ဗုဒ္ဓဝါဒီနှင့် ဒီမိုကရေစီနိုင်ငံတော်

March 26, 2012

ဘိက္ခုဓမ္မပိယ (ယူအက်စ်အေ)
မတ်လ ၂၆၊ ၂၀၁၂

လွန်ခဲ့တဲ့နှစ်လခန့်က “ဒီမိုကရေစီနဲ့ ဗုဒ္ဓဝါဒီ’’ အမည်နဲ့ ဆောင်ပါးတစ်ပုဒ်ရေးဖြစ်ခဲ့တယ်။ ဒီမိုကရေစီကိုမျှော်လင့်နေကြတဲ့ မြန်မာပြည်သူ၊ ပြည်သားတွေကို ဒီမိုကရေစီဆိုတာ ဘာလဲ၊ ဒီမိုကရေစီအရေးဟာ ဘယ်သူ့အရေးလဲ၊ ဒီမိုကရေစီကျင့်ထုံးက ပြည်သူတို့ဘဝအတွက် ဘယ် လောက်ထိအရေးပါသလဲဆိုတာ ပြည်သူ၊ ပြည်သားတွေကိုသိစေချင်လို့ ဒီမိုကရေစီရှုဒေါင့်နဲ့ ဗုဒ္ဓဝါဒီရှုဒေါင့် အမြင်နှစ်မျိုးနဲ့ရေးလိုက်တာပါ။

အဲဒီဆောင်းပါးကို အီးမေးလ်မှတဆင့်ဖြန့်ဝေပြီးတဲ့နောက် တုန့်ပြန်စာတွေ၊ တုန့်ပြန်စကားတွေ အများအပြားလက်ခံရရှိခဲ့တယ်။ တချို့ကလဲ မြန်မာပြည်သူ၊ ပြည်သားအများစု “ဒီမိုကရေစီဆိုတာဘာလဲ’’ ဆိုတာသိခွင့်ရအောင် အဲဒီဆောင်းပါးကို မြန်မာပြည်အတွင်းမှာ ကျယ်ကျယ်ပြန့် ပြန့်ဖြန့်ဝေပေးဖို့ တောင်းဆိုအကြံပြုစာတွေ အီးမေးလ်နဲ့ ပေးပို့လာကြတယ်။ တချို့ကလဲ အဲဒီဆောင်းပါးကိုဖတ်ရတော့ ဗုဒ္ဓစာပေထဲမှာ ဒီမိုကရေစီကျင့်ထုံးတွေ အများကြီးပါဝင်နေတာတွေ့ရလို့ ဝမ်းသာမိကြောင်း၊ ဖြစ်နိုင်ရင် ဗုဒ္ဓစာပေမှာပါတဲ့ ဒီမိုကရေစီကျင့်ထုံးတွေကို ပိုမို၍ ကျယ်ကျယ်ပြန့်ပြန့်ရေးသားပေးစေလိုကြောင်း တောင်းဆိုလာကြပြန်တယ်။ တုန့်ပြန်စာများနဲ့ တုန့်ပြန်စကားများကို အလေးထားလျှက် ဒီဆောင်းပါးကို ထပ်မံရေးသားခြင်းပါ။ ဒီဆောင်းပါးမျိုးဆိုတာ နိုင်ငံရေးဘာသာရပ်ကိုကျွမ်းကျင်သူများရေးသင့်တဲ့ ဆောင်းပါးမျိုးဖြစ်လို့ ပြောလိုရင်းအဓိပ္ပါယ်များ မသဲမကွဲဖြစ်နေခဲ့ရင် ဒီမိုကရေစီရဲ့အနှစ်သာရများနဲ့ ကျင့်ထုံးများကို မြန်မာပြည်သူ၊ ပြည်သားများ ပိုမိုသိရှိခွင့်ရအာင် ဖြည့်စွက်ဆောင်းပါးများကိုရေးပေးကြပါလို့ တိုက်တွန်းရခြင်းပါ။

ဒီဆောင်းပါးကို ၂ဝ၁၂-ခု၊ မတ်လ (၂၁) နေ့ညက ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ထဲမှာရှိတဲ့ Royal Princess ဟိုတယ်၊ အခန်း (၆ဝ၇) မှာ တည်း ခိုရတဲ့ညက ရေးခဲ့တာပါ။ ဘန်ကောက်မြို့ကိုရောက်လာရခြင်းရဲ့ အဓိကအကြောင်းရင်းကတော့ ဘန်ကောက်မြို့မှာရှိတဲ့The United Nations Conference Center မှာ (၃) ရက်တိုင်တိုင် “Citizenship and the Future of Thai Democracy” ခေါင်းစဉ်နဲ့ KPI (King Prajadhipok’s Institute) က ကြီးမှူးကျင်းပပြုလုပ်တဲ့ကွန်ဂရက်ကို တက်ရောက်ရန် ရောက်နေခြင်းပါ။ ဘန်ကောက်မြို့ကို ရောက်တဲ့ညမှာပဲ (၉) နာရီခွဲလောက်အချိန်မှာ ဟိုတယ်လ်ပြင်းတင်းပေါက်ကနေ အပြင်ဘက်ကို အမှတ်မထင်လှမ်းမျှော်ကြည့်ဖြစ်တယ်။ ဘန်ကောက်မြို့ရဲ့ ညရှုခင်းက စာရေးသူရဲ့စိတ်အာရုံကို ဖမ်းစားနိုင်ခဲ့တယ်။ ခဏလောက်အာရုံမှာလွင့်မျှောသွားတဲ့ အတွေးများရဲ့နောက်မှာ စိတ်ကူးတစ်ခု ရုတ်ချည်းဝင်ရောက်ဖြစ်ပေါ်လာလို့ ဒီဆောင်းပါးကိုရေးဖြစ်တာပါ။ ဘန်ကောက်မြို့ရဲ့ညအလှဟာ မြင်ရသူတိုင်းရဲ့စိတ်အာရုံကို ညှိုယူဖမ်းစား နိုင်တဲ့ ဆွဲဆောင်မှုရှိတဲ့ရှုခင်းမျိုးပါ။ ညရှုခင်းရဲ့အလှဟာ ပုံခိုင်းပြောရရင် နတ်ဘုံ၊ နတ်နန်းကြီးတွေလို အံမခန်းရှိလှတယ်။ မြို့ကြီးတမြို့လုံး လည်း မီးရောင်တွေထိန်ထိန်လင်းလို့။ ထိန်ထိန်လင်းနေတဲ့ မီးရောင်တွေ ထဲမှာ အဖြူတွေရော၊ အဝါတွေရော၊ အပြာတွေရော၊ အစိမ်းတွေရော စုံလို့ပါ။ ဒါပေမဲ့ အဖြူရောင်က အာလုံးကို လွှမ်းခြုံထားသလိုပဲ။

လှပတဲ့ရောင်စုံမီးတွေရယ်၊ မနီးမဝေးမှာလှမ်းမြင်နေရတဲ့ Prince Palace နဲ့ Prince Suit တို့လို မြင့်မားလှတဲ့ ဟော်တယ်လ်အဆာက် အဦးကြီးတွေကလဲ တဂုဏ်တခဲ။ ရွှေတောင်ကြီးတစ်ခုလို ကောင်းကင်ကို ဖောက်ထွင်းတော့မည့်အလား တောင်ကုန်းအမြင့်တခုပေါ်မှာ ထီးထီးမားမားကြီးတည်ရှိနေတဲ့ Golden Mount အမည်တော်ရတဲ့ဘုရားကို အဝေးကနေလှမ်း၍ဖူးမျှော်ရတော့ “ရွှေပြောင်ပြောင် တောင် ပေါ်ကဘုရား မယ်နဲ့မောင် သစ္စာထား …’’ ဆိုတဲ့ မြန်မာသီချင်းလေးကို သတိရမိတယ်။ ဘန်ကောက်မြို့ရဲ့ ကျက်သရေဆောင် အဲဒီရွှေ တောင်ဦးဘုရားဟာ မြဘုရားလို့ပဲ လာရောက်ဖူးမျှော်သူများ များပြားလှတယ်လို့လဲ သိခဲ့ရတယ်။ ဒါတွေအားလုံးအတွက် ဗုဒ္ဓဘာသာဝင် တွေဖြစ်တဲ့ ထိုင်းနိုင်ငံပြည်သူ၊ ပြည်သားတွေဟာ ဂုဏ်ယူလို့မဆုံး၊ ဝမ်းသာလို့မဆုံးနိုင်အောင် ရှိနေမယ်ဆိုရင်လဲရှိလောက်စရာပါ။ ဘန် ကောက်မြို့ကို ခဏတာလေးရောက်လာတဲ့ စားရေးသူပင် ရင်သပ်ရှုမောစွာငေးမောရင်း သာယာလှပတဲ့ဘန်ကောက်မြို့တော်ကြီးရဲ့ ညရှု ခင်းအလှများကို မြန်မာပြည်သူ၊ ပြည်သားတွေကို မြင်စေချင်စမ်းလိုက်တာ။

ဒီနေ့မျက်မှောက်ခေတ်ကမ္ဘာမှာ ဒီမိုကရေစီနိုင်ငံတော်များဟာ တည်ငြိမ်အေးချမ်းလှတာကြောင့် ဒီမိုကရေစီစံနစ်ကို မကျင့်သုံးနိုင်ကြသေးတဲ့နိုင်ငံများမှာနေတဲ့ ပြည်သူ၊ ပြည်သားတွေဟာ ဒီမိုကရေစီကို သိပ်လိုလားနေကြတာ။ ဒီမိုကရေစီကိုတောင်းဆိုနေကြတဲ့နိုင်ငံတွေမှာ မြန် မာနိုင်ငံလဲပါဝင်နေတယ်ဆိုတာ အများသိပြီးသားပါ။ နိဗ္ဗာန်ထက်အေးချမ်းတဲ့နေရာ ဘယ်မှာရှိမှာလဲလို့ တစုံတယောက်က ပြောကောင်း ပြောလာပေလိမ့်မယ်။ ပုထုဇဉ်နဲ့နိဗ္ဗာန် အလှမ်းကဝေးကွာလွန်းနေတာကြောင့် ပုထုဇဉ်တွေအတွက် နိဗ္ဗာန်စကားကို ခဏထားပြီး၊ ငြိမ်းချမ်း ရေးရဲ့ အခြေခံအုဋ္ဌ်မြစ်လည်းဖြစ်၊ ဖေါင်းဒေးရှင်းလည်းဖြစ်တဲ့ ဒီမိုကရေစီစကားကို အစဦးထားပြီး ပြောနေခြင်းပါ။ ဗုဒ္ဓရဲ့တရားတော်တွေထဲမှာ ငြိမ်းချမ်းစွာနေနိုင်ရေးကို အလေးထားပြီး ဟောကြားတော်မူခဲ့တဲ့ တရားတော်တွေက အများကြီးပါ။ ဥပမာ – အခြေခံကိုယ်ကျင့်သိက္ခာဖြစ်တဲ့ ငါးပါးသီလ၊ ရှစ်ပါးသီလစတဲ့ လူမှုကျင့်ဝတ်များ၊ ဗြဟ္မစိုရ်ကျင့်စဉ်များ၊ မင်းတို့ (အုပ်ချုပ်သူတို့) ကျင့်ထိုက်တဲ့ မင်းကျင့်တရား (၁ဝ) ပါး၊ စသည်တို့ဟာ ငြိမ်းချမ်းရေးရဲ့ အခြေခံအုဋ္ဌ်မြစ်အနေနဲ့ ဘုရားဟောခဲ့တာပါ။ ထိုမှတစ်ဆင့် သန္တိလက္ခဏာ (မပျက်စီးနိုင်တဲ့ လောကုတ္တရာ ငြိမ်းချမ်းရေး)အသွင်ကိုဆောင်တဲ့ နိဗ္ဗာန်ကိုအရောက်လှမ်းဖို့ မြတ်ဗုဒ္ဓကတိုက်တွန်းတော်မူတာပါ။ ဒါပေမဲ့ ရဟန်းရှင်လူအများစုဟာ ဗုဒ္ဓရဲ့ ငြိမ်းချမ်းရေးလမ်းစဉ်ကို မြတ်နိုးစွာနဲ့ လိုက်နာကျင့်သုံးမှုအပိုင်းမှာ အားပျော့နေသေးတော့ ငြိမ်းချမ်းစွာနေနိုင်ရေးဆိုတာ ဘာပါလိမ့်ဆိုတဲ့ အတွေးစိတ်တွေဝင်နေကြတာ။ တွေးစိတ်ရဲ့နောက်ကွယ်မှာ သံသယစိတ်တွေကများနေလေတော့ ဒီမိုကရေစီအသွင်ကူးပြောင်းရေးမှာ စိတ်သာရှိပြီး ကိုယ်တိုင်ပူးပေါင်းပါဝင်မှုအပိုင်းမှာ အားပျော့နေကြတာပါ။ ဘာပဲဖြစ်ဖြစ် အကျင့်မပါပဲ မျှော်လင့်ရုံသက်သက်နဲ့တော့ ဘာမှဖြစ် လာနိုင်မှာမဟုတ်ပါ။ ဒီမိုကရေစီစည်းမျဉ်း၊ စည်းကမ်းများကို ကိုယ်တိုင်မလိုက်နာနိုင်ပဲနဲ့ ဒီမိုကရေစီိကိုတောင်းနေလဲ နားငြီးရုံကလွဲလို့ ဘာမှဖြစ်လာနိုင်မှာမဟုတ်ပါ။ အမြင့်ကိုတက်လှမ်းနိုင်ဖို့ အခြေခံမတည်ဆောက်ပဲနဲ့ ဇွတ်တက်ရင် မောရုံပဲရှိတော့မှာပေါ့။ စဉ်းစားနိုင်ကြဖို့ပါ။

ဒီနေ့မျက်မှောက်ကာလ မြန်မာပြည်သူ၊ ပြည်သားတွေအကြားမှာ အပြောများလှတဲ့ “စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီနိုင်ငံတော်’’ ဆိုတာ ဘာကိုပြောပါလိမ့်။ မေးကြည့်ရင် မဖြေနိုင်သူက များမှာပါ။ တကယ်တော့ စည်းကမ်းပြည့်ဝတဲ့ဒီမိုကရေစီနိုင်ငံတော်ကြီးဆီသို့ ရောက်နိုင် ဖို့ဆိုတာ မြန်မာပြည်သူ၊ ပြည်သားတွေအတွက် အဝေးကြီးမှာရှိနေသေးတာပါ။ ဒါကိုလဲ သိထားမှဖြစ်မှာပါ။ ဘာကြောင့်လဲဆိုရင် ကိုယ်တိုင် က ဒီမိုကရေစီကို တကယ်ရလိုတဲ့စိတ်ထား (Democracy Attitude) နဲ့ ဒီမိုကရေစီရဲ့ဘက်တော်သားမဖြစ်ကြနိုင်သေးရင်၊ ဒီမိုကရေစီ အစိုးရဆိုတာ ပြည်သူကရွေးချယ်တင်မြောက်ထားတဲ့အစိုးရဖြစ်တယ်ဆိုတာ ကိုယ်တိုင်ကသိမထားသေးဘူးဆိုရင်၊ ဒီမိုကရေစီအစိုးရမျိုးဆို တာ အပြစ်မဲတဲ့ပြည်သူတွေကို အကြောင်းမဲ့နှိပ်စက်တဲ့အစိုးရမျိုးမဟုတ်ဘူးဆိုတာ ကိုယ်တိုင်ကနားလည်မထားသေးဘူးဆိုရင်၊ ပြည်သူ တွေရဲ့ရပိုင်ခွင့်ကို ပြည်သူအများစုက သိမထားကြသေးဘူးဆိုရင်၊ ပြည်သူတွေရဲ့ပညာရေးအဆင့်အတန်းတွေ (နိုင်ငံသားတိုင်းရဲ့ပညာအဆင့် အတန်းဟာ အနည်းဆုံး အထက်တန်းပညာထိ အခမဲ့သင်ယူခွင့်၊ မသင်မနေရ ပညာရေးအဆင့်မျိုးထိ ပြုလုပ်မပေးနိုင်သေးသမျှ) နိမ့်ကျနေ ဦးမယ်ဆိုရင်၊ မြန်မာပြည်သူတို့မျှော်လင့်နေတဲ့ စည်းကမ်းပြည့်ဝသောဒီမိုကရေစီနိုင်ငံမျိုးဆိုတာ ဟိုအဝေးကြီးမှာပဲ ရှိနေဦးမှာပါ။ ဉာဏ်နဲ့ ယှဉ်ပြီး စဉ်းစားနိုင်ဖို့ပါ။

မြန်မာပြည်သူ၊ ပြည်သားတွေဟာ များသောအားဖြင့် ဒီမိုကရေစီကို လွယ်လွယ်နဲ့ရချင်နေကြတာ။ ဒီမိုကရေစီစနစ်ဆိုတာ ပြည်သူတွေရဲ့ရပိုင် ခွင့်တွေကို အခမဲ့ပေးတဲ့စနစ်မဟုတ်ပါ။ ဒီမိုကရေစီစနစ်ကို ပြည်သူတွေကိုယ်တိုင်တည်ဆောက်ပြီး ပြည်သူတွေရဲ့ရပိုင်ခွင့်တွေကို ပြည်သူ တွေကိုယ်တိုင် ယူရတဲ့စံနစ်မျိုးပါ။ အဖြောင့်ပြောတော့ ပြည်သူတွေ စည်းကမ်းရှိကြဖို့ပါ။ ဒီမိုကရေစီစံနစ်နဲ့အညီ ရေးဆွဲထားတဲ့ စည်းမျဉ်း၊ စည်းကမ်းတွေကို လိုက်နာကြဖို့ပါ။ ဥပမာ – ကားလမ်းကို ဖြစ်ကူးရာ၌ သတ်မှတ်ထားတဲ့နေရာမှ ဖြတ်ကူးဖို့။ အမှိုက်သရိုက်များကို သတ်မှတ် ထားတဲ့စွန့်ပစ်နေရာများသို့ ကိုယ်တိုင်သွားရောက်၍ စွန့်ပစ်ဖို့၊ (ပြည်သူများ ထိုသို့စွန့်ပစ်နိုင်ရန် မြူနီစပယ်မှ အမှိုက်ပုံးများထားပေးဖို့၊ အမှိုက်ပစ်ကန်များကို ပြုလုပ်ထားပေးဖို့ပါ)၊ လူသူလေးပါး သွားလာနေတဲ့ လမ်းမများပေါ်၌ ကလေးများအား ဆော့ခြင်း၊ ကစားခြင်းမျိုးကို ဥပဒေနဲ့တားမြစ်ပေးဖို့၊ (ကလေးကစားကွင်းများကို သက်ဆိုင်ရာမှ တည်ဆောက်ပေးဖို့ပါ) လမ်းမများပေါ်၌ အရက်သောက်ခြင်း၊ အရက် မူးလျှက် ဆဲရေးတိုင်းထွာနေခြင်းမျိုးကိုမပြုလုပ်ဖို့ (သို့မဟုတ်) မပြုလုပ်ရန် ဥပဒေဖြင့်တားမြစ်ပေးဖို့၊ ပြည်သူများ စိတ်အနှောက်အယှက်ဖြစ် စေနိုင်တဲ့ အသံချဲ့စက်များကို ကျယ်လောင်စွာဖွင့်ခြင်း၊ လောက်ဒ်စပီကာများတပ်ဆင်၍ လူမှုရေးအခမ်းအနားများ၊ ဘာသာရေးအခမ်းအနား များ (အများနားမချမ်းသာအောင်) မပြုလုပ်ကြဖို့၊ ကွမ်းတံတွေးများကို လမ်းမများပေါ်၌ လည်းကောင်း၊ ကားလမ်းမများပေါ်မှာလည်းကောင်း၊ လှေခါးတက်-စသည်နေရာမျိုး၌လည်းကောင်း ဗရမ်းဗတာမထွေးဖို့ (တွေ့ရှိပါက ဒဏ်ငွေပေးဆောင်ရသောစံနစ်ကိုကျင့်သုံးပေးဖို့ပါ)၊ ဆေး လိပ်တို၊ ကွမ်းထုပ်သည့်ပလပ်စတစ်များ၊ ဇီးထုပ်၊ အချဉ်ထုပ်၊ နေကြာစေ့၊ ကွာစိစေ့-စသည်ကိုထုပ်သည့် ပလပ်စတစ်များကို စည်းမဲ့ကမ်းမဲ့ မပစ်ဖို့၊ ထိုသို့ပြုလုပ်သူများကို ဥပဒေအရ အရေးယူပေးဖို့၊ လာဘ်ပေး၊ လာဘ်ယူပြုသော တိုင်းပြည်ဝန်ထမ်းများ၊ အကျင့်ပျက်၊ ချစားနေတဲ့ပြည့်သူ့ဝန်ထမ်းများကိုလဲ မညှာမတာအရေးယူပေးဖို့နဲ့ လိုအပ်လာလျှင် ထိုသို့သောဝန်ထမ်းများကို ဒဏ်ငွေများပေးဆောင်စေဖို့ စသည့် အရေးများကို အစိုးရနဲ့ပြည်သူ အတူပူပေါင်း၍ နိုင်ငံအတွက်၊ လူမျိုးအတွက် မပြုလုပ်နိုင်သေးဘူးဆိုရင် “ရွှေပြည်တော် မျှော်လေတိုင်း ဝေး’’ဆိုတဲ့ ကိန်းဆိုက်နေမှာပါ။ ဒီမိုကရေစီနည်းအရ ကိုယ်တိုင်ဆောင်ရွက်ရမဲ့ ကိစ္စတွေကို ကိုယ်တိုင်က မဆောင်ရွက်နိုင်ကြသေးဘူးဆိုရင်၊ ကိုယ်တိုင်ယူရမဲ့တာဝန်တွေကို ကိုယ်တိုင်က တာဝန်မယူနိုင်ကြသေးဘူးဆိုရင် ရွှေရေစိမ်လွတ်လပ်ရေးကြီးလိုပဲ ရွှေရည်စိမ်ဒီမိုကရေစီနိုင်ငံကြီးသာ ဖြစ်နေဦးမှာပါ။ ဉာဏ်ကြီးသူများ ဝေဖန်စဉ်းစားနိုင်ကြဖို့ပါ။

ထိုကဲ့သို့ ပြည်သူနဲ့ဝန်ထမ်းများအကြား မျှတစွာလုပ်မပေးနိုင်သေးဘူးဆိုရင် “ဒီမိုကရေစီနိုင်ငံတော်ကြီး’’ ပါလို့ စကားနဲ့ ဘယ်လောက်ပြော ပြော၊ ကြီးမားတဲ့ဆိုင်ဘုတ်ကြီးတွေကို ဘယ်လောက်ထောင်ထားထောင်ထား စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီနိုင်ငံဆိုတာ ဖြစ်လာနိုင်မည် မဟုတ်ပါ။ ဒီမိုကရေစီကို တကယ်လိုချင်သောပြည်သူ၊ ပြည်သားများအဖို့ ဒီမိုကရေစီစံနစ်ဆိုတာ ယူဖို့ထက် ပေးဆပ်နိုင်ဖို့ပါ။

ဒီနေရာမှာ စိတ်ဝင်စားဖို့ကောင်းတဲ့ သာဓကတစ်ခုကို တင်ပြပါရစေ။ မြန်မာနိုင်ငံနဲ့ရေမြေသဘာဝကအစ ယုံကြည်မှုဘာသာတရားထိ တူညီလှတဲ့ထိုင်းနိုင်ငံရဲ့ ဒီမိုကရေစီစနစ်ကို ပြောပြချင်တာပါ။ ထိုင်းနိုင်ငံမှာ နှစ်ပေါင်းရှစ်ဆယ်နီးပါး ဒီမိုရေစီစနစ်ကို ကျင့်သုံးနေတာပါ။ ဒီမို ကရေစီစနစ်အောက်မှာ ပြည်သူတွေကို လွပ်လပ်စွာနေထိုင်နိုင်ဖို့၊ အပြစ်မဲ့ပြည်သူ၊ ပြည်သားများအား အကြောင်းမဲ့ အချုပ်အနှောင်အဖွဲ့များမှ ကင်းဝေးစွာနေနိုင်ဖို့နဲ့ တိုင်းသူပြည်သူ၊ ပြည်သားများ ရပိုင်ခွင့်ရှိတဲ့ရပိုင်ခွင့်တွေကိုပေးပြီး ထိုက်ထိုက်တန်တန် ဂုဏ်ပြုဖို့ဆိုတဲ့ ရည်မှန်းချက်ပန်းတိုင်များကိုထားပြီး ဒီမိုကရေစီစံနစ်ကို နှစ်ပေါင်းများစွာကျင့်သုံးနေခဲ့ကြတာပါ။ ဒါပေမဲ့ ယနေ့အချိန်အထိ ထိုင်းပြည်သူ၊ ပြည်သားများ စစ်မှန်သောဒီမိုကရေစီနိုင်ငံတော်ကြီးဆီသို့ အရောက်မချီတက်နိုင်သေးကြောင်းကို သိရှိနေရခြင်းပါ။ အကြောင်းက ပြည်သူ၊ ပြည်သားတွေ ဟာ ဒီမိုကရေစီစနစ်ကို အသိစိတ်ဓာတ်ဖြင့် အပြည့်အဝမလိုက်နာနိုင်သေးခြင်း၊ ဒီမိုကရေစီစံနစ်ရဲ့ ဖေါင်းဒေးရှင်းဖြစ်တဲ့ အထက်တန်းပညာရပ် များကို ပြည်သူအများစု မရရှိသေးခြင်း၊ Civic Education (ဒီမိုကရေစီစံနစ်နဲ့ ပြည်သူများလိုက်နာကျင့်သုံးရမဲ့ စည်းမျဉ်း၊ စည်း ကမ်းများ ရဲ့သဘောတရားများကို သိနားလည်အောင်၊ ဒီမိုကရေစီအစိုးရအကြောင်းကို ပြည်သူများကို သိရှိနားလည်အောင် သင်ကြားပေးရတဲ့ ပညာ ရေးမျိုး) လို့ခေါ်တဲ့ ပညာရေးမျိုးကို ကောင်းစွာနားမလည်ခြင်း-စသောအကြောင်းများဟာ ထိုင်းနိုင်ငံကို စစ်မှန်သောဒီမိုကရေစီနိုင်ငံမဖြစ်နိုင်ခြင်းရဲ့ အခြေခံအကြောင်းရင်းတွေ ဖြစ်နေလို့ပါ။

ထို့ကြာင့် ထိုင်းနိုင်ငံမှာ နိုင်ငံတော်က ပြည်သူ၊ ပြည်သားများကို ဒီမိုကရေစီစိတ်ဓာတ်များ ပြည့်ပြည့်ဝဝ ရှင်သန်မွေးဖွားလာ နိုင်စေဖို့ ပညာ ပေးဆောင်ရွက်မှုများကို ဆက်လက်ပြုလုပ်နေရဆဲပါ။ စည်းကမ်းပြည်ဝတဲ့ ဒီမိုကရေစီနိုင်ငံတော်ကြီးဆီသို့ အရောက်လှမ်းနိုင်ဖို့ ဆွေးနွေးပွဲ များ၊ ဆီမီနာများ၊ ကွန်ဖရင့်စ်များကို အားသွန်းခွန်စိုက် ပြုလုပ်ပေးနေရဆဲပါ။ ဆွေးနွေးပွဲတစ်ခု၌ တင်ပြထားသည်မှာ “အကယ်၍သာ ပြည် သူ၊ ပြည်သားတွေဟာ ပြည်သူ၊ ပြည်သားများရဲ့ ရပိုင်ခွင့်တွေ၊ ပြည်သူ၊ ပြည်သားများဆောင်ရွက်ရမဲ့တာဝန်တွေ၊ တာဝန်သိစိတ်တွေ၊ တာဝန်ယူမှုတွေသာမက ဒီမိုကရေစီစံနစ်နဲ့ လိုက်လျောညီထွေတဲ့ စည်းမျဉ်းစည်းကမ်းတွေကိုပါ တရားဥပဒေနဲ့အညီ ပူးပေါင်းဆောင်ရွက်မှု တွေကို အားလုံးဝိုင်းဝန်းပြုကြရမယ်ဆိုတာကို သိထားကြမယ်ဆိုရင် ပြည်သူ၊ ပြည်သားတွေနဲ့ ထိုင်းနိုင်ငံတော်ဟာ စစ်မှန်တဲ့ဒီမိုကရေစီရဲ့အကျိုးကျေးဇူးတွေကို မလွဲမသွေရကြမှာပါ’’တဲ့။ ၁

စည်းကမ်းပြည်ဝတဲ့ ဒီမိုကရေစီနိုင်ငံတော်ကြီးဆီသို့ မရောက်နိုင်သေးတဲ့နိုင်ငံတွေမှာနေကြရတဲ့ ပြည်သူ၊ ပြည်သားတွေကို ပညာပေး၍ ပြောကြားသင့်သည်မှာ “ပြည်သူတွေမှာ (ဒီမိုကရေစီနှင့်စပ်လျဉ်းတဲ့) အသိဉာဏ်တွေ ချို့တဲ့နေသေးရင်၊ (ဒီမိုကရေစီနှင့် စပ်လျဉ်းတဲ့) နား လည်မှုတွေ မရနိုင်ကြသေးဘူးဆိုရင်၊ (ဒီမိုကရေစီစနစ်၌) ပြည်သူ၊ ပြည်သားတွေ ပူးပေါင်းပါဝင်ဆောင်ရွက်ရမဲ့ တာဝန်နဲ့ဝတ္တရားများကို အမှန်အကန်မသိမြင်နိုင်ကြသေးဘူးဆိုရင် ဒီမိုကရေစီစနစ်၌ ပြည်သူတို့ရရှိနိုင်တဲ့ လူ့အခွင့်အရေးများကို ဂဃနဏ သဲသဲကွဲကွဲ သိမထားကြ သေးဘူးဆိုရင် စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီနိုင်ငံမျိုးဆိုတာ ဘယ်သောခါမှ ဖြစ်လာနိုင်မည်ဟုတ်ဘူးလို့ပဲဆိုရမှာပါ’’ တဲ့။၂

မှန်ပါတယ်။ စည်းကမ်းပြည်ဝတဲ့ ဒီမိုကရေစီနိုင်ငံတော်ကြီးတစ်ခုကို တည်ထောင်နိုင်ဖို့ဆိုတာ အုပ်ချုပ်သူ လူတန်းစားတွေမှာရော၊ ပြည်သူ၊ ပြည်သားတွေမှာပါ ဒီမိုကရေစီနဲ့စပ်တဲ့ အသိတရားတွေ၊ စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီနိုင်ငံတော်ကြီးဆီသို့ မရောက်၊ ရောက်အောင် ချီ တက်လိုတဲ့ဆန္ဒတွေက တကယ်ကိုပြင်းပျမှ ရနိုင်မယ်ဆိုတာ ပြည်သူ၊ ပြည်သားတွေ သိထားနိုင်ဖို့ပါ။

ဒီမိုကရေစီကို ဘုရားဟောတရားမဟုတ်လို့ စိတ်မဝင်စားပါဘူးလို့ ဒီလိုတော့မပြောသင့်ဘူး။ ဘုရားရှင်လက်ထက်တော်ကာလက လိဇ္ဇဝီမင်း တွေ ကျင့်သုံးခဲ့တဲ့ နိုင်ငံရေးစနစ်မှာ ဒီမိုကရေစီကျင့်ထုံးတွေပါဝင်နေလို့ပါ။ ဒီမိုကရေစီနိုင်ငံတော်ရယ်လို့ အမည်နာမကို တိတိကျကျ တပ် ပြမထားသော်လည်း ဒီမိုကရေစီစနှုန်းနဲ့ ကျင့်သုံးနေထိုင်ခဲ့ကြတာပါ။ ပြည်သူက ရွေးကောက်တင်မြောက်တဲ့စနစ်နဲ့ အုပ်ချုပ်သူအစိုးရကို ရွေးချယ်တင်မြှောက်ခဲ့ကြတာပါ။ ပြည်သူကတင်မြောက်ထားတဲ့မင်း (အစိုးရ) က တိုင်းပြည်ကို အလှည့်ကြအုပ်ချုပ်ရတဲ့ အုပ်ချုပ်ရေးစနစ်ကို ကျင့်သုံးသွားခဲ့ကြတာပါ။ အလှည့်ကြ ရွေးချယ်တင်မြောက်ထားတဲ့စနစ်မျိုးဖြစ်လို့ တိုင်းပြည်တွင်းမှာ အာဏာလုပွဲတွေ၊ အာဏာအတွက် အုပ်စုဖွဲ့ခြင်းမျိုးတွေ ကင်းရှင်းပြီး၊ အေးချမ်းချမ်းနဲ့ နေထိုင်သွားခဲ့ကြတာပါ။ ပိုပြီးအံ့အားသင့်စရာကောင်းတာက ရွေးကောက်ခံ လိဇ္ဇဝီမင်း များဟာ သက်တန်းကုန်ဆုံးလို့ အာဏာကိုစွန့်လွတ်ကြရတဲ့အခါမှာ ပြည်သူ၊ ပြည်သားများနဲ့အတူ၊ ပြည်သူ့ဘဝထဲမှာပဲနေလို့ ပြည်သူများ လုပ်ကိုင်တဲ့ လယ်ယာကိုင်ကျွန်းများကို လုပ်ကိုင်ခြင်း၊ အရောင်းအဝယ်များကို ပြလုပ်ခြင်း၊ တိုင်းပြည်ရဲ့ ကျရာတာဝန်များကို ထမ်းဆောင်ခြင်း စတဲ့ တာဝန်တွေကိုဆောင်ရွက်ရင်း ပြည်သူများနဲ့တသားတည်း ရှိနေခဲ့ကြတာပါ။ ခေါင်းဆောင်ဖြစ်သူများ အတုယူစရာပါ။ ဒါကြောင့် ဘုရား ရှင်ကိုယ်တော်တိုင် လိဇ္ဇဝီမင်းတို့ရဲ့ကျင့်ထုံးများကို စံထားပြီးဟောကြားထားတဲ့ ရာဇအပရိဟာနိယဓမ္မ (မင်းတို့ရဲ့ မဆုတ် ယုတ်ကြောင်းတရား)ဟာ လိဇ္ဇဝီမင်းတို့ရဲ့ဂုဏ်သိက္ခာကို ဂုဏ်တင်ပြီး ဘုရားရှင်ကိုယ်တော်တိုင် အသိအမှတ်ပြုဟောကြားထားခဲ့တာပါ။ ၃

မြတ်စွာဘုရားရဲ့တရားတော်များဟာ ယခုခေတ် ဒီမိုကရေစီကျင့်ထုံးတွေနဲ့ အလွန်နီးစပ်နေတာကြောင့်၊ (အဖြောင့်ပြောရရင်) ယခုခေတ် ဒီမို ကရေစီကျင့်ထုံးတွေဟာ မြတ်စွာဘုရားရဲ့တရားတော်တွေနဲ့ အလွန်နီးစပ်စွာတူနေတာကြောင့် အံ့အားများလည်း သင့်မိပါရဲ့။ မြတ်စွာဘုရားရဲ့ တရားတော်များကို စနစ်တကျလေ့လာကြည့်တဲ့အခါ ဒီမိုကရေစီစနစ်ထဲမှာ ဘုရားရှင်ပြဌာန်းသတ်မှတ်တော်မူခဲ့တဲ့ ကျင့်ထုံးတွေနဲ့ အများ ကြီး ဆက်နွယ်နေတာကို တွေ့ကြရမှာပါ။ ဒီမိုကရေစီစနစ်ကို စနစ်တကျပုံဖေါ်ခဲ့တဲ့ ဂရိ ဖီလိုဆိုဖာများရဲ့သက်တမ်းထက် ရှေးရာစုနှစ်ပေါင်းများစွာစောပြီး ပွင့်တော်မူသွားတဲ့မြတ်စွာဘုရားရဲ့ ကျင့်ထုံးတွေကို ဂရိဖီလိုဆိုဖိုများက နည်းမှီပြီစနစ်တစ်ခုကို ဖေါ်ထုတ်နိုင်ဖို့ ဝေါဟာတမျိုးနဲ့ “ဒီမိုကရေစီ’’ ရယ်လို့ ခေါ်ဝေါ်သုံးစွဲ ထားခဲ့ကြရော့လေသလားလို့ တွေးမိလို့ပါ။ ဥပမာ – ဘုရားရှင်ကိုယ်တော်မြတ်ကြီးက သံဃာတော်များအား ဝိနည်းဆိုင်ရာကျင့်ထုံးများကို လိုက်နာကျင့်သုံးစေတဲ့အခါ ပြောသူ၊ နာခံသူ နှစ်ဦးနှစ်ဖက်အကြားမှာ မည်သူကိုမျှ မနစ်နာစေရအောင် တစုံတခုသောကိစ္စကိုဆောင်ရွက်ကြရာ၌ သံဃာအများကို သိမ်လို့ခေါ်တဲ့ သံဃာများ ကံကြီး ကံငယ်ဆောင်ရာ ဟောခန်းမထဲမှာ စည်းဝေး စေပြီး သံဃာများ၌ဖြစ်ပေါ်နေသောပြဿနာကို သံဃာအား ရှေးဦးစွာတင်ပြရပြီး ဖြေရှင်းရတဲ့နည်းကို ကျင့်သုံးစေခြင်းပါ။ အများရဲ့ဆန္ဒကို ဦးစွာရယူပြီး၊ အတည်ပြုဆောင်ရွက်ရတဲ့ ဝိနည်းဆိုင်ရာဥပဒေတော်ကျင့်ထုံးပါ။ စိတ်ဝင်စားစရာပါ။

ဒီနေရမှာလဲ ဝိနည်းပါဠိတော်လာ သာဓကတစ်ခုကို ထုတ်ပြပြီးရှင်းဖို့ပါ။ “သုဏာတု မေ ဘန္တေ သံဃော၊ အယံ ဣတ္ထန္နာမော ဘိက္ခု သမဂ္ဂ ဿ သံဃဿ ဘေဒါယ ပရက္ကမတိ…’’ အစချီထားတဲ့ ဝိနည်းကျင့်ထုံးမျိုးကို တွေ့ရမှာပါ။ ၎

ပါဠိတော်မြန်မာပြန်ကို အကျဉ်းချုံးပြီး အဓိပ္ပါယ်ပြန်ရမယ်ဆိုရင် “အသျှင်ဘုရားတို့ သံဃာသည် တပည့်တော်၏ (စကားကို) နားထောင်တော် မူကြပါ။ (နှစ်ကြိမ်တိုင်တိုင် …ပြောဆိုပါ၏၊ သုံးကြိမ်တိုင်…ပြောဆိုပါ၏) ဤမည်သောရဟန်းသည် ညီညွတ်နေသောသံဃာကို ကွဲပြားအောင် လုံးလပြုနေပါ၏။ သံဃာတော်သည် ထိုရဟန်းကို ထိုအမှုမျိုး ဆက်လက်မပြုလုပ်နိုင်စေရန် ဆိုဆုံးမရခြင်းဖြစ်ပါ၏။ ထိုရဟန်းအား ထိုသို့ ဆုံးမမှုပြုသည်ကို သံဃာတော်များမှသဘောတူကြပါလျှင် ဆိတ်ဆိတ်နေတော်ကြပါ။ ထိုရဟန်းအား ထိုသို့သံဃာတော်များမှ ဆိုဆုံးမသည် ကိုသဘောမတူကြလျှင် သဘောမတူသောသံဃာသည် ကန့်ကွက်ပြောဆိုကြပါ’’ ဆိုတဲ့ ဝိနည်းကျင့်ထုံးများဟာ အများဆန္ဒမပါပဲ ပြုလုပ် လေ့မရှိကြောင်းကို စနစ်တစ်ခုအနေနဲ့ ဘုရားရှင်ဟောခဲ့တာပါ။ ဒီမိုကရေစီကိုတောင်းဆိုနေသူများ ဘုရားနည်းအတိုင်း လိုက်နာကျင့်သုံး နိုင်ကြဖို့ပါ။

ဒီမိုကရေစီစနစ်ဆိုတာ စိတ်ကူးယဉ်လို့ကောင်းသလောက် လိုက်နာကျင့်သုံးဖို့ကြတော့ အလွန်ခက်ခဲတဲ့စနစ်မျိုးလို့ ဆိုရမှာပါ။ သီအိုရီတွေ ကောင်းသလောက် လက်တွေ့ကျင့်သုံးဖို့ ခက်ခဲတဲ့စနစ်တစ်ခုပါ။ ဒီမိုကရေစီဟာ လူတိုင်းအတွက်ဖြစ်ပေမဲ့ လူတိုင်းလိုက်နာဖို့ ခက်ခဲတဲ့ စနစ်မျိုးပါ။

“နိဗ္ဗာန်ကိုလိုချင်ရင် မဂ္ဂင်ရှစ်ပါးကို ပွားများအားထုတ်ပါ’’ ဆိုတဲ့ သီအိုရီမျိုးဟာ အပြောလွယ်သလောက် အကျင့်ခက်တဲ့သီအိုရီမျိုးပါ။ နိဗ္ဗာန် ကို ရနိုင်ရေးအတွက် စိတ်ထားတွေကို ပြင်ရမယ်။ စိတ်ကိုညစ်ထေးစေတဲ့၊ စိတ်တွေကိုဖေါက်ပြန်စေနိုင်တဲ့ ကိလေသာတွေကို နှိမ်နှင်းရမယ်။ တန်ခိုး အာဏာပါဝါမျိုးကို လိုချင်မှု လောဘအဟန့်အတားမျိုးတွေ၊ မနာလို ဝန်တိုမှု ဣဿာ မစ္ဆရိယ အဟန့်အတားမျိုးတွေ၊ အရာရာမှာ ငါ့ဖို့ဆိုတဲ့ အတ္တအဟန့်အတားမျိုးတွေ၊ အရာရာမှာ ငါသိငါတတ်ဆိုတဲ့ မာနအဟန့်အတားမျိုးတွေကို ကျော်ဖြတ်ရမယ်။ နိဗ္ဗာန်ဆိုတဲ့ပန်းတိုင်ကိုရောက်ဖို့ ရှိတာလေးနဲ့ သင့်အောင်ဝတ်၊ ရတာလေးနဲ့ ဝအောင်စား၊ တွေ့တဲ့လူနဲ့ သင့်အောင်နေ၊ ပတ်ဝန်းကျင်ကို နားလည်ပေး (မှက်၊ ခြင်၊ ယင်၊ အပူ၊ အအေး စသည်မျိုး)၊ လမ်းညွှန်ပေးသူရဲ့စကားကို လိုက်နာ၊ ဒီအခြေအနေမျိုးတွေပြည့်စုံပါမှ နိဗ္ဗာန်ဆိုတာ ရနိုင်တာပါ။ စဉ်း စားနိုင်ဖို့ပါ။

“ဒီမိုကရေစီကို လိုချင်ရင် စည်းကမ်းရှိကြပါ’’ ဆိုတဲ့ သီအိုရီမျိုးဟာလည်း အပြောလွယ်သလောက် လိုက်နာဖို့ခက်တဲ့ သီအိုရီမျိုးပါ။ စစ်မှန်တဲ့ဒီမိုကရေစီမျိုးကိုရဖို့ ပြည်သူတွေရဲ့ စိတ်ဓာတ်တွေကို ပြင်ရမယ်။ ယုံစားမှုတွေ၊ ယုံမှားမှုတွေကို ပယ်ဖျောက်ပြီး၊ ယုံကြည်မှုတွေကို တည် ဆောက်ရမယ်။ လာဘ်ပေး၊ လာဘ်ယူမှုမျိုးကို ပြုနေသည့် အကျင့်ပျက် ချစားဝန်ထမ်းများကို မညှာမတာ တိုက်ဖျက်ရမယ်။ ထို့နောက် စားနပ်ရိက္ခာများကို စားလောက်အောင် ပံ့ပိုးပေးရမယ်။ လူတိုင်းအတွက် ဒီမိုကရေစီဖြစ်ရေးအတွက် လူတိုင်းကို ဒီမိုကရေစီပုံစံခွက်ထဲ ဝင် အောင် ဆောင်ရွက်ပေးရမယ်။ ဒီလိုမှမလုပ်နိုင်ဘူးဆိုရင် စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီနိုင်ငံကြီးဆိုတာ ဘယ်သောအခါမှ ပေါ်ထွန်းလာမှာ မဟုတ်ပါ။ ဒီမိုကရေးစီအရေးဟာ တိုင်းရေး၊ ပြည်ရေး၊ လူမျိုးရေးအတွက်ဆိုတာ ပြည်သူ၊ ပြည်သားတွေ သဘောပေါက်နိုင်ဖို့ပါ။

ဘယ်အရာမျိုးမဆို တကယ်လိုချင်ရင် တကယ်ရနိုင်တာပါ။ တန်ဖိုးကြီးတဲ့အရာမျိုးကို ရယူနိုင်ဖို့ဆိုတာ ဆန္ဒလည်းရှိမှ၊ စိတ်ဓာတ်ကလည်းပြင်း မှ၊ လုံးလဝီရိယကလည်း ထက်သန်မှ၊ အသိဉာဏ်ပညာကလည်း ပြည့်စုံပါမှ ရနိုင်တာပါ။ တကယ်တော့ စိတ်ကိုကြီးစိုးနိုင်တဲ့ စိတ်ထားတွေကို မွေးမြူကြလျှက် ရဟန်းရှင်လူ ပြည်သူ၊ ပြည်သားများအားလုံး စုပေါင်းပြီး ဒီမိုကရေစီနိုင်ငံတော်ကြီးကို တည်ဆောက်ကြမယ်ဆိုရင် စည်း ကမ်းပြည့်ဝတဲ့ ဒီမိုကရေစီနိုင်ငံမျိုးဆိုတာ မိမိတို့စိတ်ကူးအိမ်မက်ကို မိမိတို့ကိုယ်တိုင်ပုံဖေါ်ပေးနိုင်တဲ့ ဒီမိုကရေစီလူ့အဆောက်အဦးကြီးဟာ မလွဲမသွေဖြစ်ထွန်းလာမှာပါ။

ပြည်သူတွေမျှော်လင့်ထားတဲ့ ဒီမိုကရေစီဆိုတဲ့ကယ်တင်ရှင်ကြီး (ဒီမိုကရေစီရရင် လိုချင်တာတွေအားလုံးရနိုင်တယ်လို့ ပြည်သူတွေ မျှော် လင့်ထားတဲ့ကယ်တင်ရှင်ကြီး) ရောက်လာဖို့ မျှော်လင့်နေရုံနဲ့တော့ ဒီမိုကရေစီကယ်တင်ရှင်ကြီး မြန်မာနိုင်ငံကို ဘယ်တော့မှ ရောက်လာ နိုင်မည်မဟုတ်ပါ။ “မိုင်ပေါင်းများစွာသောခရီးကို ရောက်နိုင်ဖို့ ခြေတစ်လှမ်းနဲ့ စ-ရမှာ’’ ဆိုတဲ့ လောက်ဇူးရဲ့သီအိုရီအတိုင်း ဒီမိုကရေစီနိုင်ငံ တော်ကြီးဆီသို့ အရောက်လှမ်းနိုင်ဖို့ ပြည်သူများကိုယ်တိုင် ခြေလှမ်းများကို စတင်လှမ်းကြရမှာပါ။ ၅

သင့်တို့ရဲ့ခြေလှမ်းများဟာ တိုင်းပြည်နဲ့လူမျိုး၊ ဘာသာသာသနာအတွက် အကျိုးကျေးဇူးတွေဖြစ်ထွန်းလာနိုင်မှာမို့ သင်ကိုယ်တိုင်ပင် တိုင်း ပြည်နဲ့လူမျိုးအတွက် ပေးဆပ်နိုင်ဖို့ပါ။ “တိုင်းပြည်က ငါ့အတွက် ဘာလုပ်ပေးပြီးပြီလဲလို့မမေးပါနဲ့၊ ငါက တိုင်းပြည်အတွက် ဘာလုပ်ပြီးပြီဆိုတာ မေးပါ’’ ဆိုတဲ့ ဂျွန်ကနေဒီရဲ့စကားလေးကို အမြဲအမှတ်ရကြဖို့ပါ။ ကဲ စာလည်း အတော်ရှည်သွားပြီ။ ပြောချင်တဲ့စကားတွေလဲ အတော် ပြောပြီးပြီမို့ စာရေးသူရဲ့ အတွေးအာရုံများကို ရပ်နားခွင့်ပြုပါ။ ဘာပဲဖြစ်ဖြစ်လေ… ဒီမိုကရေစီဆိုတာ မြန်မာပြည်သူ၊ ပြည်သားတွေ မက်နေတဲ့ အိမ်မက်မဟုတ်ပါလား။

ချမ်းသာစွာ အိပ်စက်နိုင်ကြပါစေ
ဒေါက်တာဓမ္မပိယ (ITBMU)

၁။ If people are aware of their rights and duties and participate appropriately, the people and the country will truly benefit. (13th KPI Congress 2012, p.1)
၂။ It might be said that a good democratic society cannot occur if the people lack knowledge, understanding, and true
awareness of their roles, responsibilities, and the significance of citizens in a democracy. (13th KPI Congress 2012,)
၃။ ဒီဃနိကာယ်၊ မဟာဝဂ္ဂပါဠိ၊ စာမျက်နှာ ၆၂။
၎။ ဝိနည်းပိဋကတ်၊ ပါရာဇိကပါဠိ၊ စာမျက်နှာ ၂၆၆။
၎။ ဝိနည်းပါဠိ၊ ပါရာဇိကပါဠိတော်မြန်မာပြန်၊ နှာ ၁ဝ၁။
၅။ The journey of a thousand miles must begin with a single step. (Lao Tzu).

http://www.mettananda.com/ တွင်လည်း အတွေးအမြင်ပွားများစေမည့် သုတဖြစ်ဖွယ်ဆောင်းပါးများအား ၀င်ရောက်ကြည့်ရှုနိုင်ပါသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ရသဆောင်းပါးစုံ

One Response to ဗုဒ္ဓဝါဒီနှင့် ဒီမိုကရေစီနိုင်ငံတော်

  1. ko min min on March 27, 2012 at 3:55 pm

    အရမ်းကို ဖတ်လို့ကောင်းပါတယ် အရှင်ဘုရား
    တပည့်တော် နားလည်သဘောပေါက်ထားတဲ့
    စည်းကမ်းရှိမှ ဒီမိုကရေစီ ရနိုင်မယ်ဆိုတာ
    အမှန်ပါပဲ ဘုရား၊၊ ဘုရားတပည့်တော်သည်
    နိုင်ငံခြားတိုင်းပြည်မှ လာရောက်အလုပ်လုပ်
    နေဆဲပါ၊၊ သည်နိုင်ငံမှာ ရှိတဲ့ သူတော်တော်
    များများဟာ အရမ်းစည်းကမ်းရှိကြပါတယ်၊၊
    တပည့်တော်တို့ မြန်မာ လူမျိုးအတော်များများ
    ဟာ ဒီမိုကရေစီ ထွန်းကားနေတဲ့ တိုင်းတစ်ပါး
    မှာ ရောက်နေကြပေမဲ့ စည်းကမ်း မရှိကြပါဘူး။
    လူလစ်ရင် လစ်သလို ကွမ်းတံတွေးထွေးကြပါတယ်။
    ဆေးလိပ်တိုလည်း လူသွားလမ်းပေါ် ပစ်ကြပါတယ်
    ဘရား။ ဒါဟာ ကိုယ့်ရှေ့မှာ သူများတွေ စည်းကမ်း
    တကျနေထိုင်နေတာ တွေ့နေရဲ့သားနဲ့ မလိုက်နာကြ
    တာပါ။ဒီမိုကရေစီသာ လိုချင်နေကြတာ စည်းကမ်း
    ကတော့ အင်မတန်မှ မရှိတာပါ ဘုရား။သည်လို ဒီမိုကရေစီ
    ထွန်းကားတဲ့ နိုင်ငံတစ်နိုင်ငံ ရောက်နေတဲ့ သူတွေတောင်
    စည်းကမ်းမဲ့ နေရင် မြန်မာနိုင်ငံမှာရှိနေတဲ့ သူအတော်
    များများဆိုရင် ပြောဖွယ်ရာ မရှိပါဘုရား။အရှင်ဘုရားလို
    ဘယ်သူ့ဘယ်သူသောသူကိုမှ မဝေဖန်ပဲ ပြည်သူတွေ
    နားလည်လာအောင် ရေးပေးတဲ့ စာလေးဟာ အင်မတန်မှ
    လေးစားကြည်ညိုဖို့ ကောင်းပါသည်ဘုရား။ ဘုရားတပည့်
    တော် မြန်မာပြည် အလည်ပြန်တုန်းကလည်း စစ်မှန်တဲ့
    ဒီမိုကရေစီ လိုချင်ရင် စည်းကမ်းရှိမှ ရနိုင်မှာကို မသိသောသူ
    များကိုပြောပြဖူးခဲ့ပါသည် အရှင်ဘုရား။ဘုရားတစ်ပည့်တော်သည်
    နိုင်ငံရေး သမားလည်းမဟုတ်ပါ။ သို့ပေမဲ့ ပြည်ပမှာ အလုပ်လုပ်နေ
    တော့ ရိုးသား၊ကြိုးစား၊စည်ကမ်းရှိတာတွေကို သိခဲ့ပါသည် အရှင်ဘုရား။
    နောက်နောင်ကိုလည်း အရှင်ဘုရားမှ ဒီမိုကရေစီဆိုတာ မသိသေးသော
    ပြည်သူ၊ပြည်သား အပေါင်း နားလည် သဘောပေါက်လာအောင် ယခုလို
    ဆောင်းပါးလေးများ ရေးပေးစေချင်ပါတယ် အရှင်ဘုရား။

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခ လစဉ်ထုတ်မဂ္ဂဇင်း စက်တင်ဘာ ၂၀၁၇ ထွက်ပြီ

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

မိုးမခ ဇူလိုင် ထွက်ပါပြီ …

By

မိုးမခ ဇူလိုင် ထွက်ပါပြီ … (မိုးမခ) ဇူလိုင် ၁၈၊ ၂၀၁၇ မိုးမခ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်