fbpx

ကျနော် လူသတ်ခြင်း

March 21, 2012

ဖိုးထက်
မတ်လ ၂၀၊ ၂၀၁၂
ဟိုတစ်နေ့က ရွှေပြည်ကြီးရဲ့ ကောလဟာလသတင်းတစ်ခုကိုဖတ်ရင်း ကျနော့်မှာ အူတွေမြူးလာတယ်။ သတင်းအရင်းအမြစ်က ခိုင်မာမှု တော့ မရှိပါဘူးလေ။ သတင်းအတွက် ဘယ်သူမှလဲ တာဝန်ယူထားတာမရှိပါဘူး။ ဒါပေမယ့် အဲဒီသတင်းအတွက် ကျနော့်ဘာသာ သဘော တွေ အကျကြီးကျနေမိတယ်။ ကျနော်ဖတ်လိုက်ရတဲ့သတင်းက ဦးသန်းရွှေ တရုတ်ပြည်ကိုထွက်သွားတော့မယ်ဆိုတဲ့သတင်းပါ။

ပြည်သူ့စစ်တပ်ကို ကိုယ်ပိုင်စစ်တပ်လိုလုပ်ထားနိုင်ခဲ့တဲ့၊ သူတို့အသိုင်းအ၀ိုင်းအတွက် ရေပက်မ၀င်အောင် စည်းလုံးခဲ့တဲ့ အဖွဲ့အစည်းရဲ့ ခေါင်းဆောင်တစ်ယောက် ထွက်ပြေးမယ်ဆိုတာ ဖြစ်တော့ မဖြစ်နိုင်ပါဘူး။ ဒါပေသိ အဲဒီကျနော့်အဘိုးအရွယ်လူကြီးကို ကျနော်က မမုန်း ပေမယ့် စိတ်အတွေး အဆင်ထဲကနေ အမြန်သတ်ပြစ်ချင်နေမိတယ်။

လူအချင်းချင်း ကိုယ်ကာယအားဖြင့် အနိုင်ယူတာ၊ အသက်ကိုရန်ရှာတာဟာ မယဉ်ကျေးတဲ့ခေတ်တွေမှာသာ ခေတ်စားခဲ့တာပါ။ ကျောက် ခေတ်တွေ၊ ကြေးခေတ်တွေ၊ ကျွန်ခေတ်တွေတုန်းကတော့ လူတစ်ယောက်ကိုမုန်းရင်၊ ဒါမှမဟုတ် အဲဒီလူက အဖွဲ့အစည်းကို အနှောင့်အယှက် ပေးရင်၊ စည်းကမ်းမလိုက်နာရင် အပြစ်ပေးတဲ့အနေနဲ့ဘဲဖြစ်ဖြစ်၊ ဟန့်တားတဲ့အနေနဲ့ဘဲဖြစ်ဖြစ် အသက်ကိုသတ်ပြီး လောကကြီးထဲက ထုတ်ပြစ်လိုက်ကြတယ်။ နည်းပညာခေတ်ကြီးလို့ ခေါ်ကြရမယ့် အခုခေတ်ကြီးမှာတော့ ကြိုးပေးသတ်တာတောင် မရှိသလောက်ရှားသွားပါပြီ။ ဆန့်လဲ ဆန့်ကျင်လာကြပြီလေ။ သူ့ဘာသာ ဘာအပြစ်ဘဲလုပ်ခဲ့လုပ်ခဲ့ သူ့အသက်ကိုတော့ သတ်ပြစ်လောက်အောင်တော့ မလိုအပ်ဘူးလို့ သတ်မှတ်လာကြပြီ။

လူ့အဖွဲ့အစည်းကြီးမှာ အပြစ်လုပ်တဲ့သူကို သတ်မှတ်ထားတဲ့ ဥပဒေတွေနဲ့ သတ်မှတ်ထားတဲ့ အပြစ်ဒဏ်ပေးကြတဲ့နေရာမှာ အဲဒီလူရဲ့ လူသားသိက္ခာကိုလဲ ထည့်သွင်းစဉ်းစားလာကြတာ ပိုယဉ်ကျေးတဲ့လူတွေဖြစ်လာတယ်လို့ ပြနေတယ်ထင်တာပါဘဲ။ ဟန်မူရာဘီရဲ့ ကိုဓ ဥပဒေလို မျက်လုံးတစ်လုံးဆို မျက်လုံးတစ်လုံးချင်း၊ လက်တစ်ချောင်းဆို လက်တစ်ချောင်းချင်းအပြစ်ပေးတဲ့ အပြစ်ဒဏ်ကြီးက အခုခေတ် ကြီးမှာတော့ အတော်အဓိပ္ပါယ်မဲ့နေပါပြီ။ တစ်ခါတစ်လေတော့ ကျနော်က အဲဒီဘုရင်ကြီးရဲ့ဥပဒေကို တချို့တချို့သော ပြစ်မှုတွေအတွက် ပြန်ပြီး အသုံးချချင်စိတ်လေးတွေတော့ ပေါ်မိပါတယ်။ ဥပမာအားဖြင့် အင်တာနက်မှာဖတ်လိုက်ရတဲ့သတင်း တစ်ပုဒ်ဆိုပါတော့။ လက်ထပ် ပြီးကာစစုံတွဲလေးကို ဧည့်စာရင်းစစ်မယ်ဆိုပြီး ကောင်မလေးကို မဟားဒယားလုပ်ပြစ်ကြတဲ့သတင်းဆိုရင် ဖတ်ရင်းနဲ့ ကျနော်က အဲဒီဘုရင် ကြီးဥပဒေကိုသုံးပြီး အဲဒီလူတွေကို စဉ်းနှီးတုံးပေါ်တင်၊ အသက်မသေဘဲ ဘ၀တုံးအောင် ဖြတ်တောက်ပြစ်လိုက်ချင်တဲ့စိတ်ကို ပေါ်လာတယ်။

ကျနော်တို့ ရာဇ၀င်မှာ ပြည်သူတွေကို ရင်ဝယ်သား၊ သမီးလိုစောင့်ရှောက်ခဲ့တဲ့ အလွန်ချစ်ခင်မြတ်နိုးစရာ မင်းကောင်းမင်းမြတ်ကြီးတွေ၊ ဦးဆောင်သူတွေရှိခဲ့တယ်မို့လား။ အနော်ရထာ၊ ကျန်စစ်သား၊ ဘုရင့်နောင်၊ အလောင်းမင်းတရား၊ ဗိုလ်ချုပ်အောင်ဆန်း တို့လို ပြည်သူ့ အလိုဆန္ဒကို ဘယ်လိုဖြည့်ပေးရမလဲစဉ်းစားတဲ့ ခေါင်းဆောင်ကောင်းတွေပေါ်လာတာ ကံကောင်းခဲ့တယ်ဆိုရမယ် ထင်ပါတယ်။ ဆန့်ကျင် ဘက်အနေနဲ့ မင်းဆိုးမင်းညစ်တွေလဲ အများအပြားရှိခဲ့ကြတယ်မို့လား။ အာဏာမက်မောပြီး ပြည်သူတွေနဲ့ တသီးတခြားနေပြီး ငါတကော ကောခဲ့တော့ ဦးဆောင်သူတွေ၊ ဘုရင်မင်းမြတ်ကြီးတွေ သူများနိုင်ငံသမိုင်းတွေမှာလိုဘဲ မြန်မာ့သမိုင်းမှာလဲ ရှိခဲ့ကြတာပါဘဲ။

ခေတ်တွေ စနစ်တွေ ပြောင်းလာတာနဲ့ အမျှ နိုင်ငံကိုခေါင်းဆောင်ကြတဲ့နေရာမှာ နည်းစနစ်တွေကလဲ မတူကွဲပြားလာကြတယ် ထင်တယ်။ ဘုရင့်နောင်၊ အလောင်းမင်းတရားတို့လို အရှေ့တောင် အာရှ စစ်ဘုရင်တွေ အဖြစ် အင်ဒိုချိုင်းနား ကျွန်းဆွယ်ကြီး တစ်ခုလုံး ဖိန့်ဖိန့်တုန်အောင် ဦးဆောင်နိုင်ခဲ့ကြပါတယ်။ သို့ပေသိ ဒီဘက်ခေတ်ကြီးမှာတော့ “စစ်ဘုရင်တွေမှသာ မြန်မာနိုင်ငံကို ဦးဆောင်နိုင်တာ” ဆိုတဲ့ အတွေးအခေါ်နဲ့ မာန်မာနတက်ချင်နေကြတဲ့လူတွေတွေ့ရရင် သြော် ပေါရဲလိုက်တာလို့ပြောရမယ်ထင်ပါရဲ့။

ကျနော်တို့ လက်လှမ်းမှီနေသေးတဲ့ မြန်မာ့သမိုင်းမှာ အခုအချိန်ထိ ကိုယ်ကျိုးမဖက်တဲ့ ကျနော်တို့ခေါင်းဆောင်တွေ အတော်ရှားခဲ့တာ ကံ ဆိုးတယ်ပြောရမလား။ အင်္ဂလိပ်လက်ကနေ လွတ်လပ်ရေးကို မရအရ ပြန်ယူပေးခဲ့တဲ့ စွမ်းအားပြည့် သူတော်ကောင်း သူရဲကောင်းကြီး ဦး အောင်ဆန်းလိုလူမျိုးကို ကျနော်တို့ရခဲ့ပေမယ့် အချိန်တိုတောင်းလွန်းခဲ့ပါတယ်။ အဲဒီနောက်မှာတော့ အများသိကြတဲ့အတိုင်း “စိတ် ထား ကမမှန်၊ အကောက်ကြံ၊ အမောင်သူခိုး အိုကွယ် ဘယ်မှာစည်းလုံးပါ့မတုံး” ဆိုသလို ဖြစ်ခဲ့ကြတယ်။ လူတိုင်းမော်ကြည့်ရတဲ့ နိုင်ငံကနေ အဆင်းရဲဆုံးနိုင်ငံအထိရောက်အောင်ဆွဲချသွားခဲ့တဲ့ ခေါင်းဆောင်ကြီး ဦးနေ၀င်း သက်ဆိုးရှည်ခဲ့တာ ၀မ်းနည်းစရာပါ။ ဦးနေ၀င်း ဘာတွေ လုပ်ခဲ့တယ်၊ ဘာတွေထားသွားခဲ့တယ်၊ ဘာတွေချန်သွားခဲ့တယ်ဆိုတာ ဘယ်သူတွေ ဘယ်လောက်ကာပြောပေးပြောပေး ဖုန်းလို့ ဖိလို့မရပါ ဘူး။ ပြည်သူ၊ ပြည်သားတွေကို ဘာမှမသိ၊ ဘာမှမတတ်၊ ငါတို့သာသိ၊ ငါတို့သာတတ်လို့ထင်ပြီး ဆင်းခါနီးမှာ “စစ်တပ်ဆိုတာ ပစ်ရင် မိုးပေါ်ထောင်မပစ်ဘူး တည့်တည့်ပစ်တယ်” လို့ပြောသွားတာ ကျနော်လမ်းဘေးက လူမိုက်ကြီးလိုပါဘဲလို့ ၀န်ခံသွားခဲ့တယ်လို့ဘဲ မြင်ပါ တယ်။ ပြည်သူတွေကြားထဲမှာ သူ့ရဲ့သွေးသားတွေက ငါတို့ ဦးနေ၀င်း အမျိုးပေါ့လို့ ပြောရင် အကြည့်ခံရမယ့်မျက်လုံးတွေကို ရင်ဆိုင်နိုင်ကြဖို့ အတော်အားမွေးရပါမယ်။ ဦးနေ၀င်းလုပ်တာ သူ့အမျိုးတွေနဲ့မဆိုင်ပေမယ့် အဖေသူခိုးဆို သားလက်ဆော့တတ်တယ်လို့ထင်ကြတဲ့ လူ့ဗီဇ တွေကို ဘယ်လိုတားကြမလဲ။

စီမံခံ့ခွဲမှု ညံ့လို့၊ စီးပွားရေး ပိတ်ဆို့လို့ စတဲ့ အကြောင်းပြချက်တွေနဲ့ ကျနော်တို့ ရွှေပြည်ကြီး စုတ်ပြတ်သတ်နေတာကို ကာကွယ်ပေးချင်ကြတဲ့ စကားတွေကို ကျနော် မငြင်းလိုပါဘူး။ စစ်တိုက်ဖို့သင်ထားတဲ့ စစ်သားတွေက စီးပွားရေးဝင်လုပ်၊ တစ်သွေးတစ်သံ တစ်မိန့်နဲ့ အုပ်ချုပ်ဖို့ လေ့ကျင့်ပေးထားတဲ့ စစ်သားကြီးတွေက ရှုပ်ထွေးလှတဲ့လူတွေနဲ့ အလုပ်လုပ်ရတဲ့ အရပ်သားအုပ်ချုပ်ရေးဘက်ကိုဝင်ပါတာကို အပြစ်ပြော ချင်ကြတာလဲ မှန်သင့်သလောက် မှန်တယ်ထင်တာဘဲ။

ဒါပေမယ့် နိုင်ငံတစ်ခု မအောင်မြင်တာ၊ ကျဆုံးတာ လူတယောက်တည်းကို လက်ညှိုးထိုးပြတာ တစ်ခါတစ်လေတော့ အတော်လေး အဓိ ပ္ပါယ်မဲ့တယ်ပြောရမယ် ထင်ပါတယ်။ ကျနော်တို့ ပြည်သူတွေက ငါတို့နဲ့မဆိုင်ဘူးဆိုပြီး နိုင်ငံရေးကို လှည့်မကြည့်ခဲ့ကြ။ နိုင်ငံရေးလုပ်တဲ့ သူတွေက စည်းလုံးမှုမရှိ။ အုပ်ချုပ်သူလူတန်းစားက ခိုးဝှက်။ မြန်မာနိုင်ငံကြီး မတိုးတက်တာ၊ မအောင်မြင်တာ မြန်မာနိုင်ငံသားအားလုံး အသုံးမကျလို့ဆိုတဲ့၊ မြန်မာတွေ ညံ့လို့ပေါ့ဆိုတဲ့ တိုင်းတပါးသား သာမန်လူချတဲ့ကောက်ချက်က မှန်နေသလိုလို။

ကျနော်တို့ရဲ့ခေါင်းဆောင်ကြီး ဦးသန်းရွှေကတော့ ဘယ်လိုလူစားမျိုးလဲဆိုတာ မြန်မာ့နိုင်ငံရေးကိုစိတ်ဝင်စားတဲ့ တကမ္ဘာလုံးသိကြပါတယ်။ သူ့ဘာသာ မှုန်မှုန်ကုပ်ကုပ်နေတာ ၊ မပွင့်လင်းတာကို လူတွေက အပြစ်ပြောချင်ကြတာလဲ ကျနော်က တစ်ခါတစ်လေရီမိတယ်။ သူ့အမေက မွေးတဲ့ ရုပ်အတိုင်း၊ ဗီဇအတိုင်းရှိမှာပေါ့ဟဲ့လို့ ကျနော်ကပြန်ပြောမိတတ်ပါတယ်။ စကားနည်းသူကို စကားများအောင်လုပ်လို့ရမလား။ မွေး ကတည်းက သိုသိုသိပ်သိပ်နေတတ်တဲ့လူကို ဘာမှမပြောဘူး ငြိမ်နေတယ်လို့ပြောတာ လွန်တာပေါ့။ သူ့ဗီဇနဲ့ သူပေါ့ဗျာ။

လက်နက်ကိုင်ထားတဲ့ မတစ်ထောင်သားတွေကို တ၀ါးဝါး တဟားဟားနဲ့ သွားအုပ်ချုပ်နေရင် ခေါင်းပေါ်အခင်းကြီးတက်သွားကြမယ့် အ ကောင်တွေချည်းဘဲမို့လား။ ကျနော်လို တဟီးဟီး တဟားဟားနဲ့ အလေနတောစကားတွေလျှောက်ပြောပြီးနေခဲ့တဲ့သူကို ဘယ်သူမှ ခေါင်း ထဲထည့်ပြီးမစဉ်းစားတာ သဘာဝတော့ကျသားလား။ တပ်ချုပ်ကြီး ဦးသန်းရွှေ အာဏာရှိဖို့လိုတာပေါ့။ အာဏာရှိမှဘဲ သူ့လူတွေရဲ့ သေ နတ်တွေကို သူလိုရာပစ်ခိုင်းလို့ရမှာပေါ့။ မြန်မာနိုင်ငံကြီးကိုကာကွယ်ဖို့ ခိုင်းလို့ရမှာပေါ့။

ကျနော့်အမြင်အရဆိုရင် ကာကွယ်ရေးဦးစီးချုပ်ဆိုတာ အာဏာရှိကိုရှိရမှာလို့ထင်တာဘဲ။ သူအာဏာရှိတာ ပြဿနာမဟုတ်ပါဘူး။ တ ကယ့်ပြဿနာက သူ့အာဏာကို ဘယ်အတွက်အသုံးချတယ်ဆိုတာမို့လား။ အာဏာ၊ လုပ်ပိုင်ခွင့်ကို ခိုးဖို့၊ ၀ှက်ဖို့၊ ဆန့်ကျင်သူကို သတ်ဖို့၊ စုတ်ပြတ်သတ်သွားအောင်လုပ်ဖို့ အသုံးချတာကမှ တကယ့်အရုပ်ဆိုးကျည်းတန်သွားတာပါ။

ကျနော်က တစ်ခါတစ်လေကျတော့ ခပ်ကြောင်ကြောင်အတွေးတွေတောင် တွေးမိတယ်။ ငါတို့ ဒီအခြေအနေနဲ့၊ ဒီလူတွေနဲ့ဆိုရင် အာဏာ ရှင်စနစ်ကတောင် ခပ်ကောင်းကောင်း လို့တွေးမိပါတယ်။ စည်းကမ်းမရှိ၊ ခိုးချင်၊ ၀ှက်ချင်၊ ဂိုဏ်းဂန ခွဲထွက်ချင်တဲ့ လူတွေကို ပညာရှိဆန်ဆန် စည်းလုံးကြဖို့ သွားပြောနေကြတာ နွားကို ဖာလူဒါတိုက်သလိုမျိုးလို့တောင်တွေးမိပါတယ်။ ကျနော်တို့က ရာစုနှစ် တစ်ဝက်လောက် ခိုးဖို့၊ ၀ှက်ဖို့၊ ဂွင်ကောင်းကောင်းတည့်ဖို့ စဉ်းစားခဲ့တာ ခေါက်ရိုးကျိုးနေပြီမို့လား။ အဲဒီလိုလူတွေနဲ့ လက်ထဲတုတ်လေးကိုင်၊ ယူနီဖောင်းဝတ်လိုက် တာနဲ့ မြောက်ကြွ ၊ မြောက်ကြွဖြစ်သွားတဲ့လူတွေကို အာဏာရှင်စနစ်နဲ့မှ ဖြစ်မှာလို့တောင် တွေးမိပါတယ်။

ပြည်သူ့ဝန်ထမ်းတွေကို ပြည့်စုံအောင် ထောက်ပံ့၊ ရေမီးအစုံပေး၊ ကျန်းမာရေး အာမခံထားပေး၊ ဒီကြားထဲကမှ ခိုးနေ၊ ၀ှက်နေတယ်ကြားရင် ၊ သိရရင် ကြိုးပေးသတ်၊ ဘယ်သူ၊ ဘယ်အဖွဲ့အစည်း၊ ဘယ်လူမျိုးကိုမှ မျက်နှာသာမပေးတဲ့ တန်းတူညီမျှဥပဒေ၊ စည်းကမ်းတွေထုတ်။ ဒါကိုမှ မဟုတ်တာ၊ မတရားတာတွေ့ရင် ခါကာဘိုရာဇီတောင်ထိပ်မှာ ဒီအတိုင်းသွားပစ်ထားလိုက်။ လုပ်ပိုင်ခွင့်အလွဲသုံးစားလုပ်ရင် ကားစင် တင်၊ ကျနော် ပြည်သူတွေအပေါ် မဟုတ်တာလုပ်မိပါတယ်ဆိုပြီး နေပြည်တော်ကနေ ရန်ကုန်၊ မန္တလေးအထိ ကားပေါ်တင် လိုက်ပြ။

ကျနော်တို့ ရာဇ၀င်မှာ နန်းတောင်တိုင်တွေကို ကွမ်းယာရင်း ထုံးတွေ သုတ်တာများတော့ နောက်တစ်ခါ သုတ်တာတွေ့ရင် လက်ဖြတ်မယ်ဆိုပြီး ဥပဒေထုတ်တဲ့ သက်ဦးဆံပိုင်ဘုရင်တစ်ပါး ရှိခဲ့တယ်မို့လား။ သူ့ဘာသာမေ့ပြီးသုတ်မိတော့ သူထုတ်တဲ့ဥပဒေကို လိုက်နာတဲ့အနေနဲ့ သူ့လက်သူ ပြန်ဖြတ်တဲ့ဘုရင်လို အာဏာရှင်မျိုးရှိရင် သိပ်ကောင်းမယ်လို့ အူချာပေါက်အတွေးတွေးမိတယ်။ အင်္ကျီအဖြူဝတ်ပြီး ညစ်ပေတဲ့ တိုင်ကိုမှီထိုင်နေတဲ့ သမီးတော်ကို “ဘာလဲ ကောင်မက ..ပြည်သူတွေ အခွန်အခနဲ့ရတဲ့ ပိုက်ဆံနဲ့ဝယ်ထားတာဟဲ့..နင် အတော်မသိတတ်” ဆိုကာ ထတဲ့ပြီး ဖနောင့်နဲ့ပေါက်တဲ့ အာဏာရှင်မျိုးအတွက်ဆို ကျနော်ကတော့ အရိုးကျေကျေ အရေခန်းခန်း အလုပ်လုပ်ပေးချင်သား။ ခပ် ရူးရူးအတွေးတွေ တွေးမိတယ်။

ရုပ်ရှင် သရုပ်ဆောင် ဦးသုမောင်ရဲ့အစ်ကိုတစ်ယောက်ထင်ပါတယ်။ ခါးပိုက်နှိုက်တစ်ယောက် ခါးပိုက်နှိုက်နေတာကို နောက်ကလိုက်ပြီး “ ငါ့ညီ သူများပစ္စည်းယူတာ မကောင်းပါဘူး။ ငါ့ညီဘ၀မှာ” ဘာဖြစ်ညာဖြစ်ဆိုပြီး လိုက်ပြီးပညာပေးမိတာ လက်သီးနဲ့အထိုးခံခဲ့ရတယ်လို့ ဖတ်ဘူးတယ်။ အခုလဲ အောက်ခြေဂိတ်ပေါက်ကအစ ၀န်ကြီးကြီးတွေအထိ ခိုးနေ ၀ှက်နေတာတွေတွေ့ရတော့ သဘောထားကြီးကြီး လိုက် ပြောနေလဲ ကာယအားကိုး၊ အာဏာအားကိုးဆရာတွေကပြောတဲ့သူကို အမုန်းကြီး မုန်းကြ၊ နှောင့်ယှက်ကြတာတွေ့ရတော့ ဦးသုမောင် စာတိုလေးကို ကျနော်ကသတိတရဖြစ်မိတယ်။ အာဏာရှင်သာဆို အကုန်ဖမ်းချုပ်၊ ထောင်ထဲထည့်၊ သူပိုင်၊ မိသားစုပိုင်၊ အမျိုးအဆွေပိုင် ပစ္စည်းတွေ မီးခိုးကြွက်လျှောက်လိုက်ပြီးသိမ်းလို့ တွေးမိတယ်။ ဒီလိုဆိုတော့ အာဏာရှင်စနစ်ကတောင် ခပ်ကောင်းကောင်းမို့လား။

“ဆီကိုရေချိုး၊ ဆေးရိုးမီးလှုံ စပါးတောင်လိုပုံ” ဆိုတဲ့ နိုင်ငံဘ၀ကနေ အကြွေးတောင်လိုပုံတဲ့ဘ၀တွေကို တပ်ချုပ်ကြီးတို့ ထားပစ်ခဲ့ကြပြီ။ ဘယ်လောက်ချမ်းသာနေလို့ ချမ်းသာနေမှန်းမသိအောင်ဖြစ်နေသည့် တပ်ချုပ်ဟောင်းကြီးကို ကျနော်က မနာလိုမဖြစ်မိ။ စားပါစေ။ ပိုက်ဆံ ရှိလို့ တစ်ရက်ကို တစ်နာရီတိုင်း တစ်နာရီတိုင်း ထမင်းတစ်နပ်စားနေစေအုံး။ ကြိုက်တဲ့နိုင်ငံမှာ တန်ဖိုးကြိုက်သလောက်ရှိတဲ့ အိမ်တွေ ၀ယ် ပါစေ၊ သုံးရာခြောက်ဆယ့်ငါးရက်နေဖို့ အိမ်အလုံးပေါင်း သုံးရာခြောက်ဆယ့်ငါးလုံးဝယ်စေ၊ အ၀တ်အစားမ၀တ်ဘဲ ဒေါ်လာတွေ ကြိုးနဲ့ ဖောက်သီပြီး ၀တ်ချင်ဝတ်စမ်းပါစေ။ ကျနော် မမုန်းပါ။ ဘ၀မှာ ကြုံကြိုက်ပြီးတွေ့ခဲ့ရရင် အသက်ကြီးလို့ တုန်ချိ တုန်ချိ ဖြစ်နေတဲ့ အဘိုးကြီးကို ကျနော်က ခရီးဦးကြိုပြုမိမည်ဖြစ်သည်။

ရုပ်ဝတ္တုပစ္စည်းတွေ အရောင်မှိန်စမ်းပါစေ။ ဖျော့စမ်းပါစေ။ သူများတွေ ကျည်ဆန်ရထား စီးနေချိန်မှာ လမ်းတောင် ကောင်းကောင်းလျှောက်မ ရချင်တဲ့ ခုနှစ်ဆွေး၊ ရှစ်ဆွေး ရထားကြီးတွေလဲ စီးရရင် စီးရစမ်းပါစေ။ သူများတွေ ATM စက်တွေသုံးနေချိန်မှာ ပိုက်ဆံအစုတ်ကို တိပ်ဗရပွနဲ့ သုံးချင်သုံးရစမ်းပါစေ။ သူများတွေ နှလုံးအစားထိုးကုနေချိန်မှာ ကျနော်တို့က အာဟာရချို့တဲ့လို့ အားပြတ်လဲချင် လဲနေပါစေ။ သူများတွေ အင်တာနက်ကို ကောင်းကောင်းအသုံးချတတ်နေချိန်မှာ ကျနော်တို့က နို့ဆီခွက်ဖောက် ကြိုးသီပြီး ပြောချင်ပြောရစမ်းပါစေ။

သို့သော် စိတ်တွေ အရောင်မမှိန်ဖို့လိုသည်။ စိတ်အရုပ်ဆိုးသောလူများ မဖြစ်ဖို့လိုသည်။ ပြည်သူပိုင်ပစ္စည်းကို ဘိုးဘွားပိုင်လို့ သဘောထား သည့်စိတ်အရောင်များ မရှိဖို့လိုမည်။ ခြေထိုး၊ အကောက်ကြံ၊ အာဃတထားသောလူများ မဖြစ်ဖို့ လိုမည်ထင်သည်။ ငါလည်း မြန်မာနိုင်ငံသား၊ သူလဲ မြန်မာနိုင်ငံသားဆိုသည့်စိတ်တွေ ကြီးထွားလာဖို့လိုမည်။ မနာလိုစိတ်အားကြီးပြီး သူများဆိုင်းဘုတ်ကို ဖျက်လိုဖျက်ဆီးလုပ်သော စိတ်အရောင်နည်းရှာသည့်လူများမဖြစ်ဖို့ အရေးပိုကြီးသည်။ ဘုန်းကြီးရှေ့မှာ ငါးပါးသီလဆောက်တည်ပြီး ကွယ်ရာမှာ မိမိလုပ်ပိုင်ခွင့်များကို အသုံးချပြီး ခိုးဝှက်နေချင်သည့်စိတ်ဓာတ်များမရှိဖို့လိုသည်။ လက်ဆင့်မကမ်းမိကြဖို့လိုမည်။

ဦးသန်းရွှေ ဘယ်ရောက်နေ၊ ဘာတွေလုပ်နေသလဲဟု မေးကြသည်။ အများစိတ်ဝင်စားကြသလို ကျနော်လဲစိတ်ဝင်စားသည်။ သက်ဆိုင် သူများက စာဖတ်နေပါတယ်လို့ ဖြေကြသည်။ စာဖတ်ခြင်းသည် ကောင်းသောကိစ္စလို့သတ်မှတ်ကြတာ ကျေးဇူးတင်ရမလို။ သို့သော် အသက်ခြောက်ဆယ်ကျော်လို့မှ မလိမ္မာရင် ဘာစာဖတ်ဖတ် မလိမ္မာတော့ဘူးဟုပြောသော ဆရာဦးအောင်သင်းစကာကိုတွေးမိပြီး ပြုံးစိစိ ဖြစ်ရသည်။

အခုလဲ ဦးသန်းရွှေ တရုတ်ပြည်ပြောင်းနေမည်ဟု သတင်းကိုဖတ်ရပြီး ကျနော်အားရသည်။ ၀မ်းသာသည်။ ကြေနပ်သည်။ ကျနော့်စိတ်သမိုင်း စဉ်ထဲမှာ တရုတ်ပြေးမင်းသုတ်သင်ပြီး၊ ပုဂံမင်းသတ်ပြီး၊ ဦးစော ကြိုးပေးပြီး၊ ဦးနေ၀င်း တမန်လွန်ပိုပြီး၊ အဘတပ်ချုပ်ကြီး ဦးသန်းရွှေကိုလဲ စိတ်အစဉ်ထဲမှာ ထုတ်ပစ်ချင်ပြီ။ သတ်ပစ်ချင်နေခဲ့သည်။

တကယ်ကျတော့ သတင်းက ရေရေ ရာရာ မဟုတ်လှ။ ဟုတ်ချင်လဲ ဟုတ်မည်။ မဟုတ်ချင်လဲ မဟုတ်။ သို့သော် ဟုတ်ပါစေ၊ မှန်ပါစေဟု ဆုတောင်းရအုံးမည်။ မြန်မာပြည်သူတွေ ပိုက်ဆံတွေကြိုက်သလောက် ယူသွားနိုင်ပါသည်အဘလို့ ကြားထဲက ကိုယ်ပိုင်ပစ္စည်းလိုလို အာမ ခံပြီး ပေးလိုက်ချင်သည်။ ဒါကိုမှ မလောက်ငှသေးရင် ကျနော်လစာထုတ်ပေတော့မည်။ အကုန်ပေးလိုက်မည်။ လမ်းဘေးမှာ ကျနော် အိပ် နိုင်သည်။ ထမင်းတနပ်ကို မျက်နှာငယ်နဲ့ ကျနော်တောင်းစားမည်။ လစာတစ်ပြားမကျန် ကျနော်ပေးနိုင်ပါသည်။

“မြန်မာနိုင်ငံကြီးနဲ့ ဝေးဝေးနေပါအဘရယ်။ ခပ်ဝေးဝေးမှာ နေစမ်းပါအဘရာ..ကျန်းမာရေး ဂရုစိုက်၊ ဂေါက်ဖ်ရိုက်၊ အေးရာအေးကြောင်းနေ၊ အအေးပါတ်အောင်မနေနဲ့ ..လူ့ပြည်မှာ အကြာကြီးနေသွားစမ်းပါအုံးအဘ” လို့ ကျနော် ပြောတာလေးတော့ နားထောင်စေချင်သည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

Related posts

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ရသဆောင်းပါးစုံ

6 Responses to ကျနော် လူသတ်ခြင်း

  1. Mon on March 21, 2012 at 9:57 am

    Ko Phoe Htet, thank you so much for a great satire which is also an incredible account of revealing how we, all Burmese feel the same…. I always want to see them leave our beloved country…They should leave Burma alone since in the first place…As they are so-called Generals who really are coward and too scared to go abroad to face the whole world for their inhumnely committed crimes, they are still in Burma which they don’t love, they don’t care….. I wish the same as you do…to see them leave our Burma…I don’t care how much they will bring our public properties with them….I just want them not to be there in Burma….The sooner the better….Burma does not need them at all…..To continue reforms as quickly as possible, they should not be there in Burma..Especially, Than Shwe’s presence is a huge obstlce for reforms to a democratic country as Min Aung Hlaing is his loyal subordinate…..Once they leave, there will be less bribing……so we can save some public money for the poor in Burma…..

  2. Leprosy* on March 21, 2012 at 1:12 pm

    Who want these leprosy group except Myanmar !

    So, they are isolated themselves in Nay Pyi Taw (quarantine area to avoid American injection medications)

    Ne Win,Than Shwe and their ballower Generals have worthy to live in this life and after -life because Burma and World histories already recorded their excellent performance (they are getting enormous pensions , bonus and immeasurable stolen amount from Mother Burma for their task of bringing “ 1st class Burma to Last class Myanmar “ as dutiful dirty sons of Burma within 50 years).

    So ,they should be proud for that they are really historic man and group……………………………..as most disgusted villains of Burma and dirtiest Generals of the world !

  3. Thiha on March 21, 2012 at 5:38 pm

    ကောင်းလိုက်တဲ့ စာသားတွေဗျာ… ရင်ကို ထိတယ်

  4. mgoogyaw on March 21, 2012 at 6:16 pm

    I really like Ko Pho Htet’s article and support 100% to *Mon’s comment,which is universal truth.

  5. kyawzawhlaing on March 22, 2012 at 1:33 am

    What a nice article ..Ko Phoe Htet…go ahead..

  6. Bala on March 22, 2012 at 5:02 am

    The most the best in the best.Bood byar.Thanks

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ

By

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ မိုးမခစာအုပ်စင်၊ ဒီဇင်ဘာ ၈၊...

Read more »

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ

By

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၄၊ ၂၀၁၈ မိုးမခစာပေက ထုတ်ဝေပြီး...

Read more »

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ

By

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ (မိုးမခစာအုပ်စင်) အောက်တိုဘာ ၁၈၊ ၂၀၁၈...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ (မိုးမခ) အောက်တိုဘာ ၁၂၊ ၂၀၁၈ မိုးမခစာပေက...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

Tags

(all tags)