Maung Khin Aye Tint (Ma Dauk) – ၂၀၀၈ဘောင်ထဲက ထာဝရ ငြိမ်းချမ်းရေးဆိုရင်တော့…

March 17, 2012

 

၂၀၀၈ဘောင်ထဲက ထာဝရ ငြိမ်းချမ်းရေးဆိုရင်တော့…
မောင်ခင်အေးတင့်(မဒေါက်)၊ မတ် ၁၇၊ ၂၀၁၂
၁၉၆၂ခုနှစ် မတ်လ(၂)ရက်နေ့မှာ ဗိုလ်ချုပ်ကြီးနေ၀င်း ဦးဆောင်တဲ့ အဖွဲ့ဝင်၁၇-ဦးပါ တော်လှန်ရေးကောင်စီက စစ် အာဏာသိမ်းလိုက်ပါတယ်။ မတ်လ(၉)ရက်နေ့မှာတော့ အချုပ်အခြာအာဏာသုံးရပ်စလုံး ဗိုလ်ချုပ်ကြီးနေ၀င်း လက်ထဲ ရောက်သွားပြီး အဲဒီ မတ်လ ၂-ရက်နေ့ကိုလည်း တောင်သူလယ်သမားနေ့အဖြစ် ဖုံးကွယ် ခေါင်းစဉ်ပြောင်းတပ်လိုက်ပါ တယ်။ တောင်သူလယ်သမားအစည်းအရုံးဆိုတာတွေ ပေါ်ပေါက်လာပေမဲ့ တောင်သူလယ်သမားတွေအတွက် ဘာတခုမှ အကာအကွယ် အာမခံပေးတာမျိုး မဟုတ်ပါဘူး။ ပြည်သူပိုင်သိမ်းဖို့အတွက် ဒီလိုမျိုးလုပ်ပြ အစပျိုးထားလိုက်တာက အဓိကအကြောင်းပါပဲ။
နောက်သုံးလအကြာ ဇူလိုင်(၇)ရက်နေ့မှာတော့ အစဉ်အလာကြီးမားလှတဲ့ ဗကသ ကျောင်းသား သမဂ္ဂအဆောက်အဦးကြီးကို ကွန်မြူနစ်တွေ ခိုအောင်းနေတယ်၊ ကြိုးကိုင်နေတယ်ဆိုတဲ့ အကြောင်းပြချက်တင်ပြီး မိုင်းခွဲဖြိုချပစ်လိုက်ပါတယ်။ အဲဒီအချိန် ဒီအဆောက်အဦးကြီးထဲမှာ ကျောင်းသားကျောင်းသူတွေ တရာကျော် နှစ်ရာနီးပါး လောက် ရှိနေပါတယ်။ ( ကျနော်သိထားသလောက်တော့ ကျောင်းသူကျောင်းသား ၁၇၁ ယောက် ရှိပါတယ်။) အရှင် လတ်လတ် မိုင်းခွဲ သတ်ဖြတ်ခံလိုက်ရတာပါပဲ။ ဒါဟာ ဗိုလ်နေ၀င်းကာလကတည်းက ဗမာပြည်နိုင်ငံရေးမှာ တပ်မတော်ရဲ့ သမိုင်းအမှားကို စတင် မျိုးစေ့ချပေးလိုက်တဲ့ အဖြစ်သနစ်ပါပဲ။ အဲဒီကစ အမှောင်ထုဖုံးလွှမ်းတဲ့ ဗမာနိုင်ငံကြီး ဖြစ်သွားတော့တာပါပဲ။
၁၉၆၃ခုနှစ် ဧပြီလ(၁)ရက်နေ့မှာ တော်လှန်ရေးကောင်စီက နိုင်ငံရေးအကျဉ်းသားမှန်သမျှကို လွှတ်ပေးလိုက်ကြောင်း အထွေထွေလွတ်ငြိမ်းချမ်းသာခွင့် အမိန့် ကို ထုတ်ပြန်ခဲ့ပြီး ၁၉၆၃-ဇူလိုင်လ(၁)ရက်နေ့အထိ ၃-လ အချိန်သတ်မှတ်ခဲ့ပါတယ်။ အဲဒီနောက် ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ သဘောထားတရပ် ကြေညာမယ်လို့ ကြိုတင် ရေဒီယိုက ကြေညာထားတဲ့အတိုင်း ၁၉၆၃ခုနှစ် ဇွန်လ(၁၁)ရက် ည(၇း၄၅)မှာ တွေ့ဆုံဆွေးနွေးရေး ကမ်းလှမ်းချက်တရပ်ကို တော်လှန်ရေး ကောင်စီက ကြေညာခဲ့ပါတယ်။ လူတိုင်းလိုလို အကြားများ လွဲသွားသလားလို့တောင် ထင်မိကြပါတယ်၊
နောက်တနေ့ နောက်တနေ့တွေမှာလည်း တွေ့ဆုံဆွေးနွေးရေးကို မျက်နှာစုံညီလုပ်မယ်လို့ အကြိမ်ကြိမ် ကြေညာတဲ့အတွက် ပြည်သူ့အဖွဲ့အစည်းအသီးသီး လူ ပုဂ္ဂိုလ်အသီးသီးက ၀မ်းသာအယ်လဲ ကြိုဆိုထောက်ခံခဲ့ကြပါတယ်။ ဒီအချက်က အာဏာရအစိုးရအဆက်ဆက်ဟာ တိုင်းပြည်ရဲ့ နိုင်ငံရေးပြဿနာတွေကို ငြိမ်းချမ်းတဲ့ တွေ့ဆုံဆွေးနွေးနည်းနဲ့ ဘယ်တုန်းကမှ ဖြေရှင်းခဲ့တာ မရှိဘူး၊ ဖြေရှင်းချင်တဲ့ စိတ်ဆန္ဒလည်း မရှိခဲ့ဘူးဆိုတဲ့အပေါ် လူထုက ကောင်းကောင်းနော ကျေထားပြီးသားဆိုတာ မီးမောင်းထိုးပြလိုက်သလိုပါပဲ။
ပြည်တွင်းစစ်ရပ်စဲပြီး ပြည်တွင်းငြိမ်းချမ်းရေးအတွက် မျက်နှာစုံညီဆွေးနွေးမယ်ဆိုတဲ့အတွက် အဲဒီကာလက ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညီညွတ်ရေး တပ်ပေါင်းစု(ပမညတ)ကလည်း အချက်ငါးချက်ကို ၁၂-၆-၆၃နေ့က ထုတ်ပြန်ခဲ့ပါတယ်။
(၁) မျက်နှာစုံညီဆွေးနွေးနေစဉ် အတိုက်အခိုက်များ နှစ်ဘက်စလုံးမှ ရပ်ဆိုင်းထားရန်
 (၂) တွေ့ဆုံဆွေးနွေးရေးကို ရန်ကုန်တွင် ကျင်းပရန်
(၃) ဗဟိုနှင့် ဗဟိုချင်း ဆွေးနွေးရန်
(၄) တွေ့ဆုံဆွေးနွေးချက်များကို ပြည်သူလူထုကို အသိပေးရန်
(၅) ကိုယ်စားလှယ်များရဲ့ လွတ်လပ်မှု၊ လုံခြုံမှုကို အာမခံရန်တို့ ဖြစ်ပါတယ်။
တောတွင်းလက်နက်ကိုင် အင်အားစုတွေကို အာဏာရအစိုးရအဆက်ဆက်က အပြုတ်တိုက်ရေးလမ်းကြောင်းအတိုင်း လုပ်ဆောင်ခဲ့ပြီး တဘက်ကလည်း လက်နက်ချအညံ့ခံရေးကို ဇောင်းတင်းထားပြီး တောတွင်းပါတီအဖွဲ့အစည်းအားလုံးကို ချေမှုန်း၊ ခေါင်းဆောင်ဟူသမျှကို တသိန်း၊  ငါးသောင်း၊ သုံးသောင်း၊ နှစ်သောင်း၊ တသောင်းဆိုတဲ့ ဆုငွေထုတ်ပြီး  အထူးလုပ်ငန်းတရပ်အနေနဲ့ သတ်ဖြတ်ခိုင်းခဲ့ပြီး ၁၉၆၃ခုနှစ် ဇူလိုင်(၄)ရက်နေ့မှာတော့ မဆလလို့ လူသိများတဲ့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ တပါတီအာဏာရှင်စနစ် စတင်ပေါ်ထွက်လာပါတယ်။
၁၉၆၄ခုမတ်လ(၂၈)ရက်မှာတော့ ဗိုလ်နေ၀င်းစစ်အစိုးရရဲ့ “အမျိုးသားညီညွတ်ရေး ထိန်းသိမ်းကာကွယ်ရေးဥပဒေ” ပေါ်ပေါက်လာပြီး တောတွင်းလက်နက်ကိုင် တော်လှန်ရေးအင်အားစုတွေနဲ့ ပြည်တွင်းစစ်ရပ်စဲရေး၊ ပြည်တွင်းငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ တဖွဲ့ပြီးတဖွဲ့ ပျက်ပြားကုန်ပြီး ၁၉၆၇-၆၈ခုနှစ်မှာတော့ ပြည်တွင်း မှာရော နယ်စပ်ဒေသတွေမှာပါ ပြည်တွင်းစစ်မီးကြီး တဟုန်းဟုန်း တောက်လောင်ခဲ့တာ ဒီကနေ့ မျက်မှောက်ကာလ ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန် ကြံ့ဖွတ် အစိုးရအထိပါပဲ။
ချုပ်ရရင်တော့ ဗမာပြည်ရဲ့ အုပ်ချုပ်သူအစိုးရတွေဟာ သူတို့တွင်း အာဏာအပြောင်းအရွှေ့ တခုခုလုပ်ပြီးရင်ဖြစ်စေ၊ အကြမ်းနည်းသုံး အာဏာသိမ်းလိုက်ပြီး ရင်ဖြစ်စေ အခုလိုမျိုး လွတ်ငြိမ်းချမ်းသာခွင့်တို့၊ ပြည်တွင်းငြိမ်းချမ်းရေးတို့ ဆိုတာကို ခရားရေလွှတ် ဟန်ပြလုပ်လေ့ရှိတယ်ဆိုတာကို အမှတ်ရသတိပြုစေချင် တာပါ။ ဒီလိုလုပ်ပြတဲ့အခါမှာလည်း တိုင်းပြည်နဲ့လူထုကို အလုပ်အကျွေးပြု စောင့်ရှောက်ကာကွယ်ခဲ့တဲ့ သမိုင်းအစဉ်အလာကြီးတဲ့ တပ်မတော်ဟာ အာဏာရ အစိုးရတွေရဲ့ အသုံးတော်ခံကိရိယာတခုလို အသုံးချခံရမြဲဖြစ်ပြီး ပြည်တွင်းစစ်ကို မီးမွှေးတဲ့ ဓါးစာခံဘ၀ ရောက်ခံရပါတယ်။ ပြည်သူတွေကို ဆန့်ကျင်ဖိနှိပ်ရတဲ့ စနစ်ရဲ့သားကောင်ဘ၀ သက်ဆင်းခဲ့ရပါတယ်။
အဲဒါကြောင့် အာဏာဆုပ်ကိုင် အစိုးရအဆက်ဆက်ဟာ ပြည်တွင်းစစ်ရပ်စဲရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေးကို အပေါ်ယံဘန်းပြ အမယ်စုံအရွယ်စုံ ပုံစံမျိုးစုံနဲ့ လုပ် ဆောင်နေပေမဲ့ စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို တကယ် စစ်စစ်မှန်မှန် လိုလားလေ့ မရှိကြပါဘူး။
ပြည်တွင်းစစ်သက်တမ်း (၆၄)နှစ်ကိုကြည့်ရင် ဖဆပလအစိုးရကစ လို့ အခု ကြံ့ဖွတ်အစိုးရအထိ အာဏာရအစိုးရအဆက်ဆက်ဟာ ပြည်တွင်းစစ်ရပ်စဲရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေးဆိုတာကို ဟုတ်တိပတ်တိ မယ်မယ်ရရ ဘာ တခုမှ အလေးအနက်ထား ဖော်ဆောင်ခဲ့ကြတာ မဟုတ်ဘူးဆိုတာ ရှင်းနေပါတယ်။ ရှိခဲ့ပါတယ်လို့ ပြောရင်လည်း အပေါ်ယံဟန်ပြလောက်သာ ဖြစ်တယ်ဆိုတာ သမိုင်းကသက်သေပြခဲ့ပြီးပါပြီ။
ပစ္စက္ခ လက်ငင်းနိုင်ငံရေးဖြစ်ပေါ်မှုကို သုံးသပ်ကြည့်ရင်လည်း ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကျင်းပပြုလုပ်ခဲ့သော အတုအယောင် ၂၀၁၀ ရွေးကောက်ပွဲက အရင် ၀န်ကြီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီးသိန်းစိန်ကို အရပ်ဝတ်အစိုးရသစ် သမ္မတကြီး ဦးသိန်းစိန်အဖြစ် ကင်ပွန်းတပ်ပေးလိုက်ပြီး ၂၀၁၁ခုနှစ် မတ်လ(၃၀) ရက် နေ့မှာတော့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေကပဲ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရာထူးကို ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်ဆီ တရားဝင် လွှဲပြောင်းပေးအပ်ခဲ့တာ အခု ဆိုရင် အစိုးရသစ်သက်တမ်း (၁)နှစ်တောင် ကျော်ခဲ့ပြီဖြစ်ပါတယ်။
၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၇) တပ်မတော်၊ ပုဒ်မ ၃၄၂အရ ကာလုံရဲ့ အဆိုပြု ထောက်ခံချက်နဲ့ ကာချုပ်ကို သမ္မတဦးသိန်းစိန်က ခန့်အပ်တာဝန်ပေးရ မယ်လို့ ပြဋ္ဌာန်းထားပေမဲ့ တကယ်ကတော့ အရင် နအဖစစ်အစိုးရ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ကာလုံတခုလုံးရဲ့အပေါ်မှာ ရှိနေတယ်ဆိုတာ ဒီလုပ်ရပ်က အတိ အလင်း သက်သေပြလိုက်တာပါပဲ။
စစ်ဗိုလ်လူထွက်တွေရဲ့ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နဲ့ ပြည်ထောင်စုလွှတ်တော်တို့ ဆိုတာလည်း ရှိလာ ပြီဖြစ်ပေမဲ့ တိုင်းရင်းသားဒေသတွေမှာ သေနတ်သံတွေ ရပ်စဲသွားအောင် မလုပ်သေးတဲ့အပြင် ပိုမိုပြင်းထန်တဲ့ ပြည်တွင်းစစ်မီးကို ဆက်လက် လောင်စာထိုး ပေးနေဆဲ ဖြစ်တာမို့ လက်နက်ကိုင် တော်လှန်တိုက်ပွဲမ၀င်တဲ့ လူမျိုးစုရယ်လို့ မရှိသလောက်ပါပဲ။
စစ်မှန်တဲ့ ပြည်တွင်းငြိမ်းချမ်းရေးကို တကယ် လိုလားတယ်ဆိုရင် ပြည်တွင်းစစ်ရပ်စဲဖို့ကို အရင်ဆုံးလုပ်ရမှာပါ။ အခု လတ်တလော ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့အနေနဲ့ တွေ့ဆုံဆွေးနွေးရေး၊ သဘောတူလက်မှတ်ထိုးရေး ကြိုးပမ်းစဉ်ကာလမှာကို တပြည်လုံး အတိုင်းအတာဆောင်တဲ့ အပစ်အခတ် ရပ်စဲရေးကို ကြေညာမှသာ တိုင်းရင်းသားအင်အားစုအားလုံးကို ယုံကြည်စိတ်ချမှု ဖြစ်စေမှာပါ၊
ဒါ့ပြင် နောက် အရေးကြီးတဲ့အချက်က နိုင်ငံရေးအကျဉ်းသား အားလုံးကို ချွင်းချက်မရှိ ချက်ချင်း လွှတ်ပေးရမှာဖြစ်ပြီး တင်းမာမှုကို ပေါ်ပေါက်စေမယ့် စစ်ဘက်ပြုမှုလှုပ်ရှားမှုတွေကိုလည်း တဖြည်းဖြည်း လျှော့ချသွားရမှာ ဖြစ်သလို ပြည်သူပြည်သားအားလုံးအတွက် ကျေနပ်အားရ အကျိုးရှိစေမယ့်  ငြိမ်းချမ်းရေး အကြိုကာလတခု ဖော်ဆောင်ပေးရင်တော့ ယုံကြည်မှုကို ပိုအားဖြစ် လာစေမှာပါ။
ဒါ့ပြင် ဒီလုပ်ဆောင်မှုတိုင်းမှာ တိုင်းရင်းသားတွေအပေါ် တပြေးညီ တသဘောတည်း ဆက်ဆံဖို့လည်း လိုနေပါသေးတယ်။ အဲဒါကတော့ ကေအိုင်အိုဘက်က နိုင်ငံတကာ အဖွဲ့အစည်းတခုခုရဲ့ စောင့်ကြပ်တဲ့အောက်မှာ နှစ်ဘက် သဘောတူလက်မှတ်ထိုးဖို့ တောင်းဆိုချက်ကို အစိုးရဘက်က လက်မခံခဲ့ပေမဲ့ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီနဲ့ အစိုးရ ငြိမ်းချမ်းရေးကိုယ်စားလှယ်တွေ လွိုင်ကော်မှာ တွေ့ဆုံဆွေးနွေးကြတုန်းကတော့ အမေရိကန်နဲ့ အင်္ဂလိပ်သံအရာရှိတွေ အပါအ၀င် UNHCR ကိုယ်စားလှယ်တို့ပါ တက်ရောက်ခွင့်ရှိခဲ့တယ် ဆိုတာကိုကြည့်ရင် အစိုးရရဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှုတွေမှာ တဖွဲ့နဲ့တဖွဲ့အပေါ် ခွဲခြားသတ် မှတ်ထားသလားဆိုတဲ့ သံသယအတွေးတွေ ၀င်စေပါတယ်။
ဒါ့ပြင် ကေအိုင်အိုက ပြောတာ ရိုးရှင်းလှပါတယ်။ အပစ်အခတ်ရပ်ချင်ရင် နဂိုတိုက်ပွဲမဖြစ်ခင် အခြေအနေတုန်းကအတိုင်း တပ်တွေ ပြန်ရွှေ့ပါ၊ ထိုးစစ်အတွက် ကချင်ပြည်နယ်ကို တက်လာတဲ့ တပ်တွေကို ပြန်ရုတ်သိမ်းသွားပါ၊ တပ်တွေ ပြန်မရုတ်သိမ်းရင်တော့ တိုက်ပွဲတွေ ဆက်ဖြစ်နေမှာပဲဆိုတာ ပြောဆိုခဲ့ပြီးဖြစ်ပေမဲ့ အစိုးရတပ်တွေက မရုတ်သိမ်းပါဘူး။
အလားတူပြဿနာမျိုး ကရင်ပြည်နယ်မှာလည်း ရင်ဆိုင်ရဖို့ ရှိနေ ပါတယ်။ အစိုးရနဲ့ ကေအဲန်ယူ အပစ်အခတ်ရပ် လက်မှတ်ရေးထိုးထားပေမဲ့ တပ်တွေ ဘယ်လိုနေရာချ ထားမယ် ဆိုတာနဲ့ပတ်သက်လို့ ဘာမှ ဆွေးနွေးညှိနှိုင်းတာ မလုပ်ရသေးပါဘူး၊ ဒါကြောင့်ပဲ ကေအဲန်ယူ ဘက်က အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ပြန်လည်ပျက်ပြားသွားနိုင်တယ်လို့ ပြောထားပြီးသား ပါ။
ရှမ်းပြည်တောင်ပိုင်းအဖွဲ့နဲ့လည်း အပစ်အခတ်ရပ် လက်မှတ်ထိုးထားပေမဲ့ လောလောလတ်လတ် ကြီးမှာကို တိုက်ပွဲတွေက ပိုစိပ်လာနေတာဆိုတော့ အစိုးရရဲ့ ပြည်တွင်းစစ်ရပ်စဲရေး၊ ပြည်တွင်းငြိမ်းချမ်း ရေးဆိုတာဟာ အသံကျယ်ပြီး အဆံမပါတဲ့ သင်္ကြန်အမြောက်မျိုးလားလို့ အမေးပုစ္ဆာထုတ်ရမယ့် အခြေ အနေမျိုး ဖြစ်ပါတယ်။
ကချင်ဘက်က တောင်းဆိုသလို အစိုးရတပ်တွေ မရုတ်သိမ်းပေးသရွေ့ နှစ်ဘက်တွေ့ဆုံမှုဟာလည်း ခိုင်မာရေရာဖို့ဆိုတာ ခက်ခဲလွန်းနေပါတယ်။ ကြံ့ဖွတ် အစိုးရတပ်တွေက မရုတ်သိမ်းပေးတဲ့အပြင် စစ်ရေးအရှိန်တိုးမြင့်မယ့် အရိပ်အယောင်တွေနဲ့ ခြိမ်းခြောက်ပြနေတာကလည်း ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ် အပေါ် ထိခိုက်ညစ်ညမ်းစေတဲ့အပြင် ဒါဟာ တပ်မတော်ရဲ့ သဘောထားများလို့တောင် တွေးထင်မိစေပါတယ်။
တကယ်ဖြစ်ခဲ့ရင်တော့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ တပ်မတော်ရဲ့ပူးပေါင်းပါဝင်မှု အခန်းကဏ္ဍဟာ အင်မတန်မှကို အရေးပါတယ်ဆိုတဲ့ လှိုက်လှိုက် လှဲလှဲ ဖိတ်ခေါ်မှုကိုလည်း ငြင်းပယ်ရာကျပြီး ဗိုလ်ချုပ်ကြီးတွေရဲ့ အတွင်းစိတ်မရိုးဖြောင့်မှုဟာ ဘွားကနဲ အထင်းသားပေါ်နေတော့မှာပေါ့။
ဒီလိုသာဆိုရင် ပြည် တွင်းစစ်ရပ်စဲရေး အလားအလာဟာ ဘာမှမရေရာသလို ပြည်တွင်းငြိမ်းချမ်းရေး ဆိုတာကလည်းပဲ ကြံ့ဖွတ်အစိုးရသစ် အရှည်ရပ်တည်သွားနိုင်ဖို့ စကားအဖြစ် ပျားရည်နဲ့ ၀မ်းချနေတာမျိုးသာ ဖြစ်နေပါတယ်။
အချုပ်ကတော့ ဗမာပြည်ရဲ့ နိုင်ငံရေးပြဿနာဟာ ဒီမိုကရေစီရေး ဆိတ်သုဉ်းမှု၊ တန်းတူညီမျှမှုနဲ့ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့် အစရှိတဲ့ အခြေခံအကြောင်း တရားတွေက အရင်းခံပြဿနာဖြစ်တာကြောင့် အခု ကြံ့ဖွတ်အစိုးရသစ် သမ္မတကြီးဦးသိန်းစိန်ရဲ့ လမ်းပြမြေပုံသုံးဆင့်နဲ့တော့ ပြည်တွင်းစစ်ရပ်စဲရေး၊ ပြည်တွင်း ငြိမ်းချမ်းရေးကို တည်ဆောက်မယ်ဆိုတာဟာ အရင် အစိုးရအဆက်ဆက်ရဲ့ ပြောနေကျ  ဆီသည်မလက်သုတ်လို အဖန်တရာတပြီး ဖွတ်ဖွတ်ကြေနေတဲ့ စကားမျိုးသာဖြစ်ကြောင်းနဲ့ အခု ကြံ့ဖွတ်အစိုးရအထိ ဗမာ ပြည်အာဏာရအစိုးရအဆက်ဆက်ဟာ ငြိမ်းချမ်းရေးဆိုတာကို စိတ်ကူးထဲတောင် ထည့်မထားဘူးဆိုတာ သမိုင်းအတွေ့အကြုံအရ သင်ခန်းစာရယူ တွေးကြည့် မြင်နိုင်ကြောင်းပါ။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Advertise on MoeMaKa

Tags: ,

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:သတင်းဆောင်းပါး

One Response to Maung Khin Aye Tint (Ma Dauk) – ၂၀၀၈ဘောင်ထဲက ထာဝရ ငြိမ်းချမ်းရေးဆိုရင်တော့…

  1. Angry_brown on March 17, 2012 at 3:46 pm

    Yes, everyone knows that issue. But what is your solution? All Burmese Govt from U Nu to U Thein Sein , including Opposition parties like CPB, NCUB, etc, etc, has neglected the right and freedom of Ethnic minorities. U Aung San promised the separation of the State ,but all Burmese Governments declined that right. Moreover they ignored the freedom of those poor minorities. Now every group is having a dialogue with Thein Sein Administration. They all forget what their forefathers fought for. Now You brought the problem up , not a solution. My Opinion,Let them have their own rights by full of grace and dignity.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခ လစဉ်ထုတ်မဂ္ဂဇင်း စက်တင်ဘာ ၂၀၁၇ ထွက်ပြီ

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

မိုးမခ ဇူလိုင် ထွက်ပါပြီ …

By

မိုးမခ ဇူလိုင် ထွက်ပါပြီ … (မိုးမခ) ဇူလိုင် ၁၈၊ ၂၀၁၇ မိုးမခ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း OKKW ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်