>Maung Thaw Ka – Articles

January 10, 2012

>

ယမကာညနေခင်းည (၇)
မောင်သော်က
ဇန်န၀ါရီ ၁၀၊ ၂၀၁၂


လွန်ခဲ့သည် ဧပြီလက မောင်သော်က အသက် ၆၀ ပြည့်ခဲ့ပြီးဖြစ်သည်။ အသက် ၆၀ ပြည့်သည်တွင် မောင်သော်ကသည် အလှူကြီး တခုပြုလုပ်ရန် ရည်စူးထားသည်။ အလှူမှာ အရက်ကိုလှူခြင်းပေတည်း။ ဤသို့လျှင် အံ့ဖွယ်သူရဲ ထူးကဲသောအလှူကြီးကိုပြုရန် ရည်သန် ထားစဉ်တွင် အလှူကို အထမမြောက်စေရန်အတွက် စေတန်မာရ်နတ်က စေလွှတ်လိုက်လေသည်လားမသိ။ ကျွန်ုပ်၏ သောက်ဖော် ပင်စင်နာကြီးနှင့် အယ်ဒီတာကြီးတို့သည် ယမကာပုလင်းကိုပိုက်လျက် ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာလေတော့သည်။

သော်။ ။ လာကြပြီ၊ စေတန်မာရ်နတ်တွေ။ ခင်ဗျားတို့ သိကြားမင်းနဲ့အတူ တာဝတိံသာ ပြန်မသွားကြဘူးလား။ သူများမှာ အရက်ဖြတ်တော့ မယ်လို့ စိတ်ကူးကြံစည်ထားကာမှ အဖျက်အဆီးရောက်လာပြန်တယ်။
ပင်။ ။အံမယ် ကြီးကြီးကျယ်ကျယ် ခင်ဗျားက သည်အသက်အရွယ်ရောက်ကာမှ အရက်ကို သစ္စာဖောက်မယ်ကြံတာပေါ့လေ။ ဟုတ်လား။

အယ်။ ။ အရက်ကိုပစ်ခွာပြီး အသစ်ရှာမယ်လို့ စိတ်ကူးတာလား။ ဒီလောက် ချစ်စရာကောင်းတဲ့ယမကာကို ဘာကြောင့်များ ကွာရှင်းချင်ရတာ လဲဗျာ။ သူသာမရှိရင် လူ့ပြည်မှာ ကျုပ်တို့ ဘယ်ပုံနေရမှာလဲဆိုတာ စဉ်းစားကြည့်ပါဦး ကိုယ်တော်ကြီးရယ်။
သော်။ ။ ဟုတ်ပါတယ်။ ကျုပ်ကလည်း ယမကာကိုချစ်ပါတယ်။ ယမကာ ဆားဗစ်စ်နှစ်ပေါင်း ၄၀ မှာ မသောက်ဖူးတဲ့အရက်လည်း မရှိတော့ ပါဘူး။ သောက်ရတာလည်း ဝပါပြီ။ ပျင်းလည်းလာပြီ၊ ကျေနပ်လောက်ပါပြီဗျာ။ ဒါပေမဲ့ ဒီကိစ္စမှာ ကျုပ်က ယမကာကိုပစ်ခွာတာ မဟုတ် ပါဘူး။ ယမကာက ကျုပ်ကိုဖြတ်စာပေးသွားတာ ဖြစ်ပါတယ်။ ကျုပ်က သူ့ကိုချစ်မဲ့သူက ကြာလေ ကြာလေ အနေမြင့်တဲ့ဘဝ ရောက်သွား ပြီဗျ။ ကျုပ်လက်လှမ်းမမီနိုင်တဲ့ဘဝရောက်သွားပြီဗျ။ မန္တလေးရမ်ရဲ့ဈေးက တစ်ပုလင်းကို ၁၅၀၊ အာမီရမ်က ၁၀၀ ဆိုတော့ ဟင်း… ချစ် လျက်နဲ့ ဝေးနေရတာပေါ့ဗျာ။

ပင်။ ။ အို ဒါများပူစရာလိုက်လို့ဗျာ။ ကော်နီရှိသားပဲ၊ ကော်နီနဲ့ပျော်သည် ပျော်သည် တို့ပျော်သည် ပေါ့ဗျာ။
အယ်။ ။ ခင်ဗျားဟာ မဟုတ်သေးပါဘူး။ ချက်အရက်ကို ငယ်ချစ်၊ ဒါမှမဟုတ် ချက်ကြီးလို့ပဲခေါ်ပါ။ မြတ်လေးက ဆိုတယ်မလား .. ဘာတဲ့… ခေတ်ကြီးနဲ့ဖက်ပြီး မပျက်စီးဘူးကွယ်… ပစ္စည်းမဲ့ချက်ကြီး ချက်ကြီးမူးတယ် …ဆိုတာ မကြားဖူးဘူးလား။ ချက်ကြီးသာလျှင် ကျုပ်တို့ ပစ္စည်းမဲ့လူတန်းစာရဲ့ အားထားရာအစစ်ဖြစ်ပါတယ်။

သော်။ ။ မလုပ်ပါနဲ့ဗျာ။ ကျုပ်က ချက်ကြီးနဲ့ ဘယ်တုန်းကမှမရင်းနှီးခဲ့တော့ အသက်ကြီးမှ မပျက်စီးပါရစေနဲ့။ ဒါကြောင့် အရက်ကို ဖြတ်တော့ မယ် စိတ်ကူးထားတာ။ ခင်ဗျားတို့ မတားကြပါနဲ့တော့။
ပင်။ ။ ဘာလဲ ခင်ဗျားက အရက်ကိုစိတ်နာလို့လား။

သော်။ ။ စိတ်မနာပါဘူးဗျာ။ ဒါပေမဲ့ ဂုဏ်သရေရှိစွာနဲ့ မသောက်နိုင်တော့လို့ စွန့်ခွာတာပါ။ ဂုဏ်သရေရှိစွာနဲ့ သောက်နိုင်သေးတဲ့ လူများ တော့ ဆက်သောက်နိုင်ကြပါစေ။ သေတပန်း သက်တဆုံး သောက်နိုင်ကြပါစေ။ ရိုးမြေကျ ပေါင်းသင်းနိုင်ကြပါစေလို့ ဆုတောင်းပါတယ်။
အယ်။ ။ ပေးတဲ့ဆုနဲ့ ပြည့်ပါစေဗျာ။ နေပါဦးဗျာ။ ခင်ဗျားက ဘယ်လိုဂုဏ်သရေရှိရှိနဲ့များ သောက်ချင်ရတာလဲ။ အရက်ပဲဗျာ။ သောက်ရပြီးရော မဟုတ်လား။

သော်။ ။ ခင်ဗျားတို့ အဲဒါ ခက်တာပဲဗျာ။ အရက်သောက်တယ်ဆိုတာ ဂုဏ်သရေမရှိတဲ့အလုပ်၊ ကျက်သရေမရှိတဲ့ အလုပ်မဟုတ်လား။ မသောက်ကြသူတိုင်း၊ ဘာသာရေးသမားတိုင်းက အထင်သေးတဲ့အလုပ်မဟုတ်လား။ အဲဒီအလုပ်ကိုစကတည်းက ဂုဏ်သရေရှိရှိ စထားမှ တော်ကာကျတယ်။ ဒူးလောက်တင်မှ ရင်လောက်ကျဆိုသလိုပေါ့။ ခင်ဗျားတို့ ခုခေတ်မှာသောက်နေကြသေးတဲ့ လူတွေဟာ အန်ကျက် သရေဝစ်သောက် သောက်ရှက် (Un ကျက်သရေ Without သောက်ရှက်) လူတွေသာ များပါတယ်။ ကျုပ် အဲဒီအထဲ မပါချင်တော့ဘူးဗျာ။ ကျွန်တော်တစ်ယောက်အနေနဲ့ကတော့ သက်ဆိုင်ရာလူကြီးများက ကြည့်ရှုမစကြလို့ အခွင့်ထူးခံလူတန်းစားအနေနဲ့ ပုံမှန်လိုရပါတယ်။ ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ ဒီအခွင့်အရေးကိုလည်း တဖြည်းဖြည်းနဲ့ ကျွန်တော်မနှစ်မြို့တော့ဘူး။ မလိုချင်တော့ဘူး။ ဆက် မယူချင် တော့ဘူးဗျာ။
အယ်။ ။ လင်းစမ်းပါဦး ဆရာကြီးရဲ့။ ကျွန်တော်တို့က ဂုဏ်သရေရှိရှိနဲ့သောက်တဲ့ခေတ်ကို ဝိုးတဝါးပဲ မီလိုက်သူတွေမို့ပါ။

သော်။ ။ ခင်ဗျားတို့ ကျွန်တော်တို့က “မင်တိုမစ်ရှင်”နဲ့ “ဆဗွိုင်း”တို့ကိုတော့ မီလိုက်တဲ့သူတွေ မဟုတ်ပါဘူး။ ဒါပေမဲ့ “ဘုံဘေဟော်တယ်”တို့ “ဂရင်းဟော်တယ်”တို့ “ဆန်းရှိုင်း”တို့ “ဆန်းကဖီး”တို့ကို မီလိုက်တဲ့သူတွေပါ။ နေရာထိုင်ခင်း၊ လက်သုတ်ပဝါ၊ ဖန်ခွက်၊ ပန်းကန်ပြား၊ ဇွန်း၊ ခက်ရင်းကအစ အကောင်းစားတွေ သန့်သန့်ပြန့်ပြန့် ဖွေးဖွေးစင်စင်နဲ့ စိတ်ချမ်းသာ လက်ချမ်းသာ နားအေးပါးအေး အပန်းဖြေရင်း သောက်ခဲ့ကြရပါသေးတယ်။
ပင်။ ။ ခင်ဗျားပြောမှ လွမ်းတောင်လာပြီဗျာ။

သော်။ ။ လွမ်းစရာပြောနေတာ မဟုတ်ပါဘူး။ လူတွေအဆင့်အတန်း နိမ့်လာတာနဲ့ တဖြည်းဖြည်း အောက်တန်းကျလာတာဟာ အရက်ဆိုင် တွေမှာ အသိသာဆုံးပြနေပါတယ်။ ဘာအဆင့်အတန်း ဘာကလပ်စ်မှ မရှိတော့ဘူးဗျ။ သောက်ချင်တဲ့ သောက်ကလပ်စ်ပဲရှိတော့တယ်။
ပင်။ ။ ခင်ဗျားကလည်း နှိမ်စရာမရှိ အသောက်သမားအချင်းချင်း နှိမ်လိုက်တာဗျာ။

သော်။ ။ နှိမ်တာ မဟုတ်ဘူးဗျ။ ကျုပ်တို့ရဲ့အဖြစ်မှန် လက်ရှိရန်တည်ချက်ကိုပြောတာ။ ဟိုတုန်းက ဘွိုင်ကုလားများခေါ်လိုက်ရင် သပ်သပ် ရပ်ရပ်နဲ့ ရိုရိုသေသေဗျ။ ဖန်ခွက်လာချရင်လည်း အကောင်းစား ရှက်ဒလီဂလတ်စ် (Shedle Glass) တွေကို လက်ရာမထင်စေဘဲ ပြောင် လက်အောင်ပွတ်တိုက်ပြီးမှ လင်ပန်းပေါ်မှာ လက်သုတ်ပဝါခင်းပြီးမှ သယ်မယူလာတာဗျ။ အခုတော့ အရောင်မထွက်တဲ့ ဖားဖန်ခွက်ကို လက်သည်း ရှည်ရှည်ကြီး တွေ၊ လက်တွေ အကွက်အကွက်နဲ့ သူငယ်က လေးငါးခွက် သူ့လက်နဲ့ ပြွတ်ကိုင် ယူလာ ပြီး ဆောင့်ကြီးအောင့်ကြီးနဲ့ လာချတာဗျ။ ဒါတောင် ဖန်ခွက်မလောက်လို့ စောင့်ရတာတို့ ဖန်ခွက် ပိုက်ဆံပေးငှားတာတို့က ရှိသေးတယ်။
အယ်။ ။ သပ်သပ်ရပ်ရပ် လိပ်ပြာတောင် နတ်ကတိုင်စားပွဲထိုးတဲ့ဆိုင်တွေလည်း ရှိပါသေးတယ်။

သော်။ ။ ရှိပါတယ်။ အင်း… ပြောပြန်ရင်လည်း အောင်မင်းလွန်ရာကျတော့မှာပဲ။ အဲဒီဆိုင်တွေက အရက်ရောင်းပုံက ရောင်းချခြင်း (Sale) မဟုတ်။ စားသုံးသူကို အတင်းလည်ပင်းညှစ်ပြီး အိတ်ထဲပါလာတဲ့ငွေကို လုမယူရုံတမယ် နှိုက်ထုတ် အိတ်တော့ရှင်း (Extortion) စံနစ်နဲ့ ရောင်းချတာပဲ။
အယ်။ ။ ဘာပြုလို့လဲဗျာ။ ခင်ဗျားဟာက ရင့်လှချည်လား။ ခင်ဗျားပြောပုံကဖြင့် နေ့ခင်ကြောင်တောင် ဓားပြတိုက်တဲ့ Day Light Robbery ကျနေတာပဲ။ စားသုံးသူဟာ…

သော်။ ။ အလျင် ကျွန်တော်ရေးခဲ့ပါကကော။ လင်ပန်းစနစ်ဆိုတာ အရက်နှစ်ခွက်သောက်ရင် အမြည်းပါထည့်မှာရတယ်။ ခင်ဗျား စားချင် စား၊ မစားချင်လို့ မမှာဘဲတော့ မနေရဘူး။ ဇွတ်အတင်းပဲ အမှာခိုင်းတယ်။ အမြည်းက အနည်းဆုံး ငါးကျပ်လောက်ကျမယ်။ ကြက် ပေါင် ကြော်တစ်ခုဆို ၂၀ိ ပေးရမယ်။ နောက်ထပ်နှစ်ခွက်လိုချင်ရင် နောက်ထပ်အမြည်းနဲ့ တွဲမှာမှရမယ်။ စိတ်မချမ်းသာရတဲ့အထဲ နားကလည်း မချမ်းသာဘူးဗျ။
ပင်။ ။ နားက ဘယ်လို မချမ်းသာတာလဲ။ အရက်သမားတွေ မူးကြဆူကြလို့လား။

သော်။ ။ မူးကြ ဆူကြတာမှ တော်သေးတာပေါ့ဗျာ။ အရက်ဝိုင်းပဲ၊ ဓမ္မာရုံမှ မဟုတ်ဘဲ။ မူးကြဆူကြတဲ့လူလည်း ရှိပေမပေါ့။ ဒါထက်ဆိုးတာက ဘယ်သူမှနားမထောင်ဘဲနဲ့ မြန်မာတူရိယာတီးဝိုင်းကြီးကို အရက်ဆိုင်တွင်းမှာ အတီးခိုင်းခြင်းပါပဲ။
အယ်။ ။ ခြောက်လုံးပတ်နဲ့ ပတ်မကြီးနဲ့ ဝါးပတ္တလားနဲ့ နှဲနဲ့၊ ကြေးနောင်နဲ့၊ မြိုင်မြိုင်ဆိုင်ဆိုင်ပဲလား။

သော်။ ။ ဟုတ်ပါ့ဗျာ။ မြန်မာဂီတဝိုင်းကိုလည်း နှိမ့်ချစော်ကားရာရောက်တယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့က တပင်တပန်းတီးနေကြတာကို ဘယ်သူမှ လေးလေးစားစား နားမထောင်ကြဘဲကိုး။ နောက်ပြီ စိတ်အေးလက်အေး၊ နားအေးပါးအေး အပန်းဖြေသောက်သုံးလိုသူ တွေ လည်း နှောင့်ယှက်ရာကျတယ်။
ပင်။ ။ အေးဗျာ၊ အသံချဲ့စက်နဲ့ ကက်ဆက်လောက်နဲ့ဆို တော်ရောပေါ့။

သော်။ ။သူတို့အတွေးအခေါ်က မြန်မာတီးဝိုင်းသမားတွေ ထမင်းငတ်နေပြီ။ ဒါကြောင့် အရက်ဆိုင်မှာ ဟိုကဒီက လက်ပစ်ကြေးကလေးစီပြီး ဝမ်းစိုပါစေလို့ စေတနာထားဟန်တူပါသဗျ။ ကျုပ်ကတော့ လက်ပစ်ကြေးယူပြီး နဂါးနီသီချင်းချည်းတီးနေတာ ကြားရတာပါပဲ။ သိပ်ကို ခွက် ဆန်တာပါပဲ။
အယ်။ ။ ဟုတ်တယ်ဗျာ။ ကျွန်တော်လည်း လက်ဖက်ရည်ဆိုင်တွေမှာ ကက်ဆက်ဖွင့်တာကို စိတ်တို နေတာကြာပြီ။ ဘယ်အေးအေးဆေးဆေး စကားပြောဆွေးနွေးစရာရှိလို့ လက်ဖက်ရည်သွားသောက်ပါတယ်။ တစ်ယောက်နဲ့တစ်ယောက် အော်ကြီးဟစ်ကျယ်နဲ့ မျက်နှာချင်းဆိုင် ပြောတာတောင် မကြားရလောက် ကက်ဆက်ကို အင်ပလီဖိုင်ယာနဲ့ ဆောင်းဘောက် (Sound box) ကြီးနဲ့ နှံနေတော့ မနည်းသည်းခံပြီး ထပြန်လာရတယ်။

သော်။ ။ ကျုပ်ကတော့ လက်ဖက်ရည် ဘယ်လောက်ကောင်းတယ်ဆိုစေတော့ ကက်ဆက်ဖွင့်တဲ့ဆိုင်ခန်း သောက်ကို မသောက်ဘူးဗျာ။ အနောက်နိုင်ငံများမှာ (The customers deserve the right not to be entertained) “အဖျော်ဖြေ မခံလိုလျှင် မခံရန်အတွက် စားသုံးသူ တွင် အခွင့်အရေးရှိသည်”လို့ ဆိုထားတယ်။
ပင်။ ။ ဒါဖြင့် နားထောင်ချင်တဲ့လူတွေ၊ အထူးသဖြင့် လူငယ်တွေကရှိသေးတာပဲဗျ။ သူတို့က နားထောင်ချင်တော့ ဘယ်လိုလုပ်မလဲ။

သော်။ ။ သူတို့နားထောင်ချင်သပဆိုရင် အများပြည်သူဆိုင်မှာ နားထောင်စရာမလိုပါဘူး။ သူတို့အိမ်မှာ သူတို့နားထောင်ပစေပေါ့။ နားကျပ် နဲ့ နားထောင်ဗျာ။ သူတို့ခံနိုင်ရန် သူတို့နားကွဲရုံမကလို့ ဖင်ပါကွဲအောင် သူတို့အိမ်မှာ နားထောင်။ သူ့အခွင့်အရေး အပြည့်ရှိပါတယ်။ အများ ပြည်သူကိုတော့ အသံဆူညံစေခြင်းဖြင့် အနှောင့်အယှက်မပြုသင့်ဘူး။
ပင်။ ။ ခင်ဗျားက ဂီတကိုမကြိုက်လို့ ဖြစ်ပါလိမ့်မယ်။

သော်။ ။ ကြိုက်ပြီလားဗျာ။ သိပ်ကြိုက်တာပေါ့။ မြန်မာသီချင်းကြီးကအစ ကာလပေါ်စတီရီယိုတေး အချို့ကိုပါ ကြိုက်ပါတယ်။ အနောက် တိုင်း တေးဂီတဆိုရင် ချိုက်ကော့စကီး၊ လစ်ဟိုပန်း၊ ဘေတိုဗင်ကအစ မော်ဒန်ပေါ့ပ်မြူးဇစ်အထိ ကြိုက်တာတွေလည်း ရှိပါတယ်။ ကျုပ်အိမ် မှာ ကျုပ်ကြိုက်သလို နားထောင်တယ်။ အများပြည်သူတွေ ထိုင်တဲ့ဆိုင် ဘုံဆိုင်ဆိုတာ တေးဂီတကို ငြိမ့်ငြိမ်းညောင်းညောင်းနဲ့ မသိစိတ် (Sub conscious mind) မှာ ထင်သာကြားသာရုံမျှလောက် ညင်ညင်သာသာ တိုးတိုးကလေးဖွင့်ပေးထားရင် သိပ်ကောင်းတာပေါ့။ မြူး ဇစ်က နောက်ခံတေးအဖြစ် ဘက်ဂရောင်းလောက်ပဲ ရှိနေရတယ်။ ခုတော နားပင်း၊ နားထိုင်း၊ နားကန်းတွေက နတ်ကနားပေးသလို တီး ပေးမှကြိုက်ကြတယ်။ မယဉ်ကျေးတဲ့ လူရိုင်းတွေရဲ့ ဗီဇမပျောက်သေးတဲ့သဘောပါ။
အယ်။ ။ အဲဒါ အလျင်တုန်းက ကုလားလက်ဖက်ရည်ဆိုင်တွေရဲ့ အကျင့်ဆိုးပါလာတာနဲ့တူတယ်ဗျ။ ကုလားလက်ဖက်ရည်ဆိုင်လည်း ဆူညံနေတာပဲ။ ဘာကိုအော်မှာလို့မှ ဘယ်သူကမှ လာမချဘူး။ သူတို့ဘာသာ ဆူညံနေကြတာပဲဗျ။ ညစ်ပတ်တာလည်း အဲဒီက ကူးစက် လာတာလို့ ထင်တာပဲ။ လူမျိုးတစ်မျိုးဆီက ကောင်းတဲ့အကျင့်ကိုတော့မယူကြဘဲနဲ့ မကောင်းတဲ့အကျင့်ကို အမိအရယူနိုင်တဲ့နေရာမှာ ကျွန်တော်တို့မြန်မာတွေတော့ စံနမူနာပါပဲ။

သော်။ ။ ဟုတ်တယ်လေ၊ အရက်သောက်တဲ့နေရာမှာလည်း ဒီအတိုင်းပဲဗျ။ အင်္ဂလိပ်တွေက စည်းနဲ့ကမ်းနဲ့ အရက်သောက်တယ်။ အလုပ် လုပ်တဲ့နေရာမှာလည်း မခိုမကပ် အလုပ်လုပ်တယ်။ အဲဒီမှာ ကျွန်တော်တို့ ကိုယ်ရွှေမြန်မာများက အလုပ်လုပ်တာတော့ အတုမခိုးဘဲနဲ့ အရက်သောက်တာကြတော့ လွန်လွန်ကဲကဲ အတုခိုးကြတယ်။ လက်ဖက်ရည်ဆိုင်ဆူညံနေမှကြိုက်တာကတော့ ခင်ဗျားပြောသလို ကုလားဆီကရတဲ့ အကျင့်ဆိုးနဲ့တူပါတယ်။
လက်ဖက်ရည်ဆိုင်မှာ ကက်ဆက်ခွေအလုအယက်ဖွင့်တာ အသေးအမွှားကိစ္စမဟုတ်ဘူးနော်။ စန္ဒာဝင်းလက်ဖက်ရည်ဆိုင်က စတဲ့မီးဖွား ဟာ အတော်တောက်လောင်ကျယ်ပြန့်သွားတာကိုသာကြည့်တော့။ ဒါကြောင့် လက်ဖက်ရည်ရောင်းပါ။ ကက်ဆက်သံနှင့် လူငယ်တွေကို မြူဆွယ်၊ ရပ်ကွက်ကို အပူမီးတိုက်တဲ့ လက်ဖက်ရည်ဆိုင်မျိုးမဖြစ်ဖို့ သက်ဆိုင်ရာက တားမြစ်သင့်တယ်။
ပင်။ ။ ခင်ဗျား အကဲဖြတ်ချက်အရ အရက်ဆိုင်တွေဟာ လူတွေ တဖြည်းဖြည်း အဆင့်အတန်းနိမ့်ကျသွားတာကို ဖော်ပြနေတယ်ဆိုရင် ဒီကနေ့ မှိုလိုပေါက်နေတဲ့ လက်ဖက်ရည်ဆိုင်တွေက ဘာကိုဖော်ပြနေသလဲ။

သော်။ ။ လူတွေ စူးစိုက်စိတ်ဝင်စားစရာမရှိတာ။ လူတွေ စိတ်လေလွင့်နေတာ၊ လူတွေ အကြံအဖန်လုပ်ပြီး ဖြတ်လမ်းလိုက်နေကြတာကို ဖော်ပြနေတယ်။ လက်ဖက်ရည်ဆိုင်မှာ မေ့နေအောင်ထိုင်တဲ့လူတွေဟာ အလုပ်မရှိတဲ့လူ၊ စိတ်လေလွင့်တဲ့လူနဲ့ အပေါက်ကောင်းချောင်း နေတဲ့လူ ဖြတ်လမ်းသမားတွေသာများတယ်။ လက်ဖက်ရည်ဆိုင်တွေများလာ အလုပ်လက်မဲ့ဦးရေ ပေါလေဆိုတာ သတ်မှတ်နိုင်တယ်။
အယ်။ ။ အဲဒါတော့ ခင်ဗျားရဲ့သီဝရီမှားပြီထင်တယ်။ ကျွန်တော် ဂျပန်ပြည်ရောက်ခဲ့တယ်။ ပေါလိုက်တဲ့ တီးဟောက်စ်တွေ၊ များလိုက်တဲ့ ဘားတွေ၊ သောက်သောက်လဲ နိုက်ကလပ်တွေ၊ ကဲ… ဒါတော့ ခင်ဗျား ဘယ်လိုပြောမလဲ။ စီးပွားရေးမကောင်းလို့လား။

သော်။ ။ ခင်ဗျားပြောတာမှန်တယ်။ အဲဒါ (Inverse ratio) အချိုးကျ ပြောင်းပြန်ဖြစ်ခြင်းလက္ခဏာလို့ခေါ်တယ်။ စီးပွားရေးကောင်းလွန်းပြန်တဲ့အခါမျိုးမှာလည်း ငွေတွေပိုလျှံနေလို့၊ အချိန်တွေပိုလျှံနေလို့ အပျော်အပါးအနေနဲ့ ဒီလက္ခဏာမျိုးတွေ ထပ်ပေါ်နိုင်ပါတယ်။ ကျွန်တော်တို့ ဆီမှာလည်း ငွေတွေ ပိုလျှံနေလို့မဟုတ်တောင် အချိန်တွေပိုလျှံနေလို့ဖြစ်မှာပါ။
ပင်။ ။ အင်း… ခင်ဗျားပြောတာ ဖြစ်နိုင်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ ခေတ်မီတိုးတက်တဲ့ နိုင်ငံများမှာ အရှားပါးဆုံးသောပစ္စည်းဟာ “အချိန်” ပဲဗျ။ သူတို့ဆီမှာ အချိန်ကိုလု အလုပ် လုပ်နေရတယ်။ အပြိုင်အဆိုင် အလုပ်လုပ်နေရတယ်။ ဒီ့ပြင်ဟာတွေ အားလုံးရှိပေမဲ့ “အချိန်” က မရှိဘူးဗျ။

သော်။ ။ ဒါဖြင့် ကျွန်တော်က မြန်မာပြည်ကိုချစ်တာပေါ့။ ကမ္ဘာမှာ အရှားပါးဆုံးပစ္စည်းဖြစ်တဲ့ “အချိန်” ဆိုတာ ကျွန်တော်တို့မှာ အပေါဆုံးဖြစ် နေတယ်။ ဘယ်လောက်ဂုဏ်ယူစရာကောင်းသလဲ။ ဘယ်လောက်ချစ်စရာကောင်းတဲ့တိုင်းပြည်လဲ။ ဒါနဲ့များတောင် ကိုယ့်တိုင်းပြည်မှာ ကိုယ်မနေကြဘဲ နိုင်ငံခြားထွက် အလုပ်လုပ်တဲ့လူတွေကို သိပ်အံ့သြမိတယ်။ ဟိုမှာ အပြေးအလွှား အမောတကောလုပ်နိုင်မှ လူတန်းစေ့ နေရ၊ ထိုင်ရ၊ စားရတာ၊ ကျုပ်တို့ဆီမှာ ဘယ်လှည့် ညာလှည့်နဲ့ ဖြီးဖြန်းပြီး လက်ကျောတင်းအောင်မလုပ်ဘဲနဲ့ စားနိုင်သောက်နိုင်ရှိကြတယ်။ အနည်းဆုံးခေတ်ကြီးနဲ့ မပျက်စီးတဲ့ ပစ္စည်းမဲ့ချက်ကြီးတို့ တွယ်နိုင်ကြသေးတယ်။
အယ်။ ။ဟုတ်ပေါ့ဗျာ၊ ကောင်းသမှ သိပ်ကောင်း။ ဒါနဲ့ နိုင်ငံခြားတိုင်းပြည်များမှာ အပြေးအလွှားရှာဖွေရ၊ အချိန်လုပြီး အလုအယက်လုပ်ကြရလို့ နှလုံးရောဂါနဲ့သေတဲ့လူတွေက ရာခိုင်နှုန်းသိပ်များတယ်ဆို။

သော်။ ။ ဟုတ်တယ်။ သိပ်ကိုများတယ်။ (Rat Race) လို့ခေါ်တာပေါ့ဗျာ။ မြန်မာလိုကတော့ ကြက်ယက်သလို အလုအယက် ရှာစားနေရတာမို့ နှလုံးရောဂါနဲ့သေတာများတာပေါ့။
ပင်။ ။ ဒီလိုဆို ကျွန်တော်တို့ဆီမှာတော့ နှလုံးရောဂါနဲ့ သိပ်အသေအပျောက်မများနိုင်ဘူးပေါ့နော်။

သော်။ ။ ဟုတ်တယ် နှလုံးရောဂါနဲ့မသေနိုင်ပေမဲ့ သုံးလုံးရောဂါနဲ့တော့ သေနိုင်သေးတယ်။
အယ်။ ။ ဗျာ သုံးလုံးရောဂါ၊ ဘယ်လိုရောဂါလဲဗျ။

သော်။ ။ ချဲလေဗျာ၊ ချဲထီဂဏန်း သုံးလုံးပေါ့။ အလုပ်မရှိ အကြံအစည်မရှိတော့ ချဲထီဖိထိုးပြီး ချဲမပေါက်တာနဲ့ မွဲပြီး ဂဏန်းသုံးလုံးရောဂါနဲ့ သေမှာကတော့ သေချာပေါက်ပဲဗျို့။
ပင်။ ။ ခင်ဗျားက သူများကျတော့ သုံးလုံးရောဂါနဲ့ သေမလေး ဘာလေးနဲ့။ ခင်ဗျားကျတော့ လေးလုံးရောဂါနဲ့ သေမယ်ထင်တယ်။

သော်။ ။ ဘယ်လိုလေးလုံးရောဂါလဲဗျ။
ပင်။ ။ ခင်ဗျားပဲ ပြောတယ်မဟုတ်လား။ တစ်ပတ်ကို ရမ်တစ်လုံးကျနဲ့ တစ်လမှ ရမ်လေးလုံး၊ အဲ- ဒီရမ်လေးလုံးကိုပဲ အလျင်မီအောင် မရနိုင် လို့ ခင်ဗျားလည်း လေးလုံးရောဂါနဲ့ ကြွလိမ့်မယ်လို့ ကျုပ်ထင်တယ်။

သော်။ ။ အဲဒါကြောင့် ပြောတာပေါ့။ လေးလုံးရောဂါနဲ့ မကြွချင်လို့ အချိန်မီအရက်ဖြတ်တော့မယ်ပြောတာ။ ခင်ဗျားတို့လာပြီး မာရ်နတ်လုပ် တာနဲ့ မအောင်မြင်သေးတာ။ နောက်ကို ခင်ဗျားတို့လာတာ မြင်ရင်တော့ “အို အချင်းစေတန်၊ နောက်သို့ဆုတ်လော့၊ ငါ့နောက်သို့ မလိုက် လေနှင့်”လို့ ပြောရမှာပဲထင်တယ်။
ပင်။ ။ ခင်ဗျား တကယ်အရက်ဖြတ်တော့မှာလား။

သော်။ ။ခင်ဗျား ယုံသလား။ အသက် ၆၀ အထိ ယမကာကို တတ်နိုင်သမျှ ဘေးကင်းစွာ၊ အသက်ရှည်စွာသောက်သုံးလာတဲ့ လူတစ်ယောက် ဒီလောက်လွယ်လွယ်နဲ့ ဖြတ်လို့ရပါ့မလား။ ကျွန်တော် သောက်ချင်စိတ်ကုန်တာက သောက်ရတာကျက်သရေမဲ့လွန်းလို့သာ ပြောရတာ ပေါ့။ ကျွန်တော့်ဆရာသမား အသက် ၈၀ ကျော် ယမကာဆရာ ဇရာအိုကြီးက ဆိုမိန့်ဖူးတယ်။
ပင်။ ။ ဘယ်လိုများပါတဲ့လဲ။

သော်။ ။ ဟိုတစ်လောဆီက သူနဲ့တွေ့တော့ မေးတယ်။ ဟေ့ ဗိုလ်သော် မောင်ရင်အရက်သောက် တုန်းပဲလားတဲ့။ ကျွန်တော်သောက်တယ်လို့ ပြောလိုက်တော့၊ သူက ဘယ်လောက်သောက်သလဲတဲ့။
ပင်။ ။ သူကလည်း စနစ်တကျ ပက်ချိန်သမားလား။

သော်။ ။ စနစ်တကျ ဘယ်ကမလဲ။ အရက်ပါရမီရှင်လို့ ခေါ်လောက်တယ်။ အသက်ရှစ်ဆယ်ထိသောက်ရတာသာကြည့်တော့။ အဲ-ကျွန် တော်က တစ်နေ့ကို နှစ်ပက်၊ တစ်ပက်မှာ ငါးရက်သောက်တယ်လို့ ပြောလိုက်တယ်။
အယ်။ ။အဲဒီတော့ သူကဘာပြောသလဲ။

သော်။ ။အေး ကောင်းတယ်။ မင်း ယောင်လို့မှားလို့များ သူတစ်ပါးစကား နားယောင်ပြီး သွားမဖြတ်လိုက်နဲ့နော်။ ဟိုရောဂါ ဒီရောဂါတွေဝင်ပြီး ဆရာဝန်ဆီ အလီလီသွားနေရတာနဲ့ ဆေးဖိုးနဲ့ မွဲလိမ့်မယ်၊ ဆေးတွေက အရက်ထက်ပိုပြီး ဈေးကြီးသေးတယ်။ မောင်ရင်ရဲ့တဲ့။
ပင်။ ။ ဟုတ်ပေါ့ဗျာ။ ဆေးဈေးကြီးတာဖြင့် မပြောပါနဲ့တော့။

သော်။ ။ မင်း အသက် ၆၀ မှာ နေ့စဉ် နှစ်ပက်သောက်။ အရက်ကောင်းကောင်းကိုပဲသောက်။ ချက်ကြီးကို မကိုင်လေနဲ့။ အသက် ၇၀ မှာ နေ့စဉ် တစ်ပက်ပဲသောက်၊ ငါ့လို အသက် ၈၀ ရောက်တော့ ပက်ချိန် တစ်ဝက် (Half Peg) ပဲသောက်။ အေး အသက် ၉၀ ပိုင်းရောက်လာ ရင်တော့…
အယ်။ ။ဖြတ်လိုက်တော့တဲ့လား။

သော်။ ။ ဘယ်က ဖြတ်ရမှာလဲ။ အသက် ၉၀ ကျော်မှတော့ မထူးတော့ဘူးကွာ တစ်နေ့တစ်လုံးပဲ သောက်တော့။ ဘယ် အသက် ၉၀ ကျော် လို့ ဘာရောဂါနဲ့မှ မသေတဲ့အတူတော့ သောက်ပြီးသေတာပဲ ကောင်းပါတယ်တဲ့။ ကျွန်တော်လည်း ကျွန်တော့်ဆရာ ယမကာဇရာအိုကြီးရဲ့ အဆုံးအမမှာပဲ တည်ပါတော့တယ်။
အယ်/ပင်။ ။ သာဓု… သာဓု… သာဓု။

www.shwezinu.com ကူးယူဖော်ပြပါသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:Uncategorized

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ

By

  ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၇ ယခုစာအုပ်မှာ...

Read more »

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်