ကဗျာဆရာ မောင်ချောနွယ်သို့ အိတ်ဖွင့်ကဗျာ

April 17, 2012

မောင်စွမ်းရည်
ဧပြီ ၁၇၊ ၂၀၁၂
မောင်ချောနွယ်ရေ …
ဗြောင်ပြောမယ်ဆိုပြီး
ညီအကိုလို သဘောထားဖို့
စကားကြွေးဆပ် ကဗျာလေးစပ်မိရာမှာ
ကာရန်အရမ်းမမဲ့တာကို
ဆရာစွမ်း “ရွဲ့သကော” လို့
သဘောမထားရန်၊ စကားးပလ္လင်ခံပါရစေ။ချောနွယ်ဟာ
အပြောကြွယ်ပါရဲ့
သဘောလွယ်ပါရဲ့
ဒါပေမဲ့
ချောတယ်လို့ဖြင့် မဆိုသာဘူးတဲ့။
ချောမျိုးချောနွယ်က ဖွားပေမယ့်
မဖြီးအား မသင်အား
ခေါင်းကစုတ်ဖွား၊ သံချေးတက်တဲ့သွားတွေနဲ့
အသားကညိုညို၊ ကပိုကရိုမို့
ပျိုပျို စိုစို မဟုတ်
အိုတိုတိုဇရာပမာ ကုပ်တုတ်တုတ်ကို
ကဗျာဆရာရုပ်လို့များ ထင်တဲ့ပုံ။ကဗျာဆရာဟာ၊ ဘာသာလ၀ါနဲ့
ဖွာရရာရုပ်
တစကမ္ဘာမှာ မာယာလုပ်ရမယ်လို့
ကျုပ်တို့ဖြင့် မယုံကြည်ဘူး။

ကျုပ်တို့နဲ့ ချောနွယ်ဟာ
ကဗျာတော ကဗျာနယ်
တနယ်ထဲမှာ
မရွယ်ဘဲ အတူနေမိထားကြတော့
အရွယ်ခြားသော်ငြား၊ တနယ်သားချင်းမို့
ဘယ်သွားသွား ဘယ်လာလာ
ရှောင်ဖို့ရာ မလွယ်ပေဘူး။
နဖူးမတွေ့၊ နားရွက်တွေ့
တနေ့မဟုတ် တနေ့
ကဗျာဘုံကျယ်သရွေ့မှာ
တွေ့မယ့်တွေ့တော့
တေ့တေ့ဆိုင်ဆိုင်၊ လ္ဘက်ရည်ဆိုင်မှာ
သုခမိန်လှိုင်ရယ်
အောင်ချိမ့်ရယ်
ဒို့များရယ်
ကဗျာနယ်သားတွေ
ဘွားကနဲ ဆုံကြတယ်။
ဆုံတဲ့နေရာက
လေမသာ၊ နေခြည်မနွေးတဲ့
“ရွှေကြည်အေး” လ္ဘက်ရည်ဆိုင်ပါ
အများ ကဗျာဆရာတွေဝိုင်းသလို
အခါး ယမကာဝိုင်းမှာ မဟုတ်တာကြောင့်
နှုတ်လျှာတော့ မသွက်ကြပေဘူး။

အဲဒီအချိုဝိုင်းမှာပေါ့
ကိုယ်ကလေးကိုင်းပြီး
မှိုင်းဝေေ၀မျက်နှာနဲ့
မချက်မချာ၊ လက်အသာကမ်းရင်း
“ကျနော်တို့ ကဗျာစမ်းတာကို
ဆရာစွမ်းရဲ့အမြင် ကြားချင်စမ်းပါဘိ” တဲ့။
ဘတိယာစကား ပြောကြားပါတော့တယ်။
“မင့်ကဗျာတွေ ဝေဖန်နည်းက
နည်းအထူးမို့၊ ဆည်းပူးရတုန်း” လို့
ပြုံးစရာလိုလိုနဲ့
“အထုံး” မပါ၊ အမုန်းမရှာသူကို
သုံးခါလောက်ရှင်းပြီး
ရင်းနှီးပျူငှာ ပြောလိုက်ဖြစ်ပါတယ်။

“ဟုတ်တယ်ဗျာ”
မော်ဒန်ကဗျာ၊ ကာရန်မဲ့ဟာ
ကျုပ်တို့နဲ့အလှမ်းဝေးတော့
မကျွမ်းသေးတဲ့ ကျွဲပြဲကို
မရဲတရဲစီးဖို့ရာ
“နဖါးနကန်” ရှာတုန်းကိုး။

အောင်ချိမ့်တို့ခေတ်၊ ချောနွယ်တို့ခေတ်
ကာရန်မဲ့ခေတ်၊ မော်ဒန်ခေတ်
နိမိတ်ပုံခေတ်၊ ရစ်သမ်ခေတ်မှာ
ခေတ်စ ခေတ်ဦး၊ ထင်းရှုးပင်ရိပ်
တပ်ပျဉ်ချိတ်ပြီး
အိပ်လို့တမျိုး၊ ထိုင်တမျိုးနဲ့
မော်ဒန်သင်ရိုး၊ အစပျိုးပြီး
သာနိုး၊ မြဇင်
ရစ်သမ်နဲ့ နိမိတ်ပုံ
ဟိုဟာမဲ့၊ သည်ဟာမဲ့နဲ့
မဲ့နည်းအစုံ သင်ရိုးမကုန်သော်လဲ
ကြုံရာမဂ္ဂဇင်း၊ မော်ဒန်ကွင်းမှာ
ခင်းခင်းကျင်းချင်းမို့
ကမြင်းလို့ ရပါပြီ။

ခုတော့ကွာ
“မင့်ကဗျာဝေဖန်းနည်းကို
ဆည်းပူးရတုန်း” လို့
ပြုံးစရာလိုလိုပြောခဲ့တာဟာ
သဘောအမှန်ပါ။
ဒို့မှာက ကာရန်နဲ့ကြီးရတော့
ကာရန်နည်းနဲ့ မော်ဒန်ဖြစ်အောင်
နည်းသစ်ကိုမှန်းပြီး စမ်းတ၀ါးဝါးနဲ့
လမ်းကြားမှာ လည်တုန်းပါပဲ။

မင်းတို့ရဲ့ကဗျာ
မော်ဒန်ကဗျာ၊ ကာရန်မဲ့ကို
ဘာအတံနဲ့ တိုင်းမှာလဲ။
ဘာစံနဲ့ နှိုင်းမှာလဲ။
သမိုင်းအသစ်၊ စာခေတ်အဆန်းမှာ
ကဗျာအသစ်တွေ စမ်းကြတော့
ကဗျာအဆန်းတွေကို
အညာမန်းက ဆရာစွမ်းတို့
အသာမှန်းပြီး ဝေဖန်ရင်
အညာအဖြန်တွေလား
ဘာတွေရမ်းပြီး ပြောတာလဲလို့
“ကော” လာကြရင်
မောရမှာက ကျုပ်ပေကိုး။

ဆရာစွမ်းတို့
လာလမ်းကိုပြန်ရရင်
အမှန်က ခေတ်မတူဘူး
ခေတ်မတူတော့ စနစ်အယူကွဲပြီး
ခေတ်မူနဲ့ လွဲရမှာ
ဓမ္မတာသဘောမို့
ငါပြောခဲ့တဲ့ စကားအရင်းအတိုင်း
မင်းတို့ရဲ့ မော်ဒန်နည်းကို
ဆည်းပူးတုန်းဆိုတာ အမှန်ပါ။

ဒို့များငယ်ငယ်က
“ကဗျာမဒ္ဓသာရ” တဲ့၊ “အင်္လကာ နိသျှံ” တဲ့၊
“က၀ိဘာရတီ” တဲ့၊ “က၀ိလက္ခဏ ၀ိသောဓနိ” တဲ့
“ကဗျာဟူဘိ က၀ိတို့ ဥစ္စာ” တဲ့
“ကဗျာ ဗဒ္ဓတိကိ က၀ိ” တဲ့
“အထံ ဣဒံ က၀ိနံ ကဗျံ” တဲ့
ကာရန် ၆၄ ပါး၊ ရသ ၉ ပါး
အလင်္ကာဆင်စရာ ၂ ပါး၊ အပြား ၁၅၀
ဗည်းက ဘယ်နှလုံး၊ သရက ဘယ်နှလုံး
ပိုဒ်ဆုံးကာရန်၊ ပိုဒ်တွင်းကာရန်
ပဒ ကာရန်၊ ၀ဏ္ဏ ကာရန်
ဝဂ်နင်း ကာရန်၊ ခွာထောက် ကာရန်
ကာရန် နဘေထပ်၊ မကျည်းရွက်သတ်တဲ့
သက်စေ့နှက် သုံးချက်ညီ
ချီသံ ချသံ၊ တက်သံ သက်သံ
အဃာသ သံ၊ အဃောသ သံ
သံတို သံရှည်၊ ဒီဃ ရသ
ဒါက ဂရု၊ ဒါက လဟု
ဒါကိုစုပြီး၊ ဒါကိုတု
ဒါကို ဒီလိုပြုလို့
ကဗျာအမှ၊ ကဗျူပဒေသ
အဖေကသင်၊ အဖိုးကပြင်
သင်ရိုးဟောင်းကို ဆရာဟောင်းတွေနဲ့ ကျောင်းကလဲသင်
မြင်ဆရာ ကြားဆရာ
မှတ်စရာ ဖတ်စရာ တတ်စရာ
တျာချင်းနဲ့ ရကန် အဲ အန်နဲ့ အိုင်ချင်း
လွမ်းချင်းနဲ့ တေးထပ်
သက်စေ့နှက် သုံးချက်ညီ
ဒီလိုဆို ဒီလိုဆွဲ
ဒီလိုဟဲ ဒီလိုဟစ်လို့
ရှေးရိုးခေတ်နည်းဟောင်း
ငါတို့ရဲ့ဦးခေါင်းမှာ
ဟောင်းဆွေးမှိုတက်
တက္ကသိုလ်ကလဲ ရှေးရိုး
တင်မိုးနဲ့ ကြည်အောင်
မောင်စွမ်းရည် ကိုလေး
သွေးထဲ သားထဲ စွဲနေတဲ့ကာရန်ကို
အာခံလို့တော်လှန်၊ မော်ဒန်လုပ်ကြရင်
ကျုပ်တို့နဲ့ မောင်ချောနွယ် ဘယ်လိုမှ မတူနိုင်ဘူး။

ကဲ ကိုယ့်လူရေ
မင်းတို့နဲ့ ငါတို့
သစ်ကြစို့ရည်မှန်း
ပန်းတိုင်ကအတူတူ
လမ်းကတော့ မတူဘူးပေါ့
မတူတော့လဲ မတူတာရှောင်
တူတာဆောင်မယ်ပေါ့
ဆောင်နိုင်မယ် နှုန်းစံကို
ပေတံ အဖြစ်ထားမယ်လို့
အားသစ်မို့ကြံ
ဝေဖန်မယ်လို့ပြင်တုန်း
ဗြုန်းဆို
ဆုံးရှာပြီတဲ့ မောင်ချောနွယ်။

“မင်းက
ဘ၀ကို အနိုင်နဲ့ ပိုင်းတာပဲ” လို့
အကဲဖြတ်သူလဲ ရှိတယ်
“မင်းက
ဘ၀ကို အရှုံးနဲ့ ပိုင်းတာကိုး” လို့
အဆိုးမြင်သူလဲ ရှိတယ်။
ကဗျာကို မင်းကကျောခိုင်းတော့
ခိုင်းသင့်ပါသော်ကောလို့
ဂိုဏ်းသင့်ဖွယ် ပြောသူပြော
မခိုင်းသင့်သေးဘူးလို့
ပူဆွေးဖွယ် ပြောသူပြော
ငါ့အနေ ငါ့သဘောကတော့
မင်းသေတာ အနေမမောသေးဘဲ
အသေစောသမို့
နှမျောမိတာ အမှန်ပါ။
အေးလကွာ
မင်းသေတာ လူသေတာပဲမို့
လူသေရင် ဘယ်သူသေသေ နှမျောရမှာပေါ့လို့
နှမျောရဆို သဘောက ဒီလိုပါ။
မုန်းသူသေလဲ၊ မသေပါနဲ့အုံး
မုန်းလို့မဝ
ဘ၀သင်ခန်းစာ ယူပါစေအုံးပေါ့
ချစ်သူသေလဲ၊ မသေပါနဲ့အုံး။
ချစ်တုန်းမို့ပါ ချစ်လို့မဝ
ချစ်ပါရစေအုံး။
မမုန်းသေးလို့ပေါ့လေ။
ဘယ်လိုပဲ ဖြစ်ဖြစ်
ချစ်သည်ပဲဖြစ်စေ၊ မုန်းသည်ပဲဖြစ်စေ၊
ရှုံးသည်ပဲဖြစ်စေ၊ နိုင်သည်ပဲဖြစ်စေ၊
မင်းကတော့ သေပြီ၊ သေရှာပြီ။

မင်းသေလို့ မင်းမရှိပေမယ့်
မင်းရှိတဲ့သဘောနဲ့
ပြောရပေတော့မယ်။
ပြောသလောက် သဘောပေါက်ပြီး
ရောက်ရာဘ၀က
သဘောမကျရင် သည်းခံ
သဘောကျရင် လက်ခံ
ကျန်ရစ်သူ သူငယ်ချင်းတွေက
သတင်းပို့နိုင်ကြစေသော။

ငါပြောချင်တာက
ကာရန်သဘောအပြင်
ကဗျာရဲ့သဘောကို ပြောလက်စနဲ့
ပြောပါရစေ
ငါပြောချင်တာက
ဒီလိုပါ။
ကဗျာဆရာဆိုတာ
မေတ္တာသမားမို့ သစ္စတရားနဲ့
အသစ်ရှာသမား အစစ်ပါ။

အသစ်ရှာတဲ့ သစ္စာသမားဟာ
တခါတခါ
အပြစ်အနာအပြင် အမှားတွေနဲ့တိုးပြီး
ဆားနဲ့တီ တို့တာမျိုးလို
အဆိုးမြင်တာ ခံရတတ်ပါတယ်။
မင့်ကဗျာမှာ
မေတ္တာလဲ တွေ့မိပါရဲ့
သစ္စာလဲ တွေ့မိပါရဲ့
အပြစ်အနာလဲ မလွှဲမရှောင်သာ
ပါကောင်းပါမှာပေါ့။
ကျောက်ကောင်းတိုင်းမှာ
အပြစ်အနာမကင်းသလိုပ။

မင်းမှာ …
“တဲလင့်” ခေါ်မလား “ဂျီးနီးယပ်” ခေါ်မလား
တော်တာတော့ အမှန်လို့
မင့်လူတွေထံက ကြားဖူးလှပေါ့
မင့်ထံမှာ ကဗျာဓာတ်ဟာ
အခါမလပ် စီးဆင်းနေသတဲ့လေ။

ဒီလိုကြားတာ
မုဒိတာပါကွယ်။
ကာရန်မဲ့တာ မမဲ့တာထက်
ကဗျာဓာတ်မဲ့တာ မမဲ့တာ
အရေးကြီးပါတယ်။

ဆရာတာရာကတော့
ကာရန်မဲ့တာ မမဲ့တာထက်
အဘိဓမ္မာ မမဲ့ဖို့ရာ
အရေးကြီးပါသတဲ့။

ဒီအဆိုနှစ်ခုမှာ
တခုသေချာတာက
ကာရန်ဟာ
အဘိဓမ္မာလောက်လဲ အရေးမကြီးဘူး
ကဗျာဓာတ်လောက်လဲ အရေးမကြီးဘူးပေါ့။

ဘာပဲဖြစ်ဖြစ်
ကဗျာဟာ
ကဗျာဖြစ်ဖို့ ကဗျာစစ်ဖို့
တစ်အချက်ပါပဲ။
ကဗျာဖြစ်ဖို့ရာ
ကဗျာဓာတ်ကို ၀ိုင်းပတ်ချွေရဲံ
အသံဟာ အရေးပါပါတယ်။
အသံကို ဖန်တီးရာမှာ
ကာရန်ဟာ အရေးကြီးတဲ့
နည်းတနည်းဆိုတာ
မငြင်းသာပေဘူး။

ကာရန်ဆိုတာ အသံပါ
အသံနဲ့ ဟန်လုပ်
အသံနဲ့ မာန်ထုတ်
အသံရဲ့ အလုပ်အခြေခံ
ကာရန်နဲ့ ကြံသမျှပြီးတာ
မြန်မာ့နည်း
တသီးတသန့် တထူးတခြားမို့
အားဖြစ်နိုင်ပေးတယ်။
အားဖြစ်စေတဲ့ နည်းနားဟောင်းဟာ
ဟောင်းနံ့ မနံအောင်
စွမ်းဆောင်သူဟာ ဘယ်သူစွမ်းမလဲ
စွမ်းတဲ့သူဟူသမျှဟာ
ကဗျာပလ္လင်၊ စာသဘင်မှာ
ကဗျာအရှင် ဖြစ်လိမ့်မယ်။

ကာရန်မပါလဲ
မပါတဲ့အသံမှာ
အသံ အတိုရှည်၊ အကြည် အနောက်
အဟောက် အဟိန်း၊ အခြိမ်းနဲ့ အခြိမ့်
အနိမ့်နဲ့ အမြင့်၊ အဆင့်နဲ့ အဆိုင်း
အရိုင်းနဲ့ အယဉ်၊ အလျင်နဲ့ အနှေး
အသေးနဲ့ အတုတ်၊ အငုပ်နဲ့အပေါ်
အကျော်နဲ့ အနင်း၊ အဆင်းနဲ့အတက်
အနက်နဲ့ အတိမ်၊ အမှိန်နဲ့ အလင်း
အညှင်းနဲ့ အတွဲ၊ အနွဲ့နဲ့ အခိုင်
ဖန်ဆင်းနိုင်သမျှ အစွမ်းပြရင်
ပြသူရဲ့ဉာဏ်၊ ပါရမီအခံ
ထက်သန်ရင် ထက်သန်သလောက်
ကဗျာဂုဏ်မြောက်မှာပါ။
ကာရန်မပါပေမဲ့
နားအာရုံထက်ရင်
ထက်ထက်ရှရှ၊ ချက်ကျတဲ့ ရစ်သမ်နဲ့
မော်ဒန်တခေတ် ဆန်းသစ်နိုင်မှာ
မလွဲပါဘူး။
ဒါက ကာရန်မဲ့ရေးနဲ့ မမဲ့ရေးမှာ
ငါ့အတွေးပါပဲ။

ဒါပေမယ့်ကွာ
ကဗျာ ကဗျာနဲ့
ကဗျာပဲ ဖွဲ့၊ ဘာကိုမှ မငဲ့
ကဗျာနဲ့သောက်၊ ကဗျာနဲ့စား
ကဗျာနဲ့ သွားလာအိပ်စက်
ကဗျာအိပ်မက်မှာ ပျော်မွေ့
ဆွေမေ့ မျိုးမေ့၊ သားမေ့၊ မယားမေ့
တနေ့ပြီး တနေ့မှာ ကဗျာရှာ ကဗျာပဲတွေ့
ကဗျာပဲတွေး၊ ကဗျာပဲရေး
ကဗျာပဲ ကျွေးရင်
မင်းကမွေးတဲ့ မင့်ကလေးတွေဟာ
မင်းမေတ္တာနဲ့ မင့်ကဗျာဒဏ်ကို
ခါးစည်းခံကြရမှာ အသေအချာပေါ့
ကဗျာပါရမီဖြည့်တာလို့ပြောပြော
ကျွန်ဝယ်ရာ အဆစ်ပါပြောပြော
ဘ၀သဘောမှတော့ မောကြောချည်းပါပဲ။

အတွေးလဲသစ် အရေးလဲသစ်
ကလေးလဲချစ်ပါရဲ့တဲ့။
ဒါပေမယ့်
ကဗျာအရွတ်နဲ့ အဆာသွင်းတဲ့မုန့်ကို
မြုံ့နေရုံနဲ့ ပြည့်စုံကြွယ်ဝ
ဘ၀တည်ဆောက်၊ မဖြစ်မြောက်နိုင်ဘူး။

ကဗျာဆိုတာ
စာဆိုတာ
ဘ၀က လာတာပါ။
ဘ၀မှာ ငါရယ် ကဗျာရယ်
ကဗျာရယ် ငါရယ်
နှစ်မယ်ပဲ ရှိရင်
ဘ၀အသိ လွဲတာကြောင့်
ကဗျာက၀ိတွေ ဆဲလိမ့်မယ်။

မင့်ကဗျာ အလှပန်းဟာ
လှလဲလှ ဆန်းလဲဆန်းသမို့
နမ်းဖို့ကြံရင်တဲ့
ဆီးခံဟန့်တား
နောက်တွန့်သွားရတာ
တခါလဲ မက၊ နှစ်ခါလဲမက
ခဏ ခဏသာမို့
ပြောရမှာ အားနားစရာ
မင်းကဗျာရဲ့ ၀တ်မှုန်ဟာ
ယမကာတွေနဲ့ ထုံနေလေရဲ့တဲ့။

ကဗျာမှာ သေရည်ဓာတ် ၀ပ်နေချင်နေမယ်
သေရည်မှာ ကဗျာဓာတ်လဲ ကပ်ချင်ရင် ကပ်နေမယ်
ဒါပေမယ့်ကွာ ကဗျာဟူသည်
ပွေလီသော ထွေရီသော
သေရည်သဘောမဟုတ်ချေ။
ကဗျာဟာ သေရည်မဟုတ်ပေမဲ့
ကဗျာဆရာရဲ့အလုပ်က သေရည်အလုပ်မို့
ကဗျာက သေရည်ထုတ်ရတယ်ဆိုရင်
ကဗျာကို စက်ဆုပ်မိမှာ
အသေအချာပါ။
ကဗျာဟာ အသစ်အထူးဆိုရင်
ယမကာ ယစ်မူးတတ်သလို
ကဗျာလဲ ယစ်မူးတတ်စေရဲ့တဲ့။
ဒါပေမယ့်
ကဗျာဟာ ယမကာမဟုတ်သလို
ယမကာလဲ ကဗျာမဟုတ်ချေဘူး။
မေတ္တာနဲ့ သစ္စာကို
စပျစ်ရွာမှာရှာရင်
မေတ္တာလဲ မတွေ့၊ သစ္စာလဲ မတွေ့
အသစ်ကဗျာလဲ မတွေ့
ယစ်ယမကာပဲ တွေ့လိမ့်မယ်။

ခုတော့ …
မင်းအသေစောသမို့ နှမျောမိတယ်။
မင့်ကဗျာမှာ
သစ္စာ မရွေ့သမျှ၊ မင့်ကဗျာ ရွေ့မှာမဟုတ်ပါ။
မင့်ကဗျာမှာ
မေတ္တာ မသွေ့သမျှ
မင့်ကဗျာလဲ သွေ့မှာမဟုတ်ပါ။
မင့်ကဗျာမှာ ယမကာနှုတ်ရင်
အဟုတ်ကျန်မှာက
မေတ္တာဖြစ်ပါစေသတည်း၊ သစ္စာဖြစ်ပါစေသတည်း
သြော် … အသစ်ကဗျာ ဖြစ်ပါစေသတည်း။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Advertise on MoeMaKa
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ကဗျာ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခ လစဉ်ထုတ်မဂ္ဂဇင်း စက်တင်ဘာ ၂၀၁၇ ထွက်ပြီ

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

မိုးမခ ဇူလိုင် ထွက်ပါပြီ …

By

မိုးမခ ဇူလိုင် ထွက်ပါပြီ … (မိုးမခ) ဇူလိုင် ၁၈၊ ၂၀၁၇ မိုးမခ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်