Aung Din – Burmese Regime Hluttaw in Perspective 18

April 29, 2013

(ပြည်သူ့ခေတ်ဂျာနယ်၊ အတွဲ ၃၊ အမှတ် ၁၄၂၊ ဧပြီ ၂၅ ရက်၊ ၂၀၁၃၊ စာမျက်နှာ ၁၈/၃၂)


မြန်မာနိုင်ငံ၏ ပြည်ထောင်စု လွှတ်တော်ကို အနီးကြည့် အဝေးကြည့် (18)
အောင်ဒင်

အပိုင်း (၁၈) လွှတ်တော်နှင့် ငြိမ်းချမ်းရေး (ဂ)
ပြည်နယ်ဥပဒေပြုခွင့်
၁၉၄၇ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ စာရင်း ၂၊ ပြည်နယ်ဥဒေပြုစာရင်း “(၁) ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေဆိုင်ရာကိစ္စများ” ဆိုတဲ့ခေါင်းစဉ်အောက်မှာ ပြည်နယ်ကောင်စီ (သို့မဟုတ်) ပြည်နယ်လွှတ်တော်များကို နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌန်းချက်များကို မဆန့်ကျင်ပဲ ပြည်နယ်ဆိုင်ရာ ဖွဲ့စည်းပုံအခြေခံဥပဒေပြုခွင့်၊ အခါအားလျော်စွာ ပြင်ဆင်ခွင့်ပေးထားပါတယ်၊ ပြည်နယ်ဥပဒေပြုအဖွဲ့ရွေးကောက်တင်မြှောက်ခြင်း၊ ပြည်နယ်ဝန်ထမ်းရာထူးများနှင့် ပြည်နယ်ရာထူးခန့်ထားရေးအဖွဲ့များ၊ ပြည်နယ်အငြိမ်းစားလစာငွေများ၊ အထူးသဖြင့် ပြည်နယ်ကပေးရမည်ဖြစ်သော၊ သို့မဟုတ် ပြည်နယ်အခွန်ဘဏ္ဏာတော်များမှပေးရမည်ဖြစ်သော်အငြိမ်းစားလစာငွေများ၊ ပြည်နယ်ကောင်စီဥက္ကဋ္ဌနဲ့ကောင်စီဝင်များ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများရဲ့ လစာနဲ့ခံစားခွင့်များဆိုင်ရာဥပဒေပြုခွင့်တွေ အပ်နှင်းထားပါတယ်၊ ၂၀၀၈ ဖွဲ့စည်းပုံအရ ယင်းကိစ္စများအားလုံးကို ပြည်ထောင်စုလွှတ်တော်ကပဲ ဆုံးဖြတ်ပါတယ်၊ ပြည်နယ်များမှာ ကိုယ်ပိုင်ပြည်နယ်ဖွဲ့စည်းပုံရေးဆွဲပြဋ္ဌန်းခွင့်မရှိပါ၊
အမေရိကန်ပြည်ထောင်စုမှာ ပြည်နယ်အားလုံးမှာ ကိုယ်ပိုင် ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေတွေရှိကြပြီး သက်ဆိုင်ရာ ပြည်နယ်လွှတ်တော်များက ရေးဆွဲ၊ ပြင်ဆင်၊ ပြဋ္ဌန်းကြတာပါ၊ အမေရိကန်ပြည်ထောင်စုမှာ ပါဝင်တဲ့ ပြည်နယ်များအားလုံးဟာ ပြည်ထောင်စုဖွဲ့စည်းပုံအခြေခံဥပဒေပါအချက်အလက်များကို မဆန့်ကျင်ပဲ ပြည်နယ်ဆိုင်ရာဖွဲ့စည်းပုံများ ရေးဆွဲခွင့်ရှိပြီး အဲဒီပြည်နယ်ဖွဲ့စည်းပုံမှာ ပြည်နယ်အဆင့်ရွေးကောက်ပွဲများ၊ ပြည်နယ်အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး၊ ပညာရေး၊ ဘဏ္ဏာရေး၊ လုံခြုံရေး၊ စည်ပင်သာယာရေး စတဲ့ ပြည်နယ်ဆိုင်ရာအရေးကိစ္စတွေကို ပြဋ္ဌန်းထားပါတယ်၊ ပြည်နယ်များသာမကပါ၊ ပြည်နယ်များအတွင်းမှာ ပါဝင်ကြတဲ့ ကောင်တီ (ခရိုင်) များ၊ မြို့များရဲ့ ကောင်စီများဟာလဲ သက်ဆိုင်ရာ ကောင်တီ နဲ့ မြို့တော်ဖွဲ့စည်းပုံများရေးဆွဲခွင့်ရှိကြပါတယ်၊
၁၉၄၇ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ခွင့်ပြုထားတဲ့ ပြည်နယ်ကောင်စီများ ဥပဒေပြုခွင့်များအထဲမှာ နောက်ထူးခြားတဲ့ ဥပဒေပြုခွင့်ကတော့ “လုံခြုံရေး” ပါ၊ “လုံခြုံရေး” ဆိုတဲ့ ခေါင်းစဉ်အောက်မှာ “ပြည်သူ့ငြိမ်ဝပ်ပိပြားရေး (သို့သော်မြို့ပြအုပ်ချုပ်မှုတွင် ကုန်းတပ်၊ ရေတပ်၊ လေတပ်ကို အသုံးပြုခြင်းမပါ)၊  ကျေးရွာပုလိပ်အပါအဝင်ဖြစ်သော ပုလိပ်၊ ပြည်နယ်ဆိုင်ရာ တရားစီရင်ရေးစနစ် နဲ့ ဗဟိုတရားရုံးရဲ့လက်အောက်ခံပြည်နယ်အတွင်း တရားရုံးများအဆင့်ဆင့်ဖွဲ့စည်းမှု၊ ပြည်နယ်အကျဉ်းထောင်များ နဲ့ ပြစ်မှုကျူးလွန်သူများအားအရေးယူခြင်း”၊ စတဲ့ကိစ္စတွေကို ဥပဒေပြုခွင့်ပေးထားပါတယ်၊ ၂၀၀၈ ဖွဲ့စည်းပုံမှာတော့ ပြည်နယ်လွှတ်တော်များဟာ အဆိုပါကိစ္စများကို ဥပဒေပြုခွင့်မရပါ၊
တိုင်းရင်းသားလူမျိုးစုများတောင်းဆိုနေတဲ့ ကိုယ်ပိုင်ပြဋ္ဌန်းခွင့်ဆိုတာ ပြည်ထောင်စုထဲက ခွဲမထွက်ပဲ၊ ပြည်ထောင်စုဖွဲ့စည်းပုံအခြေခံဥပဒေကို မဆန့်ကျင်ပဲ၊ ကိုယ်ပြည်နယ်အရေးကိစ္စကို ကိုယ့်ဖာသာ စီမံခန့်ခွဲခွင့်၊ ကိုယ့်ဘာသာ ဥပဒေပြုခွင့်ပါ၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေက ပြည်နယ်လွှတ်တော်တွေ ဖွဲ့စည်းခွင့်ပေးထားပေမည့် ကိုယ်ပိုင်ပြဋ္ဌန်းခွင့်ကိုတော့ ခွင့်မပြုထားပါ၊
ပြည်နယ်ရဲတပ်ဖွဲ့ (သို့မဟုတ်) ပြည်နယ်ဆိုင်ရာလုံခြုံရေးတပ်ဖွဲ့များ ဖွဲ့စည်းခွင့်
၁၉၄၇ ဖွဲ့စည်းပုံမှာ ပြည်နယ်ဆိုင်ရာ ရဲတပ်ဖွဲ့ (သို့မဟုတ်) လုံခြုံရေးတပ်ဖွဲ့များဖွဲ့စည်းခွင့်ပေးထားပေမည့် ၂၀၀၈ ဖွဲ့စည်းပုံမှာတော့ ပြည်နယ်လုံခြုံရေးကိစ္စတွေကို ပြည်ထောင်စုအစိုးရရဲ့ ကာကွယ်ရေးဝန်ကြီးဋ္ဌာန၊ ပြည်ထဲရေးဝန်ကြီးဋ္ဌာနများက တာဝန်ယူထားပါတယ်၊ တိုင်းရင်းသားများရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဆိုရာမှာ ပြည်နယ်တွင်းလုံခြုံရေးအတွက် သက်ဆိုင်ရာပြည်နယ်များအလိုက် ပြည်နယ်အစိုးရလက်အောက်ခံ လုံခြုံရေးတပ်ဖွဲ့များ ဖွဲ့စည်းခွင့်နဲ့ ပြည်ထောင်စုအစိုးရ နဲ့ ပြည်ထောင်စုတပ်မတော်က ပြည်နယ်ဆိုင်ရာလုံခြုံရေးကိစ္စတွေမှာ ပြည်နယ်အစိုးရရဲ့ ဖိတ်ခေါ်ချက်မရှိပဲ၊ ဒါမှမဟုတ် တစ်နိုင်ငံလုံးကို ပျံ့နှံ့နိုင်တဲ့ အရေးပေါ်အခြေအနေမျိုးမရှိပဲ ဝင်ရောက်မစွက်ဖက်ဖို့ဆိုတာ အရေးကြီးတဲ့ လိုအပ်ချက်ပါ၊ 
လက်နက်ကိုင်တိုင်းရင်းသားအင်အားစုများနဲ့ ငြိမ်းချမ်းရေးဆွေးနွေးရာမှာ မြန်မာအစိုးရဘက်က တင်ပြတဲ့ အချက်တစ်ချက်က တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များကို ဖျက်သိမ်းပြီး ၂၀၀၈ဖွဲ့စည်းပုံနဲ့အညီ တစ်ခုတည်းသော လက်နက်ကိုင်တပ်မတော်ဖြစ်အောင် ညှိနှိုင်းဆောင်ရွက်ရေးပါ၊ ဒါ အင်မတန်အရေးကြီးတဲ့အချက်ပါ၊ ပြည်တွင်းငြိမ်းချမ်းရေးအမှန်တကယ်ရဖို့ အဓိကလိုအပ်ချက်က ပြိုင်ဘက်လက်နက်ကိုင်တပ်ဖွဲ့များအားလုံး ဖျက်သိမ်းပြီး တစ်ခုတည်းသော ပြည်ထောင်စုတပ်မတော် ဖွဲ့စည်းရေးပါ၊ တစ်ဘက်မှာလဲ လက်နက်ကိုင်တပ်များနဲ့ အင်အားတည်ဆောက်ပြီး နှစ်ပေါင်းများစွာ ရပ်တည်ခဲ့ကြတဲ့ တိုင်းရင်းသားခေါင်းဆောင်များအဖို့ သူတို့ အမှီသဟဲပြုရာ တပ်များကို ဖျက်သိမ်းဖို့ဆိုတာ သိပ်လွယ်တဲ့ ကိစ္စမဟုတ်ပါ၊ လက်နက်ကိုင်တပ်တွေကို စွန့်လွှတ်ပြီး ရွေးကောက်ပွဲနည်းလမ်းနဲ့ အာဏာရအောင်ကြိုးစားဖို့ ကိုယ့်ကိုကိုယ် ယုံကြည်မှု သိပ်ရှိမှာမဟုတ်ပါ၊ တပ်ရှိတုံးက ဩဇာအာဏာကြီးမားပြီး တပ်မရှိတော့တဲ့အချိန်မှာ အရှိန်အဝါလျော့ကျသွားရသူတွေကိုလဲ ရှေ့မှာ တွေ့ခဲ့ကြတာပါ၊
တကယ်စစ်မှန်တဲ့ ငြိမ်းချမ်းရေးရဖို့ဆိုရင် တိုင်းရင်းသားများတောင်းဆိုတဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင်ပြဋ္ဌန်းခွင့်တွေကို အပြည့်အဝပေးသင့်ပါတယ်၊ အဲဒီအထဲမှာ ပြည်နယ်အစိုးရလက်အောက်ခံ ပြည်နယ်ရဲတပ်ဖွဲ့ ဖွဲ့စည်းအုပ်ချုပ်ခွင့်လဲပါပြီး အဲဒီ ပြည်နယ်ရဲတပ်ဖွဲ့တွေဟာ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များကို စနစ်တကျ အသွင်ပြောင်းရာမှာ ပိုပြီးအဆင်ပြေပါလိမ့်မယ်၊ ပြည်နယ်လုံခြုံရေးတပ်ဖွဲ့တွေဟာ ပြည်နယ်အစိုးရရဲ့ တိုက်ရိုက်အုပ်ချုပ်မှုအောက်မှာ ပြည်နယ်တွင်းလုံခြုံရေးကိစ္စများကို ပြည်နယ်ဥပဒေအရ ဆောင်ရွက်ရန်ဖြစ်ပြီး အရေးပေါ်အခြေအနေတစ်ရပ်ပေါ်ပေါက်လာရင် ပြည်ထောင်စုအစိုးရရဲ့ အမိန့်နဲ့ ပြည်ထောင်စုတပ်မတော်ရဲ့ အောက်မှာ တာဝန်ထမ်းဆောင်ရန် ဖြစ်ပါတယ်၊
သက်ဆိုင်ရာ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ခေါင်းဆောင်များအနေနဲ့လည်း တောင်းဆိုတဲ့ အခွင့်အရေးများရလို့ ငြိမ်းချမ်းရေးတည်ဆောက်ဖို့ သဘောတူပြီဆိုရင် သူတို့ရဲ့တပ်တွေကို ပြည်နယ်လုံခြုံရေးတပ်ဖွဲ့များအဖြစ် အသွင်ပြောင်းဖွဲ့စည်းခွင့်ပြုရမှာဖြစ်ပြီး သူတို့ကိုယ်တိုင်ကတော့ တပ်ကို စွန့်ခွါရမှာပါ၊ ပြည်နယ်အစိုးရအာဏာရချင်ရင် လူထုထောက်ခံမှုကို နိုင်ငံရေးနည်းနဲ့ စည်းရုံးပြီး ရွေးကောက်ပွဲကတဆင့် ကြိုးပမ်းရမှာပါ၊ ငြိမ်းချမ်းရေးသဘောတူညီပြီးတဲ့နောက် ဘယ်တိုင်းရင်းသားခေါင်းဆောင်မှ ပြည်သူ့စစ်လိုနံမည်မျိုးနဲ့ ခါးပိုက်ဆောင်တပ်တွေ မပိုင်ဆိုင်သင့်ပါ၊ 
တိုင်းရင်းသားခေါင်းဆောင်တွေက ကိုယ်ပိုင် ခါးပိုက်ဆောင်တပ်တွေနဲ့ ပြည်တွင်းမှာ တရားဝင်ရပ်တည်နေရင် လူထုနစ်နာပါတယ်၊ အခုကိုပဲ အစိုးရနဲ့ ငြိမ်းချမ်းရေးရထားတဲ့ တိုင်းရင်းသားခေါင်းဆောင်အချို့ဟာ ပြည်သူ့စစ်အမည်နဲ့ သူတို့ရဲ့ တပ်တွေကို ဆက်လက်ခေါင်းဆောင်နေပြီး နယ်မြေအပိုင်စားရတဲ့ စစ်ဘုရင်တွေလို ရပ်တည်နေတဲ့အပြင် လွှတ်တော်ထဲကိုပါ ရွေးကောက်ခံကိုယ်စားလှယ်များအဖြစ် ရောက်ရှိနေတာတွေ့ရပါတယ်၊ သူတို့ရွေးကောက်ခံရတယ်ဆိုတာ လူထုက တကယ်ထောက်ခံလို့လား၊ လူထုကို လက်နက်နဲ့ ခြိမ်းချောက်ပြီးမဲပေးခိုင်းလို့လား ဆိုတာ မေးခွန်းထုတ်စရာဖြစ်လာပါတယ်၊
အမေရိကန်ပြည်ထောင်စု၊ ပြည်ထောင်စုအစိုးရအဖွဲ့ (Federal Government) မှာ ပြည်ထဲရေးဝန်ကြီးဋ္ဌာနဆိုတာ မရှိပါ၊ ပြည်ထောင်စုရဲတပ်ဖွဲ့ဆိုတာ မရှိပါ၊ ပြည်နယ်ရဲတပ်ဖွဲ့အသီးသီးဟာ ပြည်နယ်လွှတ်တော်က ပြဋ္ဌန်းတဲ့ ပြည် နယ်ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ အခြားသက်ဆိုင်ရာဥပဒေများအရ ပြည်နယ်အစိုးရဲ့ တိုက်ရိုက်အုပ်ချုပ်မှုအောက်မှာ တည်ရှိပြီး ပြည်နယ်လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေးကိစ္စတွေကို ဆောင်ရွက်ကြပါတယ်၊ ပြည်နယ်ရဲအဖွဲ့အကြီးအကဲများကို အချို့ပြည်နယ်တွေမှာ ပြည်နယ်အုပ်ချုပ်ရေးမှူးက ခန့်အပ်ပြီး အချို့ပြည်နယ်တွေမှာ လူထုက ရွေးကောက်တင်မြှောက်ပါတယ်၊ ပြည်ထောင်စုအစိုးရဟာ ပြည်နယ်ရဲတပ်ဖွဲ့များအပေါ် တိုက်ရိုက်ဩဇာသက်ရောက်မှုမရှိပါ၊ ပြည်ထောင်စုထောက်လှမ်းရေးဗျူရို (Federal Bureau of Investigation/FBI) ဆိုတာတော့ရှိပါတယ်၊ အဲဒီဗျူရိုက ပြည်နယ်တစ်ခုရဲ့ နယ်နမိတ်အတွင်းဖြစ်ပေါ်တဲ့ ရာဇဝတ်မှုများကို မကိုင်တွယ်ပါ၊ ပြည်နယ်တစ်ခုရဲ့ နယ်နမိတ်ကိုကျော်ပြီး အခြားပြည်နယ်များကိုပါ ဆက်စပ်ဖြစ်ပွါးတဲ့ ရာဇဝတ်မှုများ၊ ပြည်နယ်တစ်ခုအတွင်းက ပြည်ထောင်စုအစိုးရရဲ့ လုပ်ငန်း၊ ဋ္ဌာနများနဲ့ ပါတ်သက်တဲ့ အမှုအခင်းများ၊ ပြည်ထောင်စုအစိုးရနဲ့ တိုက်ရိုက်သက်ဆိုင်တဲ့ အမှုအခင်းများကိုသာ ကိုင်တွယ်ဖြေရှင်းပါတယ်၊
ကိုယ်ပိုင်အုပ်ချုပ်ခွင့်
၂၀၀၈ ဖွဲ့စည်းပုံ ပုဒ်မ ၂၄၈ အရ ပြည်နယ် ၇ ခုမှာ ပြည်နယ်အစိုးရအဖွဲ့တွေကို ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ နဲ့ ပြည်နယ်ဥပဒေချုပ်တို့နဲ့ ဖွဲ့စည်းပါတယ်၊ ပုဒ်မ ၂၆၁ အရ နိုင်ငံတော်သမ္မတဟာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ (ရွေးကောက်တင်မြှောက်ခံရသူများနှင့် ကာကွယ်ရေးဦးစီးချုပ်မှ ခန့်အပ်သူများ) ထဲမှ သတ်မှတ်ထားသည့်အရည်အချင်းများနှင့်ပြည့်စုံသော သင့်တော်သူတစ်ဦးကို ရွေးချယ်၍ သက်ဆိုင်ရာပြည်နယ်လွှတ်တော်သို့ အမည်စာရင်းတင်သွင်းပြီး သက်ဆိုင်ရာပြည်နယ်လွှတ်တော်၏သဘောတူညီချက်ဖြင့် ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ခန့်အပ်တာဝန်ပေးရမှာဖြစ်ပါတယ်၊ ဒီဥပဒေအရ ပြည်နယ်ဝန်ကြီးချုပ်ရွေးချယ်ခန့်အပ်ခွင့်အာဏာဟာ ပြည်နယ်လွှတ်တော်မှာ မတည်ရှိပဲ နိုင်ငံတော်သမ္မတထံမှာ တည်ရှိနေပါတယ်၊ ဒါကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးတယ်လို့ မခေါ်နိုင်ပါ၊ တခါ ပုဒ်မ ၂၆၂ (ဌ) (၁) မှာ ပြည်နယ်ဝန်ကြီးချုပ်သည် နိုင်ငံတော်သမ္မတအားတာဝန်ခံရမည်လို့ ပြဋ္ဌန်းထားပါသေးတယ်၊ မဖြစ်သင့်ပါ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးမယ်ဆိုရင် ပြည်နယ်လွှတ်တော်များဟာ ပြည်နယ်ဝန်ကြီးချုပ်ကို မိမိတို့ဘာသာ ရွေးကောက်တင်မြှောက်ခွင့်ရှိရမှာဖြစ်ပြီး ပြည်နယ်ဝန်ကြီးချုပ်ဟာ ပြည်နယ်လွှတ်တော်နဲ့ ပြည်နယ်လူထုကိုပဲ တာဝန်ခံရမှာပါ၊
ပြည်နယ်အစိုးရအဖွဲ့ကို ဖွဲ့စည်းရာမှာ ပုဒ်မ ၂၆၁ အရ နိုင်ငံတော်သမ္မတက ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ရွေးချယ်ခန့်အပ်ခံရသူက ဦးဆောင်ဖွဲ့စည်းရပါတယ်၊ ပုဒ်မ ၂၆၂ (က) နဲ့ (ခ) အရ ပြည်နယ်ဝန်ကြီးချုပ်က (၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များထဲက ဖြစ်စေ၊ လွှတ်တော်ကိုယ်စားလှယ်မဟုတ်သူများထဲက ဖြစ်စေ သင့်တော်သူများ၊ (၂) လုံခြုံရေးနဲ့ နယ်စပ်ရေးရာတာဝန်ယူဖို့ ကာကွယ်ရေးဦးစီးချုပ်က တာဝန်ပေးတဲ့ တပ်မတော်အရာရှိများ၊ (၃) ပြည်နယ်အတွင်းရှိ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းနဲ့ ဒေသများ၏ ဦးစီးအဖွဲ့ဥက္ကဋ္ဌများ၊ (၄) ရွေးကောက်ပွဲကော်မရှင်မှရယူသော ပြည်နယ်အတွင်းရှိ တိုင်းရင်းသားလူမျိုးများရေးရာဆောင်ရွက်ရန် ရွေးကောက်တင်မြှောက်ထားသောကိုယ်စားလှယ်များ ဖြင့်ဖွဲ့စည်းပြီး ပြည်နယ်လွှတ်တော်ကို အမည်စာရင်းတင်ပြရမှာဖြစ်ပါတယ်၊ ပုဒ်မ ၂၆၂ (ဂ) အရ ဒီပြည်နယ်ဝန်ကြီးလောင်းတွေဟာ သတ်မှတ်ထားတဲ့အရည်အချင်းများနဲ့ ပြည့်စုံတယ်ဆိုရင် ပြည်နယ်လွှတ်တော်မှာ ငြင်းပယ်ခွင့်မရှိပဲ အတည်ပြုပေးရမှာပါ၊ ပုဒ်မ (၂၆၂) (င) (စ) နဲ့ (ဆ) အရ ပြည်နယ်လွှတ်တော်က အတည်ပြုပေးလိုက်တဲ့ ပြည်နယ်ဝန်ကြီးလောင်းများစာရင်းကို ပြည်နယ်ဝန်ကြီးချုပ်က နိုင်ငံတော်သမ္မတထံတင်ပြပြီး နိုင်ငံတော်သမ္မတက ယင်းဝန်ကြီးများကို တရားဝင်ခန့်အပ်ခြင်း၊ ဝန်ကြီးဋ္ဌာနများသတ်မှတ်ပေးခြင်းပြုပေးရမှာဖြစ်ပါတယ်၊
ဒီတော့ ၂၀၀၈ ဖွဲ့စည်းပုံအရ နိုင်ငံတော်သမ္မတဟာ ပြည်နယ်ဝန်ကြီးချုပ်ကို ခန့်အပ်ခွင့်ရှိတဲ့အပြင် ပြည်နယ်ဝန်ကြီးတွေကိုပါ ဝန်ကြီးဋ္ဌာနသတ်မှတ်ပေးခွင့်ရှိနေပါတယ်၊ ပြည်နယ်ဝန်ကြီးချုပ်မှာလဲ နိုင်ငံတော်သမ္မတကို သစ္စာခံရတဲ့ အပြင် သူ့ရဲ့ ပြည်နယ်အစိုးရအဖွဲ့ကိုတောင် စိတ်ကြိုက်ဖွဲ့စည်းခွင့်မရှိပါ၊ ကာကွယ်ရေးဦးစီးချုပ်က ခန့်အပ်တဲ့ တပ်မတော်အရာရှိများကို လုံခြုံရေး၊ နယ်စပ်အရေးဝန်ကြီးဋ္ဌာနများမှာ မလွဲမသွေ တာဝန်ပေးရမှာဖြစ်ပြီး ကျန်တဲ့ဝန်ကြီးတွေကိုလဲ ကိုယ်တိုင် နေရာချထားခွင့်မရှိပါ၊ တခါ ပုဒ်မ ၂၆၂ (ဌ) (၂) အရ ပြည်နယ်ဝန်ကြီးများဟာ ပြည်နယ်ဝန်ကြီးချုပ်က တဆင့် နိုင်ငံတော်သမ္မတကို တာဝန်ခံရမှာဖြစ်ပါတယ်၊ ဒါကြောင့် ပြည်နယ်ဝန်ကြီးချုပ်နဲ့ ပြည်နယ်အစိုးရအဖွဲ့ဝင်များဟာ (တပ်မတော်ကိုယ်စားလှယ်များမပါ) နိုင်ငံတော်သမ္မတက ကြိုက်တဲ့အချိန်မှာ ရာထူးမှ ဖယ်ရှားနိုင်ပြီး အသစ်ရွေးချယ်အစားထိုးခန့်အပ်နိုင်ပါတယ်၊ 
ဒီဖွဲ့စည်းပုံအရ ပြည်နယ်ဝန်ကြီးချုပ်နဲ့ ပြည်နယ်အစိုးရအဖွဲ့ဆိုတာ နိုင်ငံတော်သမ္မတရဲ့ လက်အောက်ခံဝန်ထမ်းများ၊ ပြည်နယ်အစိုးရဆိုတာလဲ ကာကွယ်ရေးဦးစီးချုပ်က တစိတ်တပိုင်းလွှမ်းမိုးထားတဲ့ အုပ်ချုပ်ရေးယန္တရားအဆင့်တစ်ဆင့်သာ ဖြစ်ပါတယ်၊ ဒါကို ကိုယ်ပိုင်အုပ်ချုပ်ရေးလို့ မခေါ်နိုင်ပါ၊
အမေရိကန်ပြည်ထောင်စုမှာ ပြည်နယ်အကြီးအကဲဖြစ်တဲ့ ပြည်နယ်အုပ်ချုပ်ရေးမှူးများ (Governor of the State) ကို လေးနှစ်တစ်ခါ ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ အညီ ရွေးကောက်တင်မြှောက်ပါတယ်၊ အများဆန္ဒနဲ့ရွေးကောက်တင်မြှောက်ခံရတဲ့ ပြည်နယ်အုပ်ချုပ်ရေးမှူးက ပြည်နယ်အစိုးရအဖွဲ့ဝင်လောင်းများရဲ့ အမည်စာရင်းကို ပြည်နယ်လွှတ်တော်ကို တင်သွင်းရပါတယ်၊ ပြည်နယ်လွှတ်တော်ကလဲ အရည်အချင်းတစ်ခုထဲကြည့်တာမဟုတ်ပါ၊ အဆိုပြုခံရသူတွေရဲ့ နောက်ကြောင်းသမိုင်း၊ ကိုယ်ကျင့်တရား၊ ပိုင်ဆိုင်မှု၊ အတွေ့အကြုံတွေကို နှိုက်နှိုက်ချွတ်ချွတ်စစ်ဆေးပြီး မသင့်တော်ရင် ငြင်းပယ်ပါတယ်၊ ဒီလိုနဲ့ ပြည်နယ်အုပ်ချုပ်ရေးမှူးဟာ သူ့ကိုရွေးကောက်တင်မြှောက်တဲ့ ပြည်နယ်လူထုကို တာဝန်ခံပြီး ပြည်နယ်အစိုးရအဖွဲ့ဟာ ပြည်နယ်အုပ်ချုပ်ရေးမှူးကို တာဝန်ခံပါတယ်၊ အမေရိကန်ပြည်ထောင်စုသမ္မတဟာ ပြည်နယ်အုပ်ချုပ်ရေးမှူးနဲ့ ပြည်နယ်အစိုးရအပေါ် အာဏာမသက်ရောက်ပါ၊
ပြည်နယ်များနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသနှင့် တိုင်းများ ကွာခြားချက်
၂၀၀၈ ဖွဲ့စည်းပုံအရ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ ၅ ခု (နာဂ၊ ဓနု၊ ပအိုဝ်း၊ ပလောင်၊ ကိုးကန့်) နဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း တစ်ခု (ဝ) တို့ ဖွဲ့စည်းတည်ရှိလာပါတယ်၊ ပုဒ်မ ၂၇၆ (က) အရ ကိုယ်ပိုင်အုပ်ချုပ်ခွင့်အရ ဒေသနဲ့ တိုင်းတွေဟာ အဆင့်အတန်းတူညီတယ်လို့ သတ်မှတ်ထားပါတယ်၊ ထူးခြားချက်က ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ၊ တိုင်းများဟာ သက်ဆိုင်ရာ အကြီးအကဲကို ကိုယ်ပိုင်ရွေးချယ်ခွင့်ရတာပါ၊ ပုဒ်မ ၂၇၆ (ခ) (ဂ) နဲ့ (ဃ) များအရ အဆိုပါဒေသများမှာ လွှတ်တော်လို့ ပြောရမည့် ဥပဒေပြုအဖွဲ့အစည်းကို “ဦးစီးအဖွဲ့” ဆိုတဲ့ အမည်နဲ့ (၁) ဒေသအတွင်းမှ မြို့နယ်အလိုက် ရွေးကောက်တင်မြှောက်ထားသော ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ (၂) လုံခြုံရေးနဲ့ နယ်စပ်ရေးရာတာဝန်ယူဖို့ ကာကွယ်ရေးဦးစီးချုပ်က ခန့်အပ်တဲ့ တပ်မတော်သားများ နဲ့ (၃) လိုအပ်၍ (၁) နှင့် (၂) ပါပုဂ္ဂိုလ်များက ရွေးချယ်ဖြည့်စွက်ခန့်အပ်သည့်ပုဂ္ဂိုလ်များ အပါအဝင် အနည်းဆုံး အဖွဲ့ဝင်၁၀ ဦးနဲ့ ဖွဲ့စည်းပါတယ်၊ ပုဒ်မ ၂၇၆ (င) အရ ဦးစီးအဖွဲ့ဝင်များဟာ မိမိတို့အချင်းချင်းညှိနှိုင်း၍ ရွေးကောက်တင်မြှောက်ထားသော ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များအနက်မှ သင့်တော်သူတစ်ဦးကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ သို့မဟုတ် တိုင်းရဲ့ ဥက္ကဋ္ဌအဖြစ် ရွေးချယ်ပြီး ယင်းပုဂ္ဂိုလ်ရဲ့အမည်စာရင်းကို နိုင်ငံတော်သမ္မတထံ တင်သွင်းရပါတယ်၊ ပုဒ်မ ၂၇၆ (စ) အရ နိုင်ငံတော်သမ္မတက ယင်းအမည်စာရင်းတင်သွင်းခံရသူကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ သို့မဟုတ် တိုင်းရဲ့ ဥက္ကဋ္ဌအဖြစ်ခန့်အပ်ရပါတယ်၊ 
ဒီတော့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ သို့မဟုတ် တိုင်းဦးစီးအဖွဲ့တွေဟာ အနည်းဆုံးတော့ သူတို့ရဲ့ အကြီးအကဲတွေကို သူတို့ရဲ့ ရွေးကောက်ခံပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များထဲက  ရွေးချယ်ခွင့်ရှိကြောင်းတွေ့ရပါတယ်၊ ဒီလိုအခွင့်အရေးမျိုး ပြည်နယ်တွေမှာ မရှိပါ၊ အထက်မှာ တင်ပြခဲ့တဲ့အတိုင်း နိုင်ငံတော်ဝန်ကြီးချုပ်က ပြည်နယ်ဝန်ကြီးချုပ်ကို ရွေးချယ်ခန့်အပ်တာပါ၊ အဲဒီလိုရွေးချယ်ရာမှာလဲ တပ်မတော်သားကိုယ်စားလှယ်များပါပါဝင်တဲ့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များအားလုံးထဲက ရွေးချယ်တာပါ၊ ဦးသိန်းစိန် နိုင်ငံတော်သမ္မတတာဝန်ယူပြီးတော့ ခန့်အပ်တဲ့ ပြည်နယ်ဝန်ကြီးချုပ်များထဲမှာ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဟာ ရွေးကောက်ခံကိုယ်စားလှယ်မဟုတ်ပါ၊ တပ်မတော်ကိုယ်စားလှယ်ဖြစ်ပါတယ်၊ ပြည်နယ်တွေမှာ ဒီလိုအခွင့်အရေးမျိုးဘာကြောင့်မရရသလဲဆိုတာ မေးခွန်းထုတ်စရာဖြစ်လာပါတယ်၊
ဆက်ရေးပါဦးမယ်၊
လေးစားစွာ၊
အောင်ဒင်
မတ်လ ၂၉၊ ၂၀၁၃

  


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

Related posts

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:News Features, အောင်ဒင်

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

Twitter: moemaka


%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ဒေါ်ခင်မျိုးချစ်၏ သတင်းစာလောက ထွက်ပါပြီ

By

ဒေါ်ခင်မျိုးချစ်၏ သတင်းစာလောက ထွက်ပါပြီ (မိုးမခ) သြဂုတ် ၂၄၊ ၂၀၁၈ စာရေးဆရာမကြီး ဒေါ်ခင်မျိုးချစ်...

Read more »

ဂီတအနုပညာရှင်ကြီး မာမာအေး စိန်ရတုမွေးနေ့ အမှတ်တရ မိုးမခစာအုပ်ထုတ်

By

ဂီတအနုပညာရှင်ကြီး မာမာအေး စိန်ရတုမွေးနေ့ အမှတ်တရ မိုးမခစာအုပ်ထုတ် (မိုးမခစာအုပ်စင်) သြဂုတ် ၁၇၊ ၂၀၁၈...

Read more »

မိုးမခ သြဂုတ်လ ၂၀၁၈၊ တွဲ ၅ မှတ် ၄ ထွက်ပြီ

By

မိုးမခ သြဂုတ်လ ၂၀၁၈၊ တွဲ ၅ မှတ် ၄ ထွက်ပြီ (မိုးမခ)...

Read more »

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ

By

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်