မြူတိမ်ဝေဝေ … တောင်ခိုးဝေးဝေး (၂၀)

February 20, 2012

မေခ
ဖေဖော်ဝါရီ ၂၀၊ ၂၀၁၂ ( Twilight over Burma – Serial Translation)
အခန်း (၉)

သူ့ဝါးတဲလေးထဲတွင် အကျဉ်းသားအဖြစ် နေရသည်မှာ ဒုတိယနေ့ပင်ကုန်ဆုံးတော့မည် ဖြစ်လေသည်။ အရင်နေ့တွေကလိုပဲ စဝ်အဖို့ လွတ်မြောက်ရန် ပိုမိုနီးစပ်သောအခြေအနေကို မမြင်ရသေးချေ။ မိန်းတိုင်းမှာ ကွန်မြူနစ်တွေလား အခြားသောင်းကျန်းသူတွေလား ဘယ် သူကများ သူလို လူပေါင်းမည်မျှကို ဖမ်းထားခဲ့ပြီလဲဟု သူတွေးနေမိလေသည်။ သူ့အတွက် ကူညီပေးရန် ဝန်ကြီးချုပ် ဦးနုအပေါ်ထားရှိသော မျှော်လင့်ချက်သည်လည်း လျော့နည်းလာတော့သည်။ အကယ်၍ ဖြစ်နိုင်လျှင် ကမ္ဘာကုလသမဂ္ဂကပါဝင်လာပြီး နယ်စပ်ကဘိန်းကိစ္စကို ဖြေရှင်းပေးနိုင်လျှင် ပြေလည်နိုင်သည်။ သို့သော်လည်း သည်ကိစ္စကလည်း အချိန်အတော်ယူရပေဦးမည် ဖြစ်ပြန်သည်။ အခုတော့သူသည် အဖိုးတန်သော ကုန်ပစ္စည်းတခုလို ကျန်နေရစ်တော့သည်။ သူသည် သူ့ညာလက်ဝါးကိုဖြန့်ပြီး တဲထဲကမှိန်ဖျော့ဖျော့အလင်းတွင် အသက် လမ်းကြောင်းကိုပြန် စစ်ဆေးကြည့်နေမိလိုက်သည်။ သူ့အားတခါက ရန်ကုန် ဆူးလေစေတီတော်အပေါ်က ဗေဒင်ဆရာတယောက် သူ့အ သက်လမ်းကြောင်းသည် အသက် ၃ဝ ကျော်တွင် ပြတ်နေကြောင်း ထပ်ခါထပ်ခါ သတိပေးဟောခဲ့ဖူးတာသွား အမှတ်ရလိုက်သည်။ သူ စတင်စဉ်းစားမိသည်မှာ သူသည်ထို အမှတ်သို့ရောက်နေလေပြီ။

စဝ်သည် ဖျာပေါ်တွင် သူ့ခြေကိုဆန့်ထုတ်လိုက်ပြီး မျက်လုံးပိတ်ထားလိုက်သည်။သောင်းကျန်းသူတွေ နမ့်ပန်းကို သိမ်းပိုက်လိုက်သော သတင်းသည် သူ့မျှော်လင့်ချက်များကို အစိတ်စိတ်အမွှာမွှာဖြစ်သွားစေပြီး ကြောက်စရာကောင်းသော အခြေအနေမှာ သူလမ်းဆုံးသို့ ရောက်နေလေပြီ။ တကယ်လို့ သူ့လျှို့ဝှက်စာလေး သုစန္ဒာနှင့် ဂျင်မီယန်းထံသို့ရောက်သွားသည့်တိုင်အောင် သူ့ကို ဤ ဝါးတဲလေးအတွင်းမှ မည်သို့ လွတ်မြောက်အောင် လုပ်နိုင်ပါမည်နည်း။ စစ်ဖိနပ်ချည်းကပ်လာသံကို သူကြားလိုက်ရသောအခါ သူသည် အိပ်နေရာမှ ဇတ်ဆို ထ ထိုင်လိုက်မိလေသည်။ သူ့အားဖမ်းဆီးလာသူများကို ဘယ်တော့မှ သူ၏ စိတ်ဓာတ်ကျ အားငယ်ဝမ်းနည်းနေပုံမျိုးကိုမမြင်စေရဟု သူ ဆုံးဖြတ်ထားသည်။ စစ်ဖိနပ်သံသည် တဖြည်းဖြည်း ဝေးပြီးပျောက်သွားသည်။ စဝ်တွင် အကာအကွယ်မဲ့နေပြီဖြစ်သည်။ သည်လို ခံစားနေရ သောအခြေအနေတွင် သူသည် အခြားယူနီဖောင်းဝတ်တယောက်နှင့် စကားမပြောလိုသေးချေ။

သူသည် ဂျက်ကက်အိတ်ထောင်အတွင်းက ပိုက်ဆံအိတ်လေးကို ဆွဲထုတ်ယူကြည့်လိုက်မိသည်။ သူအဖမ်းခံထားရစဉ်အတွင်း ပထမဆုံး ကြည့်မိခြင်းလည်းဖြစ်သည်။ ပုံလေးက သူ့သမီးလေးတွေကို လျှပ်တပြက်ရိုက်ထားသော ဓာတ်ပုံဖြစ်လေသည်။ သုစန္ဒာက အမြဲပင် သေ ချာအောင်လုပ်လေ့ရှိသည်။ သူအိမ်မှ ထွက်လာသည့်အခါတိုင်း သူ့ အိတ်ထောင်အတွင်း သူ့သမီးလေးတွေဓာတ်ပုံကိုထည့်ပေးလိုက်လေ့ ရှိသည်။ ပြုံးပျော်နေကြသော သူတို့ မျက်နှာလေးတွေကိုမြင်လိုက်ရသောအခါ သူ့ရင်ထဲ ဆစ်ကနဲနာကျင်သွားပြီး ပုံကို အမြန်ဖယ်လိုက်ရသည်။ သူသာအသက်ရှင်လျက်မရှိတော့ဖူးဆိုလျှင် သူ့မိန်းမနှင့်သမီးတွေ ဘယ်လိုဆက်နေကြပါ့မလဲဟုသောအတွေးကို ဆက်မတွေးရဲတော့ချေ။ သူသည် သူ့မျက်နှာကို လက်ဝါးနှစ်ဘက်ဖြင့်အုပ်လိုက်ပြီး ငြီးတွားလိုက်လေသည်။ သူ့တကိုယ်လုံး အပြစ်များဖြင့် ဖုံးအုပ်နေသလို ခံစားရ သည်။ သူသည် သူ့အပေါ်ကျရောက်လာမည့်အန္တရာယ်နိမိတ်များကို မသိကျိုးနွံမပြုသင့်ခဲ့ပေ။ သူသည် သည်အတိတ်နိမိတ်တွေကို အယုံ အကြည်မရှိခဲ့မိခြင်းသည်လည်း သူ့အတွက် အလွန်ဆိုးရွားလှလေသည်။

စဝ်တွင်ဒီစွပ်စွဲချက်များကိုပြန်လည် ပြောဆိုချေပဖို့အချိန် အလုံအလောက်ရှိခဲ့ပေသည်။ သူသည် ဘယ်နေရာကိုမှမသွားခဲ့ချေ။ သူတို့နှင့် ပူးပေါင်းလုပ်ဆောင်ဖို့ငြင်းဆိုသော သူ့ကို ညှင်းပန်းနှိပ်စက်သူတို့က မောပန်းငြီးငွေ့လာလေသည်။ သူ့ကို ဘာလို့ သောင်းကျန်းသူတွေကဒီလို လက်လွတ်စပယ်လုပ်ရတာလဲဆိုတာကို သူနားလည်လာသည်။ အဘယ်ကြောင့်ဆိုသော လွန်ခဲ့သော နှစ်နှစ်က လူထုသည် သူတို့ကို လက်မခံကြသောကြောင့်ဖြစ်လေသည်။

သူသည် သောင်းကျန်းသူခေါင်းဆောင်နှင့် သဘောထားခြင်းမတိုက်ဆိုင်ပဲ ငြင်းခုန်ခဲ့ကြသည့်အတွက် သူ့အပေါ် အညှိုးထားခဲ့ဖူးတာကို သ ဘောပေါက်လာခဲ့တော့သည်။ သူတို့ကို လူထုကလက်မခံတာကို သူလည်းသိရှိသွားပြီး အာဏာကို မရအရယူဖို့လုပ်လိမ့်မယ်ဆိုသော အချက်ကို စဝ်ဘာလို့မတွေးမိပါလိမ့်ဟု နောင်တရနေတော့သည်။ သူတို့အနာကို စဝ်ဘာလို့ မသိကျိုးနွံပြုခဲ့မိပါလိမ့်။ ထို့အပြင် သူနှင့်အတူ ဦးနု၊ စဝ်ခွန်ထီး၊ ဦးဘဆွေတို့လည်း ဒီသောင်းကျန်းသူတွေ၏ စစ်တပ်အင်အားကို ဘာလို့ ကြိုမမြင်မိခဲ့ကြပါလိမ့်။ စဝ်သည် သူ့ခေါင်းကို သူ လက်သီးနှစ်ဘက်ဖြင့် ထိုးနေမိတော့လေသည်။

သူ၏ ကောင်းမွန်မှန်ကန်သော ဆုံးဖြတ်ချက်သည် လွန်ခဲ့သောနှစ်နှစ်ကမှားခဲ့သလို နောက်ပြန်သွားဖို့ဆိုတာကလည်း အလွန်ဝေးကွာ သွားခဲ့ပြီဖြစ်လေသည်။
….. …..

မြန်မာနိုင်ငံသည် ဂျပန်လက်မှလွတ်မြောက်ပြီး အင်္ဂလိပ်ကပြန်လည်အုပ်စိုးသောအခါ ၃၇ ယောက်သော ဘူဟန်းပြည်နယ်ခေါင်းဆောင်များ က စဝ်ကို နမ့်ပန်းပြည်နယ်၏ ခေါင်းဆောင်ခွန်မိန်းအဖြစ် သဘောတူရွေးချယ်တင်မြှောက်ခဲ့ကြသည်။ စဝ်၏အဖေနှင့် အကို ကို သူတို့ကလက်မခံကြချေ။ အဘယ်ကြောင့်ဆိုသော် သူတို့သည် မာတင်းပြီး ဟောင်ဖွာဟောင်ဖွာလုပ်တတ်ကြ၍ ဂျပန်ခေတ်ကလည်း ဂျပန် တွေနှင့် အတူပူးပေါင်း၍ ကိုယ်ကျိုးစီးပွားများကို မတရားရှာခဲ့ကြသောကြောင့် ဖြစ်လေသည်။ သို့သော်ငြားလည်း စဝ်သည် သူ့ပညာရေးကို ဆုံးခန်းတိုင်အောင် အရင်သင်လိုက်ချင်သေးသည်။ သူက တောင်ကြီးနှင့် အိန္ဒိယနိုင်ငံဒါဂျီလင်တွင် ပညာသင်နေခဲ့သည်။ သို့သော် သူ့ပြည် နယ်က လူထု၏သဘောကို သူမငြင်းနိုင်ပဲလက်ခံခဲ့ရလေသည်။ သံသယလုံးဝမရှိပဲ ၁၉၄၇ ဇန်နဝါရီလတွင် သူ့ကို နမ့်ပန်းပြည်နယ် ကိုအုပ်ချုပ်သူ ခွန်မိန်းအဖြစ် ကြေငြာတင်မြှောက်ခြင်းခံရလေသည်။

အစကတည်းက အခြေခံကျကျမှားခဲ့သောသူသည် တဖြည်းဖြည်းအခြားကိစ္စများသည် အလိုလို ပါဝင်လာရတော့သည်။ စဝ်သည် ပို၍ ပို၍ ရှုပ်ထွေးလာပြီး စိတ်ပျက်စိတ်မကောင်းဖြစ်နေမိတော့သည်။ သူသည် သူ၏မှားယွင်းစွာဖြင့် ဆုံးဖြတ်မိခဲ့သောကိစ္စအားလုံးကို သူ့မှတ်ဉာဏ် ထဲမှ ရှာဖွေထုတ်ကြည့်နေမိလေသည်။

“တော်ပါပြီကွာ” သူ့ကိုသူ ခတ်တင်းတင်းပြောလိုက်သည်။ သူသည် သူ့သံသယအတွေးများဖြင့် သူ့ကိုယ်သူစွဲချက်တင်နေခြင်းသည် အလ ကားနေရင်းသူ့ စွမ်းအားတွေကို ယုတ်လျော့စေသည်၊ ဖျက်ဆီးနေသည်ဟု ရှင်းရှင်းလင်းလင်း သိမြင်လာလေသည်။ သူနောက်ထပ်ဒီလို အဖြစ်မခံနိုင်တော့။ မနက်ကျရင် သူသည် သောင်းကျန်းသူခေါင်းဆောင်နှင့် ရင်ဆိုင်ရမည့်စစ်ပွဲအတွက် ပြင်ဆင်ရဦးမည်။

သူ့စိတ်ကိုအလုပ်ပေးဖို့အတွက် စဝ်သည် တခုခုကိုဖတ်ချင်နေမိသည်။ သူ့ကိုသည် တောထဲခေါ်ဆောင်လာကြသောအခါက သူ့ အတက်ချီ ကေ့စ်လေးထဲက စာအုပ်များ စာရွက်စာတမ်းများပျောက်ဆုံးသွားခဲ့သည်။ သူသည် ရန်ကုန်တွင် အချိန်တွေ လွတ်လပ်စွာကုန်လွန်ခဲ့သည်။ လေယာဉ်ပေါ်၌ မူထွီတွင်ပြုလုပ်မည့် ဆားထုတ်လုပ်ရေးစီမံကိန်းအကြောင်း သူဖတ်နေခဲ့သည်။ လိုအပ်သောပစ္စည်းကိရိယာများသည် နမ့်ပန်းသို့ပို့ဆောင်နေရာ လမ်းပေါ်မှာတင်ရှိနေသေးသည်။ သူသည် နမ့်ပန်းသို့ပြန်ရောက်တာနှင့် ခပ်မြန်မြန်ပင် ထိုစီမံကိန်းကို စချင်နေ မိလေသည်။ မြန်မာပြည်မှ ဆားတင်ပို့မှု ဘယ်အချိန်မှာပဲရပ်ဆိုင်းသွားသွား မူထွီရှိဆားတွင်းတွေမှ နမ့်ပန်းပြည်နယ်အတွက် အလုံအလောက် ထောက်ပံ့နိုင်ခဲ့သည်မှာ နှစ်ပေါင်းရာချီရှိခဲ့ပြီ ဖြစ်လေသည်။ သို့သော် ဆားတွေက အလွန်ခါးလေသည်။ အဘယ့်ကြောင့်ဆိုသော် ထိုဆားထဲ တွင် မက်ဂနီစီရမ်ကလိုရိုက်များ အလွန်အမင်းပါနေသောကြာင့်ဖြစ်လေ၏။ သည်များနေမှုကို ခြေဖျက် ထုတ်ပစ်လိုက်နိုင်ဖို့ အထူးအညစ် အကြေးချွတ်စက်များတင်သွင်းဖို့လိုအပ်နေသေးလေသည်။ မြောက်ပိုင်းမိန်းတိုင်းအတွက် ဆားအလုံအလောက်ရမှုသည် အလွန်အရေးကြီး သော ကိစ္စတခုဖြစ်လာလေသည်။

စီမံကိန်းများစွာအပေါ် သူ၏အာရုံစိုက်မှုကလည်းအရေးကြီးလှသည်။ သူ့မှာ နိုင်ငံရေး၏သားကောင်တကောင်ဖြစ်နေသောကြောင့် သည်စီမံ ကိန်းတွေကို ဖြတ်ထားရသလိုဖြစ်နေတော့သည်။ စဝ်ကိုသောင်းကျန်းသူခေါင်းဆောင်က ကြောက်ရွံ့နေသည်ဟု သူ့ကို မကြာခဏပြောခဲ့ ဖူးကြသော်လည်း စဝ်က သောင်းကျန်းသူခေါင်းဆောင်ကို ပြေပြေလည်လည် တခါမှ တွေ့ဆုံပြောလိုခြင်းမရှိခဲ့ချေ။ အခုလို သူ့အား ခြိမ်း ခြောက်လာလိမ့်မည်ဟုလည်း မတွေးဖူးခဲ့ချေ။ လေးလေးနက်နက်တွေးကြည့်လိုက်သောအခါ သူသည် အလွန်ကြီးမားသောအန္တရာယ်နှင့် ရင်ဆိုင်နေရပြီဆိုတာကို ခံစားသိနေမိလေသည်။ မမြင်ရသောအန္တရာယ်သည် သူ့ဆီလာနေပြီဖြစ်သည်။ သူ သည်လိုခံစားသိမှုမျိုးကို လွန်ခဲ့ သောနှစ်ပေါင်းများစွာက လားရှိုးမှ နမ့်ပန်းသို့အပြန်ခရီးတွင် ခံစားကြုံကြိုက်ဖူးခဲ့တာကို သွားအမှတ်ရမိတော့၏။

စဝ်သည် ရန်ကုန်တွင် လွှတ်တော်တက်ရန်အတွက် သောကြာနေ့တိုင်းလာလေ့ရှိသော ယူဘီအေလေယာဉ်စီးရန်အတွက် လားရှိုးသို့ ထွက် ခဲ့လေသည်။ သူ့ဂျစ်ကားသည် ဒီစီ ၃ လေယာဉ်အနီး လေယာဉ်ပေါ်ခရီးသည်တက်သည့် လှေခါးတိုလေးနားအထိ မောင်းသွားလိုက်သည်။ အသက်ပင်မရှူနိုင်ပဲ လေယာဉ်ဆီအပြေးလာပြီး စာတစောင်ကိုလက်ရမ်းပြနေသော အထူးကော်မရှင်နာတယောက်က “ခွန်မိန်း၊ ဒီစာက ကော်မရှင်နာဆီက အရေးပေါ်ပို့လိုက်တဲ့ စာပါ”

စဝ်ကစာကို ချက်ခြင်းဖတ်လိုက်ပြီးနောက် စိုးရိမ်စိတ်ပေါ်လာမိသော်လည်း မယုံကြည်နိုင်ဖြစ်ရသည်။ စာက တရားဝင်တောင်းဆိုချက်ဖြစ် သည်။ အမျိုးသားလုံခြုံရေးအတွက် စဝ်ကို ရန်ကုန်သွားရမည့်ခရီးစဉ်ကို ပြောင်းပေးလိုက်ခြင်းဖြစ်သည်။ ကော်မရှင်နာကဒီကိစ္စကို လူခြင်း တွေ့ပြီးရှင်းပြပါမည်ဟု ကတိစကားဆိုသည်။ လေယာဉ်မှူးက စဝ်ကိုခဏစောင့်ပြီးမှ ထွက်ပါမည်ဟုသဘောတူသဖြင့် စဝ်သည် ချက်ခြင်းပင် အထူးကော်မရှင်နာ၏ ရုံးသို့သွားလိုက်သည်။ လေယာဉ်ကအလုပ်သမားတွေက ပိုသဘောကျကြလေသည်။ အဘယ့်ကြောင့်မူ သူတို့သည် လားရှိုးကြီးဈေးသို့ပြေးပြီး အမဲသားဝယ်ချင်သောကြောင့်ဖြစ်သည်။ ထိုအချိန်က အမဲသားကို ဘာသာရေးအရ မရောင်းချရဟု မြန်မာပြည် တွင် တားမြစ်ပိတ်ပင်ထားသောကြာင့်ဖြစ်လေသည်။

ကော်မရှင်နာ ဟွန်ထီးက တံခါးဝတွင်စောင့်နေလေသည်။

“အထဲကိုကြွပါ။ ခွန်မိန်း ကျွန်တော်တို့ စကားပြောကြတာပေါ့။ ကျွန်တော့် မိန်းမတယောက်က သုစန္ဒာကို အဖော်လုပ်ပါလိမ့်မယ်”
“သူမလည်း အတူနေမှာပါ။ ကျွန်တော်တို့နှစ်ယောက်လုံး ကြားချင်ပါတယ်။ ဘာလို့ ကျွန်တော့်ကိုဒီနေ့ ရန်ကုန်မသွားသင့်တာလဲ” စဝ်က သုစန္ဒာ၏လက်ကိုဆွဲပြီး ဟွန်ထီး၏ရုံးခန်းအတွင်းဝင်ချသွားလိုက်သည်။ ပြုံးပျော်ရွှင်သောလေသံဖြင့် ကော်မရှင်နာကပြောနေသဖြင့် အရေး ပေါ် အမျိုးသားလုံခြုံရေးအတွက် မဖြစ်နိုင်ကြောင်းတွေးမိသဖြင့် ပို၍ပင် အလွန်သံသယဖြစ်ရသည်။

“ဆို .. ဆက်ပါဦး” စဝ်က သည်းမခံနိုင်စွာဖြင့် မေးလိုက်သည်။

“လေယာဉ်မှူးက ကျွန်တော့်ကို စောင့်ပေးနေတယ်”
“ကျွန်တော် ခွန်မိန်းကို ဒီလေယာဉ်နဲ့ ရန်ကုန်ကိုပေးမသွားနိုင်ဖူး” ကော်မရှင်နာ ပြောလိုက်သည်။ ဒါက သူကလုပ်လေ့ရှိသော တောင်းဆိုမှု တခုလည်းဖြစ်လေသည်။

စဝ်က သူ့ကို မယုံကြည်စွာဖြင့် ကြည့်နေသည်။

“ဆိုတော့ ဘာကြောင့်လဲ”
“ဘာလို့လဲဆိုတော့ သောင်းကျန်းသူဗိုလ်တယောက် ဒီလေယာဉ်နဲ့စီးပြီး ရန်ကုန်ကိုသွားလိမ့်မယ်လို့ သတင်းရလို့ပါ။ သူနဲ့ လေယာဉ်တစီး ထဲသွားရမှာဆိုတော့ ခွန်မိန်းရဲ့လုံခြုံရေးအတွက်ပါ။ ဒါကြောင့် ခွန်မိန်းအနေနဲ့ နောက်အင်္ဂါနေ့လေယာဉ်နဲ့သွားစေချင်ပါတယ်”

“ဒီအတွက်နဲ့ စိုးရိမ်မနေပါနဲ့ အရေးမကြီးပါဖူး” စဝ်က ဒေါသတကြီးဖြင့်ပြန်ပြောလိုက်သည်။
“ကျွန်တော့်မှာ လက်နက်မပါ ပါဖူး။ ကျွန်တော်က ဘယ်သူ့ကိုမှ မခြိမ်းခြောက်ပါဖူး။ ကျွန်တော်ဒီလေယာဉ်နဲ့ သွားရမှဖြစ်မယ်။ တကယ်လို့ လက်နက်မပါတဲ့ကျွန်တော့်ကို သောင်းကျန်းသူက ကြောက်နေမယ်ဆိုရင်လည်း မတတ်နိုင်ပါဖူး။ ဒါကသူ့ ကိစ္စပဲလေ” စဝ်က သူ့ကိုစက်ဆုတ် စွာကြည့်ရင်းပြောလိုက်ပြီး သုစန္ဒာ၏လက်ကိုဆွဲပြီး အခန်းထဲမှထွက်ဖို့ပြင်သည်။

“ခွန်မိန်း ကျွန်တော့်ကိုလေးစားသင့်ပါတယ်။ ကျွန်တော်တို့က ခွန်မိန်းရဲ့လုံခြုံရေးအတွက်ပါ” ကော်မရှင်နာသည် တံခါးဝသို့ သုတ်ကနဲပြေး သွားပြီး စဝ်ကို ထွက်မသွားဖို့တားလေသည်။

စဝ်သည် တံခါးဝနားတွင်ရပ်လိုက်ပြီး ပြန်လှည့်လိုက်သည်။ ထို့နောက် ရုတ်တရက်တောင်းဆိုလိုက်သည်။

“ကျွန်တော်ဒီမှာ ခဏနေတာက တခုရှိတယ်၊ ကျွန်တော့်ကို ခင်ဗျား အခုပြောတာတွေကို စာနဲ့လက်ရေးနဲ့ ရေးပေးပါ”
“ဟုတ်ကဲ့။ ကျွန်တော် ခွန်မိန်းရှေ့မှာပဲ နှုတ်တိုက်ပြောရင်း ချရေးပါ့မယ်။ ခွန်မိန်းက မှန်မမှန်ကြည့်ပေးပါ” သူသည် သိသိသာသာပင် စိတ် သက်သာရာရစွာဖြင့် ပြန်ပြောသည်။

စဝ်က ကျေနပ်သွားပြီးနောက် လေယာဉ်ကို သူမပါပဲ ထွက်ဖို့ပြောခိုင်းလိုက်လေသည်။ သူက ကော်မရှင်နာ၏စာကိုလိုချင်သည်မှာ သူ့အား သောင်းကျန်းသူတွေက အနှောက်အယှက်ပေးကြောင်းကို မှတ်တမ်းတခုအဖြစ် တင်ပြလို့ရအောင်ဖြစ်လေသည်။

စဝ်နှင့် သုစန္ဒာတို့သည် ကားဖြင့် နမ့်ပန်းသို့ပြန်လာခဲ့ရာ ရှေ့က လုံခြုံရေးပုလိပ်ကားနောက်မှလိုက်သွားခဲ့လေသည်။ သစ်တောအုပ်အုပ် ထူသောနေရာ လမ်းမပေါ်တွင် ရိုင်ဖယ်သေနတ်သံများကို ရုတ်တရက် ကြားလိုက်ရသည်။ စဝ်က သုစန္ဒာကို ကားအောက်ကြမ်းခင်းပေါ်သို့ မှောက်ဝပ်ချခိုင်းလိုက်ပြီး ဒ ရိုင်ဘာကို အမြန်မောင်းဖို့အော်ပြောလိုက်သည်။ ကားဘီးနှင့်လမ်းမတို့ ပွတ်တိုက်သံများ ဆူညံစွာထွက်ပေါ်လာပြီး သေနတ်သံတွေကလည်း ပိုမိုများပြားစိတ်လိုက်လာသည်။ ကျည်ဆံများသည် ကားဘော်ဒီကို လာမှန်ကြလေသည်။ ရှေ့က ဂျစ်ကားကို စဝ် တို့ကားကမှီသွားပြီး စဝ်က နောက်ဘက်ပြန်လှည့်ကြည့်လိုက်သောအခါ နောက်မှလိုက်မလာကြကြောင်းတွေ့ရသည်။ သစ်တောအုပ်သည် သူတို့ကားကို လုံခြုံအောင်မမြင်နိုင်တော့အောင် ဖုံးကွယ်ပေးလိုက်သလိုဖြစ်သွားပြီး သူတို့လိုက်မပစ်နိုင်တော့ချေ။

စဝ်သည် နမ့်ပန်းသို့ပြန်လာစဉ်က အဖြစ်အပျက်အားလုံးကို အသေးစိတ် တခုမကျန်မှတ်မိနေသေးသည်။ အသံအားလုံးနှင့် မော်တော်ကား သံကိုပါ မှတ်မိနေတော့သည်။ အန္တရာယ်သည်သူ့ဆီတည့်တည့် မှုန်ဝါးဝါးပေါ်လာပြီဖြစ်ကြောင်း ပြောပြလို့မရသော တခုခုဖြစ်တော့မည် ဖြစ်ကြောင်းကို စဝ်ခံစားသိနေခဲ့လေသည်။ သို့သော် သူသည်ဒီကိစ္စကို ဘာမှမလုပ်ပဲနေလိုက်ခဲ့သည်။ နှစ်အနည်းငယ်ကြာသောအခါ သူ သည် စိုးရိမ်စရာ ဤအဖြစ်အပျက်ကို တဖြည်းဖြည်း မှေးမှိန်မေ့ပျောက်သွားခဲ့လေသည်။ လုံခြုံရေးအတွက် သိသိကြီးနဲ့ အမှားလုပ်မိပြန်ပြီဟူ သော ခံစားစိတ်တို့သည် သူ့ကို တဖန်ပြန်ဖြစ်လာစေပြန်လေသည်။

ဆုံးဖြတ်ချက်အချို့ အားလုံး ပြီးစီးသွားသောအခါကျမှသာ သူ့အတွက် အခွင့်အရေးကတဖန်ပြန်ရပေလိမ့်မည်။

ပထမဆုံးစတင် တည်ထောင်ခဲ့ကြသော နူးဆွတ်ဟန် (ရဲရင့်သော လူငယ်စစ်သည်များ) အဖွဲ့က ခွန်မြင့်နှင့် လျှို့ဝှက်စွာတွေ့ကြစဉ်က အကြောင်းကို စဝ် အမှတ်ရမိလေသည်။ သူတို့က သူတို့အတွက် ခေါင်းဆောင်လုပ်ပေးဖို့တောင်းပန်ခဲ့ကြသည်။ သို့သော် စဝ်ကသူတို့ကို အဝေးသို့ မောင်းထုတ်ခဲ့လေသည်။

စဝ်က သူတို့အားဖြေရှင်းရမည့် တခုတည်းသောနည်းလမ်းမှာ နစ်နာချက်များကို လွှတ်တော်တွင် တရားနည်းလမ်းကျကျတောင်းဆိုရမည် ဟု လက်ချာပေးခဲ့လေသည်။ သူအဲဒီအချိန်ကတည်းက တက်တက်စင်အောင်ကိုလွဲခဲ့တာပါလား။

သူရပ်လိုက်သည်။ နံရံတွင်ထောင်ထားသော ဖျာကြမ်း ပြန်မချမှီတွင် စဝ်သည် တကျွိကျွိမြည်သော ကြမ်းခင်း၏ထောင့်လေးထောင့်ကို နေရာတကျပြန်ထားသည်။ သူသည် တွန့်ကြေနေသောဘောင်းဘီနှင့် သူ့ဝတ်စုံကိုပြန်ကြည့်လိုက်မိသည်။ သူရေမချိုးရ။အဝတ်မလဲရတာ နှစ်ရက်ရှိနေပြီ။ သူ၏ ၄၈ နာရီကြာအောင်မက်ခဲ့ရသော အိပ်မက်ဆိုးများကို ရေပန်း ရေနွေးပူပူဖြင့် အားရပါးရ ဘယ်လိုများချိုးပြီး ဆေးကြော ပစ်လိုက်ရပါ့မလဲ။အစောင့်က ပုံမှန်ယူလာပေးသော ရေနွေးကြမ်းသာလျှင် သူ့အတွက် ရေရလေသည်။

“ငါ့ဘဝမှာ နောက်ထပ်အခွင့်အရေး ရကိုရမှာပါ” စဝ်သည် ဒီစကားကို ထပ်ခါထပ်ခါပြောနေလေသည်။

ထိုည၌ စဝ်သည်နောက်ဆုံးတွင် မြက်ဖျာပေါ် တမှေးအိပ်ပျော်သွားပြီးနောက် လှပပျော်စရာကောင်းသော အိပ်မက်မက်လေသည်။ သူ သည် လှေလေးဖြင့် စန္ဒကူးမြစ်ကို ဖြတ်ကူးနေသည်။ သူ့ရှေ့လှေပေါ်တွင် သူ့သမီးနှစ်ယောက်ထိုင်နေကြသည်။ သူတို့၏ နက်မှောင်သော ဆံစလေးများသည် နေရောင်မှာ လက်လက်ထနေလေသည်။ သူတို့၏နေလောင်ထားသော လက်ကလေးတွေက လှေကို တင်းတင်းဆုပ် ကိုင်ထားကြလေသည်။

“ကျွန်တော်တို့ကို မြစ်ဖြတ်ပြီး လိမ္မော်ခြံတွေဆီပို့ပေးစမ်းပါ” စဝ်က လှေခတ်သမားကိုပြောလိုက်သည်။ သူကလှေပေါ်မှာ ရပ်ပြီး အရိုအသေ ပေးသည်။ လှေကို ခတ်တက်တခုတည်းဖြင့် လှော်နေသည်။ ရေကစိမ်းမြ အေးကြည်နေတော့သည်။ လှိုင်းလေမရှိ ပကတိတည်ငြိမ်နေသည်။ လှေကို ကြိုးစားခတ်နေရသောကြောင့်ရေပြင်တွင် လှိုင်းကယက်လေးတွေထကျန်ရစ်သည်။မြစ်အလယ်တဝက်လောက်ဖြတ်အပြီးတွင် က လေးတွေက ကလေးထိန်းကျောင်းကသင်ပေးထားသော သီချင်းများကို သူတို့၏ ကြည်လင်ချိုမြသော ကလေးသံလေးတွေဖြင့် အော်ဆိုနေ ကြတော့သည်။

မှိတ်တုတ်မှိတ်တုတ် ကြယ်ကလေး …
ဘာဘာ သိုးမဲလေး မင်းမှာ သိုးမွှေး ဘယ်လောက်ရှိ ..
ကိုးကဘာရတယောက် ကော်ပင်အမြင့်ကြီးပေါ်မှာတက်ထိုင်နေ …

စဝ်ကလည်း သူ့သမီးတွေနှင့်အတူလိုက်ဆိုရာ သူတို့၏လွတ်လွတ်လပ်လပ်သီချင်းသံများသည် မြစ်တဘက်ကမ်းဆီမှ ပဲ့တင်ထပ်၍ ပြန်လာ သည်။ ထို့နောက် သာယာသောတယောသံ ပြွေသံများ မြစ်ပြင်အောက်ဆီကထွက်ပေါ်လာသည်။ သူတို့၏သံစဉ်များကို မိုးကောင်းကင်ထိ ရောက်အောင် မြှင့်တင်အော်ဆိုလိုက်ကြလေသည်။ သူတို့နှင့်အတူ သံစဉ်သံလှိုင်းအသစ်များထပ်မံထွက်ပေါ်လာပြန်သည်။ အခြားတူရိယာ အမျိုးစုံတို့၏အသံများသည် ကောင်းကင်အပြည့်ထွက်ပေါ်လာရာ အော်ခက်တာရာ သံစုံတီးဝိုင်းကြီး တီးနေသလို အသံတွေ မြိုင်မြိုင်ဆိုင်ဆိုင်ဖြစ်နေတော့သည်။ သူတို့ သုံးယောက်သီဆိုနေကြသော သီချင်းများကို ထောက်ပံပေးနေသလိုဖြစ်နေလေသည်။္လီလိုပျော်ရွှင်စွာ သီဆို နေသောခရီးကို စဝ်က မရပ်မပြီးဆုံးစေချင်ပေ။ သူ့ဆန္ဒကိုဖြည့်ဖို့ မြစ်ကြီးကလိုက်ချဲ့ပေးလိုပုံရှိလေသည်။ လှေလေးက မြစ်ကြီး၏ တဘက်ကမ်းဆီသို့ ကူးနေဆဲရှိသည်။ ဟိုးတဘက်ကမ်းသည် တဖြည်းဖြည်း ပို၍ ပို၍ဝေး၍ သေး၍သွားသည် ဟုထင်ရလေသည်။

“ပါပါ” အသံတသံက သီချင်းသံကို ထိုးဖောက်ထွက်လာသည်။ သီချင်းသံကတိတ်သွားသည်။ “ပါပါ သမီး အိမ်ပြန်ချင်ပြီ” မာလာသည် သူ့ဘက်လှည့်ပြီး ကြောက်ရွံ့နေသောမျက်နှာလေးဖြင့်ပြောနေလေသည်။ “မြစ်ကြီးက တေးသံတွေထွက်လာတော့ သမီးကြောက်တယ်”

သူ့သမီး၏ကြောက်ရွံ့တုန်လှုပ်နေသောမျက်နှာလေးကြောင့် စဝ်အိပ်ပျော်နေရာမှ လန့်နိုးလာခဲ့သည်။ သူ့အိပ်မက်လည်း ဆုံးလေသည်။သူမျက်လုံးကိုဖွင့်ကြည့်လိုက်သည်။ ဘာကိုမှမမြင်ရ။ သူပျော်ရွှင်စွာမက်ခဲ့သောအိပ်မက်ကို ဆက်တွယ်ကပ်ထားဖို့မျက်လုံးကို ပြန်မှိတ်လိုက် သည်။

သူသည် သူ့သမီးနှစ်ယောက်ကို ချစ်သည်ဆိုသော စကားထက်ပိုချစ်လေသည်။ သူတို့နှစ်ယောက် အခု သူနှင့်အတူ ရှိနေသလိုမျိုး ခံစား နေရသည်။ ဒါလေးက ခဏလေးပင်ဖြစ်သော်လည်း သူ့အတွက် အလွန်ငြိမ်းချမ်းလှလေ၏။ သူအိမ်ပြန်ရောက်သောအခါ သူတို့ကသူ့ဆီကို ပြေးလာလိုက်ကြသည်။ သူက လက်နှစ်ဘက်ကို ဆန့်တန်းပေးလိုက်သည်။ သူတို့ကသူ့လက်မောင်းပေါ် တွဲလဲခိုစီးလိုက်ကြသည်ဟု သူ စိတ်ကူးထဲတွေးကြည့်လိုက်သည်။

သုံးနှစ်အရွယ်ရှိပြီဖြစ်သော သမီးငယ် သိင်္ဂီသည် သူအပြင်ကို မကြာခဏထွက်သွားလျှင်သူ့ကို ပြစ်တင်ကြိမ်းမောင်းတတ်လေသည်။ ဘယ် လောက်များ သိသာလိုက်သလဲဆိုရင် သူမသည် သူ့အဖေကို သူပိုင်ဆိုင်သောအိမ်မှာပဲနေစေချင်တာဖြစ်လေသည်။ သူမသည် မနက်စော စောတွင် အိမ်ရှေ့တံခါးဝ၌သူ့ကိုရပ်စောင့်နေလေ့ရှိတာကို သူသွားသတိရပြီး ပြုံးလိုက်မိလေသည်။ ဘယ်လိုလဲဆိုတော့ သူကသူ့သမီး လက်ကိုဆွဲပြီး သားအဖနှစ်ယောက်သား ဘုန်းကြီးကျောင်းကိုလမ်းလျှောက်သွားကြပြီး တရားထိုင်ကြလေသည်။ ပြီးတော့ သူတို့နှစ်ယောက် သား အခမ်းအနားပွဲလမ်းမှပြန်လာကြသည့်အခါ အများအားဖြင့် သုစန္ဒာနှင့်မာလာတို့ အိပ်ရာမှ နိုးနေတာတွေ့ရလျှင် အလွန်ဝမ်းသာပျော် ရွှင်ကြသည်။ မာလာက အခု ခြောက်နှစ်အရွယ်ရှိနေပြီ။ ထို့ကြောင့် သူတို့အားလုံး မနက်စာကို တဝိုင်းတည်းစားကြသည်။

စဝ်သည် ကြီးမားသော စိတ်ချမ်းသာမှုကိုခံစားလိုက်ရလေသည်။ သူ့သမီးတွေသည် ပျော်ရွှင်ချမ်းမြေ့လုံခြုံသောကလေးဘဝကို ရခဲ့ကြ သည်။ သူ့တုန်းက တခါမှမရခဲ့ဖူးချေ။သုစန္ဒာသည် သူတို့အတွက် အလွန်အံ့သြစရာကောင်းသော အမေဖြစ်သည်။ စဝ်သည် သူတို့ကို ပြုစုပျိုးထောင်ပေးသော အဖေဖြစ်ဖို့ အမြဲကြိုးစားခဲ့သည်။ သူ့တုန်းကဒီလို ပြုစုပျိုးထောင်ပေးမည့် အဖေမရှိခဲ့ချေ။ သူနှစ်နှစ်သားအရွယ်က သူ့အမေသည် ကာလဝမ်းရောဂါဖြင့်ဆုံးသွားခဲ့သည့်အတွက် သူ့အမေကို သူကောင်းကောင်းမမှတ်မိတော့ချေ။ သူ့တွင် ကြင်နာယုယ တတ်သော မှတ်မိသော မွေးစားအမေရှိခဲ့သော်လည်း သူမသည် သူ ၁၂ သားအရွယ်တွင် နမိုးနီးယားရောဂါဖြင့် ဆုံးပါးသွားခဲ့ရပြန်လေသည်။ ပြီးနောက်သူ့တွင် အိမ်ဟုခေါ်နိုင်သောနေရာမရှိတော့ချေ။ သူ့အဖေကတော့ မိန်းမကို ဖဲချပ်ပစ်သလို တယောက်ပစ်လိုက် နောက် တယောက်ကောက်ယူလိုက်လုပ်နေလေသည်။ စွန့်ပစ်ခံကြရသော သူ့ကလေးတွေကို ဝမ်းကွဲညီအမများ ကြင်နာတတ်သော အဒေါ်တွေက ပြုစုမွေးကြရသည်။

ယခုသူသည် သူ့ကလေးတွေနှင့်အတူ တလျှောက်လုံး အတူနေထိုင်ခဲ့သည်ကိုတွေ့ရသည်မှာ အံ့သြစရာတော့မဟုတ်ချေ။ သူသည် မာလာ နှစ်နှစ်အရွယ်က လျှပ်စစ်မီးရထားလေးနှင့် အတွဲလိုက်ရထားလမ်းပါ ဝယ်ပေးခဲ့ဖူးတာကိုတွေးမိပြီး တခစ်ခစ်ရယ်မိလေသည်။ ဒီ ကစားစရာ ရထားလေးသည် လမ်းလျှောက်တတ်စကလေးအပေါ် လုံးလုံးလျားလျား သူ၏အချစ်ကိုပြတာမျိုးမဟုတ်ဖူးဟု သူသည် သူ့ကိုယ်သူ ဘယ် တော့မှ ယုံမှားသံသယမရှိချေ။ ရထားလေးသည် ခုတ်မောင်းသွားသောအခါ သူမသည် ရထားသွားရာ ရထားလမ်းတလျှောက် သူမမျက်လုံး ကလိုက်ကြည့်နေပြီး သူမ၏ နက်ညိုညိုမျက်ဝန်းအစုံသည် လင်းလက်တောက်ပနေသည်။ ပျော်ရွှင်သဘောကျပြီးသူမ၏ ရယ်သံလွင်လွင် သည် ခန်းမတခုလုံးလျံနေ၏။ ကလေးတွေ၊ ချစ်ဇနီး၊ လျှပ်စစ်မီးရထားလေး၊ အိပ်ရာ၊ အုပ်ကြွပ်ရေချိုးခန်း ၊ ဝရံတာ …. အိမ်၏အားလုံးသော သင်္ကေတများသည် သူ့နှလုံးကို ဆွဲဆောင့်နေလေသည်။

သူသည် အိမ်လွမ်းရောဂါရနေပြီး မျှော်လင့်ချက်မဲ့နေသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa English Site
No tags for this post.

Related posts

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ဖြစ်ရပ်များ၊ အမှတ်တရများ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

http://moemaka.com/archives/57845

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

ဒေါက်တာခင်မောင်ဝင်း(သချာင်္)၏ Fuzzy Logic & Set Theory ဆောင်းပါးများ ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္)၏ Fuzzy Logic & Set Theory ဆောင်းပါးများ ထွက်ပြီ မိုးမခစာအုပ်စင်၊...

Read more »

ဂျူနီယာဝင်း ဘာသာပြန်တဲ့ ၂၁ရာစု ဂျာနယ်လစ်ဇင် ထွက်ပြီ

By

ဂျူနီယာဝင်း ဘာသာပြန်တဲ့ ၂၁ရာစု ဂျာနယ်လစ်ဇင် ထွက်ပြီ (မိုးမခစာအုပ်စင်) ဇန်န၀ါရီ ၃၁၊ ၂၀၁၉...

Read more »

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ်

By

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ် (မိုးမခစာအုပ်စင်) ဒီဇင်ဘာ ၂၆၊ ၂၀၁၈...

Read more »

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ

By

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ မိုးမခစာအုပ်စင်၊ ဒီဇင်ဘာ ၈၊...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

Tags

(all tags)