>Nyein Wai – Naing Win Swe

October 6, 2011

>

မွှေးရီပွင့်နီ ဝေဒနာ
ငြိမ်းဝေ
အောက်တိုဘာ ၆၊ ၂၀၁၁


(၁)

“မာနယ်ပလော” သို့ ရောက်လာခဲ့သည်မှာ (၆) လခန့်ရှိပြီ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) ဌာနချုပ်ရုံးခန်း၏ နောက်ဖက် အမိုးစွန်းကလေးအောက်တွင် အခန်းဖွဲ့နေထိုင်ခဲ့သည်မှာ (၃) လ ရှိပြီ။ မယ်တုက္ခီစမ်းချောင်း ရေစီးသံကို နှစ်ဆယ့်လေး နာရီမပြတ် ကျနော်ကြားနေခဲ့ရ၏။ တခါတရံ စမ်းရေစီးသံများကို နာရီအတော်ကြာ နားစိုက်ထောင်ခဲ့ဖူး၏။ ကျနော့်မှာ မယ်တုက္ခီစမ်းချောင်း၏ အင်္လကာဆန်သောရေစီးသံများကို နားထောင်၍ပင် မတင်းတိမ်နိုင်ခဲ့။

ဌာနချုပ်ရုံး၏ မြောက်ဖက်က သစ်ပင်ချုံပင်များ ငှက်ပျောပင်ရိုင်းများကို ခုတ်ထွင်ရှင်းလင်းရင်း မယ်တုက္ခီစမ်းချောင်းဆီက ရေစီးသံကို ကျနော်ကြားနေရသည်။ သောင်ရင်းမြစ်ထဲစီးဝင်ပေါင်းစပ်ရန် ကွေ့တကွေ့အလိုတွင်ဖြစ်သဖြင့် စမ်းချောင်းမှာ ၀ါးတထောက်မျှ နိမ့်ဆင်းနေ လျှက် ကျောက်တုံးကျောက်ခက်များနှင့် ပြည့်နေလေသည်။ ထို့ကြောင့် ရေစီးသံမှာ ပိုပြီး အသံ ကျယ်လောင်နေခဲ့၏။

ဌာနချုပ်ရုံးသို့ ရောက်ရှိလာကတည်းက ဆန်အိတ်ထမ်း၊ သန့်ရှင်းရေးလုပ်၊ ထမင်းချက်၊ ထင်းပေါက်သည့်အလုပ်များကို ကျေနပ်နှစ်သိမ့်စွာ ကျနော်လုပ်ခွင့်ရခဲ့၏။ ထိုအလုပ်များမှာ ကျနော့်စိတ်ကို ပိုမိုကျိုးနွံပျပ်ဝပ်စေကာ တန်ဘိုးရှိသော ဘ၀အတွေ့အကြုံများကို ရရှိစေခဲ့၏။ မယ်တုက္ခီစမ်းချောင်းရေစီးသံများသည်မူ ကျနော့်ဘ၀ အလှည့်အပြောင်းတခု၏ ၀ါကျများကို ပုဒ်ဖြတ်ပေးခဲ့ကြ၏။

တနေ့ … ၊ စားဖိုဆောင်ဘေး မယ်တုက္ခီစမ်းချောင်းထဲက ကျောက်တုံးတခုပေါ်တွင် ကျနော်ထိုင်နေခဲ့သည်။ ရေစီးသံ များကို နားထောင်ရင်း စမ်းချောင်း၏အထက်အောက်နှင့် ဘေးနှစ်ဖက်ကို ကြည့်ရှုမှတ်သားနေမိ၏။ စမ်းချောင်း၏တဖက်တွင် မြင့်မြင့်မတ်မတ်ရှိနေသည့် ရဟန်းပျိုသမဂ္ဂကုန်းတော်ကို မော့ကြည့်သည်။ ကုန်းတော်၏အောက်ဖက် သစ်ရိပ်ဝါးရိပ်များ ကြားတွင် ကရင်တပ်မှူး ဗိုလ်ကြာယုံ၏အိမ်ကို လှမ်းမြင်နေရသည်။ ကောင်းကင်ကို မော့ကြည့်တော့ မိုးပြာရောင်ပိတ်ဖျဉ်ပေါ်တွင် ၀ါဂွမ်းဆိုင်များ အဆုပ်လိုက်ဖူးပွင့်နေကြသည်ကို တွေ့လိုက်ရ၏။ အထက်ဖက် ၀ါးနှစ်ရိုက်သာသာ အကွာတွင် မယ်တုက္ခီ စမ်းချောင်း၏ အမြီးသည် ခေါင်းလောင်းငယ်များ စုပြုံတီးခတ်ကာ တောအုပ် တောတန်းထဲ တိုးဝင်သွားနေ၏။ ထိုစဉ်မှာပင် ရေစီးသံများနှင့်ရောကာ ထူးခြားသည့် အသံ တခုကို ကျနော်ကြားလိုက်ရလေသည်။

ကျနော့်ခန္ဓာကိုယ်မှာ အလိုလိုထရပ်လိုက်မိသားဖြစ်သွား၏။ ခေါင်းကိုဆန့်ကာ ရေစီးသံနှင့်ရောထွေးပြီး ကြားလိုက်ရသည့် အသံကို စစ်ပြီးနားထောင်သည်။ မာကျောသည့် သံသတ္တုတခုနှင့် မြေကြီးထိတွေ့လိုက်သည့်အသံကို တချက်နှစ်ချက်မျှ ကျနော်ကြားလိုက်ရ၏။ ကျောက်တုံးတခုမှတခု ခုန်ကူးကာ အထက်ဖက်ကို ကျနော်ရောက်လာခဲ့သည်။ ချောင်းကွေ့နားကို ရောက်တော့ မြေကြီးကို ပေါက်တူး နှင့်ပေါက်သည့်အသံကို ပီပြင်စွာကြားလာရ၏။ သို့သော် ချောင်းကွေ့ထဲသို့ ၀င်မည်ပြုစဉ် မှာပင် ပေါက်တူးသံများ ရပ်သွား၏။ ကျနော်က ချောင်းကွေ့ထဲမှထွက်ကာ ကျောက်တုံးတခုပေါ်တွင် တက်ရပ်လိုက်သည်။ ကျနော်နှင့် ၀ါးတရိုက်အကွာတွင် လူတယောက် ပေါက်တူး တလက်ကိုင်ကာ ရပ်နေလေသည်။ သူသည် ချောင်းဘေး မြေကွက်လပ်ပေါ်တွင် ခြေနှစ်ဖက်ကို အနည်းငယ်ခွဲကာ ခတ်မတ်မတ် ရပ်နေ၏။ ကျနော့်ကို ကျောပေးထားသဖြင့် သူ့နောက် မလှမ်းမကမ်းတွင် ရောက်နေသည့် ကျနော့်ကို သူမမြင်။ ပေါက်တူးကို လက်နှစ်ဖက်ဖြင့် စုံကိုင်ပြီး ရပ်နေပုံမှာ တစုံတရာ အန္တရာယ်ကျရောက်လာလျှင် ခုခံကာကွယ်ရန် အဆင်သင့်ပြင်ပြီး ရပ်နေသည့်ပုံစံမျိုးဖြစ်၏။ မြေကွက်လပ် ပေါ် သူရပ်နေပုံမှာ တသက်လုံး ဘယ်တော့မှ ရွှေ့လို့မရတော့သည့် ရပ်နေပုံမျိုး။

နေရောင်ခြည်မှာ သူ့ခန္ဓာကိုယ်ပေါ်၊ သူ့လက်ထဲက ပေါက်တူးပေါ်၊ ဆွလက်စ မြေကြီးခဲများပေါ်၊ သစ်ပင်တောတန်းကလေးပေါ် ငွေစများ တဖွဲဖွဲကြဲချသလို တလက်လက် ဖြစ်နေ၏။ လေပြေတချက်တိုက်ခတ်လာစဉ် လွန်ခဲ့သော နှစ်ပေါင်း (၃၀) ကျော်ကတည်းက ကျနော့်ရင်ထဲ တွင် တိတ်ဆိတ်စွာသိမ်းဆည်းထားခဲ့မိသည့် ၀တ္ထုတိုလေးတပုဒ်ကို သတိရလာခဲ့သည်။ စာရေးသူက သူ၏ “အလှဆည်းဆာ” ဟု အမည်ပေးထားသည့် ယင်းဝတ္ထုတိုလေးထဲတွင် ဖခင်က သားထံရေးသည့် စာတစောင်အဖြစ် ရေးဖွဲ့ခဲ့ခြင်းဖြစ်၏။ ထိုဝတ္ထုလေးထဲက စာသားတချို့မှာ ကျနော့်နှလုံးသားပေါ် ဖ၀ါးပြည့်ချနင်းပြီး လျှောက်လာ နေကြလေပြီ။

ငါတို့ဟာ စစ်ကြေညာလိုက်ပြီးပြီ။ ငါတို့ဟာ နီးကပ်လာပြီဖြစ်တဲ့ သူတို့ကို စိုက်ကြည့်နေတယ်။

သူတို့ကလည်း ပြန်ကြည့်ပြီး လျှောက်လာနေပြီ။ သူတို့ဖိနပ်သံတွေ နီးကပ်လာနေပြီ။ သူတို့ဖိနပ်ကြီးတွေဟာ ဖုန်ထဲနစ် မြုပ်သွားလိုက်၊ ဖုန်ထဲမှာ ပြန်ပေါ်လာနေလိုက်နဲ့။

တလှမ်းချင်း တလှမ်းချင်း စက္ကန့်ချင်း နီးကပ်လာနေပြီ။

ငါတို့ဟာ ကျောက်သားရုပ်တုတွေ၊ သံမဏိရုပ်လုံးတွေလို ငြိမ်နေကြတယ်။

မုန်တိုင်းကျတော့မယ်။ ငါတို့ ငြိမ်နေကြတယ်။

ငါတို့ငြိမ်နေကြတယ်။ မုန်တိုင်းကျတော့မယ်။

သူတို့ အနားရောက်လာနေပြီ။ ငါတို့ ငြိမ်နေကြတယ်။

ငါတို့ ဘယ်လိုရင်ဆိုင်ကြမလဲ။

အခုလည်း သူဟာ ရုတ်တရက် ကျရောက်လာတော့မယ့် မုန်တိုင်းတခုရဲ့အနံ့ကိုရလို့ ခုခံတိုက်ခိုက်ဖို့ရာ အဆင်သင့်ရပ်နေတဲ့ပုံမျိုးနဲ့ ရပ်နေသလားပဲ။ ပြီးတော့ အဲဒီဝတ္ထုလေးထဲမှာပဲ ကံအားလျော်စွာ တိုက်ပွဲတခုကို ရှောင်နိုင်ခဲ့ပြီးတဲ့အခါ သူရေးလိုက်တဲ့စာကြောင်း ကလေးတကြောင်း … ။

ခဏအတွင်းမှာပဲ အနောက်ဖက် ပေါက်ပင်တော ခင်တန်းကြောဖက်က ဆည်းဆာဟာ တောက်ပလာတယ်သားရယ် … တဲ့။

ကျနော့်နှလုံးသားတွေ တုန်တုန်ရင်ရင် ဖြစ်လာနေတဲ့အခိုက်မှာ ကျနော့်ခြေထောက်တွေဟာ စမ်းချောင်းရဲ့အောက်ဖက်ကို ပြန်ဆုတ်လာခဲ့၏။ သူ့ကို နှုတ်မဆက် အသံမပေးဘဲ ပြန်လည်နောက်ဆုတ်လာသည့်တိုင် သူ့ပုံပန်းသဏ္ဍန်က ကျနော့် မျက်စေ့ထဲက ပျောက်မသွား။

မူလထိုင်နေခဲ့ရာ ကျောက်တုံးပေါ် ရောက်သည်အထိ ပေါက်တူးသံများကို မကြားရတော့။ သူသည် သူနှင့်မလှမ်းမကမ်း ကမ်းပါးယံထိပ်ပေါ်က သူ၏ တဲအိမ်ကလေးဆီ ပြန်တက်သွားပြီလား။ ဒါမှမဟုတ် နေပူထဲတွင် သည်အတိုင်း ရပ်နေခဲ့သည်လား ဆိုသည်ကိုမူ ကျနော

(၂)
ရဟန်းပျိုသမဂ္ဂကုန်းတော်ထိပ်က သူ၏ ကျောင်းသင်္ခမ်းလေးကို ကျောပေးကာ မြေလှေကားထစ်များအတိုင်း ဆင်းလာသည့်အချိန်တိုင်း သူ့အတွက် ကျနော့်မှာ ကြေကွဲနေမိသည်။ သူ့ကို ကျနော် အမျှော်လင့်ကြီး မျှော်လင့်ထားခဲ့သမျှ သဲထဲရေသွန် ဖြစ်ရတော့မည်လားဟုတွေး လျှင် ကျနော့်မှာ ရင်တုန်ပန်းတုန်ဖြစ်ကာ လှမ်းနေသည့်ခြေလှမ်းများပင် အလိုလိုရပ်တန့်သွားရ၏။ ယခုအချိန်၌ သူ၏ကျန်းမာရေးအနေ အထားမှာ သိသိသာသာဆိုးရွားနေပြီဟု ကျနော်သိလာရသည်။ မနေ့တုန်းက ကျနော့်ထံ လူကြုံနှင့် သူရေးပေးလိုက်သည့် စာတစောင်ကို ဖတ်ခဲ့ရ၏။ ဒီကနေ့ သူနှင့် စကားစမြည်ပြောခဲ့သည်။ သူ့ကိုနှုတ်ဆက်ပြီး တောင်ကုန်းပေါ်ကဆင်းတော့ ကျနော့်ထံ လူကြုံနှင့်ရေးပေး လိုက်သည့် သူ့စာရွက်ကလေးကို ထုတ်ကြည့်မိသည်။ အဆီအငေါ်မတည့် ဖရိုဖရဲရေးထားသည့် သူ့စာကြောင်းများကိုဖတ်ကာ ကျနော့်မှာ အဆုံးအထိ မဖတ်နိုင်တော့။

ပထမအဆင့်အနေနှင့် သူ့ကို ရဟန်းဝတ်မှ လူဝတ်လည်းဖို့ တိုက်တွန်းရမည်။ ထို့နောက် အကူအညီပေးနိုင်သူတို့၏ အကူအညီနှင့် ဇင်းမယ် (သို့မဟုတ်) မဲဆောက်သို့ပို့ကာ ဆေးကုသစေမည်။ ဒေါ်ဂျုံကလည်း ကျနော်၏ အကြံပြုမှုကို လက်ခံသည်။ သဘောပေါက်သည်။ သို့သော် သူနှင့်အတူနေသူ ကဗျာဆရာ(ကို)တိုက်အောင်က လက်မခံ။ သူ့ကို ကျန်းမာရေးမကောင်းဖြစ်နေသည်ဟု ပြောလျှင်ပင် ကိုတိုက်အောင်က ရှူးရှူးရှဲုရှဲုဖြစ်ကာ လက်မခံ။ သူချစ်ခင်လေးစား ကြည်ညိုရသူ “သူ့” ကို သိက္ခာချသည်ဟုပင် စွပ်စွဲပြောဆိုလာခဲ့၏။ သည်ကြားထဲ သူကလည်း အဓိဌာန်မပြည့်သေးဟုဆိုကာ လူဝတ်လည်းရန် ငြင်းဆန်လျက်ရှိ၏။ ဆေးကုသမှုခံယူရန်ကိုမူ စကားပင် ဟလို့မရ။ ထိုရက်များအတွင်း သူသည် ရက်ပေါင်းများစွာ မအိပ်ပဲနေခဲ့သည်ဟု ကြားလာရသည်။ သူ့ထံ မကြာခဏ သွားရောက်တွေ့ဆုံနေခဲ့သဖြင့် တနေ့တခြား ပိန်ချုံးကျလာနေသည့် သူ၏အခြေအနေကိုကြည့်ကာ ကျနော့်မှာ စိတ်မကောင်းဖြစ်ခဲ့ရ၏။ တခါတရံ ကျောင်းသင်္ခမ်းလေးရှေ့ သွားရပ်လိုက် သည့် ကျနော့်ကို သူက လက်ခံစကားမပြောပဲနေလေသည်။

ရဟန်းဝတ်မှ လူဝတ်လဲလိုက်ပြီး နောက်ပိုင်း သူသည် ဧည့်သည်များကို ခြွင်းချက်နှင့်သာ လက်ခံစကားပြောတော့၏။ ငှက်ဖျားတက်ခြင်း မရှိတော့သဖြင့် သူ့ခန္ဒာကိုယ်မှာ ကျန်းမာရေးကောင်းသလို ရှိသော်လည်း သူ့မနောမှာမူ မတည်ငြိမ်ချင်တော့။

သည်လိုနှင့် သူ့ကို လေးစားချစ်ခင်ကြသည့် ပုဂ္ဂိုလ်တချို့က အမျိုးမျိုးချော့မော့ဖြောင့်ဖျသဖြင့် သူသည် ကိုမိုးသီးဇွန်တို့ထံ (လော်ကွားလူ)သို့ သွားနေခဲ့၏။ သူစိတ်ချမ်းသာသလို နေခွင့်ပြုပြီးမှ သူ့ကို ဆေးကုသပေးရန် ရည်ရွယ်ပြီးမှ ခေါ်ထားခြင်းဖြစ်သည်။ တလခန့်အကြာတွင် လော်ကွားလူမှ မာနယ်ပလောသို့ ပြန်ရောက်လာခဲ့ပြန်သည်။ သူ့ကျန်းမာရေးအခြေအနေမှာ ပို၍သာဆိုးရွားလာနေခဲ့ပြီ။ သူသည် ကိုတိုက် အောင်အပါအ၀င် သူ့ဇနီးဒေါ်ဂျုံနှင့် သူ၏သား မောင်ဆန်းမှလွဲ၍ မည်သူနှင့်မျှ လက်ခံစကားပြောဆိုခြင်းမရှိတော့။ တခါတရံ နေ့ရောညပါ အစာရေစာမစားပဲ ထိုင်နေခဲ့၏။ တခါတရံ သူ့တဲကလေးဘေး၊ မယ်တုက္ခီစမ်းချောင်းအစပ်တွင် ပေါက်တူးတလက်နှင့် ငြုပ်ပင်၊ ပဲပင်ကလေးများစိုက်နေ၊ ပေါင်းသင်နေသည်ကို တွေ့ကြရသည်။

ကျနော်သည် သူ့ထံ သူနှင့်တွေ့ဆုံစကားပြောခွင့်ပြုရန် အကြိမ်ကြိမ်ကြိုးစားခဲ့၏။ သို့သော် သူကမူ လက်ခံတွေ့ဆုံခြင်းမပြုခဲ့။ ထိုအချိန်ကမူ သူ့ဘ၀သူ့အခြေအနေများသည် မကြာမီပြန်လည်ကောင်းမွန်လာလိမ့်မည်ဟုတော့ ကျနော် မ၀ံ့မရဲ မျှော်လင့်နေခဲ့မိလေသည်

(၃)
၁၉၉၅ …၊ ဇန်န၀ါရီလ …၊ ၂၀-ရက်။

“ဖွေးဘောလူ” ရွာခရစ်ယာန်ဘုရားရှိခိုးကျောင်းတွင် ပြုလုပ်သည့် “ဗိုလ်ချုပ်ကြီး စောဘိုမြ” ၏ မွေးနေ့ပွဲမှအပြန် သူ့ထံ ကျနော်ဝင်တွေ့ ဘို့ကြိုးစားသည်။ သူ့အိမ်ရှေ့တွင် သားဖြစ်သူ “မောင်ဆန်း” ကို တဦးတည်းသာ တွေ့ခဲ့ရ၏။ ဒေါ်ဂျုံက “ပလောင်ကုန်း” ဘက်သို့ သွားနေ သည်ဟု သိရ၏။ “ကိုတိုက်အောင်” က ရလလဖ နယ်မြေသို့ထွက်သွားသည်မှာ တလကျော်ရှိခဲ့ပြီ။ (၃) နှစ်မျှ အတူနေခဲ့သူ ကဗျာဆရာ ကိုတိုက်အောင်မရှိတော့သဖြင့် သူ့အဖို့ လက်ကတုံးတောင်ဝှေးတခု ပြုတ်ကျသွားသလိုဖြစ်ရ၏။

သူ့အိမ်ပေါ် ကျနော်အတက်တွင် သူက စကားမပြောချင်ဘူးဟုဆိုကာ အိမ်ခန်းထဲသို့ဝင်သွားလေသည်။ သူ့ကျောပြင်ကိုသာ ကြည့်ကာ အိမ်ပေါ်မှဆင်းခဲ့ရ၏။

တဲပေါ်ကအဆင်းတွင် လက်နက်ကြီးပစ်ခတ်သံများကို ကြားရလေသည်။ “နော်တ” နှင့် “ထွီးပါးဝီးကျိုး” နှစ်နေရာစလုံးဆီက ကြားလိုက် ရခြင်းဖြစ်၏။ ခြံရှေ့ကိုရောက်တော့ `တို့ကရင်အချင်းချင်း သေနတ်မပေါက်ချင်ဘူး´ ဟုဆိုကာ “နော်တ” ခံစစ်ဒေသမှ ပြန်ဆင်းလာကြသည့် KNU စစ်သားတချို့ကို တွေ့ရလေသည်။

(၄)
၁၉၉၅-ခု၊ ဇန်န၀ါရီလ … ၂၂-ရက်၊ တနင်္ဂနွေနေ့။

ပဒိုမန်းရှာထံသွားကာ “ပဟေလူရွာ” တွင် အိမ်တလုံး ငှားရမ်းပေးပါရန် အကူအညီတောင်းခဲ့ရ၏။ ဒီမိုကရက်တစ် မြန်မာ့အသံ “ရွှေဗဟိုစည်” စတူဒီယိုကို ပဟေလူရွာသို့ ပြောင်းရွှေ့ရန် ဆုံးဖြတ်ခဲ့၏။

ပဒိုမန်းရှာအိမ်မှအပြန်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ (လွတ်မြောက်နယ်မြေ) ဌာနချုပ်ရုံးရှေ့မှဖြတ်ကာ သူ့အိမ်ကလေးရှေ့ တွင် ကျနော်ရပ်သည်။ သူ့ကို ၀င်တွေ့ဖို့ စဉ်းစားနေမိသေးသည်။ သို့သော် သူသည် သူမတွေ့ချင်သည့်သူများကို ခြံဝန်းထဲသို့ပင် ၀င်ခွင့် မပြုတော့ဟု ကျနော်ကြားထားရ၏။ ၀င်လာလျှင်လည်း ရန်မူသည်အထိ ဖြစ်လာလေသည်။

အိမ်ကလေးဆီက မည်သည့်အသံမျှ မကြားရ။ တိတ်ဆိတ်ငြိမ်သက်လျက်ရှိ၏။ ကျနော်က စိတ်ကိုဖြေကာ သူ့အိမ်ရှေ့က ဆက်လျှောက် လာခဲ့သည်။ “ဒေါ်အောင်ဆန်းစုကြည်လမ်း̋ ကလေးထဲသို့ တိုးဝင်တိုက်ခတ်လာနေသည့် လေနုအေးမှာမူ ကျနော့်ရင်ကို မအေးမြစေနိုင်ခဲ့ တော့။

(၅)
၁၉၉၅-ခု၊ ဇန်န၀ါရီလ … ၂၃-ရက်၊ တနင်္လာနေ့ … ။

သည်ကနေ့မနက် ခတ်စောစောအိပ်ရာထသည်နှင့်တပြိုင်နက် လက်နက်ကြီး ပစ်သံများကို ယခင်နေ့ထက်ပိုပြီး အနီးကပ်ကြားနေခဲ့၏။ လက်နက်ကြီးပစ်သံများမှာ ပိုပြီးစိပ်လာလေသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) ဌာနချုပ်ရုံးဖက်သို့သွားကာ သတင်းစုံစမ်းရန်ထွက်လာစဉ် မီးစက်ကမ်းပါး အကွေ့ တွင် ကိုသက်စိုးလွင်နှင့် ကိုတင့်ဆွေကို တွေ့၏။ သူတို့နှစ်ဦးစလုံး မျက်စေ့မျက်နှာ ပျက်လျက်ရှိ၏။

“အခြေအနေမကောင်းတော့ဘူး၊ ချက်ချင်း အထုပ်အပိုးပြင်ပြီး ထိုင်းဖက်ကမ်းကို ကူးဖို့ KNU က လာပြောတယ်။ အဲဒါ ဦးခွန်မားရ်ကိုဘန်းနဲ့ ခင်ဗျားဆီကို လာပြောတာ”

ချက်ချင်းဆိုသလို စတူဒီယိုသို့ပြန်ကာ ရဲဘော်တချို့နှင့်အတူ အသံဖမ်းစက်များနှင့် ပစ္စည်းပစ္စယများကို ထုပ်ပိုးပြင်ဆင်ရ၏။ ကံအားလျော်စွာ လှည်းတစီးငှားလို့ရသဖြင့် သောင်ရင်းမြစ်ကမ်းသို့ ပစ္စည်းအားလုံး ရောက်သွားခဲ့၏။ နေ့လည် (၂) နာရီခန့်တွင် ပဒိုမန်းရှာ၏ဇနီး အနော ( နန်းကျင်ရွှေ) ၏ ကူညီစီစဉ်ပေးချက်အရ သောင်ရင်းမြစ်အထက်ဖက် ကွေ့နှစ်ကွေ့အလွန် ထိုင်းနိုင်ငံဖက်ကမ်း တောင်ခြေသို့ လှေကြုံနှင့် ကူးလာခဲ့ကြ၏။ ကျန်ရစ်သည့် ပစ္စည်းတချို့ကိုသယ်ရန်နှင့် ထိုင်းနိုင်ငံအတွင်းဖက်သို့ ဆက်လက်ထွက်ခွာရန် ပဒိုမန်းရှာထံ တင်ပြမည်ဟု ဆိုကာ ကရင်ရဲဘော်လေး “ကွယ်သာထူး” နှင့် “မိုးကျော်” (ABSDF) တို့က မာနယ်ပလောဖက် ပြန်ကူးသွားကြ၏။

ညနေမိုးချုပ်မှပင် ထင်းခြောက်တချို့ကောက်ယူကာ သောင်ရင်းမြစ်ရေနှင့် ဆန်ဆေးပြီး ထမင်းချက်၏။ မြစ်ဘေး တောင်ခြေအစပ်တွင် ပစ္စည်းများကို ဖြစ်သလိုစုပုံထားရှိကာ ဖျာတချပ်ကို အမိုးလုပ်ပြီး အိပ်ရာထိုင်ခင်း ပြင်လိုက်၏။ အနော (နန်းကျင်ရွှေ) က ခူးပေးလိုက်သည့် ပဲလင်းမြွေသီးကို ချက်စားရန်စီစဉ်၏။

နေ၀င်ရီတရောအချိန် ဘောနော်လေးတောင်ကြီးကိုကျော်ပြီး ရောက်လာသည့် လက်နက်ကြီးပစ်သံများမှာ ပိုမိုကြောက်မက်ဖွယ် ကောင်း နေ၏။ လူသံကြားလို့ အထက်ဖက်ကိုလှည့်ကြည့်တော့ ချိုင်းထောက်တချောင်းကို ထောက်ကာ၊ ခြေထောက်တဖက်မရှိသည့် လူတ ယောက်၊ ကလေးတယောက်နှင့်အတူ လမ်းလျှောက်လာနေသည်ကိုတွေ့ရ၏။ သူတို့နှစ်ဦးစလုံး နွမ်းလျသောခြေလှမ်းများလှမ်းကာ အောက်ဖက်တောစပ်သို့ ၀င်ရောက်သွားခဲ့ကြ၏။ သူတို့ဘယ်ဆီ ထွက်ခွါသွားကြသည်ကိုမူ ကျနော်မသိ။

မှောင်သွားသည့်အခါ လှေတစင်း ကပ်လာသည်ကို လရောင်မှုန်ပြပြအောက်တွင် မြင်ရ၏။ ရန်သူမိတ်ဆွေခွဲခြားရန် ခက်သဖြင့် ကျနော့်မှာ ထိတ်လန့်သွားရ၏။ လှေပေါ်က လူတယောက်ဆင်းလာ၏။ ထိုသူက ကျနော်တယောက်တည်း စိတ်မချသဖြင့် အနော (နန်းကျင်ရွှေ) က အဖော်အဖြစ်အိပ်ရန် လွှတ်လိုက်သူဖြစ်ကြောင်း ကရင်သံဝဲ၀ဲနှင့်ပြောမှ ကျနော့်မှာ စိတ်အေးသွားရလေသည်။ အနောကိုလည်း ကျေးဇူးတင် လို့မဆုံးတော့။

လရောင်မှုန်ပြပြအောက်တွင် ကျနော်နှင့်ကရင်ရဲဘော်လေးတို့ ထမင်းစားကြသည်။ လက်နက်ကြီးပစ်သံများမှာ ညဥ့်နက်မှပင် ပိုပြီး နီးကပ် လာနေသည်ဟု ထင်ရ၏။ ထိုအခါကျမှပင် “နိုင်ဝင်းဆွေ” အတွက် စိတ်ပူလာရပြန်သည်။ သူ၏အခြေအနေမှာ ထိုင်းနိုင်ငံဖက်ကမ်းသို့ အလွယ်တကူလိုက်ပါလာနိုင်သည့်အခြေအနေမျိုး မဟုတ်သဖြင့်လည်း ကျနော့်မှာ ကြေကွဲတုန်လှုပ်နေမိ၏။

(၆)
“ပဟေလူ” ရွာကို ရောက်ရန်၊ ကျနော့်နောက်ဖက်က တောင်ကြောကို ကျော်ရဦးမည်ဟု သိရ၏။ မနက်မိုးလင်းကတည်းက “ကွယ်သာထူး” နှင့် “မိုးကျော်” တို့ကို ကျနော်မျှော်နေမိသည်။ မိုးလင်းသည်နှင့်တပြိုင်နက် ညက ကျနော်နှင့်အဖော်လာအိပ်ပေးသည့် ကရင် လူငယ်လေးက၊ မာနယ်ပလောဖက်ကမ်းသို့ လှေဖြင့် ပြန်ကူးသွားခဲ့၏။ မနက် (၁၀)နာရီအထိ “ကွယ်သာထူး” တို့ ရောက်မလာသေး။

လက်နက်ကြီးပစ်သံများမှာ နေထွက်ကာစက ခေတ္တခဏရပ်သွားသလိုရှိရာက၊ နေမြင့်လာတော့ အသံပိုစိပ်လာသည်ဟု ထင်ရ၏။ ဝေးရာ က နီးလာသည်ဟု ထင်လာရ၏။ မနေ့တုန်းက “နော်တ” ၊ “ထွီးပါးဝီးကျိုး” ၊ “ဆင်ဖြူတောင်” ဖက်ဆီကသာ ကြားခဲ့ရသည့် လက်နက်ကြီး ပစ်သံများမှာ ယခုအခါ သောင်ရင်းမြစ်အထက်ဖက်ဆီကပါ ကြားလာရ၏။

ကျနော်က ညနေကတည်းက၊ DVB (ဒီမိုကရက်တစ် မြန်မာ့အသံ)၊ ရွှေဗဟိုစည်စတူဒီယိုပစ္စည်းများကို မြစ်ဆိပ်နှင့် မလှမ်းမကမ်း၊ မိုးမခပင် အုပ်များကြား ဆွဲသွင်းထားခဲ့၏။ မြစ်ထဲတွင် စက်လှေများ၊ လက်လှေများ လူးလာခေါက်တုန့် အလျှင်အမြန် သွားနေကြ၏။ စက်လှေများပေါ်တွင် ပစ္စည်းအပြည့်၊ လူ့အပြည့်။

ဒီကနေ့မနက်ကြတော့ မိမိစိတ်ကပဲ ထင်လို့လားတော့မသိ။ တခါတရံ လက်နက်ကြီးပစ်သံများကြားတွင် လက်နက်ငယ်ပစ်ခတ်သံ များကို ပင် ကြားလာရသည်ဟု ထင်မိ၏။ ခြုံစပ်တွင် တယောက်တည်းထိုင်နေရသည်မှာ လုံခြုံမှုမရှိဟု စိတ်ပူနေစဉ်၊ ကမ်းစပ်သို့ လှေတစင်း ဆိုက်လာခဲ့၏။ စက်လှေပေါ်က လူနှစ်ယောက်ခုန်ဆင်းလိုက်၏။

“ကိုငြိမ်း၊ စက်လှေလာပြီ၊ ဒီတောင်ကြောကို ကျော်ပြီး ပစ္စည်းတွေဘယ်လိုမှသယ်နိုင်မှာမဟုတ်ဖူး၊ စက်လှေပေါ်ပစ္စည်းတွေ ပြန်တင်ပြီး၊ ပဟေလူရွာကို အောက်ဖက်က ချောင်းထဲကတဆင့်သယ်မယ်”

သူတို့ကို ကျနော် အထွေအထူးမေးမြန်းမနေတော့ပဲ စက်လှေပေါ်ပစ္စည်းတွေဝိုင်းတင်၏။ မာနယ်ပလောကို ဖြတ်ကာ “ပဟေလူ” ချောင်း ထိပ်သို့ ရောက်လာကြ၏။ သောင်ရင်းမြစ်ထဲမှတဆင့် “မာနယ်ပလော” ကို မော့ကြည့်ခဲ့ရသည်မှာ ရင်ထဲ၌ ကြေကွဲနေမိ၏။ သောင်ရင်းမြစ်ထဲ သို့စီးဝင်ရာ “ပဟေလူ” ချောင်းထဲသို့ ကွေ့ဝင်လာစဉ် စက်လှေများ၊ လက်လှေများ ချောင်းလုံးပြည့်လှုပ်ရှားနေသည်ကို ဘွားကနဲတွေ့ လိုက်ရ၏။ ကမ်းပေါ်တွင်၊ လှေများပေါ်တွင် လူတွေ၊ အထုပ်အပိုးကိုယ်စီနှင့် သွားလာလှုပ်ရှားနေကြ၏။ “ပဟေလူ” ရွာခြေတွင် စက်လှေပေါ်က ပစ္စည်းများကိုချတော့ ညနေ (၄) နာရီခန့်ရှိပြီ။ သောင်စပ်နှင့်ရေစပ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက် နယ်မြေ) မှ ရဲဘော်များ သုံးယောက်တတွဲ၊ ငါးယောက်တတွဲ ၀ိုင်းစုထိုင်နေကြသည်ကိုတွေ့ရ၏။ တချို့က သောင်ပြင်ပေါ်တွင်ပင် တုံးလုံး ပက်လက်အိပ်နေကြ၏။ စစ်ရှုံးသဖြင့် ထိုင်းနိုင်ငံနယ်စပ်ထဲ ထွက်ပြေးလာခဲ့ကြရသည့် ရဲဘော်များကို ကြည့်ကာ ကျနော့်မှာရင်မောနေမိ၏။ ပစ္စည်းများချပြီးသောအခါ ညနေစာချက်စားရန် ပြင်ဆင်ရပြန်လေသည်။

ညကြတော့ သောင်ပြင်ပေါ်တွင်ပင် ဖျာများ၊ ပလပ်စတစ်များခင်းကာ အိပ်လိုက်ကြ၏။ ပစ္စည်းများ သယ်ပိုးရွှေ့ပြောင်းခဲ့ရသဖြင့် ကျနော့် တကိုယ်လုံး ကိုက်ခဲနာကျင်လျက်ရှိ၏။ သည်နေရာရောက်တော့ မရေမတွက်နိုင်လောက်အောင် မြင်နေရသည့် စစ်ပြေးဒုက္ခ သည်များကို တွေ့ရသဖြင့် ပူပန်စိတ်လျော့သွားရ၏။ သို့သော် မာနယ်ပလောဖက်ကမ်းဆီက၊ လက်နက်ကြီးပစ်သံများမှာမူ ပိုမိုနီးကပ်လာနေလေသည်။

(၇)
“ဖွေးပေါလူ” ရွာ ကမ်းစပ်တွင်၊ ပစ္စည်းများ စုပုံထားရှိပြီးသည့်အခါ ရွာထဲသို့ ဦးစွာပထမသွားနှင့်ပြီးမှ နေရာထိုင်ခင်းစီစဉ်ရန် ဆုံးဖြတ်၏။ ပစ္စည်းများကို “ကွယ်သာထူး” တို့နှင့် ထားနှင့်ကာ ကုန်းပေါ်သို့တက်လာခဲ့၏။ လမ်းတွင် မျက်နှာသိတချို့ကို လူအုပ်ကြားထဲ၌ တွေ့ခဲ့ရ၏။ လူတိုင်း အထုပ်အပိုးကိုယ်စီ။ တကိုယ်လုံး ဖုံအလိမ်းလိမ်းဖြင့် …။ စကားကိုပင် သွက်လက်ကျယ်လောင်စွာ မပြောနိုင်၊ နှုတ် မဆက် နိုင်ကြတော့။ လူတိုင်း၏ မျက်နှာများပေါ်က သောကလက်ရေးများကို ကျနော် ကောင်းစွာဖက်ရှုနိုင်ခဲ့၏။ ပတ်ဝန်းကျင်တခွင်လုံး၊ မိုးကောင်း ကင်တခုလုံး အုံ့မှိုင်းပြာနှမ်းနေသည်လောဟုပင် ထင်မိ၏။

“ပဟေလူ” ရွာနှင့် မျက်စေါင်းထိုးတဖက်ကမ်း၊ “ဖွေးပေါလူ” ရွာမှာ၊ ဗိုလ်ချုပ်ကြီးစောဗိုလ်မြ နေထိုင်သည့်ရွာဟု သိရ၏။ “မာနယ်ပလော” နှင့် လက်နက်ကြီးတကမ်းစာတွင် ရှိသော်လည်း ထိုင်းနိုင်ငံဖက်ကမ်း၊ ထိုင်းနိုင်ငံနယ်မြေဖြစ်သဖြင့် နအဖစစ်တပ်များ၏ ရန်ကိုသိပ်ပြီး မစိုးရိမ်ရ။ သို့သော် ထိုင်းနယ်ခြားစောင့်တပ်များ၊ ညကတည်းကရောက်လာနေသည်ဟု ကြားခဲ့ရသဖြင့် စိတ်ပူနေမိသေး၏။ နယ်မြေ အနေအထားမှာ လူသွားလမ်းမှအပ မည်သည့်ဆက်သွယ်ရေးလမ်းမျှ မရှိသည့်နေရာဖြစ်သဖြင့် ထိုင်းနယ်ခြားစောင့်တပ်များ အလုံးအရင်း နှင့်တော့ ရောက်မလာနိုင်ကောင်းရဲ့ဟု စိတ်ကိုဖော့ပြီး တွေးထားရ၏။ အခြေအနေပေးပါက “ဖွေးပေါလူ” ရွာတွင် တရက်နှစ်ရက်တန်သည် နားကာ ၊ သောလဲထရွာ၊ မယ်စာရင်းရန်းမြို့အထိ ဖောက်ထွက်နိုင်ရန် နည်းလမ်းရှာမည်ဟု တွေးထား၏။

“ဖွေးပေါလူ” ရွာ ကမ်းပါးပေါ်အတက်တွင် အလွန်နီးကပ်သောတနေရာမှ၊ လက်နက်ကြီးပေါက်ကွဲသံထွက်ပေါ်လာသဖြင့် လူတွေ အားလုံး နေရာတွင်ပင် ၀ပ်ကာနေရာယူလိုက်ကြ၏။ သို့သော် မာနယ်ပလောဖက်ကမ်းဆီက ပေါက်ကွဲခြင်းဖြစ်ကြောင်း ချက်ချင်းသိကာ ခရီး ဆက်ကြရ၏။ လူအုပ်ကြားထဲတွင် လမ်းလျှောက်လာရင်း အသိမိတ်ဆွေများကို ကျနော်ရှာနေမိသည်။ တွေ့လျှင် သူတို့နှင့် ညှိနှိုင်း တိုင်ပင်ကာ နေရာထိုင်ခင်းကိစ္စ စီစဉ်မည်ဟုတွေး၏။ ထိုစဉ်မှာပင် လူအုပ်ထဲ၌ အမျိုးသမီးတဦးကို မမျှော်လင့်ပဲ ကျနော်တွေ့လိုက်ရလေသည်။

ခေါင်းပေါ်တွင် လင်ဗန်းတချပ်ကိုရွက်ထားသည့် အမျိုးသမီးတဦး။ လင်ဗန်းပေါ်တွင်မူ ဟင်းသီးဟင်းရွက်လိုလို၊ အကြော်လိုလို အရာဝတ္ထု များကို မျက်နှာသုပ်ပုဝါအစုပ်တထည်နှင့် အုပ်ထား၏။ လူအုပ်ကိုကျော်ပြီး ကြည့်ရသဖြင့်၊အမျိုးသမီး၏မျက်နှာကို သဲကွဲစွာ ကျနော်မမြင်ရ။ ကျနော့်ရှေ့က လူတချို့ကို အလျင်အမြန်ကျော်တက်ကာ၊ ကျနော်တွေ့လိုက်ရသည့် အမျိုးသမီးဆီလှမ်းလာခဲ့သည်။ သို့သော် လူအုပ် ထဲတွင် ထိုအမျိုးသမီးကို ကျနော် မတွေ့ရတော့။ လူတချို့မှာ အုပ်စုလိုက်ခွဲကာ ရွာထဲသို့ဝင်သွားနေကြ၏။ အချိန် တော်တော်ကြာသည်အထိ ထိုအမျိုးသမီးကို ကျနော်ရှာနေမိသည်။ သို့သော် လုံးဝမတွေ့လိုက်ရတော့။

“ဒေါ်ဂျုံကတော့ ဆရာနိုင်ဝင်းဆွေနဲ့ အတူတူမရှိတော့ဘူးဗျ။ ဆရာကလည်း ဒေါ်ဂျုံတို့ခေါ်ရာ မလိုက်တော့ဘူးတဲ့။ ဒေါ်ဂျုံတို့ သားအမိလည်း ဆရာနိုင်ဝင်းဆွေကိုထားပြီး ဒီဖက်ကမ်းကိုကူးလာကြတာ။ ဒေါ်ဂျုံကတော့ အကြော်ရောင်းပြီး စားစရိတ်၊ ခရီးစရိတ်ရှာနေရတယ်လို့ ပြောတာပဲ ကိုငြိမ်း။ ဒါပေမယ့် ပဒိုမန်းရှာကတော့ ဆရာ့ကို ရအောင်ခေါ်လာရမှာပဲလို့တော့ပြောတယ်လို့ ကျနော်ကြားခဲ့ရတယ်”

ကျနော် … အသက်ရှူမ၀နိုင်အောင် ကြေကွဲနေမိသည်။ ဆရာ “နိုင်ဝင်းဆွေ” တယောက် ရန်သူသိမ်းပိုက်တော့မည့် “မာနယ်ပလော” က၊ အိမ်ကလေးတလုံးထဲ၊ တယောက်တည်း ရှိနေခဲ့ပြီလား …။ ကျန်နေရစ်ခဲ့ပြီလား။ သူ့ကို ဘယ်သူမှ ကယ်ထုတ်မလာနိုင်ကြတော့ဘူးလား။

“ဖွေးပေါလူ” ရွာ ကမ်းပါး၊ လူသွားလမ်းဘေး၊ ဖုန်ထုကြီးအောက်တွင် ကျနော်တယောက်တည်း ထိုင်နေစဉ် “ပဟေလူ” ရွာကအထွက်၊ လမ်းတွင် ရဲဘော် ကိုစိုးဝင်းညိုပြောခဲ့သည့် ဆရာနိုင်ဝင်းဆွေမိသားစု၏ သတင်းကို ကျနော့်နားထဲ၌ ကြားနေခဲ့လေသည်။

(၈)
၁၉၉၅-ခု … ဖေဖော်ဝါရီလ … ၆-ရက်၊ တနင်္လာနေ့၊ ထိုင်းနိုင်ငံနယ်စပ်၊ ဖွေးပေါလူရွာ။

သူ့ကို ဘုရားစင်အောက်တွင် တယောက်တည်း တင်ပလ္လင်ခွေထိုင်ကာ တရားအာရုံပြုနေသည်ကို ကျနော်တွေ့ရသည်။ ထို့ကြောင့် အနှောက်အယှက်မပြုဘဲ နောက်ဖေးခန်းသို့ ကျနော်ဝင်လာခဲ့သည်။ မီးဖိုချောင်ထဲတွင် ရဲဘော်ဆယ်ယောက်ခန့် ထမင်းစားနေ သည်ကို တွေ့ရ၏။ ဗိုလ်မှူးချစ်မောင် (ရလလဖ အတွင်းရေးမှူး) နှင့် တွေ့ရန် အိမ်ရှေ့ဖက်သို့ ပြန်ထွက်ခဲ့သည်။ ဗိုလ်မှူးချစ်မောင်နှင့်တွေ့ကာ သူ၏ ကျန်းမာရေးအခြေအနေကိုမေးသည်။ ဗိုလ်မှူးချစ်မောင်မှာ ကျနော့်ကို လက်ခံစကားပြောဘို့ပင် အချိန်မရရှာပါ။ သူ့ကျန်းမာရေး အခြေ အနေမကောင်းသည့်အကြောင်းကိုသာ ပြောပြနိုင်၏။ သူ့ကို ပဒိုမန်းရှာ၏အစီအစဉ်ဖြင့် ထိုင်းနိုင်ငံဖက်ကမ်းအထိ ခေါ်လာနိုင်ခဲ့သည် ကိုပင် ကံကောင်းသည်ဟု ဆိုရပါမည်။ ဗိုလ်မှူးချစ်မောင်တို့အဖွဲ့သည်လည်း သည်ကနေ့ ညနေမှာပင် တပ်မဟာ (၆) နယ်မြေသို့ ဆုတ်ခွာတော့မည်ဖြစ်ကြောင်း သိရ၏။ သူ့အတွက် ဘယ်လိုအစီအစဉ်ရှိသလဲဟုမေးတော့ ဗိုလ်မှူးချစ်မောင်မှာ ရေရာတိကျစွာ ဖြေနိုင်ခြင်း မရှိ။

ဧည့်ခန်းထဲသို့ဝင်ကာ သူ့ရှေ့တွင် ကျနော်ထိုင်ချလိုက်သည်။ လက်ထဲတွင်ပါလာသည့် ကင်မရာနှင့် သူ့ကိုချိန်လိုက်သည်။ ထိုအခါ ကြမှပင် သူသည် ရုတ်တရက် ကျနော့်ကို ခုန်အုပ်တော့မလို ထရပ်လိုက်၏။ မျှော်လင့်မထားသဖြင့် ကျနော့်မှာ လက်ထဲကကင်မရာကို အယောင် ယောင်အမှားမှားနှင့် ဘေးသို့ချထားလိုက်ရ၏။ သူသည် ဘုရားစင်အောက်တွင် ပြန်ထိုင်ကာ မျက်လုံးစုံမှိတ်လျက် ငြိမ်သက်သွားလေ သည်။

ထိုနေ့ညက ဗိုလ်မှူးချစ်မောင်တို့အဖွဲ့ လုံခြုံရာနေရာသို့ ဆက်လက်ထွက်ခွာသွားကြကြောင်း သိရ၏။ သူကမူ မည်သူနှင့်မျှစကား မပြော။ ထမင်းမစား။ ဘုရားစင်အောက်မှာပင် တဦးတည်း တရားထိုင်နေခဲ့လေသည်။

(၉)

၂၀၀၅-ခု …၊ ဧပြီလ၊ ၁၈-ရက်၊ တနင်္လာနေ့။

စာအုပ်စင်ပေါ်က စာအုပ်(၈)အုပ်ကို ရွေးပြီး စားပွဲပေါ်တွင် တင်ထားလိုက်သည်။ သူ၏ရင်သွေးများဖြစ်သည့် “မဟူရာမေတ္တာ” ၊ “မသိန်းရှင် ဆီပို့ပေးပါ”၊ “နွေတည”၊ “ည အသင်္ချေ”၊ “မြစပယ်ရုံ”၊ “အချစ်ည” ၊ “ဘ၀စာမျက်နှာများ” နှင့် “ရေဆန်လမ်း” စာအုပ်များကို တအုပ်ချင်း ကိုင်တွယ်ကြည့်ရှုရင်း “သူ့” ကို သတိရနေသည်။ သူကွယ်လွန်ခဲ့သည်မှာ (၁၀) နှစ် တင်းတင်းပြည့်ခဲ့ပြီ။ သူ့ကို လေးစားချစ်ခင်သူတစုက သူကွယ်လွန်ခြင်း (၂) နှစ်မြောက် အထိမ်းအမှတ်အဖြစ် ကဗျာစာအုပ်ထုတ်ဝေခဲ့၏။ “ရေဆန်လမ်းသို့အပြန်” ဟု အမည်ပေးခဲ့၏။ ယင်း စာအုပ်တွင် သူကွယ်လွန်သည့်နေ့ကို အတိအကျဖော်ပြသည်ကို တွေ့ရသည်။ ( ၂၄-၂-၁၉၉၅)

ကျနော့်အသိထဲတွင်မူ သူကွယ်လွန်သည့် “လ” နှင့် “ခုနှစ်” ကိုသာ အတိအကျသိရှိနိုင်ပြီး နေ့ရက်ကိုမူ မည်သူမျှအတိအကျ မသိရှိနိုင်ဟု ယူဆနေမိသည်။ အမှန်တကယ်အားဖြင့် “ဖွေးပေါလူ” ရွာတွင် နောက်ဆုံးကျန်ရစ်ခဲ့သည့် စစ်ပြေးဒုက္ခသည်များ၊ စစ်ရှုံးရဲဘော်များထဲ၌ သူ့ကို နိုင်ငံကျော်စာရေးဆရာ “နိုင်ဝင်းဆွေ” ဟု သိသူတယောက်မျှမရှိ။ ထိုင်းနိုင်ငံနယ်စပ် တောအုပ်များ၏အလယ်တွင် စိတ်ဝေဒနာခံစား နေရသူ “သူ့” ကို နားလည်ခွင့်လွှတ်ကာ ကူညီဖေးမပေးနိုင်မည့်သူ တဦးမျှမရှိနိုင်။ နအဖတပ်များ၏ လက်နက်ကြီး တကမ်းစာအကွာ ထိုင်းနယ်ခြားစောင့်တပ်များ ခြေချင်းလိမ်ရှိနေပြီး တော်လှန်ရေးရဲဘော်များ ၀ါးအစည်းပြေသလို လက်နက်မဲ့ဥဒဟို ထွက်ပြေးတိမ်း ရှောင် နေကြရသည့် ခေတ်ပျက်ကာလတခုတွင် သူ့ကို လူဆိုးလူကောင်း ခွဲခြားဆက်ဆံရန်မှာလည်း သူ့ကျန်းမာရေးအခြေအနေက အကူအညီ မရနိုင်တော့။

ကျနော့်အတွေးထဲတွင် ၁၉၁၇-ခုနှစ်၊ ရုရှနိုင်ငံ အောက်တိုဘာတော်လှန်ရေးအပြီး၊ အာဏာရှင်စက်ကွင်းမိလျက် ဆိုက်ဗေးရီယားမဲဇာတော တွင် မထင်မရှားသေဆုံးသွားရသည့် ရဟူဒီကဗျာဆရာ “အိုစစ်မင်ဒယ်လ်စတန်း” ကို တွေးနေမိသည်။ ကဗျာဆရာ “အိုစစ်မင်ဒယ်လ်စတန်း” မည်သည့်နေ့က မည်သည့်နေရာတွင် မည်သည့်အတွက် သေဆုံးခဲ့ရသည်ကို ယခုအထိ မည်သူမျှအတိအကျ ပြောမပြနိုင်ခဲ့။

“နိုင်ဝင်းဆွေ” သည်ကော … ။

မုန်တိုင်းတခုအောက်တွင် ကြွေရွက်တချို့လွင့်ပါ ပျောက်ကွယ်ရသည်မှာ ဘာမျှတော့မဆန်း။ သို့သော် ဤသစ်ရွက်တရွက် ကြွေလွင့် သွားရပုံမှာ တကယ့်ကို ဂန္တ၀င်မြောက် ရောမန္တိက ဆန်လွန်းလှချေ၏။ ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa Old Archives
No tags for this post.

Related posts

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:Uncategorized

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

ဒေါက်တာခင်မောင်ဝင်း(သချာင်္)၏ Fuzzy Logic & Set Theory ဆောင်းပါးများ ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္)၏ Fuzzy Logic & Set Theory ဆောင်းပါးများ ထွက်ပြီ မိုးမခစာအုပ်စင်၊...

Read more »

ဂျူနီယာဝင်း ဘာသာပြန်တဲ့ ၂၁ရာစု ဂျာနယ်လစ်ဇင် ထွက်ပြီ

By

ဂျူနီယာဝင်း ဘာသာပြန်တဲ့ ၂၁ရာစု ဂျာနယ်လစ်ဇင် ထွက်ပြီ (မိုးမခစာအုပ်စင်) ဇန်န၀ါရီ ၃၁၊ ၂၀၁၉...

Read more »

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ်

By

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ် (မိုးမခစာအုပ်စင်) ဒီဇင်ဘာ ၂၆၊ ၂၀၁၈...

Read more »

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ

By

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ မိုးမခစာအုပ်စင်၊ ဒီဇင်ဘာ ၈၊...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

Tags

(all tags)