ခင်ဝမ်း (၆၆) နှစ်ပြည့် မွေးနေ့ အမှတ်တရ

November 24, 2013

ဆရာပေါ်ဦးသက်၊ ကိုခင်ဝမ်း၊ ငှက်သုံးကောင်နှင့် တောကျီးကန်းကလေး
ထွန်းဝင်းငြိမ်း
(ပိတောက်ပွင့်သစ် စာပေအနုပညာ မဂ္ဂဇင်း၊ အမှတ် ၁၁၊ ဇန္နဝါရီ၊ ၂ဝဝ၇ တွင်မူရင်း ပုံနှိပ်သည်။ မိုးမခက နိုဝင်ဘာ ၂၄ ခင်ဝမ်း အသက် (၆၆) နှစ်ပြည့် မွေးနေ့ အမှတ်တရ ပြန်လည် တင်ဆက်သည်။)
မိုးမခ
နိုဝင်ဘာ၊ ၂၄၊ ၂၀၁၃

ခင်ဝမ်း (၁၉၄၇-၂၀၀၀)
Khin One Portrait Sketch by Artist Nay Myo Say
(၁၉၉၇ မေလ ၁ ရက်နေ့က ဆွဲထားတာ..၊၁၉၉၈ မှာ ကိုခင်ဝမ်းက ပုံပေါ်မှာ အမှတ်တရလက်မှတ်လေး ထိုးထားပေးတယ်.. ။ နေမျိုးဆေး)
“…ကိုခင်ဝမ်းရဲ့ သီချင်းတွေကို နားထောင်ရတာ
ပန်းချီကားတွေကို ကြည့်နေရသလိုပဲ
အရောင်တွေကို မြင်နေရတယ်။…”
ကျွန်တော့် သူငယ်ချင်း တယောက်က အဆိုတော်၊ ပန်းချီဆရာ ကိုခင်ဝမ်း (၁၉၄၇-၂ဝဝဝ) ရဲ့ သီချင်းတွေနဲ့ ပတ်သက်လို့ အဲဒီလို ပြောဖူးပါတယ်။
တိမ်တိုက်တွေရဲ့.. အဆုံး..
အနောက်ဘက်က.. အဝေး.. မိုးကုပ်.. တနေရာမှာ..
နေရောင်.. တချို့.. ရှိနေသေးရဲ့..
မြူတွေ.. ဆိုင်းနေတဲ့.. .. ရိုးမ.. ရဲ့.. အရိပ်..
ဟို.. ဘက်.. ကမ်းခြေ.. မြစ်ရိုးမှာ..
မှောင်မိုက်နေပြီ..
အေးမြတဲ့.. မြောက်လေကြောင်းကို..
ဆန်ပြီး. ပျံသန်းခဲ့တဲ့.. ငှက်ကလေးတွေ..
အလင်းရောင်က.. မရှိမဲ့.. ရှိမဲ့..
ခရီးဝေးကို.. ပျံသန်းခဲ့ကြလို့.. ပင်ပန်းခဲ့ပြီလား..
ခရီးဖော်.. အပေါင်းအသင်းတွေနဲ့.. မိုးမချုပ်မီ..
အိမ်ကို.. ပြန်ခဲ့ပြီ..
ဧရာဝတီ.. ဧရာဝတီ.. ဧရာဝတီ.. ဧရာဝတီ..
တည်ငြိမ်တဲ့.. သူ့ရဲ့.. ရေအလျဉ်..
ရင့်ကျက်တဲ့.. ရေပြင်..
ကြည့်လိုက်စမ်းပါ..
ခမ်းနားတဲ့.. သူ့.. ရဲ့.. အသွင်..
မဟာ.. သဘာဝရှင်..
ဧရာဝတီ.. ဧရာဝတီ.. ဧရာဝတီ.. ဧရာဝတီ..
မှိုင်းညို့တဲ့.. အေးမြခြင်း..
လောကရဲ့.. အမိုး.. ကောင်ကင်.. တနေရာမှာ..
ငွေကြယ်ကလေး.. လင်းလက်နေခဲ့..
အပြာရောင်.. လွှမ်းနေတဲ့.. ငွေ.. ည.. ရဲ့.. အောက်..
တကိုယ်တော်.. ခရီးကို.. ထွက်ဖို့..
မြစ်မင်းဟာ.. ခရီး.. ဆက်ခဲ့ပြီ..
ဧရာဝတီ၊ သံစဉ်/စာသား ဖွဲ့ဆို – ခင်ဝမ်း၊ တေးစု – နှင်းဆီဖြူရဲ့အဝေးက လူတယောက် (၁၉၇၈) (ခင်ဝမ်း ၏ ပထမဦးဆုံး တေးစု)
Music Video URL: http://youtu.be/iPy8e7IzH7Q
ကိုခင်ဝမ်းဟာ ပန်းချီ၊ ဂီတ နှစ်ခုစလုံးမှာ ထူးချွန်ခဲ့တဲ့ ပါရမီရှင်တဦးလို့ ဆိုရမှာပါ။  ငယ်စဉ်ကတည်းက ပန်းချီနဲ့ ဂီတကို စိတ်ဝင်စားခဲ့ပြီး ၁၉၆၅ – ၆၆ မှာ ရန်ကုန်တက္ကသိုလ်တက်ခဲ့ပါတယ်။
၁၉၆၈ – ၆၉ ဇူလိုင်မှာ ရန်ကုန် ဝိဇ္ဇာ၊ သိပ္ပံ တက္ကသိုလ် အပန်းဖြေရိပ်သာမှာ ခင်းကျင်းပြသခဲ့တဲ့ ပန်းချီသင်တန်းဆင်း ကျောင်းသူ၊ ကျောင်းသားတို့ရဲ့ ပန်းချီလက်ရာများ ပြပွဲမှာ သူ့ရဲ့ပန်းချီကားတွေကို စတင်ပါဝင်ပြသခဲ့ပါတယ်။  ၁၉၇၁ ဇန္နဝါရီမှာ ခေတ်သစ် ပန်းချီလောကကို လှုပ်ခတ်စေတဲ့ “စိတ္တဇပန်းချီ” စာအုပ်ကို ရေးသားထုတ်ဝေခဲ့သူပါ။
၁၉၇၂ သြဂုတ် ၆ မှာ ရန်ကုန်မြို့ သိမ်ဖြူလမ်းက ဆရာဝန်များအသင်းတိုက်မှာ “မျက်နှာစိမ်း” တကိုယ်တော် ပန်းချီပြပွဲ၊ ၁၉၇၃ မှာ “မြားဘုရင်” တကိုယ်တော် ပန်းချီပြပွဲ၊ ၁၉၇၃-၇၄ မှာ “ပဉ္စဇင်္ဂမီ” အုပ်စုလိုက်ပြပွဲ၊ ၁၉၇၃-၇၅ မှာ “အရှေ့ရွာ” ပန်းချီပြခန်းကို ကိုကြည် နဲ့ တွဲတည်ထောင်ခဲ့သူ၊ ၁၉၇၉ မှာ “ဒြပ်မဲ့ပန်းချီ” တကိုယ်တော် ပန်းချီပြပွဲ၊ ၁၉၉၇ တုန်းက IVY ဂယ်လာရီမှာ “Metallurgy” တကိုယ်တော် မော်ဒန်ပန်းချီပြပွဲ စတဲ့ ပြပွဲတွေကို ပြသခဲ့သူ တဦးလည်းဖြစ်ပါတယ်။  “စံကြည်ကျော့” ကလောင်နာမည်နဲ့ ဘာသာပြန် ဝတ္တုတွေ ရေးခဲ့ပြီး ကဗျာ၊ ပန်းချီဆောင်းပါးနဲ့ မဂ္ဂဇင်းသရုပ်ဖေါ် ပန်းချီတွေကိုလည်း ရေးဆွဲခဲ့သူပါ။
ကိုခင်ဝမ်း တက္ကသိုလ်ကျောင်းသား ဘဝတုန်းက ၁၉၆၈-၆၉ ရန်ကုန် ဝိဇ္ဇာ၊ သိပ္ပံ တက္ကသိုလ် ပန်းချီသင်တန်းဆင်း ကျောင်းသူ၊ ကျောင်းသားတွေရဲ့ ပန်းချီလက်ရာများပြပွဲမှာ ပါဝင်ပြသခဲ့တဲ့ သူ့ရဲ့ ပန်းချီလက်ရာနဲ့ ပတ်သက်လို့ ၁၉၆၉ အောက်တိုဘာလထုတ် စန္ဒာရုပ်စုံ မဂ္ဂဇင်းမှာ “တက္ကသိုလ်ကျောင်းသားတို့ရဲ့ ပန်းချီသင်တန်းဆင်း လက်ရာများ” ဆိုတဲ့ ဆောင်းပါးနဲ့ ဆရာပေါ်ဦးသက် (၁၉၃၆-၁၉၉၃) က ဒီလို အကဲဖြတ်ခဲ့ဖူးပါတယ်။
“ကိုခင်ဝမ်း၊ သူ့ လက်ရာတွေထဲက “ငှက်သုံးကောင်” ဆိုတဲ့ကားကို ဖေါ်ပြလိုက်ပါတယ်။  သူ့ ကားကို မြင်လိုက်ရင် မြင်လိုက်ချင်းပဲ ‘မခေဘူးဟ’ ဆိုတာ ချက်ချင်း သိနိုင်ပါတယ်။  အနုပညာဓာတ်ခံ အတော်ကြီးတဲ့ လူလည်းဖြစ်ပါတယ်။  သူ့ကိုယ်သူသာ ပန်းချီဆရာပါ လို့ ပြောရင် ယုံကိုယုံနိုင်လောက်တဲ့ အဆင့်မှာရှိပါတယ်။  ဖွဲ့စည်းမှု အတော်အတန် နားလည်ထားတဲ့ သဘောရှိပါတယ်။  တင်ပြမှု ရဲရင့်ပါတယ်။  ခံစားမှု ရှိပါတယ်။  သူ့ရဲ့ ဖွဲ့စည်းမှုမှာ အဓိက (Major)၊ သာမည (Minor) သဘောတွေ ပါနေပါတယ်။  အဓိက နှစ်ခုမရှိဘူး၊ မထားဘူး။  ဒါကြောင့် ဖွဲ့စည်းမှုသဘောကို အတော်အတန် နားလည်ထားတဲ့လူလို့ ဆိုနိုင်ပါတယ်။  တင်ပြမှု ရဲရင့်တယ် ဆိုတာက သူ့ခံစားချက်ကို တခြားလူတဦးက ချီးကျူးသည်ဖြစ်စေ၊ ရှုတ်ချသည်ဖြစ်စေ၊ ခံစားရတာကို ခံစားရတဲ့အတိုင်း တင်ပြမှု ရှိတာမို့ ရဲတယ်လို့ ပြောရတာပါ။  သူ့ကားမှာ သဘာဝတရားထက် ခံစားမှုကို အသားပေး ရေးထားတဲ့အတွက်၊ ဒီလူဟာ ခံစားမှုကို အားပြုရေးဆွဲလေ့ရှိတဲ့ အမျိုးအစား (Spritual Expressive Type) ဖြစ်တယ်လို့ ဆိုရပါမယ်။ သူက အမြင်ကို ရင်နဲ့ကြည့်ပြီး ရေးတဲ့ အမျိုးအစားပါ။
ကိုခင်ဝမ်းအနေနဲ့ အရောင်လောကကို ဒီထက် ကျယ်ကျယ်ပြန့်ပြန့် လိုက်စားနိုင်ဦးမယ် ဆိုရင်ဖြင့် ဒီထက် ပြောင်မြောက်လာနိုင်လိမ့်ဦးမယ်လို့ ထင်ပါတယ်။  သူ့ကားတွေမှာ (Minor Key) အမှိန် သော့ချက်နှင့် ဖွင့်တာများပါတယ်။ Key သော့ချက်ကိုလည်း အမျိုးမျိုး စမ်းကြည့်သင့်ပါတယ်လို့”
ရေးသားခဲ့ပါတယ်။
အကြောင်းသင့်လို့ တခု တင်ပြချင်တာကတော့ ဆရာပေါ်ဦးသက် ကွယ်လွန်ပြီးတဲ့အခါ အမှတ်တရ ထုတ်ဝေခဲ့တဲ့ ပေါ်ဦးသက် POT စာအုပ် (၁၉၉၄ ဇန်နဝါရီ) နဲ့ Paw Oo Thet (1936-1993) His Life and His Creativity စာအုပ် (၂ဝဝ၄ ဇန္နဝါရီ) တွေမှာ အခုဖေါ်ပြခဲ့တဲ့ ဆရာပေါ်ဦးသက် ရဲ့ ဆောင်းပါးကို မတွေ့မိခဲ့ပါ။  နောက်နောင်တွေမှာ စာအုပ်ကို ထပ်မံ ရိုက်နှိပ် ထုတ်ဝေတဲ့အခါမှာ ဆရာပေါ်ဦးသက် ရေးခဲ့တဲ့စာတွေ ပိုမိုပြည့်စုံအောင် ထည့်သွင်းနိုင်စေဖို့ ရည်ရွယ်ပြီး တင်ပြခြင်းဖြစ်ပါတယ်။
ဆရာကိုခင်ဝမ်းဟာ အသံတွေနဲ့လည်း ပန်းချီရေးခဲ့သူလို့ ပြောနိုင်ပါတယ်။  သူ့ရဲ့သီချင်းတွေမှာ စကားလုံတွေဟာ ရိုးရှင်းပြီး၊ အတွေးနက်တယ်။  ပြည်မှာဆောင်း၊ နှင်း၊ သက်ထား၊ မြစ်၊ ကောလိပ်နေ့ရက်များ တွေမှာတော့ ဖွဲ့စည်းပုံ ဆန်းသစ်တဲ့ သံစဉ်တွေနဲ့ ထူးခြားတဲ့ နိမိတ်ပုံတွေကို တွေ့ရမှာဖြစ်ပါတယ်။
နှင်းဆီဖြူရဲ့ အဝေးက လူတယောက်၊ ခုနှစ်ပြည်ထောင်၊ နှုတ်ဆက်ခဲ့ပါတယ် တို့မှာတော့ ခံစားမှုကို ခပ်မျှဉ်းမျှဉ်း သယ်ဆောင်သွားပုံက လေဝဲမိနေတဲ့ သစ်ရွက်ခြောက်တွေလို စိတ်ကို အလုပ်ပေးတတ်ပြန်ရော။
ညကောင်းကင်ရဲ့တေးသမား၊ မမချစ်၊ မြားဘုရင် တို့မှာလို ဆူလောင်ပွက်ထနေတဲ့ ခံစားမှုမျိုးကို ပေးရာမှာလည်း အနိမ့်ဆုံးတော့ သီချင်းနားထောင်ရင်း ခြေတွေလက်တွေ မလှုပ်ဘဲ မနေနိုင်အောင်ပါပဲ။
ဆရာခင်ဝမ်းဟာ သူ့ရဲ့ အနုပညာကို အသံ ဘာသာဗေဒနဲ့ ဝေငှခဲ့တဲ့ နှင်းဆီဖြူရဲ့ အဝေးကလူတယောက်၊ ပြည်မှာဆောင်း၊ အိမ်မက်၊ ပန်းနုရောင်ခံစားချက်များ၊ ည၊ လိပ်ပြာလွင်ပြင်၊ ကစားမလား နားမလား၊ ပန်းခရမ်းပြာ၊ အမှောင်ကို ထွန်းညှိမဲ့မီးအိမ် အစရှိတဲ့ စီးရီးတွေဟာလည်း ခိုင်မာတဲ့ ပရိသတ်ရဲ့ မြင့်မားတဲ့ ထောက်ခံမှုတွေကို ရရှိခဲ့တာပါ။
ဆရာခင်ဝမ်းဟာ သီချင်းရေးတဲ့အခါမှာ ပန်းချီဆန်နေတတ်ပြီး၊ ပန်းချီရေးတဲ့အခါမှာတော့ အသံတွေ ပါဝင်နေတာကို ဆရာပေါ်ဦးသက်က တွေ့ရှိခဲ့ပါတယ်။ ဆရာပေါ်ဦးသက်ဟာ ကိုခင်ဝမ်းရဲ့ အနုပညာ ဖန်တီးမှုတွေမှာ ဂီတနဲ့ပန်းချီ ဆက်နွယ်နေတာကို သတိပြုမိပြီး၊ ၁၉၇၉ လောကနတ်မှာ ပြုလုပ်ခဲ့တဲ့ ကိုခင်ဝမ်းရဲ့ ဒြပ်မဲ့ပန်းချီပြပွဲ နဲ့ ပတ်သက်လို့ ၁၉၇၉ မေလထုတ် မိုဝေစာပေမဂ္ဂဇင်းမှာ “ခဲနေသောဂီတသံများ သို့မဟုတ် ခင်ဝမ်း၏ ဒြပ်မဲ့ပန်းချီပြပွဲ” ခေါင်းစဉ်နဲ့ ဆောင်းပါးမှာ
“ထိုပြပွဲမှာ ထူးခြားတဲ့ ပန်းချီပြပွဲဟု ဆိုရပါခြိမ့်မည်။  ဝင်ကြေး ၁ ကျပ်ပေး၍ ကြည့်ရှုရသည်ကပင် ထူးခြားပါတော့သည်။  ဝင်ကြေးစနစ်ကို ကျင့်သုံးရခြင်းနှင့် ပတ်သက်၍ ခင်ဝမ်းက ဤသို့ ရှင်းပြခဲ့လေသည်။  ‘ဒီလိုပါဗျာ ပန်းချီရေးဆွဲမယ်ကြံလိုက်တိုင်း ပန်းချီကား ဝယ်သူတို့ရဲ့ အကြိုက်ကို လိုက်ပြီး ပထမဆုံး စဉ်းစားနေရတဲ့ ဝဋ်ဒုက္ခက ကျွန်တော် လွတ်မြောက်ချင်လွန်းလို့ အခုလို ဝင်ကြေးယူစနစ်နဲ့ ပြပွဲကို ခင်းကျင်း ပြသရခြင်းပဲ ဖြစ်ပါတယ်။  ဒီစနစ် အောင်မြင်သွားမယ် ဆိုရင်ဖြင့် ခင်ဗျားတို့ ကျွန်တော်တို့တတွေဟာ အနုပညာရဲ့ အပေါ်မှာ သစ္စာရှိရှိနဲ့ ကိုယ်မြင်တာ၊ ကိုယ်သိတာ၊ ကိုယ်ခံစားရတာ ကလေးတွေကို ပိုက်ဆံ မျက်နှာနောက်မလိုက်ဘဲ တကယ့်အနုပညာရဲ့ အနှစ်သာရတွေကို ဖေါ်ထုတ်ရေးဆွဲ သွားနိုင်ကြမယ် မဟုတ်လားဗျာ။  ဒါကြောင့် ဒီစနစ်ကို ကျွန်တော် စွန့်စားပြီး စမ်းသပ် ကျင့်သုံးကြည့်လိုက်ရခြင်းပဲ ဖြစ်ပါတယ်။’ 
ဆိုပြီး ပန်းချီပြပွဲမှာ ဝင်ကြေးယူစနစ်ဖြင့် ပြပွဲကုန်ကျစရိတ် ကာမိစေရန် ဆောင်ရွက်ပုံကို ချီးကျူးစကားဆိုပြီး ကိုခင်ဝမ်းရဲ့ “ခဲနေသောဂီတသံများ” အကြောင်းကို ဆက်ပြောဖြစ်ပါတယ်။
ခင်ဝမ်းသည် ပန်းချီဆရာတယောက်ဖြစ်သကဲ့သို့ သီချင်းဆိုသမားတယောက်လည်း ဖြစ်၏။
သူ့ပြပွဲခန်းထဲသို့ ဝင်လိုက်မိပြီဆိုလျှင်ပဲ ခဲနေကြသော ဂီတသံများကို ကျွန်တော်သည် မျက်လုံးဖြင့် ကြားလာမိပါတော့သည်။  ထို့ကြောင့် ကျွန်တော်သည် သူ့ပြပွဲကိုကြည့်၍ “ခဲနေသော ဂီတသံများပြပွဲ” ဟုပင် ကင်ပွန်းတပ်လိုက်ချင်ပါတော့၏။  ခင်ဝမ်းကိုယ်၌ကမူ “ ဒြပ်မဲ့ပန်းချီပြပွဲ” ပါတဲ့။  သူ့အဆိုကလည်း မှန်ပါ၏။ အဘယ့်ကြောင့်ဆိုသော် သဘာဝကို ရောင်စုံဓာတ်ပုံ ရိုက်ယူဘိသကဲ့သို့ ပုံတူကူးချထားသော ပန်းချီကားဖွဲ့စည်းနည်းမျိုးမဟုတ်ဘဲ ပန်းချီပစ္စည်း နည်းသက်သက်တို့ဖြင့် ခံစားမှုဝေဒနာ အမျိုးမျိုးတို့ကို ဖေါ်ကျူးဖွဲ့စည်း ပြထားလေသောကြောင့် သာမန်အမြင်နှင့်မူ သရုပ် သဏ္ဌာန် အားဖြင့် ရှာရနိုင်မည် မဟုတ်ပါချေ။
ဥပမာ “တောကျီးကန်းကလေး” အမည်ရှိ ကား တကားတွင် တောကျီးကန်းနှင့်တူသော သဏ္ဌာန် ဟူ၍ မြူမျှရှာမရအောင်ပင် သဏ္ဌာန် ကင်းလှပါသည်။  ဖွဲ့စည်းထားပုံမှာ နောက်ခံရောင် အပြာထဲတွင် အဝါရောင် ဇောင်းထက်ထက်မျဉ်းများ အစင်းလိုက်အစင်းလိုက် ကျွန်တော့်ရင်ထဲတွင် စူးကနဲ၊ နင့်ကနဲ ခံစားလိုက်ရ၏။ “အသံဘာသာ” ဖြင့် ပြောရလျှင် နားစူးအောင် မြည်လှသော အသံမျိုးဖြစ်၏။  တောကျီးကန်း၏ အသံကို ကြားယောင်လာမိပါတော့၏။
ဤပန်းချီမျိုးကို ကြည့်ရှုသုံးသပ် ခံစားရာတွင် သုံးသပ်ကြည့်ရှုသူသည် အာရုံပါးအပ်၏။  အတန်မျှသော ဗဟုသုတလည်း ရှိအပ်၏။  သဘာဝနှင့် ပန်းချီပညာတို့၏ ကူးလူးယှက်နွယ်ကြပုံကိုလည်း ရိပ်စားမိအပ်၏။ သို့မှသာ ဤကဲ့သို့သော “ ဉာဏ်အမြင်” ပန်းချီကားမျိုး၏ ရသကို ခံစားနိုင်စွမ်း ရှိနိုင်ပါလိမ့်မည်။  ဤသို့သော ပန်းချီကားမျိုးမှာ သာမန်မျက်စိဖြင့် ကြည့်ရှုခံစားရသော အမျိုးအစားထက် တဆင့်တက်၍ ကြည့်ရှုခံစားရသော အမျိုးအစားလည်း ဖြစ်ပေ၏။
အနောက်တိုင်း ဥရောပတိုင်းပြည်တို့တွင် ဤသို့သော အဆင့်မြင့် ထုံးဖွဲ့မှုမျိုးမှာ ၁၈-၁၉ ရာစုလောက်ကပင် စတင်ပေါ်ပေါက်ခဲ့ကြပြီး ကျွန်တော်တို့ မြန်မာပြည်တွင် ၂ဝ ရာစု နောက်ပိုင်းရောက်မှ နိဒါန်းသွယ်နေရဆဲ ကာလဖြစ်သဖြင့်လည်း အချိန်ကာလအားဖြင့် အနှစ် ၁ဝဝ ခန့် ရှိနေခဲ့ကြလေပြီ။  ယခုထက် ကွာဟမှုမျိုးကား မဖြစ်သင့်တော့ဟု ယူဆထင်မြင်မိနေပါတော့၏။
ခင်ဝမ်း၏ ပန်းချီပြပွဲကား ပြီးဆုံးသွားခဲ့ပေပြီ။ ပန်းချီဆရာဘက်မှ တာဝန်သည် လောက၌ သူ သိမြင်တွေ့ရှိခဲ့ရသော အလှတရားများကို ရိုးသားစွာ ဖေါ်ထုတ်ရေးဆွဲ တင်ပြခြင်းအားဖြင့် ကျေပွန်ခဲ့ပါလေပြီ။ သူ၏တာဝန်မှာလည်း ဤမျှသာပင် ဖြစ်ပါတော့၏။  အနုပညာသည် ခံစားတတ်ကြသူများကသာ ပိုင်ဆိုင်ကြ၏ ဟူသော စကားသည် အကယ်၍ဟုတ်ငြားအံ့၊ ပိုင်ဆိုင်သူတို့ တနေ့တခြား များပြားလာကြ ပါစေဟု ဆုတောင်းလိုက်ရပါတော့သည်။
ဆိုပြီး တွေ့ရပါတယ်။
ဆရာပေါ်ဦးသက်နဲ့ ဆရာခင်ဝမ်းတို့ နှစ်ဦးစလုံးဟာ ကွယ်လွန်သွားခဲ့ကြပါပြီ။  ဒါပေမယ့် သူတို့ နှစ်ဦးရဲ့ ဖန်တီးခဲ့တဲ့ အနုပညာတွေဟာ ပန်းချီကားတွေ၊ သီချင်းတွေအဖြစ် ကျန်ရစ်ခဲ့ကြပါတယ်။
ပန်းချီဆရာမောင်ဒီကတော့ ဆရာပေါ်ဦးသက်နဲ့ရော၊ ကိုခင်ဝမ်းနဲ့ပါ ရင်းနှီးသူ ဖြစ်လေတော့ သူတို့ ကွယ်လွန်တဲ့အခါ ဆရာပေါ်ဦးသက်ကို “နတ်ပြည်ရောက် ပန်းချီဆရာ” လို့ ကင်ပွန်းတပ်ခဲ့ပြီး၊ ကိုခင်ဝမ်းကိုတော့ “ကိုယ်ပျောက်ဝိဇ္ဇာကြီး” လို့ သုံးနှုန်းခဲ့ပါတယ်။
ပိုမိုထူးခြားတာကတော့ သူတို့ရဲ့ အနုပညာတွေဟာ ခံစားတတ်သူတွေဆီ စိမ့်ဝင်သွားပြီး စုပ်မြို သွားတတ်ပါတယ်။ ပြီးတော့ တခြားအနုပညာ ပုံစံမျိုးစုံနဲ့ နောက်ထပ်မျိုးဆက်သစ်တွေလို အယောင်ဆောင်ပြီး မီဒီယာ မျိုးစုံထဲကနေ လောကကြီးတခုလုံးကို စောင့်ရှောက်နေတယ်လို့ ယုံကြည်မိပါရဲ့။
ထွန်းဝင်းငြိမ်း
(ပိတောက်ပွင့်သစ် စာပေအနုပညာ မဂ္ဂဇင်း၊ အမှတ် ၁၁၊ ဇန်နဝါရီ၊ ၂ဝဝ၇)
(ဤ ဆောင်းပါ အတွက် ဆောင်းပါးရှင် “ထွန်းဝင်းငြိမ်း”၊ မူရင်း ပုံနှိပ်ဖော်ပြခဲ့သည့် “ပိတောက်ပွင့်သစ် စာပေအနုပညာ မဂ္ဂဇင်း” တို့အား အထူးပင် ကျေးဇူးတင်ရှိကြောင်း မိုးမခ က မှတ်တမ်းတင်အပ်ပါသည်။)
မိုးမခ က တက်ဆက်ခဲ့ဖူးသည့် ခင်ဝမ်း အမှတ်တရ ဆောင်းပါးများ ဆက်စပ် ဖတ်ရန် –
၁။ တက္ကသိုလ်သူငယ်ချင်းခင်ဝမ်း ၊ ရေးသူ – မောင်ညီညွတ်
၂။ ကျွန်တော့်သူငယ်ချင်းကိုခင်ဝမ်း၊ ရေးသူ – ကိုရဲလွင် (မဇ္ဈိမလှိုင်း)
၃။ ကိုခင်ဝမ်း လွမ်းချင်း၊ ရေးသူ – ကိုနေ၀င်း (မဇ္စျိမလှိုင်း)
၎။ ခင်ဝမ်း — ဆန့်ကျင်ဘက်တို့ဆုံဆည်းရာ၊ ရေးသူ – မသိင်္ဂီ
၅။ “ခင်ဝမ်းအတွက်ကဗျာ” နှင့် “ဂန္တဝင်မမမျက်နှာဖုံးပန်းချီ အမှတ်တရ”၊ ရေးသူ – အောင်ချိမ့်


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Related posts

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:Uncategorized

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

Twitter: moemaka


%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ဒေါ်ခင်မျိုးချစ်၏ သတင်းစာလောက ထွက်ပါပြီ

By

ဒေါ်ခင်မျိုးချစ်၏ သတင်းစာလောက ထွက်ပါပြီ (မိုးမခ) သြဂုတ် ၂၄၊ ၂၀၁၈ စာရေးဆရာမကြီး ဒေါ်ခင်မျိုးချစ်...

Read more »

ဂီတအနုပညာရှင်ကြီး မာမာအေး စိန်ရတုမွေးနေ့ အမှတ်တရ မိုးမခစာအုပ်ထုတ်

By

ဂီတအနုပညာရှင်ကြီး မာမာအေး စိန်ရတုမွေးနေ့ အမှတ်တရ မိုးမခစာအုပ်ထုတ် (မိုးမခစာအုပ်စင်) သြဂုတ် ၁၇၊ ၂၀၁၈...

Read more »

မိုးမခ သြဂုတ်လ ၂၀၁၈၊ တွဲ ၅ မှတ် ၄ ထွက်ပြီ

By

မိုးမခ သြဂုတ်လ ၂၀၁၈၊ တွဲ ၅ မှတ် ၄ ထွက်ပြီ (မိုးမခ)...

Read more »

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ

By

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်