>Kamar Pale – Articles

December 23, 2011

>

အရေးတော်ပုံများ …လူများ၊ အဖြစ်အပျက်များ (၆)
ကမာပုလဲ
ဒီဇင်ဘာ ၂၃၊ ၂၀၁၁


ပါတီကို စစ်အုပ်စုက မတရားအသင်းအဖြစ် ကြေညာဖျက်သိမ်းလိုက်တယ်။ မြို့ကလေးက ရဲဘော် အချို့နဲ့ ပါတီတခုလုံးက ရဲဘော် အတော်များများဟာ လက်နက်ကိုင် တော်လှန်ရေးအတွက် လွတ်မြောက်နယ်မြေကို ရောက်ရှိသွားခဲ့ပြီ။ ရဲဘော် အံ့ဇော်ကို ပြန်လွှတ်ပေးပြီးနောက်မှာ ထောက်လှမ်းရေး၊ ရဲနဲ့ သတင်းပေးတွေဟာ ပါတီဝင် ရဲဘော်တဦးချင်းစီကို အနီးကပ် စောင့်ကြည့်တာတွေ လုပ်နေခဲ့တယ်။

တွဲဖက်ကျောင်းဆရာဘဝနဲ့ စာသင်လိုက်၊ ကိစ္စရှိရင် မြို့တက်လိုက်၊ ကျန်ရှိနေသေးတဲ့ ပါတီက ရဲဘော်တွေနဲ့ အဆက်အသွယ်လုပ်ဖို့ ကြိုးစားရင်း လွတ်မြောက်နယ်မြေက ကျောင်းသား တပ်မတော်ကို ရောက်ရှိသွားတဲ့ ရဲဘော်တွေ သတင်းကို စုံစမ်းနေခဲ့တယ်။ ဒီလိုနဲ့ ၁၄၊ ၈၊ ၁၉၉၁ ခုနှစ် ကျောင်းသားတပ်မတော် တတိယ အကြိမ် ညီလာခံမှာ မိုးသီးဇွန်နဲ့ ဒေါက်တာနိုင်အောင် ကွဲခဲ့တယ်။ အကျိုးဆက်က ကျောင်းသား တပ်မတော် နှစ်ဖွဲ့ဖြစ်သွားခဲ့ရတာပါပဲ။ နှစ်ဖွဲ့ဖြစ်နေပေမယ့် အားလုံးဟာ ကျောင်းသားစိတ်ဓာတ်နဲ့ တရင်းတနှီးရှိနေကြဆဲဖြစ်တယ်ဆိုတဲ့ သတင်းတွေကိုလည်း တဆင့်စကားနဲ့ ကြားသိနေခဲ့တယ်။ ၇၊ ၁၁၊ ၁၉၉၁ မှာတော့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဟာ လွတ်မြောက်နယ်မြေမှာ ပါတီအလံကို လွှင့်ထူခဲ့ပါတော့တယ်။

ရန်သူရဲ့ အနီးကပ် စောင့်ကြည့်ခြင်းကို ခံနေရတဲ့ နိုင်ငံရေးအရ လှုပ်ရှားရတာ၊ ဆက်သွယ် ဆက်ဆံရေးလုပ်ရတာတွေဟာ သိပ်ကို အကန့်အသတ်ကြီးနေခဲ့ပါတယ်။ အံ့ဇော်ဆိုရင် ဖမ်းဆီးထားရာက ပြန်လွှတ်ပေးပေမဲ့ မြို့ကလေးကနေ ဘယ်မှ မသွားရအမိန့်နဲ့ အကျယ်ချုပ်နေရတာ ဖြစ်တယ်။ အံဇော်ရော၊ အတွင်းရေးမှူး ကျော်တင့်ဦးရော၊ မိမိပါ ရွာခန့် ကျောင်းဆရာအလုပ်ကို ဝင်ရောက်လုပ်ကိုင်နေခဲ့တယ်။ အဲဒီကာလအတောအတွင်းမှာပဲ ကျိုက်လတ်က ရဲဘော်ကိုကိုနိုင် ဟာ အံ့ဇော်လို မြို့ရဲ့ အကျယ်ချုပ်ဘဝကနေ ညနေဘက် ရန်ကုန်ထွက်မယ့် ဧရာဝတီသင်္ဘောပေါ်တက်ပြီး ရန်ကုန်ကို ထွက်ခွာသွားခဲ့တယ်။ ရန်ကုန်မှတဆင့် ရဲဘော်တွေရှိရာ လွတ်မြောက်နယ်မြေကို တောခိုသွားပါတော့တယ်။ လွတ်မြောက် နယ်မြေရောက်လို့ သိပ်မကြာခင်မှာ အစာအိမ်ရောဂါနဲ့ ကျဆုံးသွားခဲ့တယ်။ သိပ်ကို ခင်ဖို့ကောင်းတဲ့ ရဲဘော်ကြီးပါ။ သူ့ကို လူချင်းတွေ့တဲ့အခါမျိုးမှာ လူလုံးကို သဲသဲကွဲကွဲ မမြင်ရခင် သူ့အပြုံးကို အရင်ဆုံး တွေ့ရတတ်သူပါ။

ဒီနေရာမှာ တင်ပြချင်တဲ့ တချက်က ပါတီက ရဲဘော်တွေ လက်နက်ကိုင်တော်လှန်ရေးလုပ်ဖို့ လွတ်မြောက်နယ်မြေကို ထွက်ခွာသွားတဲ့ကိစ္စပါ။ မြေပေါ်မှာ ပါတီနိုင်ငံရေးလုပ်မရလို့ လက်နက်ကိုင် တော်လှန်ရေးသွားလုပ်တာလားဆိုတဲ့ မေးခွန်းမျိုးတွေကို ရင်ဆိုင်ရတဲ့အခါမှာ ဖြေဖို့လိုလို့ ဖြေရတဲ့ အခြေအနေမျိုးနဲ့ ကြုံရတတ်ပါတယ်။ အဲဒီအခါမှာ အဖြေက အတွေးအခေါ်ရှင်းမှ၊ ခိုင်မှ အဖြေကလည်း ရှင်းမယ်၊ ခိုင်မာမှာ ဖြစ်တယ်။ ဆိုတော့ အရေးတော်ပုံကြီးကနေ စရပါတယ်။
မှန်တဲ့အတိုင်း ဝန်ခံရရင် ၈၈၈၈ အရေးတော်ပုံကြီးမှာ ဝင်ရောက်လှုပ်ရှားခဲ့စဉ်က နိုင်ငံရေးနဲ့ပတ်သက်လို့ မိမိတဦးတည်းအနေနဲ့ အတွေးအခေါ် အခိုင်အမာ မရှိသေးပါ။ တတိုင်းပြည်လုံး လက္ခဏာဆောင်တဲ့ လူထု အုံကြွမှုကြီးမှာ အစမ်းသပ်ခံ ပညာရေးစနစ်ရဲ့ သားကောင်ကျောင်းသားဘဝတွေ၊ ဗျုရိုကရက် အရာရှိဆိုးတွေ ဖိနှိပ်ချယ်လှယ်နေတဲ့ မဆလခေတ် အလုပ်သမားများရဲ့ အဖိနှိပ်ခံဘဝကိုဖြတ်သန်းရင်း အရေးတော်ပုံကြီးမှာ ပါဝင်လှုပ်ရှားခဲ့ကြတာ ဖြစ်တယ်။
နိုင်ငံရေးလုပ်တော့ နိုင်ငံရေးစာတွေ ဖတ်ရတယ်။ ဒီမိုကရေစီကို လေ့လာရတယ်။ ကမ္ဘာ၊ မြန်မာ နိုင်ငံရေးသမိုင်းတွေ လေ့လာခဲ့ကြတယ်။ ဒီတော့ သမိုင်းမှာဖျောက်ဖျက်ထားတဲ့ သမိုင်းအစစ်အမှန်တွေကို သိချင်၊ လေ့လာချင်ခဲ့တယ်။ ကျောင်းသားလှုပ်ရှားမှုတွေ၊ လွတ်လပ်ရေးတိုက်ပွဲ၊ ကိုအောင်ဆန်း၊ ကိုဗဟိန်း တို့မှသည် ငုရင်ဗန်ထရွိုင်း၊ ချေ၊ ကြိုးစင်ပေါ်က ဂျူးလိယက်ဖူးချစ်၊ ကိုကို၊ သခင်မြသန်း၊ မြသန်းတင့်နှင့် ဒဂုန်တာရာ ….။ အဖြေက တိုရှင်းပါတယ်။ ကိုယ့်ကိုယ်ကိုယ် အရင်ဖြေပြီးမှ၊ ကျေလည်ပြီးမှ ဖြစ်ရပါမယ်။ ‘လက်နက်နဲ့ အကြမ်းဖက် ဖိနှိပ်နေတဲ့ အတန်းအစား၊ နိုင်ငံရေး စနစ်တခုအောက်က အမှန်တကယ် လွတ်မြောက်ဖို့အတွက်ဆိုရင် လူ့သမိုင်းမှာ လက်နက်ကိုင်တော်လှန်ရေးဟာ မရှိမဖြစ် လိုအပ်တယ်’
ဒီအတွေးအခေါ်၊ ဒီယုံကြည်ချက်နဲ့ပဲ နောင်မှာ လက်နက်ကိုင် တော်လှန်ရေးရှိရာ လွတ်မြောက်နယ်မြေကို ရောက်ရှိလာခဲ့ပါတယ်။ မြေပေါ်က နိုင်ငံရေးပါတီ ဖျက်သိမ်းခံရပြီးတဲ့နောက်မှာ ကမ္ဘာ့နိုင်ငံရေး အခင်းအကျင်း ပြောင်းသွားခဲ့ပါတယ်။ ၁၅၊ ၁၂၊ ၁၉၉၁ မှာ ဆိုဗီယက် ရုရှရဲ့ သမ္မတ ဂေါ်ဘာချော်ဗ် သမ္မတ ရာထူးကနေ နှုတ်ထွက်သွားခဲ့တယ်။ ဆိုဗီယက်ပြည်ထောင်စုဟာ နိုင်ငံပေါင်း ၁၅ နိုင်ငံအဖြစ် ပြိုကွဲသွားခဲ့တယ်။ ဒုတိယကမ္ဘာစစ်အပြီး ကြိမ်မီးအုံးသလို ဖြစ်ပွားနေတဲ့ ‘စစ်အေးတိုက်ပွဲ’ မှာ အမေရိကန် ဦးဆောင်တဲ့ အနောက်အုပ်စုက အပြတ်အသတ်နိုင်ပြီး အဆုံးသတ်ခဲ့ပြီလို့ ပြောကြတယ်။
တဆက်တည်းမှာ နိုင်ငံရေး စကားဝိုင်းတွေထဲ ကြားရလာတတ်တဲ့ စကားလုံး အသစ်တွေ ရှိလာပါတယ်။ ကမ္ဘာပေါ်မှာ လေးနဲ့မြား မလိုတော့ဘူး၊ လက်နက်ကိုင် တော်လှန်ရေးခေတ် ကုန်သွားပြီ၊ ဒို့ကတော့ ရီဗော်လူးရှင်းကို လက်ခံရာမှာ အီဗော်လူးရှင်းရဲ့ အခြေခံအောက်ကပဲ၊ ငြိမ်းငြိမ်းချမ်းချမ်း ဖြစ်ပေါ်တိုးတက်မှုကိုပဲ လက်ခံတယ် … ။
ထိုအချိန်မှစလို့ ငြိမ်းချမ်းရေးဟာ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်ဖြစ်လာပါတော့တယ်။ ဟိုနေရာလည်း ငြိမ်းချမ်းရေး၊ သည်နေရာလည်း ငြိမ်းချမ်းရေးနဲ့ ငြိမ်းချမ်းရေးဟာ စကားလုံး အာဟာရအဖြစ်နဲ့ အမြည်းခံနေရအဖြစ်မျိုး ဖြစ်နေပါတယ်။
ဒီတော့ ငြိမ်းချမ်းရေးကို လေ့လာရပါတယ်။ ကမ္ဘာငြိမ်းချမ်းရေးရော၊ မြန်မာ့ငြိမ်းချမ်းရေး သမိုင်းပါ လက်လှမ်းမီသမျှ လေ့လာဖြစ်ကြပါတယ်။ သမိုင်းမှာ ဖိနှိပ် အနိုင်ယူထားသူတွေက ပြောခဲ့တဲ့၊ ပြောနေတဲ့ အပေါ်စီး ငြိမ်းချမ်းရေးစကားနဲ့ အဖိနှိပ်ခံ လူထုကြီးရဲ့ ငြိမ်းချမ်းရေး စစ်စစ်စကား နှစ်မျိုးကို သိရှိလာခဲ့တယ်။ ငြိမ်းချမ်းရေးဟာ လူသားအားလုံးအတွက် မရှိမဖြစ်တဲ့အရာ ဖြစ်တယ်။ ဒီမိုကရေစီ နိုင်ငံရေးအရလည်း ငြိမ်းချမ်းရေးဟာ ပန်းတိုင်ဖြစ်ရပါမယ်။ အဲဒီ ပန်းတိုင်ကို သွားရာလမ်းမှာ လက်နက်ကိုင် တော်လှန်ရေးနဲ့ အကြမ်းမဖက်တဲ့ လူထုတိုက်ပွဲများ ပေါင်းစပ်ရတာမျိုးဟာ နည်းပရိယာယ်အရဖြစ်တယ်ဆိုတာကို သိလာ၊ ခံစားလာခဲ့ရတယ်။ ဖိနှိပ်လွန်းတဲ့ ဖက်ဆစ်စနစ်၊ စစ်အာဏာရှင်စနစ်မျိုးရဲ့ အောက်မှာတော့ လက်နက်ကိုင်တော်လှန်ရေးဟာ အဓိက တိုက်ပွဲပုံသဏ္ဌာန် ဖြစ်လာခဲ့ပါတယ်။ ဒါဟာ ဆန္ဒစွဲ မဟုတ်ပါ။ လက်တွေ့ဘဝတွေအရ ဖြစ်တယ်ဆိုတာ သမိုင်းက သက်သေပြခဲ့၊ ပြဆဲ ဖြစ်ပါတယ်။
အင်တာနေရှင်နယ် လက်နက်ကိုင်တော်လှန်ရေးသမား ချေ ကလည်း ကမ္ဘာ့ အဖိနှိပ်ခံပြည်သူတွေအတွက် ငြိမ်းချမ်းရေးကို ချစ်တယ်၊ မြတ်နိုးတယ်၊ လိုချင်တယ်။ ပညာတတ် လက်နက်ကိုင် တော်လှန်ရေးသမား ကက်စထရိုနဲ့ ချီလီနိုင်ငံက နိုင်ငံတော် လုပ်ကြံသတ်ဖြတ်မှုကိုခံခဲ့ရတဲ့ ပြည်သူ့သမ္မတစစ်စစ် အာယာန်ဒေး ကလည်း ငြိမ်းချမ်းရေးကို ချစ်တယ်။ ငြိမ်းချမ်းရေးရဲ့ ဗိသုကာ ဆရာကြီး သခင်ကိုယ်တော်မှိုင်းသည်လည်း ငြိမ်းချမ်းရေးစစ်စစ်ကို ကွယ်လွန်သည်အထိ မြင်တွေ့ မသွားရရှာခဲ့၊ ဆရာ ဒဂုန်တာရာသည် ငြိမ်းချမ်းရေးကို လိုချင် လှုပ်ရှားခဲ့သူ။ ရဲဘော်သုံးကျိပ်ဝင် ဖက်ဆစ်တော်လှန်ရေး ခေါင်းဆောင်တဦးဖြစ်သူ ဗိုလ်ချုပ်ကျော်ဇောသည်လည်း ငြိမ်းချမ်းရေးအတွက် ယုံကြည်လှုပ်ရှားခဲ့သူ။ သူတို့နှစ်ဦးမှာ ယနေ့ သက်ရှိထင်ရှား ရှိနေကြဆဲ။ အသက် ၉၀ ကျော်ကုန်ကြပြီ။ ခုထိ ငြိမ်းချမ်းရေး၏ ရနံ့ အငွေ့အသက်ကိုပင် ခံစားနိုင်ခွင့်မရှိခဲ့၊ မရှိနိုင်သေး … ။ ဖိနှိပ်သူ စစ်အာဏာရှင် စနစ်အောက်တွင် ငြိမ်းချမ်းရေး စစ်စစ်သည်ကား ပြည်သူလူထုအတွက် ရွှေပြည်တော် မျှော်တိုင်းဝေး ဖြစ်နေရသည်ကို …။
၂၃၊ ၆၊ ၂၀၁၁ နေ့တွင် ဗိုလ်စောမောင် နဝတ ဥက္ကဋ္ဌ ရာထူးမှ ပြုတ်ပါတယ်။ ကျန်းမာရေး (ဦးနှောက် မမှန်ဟု သတင်းလွှင့်ခံရ) အရဟု ဆိုပါတယ်။ ဗိုလ်သန်းရွှေက ဥက္ကဋ္ဌ ဖြစ်လာပါတယ်။ အကျအဆုံးများကာ တပ်များကို ကွပ်ကဲရခက်နေသည့် နဝတ စစ်အုပ်စုသည် ကရင့် လက်နက်ကိုင် တော်လှန်ရေးနယ်မြေတွင် ထိုးစစ်များ ရပ်ဆိုင်းခဲ့ပါတယ်။ ၂၈၊ ၄၊ ၁၉၉၂ နေ့တွင် ဖြစ်ပါတယ်။ ဝါဒဖြန့်ချိရေးက နောက်ကနေ လိုက်အော်ပါတယ်။ သိပ်ပြီး ငြိမ်းချမ်းရေးကို လိုချင်လွန်းလို့၊ တိုင်းရင်းသား ညီနောင် အချင်းချင်းတွေ … ဘာဖြစ်တယ်၊ ညာဖြစ်တယ်ပေါ့လေ … ။
ပြည်တွင်းမှာတော့ နိုင်ငံရေးအရ ဖိနှိပ်ချေမှုန်းရေးတွေကို တိုးမြှင့်လုပ်ဆောင်နေခဲ့တယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဂန္ဓီခမ်းမ တောင်းဆိုချက်ကို နဝတက အမျိုးသားညီလာခံနဲ့ တုံ့ပြန်လိုက်တယ်။ ညီလာခံမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲမယ်။ ညီလာခံ တက်ရောက်ခွင့်ရသူများဟာ စစ်အုပ်စုရဲ့ လက်ညှိုးထောင် ခေါင်းညိတ် ကိုယ်စားလှယ်အများစု ဖြစ်စေရမယ်။ အခြေခံ ဥပဒေရေးဆွဲပြီးမှ လွှတ်တော်ခေါ်ပေးမယ်။ အချိန်ကာလအားဖြင့်တော့ ဘယ်ရွေ့ … ဘယ်မျှဆိုတာ ….
နဝတက ၂၃၊ ၆၊ ၁၉၉၂ မှာ အမျိုးသားညီလာခံအတွက် ညှိနှိုင်းဆွေးနွေးပွဲကို ကျင်းပပါတယ်။ ၂၊ ၁၀၊ ၁၉၉၂ တွင် ညီလာခံကျင်းပရေး ကော်မရှင် ဖွဲ့စည်းတယ်။ နဝတ၏ ၁၄/၉၂ အမိန့်ဒီကရီ ကြေညာချက် ထွက်လာပါတော့တယ်။ ၉၊ ၁၊ ၁၉၉၃ နေ့တွင် အမျိုးသားညီလာခံကို အဓမ္မ ကျင်းပခဲ့ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဂန္ဓီခမ်းမကြေညာချက်ကို မေ့မေ့ပျောက်ပျောက် ထားရစ်ခဲ့ပြီ။ မမေ့နိုင်သူတွေသာ ခံစားကြပေတော့။ ညီလာခံသို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါဝင် တက်ရောက်ခဲ့ပါတယ်။
အကျဉ်းထောင်ထဲမှာတော့ နိုင်ငံရေးအကျဉ်းသားတွေ သမိုင်းဂုဏ်ရောင်ပြောင်စွာ တိုက်ပွဲဝင် ကျဆုံးနေကြတယ်။ ၁၆၊ ၂၊ ၁၉၉၃ မှာ ပြည်သူ့တိုးတက်ရေးပါတီ (ပီသုံးလုံး) ဥက္ကဋ္ဌ ဦးခင်မောင်မြင့် ကျဆုံးတယ်။ ပြည်သူ့တိုးတက်ရေးပါတီနဲ့ (ဒ မ ဖ) ခေါင်းဆောင် ဦးညိုဝင်း၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခရမ်းအမတ် ဦးတင်မောင်ဝင်းတို့ ထောင်တွင်းမှာ ကျဆုံးခဲ့ကြတယ်။ သုံးဦးစလုံးဟာ ကိုကိုးကျွန်းပြန်တွေဖြစ်ခဲ့ကြပြီး ဗမာပြည်ရဲ့ လွတ်မြောက်ရေး တိုက်ပွဲဝင်သမိုင်းမှာ အစဉ်အလာကြီးခဲ့သူတွေ ဖြစ်ပါတယ်။
သစ္စာဖောက်နှင့် သူရဲကောင်းတို့သည်ကား သမိုင်းခေတ် အဆက်ဆက်တွင် ယှဉ်လျက် မွေးဖွားတတ်သည့်သဘောကို နာကျင် ဂုဏ်ယူစွာ ခံစားလိုက်ရပါတယ် …. ။ ။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

Related posts

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:Uncategorized

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ်

By

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ် (မိုးမခစာအုပ်စင်) ဒီဇင်ဘာ ၂၆၊ ၂၀၁၈...

Read more »

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ

By

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ မိုးမခစာအုပ်စင်၊ ဒီဇင်ဘာ ၈၊...

Read more »

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ

By

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၄၊ ၂၀၁၈ မိုးမခစာပေက ထုတ်ဝေပြီး...

Read more »

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ

By

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ (မိုးမခစာအုပ်စင်) အောက်တိုဘာ ၁၈၊ ၂၀၁၈...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

Tags

(all tags)