အိုဘားမား လက်ဖက်ရည်ဆိုင်ဖွင့်ခြင်း

February 22, 2012
ဥက္ကာကိုကို
ဖေဖော်ဝါရီ ၂၂၊ ၂၀၁၂
(၁) အိုဘားမားသည် ၎င်းနေထိုင်သမှုပြုရာ ထုံးဖြူသုတ်ထားသည့် အိမ်ဟောင်းကြီးရှေ့တွင် “အိုတီး-(O-Tea)” အမည်ရှိ လက်ဖက်ရည် ဆိုင်တစ်ခုကို ဖွင့်လှစ်လိုက်သည်။ အဆိုပါ အိုတီးလက်ဖက်ရည်ဆိုင်အား သူ၏မိတ်ဆွေအပေါင်းအသင်းများ၏ ၀ိုင်းဝန်းတိုက်တွန်း လှုံ့ဆော်မှု ကြောင့် ဖွင့်လှစ်ဖြစ်ခဲ့ခြင်းပင်ဖြစ်သည်။

(၂) ထိုအချိန်က မြန်မာဟူသည့် လူညိုများနေထိုင်ရာ အရှေ့ပိုင်းရွာငယ်လေးတစ်ခုတွင် “လက်ဖက်ရည်ဆိုင်ယဉ်ကျေးမှု” ဆိုသော ယဉ်ကျေး မှုတစ်ရပ် အတော်အတန်ကြီးမားထွန်းကားလျှက်ရှိလေသည်။ ယင်းရွာငယ်လေးရှိ ရွာသူရွာသားအတော်များများမှာ နာရီ၊ စက္ကန့်၊ မိနစ်များစွာကို လက်ဖက်ရည်ဆိုင်များထဲတွင် တမ်းတမ်းစွဲစွဲ ပြွတ်ပြွတ်သိပ်သိပ် အချိန်ပေးထိုင်တတ်ကြကြောင်း သတင်းများကြား ရစဉ်က အိုဘားမားကြီးတစ်ယောက် အံ့အားကြီးစွာဖြစ်ရလေ၏။

“အချိန်သည်ငွေ”ဟူ၍ သူတို့အနောက်ပိုင်းရွာသားများ အားသွန်ခွန်စိုက် ကြိုးစားလှုပ်ရှား၍ ငွေရရှိအောင် အချိန်ကိုပေးဆပ်နေကြရသည့် ကာလတွင် မြန်မာလူညိုများမှာကား ငွေများပစ်ပေး၍ပင် အချိန်ကို ၀ယ်ယူစည်းစိမ်ယစ်နေကြပါတကားဟု အထင်ကြီးလေးစားစိတ်လည်း အံ့ဘနန်းဖြစ်ပေါ်ရချေသည်။

မြန်မာရွာသို့ အလည်အပတ် အပျင်းပြေအပျော်ခရီးထွက်ဖူးကြသော သူ၏မိတ်ဆွေကြီးများကလည်း မြန်မာ့လက်ဖက်ရည်ဆိုင်ယဉ်ကျေးမှုအကြောင်းကို မစားရ၀ခမန်း ပြန်လည်ဖောက်သည်ချလေ့ရှိကြသဖြင့် လက်ဖက်ရည်ဆိုင်ဟူသည့်အရာအား အိုဘားမားကြီး စတင်စိတ်ဝင်စားခဲ့ရလေတော့သည်။

“ဒီလိုဗျာ… အဲဒီက လက်ဖက်ရည်ဆိုင်တွေဆိုတာ… ကျုပ်တို့ဆီမှာရှိတဲ့ ကဖေးဆိုင်တွေလိုပါပဲ။ ဒါပေမယ့် ဒီမှာလို သောက်စရာရှိတာတစ်ခွက်သောက်၊ ပြောစရာရှိတာထိုင်ပြောပြီး ပြန်သွားကြတာမျိုးမဟုတ်ပေဘူး အိုကြီးရဲ့။ သူတို့လက်ဖက်ရည်ဆိုင်တွေက လက်ဖက်ရည်တစ်ခွက်သောက်၊ အဲ… သုံးခွက်လည်းထိုင်သောက်ချင်သောက်၊ ပြီးရင် ရေနွေးတစ်အိုးပြီးတစ်အိုးသောက်ပြီး တစ်နေကုန်တစ်နေခမ်း စပ်မိစပ်ရာ ကွိစိကွစတွေကိုချည်း အချိန်ပေးထိုင်ပြောကြရတာကိုးဗျ။ ဆိုင်ရှင်တွေကလည်း ကြိုက်သလောက်ထိုင် ဘာမှမပြောတဲ့အပြင် သီချင်းလေး၊ ဗီဒီယိုလေး၊ ဘောပွဲလေးတွေပါ ပြပေးထားသေးတာဗျို့… ကျုပ်တော့အဲဒီမြင်ကွင်းတွေကြည့်ပြီး လူဖြစ်ရကျိုးနပ်လှချည်ကြရဲ့တကားလို့တောင် စိတ်ထဲကတွေးမိသေးတယ်” ဟု ရွာပေါင်းစုံမှပြဿနာများကို ဒိုင်ခံရှင်းလင်းပေးနေရသည့် တောင်ကိုရီးယားရွာသားကြီး ကုလဘန်ကီမွန်းကြီးက သူမြန်မာရွာကိုအလည်ရောက်ခဲ့စဉ်က မြင်ကွင်းကို ပြောပြခဲ့ဖူးရာ အိုဘားမားကြီး ပါးစပ်ဟောင်းလောင်းကလေးဖြင့် နားထောင်ခဲ့ရဖူးလေသည်။ ထိုသို့ဖြင့် ယူအက်စ်အေ ရွာလူကြီး အိုဘားမားတစ်ယောက် လက်ဖက်ရည်ဆိုင်နှင့်ပတ်သက်သော အချက်အလက်များကို ဟိုမေးဒီမြန်းဖြင့် လေ့လာရလေသည်။

(၃) သူ့ရွာကိုရောက်နေကြသော မြန်မာရွာသားများ၏ ရှင်းပြချက်တို့အပြင် မြန်မာရွာဆီသို့ အပျော်ခရီးထွက်ဖူးကုန်ကြသော ကုလအဖွဲ့မှရောင်းရင်းများ၊ သူ့တပည့်ကျော်များ၏ စီကာပတ်ကုံးပြောပြချက်များကို နားထောင်ရင်း လက်ဖက်ရည်ဆိုင်တစ်ဆိုင်ဖွင့်လိုစိတ်များ တဖွားဖွားပေါ်လာရတော့သည်။ သူ့မဟေသီ မီလ်ရှဲအိုဘားမားကလည်း လက်ဖက်ရည်ဆိုင်ဖွင့်ပါက ကုန်ကျမည့်စရိတ်နှင့် ပြန်ရမည့်အမြတ်ငွေတို့ကို မည်သို့မည်ပုံတွက်ချက်လိုက်သည်မသိ။

စာရင်းပေါင်းသော် အိုဘားမား၏ ရွာလူကြီးဝင်ငွေ၊ အတ္ထုပတ္တိစာအုပ်များရောင်းရငွေ၊ အောက်ဆိုက်ရငွေတို့ထက်ပင် ဖွတ်ကလိကဒင်္ဂါးပေါင်း ဘီလီယံသန်းနှင့်ချီထွက်ပေါ်လာ၍ ၀မ်းသာအားရပင် လက်ဖက်ရည်ဆိုင်ဖွင့်လှစ်ရေး မဟာစီမံကိန်းကြီးကို အမြန်ဆုံးအကောင်အထည်ဖော်ပါရန် အိုဘားမားကြီးအား နှစ်ကိုယ်ကြားတစ်ချက်လွှတ်အမိန့်ထုတ်လိုက်လေတော့သည်။

ထို့အပြင် မကြာသေးမီကလေးကပင် မြန်မာရွာသို့ အလည်အပတ်သွားရောက်ခဲ့သော သူ့ပြိုင်ဖက်ရဲဘော်ကြီး ဘုရားဒကာဂျွန်မက်ကိန်းက-

“မင်း ဒီရွာကို ရွာလူကြီးအဖြစ်တာဝန်ယူနေပြီးတော့ လက်ဖက်ရည်ဆိုင်လေးတစ်ဆိုင်တောင် ဖြစ်မြောက်အောင်မဖွင့်နိုင်ဘူးဆိုတော့ နောက်လာမယ့်ရွေးကောက်ပွဲမှာ ခွေးဖြစ်မယ့်ကိန်းမြင်နေသကွယ့်” ဟုအဓိပ္ပာယ်ရသည့် စကားလုံးကြီးများဖြင့် အိမ်ရှေ့မှလှမ်းအော်သွားသေးတာမို့ အိုဘားမားတစ်ယောက် လက်ဖက်ရည်ဆိုင်ဖွင့်လှစ်ရေးစီမံကိန်းကို စိတ်ဒုံးဒုံးချ ဆုံးဖြတ်အကောင်အထည်ဖော်ပါတော့၏။

တဆက်တည်းမှာပင် မြန်မာ့လက်ဖက်ရည်ဆိုင်ယဉ်ကျေးမှုအကြောင်းကို ရပ်ကျော်ရွာကျော်သတင်းမီဒီယာကြီးများက စာဖြင့်တဖုံ၊ ရုပ်သံဖြင့်တစ်မျိုး နေ့စဉ်ရက်ဆက်ဖော်ပြလာကြတာကြောင့် သူ့ရွာကြီးရှိ ရွာသူရွာသားများမှာ လက်ဖက်ရည်ဆိုင်ပိုးဝင်ကာ လှုပ်လှုပ်ရွရွဖြစ်လာကြလေသည်။ သတင်းများတွင်လည်း မြန်မာ့လက်ဖက်ရည်ဆိုင်အကြောင်း၊ သတင်းများ၊ ဆောင်းပါးများကို ဓာတ်ပုံများဝေေ၀ဆာဆာဖြင့် မြန်မာရွာသို့ ကိုယ်တိုင်ကိုယ်ကျသွားရောက်ရိုက်ကူးတင်ဆက်ဖော်ပြလာကြသည်။ ရွာသူရွာသားတချို့ကလည်း ရွံ့ပုပ်ရောင်လက်ဖက်ရည်ခွက်ပုံများကိုရေးဆွဲထားသော ဆိုင်းဘုတ်များ၊ ဗီနိုင်းများကို ကိုင်ဆောင်ကာ သူနေထိုင်ရာ ထုံးဖြူသုတ်အိမ်ဟောင်းကြီးတစ်ဝိုက် စီတန်းလှည့်လည်ရင်း “We Can Change”၊ “We Can Change” ၊ “We Can Change”၊ ဟူ၍ အားတိုင်းယားတိုင်း လာလာအော်ဟစ်နေကြလေသည် “လက်ဖက်ရည်ဆိုင်ဖွင့်မယ်ဆိုရင်၊ စားပွဲနဲ့ ခုံပုလေးတွေလိုပါမယ်။ လက်ဖက်ရည်ခွက်သေးသေးလေးတွေလိုပါမယ်။ ရေနွေးကြမ်းအိုးနဲ့ ရေနွေးပန်းကန်လုံးတွေလိုပါမယ်။ နို့ဆီနို့စိမ်း၊ လက်ဖက်ခြောက်စသဖြင့်လိုအပ်ပါမယ်။ လူအနေနဲ့ အဖျော်ဆရာ၊ အကြော်ဆရာနဲ့ စားပွဲထိုးကလေးတွေလိုအပ်ပါမယ်။ ဆေးလိပ်ကိုလည်း တစ်လိပ်ချင်းရောင်းချပေးနိုင်ရပါမယ်။ သီချင်းဖွင့်ရပါမယ်။ ဘောပွဲပြရပါမယ်။ ရှယ်ဆိုရင်ဇွန်းတပ်ပေးပြီး ရိုးရိုးဆိုရင် ဇွန်းမထည့်ရပါဘူး။ ပလိန်းလို့ပြောရင် ကော်ဖီမစ်ထုပ်ကိုရေနွေးနဲ့ချပေးရပါမယ်……………… ” စသည့် အစီရင်ခံစာအပြည့်အစုံတစ်ခုအား မြန်မာရွာတွင်နေထိုင်သည့် သံတိုသံစရောင်းသူတပည့်ကျော်တစ်ဦးက လှမ်းပို့ပေးလိုက်သောအခါ လိုအပ်သောပစ္စည်းပစ္စယများကို ချက်ချင်းစုဆောင်းလိုက်ခြင်းအားဖြင့် လက်ဖက်ရည်ဆိုင်တစ်ဆိုင်ဖွင့်ရန် အဆင်သင့်ဖြစ်သွားပြီဖြစ်သည်။

သူ၏ ကျေးရွာအုပ်ချုပ်ရေးရုံးမှ လက်အောက်လူကြီးများကလည်း ဤကဲ့သို့ လက်ဖက်ရည်ဆိုင်တစ်ဆိုင်ဖွင့်လှစ်လိုက်ခြင်းအားဖြင့် လူပေါင်းများစွာသည် လက်ဖက်ရည်သောက်ရင်း အချိန်ကုန်ခံကြတော့မည်ဖြစ်ရာ ကျွန်ုပ်တို့ရွာကြီးတွင်ဖြစ်ပေါ်လျှက်ရှိသည့် အလုပ်လက်မဲ့ပြဿနာကြီးအားအလိုလိုဖြေရှင်းနိုင်တော့မည်ဖြစ်ပါကြောင်း၊ ပင်စင်စားအဘိုးကြီးအဘွားကြီးများကလည်း လုပ်စရာမရှိတိုင်းလက်ဖက်ရည်ဆိုင်လာထိုင်နေတော့မည်ဖြစ်သဖြင့် ပင်စင်လစာပြဿနာများကိုလည်း အလိုလိုမေ့လျော့သွားကြလိမ့်မည်ဖြစ်ပါ ကြောင်းဖြင့် အဖက်ဖက်မှဝိုင်းဝန်း၍ အချွန်ဖြင့်မ ကြလေကုန်၏။

ထိုသို့ဖြင့်…… ထိုသို့ဖြင့်

“အိုတီး” ဟု အမည်သမုတ်သည့်လက်ဖက်ရည်ဆိုင်ကြီးတစ်ဆိုင်မှာ ယူအက်စ်အေဆိုသည့်ရွာကြီးရှိ ထုံးဖြူသုတ်ထားသောအိမ်ဟောင်းကြီးရှေ့တွင် အောင်မြင်စွာပေါ်ထွက်လာခဲ့လေတော့သည်။

(၄) အဆိုပါ အိုတီးလက်ဖက်ရည်ဆိုင်ဖွင့်ပွဲသို့ ကျေးရွာအသီးသီးမှ ရပ်ရွာခေါင်းဆောင်ကြီးများ တက်ရောက်ချီးမြှင့်ကြပြီး ပုပ်ရဟန်းမင်းကြီးကိုယ်တိုင် ဖဲကြိုးဖြတ် စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးခဲ့သောကြောင့် မီဒီယာများတွင် အအောင်မြင်ဆုံး ဆိုင်သစ်ဖွင့်ပွဲတစ်ခုအဖြစ် ဝေေ၀ဆာဆာဖော်ပြပါရှိလာလေ၏။ ဆိုင်ဖွင့်ပွဲအထိမ်းအမှတ်အဖြစ် တည်ခင်းဧည့်ခံသော ပထမဆုံးလက်ဖက်ရည်တစ်ခွက်ကို တစ်ငုံသောက်ကြည့်သော အင်္ဂလန်ကျေးရွာလူကြီး အမျိုးသမီးကြီး ၀ိတိုရိယအဲလိဇဘက် ပင်လျှင် အရသာထူးကဲသောလက်ဖက်ရည်ချိုဆိမ့်ကြောင့် အင်တန်နှစ်ခြိုက်စွာဖြင့် “အိုး… ဂွတ်… အိုး..အိုး..ဂွတ်” ဟူ၍ စိတ်လွတ်ကိုယ်လွတ်မြည်ကြွေးမိလေ၏။ ယူအက်စ်အေရွာသားအပေါင်းတို့မှာကားမူ ၀မ်းမြောက်ဝမ်းသာအားပေးလိုက်ကြသည်မှာ ဆိုဖွယ်ရာပင်မရှိပြီ။

ဆိုင်ဖွင့်သည့်နေ့မှာပင် လက်ဖက်ရည်ခွက်ပေါင်း တစ်သန်းကျော်ရောင်းချလိုက်ရလေရာ ကောင်တာနောက်မှာထိုင်၍ ပိုက်ဆံသိမ်းနေသော မီရှဲလ်အိုဘားမား တစ်ယောက် ပြုံးပန်းပီတိဂွမ်းဆီထိကာ “အဟိ..အဟိ..ခွိခွိခွိ” ဖြင့် အူမြူးနေပေတော့သည်။

ဆိုင်ဖွင့်ပွဲအခမ်းအနားအား ရုပ်သံအသီးသီးမှ Live ထုတ်လွှင့်ပြသရာ စောင့်ကြည့်သူပေါင်း သန်းတစ်ထောင်တိတိရှိလေကြောင်း Time အမည်ရှိလက်ကမ်းစာစောင်တစ်ခုတွင် ဖော်ပြပါရှိလာ၏။ အိုဘားမားပါးစပ်လည်း နားရွက်တက်ချိတ်နေပါတော့၏။

အိုတီးလက်ဖက်ရည်ဆိုင်တွင် အိုစပါယ်ရှယ် အစားအသောက်များမှာ လွန်စွာမှ လူကြိုက်များလှသည်။ ထိုအရာများကား အိုတီးရှယ်လက်ဖက်ရည်၊ အိုကြာကွေး၊ မီရှဲလ်ပလာတာ၊ အိုရှဲစမူဆာတို့ပင်ဖြစ်ကြသည်။ လက်ဖက်ရည်စားပွဲများကို ဆိုင်အတွင်းမှာသာမက ဆိုင်အပြင်ဖက် ထင်းရှူးပင်များအောက်တွင်လည်း ခင်းကျင်းထားရှိသည်။

အိုဘားမားမှာလည်း အိုတီးလက်ဖက်ရည်ဆိုင်ကို အနောက်ပိုင်းတခွင် စတင်ဖွင့်လှစ်သူအနေနှင့် ဟုန်းဟုန်းတောက်နာမည်ကျော်ကာ ဂရင်းနစ်စံချိန်တင်သွားလေသည်။ ရွာအသီးသီးရှိ ကျောင်းသင်ခန်းစာများတွင်လည်း “ယူအက်စ်အေရွာကြီးမှာ ပထမဆုံး လက်ဖက်ရည်ဆိုင် ဖွင့်လှစ်သူအမည်နှင့် ဆိုင်အမည်ကိုဖော်ပြပါ” စသဖြင့် ထည့်သွင်းသင်ကြားကြရသည့်အဆင့်ထိ ရောက်ရှိခဲ့လေသည်။

ယူအက်စ်အေရွာကြီးသို့ အလည်အပတ်လာရောက်ကြကုန်သော လူများမှာလည်း အိုတီးလက်ဖက်ရည်ဆိုင်နောက်ခံနှင့် ဓာတ်ပုံရိုက်ပါမှ လူရာဝင်ရသလိုလိုဖြစ်ကုန်ကြသည်။

(၅) အိုဘားမားနှင့် ဇနီးသည်မီရှဲလ်တို့ ကောင်တာဘေးတွင် တိုးတိုးတွတ်တွတ် စကားများနေကြသည်။ မီရှဲလ်က –

“ရှင်က ဒီရွာကလူကြီးပဲ… သူတို့ကို လက်မခံလို့ရတာပဲ”

အိုဘားမားက စိတ်ကျဉ်းကျပ်နေသည့်မျက်နှာမည်းလေးဖြင့်-

“မဖြစ်ပေဘူးကွ… သူတို့တွေက ငါ့ရဲ့မိတ်ဆွေတွေ။ ပြီးတော့ ဒီလူတွေက သူတို့ရွာမှာ ရွာလူကြီးတွေပဲ။ လောလောဆယ်တော့ ဒို့ဆိုင်လေးကိုမထိခိုက်သရွေ့နည်းနည်းတော့ စောင့်ကြည့်ပါဦးကွာ”

“သတိတော့ထားနော် ကိုကိုဘား… ကျွန်မကတော့ အဲဒီလူတွေကို သိပ်မသင်္ကာဘူး။ အာမက်ဒီနီဂျက်ဆိုတဲ့လူကို ပိုကြည့်မရဘူး”

အကြောင်းမူကား အိုတီးလက်ဖက်ရည်ဆိုင်ဖွင့်ပြီး နှစ်ပတ်အကြာတွင် ဆိုင်၏မလှမ်းမကမ်း၌ အီရန်ကျေးရွာမှ ရွာလူကြီး အာမက်ဒီနီဂျက်ဆိုသည့်ပါးသိုင်းမွေးနှင့်လူက “ကွမ်းမှာဘုရင်၊ အာမက်သခင်”ဟူသည့် ကွမ်းယာဆိုင်လာဖွင့်သောကြောင်းဖြစ်သည်။ သူနှင့် မရှေးမနှောင်းမှာပင် တရုတ်ရွာမှ ဟူကျင်တောင်ဆိုသည့်အဘိုးကြီးကလည်း “အသားကိုယူ၊ အဆီကိုစား၊ ပေါက်ဖော်အာရှကျား” အမည်ဖြင့် ၀က်သားတုတ်ထိုးဆိုင်လာဖွင့်လေသည်။ အိုဘားမားလည်း ကိုယ့်လိုလက်ဖက်ရည်ဆိုင်လာဖွင့်တာမှမဟုတ်ဘဲလေ ဆိုပြီး ဒီတိုင်းကြည့်နေလိုက်၏။ ဟူကျင်တောင်၏ ၀က်သားတုတ်ထိုးဆိုင်ကြောင့် အိုဘားမား၏ ဖောက်သည်ကောင်မလေးတချို့လျော့နည်းသွားတာ သိပ်ကိစ္စမရှိပေမယ့် အာမက်ဒီနီဂျက်၏ ကွမ်းယာဆိုင်ကြောင့် သူ့ရွာရှိရွာသားတော်တော်များများ ကွမ်းစားတတ်ကုန်သည်။ လူကြီးလူငယ်များ၏ ပါးစပ်တွင် ကွမ်းသွေးများနီရဲစွာမြင်လာရသည်။ ဘီကလင်တန်၊ ဟီလာရင်ကလင်တန်လင်မယားဆိုလည်း အမြဲကွမ်းပလုတ်ပလောင်းတွေဖြစ်နေသည်။ သူနေထိုင်ရာ ထုံးဖြူသုတ်အိမ်ကြီး ပတ်ပတ်လည်မှာ ကွမ်းတံတွေးများ တဗျစ်ဗျစ် လာထွေးထားကြတာကိုလည်း နေ့တိုင်းရှင်းလင်းနေရသည်။

အိမ်နှင့်ရန်ဖြစ်ကာ ထွက်ပြေးလာသော အိမ်ခြေရာမဲ့ သက်ဆင် ဆိုသည့် ထိုင်းရွာသားတစ်ဦးကို စားပွဲထိုးခေါင်းဆောင်ခန့်ပြီး အောက်ခြေသိမ်းအလုပ်များကို ကြီးကြပ်ရှင်းလင်းခိုင်းထားရသည်။ အရေးထဲမှာ အိန္ဒိယကျေးရွာမှ မန်မိုဟာဆင်းန်ခေါင်းဆောင်သော နွားနို့ပို့သည့်ဘာဘူကြီးတွေကလည်း နွားနို့ထဲ ရေတွေအဆမတန်ရောလာကြသဖြင့် သတိပေးထားရသေးသည်။

(၆) အိုတီး လက်ဖက်ရည်ဆိုင်လေးထဲမှာ လူစည်ကားနေသည်။ လင်းဆေးလိုဟန်၊ ဘရစ်တနီစပီးယား၊ အင်ဂျလီနာဂျိုလီ၊ ဂျနီဖာလိုပက်ဇ် တို့ဝိုင်းက ကျယ်လောင်ကျယ်လောင်ဖြင့် လေပန်းနေကြ၏။ ဒီကောင်မလေးတွေက မူးယစ်ဆေးနည်းနည်းသုံးထားပုံရသည်။ သူမတို့ဝိုင်းကို အက်ဖ်ဘီအိုင်နှင့် စီအိုင်အေသတင်းပေးများက တခြားဝိုင်းမှနေလှမ်းအကဲခတ်နေကြသည်။ ဂျိုလီက အီကြာကွေးကြီး တစ်ချောင်းကို ပါးစပ်ထဲအတင်းထိုးထည့်ပြီး အကဲခတ်နေသည့် ငနဲများကိုလှောင်ပြနေသည်။

“ဘုန်း”

ဆိုင်ထဲကိုဘောလုံးတစ်လုံးဝင်လာပြီး ဆိုင်နံရံကိုထိမိသံဖြစ်သည်။ မီရှဲလ်က ကောင်တာမှနေ အပြင်သို့လှမ်းအော်သည်။

“ဟဲ့…. ရွန်းနီတို့ ဘက်ခမ်းတို့၊ ဒိုလေးတို့ ဒရော့ဘာတို့ .. ဆိုင်နဲ့ဝေးဝေးမှာသွားကစားကြကွယ်… ဒီမှာ စားသောက်သူတွေရှိနေတယ်”

ဆိုင်ထဲရှိချောင်ကျကျဝိုင်းတစ်ခုမှာတော့ မြောက်ကိုရီးယားအဘိုးကြီး ကင်ဂျုံအီးတစ်ယောက်တည်းထိုင်နေသည်။ ညကများထား၍ အရက်နာကျနေပုံလည်းရသည်။ သူ့ဝိုင်းကို ကွမ်းယာသည်အာမက်ဒီနီဂျက် ခဏလာထိုင်ပြီး တိုးတိုးကျိတ်ကျိတ်စကားပြော၍ ဟိုကြည့်ဒီကြည့်ပြန်ထွက်သွားတာကို တွေ့လိုက်ရသဖြင့် အိုဘားမားနည်းနည်းမသင်္ကာဖြစ်သွားသည်။

ဆိုင်ထဲသို့ အာရပ်သုံးဦးဝင်လာသည်။ “ချိုဆိမ့်သုံးခွက်”ဟုမှာပြီး ၀ိုင်းအလွတ်တစ်ခုမှာဝင်ထိုင်ကာ ကောင်တာဖက်လှည့်၍ “ အိုမာကြီးအခွေဖွင့်ပေးပါဦး” ဟုတောင်းဆိုတာကြောင့် မီရှဲလ် စီဒီစက်ကိုဖွင့်လိုက်၏။

အိုမာကြီးဆိုတာ မကြာသေးမီက သေဆုံးသွားသော အိုစမာဘင်လာဒင်ကိုချစ်စနိုးခေါ်ကြခြင်းဖြစ်သည်။ ဘင်ဘာဒင်မသေမီနောက်ဆုံးထုတ်သွားခဲ့သော “အကြမ်းပတမ်းဖက်ပစ်လိုက်မယ်” ဟူသည့် ရော့ခ်သီချင်းခွေမှာ လူငယ်များကြားရေပန်းစားလျှက်ရှိလေသည်။

“သေနတ်ကလေးကိုဆွဲ… မူရာမများတဲ့ ဒို့က… အကြမ်းဖက်မှာပဲ… ဟူးရေး… ၀ါး ဂါး.ဂရား” ဆိုပြီးရော့ခ်ကာကြီး အိုစမာ၏ ကျယ်လောင်သောသီချင်းသံကြီးထွက်လာပြီးနောက်မှာ လက်လှုပ်ခြေလှုပ်ဖြင့် စည်းဝါးလိုက်နေကြသော အာရပ်သုံးဦးကို အိုဘားမားကြည့်နေစဉ်မှာပင် ဆိုင်ရှေ့သို့ ပိုလာဝက်ဝံတံဆိပ်ကပ်ဂျစ်ကားလေးတစ်စီးထိုးရပ်လာလေသည်။ ဆင်းလာသူများက ရုရှားရွာမှရွာလူကြီးနှစ်ဦးဖြစ်သော မက်ဒီဗက်နှင့် ဗလာဒီမာပူတင်တို့ပင်ဖြစ်သည်။

သူတို့နှစ်ဦးက အိုဘားမားဆီလျှောက်လာပြီးနှုတ်ဆက်ကြသည်။ မက်ဒီဗက်က-

“ဒီလိုအိုဘားမားရဲ့… ဒီက ကျုပ်ဆရာ ဗလာဒီမာပူတင်ကြီးက ခင်ဗျားဆိုင်ဘေးမှာ ဆိုင်တစ်ဆိုင်ဖွင့်ချင်လို့တဲ့… အဲဒါ ကျုပ်လိုက်ပြောပေးတာ”

အိုဘားမားတုန်လှုပ်စွာဖြင့်- “ဟင်…. ပူတင်က ဆိုင်ဖွင့်မယ်.. ဟုတ်လား… ဘာ..ဘာဆိုင်တုန်း”

“ပူတီ ဆိုင်လေ… ရုရှားဝက်ဝံလေးပူတင်ရဲ့ပူတီ ဆိုပြီးဖွင့်မလို့… အဲဒါနေရာတစ်နေရာပေးလိုက်စမ်းပါဗျာ… ခင်ဗျားအာဖဂန်လွင်ပြင်မှာ အမဲလိုက်ထွက်ရင်သုံးလို့ရအောင် ကျုပ် ဒုံးကျည်လေးတစ်လုံးပို့လိုက်ပါ့မယ်”

“ဟင်.. အမဲလိုက်ဖို့ ဒုံးကျည်….”

ပြောချင်ရာပြောပြီး ပြန်ထွက်သွားသော မက်ဒီဗက်ကိုကြည့်ကာ အိုဘားမား ပါးစပ်ဟောင်းလောင်းလေးဖြစ်နေသည်ကို ပူတင်ကြီးက နဖူးပြောင်ကလေးပွတ်ကာပွတ်ကာဖြင့် ပြုံးပြုံးကြီးကြည့်နေလေသည်။ အိုဘားမားတစ်ဖြည်းဖြည်းနှင့် ဒေါပွလာသည်။

“တောက်… ဘယ်လိုလူတွေလဲ…. ဟိုတစ်နေ့ကပဲ ပြင်သစ်ရွာက ဆာကိုဇီဆိုတဲ့ကောင် အနှိပ်ခန်းလာဖွင့်ထားသေးတယ်…. ပါကစ္စတန်က ပါဗက်ဇ်မူရှာရက်ဖ်ဆိုတဲ့ငနဲကလည်း အာဖဂန်က ဟာမစ်ကာဇိုင်းဆိုတဲ့လူနဲ့ပေါင်းပြီး ဘိလိယက်ခုံလာထောင်သေးတယ်…. ခု နောက်တစ်ယောက်ထပ်လာပြန်ပြီ… ဂျပန်က အကီဟီတို ဆိုတဲ့ဂျပုအဘိုးကြီးလည်း ဆူနာမီဒုက္ခသည်တွေအတွက်ဆိုပြီး လက်ဖက်ရည်တွေဝယ်သွားတာ ခုထိအကြွေးလာမပေးသေးဘူး… တောက်”

(၇) အိုတီးလက်ဖက်ရည်ဆိုင်ဖွင့်ထားသည်မှာ တစ်လတင်းတင်းပြည့်ခဲ့ပြီဖြစ်သည်။ အိုဘားမားတို့လင်မယားလည်း ၀င်ငွေအကောင်းဆုံး စာရင်းဝင်များဖြစ်ကာ ရွာတကာမှာအချမ်းသာဆုံးပုဂ္ဂိုလ် ဖြစ်လာကြလေသည်။ နေ့စဉ်ဝင်ငွေရလာကြသော်လည်း သူ့ရွာကြီးရှိလူများမှာ တဖြည်းဖြည်းနှင့်မသိမသာ ပျက်စီးစပြုလာလေသည်။

ပူတင်ဆိုတဲ့ရုရှားက ပူတီရောင်းသလိုလိုနှင့် ဗော်ဒကာဟုခေါ်သော ရုရှားဘီအီးများကို အရက်ပုန်းရောင်းလျှက်ရှိရာ တစ်ရွာလုံး အရက်သမား ကွမ်းသမား ဘိလိယက်သမားတွေ ဖြစ်ကုန်ကြသည်။ စားပွဲထိုးခေါင်းခန့်ထားသော သက်ဆင်ဆိုတဲ့ကောင်က သူမသိအောင် “ချဲထီ”ဟုခေါ်သည့်လောင်းကစားတစ်ရပ်ကို ကြိတ်လုပ်နေသည်ဟု စီအိုင်အေမှသတင်းရပြီးနောက် ဂုတ်ကိုဆွဲကာ ဆိုင်ကကန်ထုတ်လိုက်ရ သေးသည်။

ရွာသူရွာသားလူငယ်များမှာလည်း ပူတင်၏ အရက်ဆိုင်မှာ တစ်လုံးဝင်မော့။ အာမက်ဒီနီဂျက်၏ ကွမ်းယာတစ်ထုတ်ဝယ်ဝါးကာ မူရှာရက်ဖ်နှင့် ဟာမစ်ကာဇိုင်းတို့၏ ဘိလိယက်ခုံမှာတစ်ပွဲဝင်ထိုးကြ။ ဒီကြားထဲ သက်ဆင်ဆီမှ ချဲထီတစ်ကွက်လောက်ပေါက်လိုက် လို့ကတော့ ဆာကိုဇီရဲ့ အနှိပ်ခန်းထဲကို ရောက်ရောက်သွားကြတော့သည်။

တလောကလည်း ၀က်သားအသိုးတွေကို လောဘကြီးပြီး ခပ်တည်တည်ရောင်းချရာမှ ကောင်မလေးများ ချီးပန်းကုန်ကြသဖြင့် ဟူကျင်တောင်အဘိုးကြီးကို ၀မ်နင်ထုတ်ထားရသေးသည်။

အဲဒါတွေကြောင့်ပင် အိုဘားမားတစ်ယောက် စိတ်ညစ်နေရသည်။ မနေ့ညက ကင်ဂျုံအီအဘိုးကြီးကို ကောင်မလေးဆယ်ယောက်နှင့် ရွာထိပ်တွင် တွေ့ရာမှ မသင်္ကာ၍ ရွာလုံခြုံရေးများကပ်သွားကြရာ ကင်ဂျုံအီကြီး ဖိနပ်လေးခါးကြားထိုးပြီး သုတ်ခနဲလစ်ပြေးသွားသဖြင့် ရွာသူကလေးဆယ်ဦးကို လူကုန်ကူးခံရမည့်ဘေးမှ လက်မတင်လေး ကယ်တင်လိုက်နိုင်လေသည်။ ထိုစဉ် ရုတ်ရုတ်သဲသဲအသံကြား၍ လှမ်းကြည့်လိုက်ရာ သူ့ဆိုင်မှာ ထိုင်နေကျ အာရပ်သုံးဦးကို အက်ဖ်ဘီအိုင်နှင့် စီအိုင်အေအဖွဲ့ဝင်များက လက်ပြန်ကြိုးတုပ်ဖမ်းဆီးလာတာ တွေ့လိုက်ရသည်။ အိုဘားမားလည်း ထိုင်ရာမှထလိုက်ရသည်။

“ဘာဖြစ်လာကြတာလဲဟေ့”

“ဒီကောင်သုံးကောင် လူကြီးမင်းရဲ့ အိမ်ဖြူကြီးကို လေးခွနဲ့လှမ်းပစ်နေကြလို့ ဖမ်းလာတာပါ။ မှန်နှစ်ချပ်ကွဲသွားပြီ”

“ဟေ… ”

အာရပ်သုံးဦးကို စစ်ကြည့်လိုက်တော့ အာရပ်ယောင်ဆောင်ထားသော သူခိုးဓားပြသုံးကောင်ဖြစ်နေလေသည်။ တစ်ယောက်က သူ့နာမည်ကို “ဆိုမာလီ”ဟုပြောသည်။ နောက်တစ်ယောက်က “တာလီဘန်”ဟုဆိုသည်။ နောက်တစ်ယောက်ကတော့ “အယ်ကိုင်ဒါ”ဟု သိရသည်။ သူတို့ကတော့ သူတို့ကိုယ်သူတို့ ကဗျာဆရာများဟု အခိုင်အမာပြောဆိုနေကြသည်။

“စိမ့်ကြီးမြိုင်ကြီး၊ ရိပ်ကြီးတောတောင်….. သူတည်းတစ်ယောက်၊ ကောင်းမှုရောက်ဖို့…. အို…နေခြည်ကလည်း မထိုးရပါသလား….” စသဖြင့် ပါးစပ်ထဲပေါ်ရာ ကဗျာများကို တစ်ယောက်တစ်ပေါက် ကောက်ရွတ်ပြလိုက်ကြသေးသည်။ တကယ်တမ်းတွင် သူတို့သုံးယောက်မှာ နှလုံးသားနုနယ်လှသည့် ကဗျာဆရာစင်စစ်များပင်ဖြစ်ပါကြောင်း၊ အိမ်ဖြူကြီးကို လေးခွနှင့်ပစ်တာကလည်း “ပါဖောင့်မဲန့်” အနုပညာတစ်ရပ်ကို တင်ဆက်ကြခြင်းပင်ဖြစ်ပါကြောင်း တောင်ပြောမြောက်ပြော လျှောက်ပြောကြသည်။ သို့နှင့် အိုဘားမားကလည်း ကဗျာဆရာများကိုခံစားနားလည်စွာဖြင့် ထိပ်တုံးလေးပဲခတ်လိုက်ရလေသည်။

ပြဿနာတစ်ခုရှင်းလို့မပြီးသေးခင်မှာပဲ အရပ်ထဲမှ ဇာတ်သမ လင်းဆေးလိုဟန်နှင့် ဘရစ်တနီစပီးယားတို့ အူရားဖားယားပြေးလာပြီး အာမက်ဒီနီဂျက်၏ ကွမ်းယာဆိုင်နောက်ဖက်တွင် မသင်္ကာစရာများတွေ့ခဲ့ကြောင်း၊ဓာတ်ငွေ့လိုလိုအငွေ့များလည်း ထွက်နေပြီး အနံ့အသက်မှာ ပြင်းထန်စူးရှလှကြောင်း၊ အထဲမှ “ပြာကျအောင်တော့မလုပ်နဲ့” ဟူသော အသံကြီးကိုလည်း ကြားခဲ့ရကြောင်း အိုဘားမားကိုတိုင်ကြသည်။ အိုဘားမားနှင့် တာဝန်ရှိသူများလည်း ပျာယာခတ်သွားသည်။ တခဏချင်းမှာပင် —

“အာမက်ဒီနီဂျက်ရဲ့ ကွမ်းယာဆိုင်ထဲမှာ နြူကလီးယားလက်နက်တပ်ဆင်နေတယ်” ဟုသော သတင်းက တစ်ရွာလုံးပျံ့နှံ့သွားပြီး ပြေးကြလွှားကြနှင့် ရှုက်ယှက်ခတ်ကုန်တော့သည်။

အိုဘားမားခေါင်းဆောင်သော ကျေးရွာလုံခြုံရေးတပ်ဖွဲ့များ အာမက်ဒီနီဂျက်၏ ကွမ်းယာဆိုင်ကို ချက်ချင်းဝင်စီးလိုက်သည်။ ကွမ်းယာဆိုင်ပတ်ပတ်လည် ထွက်ပေါက်မရှိအောင်ဝိုင်းလိုက်ပြီး နောက်ဖက်တံခါးချပ်လေးကို ခြေနှင့်ကန်ဖွင့်လိုက်တော့ အထဲမှာ ပြောင်းတစ်ချောင်းဖြင့် ဆေးခြောက်ခိုးရှုနေကြသော အာမက်ဒီနီဂျက်နှင့် ဆုငွေထုတ်ခံထားရသည့် လစ်ဗျားရွာမှတောပုန်းကြီး ကဒါဖီ တို့ကို မျက်လုံးလေးကလယ်ကလယ်နှင့်တွေ့လိုက်ရသည်။

အာမက်ဒီနီဂျက်နှင့် ကဒါဖီက ဖမ်းဆီးခေါ်ဆောင်ရာနောက်လိုက်လာရင်း မကျေမချမ်းနှင့်ရေရွတ်သွားသည်။

“တောက်… ကောင်မတွေ… သူတို့ကိုဆေးပေးမရှုခိုင်းတာနဲ့ပဲ ငါတို့ကိုချောက်ချတယ်”

(၈) အိုတီးလက်ဖက်ရည်ဆိုင်လေးကို ရာသက်ပန်ဖျက်သိမ်းလိုက်ပြီဖြစ်ကြောင်း ရုပ်သံမီဒီယာများမှတဆင့် ကြေငြာလိုက်ပြီးတာနှင့် တဆက်တည်းပင် အိမ်ဖြူကြီးပတ်ပတ်လည်မှာလာဖွင့်ထားကြသော တခြားရွာများမှ ဆိုင်ခန်းများအားလုံးကို ဘော်ဒိုဇာဖြင့် ကော်ထိုးကာ အားလုံးဖျက်ဆီးပစ်လိုက်သည်။ ဆိုင်ပိုင်ရှင်အသီးသီးကိုလည်း တင်းတင်းမာမာရာဇသံပေးကာ ယူအက်စ်အေရွာကြီးမှ မောင်းထုတ်လိုက် သည်။

ခုတော့ ထုံးဖြူသုတ်ထားသည့်အိမ်ကြီးတစ်ဝိုက်မှာ ယခင်အတိုင်းပင် ပြန်လည် ရှင်းလင်းသွားပြီဖြစ်သည်။

အိမ်ဖြူကြီး ၀ရန်တာမှရပ်ရင်း အိုဘားမား သက်ပြင်းမောကြီးချလိုက်မိသည်။ စိတ်ထဲမှလည်း—-

“တကယ်တော့ လက်ဖက်ရည်ဆိုင်ယဉ်ကျေးမှုဆိုတာ ငါတို့နဲ့ဘယ်လိုမှမအပ်စပ်ပါလားကွယ်…. ပြဿနာပေါင်းသောင်းခြောက်ထောင်တို့ စုဝေးရာနေရာဌာနကြီးကို လက်ဖက်ရည်ဆိုင်လို့ ခေါ်ဆိုကြသလားပဲ” ဟု တွေးတောဆင်ခြင် သံဝေဂရမိသည်။ ရွာလူကြီးတစ်ယောက်အနေဖြင့် ကိုယ့်အိနြေ္ဒနှင့်ကိုယ်မနေတတ်ဘဲ ဟိုစပ်စပ်ဒီစပ်စပ် ဆတ်ဆော့ချင်၊ ကမြင်းကြောလေးထချင်သော ကိုယ့်ကိုယ်ကိုယ်လည်း ဒေါသဖြစ်မိသည်။

ဘာပဲဖြစ်ဖြစ် ယူအက်စ်အေရွာလူကြီးအဖြစ်က အနားယူပြီးလျှင်တော့ မြန်မာလူညိုများနေထိုင်ရာ ရွာငယ်လေးရှိ တက္ကသိုလ်ဟောင်းကြီး ထဲမှ ကမ္ဘာကျော် “ဦးချစ်” လက်ဖက်ရည်ဆိုင်လေးသို့ မီရှဲလ်နှင့် သမီးများကိုခေါ်ကာ တစ်ခေါက်လောက် အရောက်သွားဖြစ်အောင်ကြိုးစားဦး မည်ဟု အိုဘားမားဆုံးဖြတ်လိုက်သည်။

ဦးချစ်ဆိုင်မဟုတ်ရင်တောင်မှ လှည်းတန်းဆိုတဲ့အရပ်က ..ရွှေ…ဆိုတဲ့.. လက်ဖက်ရည်ဆိုင်လေးလောက်ဖြစ်ဖြစ်ပေါ့လေ။ ။

မူရင်း – http://nayminkhant.blogspot.com/2011/10/blog-post_31.html

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:သရော်စာ, သောင်းပြောင်းထွေလာ

4 Responses to အိုဘားမား လက်ဖက်ရည်ဆိုင်ဖွင့်ခြင်း

  1. Mon on February 22, 2012 at 11:46 am

    Great satirical writing except using dead people like Kadafi and Kim Jong Ii.

  2. glass on February 22, 2012 at 2:54 pm

    Guinness (The Guinness Book of World Records) နဲ့ Greenwich အသံထွက်မှားရေးထားတာကလွဲရင် ဖတ်လို့တော်တော်ကောင်းပါသည်..။

  3. ဇတ်ဆ၇ာ on February 22, 2012 at 3:04 pm

    ကောင်းလိုက်တဲ့ အေ၇းအသား…စာေ၇းဆ၇ာကြီး အီကြာကွေးကို…အ၇မ်းသတိ၇မိပါသည်…ဥက္ကာကိုကို
    သည် ဆ၇ာကြီးအီကြာကွေး၏ အေ၇းအသားကိုလုံးဝ ခြေ၇ာနင်းနိုင်၊စံချိန်မီပါသည်…ခေါင်းစဉ်ကို ဆ၇ာ
    အီကြာကွေးလိုပဲ…တီးလိုက်ပြန်ပြီ…တိန်တိန်မြည် ဟု ပေး၇င်ပိုလိုက်ဖက်ပါကြောင်း…အကြံပြုလိုက်၇ပါသည်။

  4. thanhtikephyomaung on February 26, 2012 at 9:24 am

    ကောင်းပါ့ ဆရာရေ့ စက်သာရေး အားပေးနေပါတယ်

Western Union

စာအုပ်မြင် ချစ်ခင်ကြပါစေ …


MoeMaKa Monthly အောက်တိုဘာလထုတ် ထွက်ပြန်ဘီ တဲ့ ...

မိုးမခမာတိကာစဉ်

Twitter: moemaka

%d bloggers like this:

မိုးမခကို အားပေးကြပါစို့ …

၁။ စာပေလောက (၂၊၅၊၆)(ပန်းဆိုးတန်း၊လှည်းတန်း၊ရန်ကင်း)

၂။အမေ့အိမ်(ပန်းဆိုးတန်း)

၃၊အာရုဏ်သစ်စာပေ(ဗိုလ်ချုပ်လမ်း)

၎။ အင်းဝစာအုပ်တိုက် (လှည်းတန်း၊ပန်းဆိုးတန်း)

၅။ဝါမိုးအောင်စာပေ(ကုန်သည်လမ်း)

၆။သာလွန်စာအုပ်တိုက်(ကုန်သည်လမ်း)

၇။တူဒေးစာအုပ်တိုက်(ကုန်သည်လမ်း)

၈။ရာပြည့်စာအုပ်တိုက်(ပန်းဆိုးတန်း)

၉။ရန်အောင်စာပေ(ရန်ကင်းလမ်းမကြီး၊၁၂လုံးတန်း)

၁၀။ဖိုးတုတ်စာပေ (၃၁ လမ်း)

၁၁။ မီဒီယာကော်နာ (အနော်ရထာလမ်း မီးပွိုင့်ထောင့်)

၁၂။နန်းဦးစာပေ (မဟာဗန္ဓုလလမ်း)

တို့တွင် ဝယ်ယူရရှိနိုင်ပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။

တဆင့်ပြန်လည် ရောင်းချလိုသူများအနေဖြင့် နန်းဦးစာပေ (၀၁- ၃၇၈၄၀၈၊ ၀၁-၂၅၁၁၈၇ )သို့လည်းကောင်း ၊ရန်အောင်စာပေ (ရန်ကင်း)သို့လည်းကောင်း ဆက်သွယ်၍ ဝယ်ယူနိုင်ပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။

မန္တလေး - နဂါးစာပေ၊ ထွန်းဦးစာပေ၊ ရာပြည့်စာပေ

အောင်ပန်း - လမင်းတရာ

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခမဂ္ဂဇင်း အောက်တိုဘာလထုတ် ထွက်ပြီ၊ (အတွဲ၁၊ အမှတ် ၇၊ ၂၀၁၄)

By

မိုးမခမဂ္ဂဇင်း အောက်တိုဘာလထုတ် ထွက်ပြီ၊ (အတွဲ၁၊ အမှတ် ၇၊ ၂၀၁၄) မိုးမခ၊ အောက်တိုဘာ၊ ၄၊ ၂၀၁၄...

Read more »

မိုးမခ ထုတ်ခဲ့သမျှကို စာရင်းပြု ကြည့်ခြင်း

By

မိုးမခစာအုပ်စင်၊ စက်တင်ဘာ၊ ၂၄၊ ၂၀၁၄ မိုးမခမီဒီယာမှ ထုတ်ဝေခဲ့သော စာစု၊ မှတ်တမ်းများ (http://shop.moemaka.net...

Read more »

မိုးမခ လစဉ်ပုံနှိပ်မဂ္ဂဇင်း စက်တင်ဘာ ထွက်ပါပြီ၊ အွန်လိုင်းစာမူရှင်များလည်း ကော်ပီတောင်းနိုင်ဘီ

By

မိုးမခ လစဉ်ပုံနှိပ်မဂ္ဂဇင်း စက်တင်ဘာ ထွက်ပါပြီ၊ အွန်လိုင်းစာမူရှင်များလည်း ကော်ပီတောင်းနိုင်ဘီ မိုးမခ ၊ စက်တင်ဘာ...

Read more »

မိုးမခ မဂ္ဂဇင်း စင်္ကာပူမှာလည်း ဝယ်ယူ ဖတ်ရှုနိုင်ပြီ

By

မိုးမခ မဂ္ဂဇင်း စင်္ကာပူမှာလည်း ဝယ်ယူ ဖတ်ရှုနိုင်ပြီ မိုးမခ အမှတ် ၅၊ သြဂုတ်လထုတ်...

Read more »

Recent Comments

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ