Aung Din – Regime’s Hluttaw in Perspective (19)

May 4, 2013

(ပြည်သူ့ခေတ်ဂျာနယ်၊ အတွဲ ၃၊ အမှတ် ၁၄၃၊ မေလ ၂ ရက်၊ ၂၀၁၃၊ စာမျက်နှာ ၁၈/၃၂)

မြန်မာနိုင်ငံ၏ ပြည်ထောင်စု လွှတ်တော်ကို အနီးကြည့် အဝေးကြည့် (19)


အောင်ဒင်

အပိုင်း (၁၉) လွှတ်တော်နှင့် ငြိမ်းချမ်းရေး (ဃ)
ဒေသန္တရအုပ်ချုပ်ရေး
၂၀၀၈ဖွဲ့စည်းပုံအရ ပြည်နယ်အစိုးရအဖွဲ့မှာ ပြည်နယ်ဝန်ကြီးချုပ်ကို နိုင်ငံတော်သမ္မတက ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များထဲက သူ့စိတ်ကြိုက်ခန့်အပ်၊ ကာကွယ်ရေးဦးစီးချုပ်က နယ်စပ်ရေးရာနဲ့ လုံခြုံရေးရာ ဝန်ကြီးဋ္ဌာနများအတွက် သူ့စိတ်ကြိုက် တပ်မတော်သားကိုယ်စားလှယ်ကို ခန့်အပ်ကြတဲ့အပြင် အခြားပြည်နယ်ဝန်ကြီးများဟာလဲ ပြည်နယ်ဝန်ကြီးချုပ်က ရွေးချယ်တာဖြစ်ပေမည့် နိုင်ငံတော်သမ္မတထံ တင်ပြရပြီး သမ္မတ သဘောတူမှပဲ ခန့်အပ်တာဝန်ပေးနိုင်တာပါ၊ 
တခါ နိုင်ငံတော်သမ္မတက ပြည်နယ်ဝန်ကြီးချုပ်နဲ့ ဝန်ကြီးများကို တာဝန်မှ ထုတ်ပယ်နိုင်ပါတယ်၊ အစားထိုးခန့်အပ်နိုင်ပါတယ်၊ ကာကွယ်ရေးဦးစီးချုပ်ကလဲ သူခန့်ထားတဲ့ တပ်မတော်သားဝန်ကြီးများကို အစားထိုးတာဝန်ပေးနိုင်ပါတယ်၊ အခြေခံဥပဒေ ပုဒ်မ ၂၆၆ (စ) ပုဒ်မငယ် (၁) နဲ့ (၂)၊ ပုဒ်မ ၂၇၁ (င) ပုဒ်မငယ် (၁) နဲ့ (၂) များအရ ပြည်နယ်ဥပဒေချုပ်နဲ့ ပြည်နယ်စာရင်းစစ်ချုပ်များဟာလဲ ပြည်နယ်ဝန်ကြီးချုပ်မှ တဆင့် နိုင်ငံတော်သမ္မတကို၊ ပြီးတော့ ပြည်ထောင်စုရှေ့နေချုပ် နဲ့ ပြည်ထောင်စုစာရင်းစစ်ချုပ်အသီးသီးကို တာဝန်ခံရမှာဖြစ်ပါတယ်၊ဒီတော့ ပြည်နယ်အစိုးရအဖွဲ့ဆိုတာ ပြည်နယ်လူထုကို ကိုယ်စားမပြုပဲ နိုင်ငံတော်သမ္မတနဲ့ ကာကွယ်ရေးဦးစီးချုပ်ကိုသာ ကိုယ်စားပြုတဲ့ လက်အောက်ခံအစိုးရသာဖြစ်ပါတယ်၊
အခုလို ဗဟိုအစိုးရနဲ့ တပ်မတော်ရဲ့ လက်အောက်ခံပုံသဏ္ဏန်ရှိတဲ့ ပြည်နယ်အစိုးရဟာ ပြည်နယ်ကို အုပ်ချုပ်ခွင့်အာဏာရော အမှန်တကယ်ရှိပါရဲ့လား၊ ဒါလဲ မေးခွန်းထုတ်စရာဖြစ်ပါတယ်၊ အခြေခံဥပဒေ ပုဒ်မ ၂၆၀ မှာ ” ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဋ္ဌာန အကြီးအမှူးသည် ပြည်နယ်အစိုးရအဖွဲ့၏ အတွင်းရေးမှူးဖြစ်သည်၊ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဋ္ဌာနသည် ပြည်နယ်အစိုးရအဖွဲ့ရုံးလဲ ဖြစ်သည်” လို့ ပြဋ္ဌန်းထားပါတယ်၊
မြန်မာနိုင်ငံရဲ့ဒေသန္တရအုပ်ချုပ်ရေးစနစ်က ဗြိတိသျှလက်ထက်ကအတိုင်း မြို့ပိုင်၊ နယ်ပိုင်၊ ပြည်နယ်/တိုင်း မင်းကြီးများနဲ့ အုပ်ချုပ်တာပါ၊ ပြည်ထောင်စုအစိုးရရဲ့ ပြည်ထဲရေးဝန်ကြီးဋ္ဌာန လက်အောက်ခံ အထွေထွေအုပ်ချုပ်ရေး ဦးစီးဋ္ဌာန (ထွေ/အုပ်) က တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဒေသန္တရအုပ်ချုပ်ရေးကိုစီမံခန့်ခွဲတာပါ၊ မြန်မာနိုင်ငံရဲ့ ဖွဲ့စည်းပုံအတိုင်း မြို့နယ်အဆင့်မှာ မြို့ပိုင်လို့ခေါ်ရမည့် မြို့နယ်ထွေ/အုပ် အုပ်ချုပ်ရေးမှူးများ၊ ခရိုင်အဆင့်မှာ ခရိုင်ဝန်လို့ခေါ်ရမည့် ခရိုင်ထွေ/အုပ် အုပ်ချုပ်ရေးမှူးများ၊ ပြည်နယ်နဲ့ တိုင်းဒေသကြီးအဆင့်မှာ ပြည်နယ်မင်းကြီး/တိုင်းမင်းကြီးလို့ ခေါ်ရမည့် ပြည်နယ်နဲ့ တိုင်းဒေသကြီးထွေ/အုပ် အုပ်ချုပ်ရေးမှူးများက သက်ဆိုင်ရာဒေသအလိုက် သက်ဆိုင်ရာရုံးအဖွဲ့များနဲ့ အုပ်ချုပ်တာပါ၊ ဒီတော့ လက်တွေ့ကျကျပြောရရင်  ပြည်ထဲရေးဝန်ကြီးဋ္ဌာနရဲ့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဋ္ဌာနက တစ်နိုင်ငံလုံးကို အုပ်ချုပ်နေတာပါ၊ ပြည်ထဲရေးဝန်ကြီးကလဲ ကာကွယ်ရေးဦးစီးချုပ်က ခန့်အပ်တာဝန်ပေးတဲ့ တပ်မတော်အရာရှိကြီးတစ်ဦးပါ၊
ပြည်နယ်အစိုးရအဖွဲ့ရုံးက ပြည်နယ် ထွေ/အုပ်ရုံးဖြစ်ပြီး ပြည်နယ်အစိုးရအဖွဲ့ရဲ့ အတွင်းရေးမှူးက ပြည်နယ် ထွေ/အုပ် အုပ်ချုပ်ရေးမှူးဖြစ်နေတော့ ပြည်နယ်တွင်း ခရိုင်တွေ၊ မြို့နယ်တွေ၊ ရပ်ကွက်/ကျေးရွာတွေကို အမှန်တကယ်အုပ်ချုပ်သူက ပြည်နယ်မင်းကြီး (သို့မဟုတ်) ပြည်နယ် ထွေ/အုပ် အုပ်ချုပ်ရေးမှူး ဖြစ်နေပါတယ်၊ ဋ္ဌာနဆိုင်ရာဖွဲ့စည်းပုံအရ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးတွေက မြို့နယ်ထွေ/အုပ် အုပ်ချုပ်ရေးမှူးကို၊  မြို့နယ်ထွေ/အုပ် အုပ်ချုပ်ရေးမှူးတွေက ခရိုင်ထွေ/အုပ် အုပ်ချုပ်ရေးမှူးကို၊  ခရိုင်ထွေ/အုပ် အုပ်ချုပ်ရေးမှူးတွေက ပြည်နယ်ထွေ/အုပ် အုပ်ချုပ်ရေးမှူးကို၊ ပြည်နယ်ထွေ/အုပ် အုပ်ချုပ်ရေးမှူးတွေက ထွေ/အုပ် ညွှန်ကြားရေးမှူးချုပ်က တဆင့် ပြည်ထဲရေးဝန်ကြီးကို အဆင့်ဆင့်တာဝန်ခံကြတာပါ၊ ဒီတော့ ပြည်နယ်အစိုးရအဖွဲ့အတွင်းဝန်ဖြစ်တဲ့ ပြည်နယ် ထွေ/အုပ် အုပ်ချုပ်ရေးမှူးဟာ  ပြည်နယ်ဝန်ကြီးချုပ်နဲ့ ပြည်နယ်ဝန်ကြီးတွေကို တိုက်ရိုက်တာဝန်ခံသူမဟုတ်ပေမည့် ပြည်နယ်ကို လက်တွေ့အုပ်ချုပ်သူဖြစ်နေပါတယ်၊ ပြည်ထောင်စုအစိုးရရဲ့ ပြည်ထဲရေးဝန်ကြီးဋ္ဌာန လက်အောက်ခံ ပြည်နယ်ထွေ/အုပ် အုပ်ချုပ်ရေးမှူးအပေါ် ပြည်နယ်အစိုးရအဖွဲ့ရဲ့ ဩဇာသက်ရောက်မှုက အကန့်အသတ်ရှိပါလိမ့်မယ်၊
အမေရိကန်ပြည်ထောင်စုမှာတော့ ပြည်ထောင်စုအစိုးရကနေ ဒေသဆိုင်ရာအုပ်ချုပ်ရေးကို ဗဟိုကနေကြိုးကိုင်တာ၊ တိုက်ရိုက်ပါတ်သက်တာ မရှိပါ၊ ပြည်နယ်များမှာ သက်ဆိုင်ရာ ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေများအတိုင်း လွတ်လပ်စွာ စီမံခန့်ခွဲခွင့်ရှိပါတယ်၊ အဆင့်ဆင့်သော ဒေသဆိုင်ရာ အုပ်ချုပ်ရေးကို လူထုက လေးနှစ်တစ်ခါ ရွေးချယ်တင်မြှောက်တဲ့ မြို့တော်ကောင်စီနဲ့ မြို့တော်အုပ်ချုပ်ရေးမှူးများ၊ ခရိုင်/ကောင်တီ ကောင်စီနဲ့ ခရိုင်/ကောင်တီ အုပ်ချုပ်ရေးမှူးများ၊ ပြည်နယ်လွှတ်တော်နဲ့ ပြည်နယ်အုပ်ချုပ်ရေးမှူးများက တာဝန်ယူဆောင်ရွက်ကြပါတယ်၊
ပြည်ထောင်စုအစိုးရအဖွဲ့တွင် ကိုယ်စားပြုခွင့်
၁၉၄၇ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပြည်နယ်ကောင်စီဥက္ကဋ္ဌသည် ပြည်နယ်အကြီးအကဲဖြစ်ပြီး သက်ဆိုင်ရာပြည်နယ်ကို ကိုယ်စားပြုတဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ဝင် ဝန်ကြီးလဲ ဖြစ်ပါတယ်၊ ဒါဟာဖြင့် တိုင်းရင်းသား ပြည်နယ်များရဲ့ ပြည်ထောင်စုအဖွဲ့အဝင်အဆင့်ကို အသိအမှတ်ပြုခြင်းလဲဖြစ်ပါတယ်၊ ၂၀၀၈ ဖွဲ့စည်းပုံမှာတော့ ပြည်နယ်များဟာ ပြည်ထောင်စုအစိုးရအဖွဲ့မှာ ကိုယ်စားပြုခွင့်မရှိပါ၊ ပြည်ထောင်စုအစိုးရအဖွဲ့မှာ တိုင်းရင်းသားရေးရာဝန်ကြီးဋ္ဌာနတစ်ခုကို ဖွဲ့စည်းပြီး ဝန်ကြီးတစ်ဦးနဲ့ ဒု-ဝန်ကြီးနှစ်ဦးရာထူးတွေမှာ လက်ရှိ ပြည်နယ် ၇ခုက ရွေးချယ်တင်မြှောက်တဲ့ တိုင်းရင်းသားခေါင်းဆောင်များကို သက်တမ်းသတ်မှတ်ပြီး အလှည့်ကျတာဝန်ပေးသင့်ပါတယ်၊
ပြည်နယ်အဆင့် တရားစီရင်ရေး
၂၀၀၈ ဖွဲ့စည်းပုံအရ ပြည်နယ်များဟာ ပြည်နယ်တရားသူကြီးချုပ်နဲ့ တရားသူကြီးများကို ရွေးချယ်တင်မြှောက်နိုင်တဲ့အခွင့်အရေးမရှိပါ၊ ပြည်နယ်ဝန်ကြီးချုပ်မှာလဲ ပြည်နယ်တရားသူကြီးချုပ်နဲ့ တရားသူကြီးများကို စိတ်ကြိုက်ရွေးချယ်ပြီး ပြည်နယ်လွှတ်တော်ကို အမည်စာရင်းတင်သွင်းနိုင်တဲ့ အာဏာမရှိပါ၊ ပုဒ်မ ၃၀၈ အရ နိုင်ငံတော်သမ္မတက ပြည်ထောင်စုတရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးချုပ်တို့နဲ့ တိုင်ပင်ပြီး ပြည်နယ်တရားသူကြီးချုပ်လောင်းရဲ့အမည်စာရင်းကို ပြည်နယ်လွှတ်တော်ကို တင်သွင်းရမှာဖြစ်ပါတယ်၊ ပြည်နယ်ဝန်ကြီးချုပ်က  ပြည်ထောင်စုတရားသူကြီးချုပ်နဲ့ တိုင်ပင်ပြီး ပြည်နယ်တရားသူကြီးလောင်းများရဲ့ အမည်စာရင်းကို ပြည်နယ်လွှတ်တော်ကို တင်သွင်းရမှာဖြစ်ပါတယ်၊ ပြည်နယ်လွှတ်တော်မှာလဲ အမည်စာရင်းတင်သွင်းခံရသူများက သတ်မှတ်ထားတဲ့အရည်အချင်းများနဲ့ ပြည့်စုံတယ်ဆိုရင် သမ္မတင်သွင်းတဲ့ ပြည်နယ်တရားသူကြီးချုပ်လောင်း နဲ့ ပြည်နယ်ဝန်ကြီးချုပ်တင်သွင်းတဲ့ ပြည်နယ်တရားသူကြီးလောင်းများကို ငြင်းပယ်ခွင့်မရှိပဲ အတည်ပြုပေးရမှာပါ၊
ဒီတော့ပြည်နယ်တစ်ခုရဲ့ အရေးကြီးတဲ့ တရားစီရင်ရေးအာဏာမှာလဲ နိုင်ငံတော်သမ္မတနဲ့ ပြည်ထောင်စုတရားသူကြီးချုပ်တို့က ကြီးကြီးမားမားဩဇာသက်ရောက်နေတာတွေ့ရပါတယ်၊ တခါ ပုဒ်မ ၃၁၁ (ခ) အရ နိုင်ငံတော်သမ္မတက သူအဆိုပြုရွေးချယ်ခန့်အပ်ထားတဲ့ ပြည်နယ်တရားသူကြီးချုပ်ကို စွပ်စွဲပြစ်တင်ခွင့်ရှိပြန်တော့ ပြည်နယ်တရားသူကြီးချုပ်ဟာ သူ့ရာထူးတည်မြဲရေးအတွက် သမ္မတကို အမြဲကြောက်ရွံ့နေရမှာဖြစ်ပါတယ်၊ ပြည်နယ်ဝန်ကြီးချုပ်ကလဲ ပြည်ထောင်စုတရားသူကြီးနဲ့ တိုင်ပင်ပြီး သူရွေးချယ်အဆိုပြုခန့်အပ်ထားတဲ့ ပြည်နယ်တရားသူကြီးများကို စွပ်စွဲပြစ်တင်ခွင့် ရှိပြန်တော့ ပြည်နယ်တရားသူကြီးများဟာလဲ သူတို့ရာထူးတည်မြဲရေးအတွက် ပြည်နယ်ဝန်ကြီးချုပ်ကို ကြောက်ရွံ့နေရမှာဖြစ်ပါတယ်၊ ဒီပြဋ္ဌန်းချက်တွေအရ ပြည်နယ်အဆင့်တရားစီရင်ရေးအာဏာဟာ နိုင်ငံတော်သမ္မတရဲ့ လက်အောက်ခံသဖွယ်ဖြစ်နေပြီး တရားသူကြီးများမှာရှိသင့်တဲ့ လွတ်လပ်စွာတရားစီရင်ခွင့်ကိုလဲ ကန့်သတ်ထားတာတွေ့ရပါတယ်၊
အမေရိကန်ပြည်ထောင်စုမှာ ပြည်နယ်များရဲ့ တရားစီရင်ရေးအာဏာကို ပြည်ထောင်စုအစိုးရက ဝင်ရောက်စွက်ဖက်ခြင်းမရှိပါ၊ ပြည်နယ်တရားသူကြီးချုပ်နဲ့ ပြည်နယ်တရားသူကြီးများကို ပြည်နယ်အုပ်ချုပ်ရေးမှူးက အမည်စာရင်းတင်သွင်းပြီး ပြည်နယ်လွှတ်တော်က စစ်ဆေးအတည်ပြုပါတယ်၊ သတ်မှတ်ထားတဲ့ အရည်အချင်းတွေနဲ့ ပြည့်ပေမည့် နောက်ကြောင်းမရှင်းတာတွေ၊ လူမှုရေးနဲ့ ကိုယ်ကျင့်သိက္ခာချို့ယွင်းမှုတွေရှိခဲ့ရင်၊ တရားစီရင်ရေးအယူအဆတွေက သမာသမတ်ကျတယ်လို့ မယုံကြည်ရင် လွှတ်တော်က ငြင်းပယ်ခွင့်ရှိပါတယ်၊ ပြည်နယ်အုပ်ချုပ်ရေးမှူးက အမည်စာရင်းတင်သွင်းပြီး ပြည်နယ်လွှတ်တော်က အတည်ပြုပေးလိုက်တဲ့ တရားသူကြီးချုပ်နဲ့ တရားသူကြီးများက ပြည်နယ်တရားရုံးနဲ့ လက်အောက်ခံတရားရုံးအဆင့်ဆင့်ကို ဖွဲ့စည်းပြီး ပြည်နယ်တွင်းတရားစီရင်ရေးကို လွတ်လပ်စွာဆောင်ရွက်ကြပါတယ်၊ ပြည်ထောင်စုတရားရုံးချုပ်နဲ့ ပြည်ထောင်စုတရားရုံးများဟာ ပြည်ထောင်စုတစ်ခုလုံးနဲ့ သက်ဆိုင်တဲ့ ကိစ္စများ၊ ပြည်နယ်တစ်ခုထက်ပိုပြီးပါဝင်ပါတ်သက်တဲ့ ကိစ္စများကိုပဲ စီရင်ဆုံးဖြတ်ကြပါတယ်၊
ဖက်ဒရယ်နှင့် လားလားမှမတူပါ
အထက်မှာဖော်ပြခဲ့တဲ့အတိုင်း ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ တိုင်းရင်းသားလူမျိုးစုတွေ နှစ်ပေါင်းများစွာ တောင်းဆိုနေကြတဲ့ ပြည်နယ်ဆိုင်ရာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်တွေ၊ ကိုယ်ပိုင်ပြဋ္ဌန်းခွင့်တွေ လုံးဝမရှိပါ၊ ပြည်နယ်တွေအားလုံးဟာ ပြည်ထောင်စုအဖွဲ့ဝင်အဆင့်မရှိပဲ ပြည်မရဲ့ လက်အောက်ခံဒေသများအဆင့်မှာသာ ရှိနေပါတယ်၊အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး အားလုံးမှာ တန်းတူညီမျှမှုလုံးဝမရှိပါ၊ ဒေသအတွင်းက ထွက်ပေါ်လာတဲ့ မြေပေါ်၊ မြေအောက်သယံဇာတပစ္စည်းတွေကို ပိုင်ဆိုင်ခွင့်၊ စီမံခန့်ခွဲခွင့်မရှိပါ၊ ဒီသယံဇာတတွေ၊ သဘာဝအရင်းအမြစ်တွေ တူးဖော်ထုတ်လုပ်လို့ ရတဲ့ ဝင်ငွေအပေါ်မှာလဲ တစ်စုံတစ်ရာ အကျိုးခံစားခွင့်မရှိပါ၊ ဒါကိုပဲ ၂၀၀၈ ဖွဲ့စည်းပုံမှာ ပေးထားတဲ့ တိုင်းရင်းသားအခွင့်အရေးတွေဟာ သူတို့ပြောနေတဲ့ ဖက်ဒရယ်နဲ့ သိပ်မကွာပါဘူးလို့ ပြောရဲတာ အလွန်အံ့ဩမိပါတယ်၊
ထာဝရငြိမ်းချမ်းရေးနှင့် လက်တစ်ကမ်းမှာ
ဒီကနေ့ကာလဟာ ပြည်တွင်းငြိမ်းချမ်းရေးအတွက် မျှော်လင့်ချက်အရှိဆုံး အချိန်အခါဖြစ်တယ်လို့ ကျနော်ဆိုချင်ပါတယ်၊ မြန်မာအစိုးရကိုယ်တိုင်က နှစ် ၆၀ကျော်သက်တမ်းရှိနေပြီ ဖြစ်တဲ့ ကြောင့် ကျနော်တို့တိုင်းပြည် ဆုတ်ယုတ်ပျက်စီးခဲ့တာကို ဝန်ခံထားပါပြီ၊ ပြည်တွင်းစစ်ကို အင်အားသုံးပြီး သူသေကိုယ်သေ အပြတ်ချေမှုံးလို့ မအောင်မြင်နိုင်ဘူးဆိုတာကိုလဲ ပဋိပက္ခရဲ့ ဘက်နှစ်ဘက်စလုံးက ခေါင်းဆောင်တွေအားလုံး သဘောပေါက်နားလည်နေကြပါပြီ၊ မြန်မာ့တပ်မတော်ထဲမှာလဲ နိုင်ငံသားချင်း၊ သွေးချင်းတွေချင်း သတ်ဖြတ်နေကြရတာကို စက်ဆုတ်မုန်းတီးကြတဲ့ တပ်မတော်သားတွေ အများကြီးရှိနေပါပြီ၊ သမ္မတဦးသိန်းစိန် ရဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်းစဉ်မှာလဲ တိုင်းရင်းသားလူမျိုးစုများအတွက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်တွေ၊ ကိုယ်ပိုင်ပြဋ္ဌန်းခွင့်တွေကို စားပွဲဝိုင်းမှာ တွေ့ဆုံဆွေးနွေးခြင်းသာ တစ်ခုတည်းသော နည်းလမ်းဖြစ်ကြောင်းအသိအမှတ်ပြုထားတာ ဝမ်းသာ အားတက်စရာပါ၊
အရင်တုံးနဲ့မတူတဲ့ အင်မတန် ထူးခြားတဲ့ တိုးတက်မှုကတော့ အရပ်ဘက်လူ့အဖွဲ့အစည်းများနဲ့ နိုင်ငံတကာအစိုးရများရဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှုမှာ အင်တိုက်အားတိုက်ပါဝင်မှုပါပဲ၊ စစ်ပွဲတွေဖြစ်နေတဲ့ ပြည်နယ်ကို ငြိမ်းချမ်းရေးအတွက် လမ်းလျှောက်ချီတက်ကြတဲ့ ရဟန်းရှင်လူ၊ ကျောင်းသားပြည်သူတွေရဲ့ ဂုဏ်ရောင်ပြောင်မှု၊ ရဲရင့်မှုတွေ၊ ပြည်တွင်းငြိမ်းချမ်းရေး နဲ့ စစ်ပွဲတွေရပ်ဆဲဖို့ ခရီးထွက်ကြ၊ ဟောပြောကြ၊ စည်းရုံးကြတဲ့ ၈၈မျိုးဆက် (ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း)၊ ကျောင်းသားသမဂ္ဂများ၊ လွတ်လပ်ငြိမ်းချမ်းပန်းရဲ့လမ်းလို အနုပညာရှင်များ ရဲ့ လှုပ်ရှားမှုတွေက ကြည်နူးစရာဖြစ်သလို ကျနော်တို့ရဲ့ မျှော်လင့်ချက်တွေကိုလဲ ပိုပြီးမြင့်မားစေခဲ့ပါတယ်၊ အပစ်အခတ်ရပ်စဲထားတဲ့ ဒေသတွေမှာ အပစ်အခတ်ရပ်စဲရေးကို စနစ်တကျ စောင့်ကြပ်ကြည့်ရှူဖို့နဲ့ ဒေသအတွင်းက စစ်ဒဏ်ခံပြည်သူတွေကို ကူညီဖို့ဆောင်ရွက်နေကြတဲ့ တိုင်းရင်းသားအဖွဲ့အစည်းများ၊ အမျိုးသမီးအဖွဲ့အစည်းများဟာလဲ ငြိမ်းချမ်းရေးရုပ်တုကို တူညီထုဆစ်နေတဲ့ သန်မာအားကောင်းတဲ့ လက်တွေပါ၊
ကုလသမဂ္ဂ၊ ဥရောပသမဂ္ဂ၊ အမေရိကန်ပြည်ထောင်စုနဲ့ ဂျပန်နိုင်ငံများကလဲ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးအတွက် ငွေအား၊လူအားနဲ့ ဝိုင်းဝန်းအားပေးနေကြပါတယ်၊ မကြာသေးခင်က ဂျပန်အစိုးရက တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ခေါင်းဆောင်တွေကို တိုကျိုမြို့တော်ကို တရားဝင်ဖိတ်ကြားပြီး ဂျပန်ဝန်ကြီးချုပ်ကိုယ်တိုင်က တိုင်းရင်းသားခေါင်းဆောင်များနဲ့ တွေ့ဆုံဆွေးနွေးတာ၊ အကူအညီတွေပေးဖို့ကတိပြုတာဟာ တိုင်းရင်းသားလူမျိုးစုများရဲ့ ကြီးမားတဲ့အခန်းကဏ္ဏကို လေးလေးစားစားအသိအမှတ်ပြုတာပါ၊
နီးသထက်နီးသလို ဝေးသထက်လဲဝေးနိုင်ပါသည်
ငြိမ်းချမ်းရေးဟာ လက်တစ်ကမ်းအကွာမှာရှိနေပြီလို့ ကျနော်ယုံကြည်နေပေမည့် နီးသထက်နီးလာရမည့်အစား ဝေးသထက်လဲဝေးကွာသွားနိုင်ပါသေးတယ်၊ 
တကယ်လို့များ မျှော်လင့်ထားသလို နိုင်ငံရေးဆွေးနွေးပွဲတွေ ဖြစ်မလာပဲ အပစ်အခတ်ရပ်စဲရေးအလံအောက်မှာပဲ နယ်မြေချဲ့ထွင်ရေး၊ စိုးမိုးရေးစစ်ပွဲတွေ၊ စီမံကိန်းဧရိယာလမ်းရှင်းရေးစစ်ပွဲတွေ ဆက်ဖြစ်နေမယ်ဆိုရင်၊ ထာဝရငြိမ်းချမ်းရေးကို စိတ်မဝင်စားပဲ အပစ်အခတ်ရပ်ရုံလောက်နဲ့ ကျေနပ်ပြီး ဒေသအတွင်းမှာ စီးပွါးရေးလုပ်ငန်းတွေအကြီးအကျယ်လုပ်ပြီးအမြတ်ထုတ်ချင်တဲ့ စီးပွါးရေးသမားတွေနဲ့ လက်နက်ကိုင်အင်အားစုတွေက ပိုပြီးအားကောင်းနေခဲ့ရင်၊ နိုင်ငံရေးဆွေးနွေးကြရင်လဲ အပြန်အလှန်လိုက်လျောညှိနှိုင်းကြတာထက် မဖြစ်နိုင်တာတွေကို အပြန်အလှန်တောင်းဆိုပြီး အပြန်အလှန်အပြစ်တင်နေကြဦးမယ်ဆိုရင်၊ အိမ်နီးချင်းနိုင်ငံတစ်ခုက တချို့တိုင်းရင်းသားအုပ်စုတွေကို နောက်ကွယ်ကကြိုးကိုင်ပြီး ထာဝရငြိမ်းချမ်းရေးမရအောင် နှောက်ယှက်မယ်ဆိုရင်၊ မြန်မာအစိုးရ၊ လွှတ်တော် နဲ့ တပ်မတော်ထဲမှာလဲ ၂၀၀၈ ဖွဲ့စည်းပုံဟာ တိုင်းရင်းသားတွေတောင်းဆိုနေတဲ့ ဖက်ဒရယ်နဲ့ သိပ်မကွာပါဘူးလို့ ယုံကြည်သူတွေ ပိုပြီးများလာမယ်ဆိုရင်၊ ပြည်တွင်းငြိမ်းချမ်းရေးကို ရေငတ်သလို ငတ်မွတ်နေကြတဲ့ ပြည်သူလူထုနဲ့ လူထုအခြေပြုအဖွဲ့အစည်းများရဲ့ ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်းစဉ်မှာ ပါဝင်မှုတွေ ကန့်သတ်ခံရမယ်ဆိုရင်၊ ပြီးတော့ မြန်မာနိုင်ငံရဲ့ ဥပဒေပြုအာဏာကိုကိုင်ဆွဲထားတဲ့ ပြည်ထောင်စုလွှတ်တော်က တိုင်းရင်းသားလူမျိုးစုများအတွက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်နဲ့ ကိုယ်ပိုင်ပြဋ္ဌန်းခွင့်တွေကို ဥပဒေပြုအာမခံချက်မပေးပဲ ငြင်းဆန်နေဦးမယ်ဆိုရင်…..၊ ကျနော်တို့မျှော်လင့်တဲ့ ငြိမ်းချမ်းရေးဟာ နီးသထက်နီးမလာပဲ ဝေးသထက်ဝေးကွာသွားနိုင်ပါတယ်၊
ဒီအချိန်မှာ ငြိမ်းချမ်းရေးနဲ့ပိုပြီးနီးလာဖို့နဲ့ ငြိမ်းချမ်းရေးကို ပိုင်ပိုင်နိုင်နိုင်ရဖို့ ပြည်ထောင်စုလွှတ်တော်ရဲ့ အခန်းကဏ္ဏက အင်မတန်အရေးကြီးနေပါတယ်၊ ဒါကြောင့်မို့ ပြည်ထောင်စုလွှတ်တော်ခေါင်းဆောင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ သတ္တိရှိရှိနဲ့၊ တက်တက်ကြွကြွနဲ့၊ ခိုင်ခိုင်မာမာနဲ့ တိုင်းရင်းသားလူမျိုးစုအခွင့်အရေးတွေကို ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပြင်ဆင်ပြဋ္ဌန်းပေးသင့်ပါကြောင်း တောင်းဆိုလိုက်ပါတယ်၊
လေးစားစွာ၊
အောင်ဒင်
ဧပြီ ၈၊ ၂၀၁၃

  


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Tags: ,

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:News Features, အောင်ဒင်

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ဒေါက်တာခင်မောင်ဝင်း (သင်္ချာ) – သင်္ချာအတွေးအခေါ်သမိုင်း ၊ ဂိမ်းသီအိုရီနှင့် အတွေးအမြင်ဆောင်းပါးများ 

By

ဒေါက်တာခင်မောင်ဝင်း (သင်္ချာ) – သင်္ချာအတွေးအခေါ်သမိုင်း ၊ ဂိမ်းသီအိုရီနှင့် အတွေးအမြင်ဆောင်းပါးများ  မိုးမခစာပေက ထွက်ပါပြီ။...

Read more »

ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ

By

  ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၇ ယခုစာအုပ်မှာ...

Read more »

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်