>Interview with Cho Tu Zaw – MoeMaKa

October 19, 2011

>

ချိုတူးဇော်နဲ့ စကားလက်ဆုံ (၁)
မိုးမခ၊ အောက်တိုဘာ ၁၉၊ ၂၀၁၁
မြန်မာပြည်ကကဗျာဆရာ၊ စာရေးဆရာ၊ ရုပ်ရှင်ဒါရိုက်တာ ချိုတူးဇော်ဟာ အမေရိကန်ပြည်ထောင်စု၊အိုင်အိုဝါတက္ကသိုလ်၊ နိုင်ငံတကာစာရေးသားခြင်းအစီအစဉ်နဲ့ခေတ္တရောက်ရှိနေချိန်မှာ သူ့အကြောင်း စိတ်ဝင်စားတဲ့ မိုးမခပရိသတ်နဲ့မိတ်ဆက်ပေးလိုက်ပါရစေ။ မေးခွန်းတွေကို အပိုင်းလိုက် မေးမြန်းဖြစ်တာမို့အပိုင်းလိုက် တင်ဆက်သွားမယ် ဖြစ်ပါတယ်။ ပွင့်ပွင့်လင်းလင်း လွတ်လွတ်လပ်လပ်ကိုယ့်စိတ်ထဲရှိတာကို ထုတ်ဖော် ပြောဆိုတတ်တဲ့ စာရေးဆရာတယောက်အကြောင်းတစေ့တစောင်းမြင်ကြရမယ် မျှော်လင့်ပါတယ်။
မေးခွန် (၁) ။  ။         လွန်ခဲ့တဲ့ အနှစ် ၂၀ က၈၈မျိုးဆက်ကျောင်းသားတဦးအဖြစ် ၈၈ အရေးတော်ပုံမှာ လှုပ်ရှားခဲ့တယ်၊ ၅ညနဲ့လည်းနိုင်ငံရေးအကျဉ်းသားအဖြစ် ဖမ်းဆီးချုပ်နှောင်ခြင်း ခံခဲ့ရတယ်။ ၁၉၉၀ပါတီစုံရွေးကောက်ပွဲကာလကို ဖြတ်သန်းခဲ့တယ်။ အဲသည်တုန်းက အနုပညာသမားက အရင်လား၊နိုင်ငံရေးသမား (နိုင်ငံရေးလှုပ်ရှားသူ) ဘ၀က အရင်လား။
ချိုတူးဇော် မဖြစ်သေးပေမယ့် ၈၈ မတိုင်မီမှာ ချိုတူးဇော်ဘ၀က စ တော့စနှင့်နေပါပြီ။ ကျနော် ၁၉၈၅ ဒီဇင်ဘာမှာ အာရ်အိုင်တီ ကျောင်းကို စ တက်တယ်။ငယ်ငယ်လေးထဲက စာ တွေ စ ရေးခဲ့ပေမယ့် တက္ကသိုလ်ကျောင်းသားဖြစ်မှ စာမူ စ ပို့မယ် လို့ကိုယ့်ဖါသာ ဆုံးဖြတ်ပြီး အဲဒီ ၁၉၈၅ တက္ကသိုလ်တက်ဖို့စောင့်ရင်းနဲ့ပဲ စာမူတွေ စပို့ခဲ့တယ်။ ၁၉၈၅ မှာပို့တဲ့ စာမူက ၁၉၈၆ နှစ်ဦးပိုင်းလောက်မှာ အရွေးခံရတယ် ဆိုတာသိရတယ်။ သပြေတေးမဂ္ဂဇင်းမှာပါ။ အဲဒီတုန်းကတော့ သပြေခေတ်လို့ဆိုရမလောက် သပြေမဂ္ဂဇင်းအောင်မြင်ခဲ့တယ်။အဲဒီမှာ စာမူအရွေးခံရ ဖေါ်ပြခံခဲ့ရတယ်။ အချစ်ဝတ္ထုလေးတွေပဲ ရေးခဲ့ပါတယ်။ ၁၉၈၇ လောက်မှာ ဖေါ်ပြခံခဲ့ရပြီး၊ နောက်တပုဒ်ကို ၁၉၈၉ မှာဖေါ်ပြခံခဲ့ရတယ်။ သပြေက ဆက်တိုက်ဖေါ်ပြလာပြီး ဆက်ရေးဖို့လည်း တိုက်တွန်းခဲ့တယ်။
၈၈ မတိုင်မီမှာ ကျောင်းထဲက လက်ကမ်းစာစောင်ကဗျာစာအုပ်လေးတွေ ထုတ်ခဲ့ကြ၊ချိုတူးဇော် အနေနဲ့ ကဗျာတွေလည်း ရေးခဲ့ပြီဗျ။ ဒီတော့ ၈၈ မှာနိုင်ငံရေးလှုပ်ရှားမှုတွေ လုပ်နေပေမယ့် ချိုတူးဇော် သန္ဓေက မွေးပြီးသားလို့ပြောရပါလိမ့်မယ်။
၈၉ ဧပြီလမှာ အဖမ်းခံရတယ်။ နိုင်ငံရေးပါတီတရပ်ရဲ့ဥက္ကဋ္ဌတာဝန်ယူပြီးလုပ်ဆောင်နေရင်း အဖမ်းခံရတာဆိုပေမယ့် ဒီရှေ့မှာ ၈၉ ကိုဖုန်းမော်နှစ်လည်အခမ်းအနားကျင်းပရေး ကော်မီတီ ၁၃ ယောက်ထဲ ပါခဲ့တာ၊ အဲဒီ ၁၃ ယောက်စလုံးတယောက်မကျန်ဖမ်းခဲ့တယ်။ မိုးသီးဇွန်တယောက်ပဲ လွတ်အောင်ပြေးနိုင်တယ်။ ကျန်တဲ့ ၁၃ယောက်စလုံး တယောက်မကျန် ဖမ်းတယ်။ အရင်ဆုံးအဖမ်းခံရတာ ကိုပေါ်(မင်းကိုနိုင်ပါ)။
သူ အဖမ်းခံရပြီး ကျနော်တို့ ကိုယ့်ပါတီ စည်းရုံးရေးနယ်မြေတွေကိုယ်ဆင်းပြီး၊ လှုပ်ရှားမှုတွေပြန့်နှံ့အောင် လုပ်ဖို့ တိုင်ပင်ကြတယ်။”အနကလ”၊ “ရှမ်းမြောက်”၊ စသဖြင့် ကျောင်းသားပါတီတွေကိုယ့်ဒေသကိုယ်ဆင်းပြီး ပြန်လှုပ်ရှားကြတယ်။ ကျနော်တို့
“ဗမာ့မျိုးချစ်လူငယ်အစည်းအရုံး”အနေနဲ့ မြိတ်၊ ထားဝယ်ကို ပြန်ဆင်းပြီး လှုပ်ရှားမှုတွေလုပ်တဲ့အနေနဲ့နံရပ်ကပ်စာစောင်လုပ်တယ်။ အဲဒီမှာ အယ်ဒီတာအနေနဲ့ တာဝန်ယူတယ်။ ဥယျောဇဉ်ရေးတယ်။ကဗျာတပုဒ်ရေးတယ်။ အဲဒီကဗျာကို မင်နီတွေတားပြီးတော့ကို ဖမ်းတာ။ ထောင်တန်တဲ့ကဗျာပေါ့ဗျာ။ ကျနော်မှတ်မိပါသေးတယ်။ . .
သူငယ်ချင်းရေ..
မင်းပျော်တယ်ဆိုမြရိပ်ညိုလမ်း
ကျောင်းအိုစခန်းဆီရောက်သည် ဆိုရုံရောက်ခဲ့တယ်
မင်းနေခဲ့တဲ့အဆောင်ရဲ့မုခ်ဦး
တံခါးထူးမှာ
စစ်ဘီလူးတွေဟာ
လက်နက်အပြည့်
ကျည်အပြည့်ပေါ့။
ကျောင်းရဲ့တဘက်မှာ
ဓမ္မာရုံစခန်းဗုဒ္ဓနန်းကို
ဘရန်းကယ်ရီယာ
သံချပ်ကာနဲ့
စစ်ထွက်အသွင်
စစ်ပြင်ဆင်ပြီး
စစ်ရင်ပြင်တခုပြုနေတယ်..။
xx x
xx x x x
ငါတို့ကျောင်းကို လွမ်းစိတ်ပို ရင်
အပြင်ကနေခိုးကြောင်ခိုးဝှက်ကြည့်ရတယ် …
တဲ့…။
အဲဒီစာသားတွေကို မင်နီတွေတားပြီးကို ဖမ်းတာ။ တခါမှ အယ်ဒီတာတာဝန်မယူဖူးဘူး။ အဲဒါ ပထမဆုံး အယ်ဒီတာအလုပ်ပါ။ အယ်ဒီတာအလုပ်နဲ့ အဖမ်းခံရတော့ဝမ်းသာပါ့။ ရဲစခန်းမှာ အိမ်ကို စာရေးလို့ ရတယ်ဆိုတော့ ဒီလိုရေးလိုက်တယ်။
“မေမေ …။ ဗိုလ်ချုပ်အောင်ဆန်း ဟာ ၁၉၃၆ မှာ အိုးဝေမဂ္ဂဇင်းအယ်ဒီတာအနေနဲ့တာဝန်ယူရာကနေ ကျောင်းက အထုတ်ခံရတဲ့အချိန်မှာ သူ့အသက် ၂၁ နှစ်၊ ခု ကျနော်လည်း၂၁ နှစ် စိတ်မပူပါနဲ့မေမေ။ လို့ “
အဲဒီစာဖတ်ပြီး “မ၀တ”ဥက္ကဋ္ဌက စွေ့စွေ့ခုန်နေပါသတဲ့ဗျာ။
နိုင်ငံရေးလုပ်တဲ့အချိန်မှာကတည်းက အနုပညာသမားဖြစ်နှင့်ပြီးပြီထင်ပါတယ်။ နိုင်ငံရေးက မလုပ်မနေ လုပ်ရမှာမို့သာ လုပ်ခဲ့တာပါ။ အနုပညာသမားဖြစ်ဖို့ကို မွေးလာတယ် လို့ကိုယ့်ကိုယ်ကိုယ် ခံယူပါတယ်။
ဒါကြောင့် ထောင်ကထွက်လာတော့လည်း အနုပညာသမားဘ၀ကိုပဲ ရွေးခဲ့တယ်။နိုင်ငံရေးသမားဘ၀ကို ပြန်မသွားချင်တော့ဘူး။ 
မေးခွန်း (၂)။            ။ကိုယ်တိုင်းပြည်ရဲ့နိုင်ငံရေးအတွက် လှုပ်ရှားရုန်းကန်နေတာတွေကို ခင်ဗျားက ကျောခိုင်းလိုက်တာလား။
ကိုယ့်အချင်းချင်း ရန်ဖြစ်ရတာကို အမုန်းဆုံးပဲ။ နိုင်ငံရေးသမားဘ၀မှာတုန်းက စီနီယာ နိုင်ငံရေးသမား နောင်တော်တယောက်က မေးဖူးတယ်။ဘယ်တော့မှ ရွေးကောက်ပွဲဝင်မှာမဟုတ်ဘူး။ အဲဒီလို နိုင်ငံရေးသမားဘ၀ ကို ဘယ်တော့မှမလုပ်ဘူး လို့ပြောတော့ ဘာလို့ ပါတီထောင် နိုင်ငံရေးလုပ်ခဲ့တာလဲ … တဲ့။ နာမည်ကြီးချင်လို့လားတဲ့။အဲဒီတုန်းက ကျနော့်မှာ နာမည်ကြီးဖို့ တခြားအလုပ်သပ်သပ် ရှိပါတယ်။ကျနော်အဲဒီအလုပ်နဲ့ပဲ နာမည်
ကြီးချင်တယ်။နိုင်ငံရေးသမားအနေနဲ့တော့ နာမည်မကြီးချင်ဘူး။ နိုင်ငံရေးသမားအလုပ်ကိုမလွှဲမရှောင်သာလို့ ဟောဒီရင်ဘတ်ထဲက မနေနိုင်လို့ လုပ်ရတာပါ လို့ပြန်ဖြေခဲ့မိတယ်။
သူက နားမလည်ခဲ့ဘူး။ ကိုယ်လည်း ပြောသာပြောရတာ ချိုတူးဇော် မဖြစ်သေးဘူး။ဒါပေမယ့် ကိုယ့်ကိုယ်ကိုယ် သေချာတာ တခုက  ချိုတူးဇော်ပဲ လုပ်မယ် ဆိုတာပါပဲ။
စာတွေရေးမယ်၊ကဗျာတွေရေးမယ်။ ကားတွေရိုက်မယ်ဗျာ။ ကျနော့်ဘ၀ကို အနုပညာနဲ့ပဲ ထုဆစ်ချင်ပါတယ်။မတရားမှုတွေ အဓမ္မမှုတွေကို ဆန့်ကျင်တာဟာ အနုပညာသမားအနေနဲ့ ဆန့်ကျင်တာပါ။
ခု ကြီးလာ၊ ရင့်ကျက်လာတော့ ဘယ်လို ခံယူသလဲဆိုတော့ အနုပညာသမားစစ်ရင်၊ပြည်သူလူထုနဲ့ တသားတည်းနေ၊ တသားတည်းခံစားတဲ့ အနုပညာသမားစစ်ရင် နိုင်ငံရေးအထွေအထူးလုပ်စရာမလိုပါဘူး၊ အလိုလို မတရားမှုတွေ၊ အဓမ္မမှုတွေကို ဆန့်ကျင်ပြီးသားဆိုတာပါပဲ။
ခင်ဗျားတို့လည်း အဲဒီလိုပဲ မဟုတ်လား၊ မီဒီယာသမား ဆိုပေမယ့်ပြည်သူနဲ့တသားတည်းနေတဲ့၊  ပြည်သူ့ခံစားချက်ကို ကိုယ်စားပြုတဲ့ မီဒီယာသမား ပဲမဟုတ်လား။ နိုင်ငံရေး အထွေအထူး လုပ်ဖို့လိုသေးလို့လား။
မေးခွန်း (၃)။   ။ လွန်ခဲ့တဲ့ အနှစ် ၂၀၊၈၈အရေးတော်ပုံတပ်သားတဦးလို့ ဆိုကြပါစို့။ အဲသည်တုန်းက ခင်ဗျားကရန်ကုန်မြို့ကြီးကို စိတ်ကူးနဲ့ ရုပ်ရှင်ရိုက်ခဲ့တယ်လေ။ ရန်ကုန်တမြို့လုံးစစ်မီးတွေ ဟုန်းဟုန်းတောက်ပြီးတော့ လူတွေက ဆိပ်ကမ်းတွေကနေ သွေးရူးသွေးတန်း ဆုတ်ခွာထွက်ပြေးနေကြပြီ ဆိုပြီး ခင်ဗျား စိတ်ကူးမြင်ယောင်ခဲ့တယ်။ အခုအချိန်မှာကောခင်ဗျားစိတ်ကူးတွေက ဘယ်လိုမျိုး ရှိနေသေးလဲ။ အပြောင်းအလဲတွေ ရှိသလား။
အဲဒီတုန်းက ဆိုင်ဂုံကို ဖတ်ဖူးတော့ ဇာတ်သိမ်းခန်း တိုင်းပြည်ပျက်ခန်းကတုန်လှုပ်ခဲ့မိတယ်။ မြန်မာပြည်ကြီးမှာ ပေါ်ပေါက်နေတဲ့ အဓမ္မမှုတွေကိုသာမထိန်းမသိမ်းရင် ဆိုင်ဂုံပျက်သလို ပျက်ရ၊ ဆိုင်ဂုံကနေ လူတွေ ပြေးသလို ပြေးရမယ်လို့ခံစားခဲ့မိတယ်။ ခုထိ အဲဒီခံစားချက်က ပျောက်မသွားသေးပါ။ စစ်အစိုးရက ခုချိန်ထိအမှန်ကို မမြင်သေးရင်၊ ပြည်သူအပေါ်မှာ မရိုးမဖြောင့်ရင် တိုင်းပြည်ကြီးအစိတ်စိတ်အမွှာမွှာ ပျက်စီးခြင်းငါးပါးနဲ့ပျက်စီးရမယ် လို့ ခံစားနေမိတုန်းပါ။
ခုက ၈၈ တုန်းကထက်ပိုဆိုးတယ်။ ၈၈ တုန်းက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ စစ်တပ်အကွဲအပြဲတွေပဲ ရှိနိုင်တယ်။ ခုက တရုတ်တပ်တွေပါဝင်လာနိုင်တယ်ဗျာ။
ရန်ကုန်မြို့ကြီး မီးဟုန်းဟုန်းတောက်နေတဲ့အခါ.. လူတွေ ရရာ လှေတွေသမ္ဗာန်တွေနဲ့ ကူးကြ၊ ပြေးကြ တရုတ်စစ်သားတွေ ကသာ၊ ဗန်းမော်ထိ ဒုတိယကမ္ဘာစစ်တုန်းက၀င်လာခဲ့ဖူးတယ်။ သိပ္ပံမောင်ဝရဲ့ “စစ်အတွင်းခရီးသွားမှတ်တမ်း”ဖတ်ကြည့်ပါ။ လက်နှိပ်ဓါတ်မီးကအစ၊ စက်ဘီးက အစ မြင်မြင်သမျှ သိမ်းခဲ့ လုယက်မှုတွေလုပ်ခဲ့တယ်။ အဲဒီလို ရုပ်ရှင်ပြကွက်မျိုးကို စိတ်ကူးနဲ့ဖန်တီးကြည့်ပြီးကျောချမ်းခဲ့ဖူးတယ်။ ခုလည်း စိတ်ကူးကြည့်ပြီး ကျောချမ်းနေတုန်းပါ။
(ဆက်လက်ဖော်ပြပါမည်)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Advertise on MoeMaKa
No tags for this post.

Related posts

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:Uncategorized

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ် ထွက်ပြီ

By

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ်...

Read more »

မိုးမခလစဉ်မဂ္ဂဇင်း ဇွန် ၂၀၁၈ ၊ တွဲ ၅၊ မှတ် ၂၊ အချိန်မီ ထွက်ပါပြီ

By

  မိုးမခလစဉ်မဂ္ဂဇင်း ဇွန် ၂၀၁၈ ၊ တွဲ ၅၊ မှတ် ၂၊...

Read more »

ရဲဘော် မောင်တူးရဲ့ သက်ရှိပန်းချီ

By

  ရဲဘော် မောင်တူးရဲ့ သက်ရှိပန်းချီ  (မိုးမခစာအုပ်စင်) မေ ၃၊ ၂၀၁၈ ခေါင်းစဉ်...

Read more »

မိုးမခမဂ္ဂဇင်း မေ ၂၀၁၈၊ အတွဲ ၅၊ အမှတ် ၁ ထွက်ပြီ

By

  မိုးမခမဂ္ဂဇင်း မေ ၂၀၁၈၊ အတွဲ ၅၊ အမှတ် ၁ ထွက်ပြီ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်