>Yan Win (Taung Ta Gar) – Articles

September 26, 2011
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

>

လက်ဖျားသံနှော မြန်မာတယော – အပိုင်း (၂)
ရန်ဝင်း (တောင်တံခါး)
စက်တင်ဘာ ၂၆၊ ၂၀၁၁

၁၇ လက္မ ဗီယိုလာ (17 inches Viola)

မြန်မာတယော (၁၉ ရာစု)


ဗိုင်အိုလင်၊ ဗီယိုလာ တို့နဲ့နှိုင်းယှဉ်ကြည့်ပြီးကြည့်လိုက်မယ်ဆိုရင် အချိုးအစားအနေနဲ့ မြန်မာတယောရဲ့ လက်နှိပ်ကွက် လက်တံက ပိုပြီး တိုပါတယ်။ အဲဒါကြောင့် မြန်မာတယောက ကမ္ဘာသုံးတယောတွေရဲ့ပုံစံကို အတိအကျကူးယူထားတဲ့ မူပွားမျိုးမဟုတ်ဘူးလို့ဆိုချင်ပါတယ်။ တည်ဆောက်တဲ့ပုံစံကို မှီငြမ်းရုံသာမှီငြမ်းပြီး မြန်မာ့ဂီတအတွက် မြန်မာ့အသံစဉ်ကိုတီးဖို့ အသစ်တီထွင်လိုက်တဲ့ မြန်မာ့တူရိယာပါပဲ။ မွန်ရိုးရာတူရိယာဝိုင်းတွေမှာ ‘ထောင်တယော’ ဆိုတဲ့ ကြိုး ၃ ချောင်းတယော ပါဝင်ပါတယ်။ ဒီကနေ့ မွန်ရိုးရာတီးဝိုင်းတွေမှာ ‘လခြမ်းကြေး နောင်’၊ ‘မိကျောင်း’ တူရိယာတွေနဲ့အတူ ‘ထောင်တယော’ ကို သုံးစွဲနေပါသေးတယ်။ အဲဒီထောင်တယောက မြန်မာတယောနဲ့ ပုံစံချင်း အင်မတန်တူပါတယ်။

ရှေးမြန်မာတယောက ကြိုး ၃ ချောင်းရဲ့ အသံညှိပုံစနစ်ကို တပ်အပ်မပြောနိုင်ပေမယ့် ‘ထောင် တယော’ နဲ့ တူညီနိုင်စရာအကြောင်းရှိပါတယ်။ ‘ထောင်တယော’မှာ ပါတဲ့ ဘယ်သံ ကနေ ညာသံ ကြိုးသုံးချောင်းကို အက်ဖ်၊ စီ နဲ့ ဂျီ သံတွေညှိထားပါတယ်။ မြန်မာ့သံစဉ်ရဲ့ ၅ ပေါက်၊ ၁ ပေါက်သံမှန် နဲ့ ၄ ပေါက်သံတွေဖြစ်ပါတယ်။

ကမ္ဘာသုံး ဗိုင်အိုလင်ရဲ့ ဘယ်သံကနေ ညာသံ ကြိုး ၄ ချောင်းကို ဂျီ၊ ဒီ၊ အေ နဲ့ အီး အတိုင်း ညှိထားပါတယ်။ မြန်မာ့သံစဉ်ရဲ့ ၄ ပေါက်၊ ၇ ပေါက်၊ ၃ ပေါက် နဲ့ ၆ ပေါက်သံတွေ ဖြစ်ကြတယ်။ ဗီယိုလာရဲ့ ဘယ်သံ ကနေ ညာသံ ကြိုး ၄ ချောင်းကိုတော့ စီ၊ ဂျီ၊ ဒီ နဲ့ အေ အတိုင်း ညှိထားပါတယ်။ ၁ ပေါက် သံမှန်၊ ၄ ပေါက်၊ ၇ ပေါက် နဲ့ ၃ ပေါက်သံတွေ ဖြစ်ပါတယ်။

ဒီကနေ့ မြန်မာသံတီးကြတဲ့ ဗိုင်အိုလင်ကိုလည်း ဘယ်သံကနေ ညာသံ ကြိုး ၄ ချောင်းကို ၄ ပေါက်၊ ၁ ပေါက် သံမှန်၊ ၄ ပေါက်၊ ၁ ပေါက် သံမှန်ထားပြီး တီးကြပါတယ်။

ရှေးမြန်မာတယောက ကြိုးသုံးချောင်းကို မြန်မာ့သံစဉ်ရဲ့ ၅ ပေါက်၊ ၁ ပေါက် သံမှန် နဲ့ ၄ ပေါက်သံတွေအတိုင်း ညှိထားတာဆိုရင်တော့ မြန်မာတယောရဲ့ကြိုးညှိပုံက ကမ္ဘာသုံးတယော ဗိုင်အိုလင်၊ ဗီယိုလာတို့နဲ့ လုံးဝခြားနားတယ်လို့ဆိုရပါမယ်။

မြန်မာရှေးသီချင်းတွေကိုတီးဖို့ရာ မြန်မာ့သံစဉ်အမျိုးမျိုးအတွက် အဆင်ပြေလှပါလိမ့်မယ်။ အဲဒါကြောင့် မြန်မာတယောတွေကို တလက် မကပဲ အတော်တော်များများလုပ်ခဲ့ကြလိမ့်မယ်လို့လည်း မှန်းဆကြည့်မိပါတယ်။

မြန်မာတယောက လက်နှိပ်ကွက် လက်တံနဲ့ တယောကြိုးတွေ


တယောကြိုးတွေက မြန်မာစောင်းကောက်ရဲ့ စောင်းကြိုးတွေလိုပဲ ကျစ်ထားတဲ့ပိုးကြိုးတွေနဲ့လုပ်ပါတယ်။ တယောဘိုးတံက ကြိုးတွေကို လည်း ပိုးကြိုးနဲ့လုပ်တာပါပဲ။ သော့သီးတွေနဲ့ သော့သီးအိမ်ကတော့ ကမ္ဘာသုံးတယောတွေနဲ့ဆင်တူပါတယ်။ တယောခေါင်းကတော့ ကနေတဲ့ဟန်နဲ့ မကိုဋ်ဆောင်း ကိန္နရာရုပ် ဖြစ်နိုင်ပါတယ်။

မြန်မာတယောက တယောခေါင်း နဲ့ သော့သီးတွေ


ပွတ်လုံးထိုးထားတဲ့ ထောက်တံက ထူးခြားပါတယ်။ ထောက်တံအပေါ်မှာ တယောကို လှည့်ပြီးကစားနိုင်တော့ တယောကြိုး သုံးချောင်းစလုံး အစွက် အဖက် လက်ကွက်တွေကို ဖန်တီးနိုင်ပါတယ်။

မြန်မာတယောက ထောက်တံ


တယောကြိုးတင်ခုံကလည်း ထူးခြားပါတယ်။ တယောကြိုးတွေကို နေရာမရွေ့အောင်ဖန်တီးထားပုံက အင်မတန်ပညာသားပါပါတယ်။

မြန်မာတယော က တယောကြိုးတွေနဲ့ ကြိုးတင်ခုံ


ကမ္ဘာသုံးတယောက တယောကြိုးတွေနဲ့ ကြိုးတင်ခုံ (Bridge)


မြန်မာတယော ပညာရှင် နဲ့ မြန်မာတယော

တယော၊ ပတ္တလား၊ ပလွေ ပညာရှင်တွေနဲ့ ရှေးက မြန်မာ့ရိုးရာ တီးဝိုင်း


ဒုတိယ ကမ္ဘာစစ်ကြီးပြီးခါစ ၁၉၄၆ ခုနှစ် ပတ်ဝန်းကျင်လောက်တုန်းက မန္တလေးမြို့ လမ်းဘေးမှာ မြန်မာတယောကြီးကိုထိုးပြီး သီချင်းဆို လေ့ရှိတဲ့ တယောပညာရှင်ကြီး ‘ဘိုးကျန်’ ဆိုတာ ရှိခဲ့ပါတယ်။ ၁၉၅၆-၅၇ လောက်မှာ ကွယ်လွန်သွားခဲ့တယ်လို့ ဘိုးကျန်ကို ကိုယ်တိုင်ကိုယ် ကျတွေ့လိုက်ရဖူးတဲ့ ပန်းချီ၊ ဒါရိုက်တာဦးဝင်းဖေက ဘီဘီစီ အသံလွှင့်ဌာန မြန်မာပိုင်းအစီအစဉ်၊ ၀င်းဖေလွယ်အိတ်ကဏ္ဍမှာ ပြောပါတယ်။

အဲဒီအချိန်တုန်းက အသက် ၈ဝ လောက်ရှိနေပြီဖြစ်တဲ့ ဘိုးကျန်က မျက်စိလည်း မမြင်ရှာတော့ပါ။ နားဆင်သူပရိသတ်က ပေးကမ်း ထောက်ပံ့တဲ့ငွေကြေးကလေးတွေကို လက်ခံပြီး စားရရှာတဲ့ဘိုးကျန်ကို မန္တလေးမြို့ အာဠ၀ီ၊ စီလမ်းအတိုင်းဆင်းသွားရတဲ့ သင်္ချိုင်းတော်တံ တား အနောက်ပိုင်းက ကျူးကျော်ရပ်ကွက်ကလေးတခုမှာ မြေးမိန်းကလေးတွေက စောင့်ရှောက်ထားခဲ့ကြတယ်။

ဘိုးကျန်က အသက်ကလည်းကြီး၊ ဒုက္ခိတလည်းဖြစ်နေရှာတာသက်သက်ကြောင့်တော့ လမ်းဘေးမှာ တီးမှုတ်နေခဲ့ရတာ မဟုတ်နိုင်ပါ။ ပန်းရံ ကံကျွေး လုပ်ကိုင်စားကြတဲ့ မြေးမိန်းကလေးတွေရဲ့အထောက်အပံ့နဲ့ နေနိုင်ခဲ့ပေမယ်လို့ ဂီတကို စွဲစွဲလမ်းလမ်းဖြစ်နေတာကြောင့် အဆို၊ အတီးဝါသနာကို မစွန့်လွှတ်နိုင်ပဲ လမ်းဘေးမှာ တီးမှုတ်နေခဲ့တဲ့ပုံပါ။ ဂီတ၀ါသနာရှင်တွေက အိမ်မှာခေါ်ထားပြီး ပြုစုရင်လည်း မနေနိုင်၊ မပျော်နိုင်ဘူးလို့ကြားရဖူးပါတယ်။

ဘိုးကျန် ရဲ့ လက်စွဲတူရိယာတွေက မြန်မာတယော၊ ပလွေ၊ စည်းနဲ့ဝါးတို့ဖြစ်ကြတယ်။ စည်းနဲ့ဝါး ကိုတော့ ခြေဖျားနှစ်ဖက်နဲ့ တီးလို့ရအောင် တီထွင်ထားပါတယ်။ ညာဘက်ခြေထောက်က စည်း၊ ဘယ်ခြေက ၀ါးကိုတီးပါတယ်။ သီချင်းဆိုရင်း၊ တီးမှုတ်ရင်းနဲ့ စည်းချက်တွေကို အမျိုးမျိုးကစားပြီး တီးပါသတဲ့။ မြိုင်ထ၊ ရှစ်ဆယ်ပေါ် တေးထပ်၊ ဇော်ဂျီတီးလုံး၊ မြန်မာဇာတ်သဘင်သံဆန်းတွေ ပလွေနဲ့မှုတ်တော့ ပလွေကို ပါးစပ်နဲ့ရော နှာခေါင်းနဲ့ပါ မှုတ်ပါတယ်။ တယောထိုးတဲ့အခါမှာတော့ ယမုံနာ၊ သောင်းသောင်းညံ စတဲ့ မြန်မာရှေးသီချင်းကြီးတွေ ကို ဆိုတီး တီးလေ့ရှိပါတယ်။ တဦးထည်းနဲ့ ဂီတသံလေးမျိုးကို ဖန်တီးနိုင်တဲ့ တကယ့်ပညာရှင်ကြီးပါပဲ။

၁၉၅ဝ ခုနှစ် စောစောပိုင်းမှာ အထက်မြန်မာနိုင်ငံ ဓါတ်ပုံအသင်း ဓါတ်ပုံဆရာတွေက ဘိုးကျန်ရဲ့ပုံကို ဓါတ်ပုံအမျိုးအမျိုး ရိုက်ပြီး ဓါတ်ပုံပြပွဲ ပြိုင်ပွဲတွေ လုပ်ခဲ့ကြသေးတယ်။ ရုပ်ရှင်ပိုစတာ ပန်းချီဆရာကြီး ဦးဘကြင်ကလည်း ဘိုးကျန်ရဲ့ပုံတူပိုစတာပုံကြီးကိုဆွဲပြီး ပြပွဲမှာ ပြခဲ့ပါသေး တယ်။ အဲဒါကြောင့် ဘိုးကျန်နဲ့ပတ်သက်တဲ့ မှတ်တမ်းမှတ်ရာတွေ အများကြီးကျန်ခဲ့နိုင်စရာရှိပါတယ်။

ဒါရိုက်တာကြီး ရှုမ၀ ဦးကျော် ရိုက်ကူးသွားခဲ့တဲ့ ‘အပယ်ရတနာ’ ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ ဇာတ်ပို့သရုပ်ဆောင်ကြီး ဦးကြည်မောင်က ပုဂံမြို့ အပယ်ရတနာ ဘုရားရှေ့မှာ တောင်းရမ်းစားသောက်ရရှာတဲ့ တယောဦးကျန်အဖြစ် ပီပီပြင်ပြင်သရုပ်ဆောင်သွားခဲ့ပါတယ်။ သရုပ်ဆောင် ရှုမ၀ စမ်းစမ်းအေး ကလည်း မြေးမကလေး မိအေး အဖြစ် ပီပြင်လှပါတယ်။ ဘယ်လောက် ပီပြင်သလဲဆိုရင် ‘အပယ်ရတနာ’ နဲ့အတူ တယောထိုးနေတဲ့ ဦးကျန်၊ သီချင်းဆိုနေတဲ့ မိအေးတို့ရဲ့ပုံရိပ်တွေက ဒီကနေ့အထိ ရင်ထဲမှာစွဲပြီး ကျန်နေရစ်ခဲ့ပါသေးတယ်။ တကယ်ရှိခဲ့တဲ့ ဘိုးကျန်နဲ့ သူ့ရဲ့ မြန်မာတယောကြီးကို ရှုမ၀ ဦးကျော်က ပုံတူကူးယူပြီး အပယ်ရတနာ ရုပ်ရှင်ကားထဲက ဇာတ်ရုပ်တယော ဦးကျန်အဖြစ် ဖန်တီးခဲ့တယ်လို့တွေးဆမိပါတယ်။

ဘိုးကျန်ကွယ်လွန်တော့ မန္တလေး ပန်တျာနဲ့ အကကျောင်း ကျောင်းအုပ်ကြီး ဦးစိန်ညွန့်က ဘိုးကျန်ရဲ့ မြန်မာတယောကြီးကို မြန်မာအနု ပညာပြတိုက်အတွက် အစိုးရကိုယ်စားဝယ်ယူသွားခဲ့ပါတယ်။ ဒီကနေ့အထိ မြန်မာ့အနုပညာပြတိုက်ထဲမှာ ဘိုးကျန်ရဲ့ မြန်မာ တယော ကြီးကို နောက်ခံသမိုင်းကြောင်းနဲ့အတူ ဆက်လက်ထိန်းသိမ်းထားရှိနေဆဲပဲလို့ ယုံကြည်ရပါတယ်။

လက်ဖျားသံနှော မြန်မာတယောပညာရှင်ကြီး ဘိုးကျန်ရဲ့ မြန်မာတယောကြီးကို လေ့လာဖို့နဲ့ ဘိုးကျန်ရဲ့ဓါတ်ပုံတွေကို ရရှိနိုင်ဖို့တောင်မှ ဒီစာရေးနေချိန်မှာ လက်လှမ်းမမီနိုင်သေးပါ။ ဓါတ်ပုံဆရာကြီး Peter Adolphe Kliner က ၁၈၇၅ ခုနှစ် နဲ့ ၁၈၉ဝ ခုနှစ်တွေအတွင်းလောက်မှာ ရိုက်ခဲ့တယ်လို့ယုံကြည်ရတဲ့ ရှေးခေတ် ဓါတ်ပုံဟောင်းနှစ်ပုံထဲမှာ မြန်မာတယောရှင်တဦး ပါဝင်နေပါတယ်။ ဘိုးကျန် ငယ်ငယ်တုန်းကပုံများ ဖြစ်လေရော့သလားလို့ တွေးမိချင်စရာပါ။

လက်ဖျားသံနှော မြန်မာတယောရှင်


အထူးကျေးဇူးတင်စွာနဲ့ ကိုးကားခြင်း

  • (၁) မြန်မာစာပေသမိုင်း (ဦးဘေမောင်တင်၊ မြန်မာသက္ကရာဇ် ၁၃ဝဝ ပြည့်နှစ်)
  • (၂) မြန်မာ့မဟာဂီတ (လူထုဒေါ်အမာ၊ ဇွန်လ၊ ၁၉၈၉)
  • (၃) တယော၊ ပလွေ ဘိုးကျန် (၀င်းဖေလွယ်အိတ်၊ ပန်းချီ၊ ဒါရိုက်တာ-ဦးဝင်းဖေ၊ ဘီဘီစီ မြန်မာပိုင်း အသံလွှင့်ဌာန)
  • http://www.bbc.co.uk/burmese/programmes/2011/01/110122_winpe_123.shtml
  • http://www.bbc.co.uk/burmese/programmes/2011/01/110129_winpe_124.shtml
  • (၄) http://orgs.usd.edu/nmm/EasternAsia
  • (၅) http://www.museumfire.com/mon.pdf
  • (၆) www.wikipedia.com



သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

Related posts

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:Uncategorized

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ် ထွက်ပြီ

By

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ်...

Read more »

မိုးမခလစဉ်မဂ္ဂဇင်း ဇွန် ၂၀၁၈ ၊ တွဲ ၅၊ မှတ် ၂၊ အချိန်မီ ထွက်ပါပြီ

By

  မိုးမခလစဉ်မဂ္ဂဇင်း ဇွန် ၂၀၁၈ ၊ တွဲ ၅၊ မှတ် ၂၊...

Read more »

ရဲဘော် မောင်တူးရဲ့ သက်ရှိပန်းချီ

By

  ရဲဘော် မောင်တူးရဲ့ သက်ရှိပန်းချီ  (မိုးမခစာအုပ်စင်) မေ ၃၊ ၂၀၁၈ ခေါင်းစဉ်...

Read more »

မိုးမခမဂ္ဂဇင်း မေ ၂၀၁၈၊ အတွဲ ၅၊ အမှတ် ၁ ထွက်ပြီ

By

  မိုးမခမဂ္ဂဇင်း မေ ၂၀၁၈၊ အတွဲ ၅၊ အမှတ် ၁ ထွက်ပြီ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်