မောင်ရင်ငတေ – ရောက်တတ်ရာရာအတိုအစများ – နှစ်ဆယ်ကျော်အလွမ်း (ဘန်ကောက်မှာ)

November 24, 2013

ရောက်တတ်ရာရာအတိုအစများ – နှစ်ဆယ်ကျော်အလွမ်း (ဘန်ကောက်မှာ) 
မောင်ရင်ငတေ
နိုဝင်ဘာ ၂၄၊ ၂၀၁၃


Sawadee kha, Sawadee krap


ဘန်ကောက်အမှတ်တရ အပိုင်းနှစ်လို့ ပြောလို့ရတဲ့ အလွမ်းရယ်ဖြေ မပြေစရာ အပိုင်းအစတွေကို ဆက်စပ်ရေးဖြစ်ပါတယ်၊ ဟိုအကြောင်းဒီအကြောင်း ဥရောပရဲ့အကြောင်းတွေကို ရေးနေရင်းမှာဘဲ အလွမ်းပြေလိုပြေငြား လွန်ခဲ့တဲ့ အကြောင်းအရာဟောင်းတွေကို ပြန်လည်ပြီးအမှတ်ရမိသလောက် ရေးထားတာတွေ ရှိပါတယ်၊ ဒါတွေကို ဆက်စပ်ပြီးတော့ ပြန်ချဲ့ရေးပါတယ်၊ တချို့အကြောင်းအရာ တွေကတော့ နှစ်အနည်းငယ် ကြာပြီဆိုတော့ကာ အမှတ်မှားတာလေးတွေ ရှိကောင်း ရှိနိုင်ပါတယ်၊ ကိုယ်တိုင် ဖြတ်သန်းခဲ့ဖူးသူတွေလည်း ဒီစာကို ဖတ်မိရလို့ အမှားတွေ ကျန်နေတာတွေ တွေ့မိခဲ့ရင်  ပြင်ပေးကြပါ ဖြည့်ပေးကြပါလို့ ပြောချင်ပါတယ်၊ ဘန်ကောက်သို့ဆိုတဲ့ အရင်တပတ်ကရေးခဲ့တာမှာ မဟာရန်ကုန် ရွှေမြို့တော်ကနေ ထွက်တော်မူ နန်းကခွာခဲ့တဲ့အကြောင်းကို ရေးခဲ့တာပါ၊ အဲဒီအချိန် ကာလက မင်္ဂလာဒုံ လေဆိပ်ကနေ တနေ့တနေ့ မြန်မာ့အဲယားနဲ့ရော ထိုင်းတီဂျီနဲ့ရော လေယာဉ်နဲ့ အပြည့်ဆိုသလို ထွက်ခွာသူများသလောက် ပြန်ဝင်လာသူ နည်းပါးလှတဲ့ အချိန်ပါ၊ မောင်ရင်ငတေ သိရှိသမျှ ရန်ကုန်နေသူ ကျောင်းနေဘက် ပွေဖော်ပွေဘက်များ တယောက်ပြီးတယောက် ထွက်ခွာ သွားကြတဲ့ အချိန်ပါ၊ အဲလိုနဲ့ မောင်ရင်ငတေလည်း ထိုင်းကိုရောက်လာပါတယ်၊ ရည်ရွယ်ချက်တွေ ရည်မှန်းချက်တွေ ကြီးကြီးကျယ်ကျယ် မပြောချင်ပါဘူး၊ မရောက်ဖူးတဲ့ဒေသတွေ ရောက်ဖူးချင်တာ၊ မလုပ်ဖူးတာတွေ လုပ်ဖူးချင်တာ၊ မစားဖူးတာတွေ စားဖူးချင်တာ၊ မပြောဖူးတာတွေ ပြောဖူးချင်တာ၊လူတွေရဲ့သဘာဝပါ၊ ပိုပြီးအရေးကြီးတာက ထိုင်နေလို့တော့ ဘာမှဖြစ်မလာဘူးဆိုတဲ့ အဲဒီခေတ်က စတီရီယိုအဆိုတော် ကိုင်ဇာရဲ့ သီချင်းနဲ့အတူ ဒီအတိုင်းသာ ဆက်ပြီးထိုင်နေရင် ထုံထိုင်းသွားမှာ စိုးရတာကြောင့် ယိုးဒယားရွှေပြည်တော်သို့ မောင်ရင်ငတေတို့ ထွက်ခွာလာခဲ့ရခြင်းသာပါ၊ အဲဒီလိုနဲ့ ထိုင်းကျေးလက်မှာ တလကျော် နှစ်လနီးပါးကြာ နေခဲ့ပြီးတော့ ဘန်ကောက်မြို့ပေါ်ကို ပြောင်းရွှေ့ ရောက်ရှိလာပါတယ်၊ ကျေးလက်ဒေသမှာ နေလို့ထိုင်လို့ ပိုကောင်းပေမယ့် ကိုယ့်ဘဝရဲ့ ရှေ့ဆက် ရမယ့်ခရီးက ဘာမှန်းမသိသေးလို့ မြို့ပေါ်တက်လာရပါတယ်၊ ဘန်ကောက်မြို့ပေါ်မှာလည်း နောင်ရောက်ရှိလာကြမယ့် မောင်ရင်ငတေရဲ့ သူငယ်ချင်းတချို့နဲ့ တခြားသူတွေကို ကြိုဆိုဧည့်ခံရေးတွေ လုပ်ရအုံးမှာ မဟုတ်လား၊ ဒါကလည်း နောင်အခါမှာ မောင်ရင်ငတေအတွက် ဝင်ငွေရတဲ့ စီးပွားရေး ဘေးပေါက် လုပ်ငန်းလေး ဖြစ်လာတာ မဟုတ်လား၊ ဘန်ကောက်သို့ ပထမပိုင်းဆောင်းပါး မိုးမခမှာ ပါလာပြီးချင်းမှာဘဲ မောင်ရင်ငတေနဲ့ ဖဘစာမျက်နှာမှာ တွေဆုံရင်းနှီးခဲ့တဲ့ ဒီကနေ့ဒိန်းမတ်ပြည်ကို ရောက်ရှိနေထိုင်နေတဲ့ ကိုကျော်ကျော်နဲ့ စကားစပ်မိကြပြီး သူလည်း အဲဒီအချိန် အဲဒီနေရာတွေကို ဖြတ်သန်းလာခဲ့သူတဦး ဆိုတာကို သိခွင့်ရလိုက်ပါတယ်၊ အဲလို တခြားသော ဖြတ်သန်းခဲ့သူတွေက များစွာရှိပါအုံးမယ်၊  အဲဒါကြောင့် မောင်ရင်ငတေ စကားကြိုခံထားချင်တာက ဘယ်လိုသူမျိုးကိုမဆို ထိခိုက်နစ်နာလိုစိတ် မရှိပါဘဲ ဖြတ်သန်းခဲ့ရတဲ့ ဇာတ်လမ်းတွေကို မှတ်တမ်းတင်ဖြစ်ခဲ့သမျှ ဆင့်ပွား မျှဝေလိုက်ရခြင်းပါ ခင်ဗျာ၊ အမည် အမှန်တွေကိုတော့ အတိုကောက်သာ သုံးနှုန်းထားပါတယ်၊


ဘန်ကောက်မြို့လယ် Sathon BangRak PathumWan


လူဦးရေ ၁၀ သန်းနီးပါးရှိတဲ့ ဘန်ကောက်မက်ထရိုပိုလီတန်ဧရိယာမှာ မြို့နယ်ခေါ်ရပ်ကွက်ကြီး ၅၀ရှိပါတယ်၊ အဲဒီထဲမှာမှ Sathon, YanNawa, BangRak,PathumWan, KhlongToei  ရပ်ကွက်ကြီး တွေဟာ ရှေးဟောင်းလည်းကျသလို ၂၀ ရာစုခေတ် နှောင်းပိုင်း ဘန်ကောက်မြို့ရယ်လို့ ကြီးကျယ် လာခဲ့ချိန်ကစပြီး ရှိရင်းစွဲ မူလရှေးအဆောက်အဦးများ အကြားမှာ မိုးမျှော်တိုက်များ ရုံးခန်း အိမ်ယာ ဈေးဆိုင်များနဲ့ ပိုပြီးစည်ကားလာခဲ့တဲ့ အဓိကရပ်ကွက်ကြီးတွေပါ၊ မောင်ရင်ငတေတို့ စပြီးရောက်တဲ့ အချိန်မှာကိုက မယုံကြည်နိုင်လောက်အောင် ကွာခြား၍နေပါပြီ၊ မဟာရန်ကုန်မြို့ရဲ့ သမ္မတရုပ်ရှင်ရုံ ခြောက်ထပ်ရုံးလောက်နဲ့သာ ယဉ်ပါးလာခဲ့တဲ့ မောင်ရင်ငတေတို့ရဲ့ မျက်လုံးတွေဟာ ကမ္ဘာသစ်ထဲ ရောက်နေပြီဖြစ်တဲ့ ဘန်ကောက်ကို နဖူးတွေ့ဒူးတွေ့ ရင်ဆိုင်ခဲ့ရ ပါတော့တယ်၊ ဘန်ကောက်မြို့ကြီး တခွင်မှာရှိတဲ့ လမ်းမကြီးများ လမ်းကြိုလမ်းကြားများ မိုးမျှော်တိုက်ကြီးများ အိမ်အိုအိမ်ဟောင်းများ ဘတ်စ်ကားများ လူအများကြားမှာ မောင်ရင်ငတေတို့ရဲ့ ရွှေရောင်ဖုံးလွှမ်းထားတဲ့ ရွှေတိုင်းပြည်ကြီး ဆိုတာနဲ့ ဘာတွေများ ကွာဟသွားပါပြီလဲလို့ စူးစမ်းချင်တဲ့စိတ်တွေ ပိုများလာပိုတွေးမိလာခဲ့ပါတယ်၊ အဲဒီလိုတွေးခဲ့တာက အခုဆိုရင် နှစ်ပေါင်းနှစ်ဆယ်ကျော် အစိတ်နားနီးခဲ့ပါပြီ၊ အဲဒီတုန်းက ဘယ်လို ဘယ်လောက်ကွာတယ် ဆိုတာထက် အခု အနှစ်နှစ်ဆယ် ထပ်ကြာပြီးချိန်မှာ ကိန်းဂဏန်းတခုအရ ကွာဟသွားတာ ထင်ရှားတာ တခုကတော့ တဒေါ်လာ ထိုင်းငွေ ၂၅ ဘတ်ကနေ ၄၀ ဘတ်လောက် ဖြစ်သွားခဲ့ပြီး မောင်ရင်ငတေတို့ရဲ့ ငွေခြင်္သေ့ကတော့ တဒေါ်လာ ကျပ် ၆၀ လောက်ကနေ အခုဆို ကျပ် ၁၀၀၀ ဖြစ်နေခဲ့ပါပြီ၊ ဒီရောဂါဆိုးကြီးကို ခုအခါမှာ ပညာရှင်ပေါင်းစုံနဲ့ ကုစားနေပေသော်လည်း ရောဂါကြီးကို ပျောက်အောင် ကုသဖို့ထက် အနာပိုသည်း မလာအောင်သာ မောင်ရင်ငတေ အနေနဲ့ ဆုတောင်းမိခဲ့တာတောင် တော်တော်ကြာခဲ့ပါပြီ၊


မရောက်မဖြစ်ရောက်ကြရတဲ့ ဆွိုင်ဆွန်ဖလူး လူဝင်မှုကြီးကြပ်ရေးရုံး

မောင်ရင်ငတေတို့လမ်းသလားရာ ဆာသွန် ရာမလေး လုမ္ဗိနီ ဆွိုင်ဆွန်ဖလူး ဆွိုင်ဆရီဘန်ပန် 


မောင်ရင်ငတေ ဘန်ကောက်မြို့ပေါ်မှာ ပထမဦးဆုံး နေထိုင်ခဲ့တဲ့ နေရာကတော့ အင်မီဂရေးရှင်းရုံး တည်ရှိရာ Soi Suan Phlu ဆွိုင်ဆွန်ဖလူးလမ်းထဲမှာပါ၊ အဲဒီနေရာအဲဒီလမ်းဟာ ဘန်ကောက်မြို့ရဲ့ အချက်အချာမှာ ရှိသလို မောင်ရင်ငတေတို့ကို အကူအညီတွေ အများကြီးပေးခဲ့ဘူးတဲ့ ပန်လမ်းရုံး Pan Road တည်ရှိရာနဲ့လည်း သိပ်မဝေးလှပါဘူး၊ ဘာတွေများ အကူအညီပေးသလဲ ဆိုတာတော့ မရေးတော့ပါဘူး၊ ဖြတ်သန်းဖူးသူများ သိရှိကြမှာပါ၊ အဲဒီတုန်းက အဲဒီရပ်ကွက်မှာ ရွှေပြည်တော်က ရွှေတွေတော်တော်များများ နေကြပါတယ်၊ ဘန်ကောက်ရောက်ရွှေဆိုတာ ဘိုးတော်ဘုရားခေတ်က ရောက်ရှိ နေထိုင်ကြသူ တွေများရှိခဲ့လို့ ဘာမှမထူးဆန်းဖူးဆိုပေမဲ့ ဒီဆွိုင်ဆွန်ဖလူး တဝိုက်မှာတော့ မောင်ရင်ငတေတို့လို ခုမှ ဘန်ကောက်မြေကို ခြေချလာကြတဲ့ အူချာချာတွေသာ အနေများပါတယ်၊ အဲဒီဆွိုင်ဆွန်ဖလူး လဝကရုံးကြီးရဲ့ မျက်စောင်းထိုးရှိ ဈေးကြီးရဲ့ကြားမှာ New Flat အမည်တွင်တဲ့ ခြောက်ထပ်တိုက်ခန်းတွဲ အဟောင်းကြီး တခုရှိပါတယ်၊ အဲတိုက်ခန်း နယူးဖလက်ဆိုတာမှာ နေဖူးခဲ့ သူများ ရွှေဗမာ တော်တော်များများ ရှိပါတယ်၊ မောင်ရင်ငတေတို့ နေစဉ် အခန်းပေါင်း ၂၀ ကျော်က ရွှေပြည်တော်သားတွေ ငှားရမ်းနေကြတဲ့ အခန်းတွေပါ၊ တခန်းတခန်းစီမှာ ဆယ်ယောက်ကျော်စုပြီး နေကြတာပါ၊ တချို့အခန်းတွေမှာ တခါတလေများ အယောက် ၂၀ လောက်ထိ ရှိနေတတ်ပါတယ်၊ မောင်ရင်ငတေတို့ကတော့ နှစ်နဲ့ချီပြီး နေခဲ့သလို တချို့လည်း သုံးလေးငါးရက် ခရီးတထောက်နား တည်းခိုသွားကြတာပါ၊ အဲသလို မောင်ရင်ငတေတို့ နေနေစဉ်မှာ တိုင်းရင်းသားလူမျိုး ပုံစံပေါင်းစုံကို တွေ့မြင်သိရှိခဲ့ ရပါတယ်၊ နယူးဖလက်ခေါ် တိုက်ဟောင်းကြီးက သားစိမ်းငါးစိမ်း ကုန်စိမ်းဈေးကြီးနဲ့ တွဲရက်လို ဖြစ်နေတဲ့အပြင် လူနေများပြားတဲ့ ရပ်ကွက်တွင်းမှာဖြစ်လို့ တနေကုန် ဆိုသလို လူတွေနဲ့ ရှုပ်ရှက်ခတ်နေပါတယ်၊ Backpacker လို့ခေါ်တဲ့ ကျောပိုးအိပ်တလုံး လွယ်ပြီး ရောက်ရာပေါက်ရာ ခရီးသွားကြတဲ့ အနောက်နိုင်ငံသားခရီးသွားတွေ ကျက်စားရာနေရာ ဖြစ်လို့လည်း ရပ်ကွက်အတွင်း လမ်းကြိုလမ်းကြား အိမ်ကြိုအိမ်ကြားမှာ မိုးလင်းဖွင့်တဲ့ ကဖေးတွေကော ဘားတွေကော ပေါလှတဲ့ နေရာပါ၊ အဲဒါကြောင့် မောင်ရင်ငတေတို့လည်း ရောယောင်ပြီးတော့ ညနက်ကြီးပိုင်းမှာ အိပ်မရတဲ့ အကျင့်ဆိုးတွေ ကပ်ငြိလာတယ်ထင်ပါရဲ့၊ အခုလည်း ညညဆို မအိပ်ချင်တာ ရောဂါလို ဖြစ်နေပါပြီ၊


Malaysia Hotel, Coner of Soi Ngam Duphli and Soi Sri Bamphen 


Suan Phlu အင်မီဂရေးရှင်း အဆောက်အဦး ဘေးလမ်းကနေ ၁၀ မိနစ်လောက် လမ်းလျှောက်ရင် ရွှေပြည်တော်သားတွေ စုပေါင်းပြီး နေထိုင်နေတဲ့ Sri Bampen Apartment ဆိုတာရှိပါတယ်၊ အဲဒီ အချိန်က ဘန်ကောက်မြို့ရောက် ရွှေလောကသားတွေထဲမှာ နာမည်ကြီး Apartment သုံးခုထဲက တခုပေါ့၊ အဲဒီ ဆရီဘန်ပန် အဆောက်အဦးရဲ့ ထိပ်အကွေ့မှာဘဲ ရွှေဗမာတွေ အတည်းအခိုများတဲ့ မလေးရှားဟော်တယ်ကိုတော့ အဲဒီခေတ်ကို ဖြတ်သွားဖူးကြသူ တော်တော်များများ မှတ်မိကြမှာပါ၊ ဆရီဘန်ပန်နဲ့ နယူးဖလက် နှစ်ခုကြားထဲက ရပ်ကွက်အတွင်းမှာ Guest House ခေါ် ဈေးပေါလှတဲ့ တည်းခိုခန်းသာသာ ဟော်တယ် အသေးစားကလေးတွေ အများအပြား ရှိပါတယ်၊ ဈေးကပေါတာမှ တညကို ဘတ် ခြောက်ဆယ် ခုနှစ်ဆယ်လောက် ပေးရလို့ ဒေါ်လာ ပေါက်ဈေးနဲ့ဆို သုံးဒေါ်လာခန့် ကျသင့်တာပါ၊ လူဖြူလူမဲ တိုးလ်ရစ်အထီးအမတွေနဲ့ အမြဲလို ပြည့်နေတတ်တဲ့ အဲလိုဈေးခပ်ပေါပေါ တည်းခိုခန်းလေးတွေကို ဟိုပြန်ဒီပြန် ရွှေကိုယ်တော်တချို့က မတည်းချင်ကြပါဘူးဆိုလို့ နည်းနည်း ပိုကောင်းပိုသန့်တဲ့ မလေးရှားဟော်တယ်တို့ ဆာသွန်လမ်းထိပ်က ကင်းဟော်တယ်တို့မှာ တည်းခိုဖို့ လမ်းညွှန်ရပါတယ်၊ မနေ့တနေ့က ရွှေပြည်တော်ကြီးမှာ နိုင်ငံခြားသားတိုးလ်းရစ်တွေ အလာများလို့ တည်းခိုခန်းများ မလောက်ငှဘူးဆိုတာ ဖတ်မိရလို့ အဲဒီလို ပေါချောင်ကောင်း တည်းခိုးခန်းတွေမှာမှ တည်းခိုလိုကြသူ အနောက်တိုင်းသား လူဖြူတွေအတွက် တည်းခိုခန်းတွေ ရွှေပြည်တော်မှာ ဘာလို့ မဖွင့်ကြတာလဲလို့ မရဲတရဲစဉ်းစားမိပါသေးတယ်၊ လုံခြုံရေးကြောင့်လို့ ဆိုရင်လည်း လုံခြုံရေးဘာလို့မရှိတာလဲ ကူညီပါရစေတွေ ရှိနေတာဘဲ မဟုတ်ပါလား၊ စဉ်းစားရုံသာ စဉ်းစားမိရတာပါဗျာ၊ အဲဒီလိုSathorn ရယ် YanNawa ဆိုတဲ့ ရပ်ကွက်ကြီးမှာ တချိန်တုန်းက ထားဝယ်လူမျိုးတွေ အများအပြား နေထိုင်သွားရာ ဒေသဖြစ်ခဲ့လို့ Ban Thawai ထားဝယ်ရွာရယ်လို့ အမည်တွင်ခဲ့ ဖူးပါတယ်တဲ့၊ အဲဒီ Ban Thawai ရွာအမည်ကို တာဝန်ရှိသူ ထိုင်းလူကြီးမင်းတွေက အမည်ပြောင်းခဲ့တာ သိပ်မကြာလှ သေးပါဘူး၊ အဲဒီရပ်ကွက်ကြီးတွေနဲ့ တဆက်တစပ်တည်းရှိနေတဲ့ ChaoPhraya ကျောက်ဖုရာမြစ်ရဲ့ တဖက်ကမ်းက Phra Pradaeng ဆိုတဲ့ ဒေသကြီးကတော့ ၁၈ ရာစု အလယ်ပိုင်း ကာလတွေထဲက မွန်လူမျိုးတွေ တည်သွားတဲ့ မြို့ပြလူနေရပ်ကွက်များဖြစ်ပြီး ဒီကနေ့ခေတ် ရောက်တဲ့ထိတိုင်အောင် မွန်တွေ လျှော့နည်းလို့ မသွားရုံမျှ သာမက နောက်ရောက်လာတဲ့ မွန်တွေရော ဗမာတွေရော ကရင် တွေရော စုပေါင်း နေထိုင်ကြရာ ဒေသကြီးဖြစ်လို့ Little Burma လို့တောင် ခေါ်သူကခေါ်နေပါပြီ၊ 


Thanon Rama IV 1990 


တတိယ နာမည်ကြီးတဲ့ Apartment တခုကတော့ ရေကူးကန်ရှိတယ်ဆိုပြီး နာမည်ကြီးတဲ့ Lam Thaung Apartment ပါ၊ ရွှေတိုင်းပြည်မှာက ရေကူးကန်ဆိုတာ ဇိမ်ခံပစ္စည်းစာရင်းထဲမှာ ပါရှိတယ် မဟုတ်လား၊ အဲဒီအဆောက်အဦးသုံးခုမှာ မောင်ရင်ငတေတို့လို ရောက်ရှိလာကြသူတွေ စုပေါင်းပြီး နေကြတာမှာ လူငယ်လူရွယ်လူလွတ် တယောက်ချင်းသမားများ ဖြစ်ကြပြီး ကျောင်းသားလောက ကနေ လက်တလော ထွက်လာသူက အများစုဖြစ်ရတော့ကာ အဆောင်မှာနေသူများလို ဖြစ်နေကြ ပါတယ်၊ တက္ကသိုလ်ကျောင်းဆောင်များမှာ နေခဲ့စဉ်ကမှ အုပ်ချုပ်သူများ ဆရာများ ရှိနေသေးသလို စာကျက်ရမယ့် တာဝန်တွေ ကျောင်းတက်ရမယ့် တာဝန်တွေ ရှိနေတာပါ၊ အခု ဘန်ကောက်မှာက လွတ်လပ်မှုချက်ချင်းရပြီး ဘဝပျက်သွားသူ တချို့တွေကိုလည်း တွေ့မြင်ခဲ့ရပေမယ့် အများအားဖြင့်  မမြင်နိုင်တဲ့ ဝန်ထုတ်ဝန်ပိုးတခုကို ထမ်းထားရသလို ကိုယ်သွားမယ့်လမ်း ကိုယ်တိုင်ပဲ့ကိုင်သွားရမှာ ဖြစ်တာကြောင့် ဆိုးဝါးစွာပျက်စီးသွားသူတွေကို သိပ်မတွေ့မိရပါဘူး၊ ရှိသင့်သလောက်တော့ရှိမှာပါ၊ အဲဒီခေတ်က ဘန်ကောက်မြို့ကြီးကို ရောက်ရှိလာကြသူများရဲ့ ရွှေပြည်တော်က ယူဆောင်လာတဲ့ ပစ္စည်းတွေထဲမှာ ထူးဆန်းတဲ့ပစ္စည်း နှစ်မျိုးပါရှိပါတယ်၊ အဲဒီပစ္စည်းတွေကို ရွှေပြည်တော်အတွင်းမှာ တွေ့ရှိခဲ့ရင်တော့ ဘာမှမထူးဆန်းဖူးလို့ ဆိုနိုင်ပေမဲ့ ဘန်ကောက်မြို့ရောက် မောင်ရင်ငတေတို့တွေ စုပေါင်းပြီးနေကြတဲ့ အခန်းတွေထဲမှာ ဘယ်အခန်းကြည့်လိုက်ကြည့်လိုက် တွေ့ခဲ့ရလို့ ထူးဆန်းနေရ တာပါ၊ ဘယ်လို ရွှေပြည်တော်သား အကြံပေးပညာရှင်ကြီးရဲ့ အကြံဥာဏ်ပေးမှုကြောင့်လည်းတော့ မသိပါဘူး၊ အခန်းတိုင်း အခန်းတိုင်းမှာ ပုံစံတူဆိုဒ်တူနီးပါး ကြိမ်ခြင်းတောင်းကြီးတွေနဲ့ ကွာလတီက ခပ်ညံ့ညံ့နဲ့ စောင်းကောက်ကြီးများပါ၊ ဒီ စောင်းကောက်တွေကို တွေ့မြင်သွားတဲ့ တချို့ထိုင်းတွေက မောင်ရင်ငတေတို့ရွှေလူမျိုးတွေ အနုပညာဝါသနာကြီး စောင်းတီးကောင်းတယ် ထင်ကြပါပေတယ်၊ ဒါပေမဲ့ အဲဒီစောင်းတွေကို ထားစရာ နေရမရှိလို့ ဂျောင်ထဲထိုး ထားရတာတွေကို သူတို့တွေ မသိကြ ဘူးလေ၊ ငွေပေါ်လျှော့ဈေး ရောင်းရမလားလို့ စင်ပေါ်မှာ ရှိုးပြ တင်ထားတာကိုသာ မြင်ကြတာကိုး၊ 


လုမ္ဗိနီဥယျာဉ် ၁၉၉၀


မောင်ရင်ငတေတို့ ဘန်ကောက်မြို့ပေါ်မှာ အဲလိုစတင်ကျင်လည် ကျက်စားနေခဲ့စဉ် ပထမမှာတော့ ထိုင်းစကားကလည်း ကောင်းကောင်းမပြောတတ် လိုက်ပို့ညွှန်ကြား ပြသသူကလည်း မရှိတော့ကာအတော်တော့ အခက်အခဲတွေ့ရပါတယ်၊ ဘန်ကောက်မြို့တော်တခွင် ဘတ်စ်ကားနဲ့သွားမယ်ဆိုရင် ဈေးကတော့ သိပ်ကြီးတာမဟုတ်ပေမဲ့ တနေ့ဝင်ငွေ တပြားမှ မရှိကြတော့ ကားတခါစီး နှစ်ဘတ်ကို မရှိခဲ့တာမျိုးတွေ ရှိခဲ့ပါတယ်၊ အဲဒါကြောင့်လည်း လမ်းကို တတ်နိုင်သလောက် လျှောက်ကြပါတယ်၊ နေတဲ့နေရာကလည်း ဘန်ကောက်မြို့ရဲ့ မူလအသဲနှလုံးနေရာ ညကြီးပိုင်းတွေမှာ ပိုပြီးစည်ကားရာ နေရာ အဲလိုနေရာတွေနဲ့ ၁၀ မိနစ်သာသာ လမ်းလျှောက်ရင်ရောက်တဲ့နေရာ အဲလိုမျိုးဆိုတော့ကာ ဟိုစပ်စပ်ဒီစပ်စပ် ဝါသနာရှင် မောင်ရင်ငတေတို့ လမ်းလျှောက်ပြီပေါ့နော်၊ ဒီလို လျှောက်ခဲ့တာတွေ  ဘန်ကောက် အရှေ့အနောက်တောင်မြောက် ဘယ်နည်းပါ့မလဲ၊ သွားချင်လာချင် ရောက်ဖူးချင်တဲ့ စိတ်တွေကများတော့ ဘယ်ပြောကောင်းမလဲ လျှောက်ခဲ့တဲ့လမ်းတွေ၊ ဒီကနေ့ထိတိုင်အောင်လည်း ရောက်ရာအရပ်မှာ တယောက်တည်းရော အဖွဲ့လိုက်ပါ လျှောက်နေဆဲပါ၊ မောင်ရင်ငတေတို့ နေတဲ့ နယူးဖလက်တိုက်ခန်းကနေ ၁၅ မိနစ်သာသာလောက် လမ်းလျှောက်လိုက်ရင် Lumphini လုမ္ဗိနီ ဥယျာဉ်   Khlong Toei ကလောင်တွိုင်ဈေး Si Lom Plaza စီလုံပလာဇာတို့ ညကြီးပိုင်းမှာ အထူးပို စည်ကားရာ နာမည်ကျော် Patpong ပက်ပုံးရပ်ကွက်တို့ကို ရောက်ပါတယ်၊ Thanon Si Lom စီလုံ လမ်းမကြီးနဲ့ လမ်းဆုံဟာ အဲအခါတုန်းက အခုလို မိုးပျံဂုံးကျော်ရထားလမ်းတွေနဲ့ ပိတ်ဆို့မှောင်မိုက် နေတာမျိုး မဟုတ်သေးပါဘူး၊ လင်းလင်းချင်းချင်းနဲ့ လမ်းလျှောက်ဈေးဝယ်လို့ ကောင်းတဲ့နေရာပါ၊ လွန်ခဲ့တဲ့ လေးငါးနှစ်နောက်ဆုံးရောက်ခဲ့တဲ့အခါက ဂုံးတံတားကြီးတွေအောက်မှာ မှောင်ပိတ်ပိတ်နဲ့ အပျင်းပြေ လမ်းလျှောက် ဈေးဝယ်လို့ မကောင်းတော့ပါဘူး၊ ၁၉၇၀ ခုနှစ်က စတင်ခဲ့တဲ့ ဟော်တယ် Dusit Thani ဆိုတာကတော့ စီလုံလမ်းမနဲ့ ရာမလေးလမ်းမကြီးတို့ဆုံရာမှာရှိပြီး ဗိသုကာပညာ အရ လှပမှုရော ခန့်ငြားမှုပါ အခုထိ ထိပ်တန်းက ရှိနေဆဲပါ၊ ကံကောင်းထောက်မလို့ ထိုင်းသင်္ဘော လိုင်းတခုမှာ အကောင်ကြီးကြီးဖြစ်နေတဲ့ ရွှေလူမျိုးဆရာကြီးနဲ့ သွားတွေ့တာမှာ Town in Heaven အမည်ရတဲ့ ဒူးဆစ်သာနီ ဟော်တယ်ကြီးပေါ်ကနေ လုမ္ဗိနီဥယျာဉ်နဲ့ ဘန်ကောက်မြို့ရှုခင်းကို တွေ့ခဲ့ ရဖူးတာကို အခုတောင် ပြန်လည်မြင်ယောင်မိနေပါတယ်၊ ကိုယ်ပိုင်ကင်မရာ မရှိခဲ့တော့ မှတ်တမ်း တင်ဖို့တော့ မတတ်နိုင်ခဲ့ပါဘူး၊ အခုခါတော့ အဲဒီလိုမြင်ကွင်းတွေက အရမ်းကိုပြောင်းလဲသွားခဲ့ပါပြီ၊ မောင်ရင်ငတေတို့ နယူးဖလက်မှာ နေကြတဲ့သူတွေရော ဝင်ထွက်သွားလာနေသူတွေရော ပေါင်း လိုက်ရင် ရွှေ တော်တော်များပါတယ်၊ မောင်ရင်ငတေနေတဲ့ အခန်းရဲ့ အခန်းသူကြီးက ကိုရာဇာပါ၊ ဂျပန်ဗီဇာ ညအိပ်တန်းစီတိုး လျှောက်လို့ရတဲ့ ခေတ်နှောင်းပိုင်းမှာ ဂျပန်ကိုရောက်သွားပြီး ခုတော့ အဆက်အသွယ် မရှိပါဘူး၊ မောင်ရင်ငတေတို့ အခန်းမှာ လပေးနေထိုင်သူက ဆယ်ဦးလောက်ရှိပြီး နောက်သုံးလေးဦးက ဝင်လိုက်ထွက်လိုက် နေကြပါတယ်၊ သင်္ဘောဆင်းသင်္ဘောတက် ဟိုပြန်ဒီပြန် ခဏတဖြုတ် တရက်နှစ်ရက် ဝင်ရောက်နားခိုသွားသူတွေလည်း ရှိပါတယ်၊ ဒါပေမဲ့ ဥရောပပြန်ဆိုပြီး တဦးတလေမှ မဆုံတွေ့ဖူးခဲ့ပါဘူး၊ ဥရောပသင်္ဘောလိုင်း လိုက်သူတွေလောက်သာ ရှိတာပါ၊ အဲဒီလို နေစဉ်က အခန်းထဲမှာ နေသူတွေအားလုံးမှာ တယောက်စနှစ်ယောက်စဘဲ အလုပ်ရှိကြပြီး အများစု ကတော့ မယ်မယ်ရရ မရှိကြပါဘူး၊ ရွှေပြည်တော် သက်ဆိုင်သူတွေဆီမှ လစဉ်ငွေမှာပြီး ဆင်ဖမ်းဖို့ ကျားဖမ်းဖို့ ကြံစီနေကြ သူတွေပါ၊ တညလုံး မအိပ်ဘဲ စကားထိုင်ပြောကြ သောက်ကြစားကြ မနက် အာရုံတက်ချိန်မှ နေဖင်ထိုးချိန်ထိအောင် အိပ်ကြ နေ့လည်စာ စားသောက်ပြီး အညောင်းအညာပြေ လမ်းလျှောက်ကြနဲ့ သူဌေးသားတွေအလားပေါ့ဗျာ၊ အဲဒီလိုနေသူတွေကိုတွေ့ပြီး ဘန်ကောက်မြို့ကို အလုပ်အကိုင်ရှာဖွေဖို့ ရောက်ရှိနေကြတဲ့ ထိုင်းကျေးလက်သူလေးတွေက အထင်ကြီး ကြိုက်ကြသူ ရွှေကိုယ်တော်လေးတွေလည်း ရှိကြောင်းပါ၊ မောင်ရင်ငတေတို့လည်း အဲဒီအချိန်က နှစ်ဆယ်ကျော် အစိတ်သားလောက်သာ ရှိနေသေးတော့ ရှေ့ဆုံးကထိပ်ကပါတာပေါ့၊ 


ဘန်ကောက်မြို့တော် စာတိုက်ကြီး


နောက်ပြီး အဲအချိန်အခါတုန်းက မောင်ရင်ငတေတို့ အခန်းမှာ တယ်လီဖုန်းရှိနေပေမဲ့ လက်ခံစကား ပြောလို့သာရပါတယ်၊ လမ်းနဘေးက ဖုန်းရုံလေးတွေကလည်း အကြွေစေ့ထည့်ပြီး ပြည်တွင်းပြောဖို့ ကိုသာ အစဉ်ပြေပါတယ်၊ ခုခေတ်လို အိုင်ဖုန်းခေတ် စမတ်ဖုန်းခေတ်ဆိုတာ မတွေးဝံ့နိုင်သေးပါဘူး၊ဒါကြောင့် အဲအချိန်အခါတုန်းက တလကို နှစ်ခေါက်သုံးခေါက် ဆိုသလို မရောက်မဖြစ် မသွားမဖြစ် သွားကြရတာကတော့ ဘန်ကောက်စာတိုက်ကြီးအနီးက အဝေးပြောဖုန်းခေါ်လို့ရတဲ့ Oversea Call တယ်လီဖုန်းရုံပါဘဲ၊ စာတိုက်ကြီးရဲ့ဘေး ညာဘက်အခြမ်းမှာ အဲဒီအင်တာနေရှင်နယ်တယ်လီဖုန်းရုံ ရှိပါတယ်၊ အဲဒီခေတ်ကာလက မောင်ရင်ငတေတို့လို လူတန်းစားတွေရဲ့ အားထားရာ ကျေးဇူးရှင် အရေးကြီးတဲ့ နေရာတခုပါဘဲ၊ ဒီနေ့ခေတ်ကာလနဲ့ ယှဉ်ပြောမယ်ဆိုရင်တော့ ကလေးတွေအတွက် ရီစရာတခုလို ဖြစ်ကောင်းဖြစ်နေမှာပါ၊ မောင်ရင်ငတေတို့ ဘန်ကောက်ရောက်ခါစ နှစ်များမှာ သူတို့ ထိုင်းလူမျိုး ငွေကြေးဝါးလားကြီး အကောင်ကြီး ရာထူးကြီးတွေတောင်မှ လုပ်ငန်းခွင်အတွင်း ခါးမှာ ဝေါ်ကီတော်ကီလောက် ချိတ်ထားရင် အဟုတ်မှတ်နေကြတာပါ၊ တော်ရုံတန်ရုံကတော့ အမဲရောင် ဧရိယာတိုင်ကြီးဆွဲထုတ်ပြီး လူထူထူအရှေ့မှာ ရှိုးထုတ်ကြတဲ့ ခေတ်ကိုတောင် မရောက်သေးပါဘူး၊ မောင်ရင်ငတေတို့လို ဘန်ကောက်ရောက် ရွှေ့ပြောင်း တရာ့ကိုး တရာ့တဆယ်တွေရဲ့ အားကိုးရာ အမိရွှေပြည်ကြီးနဲ့ ဆက်သွယ်ရာကတော့ ဘန်ကောက်စာတိုက်ကြီး နဘေးက အပြည်ပြည်ဆိုင်ရာ တယ်လီဖုန်းရုံကလေးပါ၊ ဘန်ကောက် တမြို့လုံးမှာမှ အဲဒီနေရာ တခုသာရှိတယ်လို့ ထင်မိပါတယ်၊ တခြားနေရာတွေလည်း မသွားဖူးခဲ့ပါဘူး၊ မောင်ရင်ငတေတို့ရဲ့ ရွှေပြည်ကြီးကို ဆက်သွယ်ရတာက အင်္ဂါဂြိုလ်သွားရတာထက်တောင်မှ ခက်တာမဟုတ်လား၊ တော်တော်မျက်နှာငယ်ခဲ့ရတာပါ၊ တနာရီ နှစ်နာရီကြာအောင် ခေါ်လိုမရတာတွေ ခေါ်နေရင်းနဲ့ လိုင်းကျသွားတဲ့တာမျိုးတွေ ဘာသံမှ မကြား ရဘဲ ပိုက်ဆံသာကုန်သွားခဲ့ရတာမျိုးတွေ အမျိုးစုံပါဘဲ၊ တယ်လီဖုန်းရုံ Booth ထဲမှာ စကားပြောဖို့ တမိနစ် ဘတ်သုံးဆယ်နှုန်းနဲ့ သုံးမိနစ်စာ စရံပေးစာရင်းသွင်းထားတာ ခေါ်မရဘဲကြာနေလို့ မောင်း ထုတ်ခံခဲ့ရတာလည်း ဒီအချိန်မှာတော့ အမှတ်တရပါဘဲ၊ ဘန်ကောက်မှာ မောင်ရင်ငတေနဲ့ တွဲဖက် သူငယ်ချင်းတဦးဖြစ်တဲ့ ပုဇွန်တောင်သား ဟန်ဝင်းဆိုသူကတော့ အဲဒီသုံးမိနစ်စာ ဘတ်ကိုးဆယ်ကို သူ့ရည်းစားဆီကော သူ့အမေဆီကိုပါ ရအောင်ဆက်ပြီး ငွေလှမ်းပို့ခိုင်းနိုင်ခဲ့သူပါ၊ အဲဒီအခါတုန်းက ဘတ်သုံးဆယ်ဆိုတာဟာ နည်းလှတဲ့ငွေတန်ဖိုးတော့ မဟုတ်ပါဘူး၊ တဒေါ်လာကိုမှ ၂၅ ဘတ် ဈေး ပေါက်တာပါ၊  မောင်ရင်ငတေတို့နေတဲ့ အခန်းခက တရက်ကို ဘတ်သုံးဆယ်ပေးရပြီး စုပေါင်းချက် စားတဲ့ ထမင်းဖိုးကနှစ်နပ်မှ ဆယ့်သုံးလေးဘတ် ကုန်တာပါ၊ နေစရိတ်နဲ့စားစရိတ်က ချွေတာနိုင်ရင် တရက်ကို ဘတ် ငါးဆယ်လောက်နဲ့ ရနိုင်ပါတယ်၊ အဓိကကတော့ နေထိုင်ခွင့်ပါမစ်က တိုလ်းဗီဇာနဲ့ ဆိုရင် သုံးလထိသာ အများဆုံး နေလို့ရပြီး မဖြစ်မနေ အနည်းဆုံးတော့ နယ်စပ်သွား တိုင်ပတ်ရမှာ ဖြစ်လို့ ကုန်ကျစရိတ်က ဘတ်ထောင့်ငါးရာ နှစ်ထောင်လောက်ထိ ရှိမှရမှာပါ၊ အဲလို စတေးရှောင်ခါ နီးသူတွေ ဂျပန်သွားဖို့ သင်္ဘောတက်ဖို့ ငွေလိုနေသူတွေဟာ ငွေမှာဖို့အတွက် အဲဒီ ဘန်ကောက် စာတိုက်ကြီးနဲ့ ကပ်ရက်က အိုဗာဆီးကောလ် တယ်လီဖုန်းရုံးမှာ တန်းစီတိုးပြီး သွားပြောရတာပါ၊ ရည်းစားနဲ့ ဗလာဗလာ ပြောဖို့ကတော့ အခြေအနေကလည်းမပေး ငွေကလည်းမတတ်နိုင်ကြတော့ ကွဲဖို့ရာသာပါဘဲ၊ စာတိုက်ကြီးကလည်း မောင်ရင်ငတေတို့နေတာနဲ့ သိပ်ဝေးလှတယ် မဟုတ်ပါဘူး၊ စီလုံလမ်းမကြီးကနေ ကျောက်ဖရားမြစ် ကမ်းနားဘက် အဆုံးထိလျှောက်လိုက်ရင် သိပ်မဝေးတော့ ပါဘူး၊ ဘတ်စ်ကားခက တခါစီး နှစ်ဘတ်နဲ့ နှစ်ဆင့်စီးရတာမို့ အသွားအပြန် ရှစ်ဘတ်ကုန်ပါတယ်၊ မောင်ရင်ငတေတို့ကတော့ ဘာကိစ္စမှမရှိရင် ကားခသက်သာအောင်လို့ လမ်းလျှောက်ပါတယ်၊ အဲဒီအခါက ထိုင်းကြက်သားထမင်းကြော် ခေါက်ဖတ်ကိုင်တပွဲမှ ရှစ်ဘတ်လောက် ပေးရပြီး ထိုင်း စီးကရက် Krong Thip တဗူးကို ၁၅ ဘတ်သာပေးရတာ မဟုတ်လား၊ ဘတ်စ်ကားခကို ချွေတာပြီး ကျန်းမာရေးနဲ့ ညီညွှတ်အောင် လမ်းလျှောက်ပေမယ့် စီးကရက်လေးကိုတော့ တဖွာနှစ်ဖွာလောက် ဖွာလိုက်ချင်တာကိုး၊ နောက်ပြီး စာတိုက်ကြီး ပတ်ဝန်းကျင်က လစ်တဲလ်အိန္ဒိယလို့ ပြောလို့ရနိုင်ပြီး ဗမာစကားပြောတတ်တဲ့သူတွေဖွင့်ထားတဲ့ လက်ဘက်ရည်ဆိုင်က ချိုပေါ့ကျနဲ့ ပလာတာတိုရှည်တို့ ကလည်း ဈေးသက်သက်သာသာနဲ့ ဗိုက်ပြည့်နိုင်ပါတယ်၊ အဲဒါကြောင့် ပေသီးခေါက်နေနိုင်သူဆိုရင် ဘန်ကောက်မှာ တလ ဒေါ်လာတရာဆို ရပါတယ်၊ သင်္ဘောပေါ်က ပြန်ဆင်းလာကြတဲ့ သူတွေဟာ မဟာရန်ကုန်ကို တိုက်ရိုက်မပြန်ကြတော့ဘဲ ဘန်ကောက်ကို တထောက်နား ဝင်ရောက်လာကြပြီး ဒေါ်လာအရွက်ကြီး တရွက်နှစ်ရွက်လောက်ကိုင်ပြီး အကောင်လုပ် နေနိုင်ကြတဲ့ခေတ်ပါ၊ အခုခေတ် အခါမှာလို ဆွေတွေမျိုးတွေ တအုပ်တမကြီးနဲ့ ဆေးရုံတက်ရင်း ရှော့ပင်လာထွက်ကြတဲ့ သူတွေတို့  နှစ်ညအိပ်သုံးရက်ခရီး မြဘုရားလာဖူးတဲ့ သူတွေတို့ အပျင်းပြေ ဂေါက်လာရိုက်တဲ့ သူတွေတို့ အဲလို လူတန်းစားတွေက မရှိသလောက် နည်းလှပါသေးတယ်၊ အခုဒီကနေ့ခေတ် အော်စီတို့ စင်ကာပူတို့ တို့လိုနိုင်ငံတွေမှာ ပညာရှင်ကြီးတွေဖြစ် လုပ်ငန်းရှင်ကြီးတွေ ဖြစ်နေတဲ့သူတွေလည်း အဲဒီခါတုန်းက ဟိုရှောင်ဒီရှောင် ဟိုပြေးဒီပြေး ပြေးနေကြတုန်းပါ၊ မောင်ရင်ငတေတို့လို အနောက်နိုင်ငံတွေရောက် ဒုက္ခသည် အမည်ခံသူတွေလည်း လက်သီးလက်မောင်းတန်းရင်ဘဲ ကောင်းမလား မျက်ရည်ခံထိုးရ ရင်ဘဲ ကောင်းမလား စဉ်းစားနေရတုန်းပါ၊ ဒါပေမဲ့ မောင်ရင်ငတေရဲ့ စိတ်ထဲမှာ အဲဒီ အချိန်တုန်းက ဘန်ကောက်ဟာ ကိုယ့်ရဲ့အိမ်လိုဖြစ်နေလို့ ဘန်ကောက်ကို ပြန်ရောက်တော့မယ်ဆိုရင် စိတ်ထဲမှာ ပျော်ရွှင်သလို ခံစားခဲ့ရပါတယ်၊ အခုတော့ ဒုတိယအိမ်ကိုတောင်မှ လွမ်းနေရတဲ့ဘဝ ဖြစ်ရပြီလေ၊


၂၀၀၇ ခုနှစ်က ဆမ်ဆောင်းရဲ့ နောက်ဆုံးပေါ် လက်ကိုင်ဖုန်း ကြော်ငြာ


ဘန်ကောက် ရာမလေးလမ်း ၁၉၉၆


(ဖေါ်ပြပါ ဓါတ်ပုံတွေမှာ တချို့ပုံတွေက Google က ရှာဖွေထားတာဖြစ်ပါတယ်)

အဲလို ဘန်ကောက် စာတိုက်ကြီး တယ်လီဖုန်းရုံမှာ သုံးမိနစ်တာလောက် စကားပြောဖို့ကို တနာရီမျှ မကကြာအောင် ခေါ်မရအော်လို့မရတဲ့ ရွှေပြည်တော်ကြီးဆီကို သည်းညည်းခံပြီး ခေါ်လို့များရခဲ့ရင် တနေကုန် ဘယ်သူတွေဘာလုပ်လုပ် အကောင်းထင်လောက်တဲ့ စိတ်ကျေနပ်မှု ခံစားခဲ့ရတာမျိုးက ဒီကနေ့ ကွန်ပြူတာ အင်တာနက် စမတ်ဖုန်း အိုင်ဖုန်း ဗိုင်ဘာတွေ တန်ဂိုတွေ ဂျီတော့ဖေ့ဘုတ်တွေ စတဲ့ အမျိုးစုံသော ဆက်သွယ်ရေး ကွန်ယက်တွေကနေ အလကားနီးပါး ပြောရတာထက်ကို ပိုမိုပြီး ခံစားရပါတယ်၊ မှတ်မိလို့ နေသေးတာ တခုကတော့ မောင်ရင်ငတေတို့ နယူးဖလက်ကို လာနေကြ ထိုင်းစကား နည်းနည်းတတ်ပြီး ပွဲစားလိုလို ရွှေလူမျိုးတဦးရဲ့ ခါးပတ်မှာ ချိတ်ထားတဲ့ Pager လို့ အသိများကြတဲ့ Radiomessagerie Message ပို့လို့ရတဲ့ စက်ကလေးပါဘဲ၊ အဲဒီလို စက်ကလေးကို သူရဲ့ခါးပတ်မှာ ရွှေရောင်ကြိုးကလေး တန်းလန်းတန်းလန်းနဲ့ ချိတ်ထားပြီး သူ့ကိုယ်သူဟုတ်လှပြီလို့ ထင်နေတာကို မောင်ရင်ငတေတို့တတွေက သိပ်ကြည့်မရ ဖြစ်ခဲ့တာပါ၊ သူကတော့ သူကိုယ်သူသာ ပြန်ကြည့်ပြီး အမြဲလိုလိုသပြီးသာ နေတတ်သူတဦးမို့ မောင်ရင်ငတေတို့ကို ဂရုတောင်မှ စိုက်မိဟန် မတူပါဘူး၊ အဲဒါ ၁၉၉၀-၉၁-၉၂ ခုအတွင်းပါ၊ ၉၃ ခုနှစ်နောက်ပိုင်းမှာမှ ဒီကနေ့ ဟန်းဖုန်းတွေရဲ့အစ ဧရိယာတိုင် အရှည်ကြီးတွေနဲ့ တပိသာလောက်လေးတဲ့ ဟန်းဖုန်းအမဲရောင်ကြီးများရဲ့ ခေတ်က ရောက်လာတာပါ၊ လွန်ခဲ့တဲ့ ငါးနှစ်ကျော် ၂၀၀၇ ခုနှစ်လောက်မှာတောင်မှ ဆယ်လူလာဖုန်းတွေက  စမတ်ဖုန်း သရီးဂျီ ဖိုးဂျီခေတ်နဲ့ တော်တော်ကိုဘဲ အလှမ်းဝေးလို့ နေဆဲပါ၊ မောင်ရင်ငတေ သေချာ မှတ်မိနေတာတခုက အဲဒီလို ဟန်းဖုန်းလေးလေးကြီးကို သူ့ရဲ့ခါးမှာချိတ်ထားရလို့ ခပ်စောင်းစောင်း စောင်းစောင်းဖြစ်နေတဲ့ ခန္ဒာကိုယ်ကြီးနဲ့ မလိုက်ဘက်အောင် အမြဲလိုပြုံးနေတတ်တဲ့ မျက်နှာပိုင်ရှင်၊ မောင်ရင်ငတေကို ၁၉၉၃ ခုနှစ်က ဘန်ကောက်လေဆိပ် လိုက်ပို့ပေးခဲ့တဲ့သူပါ၊ အဲဒီ သူကတော့ မောင်ရင်ငတေကို သင်္ဘောသား ဖြစ်လာလေမလား အိပ်မက်ထဲက အပြီးအပိုင် နှုတ်ထွက်စေခဲ့သူ မောင်ရင်ငတေတို့ရဲ့ အကိုကြီးအရွယ် ဘန်ကောက် သင်္ဘောသားလောကရဲ့ ဆရာကြီးတပါး ဖြစ်ခဲ့ ဖူးသူ၊ မောင်ရင်ငတေကို တောင်ကိုရီးယားမှာ အလုပ်ကြမ်းနဲ့ အကျယ်ချုပ် လေးနှစ်ကျခံစေခဲ့သူ ဆရာကြီးကိုအုံး ဖြစ်ပါတယ်၊ အခုစာရေးနေချိန် ရန်ကုန်မှာ နေထိုင်မကောင်းဖူးဆိုတာ ကြားသိရလို့ ဝမ်းနည်းစွာ မှတ်တမ်းတင်ရင်း အမြန်ဆုံး နေထိုင်ကောင်းပါစေလို့ ဆုတောင်းလိုက်ပါတယ် ခင်ဗျာ၊


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

Related posts

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:မောင်ရင်ငတေ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ

By

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ (မိုးမခစာအုပ်စင်) အောက်တိုဘာ ၁၈၊ ၂၀၁၈...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ (မိုးမခ) အောက်တိုဘာ ၁၂၊ ၂၀၁၈ မိုးမခစာပေက...

Read more »

မိုးမခမဂ္ဂဇင်း စက်တင်ဘာ ၂၀၁၈ နဲ့ ကာတွန်းရေစီးကြောင်း

By

  မိုးမခမဂ္ဂဇင်း စက်တင်ဘာ ၂၀၁၈ နဲ့ ကာတွန်းရေစီးကြောင်း ထွက်တော့မယ် (မိုးမခ) စက်တင်ဘာ...

Read more »

ဒေါ်ခင်မျိုးချစ်၏ သတင်းစာလောက ထွက်ပါပြီ

By

ဒေါ်ခင်မျိုးချစ်၏ သတင်းစာလောက ထွက်ပါပြီ (မိုးမခ) သြဂုတ် ၂၄၊ ၂၀၁၈ စာရေးဆရာမကြီး ဒေါ်ခင်မျိုးချစ်...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments