မြန်မာနိုင်ငံတွင်ကျင်းပခဲ့သော ရွေးကောက်ပွဲများကို စစ်တမ်းထုတ်ကြည့်ခြင်း – အပိုင်း (၁)

March 4, 2012

သန်းဝင်းလှိုင်

မတ်လ ၄၊ ၂၀၁၂

ဗြိတိသျှနယ်ချဲ့တို့ မြန်မာနိုင်ငံ စစ်ပွဲသုံးကြိမ်ဆင်နွှဲခဲ့ပြီးနောက် ၁၈၈၆ ခုနှစ် ဇန်န၀ါရီလ (၁) ရက်နေ့တွင် အိန္ဒိယဘုရင်ခံချုပ် လော့ဒ်ဒပ်ဖရင် (Lord Dufferin – 1826-1902) က “အင်ပိုင်ယာပြည့်ရှင် ဘုရင်မကြီး၏ အမိန့်အရ ယနေ့မှစ၍ ဘုရင်ခံနှင့်ဘုရင်ခံချုပ်တို့က သဘောအရ ခန့်ထားလိုက်သော အရာရှိများနှင့် ဆက်လက်အုပ်ချုပ်စေ” ဟူ၍ ကြေညာချက်ထုတ်ပြန်ခဲ့လေသည်။ သို့သော် သူ့ကျွန်ဘ၀၌ မနေလိုသော ၀ံသာနုမျိုးချစ်ခေါင်းဆောင်တို့က ရရာလူသူလက်နက်စုဆောင်းပြီး ဆက်လက်တွန်းလှန်တိုက်ခိုက်ခဲ့သဖြင့် ကြေညာချက်ထုတ်ပြီး (၁၀) နှစ်တိုင်အောင် ယင်းတို့ထင်သလို အုပ်ချုပ်၍မရခဲ့ပေ။

ထို့နောက် အမျိုး၊ ဘာသာ၊ သာသနာနှင့် ပညာရေး၊ မြန်မာ့အနုပညာ၊ စာပေနှင့် ယဉ်ကျေးမှုမြှင့်တင်ရေးတို့ကိုရည်ရွယ်၍ ရန်ကုန်မြို့ ၂၈ လမ်း၊ အမှတ် ၈၆ ဦးမောင်ကြီးနေအိမ်၌ ၁၉၀၆ ခု မေလ ၁၀ ရက်နေ့တွင် ဦးဘဘေ၊ ဒေါက်တာဘရင်၊ ဦးမောင်ကြီးတို့ စတင်စည်းရုံးလှုံ့ ဆော်၍ ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်းခေါ် YMBA ကို စတင်တည်ထောင်ခဲ့သည်။ ၀ိုင်အမ်ဘီအေအသင်းသို့ နောက်ပိုင်းတွင် ကော လိပ်ကျောင်းသားများ၊ ပင်စင်စားများနှင့် လူငယ်များပါဝင်လာကြသည်။ ၀ိုင်အမ်ဘီအေသည် အစပိုင်း၌ သာသနာရေး၊ ပညာရေးနှင့် လူမှု ရေးသာဖြစ်သော်လည်း နောက်ပိုင်းတွင် တဖြည်းဖြည်းနှင့် ဗြိတိသျှနယ်ချဲ့ဆန့်ကျင်ရေးနှင့် အမျိုးသားလွတ်မြောက်ရေးအတွက် ဖြစ်လာခဲ့ သည်။

ဝိုင်အမ်ဘီအေအသင်းချုပ်ကြီး၏ ပထမဆုံးနိုင်ငံရေးဆောင်ရွက်ချက်မှာ အိန္ဒိယသို့ ကိုယ်စားလှယ်အဖွဲ့စေလွှတ်၍ အုပ်ချုပ်ရေး တိုးမြှင့်ပေး ရန်တောင်းဆိုမှုပင်ဖြစ်သည်။ ၁၉၁၇ တွင် ၀ိုင်အမ်ဘီအေမှ ဦးစု၊ ဦးဖေ၊ ဦးဘဘေနှင့် ဦးမေအောင်တို့ကို အိန္ဒိယသို့စေလွှတ်၍ အရေး ဆိုတင်ပြခဲ့သည်။ ထို့နောက် အိန္ဒိယကို အုပ်ချုပ်ရေးတိုးမြှင့်ပေးသည့် မွန်တေဂူချမ်းစဖို့စီမံကိန်း ထွက်လာသောအခါ မြန်မာကိုချန်ထား၍ ပြည်သူတို့လိုလားသော အုပ်ချုပ်ရေးတောင်းဆိုရန်အတွက် အင်္ဂလန်သွားကိုယ်စားလှယ်အဖြစ် ၀ိုင်အမ်ဘီအေမှ ဦးဘလေ (ဘကြီးဘဘေ)၊ ဦးပု (၀တ်လုံတော်ရ ရွှေကျင်)၊ ဦးထွန်းရှိန် (ကျောင်းအုပ်ဆရာကြီး မန္တလေး) (ဘေ၊ ပု၊ ရှိန်) တို့ကိုရွေးချယ်၍ ၁၉၁၉ ဇူလိုင်လ ၇ ရက် အင်္ဂ လန်ပြည်သို့စေလွှတ်ခဲ့သည်။

ထို့နောက် ဗြိတိသျှတို့သည် မွန်တေဂူချမ်းစဖို့စီမံကိန်းအရ အိန္ဒိယကို ဒိုင်အာခီအုပ်ချုပ်ရေးပေးသောအခါ မြန်မာနိုင်ငံကိုချန်ထားပြီး ကရက် ဒေါက်စီမံကိန်းဖြင့် နှစ်သိမ့်ရန် လှည့်စားခဲ့ပြန်သည်။ ၁၉၂၀ပြည့်နှစ် မေလ ၂၉ ရက်နေ့တွင် ၀ိုင်အမ်ဘီအေအသင်းနှင့် နိုင်ငံလုံးဆိုင်ရာ အသင်းအဖွဲ့များ၏ဆုံးဖြတ်ချက်အရ ကရက်ဒေါက်စီမံကိန်းကိုဆန့်ကျင်၍ မြန်မာနိုင်ငံအား ဒိုင်အာခီခေါ် ပူးတွဲတာဝန်ခံအုပ်ချုပ် ရေးရရှိ အောင် တောင်းဆိုရန် ဦးဘဘေ၊ ဦးပု၊ ဦးသိမ်းမောင် (၀တ်လုံတော်ရ) (ဘေ၊ ပု၊ မောင်) ကိုယ်စားလှယ်အဖွဲ့ကို အင်္ဂလန်ပြည်သို့ စေလွှတ်ခဲ့ ပြန်သည်။

ယင်းသို့ အမျိုးသားရေးလှုပ်ရှားမှုများကြောင့် အမျိုးသားစိတ်များတက်ကြွနေစဉ်အတွင်း ၁၉၂၀ ပြည့်နှစ် အောက်တိုဘာလ ၂၉ မှ ၃၁ ရက် အထိကျင်းပခဲ့သော ၀ိုင်အမ်ဘီအေ၏ မြန်မာနိုင်ငံလုံးဆိုင်ရာ အဋ္ဌမအကြိမ်မြောက်ညီလာခံကို ပြည်မြို့၌ကျင်းပ၍ ၀ိုင်အမ်ဘီအေ အသင်း ကြီးကို မြန်မာတိုင်းရင်းသားအသင်းများ၏ အသင်းချုပ်ကြီး (General Council of Burmese Association – G-C-B-A) ဟူ၍ ပြောင်းလဲ ခေါ်ဝေါ်ရန် ဆုံးဖြတ်ခဲ့ကြသည်။

ထိုစဉ်အတွင်းမှာပင် ရန်ကုန်ကောလိပ်နှင့် ယုဒသန်ကောလိပ်ကျောင်းသားတို့ဦးဆောင်၍ ၁၉၂၀ ပြည့်နှစ် သြဂုတ်လ ၂၈ ရက်နေ့တွင် မြန်မာနိုင်ငံဥပဒေပြုကောင်စီမှ လက်ခံအတည်ပြုခဲ့သည့် တက္ကသိုလ်အက်ဥပဒေကိုပါ မကျေနပ်ချက်များကို ကန့်ကွက်သည့် သပိတ် မှောက်ပွဲကို ၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၅ ရက်နေ့တွင် စတင်ခဲ့လိုက်ကြသည်။ ပထမတက္ကသိုလ်ကျောင်းသားသပိတ်သည် နယ်ချဲ့အစိုးရ ကို တော်လှန်ရမည်ဆိုသည့် ရဲစိတ်ကိုမွေးပေးပြီး ရဲဆေးတင်ပေးသည့် သပိတ်လည်းဖြစ်သည်။ ကျောင်းသားသပိတ်နှင့်အတူ တပြည်လုံး တွင် အမျိုးသားကျောင်းများ ပေါ်ပေါက်လာ၍ အမျိုးသားရေးအုံကြွမှုများ ပိုမိုပြင်းထန်လာခဲ့ခြင်းကြောင့် နယ်ချဲ့အစိုးရသည် ၁၉၂၂ ခုနှစ် နိုဝင်ဘာလ ၂၁ တွင် ဒိုင်အာခီရွေးကောက်ပွဲများကို ကျင်းပပေးခဲ့ရသည်။ ဒိုင်အာခီ (Dyarchy) ဆိုသည်မှာ နှစ်ဦးနှစ်ဖွဲ့အုပ်ချုပ်ခြင်းဟု အဓိပ္ပါယ်ရသည်။

ထိုရွေးကောက်ပွဲများသည် နယ်ချဲ့တို့က ၎င်းတို့လိုချင်သည့်ပုံစံရအောင် လုပ်ဆောင်နိုင်ရေးအတွက် လူထုတရပ်လုံးကို လှည့်စားခဲ့ခြင်း ဖြစ် သော်လည်း ထူးခြားမှုမှာ လူထုအုံကြွမှုကြောင့် ပြည်သူလူထုမှမဲပေးဆုံးဖြတ်ရသည့် ရွေးကောက်ပွဲပေါ်ပေါက်လာခဲ့ရခြင်း ဖြစ်သည်။

ဗြိတိသျှဘုရင်ခံနှင့် ပြည်သူ့ကိုယ်စားလှယ်တို့ ပူးတွဲအုပ်ချုပ်ခဲ့သည် ဒိုင်အာခီအုပ်ချုပ်ရေးသည် ၁၉၂၃ ခုနှစ် ဇန်န၀ါရီလ ၂ ရက်နေ့တွင် စတင်ခဲ့သည်။ မြန်မာနိုင်ငံကို ၁၈၉၇ မှစ၍ ဒုတိယဘုရင်ခံက အုပ်ချုပ်ခဲ့ရာမှ ဒိုင်အာခီအုပ်ချုပ်ရေးစသည့်အချိန်မှစ၍ ဘုရင်ခံက အုပ်ချုပ်ခဲ့ သည်။ ထို့ကြောင့် အုပ်ချုပ်ရေးဖွဲ့စည်းပုံတွင် ဘုရင်ခံ၏လက်အောက်၌ အဖွဲ့ဝင် ၁၀၃ ဦးပါဝင်သော ဥပဒေပြုကောင်စီနှင့် ၀န်ကြီး လေးဦးပါ သော အုပ်ချုပ်မှုကောင်စီတို့ ရှိလာသည်။

ဥပဒေပြုကောင်စီအဖွဲ့ ၁၀၃ ဦးအနက် ၂၂ ဦးကို ဘုရင်ခံက တိုက်ရိုက်ခန့်ထားသည်။ ရာထူးအလျောက်ပါရသူက ၂ ဦးရှိသည်။ ကျန်သော ၇၉ ဦးကို ပြည်သူလူထုက ရွေးကောက်တင်မြှောက်ရသည်။ ထိုပြည်သူ့ကိုယ်စားလှယ် ၇၉ ဦးတွင် မြန်မာ ၅၈ ယောက်၊ ကရင် ၅ ယောက်၊ အိန္ဒိယသား ကိုယ်စားလှယ် ၈ ယောက်၊ တက္ကသိုလ်မှ ၁ ယောက်၊ ဥပရောပတိုက်သားကိုယ်စားလှယ် ၁ ယောက်၊ အင်္ဂလိပ်ကပြား ၁ ယောက်၊ ဥရောပတိုက်သားကုန်သည်ကြီးများအသင်းမှ ၂ ယောက်တို့ဖြစ်ကြသည်။ ပြည်သူ့ကိုယ်စားလှယ်ရွေးချယ်ရာတွင်လည်း ကန့် သတ်ချုပ်ချယ်မှုများရှိသည်။ ငွေကြေးချမ်းသာသူလူတန်းစားများနှင့် အထက်တန်းလွှာများသာ ပြည်သူ့ကိုယ်စားလှယ်ရွေးပွဲ၌ မဲပေး ခွင့်ရသည်။ ထို့ကြောင့် မြန်မာနိုင်ငံ၌ ထိုစဉ်က လူဦးရေ ၁၂ သန်းကျော်ရှိရာ ၂ သန်းမျှသာ မဲပေးခွင့်ရကြသည်။ ထို့အပြင် အင်္ဂလိပ်ကုန်သည် ၁၀၀ လျှင် ကိုယ်စားလှယ် ၁ ယောက်ရွေးချယ်ခွင့်ရသော်လည်း မြန်မာတိုင်းရင်းသားတို့မှာ လူဦးရေ ၃ သောင်းမှ ကိုယ်စားလှယ် ၁ ယောက် သာ ရွေးခွင့်ရသည့်စနစ်လည်းဖြစ်သည်။ အုပ်ချုပ်ရေးကောင်စီအတွက် ၀န်ကြီး ၄ ဦးအနက် ၂ ဦးကို ဘုရင်ခံက တိုက်ရိုက်ခန့်သည်။ ကျန် ၂ ဦးမှာမူ ဥပဒေပြုကောင်စီက ထောက်ခံတင်ပြပြီး ဘုရင်ခံကလက်ခံသည့် ပြည်သူ့ကိုယ်စားလှယ်တို့ဖြစ်သည်။

အုပ်ချုပ်ရေးဌာနများကို သီးသန့်နှင့် လက်ပြောင်းဟု ခွဲထားသည်။ သီးသန့်ဌာနများကို ဘုရင်ခံကအုပ်ချုပ်ပြီး လက်ပြောင်းဌာနများကို ပြည်သူ့ကိုယ်စားလှယ်တို့က အုပ်ချုပ်ရသည်။ သီးသန့်ဌာနများတွင် အရေးကြီးသည့် ဘဏ္ဍာရေး၊ ကာကွယ်ရေး၊ ပြည်ထဲရေး၊ နိုင်ငံခြား ဆက်ဆံရေး၊ တရားရေးနှင့် ရာဇ၀တ်မှုခင်းရေး၊ လမ်းပန်းဆက်သွယ်ရေး၊ သယ်ယူပို့ဆောင်ရေး၊ အလုပ်သမားနှင့် ငွေစက္ကူထုတ်လုပ်ရေး၊ မြေခွန်နှင့် အမြတ်ခွန်၊ အထွေထွေအုပ်ချုပ်ရေး စသည်တို့ပါဝင်သည်။ လက်ပြောင်းဌာနများမှာ ကျန်းမာရေး၊ စိုက်ပျိုးရေး၊ ဆောက်လုပ် ရေး၊ ပညာရေး၊ ယစ်မျိုး၊ သမ၀ါယမနှင့် သစ်တောဌာနတို့ဖြစ်သည်။ ဒိုင်အာခီအုပ်ချုပ်ရေးပေးချိန်အထိ မြန်မာနိုင်ငံမှာ ဗြိတိသျှပိုင် အိန္ဒိယ နိုင်ငံ၏ ပြည်နယ်တစ်ခုပင် ဖြစ်နေသေးသည်။ ထို့ကြောင့် မြန်မာအစိုးရမှာလည်း ဗြိတိသျှအစိုးရလက်အောက်ခံ အိန္ဒိယဗဟိုအစိုးရ၏ လက်အောက်ခံပင်ရှိသေးသည်။ သို့ဖြစ်၍ မြန်မာနိုင်ငံ၏ အုပ်ချုပ်ရေးကိစ္စများကို အိန္ဒိယဗဟိုအစိုးရ၊ မြန်မာနိုင်ငံရှိဘုရင်ခံနှင့် ပြည်သူ့ ကိုယ်စားလှယ်တို့ ခွဲဝေအုပ်ချုပ်သည့်စနစ်လည်းဖြစ်သည်။ ဥပဒေပြုကောင်စီနှင့် အုပ်ချုပ်မှုကောင်စီတို့၏ အစီအမံဆောင်ရွက်ချက် မှန် သမျှသည် ဘုရင်ခံက ကျေနပ်၍လက်ခံမှ အတည်ဖြစ်ရသည်။ ဥပဒေပြုကောင်စီနှင့် အုပ်ချုပ်မှုကောင်စီတို့၏ အစီအမံများကို ဘုရင်ခံက မကြိုက်လျှင် ဗီတိုအာဏာဖြင့် ပယ်ဖျက်နိုင်သည်။ ပြည်သူ့ကိုယ်စားလှယ်များသို့ ခွဲပေးထားသော အုပ်ချုပ်ရေးအာဏာများကိုလည်း ဘုရင်ခံက အချိန်မရွေးရုတ်သိမ်းနိုင်သည်။ ထို့ကြောင့် နိုင်ငံ၏ အချုပ်အခြာအာဏာပိုင်မှာ ဘုရင်ခံသာဖြစ်သည်။ ပြည်သူ့ကိုယ်စားလှယ် တို့မှာ ဘုရင်ခံ၏ အတိုင်ပင်ခံမျှသာဖြစ်၍ ဥပဒေပြုကောင်စီတွင်ပါသော ပြည်သူ့ကိုယ်စားလှယ်များကို မြန်မာတို့က မင်းတိုင်ပင်အမတ်ဟု ခေါ်ဝေါ်ခဲ့ကြသည်။

ဗြိတိသျှတို့၏သွေးခွဲမှုအရ ဒိုင်အာခီအုပ်ချုပ်ရေးမှာ ပြည်မအတွက်သာဖြစ်ပြီး ၊ ကယား၊ ချင်း၊ ရှမ်း စသော ပြည်ထောင်စုဖွား တိုင်း ရင်းသားများ၊ နယ်စပ်ဒေသများနှင့် မဆိုင်ပေ။ ၄င်းတို့ကို ခြွင်းချန်ဒေသဟုသတ်မှတ်ပြီး ဘုရင်ခံက ဆက်လက်ချုပ်ကိုင်ထားသည်။ ထို့ ကြောင့် ဒိုင်အာခီအုပ်ချုပ်ရေးသည် ဧရိယာအားဖြင့် သုံးပုံတစ်ပုံအတွက် အကျိုးခံစားခွင့်မရသော အုပ်ချုပ်ရေးလည်းဖြစ်သည်။

ဒိုင်အာခီအုပ်ချုပ်ရေးကြောင့် ပြည်သူ့ကိုယ်စားလှယ်များသည် အုပ်ချုပ်ရေးလုပ်ငန်းများ၌ အတွေ့အကြုံရရုံမှတပါး နိုင်ငံရေးအာဏာ လုံးဝ မရှိပေ။ ထိုအချိန်က မြန်မာတို့လိုချင်သော အုပ်ချုပ်ရေးမျိုးမှာလည်း ဟုမ္မရူးခေါ် ကိုယ်ပိုင်အုပ်ချုပ်ရေးပင်ဖြစ်သည်။

ထို့ကြောင့် မျိုးချစ်စိတ်ပြင်းထန်သည့် နိုင်ငံရေးခေါင်းဆောင်များနှင့် ပြည်သူအများစုက ဒိုင်အာခီကို ဆန့်ကျင်၍ သပိတ်မှောက်ကြသည်။ ဒိုင်အာခီဥပဒေပြုကောင်စီအတွက် ပထမဆုံး ပြည်သူ့ကိုယ်စားလှယ်ရွေးပွဲကို ၁၉၂၂ ခုနှစ် နိုဝင်ဘာလ ၂၁ရက်နေ့တွင် ကျင်းပသောအခါ ဦးဘဘေခေါင်းဆောင်သော ၂၁ ဦးပါတီ (ထိုစဉ်က ၂၁ဦးအဖွဲ့ကို အမျိုးသားပါတီဟုခေါ်ပြီး၊ နောင်တွင် ပြည်သူပြည်သားအဖွဲ့အမည်မှ ငါးပွင့်ဆိုင်အဖွဲ့ဟု ပြောင်းလဲဖွဲ့စည်းခဲ့သည်။) နှင့် ဆာဂျေအေမောင်ကြီးခေါင်းဆောင်သော ပရိုဂရက်စစ်ပါတီ (Progressive Party) ခေါ် ရွှေတောင်ကြားပါတီ (ဆာဂျေအေမောင်ကြီးတို့၏ ပရိုဂရက်စစ်ပါတီဝင်အများစုမှာ ကြေးရတက်များဖြစ်ပြီး ရွှေတောင်ကြားရပ်ကွက်တွင် နေထိုင်ခဲ့ကြ၍ ‘ရွှေတောင်ကြားပါတီ’ ဟု အမည်တွင်နေခြင်းဖြစ်သည်။) တို့သာ ၀င်ရောက်ယှဉ်ပြိုင်အရွေးခံခဲ့ကြသည်။ ဦးချစ်လှိုင်၊ ဦးပု၊ ဦးထွန်းအောင်ကျော် (လှိုင်၊ပု၊ကျော်) တို့၏ ဂျီစီဘီအေက သပိတ်မှောက်ခဲ့ကြသည်။ ထိုအချိန်မှစ၍ ဒိုင်အာခီကို လက်ခံသင့် မသင့်ပြဿ နာပေါ်ပေါက်လာပြီး မြန်မာတို့၏ အမျိုးသားလွတ်လပ်ရေးလှုပ်ရှားမှုတပ်ဦးဖြစ်သော ဂျီစီဘီအေအသင်းချုပ်ကြီးလည်း နှစ်ခြမ်းကွဲသွားခဲ့ရ လေသည်။

ဒိုင်အာခီအုပ်ချုပ်ရေးအရ မြန်မာနိုင်ငံ၏ ပထမဆုံးဘုရင်ခံချုပ်သည် ဆာဟာကုတ်ဘတ္တလာဖြစ်လာပြီး၊ ထိုစဉ်က ဒိုင်အာခီအုပ်ချုပ်ရေးအစိုးရ အဖွဲ့ဝင်များမှာ-

(၁) ဆာဝီလျံဂျွန်ကိတ် (Sir William John Keith., C.I.E, I.C.S) – ဘဏ္ဍာရေးဝန်ကြီးချုပ်
(၂) မောင်ခင် (ဆာမောင်ခင်)- ပြည်ထဲရေးဝန်ကြီးချုပ်
(၃) အမ်အေ ဦးမောင်ကြီး – ပညာရေးဝန်ကြီးချုပ်
(၄) ဂျေအေမောင်ကြီး [Joseph Augustus Maung Gyi (၁၈၇၂ – ၁၉၅၅)] -သစ်တောရေးရာဝန်ကြီးချုပ်တို့ဖြစ်ကြသည်။

ထို့နောက် မြန်မာနိုင်ငံတွင် ဒိုင်အာခီအုပ်ချုပ်ရေးနည်းစနစ်အရ ဒုတိယအကြိမ် ဥပဒေပြုလွှတ်တော်အမတ်ရွေးကောက်ပွဲကို ၁၉၂၅ ခုနှစ် နိုဝင်ဘာလ ၁၇ ရက်နေ့တွင် ကျင်းပရာ ရွေးကောက်ပွဲတွင် ဂျေအေမောင်ကြီး (နောင်ဆာဘွဲ့ရ) ကြီးမှူးသော အင်ဒီပင်းဒင့်ပါတီ (Independent Party) ခေါ် ရွှေတောင်ကြားပါတီ (Golden Valley Party) က အမတ် ၂၀ ကျော် အရွေးခံရသည်။ သာယာဝတီဦးပု ဦး ဆောင်သည့် ဟုမ္မရူးလိဂ်ပါတီက အမတ် ၂ ဦး အရွေးခံရသည်။

ဒုတိယအကြိမ်ရွေးကောက်ပွဲအပြီး ဒိုင်အာခီအစိုးရအဖွဲ့ဝင်များမှာ –
(၁) ဆာဝီလျံကိတ် – ဘဏ္ဍာရေးဝန်ကြီးချုပ်
(၂) ဦးမေအောင် – ပြည်ထဲရေးဝန်ကြီးချုပ်
(၃) ဆာလီအရိန် – သစ်တောရေးဝန်ကြီးချုပ်
(၄) ဒေါက်တာဘရင် – ပညာရေးဝန်ကြီးချုပ်တို့ဖြစ်ကြသည်။

သို့သော် ဒိုင်အာခီအုပ်ချုပ်ရေးဒုတိယသက်တမ်းအတွင်း ၁၉၂၈ ခု၊ မေလ ၁ ရက်နေ့တွင် ဘဏ္ဍာရေးဝန်ကြီးချုပ် ဆာဝီလျံဂျွန်ကိတ်၏ ရာထူးနေရာတွင် မစ္စတာစမစ် (Samual Andrew Smyth, C.S.I, I.C.S) က ဆက်ခံခဲ့သည်။

ထို့နောက်တဖန် ၁၉၂၈ ခုနှစ်၊ နိုဝင်ဘာလ ၂ ရက်နေ့တွင် တတိယအကြိမ် ဒိုင်အာခီဥပဒေပြုလွှတ်တော်ရွေးကောက်ပွဲကျင်းပခဲ့ရာ ပြည်သူ ပြည်သားပါတီက အမတ် ၄၀ ဦး၊ ရွှေတောင်ကြားပါတီက အမတ် ၁၂ ဦး အရွေးခံရသည်။

ယင်းနောက် ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် သုံးကြိမ်မြောက် ဒိုင်အာခီအစိုးရအဖွဲ့ကို ဖွဲ့စည်းရာ –
(၁) ဆာမြူရယ်အင်ဒရူးစမစ် – ဘဏ္ဍာရေးဝန်ကြီးချုပ်
(၂) ဆာဂျေအေမောင်ကြီး – ပြည်ထဲရေးဝန်ကြီးချုပ်
(၃) ဆာလီအရိန် – သစ်တောရေးရာဝန်ကြီးချုပ်
(၄) ဦးဘတင် – ပညာရေးဝန်ကြီးချုပ်တို့တာဝန်ပေးအပ်ခံရသည်။

ထိုမှတဖန် မြန်မာနိုင်ငံတွင် ဒိုင်အာခီအုပ်ချုပ်ရေးအရ စတုတ္ထအကြိမ်ဥပဒေပြုလွှတ်တော်အမတ်ရွေးကောက်ပွဲကို ၁၉၃၂ နိုဝင်ဘာလ ၉ ရက်နေ့တွင် ကျင်းပခဲ့သည်။ ထိုစဉ်က မြန်မာနိုင်ငံတွင် လူဦးရေ ၁၄ သန်း ၈ သိန်း ကျော်ရှိပြီး၊ မဲပေးနိုင်သူဦးရေမှာ ၂ သန်း ၃ သိန်းကျော် ရှိသည်။ သို့သော် မဲပေးသူဦးရေ ၉ သိန်းကျော်ကသာ လာရောက်မဲပေးခဲ့သဖြင့် ရာခိုင်နှုန်းအားဖြင့် ၃၉ ရာခိုင်နှုန်းသာ ရှိသည်။

ရွေးကောက်ပွဲတွင် ပါတီအလိုက် ရွေးကောက်ခံရသည့် အမတ်ဦးရေမှာ –
ဒေါက်တာဘမော်ပါတီ – ၂၅ ဦး
ဦးချစ်လှိုင် ဂျီစီဘီအေ – ၂၀ ဦး
ဦးဘဘေ ပြည်သူပြည်သားပါတီ – ၂၀ ဦး တို့ဖြစ်ပြီး၊ ဆာဂျေအေမောင်ကြီး၏ ရွှေတောင်ကြားပါတီမှာ လူထုထောက်ခံမှုမရရှိသဖြင့် မရှုမလှ ရှုံးနိမ့်ခဲ့ရသည်။ ထူးခြားချက်မှာ ရွေးကောက်ပွဲတွင် မြန်မာအမျိုးသမီးများထဲမှ ပထမဆုံး မင်းတိုင်ပင်အမတ်အဖြစ် ဒေါ်နှင်းမြ (မော်လမြိုင်) အရွေးခံရခြင်းဖြစ်သည်။

စတုတ္ထအကြိမ်မြောက် ဒိုင်အာခီအုပ်ချုပ်ရေးအစိုးရအဖွဲကမဖွဲ့မီ မြန်မာနိုင်ငံဥပဒေပြုလွှတ်တော်အစည်းအဝေး၌ တွဲရေး ခွဲရေးနှင့်စပ်လျဉ်း၍ ခွဲရေးအဆိုတစ်ခုနှင့် တွဲရေး အဆိုငါးခုတင်သွင်းခဲ့ကြသည်။ ခွဲရေးအဆိုတစ်ရပ်မှာ ယူနီဗာစီတီအမတ် ဦးထွန်းဖေတင်သွင်းသည့် “မြန်မာ နိုင်ငံကို အိန္ဒိယပြည်မှ အမြဲခွဲခွာပေးရန်ကို လက်ခံလိုသည်” ဟူ၍ ဖြစ်သည်။ တွဲရေးအဆို ၅ ရပ်အနက် အဆိုတစ်ရပ်မှာ တွဲရေးအမတ် ရမ်းဗြဲဦးမောင်မောင်တင်သွင်းသည့် အိန္ဒိယပြည်မှ မြန်မာပြည်ကို ခွဲခွာရန်စီမံခြင်းကို ဤလွှတ်တော်က ကန့်ကွက်သည်။ ထို့အပြင် အိန္ဒိယနှင့် အမြဲတွဲဖက်ထားခြင်းကိုလည်း ဤလွှတ်တော်က အလိုမရှိ၊ မြန်မာပြည်သည် ခွဲထွက်လိုသောအခါ ခွဲထွက်ခွင့်ရှိရမည်ဟူ၍ ဖြစ်သည်။ လွှတ် တော်ဥက္ကဌ ဦးချစ်လှိုင်က ဦးထွန်းဖေ၏ ခွဲရေးအဆိုကိုသာလက်ခံပြီး တွဲရေးအဆို ၅ ရပ်ကို ပယ်ချလိုက်သည်။ ဦးချစ်လှိုင်က ဦးထွန်းဖေ၏ ခွဲရေးအဆိုနိုင်လျှင် ခွဲရေးနိုင်မည်။ ခွဲရေးအဆိုရှုံးလျှင် တွဲရေးနိုင်မည်။ ဥပဒေပြုလွှတ်တော်တွင် တွဲရေးအမတ်များက ခွဲရေးအဆိုကို ကန့် ကွက်ပယ်ချလိုက်လျှင် တွဲရေး အလိုအလျောက်နိုင်ပြီဖြစ်သည်ဟု ယူဆခဲ့သည်။ သို့သော် တွဲရေးအမတ်များခေါင်းဆောင်သော ဒေါက်တာ ဘမော်နှင့် အခြားတွဲရေးအမတ်များက ရမ်းဗြဲဦးမောင်မောင်၏အဆိုသည် ဂျူဗလီဟောဆုံးဖြတ်ချက်အရဖြစ်သည်ဆို၍ ဦးချစ်လှိုင်နှင့် အယူအဆကွဲပြားကာ ဦးချစ်လှိုင်ကို ဆန့်ကျင်ခဲ့ကြသည်။

ယင်းနောက် ဒီဇင်ဘာလ ၁၃ ရက်နေ့တွင် ဆက်လက်ကျင်းပသော ဥပဒေပြုလွှတ်တော်အစည်းအဝေးတွင် ဆာဂျေအေမောင်ကြီးက လွှတ်တော်ဥက္ကဌဦးချစ်လှိုင်အား အယုံအကြည်မရှိအဆိုတင်သွင်းခဲ့ရာ အယုံအကြည်မရှိအဆို အနိုင်ရသောကြောင့် ဦးချစ်လှိုင် လွှတ်တော် ဥက္ကဌအဖြစ်မှ ပြုတ်ကျခဲ့ရသည်။ ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် လွှတ်တော်အစည်းအဝေး၌လွှတ်တော်ဥက္ကဌအဖြစ် ဆာအောင်ဒီကလန်မီ ဆိုသူကို ရွေးချယ်ခဲ့ကြသည်။

၁၉၃၂ ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် ဆက်လက်ကျင်းပသော ဥပဒေပြုလွှတ်တော်အစည်းအဝေးတွင် ရမ်းဗြဲဦးမောင်မောင်၏ အဆိုဖြစ် သည့် ၁၉၃၂ ဇန်န၀ါရီလ ၁၂ ရက်နေ့ မျက်နှာစုံညီအစည်းအဝေးမှ ဗြိတိသျှအစိုးရလျာထားသောစနစ်ကိုအခြေခံထား၍ အိန္ဒိယပြည်မှ မြန်မာနိုင်ငံကို ခွဲခွာရန်စီမံခြင်းကို ကန့်ကွက်ကြောင်း၊ ထို့အပြင် အိန္ဒိယပြည်နှင့် အမြဲတွဲဖက်ထားခြင်းကိုလည်း အလိုမရှိကြောင်း၊ ခွဲထွက် လိုသောအခါ ခွဲထွက်ခွင့်ရှိရမည်ဟူသည်ကို သဘောတူဆုံးဖြတ်ခဲ့ကြသည်။

ထို့နောက် မြန်မာနိုင်ငံဘုရင်ခံဆာချားလ်စ်အလက်ဇန္ဒားအင်းနစ် ရာထူးစွန့်လွှတ်၍ မြန်မာနိုင်ငံဘုရင်ခံအသစ်အဖြစ် ဆာဟူးဂ်ျလင်းစဒေါင်း စတီဖင်ဆင် (Sir Hugh Lansdown Stephenson) က ၁၉၃၂ ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် ကျမ်းသစ္စာကျိန်ဆိုခဲ့သည်။

ထို့နောက် ရွေးကောက်ပွဲကျင်းပပြီး ၂ လအကြာ ၁၉၃၃ ခုနှစ်၊ ဇန်န၀ါရီလ ၁၄ ရက်နေ့တွင် စတုတ္ထအကြိမ်မြောက် ဒိုင်အာခီအုပ်ချုပ်ရေး အစိုးရအဖွဲ့ကို ဖွဲ့စည်းခဲ့ရာ အစိုးရအဖွဲ့ဝင်များမှာ-

(၁) မစ္စတာကူးပါး (Mr.T. Couper, C.S.I, I.C.S) – ဘဏ္ဍာရေးဝန်ကြီးချုပ်
(၂) ဆာမောင်ကြီး – ပြည်ထဲရေးဝန်ကြီးချုပ်
(၃) ဆာဂျေအေမောင်ကြီး – သစ်တောရေးရာဝန်ကြီးချုပ်
(၄) ၀တ်လုံဦးကျော်ဒင် – ပညာရေးဝန်ကြီးချုပ်တို့ဖြစ်ကြသည်။

၁၉၃၄ ခုနှစ် ဖေဖော်ဝါရီလ၂၀ ရက်နေ့တွင် ဦးဘဘေနှင့် ဒေါက်တာဘမော်တို့က အစိုးရအဖွဲ့ဝင် ၀န်ကြီးချုပ်များဖြစ်ကြသော ဆာဂျေအေ မောင်ကြီးနှင့် ဦးကျော်ဒင်တို့ကို အယုံကြည်မရှိအဆိုတင်သွင်းရာ ဒိုင်အာခီအုပ်ချုပ်ရေးခေတ်တွင် အစိုးရအဖွဲ့ဝင်ဝန်ကြီးများအား ပထမဆုံး အကြိမ် အယုံအကြည်မရှိအဆို တင်သွင်းခြင်းခံခဲ့ရခြင်းဖြစ်သည်။ အယုံအကြည်မရှိအဆိုဖက်မှ အနိုင်ရရှိခြင်းကြောင့် ဆာဂျေအေမောင် ကြီးနှင့် ဦးကျော်ဒင်တို့ အစိုးရအဖွဲ့မှ နှုတ်ထွက်ပေးခဲ့ရပြီး ၁၉၃၄ ဧပြီလ ၉ ရက်နေ့တွင် ဒိုင်အာခီအစိုးရအဖွဲ့ကို ပြန်လည်ပြင်ဆင်ဖွဲ့စည်း ခဲ့သည်။

ပဉ္စမအကြိမ်မြောက် ဒိုင်အာခီအုပ်ချုပ်ရေးအစိုးရအဖွဲ့ဝင်များမှာ –
(၁) မစ္စတာကူးပါး – ဘဏ္ဍာရေးဝန်ကြီးချုပ်
(၂) ဆာမောင်ဘ – ပြည်ထဲရေးဝန်ကြီးချုပ်
(၃) ဦးဘဘေ – သစ်တောရေးရာဝန်ကြီးချုပ်
(၄) ဒေါက်တာဘမော် – ပညာရေးဝန်ကြီးချုပ်တို့ဖြစ်သည်။

ပဉ္စမအကြိမ်မြောက် ဒိုင်အာခီအုပ်ချုပ်ရေးသက်တမ်းအတွင်း ၁၉၃၅ ခုနှစ် သြဂုတ်လ ၂ ရက်နေ့တွင် မြန်မာနိုင်ငံစီရင်အုပ်ချုပ်မှု အက် ဥပဒေကို ထုတ်ပြန်ခဲ့သည်။ ဤဥပဒေအရ မြန်မာနိုင်ငံသည် အိန္ဒိယနိုင်ငံ၏ပြည်နယ်တစ်ခုမဟုတ်တော့ဘဲ ဗြိတိသျှအင်ပါယာအတွင်း သီးခြားနိုင်ငံတစ်ခု ဖြစ်လာခဲ့သည်။

ဤသို့ဖြင့် ၁၉၂၃ ခုနှစ် ဇန်န၀ါရီလ ၂ ရက်နေ့မှ စတင်ခဲ့သော ဒိုင်အာခီအုပ်ချုပ်ရေးသည် မြန်မာနိုင်ငံစီရင်အုပ်ချုပ်မှုအက်ဥပဒေ – ၁၉၃၅ အရ ဗြိတိသျှအစိုးရက မြန်မာနိုင်ငံကို ပြည်သူ့လွှတ်တော်ကိုယ်စားခေါ် အမတ်များက အုပ်ချုပ်ရေးဌာနပေါင်း ၉၁ ဌာနကို စီမံအုပ်ချုပ်ရ သော ၉၁ ဌာနအုပ်ချုပ်ရေးစနစ်ပေါ်ပေါက်လာသောကြောင့် ၁၉၃၇ ခုနှစ် မတ်လ ၃၁ ရက်နေ့တွင် နိဂုံးချုပ်သွားခဲ့လေသည်။

(ဆက်လက်ဖော်ပြပါမည်။)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Related posts

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:သန်းဝင်းလှိုင်

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

Twitter: moemaka


%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ဒေါ်ခင်မျိုးချစ်၏ သတင်းစာလောက ထွက်ပါပြီ

By

ဒေါ်ခင်မျိုးချစ်၏ သတင်းစာလောက ထွက်ပါပြီ (မိုးမခ) သြဂုတ် ၂၄၊ ၂၀၁၈ စာရေးဆရာမကြီး ဒေါ်ခင်မျိုးချစ်...

Read more »

ဂီတအနုပညာရှင်ကြီး မာမာအေး စိန်ရတုမွေးနေ့ အမှတ်တရ မိုးမခစာအုပ်ထုတ်

By

ဂီတအနုပညာရှင်ကြီး မာမာအေး စိန်ရတုမွေးနေ့ အမှတ်တရ မိုးမခစာအုပ်ထုတ် (မိုးမခစာအုပ်စင်) သြဂုတ် ၁၇၊ ၂၀၁၈...

Read more »

မိုးမခ သြဂုတ်လ ၂၀၁၈၊ တွဲ ၅ မှတ် ၄ ထွက်ပြီ

By

မိုးမခ သြဂုတ်လ ၂၀၁၈၊ တွဲ ၅ မှတ် ၄ ထွက်ပြီ (မိုးမခ)...

Read more »

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ

By

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်