စည်းကမ်းမရှိသော မန္တလေးသို့

March 11, 2012

ဖိုးထက်
မတ်လ ၁၁၊ ၂၀၁၂

ကျနော်က မန္တလေးမှာမွေးသောအကောင်မဟုတ်ပေမယ့် လူမှန်း မသိတတ်စအရွယ်ကတည်းက မန္တလေးမှာနေခဲ့ရသောကြောင့် မန္တလေး သားကွဟု အမြဲပြောတတ်သည်။ “မန္တလေးသားကွ” ဟူသောစကား၏နောက်ကွယ်တွင် ကြွားဝါချင်သော အငွေ့အသက် နည်းနည်းပါနေ သည်ကို သတိထားမိပေလိမ့်မည်။

သူ့ဘာသာ ဘယ်မှာမွေးမွေး၊ ဘယ်မှာကြီးကြီး ဘာကြွားစရာလိုသလဲဟု ထင်ချင်စရာရှိသည်။ သို့သော် မန္တလေးသား၊ မန္တလေးသူများက ကျုံးရေသောက်၊ နန်းရိပ်ခိုနေခဲ့ရသည်ကိုဂုဏ်ယူကာ ကြွားဝါချင်ကြဟန်တူသည်။

ရန်ကုန်သား အကြွား၊ မော်လမြိုင်သား အစား၊ မန္တလာသားစကားဆိုသည့် မှတ်တမ်းမှတ်ရာ တိတိပပမရှိသော အရပ်စကားများ ရှိကြသည်။ ရန်ကုန်က ဟိုးနှစ်အကြာကြီးကတည်းက ဆိပ်ကမ်းမြို့တော်၊ အစိုးရ ရုံးစိုက်ရာမြို့ပီပီ မျက်စိကြီး၊ နားကြီးရှိသည်။ ယခုအချိန်ထိ ရန်ကုန် နှင့် မန္တလေးသည် ကွာဟချက်ကြီးကြီးမားမားရှိနေသေးသည်။ ရန်ကုန်က အဆက်အသွယ်ကောင်းသည်။ နိုင်ငံခြား အလုပ်ထွက်လုပ်ချင် သလား၊ နိုင်ငံခြားမှာ ကျောင်းသွားတက်ချင်သလား၊ အဆင့်အတန်းမှီ သင်တန်းများများစားစားကို ရွေးချယ်တက်ရောက်ချင်သလား။ ရန် ကုန်သည် မင်းသမီး၊ ရန်ကုန်သည် အထင်ကြီးစရာ။

ထို့အပြင် ဗန်းစကားများ၊ ခေတ်မှီဝတ်စားဆင်ယင်ပုံများသည် ရန်ကုန်မှစတင်သည်ဟု ပြောလျှင်ရမည်။သို့သော် “သားကြီးကလဲကွာ..သား ကြီးကလဲ “ဆိုသည့် ရန်ကုန်သားများ သူငယ်ချင်းအချင်းချင်း အခေါ်အပြောသည် ကျနော်တို့မန္တလေးသားများအတွက် နားစိမ်းသည်။ နား ထဲသို့ ကန့်လန့်ဝင်သည်။

မော်လမြိုင်သား အစားဆိုတာတော့ ကျနော်မကြုံဘူးသဖြင့် ကောက်ချက်မချတတ်။ ရွှေမြိုင်သူများကတော့ အဆက်အပေါက် ကောင်း ကောင်း ၊ ပြည့်ပြည့်ဖြိုးဖြိုးဖြင့် လှကြသည်ကိုတော့ သတိထားမိသည်။

မန္တလေးသားများ သူငယ်ချင်းအချင်းချင်း သံယောဇဉ်ထားပုံ၊ ကြီးပုံသည် ရန်ကုန်သားများထက်တော့သာသည်ဟု ကျနော်မှတ်ချက်ချချင် သည်။ မန္တလေးက ရန်ကုန်လို အာရုံထွေပြားစရာ များများစားစားမရှိလှ။ ကျနော်တို့လို အထက်မရောက် အောက်မရောက် လူငယ်တွေ စုဝေးဖို့ လဘက်ရည်ဆိုင်ဆိုသည်ကလဲ လက်ချိုးရည်တွက်လို့ရမည်။ ဥပမာ မန္တလေး တက္ကသိုလ်အနီးက Unison လဘက်ရည်ဆိုင်လိုမျိုး ရှိခဲ့သည်။ ကျောင်းတက်၊ အိမ်ပြန်၊ ရေမိုးချိုးပြီး ခဏတစ်ဖြုတ် လဘက်ရည်ဆိုင်ထိုင်ဖို့ ပြန်ထွက်လာလျှင် ဒီဆိုင်တွေဘဲရှိသည်။ ဒီတော့ တစ်ယောက် မျက်နှာ တစ်ယောက် မမြင်ချင်၊ မတွေ့ချင် အဆုံး။ ရက်တစ်ရက်မှာ သူငယ်ချင်း တစ်ယောက်ယောက် ပျောက်နေလျှင်ဘဲ သတိထားမိကြသည်။

ပြီးတော့ မန္တလေးမှာက မန္တလေးသားတွေအတွက် သွားရေးလာရေးသည် လွယ်ကူသည်။ တရပ်တကြေးမှ ခဏတဖြုတ် အလည်သဘော လာသူများအတွက် မန္တလေးသည် သွားရေးလာရေး အလွန်ခက်သည်ဟု ညည်းငြူကြသည်။ ဟုတ်ပေလိမ့်မည်။ Taxi မရှိသလောက် ရှား ပါးသည်။ ဘတ်စ်ကားစနစ်က ဆိုးဆိုးရွားရွား။ အချိန်အကြာကြီးစောင့်စီးမှ အိပဲ့ အိပဲ့သွားသော ဘတ်စ်ကားကြီးတွေသာ ရှိသည်။ ထို့ကြောင့် မန္တလေးသား၊ မန္တလေးသူများသည် ကိုယ့်စိတ်ကိုယ်ပိုင် စက်ဘီးစီးကြသည်။ သက္ကရာဇ် ၂၀၀၂ မတိုင်ခင်အထိ စက်ဘီးသည် ကျနော်တို့ လူငယ်တွေအတွက် မရှိမဖြစ်။ တတ်နိုင်သူများက ဆိုင်ကယ်စီးကြသော်လည်း သူငယ်ချင်းတွေထဲမှာ လက်တစ်ဆုပ်စာ။

နောက်တော့ တရုတ်ဆိုင်ကယ်တွေ ဖောချင်း၊ သောချင်း ရှိလာသည်။ အစိုးရလိုင်စင်ချပေးပြီးသောအခါ စက်ဘီးမြို့တော်မှ ဆိုင်ကယ်မြို့ တော်အဖြစ် ပြောင်းလဲသွားသည်ဟု ဆိုရမည်ထင်သည်။ အရည်အသွေးခပ်ညံ့ညံ့ဆိုင်ကယ်များနှင့် နိုင်ငံသံယံဇာတာတွေကို သွယ်ဝိုက်သော နည်းအားဖြင့် လဲပြစ်ခဲ့ကြရသည်။

မန္တလေးကို ဆရာကြီး မြသန်းတင့်က ဖီးနစ်ငှက်အဖြစ်တင်စားခဲ့သည်။ အပျက်အစီးတွေ မီးတောက် မီးလျှံတွေကြားမှ မကြာခဏ ပြန်လည် ရှင်သန်လာတာကို ဆရာကဆိုလိုရင်း ဖြစ်မည်။ အမေလူထုဒေါ်အမာက မန္တလေးသူ၊ မန္တလေးသားများဆိုသည့်စာအုပ်ဖြင့် မန္တလေးကို ချစ် ခင်စဖွယ်ကောင်းအောင် သရုပ်ဖော်ခဲ့သည်။

မန္တလေးသည် ဖုန်ထူသည်။ ခြင်ပေါသည်။ ပူသည်။ စသည်ဖြင့် အပြစ်တွေချည်း ရွေးမြင်သော သူများ၏ မှတ်ချက်ကိုလဲ ကျနော် သတိထား မိသည်။ မှန်သင့်သလောက် မှန်ပေမယ့် မန္တလေးသည်ကား သူ့ဟန်၊ သူ့မူဖြင့် မပြောင်းမလဲ ဆက်လက် ချီတက်ဆဲဖြစ်သည်။

ဟိုတစ်နေ့က မန္တလေးကို အမေစု ခရီးသွားစဉ် မန်းပရိတ်သတ် ကြိုဆိုကြပုံများ၏ အွန်လိုင်းပေါ်ရှိ ဓာတ်ပုံများကို ကျနော်ကြည့်ပြီး မပြောင်း မလဲ မန္တလေးကို တွေ့မြင်ရသည်။ စက်ဘီးမြို့တော်၊ ဆိုင်ကယ်မြို့တော်။ ရည်မွန်ဖော်ရွေသော မြို့တော်။ သမိုင်းအစဉ်ဆက် နောက်တန်းက မသိသလို မှီခိုတွယ်ကပ်ပြီး မလိုက်လိုသော၊ မလိုက်သော မြို့တော်။ ဆိုင်ကယ်တွေ တမျှော်တခေါ် အတန်းလိုက်ကြီး အမေစုကိုကြိုတာ တွေ့ပြီး ဒါမှ ငါ့မန္တလေးကွဟု ဂုဏ်ယူမိသည်။

ဆိုင်ကယ်စီးသူတွေ ဆိုင်ကယ်စီးဦးထုပ်မဆောင်းတာကို အပြစ်တင်တာလဲ တွေ့ရသည်။ ဆိုင်ကယ်စီးသူများရဲ့ အသက်အန္တရယ်ကို စိုး ရိမ်ပြီးပြောသည့် မှတ်ချက်တွေကို ကျနော်ချစ်မိပေမယ့် အရောင်အသွေးပါသောမှတ်ချက်များကို ကျနော်က ကြည့်မရချင်။
“ဒီမိုကရေစီဆိုတာ ဒါလား”
“စည်းကမ်းမရှိတဲ့ ဒီလူတွေနဲ့ ဒီမိုကရေစီဘယ်လိုသွားမလဲ” ဆိုသည့် ဆရာလေသံ၊ အထက်စီးလေသံတွေ တွေ့ရသည်။

မန္တလေးသည် မြန်မာနိုင်ငံ၏ တခြားမြို့တော်ကြီးများကဲ့သို့ လမ်းစနစ်မပြည့်စုံသော မြို့ကြီးဖြစ်သည်။ တိုးပွား၊ များပြား လာသော လူဦးရေနှင့် တန်းတူညီမျှအောင် စနစ်ကျသော သယ်ယူပို့ဆောင်ရေးကို အစိုးရက မဖန်တီးပေးနိုင်။ ရန်ကုန်မှာ ဘတ်စ်ကား ကြပ်ကြပ်တည်းတည်း စီးလို့ရနေသည့်တိုင်အောင် မန္တလေးမှာက မပြည့်စုံမလုံလောက်။ မင်းတုန်းမင်းကြီးက လေးထောင့်ကွက်ကြအောင် တည်ထားခဲ့သော မြို့ကြီး၏ လမ်းဆုံ၊ လမ်းခွတိုင်းမှာ အချက်ပြမီးမရှိ။ ဆိုင်ကယ်တွေ၊ စက်ဘီးတွေ ၊ ကားတွေက ၀င်ချင်သလိုဝင်၊ ထွက်ချင်သလိုထွက်။ စည်း ကမ်းနည်းကြသည် ဆိုရမည်။

သို့သော် အံ့သြစရာ ကောင်းသည်က မန္တလေးသူ မန္တလေးသားများသည် တစ်ဦးအပေါ် တစ်ဦး နားလည်စိတ်၊ အလျှော့ပေးစိတ်ဖြင့် ရှောင် ကြ၊ ရှားကြသည်။ သူစိမ်းတစ်ယောက်က မန္တလေးမြို့ကြီး၏ စက်ဘီးဆိုင်ကယ်တွေ ရှောင်ကြ၊ ကွင်းကြ၊ ကျော်တက်ကြ သွားလာနေကြသည်ကို တွေ့လျှင် ဘယ်လိုမှနားလည်မပေးနိုင်။ စည်းကမ်းမရှိဘူးဟု အထင်ရောက်စရာရှိသည်။

ပြီးခဲ့သော နှစ်နှစ်က မန္တလေးကို လွမ်းလွမ်းတတ၊ သတိတရဖြင့် ကျနော်ပြန်သွားခဲ့သည်။ မန္တလေးလမ်းတွေကို အလွတ်နီးပါး ရနေသော ကျနော့်အတွက် မန္တလေးမှာနေသူ သူငယ်ချင်းအိမ်မှဆိုင်ကယ်ကိုယူပြီးထွက်လာတော့ “ဟဲ့ လမ်းတွေပြောင်းသွားပြီနော်” ဆိုသည့် သတိ ပေးသံကို အရေးရာမလုပ်မိ။ ကျနော်သွားနေကြ ဘုရားကြီး အရှေ့မုဒ်လမ်းမကြီးဘက်ကို ချိုးဝင်လိုက်တော့ ကျနော့်ရှေ့မှ ယာဉ်ထိန်းရဲ နှစ်ယောက် ခုန်ဝင်ကာတားသည်။ ယာဉ်မောင်းလိုင်စင်ရှိပြီး ဆိုင်ကယ်ဦးထုပ်ဆောင်းထားသော ကျနော့်ကိုစစ်ဆေးတာ ပူစရာမရှိဟု တွေး ကာ ရပ်ပေးလိုက်သည်။ တွေးထင်ထားသလို မပူမပင်ဖြစ်ရသောကိစ္စမဟုတ်။ ကျနော်က လမ်းပြောင်းပြန်မောင်းလာသည်တဲ့။ တစ်လမ်း မောင်းဆိုသည့်အမှတ်အသားက ဘယ်မှာလဲလို့ကျနော်မေးတော့ သတင်းစာထဲမှာ ကြော်ငြာပြီးပြီတဲ့လေ။ ကျနော်မန္တလေးကို မခွဲခွာစဉ် အချိန်အထိ သည်လမ်းမကြီးသည် နှစ်လမ်းမောင်း။ ကျနော်ရှင်းပြပေမယ့်မရတော့။ ညီလေး ဒဏ်ငွေဆောင်ချင်ရင် ဒီမှာ တစ်ခါတည်း ဆောင်ပါဟုဆိုသဖြင့် သူတို့အဖွဲ့နားနေသော အနီးနားရှိဆိုင်ခန်းထဲသို့ ကျနော်လိုက်သွားသည်။ “ဥပဒေဆိုတာ မသိလို့ ဆိုပြီး ပြောလို့မရဘူး” ညီလေးရဟူသည့် ရင်ဘတ်ကြယ်သီးပြုတ်၊ ဦးထုပ်ဘိုသီဖတ်သီဆောင်းထားသော ရဲက ကျနော့်ကိုဆရာလုပ်နေတာကို စကားမများချင်။

ဆိုင်ခန်းထဲရောက်တော့ စိတ်အနှောင့်အယှက်ဖြစ်စရာ ထပ်တွေ့ရသည်။ နေပူပူ၊ တာဝန်ထမ်းဆောင်ချိန်မှာ ပုလင်းထောင်နေကြခြင်းဖြစ် သည်။ ကျနော် သူတို့ရင်ဘတ်က ကိုယ်ပိုင်အမှတ်တွေကို စိတ်ဖြင့်မှတ်ထားလိုက်သည်။ အရက်သောက်နေသာသူတို့ အဖွဲ့နှင့် ကျနော် ရန်မဖြစ်ချင်။ တာဝန်ချိန်မှာ အရက်ပုလင်းထောင်ပြီး သောက်သင့်သလား၊ မသောက်သင့်သလား မခွဲခြားတတ်သော အမောင် ပြည်သူ့ ၀န်ထမ်းများက ကျနော့်ကို ၀ိုင်းဝန်းဆရာလုပ်တာ ကျနော်ခံလိုက်သည်။ ကျနော်မှားတာက မှားတာဘဲဖြစ်သည်။ ကျနော့်မှာအပြစ်ရှိသည်။ သတ်မှတ်ဒဏ်ငွေဆောင်ပြီး ကျနော်ပြန်ထွက်လာတော့ ကျနော်မောင်းဝင်လာသလို ကားတစ်စီးမောင်းဝင်လာသည်။ ဆိုင်ခန်းထဲရှိ သ ကောင့် သားများ ပြူးပြူးပြာပြာ ပြေးထွက်လာကြသည်။ သို့သော် ကားမောင်းသူ၏ ပုခုံးပေါ်မှအပွင့်များကိုမြင်အပြီးမှာ ချက်ချင်း နောက်ပြန် ဆုတ်သွားကြသည်။ ကျနော် စောင့်ကြည့်နေတာကို မသိချင်ယောင်ဆောင်က ရူးချင်ယောင်ဆောင်ပြီး ပြန်ဝင်သွားကြသည်။

တကယ်ကျတော့ ကားပေါ်ရှိ ကားမောင်းသူ အရာရှိသည် ကျနော့်လို မသိလို့ မှားတာလဲ ဖြစ်နိုင်သည်။ ဘယ်လိုဘဲဖြစ်ဖြစ် ယာဉ်ထိန်းရဲများက တားကာ နိုင်ငံ့ဝန်ထမ်းမို့ အရေးမယူချင်ရင်တောင် အသိပေးသင့်သည်ဟု ကျနော်တွေးမိသည်။ အခုတော့ သူတို့က မသိချင်ယောင်တောင်ဆောင်လိုက်ကြသေးသည်။ ကျနော့် ဒေါသ၊ မခံချင်စိတ်များက အထွတ်ထိတ်ရောက်သွားသည်။ အပ်ပေါင်းများစွာဖြင့် ကျနော့်နှလုံးသား ကို ထိုးဆွနေသလို အခံရ ခက်လာသည်။သူတို့ ပုလင်းထောင်နေသည့် ဆိုင်ခန်းလေးသို့ ကျနော်ပြန်သွားကာ ပိုက်ဆံပြန်ပေးဆိုပြီး ကျနော့် လိုင်စင်ကို ထိုးပေးလိုက်သည်။ သူတို့နားမလည်။ “လိုင်စင်သိမ်းထားလိုက်၊ ခင်ဗျားတို့ ကျနော့်ကိုအရေးယူတာ ကျနော်မကြေနပ်ဘူး။ ရုံးချုပ်ကို ကျနော်လိုက်ရွေးမယ်” ဆိုပြီး ကျနော်ပြောတော့ ဆိုလိုရင်းကိုနားလည်သည်။ “သူတို့ကိုတော့ ဖမ်းလို့မရဘူး ငါ့ညီရဆိုသည့် ဖြေ ရှင်းသံ” ကို ကြားရသည်။ “မန္တလေးမှာ ဘုရားသား၊ စစ်သား၊ ကျောင်းသား ဖမ်းလို့မရတာ မင်းလဲသိမှာပါ” လည်း ပြောသည်။ “မင်း မကျေနပ်တော့ မင်းဘာလုပ်ချင်လဲ” ဆိုတာလဲ ပါလိုက်သေးသည်။ ဒေါသထွက်လွန်းသဖြင့် “ထွက်ကွာ .. တစ်ယောက်ချင်းထိုးမယ်” လို့ ပြောလိုက်ချင်ပေမယ့် သူတို့မိုက်သလို ကျနော်မိုက်လို့မဖြစ်။ ကျနော့်ပိုက်ဆံပြန်ပေးသည်။ လိုင်စင်ယူထားလိုက်ကြသည်။

စိတ်အနှောင့်အယှက်ဖြင့် ဘုရားသွားဖူးပြီး လမ်း ၃၀ ရှိ ယာဉ်ထိန်းရဲ ရုံးချုပ်ကို ကျနော်ရောက်တော့ ခုနအဖွဲ့မှ နှစ်ယောက်ရောက်နေပြီ။ အေးမြကြည်လင်သော မဟာမြတ်မုနိ ဘုရားကြီး၏ အရိပ်အာဝါသအောက်မှပြန်လာသောကျနော်သည် မခံမရပ်နိုင်စိတ်များဖြင့် တာဝန် မှူးရုံးခန်းသို့ ကျနော်ဝင်သွားသည်။ ယဉ်ယဉ်ကျေးကျေး ဆက်ဆံသူများလဲရှိသည်။ ဘာလာကြောင်နေတာလဲဆိုသည့် အကြည့်ဖြင့် ကြည့် နေကြသူများလဲရှိသည်။ အံ့သြတကြီးကြည့်သူများလဲပါသည်။ မျက်လုံးတွေ အများကြီး အလယ်မှာ ကျနော့် ဒေါသတွေကို ယဉ်ယဉ်ကျေး ကျေး ဖောက်ခွဲသည်။ ကျနော်မှားတာ လက်ခံတယ်။ ကျနော့်ကို ဒဏ်ရိုက်တာ လက်ခံတယ်။ ဒါပေမယ့် ဥပဒေက သူ့တမျိုး၊ ငါ့တမျိုး မဖြစ် သင့်ဘူး။ နောက် ကျနော့်ကိုဖမ်းတဲ့ရဲက ရင်ဘတ်ကြယ်သီးပြုတ်နဲ့ဖမ်းတာ။ မြန်မာလူမျိုး ကျနော်နားလည်ပေးနိုင်ပေမယ့် နိုင်ငံခြားသား တွေနဲ့ဆို ရှက်စရာကောင်းတယ်။ အရက်သောက်နေတဲ့ ရဲတွေက စည်းကမ်းဖောက်တဲ့ လူကို ဥပဒေစကားတွေ ပြောတာ ရီစရာကောင်းတယ်။ ကျနော်လိုအရပ်သားကို လမ်းပြောင်းပြန်မောင်းလို့ဖမ်းရင် အဲဒီလမ်းပြောင်းပြန်မောင်းတဲ့အရာရှိကိုကော ဘာလို့မဖမ်းသလဲ မေးခွန်းတွေ မေးသည်။ ဘယ်သူမှ ရေရေရာရာ မဖြေနိုင်ကြ။ အေးပါ ညီလေးရာ။ ဒီလိုပါဘဲကွာဆိုသည့်အဖြေတွေ ပေးကြသည်။ ရင်ဘတ်မှ ကိုယ်ပိုင် အမှတ်များကို ကျနော့်ကို မေးသည်။ ကျနော့်ကို မကျေနပ် ဘာလုပ်ချင်သလဲဆိုသည့် ပြည်သူ့ဝန်ထမ်း လူမိုက်တစ်ယောက်နံပါတ်ကလွဲပြီး ကျန်တဲ့သူနံပါတ်များကို ကျနော်မပြောပြလိုက်။ သူတို့ အရေးယူပါမယ်။ ညီလေးလိုင်စင်လဲ ပြန်ယူသွားပါ။ ဒဏ်ကြေးလဲ မဆောင်ပါနဲ့ ဆိုတာကို ကျနော်လက်မခံခဲ့တော့။ ပိုက်ဆံအတွက် ကျနော်ကက်ကက်လန်ရန်လာတွေ့နေတယ်ဟု ထင်သွားမည်စိုးသည်။ တရားမျှတ ခြင်းအတွက် နှုတ်သီးကောင်း လျှာပါး ကျနော်ရန်တွေ့ခြင်းဖြစ်သည်။

ကျနော်မှားတာ ကျနော်ဒဏ်ကြေးပေးမယ်။ အရေးယူတာ အရေးမယူတာ ဒီက ခင်ဗျားတို့ ပြည်သူ့ဝန်ထမ်းတွေအလုပ်ဆိုပြီး လျှာထပ်ရှည် ပေးခဲ့သည်။ တာဝန်မှူးစားပွဲရှေ့ ထီးထီးရပ်ပြီးပြောနေရာမှ ကျနော်ပြန်ထွက်လာတော့ တိတ်ဆိတ်ကျန်ရစ်ခဲ့သည်။ မခိုင်မာသော ဥပဒေ၏ အမှန်တရားအတွက် သူတို့ကော ကျနော်ပါ အရုပ်ဆိုးသောနေ့တစ်နေ့ ဖြစ်သွားခဲ့သည်။

အိမ်အပြန်လမ်းမှာ ဆိုင်ကယ်စီး အုပ်ထုပ်မဆောင်းဘဲ ဖြစ်ချင်တိုင်းဖြစ်၊ မောင်းချင်တိုင်း မောင်းနေသောသူများလဲ တွေ့ရသည်။ မန္တလေး နေပူပူမှာ လက်ဘက်ရည်ပူပူသောက်ရင်း ကျနော်စဉ်းစားနေမိသည်။ ဒီမိုကရေစီဆိုတာ ကိုယ့်တာဝန်ကိုယ်ယူရသော စနစ်။ ပညာရေး အားကောင်းမှ ဒီမိုကရေစီစနစ်အားကောင်းမယ် ထင်သည်။ သူ့တစ်မျိုး၊ ငါ့တစ်မျိုး ဖြစ်ချင်တိုင်း ဖြစ်နေသော ဥပဒေများနှင့် ကျနော့် ရှေ့က စည်းကမ်းမရှိ ဖြတ်မောင်းနေကြသော မျိုးဆက်သစ် မန္တလေးသူ၊ မန္တလေးသားများကို ဘယ်လို ထိမ်းလို့ရမှာလဲ။ ဘယ်သူကရော ဥပဒေကို လေးစားနိုင်မှာလဲ။ နိုင်ငံသူ နိုင်ငံသားတွေ စည်းကမ်းကောင်းဖို့က ချက်ချင်းလက်ငင်း လုပ်ယူလို့ရနိုင်သောကိစ္စမဟုတ်ဟု ထင်သည်။ ပညာရေး ကောင်းကောင်း၊ ဥပဒေ၊ စမ်းကမ်း၊ ကာလနား ခိုင်ခိုင်မာမာဖြင့် လေ့ကျင့်ပေးရမည့် ကိစ္စ ဖြစ်မည်။

“ဒီမိုကရေစီဆိုတာ လမ်းပေါ် စပါးတက်လှမ်းနေတာ မဟုတ်ဘူး” ဆိုသည့် အနစ်နာခံ၊ ကိုယ်ကျိုးမဖက်သည့် ဗိုလ်ချုပ်စကားကို ကျနော် လက်ခံသည်။ လိုက်နာဖို့ ကြိုးစားသင့်သည်ဆိုတာ နားလည်ခံစားမိသည်။ အခုတော့ “ဒီမိုကရေစီဆိုတာ ဒါလား။ ဆိုင်ကယ်ဦးထုပ်မဆောင်းတဲ့ စည်းကမ်းမလိုက်နာတဲ့ လူတွေနဲ့ NLD နဲ့ ကိုက်ပါ့ကွာ။ ဒီမိုကရေစီဆိုတာ လမ်းပေါ် ထမိန်တက်လှမ်းတာလား” … အရက်သောက်ပြီး ကျနော့်ကို ဥပဒေစကားများလာပြောသည့် ယာဉ်ထိန်းရဲတွေ ပြန်တွေ့ရသလို ခံစားမိသည်။ အပွင့်တွေနှင့်လူကို မဖမ်းရဲဘဲ ကျနော်လို သာ မန်ပြည်သူကို စကားအကြီးကြီးတွေပြောနေသော သူများကို ပြန်တွေ့ရသလိုမျိုး။ မကျေနပ်တော့ ဘာလုပ်ချင်လဲဆိုသည့်ရဲများကို ရွံ့သလို အနှီမှတ်ချက်ပေးသူများကို ရွံမိသည်။

မန္တလေးသူ၊ မန္တလေးသားများ ဆိုင်ကယ်စီးသည့်နေရာမှာ စည်းကမ်းနည်းတာ ဟုတ်ပါလိမ့်မည်။ စည်းကမ်းနည်းတယ်ဆိုတာ ပညာနည်း လို့မဟုတ်လား။ ပညာနည်းအောင် ဘယ်သူတွေက လုပ်ထားခဲ့ကြသလဲ။ ပြည်သူပြည်သားတွေ ပညာနည်းအောင် ဘယ်သူတွေက ပစ် ထားခဲ့ကြသလဲ။ အင်္ဂလိပ်တွေက ကျွန်သဘောက်တွေလို့ သတ်မှတ်ပြီး ပညာကောင်းကောင်းသင်မပေးခဲ့၊ ကျနော်တို့ အစိုးရအဆက်ဆက်က ပြည်သူပြည်သားတွေ ပညာရေးထက် အာဏာရေးက ပိုအရေးကြီးခဲ့ကြသည်။

အနှစ်နှစ် အလလ မပြုမပြင်ဘဲထားခဲ့သော အိမ်အိုကြီးတစ်လုံးကို ပြန်ပြင်ဖို့ဆိုလျှင် မိုးတွေ ယိုချင်တိုင်း ယိုနေသော ခေါင်ကို အရင်အုပ်ရမည်။ အမိုးတွေ ပြန်မိုးရမည်။ နောက်မှ ကြမ်းခင်းဆွေးနေတာ၊ ထရံတွေ ပေါက်နေတာ လဲရမည်။ ခေါင်မလုံတာကို မမြင်နိုင်ဘဲ ကြမ်းခင်းက ပြည်သူတွေ ဆွေးမြည့်နေတာကို လက်ညှိုးထိုးချင်ကြသောသူများကို ကျနော်အံ့သြမိသည်။ ခင်ဗျားတို့အသိုင်းအ၀ိုင်းဘဲ ဥပဒေလိုက်နာ အောင် အရင်လုပ်ပါအုံးဟု ပြည်သူက အစိုးရ လက်ညှိုးထိုး၊ အစိုးရက ပြည်သူ လက်ညှိုးထိုး သံသရာလည်နေသော ၀မ်းနည်းစရာအလုပ်ကိုဘဲ လုပ်ရမည်လား မသိတော့။

ဘယ်လိုဘဲဖြစ်ဖြစ် ဒေါ်စုကို ကြိုဆိုကြသော မန်းသားများ၏ ဓာတ်ပုံများကိုကြည့်ကာ ကျနော့် မန်းဌာနီကိုပြန်ချင်စိတ်တွေ အလွန်အကျူး ဖြစ်လာသည်။ အဲဒီ နောက်ဆုံးတစ်ခေါက်က မန္တလေးကို ကျနော် စိတ်နာသွားခဲ့ဟန်တူသည်။ “မန္တလေးမှာ ကြီးတဲ့ကောင် လမ်းပြောင်း ပြန်စီးမိလို့ အဖမ်ခံရတယ်ဟေ့” ဆိုသည့် သူငယ်ချင်း၏မှတ်ချက်ကို ကျနော် မခံမရပ်နိုင်စွာထားပြီး ထွက်ပြေးခဲ့သည်။ အခုတော့ ကျနော် စိတ်ကောက်ထားခဲ့သော ဖီးနစ်မြို့ကြီးသည် အားနည်းသူဘက်မှရပ်ကာ အမှန်တရားအတွက် တာဝန်ကျေခဲ့ပြီဖြစ်သည်။ ကျနော့် မြို့ကြီးကို ဂုဏ်ပြုဖို့၊ အလေးပြုဖို့ ပြန်အုံးမှဖြစ်မည်။ လမ်းပြောင်းပြန်ထပ်သွားမိလို့ ဖမ်းမယ်ဆိုလျှင်လဲ အဆင့်အတန်းရှိသောရဲများ၏ တန်းတူညီမျှ ဥပဒေဖြင့် အရေးယူမှုကို မျှော်လင့်လို့ရကောင်းပါရဲ့။ ကိုခင်မောင်မြင့်လို တရားဥပဒေကို အကောင်းဆုံးထိန်းကျောင်းနိုင်သောရဲတွေနှင့် တွေ့ရတန်ကောင်းပါရဲ့။ ကျန်းမာ ချမ်းသာပါစေ ကိုခင်မောင်မြင့်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

Related posts

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ရသဆောင်းပါးစုံ

11 Responses to စည်းကမ်းမရှိသော မန္တလေးသို့

  1. tintunaung on March 12, 2012 at 4:51 am

    thankyou ko pho htet

  2. မောင်ပျာလောင် on March 12, 2012 at 6:13 am

    အကိုကြီး ကိုခင်မောင်မြင့် ခနတဖြုတ် မန္တလေးကိုပြန်လာတဲ့အခါ အခုလို ပုလိပ်တွေနဲ့ ကြုံရတာဝမ်းနည်းပါတယ်။ အဲဒါ ကိုလိုနီစံနစ်က လက်ကျန် ပုလိပ်တွေပါ။ မောင်ပျာလောင်တို့ ရန်ကုန်လှည်းတန်းဈေး အရှေ့ မှာ ပုလိပ်မရှိပါ။ ကျန့် ဖွတ်အစိုးရရဲ့ လမ်းပြရဲတွေသာ ရှိပါတယ်၊ ဘယ်တော့မှမရိုင်းပါ၊ ဘယ်တော့မှ ကိုယ်တိုင်ပိုက်စံမတောင်းပါ၊ လမ်းဘေးက ကောင်ကလေးများကိုတောင်းခိုင်းပါတယ်။ တခါတရံလမ်းဘေး မီးတိုင်နားမှာကပ်ပြီး “ အရိုင်း-စပယ် ညီလေး အကိုကြီးကို မင်းဒီနေ့ မကျင်နာတော့ဘူးလားလို့ ” မတိုးမကျယ် လေသံအုပ်အုပ်ခလေးနဲ့ ပြောတာ လှည်းတန်းဈေးသူလေး မသဲအူအသံထက်တောင်သာယာသေးတယ်။ မောင်ပျာလောင်တို့ ကား ရပ်တဲ့နေရာနှင့် မနည်းမဝေးကနေ လမ်းပြရဲကြီးက ဘိုက်ကိုပုတ်ပြတယ် (ဘိုက်ဆာ နေပြီကိုပြတယ်)၊ ဖင်ကိုပုတ်ပြတယ် (ဖင်ယားနေပြီ မင်းကိုဖန်းတော့မယ်လို့ ပြတယ်)၊ ဦးထုပ်ကို ကိုင်ပြတယ် (ငါ့မှာ အာဏာရှိတယ်လို့ ပြတယ်)။ မောင်ပျာလောင် စက္ကူခေါက်ခလေး ပစ်ပေး လိုက်တယ်၊ အဲဒီ့ရဲ လေးဘက်ထောက်ပြီးကုန်းကောက်တယ်။ ပတ်ဝန်းကျင်တစ်ခုလုံး ငြိမ်ကျသွားတယ်၊ ကြည့်နေသူအားလုံး ပါးစပ်အဟောင်းသားဖြစ်သွားတယ်၊ ကဲဘယ်လောက်တာဝန်သိတဲ့ ရဲကြီးလည်း စည်ပင်ကရှင်းရမဲ့ အမှိုက်သူရှင်းပေးတယ်၊ နောက်ပြီး လက်ဖက်ရည်ဆိုင်ထဲ ၀င်သွားတယ်၊ ဈေးကောက်ရယ် ကျန့် ဖွတ်ရယ်ထိုင်နေတဲ့ဝိုင်းကလက်ဖက်ရည်ဖိုးရှင်းပေးသွာတယ်။ ကျနော်က သာဓု၊ သာဓု လို့ ပြောမယ်ပြင်နေတုံး၊ ပေါက်စီရောင်းတဲ့ ပေါက်ဖေါ်ကြီးက ၀ါးစေ၊ ၀ါးစေ၊ ၀ါးစေ လို့ အော်သွားတာ အမကြီးဒေါ်ကျန်းပုံ သမတကြီးနဲ့ တွေ့ နေလို့ မကြားလိုက်ဖူး။ အကိုကြီး ကိုခင်မောင်မြင့် နောက်တခါ မန္တလေးသွားရင် တရုတ်စကားသင်ထားပါ။

  3. Thiha on March 12, 2012 at 1:26 pm

    ကိုပျာလောင်… စာရေးသူ၏ နာမည်မှာ ကိုဖိုးထက်ဖြစ်ပါသည်။ ကိုခင်မောင်မြင့်ဆိုသူမှာ ဟိုတစ်လောလေးက မှ 7Days ဂျာနယ်မှ ဆုချီးမြင့်ခြင်းခံထားရသူ ရန်ကုန်မှ ကြိုးမဲ့ကြေးနန်းနှင့် ယာဉ်ထိန်းတပ်ဖွဲ့မှူးရုံး အမှတ်(၂)နယ်မြေ ဒု-တပ်ကြပ်ခင်မောင်မြင့်၏ နာမည်အား စာရေးသူမှ သုံးနှုန်းထားခြင်းဖြစ်ပါသည်။

    PS: ကိုဖိုးထက်ရေ..ဒီတစ်ခေါက် ရန်ကုန်ကို အလည်ပြန်ရင် မန္တလေးကို ရောက်အောင်တော့သွားလိုက်အုံးမယ်ဗျာ….နော့် 😀

  4. Naing Lin Htet on March 12, 2012 at 4:26 pm

    ဒီစာလေး တကယ်ကြိုက်တယ်။ ကျေးဇူးပါ ကိုဖိုးထက်..

  5. Peter Pan on March 12, 2012 at 6:47 pm

    ကိုဖိုးထက်ဆောင်းပါးက အလွန်ကောင်းပါသည်။ အချက်အလက်များကို ကိုးကားရာ တွင် ပြန်လည် တိုက်ဆိုင်စစ်ဆေးပြီးမှ ရေးစေလိုပါသည်။ ဥပမာ – ဗိုလ်ချုပ်အောင်ဆန်းက ဗမာတွေ စည်းကမ်း မရှိ သေး၊ လွတ်လပ်ရေးနဲ့ထိုက်တန်ချင်ရင် လွတ်လပ်ရေးရတဲ့အခါ လွတ်လပ်ပြီ ကြိုက်တာလုပ်လို့ရပြီ ဆိုပြီး အများပြည် သူသွားလာနေမှုကို အနှောက်အယှက်ဖြစ်စေတဲ့ လမ်းပေါ် တက်ပြီး ဆေးရိုးလှမ်းတာ မျိုးကို မလုပ်သင့်တဲ့ ကိစ္စအဖြစ်၊ ဆေးလိပ်ခုံတွေ လုပ်လေ့လုပ်ထရှိနေတာကို ဥပမာပေး ပြောခဲ့တာဖြစ် ပါ ၏သည်။ ဒီမိုကရေစီ အတွက်ပြောတာ မဟုတ်သလို လမ်းပေါ် စပါးတက်လှမ်းတာလည်း မဟုတ်ပါ။ ကျနော်လည်း ကိုယ်မမှီလိုက်တဲ့ကိစ္စ ကိုယ်ဖတ်ခဲ့ဖူးတာ ကြာပြီဖြစ်နေတာမျိုးကို ပြန်ပြီးကိုးကားသော အခါ စိတ်အမှတ်မှားပြီး မူရင်းကို ပြန်မကြည့်ပဲ ရေးသားခဲ့သဖြင့် မှားခဲ့သည်များရှိဖူးလို့ စေတနာနှင့် ထောက်ပြခြင်း ဖြစ်ပါသည်. ကိုးကားတော့မယ်ဆိုရင် ဘယ်လောက်မှတ်မိနေတဲ့ ကိစ္စဖြစ်ပါစေ ဖြစ်နိုင်လျှင် မူရင်းကို ရှာဖွေ (သို့မဟုတ်) ဗဟုသုတစုံလင်သူ အခြားစာသမားတစ်ဦးနှစ်ဦးကို မေးမြန်းပြီး ရေးတာအကောင်းဆုံးဟု ၀ါရင့်မီဒီယာသမားများက ညွှန်ပြဖူးပါသည်။ မီဒီယာလောကမှာတော့ ပင်ရင်းနှစ်ခု (two sources)မှ လာသောစာကိုမှ ကိုးကားတာ အသေချာဆုံးဟု မှတ်ယူထားကြပါသည်။ အကြောင်းအရာ အလွန် ကောင်း အရေးအသားအလွန်ကောင်းသော ကိုဖိုးထက်ကို စေတနာဖြင့် အကြံပြုခြင်းသာ ဖြစ်ပါ သည်။

    မီဒီယာလောကသား တစ်ဦး

    • ဖိုးထက် on March 13, 2012 at 6:48 am

      ကိုပီတာ ပြောမပြတတ်အောင် ကျေးဇူးတင်ပါတယ်။ ဆင်ခြေ ပေးစရာမရှိပါဘူး။ ကျနော် မှားတာပါ။ နောင်ဆို အစ်ကို ပြောတာကို ကျနော် လိုက်နာပါ့မယ်။ တကယ့်ကို အမှတ်တရနဲ့ ဘ၀တစ်လျှောက်လုံး သင်ခန်းစာရပါတယ်။ ကျေးဇူး အထူးတင်ပါတယ်ခင်ဗျာ..

      ဖိုးထက်

  6. မြန်မာပြည်သား on March 12, 2012 at 7:07 pm

    ဒီလိုဆောင်းပါးတွေ ဖတ်မိတိုင်း၊ တာဝန်များစွာမဲ့ခဲ့ကြတဲ့၊ မဲ့နေဆဲဖြစ်ကြတဲ့၊ ဘဘဗိုလ်ချုပ်များနဲ့ အပေါင်းအပါတစုကို “တောက်” ခေါက်မိပါတယ်။

  7. ma chwe ma on March 13, 2012 at 3:57 am

    ဖတ်လို့ကောင်းလိုက်တာ

  8. ဇေယျာတူ on March 13, 2012 at 1:32 pm

    ဘာဘဲဖြစ်ဖြစ် ကျုပ်တို့ မန်းဒလေးသားတွေ စည်းမဲ့ကမ်းမဲ့ဖြစ်နေတာကို စာအရေးသားကောင်းကောင်းနဲ့ ဝေဖန်ထောက်ပြသွားတဲ့ ကိုဖိုးထက်ကို မန်းဒလေးလာရင် ကျုံးဘေးမှာ ဘီယာကဒ်လိုက်နဲ့ ဧည့်ခံဖို့ မှတ်ထားလိုက်ပီဗျာ..

  9. မောင်ပျာလောင် on March 14, 2012 at 3:23 am

    နောင်ကြီး ကိုသီဟ ထောက်ပြတာကို ကျေးဇူးတင်ပါသည်။ တကယ်တော့ မောင်ပျာလောင်ဟာ လေးတန်း
    နှင့်ထွက်ပြီး မိခင်အိုကြီးအားထူမပေးခဲ့ပါသည်။ မောင်ပျာလောင်ထက် အတန်းကြီးသော ၆ တန်းအောင် ၀န်ကြီးများဆိုလျှင် အခုလိုမှားမည်မထင်ပါ။ ဒါပေမဲ့ မောင်ပျာလောင် အထက်မှာရေးထားသော လမ်းပြရဲ ကြီးရဲ့ လက်ဟန်နှင့်ပြောသော စကားများရဲ့ အဓိပ္ပာယ်ဟာ သူ့ ကိုပြန်မေးကြည့်ပြီး ရေးထားတာကြောင့် မမှားပါ။ မှားတပ်တာဟာလည်း မောင်ပျာလောင်ပါ၊ တုံးအောက်မှာပျားနေတာလည်း ဒီကောင်ပါ၊ ဖေါင်းတဲ့
    ဖားတွေ ဖေါင်းပြီးရင်း ဖေါင်းနေတာ ၀န်ကြီးတွေနဲ့  အပေါင်းပါတွေပါ။

  10. htwe on March 14, 2012 at 3:59 pm

    မင်းတို့ ယာဉ်ထိန်း‌တွေလုပ်လိုက်ရင် ‌ပြောစရာချည်းပဲ။
    စားစရာမရှိတာချင်းအတူတူ အ‌ပြောခြံပီး လုပ်မစားပါနဲ့ကွာ။

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

ဒေါက်တာခင်မောင်ဝင်း(သချာင်္)၏ Fuzzy Logic & Set Theory ဆောင်းပါးများ ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္)၏ Fuzzy Logic & Set Theory ဆောင်းပါးများ ထွက်ပြီ မိုးမခစာအုပ်စင်၊...

Read more »

ဂျူနီယာဝင်း ဘာသာပြန်တဲ့ ၂၁ရာစု ဂျာနယ်လစ်ဇင် ထွက်ပြီ

By

ဂျူနီယာဝင်း ဘာသာပြန်တဲ့ ၂၁ရာစု ဂျာနယ်လစ်ဇင် ထွက်ပြီ (မိုးမခစာအုပ်စင်) ဇန်န၀ါရီ ၃၁၊ ၂၀၁၉...

Read more »

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ်

By

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ် (မိုးမခစာအုပ်စင်) ဒီဇင်ဘာ ၂၆၊ ၂၀၁၈...

Read more »

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ

By

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ မိုးမခစာအုပ်စင်၊ ဒီဇင်ဘာ ၈၊...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

Tags

(all tags)