>talks with Zargana

October 12, 2011

>

အကုန် လွှတ်လိုက်တော့ ဘာဖြစ်သွားမှာလဲ
ဇာဂနာနှင့်အင်တာဗျူးများ
အောက်တိုဘာ ၁၂၊ ၂၀၁၁


photo – The Voice

ဇာဂနာနှင့် RFA အင်တာဗျူး


ဇာဂနာလွတ်ပြီ

လွန်ခဲ့တဲ့ ၂ဝဝ၇ ရွှေဝါရောင် သံဃာ့လှုပ်ရှားမှုအပြီး မြစ်ကြီးနားထောင်မှာ ထောင်ဒဏ် ၃၅ နှစ် ချခံခဲ့ရတဲ့ နိုင်ငံကျော် လူရွှင်တော် ဇာဂနာဟာ ၃ နှစ်နဲ့ ၅ လ အကြာမှာ လွတ်လာခဲ့ပေမယ့် ကျန်းမာရေးလည်း အတော်လေး ကောင်းမွန်နေသလို ပြင်ပမှာ ရှိနေစဉ်အတိုင်း အာအက်ဖ်အေရဲ့ မေးခွန်းတွေကို တက်ကြွတဲ့အသံနဲ့ ဟာသတွေနှောပြီး ဖြေခဲ့ပါတယ်။`

ပထမဆုံး ထောင်ကထွက်ရတဲ့ ခံစားမှုကို သူက အခုလို ပြောပါတယ်။

“သမ္မတကြီးရဲ့ မေတ္တာစေတနာနဲ့ တနှစ် လျော့သွားတော့ ၃၄ နှစ်ပေါ့။ အခု ၃ နှစ် ၅ လ နေရတော့ Ten Percent ပေါ့၊ ဘဏ်က အခု အတိုးနှုန်း ပြောင်းသွားတယ်မို့လား ten percent ။ အဲဒီထဲ ကျနော် ပါသွားတာပေါ့။ တကယ်ဆို ထောင်ကလွတ်တာ ပျော်စရာပေါ့။ ဒါပေမယ့် ကျနော် မပျော်နိုင်ဘူး၊ သူငယ်ချင်းတွေ အများကြီး ထောင်ထဲမှာ ကျန်ရစ်ကြတယ်။ ဘာလို့ အစိုးရ တွန့်တိုတာလည်း နားမလည်ဘူး ဖြစ်ရတယ်။ လွတ်မယ့်သာ လွတ်လာတယ် လွတ်ရကျိုး မနပ်ဘူးပေါ့”

ကိုဇာဂနာ နဲ့အတူ မြစ်ကြီးနားထောင်မှာ ၁၄ နှစ်နီးပါး နေခဲ့ရတဲ့ ဦးမျိုးအောင်သန့်နဲ့ ၂ဝဝ၇ သံဃာ့လှုပ်ရှားမှုမှာ ဖမ်းခံရတဲ့ သာကေတမြို့နယ်က ကိုယဉ်မင်းထွန်းဆိုသူ ကျောင်းသားတို့ ၃ ဦးသာ လွတ်ပြီး သံဃာတော်တွေ အပါအဝင် နိုင်ငံရေးအကျဉ်းသား ၁၅ ယောက်လောက် ကျန်ခဲ့တယ်လို့ သိရပါတယ်။

“ဘုန်းကြီး ၄ ပါး ကျန်ခဲ့တယ်၊ ဆရာတော် ဦးဥာဏရယ် မန္တလေးက ဆရာတော်ချည်းပဲ ၄ ပါး၊ ဆရာတော် ဦးဝေဒသူ ရယ်၊ ဦးဓမ္မသာမိ ရယ်၊ နောက် ဆရာတော် ဦးကဏ္ဍသာရရယ်။ နိုင်ငံရေးသမားတွေကတော့ သီဟသက်တင်၊ ဇေယျာအောင်၊ မျိုးမင်းသန်း၊ကိုကြည်တိုး၊ နိုင်ငံတော်အစိုးရ လက်မခံတဲ့ နိုင်ငံရေးအကျဉ်းသားတွေပေါ့ သူတို့ ကျန်ခဲ့တယ်”

နိုင်ငံရေး လှုပ်ရှားမှုကြောင့် ထောင် စုစုပေါင်း ၄ ကြိမ် ကျခဲ့ဖူးတဲ့ ကိုဇာဂနာဟာ အရင်ကာလတွေက ထောင်မှာ နေခဲ့တာထက် ဒီတခါ မြစ်ကြီးနားထောင်တွင်း အခြေအနေတွေ ကောင်းမွန်လာတယ်လို့ ပြောပါတယ်။ သူကိုယ်တိုင် ခံစားနေရတဲ့ သွေးတိုးရောဂါလည်း မြစ်ကြီးနားက ဆရာဝန်ရဲ့ စောင့်ရှောက်မှုကြောင့် ကောင်းလာတဲ့အကြောင်း ပြောပါတယ်။

ကိုဇာဂနာ မလွတ်မြောက်ခင် အချိန်အထိ တနှစ်နဲ့ ၅လလောက် ထောင်ဝင်စာ ပိတ်ခံရတာနဲ့ ပတ်သက်လို့လည်း သူက အကျဉ်းသားအခွင့်အရေး ချိုးဖောက်ခံရတာမို့ အတော်လေး ခံပြင်းခဲ့ရတယ်လို့ ပြောပါတယ်။

“ဒါဟာ ဆိုးရွားတဲ့လုပ်ရပ်ပါ၊ အကျဉ်းသားတယောက်ဟာ အကျဉ်းထောင် ဥပဒေ ချိုးဖောက်ရင် လုပ်ပေါ့၊ ကျနော့်မှာ ဘာမှ မချိုးဖောက်ဘူး။ ခယ်မက ထောင်ဝင်စာ လာတွေ့ တယ်။ ထောင်ဝန်ထမ်းတွေနဲ့ အဆင်မပြေ ဖြစ်တယ်။ သူတို့ချင်း ဖြစ်တာ ကျနော့်ကို အရေးယူတယ်ဆိုပြီး ကျနော့်ကို ထောင်ဝင်စာ ပိတ်တာ။ နောက်နောင် ဒါမျိုးမဖြစ်အောင် ထောင်ပိုင်ကို တရားဝင် ပြောခဲ့ပါတယ်”

ကိုဇာဂနာရဲ့ မိခင်နဲ့ ဖခင် ၂ ဦးလုံးဟာ ထင်ရှားတဲ့ စာရေးဆရာကြီးတွေ ဖြစ်သလို လွန်ခဲ့တဲ့ ၂ဝဝ၉ ခုနှစ်နဲ့ ၂ဝ၁ဝ ခုနှစ်ကပဲ ရှေ့ဆင့်နောက်ဆင့် ကွယ်လွန်ခဲ့ကြတာပါ။ မိဘ၂ ပါးထံက အနုပညာအမွေ ဆက်ခံနိုင်ခဲ့ပြီး တက္ကသိုလ်ကျောင်းသား ဘဝကတည်းက အငြိမ့်လူပြက်အဖြစ် နာမည်ရခဲ့ပြီး မဆလခေတ် တလျှောက်လုံး တပါတီ အာဏာရှင်စနစ်ရဲ့ အုပ်ချုပ်ရေးစနစ်ရဲ့ အမြီးအမောက် မတည့်တာတွေကို သိမ်မွေ့တဲ့ နိုင်ငံရေး သရော်ချက်တွေ၊ ပျက်လုံးတွေ ထုတ်ခဲ့လို့ မြန်မာပြည်သူတွေရဲ့ အသည်းစွဲ ဖြစ်ခဲ့ပါတယ်။

အခုရော ထောင်ထဲမှာ ပြက်လုံးတွေ ဖန်တီးဖြစ်သလား၊ မကြာသေးခင်က ၂ ပိုင်းကွဲပြီး ပြည်တော်ပြန်သွားတဲ့ သီးလေးသီး အဖွဲ့ကို ဘယ်လို သဘောထားရှိလဲလို့ တဆက်တည်း မေးကြည့်ပါတယ်။

“ပြက်လုံးတော့ မပြောဘူးဗျို့။ သီးလေးသီးတွေ ခိုးချသွားမှာ ကြောက်လို့။ ကျနော် အခု ပြန်ထွက်လာပြီ ဆိုတော့ ပြောစရာ ၂ ခုပဲ ရှိတယ်။ သီးလေးသီး ကမယ့်ဟာ သဘောမတူနိုင်ဘူး။ ဘာလို့လဲဆို သီးလေးသီး ဆေးရောင်စုံ ဆိုတာ ကျနော့်နာမည် ဖြစ်တာမို့ သီး ၂ သီး ထဲ ပွဲကတာ လက်မခံနိုင်ဘူး၊ အသီး ၄ သီး စုံမှသာ လက်ခံနိုင်မယ်။ နောက်တချက်က မြပုဏ္ဏမာရင်သွေး ဆိုပြီး အသုံးပြုခွင့် မရှိဘူး၊ မြပုဏ္ဏမာ ဆိုတာ ဇာဂနာ၊ အရိုင်း၊ ကင်းကောင်၊ ငှက်ပျော်ကြော်၊ ညောင်ညောင်၊ ဂေါ်ဇီလာရယ် မင်းသမီးဝင့်သိဂ င်္ီစုံမှသာ ကခွင့်ပြုမယ်”

“အစိုးရအသစ် ဆီးကြိုတဲ့ လူတွေရဲ့ သဘောနဲ့ သော်လည်းကောင်း၊ ဂေါ်ဇီလာ သဘောနဲ့ သော်လည်းကောင်း အဲဒီနာမည်နဲ့ ခွင့်မပြုနိုင်ဘူး။ အခု လေယာဉ်ပျံ ကွင်းဆင်းနေပြီ၊ လေယာဉ်ပေါ်က ဆင်းတာနဲ့တပြိုင်နက် အဲဒီပွဲကို အဓိက သွားတားမယ်”

ကိုဇာဂနာဟာ လောလောဆယ် ဘာဆက်လုပ်မယ်ဆိုတာ ယတိပြတ် မပြောနိုင်သေးပေမယ့် ဒေါ်အောင်ဆန်းစုကြည်နဲ့ ရန်ကုန်ရောက်တာနဲ့ တွေ့ဖို့ ရှိတဲ့အကြောင်း၊ အဲဒီအခါ သူ ဘာလုပ်ရမယ်ဆိုတာ အဖြေပေါ်လာမယ်လို့လည်း ပြောပါတယ်။

ဒီကနေ့ ကိုဇာဂနာအပေါ် ချစ်ခင်လေးစားတဲ့ ပြည်သူတွေ နိုင်ငံရေးသမားတွေကို ဘာပြောချင်လဲ လို့လည်း မေးကြည့်ပါသေးတယ်။

“တိုင်းပြည်မှာရှိတဲ့ နိုင်ငံရေးနဲ့ ပတ်သက်သူတွေအားလုံးကို တခုတော့ ပြောချင်တယ်ဗျာ။ အဲဒါကတော့ ‘နေတိုး’ တွေ မလုပ်ကြပါနဲ့၊ ‘ပြေတီဦး’ တွေ လုပ်ကြပါလို့၊ အဲဒါ ပြောချင်တယ်။ ‘နေတိုး’ ဆိုတာ NATO ‘No Action- Talk Only’ စကားတွေချည်းပဲ ပြောပြီး ဘာအလုပ်မှ မလုပ်တဲ့ဟာတွေ မလုပ်ကြပါနဲ့။ ‘ပြေတည်ဦး’ တွေ လုပ်ကြပါ။ တိုင်းပြည် တည်ထောင်ဖို့အတွက်ကို ကျနော်တို့ ဦးခေါင်းထဲ ထည့်ပြီး ဦးတိုက်လုပ်ကြပါ၊ အဲဒါ ပြောချင်ပါတယ်”


ဇာဂနာနှင့် မဇ္ဈိမ အင်တာဗျူး

ဆိုမာလီဓါးပြ အဖမ်းခံရတဲ့လူလို ဖြစ်နေပါတယ် ဆိုတဲ့ ဇာဂနာ

မြစ်ကြီးနားအကျဉ်းထောင်မှ လွတ်မြောက်လာပြီး ရန်ကုန်မြို့နေအိမ်သို့ ပြန်လည်ရောက်ရှိလာသော ဟာသ သရုပ်ဆောင် ဇာဂနာကို မဇ္ဈိမသတင်းထောက် ကိုကျော်ခက တယ်လီဖုန်းမှတဆင့် မေးမြန်းထားခြင်း ဖြစ်သည်။

ဒီကနေ့ လွတ်မြောက်မယ်ဆိုတာ ဘယ်လိုသိခဲ့ရပြီး ထွက်လာတော့ရော ဘာတွေလုပ်ခဲ့ရသေးလဲခင်ဗျ။
“ကျနော်တို့မနက် ငါးနာရီ ခွဲလောက်မှာ အိပ်နေတာ လာနှိုးပြီးတော့ ဒီနေ့ကျနော့်ကို လွှတ်ပါပြီလို့ လာပြောတယ်။ အဲဒါနဲ့ပဲ ထွက်လာတာ။ အဲဒီအချိန်ကတည်းက ထွက်နေတာ။ ခုထက်ထိ ထွက်နေတုန်းပဲ။”

ထောင်က မလွတ်ခင်အချိန်မှာ ထောင်က ထွက်လာခဲ့ရင် ဘာတွေလုပ်မယ်ဆိုတဲ့ ရည်ရွယ်ချက်ထားခဲ့တာ ရှိလားခင်ဗျ။ နိုင်ငံရေး၊ လူမှုရေးနဲ့ အနုပညာကိစ္စတွေကိုရော ဆက်လုပ်ဖို့ရှိသေးလား။
“ခုပြောတဲ့ ကဏ္ဍသုံး ခုလုံးကို ကျနော်က လုပ်ဖို့ ဆုံးဖြတ်ထားတဲ့အတွက် အဲဒါကို ကျနော် ဆက်လုပ်သွားမှာပါ။ ကျနော် ဝါသနာပါတာကလည်း အဲဒီအလုပ်တွေပဲ ရှိတော့၊ အဲဒီအလုပ်တွေကိုပဲ ဆက်လုပ်သွားမှာပါ။”

ဦးဇာဂနာ အပါအဝင် နိုင်ငံရေးအကျဉ်းသား အချို့နဲ့ တခြား အကျဉ်းသားတွေကို အစိုးရသစ်က လွှတ်ပေးလိုက်တဲ့ အပေါ် ဘာလို့လွှတ်ပေးလိုက်တယ်လို့ ထင်လဲ။
“အဲဒါကတော့ ဘာကြောင့် လွှတ်တယ် ဆိုတာကတော့ ဦးသိန်းစိန်ပဲ သိမှာပါ။ လွတ်လာတာကတော့ ကျနော်ဆိုတာ သေချာတယ်။ ဘာကြောင့် ဆိုတာတော့ ကျနော်မသိဘူး။”

အစိုးရသစ်ရဲ့ လှုပ်ရှားနေမှုတွေနဲ့ ပတ်သက်ပြီး ထောင်ထဲမှာ ဘယ်လိုမျိုးသိခဲ့ရလဲ။
“ထောင်ထဲမှာ သတင်းစာတွေ ဂျာနယ်တွေ ဖတ်ရပါတယ်။ အဲဒီကနေသိရပါတယ်။”

အဲဒီလို ဖတ်သိရတယ်ဆိုတော့ အစိုးရသစ် အပေါ်မှာ အားရ ကျေနပ်မှု ရှိလား။
“စောစောပိုင်းကတော့ ရှိတယ်ဗျ။ ဒီနေ့လွတ်တဲ့ အပေါ်မှာ မူတည်ပြီးတော့ မရှိတော့ဘူး။ သိပ်ပြီးတော့ အားမရဘူး။ သိတဲ့အတိုင်းပဲလေ။ တို့တိတို့တိနဲ့ လုပ်တာ ကျနော်တို့က ဆိုမာလီ ဓါးပြတွေ အဖမ်းခံရတဲ့လူလို ဖြစ်နေတယ်။ ကျနော်တို့ကို ဘာနဲ့ပြန်ရွေးရမလဲ အဲလိုဖြစ်သွားပြီ။

အခု မြစ်ကြီးနားထောင်က လွတ်လာတာ ကိုဇာဂနာ နဲ့ တခြားနိုင်ငံရေး အကျဉ်းသား ဘယ်သူတွေ ပါသေးလဲ။ နောက်ပြီးတော့ ကျန်ခဲ့တဲ့လူတွေ ရှိလား။
“ကျနော်နဲ့အတူတူ ကိုမျိုးအောင်သန့် ပါလာပါတယ်။ သူကတော့ ၁၄ နှစ်လောက်ရှိပြီ ထောင်ထဲရောက် နေတာလေ။ နောက် ဇင်မင်းထွန်းဆိုတဲ့ ကလေးပါတယ်။ သူကတော့ သံဃာတော် အရေးတော်ပုံမှာ အဖမ်းခံရတာ သူကတော့ လေးနှစ်လောက် ရှိသွားပြီပေါ့နော်။ ကျန်တာကတော့ အများကြီးပဲ။ ဘုန်းကြီး လေးပါး ပါတယ်။ လူထဲကတော့ ဘိုကလေးက သီဟသက်ဇင်၊ ပဲခူးက ဇေယျာအောင်၊ ပုဂံက မျိုးမင်းသန်း၊ တောင်သာက ကြည်စိုး ကျန်ခဲ့တယ်။”

ကျန်ခဲ့တဲ့လူတွေအတွက် ဘာပြောချင်လဲ။
“အကောင်းဆုံးကတော့ အကုန်လုံး လွတ်သွားတဲ့ အချိန်ကြရင် အကောင်းဆုံးပဲ။ အဲဒီအချိန်ကြရင် ပြောလို့ဆိုလို့ လုပ်လို့လည်း ကောင်းမယ်။ ကျနော်ကတော့ အဲဒီအချိန်ကိုပဲ စောင့်မယ်။ အားလုံးလွတ်အောင်လဲ ကျနော်တို့ ကြိုးစားမယ်။”

ထောင်ထဲမှာရော၊ ကျန်းမာရေး စောင့်ရှာက်မှု၊ စားဝတ်နေရေးနဲ့ ကျန်မာရေး စောင့်ရှောက်ခွင့်တွေ ကောင်းကောင်းမွန်မွန် ရရဲ့လားခင်ဗျ။ တိုးတက်လာလား။
“အာ အများကြီးကွာတယ်။ အရင်တုန်းကထက် အများကြီး တိုးတက်လာပါတယ်။ ကျန်းမာရေးနဲ့ ပတ်သက်ပြီးတော့လည်း အိုကေတယ်။ ဆရာဝန်တွေ ဘာတွေလဲ ရှိတယ်။ အဲဒါကတော့ ပြောစရာ မလိုပါဘူး။ ကောင်းတယ်။ ကျနော် ထောင်လေးခါ ကျတဲ့အထဲမှာ ဒီတခေါက်ကျတာ ဓမ္မာရုံ ရောက်သလိုပဲ။

ဦးဇာဂနာ မွေးထုတ်ပေးလိုက်တဲ့ သီးလေးသီး ဇာတ်အဖွဲ့တကွဲတပြားစီဖြစ်သွားတဲ့ အပေါ် ဦးဇာဂနာရဲ့ သဘောထားက ဘယ်လိုရှိလဲခင်ဗျ။
“အခုကျနော့်ဘေးမှာကို စိန်သီးနဲ့ ဇီးသီးနဲ့ နှစ်သီးရှိတယ်။ တိုင်းပြည် ပြင်ပမှာ သွားသီးနေနဲ့ အသီးက ပန်းသီးရယ်။ ကြယ်သီးရယ်။ မီးသီးရယ် ဆိုတာရှိတယ်။ အကုန်လုံး အားလုံးပေါင်းပြီး ကနေတာကို တွေ့ကြရဦးမှာပေါ့။ ကျနော် ပြန်ရောက်လာရင် အကုန်ဖြစ်သွားမှာပါ။ အားလုံးကို ကျနော်ဦးဆောင်ပါမယ်။

ဇာဂနာနှင့် ဧရာဝတီ အင်တာဗျူး

“အခုမနက်ကစပြီး မယုံတော့ဘူး”

ကိုဇာဂနာသည် ပြီးခဲ့သည့် ၂၀၀၈ ခုနှစ် မေလတွင် တိုက်ခတ်ခဲ့သည့် နာဂစ်မုန်တိုင်း ဒုက္ခသည် ကယ်ဆယ်ရေး လုပ်ငန်းများ လုပ်နေစဉ် ဇွန် လဆန်းပိုင်း၌စမ်းချောင်း မြို့နယ်ရှိ နေအိမ်တွင် အဖမ်းခံခဲ့ရသည်။ ၎င်းကို စစ်အစိုးရက နိုင်ငံတော်လုံခြုံရေး ထိခိုက်စေရန်လှုံ့ဆော်မှု၊ ဗီဒီယိုအက် ဥပဒေနှင့် အီလက်ထရွန်နစ် အက် ဥပဒေ ၃ ခု အပါအဝင် ပုဒ်မ ၅ ခုဖြင့် ထောင်ဒဏ် ၅၉ နှစ် ချမှတ်ခဲ့ရသည်။ ၂၀၀၉ ခုနှစ် ဖေဖော်ဝါရီလတွင် အာဏာပိုင်များက အီလက် ထရွန်နစ် အမှု တမှုလျှင် ၈ နှစ်စီ ဖြင့် ၂၄ နှစ် လျှော့ပေးခဲ့ရာ ထောင်ဒဏ် ၃၅ နှစ် ကျခံရမည်ဖြစ်သည်။ ၎င်းသည် ယမန်နေ့ကအထိ ပြည်နယ် မြစ်ကြီးနားထောင် တွင် ရှိနေခဲ့သည်။

ယမန်နေ့တွင် အစိုးရက လွတ်ငြိမ်းချမ်းသာခွင့် ကြေညာ၍ အကျဉ်းသား ၆ ထောင်ကျော်ကို ယနေ့ သီတင်းကျွတ်လပြည့်နေ့မှ စတင် လွှတ်ပေးခဲ့ရာ ထိုအထဲတွင် ကမ္ဘာသိ လူရွှင်တော် ကိုဇာဂနာလည်း ပါရှိသည်။ မြစ်ကြီးနားမှတဆင့် ရန်ကုန်သို့ လေယာဉ်နှင့် ပြန်လာခဲ့ပြီး ယခု နေအိမ်တွင် ရောက်ရှိနေပြီဖြစ်သော ကိုဇာဂနာကို ဧရာဝတီမဂ္ဂဇင်းက တယ်လီဖုန်းဖြင့် ဆက်သွယ်မေးမြန်း ခဲ့ပါသည်။

မေး။ ။ ထောင်ထဲမှာ ကိုဇာဂနာကို ကောင်းကောင်းထားရဲ့လား။ ညှဉ်းပန်းနှိပ်စက်တာတို့ ဘာတို့ကော ခံခဲ့ရလား။
ဖြေ။ ။ မဆိုးဘူးပြောရမယ်၊ အရင်ကထက် အများကြီးကောင်းလာတယ်။ ICRC (ကမ္ဘာ့ကြက်ခြေနီအဖွဲ့) နဲ့တော့ မတွေ့ခဲ့ရဘူး။ နှိပ်စက်တာတို့ ဘာတို့ မရှိပါဘူး။ ဟိုးအရင် ၁၉၉၄ ခုနှစ်မတိုင်ခင် ကျနော်တို့ ထောင်ထဲရောက်တုန်းက ပုံစံနဲ့ အခုနဲ့တော့ အများကြီး ကွာသွားပါပြီ။ ကျနော်တို့ကို လေနဲ့တောင် မပစ်မှားရဲဘူး။

မေး။ ။ ကိုဇာဂနာ မလွတ်ခင်မှာ အစိုးရဘက်က လာညှိတာ ရှိလား။
ဖြေ။ ။ မရှိပါဘူး။ လွတ်မယ်ဆိုတာတောင် ဒီနေ့ မနက် အစောကြီး ၅ နာရီခွဲလောက်ကမှ လာနှိုးပြီးပြောလို့ သိတာ။ ကိုဇာဂနာ လွတ်ပြီ ဆိုပြီး လာပြောတော့ ကျနော်ကတောင် နောက်လိုက်သေးတယ်၊ ဘာလဲ စိတ်နဲ့ကိုယ်နဲ့ လွတ်တာလားလို့။

မေး။ ။ ထောင်ထဲမှာ ဂျာနယ်တောင် ဖတ်လို့ရတယ်ဆိုတော့ ကိုဇာဂနာ လွတ်ပြီဆိုတဲ့ သတင်းတွေ တကယ် မကြားရဘူးလား။
ဖြေ။ ။ မကြားရဘူးဗျ။ မနေ့ကတော့ ရေဒီယို နားထောင်ရတယ်လေ။ မနေ့က FM မှာ နိုင်ငံတော်က လွတ်ငြိမ်းချမ်းသာခွင့် ပြုမယ်ဆိုပြီး ကြေညာတာတော့ သိတယ်။ ဒါပေမယ့် အဲဒီလွတ်ငြိမ်းချမ်းသာခွင့်ထဲမှာ ကျနော်တို့ မပါဘူးလို့ပဲ ထင်နေတာပေါ့။ ဂျာနယ်တွေဖတ်ရတဲ့ထဲမှာလည်း အဲဒီလို သတင်းတွေ မပါဘူးလေ။

မေး။ ။ အခု လွတ်လာပြီဆိုတော့ ဘာတွေ ဆက်လုပ်မယ် စဉ်းစားထားလဲ။
ဖြေ။ ။ ကျနော်မှာတော့ ကျနော့်ရဲ့ နဂိုလုပ်ထားတဲ့ အစီအစဉ်ရှိတယ်။ ကျနော့်ခံယူချက်က နိုင်ငံရေးနဲ့ အနုပညာဆိုတာ တွဲနေတာ ဆိုတော့ ကျနော် အဲဒါပဲ ဆက်လုပ်ရမှာ။ ဘာဖြစ်လို့လဲ ဆိုတော့ ကျနော်တို့က ၁၉၈၈ ခုနှစ်တုန်းက ပါတီစုံ ဒီမိုကရေစီ ရရှိရေး ဆိုပြီး တောင်းခဲ့ကြတာကိုး၊ အဲဒီလို တောင်းခဲ့ပြီးတော့ ကျနော်တို့တောင်းဆိုခဲ့တာတွေ အခု ပြည့်စုံပြီလားလို့ ကျနော့်ကိုယ် ကျနော် မေးကြည့်လိုက်တဲ့ အခါကျတော့ မပြည့်စုံဘူး ဆိုတဲ့ အဖြေပဲရတယ်။ ပါတီစုံဒီမိုကရေစီ မဖြစ်သေးဘူး၊ ဒီမိုကရေစီ ဆိုတာလည်း စစ်စစ်မှန်မှန် မရသေးဘူး။ အဲဒီအချက် နှစ်ချက်ကို ကျနော် စဉ်းစားမိတဲ့အတွက် အနုပညာနဲ့ နိုင်ငံရေး တွဲပြီး ဆက်လုပ်ရဦးမယ်လို့ ပြောတာပါ။

မေး။ ။ မြန်မာပြည် ပြောင်းလဲနေပြီ၊ ဖွံ့ဖြိုးတိုးတက်နေပြီလို့ ကာ့တ် ကမ်းဘဲလ်ကလည်း ပြောတယ်၊ EU ကလည်း ပြောတယ်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးသိန်းစိန်နဲ့တွေ့တာကိုလည်း နိုင်ငံတကာက ထောက်ခံကြတယ်။ ကိုဇာဂနာက ထောင်ထဲကနေပြီး အဲဒီလို ပြောတာတွေ ကြားရတော့ ဘယ်လိုခံစားရလဲ၊ ဘာပြောချင်လဲ။
ဖြေ။ ။ မနေ့က ညနေလောက်အထိကတော့ အန်တီ (ဒေါ်အောင်ဆန်းစုကြည်) ပြောတဲ့ ပြုပြင်ပြောင်းလဲရေး လမ်းကြောင်းပေါ် ရောက်နေပြီ ဆိုတာကို ယုံချင်သလိုလိုပဲ။ အဲဒါပြီးတော့ ဒီနေ့မနက်ကစပြီး မယုံတော့ဘူး။ တကယ် မလိုလားဘူး ကျနော်ထင်တယ်လေ။ ဘာဖြစ်လို့လဲ ဆိုတော့ ကျနော်တို့ကို လွှတ်တာတောင်မှ တွန့်တိုနေတာ မဟုတ်လား။ လွှတ်လိုက်ပါလား အကုန်လုံး၊ သူတို့ အိတ်ထဲက စိုက်ပေးရလို့လား။ ဒီအမှုတွေအားလုံးက ဦးသိန်းစိန်အစိုးရလက်ထက်မှာ ချထားတဲ့ ပြစ်ဒဏ်တွေ တခုမှမဟုတ်ဘူး။ အမျိုးသားပြန်လည် ရင်ကြားစေ့ရေးကို တကယ်လိုလားတယ်ဆိုရင် လွှတ်လိုက်ပါလို့ ပြောချင်တယ်။

ကျနော်တို့ ဖြစ်စေချင်တာက အကုန်လုံး အကုန်လုံး လွတ်စေချင်တာ။ မင်းကိုနိုင်မှ မဟုတ်ဘူး အကုန်လုံးပဲ။ လူမသိသူမသိလို့ ပြောလို့ရတဲ့ ကျနော်နဲ့ အတူတူ ထောင်ထဲမှာ နေခဲ့ရတဲ့ ဘုန်းကြီး ၄ ပါးရှိတယ်၊ အဲဒီဘုန်းကြီး ၄ ပါးလည်း လွတ်စေချင်တာပဲ၊ ဟိုး တောင်သာက ကြည်စိုးလည်း လွတ်စေချင်တာပဲ၊ မျိုးမင်းသန်းဆိုတဲ့ ပုဂံက ကောင်လေးကော၊ ဘိုကလေးက သီဟသက်ဇင်ကော၊ နာမည်ကြီးတဲ့ ဦးဂမ္ဘီရကော အကုန်၊ အကုန်လွတ်စေချင်တာပဲ။ အဲဒီလိုပဲ ဗိုလ်ချုပ်ကြီး ခင်ညွန့်လည်း လွတ်စေချင်တာပဲ။

မေး။ ။ ဘာဖြစ်လို့ ဗိုလ်ချုပ်ကြီး ခင်ညွန့်ကို လွတ်စေချင်တာလဲ၊ သူက နိုင်ငံရေးအကျဉ်းသား မို့လို့လား။
ဖြေ။ ။ ကျနော်က နိုင်ငံရေးအကျဉ်းသားလို့ မပြောပါဘူး။ မြန်မာပြည်မှာ နိုင်ငံရေးအကျဉ်းသား ရှိလို့လား။

(၎င်းအဖြေ အပြီးတွင် တယ်လီဖုန်းလိုင်း ပြတ်တောက် သွားပါသည်)

ဇာဂနာ နှင့် BBC အသံလွှင့်ဌာန

ဇာဂနာ အစိုးရကို စ သရော်

မြစ်ကြီးနား အကျဉ်းထောင်က ဒီကနေ့မနက် ၈ နာရီခွဲက လေးကြိမ်မြောက် အကျဉ်းကျရာကနေ ပြန်လွတ်မြောက်လာတဲ့ ကမ္ဘာကျော် မြန်မာ့လရွှင်တော် ဇာဂနာက အစိုးရကို စတင် ဝေဖန် ပြောကြား လိုက်ပါတယ်။

ဇာဂနာက အပြင်ရောက်တာနဲ့ အစိုးရကို ချက်ချင်း သရော်ပါတယ်။ နိုင်ငံတော် သမ္မတက အမျိုးသား ပြန်လည် သင့်မြတ်ရေးကို တကယ် သွားတယ်ဆိုရင် အခု ပုံစံထက် နိုင်ငံရေး အကျဉ်းသား အားလုံးကို လွှတ်ပေး သင့်တယ်လို့ အကျဉ်းထောင်က ထွက်ထွက်ခြင်း ဘီဘီစီနဲ့ သီးသန့် မေးမြန်းခန်းမှာ ပြောသွားတာ ဖြစ်ပါတယ်။

အခု ပုံစံက နိုင်ငံကျော် ရော့ခ် အဆိုတော် လေးဖြူကို ကလေးသီချင်း ဖြစ်တဲ့ ရောင်စုံ ဘောလုံး သီချင်းကို ဆိုခိုင်းသလို လေဖြတ်နေတဲ့ သက်ကြီး အမျိုးသမီးကို မိတ်ကပ်လိမ်းပြီး အရပ်ထဲ လွှတ်သလို ဖြစ်နေတယ် လို့ ဥပမာ ဥပမေယျတွေနဲ့ ထိထိ ရောက်ရောက် ဝေဖန် ပြောကြားပါတယ်။

သူ့အနေနဲ့ သမ္မတကို ပြောခွင့်ရမယ် ဆိုရင်တော့ သူတို့တွေဟာ သမ္မတ ဦးဆောင်တဲ့ အစိုးရသစ် လက်ထက်မှာ အဖမ်းခံထားရတဲ့ သူတွေ မဟုတ်တဲ့ အကြောင်း၊ နိုင်ငံရေး အကျဉ်းသား ဆိုတဲ့ စကားလုံးကိုလည်း ကလေးဆန်ဆန် အငြင်းပွား နေတဲ့ သူတွေ မဟုတ် ကြောင်း ပြောလိုပြီး အခုတော့ သူ လွတ်လာပေမယ့် သူငယ်ချင်းတွေ ထောင်ထဲမှာ ရှိနေဆဲ ဖြစ်လို့ စိတ်မကောင်းကြောင်း ပြောပါတယ်။

လွတ်လပ်ခွင့်တွေ ပိုရတော့မလား၊ ပြောရေးဆိုခွင့်တွေ သာလာနိုင်မလားလို့ ဘီဘီစီက မေးတာကိုတော့ ပြောခွင့်ရနေတယ် လို့တော့ သူကြားတဲ့အကြောင်း၊ သတင်းစာတွေထဲမှာလည်း စတုတ္ထ မဏ္ဍိုင် ဆိုတဲ့ စကားလုံးကို လှိုင်လှိုင်သုံးထားကြောင်း၊ ဒါပေမဲ့ စတုတ္ထ မဏ္ဍိုင်က ဘယ်သူများလဲလို့ သေချာ စေ့ငုလိုက်တော့ ပြန်ကြားရေးဝန်ကြီး ဖြစ်နေတာ တွေ့ရတယ်လို့ ကမ္ဘာကျော် မြန်မာ့ လူရွှင်တော်ကြီးက အကျဉ်းထောင်က ထွက်ထွက်ခြင်း အစိုးရကို သရော်ခဲ့ပါတယ်။

ဒီကနေ့ သူတို့ကို လွှတ်တာဟာ သမ္မတ ဦးသိန်းစိန်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့် သက်သက်ကြောင့် မဟုတ်ဘဲ နိုင်ငံရေးမှုနဲ့ ပြန်ဖမ်းဆီး ထောင်ချလို့ ရတဲ့ ၄၀၁ ကိုလည်း အကြောင်းပြချက်နဲ့ ထည့်ထားတာကို လွှတ်ဝရမ်းထဲ တွေ့ရတယ်လို့ ဇာဂနာက ဘီဘီစီကို ပြောပါတယ်။

ဇာဂနာနှင့် The Voice ဂျာနယ် အင်တာဗျူး


မြန်မာနိုင်ငံတွင် လူအသေအပျောက် အများဆုံးနှင့် ပျက်စီးဆုံးရှုံးမှု အကြီးမားဆုံး သဘာဝ ဘေးအန္တရာယ်အဖြစ် သတ်မှတ်ခဲ့ရသော နာဂစ် ဆိုင်ကလုန်း မုန်တိုင်းဒဏ် ခံစားနေရသော ပြည်သူများကို ကယ်ဆယ်ထောက်ပံ့ရေး လုပ်ငန်းများ ဆောင်ရွက်နေစဉ်အတွင်း ဖမ်းဆီးခြင်း ခံခဲ့ရသူ စွယ်စုံရ ဟာသအနုပညာရှင် (ဦး) ဇာဂနာ (ခေါ်) ကိုသူရမှာ လွတ်ငြိမ်းချမ်းသာခွင့်ကြောင့် ပြန်လည် လွတ်မြောက်လာခဲ့ရာ ယနေ့နံနက် ၁၀ နာရီ ၃၀ မိနစ်က မြစ်ကြီးနား လေယာဉ်ကွင်းသို့ ရောက်ရှိနေစဉ် The Voice Weekly က တယ်လီဖုန်းဖြင့် မေးမြန်းခဲ့သည်များကို ဖော်ပြအပ်ပါသည်။

မြစ်ကြီးနားအကျဉ်းထောင်ကနေ ဘယ်နှစ်ယောက် လွတ်လာပြီလဲ။
– စုစုပေါင်း နိုင်ငံရေးအကျဉ်းသား ၄ ဦး၊ အချို့တစ်ဝက်ပေါ့။

ဘယ်သူတွေ ပါလဲ။
– ကျွန်တော်၊ ကိုဇင်မင်းထွန်း၊ ဦးမျိုးအောင်သန့်၊ ဦးတင့်ဆန်း

ခုလောလောဆယ် သူတို့ လေယာဉ်ကွင်းရောက်နေတယ်ဆိုတော့ ဘယ်လေယာဉ်နဲ့ ပြန်လာမှာလဲ။
– မြန်မာ့လေကြောင်း ဂျက်လေယာဉ်နဲ့။ တစ်နာရီကို ရန်ကုန် ဆိုက်မယ်။

လွတ်လာပြီဆိုတော့ ဘာလုပ်မလဲ။
– လောလောဆယ် ရုတ်တရက်ဆိုတော့ မဆုံးဖြတ်ရသေးဘူး။ သူငယ်ချင်းတွေနဲ့ တွေ့ပြီး တိုင်ပင်ပြီးတော့ ရက်ပိုင်းအတွင်း ဆုံးဖြတ်မယ်။

လွတ်လာတဲ့အပေါ်မှာ မလွတ်ခင် တစ်စုံတစ်ရာ ညှိနှိုင်းတာမျိုး ရှိလား။
– မရှိပါဘူး။

လွတ်လာချိန်မှာ အနှောင်အဖွဲ့ တစ်ခုခု ရှိလား။
– မရှိပါဘူး။

အရင်လို နိုင်ငံရေး ယုံကြည်ချက်အတွက် ဆက်လုပ်တာမျိုး လုပ်ဖို့ ရှိလား။
– လုပ်မှာပါ။ နဂိုဗီဇ ဝါသနာအရ အစကတည်းက ဝါသနာပါတယ်။ လိုချင်တာတွေ ရအောင် ပြီးဆုံးတဲ့အထိ လုပ်မယ်။ မသေမချင်းပေါ့။

အစိုးရသစ်ကို Information တွေအရ ဘယ်လိုသုံးသပ်သလဲ။
– ကျွန်တော် သုံးသပ်တာက အကျဉ်းသားလွှတ်တဲ့ ကိစ္စမျိုးပဲ။ ဒါမျိုးမှာ မကျေနပ်သေးဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ အမျိုးသား ပြန်လည် သင့်မြတ်ရေးနဲ့ ရင်ကြားစေ့ရေး ဆိုတဲ့အစီအစဉ်မှာ ကောင်းအောင် အရမ်းအော်ထားတယ်။ ဂျာနယ်တွေထဲမှာ စာစောင်တွေထဲမှာ ဖော်ပြထားတယ်။ လွတ်တော်ကိုယ်စားလှယ်တွေ တင်ပြတာကို တပ်မတော် ကိုယ်စားလှယ်တွေက ထောက်ခံတယ်။ လူလေး သုံးလေးယောက်ပဲ လွှတ်တာ ကျန်တာတွေ ဘာလို့ မလွှတ်သေးတာလဲ။ ကျွန်တော်တို့က ဆိုမာလီ ပင်လယ်ဓားပြတွေ လက်ထဲ ရောက်နေတဲ့လူတွေလို ဖြစ်နေတယ်။ အဲဒီတော့ အမျိုးသား ပြန်လည် သင့်မြတ်ရေးနဲ့ ရင်ကြားစေ့ရေးအတွက် အကုန် လွှတ်လိုက်တော့ ဘာဖြစ်သွားမှာလဲ။ အဲဒီအတွက် စိတ်ထဲ မကောင်းဘူး။ ဒါကိုတော့ သမ္မတကို တိုက်ရိုက်ပြောချင်တယ်။ ဘာလို့ ဒီလိုလုပ်ရတာလဲ။ အိတ်ထဲက စိုက်ပေးရတာမှ မဟုတ်တာ။

အခု အဲဒီမြစ်ကြီးနား အကျဉ်းထောင်မှာ ဘယ်သူတွေ ကျန်သေးသလဲ။
– မြစ်ကြီးနားက စုစုပေါင်း ဘုန်းကြီးလေးပါး ကျန်တယ်။ အဲဒီကိုယ်တော်တွေက မန္တလေးက ဆရာတော်တွေ၊ မန္တလေးက ဆရာတော် ဦးဉာဏ၊ ဦးဝီရသူ၊ ဦးဂန္ဓသာရ၊ ဦးဓမ္မသာမိ။ လူတွေထဲက ကိုမျိုးမင်းသန့်၊ ကိုကြည်တိုး၊ ကိုဇေယျအောင်(ပဲခူး)၊ ကိုသီဟသက်တင် (ဘိုကလေး)။

ဒီလူတွေက စာရင်းထဲ မပါတာလား။ မလွှတ်သေးတာလား။
– ကျွန်တော်သိတာတော့ ဒီနေ့အထိပဲ။ နိုင်ငံတော်ရဲ့ စေတနာ ပိတ်သွားပြီ။

အသုတ်လိုက်လွှတ်မယ်လို့ ပြောနေသံ ကြားတယ်။ ဟုတ်သလား။
– မဟုတ်ဘူး ကောလာဟာလ တွေပါ။ အသုတ်ရော၊ ရေကြည်ရော၊ ငါးသိုင်းချောင်းတွေရော ကောလာဟလတွေပါ။ မျက်မြင်ကိုပဲ လက်ခံတယ်။ ဘယ်လိုပြောပြော လက်မခံဘူး။

လွတ်လာချိန်မှာ အစိုးရအဖွဲ့နဲ့ တွေ့ပြီး ဆွေးနွေးဖို့ အစီအစဉ် ရှိသလား။
– ရှိတယ်။ ဒီကိစ္စ ဆက်ပြောဦးမယ်။ တောင်းဆိုထားတဲ့ ကိစ္စတွေကို၊

အမျိုးသားရင်ကြားစေ့ရေးမှာ အကျဉ်းသား လွတ်မြောက်တဲ့ကိစ္စမှာ တစ်ချို့ကို လွှတ်တဲ့ကိစ္စက တိုင်းပြည်ပေါ်မှာ ဘယ်လို အမြင်လွဲစေသလဲ။
– အားလုံး စိတ်မကောင်း ဖြစ်ကြမယ်ဗျာ။ မယုံမကြည် ဖြစ်မယ်။ လွတ်လာတဲ့ ကျွန်တော်တို့ကိုယ်တိုင် မယုံကြည်နိုင်ဘူး။ ဘာလို့ ဒီလို လုပ်တယ်ဆိုတာ နားမလည်နိုင်တော့ဘူး။ ဖြစ်စေချင်တာက လွှတ်လိုက်ပါလား အကုန်လုံး။ ကိုယ်လက်ထဲမှာ ကျူးလွန်ထားတဲ့သူ မဟုတ်ဘူး။ ဦးသန်းရွှေ လက်ထဲမှာ ကျူးလွန်လို့ ချခဲ့တဲ့ ပြစ်မှုတွေ၊ ဒီအမှုတွေကို ပယ်လိုက်ပါ။ လွှတ်လိုက်ပါ။ ကိုယ့်အိတ်ထဲက စိုက်ပေးရတာမှ မဟုတ်တာ။ ပိုပြီးတော့ စေတနာကို သဘောပေါက်မယ်။ ကျေနပ်မယ်။ လက်ကမ်းတယ်ဆိုတာ သဘောထားကြီးတယ် ဆိုတာက အာဏာရှိတဲ့သူနဲ့ နေရာ အပေါ်က ရောက်တဲ့သူပဲ သဘောထားကြီးနိုင်တယ်။ ဘယ် သူတောင်းစားကမှ အပေါ်ကို သဘောထား မကြီးနိုင်ဘူး။

တိုင်းပြည်ကို လက်တွဲ လုပ်မဲ့လူတွေပဲ လွှတ်မယ်။ နောက်ကြောင်းပြန်မဲ့လူတွေလို့ ဖြစ်လာနိုင်တဲ့ လူတွေ မလွှတ်ဘူး ပြောနေတယ်။ အဲဒီအတွက် လူရွေးပြီး လွှတ်တာလား။
– လက်တွဲနိုင်တယ်၊ မတွဲနိုင်ဘူး ဆိုတာ လုပ်ကြည့်ပြီးပြီလား။ … မလုပ်ရသေးဘူး။ မြက်စားနေတာမှ မဟုတ်တာ။ လက်တွဲဖို့ မလိုပါဘူး။ လက်တွဲရင် လက်ကမ်းမှာပါပဲ။ လက်ကမ်းဖို့ပဲ လိုပါတယ်။ ဂျာနယ်တွေထဲမှာ ပါနေတယ်။ အိုဘားမား ပြောသလို ကျွန်တော်တို့က လက်ဖြန့်ထားပါတယ်။ လက်ဖြန့်ရအောင် ကျွန်တော်တို့က တောင်းစားနေတာ မဟုတ်ဘူး။

ဘာများ ထပ်ပြောချင်တာ ရှိသေးလဲ။
– မရှိပါဘူး။ ကျွန်တော်လည်း အသံတွေ နာနေပါပြီ

(The Voice ဂျာနယ် facebook တွင် တွေ့ရသော အင်တာဗျူးကို မိုးမခက ကူးယူ ဖော်ပြသည်)

ဇာဂနာနှင့် Eleven Media Group အင်တာဗျူး


မြစ်ကြီးနားအကျဉ်းထောင်မှ ပြန်လည် လွတ်မြောက်လာသည့် ကိုသူရ(ခေါ်)ကိုဇာဂနာအား ရန်ကုန်သို့ မပြန်မီ လေယာဉ်ပေါ် တက်တော့မည်အချိန်အတွင်း ပြုလုပ်ခဲ့သော Eleven Media Group နှင့် အင်တာဗျူးကို ဖော်ပြလိုက်ပါသည်။

မေး- အခု ပြန်လွတ်လာတဲ့ အပေါ်မှာ ကိုသူရအနေနဲ့ ဘယ်လိုခံစားရပါသလဲ။
ဖြေ- အေးပေါ့ဗျာ။ လွတ်လာတာတော့ လွတ်လာတာပေါ့။ ဒီလိုလွတ်လာပေမယ့် ကျန်ခဲ့တဲ့သူတွေအတွက် စိတ်မကောင်းဖြစ်မိတယ်။

မေး- လက်ရှိအချိန်မှာ မြန်မာနိုင်ငံက အပြောင်းအလဲဆီသွားနေတယ်ဆိုတဲ့ အပေါ်မှာ
ကိုသူရလည်း သိထားတာတွေရှိမှာပါ။ ဒီအပေါ်မှာ ဘယ်လိုမြင်မိပါသလဲ။
ဖြေ- အပြောင်းအလဲဆိုတဲ့ ကိစ္စမှာ အခု တွေ့ကြုံနေရတာတွေကြောင့် အပြောင်းလဲကြီး ဖြစ်နေပြီလားဆိုတာကို မယုံရဲသေးဘူး ဖြစ်နေတယ်။

မေး- တွေ့ကြုံနေရတဲ့ အခြေအနေဆိုတာ အဲဒီက အနေအထားကိုပြောတာလား၊ အကုန်လုံး ပြန်မလွတ်လာသေးတဲ့ အခြေအနေကို ပြောတာလား။
ဖြေ- မစို့မပို့လွှတ်တာကိုပဲ ပြောချင်တာပါ။

မေး- အခုလိုလွတ်လာပြီးတဲ့နောက် ဘာတွေဆက်လုပ်ဖို့ စဉ်းစားထားတာရှိလဲ။
ဖြေ- ဘာမှတော့ မစဉ်းစာရသေးပါဘူး။ ကျွန်တော့်ညီတွေအတွက် သီချင်းတွေ၊ ပြက်လုံးတွေ လုပ်ရပါဦးမယ်။ ကျွန်တော်တို့ အလုပ်လုပ်ရမယ်။ လုပ်ရမယ့် အလုပ်တွေ မပြီးသေးဘူး။ နိုင်ငံရေးအလုပ်တွေကို ဆက်လုပ်ရဦးမယ်။

မေး- နိုင်ငံရေးအလုပ်ဆက်လုပ်မယ်ဆိုတာက လက်ရှိအခင်းအကျင်းထဲကနေ ပါတီတစ်ခု၊ ပါတီဝင် တစ်ဦးအနေနဲ့ ၀င်ပါမှာကို ပြောတာလား။
ဖြေ- ပါတီထောင်ဖို့၊ ပါတီဝင်လုပ်ဖို့ဆိုတာထက် ၈၈တုန်းက ကျွန်တော်တို့ ဘာကြောင့် လမ်းပေါ်ထွက်ခဲ့ကြလဲ။ ပျင်းလို့ထွက်ခဲ့ကြတာမဟုတ်ပါဘူး။ လိုချင်တာတွေ ရှိလို့ ထွက်ခဲ့ကြတာပါ။ ကျွန်တော်တို့ တကယ်လိုချင်တာ ရပြီလား။ အပြည့်အ၀ မရသေးဘူးဆိုရင် ရအောင်လုပ်ကြရမယ်။ ရန်ကုန်ရောက်မှပဲ ဆက်ပြောကြတာပေါ့။ အခုတော့ လေယာဉ်ပေါ်တက်ရတော့မယ်။

( Eleven Media Group facebook တွင် တွေ့ရသော အင်တာဗျူးကို မိုးမခက ကူးယူ ဖော်ပြသည်)

ယနေ့နံနက်ပိုင်းက မြစ်ကြီးနားမြို့ဒေသခံတို့နှင့်တွေ့ရသော ဇာဂနာ – photo – Eleven Media Group

eleven medig group

voice
voice


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Related posts

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:Uncategorized

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ

By

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၄၊ ၂၀၁၈ မိုးမခစာပေက ထုတ်ဝေပြီး...

Read more »

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ

By

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ (မိုးမခစာအုပ်စင်) အောက်တိုဘာ ၁၈၊ ၂၀၁၈...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ (မိုးမခ) အောက်တိုဘာ ၁၂၊ ၂၀၁၈ မိုးမခစာပေက...

Read more »

မိုးမခမဂ္ဂဇင်း စက်တင်ဘာ ၂၀၁၈ နဲ့ ကာတွန်းရေစီးကြောင်း

By

  မိုးမခမဂ္ဂဇင်း စက်တင်ဘာ ၂၀၁၈ နဲ့ ကာတွန်းရေစီးကြောင်း ထွက်တော့မယ် (မိုးမခ) စက်တင်ဘာ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments