မြန်မာနိုင်ငံတွင်ကျင်းပပြီးခဲ့သောရွေးကောက်ပွဲများကို စစ်တမ်းထုတ်ကြည့်ခြင်း – အပိုင်း (၆)

April 8, 2012

သန်းဝင်းလှိုင်
ဧပြီ ၈၊ ၂၀၁၂

ပထစပါတီခေါင်းဆောင် ဦးနုသည် ရွေးကောက်ပွဲမဲဆွယ်ကတိအတိုင်း ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာအဖြစ်ပြဋ္ဌာန်းရန် ပြင်ဆင်ခဲ့ရာ၊ ဗုဒ္ဓဘာသာဝင်မဟုတ်သော တိုင်းရင်းသားများ၊ ဘာသာရေးအဖွဲ့အစည်းများ၊ နိုင်ငံရေးသမား အချို့က ကန့်ကွက်ခဲ့ကြသည်။ ယင်းတို့က ၁၉၄၇ခုနှစ် ပြည်ထောင်စုမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၁(၄)တွင် “နိုင်ငံရေးအလို့ငှာ ကိုးကွယ်ရာဘာသာကိုအလွဲသုံးစားမပြုရ၊ ထို့အပြင် လူမျိုးကြောင့်သော်လည်းကောင်း၊ ကိုးကွယ်ရာဘာသာကြောင့်သော်လည်းကောင်း၊ တဖက်နှင့်တဖက် တဂိုဏ်းနှင့် တဂိုဏ်း မုန်းတီးခြင်း၊ ရန်မူခြင်း၊ စိတ်ဝမ်းကွဲခြင်းတို့ပေါ်ပေါက်လာရန် ရည်ရွယ်သော သို့တည်းမဟုတ် ပေါ်ပေါက်လာရန် အကြောင်းရှိသော အပြုအမူသည် ဤအခြေခံဥပဒေနှင့် ဆန့်ကျင်သည်။ ထိုအပြုအမူမျိုးအတွက် အပြစ်ဒဏ်ပေးနိုင်အောင် တရားဥပဒေပြုနိုင်သည်”ဟူ၍ ဖော်ပြပါရှိသည်ဟု ထောက်ပြကြသည်။

ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာအဖြစ် ဥပဒေပြုလွှတ်တော်သို့ တင်သွင်းသည့်နေ့မတိုင်မီ တရက်အလို သြဂုတ်လ ၁၆ ရက်တွင် ထွန်းနေ့ စဉ်သတင်းစာအယ်ဒီတာချုပ် ဦးထွန်းဖေ (ပြန်ကြားရေးနှင့် ယဉ်ကျေးမှုဝန်ကြီးရာထူးမှနှုတ်ထွက်ခဲ့သူ) ကချင်တိုင်းရင်းသားခေါင်းဆောင်ဒူဝါဇော်လွန်း (ဝန်ကြီးဟောင်း)၊ ဦးသန်းမောင် (ဗမာမွတ်ဆလင်)၊ စောဂန်ဒီ (ခရစ်ယာန်ဘာသာဝင်ကရင်တိုင်းရင်းသား)၊ ဦးစံဒွေး (ချင်း)၊ ဦးမောင်မောင်ခင် (ခရစ်ယာန်ဘာသာဝင်၊ ကယား) တို့က တရားလွှတ်တော်ချုပ်၌ တရားဝရမ်းထုတ်ပေးရန် လျှောက်ထားကြသည်။

သို့သော် ဦးနုသည် ရွေးကောက်ပွဲမဲဆွယ်ကတိအတိုင်း ၁၉၆၁ ခုနှစ် သြဂုတ်လ ၁၇ ရက်နေ့တွင် ပြည်ထောင်စုမြန်မာနိုင်ငံ ပါလီမန်တတိယ ပြည်သူ့လွှတ်တော် ပဉ္စမညီလာခံ တတိယနေ့အစည်းအဝေးတွင် ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာအဖြစ် ပြဋ္ဌာန်းရန် ၁၉၆၁ ခုနှစ် ဖွဲ့စည်း အုပ်ချုပ်ပုံအခြေခံဥပဒေ (တတိယပြင်ဆင်ချက်) ဥပဒေကြမ်းကိုတင်သွင်းရာ ပြည်သူ့လွှတ်တော်မှ ထောက်ခံသူ ၂၁၉ ဦး၊ ကန့်ကွက်သူ ၁၅ ဦး၊ ကြားနေ (၁) ဦးတို့ဖြင့် အတည်ပြုပေးခဲ့သည်။

ထို့နောက်တဖန် သြဂုတ်လ ၂၆ ရက်နေ့တွင်ကျင်းပသော ပြည်သူ့လွှတ်တော်နှင့် လူမျိုးစုလွှတ်တော် ၂ ရပ် ပူးတွဲညီလာခံအစည်းအဝေးက လည်း ထောက်ခံသူ ၃၂၄ ဦး၊ ကန့်ကွက်သူ ၂၈ ဦးတို့ဖြင့် အတည်ပြုခဲ့သည်။

ယင်းနောက် ဝန်ကြီးချုပ်ဦးနုသည် ၁၉၆၁ ခုနှစ်၊ စက်တင်ဘာ ၂၅ ရက်နေ့တွင် ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာအဖြစ်ပြဋ္ဌာန်းရာတွင် အခြားဘာသာသာသနာကိုးကွယ်သူများအတွက်လည်း တရားသဖြင့် ကာကွယ်စောင့်ရှောက်စေရန် အခြေခံဥပဒေ (စတုတ္ထပြင်ဆင်ချက်) ဥပ ဒေကြမ်းကို ပြည်သူ့လွှတ်တော်နှင့်လူမျိုးစုလွှတ်တော် ၂ ရပ်တွဲ အစည်းအဝေးသို့တင်သွင်းခဲ့ရာ ထောက်ခံမဲ ၃၁၀ ဖြင့် အတည်ပြုခဲ့ကြသည်။ စတုတ္ထပြင်ဆင်ချက်ကြောင့် ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာအဖြစ် ပြဌာန်းသည်ဟူသော မူလ (တတိယပြင်ဆင်ချက်) အတိုင်းသာ ထား ရှိလိုကြသော သံဃာတော်များနှင့် သံဃာ့အဖွဲ့အစည်းများက မကျေနပ်၍ ကန့်ကွက်ဆန္ဒပြခဲ့ပြန်သည်။

ထိုစဉ်အတွင်း ပြည်နယ်မှ ဒူးဝါဇော်ဆိုင်းဦးဆောင်သော ခရစ်ယာန်ဘာသာဝင်အချို့က ၁၉၆၀ ပြည့်နှစ် အောက်တိုဘာလ ၂၅ ရက် နေ့တွင် ကချင်လွတ်လပ်ရေးအဖွဲ့ (K.I.O) ကို ဖွဲ့စည်းတည်ထောင်၍ ကချင်လွတ်လပ်ရေးတပ်မတော် (K.I.A) တည်ထောင်ကာ အစိုးရ အား လက်နက်ကိုင်ပုန်ကန်ခဲ့သည်။

ထို့နောက် ၁၉၆၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် ရန်ကုန်မြို့ ပြည်လမ်း အသံလွှင့်ရုံတွင် ဖက်ဒရယ်မူနှင့်ပတ်သက်သော လူမျိုးပေါင်းစုံ ဆွေးနွေးပွဲကိုကျင်းပခဲ့သည်။ အဆိုပါဆွေးနွေးပွဲ၌ ဝန်ကြီးစဝ်ခွန်ချိုက ပြည်နယ်များ ညီညွတ်ရေး အဖွဲ့ကိုယ်စား ၎င်းတို့လိုလားသော ပြည် ထောင်စုစနစ်ဖွဲ့စည်းပုံကို တင်ပြသည်။ တင်ပြချက်တွင် (၁) ပြည်မကို ပြည်နယ်တနယ်ဖွဲ့စည်းရေး၊ (၂) ပြည်သူ့လွှတ်တော်နှင့် လူမျိုးစု လွှတ်တော်နှစ်ရပ် အာဏာတူပေးရေး၊ (၃) လူမျိုးစု လွှတ်တော်သို့ ပြည်နယ်တိုင်းမှ တူညီသော ကိုယ်စားလှယ်ပေးရေး၊ (၄) ပြည်နယ်များက မိမိဆန္ဒအလျောက် လွှဲအပ်သောအာဏာများကို ပြည်ထောင်စုဗဟိုအစိုးရသို့ကန့်သတ်ပေး၍ ကျန်အာဏာများကို ပြည်နယ်များတွင် ထားရှိ ရေး တို့ဖြစ်သည်။

ထို့နောက် ဖယ်ဒရယ်မူနှင့်ပတ်သက်သော လူမျိုးပေါင်းစုံနှီးနှောဖလှယ်ပွဲ ဒုတိယနေ့ (၁၉၆၂ မတ်လ ၁) ကျင်းပပြီး နောက် နာရီပိုင်းမျှအကြာ ည၁၂နာရီတွင် တပ်မတော်တပ်ဖွဲ့များသည် မင်္ဂလာဒုံမှရန်ကုန်မြို့အတွင်းသို့ တိတ်တဆိတ် ဝင်ရောက်လာကြသည်။ ၁၉၆၂ ခုနှစ် မတ် လ ၂ ရက်နေ့ နံနက် ၁ နာရီတွင် နိုင်ငံတော်အာဏာသိမ်းယူရေးအတွက် ပထစအစိုးရဝန်ကြီးချုပ်ဦးနုနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ နိုင်ငံတော် သမ္မတ၊ တရားရေးဝန်ကြီးချုပ်နှင့် ပြည်နယ်အကြီး အကဲများ၊ စော်ဘွားများကိုဖမ်းဆီးရန်နှင့် အချက်အခြာဌာနများကို ထိန်းသိမ်းထားရန် ရန်ကုန်မြို့အတွင်းသို့ ဝင်ရောက်လာခဲ့ခြင်း ဖြစ်သည်။

ရန်ကုန်မြို့တွင်းသို့ တပ်မတော်တပ်ဖွဲ့များဝင်ရောက်ခြင်းမပြုမီ ရက်အနည်းငယ်ကပင် တပ်မတော်အကြီးအကဲအချို့သည် နိုင်ငံတော် အာဏာသိမ်းယူရေးအတွက် ကြိုတင်စီစဉ်ထားခဲ့ကြသည်။ နိုင်ငံတော်အာဏာသိမ်းယူရာတွင် အဆင်ပြေချောမွေ့စေရန်အတွက် ပြည် စောင့် ရဲတပ်ရင်း၏အခြေအနေကိုပင် ကြိုတင်၍ စူးစမ်းလေ့လာထားသည်။

လူမျိုးစုံနှီးနှောဖလှယ်ပွဲ ပထမနေ့ (၁၉၆၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက်) ကျင်းပပြီးချိန်မှစ၍ တပ်မတော်အကြီးအကဲအချို့သည် နိုင်ငံတော် အာဏာသိမ်းယူရေးကို အဆောတလျင်ဆောင်ရွက်လာသည်။ ၁၉၆၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၇ ရက်နေ့တွင် စစ်တပ်အကြီးအကဲတို့က နိုင်ငံ တော်အာဏာသိမ်းယူရေးအတွက် ပထစအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ တရားရေးဝန်ကြီးချုပ်၊ ပြည် နယ်အကြီးအကဲများနှင့် စော်ဘွားများကို ဖမ်းဆီးရေးနှင့် အရေးပါသောနေရာဌာနများကို ထိန်းသိမ်းထားရေးအတွက် သက်ဆိုင်ရာ တပ်မှူး များအား အထူးတာဝန်ပေးအပ်ခဲ့သည်။ တာဝန်ပေးအပ်ခဲ့စဉ်က အာဏာသိမ်းယူမည့်နေရက်နှင့် အစီအစဉ်စတင်မည့်အချိန်၊ နာရီအတိအကျ တို့ကို မသိရသေးချေ။

၁၉၆၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင်မူ အာဏာသိမ်းရန် စစ်ဆင်ရေးကိုဆင်နွှဲရမည့် တာဝန်ခံတပ်မှူးများသည် အချင်းချင်းတိုင်ပင် ဆွေးနွေး၍ စစ်ဆင်ရေးဆင်နွှဲရမည့်နေ့ကို မတ်လ ၂ ရက်နေ့ဟုလည်းကောင်း၊ စတင်ရမည့်အချိန်ကို မတ်လ ၁ ရက်နေ့ ည ၁၂ နာရီဟု လည်းကောင်း သတ်မှတ်ခဲ့ကြသည်။ ဤအစီအစဉ်ကို တပ်မတော်ထောက်လှမ်းရေးညွှန်ကြားရေးမှူးနှင့် အချက်ပြဆက်သွယ်ရေးတပ်မှူးတို့လည်း ကြိုတင်သိရှိခဲ့ကြသည်။

၁၉၆၂ ခုနှစ်၊ မတ်လ ၁ ရက်နေ့ ည ၁၁ နာရီခန့်တွင် ရန်ကုန်မြို့တွင်းသို့ချီတက်ရမည့်တပ်ဖွဲ့များကို စစ်ဆင်ရေးတာဝန်ခံများက စစ်ဆင် ရေးအကြောင်း ရှင်းလင်းပြောကြားပြီး အသင့်ပြင်စေသည်။ ထို့နောက် လက်အောက်အရာရှိများအား တာဝန်အသီးသီးခွဲဝေပေးအပ်ပြီး ည ၁၂ နာရီတွင် ရန်ကုန်မြို့တွင်းသို့ စစ်ချီခဲ့ခြင်းဖြစ်သည်။

စစ်တပ်တပ်ဖွဲ့များသည် မင်္ဂလာဒုံလေယာဉ်ကွင်းအတွင်းရှိ ဆက်သွယ်ရေးစခန်း၊ အသံလွှင့်ရုံ၊ ကြေးနန်းဌာန၊ ပါလီမန်အဆောက်အအုံ၊ ရဲမင်းကြီးရုံး၊ စစ်ရဲတပ်၊ ပြည်ထောင်စုဘဏ်၊ ဘူတာရုံ၊ ဆိပ်ကမ်း၊ ရဲဌာနများ၊ ဝန်ကြီးများနေထိုင်သော ဝင်ဒါမီယာ၊ ဝင်ဒါမီယာကုတ် (ယခုရွှေလီလမ်း) ရှိ ရှမ်းဂေဟာ၊ ရွှေတောင်ကြားလမ်း၊ ပြည်ထောင်စုလမ်းသွယ်ရှိ ဝန်ကြီးချုပ်ဦးနုနေအိမ်၊ ကုက္ကိုင်းလမ်း (ယခုဆရာစံလမ်း) နှင့် ဂွတ္တလစ်လမ်းထောင့်ရှိ သမ္မတဟောင်းစဝ်ရွှေသိုက်နေအိမ်၊ ကမ္ဘာအေးဘုရားလမ်းရှိ တရားရေးဝန်ကြီးချုပ် ဦးမြင့်သိန်းနေအိမ်၊ ဖရေ ဇာလမ်းရှိ ကယားဂေဟာတို့ကို သွားရောက်ဝန်းရံထားလိုက်ကြသည်။ နံနက် ၂ နာရီခန့်တွင် စစ်တပ်တပ်ရင်းတစ်ခုသည် ဂွတ္တလစ်လမ်း (ယခုဆရာစံလမ်း)၊ ပြည်ထောင်စုလမ်းသွယ်တွင် နေထိုင်သော ဝန်ကြီးချုပ်ဦးနု၊ ဝန်ကြီးဒေါက်တာ ဦးအေးမောင်၊ ပြည်လမ်းခုနစ်မိုင်ခွဲတွင် နေထိုင်သော မိုးနဲစော်ဘွားစဝ်ပြည့်၊ မိုးနောင်စော်ဘွား စဝ်အုန်းမောင်တို့ကိုလည်းကောင်း၊ နံနက် ၃ နာရီခန့်တွင် အခြားဝန်ကြီးများဖြစ်ကြ သော ဦးရာရှစ်၊ သခင်တင်၊ သခင်တင်မောင်၊ ဦးသွင်၊ ဦးဘစော၊ ဒေါက်တာစောလှထွန်း၊ စဝ်ခွန်ချို၊ စဝ်ဝဏ္ဏ၊ နိုင်အောင်ထွန်း၊ ဦးဘမြိုင်၊ ပါလီမန်အတွင်းဝန် ကယားဦးစိန်တို့ကိုလည်းကောင်း၊ တရားရေးဝန်ကြီးချုပ် ဦးမြင့်သိန်းကိုလည်းကောင်း၊ ကယားဂေဟာတွင် တည်းခိုနေ ကြသော ဦးကြာပု၊ ဦးစိုးမောင်၊ ဦးလွန်း၊ ဦးချစ်ဦး၊ ဦးထွန်းမြင့် (တောင်ကြီး) တို့ကိုလည်းကောင်း၊ ရှမ်းစော်ဘွားများနှင့် ရှမ်းပြည်နယ်မှ အမတ်များကိုလည်းကောင်း၊ ပြည်သူ့လွှတ်တော်နှင့် လူမျိုးစုလွှတ်တော်ဥက္ကဌများကိုလည်းကောင်း အသီးသီးဖမ်းဆီးခဲ့သည်။

အစိုးရအဖွဲ့ဝင်တို့ကို ဖမ်းဆီးရာတွင် စစ်တပ်မှ နိုင်ငံတော်အာဏာကို သိမ်းယူလိုက်ပြီဖြစ်ကြောင်း ရှင်းပြ၍၊ ၎င်းတို့ကို နေအိမ်တွင်ထားရှိသော လက်နက်များကိုလည်း အပ်နှံစေခဲ့သည်။ တရားရေးဝန်ကြီးချုပ် ဦးမြင့်သိန်းကိုဖမ်းဆီးစဉ်က ဖမ်းဝရမ်းတောင်းသဖြင့် ဖမ်းဆီးသည့် စစ်တပ် အရာရှိလည်း တွေဝေသွားပြီး တပ်ဖွဲ့များကို အုပ်ချုပ်၍ လိုက်ပါလာခဲ့သော တပ်မှူးထံ သတင်းပို့ခဲ့သည်။ တပ်မှူးလည်း ဦးမြင့်သိန်း၏အိမ်သို့ လိုက်သွားပြီး စစ်တပ်က အာဏာသိမ်းခြင်းဖြစ်ကြောင်းပြောပြ၍ ဖမ်းဆီးခဲ့ရသည်ဟု ဆိုသည်။

ဝန်ကြီးများ၏နေအိမ်တွင် လုံခြုံရေးတာဝန်ယူနေကြသော ရဲအဖွဲ့ဝင်များအား စစ်တပ်အဖွဲ့ဝင်များရောက်ရှိလာလျှင် ခုခံပစ်ခတ်ခြင်းမပြုရန် ကြိုတင်ညွှန်ကြားထားသောကြောင့် ဝန်ကြီးများကိုဖမ်းဆီးရာတွင် အဆင်ပြေလွယ်ကူခဲ့သည်။ သို့သော် ရန်ကုန်မြို့ ကုက္ကိုင်းလမ်းနှင့် ဂွတ္တ လစ်လမ်း (ယခုဆရာစံလမ်း) ထောင့်တွင်နေထိုင်သော သမ္မတဟောင်း ညောင်ရွှေစော်ဘွားကြီး စဝ်ရွှေသိုက်၏အိမ်သို့ စစ်တပ်အဖွဲ့ဝင်များ ရောက်ရှိလာရာတွင် ခုခံပစ်ခတ်မှုနှင့် ရင်ဆိုင်ခဲ့ရသည်။ စစ်သားများ စဝ်ရွှေသိုက်၏နေအိမ်သို့ရောက်ရှိစဉ်က လုံခြုံရေးအစောင့်များနှင့် စစ်တပ်အဖွဲ့ဝင်များ အပြန်အလှန်ပစ်ခတ်မှုကြောင့် စဝ်ရွှေသိုက်၏ သားငယ် ၁၇ နှစ်အရွယ် စဝ်မီမီသိုက်မှာ ဦးခေါင်းနှင့်ခြေထောက်တွင် ကျည်ဆံထိမှန်၍ သေဆုံးသွားခဲ့သည်။ စဝ်မီမီသိုက်သေဆုံးမှုနှင့်ပတ်သက်၍ စဝ်မီမီသိုက်အစ်ကို စဝ်စံ (ယူဂျင်းသိုက်) က ရန်ကင်းရဲဌာနတွင် တိုင်တန်းခဲ့သည်။ ၁၉၆၂ ခုနှစ်၊ မတ်လ ၂ ရက်နေ့ နံနက် ၂ နာရီခန့်တွင် အမျိုးအမည်မသိသော ယူနီဖောင်းဝတ်ထားသူများက အိမ်အတွင်းသို့ ဝင်ရောက်လာကာ သေနတ်ဖြင့်ပစ်ခတ်သောကြောင့် မိမိ၏ညီ စဝ်မီမီသိုက် ခေါ် စဝ်ဆေးဟုမ်ဖကို ထိမှန်သေဆုံးကြောင်း တိုင်ကြားခဲ့ခြင်းဖြစ် သည်။ ရန်ကင်းရဲဌာနမှ လူသတ်မှု ပုဒ်မ ၃၀၂ အရ အမှုဖွင့်ပေးခဲ့သည်။ စဝ်မီမီသိုက်သေခဲ့ရခြင်းအတွက် တော်လှန်ရေးကောင်စီဥက္ကဌ ဗိုလ်ချုပ်ကြီးနေဝင်းက စဝ်မီမီသိုက်ကွယ်လွန်အနိစ္စရောက်ရခြင်းကို တော်လှန်ရေးကောင်စီဝင်များက အထူးဝမ်းနည်းကြေကွဲမိကြောင်း ဖော်ပြထားသည့်သဝဏ်လွှာကို ညောင်ရွှေစော်ဘွားကြီး စဝ်ရွှေသိုက်နှင့် မဟာဒေဝီတို့ထံ ပေးပို့ခဲ့သည်။ ဝမ်းနည်းသဝဏ်လွှာကို ဗိုလ်မှူးကြီး စောမြင့် (ယခုမဟေသီမဂ္ဂဇင်းအယ်ဒီတာချုပ် မှူးသမိန်) အား ပေးပို့စေခဲ့ခြင်းဖြစ်သည်။ ထိုစဉ်က မဟာဒေဝီစဝ်ဟိန်ခမ်းမှာ အင်္ဂလန်ပြည်သို့ ရောက်နေသဖြင့် ဗိုလ်မှူးကြီးစောမြင့်သည် စဝ်ရွှေသိုက်၏သားအကြီးဆုံးဖြစ်သူ စဝ်ဆိုင်အုံ၏လက်သို့ ပေးအပ်ခဲ့သည်။

၁၉၆၂ ခုနှစ်၊ မတ်လ ၂ ရက်နေ့တွင် တော်လှန်ရေးကောင်စီကဖမ်းဆီးခဲ့သောပုဂ္ဂိုလ်တို့မှာ နိုင်ငံတော်သမ္မတ မန်းဝင်းမောင်၊ နိုင်ငံတော်ဝန် ကြီးချုပ်ဦးနု၊ ဝန်ကြီးများဖြစ်ကြသော သခင်တင်၊ ဒေါက်တာဦးဧမောင်၊ ဦးရာရှစ်၊ ဦးဘစော၊ သခင်တင်မောင်၊ ဦးသွင်၊ စဝ်ခွန်ချို၊ စဝ်ဝဏ္ဏ၊ တရားရေးဝန်ကြီးချုပ် ဦးမြင့်သိန်း၊ ပြည်သူ့လွှတ်တော်ဥက္ကဌ မန်းဘဆိုင်၊ လူမျိုးစုလွှတ်တော် ဥက္ကဌ စဝ်ခွန်ကြည်၊ ညောင်ရွှေစော်ဘွား စဝ်ရွှေသိုက်၊ မိုးနဲစော်ဘွား စဝ်ပြည့်၊ လဲချားစော်ဘွား စဝ်နွံ၊ သာမိုင်းခမ်းစော်ဘွား စဝ်ထွန်းအေး၊ ကျိုင်းတုံစော်ဘွား စဝ်ဆိုင်းလုံ၊ မိုင်း လွန်းစော်ဘွား စဝ်ခွန်ကိုး၊ မိုင်းခွန်စော်ဘွား စဝ်ကြည်၊ ကျေးသီးမန်းစံစော်ဘွား စဝ်ဝင်းကြည်၊ ရွာငံစော်ဘွား စဝ်ခွန်ရီ၊ မိုင်းပန်စော်ဘွား စဝ်ရွှေကြည်၊ စကားစော်ဘွား စဝ်ခွန်ညွှန့်၊ မိုင်းလုံစော်ဘွား မန်လစ်၊ စဝ်ခွန်ထီး၊ စဝ်မန်ဖ (သိန္ဒီမြောက်ပိုင်းအမတ်)၊ စဝ်ကျော်ခေါင် (လွိုင် လင်အလယ်ပိုင်းအမတ်)၊ ဦးချစ် (လွိုင်လင်တောင်ပိုင်းအမတ်)၊ ဦးရီရောင်း (ကျိုင်းတုံမြောက်ပိုင်း အမတ်)၊ ဦးခွန်နောင် (ကျိုင်းတုံ အ နောက်ပိုင်းအမတ်)၊ ဦးဖြူ (မိုင်းပွန်အမတ်)၊ ဦးကျော်စိန် (သာမိုင်းခမ်းအမတ်)၊ ဦးလွန်း (စကားအမတ်)၊ ဦးအမ်ဇော်လ (ကွတ်ခိုင်အမတ်)၊ ဦးစိန် (ကယား)၊ ဦးထွန်းမြင့် (တောင်ကြီး)၊ ဦးကြာပု၊ ဦးမြတ်ဖူး၊ ဦးစိုးမောင်၊ ဦးချစ်ဦး၊ ဦးသန်းတင်၊ ဦးတင်အောင်တို့ ဖြစ်ကြသည်။

၁၉၆၂ ခုနှစ်၊ မတ်လ ၂ ရက်နေ့တွင်အဖမ်းမခံရသော ပုဂ္ဂိုလ်နှစ်ဦးမှာ ငပလီသို့ရောက်နေသော ဗိုလ်မှူးအောင်နှင့် သမ္မတအဖြစ် ရွေးချယ် ရန်လျာထားပြီးဖြစ်သော ဆမားဒူဝါဆင်ဝါးနောင်တို့ဖြစ်ကြသည်။ ဆမားဒူဝါဆင်ဝါးနောင်မှာ မြစ်ကြီးနားခရိုင်အတွင်းရှိ ၎င်း၏ ဘိုးဘွား မိဘများ အစဉ်အဆက်နေထိုင်ခဲ့သော ဇာတိရွာသို့ရောက်ရှိနေသည်ဟု ဆိုသည်။

ဖမ်းဆီးခံရသူများအနက် မန်းဘဆိုင်၊ စဝ်ခွန်ကြည်၊ ဦးဘစော၊ ဒေါက်တာစောလှထွန်း၊ ဦးဇာရဲလျန်၊ ဦးဘမြိုင်နှင့် စဝ်မန်ဖတို့ကို ရန်ကုန်သို့ ပြန်၍ ခေါ်ဆောင်သွားသည်။ ထိုပုဂ္ဂိုလ်တို့အား ဒဂုံရိပ်သာတွင် ဗိုလ်ချုပ်ကြီးနေဝင်းက ခေတ္တတွေ့ဆုံကာ မှားယွင်းဖမ်းဆီးမိကြောင်း ပြော ကြား၍ ပြန်လွှတ်ပေးခဲ့သည်။ မင်္ဂလာဒုံရေကြည်အိုင်တွင် ဖမ်းဆီးထားသော သမ္မတ ဦးဝင်းမောင်၊ ဝန်ကြီးချုပ်ဦးနု၊ တရားရေးဝန်ကြီးချုပ် ဦးမြင့်သိန်း၊ သခင်တင်၊ စဝ်ခွန်ချို၊ ဦးရာရှစ်နှင့် စဝ်ဝဏ္ဏတို့ကို သီးခြားခွဲ၍ အစောင့်အကြပ်ထူထပ်စွာ ချထားခဲ့သည်။ ကျန်ပုဂ္ဂိုလ်များကို နှစ်စု ခွဲ၍ ရန်ကြီးအောင်ရုပ်ရှင်ရုံအနီးရှိ လေ့ကျင့်ရေးတပ် (ယခု ကုတင် ၅၀၀ ဆန့် စစ်ဆေးရုံ) တွင် ထိန်းသိမ်းထားခဲ့သည်။

သို့ကလို အာဏာသိမ်းပြီးနောက် ၁၉၆၂ ခုနှစ်၊ မတ်လ ၂ ရက်နေ့ နံနက်ပိုင်းမှာပင် အဖွဲ့ဝင် (၁၇) ဦးပါဝင်သော တော်လှန်ရေးကောင်စီကို ဖွဲ့စည်းကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။ တော်လှန်ရေးကောင်စီဝင်များမှာ …

(၁) ဗိုလ်ချုပ်ကြီး နေဝင်း – ဥက္ကဌ (ကာကွယ်ရေးဦးစီးချုပ်)
(၂) ဗိုလ်မှူးချုပ် အောင်ကြီး – အဖွဲ့ဝင် (ဒုတိယ ကာကွယ်ရေးဦးစီးချုပ် – ကြည်း)
(၃) ဗိုလ်မှူးချုပ် သန်းဖေ – အဖွဲ့ဝင် (ဒု-ချုပ် (ရေ))
(၄) ဗိုလ်မှူးချုပ် တီကလစ် – အဖွဲ့ဝင် (ဒု-ချုပ် (လေ))
(၅) ဗိုလ်မှူးချုပ် တင်ဖေ – အဖွဲ့ဝင် (စစ်ထောက်ချုပ်)
(၆) ဗိုလ်မှူးချုပ် စန်းယု – အဖွဲ့ဝင် (တိုင်းမှူး၊ အနောက်မြောက်ပိုင်းစစ်ဋ္ဌာနချုပ်)
(၇) ဗိုလ်မှူးချုပ် စိန်ဝင်း – အဖွဲ့ဝင် (တိုင်းမှူး၊ အလယ်ပိုင်းတိုင်းစစ်ဋ္ဌာနချုပ်)
(၈) ဗိုလ်မှူးကြီး သောင်းကြည် – အဖွဲ့ဝင် (တိုင်းမှူး၊ အရှေ့ပိုင်းတိုင်းစစ်ဋ္ဌာနချုပ်)
(၉) ဗိုလ်မှူးကြီး ကြည်မောင် – အဖွဲ့ဝင် (တိုင်းမှူး၊ အနောက်တောင်တိုင်းစစ်ဋ္ဌာနချုပ်)
(၁၀) ဗိုလ်မှူးကြီး မောင်ရွှေ – အဖွဲ့ဝင် (တိုင်းမှူး၊ အရှေ့မြောက်တိုင်းစစ်ဋ္ဌာနချုပ်)
(၁၁) ဗိုလ်မှူးကြီး သန်းစိန် – အဖွဲ့ဝင် (စစ်ဦးစီး ဗိုလ်မှူးကြီး)
(၁၂) ဗိုလ်မှူးကြီး ကျော်စိုး – အဖွဲ့ဝင် (စစ်ရာထူးခန့် အတွင်းဝန်)
(၁၃) ဗိုလ်မှူးကြီး စောမြင့် -အဖွဲ့ဝင် (နယ်ခြားဒေသအုပ်ချုပ်ရေးမှူးချုပ်)
(၁၄) ဗိုလ်မှူးကြီး ချစ်မြိုင် – အဖွဲ့ဝင် (တွဲဖက်စစ်ထောက်ချုပ်)
(၁၅) ဗိုလ်မှူးကြီးခင်ညို – အဖွဲ့ဝင် (လေ့ကျင့်ရေးညွှန်ကြားရေးမှူး)
(၁၆) ဗိုလ်မှူးကြီးလှဟန် – အဖွဲ့ဝင် (ဆေးဝန်ထမ်းညွှန်ကြားရေးမှူး)
(၁၇) ဗိုလ်မှူးကြီးတန်ယုဆိုင် – အဖွဲ့ဝင် (ဒုတိယရဲတပ်ချုပ်၊ ပြည်စောင့်ရဲတပ်ဋ္ဌာနချုပ်) တို့ဖြစ်သည်။

ယင်းနေ့မှာပင် တော်လှန်ရေးကောင်စီ၏တာဝန်ပေးချက်အရ အုပ်ချုပ်ရေးအစိုးရအဖွဲ့ကို ဖွဲ့စည်းခဲ့သည်။ အစိုးရအဖွဲ့ ဝင်များမှာ …
(၁) ဗိုလ်ချုပ်ကြီး နေဝင်း – ကာကွယ်ရေးဝန်ကြီးဋ္ဌာန၊ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဋ္ဌာန။
(၂) ဗိုလ်မှူးချုပ် အောင်ကြီး – ကုန်သွယ်မှုနှင့် ကူးသန်းရောင်းဝယ်မှုဝန်ကြီးဋ္ဌာန၊ စက်မှုလက်မှုဝန်ကြီးဋ္ဌာန။
(၃) ဗိုလ်မှူးချုပ်တင်ဖေ – လယ်ယာစိုက်ပျိုးရေးနှင့် သစ်တောရေးရာဝန်ကြီးဋ္ဌာန၊ သမဝါယမနှင့်ကုန်စည် ဖြန့်ဖြူးရေးဝန်ကြီးဋ္ဌာန။
(၄) ဗိုလ်မှူးချုပ်သန်းဖေ – ပညာရေးဝန်ကြီးဋ္ဌာန၊ ကျန်းမာရေးဝန်ကြီးဋ္ဌာန။
(၅) ဦးသီဟန် – နိုင်ငံခြားရေးဝန်ကြီးဋ္ဌာန၊ အလုပ်သမားရေးဝန်ကြီးဋ္ဌာန၊ အိမ်ရာဆောက်လုပ်ရေးဝန်ကြီးဋ္ဌာန၊ သတ္တုတွင်းဝန်ကြီးဋ္ဌာန။
(၆) ဗိုလ်မှူးကြီးကျော်စိုး – ပြည်ထဲရေးဝန်ကြီးဋ္ဌာန၊ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဋ္ဌာန။
(၇) ဗိုလ်မှူးကြီးစောမြင့် – ပြန်ကြားရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဋ္ဌာန။
(၈) ဒုဗိုလ်မှူးကြီးဘနီ – လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဋ္ဌာနတို့ဖြစ်သည်။

ထို့နောက် ၁၉၆၂ ခုနှစ်၊ မတ်လ ၂ ရက်နေ့တွင် တော်လှန်ရေးကောင်စီ၏ နိုင်ငံတကာဆက်သွယ်ရေးနှင့်ပတ်သက်၍ ကျင့်သုံးမည့် နိုင်ငံခြား ရေးဝါဒကိုလည်းကောင်း၊ မတ်လ ၃ ရက်နေ့တွင် ပြည်ထောင်စုမြန်မာနိုင်ငံ ပါလီမန်ဆိုင်ရာ လွှတ်တော်နှစ်ရပ်ကို ဖျက်သိမ်းလိုက်သည့် ကြေညာချက်ကိုလည်းကောင်း ထုတ်ပြန်ခဲ့သည်။

၁၉၆၂ ခုနှစ်၊ ဧပြီလ၂၉ မှ ၃၀ ရက်နေ့အထိ (၁၁) ကြိမ်မြောက် တပ်မှူးများညီလာခံကို တပ်မတော် (ရေ) ရတနာပုံစခန်း၌ကျင်းပ၍ တော် လှန်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးနေဝင်းက တော်လှန်ရေးကောင်စီ၏ဝါဒသဘောထားကို တပ်မှူးများသို့တင်ပြခဲ့သည်။ ဧပြီလ ၃၀ ရက် နေ့တွင် တော်လှန်ရေးကောင်စီ၏ဝါဒသဘောထားကိုထုတ်ပြန်၍ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ကို ချမှတ်ခဲ့သည်။

၁၉၆၂ ခုနှစ်၊ မေလ ၇ ရက်နေ့တွင် ဗိုလ်ချုပ်ကြီးနေဝင်းသည် ဖဆပလ၊ ပထစနှင့်ပမညတခေါင်းဆောင်များနှင့် ဒဂုံရိပ်သာတွင် တဖွဲ့ချင်း တွေ့ဆုံပြီး မဆလဝါဒသဘောထားကို ရှင်းလင်းပြောကြားသည်။

ယင်းနောက် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီကို ၁၉၆၂ ခုနှစ်၊ ဇူလိုင်လ ၄ ရက်နေ့တွင် စတင်ထည်ထောင်ခဲ့သည်။ ၁၉၆၃ ခုနှစ်၊ ဇန်နဝါရီလ ၁၇ ရက်နေ့တွင် မဆလပါတီ၏ တွေးခေါ်မြော်မြင်ရေးသဘောတရားဖြစ်သည့် “လူနှင့်ပတ်ဝန်းကျင်တို့၏ အညမညသဘောတရား” ကို ထုတ်ပြန်ကြေညာခဲ့သည်။

၁၉၆၄ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့တွင် ၁၉၆၄ အမျိုးသားစည်းလုံးညီညွတ်ရေးကို ကာကွယ်သည့်ဥပဒေကို ပြဋ္ဌာန်း၍ နိုင်ငံရေးပါတီအားလုံးနှင့် အသင်းအဖွဲ့များအားလုံးကို ဖျက်သိမ်းပစ်လိုက်သည်။

၁၉၆၄ ခုနှစ်၊ စက်တင်ဘာလတွင် ကြေးမုံ၊ ဗိုလ်တထောင်၊ ဂါးဒီးယန်းသတင်းစာများကို ပြည်သူပိုင်ပြုလုပ်၍ မီဒီယာအားလုံးကို အစိုးရထိန်း ချုပ်မှုအောက်သို့ ပြောင်းရွှေ့လိုက်သည်။

၁၉၆၅ ခုနှစ်၊ ဒီဇင်ဘာလ၆ရက်နေ့တွင် မဆလပါတီ၏ ပထမဆုံးအကြိမ် ပါတီနှီးနှောဖလှယ်ပွဲကိုလည်းကောင်း၊ ၁၉၆၆ ခုနှစ် နိုဝင်ဘာလ ၁၄ ရက်နေ့တွင် ဒုတိယအကြိမ်ပါတီနှီးနှောဖလှယ်ပွဲကိုလည်းကောင်း၊ ၁၉၆၈ ခုနှစ်၊ စက်တင်ဘာ ၂၃ မှ ၂၇ ရက်နေ့အထိ တတိယအကြိမ် ပါတီနှီးနှောဖလှယ်ပွဲကိုလည်းကောင်း၊ ၁၉၆၉ ခုနှစ်၊ နိုဝင်ဘာလ၆ရက်နေ့တွင် စတုတ္ထအကြိမ်ပါတီနှီးနှောဖလှယ်ပွဲကိုလည်းကောင်း ကျင်းပ ခဲ့သည်။

ယင်းနောက် ၁၉၇၁ ခုနှစ်၊ ဇွန်လ ၂၈ ရက်နေ့မှ ဇူလိုင်လ ၁၁ ရက်နေ့အထိ မဆလပါတီ ပထမအကြိမ်ပါတီညီလာခံကိုကျင်းပ၍ ဇူလိုင်လ ၉ ရက်နေ့တွင် ၁၉၆၂ ခုနှစ်၊ မတ်လ ၂ ရက်နေ့တွင်ဖွဲ့စည်းခဲ့သော တော်လှန်ရေးကောင်စီကို အသစ်ပြန်လည်ဖွဲ့စည်းခဲ့သည်။

၁၉၇၁ ခုနှစ်၊ ဇူလိုင်လ ၁၅ ရက်နေ့တွင် တော်လှန်ရေးကောင်စီ၏ကြေညာချက်အမှတ် ၉၁ အရ မြန်မာနိုင်ငံတော်လှန်ရေးအစိုးရကို ဖွဲ့စည်း ခဲ့သည်။ ထို့နောက် ၁၉၇၁ ခုနှစ်၊ စက်တင်ဘာလ၂၅ ရက်နေ့တွင် မဆလဗဟိုကော်မတီက ဗိုလ်ချုပ်ကြီးစန်းယု ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သော အဖွဲ့ဝင် ၉၇ ဦးပါ နိုင်ငံတော်ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေမူကြမ်း ရေးဆွဲရေးကော်မရှင်ကို ဖွဲ့စည်းလိုက်သည်။

ထို့နောက် ၁၉၇၄ ခုနှစ်၊ ဇန်နဝါရီလ ၃ ရက်နေ့တွင် ၁၉၇၄ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြည်လုံးကျွတ်ဆန္ဒခံယူပွဲဖြင့် အတည်ပြုပြဋ္ဌာန်းကြောင်း ကြေညာခဲ့သည်။ တစ်ပါတီအာဏာရှင်စနစ်ကိုအခြေခံထားသော ၁၉၇၄ ခုနှစ်၊ အခြေခံဥပဒေသည် ၁၉၆၂ ခုနှစ်၊ မတ်လ ၂ ရက်နေ့မှစပြီး ဖယ်ရှားပစ်ခဲ့သည်။ ၁၉၄၇ ခုနှစ်၊ အခြေခံဥပဒေကို အစားထိုးရန်ဖြစ်သည်။ ၁၉၆၂ ခုနှစ်မှ ၁၉၇၄ ခုနှစ်အထိ ၁၂ နှစ်တိုင်တိုင် အခြေခံဥပဒေ မရှိဘဲ စစ်အာဏာရှင်စနစ်ဖြင့်အုပ်စိုးခဲ့ပြီး ပြည်သူ့ဆန္ဒခံယူသည့် ရွေးကောက်ပွဲများလည်း မရှိပေ။

၁၉၇၄ ခုနှစ်၊ ဇန်နဝါရီလ၂၃ ရက်နေ့မှ ဖေဖော်ဝါရီလ ၁၀ ရက်နေ့အထိ ပထမအကြိမ်ပြည်သူ့လွှတ်တော်နှင့် ပြည်သူ့ကောင်စီအဆင့်ဆင့် ရွေးချယ်တင်မြှောက်ပွဲကို ကျင်းပသည်။ စုစုပေါင်းမဲဆန္ဒနယ် ၄၅၁နယ်တွင် မဲဆန္ဒနယ် ၄၅၀ တွင် တကြိမ်တည်းဖြင့် ကျင်းပခဲ့သည်။ ပလက် ဝမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်အမှတ် (၁) တွင် ရွေးချယ်တင်မြှောက်ပွဲပြုလုပ်သော်လည်း လာရောက်မဲဆန္ဒပေးသည့် လူဦးရေ၏ ထက်ဝက်ကျော် ဆန္ဒမဲမရသဖြင့် ကိုယ်စားလှယ်ရွေးချယ်တင်မြှောက်နိုင်ခြင်းမရှိခဲ့ချေ။ ဒုတိယအကြိမ် ရွေးချယ်တင်မြှောက်ပွဲအတွက် ကိုယ်စားလှယ်လောင်းအမည်စာရင်းတင်သွင်းရန် အချိန်မလုံလောက်သဖြင့် အဆိုပါမဲဆန္ဒနယ်၏ ရွေးချယ်တင်မြှောက်ပွဲကို ဖျက်သိမ်းခဲ့ရ သည်။

မဆလခေတ် ပြည်သူ့လွှတ်တော်နှင့်ပြည်သူ့ကောင်စီအဆင့်ဆင့် ရွေးချယ်တင်မြှောက်ပွဲများသည် မဲဆန္ဒနယ်တစ်ခုအတွက် ယှဉ်ပြိုင်သူမရှိ ဘဲ မဆလဗဟိုကော်မတီက ရွေးချယ်ပေးထားသည့် ပုဂ္ဂိုလ်တဦးတည်းကိုသာ ရွေးချယ်ပေးရသောကြောင့် ရွေးကောက်ပွဲဟု မခေါ်ထိုက်ပေ။ ရွေးချယ်ပုံမှာ မဆလပါတီဗဟိုကော်မတီမှ ၎င်းတို့စိတ်ကြိုက်ရွေးချယ်ထားသော ကိုယ်စားလှယ်လောင်း၏အမည်ကို မဲပုံးတွင်ရေးသား ထားပြီး ထောက်ခံသည့်မဲပုံး၌ “ထောက်ခံသည်” ဟူသော စာနှင့်အမှတ်အသားကိုလည်းကောင်း၊ ကန့်ကွက်သည့်မဲပုံး၌ “ကန့်ကွက်သည်” ဟူသော စာနှင့်အမှတ်အသားကို ပြည်သူလူထုအား ဆန္ဒပြုခိုင်းခြင်းပင်ဖြစ်သည်။

မဆလပါတီဗဟိုကော်မတီမှ ပြည်သူ့လွှတ်တော်နှင့် ပြည်နယ်၊ တိုင်း၊ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာအုပ်စုအဆင့်ဆင့်တွင် လျာထားပေးသူများ အား ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ ရွေးချယ်ပေးကြရသည်။ ဖြစ်သည့်နည်းဖြင့် ဆောင်ရွက်ပေးကြရသဖြင့် မသမာမှုမျိုးစုံ ပြုလုပ် ခဲ့ကြသည်။ အမည်းရောင်မဲပုံးမှ မဲများကို အဖြူပုံးသို့ နောက်ပိုင်းတွင် ပြောင်ပြောင်းထည့်ခြင်းများပင် ရှိခဲ့သည်။ မဲစာရွက်များကိုလည်း စိတ် တိုင်းကျပြုလုပ်၍ စာရင်းလိမ်တင်ပြကြသည်။

၁၉၇၄ ခုနှစ်၊ မတ်လ ၂ ရက်နေ့တွင် တော်လှန်ရေးကောင်စီကို ဖျက်သိမ်းကြောင်းကြေညာ၍ ပထမအကြိမ်ပြည်သူ့လွှတ်တော် ပထမအစည်း အဝေး၏ ပထမနေ့တွင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၆၄ အရ ပြည်သူ့လွှတ်တော်က နိုင်ငံတော်ကောင်စီကို ဖွဲ့စည်းခဲ့သည်။ နိုင်ငံတော် ကောင်စီဝင်များမှာ …
(၁) ဦးနေဝင်း – ဥက္ကဌ
(၂) ဗိုလ်ချုပ်ကြီးစန်းယု – အတွင်းရေးမှူး
(၃) ဦးကျော်စိုး – နိုင်ငံတော်ကောင်စီဝင်
(၄) ဦးကျော်ဇော – နိုင်ငံတော်ကောင်စီဝင်
(၅) ဗိုလ်မှူးကြီးကျော်ဇော – နိုင်ငံတော်ကောင်စီဝင်
(၆) ဦးခင်ဇာမုံ – နိုင်ငံတော်ကောင်စီဝင်
(၇) ဦးခင်မောင် – နိုင်ငံတော်ကောင်စီဝင်
(၈) ဦးစိုးလှိုင် – နိုင်ငံတော်ကောင်စီဝင်
(၉) ဦးစဝ်အုံးညှာ – နိုင်ငံတော်ကောင်စီဝင်
(၁၀) ဦးတင်သိန်း – နိုင်ငံတော်ကောင်စီဝင်
(၁၁) ဦးထွန်းမြင့် (လင်းခေး) – နိုင်ငံတော်ကောင်စီဝင်
(၁၂) ဦးထွန်းလင်း – နိုင်ငံတော်ကောင်စီဝင်
(၁၃) ဦးဒိန်ရတန် – နိုင်ငံတော်ကောင်စီဝင်
(၁၄) ဦးဘငြိမ်း – နိုင်ငံတော်ကောင်စီဝင်
(၁၅) ဗိုလ်မှူးကြီးမင်းသိမ်း – နိုင်ငံတော်ကောင်စီဝင်
(၁၆) ဒေါက်တာမောင်မောင် – နိုင်ငံတော်ကောင်စီဝင်
(၁၇) ဒေါက်တာမောင်လွင် – နိုင်ငံတော်ကောင်စီဝင်
(၁၈) ဦးမန်းစံမြတ်ရွှေ – နိုင်ငံတော်ကောင်စီဝင်
(၁၉) ဦးလှထွန်းဖြူ – နိုင်ငံတော်ကောင်စီဝင်
(၂၀) ဒေါက်တာလှဟန် – နိုင်ငံတော်ကောင်စီဝင်
(၂၁) ဦးသာဒင် – နိုင်ငံတော်ကောင်စီဝင်
(၂၂) ဦးသောင်းကြည် – နိုင်ငံတော်ကောင်စီဝင်
(၂၃) ဗိုလ်မှူးချုပ်သောင်းတင် – နိုင်ငံတော်ကောင်စီဝင်
(၂၄) ဗိုလ်မှူးချုပ်သောင်းဒန် – နိုင်ငံတော်ကောင်စီဝင်
(၂၅) ဦးသန်စိန် – နိုင်ငံတော်ကောင်စီဝင်
(၂၆) ဦးသန်းစိန် () – နိုင်ငံတော်ကောင်စီဝင်
(၂၇) ဒေါက်တာသိန်းအောင် – နိုင်ငံတော်ကောင်စီဝင်
(၂၈) သခင်အောင်သင်း – နိုင်ငံတော်ကောင်စီဝင်
(၂၉) ဦးစိန်ဝင်း – နိုင်ငံတော်ကောင်စီဝင်တို့ဖြစ်သည်။

၁၉၇၄ခုနှစ်၊ အခြေခံဥပဒေပုဒ်မ (၆၆) အရ နိုင်ငံတော်ကောင်စီဥက္ကဌသည် နိုင်ငံတော်သမ္မတဖြစ်သောကြောင့် နိုင်ငံတော်ကောင်စီဝင်များက နိုင်ငံတော်ကောင်စီဥက္ကဌဦးနေဝင်းအား သမ္မတအဖြစ်ရွေးချယ်တင်မြှောက်ခဲ့ကြသည်။ ဤသို့ဖြင့် လူထုဆန္ဒမပါဘဲ လက်နက်အားကိုးဖြင့် အာဏာယူထားသည့် ဦးနေဝင်းသည် တရားဝင်အပ်နှင်းအသွင်ဖြင့် သမ္မတဖြစ်လာခဲ့သည်။

၁၉၇၄ ခုနှစ်၊ မတ်လ ၃ ရက်နေ့တွင် ပထမအကြိမ်ပြည်သူ့လွှတ်တော်အစည်းအဝေး ဒုတိယနေ့ကို ဆက်ဆက်ကျင်းပ၍ နိုင်ငံကောင်စီက ဝန်ကြီးအဖွဲ့ဝင် ၁၈ ဦးအား ရွေးချယ်တင်မြှောက်ကြသည်။ ဝန်ကြီးအဖွဲ့ဝင်များမှာ …
(၁) ဦးစိန်ဝင်း – ဝန်ကြီးချုပ်
(၂)ဦးလွင် – ဒုဝန်ကြီးချုပ်၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနဝန်ကြီး
(၃) ဦးကိုကို – ပြည်ထဲရေးနှင့်သာသနာရေးဝန်ကြီးဌာနဝန်ကြီး
(၄) ဦးမောင်မောင်ခ – စက်မှုဝန်ကြီးဌာနဝန်ကြီး
(၅) ဒေါက်တာညီညီ – သတ္တုတွင်းဝန်ကြီးဌာနဝန်ကြီး
(၆) ဦးသားကျော် – ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာနဝန်ကြီး
(၇) ဦးထင်ကျော် – ဆောက်လုပ်ရေးဝန်ကြီးဌာနဝန်ကြီး
(၈) ဗိုလ်မှူးကြီးစိန်လွင် – သမဝါယမဝန်ကြီးဌာနဝန်ကြီး
(၉) ဗိုလ်မှူးကြီးကြည်မောင် – ကျန်းမာရေးဝန်ကြီးဌာနဝန်ကြီး
(၁၀) ဒေါက်တာခင်မောင်ဝင်း- ပညာရေးဝန်ကြီးဌာနဝန်ကြီး
(၁၁) ဗိုလ်မှူးချုပ်တင်ဦး – ကာကွယ်ရေးဝန်ကြီးဌာနဝန်ကြီး
(၁၂) ဦးရဲခေါင် – လယ်ယာနှင့်သစ်တောဝန်ကြီးဌာနဝန်ကြီး
(၁၃) ဦးစန်ဝင်း – ကုန်သွယ်ရေးဝန်ကြီးဌာနဝန်ကြီး
(၁၄) ဦးထွန်းတင် – အလုပ်သမားဝန်ကြီးဌာနဝန်ကြီး
(၁၅) ဦးချစ်ခင် – ပြန်ကြားရေးဝန်ကြီးဌာနဝန်ကြီး
(၁၆) ဦးဗန်ကူးလ် – လူမှုဝန်ထမ်းဝန်ကြီးဌာနဝန်ကြီး
(၁၇) ဦးအေးမောင် – ယဉ်ကျေးမှုဝန်ကြီးဌာနဝန်ကြီး
(၁၈) ဦးလှဘုန်း – နိုင်ငံခြားရေးဝန်ကြီးဌာနဝန်ကြီး တို့ဖြစ်သည်။

ထို့နောက် ၁၉၇၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် ဒုတိယအကြိမ်ပြည်သူ့လွှတ်တော်နှင့်ပြည်သူ့ကောင်စီအဆင့်ဆင့် ရွေးချယ်တင်မြှောက်ပွဲနှင့်ဆန္ဒမဲပေးပွဲကိုလည်းကောင်း၊ ၁၉၈၁ ခုနှစ်၊ အောက်တိုဘာလ ၄ ရက်နေ့တွင် တတိယအကြိမ် ပြည်သူ့လွှတ်တော်နှင့်ပြည်သူ့ကောင်စီ အဆင့်ဆင့်ရွေးချယ် တင်မြှောက်ပွဲများကိုလည်းကောင်း၊ ၁၉၈၅ ခုနှစ်၊ အောက်တိုဘာလ ၆ ရက်နေ့မှ၂၀ ရက်အထိ စတုတ္ထအကြိမ်ပြည်သူ့ လွှတ်တော်နှင့် ပြည်သူ့ကောင်စီအဆင့်ဆင့်ရွေးချယ်တင်မြှောက်ပွဲကိုလည်းကောင်း ကျင်းပခဲ့သည်။

၁၉၈၈ ခုနှစ်၊ ဇူလိုင်၂၃ ရက်နေ့တွင် မဆလပါတီအရေးပေါ်ပါတီညီလာခံကို ကျိုက္ကဆံကွင်း ဆရာစံခန်းမ၌ကျင်းပ၍ မတ်လနှင့် ဇွန်လအတွင်း ဖြစ်ပွားခဲ့သော လူထုအုံကြွမှုဖြစ်ပွားခဲ့ရမှုတွင် သွယ်ဝိုက်၍ တာဝန်မကင်းဟုယူဆသောကြောင့်လည်းကောင်း၊ အသက်အရွယ်ထောက်လာသောကြောင့်လည်းကောင်း ပါတီဥက္ကဌတာဝန်နှင့် ပါတီဝင်အဖြစ်မှ နှုတ်ထွက်ခွင့်ပြုရန် မေတ္တာရပ်ခံခဲ့သည်။ ၎င်းနှင့်တပါတည်းနှုတ်ထွက် ခွင့်ပြုရန်အတွက် လုပ်ဖော်ကိုင်ဖက်များဖြစ်ကြသော ဦးစန်းယု၊ ဦးအေးကို၊ ဦးစိန်လွင်၊ သူရဦးထွန်းတင်နှင့် သူရကျော်ထင်တို့ကလည်း နှုတ် ထွက်လွှာတင်ထားကြောင်း ပြောကြားခဲ့သည်။

တချိန်တည်းမှာပင် ညီလာခံသို့ တပါတီစနစ်နှင့်ပါတီစုံစနစ်နှစ်ခုအနက် မည်သည့်စနစ်ကိုရွေးချယ်ကြောင်း၊ တပြည်လုံးရွေးကောက်ပွဲ ကျင်းပပြီး အဆုံးအဖြတ်ခံယူရန် ပါတီစုံစနစ်ကိုထောက်ခံလျှင် ထွက်လိုသူများ၏ဆန္ဒကို လိုက်လျောခွင်ပြုပြီး ကျန်ပါတီဝင်များက နိုင်ငံတော် ၏တာဝန်များကို ဆက်လက်ထမ်းဆောင်ရန် မည်သည့်စနစ်ကို လူထုကထောက်ခံစေကာမူ ပါတီဥက္ကဌအနေဖြင့် နိုင်ငံရေးကိုကျောခိုင်း မည်ဖြစ်ကြောင်း နောင်တွင် ဆူပူမှုဖြစ်ပွားပါက “စစ်တပ်ဆိုတာ သေနတ်ကို မိုးပေါ်ထောင်မပစ်ဘူး၊ တည့်တည့်သာပစ်ကြောင်း” စစ်တပ်နှင့် ပြည်သူကို သွေးခွဲ၍ စစ်တပ်ကို ထိရောက်စွာအသုံးချရေးတို့ကို ပန်ကြားသွားခဲ့သည်။

ညီလာခံက ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကျင်းပရေးအားပယ်ချလိုက်ပြီး ပါတီဥက္ကဌ၊ ဒုတိယဥက္ကဌတို့ကို ပါတီဝင်အဖြစ်မှ နှုတ်ထွက်ခွင့်မပြုဘဲ အနားယူခွင့်ပေးခဲ့သည်။ နှုတ်ထွက်ခွင့်တင်ပြထားသော အခြားခေါင်းဆောင်ကိုလည်း နှုတ်ထွက်ခွင့်မပြုပေ။

ဇူလိုင်လ ၂၆ ရက်နေ့တွင်ကျင်းပသော ဗဟိုကော်မတီ ဒဿမကြိမ်အစည်းအဝေးတွင် ဦးစိန်လွင်အား ပါတီဥက္ကဌအဖြစ် တင်မြှောက်ခံကြ သည်။ ထို့ပြင်နိုင်ငံတော်ဝန်ကြီးချုပ် ဦးမောင်မောင်ခနှင့် ပြည်သူ့ဥပဒေအကျိုးဆောင်အဖွဲ့ ဥက္ကဌဦးမြင့်မောင်တို့အား မတ်လအတွင်းကဖြစ် ပွားခဲ့သော လူထုအုံကြွမှုအရေးအခင်းတွင် တာဝန်မကင်းကြောင်းတွေ့ရှိရသဖြင့် ရာထူးမှနှုတ်ပယ်ခဲ့သည်။

ဇူလိုင်လ၂၇ ရက်နေ့တွင် စတုတ္ထအကြိမ် ပြည်သူ့လွှတ်တော်အရေးပေါ်အစည်းအဝေးကို ဆက်လက်ကျင်းပ၍ ဦးစိန်လွင်အား နိုင်ငံတော် ကောင်စီဥက္ကဌနှင့် သမ္မတအဖြစ်ရွေးချယ်တင်မြှောက်ခဲ့သည်။ ထို့အပြင် နိုင်ငံတော်ကောင်စီအတွင်းရေးမှူးအဖြစ် သူရဦးကျော်ထင်၊ နိုင်ငံ တော်ဝန်ကြီးချုပ်အဖြစ် သူရဦးထွန်းတင်နှင့် ပြည်သူ့ဥပဒေအကျိုးဆောင်အဖွဲ့ ဥက္ကဌအဖြစ် ဒေါက်တာမောင်မောင်တို့ကို ရွေးချယ်ခဲ့သည်။

၁၉၈၈ ခုနှစ်၊ သြဂုတ်လ ၈ ရက်နေ့ မြန်မာတဝှမ်းလုံး ရှစ်လေးလုံး ပြည်သူ့ဒီမိုကေရစီအရေးတော်ပုံကြီးဖြစ်ပွာရာ ရဟန်းရှင်လူကျောင်းသားပြည်သူတရပ်လုံးက ဒီမိုကရေစီအရေးအတွက် အသက်ပေါင်းများစွာ စွန့်လွှတ်လှူကာ ရဲဝင့်စွာတောင်းဆို တိုက်ပွဲဝင်ခဲ့သည်။

ဖြစ်ပွားခဲ့သော ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံကြီးကို ထိန်းမရသိမ်းမရသည့်အဆုံး ၁၉၈၈ ခုနှစ်၊ သြဂုတ်လ ၁၂ ရက်နေ့တွင် ဦးစိန် လွင်အား နိုင်ငံတော်ကောင်စီဥက္ကဌ၊ သမ္မတတာဝန်နှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် နှုတ်ထွက်ခွင့်ပြုခဲ့သည်။

ယင်းနောက် သြဂုတ်လ ၁၉ ရက်တွင် နိုင်ငံတော်ကောင်စီဥက္ကဌနှင့်သမ္မတအဖြစ် ဒေါက်တာမောင်မောင်အားရွေးချယ် တင်မြှောက်ခဲ့ကြသည်။ ယင်းနေ့မှာပင် သမ္မတဒေါက်တာမောင်မောင်သည် နိုင်ငံတော်ကောင်စီ၏ ကြေညာချက် အမှတ် ၇/၈၈ ဖြင့် ပြည်သူ့ဆန္ဒလေ့လာစုံစမ်းရေး ကော်မရှင်ကို ဖွဲ့စည်းထုတ်ပြန်ခဲ့သည်။ ၁၉၈၈ ခုနှစ်၊ စက်တင်ဘာလ ၁၁ ရက်နေ့တွင် စတုတ္ထအကြိမ် ပြည်သူ့လွှတ်တော်အရေးပေါ်အစည်း အဝေးကျင်းပ၍ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကော်မရှင်ကို ဖွဲ့စည်းပေးခဲ့သည်။

ထို့နောက် ၁၉၈၈ ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက်နေ့တွင် မဆလပါတီ အထွေထွေအတွင်းရေးမှူး ဦးအေးကိုက ပြည်သူ့တပ်မတော်၊ ပြည်သူ့ ရဲနှင့် ဝန်ထမ်းများအား လမ်းစဉ်ပါတီ ပါတီဝင်အဖြစ်မှ နှုတ်ထွက်ခွင့်ပြုကြောင်း ကြေညာခဲ့သည်။ သို့သော် ပြည်သူလူထုတရပ်လုံးက ဒေါက် တာမောင်မောင်အား ရွေးကောက်ပွဲကျင်းပရေးအစား ကြားဖြတ်အစိုးရဖွဲ့စည်းရေးကိုသာ အတွင်တွင်တောင်းဆိုဆန္ဒပြနေသဖြင့် ကာကွယ် ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးစောမောင် ဥက္ကဌအဖြစ်ဆောင်ရွက်သော နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့မှ ကြေညာချက် (၁/၈၈) ဖြင့် နိုင်ငံတော်အာဏာအရပ်ရပ်ကို တပ်မတော်က လုံးဝတာဝန်ယူလိုက်ကြောင်း ၁၉၈၈ခုနှစ် စက်တင်ဘာလ ၁၈ရက်နေ့ ညနေပိုင်း တွင် ထုတ်ပြန်ကြေညာ၍ ဒေါက်တာမောင်မောင်ထံမှ အာဏာလွှဲပြောင်းယူလိုက်ကြောင်း တတိယအကြိမ်မြောက် စစ်တပ်မှအာဏာသိမ်း လိုက်လေသည်။ ဤသို့ဖြင့် မြန်မာနိုင်ငံရေးသမိုင်းတွင် စစ်တပ်မှ အာဏာသိမ်းမှုသုံးကြိမ်ရှိခဲ့ရာ ၁၉၅၈ ခုနှစ်တွင် တစ်ကြိမ်၊ ၁၉၆၂ခုနှစ်တွင် တစ်ကြိမ်၊ ယခု ၁၉၈၈ ခုနှစ်တွင် တစ်ကြိမ်၊ ပေါင်းသုံးကြိမ်အဖြစ် မြန်မာ့သမိုင်းစာမျက်နှာတွင် အမည်းကွက်စွန်းထင်းသွားခဲ့ရလေသည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Related posts

Tags: ,

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:သန်းဝင်းလှိုင်

One Response to မြန်မာနိုင်ငံတွင်ကျင်းပပြီးခဲ့သောရွေးကောက်ပွဲများကို စစ်တမ်းထုတ်ကြည့်ခြင်း – အပိုင်း (၆)

  1. Set Htun on April 10, 2012 at 11:21 am

    Thank you Saya Than Win Hlaing ! please contribute to ABSDF history, origin, split, collapse and movements with present scenario.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ်

By

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ် (မိုးမခစာအုပ်စင်) ဒီဇင်ဘာ ၂၆၊ ၂၀၁၈...

Read more »

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ

By

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ မိုးမခစာအုပ်စင်၊ ဒီဇင်ဘာ ၈၊...

Read more »

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ

By

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၄၊ ၂၀၁၈ မိုးမခစာပေက ထုတ်ဝေပြီး...

Read more »

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ

By

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ (မိုးမခစာအုပ်စင်) အောက်တိုဘာ ၁၈၊ ၂၀၁၈...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

Tags

(all tags)