Than Win Hlaing – Articles

April 15, 2013

ရှုမ၀ဦးကျော် (သို့မဟုတ်) ရှုမ၀ ဥယျာဉ်မှူး
သန်းဝင်းလှိုင်
ဧပြီ ၁၅၊ ၂၀၁၃


စစ်ပြီးခေတ်နောက်ပိုင်းထုတ်ဝေခဲ့သော မဂ္ဂဇင်းဂျာနယ်များ၌ ၄၅ နှစ်တိုင် သက်ဆိုးရှည်ခဲ့သည့် ဖိုးသက်ရှည်မဂ္ဂဇင်းတစ်စောင်မှာ ရှုမ၀ရုပ်စုံမဂ္ဂဇင်း ဖြစ်သည်။ ယခုအခါ တချိန်က ထုတ်ဝေခဲ့သော ရှုမ၀မဂ္ဂဇင်းပါ ၀တ္ထုတိုများ၊ ဆောင်းပါးများကို စုစည်း၍ ပေါင်းချုပ်စာအုပ်များ အဖြစ် စာပေတိုက်အသီးသီးပြန်လည်ထုတ်ဝေလာသည်ကို တွေ့ရလေသည်။

ရှုမ၀မဂ္ဂဇင်းသည် ၁၉၄၇ ခုနှစ် ဇွန်လထုတ်အမှတ် (၁) မှ နောက်ဆုံး ရပ်ဆိုင်းသွားသည့် ၁၉၉၂ ခုနှစ် ဇွန်လအထိ နှစ်ပေါင်း ၄၅ နှစ် အတွင်း အမှတ် ၅၄၀ တိုင် ထုတ်ဝေကာ စာပေသမိုင်းမှတ်တိုင်တစ်ခုကို အောင်မြင်စွာ စိုက်ထူနိုင်ခဲ့လေသည်။ ရှုမ၀ရုပ်စုံမဂ္ဂဇင်း၏ ဥယျာဉ်မှူးကြီးကား ရှုမ၀ဦးကျော်ပင် ဖြစ်သည်။

ရှုမ၀ဦးကျော်အား ခရစ် ၁၉၁၀ ပြည့်နှစ် ဇန်န၀ါရီလ ၁၀ ရက် (မြန်မာသက္ကရာဇ် ၁၂၇၁ ခုနှစ် တပို့တွဲလဆန်း ၁ ရက်) တနင်္လာနေ့ တွင် ရွှေတောင်မြို့ ကြာနီကန်ရပ်၌ အဘ ဦးဖိုးတုတ် အမိ ဒေါ်ရွှေညွန့်တို့မှ ဖွားမြင်ခဲ့သည့် မွေးချင်းငါးယောက်အနက် တတိယမြောက်သားဖြစ် သည်။

၁၉၂၄ ခုနှစ် အသက် ၁၄ နှစ်သားအရွယ်တွင် ရွှေတောင်မြို့နေရှင်နယ်အမျိုးသားကျောင်း၌ (၇)တန်း အောင်မြင်သည်အထိ သင်ကြားခဲ့သည်။ သို့ရာတွင် ထိုအချိန်က မိခင် ဖခင်တို့လည်း ကွယ်လွန်ခဲ့ပြီဖြစ်၍ ကျန်ရစ်သော သားချင်းတစ်စု၏ စီးပွားရေးအခြေအနေ ဆိုးရွားလာခဲ့သဖြင့် ကျောင်းမှထွက်ခဲ့ရသည်။ အမျိုးသားကျောင်းမှထွက်သူပီပီ ၀ံသာနုစိတ်ပြင်းထန်သဖြင့် အင်္ဂလိပ်အစိုးရကို မလိုလားသူဖြစ်သည်။ ထို့ကြောင့် အင်္ဂလိပ်အစိုးရအမှုထမ်းအလုပ်ကိုလည်း လုပ်ရန်ဝန်လေးခဲ့မိလေသည်။ သို့ဖြင့် ကိုယ့်ဒူးကိုယ်ချွန်ဖြင့် ဘ၀ကို ရပ်တည်ရန် ရန်ကုန်မြို့သို့ တကိုယ်တည်းထွက်လာခဲ့သည်။ ၁၉၂၆ ခုနှစ် စက်တင်ဘာလ ပထမပတ်တွင် ရန်ကုန်မြို့သို့ စတင် ခြေချ မိသည်။

ကျောင်းပညာကို အထက်တန်းအဆင့်အထိ သင်ကြားခွင့်မရခဲ့ရှာသော်လည်း မိမိဘာသာပြင်ပမှ ပညာရေးတိုက်တက်မှုအတွက် မြန်မာစာနှင့် နိုင်ငံခြားစာပေဗဟုသုတများကို စဉ်ဆက်မပြတ် လေ့လာဆည်းပူးခဲ့သည်။

ငယ်စဉ်ကပင် စာပေ ကဗျာနှင့် ပန်းချီကို အထူးပင်ဝါသနာထုံရာ အသက် ၁၇ နှစ်သားအရွယ်မှစ၍ ဒဂုန်မဂ္ဂဇင်းတွင် “ရွှေတောင်နေရှင်နယ်ကျော်ကျော်” ကလောင်အမည်ဖြင့် စတင်ကလောင်သွေးခဲ့သည်။ ထို့နောက် ၁၉၃၂ ခုနှစ်တွင် မန္တလေးမြို့သို့ သွားရောက်အခြေစိုက်၍ စာပေလုပ်ငန်းများ စတင်ပျိုးထောင်ခဲ့သည်။

ထို့နောက် မကြာမီပင် ‘ရဲကျော်’ ကလောင်ကွဲဖြင့် ‘အပျိုလုပ်မယ်’၊ ‘ချစ်မမ’ စသော နှစ်ပဲတန်ဝတ္ထုများ ရေးသားထုတ်ဝေခဲ့သည်။ ၁၉၃၆ ခုနှစ်တွင် ရန်ကုန်မြို့သို့ ပြန်လည်နေထိုင်၍ ဗိုလ်ချုပ်အောင်ဆန်းဈေးအနောက်ဘက်တန်း၌ ဖွင့်လှစ်ထားသော ‘မြပိုးထည်တိုက်’ တွင် မန်နေဂျာအဖြစ်လည်းကောင်း၊ စာပေလုပ်ငန်းများကိုလည်းကောင်း ကြိုကြားကြိုကြားလုပ်ကိုင်ခဲ့သည်။

ဤသို့ဖြင့် ၁၉၄၆ ခုနှစ်တွင် သီတာအေးပုံနှိပ်စက်နှင့် ရှုမ၀စာအုပ်တိုက်ကို စတင်တည်ထောင်ခဲ့သည်။ ထို့နောက် ၁၉၄၇ ခုနှစ် ဇွန်လမှစ၍ ရှုမ၀ရုပ်စုံမဂ္ဂဇင်း အမှတ် (၁) ကို စတင်ထုတ်ဝေခဲ့သည်။ အမှတ် (၁) ရှုမ၀မဂ္ဂဇင်းအရွယ်သည် အလျား ၈ လက်မခွဲ အနံ ၆ လက်မ တစ်မတ်သာ ရှိ၍ စာမျက်နှာအားဖြင့် စာသားနှင့်ကြော်ငြာအပါအ၀င် ၁၀၂ မျက်နှာသာ ရှိသည်။ အမှတ် (၁) ရှုမ၀မဂ္ဂဇင်း၏ အဖုံးကို ပန်းချီကျော် ဦးကိုလေးက ရေးဆွဲပေးခဲ့သည်။ အဖုံးပုံမှာ လှပခေတ်မီအမျိုးသမီးကလေးသည် လက်ျာဘက်လက်ကို ဦးခေါင်းရှိပန်ထားသော ပန်းနွယ်ပန်းခက်ကို စမ်းသပ်ကိုင်တွယ်ရင်း မြေကမူလေးကို လက်ဝဲလက်ဖြင့် မှီထောက်ကာ ထိုနေဟန်ကို ဆေးရောင်စုံဖြင့် ရိုက်နှိပ် ထားသည်။

ရှုမ၀မဂ္ဂဇင်းတိုင်းလိုလို ဦးကျော်ကိုယ်တိုင် ‘ဇော်ဟိန်း’၊ ‘ရှုမ၀ဦးကျော်’၊ ‘ဖိုးရှုမ၀’ စသော ကလောင်ကွဲများဖြင့် ၀တ္ထု၊ ဆောင်းပါးများ ရေးသားခဲ့သည်။

ရှုမ၀မဂ္ဂဇင်းသည် စာပေတစ်ခေတ်ကို အသွင်ဆန်းသစ်စေခဲ့သည်။ ထို့ကြောင့်ပင် ရှုမ၀နှင့် နှစ်ပေါင်းများစွာ လက်တွဲလာခဲ့သော စာရေးဆရာတင့်တယ်က ‘စာပေခေတ်တစ်ခေတ် ဆန်းသစ်လာစေလောက်သော စွမ်းဆောင်ချက်သည် တု၍ ရနိုင်ခဲသော စွမ်းဆောင်ချက်ဖြစ်၏။ ထိုစွမ်းဆောင်ချက်ကို ဦးဆောင်နိုင်ခဲ့သူ ပုဂ္ဂိုလ်ဟာ ကျွန်ုပ်တို့ စာပေနယ်တွင် ကျင်လည်သူအပေါင်းတို့ ဦးညွှတ်ကြရ မည် ဖြစ်ပေသည်’ ဟူ၍ (ဦးကျော်ချစ်သူများမှတ်တမ်း)တွင် ရေးသားထားလေသည်။

ထို့အပြင် ရှုမ၀ဦးကျော်၏ စာပေမိတ်ဆွေ စာရေးဆရာမ ဂျာနယ်ကျော်မမလေးကလည်း ‘စာရေးဆရာအပေါင်းတို့ သူ့အား ပုဂ္ဂိုလ်အရ ခင်ကြမင်ကြခြင်းထက်၊ ရှုမ၀မဂ္ဂဇင်းကို ခင်ကြ မင်ကြ သံယောဇဉ်ကြီးကြစေရန် စွမ်းဆောင်သွားသောအချက်မှာ ရှုမ၀မဂ္ဂဇင်းကို သူသည် ပိုင်သာပိုင်၏။ ရှုမ၀မဂ္ဂဇင်းကို ဆိုင်ကြသူတွေကား သူမဟုတ်။ စာရေးဆရာများသာဖြစ်သည်ဟု ခွဲခြားစွာ ထိန်းချုပ်စည်းထားထား လေသည်။ ထိုစည်းအတိုင်း ဦးကျော်သည် ရှုမ၀မဂ္ဂဇင်းရှေ့မှ ထွက်၍ ရပ်မနေဘဲ သူ့ကိုယ်သူ ပျောက်နိုင်သမျှ ပျောက်အောင် ဖျောက်ထား နိုင်သူဖြစ်သည်။ ၀င့်ဝါမှုမရှိခြင်း၊ နှိမ့်ချခြင်း၊ မည်သူနှင့်မဆို ပြေပြစ်စွာဆက်ဆံခြင်းတို့သည် ချီးကျူးဖွယ်ရာကောင်းသော ဦးကျော်၏ စွမ်းရည်များဖြစ်သည်။

ရှုမ၀မဂ္ဂဇင်းအောင်မြင်ရေးပန်းတိုင်သို့ ခရီးရောက်အောင် စိုက်လိုက်မတ်တပ်မလျော့သောဇွဲလုံ့လဖြင့် ကြိုးပမ်းအားထုတ်သွားလေ သူဖြစ်၍ စံတင်ထိုက်သော ပုဂ္ဂိုလ်လည်း ဖြစ်သည်’ ဟူ၍ ၁၉၇၄ ခုနှစ် ဧပြီလထုတ် ရှုမ၀မဂ္ဂဇင်းတွင် ‘တသသဖြင့်’ ခေါင်းစဉ်ဖြင့် ရေးသားထားလေသည်။

တချိန်က ငွေတာရီမဂ္ဂဇင်းကို စတင်တည်ထောင်သူနှင့် မြ၀တီပုံနှိပ်တိုက်အယ်ဒီတာချုပ် (ယခုမြတ်မင်္ဂလာ၊ မင်္ဂလာမောင်မယ် စာစောင်အယ်ဒီတာချုပ် နှင့် အမျိုးသားစာပေတသက်တာစာပေဆုရ) ဆရာမင်းယုဝေကလည်း `ရှုမ၀မဂ္ဂဇင်း၏ ကျေးဇူးသည် အလွန်ကြီးမား ပါသည်။ မြန်မာစာပေတိုးတက်ရေးအတွက် ရှုမ၀က တတပ်တအား ဦးဆောင်ပါဝင်ခဲ့ပါသည်။ ထို့အတူ ရှုမ၀မဂ္ဂဇင်းကို တည်ထောင်တည်းဖြတ်ထုတ်ဝေသူ ရှုမ၀ဦးကျော်၏ ကျေးဇူးသည်လည်း ကြီးမားပါသည်။ မြန်မာစာပေတိုးတက်ရေးအတွက် ဦးကျော်၏ ကြိုးပမ်းဆောင်ရွက်ချက်တို့မှာ မှတ်တိုင်သဖွယ် ခိုင်မြဲတည်ရှိနေသည်ဟု ယုံကြည်ပါသည်။’ ဟူ၍ မှတ်တမ်းတင်ထားသည်ကို တွေ့ရသည်။

တချိန်က ရှုမ၀မဂ္ဂဇင်းတွင် ပင်တိုင်စာရေးဆရာတစ်ဦးဖြစ်ခဲ့သော စာရေးဆရာ ဗန်းမော်တင်အောင်ကလည်း-

‘သူထူထောင်ခဲ့သော ရှုမ၀မဂ္ဂဇင်းနှင့် အရပ်ရပ်စာပေလုပ်ငန်းများမှ ယနေ့မြန်မာစာပေလောကတွင် ထင်ရှားကျော်ကြားလျက်ရှိသော စာရေးဆရာ၊ ကဗျာဆရာနှင့် ပန်းချီဆရာအမြောက်အမြားမွေးထုတ်ပေးခဲ့၏။ တင့်တယ်၊ သော်တာဆွေ၊ မောင်သာရ စသူတို့သည် ရှုမ၀မဂ္ဂဇင်း စင်ထက်တွင် မွေးဖွားထင်ရှားလာခဲ့ကြသော စာရေးဆရာများဖြစ်သည်မဟုတ်ပါသလော။ ရှုမ၀ကဗျာဥယျာဉ်မှ ပွင့်သစ်လာခဲ့ ကြသည့် ကဗျာဆရာများမှာလည်း အများအပြားပင်ဖြစ်၏။ ပန်းချီကျော်ဦးကိုလေးနှင့် ဦးသောင်းဟန်တို့သည် ရှုမ၀စင်မြင့်တွင် ထင်ရှားကျော်ကြားလာခဲ့ကြသော ပန်းချီဆရာသမားများဖြစ်၏။ ထိုမျှမဟုတ်သေး ရှုမ၀စာပေတစ်ထောင်ဆုများ ချီးမြှင့်ကာ ငွေလင်း၊ စိန်စိန်၊ မောင်သိင်္ခ၊ မောင်ရွှေကြည်၊ တင်မြင့်အောင်၊ မြမြစိန် စသော စာရေးဆရာများကိုလည်း ရှုမ၀ဦးကျော်သည် မီးရှုးသန့်စင်ဖွားမြင်ပေးခဲ့၏။

စာပေလုပ်ငန်းတွင် ယင်းသို့ ထင်ရှားကျော်ကြားသော စာရေးဆရာ၊ ကဗျာနှင့် ပန်းချီဆရာအမြောက်အမြား မွေးထုတ်ခဲ့သလို ရုပ်ရှင်လုပ်ငန်းဘက်တွင်လည်း အလားတူ ရုပ်ရှင်ပညာသည် အမြောက်အမြားကို သူပွဲထုတ်ပေးခဲ့၏။ သူသည် ဥယျာဉ်မှူးကောင်းဖြစ်၏။ ပန်းများကို ပွင့်စေသူလည်း ဖြစ်၏။’ ဟူ၍ ၁၉၇၄ ခုနှစ် ဧပြီလထုတ် ရှုမ၀မဂ္ဂဇင်းတွင် ‘ရင်နှစ် သို့မဟုတ် စာရေးဆရာနှင့် သူ၏မိတ်ဆွေ’ ခေါင်းစဉ်ဖြင့် မှတ်တမ်းတင်ထားသည်။

တချိန်က တာရာမဂ္ဂဇင်းကို တည်ထောင်ခဲ့သော စာရေးဆရာကြီး ဒဂုန်တာရာကလည်း ရှုမ၀ဦးကျော်အား –

‘အယ်ဒီတာအဖြစ်၊ ထုတ်ဝေသူအဖြစ်၊ ရုပ်ရှင်ညွှန်ကြားသူအဖြစ်၊ လမ်းသစ်လျှောက်သူတစ်ယောက် ဟု ခံစားမိပါသည်’ ဟု တစ်နေရာတွင် မှတ်တမ်းတင်ထားသည်ကို ဖတ်ရဖူးပါသည်။

ရှုမ၀မဂ္ဂဇင်းကို တည်ထောင်သူ ဦးကျော်သည် ၁၉၅၂ ခုနှစ် အောက်တိုဘာလ ၂၇ ရက်နေ့တွင် ရှုမ၀မဂ္ဂဇင်းတိုက်က တစ်နှစ်အတွင်း ရေးသားတင်သွင်းသည့် ၀တ္ထုစာမူကို ရွေးချယ်၍ ဆုငွေကျပ် ၁၀၀၀ ချီးမြှင့်မည်အကြောင်း ကြေညာခဲ့သည်။ ရှုမ၀တစ်ထောင်ဆုကို ၁၉၅၃ မှ ၁၉၆၂ အထိ (၆)နှစ်တိုင်တိုင် ဆက်တိုက်ချီးမြှင့်ခဲ့သည်။

ရှုမ၀တစ်ထောင်ဆုပေးပုံမှာ ရွေးချယ်မှုစနစ်မဟုတ်ဘဲ ယှဉ်ပြိုင်မှုစနစ်ဖြစ်၍ အောက်ပါစည်းကမ်းချက် နှစ်ရပ်နှင့်အညီ တင်သွင်းယှဉ် ပြိုင်ကြရ၏။

(၁) ရှုမ၀ဆုအတွက် ကလောင်သစ်များရေးသားရမည့် စာမူမှာ လျှောက်လွှာစက္ကူစာမျက်နှာ ၂၀၀ မှ ၃၀၀ အတွင်းရှိ ပင်ကိုယ် ရေးသားသော ၀တ္ထုတစ်ပုဒ်ဖြစ်စေရမည်။

(၂) ရှုမ၀ဆုအတွက် ရေးသားသူကလောင်ရှင်သည် ကလောင်သစ်သက်သက်ဖြစ်စေရမည်။ ကလောင်သစ်ဟု ဆိုရာ်၌ လုံးချင်းဝတ္ထုနှင့် သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း တို့တွင် ၀တ္ထုရှည် ရေးသားပုံနှိပ်ထုတ်ဝေခြင်း တခါဖူးမျှ မပြုဘူးသေးသော ကလောင်ရှင်ကို ဆိုလိုသည်။

သတ်မှတ်ထားသော အဆင့်အတန်းမီသည့် စာမူများမရရှိပါက ထိုနှစ်အတွက် ရွေးချယ်ချီးမြှင့်ခြင်း မပြုချေ။

စာမူများကို ကြေညာထားသည့် ပြက္ခဒိန်တစ်နှစ်အတွင်း ရှုမ၀မဂ္ဂဇင်းတိုက်သို့ တင်သွင်းရ၏။ ရွေးချယ်ရေးအဖွဲ့က အောက်ပါအချက်

ငါးချက်ကို မူထား၍ စစ်ဆေးခဲ့သည်။ ယင်းတို့မှာ သဘာဝ၊ အရေးအသား၊ ဇာတ်လမ်းဇာတ်ကွက်၊ စာပေပြောင်မြောက်မှုနှင့် နိုင်ငံ့အကျိုးပြုမှုဟူ၍ ဖြစ်လေသည်။

ဆုရသူကို အခမ်းအနားဖြင့် ငွေကျပ်တစ်ထောင်ကို ချီးမြှင့်ကာ ယင်း၏ဆန္ဒရှိပါက သီးခြားဉာဏ်ပူဇော်ခ ထပ်ပေး၍ ရှုမ၀မဂ္ဂဇင်းတွင် အခန်းဆက်ဝတ္ထုရှည်အဖြစ် ထည့်သွင်းဖော်ပြခြင်း၊ သို့မဟုတ် လုံးချင်းဝတ္ထုအဖြစ် ရိုက်နှိပ်ဖြန့်ချိခြင်းတို့ကို ပြုလုပ်ပေးသည်။

ရှုမ၀တစ်ထောင်ဆုရ စာမူနှင့် စာရေးဆရာများမှာ ၁၉၅၃ ခုနှစ်တွင် ငွေလင်း၏ ‘ဤယမုန်’ ၀တ္ထုက လည်းကောင်း၊ ၁၉၅၄ ခုနှစ်တွင် စိန်စိန်၏ ‘သားလိမ္မာ’ ၀တ္ထုကလည်းကောင်း၊ ၁၉၅၅ ခုနှစ်တွင် မောင်သိင်္ခ၏ ‘သိကြားစေ’ ၀တ္ထုကလည်းကောင်း၊ ၁၉၅၈ ခုနှစ်တွင် မောင်ရွှေကြည်၏ ‘ကျားဆိုသောကျား’ ၀တ္ထုကလည်းကောင်း၊ ၁၉၆၁ ခုနှစ်တွင် တင်မြင့်အောင်၏ ‘ရေနံ့သာဦး’ ၀တ္ထုကလည်းကောင်း၊ ၁၉၆၂ ခုနှစ်တွင် မြမြစိန်၏ ‘အညံ့ပန်း’ ၀တ္ထုကလည်းကောင်း ရှုမ၀တစ်ထောင်ဆုကို ဆွတ်ခူးရရှိလေသည်။ ၁၉၅၆၊ ၁၉၅၇၊ ၁၉၅၉ နှင့် ၁၉၆၀ နှစ်များတွင် အဆင့်အတန်းမီ စာမူများမရရှိသဖြင့် ဆုများကို ချီးမြှင့်ခြင်းမပြုနိုင်ခဲ့ချေ။ ၁၉၆၂ ခုနှစ်တွင် နောက်ဆုံးဆုချီးမြှင့်ပြီးနောက် ရပ်စဲသွားခဲ့ရလေသည်။ ဆုငွေများကို နှစ်စဉ်စာဆိုတော်နေ့၌ စာရေးဆရာအသင်းဥက္ကဋ္ဌမှတဆင့် ချီးမြှင့်ပေးခဲ့သည်။

ရှုမ၀ဦးကျော်သည် ၁၉၅၆ ခုနှစ် သြဂုတ်လ ၁၅ ရက်နေ့တွင် ရှုမ၀ရုပ်ရှင်ကိုလည်း စတင်တည်ထောင်ခဲ့သည်။

ရှုမ၀ရုပ်ရှင်ကုမ္ပဏီ၏ ပွဲဦးထွက်ဇာတ်ကားဖြစ်သော ‘လာလုလုငေး’ နှင့် ‘မကြင်သာသည်’ အမည်ရှိသော ရုပ်ရှင်ကားနှစ်ကားကို ရှုမ၀ဦးကျော်သည် သူ၏မိတ်ဆွေရင်းချာ စာရေးဆရာတင့်တယ်ကို ဒါရိုက်တာအဖြစ် တင်မြှောက်ကာ ရိုက်ကူးစေခဲ့သည်။ သို့သော် အဆိုပါ နှစ်ကားစလုံးသည် ပရိသတ်လက်ခံခြင်းမရှိသောကြောင့် အောင်မြင်မှုမရခဲ့ပေ။

ထိုအခါတစ်ခုကို စလုပ်မိလျှင် နောက်မဆုတ်တတ်သော ဦးကျော်သည် တတိယရုပ်ရှင်ကားကို သူ၏မိတ်ဆွေတစ်ဦးဖြစ်သူ စာရေးဆရာ သာဓုနှင့် ရိုက်ကူးရန် စီစဉ်ခဲ့သည်။ ထိုစဉ်က ဆရာသာဓုသည် ဆရာမင်းဆွေရေးသားခဲ့သော ‘ချစ်တဲ့ည’ အမည်ရှိ ၀တ္ထုကို ‘ကကြီးရေက’ အမည်ဖြင့် ရုပ်ရှင်ကားတစ်ကား ထုတ်လုပ်အောင်မြင်နေချိန်ဖြစ်သည်။ ထိုရုပ်ရှင်ကားတွင် ရှုမ၀ဦးကျော်သည် သူ၏ မင်းသားသစ် မောင်ယဉ်ထွေးနှင့် ဆရာသာဓု၏ ကျော်ကြားစပြုနေသော မင်းသမီးမြတ်မွန်နှင့် ထုတ်လုပ်ရန်စီစဉ်ခဲ့သည်။ ရုပ်ရှင်ကားအမည် ကိုလည်း ‘ရွှေရင်သိမ်းသစ်’ ဟု အမည်ပေးကြေညာထားသည်။

ယင်းဇာတ်ကားကို မောင်ယဉ်ထွေး၊ မြတ်မွန်တို့နှင့် ဒါရိုက်တာသာဓုက ရိုက်ကူးရန် ကြော်ငြာထားပြီးကာမှ ထုတ်လုပ်သူနှင့် ဒါရိုက်တာအကြားသဘောထားမတိုက်ဆိုင်သဖြင့် နောက်ဆုံးတွင် မရိုက်ဖြစ်တော့ချေ။

ထိုအခါ စာပေသမားနှင့် ရုပ်ရှင်ထုတ်လုပ်သူ ဦးကျော်သည် တစ်ခုခုကို ကြံစည်လုပ်ကိုင်ခြင်းပြုရာတွင် ‘ဆိုခဲစေမြဲစေ’ ဆိုသော စကားအတိုင်း လွယ်လွယ်နှင့် နောက်ဆုတ်တတ်သူတစ်ဦးမဟုတ်ရကား၊ သူကိုယ်တိုင် ဒါရိုက်တာ၊ ထုတ်လုပ်သူ လုပ်ကာ ရွှေရင်သိမ်းသစ် ဇာတ်ကားကို မင်းသားသစ် မောင်ယဉ်ထွေး၊ မင်းသမီးသစ် စမ်းစမ်းအေး၊ မောင်သင်၊ ချိုချိုမြင့်၊ ဒေါ်ခင်ညွန့်၊ သီတာခင်ထွေး၊ မေနွဲ့၊ လှလှဆွေနှင့် ရှုမ၀တိုက်ထွက် စာရေးဆရာ၊ ပန်းချီဆရာများဖြင့် အားဖြည့်ကာ ရိုက်ကူးခဲ့လေသည်။

အဆိုပါ ‘ရွှေရင်သိမ်းသစ်’ ရုပ်ရှင်ကားသည် အောင်မြင်၍ ရုပ်ရှင်ပရိသတ်က ကောင်းစွာကြိုဆိုလက်ခံခဲ့၏။ ထို့အပြင် ယင်းဇာတ်ကားတွင် ဇာတ်ပို့ဇာတ်ရံအဖြစ် ပါဝင်ခဲ့သော ရုပ်ရှင်မင်းသမီးကြီး ဒေါ်မေနွဲ့သည် အကယ်ဒမီဆုကိုပင် ဆွတ်ခူးနိုင်ခဲ့လေသည်။

ယင်းသည် ဦးကျော်ဇော၏ မဟာစွန့်စားခန်းကြီးပင်။ ဆရာသော်တာဆွေက-

‘ဤပွဲမှာ ဦးကျော်လွဲခဲ့သော် ကိစ္စပြတ်ပြီ၊ ယခုလို ရှုမ၀ရုပ်ရှင် မဆိုထားနှင့် ရှုမ၀မဂ္ဂဇင်းပင်လျှင် ဘယ်သောင်ဘယ်ကမ်းဆိုက်လေ မည် မသိ။ ယခုကား ဦးကျော်အောင်မြင်ခဲ့ပြီ။ သူ၏ ဇွဲ၊ လုံ့လ၊ သတ္တိဖြင့် မည်သူမျှ မမျှော်လင့်ထားခဲ့သော အောင်ပွဲကြီးကို ဦးကျော် ရယူခဲ့လေပြီ’ ဟူ၍ ပြောကြားခဲ့ဖူးသည်။

သို့ကလို ‘ရွှေရင်သိမ်းသစ်’ ဇာတ်ကားကို မြန်မာ့ရုပ်ရှင်ကြည့်ပရိသတ်က ၀မ်းမြောက်ဝမ်းသာလက်ခံအားပေးကြသောအခါ ဦးကျော် သည် ရုပ်ရှင်နတ်ဖမ်းစားခြင်း၊ ခံလိုက်ရပြီးလျှင် ဆက်တိုက် ရုပ်ရှင်တစ်ကားပြီးတစ်ကား ရိုက်ကူးထုတ်လုပ်တော့သည်။ ဦးကျော်သည် ကွယ်လွန်ချိန်အထိ ရုပ်ရှင်ကားပေါင်း (၁၁) ကား ကို ကိုယ်တိုင် ဇာတ်ညွှန်းရေးသား စီစဉ်ညွှန်ကြား ရိုက်ကူးခဲ့သည်။

ရှုမ၀ရုပ်ရှင်ကုမ္ပဏီမှ ဦးကျော် ရိုက်ကူးခဲ့သော ဇာတ်ကားများမှာ-

(၁) ရွှေရင်သိမ်းသစ်
(၂) ချစ်တဲ့သူရဲ့ရင်ခွင်
(၃) ရင်ဝယ်တသိမ့်သိမ့်
(၄) လေချိုတသွေးသွေး
(၅) လုလင်ငယ်သွေး
(၆) မေတ္တာစာတစ်ပုဒ်
(၇) အပယ်ရတနာ
(၈) ချွေးကလေးစိုစို
(၉) စေလိုရာစေ
(၁၀) လူ့မနော
(၁၁) ရွှေဝတ်မှုန် တို့ဖြစ်သည်။

ရှုမ၀ဦးကျော်ရိုက်ကူးသော ကားများမှ အကယ်ဒမီရရှိကြသူများမှာ ဒေါ်မေနွဲ့ (ရွှေရင်သိမ်းသစ်)၊ ဦးကျောက်လုံး (ရင်ဝယ်တသိမ့်သိမ့်)၊ ဒေါ်မေသစ် (ရင်ဝယ်တသိမ့်သိမ့်)၊ ခင်မိုးမိုး (အပယ်ရတနာ) တို့ ဖြစ်ကြသည်။

ထို့အပြင် ရှုမ၀ဦးကျော် သင်ကြားပြသမှုဖြင့် ပေါ်ထွက်လာသော ရုပ်ရှင်ပညာသည်များမှာ မောင်ယဉ်ထွေး၊ စမ်းစမ်းအေး၊ မောင်ယဉ်ကြည်၊ ခင်မိုးမိုး၊ ချစ်စိန် (ရှုမ၀)၊ ဇော်ဝမ်း၊ လင်းထင်၊ ဆွေဇင်ထိုက်၊ ခင်သန်းနွယ် တို့ဖြစ်ကြသည်။

ထို့ကြောင့်လည်း စာရေးဆရာ ဌေးမောင်က

“ရှုမ၀ဦးကျော်ချစ်သူများမှတ်တမ်း”၌-

“စာပေလောက၊ ပန်းချီလောက၊ ရုပ်ရှင်လောကကို ပြောင်မြောက်သော ကြယ်ပွင့်များဖြင့် တန်ဆာဆင်ပေးသူ ဗိသုကာဆရာကြီး” ဟူ၍ ရေးသားထားလေသည်။

ရှုမ၀ဦးကျော်သည် သူရိုက်ကူးသောကားတွင် ပါဝင်သူသရုပ်ဆောင်များအား သရုပ်ဆောင်ချက်အားလုံး အသေးစိတ်ညွှန်ကြား သင်ပြလေ့ရှိသူဖြစ်သည်။ ထိုအလေ့အကျင့်မှ အလေ့အထုံရင့်လာသောအခါ ရုပ်ရှင်သင်တန်းသို့ ဦးတည်မိလာသည်ဟု ဆိုရမည်ထင်သည်။

၁၉၆၇-၆၈ ခုနှစ်မှစ၍ ရုပ်ရှင်သင်တန်းကို ရန်ကုန်တွင် တရားဝင်စတင်ခဲ့သည်။ ၁၉၆၉-၇၀ ခန့် (ချွေးကလေးစိုစိုရိုက်ဆဲကာလ) မန္တလေးမြို့တွင်လည်း ဖွင့်လှစ်ခဲ့ရာ သင်တန်းသား ၃၀၀ နီးပါး တက်ရောက်ကြသည်။

ရှုမ၀ဦးကျော်သည် အလုပ်ကို တန်ဖိုးထားသူဖြစ်သည်။ သူသည် ဆန်းသစ်တီထွင်ဖန်တီးတတ်သော ပင်ကိုယ်ဉာဏ်လည်း ရှိသည်။ ရုပ်စုံမဂ္ဂဇင်းဟူသော စကားလုံးကို ဦးကျော်ပင် စတင်တီထွင်သုံးစွဲခဲ့သည်။ တီထွင်မှုတွင် အလွန်စိတ်သန်သော ဦးကျော်သည် စစ်မဖြစ်မီကာလ ရန်ကုန်မြို့ ဗိုလ်ချုပ်ဈေးအနောက်ဘက်တန်းရှိ နာမည်ကျော် ‘မြပိုးထည်တိုက်’ တွင် သူ၏ ကျေးဇူးရှင် ဦးမြထံတွင် မန်နေဂျာလုပ်နေစဉ်ကပင် တီထွင်ခဲ့ဖူးသည်။ အသင့်ပေါင်းပြီးသား မောင့်ကျက်သရေခေါင်းပေါင်းမှာ ရှုမ၀ဦးကျော်၏ တီထွင်မှုတရပ် ပင်ဖြစ်သည်။ ထိုစဉ်က ပိုးထည်တိုက်မှာ အထူးတလည် ကြော်ငြာခြင်းမရှိသော်လည်း ဦးကျော်သည် ဦးလေးမြနှင့် တိုင်ပင်ကာ ပန်းချီဆရာ ကြီး ဦးငွေကိုင်၊ ဦးအုန်းလွင်၊ ဦးကိုလေး၏ လက်ရာများဖြင့် အထူးကောင်းမွန်အောင် ခေတ်မီမီပြုလုပ်ခဲ့သည်။

ရှုမ၀ဦးကျော်၏ ထူးခြားသော ပါရမီတစ်ခုမှာ သည်းခံခွင့်လွှတ်ခြင်းနှင့် သူ၏ နူးညံ့သိမ်မွေ့သော လူမှုဆက်ဆံရေးပင်ဖြစ်သည်။ သူသည် သူနှင့်အမြင်အယူအဆမည်မျှပင် ကွာခြားနေသည်ဖြစ်စေ၊ သူ့ထံလာသည့် ဧည့်သည်ကိ မည်သည့်အခါမျှ အတိုက်အခံပြောဆိုခြင်း၊ ကိုယ်အမူအရာ၊ နှုတ်အမူအရာ ဖြင့်ပင် တဖက်သားရိပ်မိသိရှိအောင် မပြခြင်းပင်ဖြစ်သည်။ ရံဖန်ရံခါ သူစိတ်မ၀င်စားသည့် အကြောင်းကို ဧည့်သည်က ပြောနေသည့် အခါ၌ပင် သည်းခံနားထောင်နိုင်လေသည်။ အချိန်ကုန်ခံနိုင်သည်။ သူ့အားရှေ့တွင်ဖြစ်စေ၊ ကွယ်ရာမှာဖြစ်စေ စာပေ၊ ရုပ်ရှင်နယ်မှ သော်လည်းကောင်း၊ တစုံတယောက်က သူ့အား သွားပုပ်လေလွင့် ရေးသားပြောဆိုသည်ကိုပင် ခင်မင်မှုမပျက်ခွင့်လွှတ် တတ်သည်။ သူ၏ ထူးခြားချက်မှာ အရက်သောက်ခြင်းကို ရွံမုန်းခြင်းပင်ဖြစ်သည်။ ရပ်ဝေးမှ မိတ်ဆွေဖြစ်စေ၊ သူလေးစားသည့် အနုပညာရှင် ဖြစ်စေ တခမ်းတနားထမင်းဖိတ်ကျွေးသည့်အခါဖြစ်စေ မည်သူ့ကိုမျှ အရက်တိုက်လေ့မရှိချေ။ အပြင်မှ သောက်လာသည်ကိုမူ မပြောသော်လည်း သူ့အိမ်သို့ အရက်ပုလင်းယူမလာရပေ။ မည်မျှရင်းနှီးသည်ဖြစ်စေ အရက်ဝိုင်း၌ မည်သည့်အခါမှ တိုက်လေ့မရှိချေ။

ဝတ်စားဆင်ယင်မှုနှင့် ပတ်သက်၍ ဦးကျော်သည် ရှပ်အင်္ကျီအဖြူစင်စင် ကော်လာမပါလက်ရှည်ကို အမြဲဝတ်လေ့ရှိသည်။ လက်ရှည်ကိုလည်း အမြဲတမ်း ကြယ်သီးတပ်လေ့ရှိသည်။ လုံချည်ကိုလည်း ချည်ချောအဖြူစင်စင်ပေါ်တွင် သီတင်းရောင်အကြောင်းသေးသေး များဖြင့် အကွက်နုပ်နုပ်ဖော်ထားသည့်အဆင်ကို ရွှေတောင်မြို့ရှိ သူ၏သားချင်းများထံမှ နှစ်စဉ်နှစ်တိုင်း ဆယ်ထည်ဆယ့်ငါးထည် အထူးမှာယူ ၍ ၀တ်လေ့ရှိသည်။ ရင်းနှီးသော မိတ်ဆွေများကိုလည်း ရွှေတောင်လုံချည်လက်ဆောင်ပေးလေ့ရှိသည်။ တိုက်ပုံကို အမြဲလိုလို အဖြူရောင် ကိုသာ နှစ်သက်စွာ ၀တ်လေ့ရှိသည်။ ထို့ကြောင့်ပင် သူ့ကို အဝေးမှ မြင်ရုံမျှဖြင့် ဦးကျော်မှန်း သိနိုင်လေသည်။

သူ၏ထူးခြားသော ၀သီတစ်ခုမှာ သာရေး၊ နာရေးမှအပ မည်မျှပင် ရင်းနှီးကျွမ်းဝင်စေကာမူ အခြားအိမ်များသို့ ကိစ္စကြီးငယ်မရှိဘဲ အပျင်းပြေသွားရောက်လည်ပတ်ခြင်းမရှိချေ။ အလုပ်ထဲ၌သာ သူ့ဘ၀ကို မြှုပ်နှံထားသူဖြစ်သည်။

ရှုမ၀ဦးကျော်သည် အုလပ်ကို တန်ဖိုးထားသူတစ်ယောက် ဖြစ်သောကြောင့် သူမကြာခဏပြောလေ့ရှိသော စကားတစ်ခွန်းမှာ “မှားမှာ ကြောက်ဖို့မလိုဘူး။ မလုပ်တော့မတတ်ဘူး။ မတတ်တော့ ဘယ်မှ တိုးတက်တော့မှာလဲ။ မှားချင်မှားပါစေ လုပ်သာလုပ်…” ဟူ၍ ဖြစ်သည်။

ဤသို့ အလုပ်ကို တန်ဖိုးထားလွန်းသဖြင့် သူကွယ်လွန်ချိန်တွင် နာရေးအမှတ်တရစာအုပ်တွင် ရင်းနှီးသူတစ်ဦးက-

“ဦးကျော်ဟာ အလုပ်လုပ်တတ်ပေမယ့် အနားမယူတတ်ဘူး။ ယခုမူ တကယ်အနားယူသွားပေပြီ။ ချမ်းမြေ့သောနေရာတွင် အနားယူ နိုင်ပါစေ” ဟူ၍ မချိတင်ခဲ ရေးသားခဲ့လေသည်။

ရှုမ၀ဦးကျော်သည် ၁၉၇၄ ခုနှစ် ဖေဖော်ဝါရီလ ၂၃ ရက် စနေနေ့ မွန်းလွဲ ၁၂း၃၀ နာရီ တွင် နှလုံးရောဂါဖြင့် ကွယ်လွန်သွားခဲ့လေသည်။

ရှုမ၀ဦးကျော်ကွယ်လွန်ချိန်၌ ရိုက်လက်စ ‘သပြေရိပ်’ ဇာတ်ကားနှင့် ကြီးကြပ်လက်စ ဇာတ်ကားနှစ်ကားဖြစ်သည့် “ဘယ်ပန်းချီ ရေးလို့မမီ” နှင့် ပုဏ္ဏက ဇာတ်ကားတို့ ဖြစ်သည်။ ဘယ်ပန်းချီရေးလို့မမီ ကို သားဖြစ်သူ မောင်ဆွေတင့်က ရိုက်ကူးနေပြီး ပုဏ္ဏကကို မောင်ယဉ်ထွေးက ဒါရိုက်တာအဖြစ် ရိုက်ကူး၍ ကိုယ်တိုင်ပါဝင်သရုပ်ဆောင်ထားသည်။

မောင်ယဉ်ထွေးသည် ဦးကျော်၏ ဇနီးဒေါ်ကြည်သန်း၏ မောင်အထွေးဆုံးဖြစ်သည်။

ကွယ်လွန်ချိန်၌ ဇနီးဒေါ်ကြည်သန်း၊ သားမောင်ဆွေတင့်၊ မောင်ဇော်ဝင်း၊ သမီး မမြင့်မြင့်သန်း၊ မတင့်တင့်ဆန်း၊ မအေးအေးသန်း၊ မဝေေ၀သန်း နှင့် မြေးများ၊ မြစ်များ ကျန်ရစ်ခဲ့သည်။

ရှုမ၀ဦးကျော် ကွယ်လွန်ခဲ့သည်မှာ ယခုအခါ ၃၉ နှစ်တိုင်ခဲ့ပြီ ဖြစ်သည။် သူကွယ်လွန်သွားသည့်အတွက် ရှုမ၀မိသားစုနှင့် ရှုမ၀စာပေ အနုပညာလောကသားများအတွက် ဆုံးရှုံးမှုတစ်ရပ်ဖြစ်သည်။ ပို၍ ၀မ်းနည်းနှမြောစရာကောင်းသောအချက်မှာ သူကွယ်လွန်ပြီး ၁၈ နှစ် ခန့် အကြာ ၁၉၉၂ ခုနှစ် လွန်၌ သူပျိုးထောင်ခဲ့သော သက်တမ်းရှည်မဂ္ဂဇင်းတစ်စောင်ဖြစ်သည့် ရှုမ၀မဂ္ဂဇင်းသည် လုံးဝရပ်စဲသွားခြင်းပင်ဖြစ်ပါ သည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Related posts

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:သန်းဝင်းလှိုင်

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

Twitter: moemaka


%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ဒေါ်ခင်မျိုးချစ်၏ သတင်းစာလောက ထွက်ပါပြီ

By

ဒေါ်ခင်မျိုးချစ်၏ သတင်းစာလောက ထွက်ပါပြီ (မိုးမခ) သြဂုတ် ၂၄၊ ၂၀၁၈ စာရေးဆရာမကြီး ဒေါ်ခင်မျိုးချစ်...

Read more »

ဂီတအနုပညာရှင်ကြီး မာမာအေး စိန်ရတုမွေးနေ့ အမှတ်တရ မိုးမခစာအုပ်ထုတ်

By

ဂီတအနုပညာရှင်ကြီး မာမာအေး စိန်ရတုမွေးနေ့ အမှတ်တရ မိုးမခစာအုပ်ထုတ် (မိုးမခစာအုပ်စင်) သြဂုတ် ၁၇၊ ၂၀၁၈...

Read more »

မိုးမခ သြဂုတ်လ ၂၀၁၈၊ တွဲ ၅ မှတ် ၄ ထွက်ပြီ

By

မိုးမခ သြဂုတ်လ ၂၀၁၈၊ တွဲ ၅ မှတ် ၄ ထွက်ပြီ (မိုးမခ)...

Read more »

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ

By

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်