fbpx

မန်မာနိုင်ငံတွင်ကျင်းပခဲ့သော ရွေးကောက်ပွဲများကို စစ်တမ်းထုတ်ကြည့်ခြင်း – အပိုင်း (၂)

March 5, 2012

သန်းဝင်းလှိုင်
မတ်လ ၅၊ ၂၀၁၂

မြန်မာပြည်သူတို့၏ နိုင်ငံရေးနိုးကြားလာမှုကြောင့် နယ်ချဲ့ဗြိတိသျှတို့သည် တထစ်လျှော့၍ ၁၉၃၅ မြန်မာနိုင်ငံ စီရင် အုပ်ချုပ်မှုအက်ဥပဒေအရ (၉၁)ဌာနအုပ်ချုပ်ရေးကို ပေးခဲ့သည်။ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ခေါ် အမတ်များက အုပ်ချုပ်ရေးဌာနပေါင်း ၉၁ ဌာနကို စီမံအုပ်ချုပ် ခွင့်ရသောကြောင့် ၉၁ ဌာန အုပ်ချုပ်ရေးဟု ခေါ်ခဲ့သည်။

အုပ်ချုပ်ရေးအသစ်အရ လွှတ်တော်နှစ်ရပ်ထားရှိပြီး၊ အောက်လွှတ်တော်အတွက် အမတ် (၁၃၂) ယောက်နှင့် အထက်လွှတ်တော်အတွက် အမတ်(၃၆)ယောက် ရွေးကောက်တင်မြှောက်ရမည်ဖြစ်သည်။ အောက်လွှတ်တော်အမတ် (၁၃၂) ယောက်ထဲတွင် နယ်များမှ ရွေးကောက် ရမည့် အမတ်ဦးရေ (၉၂) ဦး၊ ကရင်အမျိုးသား (၁၂) ဦး၊ အိန္ဒိယအမျိုးသား (၈) ဦး၊ အင်္ဂလိပ်-မြန်မာကပြား (၂) ဦး၊ ဥရောပတိုက်သား (၃)ဦး၊ စက်မှုလက်မှုနှင့် ကုန်သည်ကြီးများအသင်း၏ ကိုယ်စားလှယ် (၁၁) ဦး၊ ရန်ကုန်တက္ကသိုလ်မှ (၁၂) ဦး၊ အိန္ဒိယအလုပ်သမားကိုယ်စားလှယ် (၂)ဦး၊ အိန္ဒိယမဟုတ်သော အလုပ်သမား ကိုယ်စားလှယ် (၁) ဦးတို့ ဖြစ်သည်။

လွှတ်တော်ထဲ၌ မြန်မာတို့၏ မဲကိုထိန်းနိုင်ရန်ရည်ရွယ်ချက်ဖြင့် စက်မှုလက်မှုကုန်သည်ကြီးများအသင်း၏ကိုယ်စားလှယ် (၁၁) ဦးထဲ၌ ဥရောပတိုက်သားကုန်သည်ကြီးများအသင်းမှ (၆) ဦး၊ အိန္ဒိယကုန်သည်ကြီးများအသင်းမှ (၃) ဦး၊ တရုတ်ကုန်သည်ကြီးများအသင်းမှ (၁) ဦး၊ မြန်မာကုန်သည်ကြီးများအသင်းမှ (၁) ဦး စသည်ဖြင့် ခွဲဝေခဲ့ပြန်သည်။

(၉၁)ဌာန အုပ်ချုပ်ရေးဆိုသည်မှာ ဌာနပေါင်း (၉၁) ဌာနသာရှိ၍ ခေါ်ဝေါ်ခဲ့ခြင်းမဟုတ်ပေ။ ၁၉၃၅ အုပ်ချုပ်ရေးဥပဒေအရ မြန်မာနိုင်ငံတွင် ဌာနပေါင်း (၉၈)ဌာန ရှိသည့်အနက် ဗြိတိသျှဘုရင်ခံက အရေးကြီးသည့် ခုနစ်ဌာနကိုအုပ်ချုပ်ပြီး ကျန် (၉၁) ဌာနကို မြန်မာကိုယ်စားလှယ် များနှင့် ၀န်ကြီးအဖွဲ့အားအုပ်ချုပ်စေခဲ့သည်။ မြန်မာအမျိုးသားများအုပ်ချုပ်ရသည့် (၉၁) ဌာနကိုအစွဲပြု၍ (၉၁) ဌာနအုပ်ချုပ်ရေးဟု အမည် တွင်ခဲ့ခြင်းဖြစ်သည်။

အမှန်စင်စစ် ၄င်းအုပ်ချုပ်ရေးသည် နိုင်ငံရေးစိတ်ဓာတ်တက်ကြွနိုးကြားနေသော မြန်မာတိုင်းရင်းသားများကို ဗြိတိသျှအစိုးရက ဒုတိယအကြိမ်ဖြိုခွဲဖျက်ဆီးခဲ့သည့် နိုင်ငံရေးလက်နက်ကြီးများပင်ဖြစ်သည်။ ဗြိတိသျှတို့သည် စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်ဖြင့် နယ်ချဲ့ဆန့်ကျင် ရေး ဆင်နွှဲခဲ့သော ၀ံသာနုလှုပ်ရှားမှုများကို ဒိုင်အာခီအုပ်ချုပ်ရေး လက်နက်ဖြင့် ပထမအကြိမ်အောင်မြင်စွာ နှိမ်နင်းခဲ့သည်။ အလားတူပင် တို့ဗမာသခင်များဦးဆောင်သည့် လုံးဝလွတ်လပ် ရေး ကြိုးပမ်းမှုကြီးကို (၉၁)ဌာနအုပ်ချုပ်ရေးဖြင့် ချွေးသိပ်ရန် ဒုတိယအကြိမ် မြန်မာနိုင်ငံလုံးဆိုင်ရာ မျက်နှာစုံညီ အစည်းအဝေးကို ၁၉၃၃ ခုနှစ် နိုဝင်ဘာလ ၁၉ ရက်နေ့တွင် လန်ဒန်မြို့၌ ကျင်းပခဲ့သည်။ ဗြိတိသျှအစိုးရ၏ ဖိတ်ကြားချက် အရ ဦးဘဘေ၊ ၀တ်လုံတော်ရဦးသိမ်းမောင်၊ ဦးချစ်လှိုင်၊ ဒေါက်တာဘမော်၊ အိန္ဒိယလူမျိုးအမတ် ထရပ်ဂျီ၊ ဒေါက်တာ ဒေါ်စောစ၊ ဆရာရွှေဘ၊ မစ္စတာကင်းပက်နက်၊ မစ္စတာဟာဂျီ၊ မစ္စတာကောဝပ်စ်ဂျီ၊ မစ္စတာဟာပါး၊ ဦးရွှေသား စသည့် မြန်မာကိုယ်စားလှယ် (၁၂)ဦးတို့ တက်ရောက်ဆွေးနွေးခဲ့ကြသည်။

မြန်မာကိုယ်စားလှယ်များသည် ဗြိတိသျှကိုယ်စားလှယ်များနှင့် ဆွေးနွေးရာတွင် မိမိတို့လိုလားချက်များကို အခြေအတင် ဆွေးနွေးခွင့် မရခဲ့ပေ။ ဗြိတိသျှအစိုးရစီစဉ်ထားသော အချက်များကိုသာ အခြေခံကာ ၄င်းတို့အလိုကိုလိုက်လျော၍ တိုင်ပင်နှီးနှောကြရသည်။ ဤသို့ တိုင်ပင်နှီးနှောခဲ့သည်များကို အခြေခံပြီး ၁၉၃၅ ခုနှစ် မြန်မာနိုင်ငံအုပ်ချုပ်ရေးဥပဒေကို သတ်မှတ်ပြဋ္ဌာန်းသည်။ အဆိုပါဥပဒေသည် စာမျက်နှာ ၁၀၅၊ ပုဒ်မပေါင်း ၁၅၆၊ အခန်းပေါင်း ၁၄ ခန်း ပါဝင်၍ ဥပဒေအရ (၉၁) ဌာနအုပ်ချုပ်ရေး ပေါ်ထွက်ခဲ့သည်။

ဗြိတိသျှအစိုးရက ၁၉၃၅ ခုနှစ် မြန်မာနိုင်ငံအုပ်ချုပ်ရေးဥပဒေအရ ပေးအပ်သည့် (၉၁) ဌာနအုပ်ချုပ်ရေးသည် မြန်မာပြည်သူများကို ကိုယ် ပိုင်အုပ်ချုပ်ရေးအဆင့် တိုးမြှင့်ပေးအပ်ခြင်းဖြစ်သည်ဟု အသံကောင်းလွှင့်ခဲ့သည်။ ၄င်းအုပ်ချုပ်ရေးသည် ဗြိတိသျှတို့ ဆက်လက်စိုးမိုးအုပ်ချုပ်နိုင်ရေးအတွက် ကျွန်သက်ရှည်စေသည့် အုပ်ချုပ်ရေးဖြစ်သည်။ တနည်းဆိုသော် ၄င်းအုပ်ချုပ်ရေးသည် ဗြိတိသျှဗျူရိုကရက်ကြီးများနှင့် လူမှုရေးတို့တွင် ခြယ်လှယ်သွေးစုပ် အမြတ်ထုတ်ရန် အကာအကွယ်ပေးသည့် အုပ်ချုပ်ရေးမျှသာဖြစ်သည်။

(၉၁) ဌာနအုပ်ချုပ်ရေးကို လေ့လာဆန်းစစ်ကြည့်ပါက ထိုအုပ်ချုပ်ရေးသစ်သည် အသွင်သဏ္ဌာန်အဆောင်အယောင် အားဖြင့် ဒိုင်အာခီအုပ် ချုပ်ရေးထက် ခမ်းနားထည်ဝါသော်လည်း အနှစ်သာရအားဖြင့် ကွာခြားမှုမရှိချေ။ အုပ်ချုပ်ရေးဌာနပေါင်း (၉၈) ဌာနရှိသည့်အနက် ဗြိတိသျှ ဘုရင်ခံက အရေးကြီးသည့် (၁) ကာကွယ်ရေးနှင့် စစ်တပ်၊ (၂) နိုင်ငံခြားဆက်သွယ်ရေး၊ (၃) ငွေဒင်္ဂါးသွန်းထု ထုတ်လုပ်ရေးနှင့် ငွေစက္ကူ ရိုက်နှိပ်ထုတ်လုပ်ရေး၊ (၄) သာသနာရေး၊ (၅) အိုင်စီအက်စ် ခေါ် အိန္ဒိယပဋိညာဉ်ခံရာထူးများအား စောင့်ရှောက်ကာကွယ်ရေး၊ (၆) တောင် တန်းဒေသခေါ် ခြွင်းချန်သောဒေသများအား သီးခြားတိုက်ရိုက်အုပ်ချုပ်ရေးနှင့် (၇) အခွန်ကိစ္စအပါအ၀င် ဘဏ္ဍာရေးများကို တိုက်ရိုက် တာဝန်ယူအုပ်ချုပ်ခဲ့သည်။ ဘုရင်ခံသည် ထိုခုနစ်ဌာနနှင့် ပတ်သက်၍ မြန်မာဝန်ကြီးများနှင့် တိုင်ပင်ရန်မလိုပေ။ မြန်မာကိုယ်စားလှယ်အမတ် များနှင့် ၀န်ကြီးအဖွဲ့က စာတိုက်နှင့်ကြေးနန်း၊ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်း ဆက်သွယ်ရေး၊ လယ်ယာနှင့် သစ်တော၊ အခွန်အကောက်၊ တရားစီရင်ရေး စသည့် (၉၁) ဌာနကို ဘုရင်ခံနှင့် ညှိနှိုင်းအုပ်ချုပ်ရသည်။ ဤသို့ဖြင့် အုပ်ချုပ်ရေးသစ်တွင် ဗြိတိသျှဘုရင်ခံက အချက်အချာ အကျဆုံး ခုနစ်ဌာနကို မိမိတဦးတည်းချုပ်ကိုင်ပြီး သာမာန်ဌာနများကို မြန်မာတို့အား တွဲဖက်အုပ်ချုပ်ခွင့်ပေးမည်ဖြစ်သည်။ အချုပ်အခြာ အာဏာမှာ ဘုရင်ခံ၌သာရှိသည်။ မြန်မာပြည်သူတို့အဖို့ (၉၁) ဌာနအုပ်ချုပ်ရေးသည် ဒိုင်အာခီအုပ်ချုပ်ရေးနှင့်စာလျှင် ရာထူးတိုးချဲ့သတ်မှတ်ပေးထားသည်မှလွဲ၍ မည်သို့မျှမထူးခြားပေ။ ထို့အပြင် ရှမ်း၊ ၊ ချင်း၊ ကရင်၊ ကရင်နီ (ကယား) စသော တောင်တန်းဒေသများ အုပ်ချုပ်ရေးကို ပြည်မမပူးပေါင်းစေဘဲ သီးခြားခွဲထားခြင်းဖြင့် မြန်မာတိုင်းရင်းသား အချင်းချင်း စည်းလုံးညီညွတ်မှုကင်းကာ သွေးခွဲအုပ်ချုပ်သည့်စနစ်ဖြစ်ကြောင်း သိသာထင်ရှားပေ သည်။

ဥပဒေပြုလွှတ်တော်နှစ်ရပ်လုံးတွင် ပါဝင်ရသည့် အမတ်ဦးရေသတ်မှတ်ပုံနှင့် ရွေးချယ်ပုံများမှာ တရားမျှတမှု လုံးဝမရှိပေ။ ဘုရင်ခံက မိမိအလိုတော်ရိများကို အမတ်အဖြစ် ခန့်ထားနိုင်ခွင့် ရှိပြန်သည်။ ထို့ကြောင့် ဥပဒေပြုလွှတ်တော် နှစ်ရပ်စလုံးတွင် အချုပ်အခြာအာဏာ လုံးဝမရှိချေ။ ဘုရင်ခံသည် အရေးကြီးသည့် ခုနစ်ဌာနကို ချုပ်ကိုင်ထားသည့်အပြင် ဗီတို (Veto) ခေါ် တချက်လွှတ်ကန့်ကွက်ပိုင်ခွင့် အာဏာကိုလည်း ပိုင်ဆိုင်ထားသည်။

ဘုရင်ခံသည် မြန်မာနိုင်ငံကို အုပ်ချုပ်သည့် အချုပ်အခြာအာဏာပိုင်ဖြစ်သော်လည်း အင်္ဂန်လန်ရှိ ဗြိတိသျှအစိုးရနှင့် ဗြိတိသျှပါလီမန်၏ အမိန့်ကို နာခံရသည်။ ဘုရင်ခံသည် ဥပဒေပြုလွှတ်တော်နှစ်ရပ်စလုံးမှ ဆုံးဖြတ်ပြဌာန်းပြီးသော ဥပဒေများကို သဘောတူစေကာမူ ဗြိတိသျှဘုရင်ဧကရာဇ်က ၄င်းဥပဒေများသည် ဗြိတိသျှနိုင်ငံနှင့်ဗြိတိသျှလူမျိုးအတွက် ထိခိုက်နစ်နာရာရောက်သည်ဟုယူဆပါက တစ်နှစ် အတွင်း ဖျက်သိမ်းပေးရသည်။

ဤသို့ဖြင့် ဗြိတိသျှအစိုးရက မြန်မာနိုင်ငံကို အုပ်ချုပ်ရေးအသစ် တိုးမြှင့်ပေးသည်ဆိုသော်လည်း မြန်မာတို့၌ အုပ်ချုပ်ရေးအာဏာ လုံးဝမရှိ ပေ။ ဗြိတိသျှဘုရင်၊ ဘုရင်မနှင့် ဘုရင်ခံတို့သာလျှင် မြန်မာနိုင်ငံကို စိတ်တိုင်းကျ ခြယ်လှယ်ကြီးစိုးရန် ဖန်တီးထားသော ကျွန်သက်ရှည်စေသည့် အုပ်ချုပ်ရေးသာဖြစ်သည်။

ထို့ကြောင့် မြန်မာနိုင်ငံရေးအသင်းအဖွဲ့များက (၉၁)ဌာန အုပ်ချုပ်ရေးကို မလိုလားခဲ့ကြပေ။ ဒေါက်တာဘမော်၏ ဆင်းရဲသားဝံသာနုအဖွဲ့က (၉၁)ဌာနအုပ်ချုပ်ရေးကို တွန်းလှန်မည်။ နိုင်ငံရေးအသင်းအဖွဲ့များအားလုံး ညီညွတ်ပါက ရာထူးလက်မခံဘဲ တိုက်ဖျက်မည်ဟု ကြွေးကြော် ခဲ့သည်။ ငါးပွင့်ဆိုင်အဖွဲ့က အုပ်ချုပ်ရေးအသစ်ကို တိုက်ဖျက်ရန် စီစဉ်ခဲ့သည်။ ဦးချစ်လှိုင်အဖွဲ့က ဒေါက်တာဘမော်အဖွဲ့နှင့် ပူးပေါင်းဆောင် ရွက်ရန် လိုလားခဲ့သည်။ တို့ဗမာသခင်များက ရာထူးလက်မခံဘဲ အုပ်ချုပ်ရေးအသစ်ကိုတိုက်ဖျက်မည်ဟု ကြွေးကြော်ခဲ့ပြန်သည်။

အုပ်ချုပ်ရေးသစ်တိုက်ဖျက်ရေး ကြွေးကြော်သံများ ကြားမှပင် ဗြိတိသျှအစိုးရသည် ၁၉၃၆ နိုဝင်ဘာ ၁၀ ရက် မှ ၁၄ရက်နေ့အထိ မြန်မာနိုင်ငံစီရင်အုပ်ချုပ်မှုအက်ဥပဒေ (၉၁ ဌာနအုပ်ချုပ်ရေး) အရ ပထမဆုံးအောက်လွှတ်တော်အမတ် ရွေးကောက်ပွဲကို ကျင်းပခဲ့သည်။ ရွေးကောက်ပွဲတွင် ငါးပွင့်ဆိုင်ပါတီမှ (၄၆) ဦး၊ ဒေါက်တာဘမော်၏ ဆင်းရဲသားဝံသာနု (ဓားမ) ပါတီမှ ၁၆ ဦး၊ ဦးချစ်လှိုင် ဂျီစီဘီအေမှ (၁၂)ဦး၊ ကိုယ့်မင်းကိုယ့်ချင်းအဖွဲ့မှ (၃) ဦး၊ ဖေဘီယန်ပါတီမှ (၁) ဦး (ဦးမောင်မြစ်) နှင့် ရွှေတောင်ကြားပါတီမှ (၂)ဦး၊ သက်ပန်းဂျီစီဘီအေမှ (၁)ဦးနှင့် တသီးပုဂ္ဂလအမတ် (၁၇)ဦးတို့ ရွေးခံရသည်။

သို့သော် ရွေးကောက်ပွဲတွင် ငါးပွင့်ဆိုင်အဖွဲ့သည် အမတ်အများစုအနိုင်ရရှိသော်လည်း အမတ်ဟောင်းများလျာထားစဉ်ကပင် အတွင်းရေး အားဖြင့် စိတ်ဝမ်းကွဲပြားနေကြရာ အစိုးရမဖွဲ့နိုင်သောအခြေနှင့် ကြုံတွေ့ရသည်။

ထိုအခါ ဒေါက်တာဘမော်သည် ငါးပွင့်ဆိုင်တွင် သဘောကွဲပြားနေသော အမ်အေဦးမောင်ကြီး၊ ၀တ်လုံဦးပု၊ ဒေါက်တာသိန်းမောင်၊ မိတ္ထီလာဦးဘရင်၊ မန္တလေးဦးဘဦးစသည်တို့နှင့် အိန္ဒိယတိုင်းရင်းသားအမတ်များ၊ ကရင်အမျိုးသား အမတ်များ၊ ရခိုင်အမျိုးသားအမတ်များ၊ ဦးချစ်လှိုင်အဖွဲ့၊ တသီးပုဂ္ဂလအမတ်များနှင့် ညှိနှိုင်းရာ အမတ်ဦးရေအဖွဲ့ဝင် ၇၀မျှ ရရှိသွားလေသည်။ ထိုစဉ်အတွင်း အစိုးရအဖွဲ့မဖွဲ့နိုင်ကြောင်း ကို ဦးဘဘေသည် ဘုရင်ခံထံသို့ ၁၉၃၇ခုနှစ် မတ်လ၁၁ရက် နေ့တွင် အကြောင်းပြန်လိုက်လေသည်။ ထို့ကြောင့် ဘုရင်ခံက ဒေါက်တာ ဘမော်အား အစိုးရအဖွဲ့စေရာ ဒေါက်တာဘမော်၏ ညွန့်ပေါင်းအစိုးရအဖွဲ့ကို ၁၉၃၇ခုနှစ် မတ်လ၂၆ ရက်နေ့တွင် အတည်ပြု၍ ၁၉၃၇ခုနှစ် ဧပြီလ၁ရက်မှစ၍ အုပ်ချုပ်ရန် ရွေးချယ်လိုက်သည်။

ညွန့်ပေါင်းအစိုးရအဖွဲ့ဝင်များမှာ –
(၁) ဒေါက်တာဘမော် – နန်းရင်းဝန်နှင့်ဘဏ္ဍာရေးဝန်ကြီးချုပ်
(၂) ရွှေကျင်ဦးပု (ငါးပွင့်ဆိုင်အဖွဲ့) – သစ်တောရေးရာဝန်ကြီးချုပ်
(၃) ဦးပေါ်ထွန်း (ဦးချစ်လှိုင်အဖွဲ့) – ပြည်ထဲရေးဝန်ကြီးချုပ်
(၄) သာယာဝတီဦးမောင်မောင် (ဒေါက်တာဘမော်အဖွဲ့) – ပညာရေးဝန်ကြီးချုပ်
(၅) ဦးထွန်းအောင်ကျော် – ကူးသန်းရောင်းဝယ်ရေးဝန်ကြီးချုပ်
(၆) စောဖေသာ – မြေနှင့်အခွန်ဘက်ဆိုင်ရာဝန်ကြီးချုပ်တို့ဖြစ်ကြသည်။

သို့သော် ထိုနေ့မှာပင် ဦးဘဘေခေါင်းဆောင်သော ငါးပွင့်ဆိုင်အဖွဲ့က ဒေါက်တာဘမော်ဦးဆောင်သော ညွန့်ပေါင်းအစိုးရ တဖွဲ့လုံးကို အယုံအကြည်မရှိအဆိုတင်သွင်းခဲ့ရာ လွှတ်တော်ဥက္ကဌဦးချစ်လှိုင်က ၀န်ကြီးအဖွဲ့အသစ်ကို မတ်လ ၁၁ရက်နေ့ တွင် ရွေးချယ်ခဲ့ပြီးဖြစ်သော် လည်း ၁၉၃၇ခုနှစ် ဧပြီလ ၁ရက်နေ့မှသာ တာဝန်ထမ်းဆောင်ကြရမည့်သူများဖြစ်ကြောင်း၊ ယခု တင်သွင်းသောအဆိုသည် ဘောင်လွတ်ပြီး အချိန်မကျသေးကြောင်း အကြောင်းပြကာ အဆိုကိုပယ်ချလိုက်သည်။

ဗြိတိသျှအစိုးရအနေဖြင့် (၉၁) ဌာနအုပ်ချုပ်ရေးအသစ်လည်ပတ်ရေးအတွက် ပါဝင်ဆောင်ရွက်မည့်အမှုထမ်းများအား ရာထူးအဆင့်အတန်း အလိုက် အခွင့်အရေးများပေးခဲ့သည်။ နန်းရင်းဝန်အား လစာငွေ ကျပ် ၃၀၀၀၊ ၀န်ကြီးချုပ်တစ်ဦးလျှင် လစာငွေ ၂၅၀၀ကျပ်၊ လွှတ်တော်ဥက္ကဌ အတွက် လစာငွေ ကျပ် ၇၅၀၊ အမတ်တစ်ဦးလျှင် လစာငွေ ကျပ် ၂၅၀ နှင့်တကွ နေ့တွက်ခရီးစားရိတ်များပေးရန် သတ်မှတ်ပေးခဲ့သည်။ ယင်းမက်လုံးများဖြင့် ဆွဲဆောင်သဖြင့် အချို့နိုင်ငံရေးခေါင်းဆောင် များမှာ (၉၁) ဌာနအုပ်ချုပ်ရေးတည်တံ့ရေးအတွက် ကြိုးပမ်းခဲ့ကြသည်။

ဤသို့ဖြင့် ၁၉၃၇ ဧပြီ ၁ရက်နေ့တွင် ဗြိတိသျှအစိုးရသည် မြန်မာနိုင်ငံကို အိန္ဒိယမှသီးခြားခွဲထုတ်ပြီး ၁၉၃၅ မြန်မာနိုင်ငံစီရင် အုပ်ချုပ်မှု ဥပဒေအရ စတင်အုပ်ချုပ်ခဲ့လေသည်။

သို့သော် တို့ဗမာအစည်းအရုံးမှ ဦးဆောင်၍ (၉၁) ဌာန အုပ်ချုပ်ရေးကို အမြို့မြို့အရွာရွာ၌ ကန့်ကွက်ပွဲ ကျင်းပခဲ့ကြသည်။

အထက်ဖော်ပြပါ အုပ်ချုပ်ရေးအသစ်ရှုတ်ချပွဲများအပြင် ဥပဒေပြုအောက်လွှတ်တော်တွင် အစည်းအဝေးကျင်းပတိုင်းလည်း အတိုက်အခံတို့ က အယုံအကြည်မရှိအဆိုကို တင်သွင်းခဲ့ကြသည်။ ဤသို့ဖြင့် ဥပဒေပြုလွှတ်တော်တွင် အဆိုတင်သွင်းကြ၊ အပေးအယူလုပ်ကြနှင့် နိုင်ငံရေး အတွက် အကျိုးမပြုနိုင်ကြောင်းကို ဒေါက်တာဘမော်က ၁၉၅၉ ခုနှစ် အောက်တိုဘာထုတ် The Guardian Magazine တွင် အောက်ပါအတိုင်း ရေးသားခဲ့လေသည်-

“လိမ္မာစွာရေးသားပြဌာန်းထားသောပြုပြင်ချက်များပါသည့် ဖွဲ့စည်းအုပ်ချုပ်ပုံစနစ်သည် ထိရောက်စွာအုပ်ချုပ်နိုင်စွမ်းမရှိသော အစိုးရ အဖွဲ့ များကိုသာ ဖော်ထုတ်ခဲ့လေသည်။ အစိုးရအဖွဲ့များသည် အုပ်ချုပ်ရန်အာဏာအခွင့်လည်း မရှိကြ။ အခွင့်အရေးအချို့ကို ဝေငှ၍ခံစားကြ ခြင်းဖြင့်သာ ပြီးရသည်။ ရာထူးတည်မြဲရေးအတွက် အပေးအယူလုပ်ခြင်းဖြင့်သာ အချိန်ကုန်ရသည်က များခဲ့၏….”

အထက်ဖော်ပြပါ ကောက်နုတ်ချက်ကို လေ့လာခြင်းဖြင့် (၉၁) ဌာနအစိုးရတွင် အာဏာမရှိကြောင်း၊ မြန်မာပြည်သူလူထုကို မည်သို့မျှ အကျိုးမပြုကြောင်းနှင့် ဗြိတိသျှစိုးမိုးအုပ်ချုပ်ရေးတည်တံ့ရန် အသက်ဆက်ပေးသည့် နည်းပရိယာယ်တစ်ရပ်သာ ဖြစ်ကြောင်း သိသာထင်ရှား လေသည်။ (၉၁)ဌာနအုပ်ချုပ်ရေးသည် ဒိုင်အာခီနှင့်မခြားဘဲ အုပ်ချုပ်ရေးမျက်လှည့်ပြခြင်းသာ ဖြစ်သဖြင့် မြန်မာလူထုက မလိုလားခဲ့ပေ။ ထိုအုပ်ချုပ်ရေးကို လက်ခံသည့်အမတ်များ၊ ဝန်ကြီးချုပ်များနှင့် နန်းရင်းဝန်များ သာလျှင် လခကြီးများနှင့် အခွင့်အရေးများ ရရှိခံစားကြရသည်။ မြန်မာတိုင်းရင်းသားအများစုမှာ တနေ့တခြား ဆင်းရဲကျပ်တည်းလာခဲ့သည်။ နယ်ချဲ့အရင်းရှင်များ၏ ဖိစီးနှိပ်စက်မှုဒဏ်ကြောင့် နောက်ဆုံး တွင် မြန်မာနိုင်ငံ၏ အလုပ်သမားနှင့် ဆရာစံဦးဆောင်သော တောင်သူလယ်သမားအရေးတော်ပုံများ ပေါ်ပေါက်ခဲ့ရသည်။ (၉၁) ဌာန အစိုးရ၏ အာဏာကင်းမဲ့ပုံနှင့် ဗြိတိသျှအစိုးရက အရင်းရှင်တို့ဘက်မှ ရပ်တည်ခဲ့ပုံများကို ၁၉၃၈ ခုနှစ် ဇန်နဝါရီလ ၈ ရက်နေ့တွင် စတင် ဖြစ်ပွားခဲ့သော ရေနံမြေသပိတ်နှင့် ၁၃၀၀ ပြည့်အရေးတော်ပုံကြီးက သိသာထင်ရှားလှသည်။

ဤသို့ဖြင့် နယ်ချဲ့လက်ပါးစေညွန့်ပေါင်းအစိုးရကသည် ပြည်သူတို့၏ အရေးအခင်းတွင် အရင်းရှင်တို့ဘက်မှ ရပ်တည်၍ ပြည်သူတို့အား တဖက်သတ် ဖိနှိပ်ခဲ့သည်။

သို့သော် ဒေါက်တာဘမော်ဦးဆောင်သော နယ်ချဲ့လက်ပါးစေညွန့်ပေါင်းအစိုးရသက်တမ်းအတွင်း ၁၉၃၈ ဇန်နဝါရီလ ၈ ရက်နေ့တွင် ဖြစ် ပွားခဲ့သော ချောက်ရေနံမြေသပိတ်၊ ၁၉၃၈ ဇူလိုင်လ ၂၆ရက်နေ့တွင် ဖြစ်ပွားခဲ့သော ကုလား-ဗမာ အဓိကရုဏ်း၊ ၁၉၃၈ ဇူလိုင် ၃၀ရက်နေ့တွင် ဖြစ်ပွားခဲ့သော မန္တလေး ကုလား-ဗမာအဓိကရုဏ်း၊ ၁၉၃၈ ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် ပဲခူးခရိုင်နှင့် သထုံခရိုင်တို့မှ တောင်သူလယ် သမားရှစ်သောင်းကျော် လယ်သီးစားဥပဒေကြမ်းနှင့် လယ်မြေလွှဲပြောင်းရေးဆိုင်ရာ ဥပဒေကြမ်းများ အတည်ပြုရေးအတွက် တောင်းဆို ဆန္ဒပြပွဲများ၊ ၁၃၀၀ပြည့် အရေးတော်ပုံ၊ ၁၉၃၈ ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် ဖြစ်ပွားခဲ့သော ဗိုလ်အောင်ကျော် ကျောင်းသားအရေးအခင်း၊ ၁၉၃၉ ဖေဖော်ဝါရီ ၁၀ရက်နေ့တွင် ဖြစ်ပွားခဲ့သော မန္တလေးအာဇာနည်(၁၇) ဦးကျဆုံးခဲ့ရသည့် လူထုအရေးအခင်းများကြောင့် ၁၉၃၉ ဖေဖော်ဝါရီ ၁၆ရက်နေ့တွင် ဒေါက်တာဘမော်ဦးဆောင်သည့် ညွန့်ပေါင်းအစိုးရသည် အယုံအကြည်မရှိအဆို တင်သွင်းခံရကာ ပြုတ်ကျ သွားခဲ့သည်။ ထို့နောက် ၁၉၃၉ ဖေဖော်ဝါရီလ ၂၇ ရက်နေ့တွင် ရွှေကျင်ဦးပုခေါင်းဆောင်သော ညွန့်ပေါင်းအစိုးရတက်လာခဲ့သည်။ ဦးပု ညွန့်ပေါင်းအစိုးရကို ၁၉၃၀ပြည့်နှစ် စက်တင်ဘာလ (၇) ရက်နေ့တွင် ဥပဒေပြုအောက်လွှတ်တော်အစည်းအဝေးတွင် ဦးဘဘေက ရွှေကျင်ဦးပုညွန့်ပေါင်းအစိုးရကို အယုံအကြည်မရှိအဆို တင်သွင်းရာ အဆိုဘက်မှ ထောက်ခံမဲ ၈၁မဲ၊ ကန့်ကွက်မဲ ၃၂ မဲဖြင့် အနိုင်ရရှိသောကြောင့် အစိုးရသက်တမ်း (၇) လသာ ရှိသေးသော ဦးပုညွန့်ပေါင်းအစိုးရ ပြုတ်ကျသွားခဲ့ရပြန်သည်။

၁၉၄၀ပြည့်နှစ် စက်တင်ဘာလ ၉ရက်နေ့တွင် ဂဠုန်ဦးစောဦးဆောင်သည့် ညွန့်ပေါင်းအစိုးရ ဖွဲ့စည်းခဲ့သည်။

အစိုးရအဖွဲ့ဝင်များမှာ-
(၁) ဂဠုန်ဦးစော – နန်းရင်းဝန်၊ သစ်တောရေးနှင့်ပညာရေးဝန်ကြီးချုပ်
(၂) ဆာပေါ်ထွန်း – အခွန်တော်ဝန်ကြီးချုပ်
(၃) ဦးသာယာဝတီမောင်မောင် – သယ်ယူပို့ဆောင်ရေးဝန်ကြီးချုပ်
(၄) ဦးအေး – ပြည်ထဲရေးဝန်ကြီးချုပ်
(၅) ဦးဘသန်း – ကူးသန်းရောင်းဝယ်ရေးဝန်ကြီးချုပ်
(၆) စောဖေသာ – တရားရေးဝန်ကြီးချုပ်
(၇) ဦးဘသီ – ဘဏ္ဍာရေးဝန်ကြီးချုပ်

(နောက်ပိုင်းတွင် အစိုးရအဖွဲ့အတွင်းသို့ ဦးထွန်းအောင်ကျော်၊ ပုသိမ်ဦးဘအုန်းနှင့် မိတ္ထီလာဦးဘရင်တို့ ပါဝင်လာကြသည်။)

ဤသို့ မြန်မာပြည်သူတို့မလိုလားသည့် (၉၁) ဌာနအုပ်ချုပ်ရေးမှာ ဆက်လက်တည်မြဲနေဆဲပင်ဖြစ်သည်။

ဂဠုန်ဦးစောအစိုးရလက်ထက်တွင် နိုင်ငံရေးသမားများကို ပိုမိုဖိနှိပ်နှိပ်စက်ခဲ့သည်။ ဂဠုန်ဦးစောသည် ဗမာ့ထွက်ရပ်ဂိုဏ်းကြီး၏ အမျိုးသား စည်းလုံးညီညွတ်ရေးအတွက် ဖိတ်ခေါ်ချက်ကို လက်မခံခဲ့ချေ။ ထို့အပြင် ဦးစောသည် မြန်မာနိုင်ငံရဟန်း ပျိုအဖွဲ့ချုပ်မှ ကြီးမှူး၍ လုံးဝလွတ် လပ်ရေးအတွက် တမျိုးသားလုံးပါဝင်ရန် တိုက်တွန်းချက်ကိုလည်း မိမိတစ်ဦးတည်းအနေ ဖြင့် လွတ်လပ်ရေးတောင်းမည်ဟု အကြောင်းပြကာ ငြင်းပယ်ခဲ့သည်။ ထို့အပြင် ဦးစောအစိုးရလက်ထက်တွင် ဗြိတိသျှအစိုးရအလိုကျ စင်ပြိုင်နိုင်ငံရေးအဖွဲ့မှ နိုင်ငံရေးသမားအများအပြား ဖမ်းဆီးခဲ့သည်။ တို့ဗမာအစည်းအရုံးကြီး၏ ဂုဏ်သိက္ခာကျဆင်း ပျက်စီးစေရန်လည်း အမျိုးမျိုးကြိုးပမ်းခဲ့သည်။ ဤကဲ့သို့သော မတရားမှုများ နှင့် ဖိနှိပ်မှုများကြောင့် နိုင်ငံတဝှမ်းလုံးတွင် ဆူပူအုံကြွမှုများ ပေါ်ပေါက်လာခဲ့သည်။ ထို့နောက် ၁၉၄၁ ဖေဖော်ဝါရီ ၁၈တွင် အောက်လွှတ်တော် အစည်းအဝေး၌ အတိုက်အခံခေါင်းဆောင် ဦးဘဘေက ဦးဆောင်သောအစိုးရအပေါ် အယုံအကြည်မရှိအဆို တင်သွင်းခဲ့သည်။ သို့သော် ၁၉၄၁ မတ်၁၉တွင် အောက်လွှတ်တော်တွင် အဆိုကိုမဲခွဲရာ ထောက်ခံမဲ ၄၇မဲ၊ ကန့်ကွက်မဲ ၇၂မဲရရှိသဖြင့် အဆိုရှုံးနိမ့်ကာ ဦးစောအစိုးရ တည်မြဲခဲ့သည်။

နန်းရင်းဝန်ဂဠုန်ဦးစောသည် လုံးဝလွတ်မြောက်ရေးကိုတောင်းဆိုမည်ဟုကြေညာကာ ၁၉၄၁ ခုနှစ် စက်တင်ဘာလ ၂၃ ရက်နေ့တွင် အင်္ဂ လန်သို့ ထွက်ခွာခဲ့သည်။ ဦးစောမရှိခိုက် ဆာပေါ်ထွန်းက တာဝန်ယူကာ (၉၁) ဌာနအုပ်ချုပ်ရေးကို ဆက်လက်လည်ပတ်ခဲ့သည်။ သို့သော် (၉၁) ဌာနအုပ်ချုပ်ရေးခေတ် ၅နှစ်တာကာလအတွင်း ညွန့်ပေါင်းအစိုးရများသာ ဖွဲ့စည်းနိုင်ခဲ့ပြီး ထိုညွန့်ပေါင်းအစိုးရများမှာလည်း မကြာခဏ အယုံအကြည်မရှိအဆိုဖြင့် ဖြုတ်ချခြင်းခံခဲ့ရသဖြင့် (၅) နှစ်အတွင်း အစိုးရ (၄) ကြိမ်ပြောင်းခဲ့သည်။ ၁၉၄၂ ဇန်နဝါရီလဆန်းတွင် ဗမာ့လွတ် လပ်ရေးတပ်မတော်နှင့် ဂျပန်တပ်များသည် မြိတ်၊ မော်လမြိုင်၊ စစ်တောင်းစသည့်မြို့များကိုသိမ်းပိုက်သောအခါ ဗြိတိသျှဘုရင်ခံနှင့် အစိုးရ အဖွဲ့ဝင်များ ၁၉၄၂ မတ် (၁) ရက်နေ့ ရန်ကုန်မှ အိန္ဒိယနိုင်ငံ ဆင်းမလားမြို့သို့ ပြောင်းရွှေ့ခဲ့ပြီးနောက် (၉၁) ဌာန အုပ်ချုပ်ရေး ချုပ်ငြိမ်း သွားခဲ့လေသည်။

(ဆက်လက်ဖော်ပြပါမည်။)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Related posts

Tags: ,

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:သန်းဝင်းလှိုင်

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ

By

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ မိုးမခစာအုပ်စင်၊ ဒီဇင်ဘာ ၈၊...

Read more »

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ

By

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၄၊ ၂၀၁၈ မိုးမခစာပေက ထုတ်ဝေပြီး...

Read more »

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ

By

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ (မိုးမခစာအုပ်စင်) အောက်တိုဘာ ၁၈၊ ၂၀၁၈...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ (မိုးမခ) အောက်တိုဘာ ၁၂၊ ၂၀၁၈ မိုးမခစာပေက...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

Tags

(all tags)