Maung Swan Yi – Articles

April 15, 2013

နယူးယောက်မှာ သာသနာ ရောင်ဝါနေသို့
မောင်စွမ်းရည်
ဧပြီ ၁၅၊ ၂၀၁၃

ကျနော် နယူးယောက်မြို့ကြီးကို ရောက်စက လည်စရာ ပတ်စရာ အိမ် သိပ်မရှိလှလို့ အတော်ယောင်ချာချာဖြစ်ခဲ့ရပါတယ်။ စာကြည့်တိုက်တွေကတော့ ပေါပါပေရဲ့။ အသင်းဝင်ကဒ်ပြား လုပ်ထားပြီး သိပ်မသွားဖြစ်ပါဘူး။ ရုပ်ရှင်ကားတွေတော့ ငှားကြည့်မိပါရဲ့။

တနေ့တော့ သွားရင်းလာရင်းနဲ့ ဆွမ်းခံကိုယ်တော်တွေ တန်းစီပြီး ကြွသွားတာကို အဝေးကနေ လှမ်းမြင်လိုက်ပါတယ်။ နိုင်ငံခြားတိုင်းပြည်မှာ ဆွမ်းခံကိုယ်တော်တွေကိုလှမ်းမြင်ရတာ အလွန်လွမ်းစရာ ကြည်နူးစရာကောင်းလှပါတယ်။ ဆရာကြီး မင်းသုဝဏ်ရဲ့ နေခြည်မှာ ရွှေရည်ဝင်း လို့ဆိုတဲ့ စာတိုစာစ တပိုင်းတစကို ပြေးပြီး သတိရလိုက်မိပါတယ်။ ပြီးတော့ ကွယ်လွန်သူ မန္တလေးပန်းချီဆရာအကျော် ပေါ်ဦးသက်ရဲ့ ဘုန်းတော်ကြီးပုံ ပန်းချီကားတွေကိုရော၊ မင်းဝေအောင်ရဲ့ ပန်းချီကားတွေကိုရော သတိရလိုက်မိပါတယ်။ ကျနော် ပြည်ပကိုထွက်လာခါနီး တော့ မင်းဝေအောင်ရဲ့ ဘုန်းတော်ကြီးပန်းချီကားတွေ အထူးလွှမ်းမိုးနေပါပြီ။ နေခြည်ထဲမှာ ဆွမ်းခံကြွနေတဲ့ ကိုယ်တော်တွေရဲ့ပုံကို နောက်ကနေဆွဲထားတဲ့ ပန်းချီကားတွေ၊ နေပူကျဲကျဲမှာ ဘုန်းကြီးဆောင်း ထီးနီနီဝါ၀ါကြီးတွေဆောင်းပြီး လှမ်းကြွနေတဲ့ ပန်းချီကားတွေ၊ ဦးပြည်းစိမ်းစိမ်းကို အနီးကပ်နောက်ကနေ ရေးဆွဲထားတဲ့ ပန်ချီကားတွေ …။

ကျနော်ဟာ လှမ်းမြင်မိတဲ့ ဆွမ်းခံကိုယ်တော်တွေနောက်ကို အပြေးလောက်နီးပါး ခြေလှမ်းနဲ့ အမြန်လိုက်သွားမိပါတယ်။ လမ်းသွားရင် နှုတ်ဆက်စကားလျှောက်ထားဖို့ မသင့်ဘူးမဟုတ်လား။ ဒါ့ကြောင့် လမ်းဆုံးအထိလိုက်မယ်လို့ စိတ်ဆုံးဖြတ်ပြီး နောက်ကပဲ ကပ်လိုက်သွားပါတယ်။ အတန်ကြာတော့ ခြံကျယ်ကြီးတခုထဲကို ကွေ့ဝင်ကြွသွားကြပါတယ်။ လမ်းမှာတော့ ဒကာ ဒကာမ တဦးတလေမျှ ဆွမ်းလောင်းထွက်တာ မမြင်မိပါဘူး။ ဘုန်းကြီးတန်းကြီးပျောက်သွားတော့ စိတ်မောသွားမိပါတယ်။ နေခြည်ထဲက ဘုန်းကြီးတန်းကြီးဟာ ဒို့ဗမာပြည်ရဲ့ ကြည်နူးထူးမြတ်တဲ့ နိမိတ်ပုံတခုပါတကားလို့လဲ စွဲမှတ်သွားလိုက်မိပါတယ်။ ကျနော်တို့ရွာ အချိန်ကို နာရီနဲ့မပြောပဲ ဆွမ်းခံဝင်ချိန်၊ ဆွမ်းခံပြန်ချိန် စသဖြင့် ပြောခဲ့ကြပုံတွေကိုလည်း တစဉ်တန်း အမြှင်တန်းပြီး တွေးတောလိုက်မိပါတယ်။

ဆွမ်းခံသံဃာတန်းကြီး ကွေ့ဝင်သွားတာက ဘုန်းကြီးကျောင်းကြီးထဲကို ဖြစ်နေပါကလား။ ဘုန်းကြီးကျောင်းကိုတွေ့ပြီဆိုတော့ ပိုပြီးဝမ်းသာ သွားမိပါတယ်။ ဘုန်းကြီးကျောင်းဝင်းကြီးက အကျယ်ကြီးပါ။ တဧကခွဲလောက်ကျယ်မယ်ထင်ပါတယ်။ အုတ်တိုက်ကျောင်းကြီး ကလည်း ကြီးမှကြီး။ မန္တလေးကျောင်းတိုက်ကြီးလိုပါပဲ။ မော်ကြည့်မိတော့ အချွန် အမွန်တွေက ဗမာလက်ရာမဟုတ်ပဲ တရုတ်လိုလို၊ ထိုင်းလိုလို ၀င်ပေါက်ရဲ့အဆုံးမှာ ဗမာဘုန်းကြီးကျောင်းတွေမှာ မြင်လေ့မရှတဲ့ ပကတိလူအရွယ်ထက်ကြီးတဲ့ အရုပ်ကြီးက မားမားမတ်မတ်။ ကွယ်ယင်မယ်တော်ဆိုတာထင်ပါရဲ့။ တရုတ်တန်းဘက်မှာလား၊ ဘာလား မသိ မြင်ဖူးပါတယ်။ ဗမာထုံးစံအတိုင်းဝင်သွားတော့ ဘုန်းတော်ကြီးများက ပြုံးပြီးကြိုဆိုကြပါတယ်။ စကားပြောကြည့်တော့မှ ဗမာဘုန်းကြီးတွေမဟုတ်ဘဲ ထိုင်းဘုန်းကြီးတွေဖြစ်နေတာ သိရပါတော့တယ်။ ဘာပဲဖြစ်ဖြစ် သင်္ကန်းဝါ၀ါနဲ့ ဦးပြည်းနဲ့ ပုဂ္ဂိုလ်တွေကို ဖူးမြင်ရတာ ကြည်နူးမိပါတယ်။ မိရိုးဖလားအစွဲအလန်းက သံဃာ (ဘုန်းကြီး) ဆိုတာ အနန္တော၊ အနန္တငါးပါးဝင် ဆရာမိဘနဲ့တန်းတူ တဂိုဏ်းတည်းပါတကားစဉ်းစားတဲ့ အမြင်အစွဲဟာ ဇာတိပြလာပါတော့တယ်။ ဗမာပါလို့လျှောက်ထားဝတ်ချပြီး ပြန်ခဲ့ပါတယ်။

နောက်တော့ ဘုန်းကြီးကျောင်းတကျောင်းကိုရောက်သွားပါတယ်။ အိမ်တအိမ်ရဲ့ အပေါ်ထပ်တခြမ်းမှာပါ။ ခပ်ကျဉ်းကျဉ်းပါပဲ။ ဗမာပြည်က ရခိုင်ဘုန်းတော်ကြီးတပါးပါ။ ရခိုင်သံဝဲ၀ဲနဲ့ ဗမာစကားပြောပါတယ်။ ပါရဂူဘွဲ့ရထားသူပါပဲ။ နောက်တကျောင်းကတော့ မန္တလေးကိုယ်တော် တပါးရဲ့ကျောင်းပါ။ ကျောင်းရဲ့ဘွဲ့အမည်က ၀ိသုဒ္ဓါရုံ ဓမ္မရံသီကျောင်းတဲ့။ ဒကာ ဒကာမွေက ပါဋ္ဌိဘွဲ့အမည်ကို ဖတ်လေ့မှတ်လ့နည်းပါတယ်။ ဘုန်းကြီးသုံးပါး သီတင်းသုံးနေထိုင်လို့ သုံးပါးကျောင်းလို့ပဲ အမည်တွင်ပါတယ်။ မျက်စောင်းထိုး တခေါ်လောက်မှာ ပအို့ဝ်ဘုန်း တော်ကြီးတပါးတည်း သတင်းသုံးတဲ့ ကျောင်းတကျောင်း ရှိသေးသတဲ့။ ကျောင်းအမည်က မဟာအောင်မြေတဲ့။ မြေတော့မရှိရှာပါဘူး။ အိမ်တအိမ်ရဲ့ အပေါ်ထပ်မှာပါ။ တခါက အဆိုတော်ကြီး မာမာအေး ခေတ္တတည်းခိုသွားဖူးတဲ့နေရာလို့ ဆိုပါတယ်။ အဲဒီတပါးကျောင်း ဆရာတော်က အိန္ဒိယက တက္ကသိုလ်ကျောင်းထွက်ပါရဂူဘွဲ့ရလို့ သတင်းကြားရတော့ ၀မ်းသာရပါတယ်။ အမေရိကန်မှာ သာသနာပြုရင် အင်္ဂလိပ်စာကျွမ်းဖို့လိုမှာပေါ့။ တပါးကျောင်းနဲ့ သုံးပါးကျောင်းဆရာတော်များက စာပေ၀ါသနာပါကြပါတယ်။ အနေကြာလာတော့ ကျနော်နဲ့ ဆရာရင်း ဒကာရင်းတွေ ဖြစ်လာကြပါတယ်။

သုံးပါးကျောင်းဆရာတော်က စာပေပါမက ပန်းချီပါ ၀ါသနာပါတယ်။ ပေါ်ဦးသက်ရဲ့ ရွှေတိဂုံစေတီတော်ကြီးပုံကို မန္တလေး လူထုတိုက်မှာ မြင်နေကျပါ။ အဲ့ဒီပုံနဲ့ ထပ်တူကျအောင် ဆရာတော်က ဆွဲနိုင်ပါတယ်။ အနီးကပ်ကြည့်မှ လက်ရာမတူတာကိုတွေ့နိုင်ပါတယ်။ ပန်းချီဆွဲပါ။ ပြပွဲလုပ်ကြမယ်ဆိုပေမယ့် မဆွဲဖြစ်ပါဘူး။ ဧည့်သည် အာဂန္တွုေများလို့နဲ့တူပါတယ်။ ဒါပေမယ့် နောက်ကျောဘက်က ဆွမ်းစားဆောင်မှာ စာပေ၀ါသနာပါတဲ့ ဒကာ ဒကာမတွေရဲ့ တိုက်တွန်းမှုနဲ့ စာကြည့်တိုက်ကလေးတခုတော့ လုပ်ဖြစ်ပါတယ်။ နယူးယောက် ဗမာတွေမှာ စာဖတ်ဝါသနာပါသူတွေ တော်တော်လေးရှိပါတယ်။ သူတို့ဖတ်ပြီး စာအုပ်တွေ စာနယ်ဇင်းတွေကို လှူကြပါတယ်။ အသက် ၈၀ ကျော် စာပေ၀ါသနာရှင် အဖွား ဒေါ်ခင်တီဆိုတာက စာအုပ်ဘီဒိုတွေ လှူတယ်။ ရီတာအောင်တို့လို စာရေးဆရာမမျိုးကလဲ သူရဲ့ မဂ္ဂဇင်းတွေ၊ စာအုပ်တွေ လှူထားပါတယ်။ စည်းကမ်းသိပ်ကြပ်လို့တော့ မရပါဘူး။ တချို့လောဘကြီးတဲ့ စာဖတ်သူများက သူများလက်ပါသွားမှာစိုးလို့တဲ့ သူဖတ်ချင်တာတွေကို တွန်းလှဲနဲ့ သယ်သွားတာ တွေ့လိုက်ရပါတယ်။ ဆရာတော်ကလဲ ပြောချိန်မရလောက်အောင် အလုပ်ရှုပ်နေဟန်တူပါတယ်။ ငှားသွားတာတွေကို ပြန်တော့ပို့ကြပါသတဲ့။ ငှားချိန် ကန့်သတ်လို့လဲ မရပါဘူး။ ကြုံမှ ပြန်အပ်ကြတာပါ။

ဒီကျောင်း နှစ်ကျောင်းက ကွင်းခေါ် ဘုရင်မမြို့နယ်ထဲမှာရှိတာပါ။ ဘရွတ်ကလင်းဘက်မှာလဲ ဘာကင်ကျောင်းတဲ့။ မစိုးရိမ်ကျောင်းတဲ့။ နှစ်ကျောင်းရှိနှင့်ပါတယ်။ ကျနော်နေတဲ့ ဘုရင်မမြို့နယ်ထဲက ကားနဲ့သွားရရင် နာရီဝက်လောက်သွားရပါတယ်။ ဝေးလို့ မသွားဖြစ်ပါဘူး။ နောင် တနှစ် နှစ်နှစ်ကြာမှ ကားကြုံလို့ လိုက်သွားဖူးပါတယ်။ မစိုးရိမ်ကျောင်းဆိုတာ မစိုးရိမ်စာချကိုယ်တော်ကြီး သီတင်းသုံးတဲ့ကျောင်းပါ။ ရှစ်လေးလုံးကာလက ဖမ်းဆီးခံ၊ ထောင်ချခံရရှာတဲ့ မထေရ်ကြီး ၀ါကြီးဆရာတော်ကြီးပါ။ တပည့် သံဃာ ၆၀၀၀ လောက်မွေးထုတ်ခဲ့တဲ့ ဆရာတော်ကြီးကို ဖမ်းဆီးနှိပ်စက်ခဲ့တယ်ဆိုတော့ မျက်ရည်လည်လောက်အောင် စိတ်ထိခိုက်မိပါတယ်။ ဗုဒ္ဓဘာသာ အမြင်အရရော၊ လူလောကအမြင်အရရော ဒီလိုပုဂ္ဂိုလ်ကြီးမျိုးကို ဗုဒ္ဓဘာသာဝင်စစ်ဗိုလ်စစ်သားတွေက ဘယ်လိုစိတ်ဓာတ်နဲ့များ လုပ်ရက်ကြသလဲဆိုတာ မစဉ်းစားနိုင်အောင်ပါပဲ။

ရွှေဝါရောင်တော်လှန်ရေးဆိုပြီး ကမ္ဘာ့စာနယ်ဇင်းတွေမှာ ဟိုးလေးတကျော်ဖြစ်သွားတဲ့ ၂၀၀၇ ခုနှစ် သံဃာတော်များ ဆန္ဒပြပွဲဆိုတာ မျိုးကတော့ ဗုဒ္ဓဘာသာ သမိုင်းမှာရော၊ ကမ္ဘာ့သမိုင်းမှာရော မကြံစဖူး ထူးကဲလှပါတယ်။ တန်းစီလာကြတဲ့ သံဃာတော်များဟာ မေတ္တာသုတ် ရွတ်လာကြတာဆိုတော့ အလွန်ကြည်နူးစရာ၊ ကြည်ညိုစရာပါ။ ဒကာ ဒကာမတွေ အချိုရည်များ၊ ရေအေးများ ကပ်လှူပြီး လမ်းမပေါ်မှာ ထိုင်ကန်တော့ကြပါတယ်။ ဒါကို သေနတ်တွေနဲ့ပစ်သူက ပစ်ကြပါတယ်။ ဒီအချိန်မှာ ပီနန်ဆရာတော်ကြီးကလဲ နယူးယောက် မြို့မှာ ရောက်ရှိနေပါတယ်။ အမေရိကန်ပြည်ထောင်စု အမြို့မြို့အနယ်နယ်မှာ ရောက်ရှိနေကြတဲ့ သံဃာတော်များပါ နယူးယောက်မှာ စုဝေးပြီး သာသနာ့ဥသျှောင် ဆိုတဲ့ အဖွဲ့အစည်းတခု ဖွဲ့လိုက်ပါတယ်။ ပီနန်ဆရာတော်ကြီးက ဥက္ကဌ၊ မစိုးရိမ်ဆရာတော်ကြီးက နာယက၊ သာသနာ့ဥသျှောင်အဖွဲ့ကြီးက စစ်အာဏာရှင်အစိုးရကို ရှုတ်ချကန့်ကွက်ပါတယ်။ တိုက်ခန်းတခန်းကို ငှားပြီး ရုံးခန်းလုပ်တော့ သာသနာ့ဥသျှောင်ဆိုတဲ့ ဘုန်းတော်ကြီး ကျောင်းတကျောင်းတိုးလာခဲ့ပါတယ်။ သာသနာ့ဥသျှောင် ရုံးခန်းအတွက် အကုန်သက်သာအောင် တပါးကျောင်းကို ခဏရွှေ့ပြောင်းသွားတော့ ၂၀၁၂ ခုနှစ် နောက်ပိုင်းမှာ သာသနာ့ဥသျှောင် ကျောင်းဝန်းနေရာကို ဦးဇင်းတပါးက ဆက်ခံပြီး ဧချမ်းမြေ့ ဆိုတဲ့ ဘွဲ့အမည်နဲ့ ကျောင်းတကျောင်းထောင်လိုက်တဲ့အခါ ဘုန်းကြီးကျောင်း တကျောင်း ထပ်တိုးသွားပြန်ပါတယ်။ အဲဒီကျောင်းလဲ တပါးကျောင်းပါပဲ။

ရွှေဝါရောင်အရေးအခင်းမှာ ထွက်ပြေးလာရတဲ့ ဘုန်းကြီးသုံးပါးက ဘရွတ်ကလင်းဘက်ရောက်လာပြီး ကျောင်းတကျောင်းထောင်တယ်။ ဗုဒ္ဓဘာသာဝင်မဟုတ်တဲ့ အမေရိကန်တဦးက ကူညီအားပေးပါတယ်။ ကျောင်းဘွဲ့က မေတ္တာပါရမီတဲ့။ ထောင်ထွက်ဘုန်းတော်ကြီးတပါးက ဦးဆောင်ပါတယ်။ နိုင်ငံရေးနဲ့ပြေးလာကြရတဲ့ ကျောင်းသားကြီးတချို့လဲ အဲဒီကျောင်းမှာ ဒုလ္လဘရဟန်းခံတာတွေ့လိုက်ရပါတယ်။ ဒီလိုနဲ့ ဘရွတ်ကလင်းဘက်မှာ ဘုန်းကြီးကျောင်းသုံးကျောင်းဖြစ်သွားခဲ့ပါတယ်။ ကျနော်တို့ မေတ္တာပါရီမီကျောင်းကို တပတ်တခါ ဆွမ်းဟင်းပို့လှူပါတယ်။

သုံးပါးကျောင်းလို့တွင်တဲ့ မဟာဝိသုဒ္ဓါရုံကျောင်းကတော့ အာဂန္တုဘုန်းတော်ကြီးတွေများပါတယ်။ ဒါပေမယ့် သုံးပါးထက်ပိုခဲ့တယ်။ ခဏသီတင်းသုံးပြီး မြို့ရွာအနှံ့ ဖြန့်သွားကြပါတယ်။ အာဂန္တတပါးက နက္ခတ်ဗေဒင်တတ်သတဲ့။ ဒါ့ကြောင့် ဘွဲ့အမည်ကိုမခေါ်ပဲ ဗေဒင်ဘုန်းကြီး လို့ပဲ ခေါ်ကြပါတယ်။ ဗေဒင်ဘုန်းကြီးမှာလည်း သူ့နည်းနဲ့သူ ကိုးကွယ်သူတွေများလာတော့ ဘုရင်မမြို့ထဲမှာပဲ ရွှေဘုန်းပွင့် အမည်နဲ့ ကျောင်းတကျောင်းထောင်လိုက်လို့ ဘုန်းကြီးကျောင်း ၈ ကျောင်းဖြစ်လာပါတယ်။

မကြာခင်ကပဲ နိုင်ဝင်ဘာလထဲမှာ ပီနန်ဆရာတော်ကြီးက မြေကွက်တကွက်ကို လောင်းအိုင်လင်း နယ်မြေဘက်မှာ ၈ သိန်းကျော်ပေးပြီး ၀ယ်ယူခဲ့ပါတယ်။ သုံးထပ်တိုက်အရှည်ကြီးတတိုက်လဲ ပါရှိပါတယ်။ အဲဒီနားမှာက ဗမာအိမ်မရှိပါဘူး။ ကားနဲ့ ဆယ်လေးငါးမိနစ်လောက်သွားရတဲ့နေရာမှာ ဗုဒ္ဓဘာသာအိမ်တအိမ်ပဲရှိပါတယ်။ ဆရာတော်ကြီးက မလေးရှားမှာပဲ ခမ်းနားကြီးကျယ်တဲ့ကျောင်းတိုက်ကြီးတခုတည် ထောင်ပြီး သီတင်းသုံးနေပါတယ်။ အသစ်ဝယ်လိုက်တဲ့ ကျောင်းကြီးမှာ သံဃာတပါးတင်ထားပါတယ်။ ကျောင်းဘွဲ့က ဗုဒ္ဓဒီပံ တဲ့။ ဗုဒ္ဓဘာသာ ဗမာတွေကို အထင်မသေးရအောင် ကျယ်ဝန်းခမ်းနားတဲ့ကျောင်းကြီးဝယ်လိုက်လို့ မိန့်ကြားပါတယ်။ ဗမာတွေများတဲ့ ဘုရင်မ (ကွင်း) မြို့နယ်ထဲမှာက မြေကျယ်ကျယ်မရှိပါဘူး။ ဒါပေမယ့် ဆွမ်းကွမ်းပေါပါတယ်။ ပီနန်ဆရာတော်ကြီး သာသနာပြုပုံ ထူးခြားပါတယ်။ ဗမာလူမျိုးတွေ တစုတဝေးရောက်ရှိနေထိုင်တဲ့ နိုင်ငံတိုင်းမှာ ဗုဒ္ဓဘာသာကျောင်းတွေ ၀ယ်ယူတည်ထောင်ပေးပြီး သံဃာတော်မျာလဲ ရှာဖွေအပ်နှံပေးပါတယ်။ နိုင်ငံခြားမှာ ကျောင်းထိုင်သံဃာတော်များဟာ ဗမာစကားအပြင် အင်္ဂလိပ်စကား၊ တရုတ်စကားသစည် ပြောတတ်ရပါတယ်။ပီနန်ဆရာတော်ကြီးရဲ့ ကျောင်းနဲ့ ထိုင်းဘုန်းကြီးပါ ပေါင်းရင် နယူးယောက်မှာ ဗုဒ္ဓဘာသာကျောင်းပေါင်း ၁၀ ကျောင်းရှိသွားပါ ပြီ။

ပီနန်ဆရာတော်ကြီးက နယူးယောက်ကို တနှစ်တခေါက်၊ နှစ်ခေါက်ဆိုသလို ကြွရောက်လာတတ်ပါတယ်။ တခါတော့ ကျနော်တို့က ဆွမ်းကပ်ပါတယ်။ ဆရာတော်ကြီးက … ဒကာတို့ ဗိုလ်နေ၀င်းကို ကျေးဇူးတင်ကြ။ သူလုပ်လို့ ဘုန်းကြီးတွေရော၊ ဒကာတွေရော ပြည်ပကို ပြေးလာကြရတာ။ ဟော ခုတော့ အမေရိကားလို နိုင်ငံကြီးမှာတောင် ဗုဒ္ဓဘာသာဘုန်းကြီးကျောင်းတွေနဲ့ စည်ကားလာပြီ မဟုတ်လား။ ကျေးဇူးဆိုတာ ရှာကြံတင်တတ်ကြရမှာပေါ့ …. လို့ ရယ်ရယ်မောမောနဲ့ မိန့်ကြားဖူးပါတယ်။

တကယ်တော့ နယူးယောက်မြို့နယ်ရဲ့ မြို့တော်က အယ်လ်ဘန်နီပါ။ အယ်လ်ဘန်နီမှာ ရုံးချုပ်တွေတည်ရှိပါတယ်။ နယူးယောကကနေပြီး ကားနဲ့သွားရင် ၃ နာရီ ပြင်းပြင်းလောက်ကြာပါတယ်။ အဲဒီမှာ ၂၀၀၃ လောက်ကတည်းက ဘုန်းကြီးကျောင်းတကျောင်း ရှိနေပါပြီ။ ကျောင်းထိုင်ဆရာတော် ဦးဣဿရိယက မိုးကုတ်ကကြွလာတာဆိုတော့ ဒကာ ဒကာမတွေက မိုးကုတ်ဆရာတော်လို့ပဲ လွယ်လွယ် ခေါ်ကြပါတယ်။ အဲဒီမှာရှိကြတဲ့ ဗမာတွေက ကျောင်းသားတပ်မတော်ကလာကြတာများပါတယ်။ ခုနောက်တော့ နောက်ထပ်ဗမာတွေ တနေ့တခြားတိုးများနေပြီး ဘုန်းကြီးကျောင်းတကျောင်းတောင် ထပ်ပြီးပေါ်ပေါက်နေသတဲ့။

မိုးကုတ်ဆရာတော်ကြီးက ၂၀၀၃ ခုနှစ် ကျနော်အမေရိကားကိုရောက်စကတည်းက အဆက်အသွယ်ရှိပါတယ်။ ကျနော်က အိုင်အိုစာ တက္ကသိုလ် စာပေရေးသားမှုအစီအစဉ်မှာ ပါဝင်ဆင်နွှဲနေကတည်းက တပတ် တခါ နှစ်ခါ ဖုန်းဆက်လေ့ရှိပါတယ်။ အဲဒီအစီအစဉ်ကို ကိုသာနိုး၊ ကိုဝင်းဖေ၊ ချစ်ဦးညို၊ ဒေါက်တာ ခင်မောင်ညို၊ နုနုရီ၊ ခက်မာ စတဲ့ စာရေးဆရာတွေ တက်ရောက်ခဲ့ကြဖူးပါတယ်။ နိုင်ငံတကာက စာရေးဆရာတွေ တွေ့ဆုံမိတ်ဖွဲ့တဲ့ပွဲပါပဲ။ နှစ်တိုင်းရှိပါတယ်။ တကြိမ်လုပ်ရင် သုံးလကြာပါတယ်။ သုံးလပြီးရင် ကျနော်က နယူးယောက်ကို သားအကြီးနဲ့သွားနေမယ်လို့ဆိုတော့ သူ့ဆီအရင်လာနေပါလို့ ဆရာတော်က ဖိတ်ကြားတာနဲ့ တလလောက်သွားနေခဲ့ဖူးပါတယ်။ သူပုန်ကျောင်းသားတွေရဲ့ ပို့ဆွမ်းကိုစားခဲ့ရပါတယ်။ အဲဒီက ကျောင်းသားကြီးတွေနဲ့လဲ တူသားအရင်လို ရင်းနှီးကျွမ်းဝင်ခဲ့ပါတယ်။ ထူးခြားတာကတော့ အဲ့ဒီမြို့မှာ ကားတိုက်ခံရတဲ့ သမင်ပံ့သကူသားတွေ မပြတ်စားရတာပါပဲ။

ခုဆိုရင် အယ်လ်ဘန်နီမြို့မှာ နှစ်ပေါင်း ၉၀ ကျော် ၁၀၀ နီးပါးသက်တမ်းရှိတဲ့ ခရစ်ယာန်ဘုရားရှိခိုးကျောင်းဟောင်းမြေနေရာကို ရောင်း မယ်ကြားလို့တဲ့ ၀ယ်ယူပြီး ဗုဒ္ဓဘာသာ သာသနာ့မြေအဖြစ်ပြောင်းလဲဖို့ မိုးကုတ်ဆရာတော်နဲ့ ဒကာ ဒကာမတွေ အားထုတ်နေကြပါတယ်။ ရန်ပုံငွေ ပြည့်စုံရင် အမြန်ဝယ်ဖြစ်မှာပဲဆိုပြီး အလှူခံနေကြလေရဲ့။ အဲဒီနေရာကိုရရင် ဗုဒ္ဓဘာသာဝင်တွေရဲ့ တရားစခန်းတို့ သင်တန်းတို့ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်လာနိုင်မယ်လို့ သိရပါတယ်။ ဆရာတော်ရဲ့ လက်ရှိကျောင်းမှာ သံဃာ ၃ – ၄ ပါးရှိပါတယ်။ စာတိုက်ကလေးသဖွယ် စာအုပ်များလည်း ထားရှိပါတယ်။ ဘာသာရေး ပွဲလမ်းအခမ်းအနားတွေအပြင် ဗမာတွေရဲ့ လွတ်လပ်ရေးနေ့၊ ပြည်ထောင်စုနေ့၊ စာဆိုတော်နေ့ စတဲ့အခမ်းအနားတွေ ကျင်းပလေ့ရှိပါတယ်။

ကျနော်လဲ အယ်လ်ဘန်နီ ဘုန်းတော်ကြီးကျောင်းမှာ သင်္ကန်ဝတ်ဖို့ စိတ်ကူးဝင်ဖူးပါတယ်။ ဒါပေမယ့် သီလလဲ မပေးတတ်တဲ့အပြင် သံဃာတော်တွေ တန်းစီရင် အသက်ကြီးပြီး ၀ါငယ်တဲ့ ဘုန်းကြီးအိုကြီးက နောက်ဆုံးကနေပြီး နှေးတုံ့ နှေးတုံ့ လိုက်နေရမှာ အားနာလို့ သင်္ကန်မစီးဖြစ်တော့ဘဲ ဘုရင်မမြို့နယ် (ကွင်းမြို့နယ်) ထဲက တပါးကျွန်းခေါ် မဟာအောင်မြေကျောင်းမှာ ပအို့ဆရာတော် ဦးဝိလသ အမှူးထားပြီး ပဋ္ဌာန်းဝတ်အသင်းတခု တည်ထောင်ထားပါတယ်။ တနင်္ဂနွေ ညနေတိုင်း ပဋ္ဌာန်းရွတ်ဖတ်ပြီး ၀တ်ပြုကြပါတယ်။ အသင်းသား ၃၀ ၀န်းကျင်ရှိပါတယ်။ အဲဒီမှာ သက်ကြီးပူဇော်ပွဲ၊ အဖေနေ့၊ အမေနေ့ ကန်တော့ပွဲ စတဲ့ပွဲတွေ နှစ်စဉ်လုပ်ပါတယ်။ အဲဒီမှာ ဘုရားဒကာ၊ ကျောင်းဒကာအဖြစ်နဲ့ ပါဝင်ဆောင်ရွက်ရင်း ဆရာတော်က ကမ္မဋ္ဌာန်းဝိပဿနာ အလုပ်ပေးစခန်းအဖြစ်ပါ တိုးချဲ့လာတဲ့အတွက် ကျနော်လဲ တောမမှီတဲ့ ယောဂီစွမ်းဖြစ်နေပါကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။ သာဓုခေါ်ကြပါခင်ဗျား …။

မောင်စွမ်းရည်
၂၀၁၃ ဖေဖော်ဝါရီ
နယူးယောက်


သရုပ်ဖော်ပန်းချီအား ဤနေရာမှ ကူးယူပါသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:မောင်စွမ်းရည်

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

MoeMaKa Monthly July 2017 ထွက်ပြီ

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ

By

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ (မိုးမခစာအုပ်စင်) ဇွန် ၉၊ ၂၀၁၇...

Read more »

မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ

By

    မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ (မိုးမခ) မေ...

Read more »

စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့် ကြမ်းကြမ်းတမ်းတမ်း ဘဝလမ်းများ” စာအုပ်

By

  စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့်...

Read more »

မိုးမခ ဧပြီ ရန်ကုန်ဆိုင်တွေ ဖြန့်ချိပြီးပါပြီ

By

 မိုးမခ ဧပြီ ရန်ကုန်ဆိုင်တွေ ဖြန့်ချိပြီးပါပြီ (မိုးမခ) ဧပြီ ၂၊ ၂၀၁၇ ကမ္ဘာဟာအကြမ်းပညာနဲ့...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း OKKW ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်