Law Eh Soe – ရိုက်ခတ်နေဆဲ ရွှေဝါရောင်လှိုင်းလုံးများ

February 8, 2012

ရိုက်ခတ်နေဆဲ ရွှေဝါရောင်လှိုင်းလုံးများ

လောအယ်စိုး၊ ဖေဖော်ဝါရီ ၈၊ ၂၀၁၂

သာမန်လူသားတဦးဖြစ်သော ကျနော်သည် ချစ်ခင်တတ်သော စိတ်ရှိသလို မုန်းလဲ မုန်းတတ်ပါသည်။ ကောင်းမှန်းသိပေမဲ့ ပြုလုပ်နိုင်ရန် ခက်ခဲသော ခွင့်လွှတ်တတ်ခြင်းကို လက်တွေ့ ကျင့်ဆောင်နိုင်ရန် ဘုရားရှင်ထံမှ ခွန်အားယူရပါသည်။

    အထက်ပါ စိတ်နေ သဘောထား နှစ်ခုအပြင် သာမန်လူသားဖြစ်သော ကျနော့်ထံ၌ မည်ကဲ့သို့မျှ ဟန်ဆောင်၍ မရနိုင်တော့သည့် ကြောက်ရွံစိတ်များ ၀င်ခဲ့သော အချိန်များလဲ ရှိခဲ့ပါသည်။ ထို ထိတ်လန့်ဘွယ်ရာ ကြုံဆုံခဲ့ရသော အဖြစ်အပျက်တခုကို ပြန်၍ မြင်ယောင်မိပါသည်။

    ၂၀၀၇ ခုနှစ် စက်တင်ဘာလ ၂၆ ရက် မနက်ပိုင်းနှင့် မွန်းလွဲပိုင်းတွေမှာ စစ်အစိုးရသည် ရန်ကုန်မြို့ ရွှေတိဂုံစေတီတော်၏ အရှေ့မုဒ်ဦးနှင့် ဆူးလေမီပွိုင့်တို့တွင် ရဟန်းနှင့်ကျောင်းသားပြည်သူတွေကို နံပါတ်ဒုတ်တွေနှင့်ရိုက် မျက်ရည်ယိုဗုံးတွေသုံး သေနတ်နဲ့ပစ်ခတ်နှိမ်နင်းခဲ့လို့ ရဟန်းတော်များ ပျံလွန်ပြီး လူတွေ သေကြေဒါဏ်ရာ ရခဲ့ကြပါတယ်။

    စက်တင်ဘာ ၂၆ ရက်နေ့ မွန်းလွဲပိုင်း ဆူးလေပတ်ဝန်းကျင်မှာ ရဟန်းသံဃာတော်တွေကို ရက်ရက်စက်စက် နှိမ်နင်းခဲ့တာတွေကို မြို့တော်ခန်းမပေါ်ကနေ အစအဆုံးမြင်တွေ့ ခဲ့ရသည်။ ကျောင်းနေဖက် အစိုးရ၀န်ထမ်း မိတ်ဆွေတဦးက

” ဒီကောင်တွေ လူမဆန်ဘူး ရက်စက်တယ် UN တပ် မြန်မာနိုင်ငံကို ၀င်ဖို့ သင့်ပြီ”

လို့ ကျနော့်ကို ၀မ်းနည်းခြင်းများဖြင့် မျက်ရည်ကျကာ ပြောပြခဲ့ပါတယ။် သူမသည် စည်ပင်သာယာ ၀န်ထမ်းတဦးပါ။

လွန်ခဲ့သော သုံးရက်တာကာလ ဗုဒ္ဓ၏သား ရဟန်းတော်များ ငြိမ်းချမ်းစွာ ရန်ကုန်မြို့ လမ်းမကြီးများပေါ် လမ်းလျှောက် ဆန္ဒပြတာတွေကို သတင်းမှတ်တမ်း ယူခဲ့လေတော့ စက်တင်ဘာလ ၂၆  ရက်နေ့ မနက်မှာ ထမင်းစားပြီး ကျနော်တယောက် အပြင်မထွက်နိုင်လောက်အောင်ကို ပင်ပမ်းခဲ့ပါတယ်။ လာကြိုမဲ့ကားကလဲ ကျနော် ရှောင်တိမ်းပြီး ပုန်းခိုနေသော နေရာကို ဒီနေ့မနက် မရောက်လာ လေတော့ စက်တင်ဘာလ ၂၆ ရက်နေ့ရဲ့ အဖြစ်အပျက်မှတ်တမ်းတွေကို တခုမှ ကျနော် မှတ်တမ်းမတင်နိုင်ခဲ့ပါဘူး။

ဒီသတင်းမှတ်တမ်း အဖြစ်အပျက်တွေ လွတ်သွားတာက ကံဆိုးခြင်းလား ဆိုတာကိုတော့ မိမိကိုယ်ကိုယ်တိုင် ဝေခွဲလို့ မရတော့ပါဘူး။ စက်တင်ဘာလ ၂၇ နေ့မှာတော့ မနက် ၁၀ နာရီခွဲ ကတည်းက အိမ်ကနေ ထွက်ဖြစ်ပါတယ် ပထမဦးဆုံး ဆူးလေဘက်ကို သွားကြည့်ခဲ့ပါတယ်။

             အလို….မနက် ၁၁ နာရီသာသာရှိသေးတယ် ဆူးလေ မီးပွိုင့်နဲ့ ဆူးလေ စေတီတော်အနီးဝန်းကျင်မှာ ဒုတ်ဒိုင်း သေနတ်တွေ ကိုယ်စီ ကိုင်ဆောင်ထားသော တပ်မတော်သားတွေနဲ့ လုံထိန်းတွေကို တွေ့မြင်ရပါတော့တယ်။

စစ်သားတွေက သူတို့တတွေရဲ့ လည်စည်းတွေကို အဖွဲ့လိုက် မတူအောင်စည်းထားတာကိုလည်း သတိထားမိပါတယ်။ တဖွဲ့က လည်စည်းအစိမ်း ကျန်အဖွဲ့ရဲ့ လည်စည်းတွေက အ၀ါရောင်တွေ။     လုံထိန်းတွေရဲ့ ဆောင်းထားသော သံခမောက်အရောင်တွေက မတူကြပါဘူး တချို့သော လုံထိန်းများက နက်ပြာရောင် သံခမောက်နဲ့ အချို့သော လုံထိန်းများက အနီရောင်ပတ်ထားသော သံခမောက်တွေနဲ့ အနီပတ်သံခမောက်ဆောင်းလုံထိန်းများ တို့သည် ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကို ရက် ရက်စက်စက်နှိမ်နင်းကြမဲ့ အထူးတပ်ဖွဲ့တွေပဲလားတော့ မသိ။

    ရယ်စရာလဲကောင်း အံ့သြဖို့လဲ ကောင်းတာက မွန်းလွဲပိုင်း ဆယ့်နှစ်နာရီကျော်ကျော်လောက်မှာ ဆူးလေပတ်ဝန်းကျင်တ၀ိုက် တစုံတခုဖြစ်လိမ့်နိုး သို့လော သို့လော ဆိုပြီး စုံစမ်းလာ လာကြည့်ကြသည့် လူများတို့သည် တဖြေးဖြေး အင်အား ပိုပိုများလာ ပါတော့သည်။ ဘယ်သူတွေကများ ဦးဆောင်ပြီး ဆန္ဒပြလေမလဲ ဆိုတာမျိုးပေါ့ လုံထိန်းနဲ့ စစ်သားတွေကို ကြည့်လိုက် လူထုပုရိသတ်တွေကလဲ တဦးကို တဦးကြည့်လိုက်နဲ့ အနော်ရထာလမ်းမကြီးဘက်နဲ့ ထရေးဒါးဟော်တယ်ကြီးရဲ့ အရှေ့ လမ်းမပေါ်ကိုကြည့်လိုက်ကြပြီး သာသနာ့အလံတွေ ကိုင်ဆောင်ပြီး ရဟန်းတော်ဘယ်နေရာကနေပေါ်လာတော့မလဲ ဆိုပြီး လက်ခုပ်သံတွေက လူထုပုရိသတ်ထံတွေကနေ မကြာ မကြာ ကြားနေရပါပြီ။

    လူတွေက ဂဏာမငြိမ်တော့ လုံခြုံရေးစစ်သား လုံထိန်းတွေကလဲ ဂဏာမငြိမ်နိုင် သူတို့တတွေရဲ့ မျက်နှာများပေါ်မှာလဲ စိုးရိမ်ကြောက်ရွံမှုတွေ ရှိနေတာကို အထင်းသားမြင်နေရပါတယ် လုံခြုံရေးစည်းသတ်မှတ်ထားတဲ့နေရာကို လူထုတွေ မြင်သာအောင် လုံထိန်းတွေက ပလတ်စတစ်ကြိုးအ၀ါ နဲ့ လမ်းမကြီးကို ပိတ်ပြီး ချည်နှောင်ထားတာကို တွေ့ရပါတယ်။

    သဘောကတော့ လူထုတွေနဲ့ သူတို့တတွေရဲ့ကြားမှာ စည်းခြားလိုက်ခြင်းပါပဲ။ အဲ့ဒီပလပ်စတစ်ကြိုးပါးပါးလေးတွေက ကျနော်တို့ တတွေ ခြင်ထောင်ထောင်တဲ့ အခါမှာ သုံးတတ်တဲ့ ပလပ်စတစ်ကြိုး အမျိုးအစားထဲကပါ။

    မနေ့တုန်းက လူထုတွေ သူတို့ကို ပစ်ပေါက်ထားသော ခဲ အုတ်ခဲ ကျောက် တွေလဲ ပြန့်ကျဲနေသည့် လမ်းမပေါ်ကနေ လုံထိန်းတွေက သူတို့တတွေရဲ့ လုံခြုံရေးစည်း အတွင်းဘက်ကို ပြန်ပြီး ပစ်သွင်းနေတာကိုလဲ မြင်တွေ့ရပါတယ်။

    ဒီကြားထဲ ရုတ်ရုတ်သဲသဲ နဲ့ အလန့်တကြား သုံးကြိမ်လောက် လူအုပ်စုကြီးထဲမှာ

“လုံထိန်းတွေ ပစ်ပြီဟ ဖမ်းပြီဟ ”

ဆိုပြီး ပြေးကြတာလဲရှိပါသေးတယ် ကျနော်လဲ သုံးကြိမ်စလုံး လူအုပ်စုကြီး နဲ့ အတူ စိုးရိမ်စိတ်နဲ့လိုက်ပြေးခဲ့ပါတယ်။
အဲ…ဒီလိုနဲ့ ဆယ်နှစ်နာရီခွဲ ပတ်ဝန်းကျင်လောက်မှာ (အချိန်က အနီးစပ်ဆုံး ခန့်မှန်းခြင်းပါ) လူထု ပရိသတ်ကြားထဲကနေပြီး လူ ဆယ်ငါးယောက်ခန့် အရှေ့ကို လုပ်ခုပ်တွေတီးပြီး ထွက်ခဲ့ကြတာကိုတွေ့ ရပါတော့တယ်။ အမျိုးသမီးငယ်လေးတွေလဲ ပါဝင်ပါတယ်။

 “ထွက်ခဲ့ကြ မကြောက်နဲ့ဟေ့”

ဆိုပြီးတော့ လုံခြုံရေး စစ်သားတွေ လုံထိန်းတွေရဲ့ ရှေ့တည့်တည့်မှာ ငြိမ်သက်စွာနဲ့ ထိုင်လိုက်ကြပါတယ်။ အဲ့ဒီမြင်ကွင်းကို အံ့သြခြင်းဖြင့်ကြည့်နေကြသော လူထု ပရိသတ်တွေကလဲ လက်ခုပ်တွေ တဖြောင်းဖြောင်းတီးကြပြီး တခဲနက်ကို အားပေးကြပါတော့တယ်။ မကြာပါဘူး စက္ကန့် မီးနစ်ပိုင်း အတွင်း မှာပင် ဒီလက်ခုပ်တီးပြီး အားပေးကုန်သော ပရိသတ်ကြီးလဲ ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေ အားလုံး ဖြစ်သွားကြပါတော့တယ်။
” မေတ္တာအစွမ်း ကမ္ဘာလွှမ်း ငြိမ်းချမ်းကြပါစေ ”

ဆိုသော သံပြိုင် မေတ္တာတေးကို လူထုကြီးမှ ညီညာငြိမ်းချမ်းစွာ ရွတ်ဆိုကြပြီး ၄င်းတို့ရဲ့ လက်ခုပ်သံ စည်းချက်တွေက ကျယ်သထက် ကျယ်လာပါတော့သည်။

ထိုအချိန်၌ ရဟန်းသုံးပါးက လူထုကြီးရဲ့ အရှေ့ကို ထွက်ကာ လုံခြုံရေးစစ်သား လုံထိန်းတွေရဲ့ မျက်နှာခြင်းဆိုင်မှာ တင်ပုလ္လင်ခွေထိုင်လိုက်ပြီး မေတ္တာတရား ဓမ္မသံပြိုင်တွေကို ရွတ်ဆိုနေတာ ကို မြင်လိုက်ရပြန်ပါတယ်။

    ရဟန်းတပါးကတော့ ရွှေရောင်ဝင်းတောက်နေသည့် ဗုဒ္ဓ ဆင်းတုတော် တဆူကို ရင်ဝယ်ပိုက်ထားသည် ရဟန်းတော် သုံးပါးနဲ့ လူထုတွေရဲ့ မျက်နှာခြင်းဆိုင်ရှေ့တည့်တည့်က လုံခြုံရေး တပ်မတော်သားတွေနဲ့ အထိကရုန်း နှိပ်နင်းရေး ရဲတွေကလဲ တုတ်တုတ်မျှ မလှုပ်ပဲ အခြေအနေနဲ့ အမိန့်ကို စောင့်နေသော ပုံပါ။

” လူအခြင်းခြင်း နှိပ်စက်ခြင်း ကင်းဝေးကြပါစေ “

” မေတ္တာ အစွမ်း ကမ္ဘာလွှမ်း ငြိမ်းချမ်းကြပါစေ ”

ဆိုသည့် သံပြိုင်က လူထုပုရိတ်သတ်ကြီး၏ ရင်ထဲမှ လှိုက်လှိုက်လှဲလှဲ ရွတ်ဆိုနေသော အသံက ပို၍ ပို၍ ကျယ်လောင်လာသလို။ မည်သူတဦးတယောက်က စပြီး ဦးဆောင်လိုက်သလဲ မသိရသော

 ” ဒို့အရေး ဒို့အရေး ”

ဆိုသော ကြွေးကြော်သံတွေကပါ မေတ္တာသံပြိုင်နှင့် ရော၍ ကျယ်လောင်စွာ ထွက်ပေါ်လာပါတော့သည်။

   အဖြူရောင် ခွပ်ဒေါင်း အရုပ်ပါရှိသည့် အနီရောင် ခေါင်းပတ်နှင့် လူငယ်နှစ်ဦးက လူထုကြီးအား စည်းကမ်းတကျ ရှိအောင် လိုက်လံ သတိပေးနေတာကိုတွေ့ရပါတယ်။ ၄င်းလူငယ်နှစ်ဦးစလုံးသည် အဖြုရောင် အင်္ကျီကို ၀တ်ဆင်ထားကြပြီး အသက်က နှစ်ဆယ်ငါးနှစ်ခန့် အရွယ်တွေဖြစ်ကြပြီး ငြိမ်သက်စွာ ထိုင်နေကြသော ရဟန်းသုံးပါး၏ အရှေ့တွင် ဖယောင်းတိုင် ငါးတိုင်ကို လူငယ်တဦးက အရှေ့ထွက်ပြီး စိုက်ထူထွန်းညှိလိုက်ပါသည်။

    ထို့အပြင် လူထုပုရိသတ်ထဲမှ တဦးက လူအများမြင်သာအောင် ကျပ်တထောင်တန် အထပ်လိုက် တထုပ်ကို ရဟန်းတော်များအား လှူမည့်ဟန်လုပ်ပြန်တော့ လူထုပုရိသတ်ကြီးက ၀ိုင်းပြီး ကန့်ကွက်တားမြစ်ကြပါတယ်။
ထိုပုဂ္ဂိုလ်အား နောင်မှ ကျနော်စဉ်းစားမိသောအခါ စွမ်းအားရှင် အုပ်စုထဲမှ လူတွေပဲဟု အတပ်သိလိုက်ပါတော့သည် အဘယ့်ကြောင့်ဆိုသော် မနေ့ည မြန်မာ့အသံမှ ဆန္ဒပြရဟန်းများ ရန်ကုန်မြို့ ရပ်ကွက်အချို့တွင် ငွေကြေးများ အဓမ္မကောက်ခံနေသည်ဟူသော သတင်းကြေငြာချက်ကို  ကြေငြာခဲ့သည် မဟုတ်ပါလော။

    မျက်နှာထားတင်းတင်းဖြင့် မောင်းပြန်သေနတ်များကို ကိုင်ဆောင်ထားကြသော လုံထိန်းနှင့် တပ်မတော်သားများ၏ အကာအကွယ်ကို ယူ၍ အစိုးရထောက်လှမ်းရေးနှစ်ဦးကလဲ ဒစ်ဂျစ်တယ် ကင်မရာဖြင့် လူထုကြီးအား ဓါတ်ပုံတွေ အဆက်မပြတ်ရိုက်နေတာကိုလဲ သတိထားမိလိုက်သည်။

ငြိမ်းချမ်းစွာ ဓမ္မသံပြိုင်များရွတ်ဆိုပြီး ငြိမ်သက်စွာထိုင်ကာ ဆန္ဒပြနေကြသည့် လူထုကြီးထဲမှ လူငယ်တ ယောက်သည် မတ်တပ်ရပ်လိုက်ကာ ကျနော့်ထံ အရောက်လာပြီး

” အစ်ကိုရဲ့ ကင်မရာပြောင်းရှည်ရှည်နဲ့ ဟိုကောင်တွေရဲ့ ပုံကို ရအောင်ရိုက်ပေးပါ ”

လို့ လာပြီး အကူအညီတောင်းတာလဲ ကြုံရပြန်သေးသည်။

    အဘယ့်ကြောင့်ဆိုသော် ထိုလူငယ်သည် ၄င်းတို့အား လှမ်းပြီး ဓါတ်ပုံရိုက်နေသော ထောက်လှမ်းရေး နှစ်ဦးအား အလွန်အမင်း ဒေါသ ထွက်နေပုံရပါသည်။

    မွန်းလွဲတနာရီခန့် မေတ္တာ ဓမ္မသံပြိုင်ကို ရွတ်ဆိုပြီး ငြိမ်းချမ်းစွာ ထိုင်၍ ဆန္ဒပြနေသော လူထုပုရိသတ်ကြီးသည် ရုတ်ရုတ်သဲသဲ ဖြစ်သွားကြပြီး ၄င်းတို့ ၏ မျက်လုံးများ အနော်ရထာလမ်းမကြီး၏ ညာဘက်ကို တူရှု၍ ကြည့်နေတာကို မြင်လိုက်ပါတယ်။ ကျနော်လဲ ၄င်းတို့ ကြည့်ရှု့နေကြသည့်ဘက်ကို ကြည့်လိုက်တော့ ခွပ်ဒေါင်း အလံ နှစ်စုံကို လွှင့်ထူ၍ လူအုပ်စုကြီးဘက်ကို ချီတက်လာနေကြသည့် လူအုပ်စုငယ်အား မြင်လိုက်ရပြန်သည် လူထု ပုရိသတ်ကြီးကလဲ လက်ခုပ်များ အားပါးတရ တီးကာ ဂုဏ်ပြု အားပေးနေကြပါသည်။

    ခွပ်ဒေါင်း အလံတော်ကို ကိုင်ပြီး လူထုကြီးဘက်ကို ချီတက်လာသည့် အုပ်စုဘက်ကို ကျနော် အပြေးရောက်သွားတော့ အလံကိုင် လူငယ်နှစ်ဦးနှင့်အတူ ရဟန်းပျိုလေးပါးကို တွေ့လိုက်ပါတယ်။ ၄င်းတို့၏နောက်မှ လူငယ် လူရွယ် လူကြီး စုစုပေါင်း အယောက်နှစ်ဆယ်ခန့် ချီတက်လိုက်ပါလာခြင်းပါ။

လူထုပုရိသတ်ထုကြီး၏ အနောက်ဘက်ကို ကျနော်ဓါတ်ပုံ သွားရိုက်တော့ ထူးထူးဆန်းဆန်း ပုဂ္ဂိုလ်တဦးကို သတိပြုမိပါတယ် မျက်စေ့ အစုံကိုမှိတ်ပြီး တည်ငြိမ်စွာဖြင့် တရားရှု့မှတ်နေသော ပုဂ္ဂိုလ်ပါ အဆိုပါ ပုဂ္ဂိုလ်သည် မဇျွိမလှိုင်း ဂီတအဖွဲ့မှ တေးရေး ဘေ့စ် ဂီတ သမားကြီး ကိုရဲလွင်ပါပဲ။

    သူသည်လည်း ငြိမ်းချမ်းငြိမ်သက်စွာ ထိုင်လျှက် ဆန္ဒပြနေကြသည့် လူထုထဲမှ လူထု၏ ဂီတသမားတယောက်ပင် မဟုတ်ပါလား။ ဂုဏ်ပြုထိုက်သော သူတဦးပါ။

ရဟန်းများနှင့် လူထုကြီး၏ မေတ္တာသံပြိုင်တေးကို အတူရွတ်ဆိုပြီး မျက်ဝန်း နှစ်စုံတွင်း မျက်ရည်များလျှံကာ ပါးပြင်တွင် စီးဆင်း လျှက် တိတ်ဆိပ်စွာ ငိုကြွေးနေသော အမျိုးသားကြီးတဦး၏ ခံစားချက်ကို ကျနော် မှတ်တမ်းတင်နိုင်ခဲ့ပါသည်။ အဆိုပါ ပုဂ္ဂိုလ်သည် အသက်အရွယ်အားဖြင့် အသက်  ငါးဆယ်ကျော်ခန့်။ ၄င်း၏ ခံစားချက်က ကျနော့်ကိုလဲ တဖန်ကူးစက်ကာ ဖေါ်ပြ၍ မစွမ်းနိုင်သော ၀မ်းနည်းခြင်း တမျိုးကို ခံစားမိခဲ့သည်။

ဓါတ်ပုံတွေကို ရိုက်နေရင်း လုံထိန်းတွေနဲ့ တပ်မတော်သားတွေ ဘက်ကို ပြန်ပြီးကြည့်လိုက်တော့ ကိုယ်တော်ချောတွေက ကတ္တရာလမ်းမပေါ်မှာ ယောက်ကျားထိုင် ဆောင့်ကြောင့်ကလေး ထိုင်ပြီး အေး အေးဆေးဆေး ပုံစံနဲ့ တွေ့ရပါတယ်။

   ကျနော့်ရဲ့ စိတ်ထဲမှာလဲ

” အော်..စစ်အစိုးရရဲ့ ပဉ္စမံ လက်နက်ကိုင်တွေလဲ ငြိမ်းချမ်းစွာ ဆန္ဒပြနေကြကုန်သော လူထု၏ မေတ္တာသံပြိုင်တေးကြောင့် မေတ္တာဓါတ်သက် ကူးစက်ကာ ငြိမ်သက်သွားပြီလား” လို့ကို ထင်မိခဲ့တာပါ။

၎င်းလက်နက်ကိုင်တို့၏ ဓါတ်ပုံများကိုတော့ အဝေးကပဲ ကျနော် လှမ်း ရိုက်ခဲ့တာပါ။ ဂျပန်အမျိုးသား သတင်းထောက်တဦးနှင့် အနောက်နိုင်ငံသား ဓါတ်ပုံ ဆရာ နှစ်ယောက်တို့ကတော့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေကို အနီးကပ် ဓါတ်ပုံတွေ ရိုက်နေကြပါတယ်။

    ဆန္ဒပြလူအုပ်စုကြီးထဲမှ ခွပ်ဒေါင်း အမှတ်အသား ခေါင်းစည်း စီးထားသည့် လူငယ်တဦးကလဲ ၄င်း၏ ဒစ်ဂျစ်တယ် ကင်မရာဖြင့် လုံခြုံရေး အဖွဲ့ဝင်တွေကို ရဲရဲတင်းတင်း ပြန်လည်၍ ဓါတ်ပုံရိုက်နေပါတယ်။

လူထုပရိသတ်ကြီးရဲ့ အထဲမှာတော့ မေတ္တာသံပြိုင်တွေရယ် ဒီမိုကရေစီရရှိရေး ” ဒို့အရေး ဒို့အရေး ” ကြွေးကြော်နေသော ကြွေးကြော်သံတွေလဲ ရောထွေးလို့ နေပါပြီ။

ကျနော်လဲ မိမိသတင်း ဓါတ်ပုံရိုက်နေသည့် လူထု ပရိသတ်ကြီးရှိရာ ဆူးလေမီးပွိုင့်ဘက်မှ အနော်ရထာလမ်းမကြီးရဲ့ ဘယ်ဘက် အခြမ်းကို ကြည့်လိုက်တော့

” ဟိုက်..”

လုံထိန်းတွေ စစ်ကားကြီး သုံးစီး အပြည့် ကျနော်တို့ တည်ရှိရာဘက်ကို လမ်းကို ပိတ်၍ လာနေတာကို အလန့်တကြား မြင်လိုက်ရပါတော့တယ်။

    သထ္ထုဒိုင်း နံပါတ်ဒုတ် သေနတ်တွေကို ကိုင်ဆောင်ထားကြသည့် လုံထိန်းတွေက အရှေ့ စစ်သားတွေက အနောက် ပြီးတော့ စစ်ကားကြီးတွေ ရှေးမြန်မာ ပန်းချီကားတွေထဲကလို စစ်မြေပြင်သုံး ဆင်တွေကို ခြံရံပြီး ချီတက်နေသော ခြေလျှင် စစ်သည်တွေရဲ့ ပုံ အလား။ သမိုင်းထဲက မြန်မာစစ်သည်တွေက ကျူးကျော်သူတွေကို ချီတက်တိုက်ခိုက်ဘို့ အတွက် ဤ ကဲ့သို့ ချီတက်ကြပေမယ့် ဒီလုံထိန်းတွေနဲ့ စစ်သားတွေကတော့ ငြိမ်းချမ်းစွာ ဆန္ဒပြနေကြသော လူထုများကို ရက်ရက်စက်စက် ရိုက်နက် ပစ်ခတ်ဘို့အတွက် ဦးတည်ပြီး ချီတက်ကာ လာနေခြင်းပါ။

   မြန်မာ့ ခေတ်သစ်သမိုင်းမှာ လွန်စွာ ရှက်စရာကောင်းလှသည့် အမင်္ဂလာအမှု့တခုကို နအဖ အစိုးရသည် ဒုတိယနေ့ အဖြစ် ရက်စက်စွာ ကျူးလွန်တော့မည်ဟု ကျနော် သိလိုက်ပါသည်။

မိမိက ဤကဲ့သို့ စိတ်ပူကာ တွေးထင်မိပေမဲ့ ငြိမ်းချမ်းစွာ ထိုင်ပြီး ဆန္ဒပြနေကြသော လူထုကြီးမှ တကယ့်ကိုပင် စိုးရိမ်စိတ် ၀င်လာပုံ မပေါ်ပါဘူး။ တဖက်ကလဲ ဒီလိုမျိုး ဓမ္မမေတ္တာ အစွမ်းဖြင့် တည်ငြိမ် အေးချမ်းစွာ ဆန္ဒပြနေခြင်းကို နအဖ အစိုးရမှ ရိုင်းရိုင်းစိုင်းစိုင်း တုန့်ပြန်လိမ့်မယ်လို့ မထင်မိခြင်းပါ၊ သဘာဝလည်း ကျပါတယ်။

    ဒီကြားထဲ လူထု ပုရိသတ်ကြီးထဲမှ တဦးက ကျနော့်ကို တော်ဝင် ကုန်းကျော်တံတားဘက်ကို လက်ညိုးထိုးပြပြီး

” အကို..မစ္စတာ ဂမ်ဘာရီ ဟို..တံတားပေါ်ကနေ ကြည့်နေတယ်”

ဆိုပြီး သတိပေးပြောဆိုသူက ရှိပါသေးတယ်။

    ကျနော်က

“ဟာ မစ္စတာဂမ်ဘာရီ က ဘယ်လိုလုပ်ပြီး ဒီကုန်းကျော်တံတားကို ရောက်ရမှာလဲ။  သူ ဗမာပြည်ကိုတောင် မရောက်သေးဘူး”

လို့ ပြန်ပြောမိလိုက်ပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှုးရဲ့ အထူး ကိုယ်စားလှယ် မစ္စတာ ဂမ်ဘာရီ တယောက် မြန်မာနိုင်ငံကို ဒီရက်ပိုင်း အတွင်းရောက်လာမယ် လို့ ရေဒီယို သတင်းတွေမှာ ကြေငြာထားတော့ လူတွေကလဲ ဒီ ရန်ကုန်မြို့ရဲ့ အဖြစ်အပျက်တွေကို မစ္စတာဂမ်ဘာရီ ကိုယ်တိုင် လိုက်လံပြီး ကြည့်ရှု့မယ်လို့ ထင်ထားပုံရပါတယ်။

   ကျနော်လဲ စိုးရိမ်စိတ်ကလေးက ရှိပေမဲ့ ဒီလုံထိန်းတွေနဲ့ စစ်သားတွေက လူအုပ်ကြီးကို ဖြိုခွဲသောအခါမှာ ကြိုတင်ပြီး ဆယ်မီနစ်လောက် လော်စပီကာနဲ့ အော်ပြောလိမ့်မယ်လို့ ယုံကြည်မိလိုက်ပါတယ်။ ကျနော့်ရဲ့ ကျောပိုးအိပ်ကို ကူညီသယ်ပေးသော လူငယ်လေးက မျက်စပစ်ပြီး ၄င်းထိုင်နေသည့် ဘက်ကို နေရာပြောင်း ရပ်နေဖို့ အချက်ပြပါတယ်။
အဆိုပါ ကျနော့်၏ မိတ်ဆွေ လူငယ်ထိုင်နေသော နေရာသည် လုံထိန်းနှင့် လုံခြုံရေး စစ်သားများက  သေနတ်များဖြင့် ပစ်ခတ်ပါက ကျည်လမ်းကြောင်း တည့်တည့်တွင် မရှိပဲ ဘေးတွင် ရှိနေခြင်းကြောင့်ပါ။

ဒါကြောင့် ကျနော်လည်း မိတ်ဆွေ လူငယ်လေး ထိုင်နေသည့် ဘက်ကို လက်အုပ်ချီ ဒူးထောက်၍ ထိုင် နေကြသော လူများကို ဖြတ်ပြီး လာခဲ့ပါတယ်။

 ပြီးတော့ တစ်ခါ ၄င်း၏ ကျောဘက်က မီးစက်အပေါ်ကို တက်ပြီး ဓါတ်ပုံရိုက်ရင် ကောင်းမလားလို့ စဉ်းစားမိပြီး မီးစက်ကြီးအပေါ်ကို တက်ဖို့အလုပ်

” ဒိုင်း.. ဒိုင်း…ဖေါင်း..ဖေါင်း..”

ဆိုသော သေနတ်သံတွေကို ဆက်တိုက် ဆက်တိုက် ကြားလိုက်ရပါတယ်။

ကျနော်ရပ်နေသော မီးစက်ကြီး၏ ညာဘက် ငါးပေခန့် အကွာကို ကြည့်လိုက်တော့ မီးခိုးလုံးကြီးနှင့် လူများ ၀ရုန်းသုန်းကား ပြေးလွှားနေတာကို သာ မြင်လိုက်ရပါတော့တယ်။

    လွန်စွာ ရိုင်းပြ၍ လူမဆန်သော စစ်အစိုးရ၏ တုန့်ပြန်မှု ပါပဲ။ မည်သည့် ကြိုတင် သတိပေးခြင်း မရှိပါပဲနှင့် လုံထိန်းများနှင့် နအဖ၏ ပဉ္စမံတပ်သားတို့သည် ငြိမ်းချမ်းစွာ ဆန္ဒပြနေကြသော လူအုပ်စုကြီးကို သေနတ်ဖြင့် ပစ်ခတ်ကာ ဖြိုခွင်းလိုက်လေခြင်းပါ။

    ” ပြေး ပြေး ဒီကောင်တွေ ပစ်ပြီဟ”

ဟု ပြေးလွှားနေကြသော သူများတို့သည် အော်ဟစ်ကြပြီး မိမိ၏ အသက်ဘေး နှင့် လွတ်မြောက်မှုတို့အတွက် ခြေဦးတည့်ရာ ပြေးကြရရှာသည်။

အနော်ရထာ  လမ်းမကြီးရဲ့ ဘယ်ဘက်ကို လုံထိန်းတွေက သူတို့ရဲ့ စစ်ကားကြီးတွေနဲ့ ပိတ်လိုက်ပြီး ငြိမ်းချမ်းစွာ ဆန္ဒပြနေသူတွေကို ဖမ်းဘို့ ၄င်းတို့ရဲ့ သထ္ထုဒိုင်းလွှားတွေကို အကာအကွယ်ယူပြီး ပြေးလာနေတာကို တွေ့ရပါတယ်။

လုံထိန်းတွေနဲ့ စစ်သားတွေက ပြေးလွှားနေသော လူထုဘက်ကို ညာသံပေးပြီး အပြေးလာနေခြင်းပါ။

    ရုပ်ရှင်ထဲမှာ သတင်းထောက်တွေက ဒီလို ကမောက်ကမ ရုန်းရင်းဆန်ခတ်တွေ ဖြစ်နေတဲ့အချိန်မှာ အလုအယက် ဓါတ်ပုံရိုက်ဖို့ ကြိုးစားကြပေမဲ့ ကျနော့်အတွက်တော့ ဘယ်လိုမှ ဒီအချိန်မှာ မဖြစ်လာပါဘူး။ လွယ်ထားသော ကင်မရာ နှစ်လုံးကို လုံထိန်းတွေ မမြင်ခင် အမြန်ဆုံး ကျောပိုးအိပ်ထဲ ထည့်ပြီး မိမိလွတ်မယ်ထင်သော လမ်းကိုသာ အမြန်ဆုံးဖြတ်ပြီး ပြေးခဲ့ရတာပါ။

    လူတွေက အနော်ရထာလမ်းမ ပေါ်ကနေ ဘေးလမ်းကြားတွေထဲ ပြေးဝင်ကြတော့ ကျနော်လည်း ဘားလမ်းထဲကို ပြေးဝင်လိုက်ပါတယ်။

 မြို့တော်ခန်းမရဲ့ဘေး ဘားလမ်းထိပ်ကိုလဲ သံဆူးကြိုးတွေနဲ့ ပိတ်ထားတာကို တွေ့ရပြန်ပါတယ်။ တိုက်ခန်းတွေပေါ်တက်မဲ့ လှေခါးရင်းမှာ သောခတ်ဘို့ ပြင်ဆင်နေသော အမျိုးသားတဦးကို မေတ္တာရပ်ခံပြီး ကျနော် တိုက်ခန်း နှစ်လုံးရဲ့ကြားကို အမြန်ဆုံး ၀င်လိုက်ပါတယ်။ ကျနော်လဲ လှေခါးပေါ်ကို ရောက်တာနဲ့ အဲ့ဒီအမျိုးသားကြီးလဲ တခါထဲ သောခတ်လိုက်ပါတော့တယ်။

    အောက်ခြေလှေခါးရင်းက သောခတ်ထားသော ဒီတိုက်ခန်းနှစ်ခုရဲ့ ကြား လှေခါးထစ်တွေမှာ ကျနော့်လိုပဲ လွတ်ရာ လွတ်ကြောင်း ထွက်ပြေးလာသူ ခုနှစ်ဦးခန့် ရှိပါတယ်။

” ခွေးတွေ..ခွေးတွေ..။ ဒီကောင်တွေ အတော့ကို မိုက်ရိုင်းတဲ့ ကောင်တွေ”

လို့ ပြောသံတွေလဲ ကြားရပါတယ်။ အားလုံးလဲ  မောပမ်းလို့ အသက်ကို အလုအယက်ရှုနေကြပြီး ကြောက်ရွံသော စိတ်ကလည်း ကျနော်အပါအ၀င် အယောက်တိုင်းမှာ လွှမ်းမိုးနေပါတော့တယ်။

    အနော်ရထာ လမ်းမပေါ်ကို လှမ်းကြည့်လိုက်တော့ လုံထိန်း စစ်သားတွေနဲ့ စစ်ကားကြီးတွေ လမ်းမ အပြည့် နေရာယူလိုက်ပါပြီ။ ဒုတ် သေနတ် လေးခွတွေ ကိုင်ဆောင်ထားကြသော လုံထိန်း စစ်သားတွေက ဟန်ရေးတကြွကြွ လုံးထိန်းတော်တော်များများရဲ့ မျက်နှာတွေကို ၄င်းတို့ရဲ့ လည်စီးတွေနဲ့ အများမမှတ်မိနိုင်အောင် အုပ်စည်းထားတာကို တွေ့ရပါတယ်။

    ကျနော့်လိုပဲ တိုက်ခန်းလှေခါး နှစ်ခုရဲ့ကြားတက်ပြီး ပုန်းခိုနေသော သူတွေထဲမှာ ရဟန်းပျိုတပါးကိုလဲ တွေ့လိုက်ရပါတယ်။ ဒီကိုယ်တော်ခမျာ အတော့်ကို ကြောက်ရွံနေရှာပါတယ်။

ကျနော့်ကိုလဲ

” ဒကာလေး..လူအ၀တ်ပို တစ်စုံလောက်မပါဘူးလား ”

လို့ မေးလာတော့ ကျနော်လည်း

” မပါဘူး ကိုယ်တော်လို့ ”

ပြောရင်း အောက်က လုံထိမ်းတွေနဲ့ စစ်သားတွေရဲ့ အခြေအနေကို အကဲခတ်ရပါတယ်။

    နာရီဝက်လောက်ကြာတော့ လုံထိန်းတွေက လူတွေကို အနော်ရထာလမ်းမကြီးကို ဖြတ်သန်းဖို့ခွင့်ပေးထားတာကို မြင်လိုက်ရပါတယ်။ အဲဒီအခါကျတော့ ပုန်းနေကြသော လူတွေလဲ တိုက်ခန်း လှေခါးတွေရဲ့ကြားအပြင်သို့ ထွက်လာပြီး အနော်ရထာ လမ်းမပေါ်သို့ စိုးရိမ်စိတ်တွေနဲ့ ဖြတ်သန်းကြီး ကျွတ်ရာလွတ်ရာ အမြန်ဆုံးထွက်သွားကြပါတော့တယ်။

   ကျနော်ကတော့ အောက်ကို ဆင်းလို့ မဖြစ်သေးပါဘူး ဘာကြောင့်လဲဆိုတော့ ကျနော့်ကို မှတ်မိနေသော စွမ်းအားရှင်အုပ်စုထဲက လူတွေ လုံထိန်းနဲ့ စစ်ထောက်လှမ်းရေးတွေက ဒီလိုအချိန်မှာ လူကိုဖမ်းပြီး ကင်မရာကိုပါ သိမ်းနိုင်တယ် မဟုတ်ပါလား ဒါ့ကြောင့် ခေတ္တပုန်းခိုနေသော နေရာမှ လမ်းမပေါ်ကို မဆင်းသေးပဲ လုံထိန်း စစ်သားတွေရဲ့ အနေအထားကို လှေကားထစ်ပေါ်ကနေ စိုးရွံ စိတ်တွေနဲ့ အကဲခတ်နေရပါတယ်။
အလယ်တိုက်လှေခါးတွေရဲ့ နှစ်ဘက်သော တိုက်ခန်းတွေကို တံခါးခေါက် လျှပ်စစ်ခေါင်းလောင်းတွေ တီးပေမဲ့ အဘယ်မည်သော အိမ်ရှင် တဦးတယောက်ကမှ ကြောက်လို့ တံခါးဖွင့်ပေးခြင်း မရှိပါဘူး။

    ဒီနေရာမှာ ငါဘယ်အချိန်ထိ နေရမှာလဲ ညဘက်ကို ကူးသွားရင် ဒီနေရာကနေ ငါဘယ်လို ထွက်မလဲ … သို့လော သို့လော အတွေးများကို တွေးမိပြီး စိုးရိမ်စိတ်က ကဲလာပါတယ်။ ဘုရားရှင်ကိုလဲ ဒီအခက်အခဲကနေ ကယ်မဖို့အတွက် ဆုတောင်းပါတယ်။

    ကျနော်နဲ့ အတူ တိုက်ခန်းကျဉ်းရဲ့ လှေခါးထက်မှာ အတူကျန်ရစ်ခဲ့သော ရဟန်းပျို ကိုယ်တော် လေးကလဲ

” ဒကာလေး ဦးဇင်းကို တပါးထဲ ချန်မထားခဲ့ပါနဲ့ ”

လို့ မေတ္တာရပ်ခံသံကို ကြားတော့

“စိတ်ချ ကိုယ်တော် တပည့်တော် ကိုယ်တော်ကို တပါးထဲ မချန်ခဲ့ပါဘူး ”

လို့ ကတိပေးလိုက်ပါတယ်။

    ရဟန်းပျို ကိုယ်တော်လေးနဲ့ ကျနော် ပုန်းခိုနေသော လှေကားထစ်ကနေ အခြေအနေကို သိရအောင် မြေညီထပ်အနားထိ ဆင်းကြည့်တော့ တစ်စုံတယောက်က တိုက်ခန်းတွေရဲ့ အောက်ခြေ လှေ
ခါးအ၀ သံတံခါးကို သော့ခတ်လိုက်ပါပြီ။

   အပြင်ဘက်မှာ လမ်းလျှောက်နေသော အမျိုးသားကြီးတယောက်ကို တွေ့ပြီး အခြေအနေမေး ကြည့်တော့

” တံခါးကို သော့ခတ်လိုက်တဲ့ သူ အခုပဲအပြင်ထွက်သွားတယ် ခဏနေပြန်လာမှာပါလို့ “

ပြောပါတယ်။
လူတွေ အနော်ရထာ လမ်းမကြီးပေါ် များလာရင် ကျနော်လဲ အပြင်ထွက်တော့မယ် ဒါပေမဲ့ သော့ခတ်သွားသော ပုဂ္ဂိုလ်ကို ဘယ်အချိန်ထိ စောင့်ရမှာလဲ မသိလို့ စိတ်ထဲမှာ တွေးမိလိုက်ပါတယ်။ အခြေအနေ အကျိုးအကြောင်း ပြောပြဖို့ ရဟန်းပျို ကိုယ်တော်လေး ပုန်းခိုနေသော စတုတ္ထအထပ်ရှိ လှေခါးရင်းကို ပြေးပြီးတက်လာကာ

” ကိုယ်တော် ကိုယ်တော်”

လို့ အော်ခေါ်လိုက်ပါတယ်။

ပြန်ပြီး ထူးသံလဲ မကြား ကိုယ်တော်လေးကိုလဲ မတွေ့ရတော့ ကျနော်လဲ ဇဝေဇ၀ါဖြစ်သွားပါတော့တယ်။
အဲ့ဒီအချိန် ဘေးက တိုက်ခန်းတံခါးလေး ဟ လာပြီး အမျိုးသမီးငယ်တဦးရဲ့ မျက်နှာပေါ်လာ
ပါတယ်။ ထိုအမျိုးသမီးငယ်က ကျနော့်အား

“ဘယ်သူ့ကို ရှာတာလဲ”

ဟု မေးတော့ ကျနော်က ဦးဇင်းကို ရှာတာဟု ပြောလိုက်သည်။

သူမက

“ဘယ် ဦးဇင်းမှ မရှိဘူး”

လို့ ဖြေပါတယ်။ ပြီးတော့လဲ သူမရဲ့ အခန်း အတွင်းဘက်ကို ခေါင်းလှည့်ပြီး ကြည့်လိုက်ပါတယ်။

” ဒကာလေး ဦးဇင်း အဆင်ပြေပြီ ”

လို့ လှမ်းပြီး ပြောသော စကားသံကို တိုက်ခန်းထဲက ကြားတော့မှ အမျိုးသမီးငယ်က တိုက်ခန်းတခါးကို ပိုပြီး ဟ ကာဖွင့်လိုက်ပါတယ် ပြီးတော့ အခန်းတွင်းက ဦးဇင်းကိုလဲ ဒီလူကို သိလား ဆိုသော မျက်နှာအနေ အထားလေး အရိပ်အကဲ ပြလိုက်တာကို တွေ့လိုက်ရပါတယ်။

“ကဲကဲ မြန်မြန်ဝင် ”

ဟု အမျိုးသမီးငယ် က ခွင့်ပြုတော့မှ ကျနော်လည်း တိုက်ခန်းထဲကို အမြန်ဆုံး ၀င်လိုက်သည်။

“ဟိုက်..”

ကျနော့် ရဟန်းပျို ကိုယ်တော်လေးသည် အမှန်ပင် အဆင်ပြေသွားပါပြီ။  စိုးရိမ်မှု အရိပ်လွှမ်းနေသော အပြုံးဖြင့် ကျနော့်ကို နှုတ်ဆက်ရှာသည်။ ရဟန်းပျို ကိုယ်တော်လေးသည် စပို့ရှပ်နှင့် ဘောင်းဘီ မရှည်မတိုစားကို ၀တ်ထားပြီး ပက်လက်ကုလားထိုင်ပေါ်တွင် ထိုင်၍နေပြီး အိမ်ရှင် များက ကြမ်းခင်းပေါ်တွင် ထိုင်၍ ကျနော့်ကို အံ့သြသော ကူညီချင်စိတ်ကဲသော မျက်လုံးများဖြင့် ၀ိုင်း၍ ကြည့်ကြသည်။

” မတတ်နိုင်ဘူး ဒကာကြီးရယ် ကိုယ်တော်လဲ အခြေအနေအရ ပေါ့ ”

လို့ ပြောပြပါသည်။

ကျနော်လဲ ၄င်း ရဟန်းပျိုကို စာနာနားလည်ပါသည်။ ခမြာ လူဝတ်ကြောင်ကို တွေ့ကြုံနေရဆဲ ဖြစ်သော အန္တရာယ်အရ ယာယီဆင်မြန်းထားရသည် သို့သော် ဘယ်လိုမှ ဖုံးကွယ်လို့ မရသည်ကတော့ ရဟန်း၏ ဦးပြည်း။

    ” ငါ့တူ ထမင်းစားပြီးပြီလား ”

ဟု အိမ်ရှင် အမျိုးသမီးကြီးက မေးရှာပါသည်။ ဖမ်းဆီး ချုပ်နှောင်ခြင်းဘေး အသက်ဘေးတို့မှ လွတ်မြောက်ရန် ထွက်ပြေးနေရသော ကျနော့်အတွက် ဆာလောင်မွတ်သိပ်နေသော ဆန္ဒသည် ဘယ်ဆီမှာရှိနေမှန်းလည်း မသိတော့၊ သို့သော် ချစ်စရာကောင်းလှသော ဧည့်ဝတ်ကျေလွန်းသည့် မြန်မာတို့၏ ဓလေ့ အတွက် အတိုင်းအဆမရှိ ကြည်နူးမိပါသည်။

” ကျေးဇူးတင်ပါတယ် အဒေါ် ကျနော်မဆာသေးပါဘူး ”

” အေး..အေး..ဆာရင်ပြောနော် အားမနာနဲ့ အားလုံး အေးအေးဆေးဆေး ဖြစ်မှ အောက်ကိုဆင်း မိုးချုပ်မှ ထွက်ရင်လဲ ရတယ်”

ရင်ထဲမှ လှိုက်လှိုက်လှဲလှဲကြီး ထိုအိမ်ရှင် အမျိုးသမီးကြီးကို ကျနော် ကျေးဇူးတင်မိပါသည်။

    ကျနော်သည်လဲ မည်သူ မည်ဝါမှန်း သူမလဲ မသိရှိခဲ့သလို ထိုအမျိုးသမီးကြီး အမည်နာမကို လည်း ကျနော် မသိခဲ့ပါ။ သို့သော် သူမသည် ဘေးအန္တရာယ်မှ လွတ်မြောက်ရန် မိမိ၏ အိမ်အတွင်းသို့ အရိပ်ခိုလှုံလာသော သူတို့ကို အရိပ်တခုပေးခဲ့သည်ပဲ မဟုတ်ပါလား။

    ” ဒင်းတို့ကတော့ ငရဲကို ဂျွမ်းထိုးမှောက်ခုံ ကျမဲ့ကောင်တွေ သံဃ်ာတော်တွေကို ဒီလောက်တောင် ရက်ရက်စက်စက် လုပ်ရက်တယ် အမျိုးယုတ်တွေ”

ဟူ၍လဲ သူမတယောက် မချိတင်ကဲ ရေရွတ်လိုက်သေးသည်။

” အခြေအနေ ကောင်းမှ ပြန် ငါ့တူ အောက်မှာ လုံထိန်းကား စစ်ကားတွေ ရှိနေသေးတယ်”

ဟု အိမ်ရှေ့ ၀ရံတာတွင် ထွက်ကြည့်နေသော အမျိုးသမီးကြီး၏ ခင်ပွန်းသည် ထင်ရသူက  ကျနော့်ကို လှမ်း၍ ပြောသည်။

    ကျနော်လဲ တိုက်ခန်းဝရံတာပေါ်မှ အခြေအနေကို ကြည့်လိုက်တော့ အနော်ရထာလမ်းနှင့် ကားလမ်းမပေါ်တွင် လုံထိန်း နှင့် တပ်မတော်သားတို့ကို တွေ့လိုက်သည်။ ထိုအဖွဲ့အစည်း နှစ်ခုကို အ အကာအကွယ်ယူ၍ ဒုတ် လေးခွ များကို ကိုင်စွဲထားကြသော ဟန်ရေးတပြပြနှင့် အမောင် သူရဲကောင်း စွမ်းအားရှင်များကိုလဲ ကားလမ်းပေါ်တွင် တွေ့ရပါသည်။

အာဂ သူရဲကောင်းများပါတကား..

    ငြိမ်းချမ်းစွာ ဆန္ဒပြနေသော ရဟန်းနှင့် ပြည်သူတို့ကို ရက်ရက်စက်စက် ရိုက်နက် နှိမ်နင်းရသည်ကို အလွန်အမင်း ကျေနပ်အားရနေပုံရသည်။ စစ်တပ်နှင့် လုံထိန်းတို့ အားကိုးဖြင့် ၄င်းတို့ အလွန် သတ္တိရှိနေပုံရသည်။ သူတို့တတွေသည် မည်သူ့ဆန်စား၍ သည်မျှလောက် မိုက်မဲ ရဲတင်းနေကြသနည်း။

သို့သော် လူသမိုင်း အဆက်ဆက်တွင် ထိုစွမ်းအားရှင် ကဲ့သို့သော လူတန်းစားမျိုးသည် အမြဲ ရှိခဲ့သည်။ နောက်ဆုံးတွင် ၄င်းတို့သည် သမိုင်း၏ ဒါဏ်ခတ်ခြင်းကို အစဉ် မရှုမလှ ခံရစမြဲပေ။

အနော်ရထာလမ်းမပေါ်တွင် အရပ်သားများကို စတင်မြင်တွေ့ရပြီး စစ်တပ်လုံထိန်းနှင့် ကြိုကြား  ကြိုကြား တိုက်ခန်းပေါ်မှ လူများ သုံးလေးငါးယောက်တစု လူအုပ်ငယ်များကလဲ တဖက်နှင့်တဖက် အကဲခတ်နေကြသည်။
ကြွေးကြော်သံများ သေနတ်သံများ ထပ်မကြားရတော့ လူထုရော ဆန္ဒပြခြင်းကို ဖြိုခွဲနေသော သူများတို့ကလဲ ဘာတွေ ဆက်ဖြစ်ဦးမည်ကို သတိနှင့် စောင့်ကြည့် နားစွင့်နေဆဲ နောက်ထပ်နာရီဝက် ကျော်သည်အထိ ဘာမှ ဆက်ပြီး မဖြစ်လာပါ။ ကျနော်လဲ အခြေအနေ အရပ်ရပ်ကို တိုက်ခန်း ၀ရံတာပေါ်မှ အကဲခတ်ကြည့်သည်။

    အနော်ရထာလမ်းမပေါ်တွင် စစ်တပ် လုံထိန်းနှင့် စွမ်းအားရှင်တို့လဲ မရှိတော့ လမ်းသွားလမ်းလာများလဲ တဖြေးဖြေးနှင့် ပို၍ များလာပေပြီ ထို့ကြောင့် ကျနော့်အတွက် ဤ တိုက်ခန်းပေါ်မှ ဆင်းရန် အခြေအနေပေးနေလေပြီ။

    ထို့ကြောင့် ကျနော့်ကို အန္တရာယ်ကျရောက်ချိန် အရိပ်နှင့် လုံခြုံမှုကို ပေးခဲ့သော အိမ်ရှင်ကို ကျေးဇူးအထူးတင်ကြောင်းနှင့် နှုတ်ဆက်စကားကို ဆိုပါသည်။

    ရဟန်းပျို လေးကတော့

” ဒကာလေး အခြေအနေအရ ကိုယ်တော်လဲ မကြာခင် ကျောင်းကို ပြန်ကြွမယ် ဒကာလေးနဲ့အတူ လိုက်မဆင်းတော့ဘူး”

ဟု ဆိုသောကြောင့် ကျနော်လဲ

” ကိုယ်တော် လုံခြုံမှု ရှိတော့မှ ဒီတိုက်ခန်းက ဆင်းပါ” ဟု အကြံပေးလိုက်ပါသည်။

    အနော်ရထာလမ်းမပေါ်သို့ ကျနော်ရောက်သောအခါ တပ်မတော်သားနှင့် လုံထိန်းများတို့သည် စစ်ထရပ်ကားကြီးများ အနီးတွင် ရပ်၍ ၄င်းတို့သည်လဲ အခြေအနေကို သုံးသပ်၍ နေသည်ကို တွေ့ခဲ့ရလေသည်။
တိုက်နံရံကို အကာအကွယ်ယူ၍ ကျနော် လုံခြုံရေးတပ်သားများ၏ ဓါတ်ပုံများကို ရိုက်ခဲ့ပါသေးသည် ။ ထို့နောက် ဘေးလွတ်မည် ထင်သော နေရာသို့ အမြန်ဆုံး ထွက်ခွါ ခဲ့သည်။ အဘယ်မည်သော အရပ်ကမှန်း မသိ ကြွေးကြော်သံ သဲ့သဲ့များကိုမူ ကြားနေရဆဲ။  တဖြေးဖြေးနှင့် ဟိုတစု ဒီတစုနှင့် လူအုပ်စု ငယ်များကလဲ ဘာတွေ ဆက်ဖြစ်ဦးမလဲဟု အခြေအနေကို ငံလင့်နေဆဲ။

   အချိန်ကာလ အားဖြင့် လေးနှစ်နီးပါး ကြာမြင့်ခဲ့လေပြီ။

 သို့သော် ကျနော့်အတွက် ထိုမြင်ကွင်း ထိုလှုပ်ရှားမှု အဖြစ်အပျက်များတို့သည် မနေ့ကကဲ့သို့ ခံစားမိနေဆဲ။ ရဟန်းပြည်သူလူထုများ ဖမ်းဆီး အကျဉ်းချခံရသည်။ သံဃာတော်များ ရက်ရက်စက်စက် သတ်ဖြတ်ခြင်းခံခဲ့ရသည်။ စစ်အစိုးရမှ အမှန်တကယ် ဖြစ်ပွားခဲ့သော ဖြစ်ရပ်များကို ဖုံးကွယ်ရန် ကြိုးစားသော်လဲ သမိုင်းကို မည်သို့မျှ လိမ်၍ ရမည်မဟုတ်။

    ငြိမ်းချမ်းစွာ ဆန္ဒပြနေသော ရဟန်းနှင့် ပြည်သူလူထုကြီးကို စစ်အစိုးရမှ လက်နက်အားကိုးဖြင့်  ဖြိုခွင်းနိုင်ခဲ့ပေမဲ့ မျိုးဆက်သစ်လူငယ်တို့၏ အင်တာနက် မီဒီယာအား ကျွမ်းကျင်လိမ်မာ ပါးနပ်စွာ  အသုံးပြုနိုင်မှုကို စစ်အစိုးရသည် မည်ကဲ့သို့မျှ မယှဉ်နိုင်ခဲ့ မတားဆီးနိုင်ခဲ့။

စက္ကန့် မီနစ် နာရီနှင့် အမျှ မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော ရွှေဝါရောင် တော်လှန်ရေး သတင်းများ မနောက်ကျစေပဲ  အချိန်မှီ  ပေးပို့ နိုင်ခဲ့သည်။

    ယနေ့ သတင်းတပိုဒ် ဓါတ်ပုံတပုံသည် မနက်ဖန်အတွက် သမိုင်းဖြစ်သွားပေပြီ မျိုးဆက်သစ်များ သမိုင်း အဖြစ်မှန်ကို အချိန်မှီ တာဝန်ကျေပွန်စွာ ရေးထိုးမှတ်တမ်းတင်နိုင်ခဲ့ပေပြီ။

    မြန်မာနိုင်ငံ၏ သမိုင်းတွင် ရွှေဝါရောင် တော်လှန်ရေးအတွက် နိုင်ငံတ၀ှမ်းမှ ရဟန်းပြည်သူ မျိုးဆက်သစ် လူငယ်တို့သည် မိမိတို့ထမ်းဆောင်နိုင်သော ပုခုံးပြောင်း သမိုင်းပေးတာဝန်ကို ကျရာ ကဏ္ဍ အသီးသီးမှ အကောင်းဆုံး ကျေပြွန်စွာ ထမ်းဆောင်နိုင်ခဲ့ပေ သည်။

    ခန့်မှန်း ပြောဆိုရန် ခက်ခဲသော အချိန်ကာလ တခုအားဖြင့် ကျွန်ုပ်တို့ ဖြတ်သန်းရမည်။ သို့သော် လူ့သမိုင်း အဆက်ဆက်တွင် ကြည်လင်အေးမြသော ဓမ္မရေစင်သည် ကျွမ်းလောင်သော အဓမ္မမီးအမှု့များကို အစဉ် တည်ငြိမ်စွာ ငြိမ်းသတ် အနိုင်ယူမြဲ သာ ဖြစ်ပါသည်။

(စက်တင်ဘာ ၂၇၊ ၂၀၁၁)

(photo – MoeMaKa, 26th September 2007, Sule Pagoda Raod, Downtown, Rangoon)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa English Site
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ဖြစ်ရပ်များ၊ အမှတ်တရများ

4 Responses to Law Eh Soe – ရိုက်ခတ်နေဆဲ ရွှေဝါရောင်လှိုင်းလုံးများ

  1. May Tha Zin on February 8, 2012 at 3:31 pm

    I admire you,လောအယ်စိုး. I am so proud of you because you are fantastic photographer and author. You are also good speaker. Congratulation for your documentary. You are very brave and talented artist. Everyone will thank you and remember you. Our country need more people like you. I wish you may return mother land soon.We all respect and love you my brother. I believe that all nationalities are clever. I am Burmese but I love your nationality and other nationalities as well. Your writing style is very clear. Keep going brother.

    • law eh soe on February 8, 2012 at 7:13 pm

      Dear Ma Tha Zin,

      Thanks for your comment. We have differences talents( Pa Ra Mee),we have to serve all the best we can for our country and also for human being.

      les

  2. anonymous on February 8, 2012 at 10:17 pm

    I have also admired and salute to this young and bravery Photographer *Law Eh Soe. His records are remarkable. His talents and the owner of that apartment,were,also good and kind hearted people. This Military power cracies are selfish,cunnuing,greedy,and they are so afraid to give up their powers. They are still holding the powers and till now,nothing had effect upon their cruelties. I don’t know,when, they have to reverse and suffered for their sins,but, till now,they are free and rich.But,they must punish,and have to pay,for what they did in the past.If,not,how can we believe Heaven and Hells ?

  3. ko kyel linn on February 10, 2012 at 2:43 am

    LAW EH SOE….IF WE INVOLVED IN POLITIC,OUR PASTORS TOLD THAT IT NOT GOD’S WILL..ACCORDING TO ROMA 13:1-9…THEY POINTED LIKE THAT..WE LIVED IN HPAAN KAREN STATE,,SO YOU AND ME GROWN UP UNDER THE VOICE OF BULLET…I AM SURE THAT EVEN THOUGH WE ARE CHRISTIAN WE CAN INVOLVE IN POLITIC…WE NEED TO FIGHT THE UNJUSTICE..

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခ လစဉ်ထုတ်မဂ္ဂဇင်း စက်တင်ဘာ ၂၀၁၇ ထွက်ပြီ

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

မိုးမခ ဇူလိုင် ထွက်ပါပြီ …

By

မိုးမခ ဇူလိုင် ထွက်ပါပြီ … (မိုးမခ) ဇူလိုင် ၁၈၊ ၂၀၁၇ မိုးမခ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်