Than Win Hlaing – မြန်မာနိုင်ငံတွင် ကျင်းပခဲ့သော ရွေးကောက်ပွဲများအပေါ် စစ်တမ်းထုတ်ကြည့်ခြင်း အပိုင်း ၃(က)

March 11, 2012

သန်းဝင်းလှိုင်။ မတ် ၁၁၊ ၂၀၁၂

 
Seated Left to Right: Hon’ble U Kyaw Nyein [Home and Judiciary], Sir Ba U [Chief Justice], Lady Rance, Hon’ble Thakin Nu [Prime Minister], HE Sir Hubert Rance [Governor], The Earl of Listowel [Secretary of State for Burma], Hon’ble Bo Let Ya [Defense], Sir Gilbert Laithwaite, Hon’ble U Tin Tut [Foreign Affairs].

မြန်မာနိုင်ငံတွင် ၁၉၄၇ခုနှစ် ဇန်နဝါရီလ ၂၇တွင် ချုပ်ဆိုခဲ့သော “အောင်ဆန်းအက်တလီစာချုပ်” စာပိုဒ် (၁)အရ တိုင်းသူပြည်သားများသည် မိမိတို့၏ ကံကြမ္မာကို မိမိတို့ကိုယ်တိုင်ဖန်တီးရန်အတွက် တိုင်းပြုပြည်ပြုလွှတ်တော် ရွေးကောက်ပွဲများ ကျင်းပရန် စီစဉ်ခဲ့သည်။ တိုင်းပြုပြည်ပြု လွှတ်တော်တွင် အရွယ်ရောက်သူတိုင်း မဲပေးပိုင်ခွင့်ရှိနိုင်မည့် စနစ်ဖြင့် မြန်မာနိုင်ငံသားများကိုသာ ရွေးချယ်တင်မြှောက်ကြရမည် ဖြစ်သည်။ ပြည်မအတွက် ကိုယ်စားလှယ်များကို ၁၉၃၅ခုနှစ် မြန်မာနိုင်ငံတော်အက်ဥပဒေအရ ပြဋ္ဌာန်းထားသော မဲဆန္ဒနယ်များအတိုင်း တစ်နယ်လျှင် နှစ်ဦးကျ ရွေးချယ်တင်မြှောက်ရန် သတ်မှတ်ပေးခဲ့သည်။

ယင်းနေရာတွင် အမတ်ဦးရေမှာ ၁၈၂ဦးဖြစ်သည်။ ထို့နောက် အင်္ဂလိပ်-မြန်မာ ကပြား ၄ဦး၊ ကရင်တိုင်းရင်းသား ၂၄ဦး၊ ရှမ်းတိုင်းရင်းသား ၂၃ဦး၊ ၇ဦး၊ ချင်း ၇ဦး၊ ကရင်နီ(ကယား) ၂ဦး၊ အခြားတောင်တန်းသားများ ၆ဦး၊ စုစုပေါင်း ၂၅၅ဦး ဖြစ်သည်။ ယင်း ၂၅၅နေရာအနက် လူမျိုးစု ၄၅နေရာကို ချန်လှပ်ပြီး ၂၁၀နေရာအတွက် ရွေးကောက်တင်မြှောက်ကြ ရမည်ဖြစ်သည်။

စင်စစ်တိုင်းပြုပြည်ပြုလွှတ်တော်ဟူသည် တိုင်းပြည်တစ်ပြည်အတွက် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေတစ်ရပ် ရေးဆွဲရန် ပြည်သူလူထုက ရွေးကောက်တင်မြှောက်၍ အခွင့်အာဏာပေးအပ်ထားသည့် ပြည်သူ့ကိုယ်စားလှယ်များ ပါဝင်သော လွှတ်တော် တစ်ရပ်ပင်ဖြစ်သည်။

တိုင်းပြုပြည်ပြုလွှတ်တော်ရွေးကောက်ပွဲသို့ ဝင်ရောက်ရွေးချယ်ခံကြမည့် ပါတီများမှာ အဓိကအားဖြင့် ဖဆပလအဖွဲ့ချုပ်နှင့် ဗမာပြည်ကွန်မြူနစ်ပါတီ(အလံဖြူ)တို့ ဖြစ်သည်။

၁၉၄၇ – ဖဆပလနဲ့ ဗိုလ်ချုပ်အောင်ဆန်းဝင်ရောက်သည့် ရွေးကောက်ပွဲ

ဖဆပလအဖွဲ့ချုပ်ကို ဗိုလ်ချုပ်အောင်ဆန်းက ဦးဆောင်ခဲ့၍ “တစ်နှစ်အတွင်း လွတ်လပ်ရေးရမည်” ဟူသော ကြွေးကြော်သံဖြင့် ရွေးကောက်ပွဲဝင်ခဲ့သည်။ ဗမာပြည်ကွန်မြူနစ်ပါတီကမူ အောင်ဆန်း-အက်တလီ စာချုပ်ကို ရှုတ်ချသည်။ အဆုံးသတ်အာဏာသိမ်းပွဲအတွက် ဖဆပလကွန်မြူနစ် ညီညွတ်ကြဟူသော ဆောင်ပုဒ်ဖြင့် ရွေးကောက်ပွဲဝင်ခဲ့သည်။ သို့သော် ဒေါက်တာဘမော်၏ မဟာဗမာအဖွဲ့၊ ဂဠုန်ဦးစော၏ မျိုးချစ်ပါတီနှင့် သခင်စိုး၏ အလံနီကွန်မြူနစ်ပါတီတို့က ရွေးကောက်ပွဲမဝင်ခဲ့ကြပေ။

တိုင်းပြုပြည်ပြုလွှတ်တော်ရွေးကောက်ပွဲအတွက် အဓိကပါတီကြီးဖြစ်သော ဖဆပလအဖွဲ့ချုပ်မှ မဲဆွယ်စည်းရုံးရေးလုပ်ငန်းများ လုပ်ဆောင်ခဲ့ရာတွင် ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် မြန်မာနိုင်ငံအနှံ့အပြားသို့ သွားရောက်ဟောပြောခဲ့သည်။ ၁၉၄၇ မတ်၁၇တွင် မော်လမြိုင်မြို့ ဘုရင်မပန်းခြံ၌ ဗိုလ်ချုပ်အောင်ဆန်းက ဟောပြောခဲ့ရာတွင်-

“အခုလာမယ့် တိုင်းပြုပြည်ပြုလွှတ်တော်ရွေးကောက်ပွဲအတွက် အမတ်ဖြစ်ချင်တဲ့လူ ၂၀၀၀ ကျော်မှာ လက်ရွေးစဉ် ၁၈၂ယောက် ကို ရွေးခဲ့တယ်။ အဲဒီ ၁၈၂ယောက်မှာ ၆၀ကျော်ဟာ မလိမ်မညာတတ်သေးတဲ့ ပြည်သူ့ရဲဘော်လူငယ်တွေချည်းပဲ၊ ကျန်တဲ့ လူငယ်တွေဟာလည်း တစ်နေ့ကျလို့ အင်္ဂလိပ်ကို ခံချရမယ်ဆိုရင် သူပုန်အဖြစ် အကြေညာခံနိုင်ရဲတဲ့ လူတွေချည်းပဲလို့ ကျုပ်ယူဆတယ်။

ဒါပေမယ့် ဗုံးကြဲတဲ့နေရာမှာ မဆီမဆိုင်တဲ့ အရပ်သူအရပ်သားတွေကို ထိသွားသလို အချောင်သမားတစ်ယောက်တလေပါချင်ပါလိမ့်မယ်။ ဒီလောက် တိုတောင်းတဲ့ရက်မှာ ဒီလောက်ပဲ စိစစ်ပြီးတော့ ရွေးနိုင်မယ်။ ကျုပ်တို့ရွေးလိုက်တဲ့လူထဲမှာ သစ္စာဖောက်မယ့်သူ နည်းတယ်။ ဖောက်ရင်လည်း ကျုပ်တို့က တာဝန်ယူတယ်။ နောက်တခု ကျုပ်ပြောပြခဲ့ချင်သေးတယ်။

တပြည်လုံးအတွက် အမတ် ၁၈၂ယောက်မှာ လူမျိုးစုံလည်း ပါတယ်။ ခင်ဗျားတို့ မော်လမြိုင် ရှစ်နေရာမှာတောင် ကရင်၊ ဗမာမူဆလင်၊ မွန် လူမျိုးစုံပါအောင် ကျုပ်တို့ရွေးခဲ့တယ်။ ကျုပ်တို့ရွေးလိုက်တဲ့ လူတွေထက်တော်တဲ့လူလည်း ကျန်နေလိမ့် မယ်။ ဒါပေမယ့် ပုဂ္ဂိုလ်စွဲ ကြည်ညိုမှုကို ကျုပ်မလိုချင်ဘူး။ ဖဆပလအဖွဲ့ကြီးနဲ့ ကျုပ်ကို ရှေးက ယုံကြည်ခဲ့သလို၊ အားပေးခဲ့သလို အခုရော နောင်ကို ရော ယုံကြည်အားပေးမယ်ဆိုရင်၊ ကျုပ်တို့ရွေးလိုက်တဲ့ အမတ်လောင်းများကို တယောက်မကျန် မဲပေးစေချင်တယ်။ မဲပေးရမယ်။ မဲမပေးတဲ့လူကိုတော့ ကျုပ်မကျေနပ်နိုင်ဘူး။ လူထုကြီးက တညီတညွတ်တည်း မထောက်ခံလို့ရှိရင် ဗမာနိုင်ငံရေးဇာတ်ကြီးဟာ မျောနေမှာပဲ။ ကျုပ်တို့ကို အားမပေးလို့ ဗမာပြည်ကြီး မလွတ်လပ်ရင်တော့ ကံပဲ။

ကျုပ်ဒီကိုလာတာ မဲလာဆွယ်နေတာမဟုတ်ဘူး။ ဗြောင်မဲထည့်ခိုင်းတာ။ ဂျီစီဘီအေအစရှိတဲ့ ရှေးကနိုင်ငံရေး လုပ်ငန်းတွေနဲ့ ယှဉ်ကြည့်ပါ။ ဖဆပလလုပ်ခဲ့တဲ့ လုပ်ငန်းစဉ်ကိုလည်း ဝေဖန်ပါ။ လူမျိုးအချင်းချင်း ပဋိပက္ခဖြစ်မှုများကို တတ်နိုင်သရွေ့ အေးငြိမ်းအောင် လုပ်ခဲ့တယ်။
ကရင်နီနယ်မှာ ငတ်နေတုန်းက ဆန်ဆားဆီတို့ကို ကျုပ်တို့အစိုးရအဖွဲ့ထဲမရောက်ခင်ကပဲ အားတက်သရောပို့ခဲ့တယ်။ ကချင် ဂျင်းဖော တို့ကိုလည်း လူတန်းစေ့နေနိုင်ဖို့ အစိုးရအဖွဲ့ထဲရောက်လာအောင် ဆောင်ရွက်ပေးခဲ့တယ်။ တရုတ်၊ ကုလား လူနည်းစုတွေရဲ့အရေးကိုလည်း တတ်နိုင်သမျှ ဆောင်ရွက်ခဲ့တယ်။ အရင်က ကျုပ်တို့ကို အားပေးခဲ့သလို အခုရော ရှေ့ကိုရော ဗမာပြည်လွတ်လပ်ချင်ရင် တခဲနက် ကျုပ်တို့ ဖဆပလအဖွဲ့က ရွေးလိုက်တဲ့ အမတ်လောင်းတွေကို အားပေးကြပါလို့ ကျုပ်ပြောခဲ့တယ်။ ရှင်းရှင်းပြောမယ်ဆိုရင် ဖဆပလမှထွက်ပြီး တသီးပုဂ္ဂလ လုပ်တဲ့ လူတွေကို အားမပေးဖို့ပဲ။ ရှေ့ကို တခုခုဖြစ်မယ်ဆိုရင် ကျုပ်တာဝန်မခံနိုင်ဘူး။”
ဟု ခပ်ပြတ်ပြတ်ပင် ဟောပြောခဲ့သည်။
၁၉၄၇ ရွေးကောက်ပွဲ ဆန့်ကျင်ဖက်ဂိုဏ်းသား ၃ စု
ရွေးကောက်ပွဲကျင်းပရန် ပြင်ဆင်နေစဉ် ရွေးကောက်ပွဲကို ဆန့်ကျင်သူများလည်းရှိသည်။ ယင်းနှင့်ပတ်သက်၍ ဗိုလ်ချုပ်အောင်ဆန်း က ၁၉၄၇ ဧပြီလ ၅ရက်နေ့ ည ၆နာရီ ၃၃ မိနစ်တွင် အသံလွှင့်ဌာနမှနေ၍ တိုင်းပြည်သို့ အသံလွှင့်ပြောကြားရာ-
“…. ဖဆပလနဲ့ ရိုးရိုးတန်းတန်းယှဉ်ပြိုင်ပြီး နိုင်ငံရေးအာဏာကို လုရအောင်ကလည်း တိုင်းပြည်လူထုကိုယ်တိုင်က ထောက်ခံခြင်းမရှိတော့ ထိထိရောက်ရောက် မလုနိုင်ကြဘူး။ အဲဒီလို ရိုးရိုးတန်းတန်း မလုနိုင်တော့ သူတို့တတွေ ဖဆပလကို ဝိုင်းပြီး ခြေထိုးကြတာပဲ။ နိုင်ငံရေးမှာ မစားရတဲ့အမဲ သဲနဲ့ပက်တယ်ဆိုတာ ဒါပဲ။ ကောင်းကောင်းသာ မှတ်ထားလိုက်ကြပေတော့။
သူတို့ခြေထိုးပုံတွေကို တိုင်းပြည်လူထုသိရအောင် ကျနော် နည်းနည်းရှင်းပြပါဦးမယ်။
အဲဒီလို ရှင်းပြနိုင်အောင် ဆန့်ကျင်ဖက်ဂိုဏ်းသားတွေကို ရှေးဦးစွာ သုံးစုခွဲပြမယ်။ ပထမအစုထဲမှာ “စော၊ စိန်၊ မော်” (ဂဠုန်ဦးစော၊ သခင်ဗစိန်၊ ဒေါက်တာဘမော်) တို့လူစုတွေပါတယ်။ ဒုတိယအစုမှာ “သိန်း သန်း ကွန်မြူနစ်” (သိန်းဖေမြင့်၊ သခင်သန်းထွန်းတို့ခေါင်းဆောင်သော ကွန်မြူနစ်ပါတီ) တွေပါတယ်။ တတိယအစုမှာ အလံနီကွန်မြူနစ်တွေ ပါတယ်။ သူတို့ရဲ့ ခြေထိုးမှုတွေကို တစ်ခုစီရှင်းပြချင်ပါတယ်။
လွတ်လပ်ရေးနဲ့ပတ်သက်ပြီး ကျနော်တို့ရဲ့ တောင်းဆိုချက်တွေကို ၁၉၄၇ ဇန်နဝါရီလ ၃၁ရက်နေ့နောက်ဆုံးထားပြီး မရလျှင် ဖဆပလဝန်ကြီးတွေ ရာထူးနှုတ်ထွက်ပြီး လူထုတိုက်ပွဲဆင်နွှဲမယ်ဆိုတဲ့ ဖဆပလရဲ့ ဆုံးဖြတ်ချက်ကို တိုင်းပြည်လူထုသိတယ်မဟုတ်လား။

အဲဒီတုန်းက စော၊ စိန်၊ မော်တို့ရဲ့ ခြေလှမ်းဟာ တခြားမဟုတ်ဘူး။ ကျနော်တို့ရာထူးက နှုတ်ထွက်သွားရင် သူတို့တက်ယူမယ်ဆိုတဲ့ ခြေလှမ်းပဲ။ အဲဒီတော့ တိုတိုပြောရမယ်ဆိုရင် ဘိလပ်အစိုးရက ဆွေးနွေးပွဲတရပ် ကျင်းပရအောင် ဖိတ်လိုက်တယ်။ အဲဒီအထဲမှာ စောနဲ့စိန်တို့လည်း ပါလာကြတယ်။ သူတို့ရဲ့ အကြံကတော့ နှစ်ခုရှိတယ်။ ကျနော်တို့လိုတာတွေမရလို့လည်း ဆွေးနွေးပွဲပျက်နိုင်တယ်။ ကျနော်တို့လိုတာတွေရပေမယ့် စောနဲ့စိန် သဘောမတူဘူး ဆိုရင်လည်း ဆွေးနွေးပွဲပျက်နိုင်တယ်။ ပထမနည်းနဲ့ ဆွေးနွေးပွဲမပျက်ရင် ဘယ်နည်းနဲ့မဆို ဒုတိယနည်းနဲ့ ဆွေးနွေးပွဲကို ပျက်အောင် ဖျက်ဖို့ သူတို့ စီစဉ်ထားကြတယ်။ အဲဒီတော့ သဘောတူညီချက်ရကြလို့ လက်မှတ်ထိုးဆိုတော့ သူတို့မထိုးကြတော့ဘူး။ သူတို့ရဲ့အကြံက သူတို့ လက်မှတ်မထိုးရင် ဆွေးနွေးပွဲပျက်မယ်။ ဆွေးနွေးပွဲပျက်ရင် ဇန်နဝါရီ ၃၁ရက်နေ့မှာ ကျနော်တို့ ရာထူးက နှုတ်ထွက်ကြရမယ်။ ကျနော်တို့ နှုတ်ထွက်မှ သူတို့က တက်ယူမယ် ဆိုတဲ့ အကြံပဲ။

ဒါပေမယ့် သူတို့တတွေဟာ မူဆလင်ခေါင်းဆောင်ဂျင်းနားတို့လောက်တောင် အားမကောင်းဘူးဆိုတာကို သူတို့တွက်တဲ့အထဲမှာ ထည့်မတွက်မိကြဘူး။ အဲဒီလို မတွက်မိတဲ့အတွက် သူတို့ ဂွလုပ်ပေမယ့်လည်း ဆွေးနွေးပွဲပျက်ပြီး ကျနော် ရာထူးမှထွက်ရတာ မဖြစ်ဘဲ သူတို့သာ ထွက်သွားခဲ့တာပဲ။
အခု လျှော့မပေးဘဲ လာမယ့် ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲမဟုတ်ဘူးဆိုတာဖြစ်အောင် အသိုင်းအဝိုင်းတွေနဲ့ လုပ်နေပြန် ပြီ။ ဒါပေမယ့် တိုင်းပြည်လူထုကလည်း ဒီစားဖားကြီးတွေရဲ့အကြောင်းကို ကောင်းကောင်းသိပြီး ဖြစ်ကြလို့ ကြောက်စရာမရှိတော့ပါဘူး။ သူတို့လုပ်နေတာ အစွမ်းတကာ့အစွမ်းဆုံး အကြံကုန် ဂဠုန်ဆားချက် ဆိုတဲ့ အလုပ်မျိုးသာဖြစ်မှာပဲ။
ဒုတိယဆန့်ကျင်ရေးအစုဖြစ်တဲ့ သိန်းသန်းကွန်မြူနစ်တွေကိုတော့ ခုတင်က စားဖားကြီးတွေထက်ပိုပြီး ဂရုစိုက်ရမယ်။ ဒီသိန်းသန်း ကွန်မြူနစ်တွေဟာ ဖဆပလထဲမှာရှိတုန်းက ဖဆပလတဖွဲ့လုံးကို သူတို့ကသာ ကြိုးကိုင်ချင်တယ်။ ဒီလိုကိုင်လို့မရတော့ ဖဆပလဟာ ဒူးထောက်ရေးလမ်းစဉ် လိုက်သလေး၊ စေ့စပ်ရေးလမ်းစဉ်လိုက်သလေးနဲ့ တောင်စဉ်ရေမရ စွပ်စွဲချက်တွေကြောင့် လည်း သူတို့တတွေကို ဖဆပလထဲက ထုတ်ပစ်လိုက်ရတာပဲ။
ဖဆပလရဲ့ တတိယဆန့်ကျင်ဖက်ဂိုဏ်းသားဖြစ်တဲ့ အလံနီတွေအကြောင်းကို ကျနော်နည်းနည်းပြောချင်တယ်။ အလံနီနောက်လိုက်တွေကတော့ သနားစရာတွေပဲ။ တောင်ပို့ကြီးကို ဘုရားမှတ်ပြီး ကိုးကွယ်နေကြတယ်။ သူတို့ရဲ့ ဆရာကြီးသခင်စိုးဆိုတာကတော့ အစက လူကောင်းတယောက် ဖြစ်ပေမယ့် စိတ်၏ဖောက်ပြန်မှုဒဏ်ကို မခံနိုင်တာနဲ့ အခုတော့ ကြမ်းပိုးတော်လှန်ရေးသမားဖြစ်နေပြီ။ ဗမာ့လွတ်လပ်ရေးတွေ ဘာတွေကိုတောင် မျက်နှာထောက်မနေနိုင်တော့ဘူး။ ဒီလူဟာ ပိုက်ဆံသာခပ်များများရမယ်ဆိုရင် အကုန်လုံးလိုက်ဖျက်ပေးမှာပဲ။ ကျနော်ပြောရင်ယုံပါ။ သူ့အကြောင်းကို ဒီလောက်ပဲပြောပါရစေ။
နိုင်ငံရေးအာဏာကို တရားသောနည်းများထဲက မည်သည့်နည်းနှင့်မဆို တရားအတိုင်းလုပ်ကြပါ။ ဒီလိုလုပ်တဲ့လူတွေကို တရားဥပဒေနှင့်လျော်ညီစွာ ကျနော်တို့က အစွမ်းကုန် ကာကွယ်ပေးမည်။ ဒီလိုမှမဟုတ်ဘဲ မစားရတဲ့အမဲ သဲနှင့်ပက်သည့်အနေမျိုးဖြင့် တိုင်းပြည်ကြီးကို မှောက်အောင်လုပ်ပစ်မယ် ဆိုရင် လူထုရဲ့အကျိုးကို မြော်ကိုးသောအားဖြင့် အဲဒီလို တိုင်းပြည်မှောက်သွားအောင် ကြိုးပမ်းနေတဲ့လူတွေကို ကျနော်တို့က အစွမ်းကုန်ချရမှာပဲဆိုတာ တိတိလင်းလင်း သတိပေးလိုက်ပါတယ်။”
ဟု ပြောကြားခဲ့သည်။
၁၉၄၇ ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲ ရလဒ်
တိုင်းပြုပြည်ပြုလွှတ်တော်ရွေးကောက်ပွဲကို ၁၉၄၇ ဧပြီ၉တွင် ကျင်းပခဲ့ရာ ဖဆပလက (၁၇၂)နေရာ၊ ကရင်တိုင်းရင်းသားက (၂၄)နေရာ၊ ဗမာပြည်ကွန်မြူ နစ်ပါတီက (၇)နေရာ၊ အင်္ဂလိပ်-မြန်မာကပြားက (၄)နေရာ၊ တသီးပုဂ္ဂလက (၃)နေရာ အသီးသီးရွေးချယ်ခံခဲ့ရသည်။
မြန်မာတပြည်လုံးတိုင်းပြုပြည်ပြု လွှတ်တော်အမတ် ၂၅၅ နေရာတွင် ၂၄၃နေရာကို ဖဆပလမှ ရရှိခဲ့ရာ ၉၅ဒဿမ၃ရာခိုင်နှုန်း ရွေးချယ်တင်မြှောက်ခံခဲ့ရသည်ဟု ဆိုနိုင်ပါသည်။
ရွေးကောက်ပွဲတွင် ကရင်လူမျိုးစုအမတ် (၂၄)နေရာလုံး၌ ရွေးချယ်နိုင်ခဲ့ပြီး သံလွင်ခရိုင်မှ ကရင်အမျိုးသားအမတ် (၂)ဦး၊ ဖဆပလအမတ်အဖြစ် အရွေးခံသူ ကရင်အမတ် (၃)ဦးနှင့်ပေါင်းလျှင် စုစုပေါင်း ကရင်တိုင်းရင်းသားအမတ် (၂၉)ဦးပင် ရှိခဲ့သည်။ ယင်း ၂၉ဦးအနက် အများစုမှာ ကရင်လူငယ် အစည်းအရုံးမှဖြစ်ကြသည်။
ရွေးကောက်ပွဲတွင် သခင်နုအနေဖြင့် ဝင်ရောက် အရွေးခံခဲ့ခြင်း မရှိခဲ့ပေ။ သို့သော် တိုင်းပြုပြည်ပြုလွှတ်တော် မြိတ်မဲဆန္ဒနယ်မှ အမတ် ဦးမောင်မောင်ခင် သည် မြိတ်မြို့မှ ရန်ကုန်သို့ ဗြိတိသျှအိန္ဒိယ ရေကြောင်းပိုင် အဒင်ဆင်သင်္ဘောဖြင့် လာရောက်စဉ် ထားဝယ်မြို့အနီးအရောက်တွင် မုန်တိုင်းမိ၍ သင်္ဘောနစ်မြုပ်သွားခဲ့သည်။
လစ်လပ်သွားသော မြိတ်မဲဆန္ဒနယ်အတွက် ကြားဖြတ်ရွေးကောက်ပွဲကို ဖဆပလအဖွဲ့ချုပ်မှ ၁၉၄၇ ဇွန် ၂တွင် ကျင်းပခဲ့ရာ သခင်နုသည် ယှဉ်ပြိုင်သည့်သူမရှိ ရွေးချယ်ခံရသည်။ သို့ဖြင့် ဖဆပလ ဒုဥက္ကဌ၊ ပြည်သူ့လွှတ်တော်ဥက္ကဌစသည့်ရာထူးများ ရရှိလာခဲ့သည်။
တိုင်းပြုပြည်ပြုလွှတ်တော်ရွေးချယ်ခံအမတ်များထဲတွင် နောင်နိုင်ငံရေးလောက၌ ထင်ရှားလာသူများအပြားပါဝင်ခဲ့သည်။ ယင်းတို့အနက် တချို့မှာ ဦးကျော်ငြိမ်း (ပဲခူးတိုင်းပြည်မြို့အမတ်၊ နောင် ဒုတိယဝန်ကြီးချုပ်)၊ ဦးတင်ထွဋ် (ဟင်္သာတခရိုင်၊ နောင် နိုင်ငံခြားရေးဝန်ကြီး)၊ ဦးရာဇတ် (မန္တလေးအရှေ့ပိုင်းအမတ်၊ နောင် ပညာရေးဝန်ကြီး)၊ မြန်မာ့အလင်းဦးတင် (ရန်ကုန် သိမ်ဖြူအမတ်၊ နောင် ဘဏ္ဍာရေးနှင့်အခွန်တော်ဝန်ကြီး)၊ စဝ်ရွှေသိုက် (နယ်စပ်ဒေသရှမ်းအမတ်၊ နောင် သမ္မတ)၊ မန်းဝင်းမောင် (ပုသိမ်မြောက်ပိုင်းအမတ်၊ နောင် သမ္မတ)၊ ဗိုလ်စိန်မှန် (သာယာဝတီတောင်ပိုင်း အမတ်၊ နောင် ဌာနလက်ကိုင်မရှိ ဝန်ကြီး)၊ စသူတို့ဖြစ်ကြသည်။
လွှတ်တော်ပြင်ဆင်မှုညီလာခံမှ အခြေခံဥပဒေဆီသို့
တိုင်းပြုပြည်ပြုလွှတ်တော်ရွေးကောက်ပွဲပြီးနောက် ဖဆပလအဖွဲ့ချုပ်သည် ပထမအကြိမ် တိုင်းပြုပြည်ပြုလွှတ်တောညီလာခံကို ခေါ်ယူရန်အတွက် ဖဆပလပဏာမပြင်ဆင်မှုညီလာခံကို ၁၉၄၇ မေလ ၁၉တွင် ရန်ကုန်မြို့ ဂျူဗလီဟော (ယခု တပ်မတော်မော်ကွန်းတိုက်ရုံးနှင့် စစ်သမိုင်းပြတိုက်) ၌ စတင်ကျင်းပခဲ့သည်။ ညီလာခံကို မေလ ၁၉ မှ ၂၃ရက်နေ့အထိ ၅ရက်တိုင်တိုင် ကျင်းပသည်။ ညီလာခံကျင်းပရခြင်း၏ ရည်ရွယ်ချက်မှာ နောင် လွတ်လပ်လာမည့် နိုင်ငံတော်အတွက် အခြေခံဥပဒေရေးဆွဲရေးပင်ဖြစ်သည်။ အခြေခံဥပဒေရေးဆွဲရေးအတွက် သခင်မြဦးဆောင်သော ကော်မတီအဖွဲ့ဝင် (၇၅)ဦး နှင့် ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်သော အဖွဲ့ဝင် (၁၁၁)ဦးက စိစစ်ပေးရမည်ဖြစ်သည်။
ညီလာခံတွင် ဗိုလ်ချုပ်အောင်ဆန်းက-
“အခု ဒီမိုကရေစီပေါ်နေတဲ့တိုင်းပြည်တွေအများဟာ တကယ့်ဒီမိုကရေစီမဟုတ်သေးဘူး။ ငါးမူး၊ သုံးမူးကပဲ တကယ်ပဲ ဒီမိုကရေစီတွေ ဖြစ်ကြသေးတယ်။
တကယ့်ဒီမိုကရေစီဆိုတာ နိုင်ငံရေးသဘောတရားအရ ပြည်သူတွေရဲ့အကျိုးအတွက် ပြည်သူတွေက တင်မြှောက်တဲ့ ပြည်သူတွေရဲ့ အစိုးရဖြစ်ရုံနဲ့ မပြီးသေးဘူး။ အဲဒီအစိုးရဟာ ပြည်သူတွေရဲ့ လက်ငင်းစီးပွားရေးအဆင့်အတန်းကို အခွင့်အရေးတန်းတူရနိုင်တဲ့အခြေအထိ မြှင့်တင်နိုင်အောင် ဆောင်ရွက်ပေးမှ တကယ့် ဒီမိုကရေစီအထိ တက်လှမ်းနိုင်မယ်။ ဒါဖြင့် အဲဒီလို ဒီမိုကရေစီအဆင့်အတန်း ရောက်အောင် ဘယ်လိုအခြေခံတွေ ချရမလဲ။
(၁) အရေးကြီးတဲ့ စက်မှုလက်မှုပစ္စည်းလုပ်ငန်းတွေကို အစိုးရသိမ်းနိုင်ရမယ်။ သို့မဟုတ် သိမ်းနိုင်အောင် အခြေခံမျိုးထားရမယ်။
(၂) အလုပ်သမားတွေရဲ့နေရေး၊ ထိုင်ရေး၊ စားရေး၊ သောက်ရေး၊ ကျန်းမာရေး၊ စည်းရုံးရေး၊ အိုနာစာအရေး အစရှိသဖြင့် အခွင့်အရေးတွေရှိရမယ်။
(၃) လယ်လုပ်တဲ့လူတွေရဲ့လက်ထဲ လယ်ရောက်အောင် စီစဉ်နိုင်ရမယ်။ လယ်အမြောက်အမြားကို တသီးပုဂ္ဂလပိုင်ဆိုင်တဲ့စနစ်ကို ပယ်ဖျက်နိုင်ရမယ်။
(၄) လူမျိုးအသီးသီးဟာလည်း သူတို့ရထိုက်တဲ့ အခွင့်အရေးတွေရအောင် စီစဉ်ထားရမယ်။
(၅) တိုင်းသူပြည်သားတွေသာလျှင် အာဏာပိုင်အစစ်ဖြစ်တယ်ဆိုတဲ့ သဘောတရားကို ခိုင်ခိုင်မာမာဖြစ်အောင် စီစဉ်တတ်ရမယ်။
(၆) လူမျိုးဘာသာ လိင်မရွေး တိုင်းပြည်ကြီးသားတို့ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေပါရမယ်။
(၇) တိုင်းပြည်ကာကွယ်ရေးဟာ ပြည်သူ့အစိုးရတာဝန်ဖြစ်တယ်။ အခု ကျွန်ဘဝမှာလို ရှေးကလို အပျော်တမ်းရဲအဖွဲ့အစရှိတဲ့ အခုပြည်သူ့ရဲဘော်တပ်ဖွဲ့ ဆိုတဲ့ အဖွဲ့မျိုးတွေကို တသီးတခြားတည်ထောင်ရတဲ့ အခြေအနေမျိုးမရှိစေရဘူး။
(၈) တိုင်းပြည်ဥပဒေတရားရုံးစနစ်ဟာလည်း ပြည်သူတွေရဲ့အကျိုးကို ရှေးရှုမယ့် ပြည်သူ့တရားရုံးစနစ်မျိုး ဖြစ်ရမယ်။
အဲဒီလိုအချက်တွေပါမှသာလျှင် တကယ့်ဒီမိုကရေစီအခြခံတွေချရာရောက်မယ်။ ဒါမှသာလျှင် သူ့အချိန်အခါရောက်တဲ့အခါ ဒီမိုကရေစီဆိုတဲ့ အဆောက်အအုံကြီးကို မားမားမတ်မတ် တည်ဆောက်နိုင်မယ်။” ဟူ၍ ပြောကြားခဲ့သည်။
ညီလာခံနောက်ဆုံးနေ့ဖြစ်သော ၁၉၄၇ မေလ ၂၃ရက်တွင် စိစစ်ရေးကော်မတီက စိစစ်ပြသော ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းကို အတည်ပြုခဲ့သည်။ ဖဆပလအဖွဲ့ချုပ်က ရေးဆွဲခဲ့သည့် အခြေခံမူကြမ်းတွင် အခန်းကြီး (၁၄)ခန်း၊ ပုဒ်မခွဲ (၁၂၇)ခုနှင့် ဇယားတစ်ခုပါရှိသည်။
ဖဆပလ ပဏာမညီလာခံတွင် တင်သွင်းခဲ့သည့် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေမူကြမ်းကို ပြည်ထောင်စုတိုင်းရင်းသားအများစုက ထောက်ခံကြသော် လည်း ဝါရင့်နိုင်ငံရေးသမားကြီး ဒေါက်တာဘမော်က ဖဆပလမှရေးဆွဲခဲ့သည့် အခြေခံဥပဒေမူကြမ်းသည်
အိန္ဒိယတိုင်းပြုပြည်ပြုလွှတ်တော်၏ ဆုံးဖြတ်ချက်ကို ပုံတူကူးချထားပြီး အချက်အလက်အချို့သည် ဆိုဗိယက်ယူနီယံဖွဲ့စည်းအုပ်ချုပ်ပုံမှ ယူထားကြောင်း ဝေဖန်ခဲ့သည်။ ဒေါက်တာဘမော် သည် လူမျိုးပေါင်းစုံဖြင့် ဖွဲ့စည်းထားသော ပြည်ထောင်စုတည်ထောင်ခြင်းကို ပြင်းထန်စွာဆန့်ကျင်ခဲ့သူလည်း ဖြစ်သည်။
သို့သော် ဒေါက်တာဘမော်၏ ဝေဖန်ချက်ကို ဗိုလ်ချုပ်အောင်ဆန်းက ပြန်လည်ချေပရာ၌ ပညာရှိအဓိပတိဟောင်းကြီး၏ အဆက်ဆက်က ပြောရိုးဆိုရိုးအတိုင်းပင် သူ၏စကားလုံးများသည် အပေါ်ယံအားဖြင့် လေးနက်ဟန်ရှိသော်လည်း သေချာလေ့လာပါက သူ၏ဝေဖန်ချက်များမှာ အနှစ်သာရ ကင်းမဲ့နေသည်ကို တွေ့ရကြောင်း၊ အပြုသဘောပါဝင်သည့် စကားတစ်လုံးတလေမှ မတွေ့ရကြောင်း၊ ဒေါက်တာဘမော်သည် တောင်တန်းဒေသ လူမျိုးများ၏ ကိုယ်ပိုင်အုပ်ချုပ်ရေးရလိုမှုနှင့်စပ်လျဉ်း၍ မည်သို့မည်ပုံ လိုက်လျောသင့်သည်ကို ပြောဆိုဝေဖန်ရန် လစ်ဟင်းခဲ့ကြောင်း သူ၏ဝေဖန်ချက်များမှာ မကြာမီက ကျင်းပပြီးစီးခဲ့သော ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့သည့် သူ၏ အပြုအမူနှင့် လိုက်လျောညီထွေရှိကြောင်း” ပြောကြားသွားခဲ့သည်။
၄၇ ခုနှစ် ပထမလွှတ်တော်ညီလာခံ မှ အခြေခံဥပဒေရေးဆွဲရေး ဆီသို့
ထို့နောက် ၁၉၄၇ ဇွန် ၁၀တွင် ပထမအကြိမ်မြောက် တိုင်းပြုပြည်ပြုလွှတ်တော်ညီလာခံကို နံနက် ၁၁နာရီတွင် စတင်ကျင်းပခဲ့ရာ လွှတ်တော်အမတ် ၂၅၅ဦးအနက် ၁၄၆ဦး တက်ရောက်ခဲ့သည်။ ညီလာခံအစည်းအဝေးတွင် ခေတ္တသဘာပတိအဖြစ် သခင်မြကို တင်မြှောက်ခဲ့ကြသည်။
ညီလာခံတွင် လွှတ်တော်သဘာပတိအဖြစ် သခင်နုအားတင်မြှောက်ရန် အဆိုတင်သွင်းခဲ့ကြသည်။ ပထမအဆိုကို ဗိုလ်ချုပ်အောင်ဆန်းက တင်သွင်းပြီး စဝ်ရွှေသိုက်က ထောက်ခံခဲ့သည်။ ဒုတိယအဆိုကိုမူ မန်းဘခိုင်က တင်သွင်းပြီး မစ္စတာအီဘာနာဒ်က ထောက်ခံခဲ့သည်။
၁၉၄၇ ဇွန်၁၆ရက်နေ့တွင် ဆက်လက်ကျင်းပသော ညီလာခံ၌ ဗိုလ်ချုပ်အောင်ဆန်းက ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ ရေးဆွဲရာတွင် ပါဝင်ရမည့် အခြေခံအချက်အလက်များကို ချမှတ်ပေးသည့် လမ်းညွှန်အဆိုအား တင်သွင်းခဲ့သည်။
ယင်းအဆို၌ အချက်(၇)ချက်ပါရှိရာ
“နိုင်ငံတော်ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေသည် ‘ပြည်ထောင်စုနိုင်ငံတော်’ဟု ခေါ်တွင်စေသော လွတ်လပ်သည့် အချုပ်အခြာအာဏာပိုင် သမ္မတနိုင်ငံ၏ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံ ဥပဒေဖြစ်စေရမည်။
ပြည်ထောင်စုနိုင်ငံတော်တွင် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေက သတ်မှတ်ဖော်ပြသည့် တသီးပုဂ္ဂလပြည်နယ်များ ပါဝင်စေလျက်၊ ထိုသို့ သတ်မှတ်ဖော်ပြသည့်  တသီးပုဂ္ဂလပြည်နယ်များသည် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေတွင် သတ်မှတ်ဖော်ပြထားသည်နှင့်အမျှ ကိုယ်ပိုင်အုပ်ချုပ်ရေး အာဏာရရှိစေရမည်။”
စသည့်အချက်များ ပါဝင်ခဲ့သည်။
ဗိုလ်ချုပ်အောင်ဆန်းသည် ပထမအကြိမ် တိုင်းပြုပြည်ပြုလွှတ်တော်ညီလာခံတွင် လမ်းညွှန်အဆိုကို တင်သွင်းခဲ့ရာ၌ မိနစ် ၉၀ကြာ မိန့်ခွန်းရှည်တရပ် ကိုလည်း ပြောကြားခဲ့သည်။
ဗိုလ်ချုပ်အောင်ဆန်း၏လမ်းညွှန်အဆိုကို ဖဆပလအမတ်များအပြင် ရှမ်းပြည်အမတ်များဖြစ်ကြသော ညောင်ရွှေစော်ဘွားကြီး၊ ဦးထွန်းမြင့်၊ အင်္ဂလိပ်မြန်မာကပြားအမတ် မစ္စတာ ရေးဗား (Mr. A.River)၊ကရင်အမတ်များဖြစ်ကြသော မန်းဘခိုင်၊ စောစံဘိုးသင်၊ စောဝီရီကျော်၊ ကချင်အမတ်များ ဖြစ်ကြသော ဆမားဒူးဝါးနောင်၊ ဒူးဝါးဇော်လွန်း၊ ချင်းအမတ် ဝမ်ကိုဟော၊ မွန်အမတ် မွန်ထွန်းရင်၊ ရခိုင်အမတ် ဗိုလ်ဘစော၊ ဦးစံထွန်းအောင်၊ ကွန်မြူနစ်အမတ် သခင်သန်းဖေ၊ မူဆလင်အမတ် ဦးစိန်ဘွား၊ အမျိုးသမီးအမတ် ဒေါ်စောရွှေနှင့် ဒေါ်လှရှင်တို့က ထောက်ခံခဲ့ကြရာ ကန့်ကွက်သူမရှိ အတည်ပြုခဲ့ကြသည်။
ယင်းနောက် ပထမအကြိမ် တိုင်းပြုပြည်ပြုလွှတ်တော်ညီလာခံကျင်းပအပြီး တစ်လအကြာ ၁၉၄၇ ဇူလိုင် ၁၉ရက်တွင် ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် အာဇာနည်ခေါင်းဆောင်ကြီးများ မသမာသူတို့၏ လုပ်ကြံသတ်ဖြတ်မှုကြောင့် ကျဆုံးခဲ့ရသည်။
ဗိုလ်ချုပ်မပါတော့သည် နောက်ဆက်တွဲ ညီလာခံများ
ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများ ကျဆုံးသွားပြီး ၁၀ရက်အကြာ ၁၉၄၇ ဇူလိုင် ၂၉ရက်နေ့တွင် ဒုတိယအကြိမ် တိုင်းပြုပြည်ပြုလွှတ်တော်ညီလာခံကို ၁၉၄၇ သြဂုတ်လ ၁၆ရက်နေ့အထိ (၁၈)ရက်ကြာ ကျင်းပခဲ့သည်။
ညီလာခံတွင် သခင်နုသည် ဗိုလ်ချုပ်အောင်ဆန်း၏နေရာအား ဆက်ခံသူအဖြစ် ဘုရင်ခံ၏အမှုဆောင်ကောင်စီ (ဝန်ကြီးအဖွဲ့)တွင် ဥက္ကဌဖြစ်သွားသော ကြောင့် လွှတ်တော်ဥက္ကဌအဖြစ်မှ နှုတ်ထွက်၍ လစ်လပ်သွားသော လွှတ်တော်ဥက္ကဌနေရာ၌ ညောင်ရွှေစော်ဘွားကြီး စဝ်ရွှေသိုက်အား လွှတ်တော်ဥက္ကဌ အဖြစ် တင်မြှောက်ခဲ့ကြသည်။
ဒုတိယအကြိမ်မြောက် တိုင်းပြုပြည်ပြုလွှတ်တော်ညီလာခံတွင် အခြေခံဥပဒေရေးဆွဲရေးကော်မတီ၏ အခြေခံဥပဒေမူကြမ်းကို တင်သွင်းခဲ့ကြသည်။
အခြေခံဥပဒေမူကြမ်းတွင် ဥပဒေနိဒါန်း၊ အခန်း (၁၂)ခန်း နှင့် ဇယား (၄)ခု ပါဝင်သည်။ ဒုတိယအကြိမ် တိုင်းပြုပြည်ပြုလွှတ်တော်ညီလာခံမှ အခြေခံဥပဒေမူကြမ်းကို လက်ခံရန်ဆုံးဖြတ်ခဲ့ကြပြီးနောက် အချောကိုင်ရန်အတွက် အခြေခံဥပဒေအချောကိုင်ကော်မတီကို ဖွဲ့စည်းကာ အချောသပ် လုပ်ဆောင်စေခဲ့သည်။
အခြေခံဥပဒေအချောကိုင်ကော်မတီ၌  လွှတ်တော်ဥက္ကဌ စဝ်ရွှေသိုက်၊ ဦးတင်ထွဋ်၊ သခင်လွန်းဘော်၊ မန်းဝင်းမောင်၊ သခင်တင်၊ သခင်တင်ထွန်း၊ ဦးဘသီ၊ မစ္စတာအေရေးဗားစ်၊ ဦးကျော်မြင့်၊ ဗိုလ်ထိန်လင်း၊ စောနော်တင်ဘွား၊ စဝ်ခွန်ချို၊ ဆာမားဒူးဝါးဆင်ဝါးနောင်၊ ဝမ်ကိုဟော၊ ဦးတင် (မြန်အောင်) နှင့် သခင်နု တို့ ပါဝင်ကြသည်။
ယင်းနောက် ဗိုလ်ချုပ်အောင်ဆန်းမျှော်မှန်းထားသည့်အတိုင်း တိုင်းပြုပြည်ပြုလွှတ်တော်ရွေးကောက်ပွဲကျင်းပအပြီး ငါးလခွဲအကြာ ၁၉၄၇ စက်တင်ဘာလ ၁၅ရက် မှ ၂၄ရက်အထိ ကျင်းပခဲ့သော တတိယအကြိမ်မြောက် တိုင်းပြုပြည်ပြုလွှတ်တော်ညီလာခံတွင် အချောကိုင်ကော်မတီမှ တင်သွင်းခဲ့သော ၁၉၄၇ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို တညီတညွတ်တည်း လက်ခံအတည်ပြုခဲ့ကြသည်။
လွှတ်တော်ညီလာခံအပြီး နောက်တစ်နေ့ ၁၉၄၇ စက်တင်ဘာလ ၂၅တွင် ဘဏ္ဍာရေးဝန်ကြီး ဦးတင်ထွဋ်ဦးဆောင်သော မြန်မာနိုင်ငံဘဏ္ဍာရေးမစ်ရှင် အဖွဲ့သည် အင်္ဂလန်သို့ သွားရောက်ခဲ့သည်။ ယင်းအဖွဲ့တွင် ဦးကိုကိုကြီး၊ ဗိုလ်မှူးအောင်၊ မန်းဝင်းမောင်၊ ဦးအေးမောင်၊ မိုးမိတ်စော်ဘွားကြီး၊ ဦးဝမ်ကိုဟော၊ ဦးလဘန်ဂရောင်တို့ လိုက်ပါခဲ့ကြသည်။ စက်တင်ဘာလ ၂၈ရက်တွင် ဗြိတိသျှနန်းရင်းဝန်အက်တလီနှင့်တွေ့ဆုံကာ ယခင်က ကြိုတင်ဆွေးနွေးထားသော ဘဏ္ဍာရေးဆိုင်ရာကိစ္စရပ်များကို အပြီးသတ်ဆွေးနွေးနိုင်ခဲ့သည်။
ထို့နောက် အချုပ်အခြာအာဏာလွှဲပြောင်းရယူရေးစာချုပ်ချုပ်ဆိုရန်အတွက် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ၁၉၄၇ အောက်တိုဘာလ ၁၂တွင် အင်္ဂလန်သို့ ထွက်ခွာသွားကြသည်။
ယင်းအဖွဲ့တွင် ယာယီဝန်ကြီးချုပ် သခင်နု၊ ဒုဝန်ကြီးချုပ်ဗိုလ်လက်ျာနှင့် နိုင်ငံရေးအတွင်းဝန်ဗိုလ်ထွန်းလင်းတို့ လိုက်ပါခဲ့ကြသည်။
၁၉၄၇အောက်တိုဘာလ၁၇ရက်တွင် ဗြိတိသျှနန်းရင်းဝန်အက်တလီနှင့် မြန်မာပြည်ယာယီအစိုးရဝန်ကြီးချုပ် သခင်နုတို့သည် သမိုင်းဝင်မြန်မာ့လွတ်လပ်ရေးစာချုပ် ခေါ် “နု-အက်တလီစာချုပ်” ကို ချုပ်ဆိုခဲ့ကြသည်။ အဆိုပါစာချုပ်တွင် ဗြိတိသျှအစိုးရက ပြည်ထောင်စုမြန်မာနိုင်ငံအား လုံးဝလွတ်လပ်သောအချုပ်အခြာအာဏာပိုင် နိုင်ငံဟူ၍ အသိအမှတ်ပြုကြောင်း ပါရှိခဲ့သည်။
ဗြိတိသျှပါတီတွင်လည်း မြန်မာပြည်လွတ်လပ်ရေးဥပဒေကြမ်းကို ၁၉၄၇ ဒီဇင်ဘာလ ၁၀ရက်၌ ဆွေးနွေးညှိနှိုင်းခဲ့ကြရာ၊ ထောက်ခံမဲ ၂၂၈၊ ကန့်ကွက်မဲ ၁၁၄မဲဖြင့် အတည်ပြုခဲ့ကြသည်။ သို့ဖြင့် မြန်မာ့လွတ်လပ်ရေးဥပဒေကြမ်းကို ဗြိတိသျှဆဋ္ဌမမြောက် ဂျော့ဘုရင်က အတည်ပြုလက်မှတ်ရေးထိုး ပေးလိုက်သည်။
စတုတ္ထအကြိမ် လွှတ်တော်ညီလာခံ သို့မဟုတ် လွတ်လပ်ရေးအကြိုညီလာခံ
ယင်းနောက် ၁၉၄၈ခု ဇန်နဝါရီ၃ရက် နံနက် ၁၁နာရီတွင် အတွင်းဝန်ရုံးအတွင်းရှိ တိုင်းပြုပြည်ပြုလွှတ်တော်အဆောက်အအုံ၌ စတုတ္ထအကြိမ်မြောက် တိုင်းပြုပြည်ပြုလွှတ်တော်ညီလာခံကို ကျင်းပခဲ့ရာ အဆိုပါညီလာခံသည် မြန်မာ့လွတ်လပ်ရေးအကြိုညီလာခံဟု ခေါ်ဆိုနိုင်ပေသည်။
ညီလာခံတွင် လွှတ်တော်ဥက္ကဌသစ်အဖြစ် ညောင်ရွှေစော်ဘွားကြီး စဝ်ရွှေသိုက်နေရာတွင် ရမည်းသင်းမြောက်ပိုင်းအမတ် ပျော်ဘွယ်ဦးမြကို တင်သွင်းခဲ့ကြသည်။
ညောင်ရွှေစော်ဘွားကြီးစဝ်ရွှေသိုက်သည် လွှတ်တော်နာယကအဖြစ် တင်မြှောက်ခံရသည်။
ယာယီဝန်ကြီးချုပ် သခင်နုက မြန်မာနိုင်ငံလွတ်လပ်ရေးရရှိချိန်မှစ၍ စတင်တာဝန်ထမ်းဆောင်ကြတော့မည့် ဝန်ကြီး ၁၈ဦး၏ အမည်စာရင်းကို ကြေညာခဲ့သည်။
ဤသို့ဖြင့် တမျိုးသားလုံး မျှော်လင့်တောင့်တနေသော မြန်မာ့လွတ်လပ်ရေးသည် ၁၉၄၈ဇန်နဝါရီလ ၄ရက် နံနက် ၄နာရီ ၂၀မိနစ်တွင် ရရှိခဲ့လေသည်။ ယင်းအချိန်၌ပင် ရန်ကုန်မြစ်ကမ်းတွင် ဆိုက်ကပ်ထားသော ဘာမင်ဟမ်စစ် သဘောင်္မှ အမြောက်ပစ်ဖောက်အချက်ပေးနေစဉ် တိုင်းပြုပြည်ပြုလွှတ်တော်ရှေ့ရှိ အလံတိုင်တွင် လွှင့်ထူထားသော ဗြိတိသျှယူနီယံအလံကို ဖြုတ်ချပြီးနောက် မြန်မာနိုင်ငံတော်အလံကို လွှင့်ထူခဲ့သည်။
ယင်းနောက် နံနက် ၄နာရီ ၄၅မိနစ်တွင် လွှတ်တော်အစည်းအဝေးခန်းမ၌ နိုင်ငံတော်အာဏာလွှဲပြောင်းပွဲအခမ်းအနားကျင်းပခဲ့ရာ တိုင်းပြုပြည်ပြု လွှတ်တော် နာယက စဝ်ရွှေသိုက်သည် ယာယီသမ္မတဖြစ်လာခဲ့သည်။
ထိုနေ့နံနက် ၆နာရီ ၃၀မိနစ်တွင် ဘုရင်ခံအိမ်တော်၌လည်း အာဏာလွှဲပြောင်း သည့် အထိမ်းအမှတ်အခမ်းအနားကျင်းပခဲ့သည်။ နံနက် ၈နာရီ ၂၀မိနစ်တွင် ဘုရင်ခံဆာဟူးဘတ်ရန့်ခ်နှင့်ဇနီးတို့သည် ဘာမင်ဟမ်စစ်သင်္ဘောဖြင့် မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာသွားသည်။
(ဆက်လက်ဖော်ပြပါမည်)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Related posts

Tags: ,

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:မှတ်စုမှတ်တမ်း

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ

By

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ (မိုးမခစာအုပ်စင်) အောက်တိုဘာ ၁၈၊ ၂၀၁၈...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ (မိုးမခ) အောက်တိုဘာ ၁၂၊ ၂၀၁၈ မိုးမခစာပေက...

Read more »

မိုးမခမဂ္ဂဇင်း စက်တင်ဘာ ၂၀၁၈ နဲ့ ကာတွန်းရေစီးကြောင်း

By

  မိုးမခမဂ္ဂဇင်း စက်တင်ဘာ ၂၀၁၈ နဲ့ ကာတွန်းရေစီးကြောင်း ထွက်တော့မယ် (မိုးမခ) စက်တင်ဘာ...

Read more »

ဒေါ်ခင်မျိုးချစ်၏ သတင်းစာလောက ထွက်ပါပြီ

By

ဒေါ်ခင်မျိုးချစ်၏ သတင်းစာလောက ထွက်ပါပြီ (မိုးမခ) သြဂုတ် ၂၄၊ ၂၀၁၈ စာရေးဆရာမကြီး ဒေါ်ခင်မျိုးချစ်...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments