Than Win Hlaing – Burmese Election Analysis 4

March 16, 2012

သန်းဝင်းလှိုင်
မတ်လ ၁၆၊ ၂၀၁၂
ပြည်ထောင်စုမြန်မာနိုင်ငံ၏ ဒုတိယအကြိမ် ပါလီမန်ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲကို ၁၉၅၆ ခုနှစ်၊ ဧပြီလ ၂၇ ရက်နေ့တွင် မြန်မာနိုင်ငံ တစ်ဝှမ်းလုံး၌ ကျင်းပခဲ့သည်။ အဆိုပါရွေးကောက်ပွဲသည် တပြည်လုံးမဲဆန္ဒနယ် ၂၅၀ အနက် ၂၂၀ တွင် တပြိုင်တည်းကျင်းပခြင်းဖြစ်သည်။ ရွေးကောက်ပွဲတွင် ဖဆပလအမတ်လောင်း ၂၂၀ နှင့် အခြားပါတီအဖွဲ့အစည်းပေါင်းစုံမှ အမတ်လောင်း ၃၀၀ ခန့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။

ယခုရွေးကောက်ပွဲ၌ ဖဆပလ၏ အဓိကပြိုင်ဘက်အဖြစ် အတိုက်အခံပါတီများပေါင်းစည်းထားသော ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားညီညွတ်ရေးတပ်ပေါင်းစု ပမညတအဖွဲ့ ပေါ်ပေါက်လာသည်။ ပမညတအဖွဲ့မှာ ဗမာနိုင်ငံလုံးဆိုင်ရာ တို့ဗမာအစည်းအရုံး၊ ပြည်သူ့ညီညွတ် ရေးပါတီ၊ ပြည်သူ့ငြိမ်းချမ်းရေးအဖွဲ့ပေါင်းစု၊ ဗမာပြည်အလုပ်သမားလယ်သမားပါတီ (ဆိုရှယ်နီ)၊ ဗမာပြည်အလုပ်သမားအစည်းအရုံးများအဖွဲ့ချုပ် (ဘီတီယူစီ)၊ တောင်သူလယ်သမားညီညွတ်ရေးအစည်းအရုံး (တလညစ)၊ ပြည်သူ့လူငယ်အဖွဲ့ချုပ်၊ တရားမျှတမှုအဖွဲ့၊ မွန်တိုင်း ရင်းသား အစည်းအရုံး၊ ကရင်အမျိုးသားခေါင်းဆောင်သော မန်းထွန်းရင်အစရှိသော တသီးပုဂ္ဂလများ၊ နိုင်ငံရေးပါတီများ၊ လူထုလူတန်း စားအဖွဲ့အစည်းများ၊ လူမျိုးစုအဖွဲ့အစည်းများဖြင့် ဖွဲ့စည်းထားသော အဖွဲ့ဖြစ်သည်။ ပမညတ၏ထင်ရှားသည့် နိုင်ငံရေးခေါင်းဆောင်များမှာ ဝိဓူရသခင်ချစ်မောင်၊ သခင်လွင်၊ သခင်လှကျွေ၊ ဦးသိန်းဖေမြင့်၊ ဗိုလ်ချုပ်အစ်ကို ဦးအောင်သန်း၊ ဦးဘငြိမ်း၊ တရားရေးဝန်ကြီးဟောင် ဦးအေးမောင်၊ ဦးဘထွန်းစသည်တို့ဖြစ်သည်။ ပမညတသည် ၁၉၅၅ ခုနှစ်၊ နိုဝင်ဘာလ ၉ ရက်နေ့တွင် ပါတီအဖွဲ့အစည်းခေါင်းဆောင်များ လက်မှတ်ရေးထိုး၍ နိုဝင်ဘာလ ၁၈ ရက်တွင် တရားဝင်အဖွဲ့အစည်းအဖြစ် ပေါ်ပေါက်လာခဲ့သည်။ ထို့နောက် ရွေးကောက်ပွဲမတိုင်မီမှာပင် မြေပြန့်ချင်းအမျိုးသားအစည်းအရုံး၊ ပြည်သူ့သံမဏိပါတီ၊ လူငယ်တပ်ဦးနှင့် အမှုထမ်းသမဂ္ဂဥက္ကဌဟောင်း ဦးထွန်းအောင်ကျော်တို့လည်း ပူးပေါင်းပါဝင်လာကြသည်။

ဖဆပလသည် ကျင်းပတော့မည်ဖြစ်သော ရွေးကောက်ပွဲအနိုင်ရရေးအတွက် နည်းအမျိုးမျိုးဖြင့် ဆက်လက်ဆောင်ရွက်ခဲ့သည်။ အနှစ်လေး ဆယ် ဖဆပလအာဏာတည်ရမည်ဟူသော ကြွေးကြော်သံဖြင့် စည်းရုံးလှုံ့ဆော်ခဲ့သည်။ ရွေးကောက်ပွဲအနိုင်ရရှိရေးအတွက် ဖဆပလ သြဇာခံမဟုတ်သော ခရိုင်ဝန်များကို နယ်ပြောင်းခြင်း၊ ဖဆပလနှင့် ယှဉ်ပြိုင်အရွေးခံမည့် အမတ်လောင်းများဘက်မှ ဆောင်ရွက်သူများကို ဖမ်းဆီးခြိမ်းခြောက်ခြင်း စသည့် အာဏာအလွဲသုံးစားမှုများကိုလည်း ပြုလုပ်ခဲ့ကြသည်။ ပမညတအမတ်လောင်း သခင်လွင်ကလည်း ၎င်းအတွက် ဆောင်ရွက်ပေးနေသော ရဲဘော်လေးဦးအသတ်ခံရမှုကြောင့် မဲဆန္ဒရှင်များ၏လုံခြုံမှုကို မရနိုင်၊ တရားမျှတသော ရွေးကောက် ပွဲမဖြစ်နိုင်ဟုယူဆသဖြင့် ရွေးကောက်ပွဲကိုရွှေ့ဆိုင်းပေးရန် တောင်းဆိုခဲ့သည်။ မအူပင်တောင်ပိုင်း ညောင်တုန်းနှင့် ဓနုဖြူနယ်တွင်လည်း ပမညတအမတ်လောင်း ဦးဘရင်သည် ပျူစောထီးများ၏ ခြိမ်းခြောက်အန္တရာယ်ပေးမှုကြောင့် လူမျိုးစုရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့သည်။ ၎င်းအပြင် တရားမျှတသောရွေးကောက်ပွဲကျင်းပပေးရေးအတွက် တိုင်ကြားစာများလည်း ပေးပို့တင်ပြကြသည်ကို တွေ့ရသည်။ ရွေး ကောက်ပွဲအတွင်း အတိုက်အခံအမတ်နှင့် ကေဒါအချို့မှာ ပျူစောထီးကာကွယ်ရေးတပ်များ၏ လုပ်ကြံသတ်ဖြတ်ခြင်းခံရသည်ဟု ဆိုသည်။

၁၉၅၆ ခုနှစ်၊ ဇူလိုင်လ ၂၇ ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် မင်းလှ၊ စစ်ကွင်း၊ တာဆုံအနီး ရွေးကောက်ပွဲကို အကြောင်းပြု၍ လူသတ်ပွဲကြီးဖြစ်ပွားခဲ့ ရာ လွန်စွာအရုပ်ဆိုးခဲ့သည်။ အသတ်ခံရသူများမှာ ပမညတဘက်မှ ရဲဘော်ဘလှိုင်၊ ရဲဘော်ခင်မောင်ကြီး၊ ရဲဘော်တင်ဦး၊ ရဲဘော်ညိုအေး တို့သည် နေ့ခင်းကြောင်တောင် ပြောင်ပြောင်တင်းတင်း အသတ်ခံရခြင်းဖြစ်သည်။ အထွေထွေရွေးကောက်ပွဲကြီးတွင် ဖဆပလအဖွဲ့ချုပ်ကြီး နှင့်အတူ ပမညတ၊ သခင်ဗစိန်၏ ဗမာပြည်ဒီမိုကရက်တစ်ပါတီ၊ ဒေါက်တာဘမော်၏ အမျိုးသားအုပ်စုတို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။

ရွေးကောက်ပွ္ပဲ၌ ဖဆပလပြီးလျှင် ပမညတသည် အင်အားအကောင်းဆုံး အတိုက်အခံပါတီဖြစ်သည်။ ပမညတသည် ပြည်တွင်းစစ်မုချရပ်စဲရ မည်ဟူသော ပြည်တွင်း ငြိမ်းချမ်းရေးကြွေးကြော်သံဖြင့် ရွေးကောက်ပွဲဝင်ခဲ့သည်။ ၎င်းအပြင် ဖဆပလ၏ ပြည်တွင်းငြိမ်းချမ်းရေးသဘောထားကိုဝေဖန်ကာ တောတွင်းလက်နက်ကိုင်အဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးရန် အရေးဆိုခဲ့သည်။

ရွေးကောက်ပွဲတွင် ဖဆပလက အနှစ် ၄၀ အာဏာတည်မြဲရမည်ဟူသော ကြွေးကြော်သံဖြင့် စည်းရုံးခဲ့သည်။ ရွေးကောက်ပွဲတွင် ဖဆပလ အနိုင်ရရှိသော်လည်း ပမညတနှင့် မဲအရေအတွက်မှာ များစွာမကွာခြားလှပေ။ ရွေးကောက်ပွဲတွင် ဖဆပလမှ ၁,၇၄၃,၈၁၆ မဲရရှိခဲ့ပြီး၊ ပမညတမှ ၁,၁၃၉,၂၈၆ မဲရရှိခဲ့သည်။

အမတ်နေရာအားဖြင့် ဖဆပလသည် အမတ်နေရာ (၁၄၄) နေရာ၊ ပမညတမှ အမတ်နေရာ (၄၆)နေရာ၊ ရခိုင်အမျိုးသားအဖွဲ့ချုပ်မှ အမတ် နေရာ (၆) နေရာ၊ တသီးပုဂ္ဂလအမတ်နေရာ (၉) နေရာ အသီးသီးရရှိခဲ့သည်။ ပမညတ အမတ်နေရာ (၄၆) နေရာ ရရှိလာမှုသည် ဖဆပလ၏ စည်းရုံးရေးကျဆင်းမှုကို ဖော်ပြနေသည်။

ရွေးကောက်ပွဲနှင့်ပတ်သက်၍ တဖက် တဖက် အပြန်အလှန်စွပ်စွဲမှုများလည်း ရှိခဲ့သည်။ ပမညတက ဖဆပလသည် စစ်တပ်နှင့် ပျူစောထီး များကြောင့် အနိုင်ရရှိသည်ဟုစွပ်စွဲခဲ့ကြသည်။ ၁၉၅၆ ခုနှစ်၊ စက်တင်ဘာလ ၁၇ ရက်နေ့တွင်ကျင်းပခဲ့သော လွှတ်တော်အစည်းအဝေး တွင်လည်း ဝါးခယ်မမြောက်ပိုင်း လွှတ်တော်ကိုယ်စားလှယ် ဦးတင်ရီက ပြီးခဲ့သောရွေးကောက်ပွဲတွင် အစိုးရသည် ဒီမိုကရေစီကို မယုံကြည် အောင် ပြုမူနေကြောင်း၊ မဲရုံအရာရှိများသည် အရည်အချင်းညံ့ဖျင်းသည့်အပြင် အတိုက်အခံအမတ်လောင်းများအား မတရားပြုမူခဲ့ကြ ကြောင်း၊ စစ်တပ်က ခြိမ်းခြောက်အတင်းအဓမ္မ မဲထည့်ခိုင်းကြောင်း တင်ပြခဲ့သည်။ ထို့အပြင် ဖဆပလမဲရရှိရေးအတွက် ပျူစောထီး ခေါ် ခါးပိုက်ထောင်တပ်များကိုအသုံးပြုကာ ဒီမိုကရေစီလွတ်လပ်ခွင့်ကိုပယ်ဖျက်သောကြောင့် မတရားရွေးကောက်ပွဲဖြစ်သည်ဟူ၍ စွပ်စွဲခဲ့ကြ သည်။ ဖဆပလကလည်း ပမညတသည် ငွေကို ရေလိုသုံးနိုင်သောကြောင့်လည်းကောင်း၊ လက်နက်ဖြင့် ခြိမ်းခြောက်၍ မဲထည့်ခိုင်းသော ကြောင့် မဲအနိုင်ရရှိသည်ဟု ပြန်လည်စွပ်စွဲခဲ့သည်။

ထို့နောက် ၁၉၅၆ မေလ ၂၂ ရက်နေ့တွင်ကျင်းပခဲ့သော လူမျိုးစုလွှတ်တော်ရွေးကောက်ပွဲ ဖဆပလအမတ်များသည် အပြတ်အသတ် အနိုင်ရရှိခဲ့သည်။

သို့သော် ဝန်ကြီးချုပ်ဦးနုသည် ၁၉၅၄ ခုနှစ်၊ ဇွန်လ ၁၉ ရက်နေ့တွင် ဝန်ကြီးချုပ်ရာထူးမှနှုတ်ထွက်၍ ဖဆပလဥက္ကဌအဖြစ်သာ ဆောင်ရွက် နေသောကြောင့် ၁၉၅၆ ရွေးကောက်ပွဲပြီးနောက် ဦးဗဆွေဦးဆောင်၍ ၁၉၅၆ ခုနှစ်၊ ဇွန်လ (၅) ရက်နေ့တွင် အစိုးရအသစ်ကို ဖွဲ့စည်းခဲ့သည်။ အစိုးရသစ် အဖွဲ့ဝင်များမှာ –

(၁) ဦးဗဆွေ – ဝန်ကြီးချုပ်၊ ကာကွယ်ရေးနှင့် အမျိုးသားစီမံကိန်းဌာန
(၂) စဝ်ခွန်ချို – ဒုဝန်ကြီးချုပ် – ၁၊ နိုင်ငံခြားရေး၊ ရှမ်းပြည်နယ်ရေးရာဝန်ကြီး။
(၃) ဦးကျော်ငြိမ်း – ဒု ဝန်ကြီးချုပ် -၂၊ ပြည်ထောင်စုစီးပွားရေးဌာန။
(၄) သခင်တင် – ဒု ဝန်ကြီးချုပ် – ၃၊ လူမှုရေးရာဌာန။
(၅) သခင်သာခင် – ပြည်ထဲရေးဌာန။
(၆) ဦးခင်မောင်လတ် – တရားရေးဌာန။
(၇) ဗိုလ်ခင်မောင်လေး – ဘဏ္ဍာရေးနှင့် အခွန်တော်ဌာန။
(၈) ဦးဘစော – သာသနာရေး၊ လူမှုဝန်ထမ်းနှင့် လူထုပညာရေးဌာန။
(၉) ဗိုလ်ခင်မောင် – စက်မှုလက်မှုဌာန။
(၁၀) ဦးရာရှစ် – သတ္တုတွင်းဌာန။
(၁၁) သခင်တင်မောင် – လယ်ယာစိုက်ပျိုးရေးနှင့် သစ်တောရေးဌာန။
(၁၂) ဦးတင် – ကုန်သွယ်မှုတိုးတက်ရေးနှင့် ရိက္ခာထောက်ပံ့ရေးဌာန။
(၁၃) ဦးထွန်းဝင်း – သမဝါယမနှင့်ကုန်စည်ဖြန့်ဖြူးရေးဌာန။
(၁၄) ဦးဝင်းမောင် – ဆိပ်ကမ်း၊ ရေကြောင်း၊ လေကြောင်းနှင့် ကမ်းရိုးတန်းဆက်သွယ်ရေးဌာန။
(၁၅) ဗိုလ်မင်းခေါင် – မီးရထား၊ ပ.ရ.သ.ဖ၊ ယူဘီအေ၊ စာတိုက်နှင့်ကြေးနန်းဌာန။
(၁၆) ဦးထွန်းတင် – ပညာရေးနှင့်ယဉ်ကျေးမှုဌာန။
(၁၇) ဒေါက်တာစိန်ဘန်း – ကျန်းမာရေးဌာန။
(၁၈) စဝ်ထွန်းအေး – ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဌာန။
(၁၉) ဦးရှိန်ထန်း – ပြန်လည်ထူထောင်ရေးဌာန။
(၂၀) ဦးတင်ညွှန့် – အလုပ်သမားဌာန။
(၂၁) သခင်စံမြင့် – လယ်ယာမြေနိုင်ငံပိုင်ပြုလုပ်ရေးဌာန။
(၂၂) သခင်ပန်းမြိုင် – ဒီမိုကရေစိဒေသန္တရာအုပ်ချုပ်ရေးဌာန။
(၂၃) စောအောင်ပ – လမ်းလုပ်ငန်းနှင့် အိမ်ရာဆောက်လုပ်ရေးဌာန။
(၂၄) သခင်ချစ်မောင် (မြန်အောင်) – ပြန်ကြားရေးဌာနတို့ဖြစ်သည်။

ယင်းနောက် ၁၉၅၇ ခုနှစ် ဖေဖော်ဝါရီလ ၂၁ ရက်နေ့တွင် ဖဆပလအဖွဲ့ချုပ်ဥက္ကဌ ဦးနုက ဝန်ကြီးချုပ်ရာထူးပြန်လည်ရယူ၍ ၁၉၅၇ ခုနှစ် ဖေဖော်ဝါရီ ၂၈ ရက်နေ့တွင် ဦးနုဦးဆောင်သည့် အစိုးရအဖွဲ့သစ်ကို ပြန်လည်ဖွဲ့စည်းခဲ့သည်။ အစိုးရသစ်အဖွဲ့ဝင်များမှာ –
(၁) ဦးနု – နိုင်ငံတော်ဝန်ကြီးချုပ်
(၂) ဦးဗဆွေ – ဒု ဝန်ကြီးချုပ်၊ ကာကွယ်ရေးဌာန။
(၃) စဝ်ခွန်ချို – ဒု ဝန်ကြီးချုပ်၊ နိုင်ငံခြားရေးဌာနနှင့် ရှမ်းပြည်နယ်ဌာန။
(၄) ဦးကျော်ငြိမ်း – ဒု ဝန်ကြီးချုပ်၊ အမျိုးသားစီးပွားရေးဌာန။
(၅) သခင်တင် – ဒု ဝန်ကြီးချုပ်၊ ပြည်သူ့လုပ်ငန်းဌာန။
(၆) ဒေါက်တာစောလှထွန်း – ကရင်ပြည်နယ်ဌာန
(၇) ဦးဇန်ထားဇင် – ပြည်နယ်ဌာန
(၈) စဝ်ဝဏ္ဏ – ကယားပြည်နယ်ဌာန
(၉) ဦးဇာရဲလျှန် – ချင်းရေးရာဌာန
(၁၀) ဦးတင် (မြန်မာ့အလင်း) – ကုန်သွယ်မှုတိုးတက်ရေးဌာနနှင့် ပစ္စည်းထောက်ပံ့ရေးဌာန။
(၁၁) ဗိုလ်ခင်မောင်ကလေး – ဘဏ္ဍာရေးနှင့် အခွန်တော်ဌာန
(၁၂) ဦးခင်မောင်လတ် – တရားရေးဌာနဝန်ကြီး။
(၁၃) သခင်ကျော်ဒွန်း – လယ်ယာစိုက်ပျိုးရေးနှင့်သစ်တောရေးရာဌာန။
(၁၄) သခင်သာခင် – ပြည်ထဲရေးဌာန။
(၁၅) ဦးရာရှစ် – သတ္တုတွင်းဌာန။
(၁၆) ဗိုလ်မင်းခေါင် – သယ်ယူပို့ဆောင်ရေး၊ စာတိုက်နှင့်ကြေးနန်းဌာန။
(၁၇) ဦးဘစော – လူမှုဝန်ထမ်းနှင့် သာသနာရေးဌာန။
(၁၈) ဦးရှိန်ထန်း – ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဌာန။
(၁၉) ဦးထွန်းဝင်း – သမဝါယမနှင့်ကုန်စည်ဖြန့်ဖြူးရေးဌာန။
(၂၀) သခင်ချစ်မောင် (မြန်အောင်) – ပြန်ကြားရေးဌာန။
(၂၁) ဦးအောင်ပ – ရေကြောင်းနှင့် မြို့ပြလေကြောင်းဌာန။
(၂၂) ဆမားဒူးဝါးဆင်ဝါးနောင် – ပြည်သူ့လုပ်ငန်း၊ အိမ်ယာဆောက်လုပ်ရေးနှင့် ပြန်လည်ထူထောင်ရေးဌာန။
(၂၃) ဦးတင်ညွှန့် – အလုပ်သမားဌာန။
(၂၄) သခင်တင်မောင် – ပြည်သူ့လုပ်ငန်း၊ အိမ်ယာဆောက်လုပ်ရေးဌာန။
(၂၅) သခင်စံမြင့် – လယ်ယာမြေနိုင်ငံပိုင်ပြုလုပ်ရေးဌာန။
(၂၆) ဗိုလ်ခင်မောင် – စက်မှုလက်မှုဌာန။
(၂၇) မဟာသရေစည်သူ စဝ်ထွန်းအေး – လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ဌာန။
(၂၈) ဦးထွန်းတင် – ပညာရေးနှင့် ပြည်ထောင်စုယဉ်ကျေးမှုဌာန။
(၂၉) ဒေါက်တာစိန်ဘန်း – ကျန်းမာရေးဌာနတို့ဖြစ်ကြသည်။

၁၉၅၇ ခုနှစ် မတ်လ ၁၁ ရက်နေ့တွင် ပြည်ထောင်စုမြန်မာနိုင်ငံတော်ပါလီမန်လူမျိုးစုလွှတ်တော် တွဲဖက်ညီလာခံကိုကျင်းပခဲ့ရာ ညီလာခံမှာ နိုင်ငံတော်သမ္မတအဖြစ် မန်းဝင်းမောင်ကို ရွေးကောက်တင်မြှောက်ခဲ့ကြသည်။

၁၉၅၇ ခုနှစ်၊ မတ်လ ၁၂ ရက်နေ့တွင် ပါလီမန်လွှတ်တော်ကို ဆက်လက်ကျင်းပရာ အစည်းအဝေး၌ ပ.မ.ည.တ အမတ် ဒေါက်တာအေးမောင် (ပြည်မြို့) က အစိုးရအပေါ် အယုံအကြည်မရှိအဆိုတင်သွင်းပြီး ဝိဓူရသခင်ချစ်မောင်အပါအဝင် အမတ် (၁၀) ဦး ထောက်ခံခဲ့သည်။ အဆို ကို မတ်တပ်ရပ်ဆန္ဒယူသည်။ အဆိုကိုသဘောမတူသူများသဖြင့် အဆိုဘက်မှရှုံးနိမ့်သည်။ မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးနောက် ပြည်သူ့ လွှတ်တော်ပါလီမန်တွင် အစိုးရအား ပထမဆုံးအကြိမ် အယုံအကြည်မရှိအဆို တင်သွင်းခဲ့ခြင်းဖြစ်သည်။

ထို့နောက်လွတ်လပ်ရေး ရရှိပြီးနောက် ညီညွတ်ခိုင်မာစွာရပ်တည်ခဲ့သော ဖဆပလအဖွဲ့ကြီး နိုင်ငံရေးဝါဒသဘောထားများ၊ ပုဂ္ဂိုလ်ရေးအာဃာ တ တရားများကြောင့် ၁၉၅၈ ခုနှစ် မေလ ၆ ရက်နေ့ ဖဆပလအဖွဲ့ကြီးသည် နုတင်အုပ်စု၊ ဆွေ-ငြိမ်းအုပ်စုဟူ၍ နှစ်ခြမ်းကွဲသွားလေသည်။ ဖဆပလသန့်ရှင်းရေးလုပ်ချင်သည့် ဦးနုနှင့်သခင်တင်အုပ်စုကို သန့်ရှင်းဖဆပလဟူ၍လည်းကောင်း၊ ဖဆပလတည်မြဲရေးကြိုးပမ်းခဲ့သော ဦးဗဆွေနှင့် ဦးကျော်ငြိမ်းအုပ်စုကို တည်မြဲဖဆပလဟူ၍ လူထုက ကင်ပွန်းတပ်ခဲ့သည်။

သန့်ရှင်း၊ တည်မြဲ အကွဲအပြဲသည် အစိုးရအဖွဲ့အတွင်းသာမက ဌာနဆိုင်ရာအတွင်း၊ လူထုလူတန်းစားအဖွဲ့အစည်းအတွင်း တပြည်လုံးကို ဂယက်ရိုက်ခတ်ခဲ့သည်။

၁၉၅၈ခုနှစ် ဇွန်လ ၄ရက်နေ့တွင် ဦးနုခေါင်းဆောင်သည့် သန့်ရှင်းဖဆပလသည် အစိုးရအဖွဲ့အသစ် ပြန်လည်ဖွဲ့စည်းခဲ့သည်။ ယင်းနောက် ၁၉၅၈ခုနှစ် ဇွန်လ ၅ရက်နေ့တွင် ပြည်ထောင်စုမြန်မာနိုင်ငံပါလီမန် (ဒုတိယပြည်သူ့လွှတ်တော်) ညီလာခံအထူးအစည်းအဝေးကို ကျင်းပခဲ့ရာ အစည်းအဝေးတွင် တည်မြဲဖဆပလအဖွဲ့မှ ဦးဗဆွေက ဦးနုအစိုးရကို အယုံအကြည်မရှိအဆို တင်သွင်းခွင့် လွှတ်တော်သို့ တောင်းခံခဲ့သည်။ လွှတ်တော်ဥက္ကဌက အဆိုနှင့်ပတ်သက်၍ ဆွေးနွေးလိုသူများ၊ မတ်တပ်ရပ်ဆန္ဒယူရာ အမတ် ၅၀ ကျော် မတ်တပ်ရပ်သဖြင့် အဆိုကို လွှတ်တော်က တနင်္လာနေ့ (၁၉၅၈ခုနှစ် ဇွန်လ ၉ရက်) တွင် ဆွေးနွေးခွင့်ပြုမည်ဟု ကြေညာခဲ့သည်။

ထို့နောက် ၁၉၅၈ ခုနှစ် ဇွန်လ ၉ ရက်နေ့တွင် ပြည်ထောင်စုမြန်မာနိုင်ငံ ပါလီမန် (ဒုတိယပြည်သူ့လွှတ်တော်) ညီလာခံ အထူးအစည်း အဝေးကျင်းပရာ ဦးဗဆွေက ဦးနုသည် ဖဆပလနှင့် ပြည်ထောင်စုပြိုကွဲအောင် လုပ်နေခြင်း၊ ဖဆပလလမ်းစဉ်ကို သွေဖည်နေခြင်း၊ တိုင်း ရင်းသားစည်းလုံးညီညွတ်မှုကို အစိတ်စိတ်အမွှာမွှာဖြစ်အောင် ဖြိုခွဲနေခြင်း၊ မြန်မာ့လွတ်လပ်ရေးကို ကြီးမားသော အန္တရာယ်ဖြစ်အောင် လုပ်ဆောင်နေခြင်း၊ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေနှင့် တရားဥပဒေများကို မိမိအာဏာတည်မြဲရေးအတွက် စက္ကူစုတ်ဖြစ်အောင် ဖောက် ဖျက်လုပ်အောင်နေသည့်အတွက် ဦးနုအစိုးရကို အယုံအကြည်မရှိအဆိုကို တင်သွင်းရခြင်းဖြစ်ကြောင်း ရှင်းလင်းတင်ပြသည်။ အယုံအကြည် မရှိအဆိုကို လွှတ်တော်၌ အမတ် ၂၄၈ ဦးရှိသည့်အနက် ၂၄၆ ဦးက မဲပေးခဲ့ကြသည်။ လွှတ်တော်ဥက္ကဌက မဲမပေးဘဲ ကြားနေခဲ့သလို မအူပင်အမတ် ဦးဘဦးက နှုတ်ထွက်သွားသည့်အတွက် ၂၁ မဲ လျော့နည်းသွားခြင်းဖြစ်သည်။

ဦးဗဆွေတင်သွင်းသောအဆိုကို အချေအတင် ဆွေးနွေးကြပြီးနောက် ထောက်ခံသူ၊ ကန့်ကွက်သူ ဆန္ဒမဲပေးရာတွင် ဗြောင်မဲပေးစနစ်ကို ကျင့်သုံးရာ အဆိုကိုထောက်ခံသူက ၁၁၉ မဲ၊ ကန့်ကွက်သူက ၁၂၇ မဲ ရရှိခဲ့သည်။ ထိုသို့ အဆိုကို (၈) မဲဖြင့် ရှုံးနိမ့်သွားသည့်အတွက် ဦးနု ဦးဆောင်သော အစိုးရအဖွဲ့သည် အာဏာဆက်လက်တည်မြဲခဲ့သည်။

အယုံအကြည်မရှိအဆိုကို အနိုင်ရရှိပြီးနောက် ဦးနုသည် အစိုးရအဖွဲ့ကို ပြန်လည်ပြင်ဆင်ဖွဲ့စည်းခဲ့သည်။ ပမညတ မဲ (၄၄) မဲဖြင့် အနိုင်ရ ရှိခဲ့သောကြောင့် ပမညတခေါင်းဆောင်တဦးဖြစ်သူ ဦးအေးမောင်ကို တရားရေးဝန်ကြီးအဖြစ် ခန့်အပ်ခဲ့သည်။ ရခိုင်အမတ် (၆) ဦးထဲမှ (၃)ဦးကိုလည်း ဝန်ကြီးနေရာများ ပေးခဲ့ရသည်။

သန့်ရှင်းဖဆပလအစိုးရလက်ထက်တွင် ကာကွယ်ရေးဝန်ကြီးအဖြစ် ရဲဘော်သုံးကျိပ်ဝင် ဗိုလ်မှူးအောင် ဖြစ်လာခဲ့သည်။ ပြည်ထဲရေးဝန်ကြီး ကိုမူ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်မင်းခေါင်အား ခန့်အပ်ခဲ့သည်။ တည်မြဲဖဆပလ ရှုံးနိမ့်မှုမကျေနပ်သူများ၌ မြောက်ပိုင်းတိုင်း တပ်မဟာမှူး ဗိုလ်မှူးကြီး ကြည်ဝင်းသည် အထင်အရှားဆုံးဖြစ်သည်။ ဗိုလ်မှူးကြီးကြည်ဝင်းသည် တည်မြဲဖဆပလ ဥက္ကဌဦးဗဆွေနှင့် မယားညီအစ်ကို တော်သူလည်းဖြစ်သည်။ ၎င်းက “သန့်ရှင်းတွေဖိလို့ လွှတ်တော်မှာ (၈) မဲရှုံးရုံနဲ့ ဦးဗဆွေတို့ အပြင်တောင်မထွက်ရဲဖြစ်နေပြီ။ သန့်ရှင်းအစိုး ရကို တပ်က လက်နက်နဲ့ဖြုတ်ချပစ်ရမယ်” ဟူ၍ တီးတိုးဝါဒဖြန့်ခဲ့သည်။ ထိုစဉ်က ဗိုလ်မှူးကြီးကြည်ဝင်းသည် မြောက်ပိုင်းတိုင်း တိုင်းမှူး ဗိုလ်မှူးချုပ်အောင်ရွှေ (နောင် NLD ပါတီဥက္ကဌ)၊ မြောက်ပိုင်းတိုင်းစစ်ဦးစီးမှူး (ပထမတန်း) ဗိုလ်မှူးကြီး ချစ်ခိုင်တို့နှင့်ပူးပေါင်းပြီး တပ်က အာဏာသိမ်းရေးကို ပြင်ဆင်စိုင်းပြင်း၍ ဗိုလ်ချုပ်ကြီးနေဝင်းကို အာဏာသိမ်းရန် တင်ပြတောင်းဆိုခဲ့သည်။

စစ်တပ်ကို အာဏာသိမ်းရန် သွေးထိုးမြှောက်ပင့်သည့်အဖွဲ့များ၌ သခင်ဗစိန်ခေါင်းဆောင်သည့် ဗမာပြည်ဒီမိုကရက်တစ်အဖွဲ့ချုပ်လည်း ပါဝင် သည်။ ဗမာပြည် ဒီမိုကရက်တစ်အဖွဲ့ချုပ်သည် ၁၉၅၈ ခုနှစ်၊ ဇွန်လ ၂၂ ရက်နေ့တွင် ညီလာခံပြုလုပ်၍ “ဗမာ့တပ်မတော်က ဦးစီး၍ ကွန်မြူနစ်မဟုတ်သော လွှတ်တော်အတွင်းအပြင်ရှိ ပါတီပေါင်းစုံပါဝင်သော ယာယီအမျိုးသားအိမ်စောင့်အစိုးရဖွဲ့စည်းရန်” တောင်းဆိုခဲ့ သည်။

ထိုစဉ်အတွင်း ၁၉၅၈ ခုနှစ်၊ ဇူလိုင်လ ၃၀ ရက်နေ့တွင် ပြည်ထောင်စုမြန်မာနိုင်ငံသမ္မတ မန်းဝင်းမောင်က သင်ပုန်းခြေလွတ်ငြိမ်းချမ်းသာခွင့်အမိန့်ကို ထုတ်ပြန်သည်။ ထိုနှစ် သြဂုတ်လ ၁၅ ရက်နေ့တွင် ပြည်သူ့ရဲဘော် (P.C.P) ပါတီ၏ ပြည်သူ့လက်နက်တပ်ဖွဲ့အားလုံးကိုလည်း ဖျက်သိမ်းပစ်ခဲ့သည်။ ထို့အပြင် ပြည်ထဲရေးဝန်ကြီးဌာနက ပြည်သူ့ရဲဘော်အဖွဲ့အား မတရားအသင်းကြေညာခြင်းကို ၁၉၅၈ ခုနှစ်၊ သြဂုတ် လ ၁၅ ရက်နေ့မှစ၍ရုတ်သိမ်းကြောင်း သြဂုတ်လ ၁၈ ရက်နေ့တွင် ကြေညာခဲ့သည်။

ထို့နောက် နိုင်ငံတော်ဝန်ကြီးချုပ်ဦးနုက တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးနေဝင်းထံ စာတစ်စောင်ပေးပို့၍ ဗိုလ်ချုပ်ကြီးနေဝင်း ကိုယ်တိုင် ဝန်ကြီးချုပ်အဖြစ်ဖြင့် အစိုးရအဖွဲ့တစ်ဖွဲ့ကို ဖွဲ့စည်းပြီးလျှင် ၁၉၅၈ ခုနှစ်၊ ဧပြီလမကုန်မီ လွတ်လပ်၍တရားမျှတသော အထွေထွေ ရွေးကောက်ပွဲကြီးကိုကျင်းပနိုင်အောင် လိုအပ်သည့်အစီအစဉ်များဆောင်ရွက်ရန် ပန်ကြားခဲ့သည်။ ထိုနေ့မှာပင် ဗိုလ်ချုပ်ကြီးနေဝင်းက ဦးနုထံ ပြန်ကြားစာပေးပို့သည်။

၁၉၅၈ ခုနှစ်၊ အောက်တိုဘာလ ၂၈ ရက်မှ နိုဝင်ဘာလ ၂၄ ရက်နေ့အထိ ရန်ကုန်မြို့ အတွင်းဝန်များရုံးအတွင်းရှိ လွှတ်တော်အဆောက်အဦ တွင် ပြည်ထောင်စုမြန်မာနိုင်ငံတော်ပါလီမန် (ဒုတိယအကြိမ်ပြည်သူ့လွှတ်တော်) အစည်းအဝေးကျင်းပ၍ ဝန်ကြီးချုပ်ဦးနုက ဗိုလ်ချုပ်ကြီးနေ ဝင်းကို ဝန်ကြီးချုပ်အဖြစ် အဆိုတင်သွင်းခဲ့သည်။ ယင်းနောက် အစိုးရသက်တမ်း (၃) လ၊ ၁၇ ရက်သာရှိသော သန့်ရှင်းဖဆပလအစိုးရသည် ၁၉၅၈ ခုနှစ်၊ အောက်တိုလာလ ၂၈ ရက်နေ့တွင် ဗိုလ်ချုပ်ကြီးနေဝင်းခေါင်းဆောင်သော အိမ်စောင့်အစိုးရအဖွဲ့သို့ အာဏာလွှဲပြောင်းပေး ခဲ့ရပေသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Related posts

Tags: , ,

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:သန်းဝင်းလှိုင်

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

ဒေါက်တာခင်မောင်ဝင်း(သချာင်္)၏ Fuzzy Logic & Set Theory ဆောင်းပါးများ ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္)၏ Fuzzy Logic & Set Theory ဆောင်းပါးများ ထွက်ပြီ မိုးမခစာအုပ်စင်၊...

Read more »

ဂျူနီယာဝင်း ဘာသာပြန်တဲ့ ၂၁ရာစု ဂျာနယ်လစ်ဇင် ထွက်ပြီ

By

ဂျူနီယာဝင်း ဘာသာပြန်တဲ့ ၂၁ရာစု ဂျာနယ်လစ်ဇင် ထွက်ပြီ (မိုးမခစာအုပ်စင်) ဇန်န၀ါရီ ၃၁၊ ၂၀၁၉...

Read more »

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ်

By

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ် (မိုးမခစာအုပ်စင်) ဒီဇင်ဘာ ၂၆၊ ၂၀၁၈...

Read more »

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ

By

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ မိုးမခစာအုပ်စင်၊ ဒီဇင်ဘာ ၈၊...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

Tags

(all tags)