မြန်မာနိုင်ငံတွင်ကျင်းပပြီးခဲ့သော ရွေးကောက်ပွဲများကို စစ်တမ်းထုတ်ကြည့်ခြင်း – အပိုင်း (၇)

April 10, 2012

သန်းဝင်းလှိုင်
ဧပြီ ၁၁၊ ၂၀၁၂
၁၉၈၈ ခုနှစ်၊ စက်တင်ဘာလ ၁၈ ရက်နေ့တွင် သပိတ်စခန်းဖွင့်၍ ကြားဖြတ်အစိုးရဖွဲ့ပေးရေးကို တောင်းဆိုဆန္ဒပြနေသောလူထုအား လက် နက်ဖြင့်ဖြိုခွင်း၍ စစ်တပ်မှအာဏာသိမ်းပိုက်ပြီးနောက် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ (နဝတ) ၏ အမိန့် အမှတ် ၁/၈၈ ကို ထုတ်ပြန်ကြေညာသည်။ နဝတအဖွဲ့ကို ဥက္ကဋ္ဌဗိုလ်ချုပ်ကြီးစောမောင်၊ အတွင်းရေးမှူး (၁) ဗိုလ်မှူးချုပ် ခင်ညွန့်၊ အတွင်းရေးမှူး (၂) ဗိုလ် မှူးကြီးတင်ဦးနှင့် အဖွဲ့ဝင် (၁၆) ဦးဖြင့် ဖွဲ့စည်းခဲ့သည်။ ထိုနေ့မှာ နဝတသည် ပြည်သူလူထုအား စီတန်းလှည့်လည်ခြင်း၊ သပိတ်စခန်းဖွင့်ခြင်း၊ လမ်းပိတ်ဆို့ဆန္ဒပြခြင်းနှင့် လုံခြုံရေးတာဝန်ထမ်းဆောင်နေသူမျာကို နှောင့်ယှက်ခြင်းမပြုရန်နှင့် ညမထွက်ရအမိန့်ထုတ်ပြန်သည်။ ထို့အ ပြင် အစိုးရဌာနအသီးသီးမှ အရာထမ်း၊ အမှုထမ်းများအား ၁၉၈၈ ခုနှစ်၊ စက်တင်ဘာလ ၂၆ ရက်နေ့ကို နောက်ဆုံးထား၍ လုပ်ငန်းခွင်ဝင် ရောက်ရန် အမိန့်ထုတ်သည်။

၁၉၈၈ ခုနှစ်၊ စက်တင်ဘာလ၂၁ ရက်နေ့တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပရေးကော်မရှင်သည် နိုင်ငံတော် ငြိမ်ဝပ်ပိ ပြားမှုတည်ဆောက်ရေးအဖွဲ့၏ ကြေညာချက်အမှတ် ၁/၈၈၊ အပိုဒ် ၂ တွင်ရည်ညွှန်းထားသော ပါတီစုံအထွေထွေရွေးကောက်ပွဲကျင်းပရေး ကော်မရှင်ကို ဆက်လက်တာဝန်ပေးအပ်ခြင်းနှင့် ကော်မရှင်၏ တာဝန်နှင့်လုပ်ပိုင်ခွင့်များပြဋ္ဌာန်းသည့် ဥပဒေအမှတ် ၁/၈၈ ကို ကြေညာသည်။

၁၉၈၈ ခုနှစ်၊ စက်တင်ဘာလ၂၇ ရက်နေ့တွင် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေအမှတ် ၄/၈၈ ကို ထုတ်ပြန်ခဲ့သည်။ ယင်းနောက် ၁၉၈၈ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် အခန်း (၄) ခန်းပါဝင်သော ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကျင်းပရေးကော်မရှင်ဥပဒေကိုပြဋ္ဌာန်းကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့ရ ၁၉၈၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်နေ့အထိ မှတ်ပုံတင်ခွင့်ရရှိသော ပါတီအဖွဲ့အစည်း ပေါင်း ၂၃၆ ပါတီရှိခဲ့သည်။ ၁၉၈၉ ခုနှစ်၊ ဇူလိုင်လ ၂၀ ရက်နေ့တွင် (၄၂) နှစ်မြောက်အာဇာနည်နေ့ လူထုအစီအစဉ်ဖြင့် ချီတက်ရေးကို အကြောင်းပြု၍ အမျိုးသားဒီမိုကရေစီအထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်နှင့် ဥက္ကဋ္ဌဦးတင်ဦးတို့အား နိုင်ငံတော်အား နှောင့် ယှက်ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှကာကွယ်စောင့်ရှောက်သည့်ဥပဒေဖြင့် အရေးယူခဲ့သည်။

ထို့နောက် ၁၉၉၀ ပြည့်နှစ် ဖေဖော်ဝါရီလ၂၃ ရက်နေ့တွင် ရွေးကောက်ပွဲတွင် လုံးဝဝင်ရောက်ယှဉ်ပြိုင်ခြင်းမပြုသော နိုင်ငံရေးပါတီအဖွဲ့အ စည်း (၃၁) ဖွဲ့အား ဖျက်သိမ်းသည့် အမိန့်အမှတ် ၁/၉၀ ကိုလည်းကောင်း၊ ရွေးကောက်ပွဲတွင် အနည်းဆုံးမဲဆန္ဒနယ်သုံးနယ်တွင် ဝင်ရောက် ယှဉ်ပြိုင်ခြင်းမပြုသော နိုင်ငံရေးပါတီအဖွဲ့အစည်း (၆) ဖွဲ့အား ဖျက်သိမ်းသည့် အမိန့်အမှတ် ၂/၉၀ ကို ထုတ်ပြန်ခဲ့သည်။

မြန်မာနိုင်ငံတဝှမ်းတွင် ရွေးကောက်ပွဲကျင်းပရန် သတ်မှတ်ထားသည့် မဲဆန္ဒနယ်ပေါင်း ၄၉၂ နယ်ရှိသော်လည်း မဲဆန္ဒနယ် (၇) နေရာသည် လုံခြုံရေးအခြေအနေအရ ကျင်းပနိုင်ခြင်းမပြုနိုင်သောကြောင့် မဲဆန္ဒနယ် ၄၈၅ နယ်ကိုသာ ရွေးကောက်ပွဲကျင်းပနိုင်သည်ဟု ဆိုသည်။

ထို့နောက် နှစ် ၃၀ အတွင်း စစ်အစိုးရလက်ထက် ပထမအကြိမ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို ၁၉၉၀ ပြည့်နှစ်၊ မေလ ၂၇ ရက်နေ့တွင်ကျင်းပခဲ့ရာ မဲပေးခွင့်ရှိသူ သန်း ၂၀ ကျော်အနက် ၁၅ သန်းကျော် လာရောက်မဲပေးခဲ့ကြသည်။ မဲဆန္ဒ ၄၈၅ နေရာကို ပါတီပေါင်း ၉၃ ပါတီနှင့် တသီးပုဂ္ဂလ ၈၇ ဦးအပါအဝင် စုစုပေါင်း လွှတ်တော်ကိုယ်စားလှယ်ပေါင်း၂၂၉၆ ဦးဝင်ရောက်အရွေးခံရာ ပါတီကိုယ်စားပြုလွှတ် တော်ကိုယ်စားလှယ် ၄၇၉ ဦးနှင့် တသီးပုဂ္ဂလလွှတ်တော်ကိုယ်စားလှယ် (၆) ဦး အရွေးခံရသည်။ ရွေးကောက်ပွဲတွင် အမျိုးသမီးကိုယ်စားလှယ် ၈၄ ဦး ဝင်ရောက်ယှဉ်ပြိုင်ရာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုယ်စားပြု၍ ဝင်ရောက်ယှဉ်ပြိုင်သည့် အမျိုးသမီးကိုယ်စားလှယ် (၁၅) ဦး အနိုင်ရရှိခဲ့သည်။ လွှတ်တော်ကိုယ်စားလှယ် အနည်းဆုံးတစ်ဦးနှင့်အထက် ရွေးကောက်တင်မြှောက်ခံရသော နိုင်ငံရေး ပါတီအဖွဲ့အစည်း မှာ၂၇ ဖွဲ့ရှိပြီး ရွေးကောက်တင်မြှောက်ခံရသည့် လွှတ်တော်ကိုယ်စားလှယ်ဦးရေမှာ အောက်ပါအတိုင်းဖြစ်သည်။

(၁) အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) – ၃၉၂ ဦး
(၂) ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် – ၂၃ ဦး
(၃) ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် – ၁၁ဦး
(၄) တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ (တစည) – ၁၀ဦး
(၅) မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ – ၅ဦး
(၆) အမျိုးသားလူ့အခွင့်အရေးဒီမိုကရက်တစ်ပါတီ – ၄ဦး
(၇) ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် – ၃ ဦး
(၈) ပြည်နယ်အမျိုးသားဒီမိုကရေစီကွန်ယက် – ၃ ဦး
(၉) ပြည်ထောင်စုပအို့ဝ်အမျိုးသားအဖွဲ့ချုပ် – ၃ ဦး
(၁၀) အမျိုးသားဒီမိုကရေစီပါတီ – ၃ ဦး
(၁၁) ဇိုမီးအမျိုးသားကွန်ဂရက် – ၂ ဦး
(၁၂) နာဂတောင်တန်းဒေသတိုးတက်ရေးပါတီ – ၂ ဦး
(၁၃) ကယားပြည်နယ် လူမျိုးပေါင်းစုံဒီမိုကရေစီအဖွဲ့ချုပ် – ၂ ဦး
(၁၄) တအောင်း (ပလောင်) အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် – ၂ ဦး
(၁၅) ကယန်းအမျိုးသားများစည်းလုံးညီညွတ်ရေးဒီမိုကရေစီအဖွဲ့ချုပ် – ၂ ဦး
(၁၆) ဒီမိုကရေစီပါတီ – ၁ ဦး
(၁၇) ဒီမိုကရက်တစ်တက္ကသိုလ်ဘွဲ့ရနှင့်ကျောင်းသားဟောင်းများအဖွဲ့ – ၁ဦး
(၁၈) မျိုးချစ်ရဲဘော်ဟောင်းများအဖွဲ့ – ၁ ဦး
(၁၉) ကရင်ပြည်နယ်အမျိုးသားများအဖွဲ့ချုပ် – ၁ ဦး
(၂၀) ရှမ်းပြည်ကိုးကန့်ဒီမိုကရက်တစ်ပါတီ – ၁ ဦး
(၂၁) ပြည်ထောင်စုဓနုအမျိုးသားများဒီမိုကရေစီအဖွဲ့ချုပ် – ၁ ဦး
(၂၂) ကမန်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် – ၁ ဦး
(၂၃) မရာပြည်သူ့ပါတီ (မပပ) – ၁ ဦး
(၂၄) ပြည်ထောင်စုအမျိုးသားများဒီမိုကရေစီပါတီ – ၁ ဦး
(၂၅) မြို (ခေါ်) ခမီအမျိုးသားညီညွတ်ရေးအဖွဲ့ – ၁ ဦး
(၂၆) လားဟူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ – ၁ ဦး
(၂၇) ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဒီမိုကရေစီအဖွဲ့ချုပ် – ၁ ဦး စသည်တို့ဖြစ်သည်။

ရွေးကောက်တင်မြှောက်ခြင်းခံရသူများတွင် တပ်မတော်အငြိမ်းစား (၄၂) ဦး၊ အငြိမ်းစားဝန်ထမ်းဟောင်း (၁၄၅) ဦး၊ တရားရုံးချုပ်နှင့် အ ထက်တန်း ရှေ့နေ (၅၄) ဦး၊ ဆရာဝန် (၅၀) ဦး၊ အခြားအရပ်သား (၁၉၄) ဦးတို့ ပါဝင်သည်။

ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မြန်မာနိုင်ငံတဝှမ်းလုံး၌ ရွေးကောက်ပွဲကျင်းပသည့် မဲဆန္ဒနယ်ပေါင်း ၄၈၅ နယ်တွင် မဲဆန္ဒ နယ်ထက်ဝက်ကျော် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။ ပါတီကြီး (၄) ခုဖြစ်သော တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ၊ ဒီမိုက်ရေစီနှင့်ငြိမ်း ချမ်းရေးအဖွဲ့ချုပ် (ဒီ/ငြိမ်း)၊ ပြည်ထောင်စုအမျိုးသားများဒီမိုကရေစီပါတီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တို့ရှိရာ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် (NLD) သည် ရွေးကောက်ပွဲဝင်မဲဆန္ဒနယ် ၄၄၇ နေရာတွင် အနိုင်ရရှိခဲ့သဖြင့် ရွေးကောက်ခံရမှု ရာခိုင်နှုန်းမှာ ၈၇ ဒဿမ ၉ ရာခိုင်နှုန်းရှိရာ မြန်မာနိုင်ငံတွင်ကျင်းပခဲ့သည့် ရွေးကောက်ပွဲသမိုင်း၌ လူထုထောက်ခံမှု အပြတ်အသတ်အနိုင်ရရှိသော ပါတီအဖွဲ့အစည်းဖြစ်သည်။

ရွေးကောက်ပွဲကော်မရှင်တွင် မှတ်ပုံတင်ခဲ့သည့် နိုင်ငံရေးပါတီအဖွဲ့အစည်းပေါင်း ၂၃၆ ဖွဲ့ရှိရာ ယင်းတို့အနက် မိမိဆန္ဒအလျောက် ဖျက် သိမ်းခဲ့သည့် ပါတီအဖွဲ့အစည်း (၁၀၂) ဖွဲ့၊ ကော်မရှင်မှ ဗမာပြည်ကွန်မြူနစ်ပါတီနှင့်ဆက်သွယ်သည်ဟုဆိုကာ ဖျက်သိမ်းခံခဲ့ရသည့်ပါတီ အဖွဲ့အစည်း (၃) ဖွဲ့၊ အနည်းဆုံးသတ်မှတ်ထားသည့် မဲဆန္ဒနယ် (၃)နယ်တွင် ဝင်ရောက်ယှဉ်ပြိုင်ခြင်းမပြုနိုင်သဖြင့် ဖျက်သိမ်းခံရသည့်ပါတီ အဖွဲ့အစည်း (၆) ဖွဲ့၊ ရွေးကောက်ပွဲလည်း မဝင်၊ ကိုယ်တိုင်လည်း ဖျက်သိမ်းခြင်းမရှိသဖြင့် နဝတ၏ ၁/၉၀ဖြင့် ဖျက်သိမ်းခံရသည့်ပါတီအဖွဲ့ အစည်း၁၄၂ ဖွဲ့၊ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ပြီးမှ ပယ်ဖျက်ခံရသည့်ပါတီအဖွဲ့အစည်း (၈၃) ဖွဲ့ရှိရာ တရားဝင် ဆက်လက်ရပ်တည် နေသည့် နိုင်ငံရေးပါတီအဖွဲ့အစည်း (၁၀) ဖွဲ့သာ ကျန်ရှိတော့သည်။ ယင်းတို့မှာ …
(၁) အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
(၂) ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်
(၃) တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ
(၄) လားဟူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ
(၅) မြို (ခေါ်) ခမီအမျိုးသားညီညွတ်ရေးအဖွဲ့ (မ၊ ခ၊ မ၊ ည၊ ဖ)
(၆) ပြည်ထောင်စုပအို့ဝ်အမျိုးသားအဖွဲ့ချုပ်
(၇) ရှမ်းပြည်ကိုးကန့်ဒီမိုကရက်တစ်ပါတီ
(၈) ပြည်ထောင်စုကရင်အမျိုးသားများအဖွဲ့ချုပ်
(၉) ကိုးကန့်ဒီမိုကရေစီနှင့်ညီညွတ်ရေးပါတီ
(၁၀) ‘ဝ’အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီတို့ဖြစ်သည်။

အဆိုပါ နိုင်ငံရေးပါတီအဖွဲ့အစည်း(၁၀)ဖွဲ့တွင် လွှတ်တော်ကိုယ်စားလှယ် အနည်းဆုံးတစ်ဦးနှင့်အထက် ရွေးချယ်တင်မြှောက်ခြင်း ခံရ သည့်အဖွဲ့(၇) ဖွဲ့ရှိပြီး ပြည်ထောင်စုကရင်အမျိုးသားများအဖွဲ့ချုပ်၊ ကိုးကန့်ဒီမိုကရေစီနှင့်ညီညွတ်ရေးပါတီ၊ ‘ဝ’အမျိုးသားဖွံ့ဖြိုး တိုးတက်ရေး ပါတီ (၃) ဖွဲ့သည် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးတစ်ယောက်မျှ ရွေးချယ်တင်မြှောက်ခြင်းမခံရသည့်အဖွဲ့များဖြစ်သည်။

၁၉၉၀ ပြည့်နှစ်၊ မေလ၂၇ ရက်နေ့တွင် ကျင်းပခဲ့သော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးတွင် ပြည်သူ့လွှတ်တော်ကိုယ်စား လှယ် ၃၉၂ နေရာတွင် အပြတ်အသတ်အနိုင်ရရှိသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ကမ္ဘာ့ဒီမိုကရေစီနိုင်ငံများ၏ ကျင့်ထုံးများ အ တိုင်း ဖွဲ့စည်းရမည့်အစိုးရတရပ်ကို ခိုင်မာစွာဖွဲ့စည်းနိုင်လောက်သည့် ထက်ဝက်ကျော် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အင်အားထက် ကျော်လွန်ရုံမျှမက၊ လွှတ်တော်ကိုယ်စားလှယ်အရေအတွက် ၈၀ ရာခိုင်နှုန်းကျော်အထိ အနိုင်ရရှိခဲ့သော်လည်း ရွေးကောက်ပွဲကြီးပြီး၍ ရက်ပေါင်း ၆၀ ကြာလာသည့်တိုင်အောင် စစ်အစိုးရသည် ယုတ်မာစွာ အာဏာလွှဲပြောင်းခြင်းမပြုခဲ့ပေ။ ရွေးကောက်ပွဲတွင် အပြတ်အသတ် အနိုင်ရရှိသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် နိုင်ငံတော်အတွက် လောလောဆယ်အကျိုးစီးပွားနှင့် ရေရှည်အနာဂတ်ကာလ အကျိုး စီးပွားများကိုအခြေခံထား၍ တမျိုးသားလုံးပြန်လည်သင့်မြတ်ရေးစိတ်ဓာတ်ြဖင့် ပွင့်လင်းသော၊ ရိုးသားသော၊ စေတနာအပြည့်ပါသော နှစ် ဦးနှစ်ဖက် ညှိနှိုင်းဆွေးနွေးဆောင်ရွက်မှုများပြုလုပ်သွားရန် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့သို့ အကြိမ်ကြိမ်အဆိုပြုခဲ့သော် လည်း တစုံတရာအကြောင်းပြန်ကြားခြင်းမရှိခဲ့ပေ။

ထို့ကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အထွေထွေအတွင်းရေးမှူး (ယခုဥက္ကဋ္ဌ) ဒေါ်အောင်ဆန်းစုကြည်က …

“ရွေးကောက်ပွဲပြီးရင် ရွေးကောက်ပွဲရလဒ်ကို အကောင်အထည်ဖော်ပေးဖို့လည်း လိုပါတယ်။ ရွေးကောက်ပွဲရလဒ်ကို အကောင်အထည် မဖော်တာဟာ ထမင်းစားဖိတ်၊ ထမင်းပွဲပြင်၊ စားပွဲမှာထိုင်ခိုင်းပြီးမှ မစားရဘူးဆိုပြီး ထမင်းဟင်းတွေ ပြန်ပြီးသိမ်းသွားသလိုပါပဲ။ ဧည့်သည် တွေကို စော်ကားတဲ့လုပ်ရပ်ပါ။ ၁၉၉၀ပြည့်နှစ် ရွေးကောက်ပွဲရလဒ်ကို အကောင်အထည်မဖော်ပေးတာဟာ ပြည်သူတရပ်လုံးကို လိမ်လည်လှည့်ဖြားစော်ကားရာရောက်တယ်။

“အာဏာပိုင်တွေဟာ မိမိတို့သဘောမကျတဲ့ ရွေးကောက်ပွဲရလဒ်ဆိုရင် လျစ်လျူရှုလိုက်၊ လိုချင်တဲ့ရလဒ်ဖြစ်လာနိုးနိုး ရွေးကောက်ပွဲ အ သစ်တွေကျင်းပလိုက်နဲ့ လုပ်နေမယ်ဆိုရင်တော့ တိုင်းပြည်ရဲ့အနာဂတ်နဲ့ ကစားရာရောက်ပါလိမ့်မယ်။ တိုင်းပြည်ရဲ့အနာဂတ်ဆိုတာဟာ ကစားရမယ့်အရာမဟုတ်ပါဘူး။ တလေးတစားနဲ့ စောင့်ရှောက်သွားရမယ့်အရာသာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ၁၉၉၀ ပြည့်နှစ် ရွေးကောက် ပွဲရလဒ်ကိုအကောင်အထည်မဖော်ဘဲ နောက်ရွေးကောက်ပွဲ အသစ်ကျင်းပရေးကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လုံးဝလက်ခံမှာမ ဟုတ်ဘူးလို့ ဆုံးဖြတ်ထားတာဖြစ်ပါတယ်” ဟူ၍ ပြောကြားခဲ့သည်။

ထို့အပြင် ၂၀၀၂ ခုနှစ်၊ မေလ ၂၇ ရက်နေ့တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ (၁၂) နှစ်မြောက်နေ့၌ ကြေညာချက်အမှတ် ၆ (၅/၀၂) ထုတ်ပြန်၍ နဝတ တဖြစ်လဲ နအဖ စစ်အစိုးရက ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့သည်။ ကြေညာချက်အပြည့်အစုံမှာ …

“ဤနေ့ ဤရက်ဖြစ်သော ၁၉၉၀ပြည့်နှစ် မေလ၂၇ရက်နေ့တွင် ‘ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ’ ဟု ဒီမိုကရေစီ အရေးအတွက် အဓိပ္ပါယ်ပြည့်ဝသည့် အမည်နာမများဖြင့် ရွေးကောက်ပွဲကြီးကို နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ (ယခု နိုင်ငံတော်အေးချမ်း သာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ) ၏ ၁၉၈၉ ခုနှစ်၊ မေလ ၃၁ ရက်နေ့ ရက်စွဲပါ ဥပဒေအမှတ် (၁၄/၈၉) ဖြစ်သော ‘ပြည်သူ့လွှတ်တော်ရွေး ကောက်ပွဲဥပဒေ’ အရ ကျင်းပပေးခဲ့သည်။

‘ပါတီစုံ’ ‘ဒီမိုကရေစီ’ ‘အထွေထွေရွေးကောက်ပွဲ’ ဆိုသည့် ဝေါဟာရများနှင့်ပတ်သက်၍ ရှင်းလင်းသွားမည်။ ‘ပါတီစုံ’ ဆိုသည်မှာ “နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့” (ယခု နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ) ၏ ၁၉၈၈ ခုနှစ်၊ စက်တင်ဘာလ ၂၇ ရက်နေ့ ရက်စွဲပါ ဥပဒေအမှတ် (၄/၈၈) ဖြစ်သော ‘နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ’ အရ မှတ်ပုံတင်ခွင့်ပြုထားသည့် နိုင်ငံရေး ပါတီ များဖြစ်ပေသည်။ ဥပဒေက နိုင်ငံရေးပါတီဆိုသည်မှာ စစ်မှန်သော ပါတီစုံဒီမိုကရေစီကို လက်ခံကျင့်သုံးသော အဖွဲ့အစည်းကို ဆိုလိုသည်ဟု ပြဋ္ဌာန်းထားသည်။
‘ဒီမိုကရေစီ’ဆိုသည်မှာ အချုပ်အခြာအာဏာသည် ပြည်သူလူထုထံမှဆင်းသက်သည်ဟူသောဝေါဟာရအရ မဲဆန္ဒရှင် ပြည်သူလူထုက လွတ်လပ်၍ တရားမျှတစွာ ရွေးကောက်တင်မြှောက်လိုက်သည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ ပေါ်ပေါက်ရမည်ဟု အဓိပ္ပါယ်ဆောင် ပေသည်။ ၎င်းပြည်သူ့လွှတ်တော်အကျိုးပြုနိုင်မည့် အကျိုးပြုပေးနိုင်မည့် ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးတို့နှင့်ပတ်သက်သည့် ဥပဒေများ၊ နည်းဥပဒေများကို ပြဋ္ဌာန်းပေးရမည့်အပြင် ယင်းတို့၏ စီမံခန့်ခွဲမှုအာဏာတို့ကို ဗဟိုနှင့် ဒေသဆိုင်ရာအဖွဲ့အစည်းများအား ခွဲဝေအပ်နှင်း နိုင်ခွင့်ရှိခြင်းတို့ ဖြစ်ပေသည်။ ၎င်းအပြင် ဒီမိုကရေစီအခွင့်အရေးများဖြစ်သော လွတ်လပ်စွာစည်းရုံးခွင့်၊ စုဝေးခွင့်၊ ဖွဲ့စည်းနိုင် ခွင့်၊ ဖွင့်ဟရေးသားဖော်ပြနိုင်ခွင့် အစရှိသည်များကို ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ချုပ်၏ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်းနှင့်အညီ ပြည်သူလူထုက ရရှိခံစားကြရန် ဖြစ်ပေသည်။ ဤကြေညာစာတမ်းကို မြန်မာနိုင်ငံက သဘောတူလက်ခံ၍ လက်မှတ်ရေးထိုးခဲ့ပြီး ဖြစ်ပေသည်။

‘အထွေထွေရွေးကောက်ပွဲ’ဆိုသည်မှာ တတိုင်းပြည်လုံးရှိ မဲဆန္ဒရှင်ပြည်သူလူထုက တိုင်းပြည်၏ ပြည်သူ့လွှတ်တော်အတွက် ယင်းတို့ကို ကိုယ်စားပြုမည့်ကိုယ်စားလှယ်ဖြစ်သော ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များကို ရွေးချယ်တင်မြှောက်ပေးရန် ဖြစ်ပေသည်။ ဥပဒေက ‘ရွေးကောက်ပွဲ’ဆိုသည်မှာ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကိုဆိုသည်ဟု ပြဋ္ဌာန်းသည်။

ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် (၉၃) ခုသောနိုင်ငံရေးပါတီများ ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။ ယနေ့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အပါအဝင် နိုင်ငံရေးပါတီ (၁၀) ခုသာလျှင် တရားဝင်ရပ်တည်လျက်ရှိနေ၏။ ဒီမိုကရေစီနည်းအရ မဲဆန္ဒရှင်ပြည်သူလူထုက နိုင်ငံ ရေးပါတီအသီးသီးတို့၏ ရွေးကောက်ပွဲကြေညာစာတမ်းများကို ဖတ်ရှုလေ့လာဆန်းစစ်၍ နိုင်ငံရေးပါတီအသီးသီးမှ မိမိကြိုက်နှစ်သက်ရာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်းများကို လွတ်လပ်၍တရားမျှတစွာ ဆန္ဒမဲပေးခြင်းဖြင့် ရွေးချယ်ကြသည်။

အာဏာပိုင်များက လွှတ်တော်မဲဆန္ဒနယ်ပေါင်း ၄၉၂ နေရာဟု သတ်မှတ်ခဲ့သော်လည်း လွှတ်တော်မဲဆန္ဒနယ် ၄၈၅ နေရာများ၌သာလျှင် ဆန္ဒမဲပေးခွင့်ပြုခဲ့သည်။ ယင်းမဲဆန္ဒနယ်များတွင် ပါဝင်ယှဉ်ပြိုင်ကြရန် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ပါတီစည်းကမ်းစည်းမျဉ်းမားအရ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းများအဖြစ် တရားဝင်သတ်မှတ် တာဝန်ပေးလိုက်သည်။ ၎င်းတို့အနက် ၃၉၂ ဦးကို မဲဆန္ဒရှင်ပြည်သူ လူထုက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအဖြစ် ရွေးချယ်တင်မြှောက်ပေးလိုက်သည်။ ထိုကဲ့သို့ အဖွဲ့ချုပ်ကတာဝန်ပေးကာ သတ်မှတ် ပေးလိုက်၍သာ ရွေးကောက်တင်မြှောက်ခြင်းခံရသည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များသည် …
(၁) မိမိအား ဆန္ဒမဲပေးလိုက်သည့် မဲဆန္ဒရှင်များအပေါ်တွင် တာဝန်ရှိသည်။ မဲဆန္ဒရှင်များအား လေးစားရမည်။ ပစ်ပယ်၍ မထားရ။
(၂) အဖွဲ့ချုပ်က ပြဋ္ဌာန်းထားသော ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲကြေညာစာတမ်းပါအချက်များကို မေ့ပျောက်ပစ်၍မရ။ ထိုအချက်များ သည် မဲဆန္ဒရှင်ပြည်သူလူထုအပေါ် ဝန်ခံကတိပေးထားသည်များ ဖြစ်ပေသည်။
(၃) မိမိအားရွေးချယ်တာဝန်ပေးလိုက်သော အဖွဲ့ချုပ်အပေါ်တွင် သစ္စာရှိရမည်။ အဖွဲ့ချုပ်ကသတ်မှတ်ထားသည့် စည်းကမ်းများကို လိုက် နာရမည်။

၁၉၉၀ ပြည့်နှစ် မေလ ၂၇ ရက်နေ့က ကျင်းပပေးခဲ့သော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲပြီးစီးခဲ့သည်မှာ ဤနေ့ ဤရက်တွင် (၁၂) နှစ်တင်းတင်းပြည့်ခဲ့ပေပြီ။ လူတယောက်၏သက်တမ်းအရဆိုလျှင် ရှည်ကြာညောင်းသော အချိန်ကာလဖြစ်ပေသည်။ ဤရွေးကောက်ပွဲ ကို ကမ္ဘာနှင့်မြန်မာအပြင် အာဏာပိုင်များကပါ လွတ်လပ်၍တရားမျှတသော ရွေးကောက်ပွဲဟု ကင်ပွန်းတပ်ခဲ့ကြသည်။

ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲဥပဒေတွင် ‘လွှတ်တော်’ ဆိုသည်မှာ ‘ပြည်သူ့လွှတ်တော်ကိုဆိုသည်’ဟု ပြဋ္ဌာန်းထားသည်။ ပြည်သူ့လွှတ် တော်သည် တိုင်းပြည်၏ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကိုသာရေးဆွဲပေးရသည့် တိုင်းပြုပြည်ပြုလွှတ်တော်မဟုတ်ဘဲ ဥပဒေပြုရေး၊ အုပ် ချုပ်ရေး၊ တရားစီရင်ရေး ကိစ္စများအတွက် ဥပဒေပြဋ္ဌာန်းပေးခြင်း၊ ယင်းတို့၏ စီမံခန့်ခွဲမှုအာဏာတို့ကို ဗဟိုနှင့် ဒေသဆိုင်ရာ အဖွဲ့အစည်း များအား ခွဲဝေအပ်နှင်းနိုင်ခွင့်ရှိခြင်းတို့အပြင်၊ နိုင်ငံတော်ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကိုလည်းရေးဆွဲ၍ အတည်ပြုနိုင်ခွင့်ရှိသည်။ အ ဘယ့်ကြောင့်ဆိုသော် ပြည်သူ့လွှတ်တော်ဆိုသည်မှာ နိုင်ငံသားများ၏ကိုယ်စား နိုင်ငံတော်၏အချုပ်အခြာအာဏာကို ခံယူကျင့်သုံးသော နိုင်ငံတော်၏ အမြင့်ဆုံးအာဏာပိုင်အဖွဲ့အစည်းဖြစ်ပေသည်။

‘မဲဆန္ဒနယ်’ဆိုသည်မှာ ‘လွှတ်တော်မဲဆန္ဒနယ်ကိုဆိုသည်’ ဟုပြဋ္ဌာန်းထားသည်။ ‘လွှတ်တော်ကိုယ်စားလှယ်’ ဆိုသည်မှာ ‘လွှတ်တော်သို့ ရွေးကောက်တင်မြှောက်ခြင်းခံရသူကိုဆိုသည်’ဟု ပြဋ္ဌာန်းထားသည်။ ယင်းကဲ့သို့ အနက်အဓိပ္ပါယ်အသီးသီးဖြင့် ပြဋ္ဌာန်းထားသောကြောင့် ပြည်ထောင်စုမြန်မာနိုင်ငံတော်အား စစ်မှန်သောဒီမိုကရေစီနိုင်ငံတော်တည်ဆောက်ရန် ဦးတည်ကြောင်း ထင်ရှားပေါ်လွင်နေပေသည်။

ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲနှင့်စပ်လျဉ်း၍ ဥပဒေ၊ နည်းဥပဒေများကို အာဏာပိုင်များက ၁၉၈၉ ခုနှစ်ကပင် ထုတ်ပြန်ပြဋ္ဌာန်း ခဲ့ပြီးဖြစ်သည်။

– အာဏာပိုင်များက ထုတ်ပြန်ပြဋ္ဌာန်းထားသည့် ရွေးကောက်ပွဲဥပဒေများကိုယုံကြည်ကြ၍ မဲဆန္ဒရှင်များက ဆန္ဒမဲပေးခဲ့ကြခြင်းဖြစ်သည်။ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းများကလည်း ပါဝင်ယှဉ်ပြိုင်အရွေးခံခဲ့ကြခြင်း ဖြစ်သည်။

– မည်သူတဦးတစ်ယောက်ကမျှ ခြိမ်းခြောက်မှု၊ အနိုင်အထက်ပြုမှု၊ လုံးဝမရှိဘဲ မဲဆန္ဒရှင်ပြည်သူလူထုက မိမိ၏ လွတ်လပ်သောဆန္ဒများ အရလည်းကောင်း၊ ဒီမိုကရေစီလိုက်နာခံယူလိုကြ၍လည်းကောင်း၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များကို ရွေးချယ်တင်မြှောက်ခဲ့ပြီး ဖြစ်လေသည်။

– ရွေးကောက်ပွဲကို ၁၉၉၀ ပြည့်နှစ်တွင် ကျင်းပပြီးစီးခဲ့ပြီးဖြစ်သည်။ ပြည်တွင်းပြည်ပနှင့်အာဏာပိုင်တို့က လွတ်လပ်၍ တရားမျှတသော ရွေး ကောက်ပွဲ အစရှိသည်များဟု ထုတ်ဖော်ခဲ့ပြီးဖြစ်သည်။

သို့သော်လည်း ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲဥပဒေ၏ ‘အခန်း(၂)’ ‘လွှတ်တော်ဖွဲ့စည်းခြင်း’ ခေါင်းစဉ် ပုဒ်မ (၃) တွင် ပြဋ္ဌာန်းထားသည့် ‘လွှတ်တော်ကို မဲဆန္ဒနယ်များမှ ဤဥပဒေနှင့်အညီ ရွေးကောက်တင်မြှောက်လိုက်သော လွှတ်တော်ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းရမည်။’ ဟူသည်ကို သက်ဆိုင်ရာအာဏာပိုင်များက လေးစားလိုက်နာပြီး အကောင်အထည်ဖော်ပေးရန် လိုအပ်လှပါသည်။

၎င်းအပြင် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ချုပ်ကြီးတွင် မြန်မာနိုင်ငံသည် အဖွဲ့ဝင်တစ်နိုင်ငံအဖြစ် ပါဝင်နေသည်။ အဖွဲ့ဝင်နိုင်ငံ ဖြစ်သည့်အားလျော်စွာ အဖွဲ့ချုပ်ကြီးက တညီတညွတ်တည်း ချမှတ်ပေးလိုက်သည့် ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲရလဒ်သည် ဒီမိုကရေစီကို ပြည်သူလူထုက လို လားကြောင်း ပြသလိုက်ခြင်းဖြစ်သည် ဟူသောဆုံးဖြတ်ချက်ကို လေးစားလိုက်နာရန် တာဝန်ရှိပေသည်။ ယနေ့ ကမ္ဘာ့ရွာကြီးတွင် တိုင်းပြည် တပြည်တည်း အထီးကျန်ရပ်တည်၍ မရနိုင်ပေ။ ရပ်တည်၍လည်း ရနိုင်မည်မဟုတ်ပေ။ ထို့ကြောင့် ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲရလဒ်များကို ပြဋ္ဌာန်းထားသည့် ဥပဒေပုဒ်မများအရ အာဏာပိုင်များက အကောင်အထည်ဖော်ပေးရန်လိုအပ်ပေလိမ့်မည်။

ပြည်သူ့လွှတ်တော်တရပ်ပေါ်ပေါက်လာခြင်းမပြုမီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် အခြားတိုင်းရင်းသားလူမျိုးစု နိုင်ငံရေးပါတီများဖြစ်ကြ သော ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်၊ မွန်အမျိုးသားဒီမိုကရေစီအဖွဲ့၊ ဇိုမီးအမျိုးသားကွန်ဂရက်တို့နှင့် ဖွဲ့စည်းထားသည့် ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီသည် ဆက်လက်ရပ်တည်နေမည်ဖြစ်ပေသည်။

ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီသည် ပါဝင်နေသော ပါတီ (၅) ပါတီနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၏ အခွင့်အရေးများ ရရှိရန်ကိုသာ ကြိုးပမ်းသွားမည်မဟုတ်ပေ။ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သော အခြားနိုင်ငံရေးပါတီများနှင့် တသီးပုဂ္ဂလ ကိုယ်စားလှယ်များ၏ အခွင့်အရေးများရရှိရန်ကိုပါ ကြိုးပမ်းမည်ဖြစ်လေသည်။

ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ မကျင်းပမီ ၁၉၈၉ ခုနှစ်ကပင် တိုင်းရင်းသားလူမျိုးစု (၁၈) ပါတီတို့သည် ပြည်ထောင်စုတိုင်းရင်း သားလူမျိုးများဒီမိုကရေစီအဖွဲ့ချုပ် (UNLD) အဖြစ် ဖွဲ့စည်းခဲ့ပေသည်။ တိုင်းရင်းသားလူမျိုးစုများသည် ထိုနည်းတူ အနာဂတ်တွင်လည်း ပြည်ထောင်စုနိုင်ငံတော်အကျိုးအတွက် စည်းလုံးညီညွတ်စွာ လှုပ်ရှားသွားနိုင်မည်ဟု ယုံကြည်ပေသည်။

စစ်မှန်သော ဒီမိုကရေစီပြည်ထောင်စုနိုင်ငံတော်ကို တိုင်းရင်းသားလူမျိုးစုများပါဝင်မှသာ တည်ဆောက်နိုင်မည်ဖြစ်ပေသည်။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် တိုင်းရင်းသားလူမျိုးစုများ၏ ရည်မှန်းချက်များကို အမြဲတစေ ထည့်သွင်းစဉ်းစားဆောင်ရွက်နေမည် ဖြစ်ပေ သည်။

အဖွဲ့ချုပ်၏ အမြဲတစေရပ်တည်ချက်မှာ တိုင်းပြည်နှင့်ပြည်သူပြည်သားများအကျိုးအတွက် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေးကိစ္စ ရပ်များကို အဖွဲ့ချုပ်နှင့် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီတို့သည် နိုင်ငံရေးအဓိပ္ပါယ်ပြည့်ဝသော ဆွေးနွေးခြင်းဖြင့်သာ ဖြေရှင်းရမည်ဖြစ်ပေသည်။ နိုင်ငံ၏ပြဿနာများကို ဖြေရှင်းရန်ကြိုးပမ်းရာ၌ အဖွဲ့ချုပ်သည် ပြင်သာပြောင်းသာသောနည်းကိုသာ အသုံးပြုခဲ့ ပေသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီတို့အကြား လေးနက်သော နိုင်ငံရေး ဆွေးနွေးပွဲဖြစ်ပေါ်လာရေးကို တိုင်းရင်းသားလူမျိုးစုများသည် နားလည်မှုအပြည့်အဝဖြင့် ထောက်ခံကြိုဆိုကြသည်။

ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ချုပ် အထွေထွေညီလာခံ၏ ဆုံးဖြတ်ချက်များနှင့်အညီ တိုင်းရင်းသားလူမျိုးစုများပါဝင်သော သုံးဦးသုံးဖလှယ် ဆွေး နွေးပွဲများ အမြန်ဆုံးဖြစ်ပေါ်ရေးအတွက် ကြိုးပမ်းသွားကြမည်။

သို့သော် တွေ့ဆုံဆွေးနွေးခြင်းမပြုမီကာလတွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲရလဒ်များနှင့်ပတ်သက်၍လည်းကောင်း၊ အမျိုးသားညီလာခံနှင့်ပတ်သက်၍လည်းကောင်း၊ နိုင်ငံတော်ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေရေးဆွဲရေးနှင့်ပတ်သက်၍လည်းကောင်း၊ တိုင်းပြည် ၏နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ၊ ကမ္ဘာလှည့်ခရီးသွားလာရေးလုပ်ငန်းများနှင့် ပတ် သက်၍လည်းကောင်း၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ မူရင်းဝါဒများ ပြောင်းလဲခြင်းရှိမည်မဟုတ်သေးပေ။

အဖွဲ့ချုပ်အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၀၂ ခုနှစ်၊ မေလ ၆ ရက်နေ့က နေအိမ်တွင် ထိန်းသိမ်းထားခြင်းမှ ခြွင်း ချက်မရှိလွတ်မြောက်လာခြင်းသည် အဖွဲ့ချုပ်နှင့် နအဖတို့အကြား ယုံကြည်မှုတည်ဆောက်ခြင်းအဆင့် ကျော်လွန်သွားပြီ ဖြစ်လေသည်။ ယင်းမှတဆင့်တိုး၍ အထက်တွင်ရေးသားခဲ့ပြီးသည့် အဓိပ္ပါယ်ပြည့်ဝသော နိုင်ငံရေးတွေ့ဆုံဆွေးနွေးရေးအဆင့်သို့ မလွဲမသွေမနှေးမမြန် တက်ကြရန်လိုပေသည်။ ဆွေးနွေးပွဲစရန် နှောင့်နှေးသည်နှင့်အမျှ တိုင်းသူပြည်သားများ နစ်နာမည်ဖြစ်ပေသည်။

အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည် ထိန်းသိမ်းထားခြင်းမှ လွတ်မြောက်လာပါသော်လည်း …
– နိုင်ငံရေးပုဒ်မအသီးသီးဖြင့် အကျဉ်းကျခံနေကြရသည့်
– နိုင်ငံရေးပုဒ်မမဟုတ်ပါဘဲ နိုင်ငံရေးလှုပ်ရှားမှုကြောင့်သာ အခြားဥပဒေတရပ်ရပ်၏ပုဒ်မဖြင့် အကျဉ်းကျခံနေရသည့် အကျဉ်းကျများ အား လုံးသည် လွတ်မြောက်လာခြင်းမရှိသေးသဖြင့် ၎င်းတို့အား ခြွင်းချက်တစုံတရာမရှိစေဘဲ အကျဉ်းထောင်အသီးသီးမှ အမြန်ဆုံးလွှတ်ပေး ရန် တိုက်တွန်းရမည်ဖြစ်ပေသည်။ ၎င်းတို့လွတ်မြောက်လာခြင်းသည် နိုင်ငံရေးအခြေအနေများ ပိုမိုတိုးတက်ကောင်းမွန်လာခြင်းနှင့် လူသား ချင်းစာနာထောက်ထားမှုများ မည်ပေသည်။ မွန်မြတ်လှပေသည်။

အဖွဲ့ချုပ်အနေဖြင့် နိုင်ငံရေးအခွင့်အလမ်းများ ရရှိသင့်သလောက်ရရှိနေပြီဖြစ်သကဲ့သို့ အခြားနိုင်ငံရေးပါတီများသည်လည်း နိုင်ငံရေး စည်း ရုံးလှုပ်ရှားမှု ရရှိကြရမည်ဖြစ်ပေသည်။

သို့မှသာ တိုင်းရင်းသားလူမျိုးစုများအပါအဝင် ပြည်သူပြည်သားအားလုံး၏အကျိုးရလဒ်များ ပေါ်ထွန်းအကောင်အထည်ပေါ်လာမည် ဖြစ် ပေသည်။ ပြည်သူလူထုနှင့် အုပ်ချုပ်သူများအကြား ပေါင်းကူးတံတားသဖွယ်ရပ်တည်ခြင်းမှာ နိုင်ငံရေးပါတီများ၏ အဓိကလုပ်ငန်း တရပ်ဖြစ် ပေသည်။

၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲရလဒ်ကိစ္စနှင့် တိုင်းသူပြည်သား (တိုင်းရင်းသားလူမျိုးစုများအပါအဝင်) များ၊ လောလောဆယ် ရင်ဆိုင်နေ ရသော နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေးအစရှိသည့်ကိစ္စရပ်များကို ကိုင်တွယ်ဖြေရှင်းရန် တိုင်းပြည်နှင့် ပြည်သူအ ကျိုးအတွက် အဓိပ္ပါယ်ပြည့်ဝသော တွေ့ဆုံဆွေးနွေးခြင်းနည်းလမ်းတစ်ခုတည်းသာရှိပြီး၊ အခြားနည်းလမ်းမရှိကြောင်းနှင့် တွေ့ဆုံ ဆွေး နွေးခြင်းနည်းဖြင့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲရလဒ်များအရ ပြည်သူ့လွှတ်တော်ကို ခေါ်ယူဖွဲ့စည်းပေးပြီး တိုင်းပြည်ကို ဒီမိုကရေစီပြည်ထောင်စုနိုင်ငံအဖြစ် တည်ဆောက်သွားကြရပေမည်။

ဗဟိုအလုပ်အမှုဆောင်အဖွဲ့
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
ရန်ကုန်မြို့။
၂၀၀၂ ခုနှစ်၊ မေလ (၂၇) ရက်။
၁၃၆၄ ခုနှစ်၊ ကဆုန်လပြည့်ကျော် (၁) ရက်။

အမှန်စင်စစ် ပြည်သူ့လွှတ်တော်ခေါ်ယူဖွဲ့စည်းပေးရေးဟူသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အကြိမ်ကြိမ်တောင်းဆိုရမည့် ကိစ္စမျိုး မဟုတ်ပေ။ ရွေးကောက်ပွဲအား ဦးစီးဦးဆောင်ကျင်းပပေးခဲ့သောအာဏာပိုင်များသည် ရွေးကောက်ပွဲကျင်းပပေးပြီးနောက် တဆက်တည်း ဆောင်ရွက်ရမည့် တာဝန်သာဖြစ်ပေသည်။ သို့သော် နိုင်ငံတော်ငြိမ် ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့၊ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီသည် လွှတ်တော်ခေါ်ယူဖွဲ့စည်းခြင်းကို ငြင်းပယ်နေသည်။ ဤသည်မှာ နိုင်ငံတော်နှင့်နိုင်ငံသားများပေါ် လူသိရှင်ကြားပေး ခဲ့ပြီးဖြစ်သော အောက်ပါကတိသစ္စာများကို အာဏာပိုင်များက ဖောက်ဖျက်ခြင်းဖြစ်ပေသည်။

၁၉၈၉ ခုနှစ်၊ မေလ၂၇ ရက်နေ့ကကျင်းပခဲ့သော (၄၄) နှစ်မြောက်တော်လှန်ရေးနေ့၌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အောက်ပါအ တိုင်းပြောကြားခဲ့ပေသည်။

“တို့တပ်မတော်ရဲ့ ဒုတိယမြောက်အရေးကြီးတဲ့တာဝန်ကတော့ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးနှင့် ပါတီစုံဒီမိုကရေစီ အထွေ ထွေရွေးကောက်ပွဲကျင်းပရေး တာဝန်ဖြစ်သည်”

“…..ရွေးကောက်ပွဲပြီးရင် လိုအပ်တာတွေ ဆောင်ရွက်ပြီးတဲ့နောက် ပြည်သူ့ဆန္ဒနဲ့ ရွေးချယ်လိုက်တဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေက ဥပဒေနဲ့အညီ ရွေးချယ်တင်မြှောက်တဲ့ အစိုးရသစ်ပေါ်ပေါက်လာမှဖြစ်တယ်”

“အဲဒီအစိုးရသစ်အနေနဲ့ နိုင်ငံတော်ကို ဆက်လက်ဦးဆောင်သွားရာမှာ ပြည်သူလူထုရဲ့အကျိုးစီးပွားအတွက် အစွမ်းဆောင်နိုင်ဆုံး ရွေး ချယ်တင်မြှောက်တဲ့ အစိုးရသစ်ပေါ်ပေါက်လာမှာဖြစ်တယ်”

“အဲဒီအစိုးရသစ်အနေနဲ့ နိုင်ငံတော်ကို ဆက်လက်ဦးဆောင်သွားရာမှာ ပြည်သူလူထုရဲ့ အကျိုးစီးပွားအတွက် အစွမ်း ဆောင်နိုင်ဆုံး ဖော် ဆောင်သွားလိမ့်မယ်လို့ မျှော်မှန်းထားတယ်…။ တို့တပ်မတော်သားတွေအဖို့ကတော့ စစ်တန်းလျားကိုပြန်သွားပြီး တို့ရဲ့ မူလအဓိကတာဝန် ကြီးဖြစ်တဲ့ အခုပြောကြားရာမှာပါဝင်တဲ့ တာဝန်ကြီးတွေကို ဦးလည်မသုန် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားရမှာပဲဖြစ်တယ်”

“တပ်မတော်အနေနဲ့ကတော့ ရွေးကောက်ပွဲအတွက်ပဲ ကတိပေးထားတယ်”

“နိုင်ငံတော်မှာ ဘယ်အစိုးရပဲတက်တက်၊ ဘယ်ပါတီပဲအာဏာရရ၊ တို့တပ်မတော်ကတော့ တပ်မတော်သားတွေပီပီ နိုင်ငံတော် အကျိုးစီးပွား အတွက် သစ္စာရှိရှိ၊ တာဝန်သိသိ ထမ်းဆောင်သွားကြမှာပဲဖြစ်တယ်။ တို့ဟာ နေ့စဉ်နံနက် တစ်ကြိမ်၊ ညနေတစ်ကြိမ် စဉ်ဆက်မပြတ် သစ္စာ အဓိဋ္ဌာန် (၄) ချက်ကိုရွတ်ဆိုပြီး သစ္စာကို ဦးထိပ်ပန်ဆင်ထားကြသူတွေဖြစ်တယ်။ တို့ဟာ ဗလောင်းဗလဲမပြောဘူး။ ကလိန်ကကျစ်လည်း မလုပ်ဘူး။ ပြည်သူလူထုကိုလည်း မလှည့်စားဘူး။ တို့ရင်ထဲမှာရှိတဲ့အတိုင်း ရိုးရိုးပဲ ဖွင့်ဟပြောတတ်တယ်။”

ထို့အတူ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ အတွင်းရေးမှူး (၁) ဗိုလ်မှူးချုပ်ခင်ညွှန့်ကလည်း ၁၉၉၀ ပြည့်နှစ် စက်တင်ဘာလ ၁၁ ရက်နေ့တွင်ကျင်းပသော (၁၀၄) ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲ၌ အောက်ပါအတိုင်း ရှင်းလင်းပြောကြားခဲ့သည်။

“အခုလို လွတ်လပ်ပြီးတရားမျှတမှုရှိတဲ့ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးကို မူလသတ်မှတ်ထားတဲ့အတိုင်း အောင်အောင် မြင်မြင်ကျင်းပပေးခဲ့တာဟာ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့အနေနဲ့ အာဏာလွှဲပေးချင်လို့ပဲ လုပ်ပေးခဲ့ခြင်းဖြစ်ပါတယ်။ အာဏာလွှဲပေးဖို့ဆန္ဒမရှိဘူး၊ ရည်ရွယ်ချက်မရှိဘူးဆိုရင် အဲဒီရွေးကောက်ပွဲဟာ လုပ်ပေးစရာအကြောင်းမရှိပါဘူး။ ရှင်းနေပါတယ်” ဟူ၍ ပြောကြားသွားသည်။

မည်သို့ဆိုစေ ၁၉၉၀ ပြည့်နှစ်တွင် ကျင်းပပြီးစီးခဲ့သော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲသည် နအဖစစ်အာဏာပိုင်များက ကျင်း ပပြုလုပ်ပေးသည့် ရွေးကောက်ပွဲဖြစ်ပြီး လွတ်လပ်၍တရားမျှတသော ရွေးကောက်ပွဲလည်းဖြစ်ပေသည်။ သို့ရာတွင် ရွေးကောက်ပွဲကျင်းပပြီး စီးခဲ့သည်မှာ အနှစ် ၂၀ ကျော်ခဲ့ပြီဖြစ်သော်လည်း စစ်အာဏာရှင်များသည် အဆိုပါရွေးကောက်ပွဲ၏ရလဒ်ကို အကောင်အထည်ဖော်ပေးခြင်း အလျဉ်းမရှိသည့်အပြင် ရွေးကောက်ပွဲတွင် အပြတ်အသတ်အနိုင်ရရှိသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုပင် ပြန်လည်မှတ်ပုံတင်ခြင်း မရှိဟုဆိုကာ ဖျက်သိမ်းပစ်လိုက်လေသည်။ မြန်မာ့သမိုင်း၌ တပ်မတော်ခေါင်းဆောင်များ၏ ကတိစကားမတည်ခဲ့သော တပ်မတော်၏ ထွန်းလင်းဂုဏ်ပြောင်ခဲ့သော ဂုဏ်သိက္ခာသည်လည်း ကျဆင်းခဲ့ရသည်မှာ မည်သူမျှငြင်းမရတော့ပေ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Tags: ,

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:သန်းဝင်းလှိုင်, အခန်းဆက်များ

2 Responses to မြန်မာနိုင်ငံတွင်ကျင်းပပြီးခဲ့သော ရွေးကောက်ပွဲများကို စစ်တမ်းထုတ်ကြည့်ခြင်း – အပိုင်း (၇)

  1. Mg Moe on April 11, 2012 at 1:01 am

    စစ်တပ်သမိုင်းမှာ အယုတ်မာဆုံး အယုတ်ညံ့ဆုံး အောက်တန်းအကျဆုံး ခေါင်းဆောင် ကတော့ ဘိုချုပ်မှုးကြီး သန်းရွေ ဆိုရင် ကန့်ကွက်မဲ့သူ ရှိမယ် မထင်ပါ။ သူ့မိသားစု သားစဉ်မြေးဆက် အဆက်ဆက် ဒီဒါဏ်ကို ခံသွားဘို့ သာပြင်ထားပါ။ ဝဋ်ဆိုတာ နောင်ဘဝ မကူးခင် လည်တတ်ပါတယ်။

    • 88 on April 11, 2012 at 2:33 pm

      Mg Moe’s comment is right and Than Shwe and associated party.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ

By

  ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၇ ယခုစာအုပ်မှာ...

Read more »

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်