မြူတိမ်ဝေဝေ တောင်ခိုးဝေးဝေး (၂၃)

March 19, 2012

မေခ
မတ်လ ၁၉၊ ၂၀၁၂
Twilight over Burma by Inge Sargent – Serial Translation
အခန်း (၁၁)

စဝ်နှင့်သုစန္ဒာတို့သည် လွန်ခဲ့သောနှစ်တွေကတည်းကပင် မိသားစုတစုတည်း သိုက်သိုက်ဝန်းဝန်းနေကြမည်။ ကလေးတွေ၏ အခြေခံမူလ တန်းပညာရေးကိုလည်း ဘော်ဒါသို့မပို့ပဲ အိမ်မှာပဲသင်ကြားစေမည်ဟု အစီအစဉ်ဆွဲထားခဲ့ကြလေသည်။ ထိုစဉ်က နမ့်ပန်းတွင်ရှိသော မူလ တန်းပညာရေးအတွက် ပြည်နယ်အစိုးရက ကျောင်းကောင်းကောင်း ဖွင့်မပေးနိုင်ခဲ့ချေ။ သုစန္ဒာသည် စကားသုံးမျိုးပြော အခြေခံပညာရေး ကျောင်းတခုကို အရှေ့စံအိမ်တော်၏ ဝန်းအပြင်ဘက်တွင် ဖွင့်လှစ်လိုက်လေသည်။ နမ့်ပန်းခွန်မိန်း၏ ဖောင်ဒေးရှင်းအဖြစ် စဝ်က ငွေ ထောက်ပံ့ပေးလှူ တာဝန်ယူတည်ဆောက်ထားခြင်းဖြစ်ပြီး သုစန္ဒာက ကျောင်းအုပ်ချုပ်ရေးတာဝန်ယူလေသည်။

တိုင်းယိုင်၊ မြန်မာ၊ တရုတ်၊ ကုလား ယောက်ျားလေး မိန်းကလေးအများအပြား အစုလိုက်အပြုံလိုက်ပင် ကိုယ်ပိုင်မူလတန်းကျောင်းလေးသို့ မျှော်လင့်ထားတာထက်ပိုပြီး လာတက်ကြလေသည်။ သူတို့ကလေးတွေအတွက် အရည်အသွေးပြည့်မှီသော တိုင်းယိုင်မြန်မာ အင်္ဂလိပ်စာ ကို သူငယ်တန်းအရွယ်မှစ၍ အခြေခံကောင်းကောင်းဖြင့် ကျောင်းကောင်းကောင်းတွင် စတင်သင်ကြားရမည်ကို မိဘတွေက နားလည်ကြ လေသည်။ အင်္ဂလိပ်မြန်မာကပြား ကျောင်းအုပ်ဆရာမကြီးကို လေးလေးစားစားခန့်အပ်သည်။ သူ့အောက်မှာ လက်ထောက် တိုင်းယိုင်ဆရာမ များကို ရွေးချယ်ခန့်ထားစေလေသည်။

မနက်တိုင်းပင် စံအိမ်တော်က ဝန်ထမ်းတွေ၏သားသမီးများရှစ်ယောက်ကို မာလာနှင့်မွိုင်း၏သမီး နန်းစိန်တို့က ဦးဆောင်၍ အရှေ့စံအိမ် တော်မှထွက်ပြီး ကျောင်းသို့သွားကြလေသည်။ ဆေးရောင်စုံအဝတ်အစား အရောင်အသွေးတောက်ပစွာဖြင့် သူတို့သည် ကျောင်းသို့ ချီ တက်ကြသည်။ သူတို့စာအုပ်များကို တိုင်းယိုင်လွယ်အိတ်များတွင် ထည့်လွယ်ကြသည်။ နေ့လယ်စာအတွက် ထမင်းဗူးထုပ်သွားကြသည်။ ဘယ်အချိန်ကြည့်ကြည့် သမီးငယ်သိင်္ဂီကတော့ တလျှောက်လုံး စိန်ပြေးတမ်းကစားနေလေ၏။

၁၉၆ဝ ဝန်းကျင်လောက်တွင် လှုပ်ကြွလာသောအခြေအနေများတွင်မှာပင် ကလေးတွေသည် သူတို့ကျောင်းကို နေ့စဉ်ပျော်ရွှင်စွာ ပုံမှန်တက် နေကြရတာကို သုစန္ဒာတွေ့နေရလေသည်။ သောင်းကျန်းသူတပ်တွေသည် ယခုတိုင် ကျောင်လေးကို တရားဝင် ဝင်ရောက် နှောက်ယှက် တာမျိုးကိုမလုပ်သေးချေ။ အတန်းတင်စာမေးပွဲကြီးပြီးသွားပြီးနောက် ရက်အနည်းငယ်တွင် နွေကျောင်းကြီး သုံးလပိတ်တာ စလေသည်။ စဝ်ပြန်လာလျှင် သူတို့တတွေသည် အပူဆုံးလဖြစ်သော ဧပြီ မေတွေမှာ အဝေးသို့ ဖြစ်နိုင်ရင် ခရီးထွက်ချင်နေကြသည်။ မိန်းတိုင်းနယ်၏ မြို့တော်ဖြစ်သော အေးချမ်းသည့်တောင်ကြီးသို့ခရီးထွက်ရတာကို သုစန္ဒာသဘောကျသည်။ သို့သော် စဝ်က သဘောတူမှာမဟုတ်ဟု သူ မ တွေးမိသည်။ စဝ်သည် တောင်ကြီးတွင် အကြာကြီးအချိန်တွေဖြုန်းခဲ့ဖူးသည်။ မဆုံးနိုင်သော ပြည်နယ်အစည်းအဝေးများ၊ မိန်းတိုင်းနယ် ကောင်စီ၏ခုံရုံးထိုင်ရခြင်းများနှင့် အထူးသဖြင့် မိန်းတိုင်းနယ်အုပ်ချုပ်ရေးအာဏာကို အရွေးချယ်ခံရသော ခွန်မိန်းအား ပေးအပ်ထားသည်ဖြစ် ရာ စဝ်အဖို့အလွန်အလုပ်များလေသည်။ ဆန့်ကျင်ဘက်အဖြစ် စဝ်သည် နိုင်ငံရေး တာဝန်ယူရသော ကိစ္စများမှ ကင်းလွတ်နေချင်မိလေသည်။ မိန်းတိုင်းနယ်ကောင်စီနှင့်လွှတ်တော်တွင် သူ့ကို တိုင်းယိုင်လူထုက ခွန်မိန်းအဖြစ် ရွေးကောက်တင်မြှောက်ခြင်းကို ခံထားရလေသည်။ အ ကျိုးဆက်အဖြစ် သူထမ်းဆောင်ရသောတာဝန်များသည် မလျော့သွားချေ။ အထူးသဖြင့် မိန်းတိုင်းနယ်နှင့် ပြည်မကြီးတို့အကြား တင်းမာမှု များစွာရှိနေခဲ့လေသည်။ စဝ်ကတော့ တောင်ကြီးသို့ သွားမလည်ချင်ပေ။

နွေကျောင်းပိတ်ရက်နားရက်တွင် နမ့်ပန်း၏မြောက်ဘက် ပင်လယ်ရေမျက်နှာပြင်အထက် ပေခြောက်ထောင်အမြင့်တွင်ရှိသော တောင်ရှင်ပြည်နယ်၏မြို့တော်ဖြစ်သည့် နမ့်ဆန်သို့အလည်ခရီးထွက်ခြင်းက အသင့်တော်ဆုံးဖြစ်နေလေသည်။ သူတို့သည် တောင်ရှင်ခွန်မိန်း၏ ကြီး မားသောစံအိမ်တော်က အစဉ်အမြဲကြိုဆို ဖိတ်ခေါ်ခြင်းခံနေရသော ဧည့်သည်တွေလည်းဖြစ်ပေသည်။ သုစန္ဒာသည် မနှစ်က နမ့်ဆမ်သို့ သွားလည်ဖူးတာကို သွားပြီးပြန်တွေးမိလေသည်။ ထိုစဉ်က နမ့်ပန်းတွင် အပူချိန်အမြင့်ဆုံးသို့ရောက်နေပြီး နေရထိုင်ရသည်မှာပူလောင်အိုက် စပ်ပြီး ရေနွေးအိုးတည်ထားသော မီးဖိုထဲတွင်နေရသကဲ့သို့ ခံစားရလေသည်။

ကားပေါ်တွင် သူတို့၏ကလေးများ၊ နာနီများနှင့် သက်တော်စောင့်များ ရောက်နေကြပြီးသည့်အချိန် နံနက်ခင်းစောစောဖြစ်နေတာတောင်မှ လွန်လွန်းသော နွေခေါင်းလောင်းက စထိုးလေတော့သည်။

“သမီး မသွားချင်ဘူး” မာလာပြောသည်။ “သမီး ရေကူးကန်ကိုသွားချင်တယ်”

“စန္ဒကူးမြစ်ထဲမှာ ရေကူးမဲ့အစားလား” စဝ် မေးလိုက်သည်။ စိတ်အားတက်ကြွနေကြသောအဖြေကို သူ့သမီးနှစ်ယောက်နှင့် သူတို့ အမေထံ မှ စဝ် ပြန်ကြားရသည်။ သူတို့စံတော်အိမ်က ရေကူးကန်ပြာလေးမှလွဲလို့ စဝ်၏ရှားပါးသော အခွင့်အရေးတခုပင်ဖြစ်လေသည်။

စန္ဒကူးမြစ်ကိုဖြတ်ပြီး နမ့်ဆမ်နှင့် စန္ဒကူးဘော်တွင်းသို့သွားသော လမ်းဆုံနေရာ တာတေသို့ရောက်သည်။ ကားတစီးကို ဖောင်ပေါ်တင်ပြီး ဟိုဘက်ကမ်းမှ ကြိုးဖြင့်ဆွဲပေးပြီး စန္ဒကူးမြစ်ကို ဖြတ်ကူးနေလေသည်။ ပျိုမြစ်နုနယ်သော တိုင်းယိုင်မလေးများနှင့် လမ်းလျှောက်သူများ၊ ကားများ၊ လှည်းများကို အထူးအခွင့်အရေးအနေဖြင့် ဖောင်ဖယ်ရီကို စက်တပ်ဆွဲပြီး စန္ဒကူးမြစ်ကိုဖြတ်လေသည်။ သူမသည် သူမ၏မိသား စုနှင့်အတူ တဖက်တွင်ထိုင်နေသည်။ ကားက ဖောင်နားကပ်လာတာသူမမြင်လိုက်သောအခါ သူမ၏ဖောင်ကိုအရှိန်လျော့သွားစေရန် လှော် တက်ကြီးဖြင့် ခပ်မြန်မြန်ထိန်းပေးနေသည်။ သူမက ခွန်မိန်းကိုသိလေသည်။ ညိုတွန့်နေသော နေလောင်မျက်နှာပြင်တခုလုံးတွင် အပြုံးများ ဖုံးလွှမ်းသွားသည်။ သူမ၏ဆယ်စုနှစ်တွေက စားထားသောကွမ်းတွေကြောင့် မဲချိတ်နေသော သွားတန်းများပေါ်သည်အထိ ပြုံးပြနေလေ သည်။ “သာဓု” “သာဓု” “သာဓု” ဖရီဖောင်ပေါ်ကတိုင်းယိုင်အဖွားအိုသည် လက်အုပ်ချီပြီး စိုစွတ်နေသောဖောင်ပေါ်တွင် ဒူးတုပ်ထိုင်ချလိုက် ပြီး ကန်တော့နေလေသည်။ ထို့နောက် သူမသည် ဖောင်ပေါ်ကပျဉ်ပြားကို ကမ်းပေါ်ကနေ မာစီဒီးကားတက်လို့ရအောင် ညှိပေးနေသည်။ စဝ်နှင့်သူ့မိသားစုသည် ဖောင်ပေါ်တွင်ရပ်နေလိုက်ကြသည်။ ဟိုဘက်ကမ်းဆီသို့ အရှိန်ဖြင့်ပြေးဆွဲနေတာကို အထူးအဆန်းဖြစ်ပြီး ငေးနေ ကြသည်။ ပေငါးဆယ်ခန့်အကွာအောက်ဘက်တွင် ကျွဲကြီးတကောင်သည် ရေထဲထိုးဆင်းလိုက်ပြီး မြစ်ကို ကန့်လန့်ဖြတ် စတင်ကူးနေတော့ သည်။ ကမ်းပေါ်က နားမလည်သောကျွဲကျောင်းသားသည် ပြန်လာခဲ့စမ်းဟုအော်နေသည်။

“အိုး မသွားနဲ့” သုစန္ဒာက ကြောက်လန့်စွာဖြင့် အော်လိုက်သည်။ “သူ အဝေးကိုကူးသွားပြီ” ရေစီးသန်သန်ထဲမှာပင် ကျွဲကြီးသည် မြစ်လယ်ကို ဖြတ်ကူးနေသည်။ ကျွဲကျောင်းသားလေးသည် လက်မြှောက်လိုက်ပြီး မအော်တော့ချေ။ အဖွားအိုက သုစန္ဒာစိုးရိမ်နေတာကိုမြင်လို့ ရှင်းပြ သည်။

“သူက နေ့တိုင်းဖြတ်နေကျပါ မယ်ဘုရား။” သူက ဟိုဘက်ကမ်းဆီကူးသွားပြီး တောထဲမှာ သွားစားမှာ။ ဒါပေမဲ့ ညကျရင် သူ့သခင် ကျမမြေး အိမ်ကို အမြဲပြန်လာပါတယ်။ သူဘာလို့ မြစ်ဒီဘက်တောကအစာကိုမကြိုက်လဲ သိချင်လိုက်တာ။”

ထိုအချိန်တွင် အခြားကားများသည် ဖယ်ရီကူးရန်အတွက် သူတို့အလှည့်ကိုရပ်စောင့်နေကြလေသည်။ စဝ်သည် ရှေ့တည့်တည့်က ရေချိုး ဆိပ်ဆီ ဦးတည်မောင်းသွားလိုက်သည်။ ဒီနေရာမှာ သူငယ်ငယ်က ရေချိုးခဲ့ဖူးတာကို သွား အမှတ်ရမိလေသည်။

သိပ်ကို ပျော်စရာကောင်းတာပဲ။ မြစ်သည် အငူချောက်လေးကိုကွေ့ကောက်ဝိုက်ပြီး စီးသွားနေသည်။ ရေက အေးမြကြည်လင်သန့်စင်နေ ပြီး ငြိမ်နေလေသည်။ ကြီးမားသောကျွန်းပင်ကြီးပေါ်က အရွက်ဖားဖားကြီးများသည် ဟိုဘက်ကမ်းတလျှောက်ကို အရိပ်မိုးပေးထားပြီး အ ပင်ကြီးတွေက ကမ်းပါးကို ခိုင်ခံ့အောင်ထောက်ခံပေးနေသည်။ စဝ်သည် သူ့သမီးအငယ်မ သိင်္ဂီ ရေပက်ဆော့မှာစိုးရိမ်သည့်အတွက် သူမ၏ လက်ကိုကိုင်ထားလေသည်။ သုစန္ဒာသည် မာလာ့ကို ရေထဲမှာကူးသွားသောကျွဲကြီးနောက်က ရေစီးထဲကျမသွားရအောင် ကာကွယ်ထား သည်။ ကျွဲကြီးသည် မြစ်လယ်က ချောက်အကွေ့လေးကို ဝိုက်ပြီးရေစီးကိုကျော်ပြီး စွန့်စွန့်စားစား ပတ်ကူးသွားလေသည်။

တောင်ပေါ်ပတ်ကွေ့တက်ရသော တလမ်းသွား နမ့်ဆမ့်လမ်းခရီးသည် ပျော်စရာမကောင်းချေ။

“မရောက်သေးဖူးလား” ရာပေါင်းများစွာသော ဆံပင်ကောက် သံကွေးတွေလို အကွေ့အကောက်ပေါင်းများစွာကို ပတ်မောင်းနေရသဖြင့် ကားပေါ်ကကလေးတွေ တယောက်ပြီးတယောက်မေးနေကြတာကို ဒရိုင်ဘာက ဖြေရှင်းနေရလေသည်။ လေးနာရီလောက် မတ်မတ်တက် နေခဲ့ရပြီးနောက် သူတို့သည် ထရပ်ကားအချို့နှင့် လက်ဖက်များသယ်ဆောင်လာသော လားတန်းကြီးနှစ်တန်းကို တွေ့လိုက်ရသည်။ သူ တို့သည် ပလောင်တောင်ပေါ်မှ တောင်ကြားတွေတွင်ရှိသော လက်ဖက်ပွဲစားတွေဆီ သယ်နေကြလေသည်။ သူတို့ အမြင့်သို့ရောက်လာသော အခါ များပြားစွာပေါက်နေကြသော လက်ဖက်ခင်းများကိုတွေ့ရလေသည်။ မြင်ကွင်းက ပြောင်းသွားပြီဖြစ်သည်။ တောင်ကြောတခုလုံးကို လက်ဖက်ပင်အုပ်တန်းကြီးက ဖုံးအုပ်ထားလေသည်။ တောင်ထိပ်တခုဆီတွင် စေတီဖြူဖြူလေးတွေက ပြာလွင်သောကောင်းကင်ဆီသို့ ထိုး ထွက်နေကြသည်။

သူတို့သည် ပလောင်ရွာလေးတွေကို အဝေးမှမြင်နေရသည်။ သို့သော် ရွာတရွာကိုသာဖြတ်သွားသည်။ သူတို့သည် တောင်ပေါ်ကလက်ဖက် စိုက်ပြီး ချမ်းသာကြွယ်ဝသော ဆွေမျိုးလူမျိုးဖြစ်ကြောင်း ရောင်ပြန်ဟပ် ပြနေလေသည်။ တောင်ကြားတွေကအိမ်တွေထက် ပိုမိုခိုင်ခန့်သော အိမ်ကြီးများကိုလည်းတွေ့လာရသည်။ အိမ်ကြီးတွေကို ဝါးဖြင့်မဆောက်ပဲ သစ်ဖြင့် အိမ်ကြီးဆောက်ထားကြသည်။ ဗုဒ္ဓဘာသာ ဘုန်း တော်ကြီးကျောင်းတွေက အိမ်တွေထက်ပိုမိုကြီးမားပြီး ရွာထဲတွင် အကောင်းဆုံးအဆောက်အဦးများဖြစ်နေသည်။ ထို့ကြောင့် ရွာသားတွေ သည် ဘာသာရေးကို ကိုင်းရှိုင်းကြောင်းပြနေလေသည်။

သုစန္ဒာသည် အရင်ကတည်းကပင် ပလောင်အမျိုးသမီးများကို မြင်ဖူးခဲ့သည်။ သူတို့ဝတ်ဆင်သော အရောင်စုံသောအဝတ်အစားနှင့် လေး လံသောငွေများ ကျောက်မျက်ရတနာများကို တန်ဆာဆင် ဝတ်ထားသည်ကို သုစန္ဒာ အံ့သြရလေသည်။

သူတို့ဦးထုပ် အနက်ရောင်အင်္ကျီလုံချည်ထူထူကြီးများသည် အေးသောတောင်ပေါ်နှင့် ကိုက်လှသည်။ သုစန္ဒာက သူ့သမီးတွေအတွက် ဆွယ်တာအနွေးထည်များကို ထုတ်လိုက်သည်။

နမ့်ဆမ်မြို့သည် တိမ်တွေကြားမှာရောက်နေသည်။ တောင်ထိပ်တောင်ကလပ်ပေါ်မှာ တည်ထားသည်။ ငြိမ်းချမ်းအေးစိမ့်နေသည်။ တောင် တွေ၊ တောင်ကြားတွေမှာ တိမ်ခိုးမြူနှင်းတွေ ဆိုင်းနေသည်။ တောင်ပေါ်မှာနေရလို့ မြေပြန့်ကနိုင်ငံရေးနှင့်ဝေးနေရသည်။ တောင်ရှင်ခွန်မိန်း နှင့် အင်္ဂလိပ် မြန်မာကပြား သူ့မဟာဒေဝီတို့၏စံအိမ်တော်သည် ဒုတိယ ကမ္ဘာစစ်အတွင်းက အလကားနေရင်း ဖျက်ဆီးသွားတာမျိုးမှ ကင်း လွတ်သွားခဲ့သည်။ စံအိမ်တော်ကို မြို့၏ထိပ်ဆုံးနေရာတွင် သားသားနာနား ဇိမ်ကျကျ တည်ဆောက်ထားပြီး ကြီးမားကျယ်ပြန့်ခန်းနားလှ သည်။ များပြားလှသော သူတို့သားသမီးတွေနှင့် တခါတရံလာလည်ကြသော ဧည့်သည်များအတွက် အတော်ကျလေသည်။ အခန်းတိုင်းတွင် မီးလှုံဖို့မီးဖိုရှိသည်။ ပူအိုက်သော နွေရာသီမှာတောင် သူတို့မီးလှုံတတ်ကြလေသည်။

နမ့်ဆမ်မြို့၏ အကြီးမားဆုံးသောဆွဲဆောင်မှုမှာ သုံးထောင့်ပုံအမိုးများရှိသော ဘုန်းကြီးကျောင်းများနှင့် ခေတ်မှီလက်ဖက်ခြောက် စက်ရုံ များဖြစ်လေသည်။ စက်ရုံကို အင်္ဂလိပ်လူမျိုးတယောက်ထည်းက သူ့အောက်ကဝန်ထမ်းအချို့နှင့် လည်ပတ်နေသည်။ လက်ဖက်ကို ခြောက် ဖို့မီးကင်ရသည်။ ထိုလက်ဖက်ခြောက်များကို မိန်းတိုင်းတဝိုက်နှင့် မြန်မာပြည် မြေပြန့်သို့ တင်ပို့ရောင်းချသည်။ လက်ဖက်ခြောက်ကို ပို့ကုန် အဖြစ် လုံလောက်အောင်မထုတ်လုပ်နိုင်သော်လည်း လက်ဖက်ကတော့ အကောင်းစားဖြစ်လေသည်။ အင်္ဂလိပ်လူမျိုး မန်နေဂျာ မစ္စတာ ဘရောင်းသည် သူ့မူလအလုပ်မှာ သစ်တောနှင့် သစ်ထုတ်လုပ်ရေးက ကျွမ်းကျင်သူတယောက်ဖြစ်သော်လည်း လက်ဖက်ကတော့ သူ့ဝါ သနာအရ လုပ်နေခြင်းဖြစ်သည်။ သူ၏ပြင်းပြသော ဆန္ဒအာရုံကတော့ အမဲလိုက်ခြင်းဖြစ်ပြီး သူက ဤနမ့်ဆမ်တောသည် အမဲလိုက်ဖို့သူ့အ တွက် အကောင်းဆုံးသောနေရာဟု ဆိုလေသည်။ ပလောင်လူမျိုးတွေသည် တိုင်းယိုင်လူမျိုးတွေထက်ပင် အသက်ကို ပိုမိုတန်ဖိုးထား တတ်ကြသောကြောင့် သူနှင့်အပြိုင် အမဲလိုက်မည့်သူမရှိ ဖြစ်နေသည်။ များပြားလှစွာသောတောကောင်များသည် ဤတောင်များကို လှည့် ပတ်သွားလာ နေထိုင်ကြလေသည်။ ကျားသစ်များ၊ တောဝက်ကြီးများ ၊ ကြံ့များ၊ ဝက်ဝံများ ဖြစ်ကြလေသည်။ စဝ်နှင့် သုစန္ဒာတို့ကို သူက အိပ်ရာပြတင်းပေါက်မှနေပြီး အပြင်ရှိ ကျားသွားသောလမ်းခြေရာကိုပြလေသည်။ ကျားခြေရာသည် လတ်လတ်ဆတ်ဆတ်ဖြစ်နေပြီး မနေ့ ညကရောက်လာတာဖြစ်ပြီး သူ့ခွေးကို ငမ်းငမ်းတက်ဆွဲမသွားပဲနေခဲ့ပုံရလေသည်။ စဝ်နှင့် သုစန္ဒာတို့သည် ဒီအင်္ဂလိပ်ကြီးကို စိတ်ပျက်မိရ လေသည်။ အဘယ့်ကြောင့်ဆိုသော် သူသည် လက်ဖက်စက်ရုံအကြောင်းမပြောပဲ သူ့အမဲလိုက်သော အတွေ့အကြုံတွေကိုပဲ တခမ်းတနား ဖွဲ့နွဲ့ပြောပြနေလို့ပဲ ဖြစ်လေသည်။

သူတို့ တောင်ရှင်ခွန်မိန်း၏ ကြီးမားခမ်းနားသော စံအိမ်တော်အတွင်းပြန်လာကြသောအခါ ခွန်မိန်းက သူတို့ကို ကြီးမားသော ကျားရေခွံကြီးကို ပြလေသည်။ အရေခွံတွင် လှံဖြင့်ထိုးဖောက်ထားသောအရာ တူမီးသေနတ်ကျည်ဆံဖောက်ထွင်း ထွက်သွားသောအရာတို့ကို သူက ပြနေ ပြန်တော့သည်။

“ကျေးဇူးတင်ပါတယ်” သူမက စိတ်ရှုပ်စွာဖြင့် ပြောလိုက်လေသည်။

“ခွန်မိန်းကတော်သိလား ဒါ ကျွန်တော်တို့ သတ်ထားတာမဟုတ်ဖူး” “ဒါပေမဲ့ ကျွန်တော့်ရွာသားတွေမှာ ရွေးစရာလမ်းမရှိဖူးလေ။ ဒီနေရာက သိပ်မဝေးဖူး ဒီကျားက ရွာသားသုံးယောက်တောင် ဆွဲပြီးသွားပြီ”

အံ့အားသင့် ကြောက်လန့်စွာဖြင့် သုစန္ဒာမေးလိုက်သည်။

“ဘယ်လိုဖြစ်တာလဲ “

“ရွာသားတွေ လက်ဖက်ခူးနေတုန်း ဒီကျားကနောက်ကနေ ဝင်ဆွဲတာပဲ။ ဒီကောင်က ပထမဆုံးကလေးကိုဆွဲသွားတာ။ နောက်တခါ ပြန် လာပြီး အဖိုးကြီးတယောက်ကို ဝင်ဆွဲပြန်တယ်။ ဒီကောင်ကြီးဆာလာရင် ပြန်လာဦးမှာပဲဆိုတာ ကျွန်တော့်ရွာသားတွေက သိတယ်လေ။ ဒါကြောင့်သူတို့က လက်နက်တွေနဲ့အသင့်စောင့်နေကြတယ်။ ဒါပေမဲ့ မရဘူး။ ဒီကောင်ကြီးက မိန်းကလေးတယောက်ကို ထပ်ဆွဲသွားပြန် တယ်။”
“အမလေး ကြောက်စရာကြီးပါလား” သုစန္ဒာ လန့်သွားသည်။ “ပြောပြပါဦး မစ္စတာဘရောင်းက ဘာလို့ဒီကျားကို သွားမပစ်တာလဲ”

“သူဒီမှာရှိနေရင် သူပစ်မှာပါ။ သူက ခွင့်နဲ့အိမ်ခဏပြန်သွားတုန်း ဖြစ်တာလေ။ ဒီလူသားစားတဲ့ကျားနဲ့ သူလွဲသွားရတာကို သူ တဖြစ်တောက် တောက်ပါပဲ”
“ဒါမျိုးကသိပ် ဖြစ်ခဲပါတယ်” စဝ်က ဝင်ပြောလိုက်သည်။ “ကျွန်တော် ငယ်ငယ်ကလေးဘဝတုန်းက ဒီလိုအဖြစ်မျိုး တခါကြားဖူးတယ်။”

“ဘာလို့သူက လူသားစားတဲ့ကျားဖြစ်လာရတာလဲ” သုစန္ဒာက သိချင်လာသည်။
“ဒီကိစ္စမှာ မောင်က အာဏာမရှိဖူးလေ။” စဝ်က ရယ်စရာ ပြန်ပြောလေသည်။ “ဒါပေမဲ့ လူတွေပြောကြတာကတော့ အသက်ကြီးလာတဲ့ ကျားအို ကျားနာကြီးတွေက အမဲကောင်းကောင်းမလိုက်နိုင်တော့ဖူးလေ တချို့လည်း ဒဏ်ရာရထားကြတာလည်းပါတာပေါ့။ တခါတလေ လည်း ခလုတ်တိုက်ပြီး သားကောင်အဖြစ်လူကိုလွယ်လွယ်ပဲ ဖမ်းစားလိုက်တော့တာပေါ့ သူတို့က လူသားကိုတခါစားပြီးရင် နောက်တခါ လာကြတော့တာပဲလေ။”

သုစန္ဒာသည် ကျားရေခွံကို လိုချင်သလား မသေချာချေ။ သူ့အိမ်ကလူတွေကို ကျားရေခွံလက်ဆောင်ပေးလျှင် လက်မခံ ပဲ ငြင်းဆန်ဖို့ကိုတော့ သူမ မပြောမိချေ။ ရက်အနည်းကြာအောင် မဟာဒေဝီ၏ ရှည်လျားလှသော ပန်းဥယျာဉ်ကြီးထဲ သူတို့စိတ်အေးသက်သာစွာ စိတ်တွေ ဖြေလျော့လျက် လမ်းလျှောက်ပြီးကြသောအခါ စဝ်က သုစန္ဒာကို ဂျစ်ကားလျှောက်စီးဖို့ခေါ်လေသည်။သူသည် ပလောင်ရွာဖြစ်သော ပင် လောင်းသို့ ရောက်ဖူးချင်နေသည်။ ပင်လောင်းရွာသည် တကယ်တော့မူ နမ့်ပန်းပြည်နယ်အပိုင်ဖြစ်ပြီး တောင်ရှင် နယ်ဘက်ခြမ်းတွင်ရှိ လေသည်။ သူ့နယ်သားတွေကပြောပြသည်မှာ ထို္လေသတွေသည် မြည်းများဖြင့်သာသွားလာနိုင်ကြသည်ဟုဆိုလေသည်။ သို့သော် စဝ်က တော့ သူကိုယ်တိုင် သွားရောက်ကြည့်ဖို့ဆုံးဖြတ်လိုက်လေသည်။ လွန်ခဲ့သောနှစ်အနည်းက သူနှင့်သုစန္ဒာတို့သည် နမ့်ပန်းနယ်ဘက်ခြမ်း ကနေ ပင်လောင်းသို့တခါရောက်ခဲ့ဖူးသည်။ နမ့်ပန်းနှင့် တိုက်ရိုက်ကားလမ်းဖောက်ရန်အတွက်ဖြစ်လေသည်။သူ့ကို သူ့ပလောင်ရွာသား တွေက ပါဝင်ကူညီပေးကြသည်။ သို့မှသာ လမ်းပန်းဆက်သွယ်ရေး ချောမွေ့ပြီး ပလောင်ရွာတွေမှ လက်ဖက်များကို မြည်း လား မြင်းများဖြင့် သယ်စရာ မလိုတော့ပဲ မြေပြန့်ဈေးကွက်ဆီသို့ ထရပ်ကားများဖြင့် အလွယ်တကူသယ်ပို့ပေးနိုင်မည်ဖြစ်လေသည်။

ဆယ်မိုင်ခန့်မောင်းပြီးသောအခါ ကျဉ်းမြောင်းကြမ်းတမ်းသောလမ်းသည် တောင်ပေါ်သို့ မတ်တက်လာလေသည်။ မကြာမှီတွင် လေတဖြူး ဖြူးတိုက်သော ကြီးမားသည့်တောင်ခါးပန်းပြင်ဘေးက လွင်ပြင်ကျယ်လမ်းဆီ ရောက်လာသည်။သုစန္ဒာက ရပ်လိုက်စေချင်သလား ဆက် သွားစေချင်လား ကျေနပ်ရဲ့လား ဘာဆက်လုပ်ရမည်ကို စဝ်မသိချေ။ “ရှေ့နည်းနည်း ဆက်သွားတာကောင်းမယ်ထင်တယ်” စဝ်က ကလပ်ပြောင်းပြီး ထပ်တက်ဖို့ဘီးကို ထိန်းသည်။သူမှားသွားလေသည်။ နောက်တကွေ့တွင် ချောက်ကမ်းပါးကြီးက တားဆီးပိတ်ခံနေ သောကြောင့် ကားသည် ရှေ့ဆက်သွားလို့ မရပဲ ရပ်လိုက်ရသည်။

စဝ်သည် ရှေ့ကိုအသေအချာလေ့လာစစ်ဆေးပြီး နောက် ဝန်ခံလိုက်တော့သည်။ “မောင် အရှုံးပေးလိုက်ပြီ။ ဒီလမ်းက ဆိတ်တွေနဲ့ အရူး တွေပဲ တက်လို့ရမှာဒါပေမဲ့ ကြည့်စမ်းဟိုမှာ ပင်လောင်းရွာ” နောက်ထပ်တောင်ကြီး၏ဘေးတွင် အသိုက်လိုရှိနေသောရွာကြီးဆီသို့ သူ လက်ညှိုးညွှန်လေသည်။

သုစန္ဒာသည် လမ်းကြမ်းကြီးနှင့် ဘာမှန်းမသိပဲ ခေါင်းမာမာလုပ်တတ်သောသူ့ယောက်ကျားကို တုန်လှုပ်စွာဖြင့် ကားပေါ်ကဆင်းလိုက် သည်။ဒီရွာကို သူမ သိသည်။ တိုင်းယိုင်လွယ်အိတ်ထဲက အဝေးကြည့်မှန်ပြောင်းကိုထုတ်ပြီး သူမ ကြည့်လေသည်။ သူမက စဝ်ကို ဘာ တခွန်းမှမပြောပါ။ ဤသည်မှာ သူမစိတ်ဆိုးသည်အခါ ဖော်ပြတတ်သောအကျင့်ဖြစ်လေသည်။ သည်အစား သူတို့လွန်ခဲ့သော နှစ်အနည်း ငယ်က တရားဝင်သွာရောက်လည်ပတ်ခဲ့သောပင်လောင်းရွာကိုသာ ကြည့်နေလေသည်။

ဆက်လက်ဖော်ပြပါမည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Related posts

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:အခန်းဆက်များ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

Twitter: moemaka


%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ

By

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ...

Read more »

Junior Win ၏ My Life will go on (အင်္ဂလိပ်ဘာသာ၊ ရုပ်စုံ) စာအုပ် ထွက်ပါပြီ

By

  Junior Win ၏ My Life will go on...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ဂိမ်းသီအိုရီ – ၂ ထွက်ပြီ

By

  ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ဂိမ်းသီအိုရီ – ၂ ထွက်ပြီ (မိုးမခ) ဇူလိုင်...

Read more »

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ် ထွက်ပြီ

By

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ်...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်