ခဲနောက်လိုက်သော လူများ၊ သတ္တ၀ါများ

March 25, 2012

ဖိုးထက်
မတ်လ ၂၅၊ ၂၀၁၂
ဟိုးတစ်လောက အမေရိကန်စစ်သားတွေ အာဖဂန်စစ်သွေးကြွအလောင်းတွေအပေါ်မှာ ကျင်ငယ်ဝိုင်းစွန့်နေတာကို ရိုက်ကူးထားတဲ့ ဗွီဒီယို အတိုလေးတစ်ခုကို အွန်လိုင်းပေါ်မှာ ကျနော် ကြည့်လိုက်ရသည်။ စိတ်အဆင်အပြင် ရိုင်းစိုင်းယုတ်ညံ့လိုက်ကြတာလို့ ကျနော် တွေးမိလို့မှ မဆုံးသေး၊ အမေရိကန် တပ်ကြပ်ကြီးတစ်ယောက်က တပ်ဝင်းအပြင်ကိုထွက်ပြီး ဘာမဆိုင်၊ ညာမဆိုင် အာဖဂန်ကလေးတွေနဲ့ မိန်းမတွေကို ပြစ်သတ်ပြစ်တာကို ထပ်ပြီးသိလိုက်ရတော့ ကျနော့်မှာ ဒေါသစိတ်အထွေးလိုက်ဖြစ်နေမိတယ်။ စစ်သားဆိုတာ ဘယ်လိုလူမျိုးပါလိမ့်လို့ ကျနော်တွေးလို့မရဖြစ်လာတယ်။ စစ်သားဆိုရင် မုန်းလွန်းလို့ ရေတောင်စစ်မသောက်ဘူးလို့ ပြောကြသူတွေ မလွန်ဘူးလို့ပြောရမလား။

ကျနော့်ကို ငယ်ငယ်က “ငါ့သားကြီးရင် ဘာလုပ်မလဲ” ဟု အမေက မေးတတ်သည်။ ကျနော့်ငယ်ဘ၀မှာ ဖြစ်ချင်တာတွေက အများကြီးမှ အများကြီး။ ရွှေဥဒေါင်းရဲ့ ဆော်လမွန်သိုက်ဆိုသောစာအုပ်ကိုဖတ်ပြီး အလန်ကွာတာမိန်းလို ခရီးသွား၊ စွန့်စားသူကြီးလဲ ဖြစ်ချင်ခဲ့သည်။ ကျနော်တို့ ငယ်ငယ်ကခေတ်စားသော ရဲကိုကိုဇာတ်ကားတွေကြည့်ပြီး ရဲကိုကိုလို ဖိုက်တင်ဇာတ်လိုက်ကျော်ကြီးလဲ ဖြစ်ချင်သည်။ နည်း နည်းကြီးလာတော့ အဲဒီအချိန်က ခေတ်စားလူကြိုက်များသော “မှားတဲ့ဘက်မှာ” သီချင်းကို အကြိုက်ကြီးကြိုက်ကာ ရွှေယုန်နှင့် ရွှေကျား ပုံပြင်ထဲက ရွှေယုန်လို၊ ငရမန်ကန်းလိုဇာတ်ကောင်တွေကို သဘောကျသော လူဆိုးလေးလဲ ဖြစ်ချင်ခဲ့သေးသည်။ ဘယ်လိုဘဲဖြစ်ဖြစ် အမေ က ကျနော့်ကို “ဟဲ့ကောင်လေး ပြောစမ်းပါဟဲ့ နင်ကြီးရင် ဘာဖြစ်ချင်သလဲ” ဟု တေ့တေ့ဆိုင်ဆိုင် ချောင်ပိတ်မေးလာလျှင် ရေရေရာရာ မရှိသောကျနော်က အမေ ဆရာမအကြိုက် အင်ဂျင်နီယာကြီး၊ တစ်ခါ တစ်ခါ ဆရာဝန်ကြီး၊ စစ်ဗိုလ်ကြီးဆိုပြီး အဖြေပေးခဲ့သည်။ အမေ ကတော့ သူ့သားအငယ်ကောင်အဖြေကို ဟုတ်ဟုတ် မဟုတ်ဟုတ် သဘောတွေအကျကြီး ကျနေခဲ့သည်။

အမေကတော့ ကျနော် ဘာဖြေဖြေ သဘောတွေခွေ့ပြီး “လူတွေကို ကူညီနိုင်တဲ့သူဖြစ်အောင် ငါ့သားကြိုးစားနော်” ဟုသာ ပြောပြီး ဘာဖြစ် ရမယ်လို့လဲ မတောင်းဆိုခဲ့ဘူးပါ။ ကျနော် ဘာဖြစ်ချင် ဖြစ်ချင် အမေက အကောင်းဆုံး ပံ့ပိုးပေးဖို့ဘဲ ကြိုးစားပေးခဲ့သည်။ ဒါပေမယ့် အမေ သတိမထားမိသော အချက်မှာ ကျနော်က သူငယ်ချင်းတွေနှင့် ဆော့ကစားတိုင်း စစ်တိုက်တန်းဘဲ ကစားနေဖြစ်ခဲ့သည်။ ပါးစပ်အသံထွက်၊ လက်ကိုသေနတ်လုပ်ကာ “ဟရောင် မင်းခေါင်းပြတ်သွားပြီ၊ မင်းခေါင်းကြီးထွက်နေတာ ငါပစ်လိုက်တာမှန်သွားပြီ “ ဆိုကာ အားရပါးရ ဆော့သည်။ ထိုခေါင်းပြတ်နေသောအကောင်က မသေနိုင်သေးဘဲ ကျနော့်ကို အလစ်အငိုက်ခြုံခိုတိုက်ခိုက်ကာ သူကော ကျနော်ပါ အကုန် သေသော စစ်တိုက်တမ်းတွေက များခဲ့သည်။

ငယ်ငယ်က စစ်တိုက်တမ်းကို ခုံခုံမင်မင် ကစားခဲ့သော ကျနော်က ကြီးလာသော အခါ စစ်တိုက်ခြင်းသည် လူတွေရဲ့ မိုက်မဲရူးသွပ်ခြင်းဆိုတာကို ခံစားသိလာသည်။ ၀ါဒဖြန့် သူရဲကောင်းဝါဒ စစ်ကားတွေကို ကြည့်မိပေမယ့် စစ်အနိဌာအာရုံတွေကို မြင်တတ်လာသည်။ တစ်ယောက်နှင့် တစ်ယောက် ၊ တစ်ဖွဲ့နှင့် တစ်ဖွဲ့ မသိဖူး၊ မမြင်ဖူး၊ မယ်မယ်ရရ အမုန်းတရားတွေလဲမရှိပါဘဲလျက် သတ်ဖြတ်နေကြသော စစ်ပွဲတွေကို ကျနော် မုန်းမိသည်။ ဖက်ဆစ်စနစ်ဆိုးကြီးကို ဆန့်ကျင်ဖို့ ၀ိုင်းဝန်းတွန်းလှန်တိုက်ခိုက်ကြသော ဒုတိယကမ္ဘာစစ်ကြီးကိုတော့ ကျနော်က ကြိုက်မိသလိုလိုရှိသည်။ ကျနော်တို့ခေတ်ကြီးမှာ မိုဟာမက်အရှင်၏မိန့်မှာချက်များကို တလွဲတွေးတွေးကာ အကြမ်းဖက်သတ်ဖြတ်ချင်ကြ သော အာဖဂန်စစ်သွေးကြွတွေကို အမေရိကန်စစ်တပ်ကြီးဦးဆောင်ပြီး ကွပ်ညှပ်နေတာကိုတွေ့တော့ အမေရိကန်စစ်တပ်ကြီးကို အားပေး မိသည်။

သို့သော် စည်းကမ်းရှိပါသည်၊ တိုက်ရည်ခိုက်ရည်ပြည့်ဝပါသည်။ ပညာတတ်ပါသည်ဆိုသော အမေရိကန်စစ်သားတွေ၏ လူမဆန်သော လုပ်ရပ်တွေကို ကျနော်တွေ့တော့ စစ်သားဆိုတာ ကြောက်ဖို့သိပ်ကောင်းပါလားလို့ အတွေးဝင်မိသည်။ ရှုပ်ထွေးပွေလီလွန်းလှသော ကမ္ဘာကြီးမှာ လူဖြစ်လာရသော ကျနော်သည်လည်း တစ်ခြားသူများကဲ့သို့ စစ်တပ်၊ စစ်သားနှင့်ကင်းလို့မရ။ မပတ်သက်ချင်လို့မရ။ ဆယ်တန်း အတူတူအောင်ကာ ဗိုလ်သင်တန်းတက်သွားသည့် ကျနော့်သူငယ်ချင်းစစ်ဗိုလ်တွေ တအုပ်တမကြီးရှိသည်။ ကျနော့် ဇာတိရပ်ရွာ ကိုပြန်တိုင်း ဒီကောင်တွေ ဘယ်ရောက်နေသလဲစုံစမ်းရတာ ကျနော့်အလုပ်ကြီးတစ်ခုဖြစ်သည်။ ဒီကောင်တွေ ခွင့်ဖြင့်ပြန်လာတိုင်း ကျနော့် ကို သတိတရဖြင့် လာရှာကြပြီး တစ်ခွက်၊ တစ်ဖလားတော့ မော့ကြစမြဲ။ ကဲကြစမြဲ။

ဆယ်တန်းတုံးက မအေနှမ ကိုင်တုပ်ကာ ရန်ဖြစ်မည်ဆိုကာရှိသေး မျက်ရည်ဝိုင်းချင်နေသော သူငယ်ချင်းက ဗိုလ်လောင်းသင်တန်းဆင်းပြီး ကျနော်နှင့် ပြန်အတွေ့မှာ ရိုက်မယ်၊ ချမယ်တကဲကဲ ဖြစ်သွားပြီ။ အရာရာ တုံ့ဆွန့် တုံ့ဆွန့်ဖြစ်နေသော တစ်ယောက်က ကျနော်တို့ဝိုင်းမှာ အာကျယ်ကျယ်နှင့် ဦးဆောင်သူဖြစ်သွားသည်။ စစ်ဗိုလ်ဆိုတာ ရန်သူနဲ့တိုက်မယ့် တပ်သားတွေကို ဦးဆောင်ရမယ့်လူကွ၊ ခပ်ပျော့ပျော့ လုပ်နေ နင့်အဘတွေက တက်ပြီး xxx သွားမှာပေါ့ဆိုသည့် ဒီကောင့်မှတ်ချက်ကို ကျနော်သဘောတူသည်။ စစ်သားဆိုတာ အထက်က သေဆိုသေ၊ ရှင်ဆိုရှင်ရမှာကွ မင်းဘာသိလဲကွဟု ကျနော့်ကို ယစ်ထွေထွေပြောသောသူငယ်ချင်းကို ကျနော်သဘောကျသည်။ တုံးဆို တိုက်၊ ကျားဆိုကိုက် လုပ်ရမည့်လူတွေဘဲဟု ကျနော်တွေးမိသည်။

ငယ်သူငယ်ချင်းစစ်ဗိုလ်တွေနှင့် ကျနော် အတူတူသောက်ဖြစ်တိုင်း အစဉ်အမြဲတော့ ချောမွေ့မနေတတ်။ ကျနော့် စိတ်ခံစားမှုအရ မကြိုက် သော အကျင့်၊ အတွေးအခေါ်တွေ သူတို့နှင့်ပါလာတတ်တာကိုလဲ သတိထားမိသည်။ ဆရာကြီးလုပ်လွန်းလာတာ၊ ဟောင်ဖွာ ဟောင်ဖွာဖြစ် လာကြသောသူများရှိသလို အေးအေးဆေးဆေးတည်တည်ငြိမ်ငြိမ်နှင့် ပိုမိုလူကြီးဆန်ပြီး ရင့်ကျက်လာကြသူများလဲ ရှိသည်။ ဆရာကြီးလုပ် လွန်းသူများကို ငယ်သူငယ်ချင်း ပြောမနာဆိုမနာများပီပီ မခံချင်စိတ်မဖြစ်မိပေမယ့် “ဟရောင် စစ်သားကွ၊ အရပ်သားမဟုတ်ဘူး” ဆိုသည့် ဘာမဆိုင် ညာမဆိုင် အရပ်သားကို နှိပ်ကွပ်ချင်သောစိတ်များကိုတော့ ကျနော်က ခါးတောင်းကြိုက်ငြင်းသည်။ တစ်ယောက် ငယ်ကျိုး ငယ်နာများကို တစ်ယောက်က သိသူများပီပီ စိတ်မဆိုးကြပေမယ့် စေ့စပ်မရသော အကြောင်းအရာတွေ ဖြစ်နေတတ်တာကို ကျနော်တွေ့ရ သည်။ စိတ်ဓာတ်ခိုင်မာသော သူငယ်ချင်းစစ်ဗိုလ်များက ပိုမိုလူကြီးဆန်လာသလောက် ငယ်ကတည်းက စိတ်ဓာတ်နုံချာချာ၊ ခပ်ပျော့ပျော့ အကောင်များက ဟိန်းလား ဟောက်လား ပိုမိုလုပ်ချင်လာကြတာကို ကျနော်သတိထားမိသည်။

ထိုသို့ စစ်ဗိုလ်များနှင့် မစိမ်းသော ကျနော်က စစ်ဗိုလ်ဆိုသောလူတန်းစားကို မမုန်းနိုင်။ အင်တာနက်ပေါ်မှာ ခိုင်ခိုင်မာမာမရှိသော လုပ်ကြံ သတင်းလဲဖြစ်နိုင်သည့်သတင်းတွေဖတ်ကာ စစ်ခွေးတွေဟု အကျိုးမရှိဆဲရေးတာကို ကျနော်က မုန်းမိသည်။ စစ်ဗိုလ်မှ မဟုတ်တာလုပ်ကြတာ မဟုတ်၊ အရပ်သားတွေထဲမှာလဲ လူ့စိတ်ပျောက်ကာ ရွံစရာကောင်းလောက်အောင် ဆိုးသွမ်းသောလူများလဲမရှိဘူးလားဟု ကျနော်က ရှေ့နေလိုက်သည်။ စစ်တပ်ကို လက်ကိုင်တုတ်ကဲ့သို့ လက်နက်အသွင်ပြောင်းကာ အုပ်ချုပ်နေသည့် စစ်အာဏာရှင်စနစ်ကြီး အောက်မှာ စစ်ဗိုလ်အဆိုးလုပ်သမျှ ပေါ်လွင်ထင်ရှားလာတာလို့ဘဲ မြင်သည်။

တစ်လောက အင်တာနက်ပေါ်မှာ ဆောင်းပါးလေးတစ်ပုဒ်ဖတ်လိုက်ရသည်။ အဝေးပြေးကားပေါ်မှာ စစ်ဗိုလ်နှင့် သူ့တပ်သားလေးကို အ ယောက် ၂၀ ခန့်ရှိ အရပ်သား၊ အရပ်သူအဖွဲ့က စောင်းမြောင်းပြီး ပြဿနာရှာသည်ကို ထိုစစ်ဗိုလ်က မခံမရပ်နိုင်ဖြစ်ကာ စိန်ခေါ်လိုက်ရသည့် အကြောင်းကိုရေးထားသော ဆောင်းပါးတိုလေးဖြစ်သည်။ ထိုဆောင်းပါးကိုဖတ်ပြီး ငါသာ အဲဒီကားပေါ်ပါသွားရင် သိပ်ကောင်းမှာလို့ တွေးမိသည်။ ကျနော်သာပါသွားလျှင် ပုဆိုးစလွယ်သိုင်းပြီး အယောက်နှစ်ဆယ်နှင့်တစ်ယောက် တစ်ပွဲတစ်လမ်း အကဲစမ်းလိုက်ချင်သေး သည်။ တစ်ယောက် တစ်ချက်နှင့် ကျနော် သေခါမှ သေရော့။ အဓိပ္ပါယ်မဲ့ လုပ်ရပ်ကို ဆန့်ကျင်ဖို့ ကျနော်သာဆိုလျှင် လက်တွေ၊ ပါးစပ်တွေ အကုန်ပါသွားနိုင်သည်။

အရင်တစ်ရက်ကလဲ Facebook ပေါ်မှာ နှစ်ချင်းဘုရားကျောင်းကို ဗမာစစ်တပ် ၀င်ပြီးသောင်းကျန်းသွားသည်ဆိုပြီး ဓာတ်ပုံတွေ တွေ့ရသည်။ မီးရှို့ထားသောထိုင်ခုံများ၊ မီးလောင်နေသော သမ္မာကျမ်းစာ စာအုပ်များကို တွေ့ရသည်။ အင်တာနက်ပေါ်မှာတွေ့ရသော သတင်းများ၊ တိုင်စာများကို ဘယ်သူကတာဝန်ယူပြီး ဘယ်သူကအာမခံနိုင်ကြမည်နည်း။ တစ်ယောက်နှင့်တစ်ယောက် အပုတ်ချ၊ တိုက်ခိုက် ဖို့ အောက်တန်းကျယုတ်ညံ့သည့်လူများက အင်တာနက်ကို ကောင်းစွာအသုံးချတတ်ကြသည်မဟုတ်လား။ အခုလဲ ဘုရားကျောင်းကို တိုက်ခိုက်ထားသော ဗမာစစ်တပ်ဆိုပြီး ပလူပျံနေသောဓာတ်ပုံများကို ဘယ်သူကတာဝန်ယူနိုင်သနည်း။

သတင်းက မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ မြန်မာနိုင်ငံတော်ကြီး၏ ပြည်နယ် ၇ ခုထဲတွင်အပါအ၀င်ဖြစ်သော ကချင်ပြည်နယ်တွင် ကျနော်တို့ အစိုးရစစ်တပ်ကြီးသည် နာမည်ပျက်ရှိသည်။ မပြေးသော်လည်း ကန်ရာရှိသည်။ မြန်မာစစ်တပ်လုပ်သည်ဟု ကျနော်သံသယ၀င် သလို ကျန်သူများလဲ ယုံကြပေမည်။ လုပ်ခြင်း၊ မလုပ်ခြင်းက ကျနော့်အတွက် ပြဿနာမဟုတ်။ ဘယ်သူ၊ ဘယ်အဖွဲ့အစည်းက ထိုကဲ့သို့ လူစိတ်မရှိသည့် လုပ်ရပ်များအား ကျူးလွန်သည်ဆိုတာကို အချိန်က ဖော်ထုတ်သွားမည်။ သတင်း လုံခြုံလှပါချည်ရဲ့ဟု ဆိုသော ဟစ်တလာ ဦးဆောင်သည့် ဂျာမဏီနိုင်ငံကြီး၏ ရုပ်ဆိုးသည့်သမိုင်းကြောင်းတွေက အခုအချိန်မှာ လူတိုင်းသိနိုင်သော အကြောင်းအရာများဖြစ်သည် မို့လား။ စနစ်ဆိုး၊ လူဆိုးတွေ လုပ်သမျှ မပေါ်ပေါက်ဘူးဟု ထင်ကြလျှင် ကျွန်ခေတ်မှ ဒီမိုကရေစီစနစ်သို့ ရောက်လာစရာမရှိ။

ကျနော့်အတွက် ထိုဓာတ်ပုံများမှ ပေးသော စိတ်အနှောင့်အယှက်ဖြစ်စရာ အကောင်းဆုံးများမှာ ပေးထားကြသော မှတ်ချက်များဖြစ်သည်။ ကချင်လူမျိုးလေးများက ဓာတ်ပုံဘေးမှာ “ဗမာတွေ ဒါတော့လာကြည့်အုံးလေ.. ဒါကို ဘာပြောမလဲ..ဗမာအားလုံး xီးဘဲ” ဆိုသည့်မှတ် ချက်များ။ “ဗမာဆို တစ်ယောက်မှမကောင်းဘူး” ဆိုသည့်မှတ်ချက်များ။ “ဘာငြိမ်းချမ်းရေးမှ မလုပ်နဲ့။ ဗမာတွေပြောသမျှယုံလို့ကတော့ ဘာဖြစ်သွားမယ်ထင်သလဲ” ဆိုသည့်မှတ်ချက်များ၊ ကျနော် ခေါင်းတွေကိုက်လာမိသည်။

စစ်တပ်ဆိုလျှင်၊ လက်နက်ကိုင်ထားလျှင် ကမ္ဘာပေါ်တွင် အကောင်းဆုံးဆိုသည့် အမေရိကန်စစ်သားတွေပင် အဘယ်သို့ ပြုမူနေကြသည်ကို တွေ့လျှင် အော့နှလုံးနာသည်။ ကျနော်တို့လို ကလေးစစ်သားစုဆောင်းသည်ဆိုသည့် နာမည်ပျက်ရှိသော၊ ခိုးဝှက်နေကြသော စစ်ခေါင်း ဆောင်ကြီးများ အမိန့်ပေးခဲ့သော စစ်တပ်ဆိုလျှင် တွေးကြည့်ယုံနှင့် မယုံမကြည်ဖြစ်ကြတာခံပေတော့ဟု ပြောရုံသာ ရှိတော့သည်။ ဗမာ စစ်တပ်မှ သာမန်ပြည်သူတွေအပေါ်မှာ အနိုင်ကျင့် လက်နက်အားကိုး ပြုမူတတ်ကြသလား။ ကချင်စစ်တပ်၊ ကရင်စစ်တပ်၊ ရှမ်းစစ်တပ်၊ ကျောင်းသားတပ်မတော်တွေကော အဘယ်သို့ရှိကြသနည်း။ ပညာနည်းသော၊ ရည်ရွယ်ချက် မကောင်းသောလူများ အုပ်စိုးအာဏာရ နေသော လက်နက်ကိုင်အဖွဲ့အစည်းတိုင်း အနည်းနှင့် အများဆိုသလို နာမည်ပျက်ရှိကြသည်ထင်သည်။

လူတိုင်းသိသော ပုံပြင်တစ်ပုဒ်ရှိသည်မို့လား။ ခွေးက ကိုယ့်ကိုပစ်တဲ့ခဲကို လိုက်ကိုက်တယ်။ ခြေင်္သေ့က မြှားကိုရန်မမူ၊ မြှားပစ်သူကိုသာ ရန်မူသည်ဆိုသည့်ပုံပြင် ဖြစ်သည်။ အနှီမှတ်ချက်များပေးသော ကျနော်တို့က ခွေးတွေလိုဖြစ်နေသည်။ စနစ်ဆိုးကြီးကို မတွေ့နိုင်။ တိုင်းရင်း သားအချင်းချင်း မစည်းမလုံးဖြစ်အောင် သေသေချာချာ သွေးခွဲခဲ့ကြသော ဗမာခေါင်းဆောင်များ၊ ကချင်ခေါင်းဆောင်များကိုမမြင်ဘဲ ခဲကို လိုက်ကိုက်နေသော ခွေးမိုက်များ ဖြစ်နေကြသည်ထင်သည်။ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး..ဒို့အရေးဟု အလွန်ကောင်းမွန် သောဆောင်ပုဒ်ကြီးများကိုဖော်ထုတ်သွားသည့် သူခိုးကြီးများကို ကျနော်တို့ကမမြင်မတွေ့နိုင်ဖြစ်ကာ ထိုကဲ့သို့ ဗမာဆိုဘယ်သူမှမကောင်း၊ ကချင်ဆို အရိုင်းအစိုင်းဟု ထင်နေကြလေသည်လား။

စစ်တပ်ဆိုသည်က တိုက်ဆိုတိုက်၊ သတ်ဆိုသတ်၊ အမိန့်အောက်မှာ ရှင်သန်လည်ပါတ်ရသည်ဟု ထင်သည်။ ဗမာစစ်တပ်မှမဟုတ်၊ ကချငစစ်တပ်၊ ကရင်စစ်တပ်၊ အမေရိကန်စစ်တပ်၊ နေတိုးတပ်တွေကော။ ဒီနေရာလိုချင်တယ်၊ ဒီနေရာဝင်စီးမယ်ဟု အထက်ကအမိန့်လာ လျှင် ကောင်းပါ့မလား၊ သင့်တော်ပါ့မလား၊ မသင့်ဘူးထင်တယ်နော်ဟု လုပ်လို့ရကောင်းသော အရာမဟုတ်။ ဒါဆို အမိန့်ပေးစေခိုင်းသူများကို ရေဆုံးမြေဆုံး လိုက်ရှာသင့်သည်။ ဒီလိုလုပ်ဖို့ ငါအမိန့်ပေးလိုက်တယ်ဟု ယောက်ကျား ဘသားပီပီ ဘယ်သူမှ သူ့ဘာသာအလိုလိုနေရင်းဝန်ခံမည်မထင်။ ဗမာတိုင်းရင်းသား၊ ကချင်တိုင်းရင်းသာ အချင်းချင်း သတ်ကြ၊ ဖြတ်ကြရအောင်၊ မယုံမကြည်ဖြစ်ကြရအောင် ထိုကဲ့သို့သော အောက်တန်းကျသည့်အမိန့်များက အဘယ်မှ စတင်စီးဆင်းလာသနည်း။

ပင်လုံစာချုပ်နှင့်အတူ တိုင်းရင်းသားများကို စည်းရုံးနိုင်ခဲ့သော ဗိုလ်ချုပ်၏ ရည်ရွယ်ချက်သည် အခုအချိန်မှာတော့ အတွင်းလှိုက်စားနေသည့် အိုင်းနာအကြီးကြီး ဖြစ်နေပြီ ဟု ထင်သည်။ ထိုအနာကြီးမှ ယိုစီးကျနေသော သွေးပုပ်၊ ပြည်ပုပ်တွေကို သန့်ရှင်းပေးဖို့ကြိုးစားရင်း အနာကို သက်သာအောင် လုပ်သူများရှိသလို အနာ၏ပြည်ပုပ်နံ့တွေကို အနံ့ခံကောင်းနေသည့် အပုပ်အစပ်ကြိုက်သူများ လဲရှိနိုင်သည်။ ထိုအနာကြီး ကိုကုစားဖို့ သန့်ရှင်းစင်ကြယ်သည့် သမားတော်လိုအပ်သည်။ ခိုးဝှက်ခြင်းဖြင့် နာမည်ပျက်ရှိခဲ့သော ပေါ်ပင်သမားတော်ကြီး ကုစားဖို့ ကြိုးစားလျှင် ပျောက်နိုင်ပါမည်လား။ ကုစားမည့် သမားတော်သည် အကုစားခံရမည့် လူနာများ ယုံကြည်နိုင်ပြီး စစ်မှန်သည့် စေတနာရှိဖို့ လိုမည်။ အနာကြီးတပြပြနှင့် ကျုပ်အကောင်းဆုံးကုပေးနေပါသည်ဆိုသည့် တတ်ယောင်ကားသမားတော်များမဖြစ်ဖို့ အရေးကြီးမည်ထင် သည်။

ကျနော်တို့ နိုင်ငံကြီး၏ နိုင်ငံ့အရေးကိစ္စများသည် အထက်မှအောက်သို့ ရေစီးရေလာကောင်းကောင်းဖြင့် မစီးဆင်းချင်။ အုပ်ထိန်းသူ မိဘများနှင့်တူသည့် အစိုးရ၏ စုန်ရေကို သိပ်ပြီး မျှော်ကိုးလို့မရ။ ကျနော်တို့ ပြည်သူတွေ၏ အချင်းချင်း နားလည်မှုဖြင့် တည်ဆောက်ယူရမည့် စည်းလုံးညီညွတ်မှုဆိုသည့် ဆန်ရေအားလေးများဖြင့် စုန်ဆင်းလာမည့်ရေစီးကြီးကို ခေါ်ယူမြူဆွယ်သင့်သည်ဟု ထင်မြင်မိသည်။

အခုတစ်လော အင်တာနက် သတင်း အများစုသည် ကျနော့် မနောအာရုံအကြည်ဓာတ်ကို မပေးနိုင်ဖြစ်နေသည်။ ပွင့်ပွင့်လင်းလင်း အားရပါး ရ ဗရုတ်သုတ်ခစကားများဖြင့် ကျနော်ပျော်နိုင်ဖို့လိုအပ်နေသည်။ ဒီတစ်ခေါက်ခွင့်ရပြီး အလည်ပြန်ရလို့ အခွင့်အရေးလေးများရလျှင် ငယ်သူ ငယ်ချင်းစစ်ဗိုလ်များနှင့် ကဲဖို့ ကြိုစားကြည့်အုံးမည်။

နိုင်ငံရေးအကြောင်း မဆွေးနွေးကြစတမ်း၊ ကချင်ပြည်နယ်ကြီးအကြောင်း မဆွေးနွေးကြစတမ်း။ ဆရာကြီးလုပ်လိုက လုပ်နိုင်သည်၊ အရပ် သားများ ညံ့သည်ဟုသတ်မှတ်လိုက ဘေးဝိုင်းများ မကြားရအောင် ပြောနိုင်သည်။ ကျနော် သတ်မှတ်မည့် စည်းကမ်းချက်မျာကို ချစ်စရာ ကောင်းသည့်ကျနော့်ငယ်သူငယ်ချင်းစစ်ဗိုလ်များက လိုက်နာနိုင်မည်ထင်သည်။ ဒါမှလဲ ဒီကောင်တွေနှင့်ကျနော်က ဘ၀အမော၊ လူအမော တွေချန်ထားရစ်ခဲ့ကာ တစ်ယောက်လည်ပင်း တစ်ယောက်ဖက်၊ တစ်ယောက်ပုဆိုး တစ်ယောက်ယူဝတ်၊ တစ်ယောက်ပေါင်ပေါ် တစ် ယောက်ခေါင်းအုံးကာ အစားထိုးမရနိုင်သည့် ငယ်သူငယ်ချင်းဆိုသည့်ကြည်လင်ချမ်းမြေ့ ယုံကြည်မှုတွေ ရှာတွေ့နိုင်မှာဘဲဖြစ်သည်။ ခဲ နောက်လိုက်ပြီး အရက်ဝိုင်းမှာထကိုက်နေကြသော ငယ်သူငယ်ချင်းသတ္တ၀ါများမဖြစ်ဖို့ ကြိုးစားရအုံးမည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Related posts

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ရသဆောင်းပါးစုံ

6 Responses to ခဲနောက်လိုက်သော လူများ၊ သတ္တ၀ါများ

  1. Ta Pyay Thu on March 25, 2012 at 10:05 pm

    A very good article that reminds people to be open-minded and tolerant and find out what is really wrong, to look deeper at the root causes than playing blaming games.

  2. ko thet on March 25, 2012 at 11:45 pm

    ဒီဆောင်းပါးလေးကိုကြိုက်ပါတယ်။ဝါးလုံးနဲ့ဝါးခြမ်းမျှတစွာတွေးနိုင်ကြပါစေ။

  3. knc on March 26, 2012 at 12:29 pm

    Good Idea…

  4. ပေါက်စန on March 26, 2012 at 12:38 pm

    ဒီဆောင်းပါးလေးရေးသားပုံ၊အကြောင်းအကျိုး၊အကောင်းအဆိုးမျှတစွာဆုံးဖြတ်နိုင်မှုလေးတွေရှိပါတယ်၊လူတိုင်းဒီလိုတွေးနိုင်၊ရေးနိုင်ကြပါစေ

  5. ohnmar on March 26, 2012 at 4:10 pm

    ကိုဖိုးထက်ပြောတာသဘာဝကျပါသည်။ မြန်မာစစ်တပ်မှစစ်သားများဖြစ်စေ.တိုင်းရင်းသားစစ်တပ်မှစစ်
    သားများဖြစ်ပါစေမှားယွင်းသောသွေးခွဲမှုများကိုနားလည်တတ်သောသူများဖြစ်စေချင်ပါသည်။
    လဝက မှ အရာ၇ှိတစ်ယောက်ကျွန်မသူငယ်ချင်းကိုမှတ်ပုံတင်လုပ်ပေးသည့်အခါကအဖြစ်အပျက်ကို
    သတိရမိပါသည်။ကျွန်မသူငယ်ချင်းကဗမာလူမျိုးစစ်စစ်ဖြစ်ပါသည်။ကိုးကွယ်သည့်ဘာသာခရစ်ယာန်လို့
    ကျွန်မသူငယ်ချင်းကရေးသားသည်ကိုဗမာဆိုရင်ဗုဒ္ဒဘာသာဘဲဖြစ်ရမယ်ဆိုပြီးပြောင်းရေးပစ်ပါသည်။ဘယ်
    လိုမှတားမြစ်၍မရပါ။နောက်ဆုံးသူ့ထက်ရာထူးကြီးသည့်သူ့အဖေမိတ်ဆွေ၊အရာရှိမိတ်ဆွေတစ်ယောက်ကို
    အကူအညီတောင်းရပါတော့တယ်။အဲ့တာမှဘဲပြေလည်တော့တယ်။ဒါတွေရဲ့တရားခံကဘယ်သူဘာလဲံ။

  6. m.naing on March 27, 2012 at 8:25 am

    All wars are dirty.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

Twitter: moemaka


%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ဒေါ်ခင်မျိုးချစ်၏ သတင်းစာလောက ထွက်ပါပြီ

By

ဒေါ်ခင်မျိုးချစ်၏ သတင်းစာလောက ထွက်ပါပြီ (မိုးမခ) သြဂုတ် ၂၄၊ ၂၀၁၈ စာရေးဆရာမကြီး ဒေါ်ခင်မျိုးချစ်...

Read more »

ဂီတအနုပညာရှင်ကြီး မာမာအေး စိန်ရတုမွေးနေ့ အမှတ်တရ မိုးမခစာအုပ်ထုတ်

By

ဂီတအနုပညာရှင်ကြီး မာမာအေး စိန်ရတုမွေးနေ့ အမှတ်တရ မိုးမခစာအုပ်ထုတ် (မိုးမခစာအုပ်စင်) သြဂုတ် ၁၇၊ ၂၀၁၈...

Read more »

မိုးမခ သြဂုတ်လ ၂၀၁၈၊ တွဲ ၅ မှတ် ၄ ထွက်ပြီ

By

မိုးမခ သြဂုတ်လ ၂၀၁၈၊ တွဲ ၅ မှတ် ၄ ထွက်ပြီ (မိုးမခ)...

Read more »

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ

By

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်