ဘ၀ကို ပြောင်းလဲစေတဲ့ သတ္တိ

April 2, 2012
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

ဓမ္မဘေရီအရှင်ဝီရိယ (တောင်စွန်း)
ဧပြီ ၂၊ ၂၀၁၂
ဘ၀အတွက်အဖြူနဲ့အမည်း၊ အလင်းနဲ့အမှောင်၊ အတက်နဲ့အကျတို့ကို အဆုံးအဖြတ်ပေးနိုင်မည့် ရွေးချယ်မှုတစ်ခုမှ တွေဝေကြောက်ရွံ့ပြီး အမှန်အကန်ဆုံးဖြတ်ရဲတဲ့သတ္တိမရှိခဲ့ရင် တိုးတက်တဲ့အပြောင်းအလဲတခုအတွက် ကမ္ဘာကြီးတခုမက ခြားအောင် ဝေးကွာသွားစေနိုင်တယ်။ အမှန်တရားကို ကြောက်ရွံ့နောက်တွန့်ခြင်းမရှိသူများအတွက်ကတော့ မှန်ကန်တဲ့ဆုံးဖြတ်ချက်နဲ့ လှမ်းလိုက်တဲ့ခြေတလှမ်းဟာ မိမိရဲ့တစ်ကိုယ်ရေဘ၀တစ်ခုအတွက်သာမက မိမိမှီတင်းနေထိုင်တဲ့ လောကကြီးတခုလုံးအတွက်ပါ လင်းလက်တောက်ပသွားစေနိုင်တယ်ဆိုတာ မြတ်ဗုဒ္ဓခေတ်က ဖြစ်ပေါ်ခဲ့တဲ့ဖြစ်ရပ်များကို အသေအချာလေ့လာကြည့်ရင် အလွန်ထင်ရှားသိသာစေနိုင်ပါတယ်။

ဟုတ်ပါတယ်။ မြတ်စွာဘုရားပွင့်တော်မူလို့ ပထမဆုံးဝါကျွတ်ချိန်မှာ သာသနာပြုတပည့်ရဟန်းခြောက်ကျိတ်ချိန်မှာ သာသနာပြု တပည့် ရဟန်း ခြောက်ကျိတ်တို့ အရပ်ဒေသအသီးသီးကို လည့်လည်ပြီး သာသနာပြုကြပါတယ်။ ရာဇဂြိုလပြည်ကိုတော့ အရှင်အဿဇိမထေရ်မြတ် က ကြွရောက်သာသနာပြုတာပါ။ အဲဒီမှာ နောင်အခါ မြတ်စွာဘုရားသာသနာမှာ လကျာရံ၊ လက်ဝဲရံရယ်လို့ ထင်ရှားကြမည့် ဥပတိဿနဲ့ ကောလိတဆိုတဲ့ ပုရိဗိုဇ်နှစ်ဦးဟာ အရှင်အဿဇိမထေရ်မြတ်ထံမှ မြတ်ဗုဒ္ဓရဲ့ အသိမှန်ကိုရရှိပြီး မသေရာတရားထူးကို တွေ့သိခံစားကြရ တဲ့အခါ မြတ်ဗုဒ္ဓရှိရာကိုသွားရောက်ကြဖို့ စီစဉ်ကြပါတယ်။ သူတို့နဲ့အတူ အရင်က သူတို့ရဲ့ဆရာတော်ခဲ့တဲ့ သိဉ္စည်းဆရာကြီးနဲ့ သီတင်းသုံး ဖော် တပည့်များကိုပါ အပါခေါ်သွားဖို့ သိဉ္စည်းဆရာကြီးရဲ့ ကျောင်းကို ပြန်ခဲ့ကြတယ်။

သိဉ္စည်းဆရာကြီးထံရောက်တော့ အရှင်အဿဇိထံကသိရှိရတဲ့ တရားစစ် တရားမှန်နဲ့ ဒီတရားကို ဟောညွှန်းတော်မူတဲ့ မြတ်ဗုဒ္ဓရဲ့ ဂုဏ် ကျေးဇူးတို့ကိုပြောဆိုပြီး ဆရာကြီးပါ မြတ်ဗုဒ္ဓထံမှောက်သွားရောက်ကြဖို့ခေါ်တဲ့အခါ သိဉ္စည်းဆရာကြီးက “ဒီနေရာမှာ ဆရာကြီးတဆူ ဖြစ်နေပြီးမှ တခြားဆရာတဦးထံမှာ တပည့်မခံလိုတော့ဘူး။ သင်တို့နဲ့အတူ လိုက်လိုတဲ့တပည့်တွေ လိုက်ကြ။ ငါကတော့ ဘယ်လိုကပြီး ဘယ်လိုဇာတ်သိမ်းရ သိမ်းရ ဒီမှာပဲ ငါ့ဇာတ်နဲ့ ငါ ဆရာကြီးပဲ လုပ်နေတော့မယ်” ဆိုပြီး မြတ်ဗုဒ္ဓထံ သွားရောက်ဖို့ တွေဝေတွန့်ဆုတ်စွာ ဆုံး ဖြတ်လိုက်ပါတယ်။ နောက်ဆုံး ဇာတ်သိမ်းကြရတဲ့အခါမှာတော့ အမှန်အကန်သတ္တိရှိရှိ ဆုံးဖြတ်ခဲ့ကြတဲ့ တပည့်များက ဘ၀ရဲ့အေးချမ်းမှုကို ကိုယ်သိမျက်မှောက်ခံစားကြရပြီး သေခြင်းကင်းတဲ့အဖြစ်နဲ့ ဇာတ်သိမ်းကြရတယ်။ ဆုံးဖြတ်ချက် တွေဝေနောက်တွန့်ခဲ့တဲ့ သိဉ္စည်းဆရာကြီး ကတော့ အမှန်တရားကို ကြောက်ရွံ့နောက်တွန့်ကြသူတို့ရဲ့ ထုံးစံအတိုင်း သာသနာတော်ဆိုတဲ့ ခေတ်ကောင်းကြီးတခုနဲ့ လွဲချော်ပြီး ပူပန်ဆင်းရဲမှောင်မည်းလှတဲ့ ဒုဂ္ဂတိဘုံဘ၀မှာ ကျင်လည်နေရဆဲပါ။ သူ့ရဲ့တွေဝေတဲ့ဆုံးဖြတ်ချက်အမှားတခုကြောင့် နောက်ထပ် သာသနာ ခေတ်ကောင်းတခုကြုံဖို့ဆိုတာကတော့ ကမ္ဘာများစွာ ခြားနေဦးမှာပါပဲ။

ဒါကြောင့်လည်း ဒီလိုပုဂ္ဂိုလ်တွေကိုရည်ရွယ်ပြီး က၀ိဗန္ဓနကထာကျမ်းဆရာက …
• လမ်းမှားသိလျက်၊ သွားမပျက်၊ သင့်ထက်မိုက်သူ ရှိချိမ့်လော။
• လမ်းကောင်းသိလျက်၊ ပြောင်းမတက်၊ သင့်ထက်မိုက်သူ ရှိချိမ့်လော။ လို့ ဆိုတာဖြစ်ပါလိမ့်မယ်။

အမှန်တရားကို ရဲရဲဝံ့ဝံ့ သတ္တိရှိရှိ ဆုံးဖြတ်နိုင်ခဲ့တဲ့အတွက် မိမိရဲ့ တကိုယ်ရေးဘ၀ကိုသာမက မိမိနေထိုင်ရာ ၀န်းကျင်လောကကြီးတခုလုံးကိုပါ အမှားက အမှန်၊ အမှောင်က အလင်း၊ အနိမ့်က အမြင့်ထိ လင်းလက် မြင့်တက်သွားအောင် ပြောင်းလဲသွားစေနိုင်ပုံကိုတော့ ဘုရားရှုရဲ့ ကျောင်းဒကာကြီး အနာထပိဏ်ရဲ့ဖြစ်စဉ်က ထင်ရှားသိသာစေသလို အတုယူအားကျဖို့လည်း ကောင်းလှပါတယ်။

အနာထပိဏ်သူဌေးကြီးဆိုတာ ကောသလမင်းကြီးအုပ်ချုပ်တဲ့ ကောသလတိုင်းရဲ့ မြို့တော် သာဝတ္ထိမြို့က အထင်ရှားအကြွယ်ဝဆုံး သူဌေးကြီးပါ။ အမည်ရင်းက “သုဒတ္တ” ဖြစ်ပေမယ့် ခိုးကိုးရာမဲ့သူတို့ကို အစားအစာ ပေးကမ်းထောက်ပံ့လေ့ရှိတဲ့ သူ့ရဲ့ဂုဏ်ကြောင့် သူ့ကို အများက “အနာထပိဏ္ဍိက = ခိုးကိုးရာမဲ့သူတို့ရဲ့ ထမင်းရှင်” ဆိုတဲ့ ဂုဏ်ထူးဆောင်အမည်နဲ့ပဲ ခေါ်ဆိုကြပါတယ်။

အနာပိဏ်သူဌေးကြီးဟာ ဗိမ္ဗိသာရမင်းကြီးအုပ်ချုပ်တဲ့ မဂဓတိုင်းရဲ့မြို့တော် ရာဇဂြိုဟ်ပြည်က အထင်ရှားဆုံးဖြစ်တဲ့ ရာဇဂြိုဟ်သူဌေးကြီးနဲ့ မောင်လည်နှမလည် (သမီးယောက်ဖ) ညီအကိုတော်စပ်ပါတယ်။ အသီးသီး ဒေသထွက်ပစ္စည်းများ အပြန်အလှန်သွားလာရောင်းချရာမှာ တဦးအိမ် တဦးတည်းခိုမြဲဖြစ်သလို တဦးဦးက အာဂန္တုအဖြစ် ရောင်းဝယ်ဖောက်ကားဖို့ရောက်လာကြတဲ့အခါမှာလည်း အိမ်ရှင် (အာဝါသိက) သူဌေးကြီးက အဆောင်အယောင်များနဲ့ တခမ်းတနားကြိုဆိုပြီး နေရာချထား စီစဉ်ပေးကြမြဲဖြစ်ကြပါတယ်။

တခါသားမှာတော့ အနာထပိဏ်သူဌေးကြီးက နောက်ပါလှည်းငါးရာတို့နဲ့အတူ ရာဇဂြိုဟ်ကိုသွားတဲ့အခါ မြို့နားနီးရောက်တော့ ထုံးစံအတိုင်း မိမိရောက်လာကြောင်း သတင်းစကားကြိုတင်ပါးလိုက်ပေမယ့် ရာဇဂြိုဟ်သူဌေးကြီးက အကြိုထောက်မရောက်လာပါဘူး။ လာနိုးနိုးနဲ့ စောင့်စားရင်း တဖြည်းဖြည်းခရီးဆက်လာခဲ့တာ ရာဇဂြိုဟ်သူဌေးရဲ့ အိမ်ဝသာရောက်ရော အစေခံ အကြိုထောက်လောက်ပဲ ရောက်လာ တယ်။ ရာဇဂြိုဟ်သူဌေးကြီးကတော့ သူ့အစေအပါးတွေနဲ့သ ချက်ရေးပြုတ်ရေးကိစ္စတွေကို ကြီးကြပ်ညွှန်ကြားရင်း အလုပ်ရှုပ်နေတယ်။

အနာထပိဏ်သူဌေးကြီးက သူ့အတွက် စီမံပြင်ဆင်ထားတဲ့ ဘုံခုနှစ်ဆင့်အဆောက်အဦရဲ့ ကျက်သရေခန်းမှာ နားနေချိန်ရောက်မှသာ ရာဇ ဂြိုဟ်သူဌေးကြီးရောက်လာပြီး “မနက်ဖြန်မှာ မြတ်စွာဘုရားအမှူးရှိတဲ့ သံဃာတော်အပေါင်းကို ဆွမ်းအလှူကြီးပေးဖို့ ပင့်ဖိတ်ထားတဲ့အတွက် လစ်လပ်လစ်ဟင်းမှုမရှိအောင် စီစဉ်ညွှန်ကြား ဝေယျဝေစ္စများနေတဲ့အတွက် မြို့ပြင်ထွက်ပြီး ထုံးစံအတိုင်း အကြိုမထောက်နိုင်ကြောင်း” ပြောဆိုနှုတ်ခွန်းဆက်လိုက်တဲ့အခါ အနာထပိဏ်သူဌေးကြီးမှာ “မြတ်စွာဘုရား” ဆိုတဲ့အသံကြားလိုက်ရတာနဲ့ တပြိုင်နက် ပါရမီဓာတ်ခံရဲ့ နှိုးဆော်မှုကြောင့် ပီတိအဟုတ်ငါးမျိုးစုံအောင် တကိုယ်လုံးပြန့်နှံ့ပြီး ချက်ခြင်းကြီးကို ဘုရားရှင်ထံ သွားရောက်ဖူးမြှော်လိုတဲ့ ဆန္ဒတွေ ဖြစ်ပေါ်လာပါသတဲ့။

ရာဇဂြိုလ်သူဌေးကြီးက “အရဟံအစရှိတဲ့ ဂုဏ်ကိုးဝနဲ့ပြည့်စုံတော်မူတဲ့ မြတ်စွာဘုရားရှင်ဟာ သုဿန်င်္ချိုင်းအနီးမှာရှိတဲ့ သီတ၀နတောရ ကျောင်းမှာ သီတင်းသုံးနေတော်မူတာဖြစ်လို့ အခုချိန်မှာတော့ သွားရောက်ဖို့ မဖြစ်နိုင်တော့ပါး နက်ဖြန်နံနက်စောစောရောက်မှသာ အရဟံစတဲ့ ဂုဏ်တော်များသခင် ဘုရားရှင်ထံ သွားရောက်နိုင်ပါတော့မည်” လို့ ဖြေကြားပြောဆိုတဲ့အခါ အနာထပိဏ်သူဌေးကြီးလည်း ရာဇဂြိုလ်သူဌေးထံက ကြားသိရတဲ့ ဘုရားရှင်ရဲ့ ဂုဏ်တော်များကို ပွားများရင် ဖြစ်ပေါ်လာတဲ့ ပီတိအဟုတ်တွေကြောင့် ထမင်းမေ့ ဟင်းမေ့သာမက အိပ်ဖိုရာကိုပင် မကြိုးစားတော့ဘဲ ဘုရားဂုဏ်များကိုသာ အထပ်ထပ်ပွားများနေလိုက်တဲ့အတွက် ပီတိအဟုန်တွေ တဖွားဖွားဖြစ်ပေါ်လာပြီး နေထိုင်ရာဝန်းကျင်တစ်ဝိုက်မှာတောင် အလင်းရောင်တွေဖြာထွက်လင်းထိန်နေပါသတဲ့။

ပီတိအဟုတ်ကြောင့်ဖြစ်ပေါ်တဲ့ အလင်းရောင်တွေကိုပဲ နေထွက်တဲ့အလင်းရောင်လို့မှတ်ထင်ပြီး သဘာဝအလင်းရောင်မရမီ မိုးသောက်အား ကြီး(အမှောင်ထုအားကြီး) တဲ့ လင်းခါနီးအချိန်မှာပဲ ဘုရားရှင်ကို သွားဖို့ဘုံခုနှစ်ဆင့်ရှိတဲ့ အဆောက်အဦးအထက်က ဆင်းသက်လာတဲ့အခါ ဘုံခုနှစ်ဆင့်ရဲ့တံခါးတွေဟာ အလိုလို အရန်သင့် ပွင့်လင်းနေပါတော့သတဲ့။

ဘုံခုနှစ်ဆင့်က ဆင်းပြီး မြို့တွင်းလမ်းမအတိုင်း လျှောက်လာခဲ့လို့ မြို့တံခါးအနီးရောက်တဲ့အခါမှာတော့ အရိယာဖြစ်တဲ့ မြို့စောင့်နတ်က မြို့တခါးကို အရန်သင့်ဖွင့်ထားနှင့်တဲ့အတွက် မြို့ပြင်ကို အဟန့်အတားမရှိထွက်လာနိုင်ခဲ့ပါတယ်။

အဲဒီခေတ်ဒေသဓလေ့ထုံးစံအရ သူသေများကို ရက်ခြားအောင် အိမ်မှာမထားကြဘဲ သေဆုံးပြီးပြီးချင်း စွန့်ပစ်ကြပါတယ်။ လူဦးရေကိုးကုဋေ လောက်နေထိုင်တဲ့ ရာဇဂြိုလ်မြို့တွင်းလည်း နေ့နေ့ညည သေဆုံးသူများက အမြဲမပြတ်လိုရှိနေကြတာပါ။ ညပိုင်းမှာ သေဆုံးသူများကိုတော့ မြို့တံခါးတွေပိတ်ထားတဲ့အတွက် တံတိုင်းပေါ်ကနေပြီးတော့ပဲ အပြင်ကို ပစ်လွှင့်ထားကြလို့ အနာထပိဏ်သူဌေးကြီး မြို့ပြင်ရောက်တယ်ဆိုရင်ပဲ လေလောလတ်လတ် စွန့်ပစ်ထားတဲ့အလောင်းကောင်တွေကို နင်းမိတိုက်မိပြီး ကြောက်လန့်သွားတဲ့အတွက် ဘုရားဂုဏ်ကို အာရုံပြုနေတဲ့ ပီတိအဟုန်ကြောင့်ဖြစ်ပေါ်နေတဲ့ အလင်းရောင်များလည်း ကွယ်ပျောက်သွားလို့ ပတ်ဝန်းကျင်ဟာ မှောင်အတိကျရောက်ပြီး ကြောက်သည်ထက်ပိုကြောက်လာကာ နောက်ကြောင်းပြန်လှည့်လိုတဲ့စိတ်တွေ ဖြစ်လာပါသတဲ့။

အဲဒီအခါမှာ ၀န်းကျင်ကိုစောင့်ကြပ်တဲ့ သိဝကနတ်ဘီးလူက ကိုယ်ထင်မပြဘဲ သာယာချိုမြိန်တဲ့အသံနဲ့ “အို… အနာထပိဏ်သူဌေးကြီး အမှန်တရားရှိရာ ဘုရားကျောင်းတော်ဆီအရောက်သွားမည်ဟု ရည်မှန်ထားတဲ့ ယောက်ျားလူစွမ်းရဲ့ခြေတစ်လှမ်းဟာ မင်းထိုက်စိုးတန် အမျိုးအမှန်တဲ့ အဖိုးတန်ရတနာ သင်္ချာတွက်ကိန်းဆင်တစ်သိန်း၊ မြင်းတစ်သိန်း၊ သတို့သမီးကညာတစ်သိန်းတို့ထက် အဆပေါင်းများစွာ အဖိုးထိုက်တန်ပါတယ်။ သူဌေးကြီးရှေ့ကိုသာဆက်သွားပါ။ ရှေ့ကိုသာဆက်သွားပါ။ သင်သဌေးကြီးအတွက် ရဲရဲဝံ့ဝံ့ရှေ့ကို ဆက်သွားခြင်း ကသာ ချီးမွမ်းထိုက်အောင် မြင့်မြတ်လှပါတယ်။ ကြောက်ရွံ့တွန့်ဆုတ်နောက်ပြန်တုံ့ခြင်းဟာ အကျိုးလည်းမဲ့ ကဲ့ရဲ့ဖွယ်လည်း ဖြစ်ပါလိမ့်မယ်” လို့ အားပေးတိုက်တွန်းစကား ပြောကြားလိုက်တဲ့အခါကျမှ သူဌေးကြီးလည်း “ငါ့မှာ အဖော်မရှိ တယောက်တည်းလို့ မှတ်ထင်ပြီး ကြောက်ရွံ့ နေတာ ခုတော့ အပေါင်းအဖော်တွေနဲ့ပါလား”လို့ တွေးတောအားတက်ပြီး ရဲစိတ်တွေပြန်ပေါ်လာပါတော့တယ်။

ရဲဝံ့တဲ့စိတ်ဓာတ်နဲ့ ရှေ့ကိုသာဆက်ဖို့ ဆုံးဖြတ်ပြီး ဘုရားရှင်ဂုဏ်ကို အာရုံပြုလိုက်တဲ့အခါ သဒ္ဓါတရား၊ ပီတတရားတွေလည်း အရှိန်အဟုန်ပြန်လည်ကြီးထားတက်ကြွပြီး အလင်းရောင်တွေလည်း ပြန်လည်ဖြစ်ပေါ်လာတဲ့အတွက် စိတ်ရဲ့ကြောက်ခြင်း၊ ကိုယ်ရဲ့တုန်လှုပ်ခြင်းနဲ့ ကြက်သီးမွေးညှင်းထခြင်းများလည်း ငြိမ်းအေးသွားပါတယ်။

ဒီလိုနဲ့ ခရီးဆက်ခဲ့ရာက ဘုရားရှင်ရဲ့ကျောင်းတော်အနီး သုဿန်ခရီးကို ဖြန်သန်းရတဲ့အခါမျာလည်း အသုဘကောင် အမျိုးမျိုးနဲ့ တောခွေး၊ အိမ်းခွေးတို့ရဲ့အသံကို တွေ့မြင်ကြားသိရတဲ့အခါ ကြောက်စိတ်တွေ ပြန်ဝင်လာပြန်လို့ ဘုရားအာရုံတွေပျောက်ပြီး အမှောင်ထုပြန်ဖုံသွားပြန် တဲ့အတွက် ရှေးနည်းအတူ နောက်ပြန်ဆုတ်ရကောင်းမလားဆိုတဲ့ ကြောက်ရွံ့တွန့်ဆုတ်တဲ့ စိတ်တွေပေါ်လာပြန်တယ်။ ဒီအခါမှာလည်း ရှေးနည်းအတူ သိဝကနတ်ဘီလူးက အားပေးတိုက်တွန်းစကား ပြောပေးပါတယ်။ ဒီလိုနဲ့ သုံးကြိမ်းလောက် တွန့်ဆုတ်ဖြစ်ခဲ့ရာက နောက်ဆုံး မှာတော့ ဘုရားရှင်ထံတော်မှောက်ကို ရဲရဲဝံ့ဝံ့ ရှောရှောရှုရှုကြီး ရောက်သွားပါတော့တယ်။

မြတ်စွာဘုရားရှင်ကို ဖူးမြင်ကန်တော့ပြီးလို့ တရားဓမ္မနာယူရတဲ့အဆုံးမှာတော့ သူဌေးကြီးရဲ့စိတ်သန္တန်မှာစွဲမှီညစ်ပေနေတဲ့ အထင်အမြင် အယူအဆမှားယွင်းမှု(ဒိဌိ)နဲ့ တွေးတောယုံမှား သံသယပွားမှု(၀ိစိကိစ္ဆာ) အမှောင်ထုတို့ ကင်းစင်လွင့်ပျောက်ပြီး သောတာပတ္တိ ဖိုလ်ဆိုတဲ့ တရားအလင်းဓာတ်များ ပေါ်ပေါက်တည်ရှိသွားပါတော့တယ်။
ဘုရားရှင်နဲ့ နောက်ပါသံဃာတော်ကို ဆွမ်းအလှူကြီးပေးပြီး မိမိရဲ့ဇာတိသာဝတ္ထိမြို့မှာ သီတင်းသုံနေထိုင်ဖို့ ဘုရားရှင်ကို လျှောက်ထားပန် ကြားတဲ့အခါ ဘုရားရှင်ကလည်း ဂရုဏာကြီးစွာလက်ခံလိုက်ပါတယ်။ အဲဒီနောက်မှာတော့ သူဌေးကြီးက မိမိရဲ့ဇာတိနိုင်ငံမှာ “စေတ၀န်” ဆိုတဲ့ ကျောင်းတိုက်ကြီးကို အခက်အခဲအမျိုးမျိုးကို အံတုရင်ဆိုင်ပြီး အောင်အောင်မြင်မြင်ဆောက်လုပ်လှူဒါန်းခဲ့တဲ့အတွက် သာဝတ္ထိပြည်နဲ့ ကောသလတိုင်းသားများရဲ့ ဘ၀ဟာလည်း မြတ်ဗုဒ္ဓရဲ့တရားစွမ်းအားတွေရရှိပြီး အမှောင်ခေတ်ကြီးကို လွန်မြောက်ကာ အမှန်တရားရဲ့ အလင်းရောင် ထွန်းပရာ ခေတ်သစ်ကြီးအဖြစ် ပြောင်းလဲတိုးတက်လာပါတော့တယ်။

သာဝတ္ထိပြည် ဇေတ၀န်ကျောင်းတိုက်ုကြီးဟာ ဘုရားရှင်နဲ့ နောက်ပါ သံဃာတော်အတွက် နေထိုင်ဖို့ သပ္ပါယမျှတသလို ကျောင်းဒကာကြီးနဲ့ ပြည်သူပြည်သားများကလည်း သဒ္ဓါတရားထက်သန်ကြတဲ့အတွက် ဘုရားရှင်ဟာ သက်တော်ထင်ရှားနေထိုင်သမျှ သက်တမ်းရဲ့ ထက်ဝက်ကျော်ကျော်(၂၅) ၀ါတိုင်တိုင် ၀ါဆိုတော်မူခဲ့ပါတယ်။ သီတင်းသုံးနေထိုင်စဉ်အတွင်းမှာလည်း မင်းနဲ့ပြည်သူ ခပ်သိမ်းလူတို့ရဲ့ စရိုက်၊ ၀ါသနာ၊ အလေ့အထုံဓာတ်ခံအလိုက် တရားဓမ္မများ ဟောကြားခဲ့တာကြောင့် မြတ်ဗုဒ္ဓရဲ့ဝိနည်းပညတ်တော်အများစုနဲ့ သုတ္တန်ဒေသနာတော်အတော်များများတို့ဟာ သာဝတ္ထိပြည်မှာ၊ ပညတ်ခဲ့၊ ဟောကြားခဲ့တာတွေများပါတယ်။

သာသနာပဆိုတဲ့ အမှောင်ခေတ်ကြီးကုန်လွန်ပြီး “သာသနာတွင်း ဓမ္မအလင်းခေတ်” ဆိုတဲ့ ခေတ်သစ်ကြီးတစ်ခုသာဝတ္ထိပြည်နဲ့ ၀န်းကျင်မှာ သာမက ကမ္ဘာနဲ့အ၀ှမ်း ပြောင်းလဲဖြစ်ပေါ်လာခြင်းမှာ အနာထပိဏ်သူဌေးကြီးရဲ့ ရဲဝံ့မှန်ကန်တဲ့ ဆုံးဖြတ်ချက်ဟာ အရေးပါတဲ့ အခန်းကဏ္ဍ တစ်ခုဖြစ်ခဲ့တယ်ဆိုတာကတော့ အထူးပြောစရာမလိုတော့ပါဘူး။

မြတ်ဗုဒ္ဓခေတ်က ဖြစ်ပျက်ခဲ့တဲ့ ဒီဖြစ်ရပ်တွေကို ကြည့်လိုက်ရင် သံဝေဂပွားများစရာရော အတုယူအားကျစရာများပါ နှစ်မျိုးလုံးကို တွေ့မြင် နိုင်ပါတယ်။ သိဉ္စည်းဆရာကြီးက အခွင့်ကောင်းကြီးတစ်ခုကို ကြုံတွေ့ရပါလျက် မပြောပလောက်တဲ့အကြောင်းကလေးတစ်ခုကို ငဲ့ကွက်ပြီး အမှန်အကန်ဆုံးဖြတ်ရဲတဲ့ သတ္တိချို့တဲ့ခဲ့အတွက် “သာသနာတွင်း” ဆိုတဲ့ ခေတ်ကောင်းကြီးတစ်ခုကို လွဲချော်သွားခဲ့ရတယ်ဆိုတာ ရယ်။

အနာထပိဏ်သူဌေးကြီးဟာ သူ့အတွက်အခွင့်ရလိုက်တဲ့ ခဏကောင်းတစ်ခုကို ရဲရဲဝံ့ဝံ့၊ သတ္တိရှိရှိ အရအမိဆုပ်ကိုင်ဆုံးဖြတ်နိုင်တဲ့အတွက် မိမိရဲ့ဘ၀တစ်ခုအတွက်သာမက မိမိဖြစ်တည်ရာနိုင်ငံနဲ့ လောကကြီးတစ်ခုလုံးကိုပါ မည်းရာမှဖြူ၊ မှောင်ရာမှလင်း၊ ဆိုးရာမှ ကောင်း၊ နိမ့်ရာမှ မြင့်တက်လာတဲ့ အခွင့်အရေးကောင်ကြီးတွေကို ရယူလိုက်နိုင်ခဲ့တယ်ဆိုတာရယ်ကိုပါ။

ဒါနဲ့ပတ်သက်လို့ မြတ်စွာဘုရားရှင်ကလည်း အဂုင်္တ္တရနိကာယ၊ အဌကနိပါတ်၊ အက္ခဏသုတ်မှာ “ဣဓ စေနံ ၀ိရောဓေတိ = အခွင့်ကောင်း ခဏကောင်းတစ်ခုကို လက်လွတ်စေ ချွတ်ချော်စေသူဟာ၊ စိရတ္ထံ အနူတပိဿတိ = နေ့ညဥ့်ရှည်ကြာနောင်တပူပန်ရလိမ့်မည်” လို့ သတိပေး ဆုံးမခဲ့ပါတယ်။

ဘုရားရှင်က ဥပမာသာဓက ပြတာကတော့ “၀ါဏိဇောဝအတီတတ္ထော = အခါအခွင့်ကို လက်လွတ်ခဲ့ရတဲ့ ရွဲကုန်သည်လိုဖြစ်မယ်”တဲ့။

ဒေ၀ဒတ်အလောင်း ရွဲကုန်သည်ဟာ အဖိုးတစ်သိန်းထိုက်တဲ့ရွှေခွက်ကို အဦးဆုံးတွေ့ရပေမယ့် အချောင်ရလိုတဲ့ စိတ်ထားနဲ့ ရွှေခွက်ကို ပဲဝက်တောင်မတန်ဘူးဆိုပြီး မြေပေါ် ကိုင်ပေါက်လွှင့်ပစ်ခဲ့တယ်။ နောက်မှ ရောက်လာတဲ့ ဘုရားလောင်းရွဲကုန်သည်က အမှန်အတိုင်းပြော ပြီး ရွှေခွက်ကို ရယူသွားနိုင်ခဲ့တယ်။ ဒေ၀ဒတ်လောင်းရွဲကုန်သည်က အဖိုးအနည်းငယ် ပေးပြီးယူမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ နောက်တစ်ကြိမ် ပြန်လာချိန်တော့ လက်လွန်သွားခဲ့ပြီဆိုတာ သိလိုက်ရပြီး ဘုရားလောင်းနောက်ကို လိုက်ပေမယ့် မမှီလိုက်တော့တဲ့အတွက် နောင်တကြီးစွာ ပူပန်ပြီး သွေးပွက်ပွက်အန်က သေဆုံးသွားရပါသတဲ့။ အဲဒီရွဲကုန်သည်လို မဖြစ်ကြစေနဲ့လို့ သတိပေးလိုတာပါ။

နောင်တပူပန်ရမှု ကင်းဝေကြစေဖို့ ခဏကောင်းတစ်ခုကို သတ္တိရှိရှိ ရယူနိုင်ကြပါစေသော်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

Related posts

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ရသဆောင်းပါးစုံ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

ဒေါက်တာခင်မောင်ဝင်း(သချာင်္)၏ Fuzzy Logic & Set Theory ဆောင်းပါးများ ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္)၏ Fuzzy Logic & Set Theory ဆောင်းပါးများ ထွက်ပြီ မိုးမခစာအုပ်စင်၊...

Read more »

ဂျူနီယာဝင်း ဘာသာပြန်တဲ့ ၂၁ရာစု ဂျာနယ်လစ်ဇင် ထွက်ပြီ

By

ဂျူနီယာဝင်း ဘာသာပြန်တဲ့ ၂၁ရာစု ဂျာနယ်လစ်ဇင် ထွက်ပြီ (မိုးမခစာအုပ်စင်) ဇန်န၀ါရီ ၃၁၊ ၂၀၁၉...

Read more »

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ်

By

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ် (မိုးမခစာအုပ်စင်) ဒီဇင်ဘာ ၂၆၊ ၂၀၁၈...

Read more »

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ

By

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ မိုးမခစာအုပ်စင်၊ ဒီဇင်ဘာ ၈၊...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

Tags

(all tags)