Than Win Hlaing – Articles

April 30, 2013

ဆိုင်းဝိဇ္ဇာ ရွာစားကြီး စိန်ဗေဒါ
သန်းဝင်းလှိုင်
ဧပြီ ၃၀၊ ၂၀၁၃

 

မြန်မာ့ဂီတအကြောင်းပြောလျှင် ဆိုင်းဝိုင်းအကြောင်း မပါ၍ မဖြစ်ပေ။ ဆိုင်းဝိုင်းသည် မြန်မာ့ဂီတနှင့် မြန်မာ့ယဉ်ကျေးမှုတွင် အရေးပါသော အခန်းက ပါသောကြောင့် ဖြစ်သည်။ ရှေးမြန်မာဘုရင်များသည် ထူးချွန်သူဆိုင်းဆရာများကို ဘွဲ့များအပ်နှင်း၍ ရွာစားအရာပင် ပေးခဲ့လေသည်။ မြန်မာနိုင်ငံတွင် လွတ်လပ်ရေးရပြီးသည့်နောက်ပိုင်းတွင်လည်း အစိုးရယဉ်ကျေးမှုဌာနက နိုင်ငံတော်ဆိုင်းဝိုင်းဟူ၍ပင် သီခြားတည်ထောင်ဖွဲ့စည်းထားလေသည်။
မြန်မာ့ဂီတလောကတွင် `ဆိုင်းဝိုင်း´ ဟုဆိုရာ၌ ပတ်ဝိုင်း၊ ကြေးဝိုင်း၊ ပတ်မကြီး၊ နှဲ၊ ၀ါးလက်ခုပ် စသည်တို့ ပါဝင်သည်။ ထိုအထဲတွင် ပတ်ဝိုင်းသည် ဦးဆောင်အခရာဖြစ်သည်။ ထို့ကြောင့် အချို့က ဆိုင်းဝိုင်းကို ပတ်ဝိုင်းဟူ၍ပင် ခေါ်ကြသည်။ ပတ်ဝိုင်းဆိုသည်မှာ ပတ်လုံးများကို ၀ိုင်းဖွဲ့ထားခြင်းဖြစ်သည်။ ပတ်ဝိုင်းတွင် ပတ်လုံးပေါင်း ၁၉ လုံးမှ ၂၁ လုံးအထိ ပါဝင်သည်။ ပတ်လုံးတို့ကို ပိတောက်သားဖြင့် လုပ်၍ နွားသားရေဖြင့် နှစ်ဖက်ပိတ်ပြီး ကြက်ထားသည်။ ထမင်းနှင့်မန်ကျည်းပြာ၊ ညောင်ပြာတို့ကို ညက်အောင်နယ်ထားသော ပတ်စာတပ်၍ အသံညှိရသည်။ တီးရသည်။ ပတ်လုံးအများကို မဆိုထားဘိ၊ ပတ်လုံးတစ်လုံးတည်းကိုပင် အသံထွက်အောင် တီးရသည်မှာ လွယ်ကူသည် မဟုတ်ပေ။
ထို့ကြောင့် ပတ်ဝိုင်းဆရာ (၀ါ) ဆိုင်းဆရာအဖြစ် ရောက်လိုသူသည် ဆရာသမားထံ၌ ငယ်စဉ်ကစ၍ နှစ်ရှည်လများ သင်ယူရ လေသည်။ တဖန် ဆိုင်းဆရာဖြစ်ပြန်လျှင်လည်း ဆိုင်းသမားကောင်းတို့၏ အင်္ဂါရပ်များနှင့်ညီအောင် အထူးကြိုးပမ်းရလေသည်။ ထိုအင်္ဂါရပ်များကား ပတ်သံတည်ခြင်း၊ ပတ်သံညီခြင်း၊ ပတ်သံပီသခြင်း၊ ပတ်သံကြည်ခြင်းတို့ဖြစ်သည်။ ပတ်သံတည်သည်ဆိုသည်မှာ လက်ရင်းလက်ဖျားပတ်လုံးများကို တီးခတ်သွားရာတွင် အသံအတိုင်းအဆသည် ယိမ်းယိုင်ခြင်းမရှိရ။ တည်ငြိမ်နေရမည်ဟု ဆိုလိုသည်။ ပတ်သံညီသည်ဟူ၍ ချောမွေ့ညီညွတ်နေရမည်ဟု ဆိုလိုသည်။ ပတ်သံပီသရမည်ဟုဆိုသည်မှာ မည်သည့်ပတ်လုံးကိုပင် တီးလိုက်စေကာမူ ပတ်သံသည် ပီပီသသအသံပြောင်ပြောင်ထွက်လာရမည်ဟု ဆိုလိုသည်။ ပတ်သံကြည်ရမည်ဟုဆိုသည်မှာ ပတ်သံသည် သားရေပြား အသံ၊ သစ်သားသံမပါစေရ၊ ကြည်ကြည်လင်လင် ပေါ်ထွက်လာရမည်ဟု ဆိုလိုသည်။ စသည်ဖြင့် ဆိုင်းပညာကို လေ့လာထားသူ ဆရာနန်းညွန့်ဆွေက ရှင်းပြသည်။
စိန်ဗေဒါကား ထိုအင်္ဂါရပ်တို့နှင့် အထူးညီအောင် တီးနိုင်သူ၊ ထွင်ဥာဏ်ရှိသူ ပါရမီရှင်ဖြစ်လေသည်။ ထို့ကြောင့် သူု့ ကို မလေးစားသူဟူ၍ တစ်ယောက်မှမရှိပေ။ ထင်ရှားသည့်ဆိုင်းဆရာ ရွာစားဦးဟန်ပသည် ဦးဗေဒါကို အစ်ကိုကြီးဟု ခေါ်သူဖြစ်သည်။ နံပါတ် ၂ နေရာတွင် ရှိသည့် ဦးဘမောင်က `စိန်ဗေဒါသည် ဆိုင်းလောကမှ တစ်ဆူသော ဘုရား´ ဟု သမုတ်သူဖြစ်သည်။ ကျန်ဆိုင်းသမားအားလုံးက စိန်ဗေဒါကို သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာအဖြစ် အသိအမှတ်ပြုကြသည်ချည်း ဖြစ်သည်။´ ဟု လူထုဒေါ်အမာက`ပြည်သူချစ်သောအနုပညာသည်များ´ စာအုပ်၌ ရေးသားထားလေသည်။
စိန်ဗေဒါသည် ပတ်လုံးတစ်လုံးထဲကို အသံ ၂ မျိုး၊ ၃ မျိုး ထွက်အောင် တတောင်နှင့် ဖိ၍ တမျိုး၊ လက်ဖနောင့်နှင့် ပိတ်လျက်တသွယ်၊ အဖိအဖွမျိုးစုံဖြင့် သူလိုသော အသံရအောင် ဖန်တီးယူနိုင်သူ ဖြစ်သည်။ ထို့ကြောင့်လည်း `ရွှေကျီးညိုလာရင် ဒေါသနှင့် အပြစ်တင်´ တီးလုံးသွားကို ပတ်ရင်း ၅ လုံးတည်းသုံး၍ အပီအမြည်တီးပြနိုင်ခြင်းဖြစ်လေသည်။
မြန်မာ့ဆိုင်းဝိုင်းအတွင်း စီချိတ်ထားသော ပတ်လုံး ၂၁ လုံး သံစဉ်ထားပုံမှာ အဖျားဘက် အရင်းဘက် မတူချေ။ ညာဘက်သံမှတ် ဖျားလုံးမှ ညာအစွန်သံကုန်ဖျားအထိ ၈ လုံးစီ ချိတ်ရာ၌ ပတ္တလားသဘောအတိုင်း ၇ ပေါက်၊ ၆ ပေါက်၊ ၅ ပေါက်၊ ၄ ပေါက်၊ ၃ ပေါက်၊ ၂ ပေါက်၊ ၁ ပေါက် စသည်ဖြင့် အစီအစဉ်အတိုင်း ရှိသော်လည်း အရင်းဘက်၌မူ ဤသို့ မဟုတ်ချေ။ ဒုံးကဲ ၄ ပေါက်၊ ၂ ဆစ်ဒုံး၊ သံမှန်ဒုံး၊ ဘယ်တျော ၆ ပေါက်၊ ၅ ပေါက် ဘယ်တေ၊ ၆ ပေါက်၊ ၅ ပေါက် ဘယ်တေ၊ ၄ ပေါက် ဒူးလုံး၊ ၂ ပေါက် တေးလက်ခေါ်၊ တျာသံမှန် စသည်ဖြင့် အစီအစဉ်တိုင်းမဟုတ်ဘဲ ဆွဲချိတ်ထားသဖြင့် ဆိုင်းပညာသင်စ လူတိုင်း မျက်စိလည်သွားနိုင်စရာရှိသည်။
သံရိုးတီးလျှင် ဤအတိုင်းတီးဖြစ်သော်လည်း အဆစ်အကွန့်အမြူးအရွနှင့် သံဆန်းသာတီးလိုလျှင် ပတ်စာပိုးပြီးမှ တီးရလေသည်။ ထိုသို့ ပိုးလျှင် အသံအစီအစဉ်များလည်း ပြောင်းတီးရပေသည်။ ၂ ဆစ်ဒုံးသည် ၂ ပေါက်သံမှ ၃ ပေါက်သံသို့လည်းကောင်း၊ ဘယ်တျော ၆ ပေါက်သံကို ၇ ပေါက်သံသို့လည်းကောင်း၊ ၅ ပေါက်ရှိသော ဘယ်တေသည် ၆ ပေါက်သံသို့လည်းကောင်း၊ တေးလက်ခေါ် ၂ ပေါက်သံကို ၃ ပေါက်သံစသည်ဖြင့် ပြောင်းသွားလေသည်။ အရပ်စကားနှင့်ပြောလျှင် ဆိုင်းဆရာအဖို့ ကရိကထ အလွန်များသည်ဟု ဆိုနိုင်ပေသည်။
ပတ်စာပိုးတီးလုံးသံမှာ အသံသာ၍ နူးနူးညံ့ညံ့ နားဝင်ချိုဆိမ့်လေသည်။ စစ်ကြိုခေတ်က ဘောလယ်၊ ယိုးဒယား၊ စက်တော်ချင်းများ ကို တီးရာ၌ ပတ်စာပိုးဖြင့် အတီးများခဲ့ကြသည်။ ရှေးခေတ်က အလှူပွဲများတွင် ညဥ့်ဦးပိုင်း၌ လူသံသူသံများသဖြင့် ပတ်စာပိုးတီးလေ့ မရှိကြဘဲ ညဥ့်နက်၍ ပတ်ဝန်းကျင် ဆိတ်ငြိမ်သောအခါရောက်မှသာ ပတ်စာပိုးပြီး တီးလေ့တီးထရှိသည်။
ရွာစားကြီး စိန်ဗေဒါသည် ပတ်စာပိုးတီးတော့မည်ဆိုလျှင် အခြားသော ဆိုင်းများနှင့် မတူ ဆိုင်းနားထောင်နေကြသော ပရိသတ်များသည် ပတ်စာပိုးနေမှန်း မသိရလေအောင် တမျိုးတဖုံတီထွင်၍ တီးလေ့ရှိသည်ဟု ဆိုသည်။
အခြားဆိုင်းများ၌ ဆိုင်းဆရာက ပတ်စာပိုးနေလျှင် နောက်ထိုင်များက ထ၍ ပြက်လုံးအမျိုးမျိုး ထုတ်နေကြရသည်။ ထိုသောအခါမှ ဆိုင်းဆရာသည် ကြေးနှင့်ညှိ၍ သိသိသာသာ ပတ်စာပိုးကြရသည်။ ပတ်စာပိုးရသည်မှာ အချိန်အတော်ယူရသည်။ ပတ်လုံးတလုံးတည်းမဟုတ်ဘဲ၊ ၂ဆစ်ဒုံး၊ ဘယ်ကျောလုံး၊ ဘယ်တေလုံး၊ တေးလက်ခေါ်၊ ပတ်စာတပ်လုံး၊ ၅ ပေါက်လုံး စသည်ဖြင့် ပတ်လုံးခြောက်လုံးမျှကို အချိန်ယူ၍ ပတ်စာတပ်၍ ကပ်ကြရလေသည်။
ဆိုင်းဝိဇ္ဇာ စိန်ဗေဒါ၏ ပတ်စာပိုးပုံမှာ တမျိုးတဖုံဖြစ်သည်။ သူပတ်စာပိုးတော့မည်ဆိုလျှင် ပရိသတ်အာရုံပြောင်းသွားရန် သံချပ်ညွန့် ခေါ်သော တီးလုံးတစ်ခုကို ထွင်ထားသည်။ သံချပ်ညွန့်တီးလုံးစတီးပြီဆိုလျှင် သူ့ဝိုင်းတော်သားများအားလုံး ဆရာလုပ်သူ ပတ်စာ ပိုးတော့မည်ကို သိနေနှင့်ကြသည်။ ဤတီးလုံးတွင် ရှေ့ပိုင်းတီးလုံးများချည်း တီးသွားပြီးနောက်ပိုင်းတွင် သံချပ်အမျိုးမျိုးစု၍ ထိုးကြတော့သည်။ ၀ိုင်းတော်သားများစု၍ သံချပ်ထိုးနေစဉ်မှာပင် ဆရာစိန်ဗေဒါသည် ပတ်ရင်း ၆ လုံးစလုံးကို ပတ်စာပိုးပြီး ဖြစ်နေသည်။ သံချပ်ထိုးသည်ဆိုသော်လည်း အချိန်ကို အရှည်အကြာကြီး ယူသည်မဟုတ်။ တိုတောင်းသော အချိန်အတွင်းမှာပင် ပတ်စာအယူအနုတ် တိကျလွန်းသောကြောင့် ဤမျှအချိန်အတွင်းမှာပင် ပြီးစီးနိုင်ခြင်းဖြစ်သည်။ ပတ်စာများသွားခြင်း၊ နည်းသွားခြင်း အလျဉ်းမရှိဘဲ ကပ်ပိုးလိုက်လျှင် သူလိုသော အသံသည် ဒက်ကနဲပေါ်လာပြီးဖြစ်သည်။ ဤမျှ ပတ်လုံးများကို ပတ်စာကပ်ရာ၌ ဆရာစိန်ဗေဒါသည် ကျွမ်းကျင်လေသည်။
ဆရာစိန်ဗေဒါသည် တီးလုံးတိုက်ရာ၌လည်း ဖြစ်ကတတ်ဆန်း၊ ပြီးလျှင်ပြီးရော သဘောမထား၊ အတိအကျအသေအချ အံသေအောင် တိုက်ပြီးမှ ပွဲထုတ်လေ့ရှိသည်။ စည်းဝင်စည်းထွက် ၀ါးကျသံကအစ စည်းကမ်းကို အသေအချာချပေးသည်။ အတီးနယ်ကို အဆိုက မကျူးကျော်ရသလို အဆိုနယ်သို့လည်း အတီးက မကျူးကျော်မိစေရန် မူချ၍ ပေးထားသည်။ တခါတခါ ၀ိုင်းတော်သားများတီးရင် အော်ရသည့် `ဝါးလား….လား….ဟီး…´ ကိုပင် အော်ချင်သလို မအော်ရ။ ဘယ်အကွက်ရောက်လျှင် အော်ရမည်ဟု တခါတည်း သတ်မှတ်ပေးထားသည်။
ဆရာစိန်သည် ၀ိုင်းနှင့် အုံနှင့် တီးရာ၌ ရောယောင်၍ မလိုက်ဘဲ၊ နှဲနေရာ နှဲ ရှိ မရှိ၊ ကြေးနေရာ ကြေး ရောက် မရောက်၊ ၀ါးချက် စည်းချက် ကအစ မှန်မှန်တီး မတီး ဘယ်လိုလွဲချော်နေသည်ကို ချက်ချင်းသိသောကြောင့် မည်သူမျှ ပေါ့ပေါ့ဆဆ မလုပ်ဝံ့ချေ။
ထို့ကြောင့်လည်း မြန်မာ့ဆိုင်းလောကတွင် ထင်ရှား၍ စိန်ဗေဒါကို ယှဉ်ပြိုင်နိုင်သူမှာ သူ့အစ်ကို ဆိုင်းဆရာကြီး ဦးစိမ့် တစ်ဦးသာ ရှိလေသည်။ ဆရာစိမ့်သည် စိန်ဗေဒါကို ယှဉ်ပြိုင်နိုင်သည်ဟု ဆိုသော်လည်း အနိုင်ရသည်ကား မဟုတ်ပေ။ ဆရာစိမ့်က တဘာသာ ကောင်း၍ ဆရာစိန်ဗေဒါက တမျိုးတဖုံ ကောင်းခြင်းသာ ဖြစ်သည်။
အစ်ကိုဖြစ်သူ ဆရာစိမ့်ကွယ်လွန်ပြီးနောက် မြန်မာ့ဆိုင်းလောကတွင် ရွာစားစိန်ဗေဒါကို ယှဉ်ပြိုင်နိုင်သူမှာ ယနေ့တိုင် မပေါ်သေးဟု ဆိုင်းဆရာတိုင်းက ၀န်ခံကြသည်။ ဆရာစိန်ဗေဒါသည် ပြိုင်ဘက်ကင်းသော ဆိုင်းဝိဇ္ဇာဘဝသို့ ရောက်သော်လည်း ဆိုင်းတီးအလေ့အကျင့်ကို မည်သည့်အခါမှ မရပ်နားခဲ့ပေ။ အမြဲတစေလေ့ကျင့်နေတတ်သည်။
ဤသို့ အမြဲလေ့ကျင့်နေမှုကြောင့် ရင်းနှီးသော မိတ်ဆွေတစ်ဦးက `ဆရာရယ် ဆရာ့ကို ဘယ်သူမှလည်း မပြိုင်နိုင်ပါဘူး။ ဒီလောက်လည်း လေ့ကျင့်နေဖို့ မလိုတော့ပါဘူး´ ဟု ပြောကြားရာ ဆရာစိန်က `ကျုပ်က တခြားသူနဲ့ ပြိုင်ဖို့ လေ့ကျင့်တာမဟုတ်ပါဘူး။ ကျုပ်ကိုယ်ကျုပ် ပြန်ပြိုင်ဖို့ လေ့ကျင့်နေတာပါ။ မနေ့က စိန်ဗေဒါကို ဒီကနေ့ စိန်ဗေဒါက ချိုးနိုင်ရမယ်။ ဒီနေ့ စိန်ဗေဒါကို မနက်ဖြန် စိန်ဗေဒါက ပြန်ချိုးနိုင်ရမယ်ဗျာ´ ဟူ၍ ပြန်ပြောခဲ့လေသည်။
ယင်းမြန်မာ့ဆိုင်းလောကတွင် ဘယ်သူ့ကိုမှ မပြိုင်သော်လည်း မိမိကိုယ်ကို မိမိ ယှဉ်ပြိုင်ရန် အမြဲမပြတ်လေ့ကျင့်နေခဲ့သော ဆိုင်းဝိဇ္ဇာရွာစားကြီး စိန်ဗေဒါကို သီပေါမင်းလက်ထက် ခရစ် ၁၈၈၂ ခုနှစ် နိုဝင်ဘာလ ၁၀ ရက်နေ့တွင် နေမျိုးကျော်စွာခေါင်ဘွဲ့ခံ ဆီဆုံဆယ်ရွာစား ဆရာဖေနှင့် နန်းတွင်းအပျိုတော် ဒေါ်မမလေးတို့မှ ဖွားမြင်ခဲ့သည်။ ဆရာဖေ၏ ပထမဇနီး ဒေါ်သစ်မှာ သား မောင်စိမ့် (နောင် ဆိုင်းဆရာကြီး ရွာစား ဆရာစိမ့်) ကိုလည်းကောင်း၊ ဒုတိယဇနီး ဒေါ်မမလေးမှ မသီ (နောင် အဆိုတော်) နှင့် စိန်ဗေဒါ တို့ကိုလည်းကောင်း၊ တတိယဇနီး ဒေါ်စိန်ရင်မှ သမီး မငွေလှိုင် (နောင် မင်းသမီး ယိုးဒယားငွေလှိုင်) ကိုလည်းကောင်း ဖွားမြင်ခဲ့သည်။ အင်းဝသူ အခြားဇနီးတစ်ယောက်မှလည်း နှဲ ဦးဇေယျာကို ဖွားမြင်ခဲ့သည်ဟု သိရသည်။ စိန်ဗေဒါ၏ အမည်ရင်းမှာ မောင်သာလှိုင် ဖြစ်သော်လည်း အစ်မ မသီက မောင်လေးဟု ခေါ်ဆိုရာမှအခြားသူများကလည်း နှုတ်ကျိုးကာ မောင်လေးဟူ၍ပင် လိုက်ခေါ်နေရာမှ နောင်တွင် ဦးမောင်လေးဟု အမည်တွင်ခဲ့သည်။
မောင်လေးသည် ငယ်စဉ်ကပင် ဖခင်ဖြစ်သူ ဘုရင့်ဆိုင်းတော်တီး ဆရာဖေ၏ ခြေရာကို နင်းခဲ့သည်။ အသက် ၁၄ နှစ် အရွယ်တွင် ဖခင်က အမိကွဲအစ်ကို မောင်စိမ့်နှင့် မောင်လေးတို့အား ဆိုင်းဝိုင်းတစ်ဝိုင်းစီ ထောင်ပေးခဲ့သည်။ ဤသို့ဖြင့် မောင်လေးသည် ဆိုင်းလောကသို့ ရောက်ရှိခဲ့သည်။ တဖက်မှလည်း ဖခင်ဆရာဖေ၊ အရာတော်ဆရာဖေလေးနှင့် ဦးကျော်စံတို့ထံ၌ ဆိုင်းပညာကို ဆည်းပူးလေ့လာခဲ့သည်။
ထို့နောက် ၁၈၈၅ ခုနှစ် နိုဝင်ဘာလ ၂၉ ရက်နေ့တွင် မြန်မာဘုရင် သီပေါမင်းတရားနှင့် စုဘုရားလတ်တို့ ပါတော်မူပြီးနောက် ဆိုင်းတော်တီးဆရာဖေမှာ ဘုရင့်ဆိုင်းကို မတီးရသဖြင့် အိမ်မှာပင်နေရသည်။ ရွှေမြို့တော်တွင် ရှိကြသော ဆိုင်းသမားများသည် ဆိုင်းတော်တီးဆရာဖေ၏ အိမ်တွင် စားတည်းချကာ ရှေးဟောင်းနှောင်းဖြစ်တို့ကို ပြောကြဆိုကြသည်။ တူရိယာပညာကို ဆန်းစစ်ဝေဖန်ကြ သည်။ ပျော်ပျော်ပါးပါး စားကြသောက်ကြ၊ တီးကြမှုတ်ကြသည်။ ဘုရင့်ဆိုင်းတော်တီး၏ သားကလေး စိန်ဗေဒါကို သူတမျိုး၊ ငါတဖုံ နည်းမျိုးစုံ အောင် ပြသကြသည်။ သို့ဖြင့် စိန်ဗေဒါမှာ အဖေများသော သားဖြစ်ပြီး အကောင်းဟူသမျှ သူရလိုက်လေသည်။
ထိုစဉ်က မန္တလေးတွင် ဦးကျော်စံဆိုသော ဆိုင်းဆရာကြီးတစ်ဦးရှိသည်။ သူသည် ဆိုင်းပညာမှာ အတော်ဆုံးဖြစ်သည်။ သူ့တွင် ကိုယ်ပျက်နေ၍ ဘုရင့်ဆိုင်းတော်တီးအရွေးမခံခဲ့ချေ။ သို့ရာတွင် ဘုရင့်ဆိုင်းတော်တီးများနှင့်တကွ ဆိုင်းဆရာတိုင်းကပင် သူ၏ပညာကို ဦးညွတ်လေးစားကြသည်။ သူသည်လည်း ဆရာဖေ၏ အိမ်ကိုမကြာခဏ ရောက်လာတတ်သည်။
`ဟေ့မောင်လေး လာစမ်း၊ တီးစမ်း သီချင်းတစ်ပုဒ်၊ ဒါဘယ်သူပြတဲ့တီးကွက်လဲ၊ မင်းအဖေတက်ပေးတာလား၊ အလကားတီးကွက်စုတ်၊ ဟေ့…. မောင်ဖေ၊ မင်းလေ ကံကောင်းလို့ ဆိုင်းတော်တီးဖြစ်တာ´  စိန်ဗေဒါသည် ထိုစဉ်က `မဗေဒါ နင့်ဗူးဘယ်သူချဲ့၊ ပြောတဲ့ဗေဒါ…  မဗေဒါ´ဆိုသည့် သီချင်းကို မကြာခဏတီးတတ်၍ `ဗေဒါမောင်လေး´  ခေါ်ရာမှ နောင်တွင် စိန်ဆိုင်းတော်တီး ဆရာဖေ၏သားဖြစ်သဖြင့် သူ့ကို စိန်ဗေဒါဟု ခေါ်ဆိုရာမှ ငယ်မည်ပျောက်၍ စိန်ဗေဒါဖြစ်လာသည်။ ဦးကျော်စံက သူ့အဖေ၏ ရှေ့မှာပင် သူ့သားစိန်ဗေဒါကို စမ်းသပ်ကြည့်ပြီး ပြတ်သားစွာ ဝေဖန်သည်။ ထိုအခါ စိန်ဗေဒါ၏ ဖခင်ဆရာဖေက `သူငယ်ချင်းရယ်…  ငါ့သားဟာလည်း မင်းသားပါပဲ။ မင်းသားကို မင်းသဘောကျဖြစ်အောင် မင်းပဲသင်ပေးပါကွာ´ ဟု တောင်းပန်ခဲ့သည်။ ထိုအချိန်မှစ၍ စိန်ဗေဒါသည် ဆိုင်းဆရာ ဦးကျော်စံ၏ သားတပည့်လုံးလုံးဖြစ်ခဲ့ရတော့သည်။
`ဟေ့…. မောင်လေး မှတ်ထား၊ အဲဒါ ငါ့အကွက်၊ ဒီအကွက်မျိုးကို ဘယ်သူမှ မတီးတတ်ဖူး။ ဘုရင့်ဆိုင်းတော်တီး မင်းအဖလည်း မတီးတတ်ဘူး´
ဟု ပြော၍ ဆရာစားမချန် ပြသပေးသည်။ စိန်ဗေဒါ၏ များစွာသော အဖေတို့တွင် ပညာအကြီးဆုံးအဖေမှာ ဦးကျော်စံဖြစ်ကြောင်း စိန်ဗေဒါသည် အခါအခွင့်ကြုံတိုင်း ပြောပြတတ်လေသည်။ ဆိုင်းလောကတွင် ဆိုင်းပညာသင်များသည် သင်ပြသူဆရာကို `အဖေ´ ဟု ခေါ်တတ်ကြသည်။ `ဆရာများ သားသေ´ ဟု ဆိုရိုးရှိသော်လည်း စိန်ဗေဒါမှာ ဆရာများသဖြင့် ပို၍ တော်နေလေသည်ကိုမူ မည်သူမျှ မငြင်းနိုင်ပေ။
နောင်တွင် `မြန်မာညွန့်´ ဟူသောအမည်ဖြင့် ထင်ရှားလာသော နိုင်ငံတော်အစိုးရ ပန်တျာကျောင်းမှ ပတ္တလားနှင့်နှဲ ဆရာ ဦးချစ်မောင်ကလည်း စိန်ဗေဒါနှင့်ပတ်သက်၍-
`စိန်ဗေဒါကောင်းတာဟာ သေချာလို့ပဲ၊ သူဟာ ဘယ်သောအခါမှ မသေချာဘဲ ပွဲထုတ်လေ့မရှိဘူး´  ဟု ပြောခဲ့ဖူးသည်။
မှန်ပေသည်။ ထိုစဉ်အခါက မြန်မာပြည်တွင် ဇာတ်သဘင်၌ ဖိုးစိန်ကြီး၊ ဆိုင်းသဘင်၌ စိန်ဗေဒါဟူ၍ သူမတူအောင် နာမည်ကြီးနေသည်။ သို့ရာတွင် သူတို့နှစ်ဦးမှာ တခါမျှ မဆုံဖူးချေ။ တခါသော် မန္တလေး၌ သွားဆုံဖြစ်ကြသည်။ ဖိုးစိန်ကြီးနှင့် စိန်ဗေဒါ ပါသဖြင့် ကျုံးထိပ်ရွက်ထည်ရုံကြီးမှာ မကြုံစဖူး ထူးထူးကဲကဲ ပြည့်လျှံ၍နေလေ၏။ စိန်ဗေဒါသည် ဖိုးစိန်ကြီးနှင့် တခါမျှ မတွဲဖူးသဖြင့် နှဲဆရာ ဦးချစ်မောင်ကို အထူးခေါ်ယူရသည်။
ဆိုင်းမှာ ၀ဲဆိုင်း၊ ယာဆိုင်း ဖြစ်သည်။ စိန်ဗေဒါမှာ မင်းသမီးဘက်က ကျသည်။ မင်းသားဘက် ဦးဘမောင်က တီးပေးသည်။ ဦးဘမောင်မှာ ဆရာစိမ့်၏သား စိန်ဗေဒါ၏ တူုဖြစ်သည်။ မင်းသမီးနှင့် စိန်ဗေဒါမှာလည်း တွဲဖူး၍ ပြောဖွယ်မရှိချေ။ အချိုးကျပြီးသား ဖြစ်နေလေသည်။ မင်းသမီးက ကပြီး၍ ထိုင်ချလိုက်သောအခါ ဖိုးစိန်ကြီးက မင်းသမီးကို ယပ်နှင့်ခပ်ပေးပြီး၊ `နှမကလေးကလည်း ကောင်းလှပါတယ်၊ ရွာစားကြီးစိန်ဗေဒါကလည်း ကောင်းလှပါတယ်´ ဟု ချီးကျူးစကားပြောကြားရာ စိန်ဗေဒါက ၀ိုင်းထဲကနေပြီး ပတ်လုံးကလေးကို တို့လျက်မေးသည်။
`တကယ်ပြောနေတာလားကွ´
`တကယ်ပါ သူငယ်ချင်းရယ်၊ တကယ်ကို ကောင်းလှပါတယ်ကွာ´
`ကောင်းရင် ဆိုကွယ်…  တပုဒ်တီးရအောင်´
`မလုပ်ပါနဲ့ သူငယ်ချင်းရယ်..´
`အို… ဆိုသာဆိုပါကွာ၊ ငါ့တာဝန်ရှိပါစေ…´
ဦးဖိုးစိန်မှာ မနေသာတော့ချေ။ ဆိုလိုက်ရတော့သည်။ ကပြီး၍ ထိုင်ချလိုက်သောအခါ ပရိသတ်တခဲနက်သြဘာသံကြီးမှာ ကျွက်ကျွက်ညံသွားတော့သည်။
`အဲဒီတုန်းက ကြည့်ရတဲ့လူတွေဟာ မဟာကံထူးရှင်ပဲ´ ဟု ပြန်ပြောင်း ပြောပြခဲ့သည်။
ပထမ ဦးဖိုးစိန်၏သီချင်းကို စိန်ဗေဒါက တီးရပြီး၊ ဒုတိယ စိန်ဗေဒါ၏ တီးကွက်ကို ဖိုးစိန်ကြီးက လိုက်ကရသည်။ ထိုအခါ ဖိုးစိန်ကြီးသည် တီးလုံးမဆုံးမီ ထိုင်ချလိုက်ရာ စိန်ဗေဒါသည် ကျင်လည်စွာဖြင့် အချိုးကျအောင် လိုက်၍ ချပေးလိုက်သည်။
`ဒီနေရာမှာ စိန်ဗေဒါဟာ အကင်းပါးစွာနဲ့ မကျွမ်းကျင်ရင် ဖိုးစိန်ကြီးလည်းအရှက်ကွဲမှာပဲ၊ စိန်ဗေဒါဟာ တကိုယ်တော်သာ ကောင်းတာမဟုတ်ဘူး။ အခြားနောက်ပါဝိုင်းတော်သားတွေရဲ့ တီးကွက်တွေပါ လက်မလွန်စေရန် ထိန်းသိမ်းနိုင်တဲ့စွမ်းအင်ကလည်း သေးတာမဟုတ်ဘူး။ ဒါကို ကြည့်ခြင်းဖြင့် စိန်ဗေဒါဟာ တ၀ိုင်းလုံးကောင်းအောင် အကျအန စီမံအုပ်ချုပ်နိုင်တာကို ပြတာပဲ´ ဟူ၍ မြန်မာညွန့် ဦးချစ်မောင်က ပြောခဲ့ဘူးလေသည်။ စိန်ဗေဒါသည် အိမ်ထောင်နှစ်ဆက်ရှိခဲ့ရာ ပထမဇနီးမှာ ရတနာပုံ ရုပ်သေးမင်းသမီး အရာတော် ဆရာဖေလေး၏ သမီး မဥာဏ်ဝင်းဖြစ်သည်။ ပထမဇနီးသည် သားဦးကလေးဖွားမြင်စဉ် ကွယ်လွန်သွားခဲ့သည်။ ပထမအိမ်ထောင် ပျက်သွားပြီးနောက် ညောင်လေးပင်သူ အငြိမ့်မင်းသမီး မစိန်မေနှင့် ဒုတိယအိမ်ထောင်ကျခဲ့သည်။
၁၉၁၀ ပြည့်နှစ် နိုဝင်ဘာလခန့်တွင် အိန္ဒိယနိုင်ငံ ရတနာဂီရိ၌ စံနေရသည့် သီပေါမင်းက စံအိမ်တော်သစ် မင်္ဂလာပွဲကျင်းပ လိုကြောင်း သက်ဆိုင်ရာသို့ တင်ပြခဲ့ရာ ခွင့်ပြုချက်ရသဖြင့် အပါးတော်မြဲ ဦးစံရွှေ မန္တလေးသို့ ရောက်ရှိလာသည်။ ထို့နောက် သံဃာတော် ငါးပါးနှင့်တကွ လူ၈၀ ကျော်တို့ အိန္ဒိယသို့ သွားရောက်ခဲ့ရာ စိန်ဗေဒါလည်း လိုက်ပါသွားသည်။ အစ်ကိုဖြစ်သူ ဆရာစိမ့်က ပင်လယ်ခရီး မသွားလိုကြောင်း ငြင်းဆန်သဖြင့် စိန်ဗေဒါနှင့် နောက်လိုက်တပည့် ၂၀ကျော် လိုက်ပါလာခဲ့ကြခြင်းဖြစ်သည်။ မန္တလေးမှ ရန်ကုန်သို့ မီးရထားဖြင့် လာရောက်ကြပြီး ရန်ကုန်တွင် သော်မဆင်လမ်း (ယခု ဗိုလ်တထောင်ဘုရားလမ်း) ရှိ နယ်ပိုင် ဦးပေါ့အိမ်၌ တည်းခိုခဲ့ကြသည်။ ထို့နောက် ပင်လယ်ကူးသင်္ဘော၊ မီးရထားတို့ဖြင့် ရတနာဂီရိသို့ အဆင့်ဆင့် ခရီါ်ဆက်ခဲ့ရသည်။
စံအိမ်တော်သစ်တက်မင်္ဂလာအခမ်းအနားသို့ ဘုံဘေဘုရင်ခံ ဆာဂျော့ကလည်း တက်ရောက်ခဲ့ရာ ရတနာဂီရိအရေးပိုင် ဘရန်ဒါက ကြိုဆိုဧည့်ခံခဲ့သည်။ ဘုံဘေဘုရင်ခံသည် မြန်မာဆိုင်းဝိုင်းကို မမြင်ဘူး၍ အနီးကပ်လေ့လာကြည့်ရှုသည်။ ဂီတသင်္ကေတ (Music Note) မပါဘဲ မည်သို့တီးကြောင်း တအံ့တသြမေးမြန်းရာ စိန်ဗေဒါက မြန်မာ့ဂီတတွင် သင်္ကေတမရှိဘဲ အသံကိုမှတ်သား၍ တီးကြောင်း ပြန်လည်ရှင်းပြသည်။ ယင်းနောက် ဘုရင်ခံက အသင့်ရှိနေသော အင်္ဂလိပ်ဘင်ခရာအဖွဲ့ကို တီးလုံးတေးသွားတစ်ပုဒ် တီးစေ၍ စိန်ဗေဒါအား ပြန်လည်တီးစေသည်။
စိန်ဗေဒါဦးစီးသော မြန်မာ့ဆိုင်းအဖွဲ့သည် အင်္ဂလိပ်ဘင်ခရာတေးသွားသံကို နားဖြင့်မှတ်သားပြီး ပြန်လည်တီးပြလိုက်ရာ ဘုံဘေဘုရင်ခံ ဆာဂျော့ကလပ်မှာ အံ့အားသင့်သွားလေတော့သည်။ အင်္ဂလန်ပတ်စမ်းတီးလုံးဟု အမည်ပေးထားသော ယင်းတေးသွားကို စိန်ဗေဒါက နောင်တွင် အဆိုတော် ဦးစိန်ခင်၏အဆိုနှင့် ပြန်လည်တီးပြခဲ့သည်။
စံအိမ်တော်အသစ်တက်ပွဲအပြီးတွင် စိန်ဗေဒါတို့အဖွဲ့ ရတနာဂီရိ စံအိမ်တော်၌ နှစ်လခန့် ဆက်လက်နေထိုင်ရသေးသည်။ ညစဉ် သီပေါမင်းနှင့် စုဘုရားလတ်တို့အား ဂီတအနုပညာဖြင့် ဖျော်ဖြေကြရသည်။ ဤတွင် စောင်းဆရာကြီး ဒေ၀ဣန္ဒာမောင်မောင်ကြီးက သဘင်သည်များမှာ ချီးမြှင့်မြှောက်စားအရှင်သခင်များ မရှိကြတော့ဘဲ သူ့ကျွန်ဘ၀၌ ဒုက္ခရောက်နေကြရပုံကို တေးထပ်သီချင်းရေးဖွဲ့သီဆို တီးခတ်ပြရာ၊ အရှင်နှစ်ပါးမှာ ၀မ်းနည်းကြေကွဲခဲ့ရ၏။ စိန်ဗေဒါတို့အဖွဲ့သည် ပတ်ပျိုးသီချင်းတစ်ပုဒ်နှင့် ဆက်သွင်းကြရာ၌ `တစ်နိုင်ငံ ပြိုင်ယံခြား၊ သနားရန်ဖို့ လွမ်းတာကိုယ်စီ၊ ဝေးကွာခဲ့ပြီ´ ဟူသော စာပိုဒ်အနောက်တွင် အရှင်နှစ်ပါးတို့ ၀မ်းနည်းကြေကွဲလွန်း၍ ဆက်မဆိုကြ ရန် မိန့်ဆိုခဲ့ကြသည်ဟု ဆိုသည်။ စိန်ဗေဒါသည် အရှင်နှစ်ပါးတို့အား ဖောင်လား၊ ဖောင်ငင်၊ ဖောင်ဆိုက် ကြိုးများဖြင့်လည်း ဖျော်ဖြေခဲ့သေး၏။
နန်းကျဘုရင် သီပေါမင်းတရားနှင့် စုဘုရားလတ်မိဘုရားတို့သည် စိန်ဗေဒါအား ရွှေဒင်္ဂါးရှစ်ပြား၊ ရွှေသိုင်းလေးချက်၊ အလံငယ်လေးစင်း၊ ဖန်ပဒိုင်းတို့နှင့်တကွ `နေမျိုးဗလကျော်သူ´ ဘွဲ့ကို ပေးသနားချီးမြှင့်ခဲ့လေသည်။ မြန်မာဘုရင်လက်ထက်မျက်နှာတော် သစ်ချိန်တွင် တီးခတ်ရသည့် နရီ၊ စက်တော်ခေါ်ချိန်တွင် တီးရသည့် အိပ်ဖန်တော်စသည့် တီးလုံးတေးသွားများကို စိန်ဗေဒါတို့အဖွဲ့ ရတနာဂီရိသို့ ရောက်မှသာလျှင် အရှင်နှစ်ပါးတို့ ပြန်လည်နားဆင်ရတော့သည်။ စိန်ဗေဒါကလည်း စံအိမ်တော်ရှိ အင်္ဂလိပ်ဘင်ခရာတပ်ဖွဲ့ အား ယင်းတေးသွားများကို သင်ကြားပြသခဲ့သည်။ ထို့အပြင် စိန်ဗေဒါသည် ဇာတ်မင်းသားဦးဖိုးစိန်၏ ဓာတ်ပြားအချို့ကိုလည်း သီပေါမင်းအား ဆက်သခဲ့သေးသည်။
စိန်ဗေဒါသည် ၁၉၁၃ ခုနှစ် ဇွန်လ ၆ ရက်နေ့တွင် ရတနာဂီရိ၌ ကျင်းပသည့် သီပေါမင်း၏ သမီးတော်များ နားထွင်းမင်္ဂလာအခမ်း အနားသို့လည်း သွားရောက်ရသေးသည်။ ဤတစ်ကြိမ်တွင် ဇနီးမစိန်မေလည်း လိုက်ပါသွားခဲ့သည်။ စိန်ဗေဒါသည် အခမ်းအနားမစမီ တစ်ရက်အလိုတွင် သီပေါဘုရင်အား လူဝင်ကပြရသည့် တိုးနယားနှင့် ကျွဲရုပ်တို့ဖြင့် ကပြဖျော်ဖြေခဲ့ရသေးသည်။ နောက်တစ်နေ့ အခမ်းအနားတွင် ဧည့်သည်တော်တို့အား တိုးနယားအကဖြင့် ဖျော်ဖြေခဲ့သည့်နည်းတူ မစိန်မေကလည်း အဆိုအကတို့ဖြင့် ဖျော်ဖြေခဲ့ရာ `အဆိုတော်မစိန်မေ´ စာတန်းပါ ရွှေတံဆိပ် ချီးမြှင့်ခံခဲ့ရသည်။ စိန်ဗေဒါတို့ ဇနီးမောင်နှံသည် အခမ်းအနားအပြီး၌ ဗုဒ္ဓဂါယာသို့ ဘုရားဖူးသွား ရောက်ခဲ့ကြသည်။ စိန်ဗေဒါ၏ ဒုတိယခရီးစဉ်မှာ အချိန်အတန်ကြာမြင့်ခဲ့သည်။ အပြန်ခရီး၌ စိန်ဗေဒါ၏ ဂုဏ်သတင်းသည် ပိုမိုထင်ရှားလာခဲ့ လေသည်။
စိန်ဗေဒါ နိုင်ငံခြားမှ ပြန်ရောက်လာပြီးနောက် အလှူပွဲများလက်မလည်အောင် လိုက်တီးရ၏။ အလှူတွင် စိန်ဗေဒါ၏ ဆိုင်းမပါလျှင် မပြည့်စုံဟု မှတ်ယူလာကြသည်။ စိန်ဗေဒါသည် သီပေါဘုရင် ချီးမြှင့်ပေးလိုက်သည့် သိုင်းလေးချက်၊ အလံငယ်လေးစင်းနှင့် ဖန်ပဒိုင်းလေးခုတို့အား မင်းဆွေမင်းမျိုးတို့၏ အလှူပွဲများတွင် ထည့်သွင်းဆင်ယင်လေ့ရှိသည်။ စိန်ဗေဒါက ဆိုင်းဝိုင်းတီးရုံသာမဟုတ် ဓာတ်ပြား ၆၄ ချပ်ကိုလည်း သွင်းခဲ့ရသေး၏။ အများအားဖြင့် စိန်ဗေဒါဆိုင်းဝိုင်းတီးပြီး အဆိုတော် ဦးစိန်ခင်က သီဆိုလေ့ရှိသည်။
`ရဲရဲတောက် တို့ဗမာတွေ၊ သတ္တိခဲတွေ၊ ရာဇ၀င်ထိုးလောက်အောင် စွမ်းပေ´ အစချီ စစ်ချီတေးသီချင်းမှာ ယနေ့တိုင် ခေတ်စားနေဆဲဖြစ်သည်။
ထို့နောက် ရွာစားနေမျိုးဗလကျော်သူဘွဲ့ရ စိန်ဗေဒါသည် ဂျပန်ခေတ်တွင် မြန်မာညွန့်ဦးချစ်မောင်နှင့် လိုက်နေသည်။
`ချစ်မောင်ရာ… စစ်ပြီးလို့ အေးအေးချမ်းချမ်း ဖြစ်တောင် ငါတော့ ဆိုင်းမတီးတော့ဘူးကွယ်။ စောင်းပဲတီးတော့မယ်။ မင်းကပတ်တလားတီး မင်းမိန်းမ မအု (ဒေါ်အောင်ကြည်၏ ငယ်နာမည်) ကို သီချင်းဆိုခိုင်းတာပေါ့ကွယ်…´ဟု ဆိုင်းလောကကို မျက်နှာလွှဲတော့မည့်အကြောင်း ၀မ်းနည်းစွာပြောပြသည်။
စိန်ဗေဒါသည် ဒေ၀ဣန္ဒာ ဦးမောင်ကြီးထံတွင် စောင်းပညာကို ကောင်းစွာသင်ကြားခဲ့သည်။ သူသည် ဆိုင်းတီးကောင်း တစ်ယောက်ဖြစ်ပေရာ၊ ဆိုင်းကြောင့် စောင်းသံမှာ ပို၍ ကောင်းလျက် စောင်းပညာ တကယ်တတ်ကျွမ်းသောအခါတွင် စောင်းကြောင့် သူ၏ဆိုင်းသံမှာ ပို၍ ကောင်းပြန်လေသည်။ သို့ဖြင့် သူ့တွင် အကောင်းတွေစုနေသည်ဟု ဆိုကြသည်။
`စိန်ဗေဒါမှာ ကောင်းတဲ့အကြောင်းတစ်ခု ကျန်သေးတယ်။ အဲဒါက ဘာလဲဆိုရင် စိန်ဗေဒါဟာ သူတီးတဲ့ဗုံတွေကို တော်ရိ ရော်ရိ ဈေးက၀ယ်တာမဟုတ်ဘူး။ ကိုယ်တိုင်ကိုယ်ကျ သားရေကိုနယ်ပြီး ကြက်တာကွ´ ဟု ဆိုင်းပညာအကြောင်း ဟောပြောခဲ့သော ဦးဂုမ္ဘာဏ်က ပြောပြခဲ့ဖူးသည်။ များစွာသော ဆိုင်းဆရာတို့သည် ဗုံတွင် သားရေကြိုးလျော့နေက အသင့်ဆောင်ထားသော လက်ရိုက်တုတ်နှင့် ရိုက်၍ တင်းလေ့ရှိသည်။ စိန်ဗေဒါမှာ လက်ရိုက်တုတ်မရှိချေ။ သူ၏ လက်ဖနှောင့်နှင့်ရိုက်ပြီး တင်းသည်။ သူ၏ လက်ဖျားမှာ အသားပို အစိုင်အခဲ တို့ဖြင့် ကြမ်းတမ်းနေပေရာ မျက်နှာသစ်သောအခါ၌ လက်နှင့်မသစ်နိုင်ချေ။ မျက်နှာသုတ်ပ၀ါကို ရေဆွတ်ပြီး သစ်ရသည်။

ဆိုင်းလောက ၀ိဇ္ဇာတစ်ဆူဖြစ်ရုံမျှမက ပတ္တလား၊ တယော၊ စောင်း၊ ဘင်ဂျို၊ မယ်ဒလင်၊ လက်ဆွဲဘာဂျာ၊ ကောနက် စသည့် ဂီတတူရိယာမျိုးစုံကို ကျွမ်းကျင်စွာ တီးမှုတ်တတ်သော ရွာစားစိန်ဗေဒါသည် ဂျပန်ခေတ်တွင် ဆုံဆို့နာခေါ် လည်ချောင်းကင်ဆာ ရောဂါဖြစ်ပွားရာ၊ ရန်ကုန်မြို့သို့ ဇနီးဒေါ်စိန်မေ၊ တပည့်စိန်လှမောင်တို့နှင့် လာရောက်ဆေးကုခဲ့သည်။ စိန်လှမောင်သည် ပြွန်တံဆာတွင် ခရီးလွန်နေသော တပည့်ဖြစ်သူ ဦးချစ်မောင်ကို သွားခေါ်ရသေးသည်။ စစ်ကြီးဖြစ်ပွားနေသဖြင့် ဆေးဝါးက မပြည့်စုံပေ။ သူငယ်ချင်းဖြစ်သူ ဒေါက်တာဘသန်းက အစွမ်းကုန်ကုသပေးသော်လည်း ပျောက်ကင်းမှုမရှိဘဲ ၁၉၄၂ ခုနှစ် အောက်တိုဘာလ ၈ ရက်နေ့တွင် သူခေတ္တ တည်းခိုရာ ရန်ကုန်မြို့ ရွှေတောင်တန်းလမ်း အမှတ် ၅၂ စာရေးကြီး ဦးစောမောင်တို့နေအိမ်၌ ကွယ်လွန်သွားခဲ့လေသည်။
သူ၏နောက်ဆုံးခရီးကို တပည့်ဖြစ်သူ မြန်မာညွန့်ဦးချစ်မောင်က –
`သူ့အလောင်းကို ချသွားတော့ အံ့သြစရာတစ်ခုတွေ့ရတယ်။ ရန်ကုန်မြို့မှာရှိတဲ့ ဆိုင်းအဖွဲ့တွေဟာ ကြံတောသုဿာန်မှာ အကုန်ရောက်နေကြတယ်။ သူတို့ကို ဘယ်သူမှ ဖိတ်မန္တက မပြုဘဲနဲ့ သူတို့ဘာသာ စုရုံးပြီး ရောက်နေကြတာ။ ကိုဗေဒါရဲ့ မိန်းမ ဒေါ်စိန်မေဟာ ဆိုင်းအဖွဲ့တွေလည်း မြင်ရော တခါတည်း မတ်တပ်က လဲကျသွားတာပဲ၊ အလောင်းကို ကားပေါ်က ချလိုက်တာနဲ့ နေမျိုးဗလကျော်သူရွာစားကြီး စိန်ဗေဒါကို အသံတစ်ခုထွက်လာပြီး `စည်တော်´ လို့အော်လိုက်တာနဲ့ တညီတညာတည်း ဆိုင်းဝိုင်းတွေက သာယာကြည်နူးဖွယ် စည်တော်ယွန်းကြတယ်။ တီးမှုတ်ကြတဲ့လူရော၊ မသာပို့သူများပါ ၀မ်းနည်းပူဆွေးကြတယ်။´
ဟူ၍ ပြောပြသည်။
ရှေးအခါက ၀ိုင်းတော်တီးများသေဆုံးလျှင် ရွှေချသည့်နည်းတူ ဦးချစ်မောင်သည် သူ၏ဆရာ စိန်ဗေဒါ၏ လက်ဖျား၊ ရင်ဘတ်၊ နှုတ်ခမ်းများကို ရွှေချကာ နောက်ဆုံးပူဇော်လိုက်လေသည်။
မည်သို့ဆိုစေ…. ဆိုင်းဝိဇ္ဇာ ရွာစား စိန်ဗေဒါကွယ်လွန်ခဲ့သည်မှာ ယခုနှစ် ၂၀၁၃ ဆိုလျှင် ၇၁ နှစ် ရှိပြီဖြစ်သော်လည်း သူ့အမည်နှင့် သူ့အနုပညာစွမ်းဆောင်ချက်များသည် ယနေ့တိုင် ဆိုင်းလောက၌ အထင်ကရရှိနေဆဲပင်ဖြစ်ပါတော့သည်။
စာကိုး
၁။ ဦးသော်ဇင်။ `ဗမာ့ဇာတ်သဘင်လောကမှ ဆိုင်းဘုရား´ မြ၀တီမဂ္ဂဇင်း တွဲ ၆၊ အမှတ် ၉ (၁၉၅၈ ဇူလိုင်လ)
၂။ တိုက်မောင်း၊ `စိန်ဗေဒါ့လက်သံ´ ရှေ့သို့စာစောင် တွဲ ၁၅၊ မှတ် ၉ (၁၉၆၉ အောက်တိုဘာ ၁)
၃။ ဦးဂုဏ်ဘဏ်၊ `စိန်ဗေဒါ၏နိဂုံးနှင့်ရွှေမန်ကျီးခုနစ်စဉ်´ မြ၀တီမဂ္ဂဇင်း တွဲ ၈၊ မှတ် ၆၊ (၁၉၆၀ ဧပြီလ)
၎။ မင်းယုဝေ၊ `စိန်ဗေဒါ´ ငွေတာရီမဂ္ဂဇင်း ၁၉၆၆ ဧပြီလ။
၅။ တင်နိုင်တိုး၊ ပုဂ္ဂိုလ်ထူးတို့၏ ဘ၀တစ်ကွေ့ ရန်ကုန်၊ လမ်းသစ်စာအုပ်တိုက်၊ ပထမကြိမ်၊ ၂၀၁၂။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

Related posts

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:သန်းဝင်းလှိုင်

One Response to Than Win Hlaing – Articles

  1. Anonymous on May 2, 2013 at 9:38 am

    အလင်္ကာကျော်စွာ စောင်းဦးဘသန်းအကြောင်း ရေးပါဦး…

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

Twitter: moemaka


%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ

By

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ...

Read more »

Junior Win ၏ My Life will go on (အင်္ဂလိပ်ဘာသာ၊ ရုပ်စုံ) စာအုပ် ထွက်ပါပြီ

By

  Junior Win ၏ My Life will go on...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ဂိမ်းသီအိုရီ – ၂ ထွက်ပြီ

By

  ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ဂိမ်းသီအိုရီ – ၂ ထွက်ပြီ (မိုးမခ) ဇူလိုင်...

Read more »

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ် ထွက်ပြီ

By

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ်...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်