ပဒိုမန်းရှာ (သို့မဟုတ်) ချစ်သူများနေ့မှာ အမှတ်ရတဲ့သူ

February 14, 2012

နေသွင်
ဖေဖော်ဝါရီ ၁၄၊ ၂၀၁၂
ဖေဖော်ဝါရီ ၁၄ ရက် ၊ ညနေ ၄ နာရီခွဲ။

“ပဒိုမန်းရှာ လုပ်ကြံခံလိုက်ရတယ် ဆိုဗျ”
အွန်လိုင်းမှာ သူငယ်ချင်းတယောက်က ကျနော့်ကို လှမ်းမေးတယ်။
“ဟာ- မဟုတ်တာဗျာ”

ကျနော် ဒီလောက်ပဲ အကြောင်းပြန်နိုင်ပါတယ်။ စိတ်ထဲမှာတော့ နည်းနည်း ထိတ်သွားတာ အမှန်ပါပဲ။ မဲဆောက်က သူငယ်ချင်းတယောက်ဆီ ဖုန်းခေါ်ကြည့်တော့ ကျနော်က ဘာမှ မမေးခင်မှာပဲ
“ကြားပြီးရော့ပေါ့” တဲ့။
“ဟာ.. ဒါဖြင့် သွားပြီပေါ့”

သတင်းသမားတယောက် အနေနဲ့ ဘယ်လို၊ ဘယ်ပုံ ဆိုတာကို မေးဖို့ထက် မိနစ်အတန်ကြာအောင် မင်သက် သွားမိတယ်။ အဲဒီညနေက တော်တော်နဲ့ အိမ်မပြန်ဖြစ်ပါဘူး။ ပဒိုမန်းရှာ လုပ်ကြံခံရတဲ့ကိစ္စကို ကျနော်တို့ တတ်နိုင်သလောက် ပြည့်ပြည့်စုံစုံလေး လူထုကို သတင်းပေးဖို့ ကြိုးစားရပါတယ်။ အိမ်ပြန်တော့ မှောင်စပျိုးနေပါပြီ။
+++++

ည (၉) နာရီ။
“ဟေ့လူ”
“အေးဗျာ”
“ဒါ ဒုတိယ ဗိုလ်ချုပ်အောင်ဆန်းကို ဒုတိယ ဦးစောက သတ်သွားတာပဲဗျ”
“အိမ်ထဲဝင်ပြီး လုပ်ကြံသွားတာဗျာ။ ဘာအစောင့်အကြပ်မှ မထားလို့ အခုလို ဖြစ်ရတာ။ ဗိုလ်ချုပ်အောင်ဆန်းလည်း ဒီလိုပဲ ကျသွားတာပဲ။ အဆောင်အယောင် မမက်တဲ့ လူတွေဗျာ။ ဘာပြောရမှန်း တောင်မသိပါဘူး။”

သူငယ်ချင်းရဲ့ အသံမှာ ဝမ်းနည်းရိပ်တွေ အပြည့်။ ကျနော်တို့ နှစ်ယောက် ဖုန်းထဲမှာပြောစရာ စကား သိပ်မရှိတော့။ အတွေးကိုယ်စီနဲ့ နှုတ်ဆိတ်နေကြတယ်။ အဲဒီညက တော်တော်နဲ့ အိပ်မပျော်။ ကရင့် တော်လှန်ရေးရဲ့ ကံကြမ္မာ၊ ဒီမိုကရေစီ တော်လှန်ရေးတခုလုံးရဲ့ ကံကြမ္မာကို တွေးပူနေမိတယ်။ ပဒိုမန်းရှာ ဆိုတာက ကေအန်ယူရဲ့ အရေးအပါဆုံး ထိပ်တန်းခေါင်းဆောင်။ ကေအန်ယူ ဆိုတာက တော်လှန်ရေး တခုလုံးရဲ့ အသက်။

ပဒိုမန်းရှာကို ကျနော်တို့ သူငယ်ချင်းတသိုက်က သူရဲကောင်း တယောက်လို သိခဲ့ကြတယ်၊ လွန်ခဲ့တဲ့ရက်တွေအထိ ကျနော်တို့ စကားဝိုင်းမှာ ပဒိုမန်းရှာက ပါနေတုန်းပဲ။ လူငယ် သဘာဝအတိုင်း တော်လှန်ရေးအပေါ်၊ အားမလိုအားမရကြတိုင်း ဝေဖန်တာတွေ ရှိပေမယ့်၊ “ပဒိုမန်းရှာကတော့ တော်တယ်ဗျ” လို့ တယောက်က ပြောရင် ဘယ်သူမှ မငြင်းကြ။
++++++

အောက်မေ့ဖွယ် အခမ်းအနားတွေမှာ။ ရှစ်လေးလုံး နှစ်ပတ်လည် အခမ်းအနား၊ ဖုန်းမော်နေ့၊ (၇) ရက်ဂျူလိုင်၊ စသည်ဖြင့်ပေါ့လေ။ ကျနော်တို့ မသိမမှီလိုက်တာတွေကို သိမှီသူတွေ၊ ဖြတ်သန်းခဲ့သူတွေက ပြန်ပြောပြတဲ့ အခမ်းအနားတွေ။ တော်လှန်ရေး ခေါင်းဆောင်တွေ မိန့်ခွန်းပြောကြတာကို ကျနော်တို့ ဂရုတစိုက် နားထောင်ခွင့်ရတဲ့အခါ အထူးသဖြင့် ပဒိုမန်းရှာ ပြောတဲ့အလှည့်ကျရင် ကျနော်တို့ မတိုင်ပင်ရဘဲနဲ့ ဂရုတစိုက် နားထောင်ကြတယ်။ လက်ရှိ နိုင်ငံရေး အခြေအနေအပေါ် သူဘယ်လို သုံးသပ်မလဲ။ နောက်ဘာတွေလုပ်ဖို့ သူဆော်သြမလဲ။ ကျနော်တို့ စိတ်ဝင်စားကြတယ်။ သူဟာ ခေတ်မီတဲ့၊ ခေတ်အမြင်ရှိတဲ့ မျိုးဆက်ဟောင်းကြီးအဖြစ် ကျနော်တို့ ယုံကြည်ကြတယ်။
++++++++++

ပဒိုမန်းရှာကို လွန်ခဲ့တဲ့ ၃ နှစ်လောက်က (၇) ရက်၊ ဂျူလိုင် အခမ်းအနားတခုမှာ စတွေ့ဖူးခဲ့တယ်။ အဲဒီတုန်းက သူက အခမ်းအနား သဘာပတိတွေ ထိုင်တဲ့ခုံမှာ ထိုင်နေတယ်။ ဖထီးက ၁၉၆၁ ခုနှစ်မှာ တက္ကသိုလ်ကို ရောက်တယ်၊ ၁၉၆၂ မှာ ၇ ရက် ဂျူလိုင် အရေးအခင်းနဲ့ ဆုံခဲ့တယ်။ အဲဒါအပြီးမှာ ကျောင်းသား တော်တော်များများ သူပုန် ဖြစ်ကုန်ကြတယ်။ မထင်မရှား ကျောင်းသားတယောက်ပဲ ရှိသေးလို့ အဲဒီတုန်းက တောခိုစရာ မလိုခဲ့ပေမယ့် နောက် ၄ နှစ်အကြာ၊ တက္ကသိုလ်က ဘွဲ့ရအပြီးမှာ ဖထီးလည်း သူပုန် ဖြစ်လာတာပါပဲ။

အဲဒီတုန်းက တက္ကသိုလ် ပညာတတ် လူငယ်လေးတယောက်ရဲ့ တော်လှန်ရေး အိပ်မက်ဟာ သူကွယ်လွန်သွားတဲ့အထိ အောင်မြင်မှု မရသေးပါဘူး။ ဒါပေမယ့် သူဟာ သူယုံကြည်ချက်အပေါ် သေတပန် သက်တဆုံး၊ စွဲစွဲမြဲမြဲရပ်တည်ပြီး သူရဲကောင်းဆန်ဆန် ကျဆုံးသွားခဲ့တယ်။
++++++++++

၂ဝဝ၇ ခုနှစ်၊ အစမှာ ကေအန်ယူ၊ တပ်မဟာ (၇) က ဗိုလ်ချုပ်ဌေးမောင် ဦးဆောင်တဲ့ အဖွဲ့က စစ်အစိုးရနဲ့ ပူးပေါင်းသွားတဲ့ကာလမှာ ကေအန်ယူ ခေါင်းဆောင်တွေကို ဝေဖန်တဲ့စာတွေ ပလူပျံခဲ့တယ်။ အဲဒီ အချိန်လောက်မှာ ကေအန်ယူ ခွဲထွက် အဖွဲ့ခေါင်းဆောင် နောက်တဦးဖြစ်တဲ့ ပဒိုအောင်ဆန်းကလည်း မြန်မာ့အလင်း သတင်းစာမှာ ကေအန်ယူကို ဝေဖန်တဲ့ ဆောင်းပါရေးတယ်။ ပဒိုမန်းရှာကို “မဲဆောက်မှာ စည်းစိမ်ခံနေတဲ့ ကရင်နိုင်ငံရေးသမား” တဲ့။

ပဒိုမန်းရှာကို ဘယ်တုန်းကမှ စည်းစိမ်းခံနေတဲ့ ခေါင်းဆောင်တယောက် အနေနဲ့ ဘယ်လိုမှ မမြင်တွေ့ ကြရပါ။ ကေအန်ယူလို အဖွဲ့အစည်း တခုရဲ့ အထွေထွေ အတွင်းရေးမှူးရာထူးကို ယူထားတဲ့ သူရဲ့ အလုပ်ဖိုင်တွေ သိမ်းတဲ့စင်လေးဟာ ခနိုခနဲ့ ဝါးလုံးစင်လေး တခုပဲ ဖြစ်နေတာဟာ နောက်လာနောင်သားတွေအတွက် နမူနာကောင်းတခု ပြသွားသလိုပါပဲ။

သူက စကားပြောတဲ့အခါ တလုံးချင်း ရှင်းအောင်ပြောတယ်။ တက္ကသိုလ် ပညာတတ် တယောက်လို၊ စကားတန်ဆာဆင်ပြီး၊ ဝေ့ကာဝိုက်ကာ ပြောလေ့မရှိ။ တည့်တိုးပဲ ပြောတယ်။ ဒါကြောင့်ပဲ ကျနော်တို့ မျိုးဆက်တွေက ပဒိုမန်းရှာ မိန့်ခွန်းတွေကို တလေးတစား နားထောင်ချင်ကြတယ်။ ခေတ်မှီတဲ့ တော်လှန်ရေး ခေါင်းဆောင်လို့ ပြောရင်ရတယ်။

သူလုပ်ကြံမခံရခင်၊ ဖေဖော်ဝါရီ ၁၁ ရက်နေ့ကတော့ ကျနော် နောက်ဆုံးအကြိမ် စကားပြောခွင့် ရလိုက်တယ်။ အဲဒီ မတိုင်ခင် ၂ ရက်ပဲ စစ်အစိုးရက မေလမှာ လူထုဆန္ဒ ခံယူပွဲ လုပ်မယ်။ ၂ဝ၁ဝ မှာ ရွေးကောက်ပွဲ လုပ်မယ်ဆိုပြီး ကြေညာထားတယ်။ ဒီလို ကောက်ခါငင်ခါ ကြေညာလိုက်တာ ဘာကြောင့်လဲဆိုတာ ကျနော်တို့ အတွေးနဲ့ သုံးသပ်ကြတယ်။ ဒီကိစ္စအပေါ် ပဒိုမန်းရှာက ဘယ်လို သုံးသပ်မလဲ ဆိုတာ ကျနော် သိချင်တယ်။

အဲဒီတုန်းက ပဒိုမန်းရှာရဲ့ တယ်လီဖုန်းကို ဆက်တော့ စခန်းတခု ရောက်နေတယ်လို့ တယောက်ကဖြေပြီး ဖုန်းနံပါတ် တခုကို ပေးတယ်။ ဖုန်းခေါ်ကြည့်တော့ ကံအားလျှော်စွာပဲ တယောက်က ဖုန်းဖြေအပြီး ၂ မိနစ်လောက်အကြာမှ ပဒိုမန်းရှာ ရောက်လာတယ်။ ဖုန်းလိုင်းမကောင်းလို့ “ဟုတ်ကဲ့” ဆိုတဲ့အသံကို တိုးတိုးလေးစပြီး ကြားရတယ်။
ကျနော် သိချင်တာတွေကို သူက တိုတိုပဲဖြေတယ်။ ဒါဟာ လက်ရှိ မြန်မာပြည် နိုင်ငံရေးအပေါ် သူရဲ့ နောက်ဆုံး သုံးသပ်သွားချက် ဖြစ်ပြီး ဒီမိုကရေစီ လိုလားသူတွေအတွက် နောက်ဆုံး လမ်းညွန်ချက် ပေးသွားတာလည်း ဖြစ်မှာပါ။
+++++

လူတယောက် ကွယ်လွန်သွားတဲ့အခါ ဒီလူဟာ ဘယ်လိုလူလဲဆိုတာ ကျနော်တို့ သိချင်ကြတယ်။ အထူးသဖြင့် တော်လှန်ရေးခေါင်းဆောင် တယောက်ဆိုရင် သူမှာ လူသားဆန်တဲ့ တန်ဖိုးတွေ ဘယ်လောက်ရှိသလဲ ဆိုတာကို ကျနော်တို့ သိချင်ကြတယ်။ ဗိုလ်ချုပ်ကြီး စောဘိုမြ ကွယ်လွန်တဲ့အခါမှာ ပဒိုမန်းရှာက နောင်လာနောင်သားတွေအနေနဲ့ ဗိုလ်ချုပ်ကြီး စောဘိုမြ အကြောင်းကို ခြေခြေမြစ်မြစ် လေ့လာမယ်ဆိုရင် တော်လှန်ရေး လမ်းညွန်တခုကို ရရှိမယ်လို့ ပြောခဲ့တာကို မှတ်မိနေပါတယ်။

ပဒိုမန်းရှာဟာ ဗိုလ်ချုပ်ကြီး စောဘိုမြရဲ့ အနားမှာ တစားပွဲတည်း ၁ဝ နှစ်နီးပါးလောက် အလုပ်အတူတူ လုပ်လာတဲ့ ရှားရှားပါးပါး ခေါင်းဆောင်တဦး ဖြစ်ပါတယ်။ ဒါကြောင့်ပဲ ဗိုလ်ချုပ်စောဘိုမြ ကွယ်လွန်ပြီးနောက်ပိုင်း ကေအန်ယူအတွင်းမှာ အကွဲအပြဲ လှိုင်းတပိုးထန်ခဲ့ပေမယ့် သူဟာ စစ်အစိုးရရဲ့ လှည့်ကွက်တွေ၊ မာယာတွေကို ကျော်လွှားပြီး ကရင့် တော်လှန်ရေး တခုလုံးကို မှန်မှန်ကန်ကန် ကြံ့ကြံ့ခံ၊ ဦးဆောင်မှု ပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။
+++++

ပဒိုမန်းရှာရဲ့ ကျောင်းနေဘက် သူငယ်ချင်းတဦးဖြစ်တဲ့ စောသမိန်ထွန်းက “ဒီလူက စာတော်တော် ဖတ်တဲ့လူဗျ။ ပြီးရင် ဆွေးနွေးတာ ဝါသနာ ပါတဲ့လူ။ သူယုံကြည်တာကို ပြတ်ပြတ်ပြောတဲ့လူ။ ဒါပေမယ့် အများဆန္ဒကိုလည်း ဘယ်တော့မှ မပစ်ပယ်တဲ့လူ” လို့ ပြောပါတယ်။ စစ်ခေါင်းဆောင်တဦး အနေနဲ့ အထက်-အောက် ဆက်ဆံရေး ၊ မင်းစိတ်ပေါက်နေတဲ့ အရာရှိနေတွေ မနည်းမနော ရှိပါတယ်။ ဒါပေမယ့် စောသမိန်ထွန်းက “သူမှာ အထက်အောက် ဆက်ဆံရေး မရှိပါဘူး၊ ကျနော်တို့က လက်ဝဲသန်တဲ့ လူတွေမှာ အာလုံး တတန်းတည်း ဆက်ဆံတယ်။ သူလည်း ဒီလိုပါပဲ”လို့ ပြောပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ တိုက်ဆိုင်လို့ ကျနော် ကြုံဖူးတာက တခုကို အမှတ်ရပါတယ်။ တရက်မှာ ကံအားလျှော်စွာ ပဒိုမန်းရှာနဲ့ တခြား နိုင်ငံရေး ခေါင်းဆောင်တွေ ဆွေးနွေးနေတဲ့ အိမ်မှာ ကျနော် ရှိနေတယ်။ ကျနော်က “ဖထီး ကော်ဖီ သောက်ပါလား”လို့ ဧည့်ဝတ်ပြုတော့ “ကျနော့်မှာ ဆီးချိုရှိတယ်ဗျ၊ အချိုသောက်လို့ မရဘူး ” လို့ဖြေတယ်။ သူနဲ့ မျိုးဆက် (၂) ဆက်လောက် ကွာတဲ့ ကျနော်ကို “ကျနော်” လို့ သုံးပြီး လေးလေးစားစား တုံ့ပြန်တယ်။ ဧည့်ခန်းမှာ ဖျားခင်းဖို့ လုပ်ကြတော့ “မခင်းပါနဲ့။ ရပါတယ်။ ခဏလေးပါ” လို့ပြောပြီး တားမြစ်တာကို သတိရနေပါတယ်။
+++++

ပဒိုမန်းရှာ ဘဝဟာ ရေစုန်လမ်း မဟုတ်ပါဘူး။ သူကိုယ်တိုင်ကလည်း သူဘဝခရီးဟာ ရေဆန်လမ်းလို့ ပြောပါတယ်။ ၁၉၈၈ ခုနှစ်၊ ကျောင်းသားတွေ တောမခိုခင်က ဗိုလ်ချုပ်မြက ပဒိုမန်းရှာကို ကိစ္စတခုနဲ့ အပြစ်ထားတာပါ။ ပဒိုမန်းရှာကို ဘာရာထူးမှ မပေးဘဲ ထားခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ကရင်ရဲဘော်တွေက ပဒိုမန်းရှာကို သူတို့နဲ့ တတန်းတည်းထား ဆက်ဆံရမယ့် လူလို့ မမြင်ကြပါဘူး။ ဗိုလ်ချုပ်မြ ကိုယ်တိုင်ရော တခြား ကရင်ခေါင်းဆောင်တွေရော ပဒိုမန်းရှာရဲ့ အရည်အချင်းကို ဘယ်တော့မှ အထင်မသေးကြပါဘူး။ ဒါကြောင့်ပဲ ကျောင်းသားတွေ တောခိုလာတဲ့ အချိန်မှာ ဗိုလ်ချုပ်မြက ပဒိုမန်းရှာကို အနီးကပ်ခေါ်ပြီး ကျောင်းသားရေးရာတွေမှာ အကြံပေးစေခဲ့တာ ဖြစ်ပါတယ်။
+++++

လူတယောက် ကွယ်လွန်တဲ့အခါမှာ လူတွေက ကွယ်လွန်သူရဲ့ အပြစ်အနာအဆာတွေက ထုတ်မပြောကြတော့ဘဲ ကောင်းကွက်တွေကိုပဲ ပြောကြပါတယ်။ ပဒိုမန်းရှာ ကျဆုံးသွားတဲ့ အခါမှာလည်း တော်လှန်ရေးအတွက် အစားထိုးမရတဲ့ ဆုံးရှုံးမှုအဖြစ် တော်လှန်ရေး ရဲဘော်ရဲဘက်တွေ၊ သူချစ်သော ကရင်လူထုတွေ သာမက တိုင်းရင်းသား ပြည်သူတရပ်လုံးက နှမြောတသကြပါတယ်။ တိုင်းပြည်အတွက် အရေးကြီးတဲ့အချိန်မှာ ခေါင်းဆောင်ကောင်းတယောက် မမျှော်လင့်ဘဲ လုပ်ကြံခံရလို့လည်း စိတ်ထိခိုက်မဆုံးကြပါဘူး။

ကျနော့်အထင် ပဒိုမန်းရှာနဲ့ ပတ်သက်လို့ ကောင်းကွက်တွေကို မပြောဘဲ အပြစ်အနာအဆာတွေကို ရှာပြောမယ် ဆိုရင်လည်း အင်မတန် ခက်မယ့်လူပါ။ ဟံသာဝတီ ဦးဝင်းတင်အတွက် လူထုစိန်ဝင်း ရည်ညွန်းတဲ့ နာမဝိသေသနအတိုင်း “ကောင်းပြီး တော်တဲ့လူ” ပါ။ “သူဖြတ်သန်းခဲ့တဲ့ သမိုင်းက သူ့ပခုံးပေါ် တင်ပေးလိုက်တဲ့ တာဝန်ကို ကျေပွန်ခဲ့တဲ့လူ” လည်း ဖြစ်ပါတယ်။

သူဟာ တက္ကသိုလ်ဘွဲ့ရ၊ ပညာတတ်ဖြစ်ပေမယ့် ခေတ်ဆိုး၊ စနစ်ဆိုးထဲမှာ အဖိနှိပ်ခံတွေနဲ့ တသားတည်းရပ်ပြီး၊ ခက်ခဲကြမ်းတမ်းတဲ့ တော်လှန်ရေးသမား ဘဝကို တလျှောက်လုံး ခံယူခဲ့တဲ့လူ ဖြစ်တဲ့အတွက် ကျနော်တို့ လူငယ်တွေ အတွက်တော့ စာတွေ့ထဲက သူရဲကောင်း မဟုတ်ဘဲ၊ လက်တွေ့ထဲက သူရဲကောင်းတယောက်အဖြစ် အမြဲ ဦးညွတ် သတိရနေမှာ ဖြစ်ပါတယ်။

သူ့ကို ချစ်ခင် လေးစားအားကျသူ အားလုံးကို ဖထီးမန်းရှာ ခွဲခွာသွားတာ လေးနှစ်ကြာခဲ့ပါပြီကော။ ဒါပေမဲ့ ဖထီးက မြန်မာပြည်က လက်ရှိနိုင်ငံရေးအခြေအနေ၊ တိုင်းရင်းသားတွေနဲ့ အပစ်ရပ်စဲရေး ဆွေးနွေးပွဲတွေကို သတိကြီကြီးနဲ့ စောင့်ကြည့်မယ်လို့ ကျနော် ခံစားမိနေတုန်းပါပဲ။

မူရင်း – မောက္ခပညာရေးမဂ္ဂဇင်း အင်တာနက် စာမျက်နှာမှ ကူးယူဖော်ပြပါသည်။
http://www.maukkha.org/index.php/interview-maukkha/opinion-maukkha/1843-maukkha-phodo-manshar-knu?fb_ref=.TzkcfL2Bqip.like&fb_source=home_oneline


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Advertise on MoeMaKa
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ပြန်လည်ဆန်းသစ်ခြင်း

One Response to ပဒိုမန်းရှာ (သို့မဟုတ်) ချစ်သူများနေ့မှာ အမှတ်ရတဲ့သူ

  1. ohnmar on February 14, 2012 at 3:49 pm

    တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကိုလည်းအလေးထားတဲ့လူတစ်ယောက်ပါ။တန်းတူအခွင့်ရေးကို
    လည်းအင်မတန်မြတ်နိုးတဲ့ပုဂ္ဂတစ်ယောက်ပါဘဲ။

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခ လစဉ်ထုတ်မဂ္ဂဇင်း စက်တင်ဘာ ၂၀၁၇ ထွက်ပြီ

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

မိုးမခ ဇူလိုင် ထွက်ပါပြီ …

By

မိုးမခ ဇူလိုင် ထွက်ပါပြီ … (မိုးမခ) ဇူလိုင် ၁၈၊ ၂၀၁၇ မိုးမခ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်