွားကာ… “အေးစိတ်ချပါ ငါဘာမှမပြောဘူး” ဟု ကတိပေးလိုက်လေတော့သည်။

ဤကား ဆရာကြီးသခင်ကိုယ်တော်မှိုင်းအိမ်မှ ဗိုလ်ချုပ်အောင်ဆန်းပြန်သွားပြီးနောက် လပိုင်းအတွင်း ၁၉၄၇ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့ စနေနေ့ည ၇ နာရီ ၁၅ မိနစ်အချိန်တွင် မြန်မာပြည်ဘုရင်ခံကိုယ်တိုင် မြန်မာနိုင်ငံအသံလွှင့်ဌာနမှ အထူးသတင်းတစ်ရပ်ကြေညာလိုက် လေတော့သည်။

“၁၉၄၇ ဇူလိုင်လ ၁၉ ရက်နေ့နံနက် ၁၀နာရီ ၃၀မိနစ်၌ အမှုဆောင်ကောင်စီအဖွဲ့ဝင်ဝန်ကြီး အစည်းအဝေးကျင်းပနေစဉ် ၀န်ကြီးများအား သတ်ဖြတ်လုပ်ကြံကြသည့်အကြောင်းကို မြန်မာပြည်သူပြည်သားတို့အား ကျွန်ုပ်က အထူးဝမ်းနည်းစွာဖြင့် ပြောကြားရပါကြောင်း၊ နံနက် ၁၀ နာရီခွဲသာသာလောက်တွင် စက်သေနတ်များကို ကိုင်ဆောင်သူတို့သည် အစည်းအဝေးအခန်းထဲသို့ဝင်ရောက်လာ၍ အတွင်းရှိလူ များကိုပစ်ခတ်ကြောင်း၊ ဒုတိယဥက္ကဌ ဦးအောင်ဆန်းနှင့်တကွ သခင်မြ၊ မန်းဘခိုင်၊ ဦးဘချို၊ အပ္ပဒူရာဇတ်၊ ဦးဘ၀င်း၊ စ၀်စံထွန်း ၊ အတွင်းဝင် ဦးအုန်းမောင်နှင့် သက်တော်စောင့်ကိုထွေးတို့ သေဆုံးကြကြောင်း”

ဗိုလ်ချုပ်တို့လုပ်ကြံခံရပြီဟူသော သတင်းဆိုးကြီးသည် တစ်ပြည်လုံးသို့တင်မဟုတ် ချင်းပျံ့နှံ့သွားလေတော့သည်။ ရန်ကုန်တွင် လုပ်ကြံမှု ကြီးပေါ်ပေါက်ပြီး နာရီပိုင်းအတွင်း သိကြရလေသည်။

ဆရာကြီးသခင်ကိုယ်တော်မှိုင်းမှာလည်း ဤသတင်းကို ကြားရသောအခါ အလွန်စိတ်ထိခိုက်သွားလေသည်။ အောင်းဆန်း မနေ့တစ်နေ့ ကပဲ အိမ်လာသွားသေးသည်ဟုလည်း ဆရာကြီးက အောက်မေ့မိလေသည်။

ဗိုလ်ချုပ်တို့ကျဆုံးပြီးနောက် ဗိုလ်ချုပ်၏အရိုက်အရာကိုဆက်ခံသော သခင်နုသည် တစ်နေ့တွင် သခင်ကိုယ်တော်မှိုင်းထံလာရောက်၍ အကျိုးအကြောင်းပြောပြလေသည်။ ထိုအခါ ဆရာကြီးက….

“အောင်ဆန်းမသာအတွက် ငါငွေတော့မတတ်နိုင်ဘူးကွာ။ ဒီကဗျာတစ်ပုဒ်နှင့်နဲ့စာအုပ်သာယူသွားပေတော့”ဟု ဆိုကာ မိမိရေးသားထား သော “အာဇာနည်ဗိမာန်ကဗျာ” နှင့် စာအုပ်ကို သခင်နုလက်သို့ပေးအပ်လိုက်လေသည်။

အာဇာနည်ဗိမာန်အဓိဌာန်ကုသိုလ်တော်ကြီးဟု ဆရာကြီးက အမည်တပ်ထားသော ယင်းစာအုပ်ရောင်း၍ရသောအမြတ်ငွေကို အာဇာနည် ဗိမာန်အတွက် ဆရာကြီးက လှူဒါန်းပါသည်ဟု ဖော်ပြထားသည်။ အဆိုပါစာအုပ်ကို မြန်မာ့အလင်းပုံနှိပ်တိုက်၌ရိုက်နှိပ်ပြီး တစ်အုပ်လျှင် ၁ ကျပ်နှုန်းဖြင့် ဖြန့်ချိခဲ့လေသည်။

အာဇာနည်ဗိမာန်လေးချိုးကဗျာတွင် တတိယအချိုးမပါဖြစ်နေသဖြင့် နောင်အခါတွင် ဆရာဇော်ဂျီက ဆရာကြီးသခင်ကိုယ်တော်မှိုင်းအား ပြန်မေးရာ ဆရာကြီးက “ ဟေ.. ဟုတ်လား။ ဆရာလဲ အဲဒီအခါက ရေးသာရေးရ စိတ်ကတယ်မကောင်းပါဘူးကွာ” ဟုပြော၍ တတိယအချိုး ကို ပြန်လည် ရေးပေးလိုက်ပါသည်။

သို့ကလို ၁၉၄၇ ဇူလိုင်လ ၁၉ ရက်နေ့တွင် ဂဋ္ဌုန်ဦးစော၏နောက်လိုက်တပည့်များ၏လက်ချက်ဖြင့် ဗိုလ်ချုပ်အောင်ဆန်းနှင့် ခေါင်းဆောင်ကြီး များ ကျဆုံးခဲ့လေရာ ဆရာကြီးသည် အလွန်ကြေကွဲဝမ်းနည်းသည့်အလျောက် ‘အာဇာနည်ဗိမာန်ဋီကာ’ ကို ရေး၍ အောက်ပါအတိုင်း မှတ်တမ်းတင်ခဲ့လေသည်။

(၁) ဪအဆောင်ဆောင်နန်းတွေ

ကြဌန်းတွေနှင့်နှော

အခေါင်မမြန်းခင်က

အောင်စာတမ်းချို့စေဖို့၊ အောင်ပန်းညိုးရရှာတဲ့

တောင်တမန်တို့ဗမာမှာ အဟောင်းသံသရာ

အငုတ်တွေနှင့်

အောင်ဆန်းတို့မသာမယာဟာ ၎င်းကံကြမ္မာအလုပ်ပေထင့်

သောမြန်းမရဏစမုတ်မှာတော့

ချုပ်သနဲ့ယင်းအလိုတွင်

ဒေါင်းအလံပ၀ါအုပ်ပါလို့ ကျုပ်ဖြင့်

သင်္ဂြီဟ်ချင်……။ ။

(၂) ဪ… တပည့်အရင်းတွေမို့

က၀ိမတင်းနိုင်ဘုကဲ့

သတိကင်းကာ မျက်ရည်ကျကျပြီး

ခက်ကပြီလက်ဆည်လို့မရနိုင်ဘု

သောကဗလောင်ဆူတော့

တောင်ဇမ္ဗူပုဂံခေတ်ဆီက

ယခေါင်မူယမန်သနစ်တွေပေါ့

ရန်အဖြစ်မကွဲ့မနှေးသနော် တသောင်းဒီဇမ္ဗူရမ်းနေကြ

ကျန်ရစ်တဲ့မြေးတော်အလောင်းစည်သူရဲ့နန်းကိုဖြင့်

လူကြမ်းဓါးပြတွေကြမ်းလာရမ်းလာတဲ့အရေးတွင်မှ

ဘေးအပေါင်းကြီးစွာဝေဒနာအစုံနဲ့

သွေးချောင်းစီးကာ သေရှာပုံရဲ့ပြင်

ရွှေမြန်မာဘုံမှာ အမင်းမင်းသမ္မတတွေနဲ့

သတင်းလှခဲ့တဲ့အင်းဝရာဇာ အမွန်သာလွန်မင်းကိုမှ

သားရင်းရှင်တရုတ်ကယ်က

ရှင်ဘုရင်လုပ်မယ်အကျယ်ဇယားတွင်ဖြင့်

ဒ၀ယ်သားတွေဗိုလ်ဝင်ခံလို့မို့

ဟိုအရင်ယမန်နန်းတော်စီးစဉ်က

အပျက်ကြီးပျက်ကာ အသက်ခန္ဓာတွေဆုံးပုံနဲ့

တထုံးနောက်တနဲမှာတော့

မင်းရဲ့ရန္တမိတ်ခမျာမှာ ညီသနင်းပေပေါ့

ပြည်မင်းဂုဏ်ခံလို့

မှုန်မှုန်ဆန်ဆန်ပုန်ကန်တဲ့အတိုင်းရဲ့ပြင်

တလိုင်းနယ်ရွှေပြည်တခွင်မတော့

ဓမ္မစေတီဘုရင်လက်ထက်တုန်းဆီက

လက်ရုန်းရည်တသိန်းလျှမ်းပေတဲ့

သမိန်ဗရမ်းဆိုသူစစ်ဗိုလ်ချုပ်ကိုဖြင့်

မဟုတ်တရုတ်ကောင်တေလေတစ္ဆေကိုက်တာနဲ့

ဪ.. ဖွေဖွေရှာရှာ မကျေစရာပေပေါ့နှော

မရေမရာသေရွာဆိုက်သလိုပါ့

အခိုက်အခါတူလို့မို့

ဆရာတမူမကြာမကြာလွမ်းရပါတဲ့

ဘမရာအဆူဆူကြာကြငှာန်းတွေနှင့်

မြန်မာဇမ္ဗူအညာမန်းတွေဖြင့်

ငါတလူငါသရမ်းရော့မဟဲ့လို့

သာခန်းပလ္လင်ညွန်းပြီး

မြင်ကွန်းပိုင်သူပုန်ထစဉ်က

ကြုံရသူမသာတော်နှင့်

ပမာသော်တူတယ်လို့ နှိုင်းမိတယ်

ရိုင်းသနဲ့အတိတ်ယခင်လိုနော်ကွယ်

စကိုင်းတပဲ့ဂိုဏ်းအဖွဲ့တွေနဲ့ မှိုင်းရဲ့စိတ်ထင်။

(၃) မင်းစိတ်မင်းမာန်အကြံအဖန်တင်းလိုက်ပုံက

အင်္ဂလိပ်ယင်းဂျပန်နှစ်တန်ရှင်းပါလို့

ရန်ခပင်းကိုတဲ့မောင်းကာနှင်

ဒေါင်းမြန်မာတစ်ခွင်မှာဖြင့် အထက်ယခင်သဘော

(အိုးကွယ်) တကောင်းရာဇ၀င်ကိုတဲ့ ဆက်ချင်သဘော။

(၄) နန်းမြို့တည်ရန်

မှန်းလို့ရည်ကာသန်တဲ့

ညီလာခံဗိုလ်ရှုပွဲတွင်မှ

ထိုထိုလူခပဲကိုမကြည်ညိုတဲ

ဝသီအလို တဖြေးဖြေးရူးမဟဲ့လို့

တနွေးနွေးမူးမူးပြီး ခွေးဘီးလူးလိုအကောင်မိုက်တွေက

ဪ…. အမှောင်စရိုက်ကယ်နှင့်

ပြောင်ပြောင်ပဲမိုက်မပေါ့လို့

ဗြောင်ကိုက်သဟာမှာ ယာယီယတြာအချိန်နဲ့ဇာတာမှိန်လို့မို့

ဂဏာမငြိမ်တာဝတိန်ံယွန်းကြပေါ့

ဖြေမကြည်နေရီတော့လွမ်းစေဘို့

မြန်မာ့ပြည်ပေါ်ကို ဓမ္မစည်တော်ရွမ်းချိန်မို့

အစွမ်းကုန်သည်တစ်ခါဖြင့်

ပြည်ရွာညီညာဘို့အလုပ်ပေပေါ့

သုဿန်တံခွန်စောင်းရရှာတဲ့

ရုပ်အကျန်ခုနှစ်လောင်းရယ်နှင့်

အလွန်ကောင်းစွာကမ္ဘာတည်မည့်

အာဇာနည်ဗိမာန်ပုထိုးကိုဖြင့်

ပါရမီအဓိဋ္ဌာန်တစ်မျိုးရယ်နှင့်

ရှစ်ခိုးကာဆရာကန်တော့ချင်ရဲ့

မြန်မာမတော့ပူစရာဘို့

တဗျူဟာအောင်ခမန်းတွင်မှ

လူမသမာအမှောင်သန်းချိန်မို့

သောကမ်းမို့မို့ဆီက

……………….

ဖောင်နန်းကူးတို့နှင့် အကြေဒဂုန်တည်းဟူသော

ရေစုန်မြောလေရဲ့

ဪ…. တောင်နန်းမြောက်နန်းအဆောင်ဆောင်ကြငှာန်းနဲ့

အခေါင်းမမြန်းရခင်က အောင်ပန်းညို့ရရှာတဲ့

အောင်ဆန်းတို့သေပုံ နှမြော ။ ။

စစ်ပြီးခေတ်တွင် ဆရာကြီးသည် အသက်အရွယ်လည်း ၇၀ ကျော်ပြီဖြစ်၍ အိုမင်းမစွမ်းဖြစ်လာသည့်အလျောက် စရေးမှုကဗျာဖွဲ့မှု နည်းပါးလာသည်။ ၁၉၅၀ ပြည့်နှစ်တွင် ‘အနာဂတ်ဇာတ်ခုံအိမ်မက်ဒိဋ္ဌုံဋီကာ’ သည် ဆရာကြီးရေးသားခဲ့သော နောက်ဆုံးစာအုပ်ဖြစ်သည်။ သို့ရာတွင် ဆရာကြီးသည် ပြည်တွင်းငြိမ်းချမ်းရေးအတွက်လည်းကောင်း၊ ကမ္ဘာ့ငြိမ်းချမ်းရေးအတွက်လည်းကောင်း အသက်အရွယ်နှင့်မမျှ အပင်းပန်းခံကာ လှည့်လည်ဆောင်ရွက်ခဲ့သည်။ တစ်ဖက်မှလည်း ဖက်ဆစ်ဋီကာမဟာနိဒါန်း ကမ္ဘာ့ငြိမ်းချမ်းရေးကဗျာ၊ သခင်ကိုယ်တော် မှိုင်း၏ မေတ္တာပတ္တနာကဗျာ စသည်တို့ကိုသာ ကြိုကြားကြိုကြား ဖွဲ့ဆိုရေးသားခဲ့သည်။

ထို့နောက် ၁၉၅၅ မတ်လ ၂၂ ရက်နေ့တွင် ရန်ကုန်မြို့တော်ခန်းမရှေ့၌ စတာလင်ငြိမ်းချမ်းရေးဆုပေးပွဲသဘင်ကျင်းပရာ အပြည်ပြည်ဆိုင်ရာ စတာလင်ငြိမ်းချမ်းရေးဆုပေးရေး ကော်မတီဥက္ကဌမစ္စတာနီကိုလေတီခိုနော့ဗ်က ဆရာကြီးအား ငြိမ်းချမ်းရေးဆုလက်မှတ်နှင့် ရွှေတံဆိပ် ဆုအပ်နှင့်ချီးမြှင့်ခဲ့သည်။ ငြိမ်းချမ်းရေးဆုတံဆိပ်နှင့်အတူ ဆရာကြီးသည် ဆုတော်ငွေရူဘဲလ်ငွေတစ်သိန်း (မြန်မာငွေ တစ်သိန်းနှစ်သောင်း ငါးတောင်ကျပ်ခန့်) ရရှိသည်။

ထို့ပြင် ဆရာကြီးအား ၁၉၆၀ ဩဂုတ်လ ၁၀ ရက်နေ့တွင် ဂျာမနီဒီမိုကရက်တစ်သမ္မတနိုင်ငံ (အရှေ့ဂျာမနီ) ဟမ်းဘို့ဒ် (Humboldt) ဂုဏ် ထူးဆောင်ပညာရေးပါရဂူ (ဒေါက်တာဘွဲ့) ကို အပ်နှင်းခဲ့ပြန်သည်။

ယင်းနောက် နယ်ချဲ့ဆန့်ကျင်ရေး၊ ငြိမ်းချမ်းရေးဖခင်ကြီး၊ မျိုးချစ်စာဆိုဆရာကြီး သခင်ကိုယ်တော်မှိုင်းသည် ၁၉၆၄ ခုနှစ် ဇူလိုင် ၂၃ ရက် ကြာသပတေးနေ့နံနက် ၁ နာရီခွဲတွင် လူကြီးရောဂါဖြင့် ကွယ်လွန်နိစ္စရောက်သည်။ ကွယ်လွန်ချိန်၌ သားသမီးနှစ်ယောက်၊ မြေး ၁၅ ယောက်၊ မြစ် ၆၁ ယောက်ကျန်ရစ်ခဲ့သည်။ ဆရာကြီး၏ ကြွင်းကျန်သောရုပ်ကလပ်ကို ရွှေတီဂုံဘုရားလမ်းရှိ ကန်တော်မင်္ဂလာပန်းခြံ (မိဘုရားခေါင်ကြီး စုဘုရားလတ်ဂူဗိမာန်အနီး) ၌ ဂူသွင်းသင်္ဂြုံဟ်ထားသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:Uncategorized

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ

By

  ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၇ ယခုစာအုပ်မှာ...

Read more »

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်