>U Ohm Kyaw – Rabindranath Tagore

December 5, 2011

>

ရာဘင်ဒြာနတ်တဂိုး (တံဆိပ်ခေါင်းများ)
ဦးအုန်းကျော်
ဒီဇင်ဘာ ၅၊ ၂၀၁၁


ဦးလေးရေး .. ဟိုတလောက စာရေးဆရာကြီး တဂိုးရဲ့ အနှစ် ၁၅၀ မြောက် အခမ်းအနားတခု ရန်ကုန်မှာလုပ်တဲ့အကြောင်း သတင်းစာထဲမှာ တွေ့လိုက်တယ် ဦးလေးရ။ အဲဒီစာရေးဆရာကြီးအကြောင်း ကျနော့်ကို ပြောပြစမ်းပါဦးလေးရာ။
အေး ငါတူလာတာနဲ့အတော်ပဲကွ။ ဦးလေးလဲ မင်းကိုမေးစရာတွေရှိနေလို့။ အခုတလော မင်းတို့ရဲ့ အင်တာနက်လိုင်းတွေ ပွင့်လာပြီးဆို။ အလွယ်တကူဝင်လို့ရနေပြီဆို။ ပြောပါဦးကွ။ အဲဒါအမှန်ဘဲလား။

ဟုတ်တယ် ဦးလေးရ။ ဒါပေမယ့် အကုန်လုံးမဟုတ်ပါဘူး။ တချို့ကို ခုထိပိတ်ထားတုံးပါဘဲ ဦးလေးရာ။ နောက်ပြီး လိုင်းတွေက နှေးနေတုံးဘဲဗျ။
အေးလေ ဘာပဲဖြစ်ဖြစ် ငါ့တူကြီး အရင်ကထက်စာရင် မျက်စိပွင့် နားပွင့်ဖြစ်သွားတာပေါ့။ မှုတ်ဘူးလား။ အဲဒီတော့ကာ အဲဒီ ငါတူသိချင်တဲ့ တဂို (Tagore) အကြောင်း ငါ့တူဘာသာ ရှာဖတ်ပေတော့ကွာ။ Tagore လို့ မင်းတို့အင်တာနက်ထဲမှာ ရိုက်ထည့်လိုက်ရင် တခါထဲပေါ် လာမှာဘဲ။ အဲဒါမကောင်းဘူးလား။ နာမည်အပြည့်အစုံက (Rabindranath Tagore)

အဲ့ဒါတော့ ဟုတ်ပါပြီ။ ကျနော်ဖတ်ပြီးပြီဆိုပါစို့။ ဒါပေမယ့် ဦးလေးရာ ဒီအတိုင်းဖတ်ပြီး ကိုယ့်ဘာသာ တယောက်ထဲသိနေရတာကြီးက အရသာမရှိပါဘူး။ ဖတ်ပြီးရယ် ကိုယ်ဖတ်ထားတာလေးတွေ ကိုယ်သိထားတာလေးတွေကို တယောက်ယောက်နဲ့ ပြောချင်သေးတယ်။ စားမြုံပြန်ချင်သေးတယ်ဗျ။ ဦးလေးဘဲ ပြောဖူးတယ်လေ။ တခုခုဖတ်ပြီးရင် အမြဲတမ်းစဉ်းစားပါ။ အချင်းချင်း ဆွေးနွေးပါဆိုတာလေ။ မေ့ပြီလား။
မမေ့ပါဘူး ငါ့တူရ။ မင်းအခုလို သတိရလို့လဲ ဦးလေးက ၀မ်းသာပါတယ်။ ဦးလေးဆိုလိုတာက ငါ့တူကြီးတို့ အင်တာနက်ဆိုင်မှာ ဂိမ်းတွေ ကစားပြီး၊ အရမရ အဖတ်မရအချိန်တွေကုန်မှာစိုးလို့ ပြောရတာပါ။ ဟုတ်တယ်ကွ။ ဦးလေးလဲ သတင်းစားထဲမှာ တွေ့လိုက်မိတယ်။ ဦးလေးတို့ ငယ်ငယ်ကလဲ တဂိုးအထိမ်းအမှတ်အဖြစ် ကပွဲတွေလုပ်ကြတယ်။ ကဗျာရွတ်ဆိုပွဲတွေလုပ်ကြတယ်။ အဓိက ကတော့ အိန္ဒိယသံရုံးက ကြီးမှူးပြီးလုပ်တာတွေများတယ်ကွ။

အဲဒီ Tagore က အိန္ဒိယပြည်သား၊ စာပေနိုဗယ်ဆုရဆိုတာ ဟုတ်လား။
ဟုတ်တယ်ကွ။ တကယ့်ကို ပြောင်မြောင်တဲ့ ရှားမှရှား ပညာရှင်ကြီးပေါ့ကွ။ ၁၉၁၃ ခုနှစ်မှာ စာပေနိုဗယ်ဆုရခဲ့တာ။ သူရေးခဲ့တဲ့ ဖန်းတီးခဲ့တဲ့ အနုပညာလက်ရာတွေဆိုတာ မနဲဘူး။ ကဗျာတွေ၊ သီချင်းတွေ၊ ပြဇာတ်တွေ၊ ၀တ္တုဆောင်းပါး၊ ပြဇာတ်၊ ပန်းချီ အို စုံလို့ပါဘဲကွာ။ စာပေနိုဗယ် ဆိုရတော့ ဂီတဉ္ဇလီ (Gitanjali) ဆိုတဲ့ ကဗျာစာအုပ်ထွက်ပြီး နောက်တနှစ်မှာ ရခဲ့တာဘဲ။ ဟို ဦးလေးငယ်ငယ်တုံးက ဘာသာပြန်စာအုပ်ကို ဖတ်ခဲ့ဖူးတယ်။ အဲ့ဒီ ဂီတဉ္ဇလီစာအုပ်ရယ်၊ တဂိုးစာနုယဉ်များ ဆိုတဲ့စာအုပ်ရယ်၊ အဲဒီဘာသာပြန် ၂ အုပ်ကို စာပေလောက စာအုပ်တိုက်က ၁၉၇၃ – ၇၄ ပတ်ဝန်းကျင်က ထုတ်ဝေခဲ့တာ။ ဦးလေးက အဲဒီတုံးက ၁၀ တန်းအေင်ပြီးခါစ။ တဂိုးစာနိုယဉ်များဆိုတဲ့ စာအုပ်ကလေးကို ခုထိ မှတ်မိနေသေးတယ်။ မုတ်ဆိတ်မွှေးရှည်ရှည်နဲ့ တဂိုးပုံမျက်နှာဖုံးနဲ့။ စာအုပ်ရဲ့ဘေးပတ်လည် စာရွက်သားတွေကို အ၀ါရောင်ခြယ်ထားပြီး ထုတ်တာ။

ကဗျာတွေက ကုလားတွေအကြောင်းရေးထားတာလား။
လောကကြီးအကြောင်း၊ လူတွေအကြောင်း၊ အလှတရား – ဒဿနတွေအကြောင်းကို ခန့်ခန့်ငြားငြား အနုပညာအရည်အသွေး မြင့်မြင့်မားမားနဲ့ ရေးထားတာမို့ အိန္ဒိယပြည်ရဲ့ နယ်နိမိန်ကိုကျော်ပြီး တကမ္ဘာလုံးရဲ့ အသဲနှလုံးကို ကိုင်လှုပ်နိုင်ခဲ့တာပေါ့ကွာ။

မှတ်မိတဲ့ကဗျာတွေ၊ ကျက်ထားတဲ့ကဗျာတွေကောမရှိဘူးလား …။
ဟာ ငါ့တူကလဲ အဲ့ဒီတုံးက ဦးလေးက ကဗျာအကြောင်း စာအကြောင်း ဘာမှ သိပ်သိသေးတာ မဟုတ်ဘူး။ တွေ့ရာစာအုပ်ဆွဲဖတ်တဲ့အဆင့် ဘဲရှိသေးတာ။ အဲ ဒါပေမယ့် ဦးလေး အမှတ်ထင်ထင်ဖြစ်တာလေး တခုကို ပြောရမယ်ဆိုရင်တော့ .. အဲ့ဒီ ဂီတဉ္ဇလီစာအုပ်လဲဖတ်ပြီးရော၊ ကုလားမတွေဝတ်တဲ့ဆာရီတွေ လေမှာလွှင့်နေတာလေးတွေ၊ သူတို့ခြေထောက်မှာ လက်မှာဆွဲထားတဲ့ ခြူလုံးသေးသေးလေးတွေဆီက ထွက်လာတဲ့ အသံလေးတွေ၊ ကုလားဗုံအတိုကလေးတွေကို လက်ဖနောင့်နဲ့ ဖိပြီး ကြိတ်တီးလိုက်လို့ ထွက်လာတဲ့အသံကလေးတွေ၊ အဲဒါ လေးတွေကို မျက်စေ့ထဲ နားထဲက တော်တော်နဲ့ကို ဖျောက်လို့ မရဘူးကွ။

ကုလားမ ဗိုက်သားဖွေးဖွေးတွေကော မပါဘူးလား။
အေး အဲဒါလဲ ပါတာပေါ့ကွာ။ ကဲပါ အဲဒါတွေထားပါတော့။ အဲဒီ တဂိုးဟာ နိုဗယ်ဆုရတဲ့အပြင် နောက်ထပ်ထူးခြားချက်တခုကတော့ .. အိန္ဒိယနိုင်ငံရယ်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံရယ် အဲ့ဒီ နှစ်နိုင်ငံရဲ့ နိုင်ငံတော်သီချင်း ၂ ပုဒ်စလုံးကို သူစပ်ဆိုခဲ့တာကွ။ ကဲ မထူးခြားဘူးလား။ အဲဒီ လောက် သူ့အတွေးအခေါ် အနုပညာအားက ကြီးမားတာ။

ဒီနှစ် ၂၀၁၁ မှာ နှစ် ၁၅၀ ပြည်တာဆိုတော့ …
အေး၁၈၆၁ မှာမွေးပြီး ၁၉၄၁ အသက် ၈၀ လောက်မှာဆုံးရှာတယ်။ ဗမာပြည်ကိုတောင် တရုတ်ပြည်ကိုအသွား ၁၉၄၂ လောက်မှာ ခဏ၀င် လာဖူးတယ်လို့ ဦးလေးမှတ်သားထားမိတယ်ကွ။ ကျန်တဲ့သူ့အကြောင်းတွေကိုတော့ မင်းရှာဖတ်ကြည့်ပေါ့ကွာ။ ဂီတဉ္ဇလီအပြင် တခြားစာ အုပ်တွေလဲ ရှားပြီးဖတ်ပေါ့။ အခုတော့ မင်းကို တံဆိပ်ခေါင်းတွေကိုပြရမယ်။ ကမ္ဘာ့နိုင်ငံတွေက ထုတ်ထားတာတွေပေါ့ကွာ။

ကျနော်တို့ ဗမာပြည်ကကော ထုတ်သလား။
ဟင့်အင်း မထုတ်ဘူးကွ။ တဂိုးကိုလဲ မထုတ်ဘူး။ မဟတ္တမဂန္ဒီကိုလဲ မထုတ်ဘူး။

ဟင် တကမ္ဘာလုံးက ထုတ်ပြီး ….
မင်းကို ဦးလေး ဖန်တရာတေအောင်ပြောပြီးပါပကော။ လူပုဂ္ဂိုလ်အနေနဲ့ ဗိုလ်ချုပ်ပုံကလွဲလို့ ဘယ်သူ့ပုံမှ မထုတ်ခဲ့ပါဘူးလို့။ လယ်တီဆရာတော် ဘုရားကြီးပုံနဲ့လဲ မထုတ်ဖူးဘူး။ ဦးဖေမောင်တင်ပုံနဲ့လဲ မထုတ်ဖူးဘူး။ ဆရာကြီးသခင်ကိုယ်တော်မှိုင်းပုံနဲ့လဲ မထုတ်ဖူးဘူး။ မြို့မငြိမ်းပုံနဲ့လဲ မထုတ်ဖူးဘူး။ ကဲပါ တဂိုးရဲ့ နှစ် ၁၅၀ ပြည့်တံဆိပ်ခေါင်းတွေကို ဒီမှာကြည့်ပါဦးကွ။


တဂိုး၏မွေးနေ့ မေလ ၇ ရက်၊ ၂၀၁၁ တွင် ထုတ်ဝေသည်။


ဥရုဂွေးနိုင်ငံ

အာဖရိကတိုက်ရှိ တိုဂို (TOGO) နိုင်ငံ


အဲဒါတွေအပြင် နှစ် ၁၀၀ ပြည့်တဲ့ ၁၉၆၁ ခုနှစ်ကလဲ တကမ္ဘာလုံး တံဆိပ်ခေါင်းတွေ တသီတတန်းကြီး ထုတ်ခဲ့ကြသေးတယ်ကွ။ ဦးမှာရှိတာ လေးတွေကို ပြရမယ်ဆိုရင်တော့ ဟော့ဒီမှာကြည့်

တဂိုး နှစ် ၁၀၀ ပြည့်၊ ရိုမေးနီးယားနိုင်ငံထုတ်


တဂိုး နှစ် ၁၀၀ ပြည့်၊ အာဂျင်တီးနားနိုင်ငံထုတ်


ဆံပင်ရှည်ရှည်၊ မုတ်ဆိတ်မွှေးရှည်ရှည်နဲ့ ခန့်ခန့်ညားညားကြီးပါလား ဦးလေးရာ။
အေးကွ။ တကယ့်ကို တင့်တင့်တယ်တယ်နဲ့ ကျက်သရေရှိတယ်လို့ ၁၉၄၂ ခုနှစ်က တရုတ်ပြည်ကိုအသွား မြန်မာပြည်ကို ခဏ၀င်လာတုံး ကိုယ်တိုင်မြင်လိုက်ရတဲ့ စာရေးဆရာကြီး ဇေယျ ပြန်ရေးပြတာကို ဦးလေးဖတ်ဖူးတယ်။ ၁၉၂၄ ဆိုတော့ တဂိုး ၆၃ နှစ်လောက်၊ ဆရာကြီး ဇေယျက ၂၄ နှစ်သားလောက်ပေါ့ကွာ။

ဘယ်လိုရေးထားလဲ လုပ်ပါဦး ဦးလေးရ။
အော် တဂိုးရဲ့ မင်းပြောတဲ့ ဆံပင်တွေ၊ နှုတ်ခမ်းမွှေး၊ မုတ်ဆိပ်မွှေးတွေဟာ သူ့ပုခုံးပေါ် ကျော်ပေါ်ကို အတွန့်တွန့် အလိပ်လိပ်ကျနေပြီး ငွေ ရောင်တောက်နေကြသတဲ့။ နောက်ပြီး အရပ်ရှည်ရှည်နဲ့ အသားအရေကလဲ စိုစိုပြေပြေနဲ့ ကြည်ကြည်လင်လင်ရှိသတဲ့ကွ။ အဲဒါထက်ထူးခြား တာကို ဦးလေးမှတ်မိနေသေးတယ်။

ပီကင်းမြို့ ဆင်ဝှာတက္ကသိုလ်ရောက် တဂိုး (၁၉၂၄)


သူရဲ့စကားပြောသံကို ကြားနေရတဲ့ ဆရာကြီးဇေယျဟာ တနာရီလား၊ နာရီဝက်လား မသိရလောက်အောင် အချိန်ကို မေ့နေတော့သတဲ့။ နောက်ပြီး စကားပြောရပ်သွားတောင်မှ တဂိုးရဲ့ အသံတွေက ရပ်စဲသွားတယ်လို့ မထင်ရဘဲ သူ့နားထဲကို တရစပ်ဝင်လာနေတယ်လို့ ထင်နေ မိသတဲ့။ အဲဒီစကားသံတွေဟာ တခါတခါ မိုးခြိမ်းသံတွေလို ကောင်းကင်တခုလုံး ဆူညံမြည်ဟီးပြီး တခါခါမှာတော့ စမ်းရေစီးနေသလို သာယာအေးမြသတဲ့ကွ။
ဘာအကြောင်း ပြောသွားတာလဲဟင်။
ဆရာကြီး ဇေယျက တဂိုးပြောသွားတာကို တလုံးမှ နားမလည်ဘူးတဲ့။ အင်္ဂလိပ်လိုပြောလေသလား၊ ဘင်္ဂလီလို ပြောလေသလား။ ဘာမှ မသိဘူးတဲ့ကွ။ တဂိုးရဲ့ စကားသံ နှုတ်သံကထွက်ပေါ်လာတဲ့ ကဗျာရဲ့အင်အားကြီးမားပုံကို အဲဒီလိုရေးထားတာ ဦးဖတ်ရဖူးတယ်ကွ။

ဗမာပြည်မှာကော သူ့ကို ကိုးကွယ် အားကျတဲ့သူတွေ မရှိဘူးလား။
ဟာ ငါ့တူကြီးကလဲ သူ့စာတွေ၊ ကဗျာတွေကို ဘာသာပြန်ထားတာတွေ နဲတာမှတ်လို့။ မင်းရှာဖတ်ကြည့်စမ်းပါကွာ။ ဟိုးအရင်ခေတ်တုန်းက ဒေါက်တာ မောင်ဖြူး၊ ဆရာဇော်ဂျီ၊ ဆရာမင်းသုဝဏ်တို့တွေက ဘာသာပြန်ခဲ့ကြတာပေါ့။ ဟိုးတနှစ်က ကွယ်လွန်သွားတဲ့ ဆရာပါရဂူဆို ရင်လဲ တဂိုးရဲ့ ၀တ္ထု တော်တော်များများကို ဘာသာပြန်ခဲ့တာ။ အော် ဒါနဲ့ စကားစပ်လို့ ပြောရဦါ်မယ်။ ဆရာပါရဂူစာကြည့်တိုက်နာမည်က ရှန်တိနိကေတန်တဲ့ကွ။ အဲ့ဒီနာမည်က တဂိုးစတင်တည်ထောင်ခဲ့တဲ့ ဗိဆွဘာရတီတက္ကသိုလ် (Visva – Bharati University) တည်ရှိတဲ့ ဒေသရဲ့ အမည်ကွ။ ကမ္ဘာကျော်ပုဂ္ဂိုလ်ကြီး တဂိုးတည်ထောင်ခဲ့တဲ့ တက္ကသိုလ်ကြီး တည်ရှိတဲ့အရပ်မို့ ကမ္ဘာကျော်သွားတာပေါ့ကွာ။ အဲဒီအ ရပ်ရဲ့အမည်ကို ဂုဏ်ပြုပြီး ရှန်တိနိကေတန် (santiniketan) စာကြည့်တိုက်လို့ အမည်ပေးခဲ့တာဘဲ။ သင်္ကရိုက်ဘာသာနဲ့ဆိုရင် ရှန်တိ ဆိုတာ ငြိမ်းချမ်းခြင်း၊ နိကေတန် ဆိုတာ ဗိမာန်လို့ အဓိပ္ပါယ်ရှိတယ်တဲ့။

အဲဒီ ရှန်တိနိကေတန်မှာ ဘယ်သူတွေ စာသင်ဘူးသလဲ ဦးလေး။
ဦးလေး သိရသလောက်တော့ ဆရာသန်းထွန်း (မန်းတက္ကသိုလ်) ရယ်၊ ဒေါက်တာမောင်ဖြူးရယ်၊ ဗဂျီအောင်စိုးရယ် ၃ ယောက်တော့ ဦးလေးမှတ်မိတယ်။ တကမ္ဘာလုံးမှာလဲ အဲဒီ ရှန်တိနိကေတန် ဗိဆွဘာရတီတက္ကသိုလ်ထွက် အနုပညာသမားတွေ အနှံ့အပြားရှိတယ်။ အနု ပညာသမားတွေတင် မကပါဘူးကွာ။ နိုင်ငံခေါင်းဆောင်တွေလဲ ထွက်တာပါဘဲ။ အဲဒါကြောင့် အခုဆိုရင် ကမ္ဘာလှည့်ခရီးသည်တွေ ၀င်လာမစဲ တသဲသဲဘဲကွ။

ကျနော်လဲ သွားချင်လိုက်တာဦးလေးရာ။
အေး … ကောင်းတာပေါ့ကွာ။ တို့ဗမာတွေအတွက်ကတော့ ဗုဒ္ဓဂါယာရယ်၊ အဲဒီ ရှန်တိနိကေတန်ရယ်ကို ရောက်ဖူးရင် ပိုကောင်းတာပေါ့။ အခု အိန္ဒိယနဲ့လဲ ဆက်ဆံရေးတွေ ပိုကောင်းလာပြီဆိုတော့ မကြာခင် ပဲခူးနဲ့ရန်ကုန် ဖန်ခုန်တမ်းကစားသလို သွားလည်လို့ ရပြီပေါ့ကွာ။

တဂိုးအကြောင်း နဲနဲထပ်ပြောပါဦး ဦးလေးရာ။ ကျနော်ဖာဘာလဲ ကျနော် ရှာဖတ်ပါ့မယ်။ ဦးလေးဆီက ကြိုသိရတော့ ပိုကောင်းတာပေါ့ မှုတ်ဖူးလား။
အေး … ကောင်းပါလေရဲ့ကွာ။ နောက်တခု ဦးလေး မှတ်သားထားမိတာတွေထဲမှာ သူ့ရဲ့တခြား အနုပညာသမားတွေနဲ့ မတူတဲ့အချက်လို့ လဲဆိုနိုင်တာပေါ့ကွာ။ အဲဒါက ဘာလဲဆိုတော့ တဂိုးဟာ တကယ့်ကို မျိုးရိုးကြီးမြတ်ပြီး ချမ်းသားတဲ့ မိဘအသိုင်းအ၀ိုင်းက ဆင်းသက်လာတာကွ။ သူ့ရဲ့အကို၊ အမ ဆွေမျိုးတွေဟာ ပညာတတ်တွေ၊ အနုပညာဗီဇရှိတဲ့ ထူးထူးချွန်ချွန် ပုဂ္ဂိုလ်တွေချည်းဘဲ။ နောက်ပြီး အင်္ဂလန်မှာ ပညာသင်ဘူးတယ်။ ဘွဲမရခဲ့ဘူး။ အနောက်တိုင်းရဲ့ အနုပညာစာပေကို ကောင်းကောင်း လေ့လာဘူးတယ်။

ဦးလေးပြောတာနဲ့ ကျနော်တော်တော်စိတ်ဝင်းစားသွားပြီ။ တဂိုးကဗျာတွေဖတ်ပြီး အလွတ်ကျက်ထားလိုက်ဦးမယ်။ မကောင်းဘူးလား။
အေးအေး ကောင်းပါလေရဲ့ကွာ။ တဂိုးရဲ့ ကဗျာတွေလဲ ကျက်၊ ဆရာကြီး သခင်ကိုယ်တော်မှိုင်းရဲ့ လေးချိုးကြီးတွေလဲ ကျက်၊ အာဂုံဆောင် နိုင်မှ အာဂလူမဟုတ်လားကွ။

ရှန်တိနိကေတန်ရောက် ဗဂျီအောင်စိုး (၁၇၂၃ – ၁၉၉၀) ၏ လက်ရာ

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Related posts

Tags: ,

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:Uncategorized

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

Twitter: moemaka


%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ သြဂုတ်လ ၂၀၁၈၊ တွဲ ၅ မှတ် ၄ ထွက်ပြီ

By

မိုးမခ သြဂုတ်လ ၂၀၁၈၊ တွဲ ၅ မှတ် ၄ ထွက်ပြီ (မိုးမခ)...

Read more »

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ

By

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ...

Read more »

Junior Win ၏ My Life will go on (အင်္ဂလိပ်ဘာသာ၊ ရုပ်စုံ) စာအုပ် ထွက်ပါပြီ

By

  Junior Win ၏ My Life will go on...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ဂိမ်းသီအိုရီ – ၂ ထွက်ပြီ

By

  ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ဂိမ်းသီအိုရီ – ၂ ထွက်ပြီ (မိုးမခ) ဇူလိုင်...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်