>Dhamma Piya – Flowers Diary

September 29, 2011

>

နေ့စွဲမပါတဲ့ ပန်းဒိုင်ယာယီ
ဘိက္ခုဓမ္မပိယ(USA)
စက်တင်ဘာ၂၉၊ ၂၀၁၁
ဒီနေမနက်စောစော ဘုရားရှိမခိုးခင် ဘုရားစဉ်ရှေ့မှာထိုင်နေရင်း တွေးတစ်ခုဝင်လာတယ်။ ပန်းလေးတွေနဲ့စပ်တဲ့အတွေးပါ။ အာရုံမြင်ကွင်းက ဘုရားစဥရှေ့မှာရှိနေတဲ့ပန်းအိုးရှစ်လုံး။ ပန်းအိုး ထဲမှာရှိနေတဲ့ပန်းတွေက အရောင်စုံ၊ အသွေးစုံ နှင်းဆီပန်းတွေလဲပါတယ်။ သစ်ခွပန်းတွေလဲပါတယ်။ ဒေလီယာပန်းတွေလဲပါတယ်။ အခြားအခြားအမည်မသိတဲ့ပန်းတွေလဲပါတယ်။အဲဒီပန်းအိုးတွေထဲက ပန်းအိုးလေးလုံးထဲမှာရှိနေတဲ့ပန်းတွေက ညှိုးတတ်တဲ့ပန်းတွေ။ ကျန်တဲ့ပန်းအိုးတွေထဲကပန်းတွေက တော့ မညှိုးပန်းတွေ။ ပန်းတွေရဲ့ကွဲပြားခြားနားမှုကို သတိပြုမိတယ်။ ပန်းတွေကိုအမြဲတန်းလန်းဆန်း စေချင်လို့ မညှိုးပန်းတွေကို လှူထားရော့သလားလို့လဲတွေးမိပါရဲ့။ဘာပဲဖြစ်ဖြစ်လေဘုရားရှင်စင်ရှေ့မှာတော့ ပန်းတွေနဲ့ဝေလို့။
ဒီအာရုံမြင်ကွင်းကိုအတွေးစိတ်မှာ ခေါင်းစဉ်လေးပေးပြီး ရေးမှတ် လိုက်တယ်။ ခေါင်းစဉ်က   “နေ့စွဲမပါတဲ့ပန်းဒိုင်ယာယီ” တဲ့။
ပန်းဆိုတာလူသားတွေအတွက်တော့ မွှေးဖို့၊ ကြူဖို့၊ အလှဆင်ဖို့၊ လက်ဆောင်ပေးဖို့၊ ဆိုရှယ် ရေးရာမှာကိုယ်စားပြုပေးဖို့နဲ့ဘုရာပန်းတင်လှူဖို့။ ဒါကလူတွေရဲ့သဘောထားပါ။ သက်မဲ့ပန်းလေးတွေ သူတို့ရထားတဲ့ဘ၀က အမွှေးခံ၊အကြူခံဖို့မဟုတ်။ အချစ်ခံ၊ အမုန်းခံဖို့လဲမဟုတ်။ ဘ၀ပေးတာဝန်အရ သူတို့ဆောင်ရွက်ရမဲ့အလုပ်ကမျိုးဆက်ပြန့်ပွားဖို့။ သူတို့ပွင့်လန်းမှ တစ်ပွင့်ကနေတစ်ရာ။ တစ်ရာက နေတစ်ထောင်။ဒီမှတဆင့် သာယာလှပတဲ့ပန်းဥယျာဉ်ကြီး။ သီးပင်များမှာလဲ အလားတူတာဝန်ကို ဆောင်ရွက်ဖို့။ပန်းတစ်ပွင့်ကအသီးတစ်လုံး။ ပန်းတစ်ရာက အသီးတစ်ရာ။ ပန်းတစ်ထောင်က အသီး တစ်ထောင်။ ထိုနောက်အသီးပေါင်းသိန်းသန်းကုဋေရှိတဲ့သစ်သီးဥယျာဉ်ကြီး။
ဒါပေမဲ့လူတွေးရဲ့ အတွေးတွေက ရှုပ်ရှုပ်ထွေးထွေး။ “ပွင့်ချိန်တန်ပွင့်၊ သီးချိန်တန်သီး”လို့ဆိုပေမဲ့ အလွှာမတူတဲ့ ဘ၀တွေကြားမှာ ပွင့်လာတဲ့အပွင့်ကို သီးခွင့်မပေးနိုင်တာ၊သီးလာတဲ့အသီးကို ကြီးထွားခွင့် မပေး နိုင်တာ။ ဒါတွေက လူ့တွေရဲ့အတ္တဖက်တဲ့အပြုအမူတွေပါ။ဒီလို ပြုမူတတ်တဲ့လူတွေရဲ့ သဘောကို ပန်းလေးတွေ နားလည်နိုင်မှာမဟုတ်ပါဘူး။ မျှတတဲ့စိတ်ထားနဲ့ကြည့်တတ်မယ်ဆိုရင် ပန်းလေးတွေရဲ့ဘ၀က သနားစရာပါ။ လူတွေရဲ့မျက်ဝန်းအိမ်မှကျတဲ့မျက်ရည်ကြောင့်ပန်းပွင့်လေး တွေရဲ့ဘ၀လေးတွေ နွမ်းကြွေမွှခဲ့ရတဲ့အဖြစ်မျိုးတွေကထောင်သောင်းမကရှိနိုင်ပေမဲ့ ပန်းလေးတွေမှ ကျတဲ့မျက်ရည်ကြောင့် လူတွေရဲ့ဘ၀ကို ဘယ်သောခါမှနွမ်းကြွေရိုးမရှိခဲ့ပါ။ဒီလိုပါပဲ  သူတော်ကောင်း တွေကြောင့်ကျတဲ့မျက်ရည်၊ ကြုံရတဲ့ဘေးအန္တရာယ်မျိုးဆိုတာ လူ့ဘ၀မှာရှိမှမရှိတာ။ စဉ်းစားဆင်ခြင် နိုင်ဖို့ပါ။


ပန်းတွေနဲ့ပတ်သက်ပြီးလူ့ဘ၀မှာ စဉ်းစားစရာတွေကအများကြီး။ ဘုရားကိုပူဇော်ထားတဲ့ ပန်းရယ်၊ ကေသာမှာဆင်မြန်းထားတဲ့ပန်းရယ်အလှခြင်းလဲတူမှာမဟုတ်ဘူး။ တန်းဖိုးခြင်းလဲညီမှာ မဟုတ်ဖူး။ ဘာကြောင့်လဲဆိုရင် အတွေးခြင်း၊အမြင်ခြင်း မတူနိုင်လို့ပါ။ ပန်းလေးတွေဟာ စကား မပြောတတ်ပေမဲ့ ဘ၀ကိုပုံဖေါ်ရာမှာပန်းတွေနဲ့ပုံဖေါ်ပြတတ်ကြတယ်။ ပန်းဒိုင်ယာယီတွေ၊ ပန်းပုံပြင် တွေ၊ ပန်းဒဏ္ဍရီတွေနဲ့ ပန်းတွေအကြောင်းကို ကဗျာအလှ၊ စာအလှတွေနဲ့ ဖွဲ့နွဲ့ပြကြတယ်။စာပေတွေ၊ ကဗျာတွေထဲမှာ ပန်းဆိုတာ အမြဲတန်းလန်းမှ လှတယ်လို့ ယူဆသူများရှိသလို၊ လန်းခြင်း၊နွမ်းခြင်းဆိုတဲ့ သဘာဝဖြစ်စဉ်ကိုပင် အလှတရားပါလို့ မြင်တတ်၊ခံစားတတ်သူများလဲ ရှိလေရဲ့။  
ဘ၀ကိုပန်းနဲ့နှိုင်းပြီး ပြောတတ်ကြတယ်။ ဥပမာ၊မိန်းမသားတို့ရဲ့ အပျိုစင်ဘဝကို လန်းဆန်း မွှေးကြူနေတဲ့ ပန်းလေးများနဲ့ နှိုင်းခိုင်းပြီး၊အိမ်ထောင်ကျထားပြီးတဲ့မိန်းမသားတို့ရဲ့ဘဝကိုတော့ နွမ်းကြွေတဲ့ပန်းတွေနဲ့ နှိုင်းခိုင်းပြောဆိုတတ်ကြတယ်။ အလွှာမတူတဲ့ဘဝတွေကိုနှိုင်းခိုင်းပြချင်တဲ့ အခါမျိုးတွေမှာတော့ ဆွေဂုဏ်၊ မျိုးဂုဏ်၊ ဓနဂုဏ၊် အလှဂုဏ်၊ ပညာဂုဏ်တွေနဲ့ပြည့်စုံနေတဲ့ မိန်းမသားများရဲ့ဘဝကို ပိတောက်ပန်းလေးများနဲ့နှိုင်းခိုင်းပြောဆိုပြီး၊ အလယ်အလတ်တန်းစားဖြစ်တဲ့ မိန်းမသားများရဲ့ဘဝမျိုးကိုတော့ ငုပန်းလေးတွေနဲ့နှိုင်းခိုင်းပြီးပြောဆိုတတ်ကြတယ်။ ဘဝမဲ့၊ အလှမဲ့၊ အခြေမဲ့၊ အနေမဲ့၊ ဂုဏ်မဲ့၊ ဓနမဲ့၊ ပညာမဲ့တဲ့မိန်းမသားများရဲ့ဘဝမျိုးကိုကြတော့ ခေါင်းရမ်းပန်းတွေနဲ့ နှိုင်းခိုင်းပြီးပြောဆိုတတ်ကြတယ်။ ဒီလိုအခြေအနေမျိုးတွေကရှိနေတော့လူ့လောကမှာအလှအပတရားတွေနဲ့ဝေဆာနေနဲ့ ပိတောက်လိုပန်းမျိုးကို ပန်ချင်ကြ၊ ခူးချင်ကြတယ်ဆိုတာ ဘာများထူးဆန်း တော့လို့လဲ။ တကယ်တော့ ပန်းဆိုတာ ခူးတတ်၊ပန်တတ်ရင် ပျော်စရာ၊ ကြည်နူးစရာကောင်းပေမဲ့ အဆိပ်ပန်းမျိုးကို ခူးမိ၊ ပန်မိ၊ရှုမိရင်တော့ ရူးလဲရူး၊ မူးလဲမူးသွားနိုင်တယ်ဆိုတာသတိရှိဖို့ပါ။ သူတော်ကောင်းတွေပန်တဲ့၊သူတော်ကောင်းတွေခူးတဲ့ သီလစတဲ့ပန်းမျိုးတွေကြတော့ ပန်သူအတွက် ရူးလဲမရူး၊မူးလဲမမူးတဲ့အပြင်၊ အမြဲတမ်းပဲပျော်ရွှင်ချမ်းမြေ့စေနိုင်တာ။ တွေးသိနိုင်ဖို့ပါ။   
ဟုတ်ပြီလေ။ဒီတော့လဲ ပန်းနှင်လူ အသွင်တူအောင် အဓိပ္ပါယ်ရှိတဲ့နှိုင်းခိုင်းမှုတွေကိုပုကြ ရမယ်။ ဘုရားရှင်ကိုယ်တော်မြတ်ကြီးက သီလကို ပန်းနဲ့နှိုင်းခိုင်းပြီး သုတ္တန်များမှာဟောထားတာ ရှိတယ်။ ဟောထားပုံက – မြေမှပေါက်တဲ့ ပန်းလေးတွေရဲ့ရနံ့ဟာ လေအောက်မှာနေသူကိုသာ မွှေးကြူ နိုင်ပေမဲ့ လေညာမှာနေသူကိုတော့ မွှေးကြူနိုင်စွမ်းမရှိဘူးတဲ့။ သူတော်ကောင်းတွေ့ရဲ့သီလရနံ့မျိုး ကတော့ လေအောက်မှာလဲမွှေး။ လေညာမှာလဲမွှေး။ဘယ်နေရာမှာပဲနေနေ မွှေးနိုင်တယ်တဲ့။ သီလ တန်ဖိုးကိုသိမှ ပန်းရဲ့တန်ဖိုးကိုသိနိုင်တဲ့တရားမျိုးပါ။
ဒီနေရာမှာ ဒီပုံဝတ္ထုလေးကိုမျှဝေခံစားကြည့်စေချင်တယ်။ တစ်ခါက ရဟန်းငယ်လေးတစ်ပါး ကန်ဘောင်ရိုးမှာရှိတဲ့သစ်ပင်ရင်းမှာတရားအားထုတ်နေခဲ့တယ်။ အဲဒီအချိန်မှာ ရှောင်တခင်ဆိုသလို သာသာညှင်းညှင်းလေးနဲ့ တိုက်ခိုက်လိုက်တဲ့လေ။အဲဒီလေနဲ့အတူပါလာတဲ့ကြာပန်းရနံ့လေးတွေဟာ တရားအားထုတ်နေတဲ့ ရဟန်းငယ်ရဲ့မျက်နှာအနီးတဝိုက်မှာ ဝေ့ဝိုက်ပြီးဖြတ်သန်းသွားခဲ့ကြတယ်။ရဟန်းငယ်လေးဟာ ၀င်လေထွက်လေနဲ့အတူ ပန်းရနံ့လေးကို သာယာစိတ်နဲ့ရှူမိလိုက်တယ်။ ဒါကိုသိတဲ့ရေကန်စောင့်နတ်သမီးက နံ့သာသူခိုးရယ်လို့စွပ်စွဲပြောဆိုလာတယ်။
ဒီတော့ရဟန်းငယ်က
အသင်နတ်သမီး ဘာကြောင့် ငါ့ကို နံ့သာသူခိုးလို့စွပ်စွဲရတာလဲ။ ခုနက လူတစ်ယောက် ရေကန်ထဲဆင်းပြီး ကြာပန်းတွေကို သူအလိုရှိသလောက် ခူးယူသွားတာကို သင်မမြင်ရော့လေသလား။ သူ့ကိုတော့နံ့သာသူခိုးလို့မစွတ်စွဲပါပဲ ဘာကြောင့်များ ငါ့ကိုတော့နံ့သာသူခိုးရယ်လို့ စွတ်စွဲရတာလဲတဲ့။
မြင်ပါသော်ကောအရှင် သို့ပေမဲ့ လူတွေရဲ့သီလဆိုတာ မည်းညစ်နေတဲ့အဝတ်ပေါ်မှာ နောက်ထပ်အညစ်ထေးတွေစွန်းထင်လဲ ဘာမှထူးတော့တာမဟုတ်ဘူး။ ဒါကြောင့်လူတွေအကြောင်းကိုတော့ ကျွန်ုပ်ဘာမှမပြောလိုပါ။ သို့သော်အရှင် အရှင်ရဲ့ဖြူစင်တဲ့စိတ်အစဉ်မှာ ပန်းရနံ့ကို သာယာကြည်နူးတဲ့သမုဒယဆိုတဲ့အညစ်အထေးလေးတစ်ခု နောက်ထပ်အစွန်းထင်သွားမှာစိုးလို့ သတိပေးရခြင်းပါတဲ့။
သူတော်ကောင်းတို့ရဲ့သီလရနံ့များဟာအမြဲတန်းမွှေးကြူနေတယ်ဆိုတာကို သိစေလိုတဲ့သဘောပါ။ဟုတ်ပါရဲ့။ ပန်းဆိုတာအပြစ်ကင်းစင်တဲ့မွှေးရနံ့ရှိတယ်ဆိုပေမဲ့ကိလေသာမြူအညစ်အကြေးများလဲ စွန်းထင်နိုင်သေးတာပဲလို့ သဘောပေါက်မိပါရဲ့။                                  ပန်းမှာ သဘာဝပန်း၊ ဓမ္မ(တရား) ပန်းရယ်လို့ဆန်းပြားတဲ့အမည်နှစ်မျိုးရှိနိုင်တယ်။ သဘာဝ ပန်းမှာလှပတဲ့ဂုဏ်၊ မွှေးကြိုင်တဲ့ဂုဏ်၊ အရောင်အသွေးစုံတဲ့ဂုဏ်၊လူသားတို့ရဲ့စိတ်ကို ဆွဲဆောင် နိုင်တဲ့ဂုဏ်၊ ဒီဂုဏ်ရည်တွေကိုပိုင်ဆိုင်ထားတယ်။ ဒါပေမဲ့သူ့ရဲ့အားနည်းချက်ကနွမ်းကြွေတတ်တဲ့ သဘာဝ။
ဓမ္မပန်းမှာလဲရှုမဝတဲ့အလှ၊မွှေးပျံ့တဲ့သင်းရနံ့၊ ထင်သာမြင်သာတဲ့အရောင်သွေး၊ လူသားတို့ရဲ့ စိတ်ကိုအေးမြစေနိုင်တဲ့တည်ငြိမ်တဲ့ဓာတ်သဘာဝ၊ဒီဂုဏ်ရည်တွေကိုပို်င်ဆိုင်ထားတယ်။ သူရဲ့အားသာ ချက်ကတော့ ဘယ်တော့မှမနွမ်းပဲ အမြဲတန်းလန်းနေတဲ့ဓာတ်သဘာဝ။ ပန်းတို့ရဲ့သဘာဝ၊ ပန်းတို့ရဲ့အလှတရားတွေနဲ့ပတ်သတ်ပြီး ပုထုဇဉ်တို့ရဲ့အမြင်နဲ့အရိယာတို့အမြင်အမြင်ခြင်းတော့မတူနိုင်ဘူးပေါ့။ ပုထုဇဉ်တို့ရဲ့သဘာဝက တဒင်္ဂမျှသာလှတဲ့ပန်းမျိုးကို ခူးလိုကြ၊ပန်လိုကြတယ်။ အရိယာသူတော်စင် များကတော့ အမြဲတန်းလန်းနေတဲ့ပန်းအမတမျိုးကို ခူးလိုကြ၊ပန်လိုကြတယ်။ အရိယာတို့ပန်ဆင်တဲ့ သီလပန်း၊ မဂ်ပန်း၊ ဖိုလ်ပန်းတို့ဆိုတာ ဘယ်သောအခါမှမငြှိုးနိုင်တဲ့ပန်းတွေ။
ပန်းတို့ရဲ့သဘာဝတွေကိုဓမ္မသဘောနဲ့နှိုင်းခိုင်းပြီးပြောဆိုမယ်ဆိုရင်တော့ ပရမတ်ပန်းနှင့် ပညတ်ပန်း။ ညတ်ပန်းမှာအရောင်သွေးတွေစုံတယ်။ မွှေးရနံ့တွေသင်းတယ်။ လှပကျော့ရှင်းတယ်ဆိုနိုင်ပေမယ့် အဲဒီအရည်အချင်းတွေဟာ တကယ့်ရှိတဲ့အရှိတရားတွေကို ကိုယ်စားမပြုနိုင်ဘူး။ရွှန့်တုံးကိုရွှေတုံးထင်အောင်ပြုထားနိုင်တဲ့ အဝိဇ္ဇာမျက်လှည့်သည်တို့ရဲ့ ဆန်းပြားတဲ့လှည့်ကွက်မျိုးသာဖြစ်တယ်။ ပရမတ်ပန်းမှာ ချစ်ခြင်း မုန်းခြင်းမပါ။ လှခြင်း အရုပ်ဆိုးခြင်းမရှိ။ မွှေးခြင်းနံခြင်းနှင်မယှဉ်။ တည်ငြိမ်တဲ့သဘာဝ။ အေးမြတဲ့သဘာဝ။ ဒီသဘာဝတွေသာထင်ရှားရှိတာ။ သိထားသင့်တာက ပရမတ္တတရားတွေမှာရှိနေတဲ့ သဘာဝတရားတွေဟာ ပန်သူ၊ ခူးသူကြောင့်လှနေခြင်းမျိုးမဟုတ်ပဲ သူ့သဘာဝအတိုင်း သူ့အလှနဲ့သူ ရှိနေတဲ့သဘောပါ။                                             သာသနာတို့ဆိုတာသူတော်ကောင်းတွေပန်တဲ့ ပန်းတွေရဲ့တည်ရာ ဥယျာဉ်ကြီးတစ်ခုနဲ့ တူနေတာ။ ဒီဥယျာဉ်ကြီးမပျက်စီးပဲ အမြဲတမ်းတည်ရှိနေဖို့အရေးဟာ သူတော်ကောင်းများရဲ့အရေးလို့ ဆိုရမှာပါ။ မြတ်စွာဘုရားသက်တော်ထင်ရှားရှိစဉ်က အရှင်ကိမိလမထေရ်ဟာ ဘုရားရှင်ရဲ့သာသနာ တော်ကြီးကို ကြည်ညှိုးတဲ့စိတ်နဲ့ သာသနာတော်တည်ကြောင်း၊ ကွယ်ကြောင်းတရားတွေကိုတွေးမိပြီး၊ အကြောင်းအကျိုးကို ဘုရားရှင်အားလျှောက်ထားပြတယ်။
ဘုန်းတော်ကြီးမားတော်မူသောမြတ်စွာဘုရား ဘုရားရှင်ကိုယ်တော်မြတ်ကြီး ပရိနိဗ္ဗာန် စံဝင်သွားပြီးတဲ့နောက်ပိုင်းမှာ မြတ်ဗုဒ္ဓရဲ့သာသနာတော်ကြီး ကြာရှည်စွာတည်တံ့နေဖို့ အကြောင်းတရားတွေက ဘာတွေများပါလဲဘုရားတဲ့။
ဒီလိုမေး လျှောက်တော့မြတ်စွာဘုရားက ချစ်သားကိမိလ ရှည်ရှည်ဝေးဝေး တွေတွေးမနေနဲ့။ သာသနာတော် ကွယ်ခြင်း၊ မကွယ်ခြင်းဆိုတာ ကျင့်သူ ကြံသူ ရဟန်းရှင်လူတို့အပေါ်မှာအများကြီးမူတည်နေတယ်။ ပရသတ်လေးပါး (ရဟန်း၊ ရဟန်းမိန်းမ၊ ဥပါသကာ၊ ဥပါသိကာမ)တို့က ဘုရား၌လည်းကောင်း၊ တရား၌လည်းကောင်း၊ သံဃာလည်းကောင်း၊ သိက္ခာသုံးပါးလည်းကောင်း၊ တရားကျင့်သုံးဖော် အချင်းချင်းလည်းကောင်းရိုသေမှုမရှိ။ မြတ်နိုးမှုမရှိ။ လေးစားမှုမရှိ။ ဒီလိုအခြေအနေမျိုးတွေ ရောက်လာပြီဆိုရင်တော့ဒီသာသာနာတော်ကြီးကွယ်မယ်”လို့ မိန့်ကြားတော်မူတယ်။
(အင်္ဂုတ္တိုရ်ပါဠိ၊ ကိမိလသုတ်)သာသနာ့ဥယျာဉ်ကြီးမရှိတော့ဘူးဆိုရင်တော့ ပန်းတွေဆိုတာလဲ မရှိနိုင်တော့ဘူး ဆိုတာ သတိရှိကြဖို့ပါ။ပန်းတွေနွမ်း(သူတော်ကောင်းတရားတွေကွယ်)ပြီဆိုရင်တော့ လောကကြီးလဲ ကြမ်းပြီလို့သာမှတ်ပေတော့။ပညာ သတိနဲ့ ဆင်ခြင်နိုင်ဖို့ပါ။
သူတော်ကောင်းတို့မြတ်နိုးတဲ့ပန်းတွေအကြောင်းကို အထိုက်အလျောက် ပြောပြပြီးပြီဆိုတော့ ပန်းတွေအကြောင်းကိုသိသင့်သလောက်တော့ သိနိုင်ပြီထင်မိပါရဲ့။ ဒါပေမဲ့ တစ်ခုတော့ ပြောပြပါ ရစေ။ ပန်းဆိုတာအမြင်အားဖြင့်လှတယ်ဆိုပေမဲ့၊အနံ့အားဖြင့်မွှေးတယ်ဆိုပေမဲ့ သူ့နေရာနဲ့သူပန် တတ်မှ၊ သူ့နေရာနဲ့သူခူးတတ်မှ၊ သူ့နေရာနဲ့သူပေးတတ်မှဆင်ပြနိုင်တာ။တန်ဖိုးရှိတာ။
ဘာကြောင့်လဲဆိုရင်လူဘ၀မှာ “လူ့စည်း၊ ဘီးလူးစည်း” ဆိုတာရှိတယ်။ ဒါတွေကို အယူမသီးပါဘူး ဆိုပြီးထင်ရာလုပ်ရင်တော့ပြဿနာတွေတက်သွားနိုင်လို့ပါ။
ဥပမာလေးတစ်ခုပေးမယ်။ခေါင်းရမ်းပန်း ဆိုတာ အမင်္ဂလာရဲ့အထိမ်းမှတ်ပန်း။ ဒါကိုအများစုကသိထားတော့မင်္ဂလာဆောင်မှာ ခင်မင်လို့ အိမ်မှာရှိထားတဲ့ ခေါင်းရမ်းပန်းလေးတွေပေးမိရင် ဘာတွေဖြစ်သွားမလဲ။ခြောက်ဆယ်ကျော်အဖိုးကြီးက မြေးမလေးအရွယ်သာရှိသေးတဲ့ မိန်းမငယ်လေးကိုဗဲလင်းတိုင်းနေ့မှာ နှင်းဆီပန်းလှလှ လေးတွေကိုပေးခဲ့မိရင် တုန့်ပြန့်လာမဲ့ရလာဒ်ကဘာတွေဖြစ်နိုင်သလဲ။
ကိုယ်ကျင့်သိက္ခာများရဲ့ဖေါင်းဒေးရှင်းဖြစ်တဲ့ သီလပန်းတို့၊ ဗြဟ္မစိုရ်ပန်းတို့ဆိုတာ သူတော်ကောင်းတို့မြတ်နိုးတဲ့ ပန်းတွေပါ။ ဒီပန်းတွေကို သာသနာ့ဥယျာဉ်ကြီးထဲမှာရှာဖွေလို့ရနိုင်တာမို့ ခူးလိုတယ်၊ ပန်လိုတယ်ဆိုရင်တော့ ခူးရုံပါပဲ။ ဒါပေမဲ့ဒီပန်းတွေကို တန်ဖိုးမသိတဲ့လူမိုက်ကို ပန်စေလိုတဲ့စိတ်နဲ့ သွားပေးမိခဲ့ရင်တော့ သွေးချောင်းစီးသွားနိုင်တယ်ဆိုတာသတိပြုဖို့ပါ။
ဒါကြောင့်မြတ်စွာဘုရားက ဒုတ်ဒါးလက်နက် ကိုင်ဆောင်ထားတဲ့သူများကို တရားမဟောရဘူး ဆိုတဲ့ သိက္ခာပုဒ်တော်ကိုပညတ်တော်မူခဲ့တာ။ မြတ်စွာဘုရားက မြင်တော်မူပြီးသားပါ။ 
မြတ်ဗုဒ္ဓရဲ့သာသနာတော်ကြီးမကွယ်စေချင်တာကတော့ စာရေးသူရဲ့ သဘောထားအမှန်ပါ။ ဒါပေမဲ့ သာသနာတော်တည်ဖို့အရေးဆိုတာတစ်ယောက်တည်းဆောင်ရွက်လို့ ရစကောင်းတဲ့အရာ မဟုတ်လေတော့။ မြတ်ဗုဒ္ဓရဲ့သာသနာတော်ကြီးကွယ်သွားခဲ့ရင်ဆိုတဲ့တွေးတွေးခေါင်ခေါင် အတွေး မျိုးတွေကို မတွေးလိုတော့ပါ။ သာသနာ့ဥယျာဉ်ကြီးပျက်စီးခြင်း၊မပျက်စီးခြင်းဆိုတာ ပရိသတ် လေးပါးအပေါ်မှာပဲ မူတည်နေတာဆိုတော့…။ နေမင်းကိုမြတ်နိုးလွန်းလို့နေလှည့်ရာကို ဦးညွှတ် နေတဲ့ နေကြာပန်းလေးတွေလို ဘုရားတည်းဟူသောနေမင်းကြီးကိုအမြဲတန်းဦးညွှတ်နိုင်ဖို့ပါ။    
သိကြားမင်းဖန်ဆင်းပေးတဲ့နွားကိုပင်ချီးပြော့တယ်-လို့ဆိုချင်နေတဲ့ခေတ်ကြီးမှာ အပြစ်ကင်း သူဆိုတာ (ဘုရားရဟန္တာများမှလွဲရင်)လောကမှာ ရှာမှရှားပါ။ ဒီတော့ လူသားအချင်းချင်း မေတ္တာဆိုတဲ့နှုတ်စကားဖြင့် ဖိတ်ခေါ်ပြီး၊သစ္စာဆိုတဲ့ပန်းတွေကို သူတော်ကောင်းနဲ့တူတဲ့ဦးခေါင်း ထက်မှာ တယုတယပန်ဆင်ပေးတတ်တဲ့မိခင်လိုသဘောထားပြီးပြုံးပန်းတွေဝေနေတဲ့ မုဒိတာသမီး ငယ်လေးကို နွေးထွေးကြင်နာတဲ့ကရုဏာလက်ဖြင့်ပွေ့ဖက်ထားတဲ့ပန်းချီကားချပ်လေးကို သင့်ရဲ့ အတွေးအာရုံမှာ ထင်မြင်နေမယ်ဆိုရင်…။ သင်လျှောက်နေတဲ့ခရီးလမ်းမှာသင်ကိုယ်တိုင်က“ငြိမ်းချမ်းရေးခရီးသည်”။
သူတော်ကောင်းကိုအဖေါ်ပြုထားတဲ့သင်ရဲ့ခရီးဟာ ဘယ်ကိုဦးတည်သွားနေ တယ်ဆိုတာ သင်ကိုယ်တိုင်ကပိုသိမှာပါ။ရှိစေတော့လေ။ “ပန်းဒိုင်ယာယီ” စာအုပ်လေးကို ဖတ်ရတာ အခုလောက်ဆိုမောလောက်ရော့ပေါ့။ဒါကြောင့် ဒီနေရာမှာပဲရပ်နားပါရစေ။
ဒါပေမဲ့ ကမ္ဘာကျော်ကဗျာဆရာကြီးတဂိုးရေးတဲ့ အတွေးအမြင်လေးကို အတူခံစားကြည့်နိုင်ဖို့ မျှဝေပေးပါရစေ။ သူ့ကဗျာလေးက-ဥယျာဉ်ကြီးရောက်တဲ့အခါ ပန်းလေးတစ်ပွင့်ကိုခူးပြီး ကျေနပ်မနေပါနဲ့ဦး၊သင့်အတွက် ရောင်စုံဖြာနေတဲ့ပန်းတွေ ဥယျာဉ်ကြီးထဲမှာ အမျာကြီးရှိနေသေးတယ်”တဲ့။
အို … စာရှုသူပန်းခင်းထဲမှ လာတဲ့လေဟာ ပန်းရနံ့တွေသင်းနေမယ် ဆိုတာ သံသယစိတ်တွေရှိဖို့လိုသေးလို့လား။ 
ချမ်းသာစွာ အိပ်စက်နိုင်ကြပါစေ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

Related posts

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:Uncategorized

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

ဒေါက်တာခင်မောင်ဝင်း(သချာင်္)၏ Fuzzy Logic & Set Theory ဆောင်းပါးများ ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္)၏ Fuzzy Logic & Set Theory ဆောင်းပါးများ ထွက်ပြီ မိုးမခစာအုပ်စင်၊...

Read more »

ဂျူနီယာဝင်း ဘာသာပြန်တဲ့ ၂၁ရာစု ဂျာနယ်လစ်ဇင် ထွက်ပြီ

By

ဂျူနီယာဝင်း ဘာသာပြန်တဲ့ ၂၁ရာစု ဂျာနယ်လစ်ဇင် ထွက်ပြီ (မိုးမခစာအုပ်စင်) ဇန်န၀ါရီ ၃၁၊ ၂၀၁၉...

Read more »

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ်

By

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ် (မိုးမခစာအုပ်စင်) ဒီဇင်ဘာ ၂၆၊ ၂၀၁၈...

Read more »

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ

By

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ မိုးမခစာအုပ်စင်၊ ဒီဇင်ဘာ ၈၊...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

Tags

(all tags)