မြူတိမ်ဝေေ၀ .. တောင်ခိုးဝေးဝေး (၂၄)

April 8, 2012

မေခ
ဧပြီ ၈၊ ၂၀၁၂ ((Twilight over Burma – Serial Translation))
နမ့်ပန်းပြည်နယ်ထဲက ပလောင်ရွာသုံးရွာက ရွာသုံးရွာကိုကွေ့ပတ်ဖောက်လုပ်ပြီး နမ့်ပန်းပြည်နယ် လမ်းမကြီးနှင့်ဆက်သွယ်ထားသော ကိုးမိုင်ရှည်သည့် လမ်းသစ်ဖွင့်ပွဲကို သူတို့ ခွန်မိန်းမောင်နှံအား တက်ရောက်ဖွင့်ပေးဖို့တောင်းဆိုကြလေသည်။ ငါးနာရီခန့် ကားကိုအပြင်း မောင်းပြီးသောအခါ နောက်ဆုံးတွင် လမ်းအဆုံးဖြစ်သောနေရာ လမ်းသစ်၏အစကိုရောက်လေသည်။ ရွာက ပလောင်ကလေးများသည် လမ်းဘေးတဘက်တချက်ဆီတွင် ရပ်နေကြသည်။ ကြိုဆိုရေးကော်မတီကလူကြီးများသည် ထရပ်ကားများပေါ်မှခုန်ချပြီး သူတို့ဧည့်သည် ကို ဝမ်းပန်းတသာ ကြိုဆိုကြလေသည်။

စဝ်က လမ်းသစ် ဖဲကြိုးဖြတ်ပေးသည်။ ဆုတောင်းမေတ္တာများပို့သသည်။ ပြီးနောက် စကားနည်းနည်း မိန့်ချွေလေ၏။ ထိုသို့ ရွာသုံးရွာအတွက် သုံးကြိမ်တိုင်အောင်ပြုလုပ်ရသည်။ ရွာသုံးရွာက ဤစီမံကိန်းတွင် အတူတကွ ပူးပေါင်းပါဝင်လုပ်ဆောင်ကြလေသည်။ နောက်ဆုံးတော့ သူ တို့ ပင်လောင်းရွာကြီးသို့ရောက်လေသည်။

သူတို့အတွက် ကြီးမားသောပွဲစင်ကြီးထိုးထားပြီး သီချင်းများ၊ အကများ၊ တေးသံများ၊ ပန်းများ၊ လှပသောပလောင်မလေးများ စိတ်လှုပ်ရှား နေကြသောကလေးများနှင့် တောင်ပေါ်စာများဖြင့် ဧည့်ခံကြလေသည်။ ခရိုင်လူကြီးသည် လမ်းဘေးက ယာယီဆောက်ထားသော ဝါးတဲ မဏ္ဍာပ်တွင် သူကိုယ်တိုင်ပဲ သူ၏ခွန်မိန်းအား အစားအစာများဖြင့်တည်ခင်းလေသည်။ စဝ်နှင့်သုစန္ဒာတို့ လူတွေကြားမှာ စားသောက်နေကြ စဉ်တွင် ၁၅ဝ သော ပလောင်အိမ်ရှင်မများက သူတို့ လုပ်သမျှကို ငေးစိုက်ကြည့်နေကြလေသည်။သုစန္ဒာသည် သရေကျစရာကောင်းလှသော ဟင်းတွေကို သတိရနေမိသေးလေသည်။ ဒီလောက်အရသာရှိသော ဟင်းတွေကို အရင်က မစားခဲ့ဖူးသေးချေ။ ဆလပ်ရွက်နှင့်ရောထားသော ပရွက်ဆိတ်ဥအချဉ်များ၊ တထုတ်ထုတ်ဝါးစားနိုင်သော ဝက်နားရွက်သုပ်၊ မွှေးပြန့်အရသာရှိသော ပန်းဖူးကြော်၊ အဆီနစ်နေသော ဝါးပိုး ကြော် စသည်တို့ဖြစ်လေသည်။ နောက်ထပ်အစာများကို မမှတ်မိတော့ပေ။ သူမကတော့ ကျွေးသမျှ အရသာရှိသောအစာအားလုံးကို နောင်တမရပဲစားလေသည်။

ရွာသားများသည် စဝ်နှင့်သုစန္ဒာတို့ကို စကားပြောခွင့်ရဖို့စိတ်ရှည်စွာ စောင့်ကြရလေသည်။ သူတို့သည် စိတ်ထဲကဂုဏ်ယူမှုကို ထုတ်ဖော်ပြ သကြသည်။ လမ်းသစ်အတွက် အလွန်ကျေးဇူးတင်ကြသည်။ သည်လမ်းသစ်မှ နှစ်စဉ် လက်ဖက် ၆၅ဝဝဝဝ ကီလိုဂရမ် (တန်၇ဝဝ ထက်ပို သော) ကို ဈေးကွက်သို့ပို့ပေးရလေသည်။ ဘူဟန်းက နောက်ထပ်ကြေငြာသည်မှာ နောက်စီမံကိန်းတခုလည်း စတင်နေပါပြီ၊ ထိုစီမံကိန်းမှာ ရွာများဆီသို့ ရေပိုက်သွယ်တန်းသောစီမံကိန်းဖြစ်ပါတယ်ခင်ဗျား။ ပလောင်ရွာသားများသည် နှစ်ပေါင်းမည်မျှပင်ကြာကြာ မှတ်မိနေကြ မည်ဖြစ်လေသည်။ ရေစက်တိုင်းကို တမိုင်ခွဲဝေးသော စမ်းချောင်းဆီမှနေ၍ရွာတွေဆီသို့ သွယ်တန်းထားခြင်းဖြစ်လေသည်။

ရေပိုက်သွယ်တန်းတာတွေ ပြီးသွားပြီလားဆိုတာသိချင်လို့ သုစန္ဒာသည် အဝေးကြည့်မှန်ပြောင်းဖြင့် တကြိမ်ထပ်ကြည့်ပြန်လေသည်။ ပင် လောင်းရွာသို့သွားခဲ့ရသော ပျော်စရာအမှတ်တရလေးများကိုပြန်တွေးမိသဖြင့် သုစန္ဒာသည် သူ့လင်တော်မောင်ကို စိတ်ဆိုးပြေပြီး ခွင့်လွှတ် လိုက်တော့သည်။

“ကျမတို့အခု ပြန်လို့ရပြီလား” သူမ စဝ်ကိုပြောလိုက်သည်။ နမ့်ဆမ်မှထွက်လာကတည်းက သူမ ပထမဆုံးပြုံးခြင်းဖြစ်သည်။
“မောင် စိတ်မကောင်းပါဘူးအချစ်ရယ်။ မောင်က အတော်အသုံးမကျတာတွေလုပ်တာပဲ” စဝ်ကပြန်ပြောပြီး ခေါင်းကိုခါရမ်းနေတော့သည်။

“ဒီနေရာကနေထွက်ကြစို့ သဘောတူပါတယ်”
စဝ်သည် ကားကို ပြန်ပြီးလှည့်လို့ရသော နေရာထိကားကိုနောက်ပြန် မိုင်အတော်မောင်းခဲ့ရလေသည်။

သူတို့သည် နောက်ထပ်သွားစရာမရှိတော့သဖြင့် နမ့်ဆမ်တွင် နောက်သုံးရက်ဆက်နေခဲ့ကြသည်။ စဝ်ကတော့ သိနေပါသည်။ သူတို့အပြန် ခရီးသည် တောင်ပေါ်မှကားကို တောက်လျှောက် နမ့်ပန်းအထိ မောင်းသွားရုံပဲဖြစ်သည်။

အေးချမ်းလှသော နေ့နှင့်ညပေါင်းများစွာ ကုန်လွန်သွားပြီးနောက်မှာတော့ သူတို့သည် အိမ်ပြန်ဖို့စောင့်မျှော်နေမိကြတော့သည်။ ကလေး တွေက သူတို့ကစားစရာအရုပ်လေးတွေနှင့် ရင်းနှီးကျွမ်းဝင်သောမိသားစုဝန်းကျင်ကို မမြင်ရတာကြာနေပြီဖြစ်သည်။ စဝ်ကလည်း သူ့ဆား စီမံကိန်းဆွဲဖို့အတွက် ပြန်ချင်နေပြီ။ သုစန္ဒာကလည်း လာမဲ့သင်္ကြန်ပွဲအတွက် ကြိုတင်ပြင်ဆင်စရာများကိုလုပ်ဖို့ ပြန်ချင်နေမိလေသည်။

နမ့်ပန်းက အပူချိန်သည် ၁ဝဝ ဒီဂရီအထက်ကို တက်နေသည်။ အဲကွန်းတင်းရှင်းအတွက် မီတာခတွေကလည်း တအားတက်လာနေလေ သည်။ စဝ်နှင့်သုစန္ဒာတို့သည် ညနေတိုင်ဆိုရင် ဖိနပ်မစီးပဲအေးမြသောမြက်ခင်းပြင်ပေါ်တွင် အချိန်ဖြုန်းကြသည်။ သို့သော်ငြားလည်း သူ တို့သည် ကားမောင်းပြီးပြန်လာရလို့ မောပန်းနွမ်းနယ်နေသည်။ မြက်ခင်းပြင်ပေါ်မှာ ညသန်းခေါင်ထိထိုင်နေလိုက်ကြသည်။ အေးမြသော လေညှင်းနှင့်အတူ နမ့်ဆမ်ကိုသွားလည်ခဲ့ကြသော နွေခရီးလေးကို ပြန်ပြောနေမိကြလေသည်။ သုစန္ဒာသည် သူမ၏ပုံမှန်နေ့စဉ်လုပ်စရာများ ကို ပြန်လည်စီစဉ်ပြီးမှ မနက်ကျရင် အိပ်ရာမှနောက်ကျပြီးထမည်ဟု တွေးထားလိုက်လေသည်။

◊ ◊ ◊

“ဘယ်နှစ်နာရီ ရှိပြီလဲ …”
အိပ်ခန်းတံခါးကို ညင်သာစွာခေါက်နေသံကြားလိုက်ရသောအခါ သုစန္ဒာသည် စဝ်ကိုမေးလိုက်ရင်း ခြေလက်ဆန့်ထုတ်လိုက်ပြီး အိပ်ရာမှ ထဖို့ကြိုးစားလိုက်လေသည်။

“၅နာရီခွဲ။ ဒီအချိန်ဘာလုပ်ဖို့ရှိလဲ မောင်မသိပါဖူး” စဝ်သည်ဖြေလိုက်ရင်းက စိတ်မပါစွာဖြင့် အိပ်ရာမှထကာ သူ့ညှပ်ဘိနပ်ကို ရှာနေလေ သည်။ သူက တံခါးဆီထသွားသည်။ သုစန္ဒာက သက်တော်စောင့်ခေါင်းဆောင်လူကြီး ဘူကောင်း၏ တိုးတိုးတိုးတိုးဖြင့် မြွေအကြောင်း စိတ် လှုပ်ရှားစွာပြောနေသံကိုကြားလိုက်ရသည်။ သူတို့ပြန်လာပြီး မနက်အာရုံမှာ ဘူကောင်းက ဘာဖြစ်လို့များ လာနိုးရတာလဲဟု တွေးနေမိစဉ် မြွေကြောင့်ဟုသိလိုက်ရ၍ သူမသည် မျက်လုံးကိုပွတ်ပြီး အိပ်ရာပေါ်တွင် ထထိုင်လိုက်မိတော့သည်။

“ကြက်ခြံထဲမှာ စပါးကြီးမြွေ တကောင်ရောက်နေတယ်” စဝ်သည်ပြောပြီး သူ့ကာကီဘောင်းဘီနဲ့ စပို့စ်ရှပ်လေးကို ခပ်သွက်သွက်ဆွဲယူပြီး ထွက်သွားလေသည်။

“ကျမလည်း လာခဲ့မယ်” သူမကသူ့နောက်က အော်ပြောလိုက်သည်။ သို့သော် သူက မစောင့်ချေ။သူမသည် နောက်ကျမှ အိပ်ရာမှထဖို့စီစဉ် ထားခဲ့သော်လည်း အိပ်ရာမှယောင်ပြီးထလိုက်လေသည်။ သူမသည် ကျုံးနောက်ဘက်တွင်ရှိသော သူတို့၏ စမ်းသပ်မွေးမြူထားသော ကြက်ခြံတွေရှိရာ စဝ်၏နောက်သို့လိုက်ချသွားလေသည်။

သူမသည် အမြဲပင် တောခရီးထွက်စဉ်က မြွေကိုတွေ့ဖူးချင်သော်လည်း မတွေ့ဖူးခဲ့ချေ။ အခုတော့မူ စဝ်က တရုတ်လက်သမားဆရာ အာဝ ကိုပုံဆွဲပေးပြီး ကျွန်းသစ်ဖြင့်ဆောက်ခိုင်းခဲ့သော ကြက်ခြံအတွင်းတွင် မြွေတကောင်ရောက်နေသည်။ ဤကြီးမားသော အဆောက်အဦးကို ရိုးရိုးကြက်တွေမွေးဖို့မဟုတ်ဘဲ ကမ္ဘာတဝက်ဝေးသောနေရာမှ မှာယူခဲ့ရသော ရိုဒီအိုင်းလင်းရက်စ်ကြက် ဒါဇင်ကိုထားဖို့ဖြစ်လေသည်။ သူ သည် ဒေသခံကြက်မတွေနှင့် မျိုးစပ်ဖို့ဖြစ်လေသည်။ ဒေသခံကြက်မများသည် ရှက်ရွံ့သေးငယ်ပြီး ဥကလည်း သေးသေးလေးတွေ နည်း နည်းသာ ဥကြလေသည်။ ကြီးမားသောကြက်များတင်သွင်းလာသောအခါ “လေ့အတိုင်းပြုလုပ်ထားသော ကြက်လှောင်အိမ်တွင် မွေးမြူဖို့ ရွေးချယ်ထားသော နယ်ခံကြက်မများနှင့် ရောနှောထားလိုက်လေသည်။ သုစန္ဒာသည် သည်အနုပညာမြောက်စွာဆောက်လုပ်ထားသော ကြက်ခြံအိမ်ကို မကြာခဏ လာလာကြည့်မိလေသည်။ အလုံပိတ်ထားသော လသာဆောင်ပါသည်။ ကာရံထားသော လဟာပြင်ကျယ်ပါ သည့်အတွက် မုတ်သုန်ရာသီကြောင့် တန်ဖိုးရှိသည့်ကြက်တွေ အဆင်ပြေမှာသေချာလေသည်။ ပြောလို့ဆိုလို့ရသော မြွေသည်ကြက် တွေကြားမှာ ခွေနေပါစေဟု သူမမျှော်လင့်နေမိလေသည်။

သုစန္ဒာ ကျုံးဒေါင့်နားလှည့်လိုက်သောအခါ ပြင်းထန်စွာလှုပ်ရှားသံကို ကြားလိုက်ရလေသည်။ ကြက်တွေ အထိတ်တလန့် ကြောက်အား လန့်အား ခုန်ပျံအော်ဟစ်သံ ပြင်းပြင်းထန်ထန်အော်သံနှင့် လူများ၏အော်သံများကို ကြားလိုက်ရသည်။ ထိုအသံတွေကြားတွင် စဝ်၏ “မပစ် နဲ့ မ…ပစ်…နဲ့ …ဦး” ….

များစွာသော မိန်းမများ၊ ကလေးများသည် ကြက်ခြံအိမ်နှင့် ခတ်ဝေးဝေးမှ ရိုသေလေးစားစွာဖြင့် ရပ်ကြည့်နေကြသည်။ ထိုကြက်ခြံအိမ်မှ ဆူညံသော အသံမျိုးစုံထွက်ပေါ်နေခြင်းဖြစ်သည်။ သုစန္ဒာသည် သိလိုစိတ်ပြင်းပြစွာဖြင့် တိုးသွားလိုက်သည်။ ဆယ်ကိုက်အကွာ ကြက်ခြံ ဝင်ပေါက်တွင်ပိတ်ပြီး ဘူကောင်းရပ်နေသည်။ ပိတ်နေရာမှ ဘူကောင်းအမြန်ဖယ်သွားသောအခါ သူမ၏ချည်းကပ်သွားသည်။

“မယ်ဘုရား စံအိမ်တော်ကို အမြန်ပြန်ပါ။ ကျေးဇူးပြုပြီး မိန်းမတွေ ကလေးတွေကို ဒီနေရာက အမြန်ခေါ်သွားပေးပါ။ ကျွန်တော်တို့ မြွေကြီး ကိုပစ်တော့မယ်”
“နေပါဦး မင်းက ဘာလို့ ဒီစပါးကြီးမြွေကြီးကိုပစ်ချင်နေရတာလဲ” သုစန္ဒာကမေးပြီး ရှေ့ကို တဖြည်းဖြည်းဖိတိုးသွားနေသည်။

“ဘာလို့လဲဆိုတော့ ဒီမြွေကြီးက ကျွန်တော်တို့ရဲ့ ရိုဒီအိုင်းလင်းရက်စ်ကြက်ကြီးတွေကို စားပစ်လို့ပါ။ ဒီကကြက်တွေလို ပြန်မရနိုင်ဖူးလေ” ဆူညံပွက်လောရိုက်နေသော ကြက်တွေအော်သံကြားမှ ဘူကောင်းအော်ပြီးပြောနေသည်။

သုစန္ဒာသည် ချက်ခြင်းပင်နားလည်သွားသည်။ သူမ၏ထုံအအ စိတ်ကူးအတွေးတွင် ဒီစပါးကြီးမြွေကြီးဖြင့် ခင်မင်ရင်းနှီးစွာ တွေ့ဆုံကြလိမ့် မည်ဟု ထင်လုံးသက်သက်မျှသာ တွေးနေမိခြင်းဖြစ်လေသည်။

“မပစ်ပဲ တခြားနည်းလမ်းနဲ့ မလုပ်နိုင်ဖူးလား” သူမသည် အသံကုန်ဟစ်ပြီးအော်ပြောလိုက်သည်။
“ဇင်းနနဲ့ စံအေးတို့ မြွေကြီးကိုဖမ်းဖို့လုပ်နေကြပါတယ်။ ဒါပေမယ့် မြွေကြီးက သူ့ရဲ့သန်တဲ့ အမြီးကြီးနဲ့ရိုက်ချနေတယ်”
ထိုမြင်ကွင်းမှထွက်မပြေးခင်မှာ ဘူကောင်းက အော်ပြောလိုက်သည်။

သုစန္ဒာသည် ဖြတ်ကနဲတွေ့လိုက်ရသော ကျူးကျော်ဝင်ရောက်လာသည့်ဒီ စပါးကြီးမြွေကြီးကိုဖမ်းဖို့ ခိုင်ခိုင်မာမာ ဆုံးဖြတ်ချက်ချလိုက်သည်။ ပြီးနောက် ဝင်ပေါက်ဆီ သွက်သွက်သွားလိုက်သည်။ ပွင့်နေသောတံခါးဝမှ သူမအား ရပ်နေဖို့အတွင်းမှ အော်ပြောနေကြသည်။ တံခါးပတ္တာ အက်ကွဲသံကို သုစန္ဒာ သတိထားလိုက်မိသည်။

ညာမျက်လုံးအပေါ် ဖိထားလိုက်သည်။ ကြက်မွှေးများသည်လေထဲတွင်ဝဲပျံတက်နေသည်။ မြွေကြီးသည် ကြီးမားတုတ်ခိုင်သော အမြီးကြီးဖြင့် နောက်ပြန် ရက်စက်ကြမ်းတမ်း ပြင်းထန်စွာဖြင့် ရိုက်ချလိုက်သည်ကို သူမ ပါးစပ်အဟောင်းသားဖြင့် မြင်နေရသည်။

“အိုး မလုပ်နဲ့” သူမ သူ့ဟာသူရွတ်လိုက်မိသည်။ စဝ်အထဲမှာ ရှိနေတာ သူမသိလိုက်ပြီ။ သုစန္ဒာသည် တံခါး လက်ကိုင်ကို ဖိကိုင်လိုက်သော အခါ မွိုင်းက သူမကို ဖမ်းကိုင်မိသွားသည်။ ပြီးနောက် သူမကို ထိုနေရာမှ အဝေးသို့အတင်းဆွဲခေါ်နေသည်။

“ရှင်ဒီနေရာက မလုံခြုံပါဖူး။ ရှင် ပြန်သွားကိုသွားပါ” သူမက အာဏာသံပါပါအော်ပြောလိုက်ရာ သုစန္ဒာချက်ခြင်း လှည့်ပြီးကြည့်လိုက်သည်။ မွိုင်းမျက်နှာ မဲပြာရဲတောက်လာသည်။ သူမမျက်လုံးများ ပြူးကျယ်ပြီး ကြောက်ရွံ့တုန်လှုပ်သွားသည်။ ပြီးနောက် သူမ အသက်ရှူဖို့မေ့နေတော့ သည်။ သူမသည် ဆက်လက်ပြီး သူမ၏သခင်မကို တောင်းပန်တိုးလျိုးစွာဖြင့် ပြောနေသည်။ “ကျေးဇူးပြုပြီး ပြန်လာပါ။ စဝ်မယ်ဘုရား …. လုံခြုံတဲ့ အိမ်ထဲသွားနေပါ။ မြွေကြီး မသေမချင်းဒီနေရာက ဘယ်သူမှစိတ်မချရဖူး”

သုစန္ဒာသည် စကားကိုနားထောင်ပြီး သူမ၏အထိန်းတော်နောက်မှလိုက်သွားလိုက်သည်။ လူတိုင်းကိုလည်း ခပ်ဝေးဝေးစိတ်ချရသောနေရာ မှာနေဖို့ အမိန့်ပေးလိုက်သည်။

“ဒီမြွေအသက်ရှင်နေတော့ရော ဘာဖြစ်လဲ။ ဘာလို့စိုးရိမ်နေရတာလဲ” သူမက မွိုင်းကိုမေးလိုက်သည်။
“သူအဝေးကိုလွတ်ထွက်ပြေးသွားရင် နောက်သူဆာလာတဲ့အခါ ပြန်လာပြီး ကြက်တွေကိုစားဦးမှာပဲ။ တကယ်လို့ မြွေက ကြက်တွေကို မ တွေ့ဖူးဆိုရင် ဘယ်သူသိမှာလဲ မြွေက ဘာကိုစားမလဲဆိုတာ” မွိုင်းသည် သူမတွေ့ကြုံဖူးသလို ပြန်ပြောပြနေသည်။

“မင်း အရင်က ဒီလို စပါးကြီးမြွေကိုတွေ့ဖူးလား” သုစန္ဒာက မွိုင်းကိုပြန်မေးလိုက်သည်။
“ဒီလို မြို့ထဲ လူတွေနဲ့ နီးနီးကပ်ကပ်မတွေ့ဖူးပါဖူး” မွိုင်းပြန်ဖြေသည်။ “ဒါပေမဲ့ ဖွတ်အကောင်ကြီးလာပြီး ကြက်ဥတွေ ကြက်တွေ လာခိုးစား တာတော့ တွေ့ဖူးတယ်” သူမက ဆက်မပြောခင် ခဏလေးရပ်လိုက်သည်။

“ကျမငယ်ငယ်က ရွာထဲက မွေးစကလေးကို စပါးကြီးမြွေကြီးလာပြီးချီသွားတဲ့အကြောင်း အမေကပြောပြဖူးတယ်”

ထိုသတင်းက သုစန္ဒာကို ချက်ခြင်းသတိပေးနိုးထသွားစေသည်။ စဝ်ကိုဒီနေရာက ထွက်သွားစေလိုပြီး လုံခြုံရေးတွေပဲ ဒီဓါးပြကြီးကို ဆက် လုပ်ခိုင်းစေချင်တော့သည်။ ထိုအစား သူသည်အထဲမှာ ရောက်နေသည်။ အော်ဟစ်ခုန်ပျံတက်နေကြသော ကြက်တွေဒေါသထွက်နေသော စပါးကြီးမြွေကြီးအကြားမှာ သူ့အမိန့်ကို လိုက်နာဖို့အစောင့်သုံးယောက်ကိုအော်ပြောကာ ကြက်ခြံအိမ်အတွင်းမှာ သူရှိနေသည်။ စဝ်သည် ဒီစိုက်ပျိုးရေးနှင့် ပတ်သက်သောစမ်းသပ်မှုတွေအတွက် ဘယ်လို ရည်မှန်းခဲ့တာတွေ၊ ဒီ ရိုဒီအိုင်းလင်းရက်စ်ကြက်တွေ မွေးမြူအောင်မြင်ဖို့ကြိုး စားရတာတွေအပေါ် ဘယ်လိုဆုံးဖြတ်ချက်ခိုင်ခိုင်မာမာထားခဲ့ရသလဲဆိုတာတွေကို သုစန္ဒာသိပါသည်။ ပြီးခဲ့သောလအနည်းငယ်က အ တွင်းရေ မှူးကို ရန်ကုန်စေလွှတ်ပြီး သင်္ဘောပေါ်မှချလာသောကြက်တွေကို သွားရွေးစေသည်။ ပြီးနောက် မကြာစေရအောင် လေယာဉ်ဖြင့် နမ့်ပန်းသို့သယ်လာခဲ့ရသည်။ အခုအခါမှာတော့ ကြက်တွေသည် ထိတ်လန့်တုန်လှုပ်ရသော ယဉ်ကျေးမှုအသစ်ကို အတွေ့အကြုံရနေ တော့ သည်။

ပိုပိုများပြားလာသောမိန်းမအုပ်နှင့် ကလေးတွေအကြားတွင် သုစန္ဒာသည် အချိန်မည်မျှကြာအောင်ရပ်နေမိသည်ကိုပင် မသိတော့ချေ။ သေ နတ်ပစ်သံကိုကြားလိုက်ရပြီးနောက် ဟေးကနဲ အောင်မြင်မှုအတွက် အော်သံကိုကြားရလေသည်။

စပါးကြီးမြွေဆိုးကြီးကိုသတ်သည်ဆိုရင်တောင်မှ သတ်သည်ဆိုသောအတွေးကို သူမစိတ်မချမ်းသာချေ။ စဝ်နှင့်သူမတို့ နားလည်ထားကြ သည်မှာ ဘယ်လို အမဲလိုက်ခြင်းပဲဖြစ်ဖြစ် အသက်ရှင်နေသောဘဝအမျိုးမျိုးကို အလေးထားကြရမည်ဆိုသောအချက်ပင်ဖြစ်လေသည်။ ဒီအစား စဝ်သည် မြွေကြီးကို ပစ်သတ်လိုက်ဖို့အမိန့်ပေးနေသံကို သူမကြားလိုက်မိလေသည်။ ကြက်ခြံအိမ်ထဲမှ ဆူညံသံများ ပြီးဆုံးသွား လေပြီ။ ပြင်းပြင်းထန်ထန် အော်ဟစ်ရိုက်ပုတ်သံများမကြားရတော့ပဲ ကြက်တွေ ခုန်ပျံ ကတော် ကတော် အော်သံတွေသာကြားနေရတော့ သည်။

စဝ်နှင့်ဘူကောင်းသည် ကြက်ခြံအိမ်အတွင်းမှ ထွက်လာကြသည်။ သူတို့နောက်မှ ဇင်းနနှင့်စံအေးက စပါးကြီးမြွေသေကြီးကို ဆွဲထုတ်မလာ ကြသည်။ ၁၆ ပေအရှည်ရှိသော ချောမွေ့ပြောင်လက်နေသော ကိုယ်လုံးရှည်သည် လမ်းလျှောက် တုတ်ကောက်က အထုံးအဆက်များနှင့် ဆင်တူနေသည်။ ပူဖောင်းလို ထင်ရှားစွာဖောင်းကားပြီး တောက်ပနေသည်။ သည်လိုမြွေတကောင်မှာ သိသာစွာဖောင်းကားနေရသည်မှာ ကြက်အကောင်များစွာကို မြိုချထားသောကြောင့်ဖြစ်လေသည်။ တကယ်တော့မူ စပါးကြီးမြွေကြီးသည်လှပနေသည်။ အရေခွံက ရွှေအို ရောင်ဝင်းနေသည်။ အမဲနှင့်အညိုရောင် တိကျဆင်တူသောအရွယ်တူ စိန်တုံးကွက်များရှိသည်။ အလယ်တွင် အကွက်ကြီးတွေရှိနေပြီး ဘေးနှစ်ဘက်ဘက်တွင်မူ သေးသွားသည်။

ချွန်ပြီး မထင်ရှားသောခေါင်းပိုင်းသည် ခန္ဒာကိုယ်နှင့်အခိုးမညီစွာ သေးလွန်းနေသည်။ သုစန္ဒာက ဘယ်လိုများကြက်တွေကိုမြိုချပြီး အစိတ် အပိုင်းလေးတွေဖြစ်အောင်လုပ်လိုက်ပါလိမ့်ဟု နားမလည်နိုင်ဖြစ်နေမိလေသည်။

ဒါတောင်မှ စဝ်က သူမကို စပါးကြီးမြွေတွင်ချိတ်ဆက်ထားသော ပတ္တာလိုမေးရိုးမရှိသဖြင့် ကြီးမားသောအစာကို ခပ်မြန်မြန်မြိုချလို့ရတာဟု ရှင်းပြနေသေးလေသည်။ သူမမှာတော့ မယုံကြည်စွာပဲ ကျန်ရစ်လေသည်။

သုစန္ဒာက စပါးကြီးမြွေသေကြီးအတွက် ဝမ်းနည်းနေသည်။ စဝ်က သူ့ ရိုဒီအိုင်းလင်းရက်စ်ကြက်အကောင် ၂ဝ အတွက် ပူဆွေးနေသည်။ ၄ကောင်သာ အသက်ရှင်ကျန်ရစ်သည်။ အိမ်ကကြက်မတွေအားလုံးကတော့ ပါးနပ်စွာဖြင့် ကျူးကျော်ဝင်ရောက်လာသူ၏ ရန်မှာ ရှောင်ပြေး နိုင်ခဲ့ကြလေသည်။

ရက်အနည်းငယ်ကြာပြီးသောအခါ စပါးကြီးမြွေကြီးအကြောင်းကို လူတိုင်း၏စိတ်ထဲ မမေ့နိုင်သေးပဲရှိနေချိန်တွင် မင်းကြီးမြွေဟောက်က တ စခန်းထပြန်လေသည်။ အရှေ့စံအိမ်တော်တွင် ကလေးတွေ၏လုံခြုံရေးအတွက် သုစန္ဒာ စိတ်အစိုးရိမ် အပူပန်ရဆုံးဖြစ်နေတော့သည်။

မန္တလေးမှခေါ်ထားသော ပန်းရံသမားနှစ်ယောက်ဖြင့် အရှေ့စံအိမ်တော်ကိုပြင်ဆင်နေစဉ် အစောင့်ခွေး ဗလ၏မျက်လုံးတွင် ထိတ်လန့် ကြောက်ရွံ့နေဟန်ပေါ်နေပြီး မကျည်းပင်အိုကြီးခြေရင်းအောက်မှ ၁၆ ပေခန့်အကွာတွင် ဆောင့်ဆောင့်ချထိုင်ပြီးကြည့်နေလေသည်။ ဗလ ကဟောင်ရင်း ရုတ်တရက်ရှေ့ပြေးသွားလိုက်ရာ သူတို့ကခုန်ရှောင်လိုက်ကြသည်။ ထိုအခါကျမှအကြောင်းရင်းကို သိရတော့သည်။ ခြောက် ပေအရှည်ရှိ မင်းကြီးမြွေဟောက်သည် စိတ်ဆိုးဒေါသထွက်နေကာ ခွေးကို သစ်ပင်အောက် အဝေးမှလိုက်ဖမ်းနေလေသည်။ အလုပ်သမား မောင်ဝင်းက ခုန်လွှားပြီးရောက်လာသည်။ သူ့တကိုယ်လုံးတွင် မြွေပြီးဆေး ဆေးမှင်ကြောင်များထိုးထားသည်။ သူသည် သူ့သတ္တိကိုပြပြီး အဆိပ်ရှိသောမြွေဆိုးများကို ဖမ်းရန်ရရှိသော အခွင့်အလမ်းကို ဘယ်တော့မှအလွတ်မခံချေ။ မင်းကြီးမြွေဟောက်သည် အလွန်ကြောက်စရာ ကောင်းပြီး လူကိုသေစေတဲ့အဆိပ်ရှိသောအကောင်မျိုးဖြစ်သည်။ လူတွေကို ဖမ်းစေဖို့ အလွန်စိန်ခေါ်တတ်သောသတ္တဝါမျိုးဖြစ်သည်။ သူသည် မြွေကြီးရှိရာသို့ပြေးသွားလိုက်ပြီး သူ့အမြီးကိုဆွဲဖမ်းလိုက်သည်။ အမြီးမှဆွဲရမ်းပြီး ဦးခေါင်းကို မြေကြီးပေါ်ရိုက်ချလိုက်သည်။ ခဏ လေးအတွင်းမှာပဲ သူသေသွားလေသည်။ မောင်ဝင်းက အပင်ကြီးခြေရင်းကို စစ်ဆေးကြည့်နေသည်။ တွင်းပေါက်ကို ညွှန်ပြနေသည်။

“ဒါမြွေတွင်းပဲဖြစ်ရမယ်။ သူ့အဖော် မိတ်လိုက်ဖို့မကြာခင်ထွက်လာမှာပဲ”

သူသည် တွင်းပေါက်နားတွင် ကျောက်ချထိုင်ချလိုက်သည်။ တိတ်ဆိတ်ငြိမ်သက်စွာဖြင့် နောက်ထပ် မိနစ် ၂ဝ ကြာအောင်ထိုင်စောင့်နေပြီး သောအခါ ဒုတိယမြွေဟောက်တကောင် တွင်းအတွင်းမှထွက်လာသည်။ မောင်ဝင်းသည် အလင်း၏လျင်မြန်ခြင်းဖြင့် မြွေအမြီးကို ပထမ အကောင်လိုပဲ ဆွဲရမ်းရိုက်ချပစ်လိုက်ပြန်လေသည်။ လိုအပ်လျှင် ဝိုင်းဝန်းကူညီအားပေးရန်အတွက် အစောင့်များသည် စုရုံးရောက်ရှိ လာကြသည်။ တွင်းထဲတွင် မြွေမရှိလောက်တော့ဖူးဟု သူတို့ မျှော်လင့်နေကြသည်။ သူတို့ အထင် မှားလေသည်။ နောက်နှစ်ရက်အကြာတွင် မန်ကျည်းပင်ခြေရင်းအောက်ကတွင်းထဲမှ နောက်ထပ် မြွေဟောက်လေးကောင် ထပ်ထွက်လာကြပြန်တော့၏။ မောင်ဝင်းသည် တကောင်မှ လွဲလို့ အားလုံးကိုသတ်ပစ်လိုက်ပြန်သည်။ သူတို့အထဲက အစောင့်တယောက်သည် ကျန်မြွေတကောင်ကို တိုင်းယိုင်နည်းဟန် တောခုတ်ဒါး ဖြင့် သတ်ပစ်လိုက်သည်။ သူသည် မြွေကို ထက်ပိုင်းခုတ်ချလိုက်သည်။ ခေါင်းပိုင်းဘက်ကို လွဲကိုင်လိုက်သည်။ သို့သော် မြွေကိုသူကောင်း ကောင်း မစုပ်ကိုင်နိုင်သေးမှီတွင် ခေါင်းပိုင်းကပြတ်နေသောအပိုင်းသည် တွင်းအတွင်းသို့ပြန်ပြေးဝင်သွားလေသည်။ စိုးရိမ်သောကဖြစ်နေ သော သုစန္ဒာအား မြန်မာပန်းရံလေးနှစ်ယောက်နှင့် တိုင်းယိုင်အစောင့်များက တွင်းအတွင်းရှိ မြွေကိုသေသွားပြီဟု သေချာပေါက်ယူဆ ကြောင်း ပြောနေကြသည်။ မြွေကနောက်တခါ အပေါ်သို့ပြန်ထွက်မလာတော့ချေ။ သုစန္ဒာသည် ဒီအဖြစ်ကို မေ့မေ့ပျောက်ပျောက် မထား နိုင်ပဲ သူ့ကလေးတွေကို မျက်စိအောက်က အပျောက်မခံနိုင်ဖြစ်နေမိလေသည်။

ညညလန့်နိုးပြီးထထိုင်မိလေသည်။ အကယ်လို့ မင်းကြီးမြွေဟောက်သည် သူ့သမီးတယောက်ကိုမဖမ်းပဲ အစောင့်ခွေးလေးဗလကို ဖမ်း လိုက်လျှင် ဘယ်လိုလုပ်မလဲ။

သူမ၏ကလေးတွေကို ထိုမန်ကျည်းပင် သို့မဟုတ် အခြားအပင်တွေအောက်မှာကစားဖို့ရာ ခွင့်မပြုနိုင်ပဲဖြစ်နေသည်။ မာလာနှင့် သိင်္ဂီတို့ တူ တူပုန်းတမ်းကစားနေချိန်တွင် ဒီမြွေဟောက်ကြီးဘာလို့ သူ့တွင်းထဲမှ ထွက်မလာတာပါလိမ့်တွေးပြီး အံ့မိလေသည်။ တကယ်လို့ မြွေကြီး တွေက သူ့ကလေးတွေကို ရှောင်နေကြသည်ဟုဆိုလျှင် စံအိမ်တော်ဝိုင်းအတွင်းတွေ့သောမြွေတွေကို သတ်ပစ်ဟု သူမအမိန့်ပေးနေတာ တွေက တရားမျှတမှုရှိပါမလားဟု မသေမချာ မရေမရာ တွေးနေမိတော့သည်။ သူမငယ်ငယ်က အတူဆော့ကစားခဲ့ကြသော သူငယ်ချင်းတွေ ကို သွားအားကျမိတော့သည်။ သူတို့သည် အဆိပ်ရှိသောအကောင်တွေနှင့်ဝေးရာ လုံခြုံစိတ်ချရသောပတ်ဝန်းကျင်တွင် ပျော်ရွှင်စွာဆော့ ကစားခဲ့ကြရလေသည်။

◊ ◊ ◊

 

သင်္ကြန်ကို လူတိုင်းသဘောကျ ကြိုက်နှစ်သက်ကြပြီး နှစ်သစ်ကူးအချိန်အခါတွင် ပျော်ရွှင်စွာ ပွဲကျင်းပကြလေသည်။ အရှေ့စံအိမ်တော်က လူထုအတွက် ကြိုဆိုပံ့ပိုးကျင်းပပေးလေသည်။ မြန်မာပြက္ခဒိန် ၁၃၂၂ နှစ်ကုန်ပိုင်း ဧပြီလ ၁၃ ရက်နေ့ညမှစတင်ပြီး သင်္ကြန်ပွဲကို ကျင်းပကြ သည်။ အနည်းဆုံး ၃ ရက် ကျင်းပသည်။ အခုချိန်ထိ သုစန္ဒာသည် ဧပြီလဘယ်နေ့တွင် စတင်သင်္ကြန်ကျသည်ကို ရှင်းရှင်းမသိရသေးချေ။ ထပ်မံရှုပ်ထွေးရသည်မှာ မြန်မာပြက္ခဒိန်တွင် နှစ်သစ်ကို ၂၅ဝ၅ အဖြစ်ဖော်ပြပြီး ၁၃၂၃ မဟုတ်ပြန်ချေ။ ဗုဒ္ဓဘာသာအယူမဟုတ်သော ယုံ ကြည်မှုဖြင့် မြန်မာဘုရင်များသည် ပြက္ခဒိန်ကို သက္ကရာဇ်ဖြိုခဲ့ကြသည်။ ဒေ၀ဘုရင် ( ဟိန္ဒူ ဘုရား) သည် ကမ္ဘာမြေသို့ဆင်းသက်လာသောအခါ နှစ်သစ်ကို စတင်သည်ဟုဆိုလေသည်။ သူသည် လူ့ပြည်တွင် သုံးလေးရက်နေသည်။ သူ့တိုင်းပြည်သို့ပြန်သည်အထိ လူ့ပြည်တွင်ရှိနေစဉ် ပွဲများကျင်းပရသည်။

ဧပြီလ ၁၃ ရက်နေ့ညနေခင်းတွင် စဝ်၊ သုစန္ဒာနှင့် မြို့ခံဂုဏ်သရေရှိလူကြီးများကိုပါဖိတ်ခေါ်ပြီး ဘုန်းကြီးကျောင်းတွင် ဒေဝရောက်လာမည့် အချိန်ကိုစောင့်နေကြသည်။ ကျောင်းအပြင်ဘက်တွင် တီးဝိုင်းသုံးဝိုင်းကစတင်ပြီး တပြိုင်တည်း မညီမညာသံစဉ်များဖြင့် တီးမှုတ်နေကြတော့ သည်။ ၉း ၄ဝ ညတိတိတွင် နားကွဲမတတ် ဆူညံသံများပေါက်ကွဲထွက်လာလေသည်။ သေနတ်သံ၊ ဟွန်းသံ၊ လင်းကွင်းတီးသံ၊ ခေါင်းလောင်း ထိုးသံ အသံမျိုးစုံတို့ မြို့၏နေရာအနှံ့မှ ထွက်ပေါ်လာသည်။ ထိုအချိန်တိတိကျကျတွင် မည်သူမှမလွတ်စေပဲ ထူးထူးခြာခြားထွက်ပေါ်လာခြင်းဖြစ်သည်။ မကြာမှီတွင် ၁၃၂၂ သည် ပြီးဆုံးသွားသည်။ အခမ်းနားဝန်ကြီးက မြေကြီးပေါ်သို့ရေလောင်းချလိုက်ပြီး ဆုတောင်းစာများရွတ် ဖတ်သည်။ နှစ်နာရီကြာအောင် အကများ၊ သီချင်းများဖြင့် အခြားကမ္ဘာမှလာသောဧည့်သည်ကိုကြိုကြသည်။ ပထမ မြန်မာထီးသုံးနန်းသုံး တေးသံများတီးမှုတ် ၊ ထို့နောက် တိုင်းယိုင်တေးသီချင်းများနှင့်အကကို ကပြကြသည်။ ဆေးမှင်ကြောင်ထိုးထားသော နမ့်ပန်းတိုင်းယိုင် ပုလိပ်အဖွဲ့သည် ဗုံမောင်းသံများနှင့် ဓါးသိုင်း စည်းချက်ကျကျ ကနေလေသည်။

နောက်သုံးရက်သည် မည်သည့်ပွဲနှင့်မျှမတူသော ရေကစားပွဲဖြစ်သည်။ သုစန္ဒာသည်သူရောက်ပြီး ဒီနှစ်မှာပင် စတင်တွေ့ကြုံခဲ့ရသည်။ သူမသည် ဘယ်အချိန်မှာမှ မောပန်းခြင်းမရှိပဲ ဘယ်နေရာမှာ ဘယ်အချိန်မှာ ဘယ်သူ့ကိုပဲဖြစ်ဖြစ် တွေ့တဲ့လူကို ရေပုံးဖြင့်ပက်သည်။ ဗုဒ္ဓ ဘာသာဘုန်းတော်ကြီးများကိုသာ သက်သာခွင့်ပေးသည်။ ပထမနေ့တွင် စဝ်သည် သူ့မာစီဒီးကားကြီးကိုထုတ်ပြီး ကားပေါ်တွင် ပုံးများဖြင့် ရေအပြည့်ထည့်ပြီး သူ့မယား၊ သမီးများ၊ မွိုင်းနှင့် အိမ်ကလူတဒါဇင်လောက်ကို ကားပေါ်တက်စေသည်။ ပြီးနောက် သူသည် ကားကိုမောင်း ထွက်ခဲ့ပြီး သူ့ဆွေမျိုးတွေအိမ်သို့ ရုတ်တရက်အံ့သြသွားအောင် အလိုအလျောက် ရောက်လာဟန်လုပ်လေသည်။ သူသည် အသက်၊ အ ဝတ်အစားနှင့် နေရာကို အရေးမစိုက်ပဲသွားခဲ့လေသည်။ သူတို့ကလည်း လိုလိုလားလားဖြင့် အပြန်အလှန်အားဖြင့် ရွှဲရွှဲစိုအောင်ရေပြန်လောင်း ကြလေသည်။ ရေစိုရွှဲနေသောစဝ်သည် ကားပေါ်ပြန်တက်ပြီးနောက် မိသားစုတအိမ်သို့ မောင်းပြန်လေသည်။ ပျော်ရွှင်စွာရယ်မောကြ၊ သံသေးသံကြောင်ဖြင့်အော်ကြ၊ ရေပက်ကြနှင့် ပေါင်းစည်းကြလျက် ထုံတန်းအစဉ်အလာကိုထည့်မတွက်တော့ပဲ အိမ်တွေက ခေါ်ကြသည်။ နမ့်ပန်းမြို့ထဲက လမ်းတိုင်းတွင်တန်းစီလျက် ကလေးတွေက ကြီးမားသောရေသေနတ် ဝါးဖြင့်ပြုလုပ်ထားသောရေပြွတ်တို့ဖြင့် ပက်ကြသည်။ အနီးအနားက အုပ်စုလိုက်လူတွေသည် ရေပက်မဏ္ဍပ်များဆောက်လုပ်ထားပြီး ဂိတ်လေးတွေလုပ်ထားကြသည်။ လူတိုင်းသည် ပိတ်ပြီး ကကြသည်။ ရေပုံးများဖြင့် လောင်းကြလေသည်။

သူတို့ အရှေ့စံအိမ်တော်သို့ပြန်ရောက်ကြသောအခါ အဝတ်စားအခြောက်များကို လဲလှယ်ဝတ်ဖို့အချိန်မရှိတော့ချေ။ ရာပေါင်းများစွာသော ရေပက်ခံအဖွဲ့များ အကအဖွဲ့များရောက်နေကြလေသည်။ ပထမ ရေပက်ခံအက ကားသုံးစီးပေါ်တွင် တူညီဝတ်စုံဝတ်ထားကြပြီး ကျောင်းပိတ်လို့အိမ်ပြန်ရောက်နေကြသော တက္ကသိုလ်ကျောင်းသားကျောင်းသူများပါလေသည်။

သူတို့က သူတို့ဖာသာ တီထွင်ဖန်တီးထားသော အကနှင့် တီးလုံးများဖြင့် အရှေ့စံအိမ်တော် မြက်ခင်းပြင်ပေါ်တွင် ကပြဖို့ခွင့်တောင်းကြသည်။ သူတို့သီချင်းထဲတွင် နှစ်သစ်ကိုကြိုဆိုသည့်အကြောင်း ခွန်မိန်းမိသားစုနှင့် တတိုင်းပြည်လုံး ကျန်းမာကြဖို့အကြောင်း ဆုတောင်းမှုများပါဝင် လေသည်။ ဆုတောင်းမှုများနှင့်အတူ ရေများရယ်မောပျော်ရွှင်စွာ ပက်ကြလေသည်။

ချစ်စရာကောင်းသောတူမလေးများသည် စံအိမ်တော်ထဲသို့ထွက်ပြေးသော သုစန္ဒာနောက်သို့ပြေးလိုက်ဖို့ကြိုးစားကြလေသည်။

စဝ်ကတော့ ဆင်ဝင် အဝင်ပေါက်အပေါ်မှာ အဆင်သင့်ဖြစ်နေသည်။ စဝ်က ဝင်ရောက်လာသူများကို ရေတံခွန်ကရေများ စီးကျလာသလို လောင်းချလိုက်သဖြင့် သူတို့ ရပ်တန့်သွားရသည်။ အိမ်တော်ရှိရေစိုနေကြသော ဝန်ထမ်းတွေက လန်းဆန်းသွားအောင်ရေများပြန်ပက်ပေးကြပြီး အပျော်ကျူးသူများ ပြန်လည်ထွက်ခွာသွားကြတော့သည်။

စိုစွတ်နေကြရသော ပွဲတော်သည် သုံးရက်တိုင်လေသည်။ အိမ်တော်ကလူများ၊ အိမ်နီးနားချင်းများ၊ ရွာများနှင့် မြို့များမှ အလည်ရောက် လာကြပြီး တယောက်ကိုတယောက် စိတ်ကောင်းဆန္ဒဖြင့် ကောင်းမွန်သောအင်အားသစ်ဆက်ဆံရေးများကိုဖြစ်စေလေသည်။ ပျော်ရွှင် သောစိတ်နှင့် ရိုးရာကိုစောင့်ရှောက်သောအသိဖြင့် တအိမ်လုံးရေတွေလျံနေတဲ့အထိ စိုစွတ်ပြီး ဆံပင်တွေမှာလည်း စိုရွှဲနေကြသည့်တိုင် ဘယ်သူတယောက်မျှ စိတ်ဆိုးတဲ့ပုံမမြင်ရချေ။

ကလေးတွေကတော့ ရေတွေရွှဲရွှဲစိုနေရတာကို ပိုပြီးသဘောကျနေကြပြီး သင်္ကြန်မတိုင်မှီအပတ်များကပင် သူတို့အလုပ်တွေကို ဆက်မလုပ် ချင်ကြတော့ပဲ ရှိလေသည်။ သူတို့က သင်္ကြန်မှာ အလွန်ပျော်ရွှင်ကြလေသည်။

သုစန္ဒာအနေနှင့်ကတော့ သည်လို အရူးထသောအကြောင်း၏နောက်ကွယ်ကအကြောင်းရင်းကို မေးလိုက်တိုင်း ကျေနပ်လောက်သော အ ဖြေမျိုးကို မရရှိခဲ့ချေ။ “ကျမတို့က မိုးကောင်းကောင်းရွာမဲ့ မုတ်သုန်ရာသီကို စောစောရောက်လာအောင်လုပ်တာမျိုးပေါ့” ဟု တချို့ကပြော လေသည်။ တချို့ကတော့ “စင်ကြယ်အောင် ဆေးကြောပစ်တဲ့ ပွဲ” ဟုပြောလေသည်။

“ကျမတို့က နှစ်ဟောင်းက မကောင်းဆိုးဝါးတွေ မကောင်းတဲ့အလုပ်တွေကို ဆေးကြောပစ်ရတာပေါ့။ ဒါမှ နှစ်သစ်မှာလန်းဆန်းပြီး သန့်သန့် စင်စင်နဲ့ ပြန်စနိုင်မှာပေါ့”

ထိုအထဲတွင် သုစန္ဒာသဘောအတွေ့ဆုံးမှာ တချို့လူတွေပြောကြသည့် “သိပ်ပူတယ်မဟုတ်လား။ ဒီလိုအေးအောင်မလုပ်ရင် ကျွန်တော်တို့ ဆက်နေလို့မရတော့ဖူးလေ” ဟူသောစကားပင်ဖြစ်လေသည်။

ကား၊ အိမ်ထောင်ပရိဘောဂတွေ၊ ကြမ်းပြင်၊ အဝတ်အစားများ အားလုံးခြောက်သွေ့သွားတော့မှ သုစန္ဒာသည်ထိုင်ချလိုက်ပြီး ဂျာမဏီရှိ သူမ၏ မိသားစုထံ စာရေးရလေသည်။ ဒီအကြောင်းတွေကို ရေးရမည်။ သူမသည် တချိန်လုံးတွင် သဘောကျနေသော ပွဲတွေအကြောင်းသူတို့ သိရအောင် ရေးပြရမည်။ အကြိမ်ပေါင်းများစွာ သူမကြိုးစားခဲ့သော်လည်း သူတို့မိသားစုကတော့ ဒီသင်္ကြန်ပွဲကို နားလည်နိုင်ကြမှာမဟုတ်ဖူး ဆိုတာ သူမသိနေခဲ့လေသည်။ တယောက်ယောက်ကများ သူတို့အပေါ် ရေပုံးကြီးဖြင့်လောင်းချလိုက်လျှင် သူတို့မည်သို့များပြန်လည် တုန့် ပြန်ကြမှာပါလိမ့်ဟု သူမတွေးကြည့်ပြီး ပြုံးမိရလေသည်။

ဆက်လက်ဖော်ပြပါမည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:အခန်းဆက်များ

4 Responses to မြူတိမ်ဝေေ၀ .. တောင်ခိုးဝေးဝေး (၂၄)

  1. abc on April 9, 2012 at 5:45 pm

    မြူတိမ်ဝေေ၀ .. တောင်ခိုးဝေးဝေး အပိုင်း ၁၆၊ ၂၂၊ ၂၃ တွေ မတွေ့ဘူးခင်ဗျ။ အဲ့ဒီအပိုင်းတွေကို ဘာသာမပြန်ဘဲ ချန်ခဲ့တာလား သိပါရစေ?

  2. ခွန်ပန်းစိန် on April 10, 2012 at 7:24 pm

    မဟုတ်ပါ။ ဘာတခုမှ မချန်ပါ။ မိုးမခက ကျန်ခဲ့တာဖြစ်မယ်။ဒီစာအုပ်ကို ပြည်တွင်းမှာ ထုတ်ဖို့ ပြန်ထားတဲ့အတွက် အမည်တွေပြောင်းထားတာပဲရှိပြီး တခြားဘာတခုမှ မချန်ပါ။အခု စာပေစိစစ်ရေးက ဒုညွှန်မှူး ဦးတင့်ဆွေက ထုတ်ခွင့်ပြုပါမယ်လို့ပြောထားပါတယ်။ ဖေဖော်ဝါရီလတုန်းကပါ။ကျေးဇူးတင်ပါတယ်။
    မေခ

  3. heinartlover on April 11, 2012 at 11:20 pm

    ဆရာ မေခ ခင်ဗျား
    ဆရာ့ရဲ့ ဒီပို့စ် ကို စကတည်းက စိတ်ဝင်တစားနဲ့စောင့်ဖတ်နေခဲ့သူတစ်ဦးပါ ..။ပြီးတော့ ဒီပို့စ်တွေအားလုံးကို ရသမျှ စုပြီး pdf ဖွဲ့ ထားကာရင်းနှီးသူတွေကိုဝေမျှ ဖတ်စေပါတယ်။
    ကျနော်တို့ ရှမ်းတွေအတွက် သိမှတ်ထားသင့်တဲ့ ရာဇ၀င် သမိုင်း တစ်ခုဖြစ်တာမို့လို့ ခွင့်လွှတ်ပါ ဆရာ..။
    အပိုင်း ၁၅၊၁၆၊၁၇ က စာနဲ့ ၁၁၊၁၂၊၁၃ က စာတွေ ထပ်နေပြီး ၂၂နဲ့၂၃ တင်စဉ်က ၀င်ဖတ်လို့မရခဲ့ပါ။
    နည်းပညာ ချို့ယွင်းမှု လို့ထင်ပါတယ် ။ ဆရာ့ အရေးအသားတွေ ကောင်းတယ်ဗျ။
    တစ်ခုပဲ နဝေတိမ်တောင် ဖြစ်ခဲ့တာက သောင်းကျန်းသူအဖွဲ့ ဆိုတာကိုပါ ၊ နောက်မှ အာဏာသိမ်းစစ်တပ် ဆိုတာသိရပါတယ်။ တိုင်းပြည်ကိုအုပ်ချုပ်နေ / ခဲ့ တဲ့ အဖွဲ့(အစိုးရအဖြစ် ရပ်တည်ခွင့်ရှိ) ကို သူပုန် လို့ အဓိပယ် ထွက်နေသလားလို့ ပါ။ ကျေးဇူးအါ ဆရာ ..။

  4. မေခ on April 12, 2012 at 9:31 pm

    heinartloverခင်ဗျား
    ကျနော်က က ပြည်တွင်းက စာရေးဆရာပါ ။စစ်အစိုးရရဲ့ကလောင်နောက်လိုက်လို့ မေခဆိုပီးရေးနေတာပါ။အခုတော့ မေခကလောင်က ပြည်တွင်းမှာ စတိုင်သစ် မဂဇင်းမှာ စာဂနိုင်မြိုင်နန်း စာပေဝေဖန်ရေးရေးပါတယ်။ အခုပိတ်ခံလိုက်၇ပါပြီ တနှစ်ခွဲလောက်ခံလိုက်ပါတယ်။အခု သောင်းကျန်းသူဆိုတာက ပြောင်းပြန်အနက်ယူထားတာပါ။ နေ၀င်းစစ်တပ်ကိုပြောတာပါ။နေ၀င်းလို့ရေးရင် စာပေစ်စစ်ရေးကမလွတ်မှာမို့ ပြောင်းပြန်အနက်ယူထားတာပါအ။စာဖတ်တဲ့သူသိမယ်ထင်လို့ပါ။ နေ၀င်းစစ်အစိုးရဟာသောင်းကျန်းသူပါ။လွတ်အောင်လုပ်နရတာပါ တကယ်က မူရင်းတင်ပြရမှာပါ။ မိုးမခက တင်ချင်လို့ပေးလိုက်တာပါ။ မကြာခင် ဒီမိုကရေစီအစိုးရဖြစ်ခဲ့ရင် ထုတ်ါခွင့်ရမှါပါ ဒါ သီပေါစော်ဘွားအကြောင်းပါ။

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခ လစဉ်ထုတ်မဂ္ဂဇင်း စက်တင်ဘာ ၂၀၁၇ ထွက်ပြီ

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

မိုးမခ ဇူလိုင် ထွက်ပါပြီ …

By

မိုးမခ ဇူလိုင် ထွက်ပါပြီ … (မိုးမခ) ဇူလိုင် ၁၈၊ ၂၀၁၇ မိုးမခ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်