fbpx

Than Win Hlaing – Artilces

May 3, 2013

လူငယ့်ဂုဏ်ရည်မြင့်တက်စေဖို့ – အပိုင်း(၂)
သန်းဝင်းလှိုင်
မေ ၃၊ ၂၀၁၃


လူငယ်တို့ရေ……..
လူတိုင်းလူတိုင်းဟာ ချမ်းသာသုခကို လိုလားကြတယ်။ ချမ်းသာကြွယ်ဝရန်လည်း စိတ်ကူးတွေအမျိုးမျိုးယဉ်တတ်ကြတယ်။ ဒါပေမယ့် စိတ်ကူးယဉ်မျှော်လင့်တိုင်း ချမ်းသာသုခမရနိုင်ဘူးဆိုတာ မင်းတို့လည်း အသိပဲ။ အချို့က ကံမကောင်းသေးလို့ အတိတ်ကံနည်းလို့ ပုဗ္ဗေစအခြေမလှသူဖြစ်နေရတယ်လို့ ကံကြမ္မာကို ရိုးမယ်ဖွဲ့တတ်ကြတယ်ကွဲ့။
တကယ်တော့ ကံ၊ ဥာဏ်၊ ၀ီရိယအကြောင်းတရားသုံးပါးမှာ ကံဆိုတာ ဝေးလွန်းသောအကြောင်းတရား၊ ဥာဏ်ဆိုတာ အလယ် အလတ်အကြောင်းတရား၊ ၀ီရိယကသာ အနီးဆုံးအကြောင်းတရားဖြစ်တယ်ဆိုတာကို သတိမရကြဘူး။
လောကနီတိမှာဆိုထားတာက လောကမှာ ဆင်းရဲရခြင်း အကြောင်းတရားကတွေကတော့ ပျင်းရိခြင်း၊ အသိအလိမ္မာဥာဏ် ပညာနည်းပါးခြင်း၊ ဇွဲသတ္တိမရှိခြင်း၊ ကတိသစ္စာရှိခြင်း၊ ကြိုးစားမှုမရှိခြင်း၊ ယဉ်ကျေးသိမ်မွေ့မှုမရှိခြင်း၊ ချိုးခြံချွေတာမှုမရှိခြင်း၊ ကောင်းသော မိတ်ဆွေမရှိခြင်း၊ စိတ်ဓာတ်ညံ့ဖျဉ်းခြင်း၊ မိန်းမလိုက်စားခြင်း၊ သေရည်သောက်ကျူးခြင်း၊ လောင်းကစားတတ်ခြင်း၊ ယုတ်မာသော မိတ်ဆွေ နှင့်ပေါင်းတတ်ခြင်း၊ ကျန်းမာရေးချို့တဲ့ခြင်း၊ အတတ်ပညာမရှိခြင်း၊ ကြွားဝါတတ်ခြင်း စသည်တို့ကြောင့်ဖြစ်တယ်လို့ ကောက်ချက်ချကြတယ်။ အကျဉ်းချုပ်အားဖြင့်ပြောရရင် `အလဟဿပျင်းသော သူအား၊ ကုတောသိပ္ပံအတတ်အဘယ်မှာတတ်အံ့နည်း၊ အသိပ္ပဿအတတ်မရှိသော သူအားကုတောဓနံဥစ္စာအဘယ်မှာ ရအံ့နည်း။ အဓနဿ ဥစ္စာမရှိသောသူအား၊ ကုတောမိတ္တံအဆွေခင်ပွန်းအဘယ်မှာရအံ့နည်း။ အမိတ္တဿ အဆွေခင်ပွန်းမရှိသောသူအား ကုတောသုခံချမ်းသာအဘယ်မှာရအံ့နည်း။ အသုခဿချမ်းသာမရှိသောသူအား ကုတောပုညံ ကောင်းမှု အဘယ်မှာ ပြုရအံ့နည်း။ အပုညဿကောင်းမှုမရှိသောသူအား ကုတောဝရံနိဗ္ဗာန်ကို အဘယ်မှာ ရနိုင်အံ့နည်း´ လို့ ဆိုထားတယ်မဟုတ်လား။
လောတနီတိအဆိုနဲ့ သဘောသွားတူတဲ့ စစ်ကိုင်းစဥ့်ပါတောရဆရာတော်ရေးစပ်ထားခဲ့သော ဓမ္မနီတိလေးဆစ်ချိုးကဗျာမှာလည်း-
ကျင့်မူရာမှုခပ်ပျင်းနှင့်၊ သွပ်ဖျင်းသူယုတ်တေ၊ တတ်ပညာပဇာတတ်ပါအံ့၊ များမှတ်ကြလေ။
အတတ်ကိုမရှာဖွေလျှင်၊ ဥစ္စာတွေရရေး၊
ဘယ့်နှယ်ကြံဖန်မြောက်ပါ့မယ်၊ မိုးလောက်ကွာဝေး။
ဥစ္စာကံနည်းလို့၊ လက်ချည်းရှိသူမှာ၊
ဆွေခင်ပွန်း၊ ချစ်ကျွမ်းဘယ့်နှယ်မှန်းပါအံ့၊ နွမ်းတဲ့မျက်နှာ။
ခင်ပွန်းကွာ၊ ချမ်းသာရပဲ။
သုခစည်းစိမ်နှင့်၊ ပင်ရိပ်ငြိမ်ခိုမအောင်း၊ ကောင်းမှုချိုမြဲ။
ကုသိုလ်ပုညကို၊ မရတဲ့သူမှာ
စိန်ကျောက်ကယ်ဗိမာန်နှင့်၊ စိတ်သန်ရာရွယ်မလှ၊ ဝေးလှနတ်ရွာ။
ကုသိုလ်ကံမြှောက်မချီးလို့၊ ခြောက်သီးနတ်ရွာကို၊ လပ်ကွာတဲ့သူအား။
ရမ္မက်ကယ်ခွာကန်လို့၊ နိဗ္ဗာန်ကိုဘယ်မှာရောက်ပါ့မယ်။
အထောက်ကယ်မျှော်ခေါ်ကြည့်ဝေး၏ခေါင်ဖျား။
လို့ဆိုထားတယ်။
ဒါ့ကြောင့် တိုးတက်ကြီးပွားလိုသော်လည်း ဖောင်စီးရင်းရေငတ်၊ လမ်းလျှောက်ရင်လမ်းပျောက်နေတဲ့သူအတွက် အစ်ကိုကြီး အားဆေးတစ်ခွက်ပမာ ဆရာအဆူဆူတို့ရဲ့ ကြီးပွားချမ်းသာရေးဆိုင်ရာ အယူအဆတွေကို ဖော်ပြပေးချင်ပါတယ်။
● သင်ဘာကိုအလိုရှိပါသလဲ
ဘ၀ဆိုတာ သင်တို့လက်ခံသော အရာကိုသာ မင်းတို့ကို ပေးပါလိမ့်မယ်။ မင်းဟာ သူလိုငါလို အဖြစ်မျိုးကို လက်ခံသလား၊ ဘဝက မင်းတို့ကို သူလိုငါလိုဖြစ်အောင် လုပ်ပေးလိမ့်မယ်။
အကယ်၍ မင်းဟာ စိတ်မချမ်းသာမှု၊ မပျော်ရွှင်မှုတို့ကို လက်ခံပါသလား။ ဘဝက မင်းကို စိတ်မချမ်းမသာဖြစ်အောင် မပျော်ရွှင်အောင် လုပ်ပေးလိမ့်မယ်။ မင်းဟာ ငွေကြေးကျပ်တည်းပြီး ဆင်းရဲနွမ်းပါးမှုကို လက်ခံပါသလား။ ဘဝကလည်း အဲဒီ့အရာကိုသာ ပေးပါလိမ့်မယ်။
နို့ပေမယ့် အဲဒီအရာတွေကို မင်းငြင်းဆန်မယ်ဆိုရင် ဘဝက မင်းလိုအတင်းအကျပ်မပေးနိုင်ပါဘူး။ ဘဝကို မင်းအလိုရှိရာကို တောင်းဆိုရယူနိုင်ပါတယ်။ မင်းအလိုဆန္ဒအတိုင်း မင်းမူမုချမသွေရမှာမလွဲဘူး။ ဥပမာပေးရရင် မင်းဟာ မချစ်စုသရက်သီးကို စိုက်ရင် မချစ်စု သရက်သီးစားရမှာပဲ။ရင်ကွဲသီးစိုက်ရင်မင်းဟာ ရင်ကွဲသီးကိုသာ စားရမယ်ဆိုတာမှတ်ပါ။ ဘဝကို ကိုယ်ကမပြဌာန်းရင်ဘဝကကိုယ့်ကိုပြဌာန်း သွား ပါလိမ့်မယ်။
● ဘယ်လိုဘဝမျိုးတည်ဆောက်မှာလဲ
ကျွန်းတုံးကြီးတစ်တုံးကို အခေါင်းထွင်းပြီး နွားစာခွက်လုပ်လို့ရသလို ထင်းအဖြစ်လည်း အသုံးပြုလို့ရပါတယ်။ ကုတင်၊ ဗီရို၊ သလွန် ညောင်စောင်းလုပ်နိုင်သလို ရာဇပလ္လင်တည်ဆောက်လို့လည်း ရပါတယ်။
ကျွန်းသစ်ဆိုကတည်းက တန်ဖိုးကရှိပြီးသားပါ။ သူ့ကို လက်ရာမြောက် အနုပညာပစ္စည်းတစ်ခု ဖန်တီးမလား၊ လောင်စာပစ္စည်း အဆင့်အထိ ကျအောင် နှိမ့်ချပစ်မလား အရာရာဟာ မင်းအပေါ်မှာပဲ တည်တယ်ကွဲ့။
ထိုနည်းတူစွာ…..
● လူ။
အင်ကညင်ကြားထဲမှာ ကျွန်းတစ်ပင်ထက်ပို၍ တန်ဖိုးရှိလှသော သတ္တ၀ါလောကထဲက လူရယ်လို့ မွေးဖွားလာပြီဆိုကတည်းက အဖိုးအနဂ္ဃထိုက်တန်ပြီးသား။ ဒါပေမယ့် ကျွန်းတုံးချင်းအတူတူ နွားစားခွက်ဖြစ်သူဖြစ်၊ ရာဇပလ္လင်ဖြစ်သူဖြစ်၊ လက်ရာမြောက် ယမင်းရုပ်ကလေး ဖြစ်ရသလို လူလူချင်းအတူတူ တိရိစ္ဆာန်တမျှ နိမ့်ကျသူတွေရှိသလို အထွတ်အထိပ်ရောက်ကာ လူ့စည်းစိမ်ကို လူဖြစ်ရကျိုးနပ်အောင် ခံစားနေရသူတွေလည်း အများကြီးပါ။
မင်းတို့ဘာဖြစ်ချင်သလဲ။ အားလုံးဟာ မင်းတို့အပေါ်မှာ မူတည်နေတယ်ဆိုတာ သိပြီမဟုတ်လား။
ဒါဆို မင်းဘယ်လိုဘဝမျိုးတည်ဆောက်မှာလဲ။
စိန်မှန်ကင်းဘဝလား။
ထင်းဘဝလား။ ကြိုက်ရာသာရွေးပေတော့။ ငါ့ညီတို့ရေ။
● တည်ကြည်ခြင်း
လူ့ဘ၀မှာ စိတ်သဘောတည်ကြည်ခြင်းဟာ လွန်စွာအရေးကြီးတယ်ကွ။ စိတ်သဘောတည်ကြည်မှသာလျှင် အတတ်ပညာသင် ရာမှာ ဖြစ်စေ၊ ဥစ္စာရှာဖွေရာမှာဖြစ်စေ၊ ကုသိုလ်ကောင်းမှုပြုရာမှာဖြစ်စေ၊ အောင်မြင်ပြီးစီးနိုင်မှုကို ရောက်နိုင်တယ်။ စိတ်သဘော မတည်ကြည်ရင်တော့ ဘယ်အရာမှအောင်မြင်ပြီးစီးမှာမဟုတ်ဘူး။
စိတ်သဘောတည်ကြည်ခြင်းဆိုတာ တကယ်တော့ လောကဓံတရားရှစ်ပါးနဲ့ကြုံတွေ့ရသောအခါမှာ မတုန်လှုပ်ဘဲ ကိုယ်ပြုရမယ့် ကိစ္စအဝဝကိုသာ စွဲမြဲမှန်ကန်စွာပြုလုပ်နိုင်ခြင်းပဲ ဖြစ်တယ်။ အင်္ဂုတ္တရပါဠိတော်လာ လောကသားတွေအမြဲတွေ့ကြုံခံစားနေရတဲ့ လောကဓံ တရားရှစ်ပါးကတော့ (၁) လာဘ-လာဘ်ပေါများခြင်း၊ (၂) အလာဘ-လာဘ်နည်းခြင်း (၃) ယသ-အခြံအရံများခြင်း (၄) အယသ -အခြံအရံ နည်းခြင်း (၅) ပသံသာ-ချီးမွမ်းခံရခြင်း (၆) နိန္ဒ-အကဲ့ရဲ့ခံရခြင်း (၇) သုခ-ချမ်းသာခြင်း (၈) ဒုက္ခ- ဆင်းရဲခြင်း စတဲ့တရားတွေပဲ ဖြစ်ပါတယ်။
အဲဒီတော့ ဘ၀မှာ ဆင်းရဲချမ်းသာကြုံတွေ့ရတဲ့အခါမှာ တုန်လှုပ်ချောက်ခြားမှုမရှိဘဲ မိမိလုပ်ရမယ့်ကိစ္စအဝဝကို စွဲမြဲစွာ မှန်မှန်ကန်ကန်ပြုလုပ်တတ်ခြင်းဟာ တည်ကြည်ခြင်းပဲ ဖြစ်တယ်။ ဒါ့အပြင် မိမိဘဝမှာ အဆိုးနဲ့တွေ့တဲ့အခါ စိတ်ဓါတ်ကျဆင်းမသွားသလို၊ အကောင်းနဲ့တွေ့တဲ့အခါမှာလည်း စိတ်ဓါတ်အလွန်တက်ကြွထောင်လွှားကာ အောက်ခြေမလွတ်တာဟာလည်း တည်ကြည်ခြင်းပဲ ဖြစ်တယ်ဆိုတာကို သိထားဖို့ လိုတယ်ကွဲ့။
အထူးသဖြင့် လူဆိုတာ အိတ်ပိန်ရင် စိတ်ပိန်တယ်၊ အိတ်ဖောင်းရင် စိတ်ပြောင်းတယ်ကွဲ့။ ရာထူးအာဏာရရှိလာတဲ့အခါ၊ ပစ္စည်းဥစ္စာ ရရှိလာတဲ့အခါမှာ မိမိစိတ်ဓါတ်ကို တည်ကြည်မှုရှိအောင် ထိန်းချုပ်ဖို့လိုတယ်။ လူတချို့ဟာ ရာထူးအာဏာလည်း နည်းနည်းရပြီဆိုရင် ရာထူးအရှိန်နဲ့ အာဏာတန်ခိုးလေးပြပြီး လုပ်ပိုင်ခွင့်ဘောင်ကို ကျော်လွန်လုပ်ချင်တဲ့စိတ်ဝင်လာတတ်တယ်။ အဲဒါတွေမလုပ်မိဖို့ မိမိစိတ်ကို ပညာချွန်းနဲ့ အုပ်ပြီး ဆုံးမတည့်မတ်ဖို့လိုတယ်ကွဲ့။ ပါဠိစကားနဲ့ ပြောရင်တည်ကြည်ခြင်းဆိုတာ `သမာဓိ´ လို့ ခေါ်တယ်။ အာရုံတစ်ခု တည်းပေါ်မှာ စိတ်တည်ငြိမ်နေတာဟာ သမာဓိပါပဲ။ သမာဓိနဲ့သတိသမ္ပဇဉ်ဆိုတဲ့ ဝေါဟာရတွေဟာ ဗုဒ္ဓဘာသာဝင်တွေအဖို့ နားယဉ်နေတဲ့ စကားရပ်တွေပါပဲ။ သတိသမ္ပဇဉ်ဆိုတာ မမေ့လျော့သောဥာဏ်အဆင်ခြင်ကို ဆိုလိုတာပဲ။
အာရုံထွေပြားမှုမရှိဘဲ သတိနဲ့ဆင်ခြင်ရင် ပညာတည်းဟူသော အသိဥာဏ်ကို ရတယ်ကွဲ့။ ပညာဆိုတာ ဆည်းပူးယူရသော အသိဥာဏ်ပဲဖြစ်ပါတယ်။ ပညာဟာ `အပြစ်အကျိုး ခွဲခြားနိုင်ခြင်းဥာဏ်´ လို့ ဆရာတော်ရှင်မဟာသီလ၀ံသက ပါရာယန၀တ္ထုတော်မှာ ဖွင့်ဆိုထားတယ်။ အမှန်ကိုမသိခြင်းဟာ လောကမှာ အဆိုးရွားဆုံးဖြစ်တယ်ကွဲ့။ အကြောင်းအကျိုးအဆိုးအကောင်းကို ခွဲခြားနိုင်သော ဥာဏ်ဖြစ်တဲ့ပညာကို သမာဓိနဲ့ သတိသမ္ပဇဉ်နဲ့ယှဉ်ပြီး ဆည်းပူးလေ့လာခြင်း၊ ဆင်ခြင်ကြံဆခြင်းတို့ဖြစ်သာ ရနိုင်တယ်ဆိုတာပါပဲ။
ဒီနေရာမှာ လောကဓံတရားရဲ့သဘောအတိုင်း မိမိအကျိုးပေးခွင့်မရသေး၍ နိမ့်ကျနေသောအခါမှာ စိတ်ဓါတ်ပျက်၊ ဝမ်းနည်းမနေဘဲ ကိုယ်လုပ်ရမယ့် အလုပ်ကို သတိဝီရိယနဲ့ တည်ကြည်စွာပြုလုပ်သွားရန်လိုပါတယ်။ သတိဆိုတဲ့ ပါဠိဝေါဟာရအနက်က အောက်မေ့ခြင်း၊ အမှတ်ရခြင်း၊ တစုံတခုသောအာရုံကို အစဉ်မပြတ်သိနေခြင်း စတဲ့ အဓိပ္ပါယ်တွေရတယ်။ ဒါ့ကြောင့် တွင်းသင်းတိုက်ဝန်မဟာစည်သူက မဟာဇနက္ကပျို့မှာ `သက်နှင့်အရှိသတိမြဲမြံ၊ ကြံမလျှော့ရာ၊ မပေါ့သာတည့်´ လို့ ဖွင့်ဆိုထားတယ်မဟုတ်လား။ ရှင်တော်ဗုဒ္ဓမြတ်စွာဘုရား ကလည်း `ချစ်သားရဟန်းတို့ မမေ့မလျော့သောသတိနှင့် နေကြကုန်လော့´ ဟု ဆုံးမတော်မူခဲ့တယ်။ ဒါ့ကြောင့် လူငယ်တို့ရေ…. တိုးတက်ကြီးပွားလိုပါက စိတ်နှလုံးတည်ကြည်ကြဖို့လိုတယ်ဆိုတာကို အစ်ကိုကြီး အထူးပြောစရာမလိုတော့ဘူးပေါ့။
● ဆန္ဒဖြင့်အနိုင်ယူပါ
လူငယ်တို့ရေ…..
အလုပ်နဲ့မပြီးနိုင်သောအရာ၊ လုပ်၍ မဖြစ်သောအရာဟာ ဒီကမ္ဘာလောကမှာ မရှိပါဘူး။ ပြင်းပြထက်သန်သော ဆန္ဒကိုသာ လက်ကိုင်ထားပြီး လုပ်ကြည့်ပါ။ အောင်မြင်မှုရမှာမုချမလွဲပါပဲ။ လူတိုင်းလူတိုင်းဟာ တယောက်နဲ့ဥာဏ်ရည်သိပ်ကွာလှတာမဟုတ်ဘူး။ ကမ္ဘာကျော် ရူပဗေဒပညာရှင်အိုင်းစတိုင်း ကွယ်လွန်ပြီးတဲ့နောက် သူ့ဦးနှောက်ဟာ သာမန်လူတွေထက် ထူးကဲတယ်ထင်ပြီး သုတေသန ပြုလုပ်ခဲ့ပြီး စစ်ဆေးခဲ့ရာမှာ ထွက်လာတဲ့အဖြေက သာမန်လူတစ်ယောက်ရဲ့ဦးနှောက် (တစ်နည်း) ဥာဏ်ရည်ပါပဲတဲ့။ သူက ဘာကွာသွားသလဲဆိုရင် သာမန်လူတွေထက်သာတဲ့ ပြင်းပြသော ဆန္ဒပဲ။ ဆန္ဒကတော့ လူတိုင်းထားနိုင်ကြတာမဟုတ်ဘူး။ ဒါ့ကြောင့် လိုချင်သော၊ ဖြစ်လိုသော ကိစ္စတိုင်းကို ရဖို့အတွက် ဆန္ဒအရင်းခံရှိဖို့သာ လိုတယ်။ ကမ္ဘာကျော်သမိုင်းပညာရှင် `ဆင်မြူရယ်ဆမိုင်းလိ´ က သူရဲ့ `မိမိကိုယ်ကို ကူညီပါ´ စာအုပ်မှာ တစ်နေ့တာလုပ်ငန်း အဝဝကို အစီအစဉ်ချမှတ်ပြီး ဂရုတစိုက်ဆောင်ရွက်လေ့ရှိတဲ့ လက်သမား တစ်ယောက်အကြောင်းကို အခုလို မှတ်တမ်းတင်ထားတယ်ကွဲ့။
လက်သမားဆရာဟာ ထိုင်ခုံတစ်လုံးကို ပြင်ဆင်နေတယ်။ အဲဒီအချိန်မှာပဲ အခြားလူတစ်ယောက်ရောက်လာပြီး `ဘာဖြစ်လို့ ဒီထိုင်ခုံကို ပြင်နေသလဲ´ လို့ မေးတယ်။ သူက `ကျနော် ဒီထိုင်ခုံအပေါ် ထိုင်ချင်တဲ့အခါ သက်သက်သာသာနဲ့ ထိုင်နိုင်ဖို့ ဒါကိုလုပ်နေတယ်´ လို့ပြန်ဖြေလိုက်တယ်။
ဆိုလိုတာက ဒီထိုင်ခုံငယ်ကို လက်သမားဆရာဟာ သူထိုင်ချင်လို့ ပြင်ဆင်နေခြင်းသာဖြစ်တယ်။ အကယ်၍များ သူ့မှာ သက်သက်သာသာနဲ့ ထိုင်လိုစိတ်မရှိခဲ့ရင် သူဟာ အခုလို အပင်ပန်းခံပြီး ပြင်ဆင်နေမှာတော့ မဟုတ်ဘူး။ ဖြစ်သလို ထိုင်လိုက်မှာပဲ။ အဖြေက ရှင်းနေတာပဲ။
လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး စတဲ့ ကဏ္ဍတွေမှာ ထိပ်ပိုင်းရောက်နေသူတွေကို ကြည့်လိုက်ပါ။ သူတို့ဟာ သူတို့ရဲ့ ရောင်းရင်းမိတ်ဆွေတွေထက် စိတ်ဓါတ်ရေးရာမှာ မယုံနိုင်လောက်အောင် မြင့်မားတိုးတက်နေတဲ့အဖြစ်ကို တွေ့ရလိမ့်မယ်။ ဘာကြောင့်လဲ။ သူတို့အားလုံးလိုလိုဟာ ထူးခြားမှတ်သားဖွယ်ကောင်းတဲ့ ဆန္ဒစွမ်းအားကိုယ်စီရှိတာကြောင့်ပဲပေါ့။
ရောမစစ်သူကြီး ဂျူလီယက်ဆီဇာရဲ့အကြောင်း ရေးထားတဲ့ စာအုပ်တစ်အုပ်မှာ သမိုင်းပညာရှင်တစ်ဦးက အခုလို မှတ်ချက်ချထား တယ်။
`သူ (ဆီဇာ) ဘာလိုချင်သလဲ၊ အဲဒီအခါ သူလိုချင်တဲ့ဆန္ဒကို ပြင်းထန်အောင်လှုံ့ဆော်လိုက်တာပဲ။ ဒါဟာ တိုက်ပွဲတိုင်းကို အောင်နိုင်စေတဲ့ ဆီဇာရဲ့ စစ်ရေးစွမ်းရည်ထက် အဆပေါင်းများစွာ ကြီးမားတဲ့ ပင်ကိုယ်စွမ်းရည်တရပ်ပဲလို့ ဆိုရမယ်´ လို့ ရေးထားတယ်။
ဒါ့အပြင် စစ်သူကြီးဟန်နီဘောလ်ရဲ့ ဘဝကလည်း စိတ်ဝင်စားစရာပါပဲ။ သူ့မှာ ခိုင်မာသော ဆုံးဖြတ်ချက်ရှိတယ်။ ပြင်းပြသောဆန္ဒ စွမ်းရည်လည်းရှိတယ်။ အဲဒီစွမ်းရည်တို့ကသာ သူ့ကို များစွာသော စစ်သည်များနဲ့ သမိုင်းပညာရှင်တို့က ယနေ့တိုင် ကမ္ဘာ့အထင်ရှားဆုံး စစ်သူကြီးအဖြစ် ထာဝစဉ်ကမ္ဗည်းတင်ပြီး လေးစားဂုဏ်ယူစေရတဲ့ အကြောင်းအရင်းတစ်ခုပါပဲ။
ထူးခြားသောအခြားပါရမီရှင် အကျော်ဇေယျပုဂ္ဂိုလ်ထူးတစ်ဦးကို ထပ်ပြီး ညွှန်ပြပါဆိုလျှင် ပြင်သစ်ဧကရာဇ်နဲ့ စစ်ဗိုလ်ချုပ်ကြီး နပိုလီယန်ကို လက်ညှိုးညွှန်ပြရမှာပဲ။ နပိုလီယန်သည် သူမတူထူးကဲသော ပုဂ္ဂိုလ်ထူးတစ်ယောက်ကွဲ့။ `လောကမှာ မဖြစ်နိုင်သောအရာမရှိ´ လို့ သူ ခဏခဏပြောဘူးတယ်။
ဒီစကားကို သူဟာ အပြောသက်သက်မဟုတ်ဘူး။ လက်တွေ့လဲ ကျင့်သုံးပြခဲ့တယ်။ သူ့စစ်တပ်ကြီးနဲ့အတူ အဲလ်ဗတ်တောင်တန်းကြီးကို ဖြတ်ကျော်စဉ်က `တောင်တန်းကြီးက ကာဆီးထားလို့ ဘယ်လိုဖြတ်ကျော်နိုင်မှာလဲ။´ ဟု သူ့နောက်လိုက် တပ်မှူးတွေက တီးတိုးစကားဆိုကြတယ်။ ဒီစကားလည်း ကြားရော နပိုလီယန်က `အဲလ်ဗတ်တောင်ဆိုတာ မရှိဘူး´ ဟု ပြတ်ပြတ်သားသား ပြန်ပြောပြီး အဲဒီတောင်တန်းကြီးကို ဇွဲသန်သန်နဲ့ အောင်မြင်စွာကျော်ဖြတ်သွားခဲ့တယ်။
ပုဂ္ဂိုလ်တစ်ဦးတယောက်ရဲ့ သတ္တိဗျတ္တိကြောင့် လက်နက်ချအရှုံးပေးရတော့မယ့် ဆဲဆဲမှာ ကြမ္မာရဟတ်တပတ်လည်ကာ အောင်နိုင်စွာသွားတဲ့ အဖြစ်အပျက်တွေကို ကမ္ဘာ့သမိုင်းစာမျက်နှာတွေမှာ ရှာဖတ်ကြည့်ရင် အထင်အရှားတွေ့ရမယ်။ ၁၈ဝဝပြည့်နှစ် ဇွန်လ ၄ ရက်နေ့က သြစတြီးယားနဲ့ ပြင်သစ်တိုပ စတင်တိုက်ခိုက်ခဲ့သော မာရင်ဂိုးတိုက်ပွဲ (Battle of Marengo) စစ်မြေပြင်မှာ ပြင်သစ်တို့ ဆုတ်ခွာအံ့ဆဲဆဲမှာ နပိုလီယံက သူ့လက်ထဲက ခါးပိုက်ဆောင်နာရီကို ငုံ့ကြည့်ပြီး အခုလိုပြောလိုက်တယ်။
`ရဲဘော်တို့ စစ်ပွဲပြီးတော့မယ်။ တို့တွေ နိုင်နေပြီ။ နောက်ထပ် နှစ်နာရီလောက်ပါပဲ´
ဒီစကားတခွန်းတည်းနဲ့ပင် စစ်ပွဲကို ပြင်သစ်တို့ အနိုင်ယူခဲ့တယ်လို့ ဆိုရိုးရှိခဲ့တယ်။ ဒီဖြစ်ရပ်ဟာ နောင်ရိုးတိုက်ပွဲမှာ မိမိထက် အဆပေါင်းများစွာသော ရန်သူတပ်ကို အနိုင်ယူခဲ့သော ဘုရင့်နောင်ကျော်ထင်နော်ရထာရဲ့ `ဖောင်ဖျက်အမိန့်´ ထုတ်ပြန်ပုံနဲ့ ခပ်ဆင်ဆင်ပါပဲ ကွာ။ ချောင်းကိုဖြတ်ကူးလာသောဖောင်အား အခြေအနေမကောင်းပါက ပြန်အသုံးပြုရန် မဖျက်ဘဲ ထားရန် လျှောက်တင်ကြတဲ့ တပ်ဗိုလ်အချို့အား `ငါတို့ ယခုတိုက်ပွဲမုချအောင်မယ်။ ကစဥ့်ကလျားထွက်ပြေးပြီးဖောင်နဲ့ဖြတ်ရန်အကြောင်းမရှိတိုက်ပွဲပြီးမှ ဖောင်ပြန်ဖွဲ့ကာ ကူးမယ်။ အခုဖောင်တွေအားလုံး ဖျက်ဆီးစေ´ လို့ ခပ်ပြတ်ပြတ်အမိန့်ပေးပြီး သူကိုယ်တိုင် ဦးဆောင်ပြီး ရဲရဲဝံ့ဝံ့ တိုက်ခိုက်လို့ နောင်ရိုးတိုက်ပွဲအနိုင်ရခဲ့တယ်မဟုတ်လား။
ဘဝဆိုတာ ပန်းခင်းသောလမ်းမဟုတ်ဘူး။ ဘယ်လိုပင် အခက်အခဲကြုံကြုံ၊ စိန်ခေါ်မှုတွေ တွေ့တွေ့ ကံကြမ္မာကိုသာ ရိုးမယ်ဖွဲ့ မနေသင့်ဘူး။ ဘဝသခင်လူသာ ပဓါနဆိုတဲ့စိတ်ထားပြီး အားလုံးကို ကျော်ဖြတ်ရဲရမယ်။
ဘယ်အရာမဆို လိုချင်ရင် အားထုတ်ပါ။ ဖြစ်ချင်လျှင်ကြိုးစားပါ။ ဘယ်အရာမှ အလကားမရဘူးဆိုတာ မှတ်ပါ။ ပြင်းပြထက်သန်သော ဆန္ဒရှိခြင်းကသာ ပဓါနဖြစ်တာမို့ ဆန္ဒတည်းဟူသော မြေပေါ်မှာ ဇွဲလုံ့လ ကြိုးပမ်းခြင်းဟူသော မျိုးစေ့ကို စိုက်ပျိုးလိုက်ပါက အောင်မြင်ခြင်းဟူသော သစ်ပင်လေးဟာ ရှင်သန်ပေါက်ပွားလာမှာ အမှန်ပဲဆိုတာကို အစ်ကိုကြီးအကြံပေးပါရစေကွာ။
● မိမိအပေါ် ယုံကြည်မှုရှိပါစေ
လူ့အဖွဲ့အစည်းအတွင်း နေထိုင်လျက်လူအများနဲ့ ဆက်ဆံလုပ်ကိုင်နေကြသူတိုင်းဟာ လူအများက ကိုယ့်အပေါ်ယုံကြည်လေးစား ဖို့ အထူးလိုအပ်တယ်။ `မယုံရဘူး၊ စိတ်မချရဘူး၊ ဒီလူဟာ `အာ´ သမားပဲ´ ဆိုတဲ့ သတင်းစကားတွေဟာ အဲဒီလူအဖို့ အဆိုးဆုံးသတင်းတွေပါပဲ။ မယုံရသူကို လူတိုင်းက ဝေးဝေးရှောင်ကြမှာပဲ။ မရှောင်သာလျှင်လည်း ကြည်ကြည်သာသာ ဖော်ဖော်ရွေရွေ မဆက်ဆံကြဘူး။ `ဒီလူဟာ ကတိတည်တာမဟုတ်ဘူး။ ရွှေထွက်နေပါစေ ဒီလူနဲ့ဆို ဘာအလုပ်မှ မလုပ်ချင်ဘူး။ သူနဲ့ပေါင်းရင် သတိသာ ထားပေတော့ကိုယ့်လူရေ´ ဟု မိတ်ဆွေများက ထိုသူနှင့် ဆက်ဆံနေရသူအား သတိပေးကြပေလိမ့်မယ်။
လခစားအလုပ်မှာ လုပ်ကိုင်သူပင်ဖြစ်အုံး။ မယုံကြည်အပ်သော သူသည် ရာထူးတိုးတက်ဖို့ ခဲယဉ်းပါတယ်။ ရာထူးတိုးပေးရန် စဉ်းစားရာမှာ `ရိုးသားခြင်း၊ ယုံကြည်အားကိုးရခြင်း´ ဟူသော အရည်အချင်းတွေဟာ ပညာအရည်အချင်း၊ လုပ်ငန်းလက်တွေ့ကျွမ်းကျင်မှု အရည်အသွေးတွေထက် ပို၍ သတိပြုခြင်းခံရသော အရည်အချင်းများပင် ဖြစ်တယ်။ ကိုယ်ပိုင်လုပ်ငန်းလုပ်ရင်လည်း ယုံကြည်အပ်ခြင်း၊ ကတိတည်ရိုးသားခြင်း ဂုဏ်တွေဟာ အလွန်အရေးပါတယ်ကွဲ့။ အစ်ကိုကြီး ဦးထုံရွှေဆိုင်ရဲ့ ကြော်ငြာတစ်ခုကို သိပ်သဘောကျတယ်။ ဘာတဲ့။ `ယုံကြည်မှုဖြင့် ကျေနပ်စေရမည်´ တဲ့။ ဟုတ်တယ်လေ။ ကိုယ်က ၁၆ ပဲရည် ရွှေဖိုးပေးဝယ်တာကို ၁၅ ပဲရည်နဲ့ အလိမ်ခံရရင် ဘယ်သူမဆို ဒီလိုဆိုင်မျိုးကို ဘယ်ဝယ်တော့မလဲ။ မဝယ်တာနောက်ထား ပြဿနာမဖြစ်ရင်ကံကောင်းလှပြီမှတ်ပါ။
ကိုယ်ပိုင်လုပ်ငန်းတိုင်းမှာ အများနဲ့ ဆက်ဆံရခြင်း၊ စီးပွားဖက်တို့နဲ့ အပေးအယူပြုရခြင်းတို့ဟာ အမြဲဒွန်တွဲနေတယ်။ အဲဒီအရေးကိစ္စ တွေမှာ ယုံကြည်မှုမရှိရင် အဲဒီလူနဲ့ ဘယ်သူမှ စီးပွားဖက်လုပ်ကိုင်ကြမှာမဟုတ်ဘူး။ သူတပါးအားပေးဆပ်ရမယ့်အကြွေးကို မပေးဆပ်ဘဲ လိမ်ညာနေတဲ့သူတွေဟာ တနပ်စားဥာဏ်ရဲ့ အပြစ်ကို များမကြာမီ လှလှကြီးခံရတတ်တယ်ကွဲ့။ မယုံကြည်အပ်သောသူနဲ့ စီးပွားဖက်မပြုသူဟာ မိုက်မဲသူသာဖြစ်တယ်။ ဒါမှမဟုတ်။ အလွန်ထုံလွန်းသူသာဖြစ်လိမ့်မယ်။ ဘယ်သူမှ ထိုသို့မဖြစ်လိုကြပါ။
မယုံကြည်အပ်တဲ့သူတွေဟာ ပြောတော့ရွှေမန်းပဲ။ အက ကသာ ချိုမိုင်မိုင်ဖြစ်နေတာကွဲ့။ ပြောသမျှစကားတို့ဟာ မစားရဝခမန်း ရွှန်းရွှန်းဝေနေတတ်သော်လည်း ကိုယ်ပြောတဲ့စကားကို ကိုယ်တာဝန်ယူတတ်တာမဟုတ်ဘူး။ စကားမတည်တဲ့လူဟာ ကတိလည်းမတည်ဘူးကွဲ့။ သစ္စာရှိဖို့ဆိုတာဝေးရော။ စကားအမျိုးမျိုးပြောပြီး သူတပါးအား နားလှည့်ပါးလှည့် ပြုတတ်တယ်။ အဲဒီလူလိမ်မျိုးဟာ ဖော်ရွေတယ်။ ဒေါသကို ကောင်းစွာထိန်းသိမ်းကာစကား အလှမပျက်အောင်ပြောပြီး မိမိရဲ့ မုသားကို ကျင်လည်စွာ ဖုံးဖိတတ်တယ်ကွဲ့။ မိမိအပေါ် ကျမယ့်အပြစ်ကိုလည်း ဘယ်တော့မှ ဝန်မခံသလို သူတပါးအပေါ် ပုံချတတ်သလို ငုံ့ခံမယ့်လက်အောက်ငယ် သားတွေအပေါ်မှာလည်း ပုံချတတ်တယ်။ ရှေ့တမျိုး ကွယ်ရာတမျိုး လှည့်ပတ်ပြောဆိုတယ်။ မိမိရဲ့ စကားကို သူတပါးရဲ့ စကားဖြစ်အောင် `လျှာ´ လှည့်တတ်တာမို့ အင်မတန်ကြောက်စရာကောင်းတယ်။
မယုံကြည်ထိုက်သူတွေဟာ အပေါ်ယံအားဖြင့် အလွန်ရည်မွန်ဖော်ရွေတတ်တဲ့အသွင် ဆောင်တတ်တယ်။ ပထမပိုင်းမှာ ကတိတည်မယ့်ပုံကို ပြတတ်တယ်။ ကတိမတည်တဲ့သူ၊ သစ္စာမရှိတဲ့သူကို အပြစ်ပြောကာ အသံကောင်းလွှတ်တတ်တယ်။ ဖွတ်လျှာသဏ္ဍာန် နှစ်ခွဥာဏ်နဲ့ ကလိန်စေ့ငြမ်းဆင် ချစ်စဖွယ်တီတီတာတာ ပလီပလာလည်း ပြောတတ်ကြတယ်။ ကြမ်းပိုးကို လိပ်ဖြစ်အောင်ပြောတတ်တာ သူတို့ပဲ။ သူ့အပြစ်ကိုပင် အကြောင်းမျိုးစုံကြောင့်ပဲ ဖြစ်ရသလို သူတပါးရဲ့ ပယောဂကြောင့်ပဲ ဖြစ်ရသလို လျှာအရိုးမရှိတိုင်း ပြောတတ်ကြတယ်ကွဲ့။
စကားမတည် ကတိမတည်သူဟာ သစ္စာမဲ့သူသာဖြစ်တယ်။ သစ္စာမဲ့ပုံမှာလည်း အမျိုးမျိုးရှိတယ်။ အသွင်အဖုံဖုံ နည်းအသွယ်သွယ် ရှိတယ်။ ကောက်ကျစ်တဲ့ သူရဲ့ဥာဏ်ဟာ ရွှေဥာဏ်တော်စူးရှသလားမမေးနဲ့။ အကယ်ဒမီဆယ်ထပ်ကွမ်းရ ရုပ်ရှင်မင်းသားတောင် သူ့ကို မီမယ်မထင်ဘူး။
အဲဒီလူမျိုးကို အနောက်တိုင်းစကားပုံက `မြက်ထဲကမြွေ´ လို့ တင်စားကြတယ်။ မြက်ထဲက မြွေဟာ မြက်နဲ့ မြွေအရောင်ရောနေတာ ကြောင့် ကွဲကွဲပြားပြားမသိနိုင်ကြဘူး။ ကိုယ့်ကို အပေါက်ခံရတာမှ သာသိကြတယ်။ ပေါက်ပြီးနောက် အဲဒီမြွေဟာ မြက်တော လျှောဝင်သွားတာမို့ သူ့ကို အဖမ်းရခက်တယ်။
ကောက်ကျစ်တဲ့သူနဲ့ ရိုးသားသူတို့ တစုံတရာပြဿနာဖြစ်ကြရင် များသောအားဖြင့် ရိုးသားသူက ခံရစမြဲပဲ။ ကောက်ကျစ်မှုမှာလည်း အထွေထွေအပြားပြားရှိတယ်ကွဲ့။ အတိမ်အနက်အဖုံဖုံရှိတယ်။ လိမ်စရာမရှိ။ မနေနိုင်လွန်းလို့ ကိုယ့်ပေါင်ကိုယ်ပြန်လိမ်ဆိုသလို တသက်လုံး လိမ်စားနေသူတွေလည်း အများကြီးပဲ။ အကွက်ဆိုက်မှ စားသာမှ ကျကျနနပိပိရိရိ လိမ်သူတွေကလည်း ဒီကမ္ဘာမှာ ဒုနဲ့ဒေးပဲ။ အငယ်စားနဲ့ အကြီးစားသာကွာတာ။
ဥာဏ်နီဥာဏ်နက်ခေါ်တဲ့ ကောက်ကျစ်စဉ်းလဲတဲ့ အကြံဥာဏ်ဆိုတာ လူတိုင်းလုပ်နိုင်တာမျိုးမဟုတ်ဘူး။ လူတိုင်းလည်း မသုံးတတ်ဘူး။ မွေးရာပါလို့ ခေါ်ရမလားမသိဘူး။ ဒါ့ကြောင့် လူလိမ်လူကောက်ဟာ မွေးရာပါ ဥာဉ်ရှိသူဖြစ်တယ်လို့ ဆိုကြတယ်ကွဲ့။ အသီးမမာ အတောင့်မကြီး လူမမည်အရွယ်မရောက်ခင်ကတည်းက လိမ်တတ်ကောက်တတ် လှည့်တတ်တဲ့ ကလေးမျိုးတွေကို တွေ့ရဘူးတယ်။ အဲဒီကလေးမျိုးဟာ ဥာဏ်နီဥာဏ်နက်မှာ မသင်ဘဲတတ်သလား အောက်မေ့ရတယ်။ ငယ်စဉ်ကတည်းက မုသားကို အရွယ်နဲ့မလိုက်အောင် လှည့်၍ လွှာ၍ သုံးတတ်တဲ့ကလေးမျိုးတွေကို တွေ့ဘူးတယ်။ အဲဒီကလေးမျိုးဟာ မိဘဘိုးဘွားတို့ကို ချစ်အောင် တီတီတာတာပြောတတ် ချွဲတတ်တယ်။ အခြားကလေးတွေထက် အခွင့်အရေးပိုရအောင် ချော့တတ် ချူတတ်တယ်။ သွက်လက်ချက်ချာပြီး လူကြီးလို စကားပြောကျွမ်းကျင်တာမို့ ချီးမွမ်းခံရတတ်တယ်။ အဲဒီကလေးမျိုးကြီးလာရင်တော့ `လူလည်´ ဖြစ်တာများတယ်။ သွက်လက်ချက်ခြာသော ကလေးတိုင်းတော့ လိမ်တတ်တာမဟုတ်ဘူးပေါ့။
စစ်ကြိုခေတ်က `နေအေး၏လိမ်နည်းများ´ စာအုပ်တစ်အုပ် ထွက်ဖူးတယ်။ နောက် ဆရာကြီးမဟာဆွေက လူလိမ်လူကောက် တစ်ယောက်အကြောင်း ဝတ္ထုရေးဖူးတယ်။ နောက် ဆရာကြီး ဦးသုခက ရုပ်ရှင်တောင်ရိုက်ပြဖူးတယ်။ လိမ်နည်းအမျိုးမျိုးဖြင့် လိမ်သွားလှည့်သွားတဲ့ အဲဒီဇာတ်ကားကိုကြည့်ပြီး ပရိသတ်ရယ်မောကြတယ်။ အများက ရယ်စရာလို ပေါ့ပေါ့တန်တန်သဘောထားကြတယ်။
အဲဒီလူမျိုးတွေဟာ သူတပါးအလိမ်ခံရလျှင် ညံ့လို့ဆိုပြီး ပြုံးနေတတ်တယ်။ ကိုယ်တိုင်အလိမ်ခံရမှ မဲ့ရကောင်းမှန်းသိတတ်တယ်။ အခုခေတ်ဆိုရင် မြန်မာပြည်မှာ လူလိမ်လူကောက်တွေ ပေါသလားမမေးနဲ့။ ကိုယ်ကလွဲပြီး တွေ့တဲ့သူတိုင်းကို လူလိမ်တွေလို့ ပြောရမလိဖြစ်နေတယ်။ လည်သလိုစား၊ စားသာသလိုစား၊ အတိုက်အခံမလုပ်နဲ့ ဆိုတဲ့စကားသံတွေကို နားငြီးအောင်ကြားနေရတယ်။ အခုခေတ် လူလိမ်ဘယ်လောက်ပေါသလဲဆိုရင် ရိုးတဲ့သူကို လူအ, ငတုံးလို့တောင် အခေါ်ခံရတဲ့ ခေတ်ဖြစ်နေတယ်။
ဘယ်လိုဖြစ်ဖြစ် `ဘယ်သူတရားပျက်ပျက် ကိုယ်မပျက်စေနှင့်´ `ကိုယ်ကောင်းလျှင် ခေါင်းမရွေ့´ ဆိုတာကို နှလုံးသွင်းပြီး ကောင်းတဲ့စိတ်ကို မွေးပါ။ မကောင်းမှုဆိုတာ ဆိတ်ကွယ်ရာမရှိပါဘူး။ ပြီးတော့ ကိုယ်ပြုသောကံ ပဲ့တင်သံ ကိုယ့်ထံပြန်လာမယ် ဆိုတာကိုလည်း မမေ့နဲ့ပေါ့။
`ဘုရားမှတ်လို့ ကိုးကွယ်မိ၊ ဖွတ်ထွက်လာမှ တောင်ပို့မှန်းသိ´  ဆိုတဲ့ ဆိုရိုးစကားတစ်ခုရှိတယ်။ သူတော်စင်သူတော်ကောင်း ထင်မှတ်ကာ ကိုးကွယ်ဆည်းကပ်နေရာမှ သိက္ခာမရှိသော လုပ်ရပ်လုပ်တာကို မြင်ပြီး သူတော်ယောင်ထံမှ ဖယ်ခွာခဲ့သူတို့ ပြောလေ့ရှိသော နောင်တရစကားပါပဲ။ အဲဒီလူတွေဟာ တောင်ပို့ထဲက ဖွတ် သတ္တ၀ါထွက်လာသကဲ့သို့ လက်ဆုပ်လက်ကိုင်တွေ့မြင်ရတဲ့ အခြေအနေနဲ့ ကြုံရ တော့မှသာ မိမိရဲ့ မှားယွင်းသော ကိုးကွယ်မှုကို အသိတရားရကြတဲ့ သူတွေပါပဲ။ ကျောချမခံရသေးသရွေ့ ဓားပြမှန်းမသိသူတွေပေါ့။
စီးပွားရေးလောက၊ နိုင်ငံရေးလောက၊ အနုပညာလောကတွေမှာလည်း `တောင်ပို့´ တွေအများကြီးရှိတယ်။ တောင်ပို့ကို ဘုရားမှတ်လို့ ကိုးကွယ်တဲ့ကိစ္စမှာ တောင်ပို့က သူ့ဘာသာနဂိုကတည်းက ရှိနေတာကို ကိုးကွယ်သူတွေက အယူအမှတ်မှားပြီး ကိုးကွယ်တာပဲ ဖြစ်တယ်။ တောင်ပို့အပြစ်မဟုတ်ဘူး။ လူ့ `တောင်ပို့´ တွေကတော့ မသိနားမလည်တဲ့သူတွေကို အယုံသွင်းပြီး လိမ်တတ်ကြတယ်။
လိမ်လည်မှုတိုင်းမှာ အလိမ်ခံရသူဘက်မှာလည်း အပြစ်မကင်းဘူးလို့ ပြောစမှတ်ရှိတယ်။ ဘာဖြစ်လို့လဲဆိုတော့ အများစုဟာ လောဘ၊ မောဟကြောင့် အလိမ်ခံရတာများတယ်။ လောကမှာ အယုံလွယ်ရင် အလိမ်ခံရတတ်တယ်။ လောဘတက်ရင်လည်း အလိမ်ခံရတတ်တယ်။ မောဟရှိရင်လည်း လိမ်လို့အကောင်းဆုံးပေါ့။ လိမ်လည်သူတိုင်းကတော့ သူပစ်မှတ်ထားရာသားကောင်ကို လောဘထွက်လာအောင် မက်လုံးပေးမယ်။ ယုံလောက်အောင် ပြောမယ်။ ပြီးမှ လိမ်မယ်။ ယုံလောက်အောင်ပြောတိုင်း ယုံတာဟာ ခွဲခြားဝေဖန် နိုင်စွမ်းမရှိတဲ့ မောဟကြောင့်ပဲ။
ပုထုဇဉ်တိုင်းဟာ လောဘ၊ဒေါသ၊ မောဟ စိတ် ရှိကြတာပါပဲ။ အနည်းအများသာ ကွာခြားမယ်။ ပညာနဲ့ ဆင်ခြင်နိုင်စွမ်းရှိသူဟာ လောဘ၊ ဒေါသ၊ မောဟ နည်းပါးမယ်။ အသိဥာဏ်ပညာနည်းပါးသူဟာ လောဘ၊ ဒေါသ၊ မောဟများမယ်။ ဒါ့ကြောင့် အသိဥာဏ်ဆင်ခြင် တုံ တရားနဲ့ ထိန်းသိမ်းရမယ်ကွဲ့။
ဘယ်လိုဖြစ်ဖြစ် လူ့သိက္ခာ၊ လူ့တန်ဖိုးကို မြှင့်တင်ရာမှာ `ရိုးသားခြင်း´ ဟာ အရေးပါဆုံးပါပဲ။ ရိုးသားမှုကြောင့် ဖြစ်ထွန်းလာတဲ့ လူ့ဂုဏ်သိက္ခာဟာ ဘယ်အရာနဲ့မှ နှိုင်းဆလို့မရဘူး။ ရွှေ၊ ငွေ၊ ပစ္စည်းဥစ္စာ ရတနာတွေကြောင့် မြင့်မားလာတဲ့ ဂုဏ်သိက္ခာနဲ့ မတူ။ ရာထူးဌာန္တရများကြောင့် အသိအမှတ်ပြုခံကြရခြင်းဟာလည်း ယာယီသဘောမျှသာဖြစ်ပါတယ်။ ရိုးသားဖြောင့်မတ်မှုကသာ ဘဝတလျှောက် လုံး ထာဝရဂုဏ်ယူရမယ့် လူ့သိက္ခာပါပဲ။
ရိုးသားမှုဆိုရာမှာ စောစောပြောခဲ့သလိုပါပဲ။ အလုပ်နဲ့ရိုးသားမှု၊ အပြောအဆို၌ဖြောင့်မတ်မှု၊ အနေအထိုင်၌သိမ်မွေ့မှု၊ စည်းကမ်းရှိမှုတွေပါပဲ။ အပြောမှန်လျှင် အလုပ်မှန်မယ်။ အလုပ်မှန်ရင် အနေမှန်မယ်။ ကိုယ်စိတ်နှလုံး သုံးပါးစလုံး ဖြောင့်မှန်ပါက ရိုးသားမှု ရှိလာမယ်။ ရိုးသားသူတိုင်းကို လူတိုင်းယုံကြည်စိတ်ချကြတယ်။ လူလူချင်း၊ လူ့အဖွဲ့အစည်းအချင်းချင်း ဆက်ဆံပေါင်းသင်းကြရာမှာ ရိုးသား ယုံကြည်စိတ်ချရသူတွေကို လူတိုင်းက လေးစားတန်ဖိုးထားပြီး တလေးတစားဆက်ဆံမှာမို့ အများရဲ့ ယုံကြည်မှုရရှိခြင်းဟာ ရေရှည်ခိုင်မြဲတဲ့ ရင်းနှီးမှုတစ်ခုကို ပိုင်ဆိုင်ပြီပေါ့။ ကိုယ့်ဘဝတက်လမ်းကို အောင်မြင်စွာ  တက်လှမ်းနိုင်ဖို့ မိမိအပေါ် ယုံကြည်မှုရှိအောင် ကျင့်ကြံပါလို့ ပြောပါရစေ။
လောကမှာလုပ်သင့်တာကိုလုပ်ပါ။မလုပ်သင့်တာမလုပ်ပါနဲ့ ဒီနှစ်ခုလွဲချော်သွားရင်နောင်တချိန်မှာပူပန်ရတယ်။အဲဒါတွေဟာနောင်တပါပဲ။
နောင်တဆိုတာဆိုတာနောင်မှတရတာမို့ နှောင်းခဲ့ပြီပေါ့ကွာ။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

Related posts

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:သန်းဝင်းလှိုင်

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

http://moemaka.com/archives/57845

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ

By

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ မိုးမခစာအုပ်စင်၊ ဒီဇင်ဘာ ၈၊...

Read more »

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ

By

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၄၊ ၂၀၁၈ မိုးမခစာပေက ထုတ်ဝေပြီး...

Read more »

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ

By

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ (မိုးမခစာအုပ်စင်) အောက်တိုဘာ ၁၈၊ ၂၀၁၈...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ (မိုးမခ) အောက်တိုဘာ ၁၂၊ ၂၀၁၈ မိုးမခစာပေက...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

Tags

(all tags)