>Ye Min Tun – Articles

January 8, 2012

>

ကြုံခဲ့ရတဲ့ ကျောင်းသားခေါင်းဆောင်မင်းကိုနိုင် အပိုင်း (၁)
ရဲမင်းထွန်း
ဇန်န၀ါရီ ၈၊ ၂၀၁၂


ကျနော်က ကိုပေါ်လို့ခေါ်တဲ့ ကိုပေါ်ဦးထွန်း (ခ) ကိုမင်းကိုနိုင်ကို ကျနော်စတွေ့စဉ်အခါက ကျနော့်အနေနဲ့ မြင်ရတွေ့ရတဲ့ သူ့ရဲ့ဟန်ပန် အမူရာတွေနဲ့ စာဖတ်ပရိသတ်နဲ့ ရင်းနှီးစေချင်လို့ ဒီဆောင်းပါးကို ရေးရခြင်းဖြစ်ပါတယ်။ ကျနော် ကိုပေါ့်ကိုစတွေ့တဲ့အချိန်တုန်းက ကျောင်းသားသမဂ္ဂ (ဗကသ) ဖွဲ့စည်းကြောင်း မကြေငြာရသေးတဲ့အချိန်ပေါ့။

သြဂုတ်လ (၁၀) ရက်နေ့ ဗဟန်းရဲစခန်းပစ်ခတ်မှုက ကျနော်လွတ်လာခဲ့ပြီး၊ စတော့ဂိတ်ဂုံး (သိမ်ဖြူဂုံး) မှာ ထပ်အပစ်ခံရတော့၊ အပစ် အခတ် နဲနဲလွတ်ကင်းတဲ့ မင်္ဂလာတောင်ညွှန့်က ကားဝပ်ရှော့တခုမှာ ကိုတင်ဌေး (ကိုတင်မောင်ဌေး) က ကျနော့်ကို ပုန်းနေခိုင်းထားခဲ့ပါတယ်။ နောက်တော့ အဲ့သည့်နေရာကနေ ၁၀၁ လမ်းက သူ့အိမ်မှာခေါ်ထားခဲ့ပါတယ်။ အဲဒီ့မှာတင်ပဲ ကျနော်တို့ရဲ့ခေါင်းဆောင် မင်းကိုနိုင်နှင့် ကြုံရ စုံရ သိခွင့်ရခဲ့ပါတယ်။

လူပုံစံက အသားညိုညို ပိန်ပိန်ပါးပါးနဲ့ ရှေ့သွားကလေး နဲနဲထွက်နေတဲ့ တအိမ်လုံးက (ကိုပေါ်) လို့ခေါ်တဲ့ အနှီပုဂ္ဂိုလ်ကို ထိုအချိန်က ဘယ်သူ ဘယ်ဝါမှန်း ကျနော်မသိခဲ့ပါဘူး။ ကိုပေါ်က ဆေးလိပ်ကို အရမ်း ကြိုက်လို့လား၊ တွေးစရာတွေများလို့ပဲ ဖိသောက်နေတာလားတော့ မပြောတတ်ဘူးခင်ဗျာ့ …. ဖွာလိုက် ရှိုက်လိုက်နဲ့ တကိုယ်လုံးက အငွေ့ထွက်လောက်အောင်ကို ဆေးလိပ်သောက်ပါတယ်။ ကျန်းမာရေး လည်း ကောင်းတာမဟုတ်ဘဲနဲ့ ချောင်းတဟွတ်ဟွတ် ဆိုးနေတဲ့ကြား ဆေးလိပ်ကို လက်ကမချတဲ့အပြင် သောက်လက်စ တပိုင်းတစ ဆေး လိပ်တိုတွေကိုလည်း ဟိုတင်ဒီတင် ဟိုထားဒီထားပေါ့ဗျာ။ သူ့အတွေးနဲ့သူ စိတ်နဲ့ကိုယ်နဲ့မကပ်ဘဲ သူထားချင်ရာထားသွားတဲ့ ဆေးလိပ် တိုတွေကို အားလုံးထဲမှာ အငယ်ဆုံးဖြစ်တဲ့ကျနော်ကပဲ ပြောပြောဆိုဆိုနဲ့ လိုက်သိမ်းရတာပေါ့။

စိတ်ထဲကလည်း သူ့ကိုသိပ်မခင်မိတော့ ဆေးလိပ်တွေကို အဲလိုလျှောက်မထားဖို့တခါတခါဆို ဂျစ်ကန်ကန်နဲ့ ကိုပေါ့်ကိုပြောမိတယ်။ တကယ်ဆို အားလုံးထဲမှာ အငယ်ဆုံးဖြစ်တဲ့ ကျနော်ရဲ့ အဲသည်လို အပေါက်ဆိုးမှုကို တော်ရုံလူဆို ကျနော့်ကို ပိတ်ဟောက်ပစ်လိုက်မှာပေါ့။ ဒါပေမယ့် ကိုပေါ်ကတော့ ကျနော် ပွစိပွစိလုပ်တာကို ပြုံးကြည့်ရင်း “ကဲကဲ…ညီလေး စုပြီးသိမ်းပေးထားတဲ့ ဆေးလိပ်တိုတွေယူခဲ့။ အကိုပြန် သောက်မယ်’’ လို့ ပြောပြီး တကယ်လည်းသောက်ပါတယ်။ လေးစားစရာ ခင်မင်စရာကောင်းတဲ့ ကိုပေါ်ပါပဲ။ ဒါပေမယ့် အဲ့သည့်အချိန်ထိ ကျနော်ကတော့ သူ့ကို ကိုမင်းကိုနိုင်လို့ မသိသေးဘဲပွစိပွစိ လုပ်မြဲ လုပ်စဲပါပဲ။

ဒီလိုနှင့် ရန်ကုန်တက္ကသိုလ်ပင်မမှာကျင်းပတဲ့ ကျောင်းသားသမဂ္ဂဖွဲ့စည်းကြောင်းကြေငြာမယ့်နေ့အတွက် ကိုတင်ဌေးက ကျနော့်ကို အထူး တာဝန်တခု ပေးပါတယ်။ အဲဒီတာဝန်ကတော့ ကျနော်တို့ ဗိုလ်တထောင်မြို့နယ်ထဲက ယုံကြည်စိတ်ချရတဲ့ အရပ်သားလူငယ်တချို့ကို ခေါ်ပြီး ကိုပေါ့်ကို စောင့်ရှောက်ဖို့ပါ။ အဲဒီအချိန်ထိလည်း ကျနော်သဘောမပေါက်သေးဘူး။ ကိုတင်ဌေးကိုတောင် တိုးတိုးတိတ်တိတ်နဲ့ ကို သူရိန်ကိုရောလို့တောင် မေးလိုက်ပါသေးတယ်။

ကိုတင်ဌေးက “ပေါ်ဦးကိုသာ မင်းသတိထားပေး၊ တခုခုဆိုရင် မင်းရဲ့လူတွေနှင့် သူ့ကိုဆွဲထုတ်ပြီး လွတ်ရာကိုခေါ်ပြေး’’ လို့ အရေးတကြီး ပုံစံနဲ့ ကျနော့်ကို ပြောလာတဲ့အထိတောင် ကိုပေါ်က ဘယ်သူလဲဆိုတာ ကျနော်မရိပ်မိဘူး။ ကျနော့်ထုံချက်ကတော့ အနှိုင်းမဲ့ပါတယ်။

ဗကသကြေငြာတဲ့နေ့မှာတော့ မိန့်ခွန်းပြောတဲ့စင်ရှေ့မှာ ကျနော်ခေါ်လာတဲ့ ကျနော်တို့ရပ်ကွက်ထဲက ကိုဝင်းမြင့် (ကျဆုံး) ဦးဆောင်တဲ့ လူငယ်တွေက အင်အားအပြည့်နဲ့ နေရာယူလို့ပေါ့။ ကျောင်းဝင်ပေါက်နှင့် မိန့်ခွန်းစင်ရှေ့ကို လူးလားခေါက်ချည်သွားလိုက်ပြန်လိုက်နဲ့ ကျ နော်အလုပ်များနေချိန်မှာပဲ မိန့်ခွန်းစင်ပေါ်ကနေ “ဟုတ်ကဲ့…ကျနော် မင်းကိုနိုင်ပါ”လို့ အောင်မြင်စွာထွက်လာတဲ့ အသံပိုင်ရှင်ကို လှမ်းကြည့် လိုက်တော့ . …. ….

ကျနော့်ဇက်ကလေးပုသွားသလို ပါးစပ်လည်း ဟောင်းလောင်းပွင့်သွားမိတယ်။ အောင်မလေးဗျာ ကိုမင်းကိုနိုင်ဆိုသည်မှာ ကျနော်၏ ကို ပေါ် ဖြစ်နေပါရောလား။


၁၀၁ လမ်းမှာ မင်းကိုနိုင်ဆိုတာ ကလောင်အမည်တခုလိုပဲ သိထား သဘောထားမိတယ်။ ဘယ်သူမှန်းမသိသလို မေးလည်းမမေးမိပါဘူး။ ကျနော်တို့ခေတ်က ထုံပုံ အပုံများ အခုလူငယ်တွေရယ်မှာပဲ။

ပွဲပြီးတော့ အဲဒီနေ့က ၁၀၁ လမ်းအိမ်ကို ကိုပေါ်ပြန်လိုက်မလာပါဘူး။ အိမ်ပြန်ရောက်တော့ ကျနော်က “သြော်… ကိုမင်းကိုနိုင်ဆိုတာ ကို ပေါ်ပါလား’’ လို့ပြောလိုက်တော့ မစပယ် (မမိုးမြစပယ်အေး) က ကျနော့်ကို ခေါင်းခေါက်တယ်။ အဲဒီလောက်တောင် ထုံရလားတဲ့။

ဘယ်သိမလဲဗျာ…. မဆလလက်ထက်မှာကြီးလားတဲ့ ကျနော်တို့အတွေ့ကြုံအရဆိုရင် ကျနော်သိထားတဲ့ လူကြီးဆိုတာ (ခေါင်းဆောင် ဆိုတာ) နည်းနည်းတော့ ထူးခြားရမယ်၊ အာဏာပြရမယ်ပေါ့။ ဒါပေမယ့် ကျနော်တို့ခေါင်းဆောင်ရဲ့ ဟိတ်ဟန်မရှိမှု၊ အားလုံးနဲ့ တသားတည်းကျအောင်နေထိုင်တတ်မှုတွေကြောင့် ဘာမှမသိတဲ့ ၁၆ နှစ်သား ငအူလေး ကျနော်ဟာ တကယ့်ခေါင်းဆောင်ကောင်းတယောက်ရဲ့ အရည်အချင်းတွေထဲက တခုကို မှတ်မှတ်ရရနဲ့ ထိုက်ထိုက်တန်တန်ကို သိမြင်ခွင့်ရလိုက်ပါတယ်။

နောက်တော့ ကျောင်းသားသမဂ္ဂရုံးကို ရန်ကုန်ဆေးရုံကြီးမှာလုပ်တဲ့အချိန်၊ မှတ်မှတ်ရရပါပဲ။ ကိုပေါ်က ဆေးရုံကြီးအပေါ်ထပ်မှာ လူမရှိတဲ့ သုံးထပ်အဆောင်တခုမှာ အသည်းရောင်နေလို့ ဆေးသွင်းနေရတယ်။ ကုတင်ပေါ်လှဲနေတဲ့ ကိုပေါ်က နယ်လွှတ်မယ် သွားမလားဆိုတော့ ကျနော်အားရ၀မ်းသာနဲ့ ဟုတ်ကဲ့အကိုလို့ ပြန်ပြောလိုက်တယ်။ သာယာဝတီသုံးဆယ်ဖက်မှာ မဟာဗျုဟာသပိတ်တပ်ရင်းဆိုပြီး လှုပ်ရှားနေ တဲ့ နယ်ခေါင်းဆောင် ကိုဂျော်လီထွန်းဆီ စာတစောင်သွားပို့ပေးဖို့ ကျနော့်ကိုခိုင်းတာပါ။ စာလေးတစောင်အတွက် အခုခေတ်လို အင်တာ နက်မရှိတော့ လစ်ရတာပေါ့ဗျာ။

ကျနော့်က သူငယ်ချင်း ကိုပူစီ (အမည်ရင်းကိုရေးရန် ကာယကံရှင်နှင့် မတွေ့တာကြာနေလို့ သူ့အမည်ပြောင်ကို သုံးလိုက်ပါတယ်)ရဲ့ ဆွေမျိုး တွေက သာယာဝတီဖက်မှာ နေလို့ ကျနော်အတွက်နယ်ခံရှိ ဖြစ်ရအောင် သူ့ခေါ်သွားလိုက်ပါတယ်။ ကိုပေါ်ရေးပေးလိုက်တဲ့ စာကို သေသေချာချာ ဂရုတစိုက်ယူသွားပြီး သာယာဝတီမြို့ပေါ်က ကိုဂျော်လီထွန်းတို့ သပိတ်တပ်ဆွဲထားတဲ့ မဆလပါတီယူနစ်ရုံးမှာ ကိုဂျော် လီထွန်းကိုသွားတွေ့ပြီး စာပေးလိုက်ပါတယ်။ အဲဒီ့မှာတင်ပဲ ကိုဂျော်လီထွန်းက စာဖတ်ပြီးနောက် ဗြုန်းဆို ကျနော်တို့ကိုဖမ်းထားလိုက်ရော ဗျာ။ မင်းတို့ဘာကောင်တွေလဲ ဘာညာနှင့်ဆိုပြီး မကျေမနပ်တွေလည်း ဖြစ်လို့ပေါ့။

ကံကောင်းလို့ ကျနော်အဖေါ်ခေါ်သွားတဲ့ ကိုပူစီ့ဆွေမျိုးတွေက ၀ိုင်းဝန်းပြီး ကျောင်းသားတွေပါအာမခံလို့ နည်းနည်းသက်သာရာရသွားပြီး ကျနော်တို့ကို အဲဒီ့ရုံးထဲမှာ အကျယ်ချုပ်သဘောမျိုး ထိန်းသိမ်းထားလိုက်ပါတော့တယ်။ ကျနော် နယ်ခံကိုရွေးခေါ်လာခဲ့မိလို့ တော်သေးတာ ပေါ့ဗျာ။ သူတို့ကတော့ စုံစမ်းမယ်၊ ရန်ကုန်က အကြောင်းမပြန်ရင် မင်းတို့ကိုသတ်မယ်တဲ့။

ဒါနဲ့ပဲ ကျနော်လည်း အဲဒီအချိန်က ဗကသကိုဆက်သွယ်လို့ရတဲ့ဖုန်းလို့ နာမည်ကြီးနေတဲ့ ကိုတင်ဌေး (၁၀၁) လမ်း အိမ်ဖုန်း နံပါတ်ပေးလိုက် ရတယ်။

နောက်တော့မှာ ရန်ကုန်နှင့်ပြောဆိုပြီး ဆရာသမားကိုဂျော်လီထွန်းက ကျနော်တို့ကို ကျောင်းသားတွေဆိုပြီး ကောင်းကောင်းမွန်မွန် ဆက် ဆံပါတယ်။ ကျနော်သဘောပေါက်တာက ကိုဂျော်လီထွန်းက ကိုပေါ်ရေးပေးလိုက်တဲ့ အကြမ်းမဖက်ဖို့နှင့် ပြည်သူပိုင်ပစ္စည်းတွေကို ထိန်း သိမ်းဖို့တိုက်တွန်းတဲ့စာကို နည်းနည်းဘ၀င်မကျဘူး။ သြဇာပေးတယ်လို့ ယူဆပုံရတယ်။ ကျနော့်ကို ပြန်ပြောလိုက်တဲ့စကားတွေအရ ကောက်ချက်ချတာပါ။

ကျနော်တို့ရန်ကုန်ပြန်ရောက်တော့ အားရ၀မ်းသာ ကိုဂျော်လီထွန်းတို့ပေးလိုက်တဲ့ လက်ဆောင်ပစ္စည်းရလာကြောင်း ကိုပေါ်ကိုပြောတော့ ကျနော့်ကိုပေါ်က ထုံးစံအတိုင်း မရှိနွမ်းပါးသူတွေကိုပေးလိုက်တဲ့။ ဘယ်သူမှမသုံးနဲ့တဲ့ဗျာ။ ဒါနဲ့ကျနော်လည်း လမ်းဘေးမှာတွေ့တဲ့ အဘိုး ကြီးအဖွားကြီးတွေကို နေရှင်နယ်ထမင်းပေါင်းအိုးတို့ ဓာတ်ဘူးတို့ပေးလိုက်ရတာပေါ့။ သူတို့ကတော့ ကျနော့်ကို ကျေးဇူးတင်လိုက်ကြတာ။ တကယ်ကျေးဇူးတင်ရမှာက ကိုပေါ့်ကိုပါ။

တကယ်ဆို ကျနော်တို့အဖွဲ့စတည်းချတဲ့ ၁၀၁ လမ်းအိမ်ရဲ့ ထမင်းပေါင်းအိုးက သိပ်မကောင်းတော့ဘူးလေ။

ကလေးသာသာရှိသေးတဲ့ ကျနော်ကတော့ ငါတို့အဖွဲ့အတွက်ပေါင်းအိုးရပြီဆိုပြီး ဝမ်းသာအားရယူလာတာပဲ။ ဒီရောက်တော့ကိုပေါ့်စကားကို မလွန်ဆန်ရဲလို့သာ သူပြောတဲ့အတိုင်းလုပ်ခဲ့ရတာ။ ဒါပေမယ့် နောင်တချိန်ကျမှပဲ နိုင်ငံတော်ပိုင်ပစ္စည်းကို ကျနော်တို့ တရားမ၀င်သုံးစွဲတာကိုမကြိုက်လို့တားမြစ်တဲ့ ကျောင်းသားခေါင်းဆောင်မင်းကိုနိုင်ရဲ့ ပြတ်သားကင်းရှင်းမှု ကျနော်သဘောပေါက်မိပါတယ်။


ကိုပေါ်က မာန်မာနမရှိတဲ့ခေါင်းဆောင်ပါ။ ကိုပေါ့်ကို ဒလမြို့မှာရှိတဲ့ မနီလာကဖိတ်လို့ ဒလသစ်တောဝင်းထဲမှာ ခမ်းခမ်းနားနား ထည်ထည် ၀ါဝါအနေအထားမျိုးမဟုတ်ဘဲ အစိုးရ၀န်ထမ်းတွေကို တရားသွားဟောဖူးပါတယ်။ ကိုပေါ့် နိုင်ငံရေးတရားကိုနားထောင်ပြီး အကုန်လုံး ဒီမိုကရေစီဘက်တော်သားတွေဖြစ်ကုန်တာ ကျနော့်မျက်မြင်ပါ။ ဒလသစ်တောဝင်းမှာဟောပြောတာထဲက ကျနော်မှတ်မိတာ .. “ကျနော် ညညဆို အိပ်မရပါဘူး။ ကျနော်အိပ်လိုက်တာနှင့် သွေးတွေရွဲနေတဲ့ ၀တ်ရုံတွေ လွှမ်းခြုံထားတဲ့ ကျောင်းသားလေးတွေက ကျနော်နားကို ရောက်လာပြီး အကိုကြီး ဒီမိုကရေစီတောင်းပေးပါလို့ လာပြောနေကြတယ်။ သူတို့လေးတွေမျက်နှာမှာ မျက်ရည်တွေ စီးကြောင်းတွေနှင့် ကျနော်ကို အားကိုးတကြီး လာလာပြောနေကြတယ်။ တိုက်ပွဲဝင်ကျောင်းသားလေးတွေ ကလေးတွေရဲ့ဝိညာဉ်တွေက ညညဆို ကျနော်နား မှာ ၀ိုင်းရံနေကြတယ်ဗျာ။ သူတို့လေးတွေ မကျွတ်လွတ်သေးဘူး တိုက်ပွဲဝင်နေတုန်းပဲ။” လို့ ကိုပေါ် ဟောပြောတာကို နားထောင်တဲ့လူ တွေ အကုန်လုံး မျက်ရည်တွေကျပြီး ငိုကုန်ကြတယ်။

ကိုပေါ် အမြဲတမ်း ပြည်သူတွေအတွက် ပူပင်သောကရှိတယ်။ သူဟာ တာဝန်ရှိတဲ့အာဏာပိုင်တယောက်မဟုတ်ပေမယ့် သူ့ကိုယ်သူ ပြည် သူတွေအတွက် တာဝန်ယူထားတဲ့ ပြည်သူ့ဖက်ကရပ်တည်တဲ့ ကျောင်းသားခေါင်းဆောင်ပါ။ စီမံကိန်းရပ်ကွက်က လူတွေကိုနှင့် ခေါင်းဖြတ် မှုဖြစ်ကြတော့လဲ ကိုပေါ် ငွေကြာယံကျောင်းတိုက်ကိုလိုက်သွားပြီး၊ သံဃာတော်တွေတောင် ထိန်းမရတော့တဲ့ လူအုပ်ကြီးကို လိုက်လံတား မြစ်တဲ့အလုပ် အန္တရာယ်များလှတတာကို ကိုပေါ် မကြောက်မလန့်လုပ်တာ။ လိုက်ပါသွားတဲ့ ကျနော့်ဂုတ်တွေယားနေတာ ကျနော်ငယ်က လဲငယ်တော့ တော်တော်ကြောက်တာ။ သွေးဆူနေတဲ့လူအုပ်ကြီးလက်က သတ်မယ့်လူတွေကိုတောင်းယူရတာ ကျနော်ဖြင့် ကြောက်လိုက် တာဗျာ။ တိုးမပေါက် ကျပ်ညပ်နေတဲ့ ဓါးကိုယ်စီ လူတွေထဲတိုးပြီး။ အဆင်ပြေစွာဖြင့် လူအုပ်ကြီးထံက အသတ်ခံရတော့မယ့်၊ မဆလပါတီ ထောက်လှမ်းရေးက ဆေးကြွေးပြီး ရပ်ကွက်မီးလိုက်ရှို့ခိုင်းလိုက်တဲ့ စစ်မှုထမ်းဟောင်းတွေ အသက်ခံရမဲ့ဆဲဆဲအသက်ကို ပြန်ရလိုက်ပါ တယ်။ ကိုပေါ်ဟာ ပြည်သူ့အချစ်ကိုရတဲ့ ပါရမီရှင်ခေါင်းဆောင်တဦးပါ။ သူစကားပြောလိုက်ရင် အကုန်ငြိမ်းချမ်းသွားရတယ်။

ကျနော်ကိုပေါ့်ကိုချစ်တဲ့ အခြားအချက်တခုရှိပါသေးတယ်။ အဲဒါက ကိုပေါ့်ကိုနောက်ပိုင်းမှာ စီးပွားရေးလုပ်ငန်းရှင် တဦးက (အမည်မဖေါ် တော့ဘူး) ကားစီစဉ်ပေးထားတော့ သွားလေရာကားနှင့် ဖြစ်လိုက်ပါသေးတယ်။ ကိုပေါ်အဲလိုဖြစ်နေတဲ့ကာလမှာ ကျနော်နှင့် ကျနော်တို့ သူငယ်ချင်းသုံးရောက် ဗိုလ်ချုပ်လမ်းနှင့် သိမ်ဖြူလမ်းမီးပွိုင့်မှာ လမ်းဖြတ်ကူးနေတာကိုလည်း သူတွေ့ရော ချက်ချင်းပဲကားကို ပြန်လှည့် ခိုင်းပြီး ကျနော်တို့ကို ကားပေါ်အတင်းတက်ခိုင်းပါတော့တယ်။ တနေကုန်နေပူထဲ သွားလာလို့ နံစော်နေတဲ့ ကျနော်တို့ကို နေရာမဆန့်ပေ မယ့်လည်း ကျပ်ကျပ်တည်းတည်း တိုးဝှေ့တင်ပြီး ကျနော်တို့သွားမယ့်နေရာကို လိုက်ပို့ပါတယ်။ ကားပေါ်မှာလည်း ကိုပေါ်ကကျနော့်ကို ချစ်ခင်ဖေါ်ရွေစွာ တလမ်းလုံး လည်ပင်းဖက်ထားလေတော့ ကားပိုင်ရှင်ခင်မြာ မနှစ်မြို့တဲ့မျက်နှာပေးနဲ့ပဲ ကျနော်တို့ တလေးတစား ဆက် ဆံခဲ့တာကို အခုထိ မှတ်မိနေပါသေးတယ်။

အာဏာမသိမ်းခင် တညအလိုမှာ ဆေးလိပ်ခုံတခုမှာ ကျနော်ကိုခေါ်တွေ့ပြီး၊ ကိုပေါ်က လပွတ္တာမြို့ကို ဆန်အိတ်တွေသယ်ဖို့ တာဝန်ပေး လွှတ်လိုက်လို့ ကျနော် အာဏာသိမ်းတဲ့နေ့က ရန်ကုန်မြို့ လမ်းမပေါ် ရှိမနေပါဘူး။ ဒါပေမယ့် ဧရာဝတီမြစ်ထဲမှာ ကိုစိန်ဖေတင်၊ ပေါက်စီတို့ နှင့် ကျနော်တို့တာဝန်ခံပြီး ဧရာဝတီကော်ပရေးရှင်းကထုက်သွားတဲ့ ဗညားဒလသဘောင်္တစီးနှင့် (၁၅) ရက်လောက် စစ်တပ်နှင့် နဘန်း လုံးနေတဲ့အဖြစ်လဲ ရေးပါ့မယ်။ ရန်ကုန်က မရှိဆင်းရဲသားတွေအတွက် ဆန်ဝေမယ့်အစီစဉ်နှင့် ဆန်သယ်သွားတဲ့ ကျနော်တို့ကို စစ်တပ်က လိုက်လံသတ်ဖြတ်ဖို့ကြိုးစားပြီး ဆန်တွေသိမ်းယူသွားတဲ့အကြောင်းပါ။

ကျနော်စဉ်းစားပြီး ဆက်ရေးပါဦးမယ်။ နောက်ပိုင်း အာဏာမသိမ်းခင်နဲ့ အာဏာသိမ်းပြီးကာလတွေမှာ ကျနော်နဲ့ ကိုပေါ်အတွက် အမှတ် တရတွေ ရှိပါသေးတယ်။ ကြုံခဲ့ရတဲ့ ကျောင်းသားခေါင်းဆောင်မင်းကိုနိုင် (၂) ဆိုပြီး ဆက်ရေးပါဦးမယ်။

……


အပိုင်း (၂)


ကျနော်ရေးတဲ့အထဲမှာ ချန်မထားချင်စရာအကောင်းဆုံးက အောင်မြင်ကျော်ကြားလာရင် ၀ိုင်းရံလာတဲ့ ပိုက်ဆံရှိအသိုင်းဝိုင်းတွေကိုပါပဲ။ ကိုပေါ့်နားမှာ စီးပွားရေးတောင့်တင်းတဲ့မိသားစုတစုကလူငယ်တွေ ၀ိုင်းရံလာချိန်က ဖြစ်ပါတယ်။ ဒီလိုဝိုင်းရံမှုဟာ အခြေနေအရတော့ ကိုပေါ့်အနေနှင့် လိုအပ်ပါတယ်။ ဒါပေမယ့်လည်း ကားနှင့်လိုက်ပို့လိုက်ကြိုပြီးစီစဉ်ပေးနိုင်တဲ့မိသားစုကြီးက ကူညီလိုက်တော့မှပဲ ကျ နော် တို့နှင့် ကိုပေါ်အရင်လို မထိတွေ့ရတော့ဘူး။ သူကလည်း အရေးကြီး ကိစ္စတွေလိုက်လံဆွေးနွေးလုပ်ကိုင်နေတာများတော့ (၁၀၁)လမ်းအိမ် ကို သိပ်မလာနိုင်တော့ပါဘူး။ လုံခြုံရေးအရလည်း မကောင်းတော့လို့ပါ။

အာဏာသိမ်းပြီးနောက်ပိုင်းကျတော့ လူငယ်တွေဖြစ်တဲ့ ကျနော်တို့တွေ သွေးဆူလာပါတယ်။ နယ်စပ်ကိုထွက်ပြီး လက်နက်ကိုင်မယ် ပြန်ချ မယ်ဆိုတာမျိုးတွေကို ကိုပေါ်ကလုံးဝမကြိုက်တော့ သဘောမတူဘူးခင်ဗျ။ ကျနော်ကတော့ အဲဒီတုန်းကအသိဉာဏ်နဲ့ ကိုပေါ့်ကို အဖိုးကြီး ဆိုပြီး စိတ်ထဲမှာ နည်းနည်းတော့ညစ်လာပါတယ်။ အဲဒီမှာ ကျနော်တို့လည်း ကိုယ်လုပ်ချင်တာတွေ စလုပ်ကြတော့တာပါပဲ။ အဲဒီနောက်ပိုင်း မှာတော့ ကိုတင်ဌေးနှင့် ကျနော်တို့တွေ ကိုပေါ်နားကထွက်ခွာခဲ့ပါတယ်။ လမ်းပေါ်တက်ပြီး အော်တဲ့ပွဲတွေကို ကျနော်တို့ ပြောက်ကျား လုပ်ကြပါတယ်။ စစ်တပ်ကလာရင် ထွက်ပြေးပေါ့ဗျာ။ ရသလောက်အာခံနေတဲ့သဘောနဲ့ ရန်ကုန်မြို့အနှံ့ကျနော်တို့တွေ မြေအောက် လှုပ်ရှားမှုတွေ လိုက်လုပ်ခဲ့ကြပါတယ်။

မှတ်မှတ်ရရ တံတားနီနှစ်ပတ်လည်နေ့ကို (ရန်ကုန်တက္ကသိုလ်ပင်မ MAIN) မိန်းထဲမှာလုပ်တော့ တက်ကြွတဲ့လူတွေက အပြင်ထွက်ဖို့ နှိုး ဆော်ပြီး ခွပ်ဒေါင်းအလံတိုလေးတခုထောင်လိုက်ပါတယ်။ (အလံထောင်လိုက်တယ်ဆိုတဲ့သဘောက လမ်းထွက်တော့မယ်၊ ဆန္ဒပြကြမယ်) လို့ဆိုတဲ့သဘောပါ။ ဟောပြောနေတဲ့ စင်နားမှာ လုံခြုံရေးဝိုင်းလုပ်နေတဲ့ ကျနော်တို့တွေ အဲဒီအလံတိုလေးကို လိုက်လုရာက တဖြေးဖြေးနှင့် မန္တလေးဆောင်ရှေ့ကနေ အလံတိုလေးကဟာ ဘွဲ့နှင့်းသဘင်ဘက်ကို ရောက်သွားပါတယ်။

အဲဒီတုန်းက မဖြစ်သင့်တာမဖြစ်ရအောင် လူအမုန်းခံပြီး ထိပ်ဆုံးကလိုက်တားတာ ကိုမိုးသီး (မိုးသီးဇွန်) ပါ။ ဆွဲကြလွဲကြနှင့် ဘွဲ့နှင်းသဘင် ဘေးက စင်ဝင်အောက်ရောက်တော့ အလံကို ကျနော်လုယူလိုက်နိုင်ပါတယ်။ ကျနော်တို့လိုက်လုတုန်းကတော့ အပြင်မထွက်ဖို့ ထိန်းတဲ့ အနေနဲ့ လိုက်လုတာပါ။ ကျနော်လက်ထဲလည်း အလံရောက်ရော ဘေးက၀ိုင်းအော်တဲ့ တက်ကြွသံတွေကြားမှာ လူငယ်တယောက်ဖြစ်တဲ့ ကျနော်ပါ အပြင်ထွက်မယ့် သွေးဆူလာပါတော့တယ်။

သွေးဆူစေရတဲ့ အဓိကအကြောင်းရင်းကတော့ အင်းယားဖက်က ကျောင်းခြံစည်းရုံးအပြင်ကနေ သေနတ်နှင့်ကျောင်းထဲကို ၀ိုင်းချိန်ထားတဲ့ စစ်သားတွေကို မြင်လိုက်ရလို့ပါပဲ။ ကြည့်ပြီး တော်တော်ကြီးကို ဒေါသထွက်သွားဗျ။

ကျောင်းသားကို ဒီလိုခြိမ်းခြောက်လို့ရရိုးလားကွဆိုပြီး ကျနော်လဲ ဆက်ထွက်ဖို့စိတ်ဝင်ပြီး အပေါက်ဖက်ကို ဆက်ချီတက်ဖို့ ထွက်လာခဲ့ လိုက်တယ်။ စိတ်ပြောင်းသွားတဲ့ကျနော့်ကို အတင်းတားတဲ့ကိုမိုးသီးကိုလည်း မျက်စိထဲမှာဘာမှမမြင်တော့ဘဲ အဲဒီအလံတိုလေးနှင့် လွဲ ရိုက်ပစ်လိုက်မိတယ်။ ဒါပေမယ့် ကိုမိုးသီးတို့တွေ ရအောင်ထိန်းနိုင်ခဲ့ပါတယ်။ ကိုမိုးသီးနှင့် အားလုံးသော အမျှော်အမြင်ရှိသူတွေ အထိန်း ကောင်းလို့ နှစ်ပတ်လည်နေ့က သွေးမြေကျမယ့်ကိန်းက သီသီလေးလွတ်သွားတာပါ။ အဲသည့်တုန်းက အပြင်ထွက်ဖို့ဦးစီးတဲ့ လူတွေထဲမှာ ကျနော်သေသေချာချာ မှတ်မိတာတော့ ရကသအတွင်းရေးမှူး မတင်တင်ညိုနှင့် အကသရဲဘော်အချို့ပါ။ အဲဒီခေတ်အဲဒီအခါက သေမှာ မကြောက်ကြတဲ့ စစ်အုပ်စုကိုစိန်ခေါ်ရဲတဲ့ ကျောင်းသားတွေပေါ့ဗျာ။

ကိုပေါ့်အကြောင်းပြန်ဆက်ကြဦးစို့။ ကျနော်စိတ်ထဲမှာတော့ အဲသည့်အချိန်ထိ ဆိုခဲစေ မြဲစေဆိုတဲ့ ကိုပေါ့်ကိုချစ်တုန်းပါပဲ။ ချစ်လို့လည်း ကလေးအတွေးနှင့် ကိုမင်းဇေယျာတို့က မန္တလေးဆောင်မှာ မကသဆိုပြီးလုပ်တော့ ဒါဟာ ကိုပေါ်တို့ကိုပြိုင်တာပဲဆိုပြီး ကိုပျံလွှား (တာမွေ) နှင့် ကျနော်တို့ မန္တလေးဆောင်ထဲသွားပြီး ရမ်းကားဖူးတယ်။ ဦးချစ်ဆိုင်ဖက်မှာထိုင်နေတဲ့ မကသခေါင်းဆာင် ကိုဇေယျာကြီးနှင့် အတွင်းရေးမှူး ကိုထွန်းကြည်တို့ကို ပုပုသေးသေးလေးကျနော်က တုတ်တချောင်းနှင့် ကြိမ်းလား မောင်းလားလုပ်သေးတယ်ဗျ။

အဲဒီတုန်းက ဗိုလ်ချုပ်ခင်ညွှန်ရဲ့နည်းဗျူဟာဖြစ်တဲ့ ကျောင်းသားလူငယ်တွေကိုသွေးခွဲတဲ့ တန်ပြန်ထောက်လှမ်းရေးလုပ်ငန်းတွေက အောင် မြင်တဲ့အချိန်ပေါ့။ မကသကို ရန်ကုန်တက္ကသိုလ်မှာရှိတဲ့ မန္တလေးဆောင်မှာ ပေါ်ပေါ်ထင်ထင်ရပ်တည်ခွင့်ပေးတာဟာ ကျနော်တို့လို ကျောင်းသားလူငယ်တွေအတွက် အလွန်ပဲဒေါသထွက်စရာဖြစ်ခဲ့ပါတယ်။ ကျောင်းသားလှုပ်ရှားမှုအတွင်းမှာလည်း ဗ (ဗကသ) နှင့် မ (မကသ) ဆိုပြီး ကွဲကုန်တော့တာပါပဲ။

ဒါကြောင့်လည်း အစည်းအဝေးတွေမှာ ဗ နှင့် မ နှင့် အငြင်းပွားတာတွေ၊ ပြဿနာတက်ရတာတွေ မကြာခဏဖြစ်ခဲ့ရပါတယ်။ ဘာပဲပြောပြော ကျနော်ကတော့ တရားဟောကောင်းတဲ့ ကျနော်တို့အကိုကြီး ကိုပေါ် (မင်းကိုနိုင်) ကိုသာ ချွင်းချက်မရှိထောက်ခံသူတယောက်ဖြစ်ခဲ့ပါ တယ်။။ နုနယ်သေးတာကြောင့်ရယ်၊ ကိုပေါ့်ရဲ့ တခြားလေးစားစရာကောင်းတာတွေကိုပါသိနေတော့ ပုဂ္ဂိုလ်ခင်လို့ တရားမင်တာလည်း ပါတာပေါ့ဗျာ။

ဒါပေမယ့် မကသမှာ ကျနော်တကယ်ခင်တဲ့ ကိုဌေးကြွယ်တယောက်တော့ ရှိပါသေးတယ်။ ကိုဌေးကြွယ်က အဖွဲ့အစည်းမခွဲခြားဘူး။ ကျ နော်တို့လို လူငယ်တွေကို သူတတ်နိုင်သလောက် ကူညီပါတယ်။ ကျနော်တို့လူငယ်တွေ တော်တော်များများကို သူကူညီဖူးတယ်။ ဒီလိုနှင့် တရက်ပေါ့ .. ကျနော့်အိမ်ရှေ့က လမ်းဘေးလဖက်ရည်ဆိုင်ကို မစပယ် (မမိုးမြစံပယ်အေး) ရောက်လာပြီး ကိုညိုထွန်းဆိုသူနဲ့ မိတ်ဆက် ပေးပါတယ်။ အဲဒီ့ ကိုညိုထွန်းဆိုတာက (န၀တက “ဗမာ”ကို “ မြန်မာ” လို့ပြောင်းတာကို ဝေဖန်ခဲ့တဲ့သူ။ ဒါကို နဝတဗိုလ်ချုပ်ခင်ညွှန့်က ဗုဒ္ဓကို မုဒ္ဓပြောသူဆိုပြီး သတင်းစာကနေ ပြန်လှန်ထိုးနှက်တာကို ကောင်းကောင်းခံရတဲ့ ခေါင်းဆောင်တဦးပါ)။

အကုန်လုံး အဲဒီအချိန်တုန်းက ကျနော်တို့ကျောင်းသားတွေ ယုံကြည်နေခဲ့ကြတာကို ကျနော်မှတ်မိသလောက်ပြောရရင် ကြားဖြတ်အစိုးရ ဖွဲ့စည်းရေးကိစ္စပျက်သွားတာကြောင့် အလားတူ လိုင်းတခုတင်ဖို့နဲ့ န၀တအစိုးရကို ပါဝါပြိုင်ဖို့ ကျောင်းသားအုပ်စုတွေ ကြိုးစားနေတဲ့ အချိန်လို့ ထင်ပါတယ်။ မစံပယ်က ကျနော် လုပ်ရမယ့် ကိစ္စတွေ ပြောဆိုပြီး ပြန်သွားခဲ့ပါတယ်။ ကျနော်ကတော့ မစံပယ်ပြန်သွားပြီး သိပ် မကြာခင်မှာပဲ ကျနော့်အိမ် (သို့) ကျနော့်အဖေ့ထံမှ အပြီးအပိုင် တသက်စာထွက်ခွာလာခဲ့ရပါတော့တယ်။ ကျနော်ပိုင်ဆိုင်သမျှ စက်ဘီး ကလေးနဲ့အတူ အဖေ၀ယ်ပေးထားတဲ့ ရွှေလက်စွပ်၊ ဆွဲကြိုးနှင့် အဖိုးတန်မယ့်အ၀တ်အစားမှန်သမျှထားခဲ့တယ်လို့ မထင်ကြပါနဲ့။ သား လိမ္မာပီပီ တော်လှန်ရေးမှာသုံးဖို့အတွက် ထုခွဲရောင်းချဖို့ နိုင်သလောက် သမလာခြင်းဖြစ်ပါတယ်။

ကျနော်တို့ခေတ်အခါက ဗိုလ်ချုပ်ခင်ညွှန့်က ကျနော်တို့ကျောင်းသားတွေကို (ပြည်ပအားကိုး ပုဆိန်ရိုး) လို့သာစွပ်စွဲပြောဆိုနေတာ။ ကျ နော်တို့မှာတော့ဝတ်ထားတဲ့ ပုဆိုးအသစ်ကို ချွတ်ရောင်းတဲ့လူတွေ အများကြီးပါ။ ဒီလိုနှင့် ကျနော်တို့လုပ်ကိုင်နေရင်း သတင်းဆိုး တခုကြား ရပါသည်။ အဲဒါကတော့ မတ်လ (၂၃) ရက်နေ့မှာ ကိုပေါ့်ကို ရန်ကင်းတိုက်တန်းတွေအနီးမှာ စစ်ထောက်လှမ်းရေးတွေက ဖမ်းဆီးလိုက်ပြီ ဆိုတဲ့သတင်းပါပဲ။

သူနှင့်ပါသွားတဲ့လူတွေထဲက ကိုဘိုကြည် (ယ္ခု ထိုင်းနိုင်ငံတွင် နိုင်ငံရေးအကျဉ်းသားလွတ်မြောက်ရေးလှုပ်ရှားနေသူ) တယောက်သာ ထွက်ပြေးလွတ်မြောက်လာလို့ ပြန်သိရတာပါ။ သူသာလွတ်မလာရင် သတင်းပျောက် ဖျောက်လိုက်နိုင်ပါသည်။ ဒီတော့ ကျနော်တို့တွေ ဘာပဲလုပ်လုပ် အကုန်လုံးစုစည်းဆွေးနွေး မျက်နှာချင်းဆိုင်ကြတဲ့နေရာကတော့ အခုအင်းလျားလမ်းက ဒေါ်အောင်ဆန်းစုကြည် နေအိမ် ၀င်းထဲက တဲကြီးဆီမှာပါပဲ။

၁၉၈၉ မတ်လ ၂၅ ရက်နေ့မှာ ကိုပေါ့်ကို ဖမ်းသွားတဲ့ကိစ္စနှင့်ပတ်သက်ပြီး ကျောင်းသားအဖွဲ့အစည်းပေါင်းစုံ စုစည်းတိုင်ပင်ကြပါတယ်။ အကသမှလည်း ကိုမင်းဇင်တို့ ကိုဇေယျာဝင်း၊ ကိုလတ်၊ ကိုသီဟတို့ ကွယ်လွန်သွားတဲ့ (ကိုသက်ဝင်းအောင်) လည်း ပါပါတယ်။

နောက်ကျတော့ ခြံပြင်ကို အကသအဖွဲ့တွေထွက်သွားတော့ ကျနော့်ကို ကိုတင်ဌေးက ညီလေးမင်းလိုက်သွား သူတို့သွေးဆူနေတယ် ၊ တခုခုဆို အကို့လာပြော အမြန်ထိန်းရမယ်ဆိုပြီး လွှတ်လိုက်ပါတယ်။ ကျနော်လည်း သူတို့တွေရှိနေတဲ့ တဖက်ခြံထဲက လဖက်ရည်ဆိုင်ကို လိုက်သွားခဲ့ပါတယ်။ ကိုမင်းဇင်က အကသ CEC မဟုတ်သူတွေနှင့် ကျနော်ကို စားပွဲဝိုင်းကနေခဏရှောင်ပေးဖို့ သူတို့ ဆုံးဖြတ်ချက်ချစရာရှိလို့ ဆိုပြီးပြောလို့ ကျနော်တို့ အခြားဝိုင်းပြောင်းထိုင်ရသည်။

ဒီလိုနှင့်ပေါ့ဗျာ။ အခြေအနေက အကသအနေဖြင့် လမ်းမပေါ်တက်မယ်ဆိုပြီး ဖြစ်လာတော့၊ မဖြစ်သင့်တာ မဖြစ်ရအောင် ထိန်းမယ့် ကို တင်ဌေးတို့ဆီ ကျနော်ပြန်ပြေးလာတဲ့အခါမှာ ခြံတံခါးတာဝန်ကျများက ကျနော့်ကို ပြန်ပြီးဝင်ခွင့်မပေးတာနဲ့ပဲ ကျနော်လည်း အထဲက ကို တင်ဌေးကို အကြောင်းမကြားနိုင်တော့ပါဘူး။ ဒါနဲ့ပဲ လုပ်လို့မရရင် ရတာလုပ်မယ်ဆိုတဲ့စိတ်နဲ့ပဲ မင်းကိုနိုင်ကို ပြန်လွှတ်ပေးဆိုတဲ့ တောင်းဆို ဆန္ဒပြမှုကို ၀ိုင်းနွှဲလိုက်ပါတယ်။ အစည်းဝေးလည်းပျက်ပြီး ခြံပြင်မှာလဲ စစ်တပ်ကလာတဲ့ဝိုင်းတဲ့အထိ ဖြစ်ကုန်တော့တာပေါ့။ အန်တီစုက ညနေမှ ကော့မှူးနယ်စည်းရုံးရေးခရီးစဉ်က ပြန်လာခဲ့ပါတယ်။

ကိုပေါ်ကြောင့် ကျနော့်အဖေဟာ ကျနော့်ကို စိတ်ချယုံကြည်ခဲ့ရသလို အားပေးမှုတွေလည်းဖြစ်ခဲ့ရပါတယ်။ ဒလသစ်တောဝင်းကို ကိုပေါ် တို့တရားဟောပြီးအပြန် ထမင်းစားဖို့ ကျနော်က ဘရွတ်ကင်းလမ်းက ကျနော့အမ၀မ်းကွဲအိမ်မှာ စီစဉ်ထားပါတယ်။ ကျနော့်အဖေလည်း အဲသည့် အမအိမ်မှာရှိနေခဲ့ပါတယ်။ ကျနော်က ကိုမင်းကိုနိုင်နှင့်အတူလာမယ်ဆိုတာဟာ ဟုတ်ရဲ့လားလို့ဆိုပြီး လာကြည့်တာပေါ့။ အား လုံးက ကလေးပီပီကြွားနေတာလို့ ထင်တာပေါ့။ ကိုပေါ်၊ ကိုသူရိန်၊ ကိုတင်ဌေး၊ မစပယ်တို့နဲ့အတူ ကျနော်ပါ အိမ်ပေါ်တက်လာတာ တွေ့ လိုက်ရတော့ ကျနော့်အဖေနှင့် အမ၀မ်းကွဲတွေ ပါးစပ်တွေဟပြီး အံ့သြသွားကြပါတယ်။ သည့်နောက်တော့အဖေဟာ ကျနော်ကိုအရမ်းကို စိတ်ချသွားပါတယ်။ ထမင်းစားပြီးတော့ အဖေနှင့်ကိုပေါ်တို့ ခဏစကားပြောကြပါတယ်။ အဖေဟာ ကျနော့်ကို ကိုပေါ့်ထံအပ်လိုက်ပြီး သူ့ တသက်တာမှာ ကျနော့်အတွက် စိတ်ချယုံကြည်ပြီး အားပေးထောက်ခံခဲ့တာ အဖေဆုံးတဲ့အချိန်အထိပါပဲ။။ အဖေဟာ ကျနော့်ကို အထင် ကြီးပြီးဂုဏ်ယူကြောင်းကို သူမိတ်ဆွေတွေကိုပြောပြတယ်လို့လည်း ကျနော်ပြန်ကြားရတော့ အလွန်ပင်ဝမ်းသာရပါတယ်။

အဲဒီအချိန်တွေနောက်ပိုင်း ကျနော်ချစ်ခင်အားကိုးတဲ့ ကျနော်တို့ခေါင်းဆောင် ကိုပေါ် (ကိုမင်းကိုနိုင်) ကို ကျနော်မတွေ့ရတော့ပါဘူး။ ကို ပေါ်ဟာ ကျနော့်အတွက်သူရဲကောင်းပါပဲ။ ကိုမင်းကိုနိုင်ဟာ ကျနော်တို့ ကျောင်းသားတွေရဲ့ခေါင်းဆောင်ကောင်းတယောက်ပါ။ ကျနော် အခုလို လေ့လာသင်ယူမှုတွေရှိပြီးနောက်ပိုင်းမှာ ကိုပေါ့်ကို မေးချင်တဲ့မေးခွန်းတွေ၊ ဆွေးနွေးချင်တာတွေ အများကြီးရှိနေပါတယ်။ ကျနော် ဒီတသက် သူနှင့်ပြန်ဆုံမယ်လို့ မျှော်လင့်နေပါတယ်။

ကိုမင်းကိုနိုင် အသက်ကျော်ရာကျော် ရှည်ပါစေ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

Related posts

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:Uncategorized

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ

By

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၄၊ ၂၀၁၈ မိုးမခစာပေက ထုတ်ဝေပြီး...

Read more »

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ

By

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ (မိုးမခစာအုပ်စင်) အောက်တိုဘာ ၁၈၊ ၂၀၁၈...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ (မိုးမခ) အောက်တိုဘာ ၁၂၊ ၂၀၁၈ မိုးမခစာပေက...

Read more »

မိုးမခမဂ္ဂဇင်း စက်တင်ဘာ ၂၀၁၈ နဲ့ ကာတွန်းရေစီးကြောင်း

By

  မိုးမခမဂ္ဂဇင်း စက်တင်ဘာ ၂၀၁၈ နဲ့ ကာတွန်းရေစီးကြောင်း ထွက်တော့မယ် (မိုးမခ) စက်တင်ဘာ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments