>Ye Min Tun – Articles

January 11, 2012

>

စစ်ခွေးတိုက် (သို့မဟုတ်) ဟောင်ကောင်
ရဲမင်းထွန်း
ဇန်န၀ါရီ ၁၁၊ ၂၀၁၂


စစ်အစိုးရကို ၈၈ မျိုးဆက်များက မုန်းတီးအညှိုးကြီးနေတာ မဟုတ်ပါဘူး။ ၈၈မျိုးဆက်များကိုသာ စစ်အစိုးရက အညှိုးတကြီး မုန်းတီး နေတာပါ။

ကျနော်ရေးရမယ့် အကြောင်းရာထဲမှာ အင်းစိန်ထောင်က စစ်ခွေးတိုက်လဲ ချန်ထားလို့မဖြစ်ဘူး။ စစ်ခွေးကို ထောင်အာဏာပိုင်တွေက အပြစ်ဒဏ်တိုက်လို့ခေါ်တယ်။ အကျဉ်းသား လူဆိုးလောကသားတွေက ဟောင်ကောင်၊ ကောင်ကောင်လို့ခေါ်တယ်။ စစ်ခွေးတိုက်ကိုပို့ပြီး အပြစ်ဒဏ်ပေးခံရတဲ့အကျဉ်းသားဆိုတာ ထောင်ပိုင်စိန်ဌေးလက်ထက်မှာ သေအောင်ရိုက်သတ်ခံရတဲ့ အကျဉ်းသားတွေတောင်ရှိတယ်။ ထောင်ပိုင်စိန်ဌေးကိုယ်တိုင်ရိုက်သတ်ခဲ့တယ်လို့ ထောင်ထဲကပါးစပ်ရာဇ၀င်တွေရှိတယ်။ စစ်ခွေးကိုရောက်ရင် လူဆိုးကြီးတွေတောင် အလွမ်းမမ ပန်းမမဖြစ်သွားကြရတယ်။ စစ်ခွေးတိုက်က အထူးတိုက် (အဘဦးတင်ဦးတို့၊ ကိုမင်းကိုနိုင်၊ မေ ၁၈, ၂၀၀၈ ခုနှစ်မှာ သေသွား ပြီဖြစ်တဲ့ မြောက်ကိုရီးယားစပိုင် ကန်မင်ချူးတို့ထားတဲ့တိုက်) ဘေးနားမှာရှိပြီး အလုပ်ကြီးဝင်း လမ်းဘေး ယာဘက်အခြမ်းမှာ ရှိပါတယ်။

စစ်ခွေးတိုက်ကိုမရောက်ခင် စစ်ခွေးဝန်းအ၀င်အ၀ ဂိတ်အသေးတခုရှိပြီး ထောင်အခေါ် စစ်ခွေးဘူးဝလို့ခေါ်တယ်။ အထဲမှာတော့ စစ်ခွေး တိုက် (သို့) ဟောင်ကောင် ရှိတယ်။ ထောင်အတွက် စစ်ခွေးများထားတဲ့ တန်းလျားပြီးရင် စစ်ခွေးလေ့ကျင့်တဲ့ ကွင်းပြင်ရဲ့ဘယ်ဘက်လမ်း အတိုင်းမှာတော့ စစ်ခွေးတိုက် အခန်းဆယ်ခန်းက အခန်းတခုစီရဲ့ဘေးမှာ ဆယ်ပေကျော်နံရံတိုလေးတွေကာထားပြီး တိုက်ခန်းရဲ့ မျက်နှာ ခြင်းဆိုင်မှာတော့ အုတ်ရိုးရှိပြီး ထောင်အုတ်ရိုးအကြီးနှင့် အသေးကြားက နေရာပါ။ စစ်ခွေးကို အကျဉ်းသားတယောက် အပြစ်ဒဏ်နှင့် လာ ရင် ဘယ်လို့လုပ်တယ်ဆိုတာကို ကျနော့်စစ်ခွေးတိုက် အတွေ့အကြုံ နှစ်ခါ ဖြစ်တဲ့ ၁၉၉၂ နှင့် ၁၉၉၃ တုန်းက အဖြစ်ပျက်ကို ပြောပြပါ့မယ်။ မပြောခင် အရင်ဆုံး ရှင်းပြအုန်းမယ်။

● မိန်းဂျေးလမ်းမနှင့် မိကျောင်းလမ်း
စစ်ခွေးမရောက်ခင် ထောင်အလယ်ဗဟို မျော်စင်တိုင် ထောင်မှာခေါ်တာ မိန်းဂျေးရုံးခန်းဆိုတဲ့နေရာကနေ စစ်ခွေးရောက်အောင်သွားဖို့ မိ ကျောင်းလမ်းဆိုတာလဲ ရှိတယ်။ မန်းဂျေးမှာ တာဝန်မှူးကြီးဆိုတဲ့ ထောင်မှူးကြီး တဦး ထောင်မှူးတဦး တပ်ကြပ် အသီးသီးရှိပြီး၊ ထောင်မှာ မန်းဂျေးမှာ တာဝန်ကျတဲ့ဝန်ထမ်းက အာဏာကြီးပါတယ်။ မန်းဂျေးဒုတပ်ကြပ်က အဆောင်မှာတာဝန်ကျတဲ့ တပ်ကြပ်ကြီးတွေ အပိုးကျိုးနေ အောင်ကို အာဏာကကြီးတာ အခြားတော့မဟုတ်ပါဘူး။ ထောင်ထဲကိုခိုးသွင်းလာတဲ့ပစ္စည်းတွေကိုဖမ်းလိုက်ရင် ဒုက္ခအကြီးကျယ် ရောက် သွားနိုင်တာကြောင့်ပါ။


ထောင်ဗူးဝကြီးကနေ မိန်းဂျေးအထိ ကားမောင်းလို့ရတဲ့ လမ်းမကျယ်ကြီးရှိပြီး၊ လမ်းကို အုတ်နီခဲတွေကို ထုပြီး ဒလိမ့်တုံးနှင့် လိမ့်ထားတဲ့ လမ်းမ ထောင်ထဲက အနှိပ်စက်ခံ အကျဥ်းသားတွေရဲ့ သွေးချွေးလမ်းမဆိုလဲ မမှားဘူး။ ဘာလို့လဲဆိုတဲ့ အဲဒီ လမ်းမကို ဒလိမ့်တုံးလိမ့်ရတာက အပြစ်ဒဏ်ကျတဲ့ အကျဉ်းသားကို သံခြေကျဥ်းနှင့်ဒေါက်ခတ်ပြီးမှ နေကျစ်ကျစ်တောက်ပူနေတဲ့အချိန်မှာ ဒီသံဒလိမ့်တုံးကြီးကို တွန်းရတာ ဖြစ်ပါတယ်။ ဒီသံဒလိမ့်တုံးကြီးကို ချစ်ကိုကိုလို့ခေါ်ပြီး၊ နည်းနည်းသေးတာကို ချစ်မမလို့ခေါ်ပါတယ်။ ချစ်ကိုကိုက အကျဉ်းသားနှစ် ယောက် တွန်းရပြီး ချစ်မမက အကျဉ်းသားတယောက်ထဲတွန်းရပါတယ်။ ပူကျစ်နေတဲ့နေကြောင့် ပူနေတဲ့သံဒလိမ့်တုံးကြီးကို တွန်းနေတဲ့ အကျဉ်း သားလက်တွေက အပူလောင်ပြီးကွာထွက် သွေးရဲရဲတောက် ထွက်တယ်။ ခြေထောက်က သံခြေကျဉ်းနှင့် ခြေထောက်နှစ်ခုကြားက ဒေါက် ကြောင့် ဂဏန်းလိုသွားနေရဲ့ အကျဉ်းသားနောက်မှာတော့ လက်ရွေးစင်အရိုက်သမား ထောင်ဝန်ထမ်း တပ်ကြပ် (သို့) ဒုတပ်ကြပ်တ ယောက်က ဂန်းပိုက်လို့ခေါ်တဲ့ ရာဘာအမာစား ဒုတ်အရှည်နှင့် တဘောင်းဘောင်းလိုက်ရိုက်နေတာကို အကျဉ်းသားနှစ်ယောက် ယပ်ခပ် ပေးနေရတဲ့ တာဝန်မှူးကြီး (ထောင်မှူးကြီး) တဦးက မန်းဂျေးရုံးခန်းကနေပြီး ရေနွေးကြမ်း အမြည်းအစုံအလင်နှင့် ထိုင်ကြည့်နေပြီး အဆောင်က တခြားထောင်မှူးများလဲ ထွက်ကြည့်လေ့ရှိပါတယ်။

တခါတရံမှာ သူတို့ကြည့်မရတဲ့လူဖြစ်နေရင် ထောင်မှူးများက လက်သံပြောင်ပြောင်နှင့် ၀င်ရိုက်ပြပါသေးတယ်။ အဲဒီလိုလူဆိုရင်တော့ မျော့မျော့ပဲ ကျန်လေ့ရှိတယ်။ ဘာလို့လဲဆိုတော့ မျက်နာလိုမျက်နှာရ လက်သံပြောင်ပြတဲ့ တပ်ကြပ်ကြောင့်ပါ။ အဲဒီလို ရိုက်လို့ တွန်းခိုင်း လို့ဝပြီ တာဝန်မှူးကြီးကျေနပ်ပြီဆိုမှ ဒီအကျဉ်းသားက အဲဒီမိန်းဂျေးကနေ စစ်ခွေးတိုက်ဗူးဝအရောက် လမ်းလျှောက်ရင် ၅ မိနစ် ၆ မိနစ် လောက်ခရီးကို အုတ်ခဲတွေထုချေထားတဲ့ အုတ်လမ်းအချောဘေးက အနားစ ဒလိမ့်တုံးမဖိထားတဲ့နေရာကနေ မိကျောင်းသွား သွားရပါ တယ်။ ခြေထောက်လုံးဝ မတွန်းရဘူး။ တဒေါင်ဆစ်နှင့် တကိုယ်လုံးဝိတ်ကိုဆွဲပြီး တွားသွားသွားရတဲ့ မိကျောင်းသွားမှာ အပြစ်ဒဏ်ကျတဲ့ အကျဉ်းသားတဒေါင်ဆစ်က သွေးချင်းချင်းရဲပြီး ၀မ်းလျားမှောက်သွားနေရတဲ့ အကျဉ်းသားကျောပေါ် တင်ပါးခြေထောက် ကျရာနေရာကို လိုက်ရိုက်နေတဲ့ မိန်းဂျေးတပ်ကြပ်လက်သံကြောင့် အကျဉ်းသား၏ မိကျောင်းတက်က မြန်နေရပါတော့တယ်။ ဒီအစလေးကို ဖတ်ပြီး ကျနော်ကို ပိုရေးတယ် ထင်ကောင်းထင်နိုင်ပါတယ်။ ကျနော်တခုတော့ သိစေခြင်တယ်။ ကျနော်ကိုယ့်တွေ့အပြင် အင်းစိန်ထောင်မှာ အကျဉ်းသားလူဆိုးတွေ အများစုက စစ်ခွေးဆို မီးသေသွားကြတယ်ဆိုတာကို သိစေခြင်ပါသည်။

● စစ်ခွေးရောက်တဲ့နေ့
၁၉၉၂ သောကြာနေ့ တနေ့မှာ ကျနော်ရက်အတိကျ မေ့နေတယ်။ ကြိုးစားပြီးစဉ်းစားတာ မရတော့ဘူး။ ဒါပေမယ့် အဲဒီအချိန်က အင်းစိန် ထောင်မှာ ထောင်ကျနေတဲ့အဆောင်က နိုင်ငံရေးပုဒ်မတွေအားလုံး မခံမရပ်နိုင်ဖြစ်ရတဲ့ အထင်ကရရက်တရက်ဖြစ်ခဲ့တာပါ။ ကျနော်ကျ နေတဲ့ အဆောင်က (၃) ဆောင် ကျနော်သူငယ်ချင်း ကိုဝင်းသူရကြွယ် (ခ) နဂါးလေး ထောင်ဝင်စာတွေ့သွားတော့ ကျနော်တို့ အဆက် သွယ်လုပ်တဲ့စာတိုလေးတစောင်ကို ထုက်သွားတယ်။ ကျနော်လဲ နဂါးလေးထောင်ဝင်စာသွားလို့ အဲဒီစာလေးများ မိလေမလားဆိုပြီး ပူပင် လိုက်ရပေမယ့်။ နဂါးလေးက မိန်းဂျေးက ပုဆိုးဖြန့်ခြေကားထားပြီး ပါးစပ်ဟပြရတဲ့ စစ်ဆေးရေးကျော်သွားတော့မှ အလုံးကြီးကျလို့နေ တော့တယ်။ နောက်ပြီး နဂါးလေးထောင်ဝင်စာပြန်လာတာကို မျော်နေတဲ့အချိန်မှာ အဆောင်အသီးသီးကို အရေးပေါ်ပုံစံပေးလိုက်လို့ အကျဉ်းသားတွေ အားလုံးရောက်ရာ နေရာကနေ ပုံစံငုံထားရပါတယ်။

အဲဒီအချိန်မှာ ကျနော်အမည်ကို သုံးဆောင်ရုံးခန်းက ၀န်ထမ်းကလာခေါ်လို့ကျနော်လဲ လိုက်သွားရော ပြဿနာကစပါပြီ။ မိန်းဂျေး မျှော် စင်ကြီးအောက်က အ၀ိုင်းအမိုးကြီးအတွင်း (ယ္ခင် အင်္ဂလိပ်လက်ထက်က မီးဖိုဆောင်) ကျနော်ကိုသွင်းလိုက်ပြီး ထုက်တန်းတခုကို လက်နှင့် ခိုထားခိုင်းပါတယ်။ သစ်သားဘောင်ကြီးကကြီးတော့ ကျနော့်လက်သေးသေးလေးနှင့် စောင်းကိုပဲခိုရတာ လက်က အရမ်းနာပြီး တုန်လာတဲ့ အချိန် ပြုတ်အကျမှာ တပ်ကြပ်ကြီး ကျော်ဝင်း (တရုတ်ကျော်ဝင်း) စစ်ဖိနပ်နှင့်ဆောင့်ကန်တယ်။ ပြန်ခိုခိုင်းတယ်။ ကျနော်ခေါင်းထဲမှာလဲ အကြောင်းရာတွေ စီနေရတယ်။ နဂါးလေးက အပြင်ထုက်တဲ့ စာမိသွားတာလားဆိုပြီး စဉ်းစားရကြပ်နေတယ်။ ကျော်ဝင်းကလည်း ကျနော် ကိုကန်လိုက်၊ အပြင်မှာ နဂါးလေးကို ထွက်ရိုက်လိုက်လုပ်နေတဲ့အချိန်မှာ မိန်းဂျေးမှအလုပ်လုပ်တဲ့ အကျဉ်းသားတွေက အခြေနေကြည့် ပေးထားပါတယ်။ ကျော်ဝင်း နဂါးလေးစစ်နေချိန်မှာ ကျနော်ကို အောက်ဆင်းခိုင်းထားပြီး ၀င်းမြင့်ပြန်လာရင် ကျနော်ပြန်ခိုရတယ်။

ကျနော်နှင့်သိတဲ့ အရေးခင်းလူသတ်မှု ဂါးဂါးလေးဆိုတဲ့လူက ကျနော်ကို မင်းတို့တော့သေမှာပဲ ဟိုကောင့်မှာ စာမိထားတယ်လို့ဖြတ်သွား ရင်း လေသံနှင့်ပြောပါတယ်။ အားလုံးဝိုင်းကူညီလို့ကြာကြာမခိုရတဲ့ပေမယ့် ကျော်ဝင်းရောက်ပြီး ကြည့်တဲ့အချိန် ကျနော်ကြာကြာ မခိုနိုင်လို့ ကျနော့်တကိုယ်လုံး ဖုန်အလူးလူးကန်ရာတွေ ထပ်ကုန်တော့တာ နောက်မှ အဲဒီဖိုဝိုင်းထဲကထုက်ပြီး မိန်းဂျေးရုံးခန်းရှေ့ အုတ်နီလမ်းမမှာ ပုံစံထိုင်ခိုင်းထားပြီး မေးပါတော့တယ်။

တပ်ကြပ်ကြီး ကျော်ဝင်းက …
“ဟေ့ကောင် မင်းသူ့ကို သိတယ်နော်”
“ဟုတ်ကဲ့သိပါတယ်”
ကျနော်ဖြေတော့ ခေါင်းက နဂါးလေးဖက်ငဲ့မိလို့ကျောပေါ်ကို ဂန်းပိုက်နှင့် ရိုက်လိုက်တယ်။ အဲဒီဝန်ထမ်းအမည်က ထွန်းကြည် (နောက်တော့ ဒုတပ်ကြပ်ဖြစ်သွား) လူကောင်သေးသေး အသားဖြူဖြူနှင့် အရိုင်းစိုင်းဆုံးဆဲတဲ့ ၀န်ထမ်းဖြစ်ပါတယ်။

“မင်း သူ့ဆီက ဘာမိလဲသိလား”
စစ်ကြောရေးအတွေ့ကြုံအရ ကျနော်တို့ အနာခံစရာ မလိုဘူး။ မိပြီးသားကို ငြင်းမနေတော့ဘူးလို့တွေးလိုက်ပြီး ကျနော်က
“ကျနော်ရေးတဲ့ စာပါ” ဖြေလိုက်တော့မှ ပြဿနာက ရှင်းမရဖြစ်သွားတယ်။ တကယ်တော့ ကျနော်စာကအပြင်ရောက်သွားပြီး အခုမိတာက အပြင်ကပြန်သွင်းလာတဲ့ စာဖြစ်နေမှန်းနောက်မှ သိရပါတယ်။

အဲဒီမှာ ကျနော်နှင့် နဂါးလေးကို အဝေးကိုခွဲလိုက်ပြီး ရိုက်တော့တာပဲ။ အုတ်နီလမ်းမှာ ကျနော်တို့နှစ်ယောက်ကို ရိုက်တာမေ့သွားလို့ ရေ လောင်းပြီး ရိုက်စစ်ပါတော့တယ်။ နဂါးလေးကို နှစ်ဆောင်ရှေ့မှာရိုက်ပြီး ကျနော်ကို တစ်ဆောင်ရှေ့မှာ ရိုက်ပါတယ်။

အဲဒါကို မြင်ရတဲ့ အမှတ် (၅) ဆောင်က ကျနော့်ကို ညီလေးတယောက်လိုချစ်တဲ့ ကိုမောင်မောင်လွင် (RIT) ကလည်း ပြဿနာရှာမယ် ဖြစ်နေကြောင်း နောက်မှ သူများတွေပြောလို့သိရတယ်။ ကိုမောင်မောင်လွင်က ကျနော်နှင့် ၁၉၈၈ သြဂုတ်လ ၁၀ ရက်နေ့ မင်္ဂလာတောင်ညွှန့် စတော့ဂိတ်ကုန်း( သိမ်ဖြူကုန်း) မှာ စစ်တပ်ပစ်တော့ ပြေးရင်း စတွေ့တာဖြစ်ပြီး။ နောက်ပိုင်း အတူတူလှုပ်ရှားဖြစ်သွားပါတယ။် ကျနော့်ကို ၁၉၈၉ မတ်လ (၂ရ) ရန်ကင်း မိုးကောင်းဘုရား ဆန္ဒပြပွဲကိစ္စနှင့်လိုက်ဖမ်းတော့ ထိုင်းကိုလိုက်ပို့ပေးပြီးအပြန်မှာ သူဖမ်းခံရပြီး ထောင် ထဲရောက်နေတာဆိုတော့ ထောင်အခေါ်ဝေါ်နှင့် အမှုတွဲပေါ့။ ကိုမောင်မောင်လွင်အမြင်မှာ ကျနော်က သူ့မျက်စိအောက်မှာ ကြီးလာတဲ့ ညီလေး သူနှင့်စတွေ့တဲ့အချိန် ၁၉၈၈ က ကျနော်အသက် ၁၆ နှစ်ဆိုတော့ ကလေးပေါ့ဗျာ။

ဒေါသတွေထွက်နေတဲ့သူ့ကြောင့် ထောင်အာဏာပိုင်တွေရိပ်မိသွားပြီး ထောင်တခုလုံးကို အရေးပေါ်တန်းစီခိုင်းပြီး အခန်းတွေပိတ်ထား လိုက်တယ်။

ကျနော်အဖေက အဲဒီအချိန်မှာထောင်ဝင်စာ တွေ့ဖို့ ကျနော်ကို အပြင်မှာ စောင့်နေတယ်။ ဒါပေမယ့် သူမတွေ့ရပါဘူး ကျနော့်ကို………
….. …… …..

ရိုက်နှက်နေတဲ့ အဲဒီနေ့က ကျနော့်အဖေလာတွေ့တဲ့ ထောင်ဝင်စာကို အကစ (အကျဉ်းဦးစီး) က ပါဆယ်အဖြစ် လက်ခံတယ်ဆိုတာကို နောက်ခြောက်လ အပြစ်ဒဏ်ကလွတ်မှ ကျနော်သိရတယ်။ ကျနော်သိရတဲ့အချိန်မှာ ကျနော်အဖေလာပေးတဲ့ စားစရာတွေကတော့ အိတ် ခွံအဖြစ်နှင့်သာ ကျန်တော့တယ်။ လက်ခံရရှိကြောင်းတောင် ကျနော်မှာ လက်မှတ်ထိုးပေးလိုက်ရတယ်။

ကျနော်ကို ရိုက်လို့ဝတော့ ထွန်းကြည်က ထောင်ကျရုံးကို ခေါ်သွားတယ်။ ထောင်ကျရုံး ဘေးနားမှာရှိတဲ့ ခြေကျဉ်းရိုက်တဲ့ နေရာရောက်တော့ ကျနော်နှင့် နဂါးလေးကို ခြေကျဉ်းရိုက်ပြီး ဒေါက်ထည့်ပေးမယ့်နေရာပေါ့။ အဲဒီမှာ ကျနော်တို့ကိုသနားတဲ့ ထောင်ကျရုံးဘုတ်ကိုင် နှစ် တရာ ကျွဲကြီးက ခြေကျဉ်းရိုက်တဲ့လူကို ဒီကောင်တွေကို ကွင်းရွေးပေးလိုက်ပါကွာလို့ပြောလို့ ကျနော်နှင့်နဂါးလေးကို ခြေကျဉ်းကွင်း ပြောင် ချောလေးတပ်ပေးဖို့ ရွေးထားပြီး ကျနော့်ကို အရင်စပြီး ခြေကျဉ်းရိုက်တယ်။ ကျနော့်ကို တဖက်ကွင်းကိုရိုက်လို့အပြီးမှာ နောက်တဖက်ရိုက် နေတုန်း ထွန်းကြည်က ကွင်းတွေကိုတွေ့သွားပြီး ခြေကျဉ်းရိုက်တဲ့အကျဉ်းသားကို ပုံစံရပ်ခိုင်းပြီး ပါးရိုက်လိုက်တယ်။ ပြီးတော့ “…မသား မင်းအမေလင်တွေမို့လို့လား။ ဒီကောင်တွေကို မီးကျတွေနှင့်ရိုက်ကွ” လို့ပြောတယ်။

ကျနော်တို့လဲ ကံဆိုးစွာနှင့် ပါးရိုက်ခံရတဲ့ ခြေကျဉ်းရိုက်သမားက ကတုန်ကရင်နှင့် ခြေကျဉ်းရိုက်တာ ကျနော်ရော နဂါးလေးပါ တယောက်ကို နှစ်ချက်စီလောက်ချော်ပြီး ရှပ်ထုခံထိတယ်။ စဉ်းစားကြည့်ပေါ့ဗျာ သံကွင်းကိုဟထားပြီး ခြေထောက်ထဲကိုထည့် ထိပ်ကအပေါက် နှစ်ပေါက် ကို သံတုံးလေးထည့်ပြီး သုံးပေါင်တူနှင့် ပေတုံးဇောင်းမှာတင်ထုတာ လက်ဆချော်တော့ ကျနော်တို့လဲ နာတာပေါ့။ ဒါတောင် ရှပ်ထိတာတွေ တည့်တည့်ထိလို့ ခြေကျိုးတဲ့အကျဉ်းသားတွေ ထောင်ထဲမှာဒုနှင့်ဒေး။

ခြေကျဉ်းရိုက်လို့ပြီးတော့ နဂါးလေးက တပေခွဲဒေါက် (၁၈လက်မ) နှင့် ကျနော်က နှစ်ပေဒေါက် (၂၄ လက်မဒေါက်) အသီးသီးတပ်လိုက်တယ်။ ခြေကျဉ်းကွင်းက မီးကျလို့ခေါ်တဲ့ ပန်းပဲဖိုကရောက်လာတဲ့ ကွင်းအသစ်တွေ ဖြစ်လို့ အနားဇောင်းလေးတွေက သံစလေးတွေ ကျန်နေသေး ပါတယ်။ တကယ်ဆို ဒီလို သံစလေးတွေက ကျားလျှာတံစဉ်းနှင့်တိုက်ထားရမှာ ဖြစ်ပေမယ့်၊ အင်းစိန်ထောင်ထဲမှာတော့ ဒီကွင်းတွေက ငွေညှစ်တဲ့ကွင်းတွေဖြစ်တော့တယ်။ လာဘ်ထိုးရင် ကွင်းချောကို ခြေကျဉ်းတပ်မယ့်အကျဉ်းသားကိုတပ်ပေးမှာဖြစ်ပြီး လာဒ်မထိုးနိုင်သူတွေ ကတော့ မီးကျတွေတပ်ပြီး ခြေကျဉ်းဝတ်ကို စုက်ပျက်နေအောင် ခံရမှာပါ။ ကွင်းချောဆိုတာလဲ မီးကျတွေကို အရှေ့ရှေ့က အကျဉ်းသားတွေ တပ်ပြီး ချောလာလို့ ဖြစ်လာတာပါ။

ကျနော်တို့ကို ခြေကျဉ်းနှင့်ဒေါက်ခတ်ပြီး မိန်းဂျေးကို ပြန်ခေါ်လာတော့ အလာတုန်းကလို လမ်းမလျှောက် ရတော့ပါဘူး။ ထောင်ကျရုံးရှေ့မှာ နှစ်ယောက်လုံးကို အပြစ်ဒဏ်ကျ အကျဉ်းသားမှတ်ပုံတင်ပြီးတာနှင့် အကစထွန်းကြည်က “မင်းတို့နှစ်ယောက် ငါရှေ့ကနေပြေးရမယ်။ တစ်ကနေ တဆယ် အထိရေမယ်။ ပြည့်တာနှင့် လိုက်လာမယ်။ မှီရင် မင်းတို့နာမယ် ကြားလား” ဆိုပြီး ဂန်းပိုက်အရှည်ကို မြေပြင်မှာဖေါင်းကနဲ ရိုက်ပြပါတယ်။ ကျနော်တို့လဲ နုံးခွေနေပြီး အသားတွေကလည်း အရမ်းနာနေပါပြီ။ တကုန်လုံးလဲ တုန်နေအောင် နာနေတာဆိုတော့ တော် တော်လေး စိတ်ကုန်တယ်။ မထူးတော့တဲ့ဘ၀လို့ ရင်ထဲမှာမှတ်လိုက်တယ်။ ပြန်အာခံဖို့တောင် ခွန်အားမရှိ စဉ်းစားချိန်မရတော့ပါဘူး။ သူက တစ်နှစ်သုံးလေး ခေါ်နေချိန်မှာ ပြေးတော့တယ်။ ဒါပေမယ့် ခြေကျဉ်းအပြင် ဒေါက်ရယ်ကြောင့် ပြေးလိုက်ရတာ ဂဏန်းလို့ ကန့်လန့် ဖြစ်နေတဲ့ ခြေထောက်ရယ်ကြောင့် ပစ်လဲထပြေးနေတုန်းမှာပဲ ထွန်းကြည်က လိုက်မှီလာပြီး ရိုက်ပါတယ်။ လမ်းတလျှောက် အလဲလဲနှင့် ရိုက်ခံရထရနှင့် ကျနော်တို့ပုဆိုးတွေလဲ ကွဲပြဲကုန်ပြီး ခြေထောက်တွေလဲ သွေးအလိမ်းလိမ်းနှင့် ခြေကျဉ်းရှပါတယ်။

မိန်းဂျေးရောက်တော့ ထောင်မှူးကြီးရှေ့မှာ သံခြေနှင့်ဒေါက်ကို အစစ်ဆေးခံရပြီး ခြေဆင်းထိုင်နေရပါတယ်။ ကျနော်တို့ကို တွေ့သမျှ အကျဉ်းသားတာဝန်ကျတွေ အကုန်လုံးမျက်နှာတွေက စိတ်မကောင်းပြီး သနားတဲ့မျက်နှာတွေ သူတို့မှာ ထင်ရှားပေါ်လွင်နေပါတယ်။ ကျ နော်တို့နှစ်ယောက်ကို မိန်းဂျေး အမှတ် (၅) ဆောင် ဂိတ်ရှေ့ကနေ မိကျောင်းသွားတက်ခိုင်းတယ်။ အနောက်က တပ်ကြပ်ကျော်ဝင်းနှင့် နောက် အမည်မသိဝန်ထမ်းတယောက်က လိုက်ရိုက်တယ်။

ဒီလိုနှင့် စစ်ခွေးတိုက်ဗူးဝရှေ့ကိုရောက်လာတော့ တပ်ကြပ်ကြီးခင်မောင်ကထွက်လာပြီး လက်ခံယူပါတယ် “ဒီကောင်တွေကွာ တော် တော် အလုပ်ရှုပ်တာပဲ” လို့ပြောပြီး ကျနော်တို့နှစ်ယောက်ကို စစ်ခွေးရုံးခန်းရှေ့ကို လမ်းလျှောက်သွားခိုင်းပါတယ်။ နောက်တော့ စစ်ခွေးပုံစံထိုင် နည်းကိုပြတယ်။ ထုံးစံအတိုင်းဆို အဲဒီအချိန်မှာ ရက်ရက်စက်စက်ရိုက်တာ။ ဒါပေမယ့် ကျနော်တို့နှစ်ယောက် စုပ်ပြတ်နေတာကို ကြည့်ပြီး စစ်ခွေးက တာဝန်ကျဝန်ထမ်းတွေတောင် နည်းနည်းလန့်ပုံရတယ်။ တပ်ကြပ်ကြီးခင်မောင်က ဟေ့ကောင်တွေ ဒီကောင်တွေကို မြန်မြန် ထည့်လိုက်။ ရိုက်မနေနှင့်အုန်း။ သူများပြဿနာ ကိုယ့်ပြဿနာဖြစ်နေမယ်။ မနက်ဖြန်ဆေးမှူးခေါ်စစ်လိုက်။ ငါတို့ဆီမှာလာသေလို့ -ီး ဖြစ် ကုန်မယ်လို့ ပြောသံကြားရတယ်။

ကျနော်က စစ်ခွေးတိုက် အ၀င်တံခါး အခန်းလေးလား၊ ငါးလား သေသေချာချာ မမှတ်မိဘူး။ နဂါးလေးကတော့ ရှစ်ခန်းကို ရောက်သွားတယ်။ အခင်းမပါတဲ့ စစ်ခွေးတိုက် ကြမ်းခင်းမှာလှဲ ချလိုက်ရတာ နာကျင်နေတာတွေရယ် ကွန်ကရစ်ကြမ်းပြင်ရဲ့အေးစက်မှုက ကျနော်စိတ်ထဲ ဒီညများ သေသွားမလား ထင်မိတယ်။

စစ်ခွေးမှာနေရတဲ့ အေးစေအနေထားပါ။
AAPP က ထိုင်းနိုင်ငံမှာ ပြန်လည်သရုပ်ပြပြီး ရိုက်ကူးထားတဲ့ဓာတ်ပုံများ ဖြစ်ပါသည်။

ဒါကတော့ စစ်ခွေးတိုက်ကပုံစံအနေထားဖြစ်ပါတယ်။
စစ်ခွေးတိုက်၏ ပုံစံကြီးလို့ခေါ်ပါတယ်။ မနက်တိုင်း အပြင်ထုက်ပြီး ဒီလိုလုပ်ခိုင်းတယ်။ ခြေဖျားထောက်ထားရလို့ တကိုယ်လုံးတုန်တက် လာရင် သံခြေကျဉ်းနှင့် ဒေါက်နှင့် ရိုက်တဲ့ အသံချပ်ချပ် မြည်လာရင် အင်ဂျင်စက်တွေ နိုးလာပြီလို့ ပြောပြီး ခြေဖျားကျသွားရင် ခါးမမတ်တော့ တဲ့အခါ စောင့်ကြည့်နေတဲ့ စစ်ခွေးတာဝန်ကျ ၀န်ထမ်းတွေကရိုက်ပါတယ်။

(ဒေါက်ခတ်ထားတဲ့ အပြစ်ဒဏ်ကျ အကျဉ်းသားတယောက် ပုံစံပန်းချီပါ။ အဲဒီဒေါက်နှင့်လမ်းလျှောက်ရတာရော အိပ်ရတာရော အလွန် ခက်ခဲပြီး ခြေထောက်နှစ်ချောင်းစုမရလို့ ပေါင်ရင်းမှာကိုက်ခဲတဲ့ဝေဒနာက အင်မတန်ခံရခက်ပြီး ရိုက်နှက်နှိပ်စက်ပြီး ပုံစံထိုင်ရတာရယ် ကြမ်းပြင်ကအေးတာရယ်ကြောင့် စစ်ခွေးမှာ အောက်ပိုင်းသေတဲ့အကျဉ်းသား ချိနဲ့သွားတဲ့အကျဉ်းသားများရှိပြီး၊ စစ်ခွေးတိုက်မှာသေဆုံးတဲ့ အကျဉ်းသားများလဲ ရှိပါတယ်။)

…. ….. …..

အရှည် (၂ ပေ) ရှိတဲ့ သံဒေါက်ကြီးတခုကို ခြေထောက် ၂ခုကြားမှာ ကန့်လန့်ခံပြီး ထောက်ထားခံရသူအဖို့ အိပ်ပျော်ဖို့ဆိုတာ ဘယ်လိုလာ ဖြစ်နိုင်မလဲဗျာ။ အချိန်ကြာမြင့်စွာ ချဲ့ကားခြင်းခံထားရတဲ့ အတွက် ခြေထောက် နှစ်ဖက်စလုံးဟာ ညောင်းညာ နာကျင်တောင့်တင်း လို့နေတယ်။ အဆိုးဆုံးက ပေါင်ရင်းနှစ်ဖက်စလုံး မခံမရပ်နိုင်အောင် တဆစ်ဆစ် နာကျင် ကိုက်ခဲနေတာပဲပေါ့။ မခံချင်စိတ်၊ စိုးရိမ်စိတ်တွေနဲ့ အတူ ရွံရှာကြောက်ရွံမုန်းတီးစိတ်တွေကြောင့် ကျဆင်းလာတဲ့မျက်ရည်ပူတွေနဲ့ ကျနော်ဟာ အေးစက်စက် တမံလင်းပေါ်မှာ တညလုံး တမှေးမှ မမှေးနိုင်ခဲ့ပါဘူး။ အဲဒီလို တညလုံး တလူးလူးတလိမ့်လိမ့်နဲ့ ဝေဒနာကိုခံစားနေရပေမယ့်လည်း မိုးလင်းမှာကိုတော့ ကြောက်နေမိ တယ်။

ဘာလို့လဲဆိုတော့ ကျနော်သိထားတဲ့ ထောင်ထဲက သတင်းစကားတွေအရ မိုးလင်းလို့ ထောင်အဖွင့် အကျဉ်းသားဦးရေစစ်ပြီးလို့ရှိရင် အကစ (အကျဉ်းဦးစီး) တွေ တန်းစီတာဝန်ခွဲပါတယ်။ အဲဒါပြီးတာနှင့် စစ်ခွေးတိုက်တာဝန်ကျ အကစ၀န်ထမ်းတွေက စစ်ခွေးတိုက်ရှိ အ ကျဉ်းသားတွေကို အပြင်ကိုထုတ်၊ ပုံစံကြီးလုပ်ခိုင်း ပြီးရင်တော့ အစစ်အဆေး အမေးအမေးအမြန်းမရှိ ဗလာချီချည်း ရိုက်နှက်ပါတော့တယ်။

အဲဒီလို အသားလွတ်နှိပ်စက်ခြင်းကို စစ်ခွေးတိုက်ရဲ့ ခွေးဘားတိုက်ရှေ့ကကွင်းပြင်မှာ လုပ်ပါတယ်။ ထောင်စကားနှင့် ပုံစံမောင်းတယ်လို့ ခေါ်ပါတယ်။ ထောင်ပိုင်အဆက်ဆက်က ထောင်ဗူးကြီးပေါ်ကနေ မှန်ပြောင်းနှင့်လှမ်းကြည့်ပါတယ်။ ထောင်ပိုင်စိန်ဌေးဆိုရင် အဲဒီလို ထုတ် မရိုက်ရင် မနက်စာ ကော်ဖီမသောက်သေးဘဲ စောင့်နေပြီး ရိုက်တဲ့အချိန်ကျမှ မနက်စာ စားသူလို့ နာမည်ကြီးပါတယ်။ (ထောင်ပိုင်စိန်ဌေးက စာဆိုလေးတောင် ရှိတယ်။ ကုန်းမှာမြွေပွေး၊ ရေမှာ ငရွေး၊ ထောင်မှာစိန်ဌေးဆိုတာပါပဲ။)

ကျနော်တို့ လက်ထက်ကတော့ ထောင်ပိုင်က အုန်းဖေပါ။

(ကိုယ့်အဖိုးလောက်ရှိပေမယ့် သူတို့ယဉ်ကျေးမှုအတိုင်းပဲ ဦးတပ်ခေါ်မနေတော့ပါဘူး)။ ခက်တာက ထောင်ပိုင်အုန်းဖေက ကျနော့်ကို ကောင်းကောင်းသိနေတာပဲ။

အကြောင်းရင်းက ကျနော် အချုပ်သားဘ၀နှင့်တုန်းက အမှတ် (၁) ဆောင်မှာ ကျနော်နှင့် ထောင်ဝန်ထမ်းတဦး ပြဿနာဖြစ်ခဲ့ဖူးကြတယ်။ ပြဿနာက ကျနော်ကရေချိုးဖို့ ရေကန်ကိုလမ်းလျှောက်လာတဲ့အချိန်မှာ ကျနော့ကို လမ်းမှာရပ်နေတဲ့ဝန်ထမ်းက ဘာမပြောညာမပြောနဲ့ ဖြတ်ကန်ပါတယ်။ ထောင်ဝန်ထမ်းက ၀တ်စုံမ၀တ်ထားတာကြောင့် ကျနော်က အကျဉ်းသားစည်းကမ်းထိန်း (အကျဉ်းသား အချင်းချင်း ပြန်ကြည့်ခိုင်းထားသူ) လို့ထင်ပြီး မခံချင်စိတ်နှင့်ပြန်ထိုးလိုက်ပါတယ်။ ကျနော်နှင့် အဲဒီ့ထောင်ဝန်ထမ်းဝတ်စုံဝတ်မထားတဲ့ ထောင်ဝန်ထမ်း တို့ သူထိုးကိုယ်ထိုး အပြန်အလှန်ထိုးကြတာပေါ့ဗျာ။

အချုပ်ဆောင်တခုလုံး အရေးပေါ်ကြေငြာပြီး ထောင်ပိုင်လေးဇော်အုန်းဆင်းလာတဲ့အထိဖြစ်ပါသွားတယ်။
စုံရှင်းလိုက်တော့ ကျနော်ရဲ့ အချက်ကျကျပြောပြနိုင်ခြင်း၊ သာမန်အချုပ်သားအဖြစ်သာရှိနေသေးခြင်း၊ ကျနော့်ကိုရန်စတဲ့ အကစ ၀န်ထမ်း က တာဝန်ချိန်မှာ အရပ်ဝတ်နဲ့ ဖြစ်နေခြင်း၊ကျနော်တို့နဘမ်းလုံးစဉ် သူက အသာစီးရနေတဲ့အချိန်မှာ သူက ကျနော့်ကိုထိုးနှက်ရင်း “မင်း တိုင်ချင်တဲ့ဆီတိုင်၊ ခင်ညွှန့်ဆီတိုင်လဲ _ီးပဲ။ ဂရုမစိုက်ဘူးကွ” ဆိုတဲ့စကားကို အမိရကိုင်ပြီးပြောနိုင်ခြင်းတို့ကြောင့် ထောင်ပိုင်အုန်းဖေဆီ ကျနော့်အမှုတင်တော့ ကျနော့်ကို ထောင်ပိုင်အုန်းဖေက ဘာမှမလုပ်နဲ့လို့ အမိန့်ချပါတယ်။ ဒီလိုနဲ့ ကျနော်က ထောင်ဝန်ထမ်းကို ပြန်ထိုး နဘမ်းလုံးတာတောင် ဘာမှအပြစ်မဖြစ်ဘူး။ တယ်လည်းစွမ်းပါ့ပေဆိုပြီး အကျဉ်းသားလူဆိုး အခန်းလူကြီးတွေကပါ ကျနော်ကိုဖြုံပြီး အနိုင် မကျင့်ရဲခဲ့ကြဘူး။

အခုတော့ ထောင်စကားနှင့်ပြောရင် ဂွင်ထဲဝင်သွားပြီ။ ကျနော်ကို ပြန်စားမယ့်အလှည့်ရောက်ပြီပေါ့ဗျာ။

ဒီလိုနဲ့ပဲ တညလုံးမိုးလင်းမှာကိုစိတ်ပူနေရင်း “တော့ တော တော် တော့ တော တော်” ဆိုတဲ့ မိုးလင်းလို့ ထောင်ဖွင့်ခရာသံကို ကျက်မသ ရေမရှိစွာကြားလိုက်ရတဲ့အချိန်မှာ စိုးရိမ်စိတ်တွေဟာ အထွဋ်အထိပ်ကို ရောက်ခဲ့ပါတော့တယ်။

လာမယ့်ဘေး ပြေးတွေ့ရုံမှတပါး အခြားမရှိပြီမို့ ပင့်သက်ကိုသ ခပ်ပြင်းပြင်းရှုရင်း တိုက်တန်းဖက်ဆီကို ရောက်လာမယ့် စစ်ဖိနပ်သံများကိုသာ နားစွင့်နေမိပါတယ်။ မကြာပါဘူး။ စစ်ခွေးတိုက် အ၀င်ဗူးဝက ဘယ်ညာအော်သံနှင့်အတူ စစ်ခွေးတပ်ဆွယ် တာဝန်ကျဝန်ထမ်းတွေဝင်လာ သံတွေကို ကြားရပါတော့တယ်။ စစ်ခွေးတိုက် တခုလုံးဟာ မုန်တိုင်းကျခါနီး ငြိမ်သက်မှုမျိုးနဲ့ ခြောက်ခြားစရာကောင်းလောက်အောင် တိတ်ဆိတ်နေတယ်။ ကိုယ်ချင်းစာပါတယ်လေ. … .အားလုံးကြောက်နေကြမှာပေါ့။

စစ်ခွေးတိုက်ဖက်ကို လျှောက်လာတဲ့ ခြေသံတွေရယ် သော့တွဲကို တချွင်ချွင်နဲ့လုပ်လာတဲ့အသံတွေကိုကြားရချိန်မှာတော့ ကျနော့်စိတ်ကို တင်းလိုက်ပါတယ်။ ကျနော်တို့နှင့် (၃) ဆောင်မှာသိခဲ့တဲ့ သန်းဝင်း (ခေါ်) အ၀င်းဆိုသူက စစ်ခွေးတိုက်တန်းစီးဖြစ်နေပါတယ်။။ သူက ကျနော့်အခန်းရှေ့ကိုလာပြီး ….

“ဟေ့ကောင်ရေ မင်းတို့ကို ငါဘာမှမတက်နိုင်ဘူး။ ပုဆိုးသာ ကျပ်ကျပ်ဝတ်ထားပေတော့ကွာ” လို့ပြောပါတယ်။ ဒီ့နောက်မှာတော့ သူက စစ်ခွေးတတိုက်လုံးကို အခုလိုအော်ပြောပါတယ်။

“မအေ -ိုး များ အားလုံးနားထောင် ဂေါ်နိုက်နှစ်ကောင်ကိစ္စ တထောင်လုံးပျားတုတ်နေတယ်။ စောက်သံ ဘာမှမထွက်ကြနဲ့။ သေချင်းဆိုးနှင့် သေကုန်မယ်။ ကြားလား” လို့ဆဲဆိုကြိမ်းမောင်းပြီး မေးလိုက်ပါတယ်။

“ကြားပါတယ်” ဆိုတဲ့အသံကြီးက ဟိန်းထွက်သွားတယ်။

(ဂေါ်နိုက်ဆိုတာ…နိုင်ငံရေးအမှု ၅/ည) ကိုပြောတာပါ။ နှစ်ကောင်ဆိုတာကတော့ ကျနော်ရယ်၊ နဂါးလေး (ကိုဝင်းသူရကြွယ်) ရယ်ကို ပြောတာပါ။

ကျနော်နှင့် နဂါးလေး(ကိုဝင်းသူရကြွယ်) အခန်းကလွဲရင် ကျန်တဲ့အခန်းတွေမှာ အကျဉ်းသားတွေ တခန်းကို လေးယောက်လောက် စုထား ပေးပါတယ်။ လူများရင် ညအိပ်တဲ့အခါ ကိုယ်ငွေ့ရှိတာကြောင့် နဲနဲခံသာတာပေါ့ဗျာ။ စစ်ခွေးမှာ တယောက်ထဲပိတ်ခံရတာဟာ ထောင်စကား နှင့်ပြောရင် လှော်တာပါပဲ။ (တနည်းအားဖြင့် ညစ်ထားတာလို့ အဓိပ္ပါယ်ရပါသည်)။ တဖြေးဖြေးနေမြင့်လာတာ ကြာလာတော့ နေ့အပူရှိန် လေးရှိလို့ ကျနော်မှေးကနဲ အိပ်ပျော်သွားခဲ့ပါတယ်။

● စစ်ခွေးတိုက်ဆေးပေါင်း (သို့) ပိစပ်ရွက်
သိပ်မကြာပါဘူး။ ကျနော့်တိုက်တံခါးဖွင့်သံနဲ့အတူ “ပုံစံ” လို့ ခပ်ပြင်းပြင်း အော်လိုက်သံကြောင့် … ကျနော်လည်း အိပ်နေရာက ချက်ချင်း ထပြီး ခွေးဝပ်သလို လက်ကိုရှေ့ဆန့်ပြီး ၀ပ်ထားလိုက်ပါတယ်။

ခြေထောက်ကလည်း ဒေါက်ကြီးတပ်ထားတော့ တော်တော့်ကို အနေရခက်ပါတယ်။

“ရဲမင်းထွန်း” လို့ခေါ်လိုက်တော့။ ထောင်စည်းကမ်းအတိုင်း ….

“ရှိ.. ဦးတင်ထွန်းဝေ” လို့ ကျနော့် အဖေနာမည်နှင့် ထူးရပါတယ်။

“ထစမ်း.. ထွက်လာခဲ့အပြင်ကို။ မအေ -ိုး တွေ စောက်ပြဿနာကို ရှာတယ်” လို့ဆဲဆိုရင်း မော်တော်ကားတာယာလို ပိုက်အရှည် (ထောင် အခေါ်တော့ “ဂမ်းပိုက်”) ကို ကြမ်းပြင်ပေါ် ဖေါင်းကနဲလွဲရိုက်ပြီး အသံပေးပါသည်။ ကျနော်လည်း မြန်နိုင်သမျှမြန်အောင် ကြိုးစားပြီး ထွက် လိုက်ပါတယ်။ နဂါးလေးကိုလည်း ကျနော့်နည်းတူ ထုတ်လာပါတယ်။

ဒီ့နောက်တော့ ကျနော်တို့နှစ်ရောက်ကို ခေါင်းငုံထားခိုင်းပြီး စစ်ခွေးတိုက်ရုံးခန်းဖက်ကို လျှောက်ခိုင်းပါတယ်။ စစ်ခွေးရုံးခန်းရောက်တော့ ထောင်ဆေးမှူးမောင်မြ (ခေါ်) ဆရာမြကို တွေ့ရတယ်။ စီးကရက်ကို မခို့တရို့နဲ့ခဲထားတဲ့ ဆေးမှူးမောင်မြဘေးမှာတော့ စစ်ခွေးတိုက်ရဲ့ တပ်ဆွယ်မှူး တပ်ကြပ်ကြီးခင်မောင် ရှိနေပါတယ်။ သူတို့က ကျနော်နှင့် နဂါးလေးကို ကျန်းမာရေးစစ်ဆေးပြီး၊ ကောင်းတယ် “ဒီကောင်တွေ ဘာမှမဖြစ်ဘူး’’ လို့ပြောပြီး ပြန်ခိုင်းလိုက်ပါတယ်။ မတ်တပ်ရပ်နေတဲ့ ကျနော်နှင့်နဂါးလေးကို နားကြပ်လည်ပင်းမှာချိတ်ထားတဲ့ ဆေးမှူး မောင်မြက ငါးပေလောက်အကွာကနေလှမ်းကြည့်ပြီး စစ်ပေးလိုက်တဲ့ ထောင်ဆေးစစ်ခြင်းပညာပါ။

တကယ်တော့ ကျနော်ဆို ကိုယ်တွေချစ်ချစ်တောက်ပူနေတာ မျက်စိတွေတောင် ပူရှိန်းနေပါတယ်။ တကိုယ်လုံးလည်း ဖူးရောင်ပြီး မျက်လုံး တဖက်က ပိတ်နေပါပြီ။ သူတို့ကို အမှန်တရားပြောပြလို့လည်း မထူးသလို၊ နိုင်ငံရေးမှုနဲ့ထောင်ကျနေသူပီပီ ကျနော့်စိတ်ထဲမှာလည်း သူတို့ကို အသနားခံပြီး ပြောပြ၊ ရှင်းပြချင်စိတ်မရှိဘူး။ ကျနော့်ကြောင့် တခြားနိုင်ငံရေးအကျဉ်းသားတွေရဲ့ ဂုဏ်သိက္ခာကိုလည်း အကျမခံ နိုင်တာကြောင့် ဘာမှပြောမနေတော့ဘဲ စိတ်ထိန်းပြီး ပြန်လာလိုက်ပါတယ်။

အပြန်မှာ ကျနော်တို့နှစ်ယောက်ကို အကစတယောက်က နောက်ကလိုက်စောင့်ပြီး၊ စစ်ခွေးတန်းစီအ၀င်းက ကျနော်တို့နှစ်အတူလျှောက်လာပါတယ်။ ခြေထောက်က ခြေကျဉ်းခေါင်းတွေရဲ့ ရှတမှုကြောင့် ခြေတလှမ်းလှမ်းလိုက်တိုင်း ခြေကျဉ်းဝတ်နေရာကို ဓါးနဲ့မွှန်းနေသလား ထင်ရလောက်ကို နာလွန်းလို့ တကိုယ်လုံးတုန်ပါတယ်။ စစ်ခွေးရုံးခန်းက လှမ်းမြင်ရတဲ့ ကွေ့အရောက်မှာ ကျနော်တို့သွားနေတဲ့ မြေနီလမ်း ဘေးက ပေါက်နေတဲ့ ပိစပ်ပင် (ဘိစပ်ပင်) တွေကိုတွေ့တော့ နဂါးလေးက မျက်စလှမ်းပစ်ပြီး … “ကိုအ၀င်း ကျနော်တို့ နည်းနည်းခူးသွားမယ်” လို့ပြောလိုက်ပါတယ်။ ကျနော်လည်း သူဘာကြောင့် ခူးချင်မှန်း သဘောမပေါက်ဘူး။

အ၀င်းက “အေးအေး အမြန်လုပ်” လို့ပြောလိုက်တာနှင့် နဂါးလေးက မြက်တွေနှင့်ရောနေတဲ့ ပိစပ်ပင်ကို လက်တစုပ်ဆွဲရင်း ဆက်လျှောက် သွားပါတယ်။ ကျနော့်ကိုလည်း အ၀င်းက “ဟေ့ကောင် မင်းအတွက်ဆွဲလိုက် ဆွဲလိုက်” လို့ ပြောတာနဲ့ ကျနော်လည်း ဘာမသိညာမသိ ဆွဲ ဆုပ်ယူပြီး လက်ထဲမှာပျောက်နေအောင် ဆုပ်ထားလိုက်ပါတယ်။ နဂါးလေးက ထောင်ထဲမှာ ၁၉၉၀ အစာငတ်ခံဆန္ဒပြအတွေ့ကြုံနှင့် စစ် ခွေးတိုက်အတွေ့ကြုံရှိသူဆိုတော့ ကျနော့်ဆရာပဲပေါ့။ နဂါးလေးကတိုတ်တန်းရှေ့ရောက် “သိမ်းထား ညကျရင် ငါပြောမယ်” လို့ပြောသွား တယ်။ ကျနော်လည်း အရွက်တွေကို ပုဆိုးနှင့်လိပ်ပြီး ၀တ်ထားလိုက်တယ်။

ဒီနောက်မှာတော့ ကျနော်တို့ကို အခန်းထဲ အသီးသီးပြန် ထည့်လိုက်ပါတယ်။ မနက်စာထမင်းကျွေးတဲ့အချိန်ရောက်တော့ ထမင်းစားဆောင် ထောင်အခေါ်အဝေါ် (ထမင်းဘုတ်) က အကျဉ်းသားတွေရောက်လာပြီး သံတိုင်တံခါးအောက် လေးလက်မလောက်လွတ်နေတဲ့ နေရာ ကနေ ထမင်းပန်းကန်ကို ထိုးသွင်းပြီးပေးပါတယ်။ သံတိုင်တွေ ညစ်ပတ်သံချေးစားနေတာ။ အဲဒီအောက်က “ဂျစ်” ခနဲဆိုပြီး ရောက်လာတဲ့ ထမင်းနဲ့ ပဲဟင်း (ပဲဟင်းအမည်ခံ အ၀ါရည်) ဆမ်းထားတဲ့ ပုံစံထမင်းဘေးမှာ ပုပ်အက်အက် စိမ်းစားငပိ တကလော်ကိုစားရပါတယ်။ ညနေစာကတော့ ထောင်ရဲ့သာလဘော့အမည်ခံ ကန်စွန်းကြီးရွက် (ကစွန်းဥပင်၏အရွက်) တွေကိုပြုတ်ထားတဲ့ မဲပြာပြာအရည်နှင့် ငပိဖြစ် ပါတယ်။

ညနေစာကျွေးပြီး ထောင်ပိတ်သွားတော့ ဒီနေ့အဖို့ ကျနော်တို့ လူသစ်နှစ်ယောက်ကြောင့် ဘယ်သူမှ ပုံစံမောင်းခြင်း အလုပ်မခံရလို့ ကျနော် တို့ကို အားလုံးက ကျေးဇူးတင်နေပါတယ်။ စစ်ခွေးတိုက်ထဲမှာက ထုံးစံအတိုင်း မီးမရှိတော့ ညဘက်ဆို မှောင်ကျနေပါတယ်။ အခန်းအပြင်မှာ ပဲ မီးလုံးလေးနှစ်လုံးပဲ ထွန်းထားပါတယ်။ ခြင်ကတော့ ဆန်ကွဲကို လက်နဲ့ဆုပ်ပြီးပက်နေသလား အောက်မေ့ရတယ်။

တခန်းနှင့်တခန်း အသံပြုတဲ့ အသံတွေက “အ”ကာလ ညအမှောင်ထဲမှာ တိုးတိုးတိုးတိုး ကျိတ်ကျိတ်ကျိတ်ကျိတ်နဲ့ပေါ့။ ကျနော့်ဆီကိုလည်း ဘေးအခန်းက လှမ်းပြောတယ်….. “ရဲမင်းထွန်းရေ … နဂါးလေးကမှာလိုက်တယ် ဆေးပေါင်းကိုဝါးစားပြီး ဒဏ်ရာတွေကိုလည်းပွတ်ပါတဲ့”

ဒီတော့မှ ကျနော်လည်း မနက်ကခူးလာတဲ့ ပိစပ်ရွက်တွေကိုပြောတာပဲဖြစ်မယ်ဆိုပြီး ဖူးရောင်နေတဲ့ ပေါက်လုလုဒဏ်ရာတွေ၊ ကွဲနေတဲ့ အသားတွေကို ပိစပ်ရွက်ကို ၀ါးပြီးလိုက်ပွတ်တာ အားပါး ပူပြီးစပ်လိုက်တာ။ တကိုယ်လုံးကို ပူရှိန်းသွားပါတယ်။

ဘေးအခန်းက “ဟေ့ရောင် ဂေါ်နိုက်လေး ၀ါးစားလိုက်။ ပြီးရင် အိပ်လိုက် မနက်ကျရင်မောင်းတော့မှာ” လှမ်းပြောသေးလို့ ကျနော်လည်း ၀ါးစားလိုက်တာ ပူရှိန်းပြီးစပ်တယ်။

အဲဒီညကတော့ စိတ်ပင်ပန်း၊ လူပင်ပန်းနဲ့မို့ ခြေထောက်က ကန့်လန့်ဒေါက်ကြီး ကိုးရို့ကားယားနဲ့ပဲ ကျနော်အိပ်ပျော်သွားခဲ့ပါတယ်။ အိပ် နေရတယ်ဆိုပေမယ့်လည်း နေရာမရွေ့အောင် သတိထားပြီးအိပ်ရပါတယ်။ ဟိုဘက် ဒီဘက် မလှုပ်ရဲဘူး။ နည်းနည်းလေးလှုပ်လိုက်တာနှင့် အေးစပ်နေတဲ့ တမံသလင်းနဲ့ထိတဲ့အတွေ့ကြောင့် လန့်လန့်ပြီးနိုးပါတယ်။ ကိုယ်နှင့်ဖိထားတဲ့ တံမံတလင်းကတော့ ကိုယ်ငွေ့နဲ့မို့ နဲနဲတော် ပါသေးတယ်။ ပိစပ်ရွက် (ထောင်အခေါ်တော့ ဆေးပေါင်း) အစွမ်းနှင့် အဲဒီ့တညတော့ ကျနော် ကောင်းကောင်းအိပ်လိုက်ရပါပြီ။ မနက်ဖြန် မောင်းမယ်ဆိုတဲ့စကားကြောင့် ကျနော်လည်း မနက်ရင်ဆိုင်ရမှာကို အားမွေးရင် စိတ်ကိုတင်းထားလိုက်တယ်။ ၁၉၉၂ မှာ ကျနော့်အသက် ၂၀ ပြည့်တဲ့ မွေးနေ့ ဇူလိုင်လ ၂၂ ရက်ကို စစ်ခွေးမှာကျော်ဖြတ်ရမယ်လို့ ကျနော်အဲဒီညက မတွေးခဲ့မိဘူး။ ဒီလိုနဲ့ပဲ စစ်ခွေးတိုက်ရဲ့ ဒုတိယညကို ကျော်ဖြတ်လိုက်ပါပြီ။

(ဆက်လက်ရေးပါဦးမယ်)
ခင်မင်လေးစားလျက်


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

Related posts

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:Uncategorized

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

Twitter: moemaka


%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ဒေါ်ခင်မျိုးချစ်၏ သတင်းစာလောက ထွက်ပါပြီ

By

ဒေါ်ခင်မျိုးချစ်၏ သတင်းစာလောက ထွက်ပါပြီ (မိုးမခ) သြဂုတ် ၂၄၊ ၂၀၁၈ စာရေးဆရာမကြီး ဒေါ်ခင်မျိုးချစ်...

Read more »

ဂီတအနုပညာရှင်ကြီး မာမာအေး စိန်ရတုမွေးနေ့ အမှတ်တရ မိုးမခစာအုပ်ထုတ်

By

ဂီတအနုပညာရှင်ကြီး မာမာအေး စိန်ရတုမွေးနေ့ အမှတ်တရ မိုးမခစာအုပ်ထုတ် (မိုးမခစာအုပ်စင်) သြဂုတ် ၁၇၊ ၂၀၁၈...

Read more »

မိုးမခ သြဂုတ်လ ၂၀၁၈၊ တွဲ ၅ မှတ် ၄ ထွက်ပြီ

By

မိုးမခ သြဂုတ်လ ၂၀၁၈၊ တွဲ ၅ မှတ် ၄ ထွက်ပြီ (မိုးမခ)...

Read more »

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ

By

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်