Than Win Hlaing – ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိ ရှင်းတမ်း – အပိုင်း (၃)

February 18, 2012

သန်းဝင်းလှိုင်
ဖေဖော်ဝါရီ ၁၈၊ ၂၀၁၂
ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့တွင် မက်ဇင်ဂျာနယ်သို့ ချီးမြှင့်ခဲ့သည့် ကိုမင်းကိုနိုင်၏ သရက်ထောင်တွင်းလက်ရာ

● ဘီဒီအေ ဖွဲ့စည်းသည့်နေ့စွဲအမှား
ဘီဒီအေဆိုသည်မှာ ဗမာ့ကာကွယ်ရေးတပ်မတော်ကို ခေါ်ဝေါ်ခြင်းဖြစ်သည်။ ဗမာ့ကာကွယ်ရေးတပ်မတော်ကို အင်္ဂလိပ်ဘာသာဖြင့် Burma Defence Army ဟု ခေါ်သောကြောင့် အတိုကောက်အားဖြင့် B.D.A (ဘီဒီအေ) ဟု ခေါ်နေကြခြင်းဖြစ်သည်။ ဒုတိယကမ္ဘာစစ်အတွင်းက ဂျပန်တပ်မတော်နှင့်ဘီအိုင်အေတို့က မြန်မာနိုင်ငံကိုသိမ်းမိပြီးသောအခါ မြန်မာနိုင်ငံတွင် အင်္ဂလိပ်တပ်များထွက်ခွာသွားပြီးဖြစ်၍ အင်္ဂလိပ်တပ်များပြန်ဝင်မလာနိုင်စေရန် ကာကွယ်ရန်သာလိုသည့်အတွက် ဗမာ့လွတ်လပ်ရေးတပ်မတော် (ဘီအိုင်အေ) ကို ဗမာ့ကာကွယ်ရေး တပ် မတော် (ဘီဒီအေ) ဟု ပြင်ဆင်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ စတင်ဖွဲ့စည်းသည့်ရက်စွဲမှာ ၁၉၄၂ ခုနှစ်၊ ဇူလိုင် ၂၇ရက် ဖြစ်သည်။

မြဒေါင်းညိုကလောင်အမည်ခံ ဒေါက်တာအောင်သိန်းပြုစုသည့် `ရဲဘော်သုံးကျိပ်´ ပထမတွဲစာအုပ် စာမျက်နှာ ၂၇ တွင် ယင်းအတိုင်းပင် ဖော်ပြထားသည်။

ဗိုလ်မှူးဘသောင်း (မောင်သုတ) ပြုစုသည့် `ဗမာ့တော်လှန်ရေးသမိုင်း´ စာအုပ် စာမျက်နှာ ၁၇၈ ၌လည်း “၁၉၄၂ခုနှစ် ဇူလိုင် ၂၇ ရက်နေ့တွင် ဘီအိုင်အေကိုဖျက်သိမ်းလိုက်ကာ ဘီအိုင်အေတပ်သားပေါင်း ၃၀၀၀ လောက်နှင့်သာ ဘီဒီအေခေါ် `ဗမာ့ကာကွယ်ရေး တပ်မတော်´ကြီးကို ပြန်၍ဖွဲ့စည်းလိုက်ကြသည်။ ထိုဘီဒီအေနှင့်အတူလည်း ပျဉ်းမနားမှ ခြေလျင်တပ်ရင်း ၁၊ ခြေလျင်တပ်ရင်း ၂ နှင့် ခြေ လျင်တပ်ရင်း ၃ တို့အပြင် ရန်ကုန်မှ စစ်ဦးစီးဌာနချုပ်၊ စစ်ရုံးနှင့် မင်္ဂလာဒုံမှ စစ်တက္ကသိုလ်တို့ ပေါက်ဖွားလာကြသည်။” ဟူ၍ ရေးသား ထားလေသည်။ ဗိုလ်မှူးကြီး (ဟောင်း) ဘသန်း ရေးသားပြုစုသည့် Roots of the Revolution စာအုပ် စာမျက်နှာ ၃၆ တွင် ယင်းအတိုင်းပင် အတိအကျဖော်ပြထားသည်။

တပ်မတော်မော်ကွန်းတိုက်ရှိ စာအုပ်စာတမ်း အစရှိသည်များကို ကာလအပိုင်းအခြားအလိုက် စာရင်းတင်ထားရာ၌လည်း
(က) ဘီအိုင်အေ (၁၉၄၁ ဒီဇင်ဘာ ၁၁ မှ ၁၉၄၂ ဇူလိုင်လ ၂၆)
(ခ) ဘီဒီအေ (၁၉၄၂ ဇူလိုင်လ ၂၇ မှ ၁၉၄၃ ဇူလိုင် ၃၁ အထိ)
(ဂ) ဗမာ့တပ်မတော် (၁၉၄၃ သြဂုတ် ၁ မှ ၁၉၄၅ မတ် ၂၆ အထိ)
(ဃ) ဖက်ဆစ်တော်လှန်ရေး (၁၉၄၅ မတ် ၂၇ မှ သြဂုတ် ၁၄ အထိ)

ယဉ်ကျေးမှုဝန်ကြီးဌာန၊ သမိုင်းသုတေသနဦးစီးဌာနမှ ပြုစုခဲ့သော မြန်မာ့ရက်စဉ်သမိုင်း (ပထမတွဲ) စာ ၃၄၁ ၌လည်း “ဗမာ့လွတ်လပ်ရေး တပ်မတော်ကို ၁၉၄၂ ဇူလိုင်လ ၂၇ တွင် ဗမာ့ကာကွယ်ရေးတပ်မတော်ဟု ပြောင်းလဲဖွဲ့စည်းပြီး ဗိုလ်မှူးကိုခန့်အပ်သည့် အမိန့်ထုတ်ပြန် သည်။ အဆိုပါတပ်မတော်သစ်ကို ဂျပန်စစ်ဗိုလ်ချုပ်ကြီး လက်အောက်တွင်ထားရှိသည်´ ဟူ၍ ဖော်ပြထားသလို ၁၉၄၂ ဇူလိုင်လ ၃၁ ရက် နေ့ထုတ် မြန်မာ့အလင်းသတင်းစာ၌လည်း ယင်းအတိုင်းပင်ဖော်ပြထားပါသည်။

သို့သော် ၂၀၁၀ ပြည့်နှစ် စက်တင်ဘာလ ၂၃ ရက်ထုတ် ပြည်သူ့ခေတ်ဂျာနယ် (အတွဲ ၁၊ အမှတ် ၁၂) ၌ ဖိုးအောင်လေး၏ `အောင်ဆန်း ဒိုင်ယာရီ´ ဆောင်းပါး၌ `၁၉၄၂ ဇူလိုင် ၂၉ တွင် ဘီအိုင်အေခေါ် ဗမာ့လွတ်လပ်ရေးတပ်မတော်ကို ဘီဒီအေ ခေါ် ဗမာ့ကာကွယ်ရေးတပ်မတော် အဖြစ် ပြောင်းလဲဖွဲ့စည်းရာတွင် ဗမာ့ကာကွယ်ရေးတပ်မတော်၏ စစ်သေနာပတိအဖြစ် ခန့်အပ်ခံရသည်” ဟူ၍ ဖော်ပြထားသည်။ ထို့အပြင် မစ္စတာအိုးတတက်ဆူနေဇိုရေးသား၍ မစ္စတာအိုးနိုးတိုးရုမြန်မာပြန်ထားသော `ဂျပန်စစ်အုပ်ချုပ်ရေးခေတ် မြန်မာနိုင်ငံ´ စာအုပ် စာ မျက်နှာ ၃၄၇ ၌ `ဘီအိုင်အေတပ်ဖွဲ့ကို ၁၉၄၂ ခု၊ ဇူလိုင်လ ၃၁ ရက်နေ့၌ ဗမာ့ကာကွယ်ရေးတပ်မတော် (ဘီဒီအေ) အဖြစ် ပြန်လည်ပြုပြင်ဖွဲ့ စည်းခဲ့သည်´ ဟူ၍ ဖော်ပြထားပါသည်။

လွတ်လပ်ရေးမော်ကွန်းဝင်အဖြစ် ချီးမြှင့်ရန် လျှောက်လွှာပုံစံ (က) စာမျက်နှာ ၃ တွင် ဘီအိုင်အေကာလကို ၁၉၄၂ ဇန်န၀ါရီ ၈ မှ ၁၉၄၂ ဇူ လိုင် ၂၆ အထိလည်းကောင်း၊ ဘီဒီအေကာလကို ၁၉၄၂ ဇူလိုင် ၂၇ မှ ၁၉၄၅ မတ် ၂၆ အထိ လည်းကောင်း၊ ပီဘီအက်ဖ်ကာလကို ၁၉၄၅ မတ် ၂၇ မှ ၁၉၄၅ သြဂုတ် ၁၅ အထိလည်းကောင်း၊ သတ်မှတ်ထားသည်ကို တွေ့ရှိနိုင်ပါသည်။

၎င်းအပြင် ဗမာ့လွတ်လပ်ရေးတပ်မတော်ကို ဗမာ့ကာကွယ်ရေးတပ်မတော်အဖြစ် ပြန်လည်ဖွဲ့စည်းစဉ်က တပ်ရင်း ၁၊ ၂၊ ၃ ကို ၁၉၄၂ ဇူလိုင် ၂၇ နေ့တွင်လည်းကောင်း၊ တပ်ရင်း ၅ကို ၁၉၄၃ မတ် ၁၆တွင်လည်းကောင်း၊ တပ်ရင်း – ၆ ကို ၁၉၄၃ ဧပြီ ၁တွင် လည်းကောင်း ဖွဲ့စည်းခဲ့သည်ကို လွတ်လပ်ရေးမော်ကွန်းဝင် လျှောက်လွှာများစိစစ်ရေး နိဿရည်းစာအုပ်တွင် အတိအလင်းဖော်ပြထားပါသည်။

ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် ၁၉၄၃ သြဂုတ် ၁ နေ့ထုတ် ဗမာ့ခေတ်သတင်းတွင်ရေးသားခဲ့သော `ဗမာ့လွတ်လပ်ရေး အရေးတော်ပုံ´ အမည်ရှိဆောင်းပါး၌ “အမြဲတမ်းစစ်တပ်ကြီးတစ်ခု၏ အခြေမျိုးရောက်အောင် ၁၉၄၂ ဇူလိုင်လတွင် ဗမာ့လွတ်လပ်ရေးတပ်မတော်ကို ဗမာ့ ကာကွယ်ရေးတပ်မတော်ဟူ၍ ပြောင်းလဲဖွဲ့စည်းလိုက်လေသည်။” ဟူ၍ပါရှိရာ ဘီဒီအေဖွဲ့စည်းခဲ့သည့်ရက်စွဲကို ၁၉၄၂ ခုနှစ် ဇူလိုင်လ ၂၇ ရက်ကိုသာ အတိယူရမည် ဖြစ်ပါသည်။

● ဗိုလ်ချုပ်နှင့်ဒေါ်ခင်ကြည်တို့ လက်ထပ်မင်္ဂလာရက်စွဲအမှား
ဗိုလ်ချုပ်အောင်ဆန်းနှင့် မြောင်းမြမြို့နေ အဖဦးဖိုးညှင်း၊ ဒေါ်ဖွားစုတို့၏ သတ္တမမြောက်သမီး သူနာပြုချုပ် ဒေါ်ခင်ကြည်တို့သည် တွေ့ဆုံ မေတ္တာမျှခဲ့ပြီးနောက် ၁၉၄၂ စက်တင်ဘာလ ၆ ရက်နေ့ နေ့လည် ၂ နာရီတွင် ဂျပန်ခေတ် ဘီဒီအေဆေးရုံကြီး (နောင် စစ်ရုံးချုပ်၊ ယခု နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်) အရှေ့ဘက်အစွန်ဆုံးခန်းမဆောင်တွင် ထိမ်းမြားလက်ထပ်ခဲ့လေသည်။ ၁၉၆၇ ခုနှစ် ဟံသာဝတီပုံ နှိပ်တိုက်မှထုတ်ဝေခဲ့သော ဒေါက်တာမြင့်ဆွေ၏ ‘ဂျပန်ခေတ် ဆေးရုံကြီးဝယ်’ စာအုပ် စာမျက်နှာ ၈၄ တွင်လည်း ယင်းအတိုင်းပင် ဖော်ပြ ထားပါသည်။

သို့သော် ၁၉၅၅ ခုနှစ် သမာမိတ္တစာပေဖြန့်ချိရေးမှထုတ်ဝေသော ဗိုလ်ထွန်းလှ (တက္ကသိုလ်နေ၀င်း) ၏ `ဗိုလ်ချုပ်အောင်ဆန်း´ စာအုပ် စာ မျက်နှာ ၇၃ ၌ ၁၉၄၂ မေလဟု မှားယွင်းစွာဖော်ပြထားပါသည်။ ထိုနည်းတူစွာ ၂၀၁၁ စိတ်ကူးချိုချိုစာပေမှ ဒုတိယအကြိမ်ထုတ်ဝေသော မဟာဆွေ၊ မြဒေါင်းညိုတို့၏ `အောင်ဆန်းဘာလဲ´ စာအုပ် စာမျက်နှာ ၆၄၌ “၁၉၄၂ မေလတွင် ဒေါ်ခင်ကြည်နှင့်လက်ထပ်သည်။ ဇူလိုင် လတွင် ဗိုလ်မှူးကြီးရာထူးဖြင့် ဗမာ့ကာကွယ်ရေးတပ်မတော် စစ်သေနာပတိအဖြစ် ဆောင်ရွက်သည်” ဟူ၍ မှားယွင်းဖော်ပြထားသည်။

မြန်မာပြည် ဂျပန်စစ်တပ်ဗဟိုဌာန၌ ဘီဒီအေ ဗိုလ်မှူးကြီးအောင်ဆန်းအား မြန်မာပြည်စစ်တပ်များ၏ သေနာပတိအဖြစ် ခန့်အပ်သည့်ရက် စွဲမှာ ၁၉၄၂ ဇူလိုင်လ ၂၉ ရက်ဖြစ်သည်။ ဗမာ့ကာကွယ်ရေးတပ်မတော်၏ ဗိုလ်ချုပ်ရာထူးကို ၁၉၄၃ မတ်လ၁၁ရက်ကျမှသာ ပေးအပ် ခဲ့ပါသည်။ ဗိုလ်ချုပ်အောင်ဆန်းနှင့် ဒေါ်ခင်ကြည်တို့သည် သားသမီး (၄) ဦး ထွန်းကားခဲ့ရာ သားကြီး မောင်အောင်ဆန်းဦးကို ၁၉၄၃ ဇွန် ၁၃ ရက်နေ့တွင်လည်းကောင်း၊ သားလတ် မောင်အောင်ဆန်းလင်းကို ၁၉၄၄ မေ ၁၀ ရက်နေ့တွင်လည်းကောင်း၊ သမီးအောင်ဆန်းစုကြည်ကို ၁၉၄၅ ဇွန်လ ၁၉ ရက်တွင်လည်းကောင်း၊ အငယ်ဆုံးသမီးထွေးလေးအား ၁၉၄၆ စက်တင်ဘာ ၂၂ ရက်တွင်လည်းကောင်း ဖွားမြင်ခဲ့သည်။ သို့သော် သမီးထွေးသည် ဖွားမြင်ပြီး ၅ ရက်အကြာ ၁၉၄၆ စက်တင်ဘာလ ၂၆ ရက်နေ့တွင် ကွယ်လွန်ခဲ့သလို သားလတ် အောင်ဆန်းလင်း သည် ၁၉၅၃ ဇန်န၀ါရီလ ၁၆ ရက်နေ့တွင် အမှတ် ၂၅၊ တာဝါလိန်းလမ်း (ယခု ဗိုလ်ချုပ်အောင်ဆန်းပြတိုက်လမ်း) ရှိ နေအိမ်၌ ရေနစ် သေဆုံးသွားခဲ့ရာ သားသမီး (၂) ဦး အဖတ်တင်ခဲ့လေသည်။

ဗိုလ်ချုပ်အောင်ဆန်း၏ အတ္ထုပ္ပတ္တိစာအုပ်အများစု၌ ဗိုလ်ချုပ်အောင်ဆန်းနှင့်ဒေါ်ခင်ကြည်တို့သည် သားသမီး (၃) ဦးသာ ထွန်းကားခဲ့သည် ဟူ၍သာ ဖော်ပြခဲ့ကြသည်။

● ဖက်ဆစ်တိုက်ဖျက်ရေးအဖွဲ့ ဖွဲ့စည်းခဲ့သည့်ရက်စွဲအမှား
၁၉၄၄ သြဂုတ်လ (၄) ရက် မှ (၇) ရက်အတွင်း ပဲခူးမြို့ သနပ်ပင်အထွက် ရွှေအောင်ရိုးစခန်း၌ ဖွင့်လှစ်ထားသည့် “ဗမာ့တပ်မတော် `စံပြ´ တပ်ရင်းရှိ ဗိုလ်ကျော်ဇောအိမ်တွင် တပ်မတော်ကိုယ်စားလှယ်အဖြစ် ဗိုလ်ချုပ်အောင်ဆန်း၊ ကွန်မြူနစ်ပါတီကိုယ်စား သခင်စိုး၊ ဗမာပြည် ကွန်မြူနစ်ပါတီကိုယ်စား သခင်သန်းထွန်းတို့ (၃) ဦး လျှို့ဝှက် တွေ့ဆုံဆွေးနွေးပြီး ဖက်ဆစ်ဂျပန်တို့ကို တော်လှန်ရန်၊ တော်လှန်ရေးအတွက် လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ၊ နိုင်ငံရေးပါတီပေါင်းစုံနှင့် လူထုလူတန်စား အလွှာအသီးသီးပါဝင်နိုင်သည့် ဖက်ဆစ်ဆန့်ကျင်ရေး တပ်ပေါင်း စုကြီးတရပ်အဖြစ် ဖက်ဆစ်တိုက်ဖျက်ရေးအဖွဲ့တခုကို ဖွဲ့စည်းတည်ထောင်ရန် သဘောတူဆုံးဖြတ်ခဲ့ကြသည်။ ယင်းနှင့်ပတ်သက်၍ ၁၉၇၄ ခုနှစ် နွယ်နီပုံနှိပ်တိုက်မှာ တတိယအကြိမ်ထုတ်ဝေသော ဗိုလ်ချုပ်အောင်ဆန်း၏ `ဘားမားချဲ့လင့်ခ်ျ´ စာအုပ် စာ ၅၂ နှင့် ၁၉၇၄ တသက်တာစာပေတိုက်မှ ဒုတိယအကြိမ်ထုတ်ဝေသော သခင်တင်မြ ရေး `ဘုံးဘ၀မှာဖြင့်´ စာအုပ် စာမျက်နှာ ၅၉၄ နှင့် ၅၉၅ တို့၌လည်း ရေးသားဖော်ပြထားသည်။ ထို့အပြင် ဗိုလ်ချုပ်ကိုယ်တိုင်ရေး `ဖက်ဆစ်တော်လှန်ရေးသမိုင်း´ ကို တက္ကသိုလ်နေ၀င်း မြန်မာပြန်ဆိုသည့် ဗိုလ် ချုပ်အောင်ဆန်းနှင့်လွတ်လပ်ရေးကြိုးပမ်းမှုမှတ်တမ်း (တကောင်းစာပေ ၂၀၀၉ ဇန်န၀ါရီလထုတ်) စာအုပ် စာ ၂၁၆ ၌- `၁၉၄၄ခုနှစ် သြဂုတ် ၄ မှ ၇ ရက်အတွင်း ပဲခူးမြို့ရှိ မြန်မာ့တပ်မတော်စံပြတပ်ရင်းတွင် တပ်မခေါင်းဆောင်များနှင့် နိုင်ငံရေးခေါင်းဆောင်များကို လျှို့ဝှက်စည်းဝေးကာ ဗိုလ်ချုပ်တင်ပြသော ဖက်ဆစ်တိုက်ဖျက်ရေး ပြည်သူ့အဖွဲ့ချုပ်ကိုဖွဲ့စည်းရန် အဆိုပြုချက်ကို အားလုံးက လက်ခံ အတည်ပြုလိုက်ကြသည်” ဟူ၍ တိကျစွာဖော်ပြထားပါသည်။

သို့သော် ၂၀၁၁ မေလထုတ် `မြန်မာသစ်မဂ္ဂဇင်း´ ၌ လှကွန့်၏ “စံပြတပ်ရင်းအခန်းကျဉ်းကျိတ်ဝိုင်းကလေးမှသည်” ဆောင်းပါး စာမျက်နှာ ၄၇ ၌ “စံပြတပ်ရင်းတည်ရှိရာ ဗိုလ်ချုပ်ကျော်ဇောအိမ်တွင် ၁၉၄၄ ခုနှစ်၊ သြဂုတ်လ ၃ ရက်မှ ၆ ရက်နေ့အထိ ပြုလုပ်ခဲ့တာဖြစ်တယ်။ တက် ရောက်သူတွေကတော့ ဗိုလ်ချုပ်အောင်ဆန်း (တပ်မတော်ကိုယ်စား)၊ သခင်စိုး (ကွန်မြူနစ်ပါတီ)၊ သခင်သန်းထွန်း (ဗမာပြည်ကွန်မြူနစ်ပါတီ)တို့ သုံးဦးသာဖြစ်ပါတယ်´ သူတို့သုံးဦးဆွေးနွေးဆုံးဖြတ်ချက်ကို အကောင်အထည်ဖော်တဲ့အနေနဲ့ ၁၉၄၅ မတ် ၁ မှ ၃ ရက်နေ့အထိ ရန် ကုန်မြို့ပတ်လမ်း၊ ယခု နတ်မောက်လမ်း (ဗိုလ်ချုပ်အောင်ဆန်းပြတိုက်) ဗိုလ်ချုပ်အိမ်မှာ အစည်းအဝေးကျင်းပခဲ့တယ်” ဟူ၍ ရေးသား ထားလေသည်။

အမှန်မှာ ပဲခူးစံပြတပ်ရင်း၌ ဗိုလ်ချုပ်အောင်ဆန်း၊ သခင်စိုး၊ သခင်သန်းထွန်းတို့သုံးဦး ဆွေးနွေးခဲ့သည်ကို အကောင်အထည်ဖော်သည့် အနေဖြင့် ၁၉၄၄ ခုနှစ် သြဂုတ်လ ၂၃ ရက်နေ့တွင် ရန်ကုန်မြို့ ကန်တော်ကြီးပတ်လမ်း (Park Road) (ယခု နတ်မောက်လမ်း) နှင့် ဗိုလ်မြတ်ထွန်းလမ်းထောင့်ရှိ ဗိုလ်ချုပ်အောင်ဆန်းနေအိမ်တွင် ဗမာ့တပ်မတော်၊ ပြည်သူ့အရေးတော်ပုံပါတီ၊ ကွန်မြူနစ်ပါတီခေါင်းဆောင်များ သည် ဖက်ဆစ်တိုက်ဖျက်ရေး၊ ပြည်သူ့အဖွဲ့ချုပ် (ဖတပ) (Anti-Fascist Organization – AFO) ဖွဲ့စည်းရေး အစည်းအဝေးကျင်းပသည်။ ယင်းအချက်နှင့် ပတ်သက်၍ ၁၉၆၉ သီဟပုံနှိပ်တိုက်မှထုတ်ဝေသော `သခင်လွင်´ ၏ `ဂျပန်ခေတ် ဗမာပြည်´ စာအုပ် စာမျက်နှာ ၂၈၂ ၌ လည်း ဖော်ပြထားပါသည်။

ထို့နောက် ဗိုလ်ချုပ်အောင်ဆန်း၏ဆန္ဒအရ တပ်မတော်ခေါင်းဆောင်များဖြစ်သော ဗိုလ်မှူးကြီးနေ၀င်း၊ ဗိုလ်မှူးရဲထွဋ်၊ ပြည်သူ့အရေးတော်ပုံပါတီခေါင်းဆောင်များဖြစ်သော ဦးဗဆွေ၊ ဦးကျော်ငြိမ်းတို့သည် ဒေးဒရဲရှိ သခင်စိုးထံ လျှို့ဝှက်စွာသွားရောက်၍ ဖွဲ့စည်းပြီးဖြစ်သော ဖက် ဆစ်တိုက်ဖျက်ရေး ပြည်သူ့အဖွဲ့ချုပ်ကို တိုးချဲ့ဖွဲ့စည်းရေး တပ်မတော်အတွင်းရှိ လက်ဝဲအင်အားစုများ၊ ပြည်သူ့အရေးတော်ပုံပါတီနှင့် ကွန်မြူနစ်ပါတီတို့ကို တစ်ပါတီတည်းအဖြစ် ပူးပေါင်းဖွဲ့စည်းရေးနှင့် ဖက်ဆစ်ဂျပန်တော်လှန်ရေးအတွက် ပြင်ဆင်စည်းရုံးမှုလုပ်ငန်းများကို ဆွေးနွေးခဲ့ကြသည်။

ယင်းနှစ် စက်တင်ဘာလ ၁၈ ရက်နေ့တွင် ဖတပလအဖွဲ့ချုပ်က အိန္ဒိယနိုင်ငံသို့ စစ်ပညာသင်ကြားရန် သခင်ဗိုလ် (ကာလကတ္တား လေ ယာဉ်ကွင်းမှအတက် လေယာဉ်ပျက်ကျ၍ ကွယ်လွန်သူ)၊ ကိုဝင်းမောင် (နောင် မြန်မာနိုင်ငံသမ္မတကြီး မန်းဝင်းမောင်)၊ ကိုကျော်ရင် (နောင် မန္တလေးတက္ကသိုလ်ပါမောက္ခချုပ်)၊ သခင်အုန်း (ဖျာပုံ)၊ ကိုသန်း၊ အောင်ထွန်း (ဗိုလ်မှူးချစ်ကောင်း) တို့ ရန်ကုန်မှမန္တလေးသို့ မော်တော် ကားဖြင့်ထွက်ခွာခဲ့ကြောင်း ၁၉၄၅ခုနှစ်၌ အောင်ထွန်း (ဗိုလ်မှူးချစ်ကောင်း) ရေး `သိန်းဖေစခန်းမှသန်းထွန်းစခန်းသို့´ စာအုပ် စာမျက်နှာ- ၇ ၌ ဖော်ပြထားသည်။

ထို့နောက် ၁၉၄၅ ခုနှစ် မတ်လ ၁ ရက်မှ ၃ ရက်နေ့အထိ ရန်ကုန်မြို့ပတ်လမ်း (ယခု ဗိုလ်ချုပ်ပြတိုက်လမ်း) အမှတ် ၂၅ ရှိ ဗိုလ်ချုပ် အောင် ဆန်းနေအိမ်တွင် ဖက်ဆစ်တိုက်ဖျက်ရေးနှင့် ပြည်သူ့အဖွဲ့ချုပ်ခေါင်းဆောင်များ အစည်းအဝေးကျင်းပခဲ့ကြသည်။ ယင်းအစည်းအဝေး၌ အိန္ဒိယမဟာမိတ်စစ်ဌာနချုပ်မှပေးစာနှင့် သခင်သိန်းဖေ (သိန်းဖေမြင့်)ထံမှ ပေးစာတို့အပေါ်မူတည်၍ ဆွေးနွေးကာ ဖက်ဆစ်ဂျပန်တော်လှန် ရေးနှင့်ပတ်သက်သောဆုံးဖြတ်ချက်များကို သဘောတူချမှတ်ကြသည်။ ထိုနေ့မှာပင် ဖက်ဆစ်တိုက်ဖျက်ရေး ပြည်သူ့အဖွဲ့ချုပ်ကိုလည်း ဖက်ဆစ်တိုက်ဖျက်ရေး ပြည်သူ့လွတ်လပ်ရေးအဖွဲ့ချုပ် (ဖတပလ) ဟု အမည်ပြောင်း၍ ဖတပလဦးစီးအဖွဲ့ကို အောက်ပါပုဂ္ဂိုလ်များဖြင့် ပြင်ဆင်ဖွဲ့စည်းခဲ့သည်။

● တပ်မတော်ကိုယ်စားလှယ်သုံးဦး
(၁) ဗိုလ်ချုပ်အောင်ဆန်း
(၂) ဗိုလ်မှူးကြီးလက်ျာ
(၃) ဗိုလ်မှူးကြီးနေ၀င်း

● ပြည်သူ့အရေးတော်ပုံပါတီ ကိုယ်စားလှယ်သုံးဦး
(၁) ဦးဗဆွေ
(၂) ဦးကျော်ငြိမ်း
(၃) သခင်ချစ်

● ကွန်မြူနစ်ပါတီ ကိုယ်စားလှယ်သုံးဦး
(၁) သခင်စိုး
(၂) သခင်သန်းထွန်း
(၃) သခင်တင်မြ

တဖန် ၁၉၄၄ အောက်တိုဘာ ၃ ရက်တွင် ဖက်ဆစ်တော်လှန်ရေးကိုဦးစီးရန် ဖတပလ ဗဟိုစစ်ကောင်စီကိုလည်း အောက်ပါအတိုင်း ဖွဲ့ စည်းခဲ့သည်။ ယင်းတို့မှာ-
(၁) သခင်စိုး – နိုင်ငံရေးခေါင်းဆောင်
(၂) ဗိုလ်ချုပ်အောင်ဆန်း – စစ်ရေးခေါင်းဆောင်
(၃) သခင်သန်းထွန်း – ပြောက်ကျားနှင့်နိုင်ငံခြားဆက်သွယ်ရေးခေါင်းဆောင်
(၄) ဗိုလ်လက်ျာ – အဖွဲ့ဝင်
(၅) ဗိုလ်နေ၀င်း – အဖွဲ့ဝင်
(၆) ဦးကျော်ငြိမ်း – အဖွဲ့ဝင်
(၇) သခင်ချစ် – အဖွဲ့ဝင်

ထို့နောက် ဗမာ့ကာကွယ်ရေးတပ်မတော်ကိုလည်း `ပြည်သူ့လွတ်လပ်ရေးတပ်မတော်´ (အတိုကောက်အားဖြင့် ပြည်သူ့တပ်မတော်) ဟု အမည်ပြောင်းလဲရန်နှင့် ဖက်ဆစ်ဂျပန်များကို လက်နက်ကိုင်တော်လှန်ရေးစတင်ရန် မြန်မာနိုင်ငံအနှံ့ရှိ တပ်မတော်တပ်ဖွဲ့များနှင့် ဖတပလ အဖွဲ့ခွဲများသို့ `ပုန်ကန်ထကြွရေး ညွှန်ကြားချက်အမှတ် `၁´ ကို ထုတ်ပြန်ရန် သဘောတူခဲ့ကြသည်။ ဖက်ဆစ်တော်လှန်ရေးဆင်နွှဲရန် စစ် တိုင်းကြီးများခွဲခြင်း၊ စစ်နယ်မြေများသတ်မှတ်ခြင်းနှင့် စစ်ရေးနှင့် နိုင်ငံရေးခေါင်းဆောင်များရွေးချယ်ခြင်း စသည်တို့ကို ဆွေးနွေးဆုံး ဖြတ်ကြသည်။

ဖက်ဆစ်တော်လှန်ရေးဆင်နွှဲရန် သတ်မှတ်လိုက်သည့် စစ်တိုင်းကြီးများ၊ စစ်နယ်မြေများ နှင့် ဦးစီးခေါင်းဆောင်များမှာ –

● တိုင်း အမှတ် (၁) ပြည်၊ သာယာဝတီ၊ အင်းစိန်၊ ဟင်္သာတ (အရှေ့)
မင်းလှစည်သူတပ်ဖွဲ့
တိုင်းမှူး – ဗိုလ်မှူး မောင်မောင်
နိုင်ငံရေးခေါင်းဆောင် – သခင်ဗဟိန်း (သို့သော် နောက်ပိုင်းတွင် သခင်ဗဟိန်းအား တောင်ငူနယ်တွင်ပင် တာဝန်ပေးအပ်သည်။)

● တိုင်းအမှတ် (၂) ဟံသာဝတီ၊ ဖျာပုံ၊ မအူပင်
ကျော်ခေါင်ဗလတပ်ဖွဲ့
တိုင်းမှူး – ဗိုလ်မှူးကြီး နေ၀င်း
နိုင်ငံရေးခေါင်းဆောင် – သခင်စိုး

● တိုင်းအမှတ် (၃) ပုသိမ်၊ ဟင်္သာတ (အနောက်)၊ မြောင်းမြ
ရဲကျော်သူရတပ်ဖွဲ့
တိုင်းမှူး – ဗိုလ်မှူးကြီး စောကြာဒိုး
နိုင်ငံရေးခေါင်းဆောင် – ဗိုလ်မှူးကြီးလက်ျာ

● တိုင်းအမှတ် (၄) ပဲခူး၊ ရွှေကျင်၊ သထုံ
လက်ျာကျော်ထင်တပ်ဖွဲ့
တိုင်းမှူး – ဗိုလ်မှူးကျော်ဇော
နိုင်ငံရေးခေါင်းဆောင် – သခင်ချစ် (နောင် ဗကပအတွင်းရေးမှူး၊ တောတွင်းကျဆုံး)

● တိုင်းအမှတ် (၅) မော်လမြိုင်၊ ထားဝယ်၊ မြိတ်
ဇေယျကျော်သူတပ်ဖွဲ့
တိုင်းမှူး – ဗိုလ်မှူးတင်ထွန်း
နိုင်ငံရေးခေါင်းဆောင် – သခင်ဗသိန်းတင်

● တိုင်းအမှတ် (၆) မိတ္ထိလာ၊ ပျဉ်းမနား၊ တောင်ငူ၊ တောင်ပိုင်းရှမ်းပြည်
ဘယကျော်ထင်တပ်ဖွဲ့
တိုင်းမှူး – ဗိုလ်မှူးရဲထွဋ်
နိုင်ငံရေးခေါင်းဆောင် – သခင်ကျော်ငြိမ်း (နောင် ဖဆပလ၀န်ကြီးဟောင်း)

● တိုင်းအမှတ် (၇) သရက်၊ အောင်လံ၊ မကွေး၊ မင်းဘူး
သီရိကျော်ထင်တပ်ဖွဲ့
တိုင်းမှူး – ဗိုလ်မှူးအောင်
နိုင်ငံရေးခေါင်းဆောင် – သခင်တင်မြ

● အထက်မြန်မာပြည်တိုင်း – မန္တလေး၊ စစ်ကိုင်း၊ ရွှေဘို၊ မုံရွာ၊ မော်လိုက်၊ မြောက်ပိုင်းရှမ်းပြည်
တိုင်းမှူး – ဗိုလ်မှူး ဗထူး (နောင် ဗိုလ်မှူးကြီး)
နိုင်ငံရေးခေါင်းဆောင် – ရဲဘော်စံညွှန့် (ကျဆုံး)

● ရခိုင်တိုင်း
စစ်ရေး၊ နိုင်ငံရေးခေါင်းဆောင် – ကိုညိုထွန်း

● ရန်ကုန်တိုင်း
တိုင်းမှူး – ဗိုလ်မှူး ခင်ညို
နိုင်ငံရေးခေါင်းဆောင် – ဦးကျော်ငြိမ်း (အာအီးတီ)
ရန်ကုန်ခရိုင်တာဝန်ခံ – ဦးဗဆွေ
ရှေ့တန်းစစ်ဌာနချုပ် စစ်ကြောင်းမှူး – ဗိုလ်မှူးကြီး ဇေယျ

ထို့နောက် ဖတပလ ဗဟိုဦးစီးအဖွဲ့ကို ၁၆ ဦးဖြင့် တိုးချဲ့ဖွဲ့စည်းခဲ့သည်။ ယင်းတို့မှာ-
(၁) ဗိုလ်ချုပ်အောင်ဆန်း
(၂) ဗိုလ်နေ၀င်း
(၃) ဗိုလ်လက်ျာ
(၄) သခင်စိုး
(၅) သခင်သန်းထွန်း
(၆) ကိုသိန်းဖေ
(၇) ကိုဗဟိန်း
(၈) ကိုကျော်ငြိမ်း
(၉) ကိုဗဆွေ
(၁၀) သခင်ချစ်
(၁၁) ဒီးဒုတ်ဦးဘချို
(၁၂) ဦးမြ (ဟင်္သာတ)
(၁၃) ဦးအောင်ဇံဝေ
(၁၄) စောဘဦးကြီး
(၁၅) ကိုချစ်မောင်
(၁၆) ဦးရဲညွှန့်တို့ဖြစ်ကြသည်။

တဖန် ဖတပလဦးစီးအဖွဲ့ကို (၁၆) ဦး မှ (၃၆) ဦး ထပ်မံတိုးချဲ့ ဖွဲ့စည်းခဲ့ပြန်သည်။ တိုးချဲ့ဖွဲ့စည်းလိုက်သည့် အဖွဲ့ဝင်များမှာ-
(၁) ဗိုလ်ချုပ်အောင်ဆန်း
(၂) ဗိုလ်လက်ျာ
(၃) ဗိုလ်နေ၀င်း
(၄) သခင်သန်းထွန်း
(၅) သခင်မြသွင်
(၆) သခင်ဗဟိန်း
(၇) ကိုသိန်းဖေ
(၈) ဦးဗဆွေ
(၉) ဦးကျော်ငြိမ်း
(၁၀) သခင်ချစ်
(၁၁) သခင်ဗတင် (လက်သီးပုန်း သခင်ဗတင်)
(၁၂) ဒီးဒုတ်ဦးဘချို
(၁၃) ဦးချစ်မောင်
(၁၄) ဦးမြ (ဟင်္သာတ)
(၁၅) ဦးဘအုန်း
(၁၆) ဦးအေး
(၁၇) ဦးအောင်ဇံဝေ
(၁၈) ဦးဘိုးမြ (ကသက)
(၁၉) ဦးကျော်ရင်
(၂၀) ဦးဗဂျမ်း
(၂၁) စောဘဦးကြီး
(၂၂) သရာသာထို
(၂၃) ဦးဘခိုင်
(၂၄) ဦးဘဘေ
(၂၅) ဦးသိမ်းမောင်
(၂၆) ဦးပု
(၂၇) ဦးဆက်
(၂၈) ဦးမြ (ပျော်ဘွယ်)
(၂၉) ဦးဘ၀င်း
(၃၀) ဦးတင် (မြန်မာ့အလင်း)
(၃၁) သခင်လေးမောင်
(၃၂) သခင်ညီ
(၃၃) မစ္စတာရာမန်
(၃၄) ဦးကြင်မှိန်
(၃၆) ဦးမျိုးရှုတို့ဖြစ်ကြသည်။

ထို့နောက် ၁၉၄၅ မတ်လ ၁၁ ရက်နေ့တွင် ဗြိတိသျှတပ်များ မန္တလေးတောင်ကို သိမ်းပိုက်လိုက်သည့်နေ့မှာပင် ဗိုလ်ချုပ်အောင်ဆန်းအိမ်မှာပင် ဗိုလ်ချုပ်အောင်ဆန်း၊ သခင်သန်းထွန်း၊ ဦးဗဆွေ၊ ဗိုလ်မှူးကြီးနေ၀င်း၊ ဗိုလ်မှူးကြီးဇေယျ၊ သခင်ချစ်နှင့် အခြားတပ်မှူး ၃-၄ ဦးတို့ ဆွေး နွေးခဲ့ကြပြီး ဖက်ဆစ်တော်လှန်ရေးအတွက် ပြင်ဆင်မှုများ မတ်လ ၂၃-၂၅ လောက်တွင် ပြီးစီးမည်ဟု ခန့်မှန်း၍ ၁၉၄၅ခုနှစ် မတ် ၂၅ရက် ည ၇နာရီ ၃၀ မိနစ် (၁၉း၃၀) နာရီတိတိတွင် ဖက်ဆစ်ဂျပန်တို့ကို တပြိုင်တည်း တော်လှန်တိုက်ခိုက်ကြရမည်ဟု သတ်မှတ်လိုက်ကြသည်။

ယင်းနောက် ၁၉၄၅ မတ်လ ၁၇တွင် ရန်ကုန်မြို့ ပြည်လမ်း ဂေါ့ဖ်ကစား (ယခုတော်လှန်ရေးပန်းခြံ) တွင် ဗမာ့တပ်မတော် စစ်ရေးပြပွဲ အခမ်းအနားကို ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင်ဦးစီးကျင်းပ၍ မိန့်ခွန်းပြောကြားခဲ့သည်။

သို့သော် အခြေအနေအရပ်ရပ်သုံးသပ်၍ ၁၉၄၅ မတ်လ ၁၈ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းနေအိမ်၌ကျင်းပခဲ့သော အစည်းအဝေး၌ တော်လှန်ရေးနေ့ကို ဧပြီ ၂ ရက်နေ့သို့ ပြောင်းလဲသတ်မှတ်ခဲ့ကြသည်။ ထိုနေ့မှာပင် ဗိုလ်ချုပ်အောင်ဆန်းက စစ်တိုင်းအမှတ် ၆ စစ်ရေးခေါင်း ဆောင် ဗိုလ်ရဲထွဋ် ဖက်ဆစ်တော်လှန်ရေးကို ၁၉၄၅ ဧပြီ ၂ သို့ပြောင်းလဲကြောင်း စာရေးသားပေးခဲ့သည်။

သို့သော် ၁၉၄၅ မတ် ၂၃ ရက် ညနေတွင် ပဲခူးမြို့ တိုင်း (၄) တိုင်းမှူး ဗိုလ်မှူးကျော်ဇောက တပ်ကြပ်ကြီးတင်ဦး (မကွေး) ကိုခေါ်၍ ပဲခူးရှိ ဗမာ့တပ်မတော်၏ လှုပ်ရှားမှုကို ဂျပန်တို့က သံသယရှိသဖြင့် ၎င်းတို့ပတ်ဝန်းကျင်တွင် ဂျပန်တပ်များချထားကြောင်း၊ ထို့ကြောင့် ဖက်ဆစ် ဂျပန်တော်လှန်ရေးနေ့ကို မူလသတ်မှတ်ထားသည့် ဧပြီ ၂ အစား မတ်လ ၂၇ ရက်နေ့ပြုလုပ်ခွင့်ပြုပါရန် အမိန့်တောင်းခံသည်။ ပန်ကြားစာကို ဗိုလ်ချုပ်အောင်ဆန်းပေးပို့ခဲ့သည်။

ဗိုလ်ချုပ်အောင်ဆန်းထံသို့ တပ်ကြပ်ကြီးတင်ဦးက ဗိုလ်မှူးကျော်ဇော၏ပန်ကြားစာကို ဖတ်ရှုပြီးနောက် အခြေအနေအရပ်ရပ်ကို သုံးသပ်၍ ဖက်ဆစ်ဂျပန်တော်လှန်ရေးကို မတ်လ ၂၇ ရက်နေ့သို့ ပြောင်းလဲလိုက်ပြီဖြစ်ကြောင်း ၁၉၄၅ မတ် ၂၄ ရက်နေ့တွင် တိုင်းအသီးသီးသို့ ဆက်သားများကိုစေလွှတ်ကာ အကြောင်းကြားခဲ့သည်။

ဤသို့ဖြင့် ၁၉၄၅ မတ်လ ၂၇ ည ၇နာရီတွင် သရက်ခရိုင်၊ ပုဏ္ဏားကျွန်း၌ ဖွင့်လှစ်ထားသော ပြည်သူ့လွတ်လပ်ရေးတပ်မတော်ဌာနချုပ်မှ ဖတပလမှဦးဆောင်၍ မြန်မာနိုင်ငံတစ်ဝှမ်းလုံးရှိ ဖက်ဆစ်ဂျပန်များကို တော်လှန်ပြီဖြစ်ကြောင်း ကြေညာခဲ့လေသည်။

● ဗိုလ်ချုပ်အောင်ဆန်း ကျဆုံးချိန်အမှား
၁၉၄၇ ခုနှစ် ဇူလိုင်လ (၁၉) ရက် စနေနေ့တွင် ရန်ကုန်မြို့ အတွင်းဝန်များရုံး (နောင်ဝန်ကြီးများရုံး) ၌ ဗိုလ်ချုပ်အောင်ဆန်းနှင့် အစိုးရအဖွဲ့ဝင် ၀န်ကြီးများ အစည်းအဝေးကျင်းပပြုလုပ်နေစဉ် မျိုးချစ်ပါတီခေါင်းဆောင်နှင့် နန်းရင်းဝန်ဟောင်း ဂဠုန်ဦးစော၏ စေခိုင်းချက်အရ လူသတ် သမားတို့၏လက်ချက်ဖြင့် ဗိုလ်ချုပ်အောင်ဆန်းနှင့် ၀န်ကြီးများဖြစ်ကြသော သခင်မြ၊ ဒီးဒုတ်ဦးဘချို၊ ဦးရာဇတ်၊ ဦးဘ၀င်း၊ မန်းဘခိုင်၊ မိုင်းပွန်စော်ဘွားကြီးစ၀်စံထွန်း၊ လမ်းပန်းဆက်သွယ်ရေးဌာနမှ ဒုတိယအတွင်းဝန် ဦးအုန်းမောင်၊ ပညာရေးဝန်ကြီး၏ သက် တော်စောင့် ကိုထွေးတို့ ကျဆုံးခဲ့ရသည်။

ဗိုလ်ချုပ်အောင်ဆန်းကျဆုံးချိန်မှာ ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ရက် စနေနေ့နံနက် ၁၀း၃၀ နာရီဖြစ်သည်။ ယင်းနှင့်ပတ်သက်၍ ဘုရင်ခံ၏ ခေတ္တအတွင်းဝန် အာရ်ဒဗလျူဒီဖောင်လာ (R.W.D Fowler) ထံမှ ဆာဂီဘတ်လိတ၀ိတ် (Sir Gilbert Lailkwaite) ထံသို့ပေးပို့ခဲ့သော ကြေးနန်းစာ (I.O.R ., M / 4 / 2714) ၌လည်း ဤသို့ အတိအကျဖော်ပြထားသည်။

“အသေးစိတ်အချက်အလက်များကို ကျွန်တော်ယခုပေးနိုင်ပါပြီ။ အမှုဆောင်အဖွဲ့အစည်းအဝေးအတွင်း ယနေ့နံနက် ၁၀း၃၀ နာရီတွင် အမှတ် ၁၂ စစ်တပ်အမှတ်အသားများပါရှိသော စစ်ကားတစ်စီးသည် အ၀င်တံခါးမကြီး၌ ထိုးရပ်လာခဲ့သည်။ ဂျစ်ကားထဲတွင် လူတစ် ယောက်ကျန်ရစ်ခဲ့သည်။ စတင်းဂန်းများနှင့် ရိုင်ဖယ်သေနတ် (၂) လက်ကိုင်ဆောင်ထားသော လူ (၄) ဦးသည် အမှုဆောင်အဖွဲ့အစည်း အဝေးခန်းမသို့ လှေကားမှတက်သွားကြသည်။ ခန်းမတံခါးဝအပြင်ဘက်၌ စောင့်ကြပ်နေသော လက်နက်ကိုင် ပြည်သူ့ရဲဘော်တစ်ဦးက သူတို့ကိုတားဆီးရန်ကြိုးစားစဉ် သေနတ်ဖြင့်အပစ်ခံလိုက်ရသည်။ သူက လက်နက်ကိုင်ဆောင်လာသူများကို အမှတ် (၄) ဗမာ့ရိုင်ဖယ်တပ်ဖွဲ့ ၀င်များဖြစ်သည်ဟု ပြောဆိုခဲ့သည်။ သူသည် ဆိုးဆိုးရွားရွား ဒဏ်ရာရရှိခဲ့သည့်အတွက် အသေးစိတ်အချက်အလက်များ မပေးနိုင်ခဲ့ပါ။ စတင်းဂန်းသေနတ်နှင့် လူသုံးယောက်သည် အမှုဆောင်ခန်းမအတွင်းသို့ ၀င်ရောက်ကြပြီး သေနတ်နှင့် တရကြမ်းမွှေ့ရမ်းပစ်ခတ်မှုကြောင့် ဦးအောင်ဆန်း၊ ဦးဘ၀င်း၊ ဦးအဗ္ဗဒူရာဇတ်၊ မန်းဘခိုင်၊ သခင်မြနှင့် ဦးအုန်းမောင်တို့ သေဆုံးပြီး၊ ဒီးဒုတ်ဦးဘချို (စိုးရိမ်ရသောအခြေအနေတွင်ရှိသည်)၊ မိုင်းပွန်စော်ဘွား (အခြေအနေကောင်းသည်) နှင့် ကိုထွေး (ဦးအဗ္ဗဒူရာဇတ်၏ သက်တော်စောင့်) တို့ ဒဏ်ရာရရှိသည်။

ပျော်ဘွယ်ဦးမြ၊ ဦးဗဂျမ်း၊ ဦးအောင်ဇံဝေနှင့် ဦးရွှေဘော် (အမှုဆောင်အဖွဲ့၏အတွင်းဝန်) တို့မှာ ထိခိုက်မှုမရှိ။ စောစံဖိုးသင် ခရီးထွက်နေပြီး သခင်နုသည် အစည်းအဝေးတွင် ရှိမနေခဲ့။

ထိခိုက်သေဆုံးသူများအား နှောင့်နှေးခြင်းမရှိဘဲ ဆေးရုံကြီးသို့ပို့ခဲ့သည်။ ရဲတပ်ဖွဲ့အနေဖြင့် အခြေအနေကို သွက်လက်ထက်မြက်စွာ ကိုင်တွယ်ဆောင်ရွက်နိုင်ခဲ့ပုံရပါသည်။

ယခုအဖြစ်အပျက်သည် အထွေထွေအုံကြွမှုကြီး၏ အစိတ်အပိုင်းတရပ်ဖြစ်မဖြစ် ပြသသည့် အရိပ်အယောင် တစုံတစ်ရာမရှိသေးပါ။ အလံနီကွန်မြူနစ်များက ဤတိုက်ခိုက်မှုအစီအစဉ်ကိုသိနေခဲ့သည့် အရိပ်အယောင်များရှိသည်။ လက်ရှိအစိုးရက သူတို့အပေါ် ပြင်းပြင်းထန် ထန် အရေးယူဆောင်ရွက်ရန် စဉ်းစားလိမ့်မည်ကို အခြားအတိုက်အခံပါတီများက ကြောက်လန့်နေကြောင်း ယုံကြည်ရသည်။ ဤသည်က အတိုက်အခံပါတီအားလုံးက ယခုတိုက်ခိုက်မှုအစီအစဉ်ကို ထိန်ချန်လျှို့ဝှက်ထားခဲ့ပုံရကြောင်း ပြောဆိုလျက်ရှိသော်လည်း အထောက် အထားမရှိပါ။

ဘုရင်ခံအနေဖြင့် ဗိုလ်ချုပ်ဘရစ် (ဂ်)၊ ဗိုလ်ချုပ်သောမတ်စ်၊ ရဲတပ်ဖွဲ့ စစ်ဆေးရေးအရာရှိချုပ်အပြင် ပြည်တွင်းလုံခြုံရေးနှင့် ပတ်သက်သော အခြားပုဂ္ဂိုလ်များနှင့် ယနေ့နံနက် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။ ဗမာ့စစ်ဌာနချုပ်အနေဖြင့် နောင်ဖြစ်လာမည့် ပြဿနာများအတွက် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ချက်ရှိသည်။

ဘုရင်ခံအနေဖြင့် လောလောဆယ်တွင် သခင်နု၊ ဦးအောင်ဇံဝေ၊ ပျော်ဘွယ်ဦးမြတို့နှင့် တိုင်ပင်ညှိနှိုင်းလျက်ရှိသည်။ အမှုဆောင်အဖွဲ့သစ် ဖွဲ့စည်းရေးအဆိုပြုချက်သတင်းများနှင့်အတူ နောက်ထပ်ကြေးနန်းစာကို ယင်းတိုင်ပင်ညှိနှိုင်းမှုပြီးပြီးချင်း ထပ်မံပေးပို့ပါမည်” ဟူ၍ ဖော်ပြ ထားသည်။

ထို့အပြင် အာဇာနည်ကုန်းရှိ ဗိုလ်ချုပ်အောင်ဆန်း ဂူဗိမာန်၌လည်း ဗိုလ်ချုပ်အောင်ဆန်းကျဆုံးချိန်ကို ၁၉၄၇ခုနှစ် ဇူလိုင် ၁၉ရက် (မြန်မာသက္ကရာဇ် ၁၃၀၉ ခု ၀ါခေါင်လဆန်း ၂ရက်) စနေနေ့ နံနက် ၁၀း၃၅ နာရီ ဟူ၍ပင် ကမ္ဗည်းရေးထိုးထား လေသည်။ ယင်းအချက်အလက်များကို မခိုင်လုံဟုဆိုလျှင် ၁၉၄၇ ဇူလိုင်လ ၂၀ရက်နေ့ထုတ် ဟံသာဝတီ၊ ကွန်မြူနစ်နေ့စဉ်၊ မြန်မာ့အလင်း၊ သမာဓိ၊ ဗမာ့ရှေ့ဆောင် စသည့် နေ့စဉ်သတင်းစာများနှင့် ရိုက်တာကြေးနန်းသတင်းများ ၌ ဗိုလ်ချုပ်အောင်ဆန်းကျဆုံးချိန်ကို နံနက် ၁၀း၃၅နာရီ ဟူ၍သာ အတိအကျ တညီတညွတ်တည်း ဖော်ပြထားပေသည်။

သို့သော် ၁၉၇၂ အောက်တိုဘာလ၌ စပယ်ဦးစာပေမှ ထုတ်ဝေသော ဦးမြင့်ဝေ (တပ်မတော်မြင့်သန္တာ) ၏ `ဗမာ့တော်လှန်ရေးအဘိဓာန်´ (၁၈၂၄ မှ ၁၉၇၁ အထိ) ၌လည်းကောင်း၊ ၂၀၁၁ မေလ ဇေတ၀န်စာအုပ်တိုက်ထုတ် သိန်းအေး၏ `အောင်ဆန်းဇာနည်´ စာအုပ်၌လည်း ကောင်း၊ ၂၀၁၁ ဇူလိုင်လ ခေတ်ပြတိုက် စာပေမှ ထုတ်ဝေသော ကလောင်စုံရေးသားသည့် `စာရေးဆရာ၊ နိုင်ငံရေးသမား၊ ပြည်ထောင်စုဖခင် ဗိုလ်ချုပ်အောင်ဆန်းနှင့် အမျိုးသားရေးဝါဒ´ စာအုပ်၌လည်းကောင်း၊ ၂၀၁၁ ဇူလိုင် နေရီရီစာပေတိုက်မှ ထုတ်ဝေသော ကလောင်စုံရေး သားသည့် `ဗိုလ်ချုပ်အောင် ဆန်း အမှတ်တရဆောင်းပါးများ´ စာအုပ်၌လည်းကောင်း၊ ၂၀၁၁ နိုဝင်ဘာလ ပုဂံစာပေတိုက်မှ ထုတ်ဝေသည့် မောင်ကျော်ရင်၏ `ဗိုလ်ချုပ်အောင်ဆန်း၏ နိုင်ငံရေးဂန္တ၀င်´ စာအုပ်၌လည်းကောင်း၊ ဗိုလ်ချုပ်အောင်ဆန်းကျဆုံးချိန် ၁၉၄၇ ခုနှစ် ဇူလိုင် ၁၉ရက် နံနက် ၁၀း၃၇ နာရီတွင် ဖော်ပြထားလေသည်။

ထို့ကြောင့် ဗိုလ်ချုပ်အောင်ဆန်းကျဆုံးချိန်ကို နံနက် ၁၀း၃၅ နာရီကိုသာ အတည်ပြုရပေမည်။

လုပ်ကြံခြင်းခံရသော အာဇာနည် (၉) ဦးအနက် ပြန်ကြားရေးဝန်ကြီး ဒီးဒုတ်ဦးဘချိုသည် ကျည်ဆံ ၅ ချက်ထိမှန်ကာ ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ရက် နေ့လည် ၁း၄၀နာရီတွင်လည်းကောင်း၊ ပညာရေးဝန်ကြီး ဦးရာဇတ်၏ သက်တော်စောင့် ရဲဘော်ကိုထွေးသည် ၁၉၄၇ ဇူလိုင် ၁၉ မွန်းလွဲ ၂နာရီ ၁၅မိနစ်တွင်လည်းကောင်း၊ ကြားဖြတ်အစိုးရအဖွဲ့ဝင် အတိုင်ပင်ခံ တောင်တန်းဒေသရေးရာဝန်ကြီး မိုင်းပွန်စော်ဘွားကြီး စ၀်စံထွန်းသည် ၁၉၄၇ ဇူလိုင် ၂၀ ရက် မွန်းတည့် ၁၂ နာရီတွင်လည်းကောင်း ကျဆုံးသွားခဲ့ရလေသည်။

ကြွင်းကျန်သော အာဇာနည်များ၏ ရုပ်ကလာပ်များကို မြန်မာနိုင်ငံလွတ်လပ်ရေးရရှိပြီး ၁၉၄၈ ခုနှစ် ဧပြီလ ၁၁ ရက်နေ့ ရန်ကုန်မြို့ ရွှေတိဂုံစေတီတော်ခြေရင်းရှိ အာဇာနည်ကုန်းတွင် နိုင်ငံတော်ဈာပနအခမ်းအနားကျင်းပ၍ ဂူသွင်းသင်္ဂြိုဟ်ခဲ့သည်။ သို့သော် အစ္စလာမ် ဘာသာဝင် (၂) ဦးဖြစ်သည့် ၀န်ကြီးဦးရာဇတ်နှင့်ကိုထွေးတို့၏ရုပ်အလောင်းများကို ရန်ကုန်မြို့ တာမွေမြို့နယ် မွတ်ဆလင်သင်္ချိုင်း၌ အတူယှဉ်၍ ဂူသွင်းသင်္ဂြိုဟ်ထားသည်။

အာဇာနည်စ၀်စံထွန်း၏ ရုပ်ကလာပ်ကိုမူ ရန်ကုန်မြို့မှ ရွှေညောင်မြို့သို့ ရထားဖြင့်လည်းကောင်း၊ ရွှေညောင်မှ (၄၄ )မိုင်ကွာဝေးသော မိုင်း ပွန်မြို့သို့ မော်တော်ယာဉ်ဖြင့်လည်းကောင်း အဆင့်ဆင့်သယ်ဆောင်၍ မိုင်းပွန်မြို့တွင် ရှမ်းရိုးရာ ဓလေ့ထုံးတမ်းစဉ်လာအတိုင်း မီး သင်္ဂြိုလ်၍ ကြွင်းကျန်သည့်အရိုးပြာကို မိုင်းပွန်မြို့နှင့် ရန်ကုန်မြို့ အာဇာနည်ဗိမာန်၌ အမှတ်တရအုတ်ဂူတည်ထားသည်။

ထို့နောက် တပ်မတော်ဖခင်ကြီးနှင့် မြန်မာ့လွတ်လပ်ရေးဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်းကျဆုံးပြီး (၈)နှစ်အကြာတွင် ရန်ကုန်မြို့ နတ် မောက်လမ်းရှိ ကန်တော်ကြီးပန်းခြံ၌ စိုက်ထူထားသော အက်ဒ၀ပ်ဘုရင်၏ ကြေးရုပ်ထုကို ဖယ်ရှား၍ ၁၉၅၅ ဖေဖော်ဝါရီ ၁၃ရက်နေ့တွင် လန်ဒန်မြို့ ဆာဂျွန်ကက်စ် အနုပညာသိပ္ပံကျောင်းမှ ကျောင်းအုပ်ကြီးပန်းပုပညာရှင် မစ္စတာကော့ပ်နောက် ထုလုပ်ခဲ့သည့် အမြင့် ၈ ပေ ၄ လက်မရှိ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်တုကို စိုက်ထူ၍ နိုင်ငံတော်အခမ်းအနားဖြင့် ဖွင့်လှစ်ခဲ့လေသည်။ ကန်တော်ကြီးပတ်လမ်းကိုလည်း ဗိုလ်ချုပ်၏ မွေးဖွားရာဇာတိဖြစ်သော နတ်မောက်မြို့ကို ဂုဏ်ပြုသောအားဖြင့် နတ်မောက်လမ်းဟူ၍လည်းကောင်း၊ ကန်တော်ကြီးပန်းခြံ ကိုလည်း ဗိုလ်ချုပ်ပန်းခြံဟူ၍ အမည်ပြောင်းလဲခဲ့ကြသည်။

ထို့အပြင် ၁၉၅၆ ဖေဖော်ဝါရီလ ၁၃ရက်တွင် ကျရောက်သော ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ကို နောင်တခေတ်လူငယ်များ ဗိုလ်ချုပ်၏ ရဲရင့်မှု၊ ရိုးသားဖြောင့်မတ်မှု၊ ဇွဲလုံ့လရှိမှု၊ နိုင်ငံနှင့်လူမျိုးအပေါ် သစ္စာရှိမှု၊ ကိုယ်ကျိုးစွန့်အနစ်နာခံဆောင်ရွက်မှုများကို အတုယူနိုင်ရန် ရည်ရွယ်၍ ‘မြန်မာနိုင်ငံကလေးများနေ့’ အဖြစ်သတ်မှတ်ကာ ဗိုလ်ချုပ်အောင်ဆန်းပန်းခြံ၌ စတင် ကျင်းပခဲ့လေသည်။

သို့သော် ၁၉၆၂ တွင် တော်လှန်ရေးကောင်စီတက်ရောက်လာပြီးနောက် မြန်မာနိုင်ငံကလေးများနေ့ကို တဖြည်းဖြည်း မှေးမှိန်ကွယ်ပျောက် သွားစေရန် ယနေ့တိုင်ပြုလုပ်လျက်ရှိရာ မြန်မာ့လွတ်လပ်ရေးအတွက် ကြိုးပမ်းဆောင်ရွက်၍ အသက်ပေးကျဆုံးသွားခဲ့ရသော အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ကျေးဇူးကို မျက်ကွယ်ပြုရာကျနေသဖြင့် ၀မ်းနည်းဖွယ်ရာပင် ဖြစ်နေပါတော့သည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ရသဆောင်းပါးစုံ, သန်းဝင်းလှိုင်

One Response to Than Win Hlaing – ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိ ရှင်းတမ်း – အပိုင်း (၃)

  1.ုkoko on February 18, 2012 at 8:33 pm

    ” ခန်းမတံခါးဝအပြင်ဘက်၌ စောင့်ကြပ်နေသော လက်နက်ကိုင် ပြည်သူ့ရဲဘော်တစ်ဦးက သူတို့ကိုတားဆီးရန်ကြိုးစားစဉ် သေနတ်ဖြင့်အပစ်ခံလိုက်ရသည်။ သူက လက်နက်ကိုင်ဆောင်လာသူများကို အမှတ် (၄) ဗမာ့ရိုင်ဖယ်တပ်ဖွဲ့ ၀င်များဖြစ်သည်ဟု ပြောဆိုခဲ့သည်။ ”

    ကိုသန်းဝင်းလှိုင်ရေ..
    အမှတ် (၄) ဗမာ့ရိုင်ဖယ်တပ်ဖွဲ့လို့ ဒဏ်ရာရတဲ့ရဲဘော် ပြောတယ်လို့ဆိုတယ်..
    အဲဒီ့တပ်ဖွဲ့နဲ့ ဦးနေဝင်းရဲ့ လက်ကိုင်တပ်ရင်း-၄ အတူတူပဲလားဆိုတာ research လုပ်ပေးပါဦးခင်ဗျာ..

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ဒေါက်တာခင်မောင်ဝင်း (သင်္ချာ) – သင်္ချာအတွေးအခေါ်သမိုင်း ၊ ဂိမ်းသီအိုရီနှင့် အတွေးအမြင်ဆောင်းပါးများ 

By

ဒေါက်တာခင်မောင်ဝင်း (သင်္ချာ) – သင်္ချာအတွေးအခေါ်သမိုင်း ၊ ဂိမ်းသီအိုရီနှင့် အတွေးအမြင်ဆောင်းပါးများ  မိုးမခစာပေက ထွက်ပါပြီ။...

Read more »

ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ

By

  ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၇ ယခုစာအုပ်မှာ...

Read more »

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်